မေမေ ငိုဖို့ စာလေးတပုဒ်


ခုနစ် နှစ် သမီးလေးထဲက ထားခဲ့ရတော့.. အမေကို မခင်ဘူးပေါ့… လို့  မေမေက အမြဲ ခနဲ့ တတ်တယ်။  တကယ်တော့ ခနဲ့ တယ် ဆိုတာထက်  မဟုတ်ပါဘူး…မေမေရဲ့   ဆိုတဲ့ အသဲအသန် ငြင်းဆိုတဲ့ အသံကို မေမေ ကြားချင်တာ ထင်ပါရဲ့ ။ 

အကြောင်းကြောင်းကြောင့် သူ အင်မတန် နှစ်သက် မြတ်နိုး တယုတယ ပုံဖော်ယူ ခဲ့တဲ့ အိမ်ကလေး ပေါ်ကနေ မေမေ  မျက်ရည်စက်လက် နဲ့  ဆင်းသွားခဲ့ရတုန်းက .. ဟုတ်တယ် နှစ်တန်းကျောင်းသူပဲ ရှိသေးတဲ့ သူ ၊ ကျောင်းက ပြန်လာတော့ အိမ်မှာ မေမေ မရှိနေတာကို သိပေမဲ့ ၊ ခဏတဖြုတ်လို့ပဲ ထင်ခဲ့လို့လားတော့မသိ ၊ ဘာမှ သိပ်ပြီး ထူးခြားတုန်လှုပ်မူ မရှိခဲ့ဘူး ။ အဲဒီနေ့က တလမ်းထဲ နေတဲ့ မေမေ့ တပည့်မလေး တယောက်က ထူးထူးဆန်းဆန်း ထမင်းချိုင့်လာပို့ တာရယ်၊ သူ့ကို အသေအချာ ဂရုစိုက်ပြီး နေ့လည်စာ ကျွေးခဲ့တာရယ် ကိုပဲ မှတ်မိတော့တယ်။ ငါးခူကြော် ဟင်း လို့ တောင် မှတ်မိ နေသလိုပဲ ။ အဲ့ဒီလောက် ဘ၀ တွေ ချိုးကွေ့ သွားခဲ့တဲ့ နေ့ တနေ့ ကို ငါးခူကြော် ဟင်းနဲ့ပဲ မှတ်မိနေ ခဲ့ရတာ ၊ ကံကောင်းတယ်လို့ ဆိုရမလားပဲ ။ ခုမှ ပြန်စဉ်းစားမိတော့ ဒီလောက် တောင် မြည်ဟည်းတုန်ခါနေတဲ့ နာရီတွေ… ခါးသက် ပြင်းရှနေတဲ့  စကားသံတွေကြားထဲကနေ သူ့တပည့်မကို လှမ်းခေါ်ပြီး သမီးကလေးတွေဆီ  ထမင်းဗူး ပို့နိုင်အောင် စီစဉ်သွားခဲ့သေးတဲ့ မေမေ ။ 


အဘွားအိမ်ကနေ ပြန်မလာနိုင်သေးတဲ့ မေမေ့ကို သူ . . . စ မေးလာတဲ့ အချိန်တွေတုန်းက စိတ်ရှုပ်ထွေးနေတဲ့ ဖေဖေ့ မျက်နှာကို တော့ ၊ မှတ်မိနေခဲ့တယ်။ နောက်တော့ သူ ဘယ်လိုနေတတ်သွားခဲ့သည်လည်း မသိ. . . ဖေဖေ့ နှမတွေ ရဲ့  ချော့မြူ ယုယမူတွေ ထဲမှာ သက်သောင့် သက်သာ ရှိနေခဲ့လေသလား . . . သူ့အမ တွေ မေမေ့ဆီကို ပထမဆုံး သွားတွေ့ တဲ့ နေ့မှာတောင် သူ လိုက်မသွားခဲ့မိဘူး ။ တပတ်တခါ မေမေ့ဆီ သွားလည်ခွင့် ရလာတဲ့ အခါတွေတိုင်းမှာလည်း သမီးဇော နဲ့ မှုံတေ နေတဲ့ အဘွားရဲ့  “ အဖေချစ်မ တွေ နင်တို့ အမေကိုတော့ မသနားကြဘူးလား… အဲဒီ အမျိုးတွေကို ငါမုန်းတယ် ” .. ဆိုတဲ့ နာကျည်းသံတွေ ကြားမှာ စိတ်လက်ပေါ့ပါးမူ ဆိုတဲ့ အရာ ဟာ ၊ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့တယ်။ မေမေ နဲ့ အဘွားရော ဘယ်မှာ စိတ်လက်ပေါ့ပါး နိုင်ကြမလဲလေ..။ ဖေဖေ့ မှာ လည်း သူ့ ရပ်တည်ချက် အတွက် သူ့မာန် သူ့ထန်တွေ နဲ့ လေးလံ တင်းကျပ်နေခဲ့မှာ အသေအချာပါပဲ ။ အဲဒီအချိန်က သူတို့မှာ ဘယ်သူ့ကို သနားပြီး ဘယ်သူ့ ဘက်လိုက်ရမယ် လို့  ဆုံးဖြတ်ရွေးချယ်နိုင်တဲ့ အင်အားမှ မရှိခဲ့တာ။ ထူးထူးကဲကဲ ရွေးချယ်ရဲ တဲ့ အမလတ် ကတော့ ၊ တနေ့  ကျောင်းက အပြန်မှာ သူတို့တွေ နဲ့ အိမ်ပြန် လိုက်မလာတော့ဘူး ။ မေမေ့ ဆီကို လိုက်သွားခဲ့တယ်။ တပတ် တပတ် မြို့ကလေးရဲ့ မြောက်ဖက်ကနေ တောင်ဖက်ကို ဖြတ်ပြီး မေမေ့ဆီ သွားလည်ဖို့ ဖေဖေ့ဆီမှာ ခွင့်တောင်းရတဲ့ အချိန်ရယ် ၊ ညနေစောင်းလို့ မျက်ရည်တွေ ၀ဲပြီး ကျန်ခဲ့တဲ့ မေမေ့ဆီကနေ ပြန်လာရတဲ့ အချိန်တွေရယ် ဟာ၊ ဘ၀ မှာ အမှတ်မရချင်ဆုံး  အချိန်တွေပါပဲ ။


အဲဒီအချိန်တွေမှာ ကဗျာတွေ အများကြီး စပ်ဖြစ်ခဲ့တယ် လို့ မေမေ က ပြောပြတယ်။ ပြောယုံတင် မဟုတ်ဘူး ။ သူ့ကဗျာတွေ အပုဒ် ၁၀၀ နီးပါးလောက် ရေးထားတဲ့ ကဒ်ထူဖုံး စာအုပ် အဟောင်းကလေးကို သူ့ဗီရိုထဲက ထုတ် ထုတ်လာပြီး သူတို့တွေ လက်ထဲ အတင်းထဲ့ပြီး ပြန်ဖတ်ခိုင်းတတ်တယ်။ အဲဒီခေတ်က သင့်ဘ၀ မဂ္ဂဇင်းလေးမှာ ကျိုကြား ကျိုကြား ပါလေ့ရှိတဲ့ မေမေ့ ရဲ့ လေးလုံးစပ် ကဗျာလေးတွေကို ဖတ်ကြည့်ဘူးပေမဲ့ ၊ အထီးကျန် ခံစားချက် တွေကို ပုံအောထားတဲ့ . . . အပစ်ပယ်ခံ အလွမ်းတွေ နဲ့ နွမ်းနယ် နေမဲ့ . . . နာကျည်းချက်တွေကို ထိုးချေ ထဲ့ထားခဲ့ တဲ့  အဲဒီ ကဗျာပေါင်း များစွာကို သူတို့  အခုချိန်မှာ မဖတ်ချင်ကြတော့ဘူး ။ စိတ်လှုပ်ရှားစရာ ပစ္စပ္ဗုန် အသီးသီးက နေရာယူထားပြီး ဖြစ်နေတဲ့ သူတို့ ညီအမတွေက အတိတ်ကို အတိတ်မှာပဲ ထားခဲ့ချင်ပေမဲ့ ၊ မေမေ့မှာကတော့ သူ့ ပစ္စပ္ဗုန် ကလည်း အတိတ်ထဲမှာပဲ ရှိနေရှာတယ်။ မေမေက ဖေဖေ့ကို ချစ်ရှာသေးသည်ကိုး ။ အတိတ်တုန်းက ဖေဖေ့ အချစ်ကို ရင်ခုန်နွေးထွေးစွာ လက်ခံ ခဲ့သလိုမျိုး ၊  ပစ္စပ္ဗုန်မှာလည်း ဖေဖေ့ ရဲ့  နွေးထွေးနူးညံ့တဲ့ ဆက်ဆံမူကို မျှော်လင့်စောင့်စား နေရှာဆဲ ပဲ ။ 


ဖေဖေနဲ့ အတူ  နေထိုင်ကြီးပျင်းခဲ့ကြတဲ့ သူတို့ ညီအမတွေဟာ ဖေဖေ့ မျက်နှာရိပ် မျက်နှာကဲ နဲ့ စိတ် အထားအသိုကို ၊ အလိုလို နားလည်နိုင်ကြပေမဲ့ ၊ မေမေ့ ကို ချစ်သေးရဲ့ လား . . . အနည်းဆုံး သမုဒယ အကြွင်းအကျန်လေးတွေ ရှိသေးရဲ့ လား . . .ဒါမှမဟုတ်  အနေအထိုင် စရိုက် ခံစားချက်တွေ ပိုပြီး ဝေးသထက် ဝေးသွားတာလား . . .ဆိုတဲ့  ဖေဖေ့ရဲ့ မာကျောဟန်ရှိတဲ့ နှလုံးသားကိုတော့ ဘယ်လိုနည်းနဲ့ မှ  မခန့်မှန်းနိုင်ကြဘူး ဖြစ်နေရတယ် ။ မေမေ့ ကို ပေါ့ပေါ့ပါးပါး ဖြစ်အောင် နောက်ပြောင် ကျီစယ် ယုံက လွဲလို့ ဘယ်လို သတင်းစကား  ယုံမှားခံစားချက်ကိုမှ မပေးနိုင်လောက်အောင်  အစွမ်းအစ တုံးနေကြရတယ်။ ဟိုးတချိန်တုန်းကလို . . . “အမေ့ကို ပြန်ခေါ် ဖို့  နင်တို့ အဖေကို ပြောလေ..” ဆိုတဲ့ အဘွားရဲ့ တိုးတိုး ကြိတ်ကြိတ် အသံကို ပြန်ကြားယောင်လာ တဲ့ အခါမျိုးမှာတော့  သူတို့ ခံစားချက်တွေဟာ ၊ ၀မ်းနည်းမူတွေနဲ့ ပြန် ရွှန်းစို လာတတ်တယ်။ ပြီးတော့လည်း မေ့မေ့ ပျောက်ပျောက် ကိုယ့်ဘ၀ ကိုယ့်မိသားစု ဆိုတာတွေထဲ ကျပျောက် သွားကြပြန်တာပဲလေ ။ ဖေဖေ တို့ မေမေ တို့ ဒီ အသက် ဒီအရွယ်ကြီးတွေပဲ ရောက်နေပြီ  … ကိုယ့် တရား ကိုယ် အားထုတ်..  ဘာကိုများ ပြန်ပေါင်းထုပ်ဖို့ လိုသေးလို့ လဲ လို့  အလိုလို ပုဒ်မ ချ ပစ် လိုက်မိကြတယ် ။


ရန်ကုန်မှာ မေမေ နဲ့ အတူနေတဲ့ သမီးကြီး ဆီကို  နယ်က ဖေဖေက လာခဲလှပေမဲ့ ၊ နယ်မှာ ဖေဖေ နဲ့ အတူနေတဲ့ သမီးလတ် ဆီကိုတော့ ၊ မေမေက  အကြောင်းတိုက်ဆိုင်တိုင်း  ရောက်လာတတ်တယ်။ အဲဒီအိမ်လေးကလည်း သူမြတ်နိုး ခဲ့တဲ့ သူ့ အိမ်ကလေး မဟုတ်လား။ ဒါပေမဲ့လည်း လွန်ခဲ့တဲ့ နှစ်ပေါင်း လေးဆယ်နီးပါးလောက်ကတည်းက ထားရစ်ခဲ့ရတဲ့ သူ့အိမ်ကလေးကို ပိုင်ပိုင်နိုင်နိုင် ခြေချ နေထိုင်ဖို့တော့ မဖြစ်နိုင်တော့ဘူးပေါ့ ။ ရောက်တာနဲ့  အိမ်ရှေ့လာလိုက် အိမ်နောက်သွားလိုက် အပြင်ထွက်လိုက် ပြန်ဝင်လာလိုက် ရှုပ်ရှက်ခက်နေတတ်တဲ့ မေမေ့ကို ၊ အနေအထိုင် စည်းကမ်းကြီးလှတဲ့ ဖေဖေက ၊ သူ စာထိုင်ဖတ်နေကြ ခုံကနေ အ၀င်တချက်.. အထွက်တချက်  လှမ်းကြည့်တာလောက် အပြင် ၊ စကားအပို မပြောဘူး ။ မနေနိုင်တဲ့ မေမေကသာ ၊ သမီးကို ပြောသလို မြေးကို ပြောသလို နဲ့  သူပြောချင်တာလေးတွေ ညှပ်ပြီး ဖေဖေ ကြားအောင် ပြောရရှာတယ်။ ရန်ကုန်ပြန်ရောက်သွားရင်လည်း နယ်မှာ နေတဲ့ သမီးလတ် ဆီ ကို မနက်တခါ ညတခါ လောက် ဖုန်းဆက်တတ်တယ်။ တခါတလေ တဖက်က ဖုံးကိုင်တဲ့သူက ဖေဖေ ဖြစ်နေရင် ၊ မေမေ့အတွက် နေကောင်းလား လို့ တချက်လောက် တော့ နှုတ်ခွန်းဆက်နိုင်တယ်လေ။ တနှစ်တခါလောက် ဖေဖေ ရန်ကုန်ကိုလာပြီး ဆေးစစ် မျက်စိပြ လုပ်တဲ့ အချိန်တွေဆို မေမေ့ မှာ အိပ်ယာပြင်ရ ၊ ဟင်းစီစဉ်ရ နဲ့  နေစရာကို မရှိဘူး။ အဲဒီလို အခါမျိုးဆို သမီးတွေတင်မက မြေးတွေက အစ ၊ မေမေ့ကို နောက်ကြ ပြောင်ကြရော ။


ဘာလုပ်လုပ် အဖေကို သာ ရှေ့တန်းတင် အလေးဂရုထားကျင့် ဖြစ်နေတဲ့ သူတို့ ညီအမ တွေ ဟာ၊ တခါတလေ တော့လည်း မေမေ့ကို နောက်စရာ ပြောင်စရာ ချစ်စနိုး လုပ်နေမိတာ ထက်ပိုပြီး နေရာပေးမိ အလေးထားမိရဲ့ လား လို့  ပြန်စဉ်းစားကြည့်မိ တယ်။ 

သူဆိုလည်း . . . မေမေပြောလည်း ပြောလောက်စရာ ။ ကြားထဲမှာ မေမေ့ဆီ တခါတလေ ညအိပ်သွားတာ ၊ မေမေ ဆရာမ အလုပ်နဲ့ နယ်ပြောင်းတဲ့ မြို့တွေကို လိုက်ပြီး တပတ်တလေ အလည်လိုက် ဘူးတာလောက်က လွဲ လို့ ၊ သူ. . . မေမေ နဲ့   ပထမဆုံး အသေအချာ အတူ နေဖူးတာဟာ ၊ အသက် ၂၄နှစ် အရွယ်ရောက်မှ ဆိုတော့ ၊ အနေစိမ်းမယ် ဆိုလည်း စိမ်းလောက်ချင်စရာပေါ့ ။ နောက် ၂ နှစ်လောက်နေတော့တခါ ၊  မွေးမိခင် ကိုတင်မက အမိ မြန်မာပြည်ကို တောင် ထားရစ်ခဲ့မိပြန် ။ အခု ဒီအသက်အရွယ်ကြီး ရောက်နေတာတောင် မြန်မာပြည် ပြန်လည်လို့ ၊ မေမေ နဲ့ အိပ်တဲ့အခါ ၊ ကလေးလေး တယောက်လို ထွေးလိုက် ဖက်လိုက် လုပ်ရင် ၊  သူ မနေတတ်တာ ၊ မေမေသိရင် စိတ်မကောင်းဖြစ်မှာ သေချာတယ်။ 


မနှစ်က ဒီဇင်ဘာ ရန်ကုန်ရောက်တော့ ၊  မေမေ့ အိပ်ယာထဲ တိုးတိုးဝှေ့ဝှေ့ ၀င်အိပ်ဖြစ်တယ်။ အိပ်ယာဝင် နောက်ကျတတ်တဲ့ သူ့ကို မေမေ မစောင့်နိုင်ပဲ အိပ်နှင့်ပေမဲ့ ၊ သူ ခြင်ထောင်ထဲ ၀င်တာနဲ့ တရေးနိုးပြီး ခေါင်းအုံးတွေခု . . .စောင်တွေ ခြုံ နဲ့  လုပ်တော့တာပဲ ။ ပြီးတော့ သူ့ နဖူးက ဆံပင်ကို သပ်တင်ပေးရင်း ပြတင်းပေါက်က မြင်နေရတဲ့ မီးရောင်တွေ ပျောက်တိ ပျောက်ကျားနဲ့ ကောင်းကင်ကြီးကို ငေးကြည့် နေတယ်။ လမင်းကြီးသာ ထိန်ထိန်သာနေ လို့ကတော့ မေမေ တယောက် ငိုအုံးမှာ ဆိုတာ သိနေတယ်။ မေမေ့ရဲ့ ထူးခြားချက် တခုက အင်မတန် အလွမ်းသန် အဆွေးသန် သလောက်၊ တဖက်မှာလည်း  ပျော်ပျော်ပါးပါး သွားသွားလာလာ ရှိလွန်းလှတယ်။ တခါတလေ ရေဒီယိုက လာတဲ့ မောင်မောင်ညွန့် သီချင်း ကို နားထောင်ပြီး တအိအိ နဲ့  ရှိုက်နေရင်း ၊ ခဏနေတော့ သူ့မိတ်ဆွေတယောက်ဆီ ဖုံးကောက်ခေါ်ပြီး စကားတွေ ဖောင်လောက်အောင် ပြောချင် ပြောနေပြန်ရော ။ အဲဒီ ခံစားချက် အစွန်း နှစ်ခု ကိုပဲ ဟိုဘက် ဒီဘက် ပြောင်းပြီး မျှခြေ လုပ်ယူ ရင်း ၊ သူ့ ရဲ့ အထီးကျန် နှစ်တွေကို ဖြတ်သန်းကျော်လွှားနိုင် ခဲ့ တာပဲ ထင်ပါရဲ့ ။ 


“ . . . အဲဒီတုန်းက နင်တို့အဖေက ဆရာမကို လူကြုံပေးလိုက်ချင်လို့ ပါ ဆိုပြီး ရောက်လာတာလေ . . .မေမေက တူတယ်လုံခြည် နက်ပြာမှာ အဖြူပွင့်လေးတွေနဲ့ တပတ်လျှို ဆံထိုးလေး ထုံးထားတာ . . . ”  လို့ မေမေ စကား စ လာကတည်းက ၊ အင်း. . .တူတယ်လုံခြည် ဇတ်လမ်းတော့ နားထောင်ရတော့မယ် လို့ စိတ်ထဲက ကြိတ်ပြီး တွေးလိုက်တယ်။ အဲဒီ မေမေ့ ရဲ့ တူတယ်လုံခြည်အလွမ်း ကို သူတို့ ဖန်တရာတေအောင် ကြားဖူးနေခဲ့ပြီးပြီလေ ။ သူသိပြီးသား အကြောင်းတွေကိုပဲ ပြန်နားထောင်နေရရင်း လူကတော့ အိပ်ချင်နေပြီ ။ တဖြည်းဖြည်းနဲ့  မေမေ့ ဓါတ်ပြားကြီးက ၊ ကြည်နူးစရာ ဇတ်ကြောင်းပြန် ကနေ ၀မ်းနည်းစရာ စိတ်ပျက်စရာ ဇတ်ဝင်ခန်းတွေ ဖက်ကို ရောက်ပြီး အသံအက် လာတယ် ။ မေမေ့ စကားလုံးတွေ က သူ့နားထဲ ၀င်တချက် မ၀င်တချက် ဖြစ်နေတုန်း ၊ တဒုန်းဒုန်း နဲ့ ကုတင်ကြမ်းပြင်ကို လက်သီးဆုပ် နဲ့ ထုတော့မှ မျက်စိပြန်ကျယ်သွားတယ်။  မျက်ရည်တွေ နဲ့ တရွှီးရွှီး တရွှဲရွှဲ ဖြစ်နေတဲ့ မေမေဟာ ၊ သူ့ ဇာတ်ကြောင်းပြန် ရဲ့ ဘယ်နေရာမှာ ဇာတ်ရှိန်တက်ပြီး ဘယ်လို ဒေါသ တွေ ထွက်လာသလဲ ဆိုတာကို  သတိမထားလိုက်မိဘူး။  တယောက်ထဲ ၀မ်းနည်း ပမ်းနည်း ဖြစ်နေတဲ့ မေမေ့ ကို ကြည့်ပြီး စိတ်ရှုပ်နေမိတယ်။ “ တော်ပါတော့ မေမေရယ်. . . သမီးလည်း အိပ်ချင်နေပြီ ” လို့ ပြောလိုက်တော့.. “ အေးပါ..အေးပါ ” ဆိုပြီး တဖက် လှည့်သွားတဲ့ မေမေ့ကို ၊ အခုမှ ပြန်ပြီး သနားနေမိတယ်။ တကယ်ဆို မေမေ့ရင်ထဲက အစိုင်အခဲ တချို့ ကို မချေဖျက်ပေးနိုင်ရင်တောင် ၊ တခါတလေလေး  သူရင်ဖွင့်ချင်တာလေးတွေကို အရေးတယူ နားထောင်ပေးခဲ့ သင့်တာပေါ့ နော် ။ 


တရက်တော့ ၊ သူ ၀ယ်လာတဲ့ စာအုပ်တွေထဲက ၊ မာမာအေး ရဲ့ “ ရင်ဖွင့်ကြည့်ပါ သူငယ်ချင်း”  ဆိုတဲ့ စာအုပ်လေးကို ယူဖတ်ရင်း ၊ မေမေ တယောက် မာမာအေး ရောဂါ တက်တော့တာပဲ ။ အဆိုတော်ကြီး မာမာအေး ရဲ့ ပုဂ္ဂလဘ၀ အကြောင်း ရင်ဖွင့်ထားတဲ့ အထဲက အိမ်ထောင်ရေးမလှပ ခဲ့တဲ့ အဖြစ်တွေက မေမေ့ကို စွဲဆောင်သွားခဲ့တယ် ထင်ပါရဲ့ ။ စာအုပ် ဘာညာ ဖတ်ခဲလှတဲ့ မေမေဟာ ၊ မာမာအေး အကြောင်း ပါတဲ့ စာအုပ်မှန်သမျှ  ရှာခိုင်းတော့တာပဲ ။ ဖြစ်ချင်တော့ အဲဒီတုန်းက မာမာအေးက အမေရိကန် ကနေ ရန်ကုန် ခဏပြန်လာတဲ့ အချိန် ။ ဂျာနယ်တွေထဲမှာ လည်း ၊ မာမာအေး အကြောင်းတွေချည်း ။ စာရေးကောင်းတဲ့ သူ့ ခင်ပွန်းဟောင်းကတောင်  ဂျာနယ်တစောင်မှာ အတိတ်တွေကို ပြန်ပြောင်း ရော်ရမ်းရင်း အချစ်ရဲ့  ဒသာန တချို့ကို တို့ထိ သွားခဲ့တော့ ၊ မေမေ့ မှာ စာတပိုဒ် ဖတ်လိုက်.. “ ဟဲ့ သူ့ယောက်ျားကြီးကလည်း ကျနော် လေဆိပ်မှာ သွားကြိုချင်ပါတယ် လို့ ပြောတယ်တဲ့ ဟဲ့.. ” လို့  ပါးစပ်က ပြောလိုက် နဲ့  အလုပ်ရှုပ်နေတော့တာပါပဲ ။


ကဲ. . . အဲဒါနဲ့ ၊ အမျိုးသားကဇာတ်ရုံ မှာ လုပ်တဲ့ မာမာအေး ရဲ့ ဒုတိယ မြောက် ပြည်တော်ပြန် ဂီတပဒေသာပွဲကြီး ကို ၊ မေမေ့အတွက် လက်မှတ် မရ - ရ အောင် ဖြတ်ရတော့တယ်။ သူကိုယ်တိုင်လည်း မာမာအေး ရဲ့ သီချင်းတွေ ကို နှစ်သက် မြတ်နိုးတဲ့ သူဆိုတော့ ၊ အဲဒီ ဂီတပဒေသာပွဲ ကြီးကို ကြည့်ခဲ့ရတာ တကယ့်ကို တန်ဖိုးမဖြတ်နိုင် မမေ့နိုင်အောင်ပါပဲ ။ အစောပိုင်းမှာ ကာလပေါ် ခပ်မြူးမြူး သီချင်းလေးတွေ နဲ့ စ ပေမဲ့ ၊ သမ္ဘာ့ သမ္ဘာကြီး ဒေါ်မာမာအေးကလည်း သူ့ ကို အဆွေးဘုရင်မ အဖြစ် လူသိများစေခဲ့တဲ့  တကယ့် ခံစားချက်အစစ် အနှစ်တွေကို တဖြည်းဖြည်းချင်း ဆွဲထုတ်လာရင်း ၊ ပရိတ်သတ် ရဲ့  နှလုံးသားတွေကို ပဲ့ကြွေ ပျော်ဆင်းလာအောင် တကယ်ပဲ စွမ်းဆောင် နိုင်ခဲ့တယ်။ အဲဒီနေ့က မှတ်မှတ်ရရ ၊ မလှမ်းမကမ်းက ခုံမှာ ထိုင်နေတဲ့ သူငယ်ချင်းနဲ့ သူ့မိခင်ကြီးကို လှမ်းမြင်တော့ လက် လှမ်းပြ ရင်း ၊ ပွဲကြည့်လာသူတွေရဲ့  အသက်အရွယ် နဲ့  အနေအထားတွေကို သတိထားမိပြီး တယောက်တည်း ပြုံးမိနေတယ်။  ခဏနေတော့ သူငယ်ချင်းက.. သူ့ အနားကို ရွှေ့လာထိုင်ရင်း အဆစ်အမြစ်တွေယောင်တဲ့ ရောဂါ ဖြစ်နေလို့ ကြာကြာသိပ်မထိုင်နိုင်တဲ့ မိခင်ကြီးကို တကူးတက လိုက်ပြရတာ ဖြစ်ကြောင်း ၊ အပြီးထိ မကြည့်နိုင်တဲ့ အကြောင်း ပြောတယ်။ ရာသက်ပန် ယောဂီ ၀တ်ထားတဲ့ သူငယ်ချင်းရဲ့ မိခင်ကြီးကို လှမ်းကြည့်ရင်း ၊ သြော် သူလည်း မာမာအေး တို့ ၊ မေမေ တို့ နဲ့ ဘ၀တူပါပဲလား ဆိုတာကို သတိရသွားတယ်။ မြန်မာ့စန္ဒယားလက်ကွက် ကို ကျွမ်းကျင်နိုင်နင်းစွာ တီးတတ်တဲ့ ၊ အဲဒီ သူငယ်ချင်းက ၊ စန္ဒယား အောင်ခင် လက်သံ က ဘယ်လို ၊ စန္ဒယား မျိုးနိုင်က ဘယ်လို ဆိုတာတွေ ပြောပြနေပေမဲ့ ၊ မာမာအေး ရဲ့  ချိုနွဲ့ သလောက် သာယာ ညှင်းပြောင်းလှ တဲ့ အသံနေ အသံထား ၊  စကားပြေ စာသား တွေကိုသာ ဂရုစိုက်နားထောင် နေမိတယ်။ 


 အို. . အို့ . . . အိုး . . . ကိုယ့်တယောက်တည်း . . . . . ပိတောက်လမ်းဝယ် . . . .လျှောက်လှမ်းချင်ပါတယ်. . . 

စီလွင် ချိုကြည် လှတဲ့ အဆိုတော်ကြီး မာမာအေး ရဲ့  အရှိုက်အငင်က ရင်ထဲမှာ လှိုက်တက်လာ သလို ဖြစ်လာတုန်း ၊ ရွှတ်ကနဲ နှာခေါင်းသံ  ကြားတော့ ၊ မေမေ ရယ်လေ. . . ပါးပေါ်မှာ မျက်ရည်တွေ စီးလို့ ။ ဘေးက သူငယ်ချင်းကို လက်တို့ ပြီး ပြ တော့ ၊ သူ့အမေလည်း ခုလောက်ဆို ငိုနေလောက်ပြီ သွားကြည့်လိုက်အုံးမယ် ဆိုပြီး နေရာ ပြန်ရွှေ့သွားရှာတယ်။ သြော် . . . မိန်းမသားတွေ ရဲ့ နှလုံးသား တွေ ဟာ ၊ မျက်ရည်တွေ နဲ့ ဆေးကြော ဖောက်ထုပ် ပစ်နိုင် ကြလို့ သာပဲ . . . လို့ တွေးနေမိတယ်။ ဘာပဲ ပြောပြော  အရင်ညက  ပိတ်ပင်လိုက်မိတဲ့ မေမေ့ မျက်ရည်တွေ ကို ၊ အဲဒီညက ဖောက်ထုပ် ယိုစီး ခွင့် ပေး လိုက် နိုင်မိတဲ့ အတွက် ၊ တော်ပါသေးရဲ့  လို့  စိတ်သက်သာရာ ရခဲ့မိတယ်။ 


မာမာအေး ရဲ့ သီချင်းတပုဒ်စီ ကို သူဖတ်ထားမိတဲ့  အကြောင်းအရာ အပိုင်းအစ တွေ နဲ့ ၊ လျှောက်ဆက်စပ် ကြည့်နေတဲ့ မေမေ့ ကို ၊ နောက်တရက် . . . SONY MP3 Player ကလေး တလုံး သွားဝယ်ပြီး  မာမာအေး သီချင်းတွေ အပြည့် ထဲ့ပေးလိုက် တော့ ၊ မေမေ့ မျက်နှာကြီး လင်းပ သွားရှာတယ်။  ပုတီး မျိုးစုံရယ် ၊ သီချင်းနားထောင်တဲ့ နားကျပ် ကြိုးတွေရယ် ရှုပ်ပွနေတဲ့ မေမေ့ အိပ်ယာ ကို ကြည့်ပြီး သူ ပြုံး မိတယ်။ တခါတလေ လက်က ပုတီးကိုင် ထားပေမဲ့ ၊ နားမှာ နားကျပ် တန်းလန်း နဲ့  မာမာအေး သီချင်းတွေကို   နှာခေါင်းသံ လေးနဲ့  ခပ်တိုးတိုး လိုက်ဆိုညည်း နေတတ်တဲ့  မေမေ့ကို ၊  “အဘွားကတော့ ဒရာမာကွင်းပဲကွာ ”   လို့  မြေးမ တယောက်က ဘေးက နောက်သွားလည်း မေမေ မကြားပေ ။  ကြားရင်လည်း ဒရာမာကွင်း ဆိုတာ သူ့ကို လှောင်တာလို့ သူ သဘောပေါက်ချင်မှ ပေါက်ပေမည်။


ဘာပဲပြောပြော အသက် ၇၀ ကျော် မေမေ့ အတွက်တော့ ၊ မာမာအေး သီချင်းလေးတွေ နားထောင်ရင်း သူ့ နှလုံးသားတွေက အမြဲ နုပျိုနေပေလိမ့်မည် ။ သူ့ ခံစားချက်တွေက အမြဲ  နွေးထွေးနေပေလိမ့်မည်။  တူတယ်လုံခြည် နက်ပြာလေးက အမြဲ သစ်လွင်နေသလို ၊ အကြောင်းမရှိ အကြောင်းရှာ  လူကြုံလာပေးတဲ့ လူရွယ် ရဲ့ မျက်ဝန်းတွေကလည်း အမြဲ တောက်ပ ရွှန်းစို နေပေလိမ့်မည်။ အကယ်လို့များ နာကျည်း ၀မ်းနည်းမူတွေ ပြည့်လျှံ လာရင်လည်း ၊ အဝေးက  မေမေ့ အတွက် သူ စိတ်မပူလှပါ ။ သွန်ထုပ် ဖောက်ချ ပစ်လိုက်ဖို့ မေမေ့ မှာ မျက်ရည်တွေ မခမ်းနိုင်အောင် ရှိနေသေးသည်ပဲ ။ 


စာကြည့် စားပွဲပေါ်က မေမေ့ရဲ့ ပျိုမြစ်စဉ်က ဓါတ်ပုံဟောင်းလေးကို လှမ်းကြည့်မိရင်း ၊ အမေနေ့ လို့ ပြောနေကြတဲ့ ဒီကနေ့မှာ ထူးထူးခြားခြား သတိရနေမိတယ်။ အခု အချိန်ဆိုရင်တောင် ၊ မေမေ တယောက် နားကျပ်ကလေး တပ်ပြီး ၊  မေ့ကွက်ကို ရှာ . . . ရှာသူ မောင်ရေ . . . မေ ဘယ်သူ့ကိုမှ အပြစ်လည်း မတင်လိုပေ . . လို့  ဆိုညည်း လွမ်းဆွတ် နေလေမလား ။ ဒါမှမဟုတ်  သူ့ မိတ်ဆွေ တွေ နဲ့  ဖုံးတွေပြော ပြီး ၊  ရွှင်လန်းတက်ကြွ နေလေ မလား ။ 




ကေသွယ်

၆ နာရီ ၆ မိနစ်၊  ဇန်န၀ါရီ ၁၇ ရက် ၂၀၁၄
ကာဂူးလီ


Share/Bookmark

15 Comments:

PhyoPhyo said...

မကေ မေမေတင်မဟုတ်ဘူး ဖတ်ရတဲ့သူပါ ငိုချင်ချင်ဖြစ်သွားပြီ။
စာထဲကဖတ်ရတဲ့ မကေ မေမေရော၊ ဓာတ်ပုံထဲက မကေမေမေပါ ချစ်စရာလေး။
မကေ မေမေ ချမ်းမြေ့ပါစေ။
မကေ နဲ့ မိသားစုရော ချမ်းမြေ့ပါစေပေါ့။

မေငြိမ်း said...

heart ထိတယ်ကေ..

Mi Tay 4 said...

သည်စာကိုမေမေ့ကို ပြရရင် ကောင်းမလား မပြပဲထားရင်ကောင်းမလား.... ငါတို့ကိုယ်တိုင်ရော မေမေကိုယ်တိုင်ရော တချို့အကြောင်းအရာတွေကို မသိလိုက်ဖာသာ မေ့ထားလိုက်စေချင်တယ်... ဒါပေမဲ့လည်း .... ခံစားလိုက်ရတယ်ဆိုတာလည်း အရသာ တမျိုးပါပဲ

Mi Tay 4 said...

သည်စာကိုမေမေ့ကို ပြရင်ကောင်းမလား..မပြပဲထားရင်ကောင်းမလား... တချို့အကြောင်းတွေကို မေမေကိုယ်တိုင်ရော တို့တွေကိုယ်တိုင်ရော မေ့ထားချင်ပေမဲ့ ..ခံစားရတယ်ဆိုတာလည်း အရသာတမျိုးပဲမို့...

NSA said...

ဖတ်ရတာ ဝမ်းနည်းတယ် မကေ ....

ညီမတို့ မိဘတွေမှာလဲ ခပ်ဆင်ဆင်ပါပဲ ။

စုချစ် said...

စိတ်ထဲမှာ ခံစားရတယ် ကေ...
ကေ့စာတွေထဲက အကြိုက်ဆုံးတစ်ပုဒ်ပဲ...

pandora said...

တကယ့်အဖြစ်တွေက ဇာတ်လမ်းတွေထက် ပိုပြီး ဇာတ်ဆန်တာတွေရှိနေတတ်တယ်
မကေမေမေ ချမ်းမြေ့ပါစေ

မောင်မျိုး said...

ဒီစာကလေးဖတ်ပြီး အလွမ်းရုပ်ရှင်လေးတစ်ကားကြည့်လိုက်ရသလိုပဲ ကြိုက်လိုက်တာ အလွမ်းအဆွေးကားကြည့်ပြီးလို့ ရင်ထဲမှာ ကျင်ခနဲတောင်ဖြစ်သွားတယ် ။

တန်ခူး said...

ကေ့မေမေကို သနားလိုက်တာ... သူ့ ခံစားချက်အတိမ်အနက်ကို ကေ့စာထဲမှာတွေ့ လိုက်တယ်... မိန်းမတယောက်ရဲ့အချစ်ကိုလဲ ကွင်းကွင်းကွက်ကွက်မြင်လိုက်တယ်... အမလဲ ကေ့မေမေလို အရမ်းဝမ်းနည်းလွယ်ပြီး ခဏနေသွက်လက်သွားတတ်တယ်... တချို့ ဆို အမအဲလောက်ခံစားတတ်မယ်တောင်မထင်ဘူး... မာမာအေးက soul singer မို့  ကေ့မေမေနဲ့ ခံစားချက်တွေ ထပ်တူကျနေတာ... သုက နှလုံးသားနဲ့ ဆိုသူကိုး... ငြိမ်းချမ်းတဲ့ ချစ်သူ့ ရင်ခွင်ကနေ ဝေးကွာရတဲ့အခါ မောင့်အချစ်မြှားဆူး နှုတ်လဲနှုတ်လျက်ပါဘူး... မောင့်ကိုချစ်တဲ့သက်သေ.. သံသရာဆွဲဆန့် လို့ ဘယ်လောက်ပင်ရှည်ရှည်ပေါ့ (မာမာအေး သီချင်းစာသားတွေပါ... အမကလဲ မာမာအေးcrazyမို့ ).... ကေ့မေမေ ကျန်းမာအသက်ရှည်ပါစေ..

May Thu San said...

ခံစားချက် အစွန်းနှစ်ခု ရှိတဲ့ စရိုက်မျိုး ရှိလို့ အစ်မရဲ့ မေမေ အစား ခံစားသွားတယ်။ အဲဒီလို ခံစားလွယ်တဲ့ သူရဲ့ ခံစားချက်ကို အနားက သူတွေက သနားသလိုလိုနဲ့ respect သိပ်မရှိပဲ လျစ်လျူရှုကြတာ ကိုယ်တွေ့မို့ပါ။ ကျနော်ကတော့ သနားခံရမှာမျိုးကို မကြိုက်တဲ့ အတွက် အငိုမလွယ်အောင် ဘယ်လောက်ပဲ ထိန်းချုပ်လည်း မရဘူး။ :(
တော်တော်တန်တန် နှစ်သိမ့်မှုနဲ့ အလွယ်တကူ ကျေနပ်တတ်သူမို့ အစ်မတို့တွေရဲ့ ဂရုစိုက် စကားလေးတွေက သူ့ကို ပျော်ရွှင်စေမှာပါ။ အစ်မရဲ့ မေမေ ပျော်ရွှင် ချမ်းမြေ့ပါစေလို့ ဆန်ဒပြုပါတယ်။

HtooHtoo said...

ရင်ထဲ နင့်သွားတယ် မကေ။

Win Zin Min Raja said...

http://wunzinminraja.blogspot.sg/

Sonata Cantata said...

facebook က My Parents on their First Day.
ပုံလေးကြည့်ပြီးမှ ကော်မန့်တခုကြောင့် ဒီပို့စ်ကို လာဖတ်တယ်ကေ...

ကေ့မေမေ.. ကိုယ့်မေမေနဲ့ ကိုယ်တို့ မိန်းမတွေအတွက်...

ငါဟာ လောကကြီးကို ပန်းနုရောင်လေးသာ ဖြစ်စေချင်တဲ့သူ
အပြာနုလေး အနားသတ်ရင် သတ်လိုက်ဦး
စိမ်းဖျော့ဖျော့လေးလောက်တော့ ဖြန့်ခင်းထားလိုက်…
… …
… …
… …
ဒါပေမဲ့လေ
မဲညစ်ညစ် ပျစ်ချွဲချွဲ အခွံအကာတွေနဲ့
ညိုမှောင်မှောင် အဖုအပိန့်တွေ တလိပ်လိပ် တက်နေတဲ့
စိမ်းရွှေရွှေ ကမ္ဘာမှာ
ငါဟာ ချောင်ပိတ်မိနေရဲ့။

ဒီကော်မန့်လေးသာ ချန်ခဲ့ပါရစေတော့...

သက်ဝေ said...

ကေ စ တင်ထဲက လာဖတ်ပြီး ဘာရေးရမှန်းမသိ၊ နောက်အကြိမ်တွေ ထပ်ဖတ်မိတော့လည်း ဘာရေးရမှန်းမသိပဲ လှည့်လှည့်ပြန်သွားတာပါ... ဒီနေ့ ကေ့ရဲ့ စတေးတပ်စ်လေး ဖတ်မိလို့ နောက်ထပ်တစ်ခါ လာဖတ်ပါတယ်။
လူကြီးတွေ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိပါစေလို့ပဲ ဆုတောင်းချင်ပါတယ်...

khin oo may said...

ငိုမယ်နော်ကေ။