ရသအတွေး အတွေးရသ (ပေါ်သစ်)

တစ်

လူမှာ တခြားသတ္တ၀ါတွေထက် ထူးတာ တခုပဲ ရှိတယ်။ တွေးတတ် ကြံတတ်တာပဲ။ တွေးတတ် ကြံ တတ်လို့ လူရယ်လို့ ဖြစ်လာတာပဲ။ အဲဒီတော့ လူပီသချင်တဲ့ သူတွေ ၊ လူဖြစ်ကျိုးနပ်ချင်တဲ့သူတွေ ဟာ၊ တွေးတော ကြံတတ်တဲ့ ဂုဏ်ရည် နဲ့ စွမ်းအင်ကို အစွမ်းကုန် မြှင့်တင်ကြတယ်။

ဒါပေမယ့်၊ တွေးရ ကြံရတာကလည်း သိပ်တော့ မလွယ်လှချင်ဘူး ဆိုတာလည်း အမှန်ပဲ ။ တွေးတော ကြံတာကို ချိုးနှိမ်ချင်သူတွေ ၊ မြင်ပြင်းကတ်သူတွေ ၊ သရော်ပြက်ချော်ချင်သူတွေ ကလည်း ဒု နဲ့ ဒေး ရှိနေသေးတာကိုး။

“အတွေးကို လျှာတပ်မပေးနဲ့ ” တဲ့ ။ “ အတွေးကို လက်တပ်မပေးနဲ့ ” တဲ့။
တွေးတောကြံတာကို ချိုးနှိမ်လိုသူတွေကတော့ ပြောလေ့ပြောထ ရှိကြတယ်။ 

လူ့လောကမှာ လုပ်စရာ ကိုင်စရာတွေ တပုံတခေါင်းကြီး ရှိနေတာတဲ့။ ဒီကြားထဲက ၊ တွေးနေရဦးမှာလားတဲ့ ။ တွေးတောကြံတာကို မြင်ပြင်းကတ်သူတွေက မေးငေါ့လေ့ ရှိကြတယ်။ 

ယေက္ခမ အိမ်ဦးခန်းမှာ ထိုင်ပြီး၊ မုတ်ဆိတ်မွေး နဲ့ နှုတ်ခမ်းမွေး ဘယ်လို ဆက်သလဲ ဆိုတာ တနေရုန် တွေးလုံးထုတ်တယ်ဆိုတဲ့ သမက် ပုံပြင်မျိုးကို ၊ ကြားဖူးကြမှာပေါ့ ။ တွေးတော ကြံတာကို သရော် ပြက်ချော်လုပ်ချင်သူတွေက ၊ အဲဒီလို လှောင်လေ့ ထေ့လေ့ ရှိကြတယ်။

တွေးတော ကြံတာကို ၊ ရန်ထောင် ရန်ရှာ လုပ်တဲ့ သူတွေကတော့ “ဆီဇာ” ပေါက် ချိုးကြတယ်။  ရှိတ်စပီးယား ရဲ့ “ဂျူးလိယပ် ဆီဇာ” ပြဇာတ် ထဲက  ဟို ပိန်ညောင်ညောင်နဲ့ အငတ်ရုပ် ပေါက်နေတဲ့ ကပ်စိယပ် ဆိုတဲ့ ကောင်လေ ။ အဲဒီကောင်က သိပ်တွေးတဲ့ကောင် ။ အဲဒီကောင်မျိုး အန္တရယ်ကြီးတယ် ” ဆိုတဲ့  လျှာရာနင်းပြီး မာန်လည်း မဲလား လုပ်တတ်ကြတယ်။ 

နေအောက်မှာ ရှိသော အမူများကို စစ်၍ မကုန်နိုင်။ ကြိုးစား၍ စစ်သော်လည်း အကုန်အစင် မသိနိုင် ။ ထိုမျှမက  ပညာရှိသောသူသည်  ငါသိမည်ဟု ကြံသော်လည်း ၊ အကြံမအောင်နိုင် ” ( သမ္မာကျမ်း ၊ ဒေသနာ ကျမ်းစာ) ဆိုတဲ့ ၊ တွေးတောကြံတာကို ဟန့်တဲ့ စကားမျိုးတွေကလည်း အနမတဂ္ဂ ရှိသေး။ 


နှစ်

တွေးတောကြံတာ ၊ မြော်တာ မြင်တာကို လူသားဂုဏ်ရည် အဖြစ် ၊ ခံယူသူတွေကတော့ ၊ အတွေးမတွန့်ဘူး ။ မတွေးပဲ မနေဘူး။ တွေးတာပဲ။ 

လူဆိုတာ နာရီ ၊ ရက် ၊ လ သတ်မှတ်ချက် ကိန်းဂဏန်းတွေ နဲ့သာ အသက်ရှင် နေကြတာမှ မဟုတ်တာ။ ခြေလက် လှုပ်ဟန်တွေ (လုပ်ရပ်တွေ) နှလုံးခုန်သံတွေ(ခံစားချက်တွေ) ၊ “ငါသိမည်ဟု ကြံတာတွေ ( အတွေးတွေ)  နဲ့ ရှင်သန် လှုပ်ရှား နေကြတာကိုး။ 

ဒါကြောင့်လည်း ၊ ဒသာန ပညာရှင် ဒေးကားလို ပုဂ္ဂိုလ်မျိုးက “ ငါတွေးသည် ။ ထို့ကြောင့် ငါရှိသည်” လို့ တောင်  စွဲစွဲ ရဲရဲကြီး ပြောခဲ့တာပေါ့။ 

ဒါပေမယ့် ၊ တွေးတောကြံတယ် ဆိုတာဟာ၊ လူသားတိုင်း ရဲ့ မွေးရာပါ ပိုင်ခွင့် ၊ ဘယ်သူ့ဆီကမှ တောင်းဆိုနေစရာ မလိုတဲ့ အခွင့်အရေး ၊ ဘယ်သူ ဘယ်ဝါကမှ အာမခံချက် ပေးနေစရာ မလိုတဲ့ ၊ လွတ်လပ်ခွင့် ဖြစ်တယ် ဆိုတာကို ၊ လူများစုက မေ့ထားကြသလို လုပ်နေကြတယ်။ 

လူသတ္တ၀ါ တော်တော်များများ သည် ၊ စဉ်းစားဖို့ အတော်ပျင်းရိကြသည် လို့ ဆရာကြီး ရွှေဥဒေါင်း က ကောက်ချက် ချခဲ့တာဟာ ဒါကြောင့်ပဲ ။ 

ဒသာနပညာရှင် ကဲကီဂတ် က ၊ “ လူတွေဟာ လွတ်လပ်စွာ ပြောခွင့် ၊ ရေးခွင့် ၊ စည်းရုံးခွင့် တွေကို ၊ တောင်းဆိုရကောင်းမှန်းသာ သိကြတယ်။ တောင်းစရာမလိုပဲ ၊ အလိုလို ရနေတဲ့ ၊ လွတ်လပ်စွာ တွေးခွင့်ကို၊ သုံးရကောင်းမှန်းကျတော့ ၊ မသိသလို ဖြစ်နေကြတယ် ” လို့ ရေးဖူးတာဟာ ဒါကြောင့်ပဲ။ 

“ စာအုပ်တွေက တွေးပေးလိမ့်မယ် ” ဆိုတဲ့ စကား ခုတလော ခေတ်စားလာနေတာဟာလည်း ဒါကြောင့်ပဲ ။
ဒီအယူအဆွဲ အမှားကို ဖယ်ရှားနိုင်ကြမှပဲ ၊ အတွေးခေတ်ဆန်းချိန် ရောက်ပေတော့မှာပဲ ။  အတွေးတခေတ် ဆန်းနိုင် ဖို့ ၊ လူတိုင်း တွေးတော ကြံတာကို မွေးရာပါ ပိုင်ခွင့် လို၊ ကျင့်သုံးကြဖို့ အချိန်တန်ပြီ။


သုံး


တွေးကြစို့ ဆိုတာတော့ ဟုတ်ပါပြီ။ 
ဘာကို ဘယ်လို တွေးကြမှာလဲ ။ 
မေးစရာပဲ။ 

လူတိုင်းဟာ ဒသာန ပညာရှင်တွေလိုတော့ ဘယ်မှာ တွေးနိုင် တွေးဖြစ် တွေးတတ်ကြပါ့မလဲ ။ 

ကိစ္စမရှိဘူး။ လူလို နေဖို့ လူလို တွေးတာပဲ ။ ဒသာနပညာရှင် ဖြစ်ဖို့ တွေးတာ မှ မဟုတ်တာပဲ ။ 

ဒသာန ပညာရှင်တွေ တွေးခေါ်သလို ဘ၀တရား၊ အလှတရား ၊ ကိုယ်သိတရား၊ စိတ်သိတရား ၊ စရဏတရား ၊ မရဏ တရား အစရှိတာတွေကို တွေးတတ်ချင်မှ တွေးတတ်ပေလိမ့်မပေါ့။ 

ဒါပေမယ့် ၊ အဲဒီလို ဂမ္ဘီရ သဘောဆောင်တဲ့ အရေးကြီးကြီး တွေ ကို လည်း တွေးရမှာပဲ ။ အရေးကြီးကြီးတွေကို တွေးရင် အတွေးကြီးကြီး တွေးရမှာပေါ့။  အတွေးကြီးကြီးကို တွေးရမှာ ကြောက်တယ်ဆိုပြီး  မတွေးလို့ မရဘူး။  အတွေးကြီးကြီး ကြောက်တာကို ယိုးမယ်ဖွဲ့ ပြီး အတွေးသေးသေး တွေးရမှာကိုပါ ကြောက်လာတတ်တော့မှာကိုး။ 

ဒီလို အတွေးကြောက်စိတ် ၀င်လာရင်၊ အတွေးကြီးကြီးကိုရော အတွေးသေးသေးကိုပါ၊ မတွေးချင် ၊ မတောချင် ၊ မငေးချင် မမောချင်တဲ့ ရောဂါဆိုး စွဲကပ် လာနိုင်တယ်။ ဒီလိုနဲ့ တွေးတတ်တဲ့ ကြံတတ်တဲ့ လူသားဂုဏ်ရည် လူသားစွမ်းအင် လူသားပီတိ တွေကို လက်လွှတ် ဆုံးရှုံးကုန်နိုင်တယ်။ 

ဒါကြောင့် တွေးကြရမှာပဲ ။ အရာရာကို အတွေးနဲ့ ယှဉ်ပြီး မြင်ကြရမှာပဲ။ 


လေး


အတွေးကြီးကြီးတို့  ၊ အတွေးသေးသေး တို့ ဆိုတာက ၊ စကားအဖြစ်သာ ပြောတာပါ။ အတွေးတခုမှာ ကြီးတာတို့ သေးတာတို့ ရယ်လို့ မရှိဘူး။  စကြဝဠာ အကြောင်း အတွေးက ကြီးတယ်၊ ကျောက်စရစ်ခဲ အကြောင်း အတွေးက သေးတယ်လို့ ၊ မဆိုနိုင်သလို  နေစွယ်ကျိုးမှာ ညှိုးသွားတဲ့ ကန်စွန်းနွယ်ကလေး အကြောင်း အတွေးက သေးတယ်။ မမြဲမြံ မခိုင်ခံ့ တဲ့ သင်္ခါရ ဓမ္မအကြောင်း အတွေးက ကြီးတယ်လို့ မဆိုနိင်ဘူး။

သဘာဝ လောကကြီးထဲမှာ အရာရာဟာ  အဆက်အစပ် တရားတွေ ၊ ယှဉ်ဖော် ယှဉ်ဖက် တရားတွေ ၊ အကြောင်းအကျိုးတရားတွေ ဖြစ်လို့ ၊ ဘယ်ဟာက ကြီးတယ် ဘယ်ဟာက သေးတယ်  ဆိုတာ မရှိဘူး။ ကြီးတယ် သေးတယ် ဆိုတာ ပညတ်သဘောတွေသာ ဖြစ်တယ်။ 

ဒီတော့ တွေးသာတာ အရင်းခံ ဖြစ်ပါတယ်။ တွေးတတ်တာသာ အဓိက ဖြစ်ပါတယ်။ အတွေးရသကို ခံစားတတ်တာသာ ပဓါန ဖြစ်ပါတယ်။ 

တွေးကြစတမ်းဆိုရင် ရေမြေတောတောင် တွေ ၊ သက်ရှိ သတ္တ၀ါတွေ၊ စိတ်စေတသိတ် ရုပ်တရားစုံတွေ  ၊ အားလုံးဟာ တွေးမြင် ဆင်ခြင်စရာတွေချည်းပဲ ။ တွေးချင် တွေးရဲ တွေးတတ်မယ်ဆိုရင် လူတိုင်းအဖို့ အရာရာဟာ တွေးစရာ အထည်ဝတ္တုချည်းပဲ။ 

မြင်ရိုးမြင်စဉ် ၊ သိရိုးသိစဉ် စိတ်အထည်ဝတ္တု ၊ ရုပ်အထည်ဝတ္တု အားလုံးဟာ အတွေးနဲ့သာ မွှမ်းထုံ ခြုံလွှမ်း လိုက်ရင် သဘောသွင်ဟန် တွေ ထိန်လွင်လာတယ်။ ထင်လင်းလာတယ်။ သစ်ဆန်းလာတယ်။ တင့်တယ်လာတယ် ။ သာယာလာတယ်။ ဆေးတောင်ဝှေး နဲ့ တို့ လိုက်သလို ဆိုတာမျိုး။ နတ်ရေကန်ထဲ ချလိုက်သလို ဆိုတာမျိုး။ 

ကြယ်ကလေး တပွင့် ၊ ရေကလေး တစက် ၊ ငှက်ကလေး တကောင်၊ သစ်ရွက်ကလေး တရွက်၊ ကဗျာလေး တပုဒ် ၊ ပန်းချီကားလေး တချပ်က တောင် ၊ စကြဝဠာ
 ရဲ့ အတ္တုပ္ဗတ္တိ နဲ့  အနာဂတ္တိ ကို လှစ်ပြ နိုင်တာကို တွေ့လာရမယ်။  လူသားရဲ့ ဖြစ်ပေါ် တိုးတက် ပြောင်းလဲမူ နဲ့  ရုပ်နာမ် သဘာဝ သင်္ခါရ ဓမ္မဖြစ်စဉ် ကို ဖွင့်ဆို နိုင်မယ် ဆိုတာကို တွေ့လာရမယ်။ လူသားရဲ့ လူမူသမိုင်း ဖြစ်စဉ် နဲ့ ညဏ်စဉ် ဖန်စဉ် ကြီးကို ဇာတ်ကြောင်းပြန် နိုင်တာကို တွေ့လာရမယ်။ 

တကယ် ကြည်နူး နှစ်သက်စရာကောင်းတဲ့ ၊ အတွေးရသ ကို ခံစားလာရမယ်။



ငါး

မိမိ နေ့စဉ် ထိတွေ့ ခံစား နေရတဲ့ မိမိ ပတ်ဝန်းကျင် မှာ ရှိနေတဲ့ အရာဝတ္တု အခြင်းကိစ္စ ၊ အရေးအရာတွေကို တနိုင် တပိုင် အိုးတန် ဆန်ခတ် အတွေးနဲ့ ယှဉ်ကြည့်တဲ့ အလေ့ဟာ  ဒသာန “ရူး” တာ မဟုတ်ဘူး။ ဒသာ “မြီး” တာတောင် မဟုတ်သေးဘူး။ မိမိ ဦးနှောက် ရယ် ၊ မိမိ နှလုံးသားရယ်၊ မိမိရယ်  ကိုယ်ပိုင် စကားဝိုင်း ဖွဲ တာသာ ဖြစ်တယ်။ 

တွေးကျင့်စွဲ လို့ ဘာဆိုးကျိုးမှ ပေါ်လာစရာ အကြောင်း မရှိဘူး။  ကောင်းကျိုးသာ ရှိဖို့ ရှိတယ်။ 

အောက်မှာ ဖော်ပြမဲ့ အတွေး ဥဒါဟရုဏ်တွေကို ထပ်ဆင့် တွေးကြည့်ပါ။ အတွေးကြီးလည်း မဟုတ်ဘူး။ အတွေးသေးလည်း မဟုတ်ဘူး။ ဒသာန ပညာကြီး ပညာကျယ်တွေ မနှောင့် မစွက်တဲ့ အဖြူထည် သက်သက် ရသ အတွေးတွေပါ။ 

မိမိ ခံစားရတဲ့ အတွေးရသ နဲ့ နှိုင်းယှဉ်ပြီး ထပ်ဆင့် တွေးလို့ ရတဲ့ အတွေးရသ ကို လည်း မှန်းချင်ကြည့်ပါ။ 


ခြောက်(က)


လွတ်လပ်ရေး ရပြီးစ လောက်က ၊ လွတ်လပ်ရေး ဆိုတဲ့ ဝေါဟာရ ကို ဆရာဇေယျက ၊ အတွေးနဲ့ ယှဉ်ကြည့်ခဲ့တယ် ။ ဗေဒင် ဆရာကြီး ဦးအောင်ယော နဲ့ လူရွယ် နှစ်ယောက် ဆွေးနွေးခန်း အဖြစ်နဲ့ တွေးခဲ့တာ။ 

“သူ့ကျွန်မခံ ” ဆိုတဲ့ ဆောင်းပါးမှာ ရေးခဲ့တာ။ 
အဲဒီ ဆောင်းပါးထဲက ကောက်နုတ်ချက်ကလေးကို ဖတ်ကြည့်စမ်းပါ။ 

…… တို့ မြန်မာတွေ ဟာ၊ လွတ်လပ်ရေး ဆိုတဲ့ စကားကို မသုံးခဲ့ ဘူး။ သူ့ကျွန်မခံ ဆိုတဲ့ စကားကိုသာ သုံးခဲ့တယ်။ လွတ်လပ်ရေးကို အကြိမ်ကြိမ် ဆုံးခဲ့ဖူးပေမဲ့ ၊ တို့ဗမာက လွတ်လပ်ရေး ဆုံးတယ်လို့ ဘယ်တော့မှ အသိ အမှတ် မပြု ခဲ့ဘူး။ ခဏ ခေတ္တ အခိုက် အလှည့် မသင့် လို့ တပါးသူ လက်အောက် ကျခဲ့ရတယ်လို့ သာ ယူဆခဲ့တယ်။ 

တတိုင်းပြည်လုံး ထီးရော နန်းပါ ဆုံးချင်တိုင်းသာ ဆုံးရော့ ဘယ်တော့မှ သူ့ကျွန်မခံဘူး ဆိုတဲ့ စိတ်ဓါတ်က  ရှိနေတယ်ကွ။ … အဲဒါ  ဘာလဲ ဆိုတော့ သူ့ကျွန်မခံဘူး ဆိုတဲ့  တို့ဗမာ စိတ်ဓါတ်ပဲကွ။ 

“သူ့ကျွန်မခံ ဘူး ဆိုတာနဲ့ လွတ်လပ်ရေး ဆိုတာက အခေါ်သာ လွဲတယ်။ အနှစ်သာရချင်းကတော့ အတူတူတပါပဲ။ အကြောင်းကေတော့ လွတ်လပ်ရေး ဆိုတာ တခြား မဟုတ်ဘူးကွ ။ တို့ဗမာ စကားအရ သူ့ကျွန်မခံ ဘူး ဆိုတာ ပဲ ။ သူ့ကျွန်မခံဘူး ဆိုတာနဲ့ တပြိုင်နက် လွတ်လပ်ရေး ပျောက်သွားတော့တာပေါ့ကွာ ”

ဒါက လူမူ ကိစ္စ နဲ့ ပတ်သတ်တဲ့ အတွေး ။


ခြောက် (ခ)


၁၉ ၇၉  လောက်က ဂျပန် ဟိုက္ကူ ကဗျာတွေကို ဆရာမင်းသုဝဏ် မြန်မာဟန် ဖွဲ့ ခဲ့တယ်။ ဆရာ့ မြန်မာ ဟိုက္ကူ ကဗျာတပုဒ်က . . . 

အိုင်အိုကြီးပါလား
အလို ရွှေဖား ခုန်ဆင်းသွား
ပလုံ ရေသံကြား 

မူရင်း ဂျပန် ဟိုက္ကူက ပိုပြီး တို- ရှင်းသေးတယ်။ “ အိုသော ရေအိုင် ဖားခုန်ဆင်း ရေသံ ” ဒါပဲ ။
အဲဒီ ကဗျာနဲ့ ပတ်သတ်ပြီး ဆရာ မင်းသုဝဏ် တွေးထား ပုံ ကို ဖတ်ကြည့်စမ်းပါ ။

“ .. . . . ဤကဗျာကို အကြိမ်ကြိမ် ဖတ်ကြည့်ကြပါ။ ကဗျာထဲက ဆန်းကြယ် ထွေပြပား ခက်ခဲ နက်နဲသော အဓိပ္ဗါယ် တို့သည် ကိုယ်ယောင်ပြ လာကြပါလိမ့်မည်။ 

“ အိုသော ရေအိုင် တခု ကို စိတ်တွင် စဉ်းစားကြည့်ပါ ။ ကြာဖြူ ကြာညို ကြာနီပင် ၊ ကတောင်ပင် ၊ ရေညှိပင် ၊ အဟောင်းအသစ် အညှိုးအလန်း တို့ ဖြင့် ရှုပ်ထွေး အိုမင်းနေသော ထိုရေအိုင် အတွင်းရှိ ကြာဖတ်ပေါ်မှ ဖားတကောင် ခုန်ဆင်းသွားသည် ။ ခုန်ဆင်းသံကို ကြားလိုက်ရသည်။ 

“ ဖားခုန်ဆင်းသံကို ကြားရအောင် အလွန် ဆိတ်ငြိမ် ရပေမည်။ အလွန် ဆိတ်ငြိမ်ရအောင် လူသူ လေးပါး နှင့် ဝေးကွာရပေမည်။  လူသူ လေးပါး နှင့် ဝေးကွာရအောင် တောနက်ထဲတွင် ဖြစ်ရပေမည်။ တောနက်ထဲတွင် ရောက်နေရအောင် ၊ ထိုပုဂ္ဂိုလ် သည် ၊ တိတ်ဆိတ်မူ ကို ကြိုက်နှစ်သက်သော သူ ဖြစ်ရပေမည်။ 

“ထို ပုဂ္ဂိုလ်သည် တိတ်ဆိတ်ခြင်း ရေကြောတွင် မျောနေခိုက် ဖားခုန်သံ ကို ကျယ်ကျယ်လောင်လောင် ကြားလိုက်ရသော အခါ လန့် နို်းသွားသည်။ လောက၏  တိတ်ဆိတ် ငြိမ်သက်ခြင်း ကိုလည်း ဤသို့ သော ဖားခုန်သံများက  ဖောက်ထွင်း ဖျက်ဆီးတတ်ပါကလား ဟု  သူ တွေးမိပေလိမ့်မည်” 

ဒါက လူဖန်တီး တဲ့ အနုပညာ နဲ့ ပတ်သတ်တဲ့ အတွေး ။


ခြောက်(ဂ)


၁၉ ၇၁ခုနှစ်ဆန်းပိုင်းက ဟံသာဝတီ သတင်းစာမှာ ဆရာတော် ရွှေကိုင်းသား ခွာညိုပန်း အတွေးစာတပုဒ် ရေးခဲ့တယ်။

အဲဒီ အချိန်လောက်က သစ်ပင် ပန်းမန် နဲ့ ပတ်သတ်တဲ့ စာတွေ  ဆရာတော် အများကြီး ရေးနေတယ်။
ဆရာတော် ရဲ့ ခွာညို အတွေးစာ ကို ဖတ်ကြည့်စမ်းပါ ။

ယခုနှစ် အဖို့ ကျွန်းဖိုပင် အပွင့်စောသော နိမိတ်ဖြင့် မိုးဦးကျလည်း စောသည်။ မိုးအကြိမ်လည်း များသည်။ ရေလည်း ပါသည်။ ထို့ကြောင့် သေပြီ ဟု ပစ်ထားသော ခွာညိုပင် နှစ်ပင် လည်း ၊ အငုတ်မှ အတက် ထွက်ပြီး ပြန်လည် စည်ပင် လာပြန်သည်။ 

ထိုအခါ ရေမိုးကို မပြတ်ရအောင် ဂရုစိုက်ပေးရသည်။ လူက ဂရု စိုက်တော့လည်း အပင်က အားရှိ ပါးရှိ ကြီးထွားလာသည်။ အနွယ်ပင် ဖြစ်၍လည်း ၊ နှမောင်းတွေ ခင်းပြီး ၊ စင်တခုလုံး ကို ဖုံးလုခမန်း နေရာ ယူလာသည်။ 

တခါ တခါ ၊ နှာမောင်းခင်းပုံ ၊ ရှေးရှုပုံ နေရာ မကျ တတ်၍ လူက ပြုပြင်ပေးသည်ကို အပင်က မခံ ။ တော်လှန်ချင်သည်။ သည်တော့ လူက အလျှော့ပေးလိုက် ရသည်။ မလျှော့ ၍ လည်း မဖြစ် ။ ဇွတ်လုပ် လျှင့် လည်လိမ်ချိုးသလို နှာမောင်းဖျားတွေ ကျိုးကုန်တော့သည်။

တကယ်တော့ အပင်က သဘာဝ အသိဖြင့် နေရောင် အလင်းရောင် ရှိရာကို ထိုးထွက်ခြင်း ဖြစ်၍ ၊ လူက ဓါတ်ပုံရိုက်ကွက် ကောင်းအောင် ပုံဆင်လို၍ ပြုပြင်ပေးခြင်း ဖြစ်သည်။ ဆန္ဒ နှင့် သဘာဝ မဟပ်မိတော့ ခွာညိုပင်က ကြားဝင်ပြီး ဓားစာခံ လိုက်ရခြင်း ဖြစ်သည်။ 

ဒါက သဘာဝ ဓမ္မ နဲ့ ပတ်သတ်တဲ့ အတွေး ။ 



ခြောက်  (ဃ)


၁၉ ၈၀ နှစ်လယ်ပိုင်းက မိုးဝေ မဂ္ဂဇင်းမှာ ဒဂုန်တာရာ မွေးနေ့ အတွေးစာ တပုဒ် ရေးခဲ့သည်။

အဲဒီ အတွေးတွေကို ၁၉၆၉  ကတည်းက ရှုမ၀ မဂ္ဂဇင်းမှာ ကဗျာရေးခဲ့ဖူးတယ် ။ “ နွေရက်၏ တညနေ၌  မိမိကိုယ်ကို ဝေဖန်ခြင်း ”။

ဒဂုန်တာရာ ရဲ့  ဘ၀ အတွေးစာကို ဖတ်ကြည့်စမ်းပါ။

“ရွက်ဝါ ရွက်ညိုများကြွေကျနေကြသည်။ ဆည်းဆာရောင်  ၌၊  ရွက်ကော့ကလေးများမှာ ဖျပ်ဖျပ်ဖျပ်ဖျပ် နှင့် လွင့်နေကြသည်မှာ ဖန်အစအန ရွှေအစအန များ လွင့်ကျနေသည်ကိုကြည့်ရသလိုပင်။ တရိပ်ရိပ် လှုပ်ရှားနေပုံကို ၊ ဘ၀ များလော ဟု ထင်နေမိသည်။

“ကျွန်တော့်မှာ မွေးနေ့အတွေးများ ၀င်နေသည်။ သက်မဲ့ ဖြစ်သော သစ်ပင် ပန်းပင်များ  ၌ ကော ၊ ဘ၀ မရှိပေသလော ။သူတို့သည် ဖူးကြ ပွင့်ကြသည်။ နွမ်းကြ ကြွေကြသည် မဟုတ်လော။

“ . . . ညသည် မြရောင်ရွှန်းမြလာသည်။ သစ်ပင် ထူထပ်တို့ တွင် အမှောင်ရိပ် သန်းလျက် ။ ပိုးစုန်းကြူးတကောင် ၊ နှစ်ကောင်သည် ၀ါးရုံကြားများမှ ပျံသန်းလာသည်။

“ ကောင်းကင်ပြာမှိုင်းတွင် ၊ စိန်ကြယ်ပွင့် တို့သည် တဖိတ်ဖိတ် လက်နေကြသည်။ တချို့ကြွေသွားကြလေသလော ။ သူတို့က အရောင် တလက်လက် တောက်ပ သူများ ဖြစ်၍ ကြွေကျပျောက်ကွယ် သွားသည် ကို သိကြသည်။ သစ်ရွက်များ ကြွေကျသည်ကိုတော့ ဘယ်သူမှ မသိကြ ။
ထင်ရှားသူ သာ သိကြသည်။မထင်ရှားသူ ကို မသိလိုက်ကြ ။ ကြွေကျသည့် နောက်တော့၊ ဘာများ ခြားနား မည်လဲ ။ ပိုးစုန်းကြူး၊ ကြယ် ၊ သစ်ရွက် တို့သည် လူ့ဘ၀ နှင့် ဘာခြားနားမည်လဲ ။

ဒါက လူ့ဘ၀ နဲ့ပတ်သတ်တဲ့ အတွေး ။


ခုနစ်


လူတိုင်း ဒီ ရသ အတွေးတွေ လိုမျိုးကို  မတွေးနိုင်စရာ ဘာမှ အကြောင်းမရှိဘူး။ ဒီ အတွေးတွေကို ထက်မြက် စူးရှမူ ရှိတယ်၊ မရှိဘူး ဆိုတာသာ ပြောစရာ ရှိမယ်။ ဒါက တကိစ္စ။ 

လူတိုင်းဟာ ၊ မိမိ နဲ့ ထိတွေ့ ကြုံဆုံလာသမျှ စာပေ ဂီတ ပန်းချီ ၊ လူမူရေး ၊ စီးပွားရေး ၊ နိုင်ငံရေး ၊ သံသရာရေး အစ ၊ ပန်းကလေး တပွင့်  ၊ ငှက်ကလေး တကောင် ၊ ရေကလေး တစက် ၊ နှင်းကလေး တမှုန် ၊ အရုဏ်နီ ဆည်းဆာမှိုင်း အဆုံး ၊ သိမြင်ရာရာ အားလုံးကို  သိ-သိကာမတ္တ ၊ မြင်- မြင်ကာမတ္တ ၊ ခုသိ ခုမေ့ ၊ ခုမြင် ခုပျောက်  မဖြစ်စေဘဲ အတွေးနဲ့ စရနယ်ပြီး သိမြင်မယ် ဆိုရင် ၊ အရာရာ ဟာ၊ အဆန်းတကြယ် အသိသစ် ၊ အတင့်အတယ် အမြင်သစ် တွေ နဲ့ ၊ ကိုယ်ယောင်ပြ  လာကြမှာ ဖြစ်ပါတယ်။ 

ဒါဟာ ရသ အတွေးရဲ့ စွမ်းရည် ဂုဏ်ရည်ပဲ ။ 
ရသ အတွေးဟာ အတွေးရသ ကို ပေါက်ဖွားစေလိမ့်မယ်။ 
အတွေးရသ ဟာ ၊ လောကအလှ ၊ ဘ၀ အလှ ၊ ရုပ်အလှ ၊ စိတ်အလှ တွေကို အမြင်ပိုကြည်စေ ၊ ပိုပီစေတဲ့ ဒိဗ္ဗစက္ခု အသစ်လည်း ဖြစ်ပေတယ်။ 


ပေါ်သစ် 

အတွေးအမြင် စာစဉ် (၄)
ဧပြီ ၁၉ ၈၅





Share/Bookmark

0 Comments: