“လက် ငါးချောင်း ပင် အတိုအရှည် မညီဘူး ” ဆိုတဲ့ တရားတော်တွေ နဲ့ ၊ လူ့လောက သဘာဝ ရဲ့ မညီ
မျှမူတွေကို ကျမတို့ ယဉ်ပါးခဲ့ကြသည်။ ဆင်းရဲ ချို့တဲ့သူတွေကို အလွယ်တကူ ကြင်နာ သနား ခဲ့ကြသည်။ ဒါပေမဲ့ ၊ အဲဒီ မညီမျှမူတွေ ဆင်းရဲမွဲတေမူ တွေ ဟာ ၊ အတိတ်ဘ၀ က ပြုခဲ့တဲ့ ကုသိုလ်ကံ ကြောင့် လား ၊ တန်ခိုးရှင် တပါးပါး ရဲ့ မျက်နှာလွှဲမူ ကြောင့်လား ဆိုတာတွေ ရဲ့ အပြင် ၊ တခြား အကြောင်းရင်းခံ ဇစ်မြစ် တွေကို ၊ ကျမတို့ လုံလောက်အောင် စေ့ငု မိကြရဲ့လား….။
နိုဘယ်လ် ဆုရှင် စီးပွားရေးပညာရှင်ကြီး စတစ်ဂလဇ် ကတော့ ၊ လောကမှာ ဖြစ်နေတဲ့ မညီမျှမူ တွေ အတွက် ၊ လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ အကြောင်းရင်းခံ ဟာ၊ အခွင့်အာဏာ ပဲ ဖြစ်တယ်လို့ ငြင်းချက်ထုတ်သည်။ အခွင့်အာဏာ ဆိုတာ မှာမှ ၊ တခါတရံ မှာ စစ်ရေးအာဏာ ဖြစ်နေတတ်ပြီး ၊ စစ်နိုင်သူက စစ်ရှုံးသူ ဆီက သိမ်းပိုက် ခွင့် ရ လိုက်တဲ့ ၊ မညီမျှမူမျိုး တွေ သာ ဖြစ်သည် လို့ ၊ သူ့ရဲ့ နောက်ဆုံးထုတ် The Price of Inequalities စာအုပ်ထဲမှာ အသေအချာ ထောက်ပြ ပြောဆို ထားသည်။
ဒီစာအုပ်ကလေးကို ဖတ်ဖြစ်ခဲ့တာလည်း၊ တကယ်တော့ ကျမ အတွက် ၊ ဘာမှ ရေးကြီးခွင်ကျယ် သိဖို့ရယ်မဟုတ်။ အမှန်အတိုင်းပြောရရင် ၊ ဈေးကွက် စီးပွားရေးစနစ် ရဲ့ ဟာကွက် တွေကို ထောက်ပြ စစ်ကြော ထားတဲ့၊ ကမ္ဘာကျော် အရောင်းရဆုံး စာအုပ်တအုပ် မှန်းတောင် မသိခဲ့ ။ မြန်မာအစိုးရ က ဖိတ်ကြား အကြံညဏ် တောင်းခံ ခဲ့တယ် ဆိုတဲ့ ကိုလံဘီယာ တက္ကသိုလ်က စီးပွားရေး သိပ္ဗံ ပညာရှင် နိဘယ်ဆုရှင် တယောက်ရဲ့ စာအုပ် ဆိုလို့ သာ ၊ kindle version စာအုပ်ကလေးတွေ စမ်းဝယ်ကြည့်ရင်း ၊ ဖတ်မိသွားခြင်း ဖြစ်သည်။ တကယ့် တကယ် ဖတ်ကြည့်တော့၊ ကမ္ဘာ့ဘဏ်ရဲ့ ဒု ဥက္ကဌ လည်း ဖြစ်ခဲ့သူ ၊ အမေရိကန်သမ္မတ ကလင်တန် ရဲ့ အကြံပေး လည်း ဖြစ်ခဲ့သူ ပညာရှင်ကြီး ရဲ့ ဝေဖန်ထားချက်တွေက ၊ အံ့အားသင့်စရာကောင်းအောင် ဟောဟောဒိုင်းဒိုင်း ရှိလွန်းလှသလို ၊ ဒိုးဒိုးဒေါက်ဒေါက် နဲ့ အားရှိစရာ လည်း ကောင်းလှသည်။ အားရှိ ရသည်က ၊ ၉၉ ရာနှုန်း သော ၊ ဆင်းရဲသားတွေ နဲ့ သာမန်လူတန်းစား တွေရဲ့ ဖက်က စဉ်းစား ရေးသားထားသည် မို့ ။
စီးပွားရေး နယ်ပယ်ထဲမှာ သီအိုရီတွေ ထုတ်လိုက် ၊ အကြံတွေပေးလိုက် လုပ်တတ် တဲ့ ပညာရှင်တွေကို ၊ လုပ်ငန်းရှင်ကြီး တွေက (terrorists) အကြမ်းဖက်သမား တွေ လို့ သရော်တော်တော် လုပ် တတ် ကြသလို ပဲ . . . ဘာမှန်းမသိ ၊ ညာမှန်းမသိ ဈေးကွက်သာ အမိ ဈေးကွက်သာ အဖ လုပ်နေတဲ့ ၊ လူတွေကိုလည်း စတစ်ဂလဇ် က (market fundamentalists) ဈေးကွက်အခြေခံ ၀ါဒီ အစွန်းရောက် တွေ လို့ ၊ ၊ နာမယ်ပြောင် ပေး လေသည်။ ဒါပေမဲ့ ၊ သူက ဈေးကွက် ယှဉ်ပြိုင်မူ ရဲ့ ၊ ရလာဒ်ကောင်း တွေကို ၊ မယုံကြည်ခြင်း တော့ မဟုတ်။ အဲဒီ ဈေးကွက် ဆိုတာကြီးကို ၊ နောက်ကွယ်ကနေ လိုသလို ချုပ်ကိုင် ကစားလို့ ရနေတဲ့ အစိုးရပေါ်လစီ တွေကိုသာ သံသယ ကြီး ခြင်းဖြစ်သည်။ တကယ်တော့ သူက ၊ ဆိုရှယ်လစ် စနစ် နဲ့ ဈေးကွက်စီးပွားရေး စနစ် ရဲ့ ကြားမှာ ရှိတဲ့ ၊ “တတိယ လမ်း” ဆိုတဲ့ ၊ လမ်းအသစ် တခု ကို ၊ လှုံ့ဆော် ရေးသားနေသူ ။ အဲဒါကြောင့်ပဲ ၊ ၂၆ နှစ်ကြာ အောင် ၊ ဆိုရှယ်လစ် အရေ ကို ခြုံခဲ့ဖူး သလို ၊ လက်ရှိမှာလည်း လွတ်လပ်တဲ့ ဈေးကွက် ဆိုတဲ့ တောကြီးမြက်မဲ ထဲကို မ၀င်ရဲ ၀င်ရဲ ဖြစ်နေရှာတဲ့ ၊ မြန်မာ စစ်အစိုးရ ဟာ ၊ စတစ်ဂလဇ် ကို ခြေကြွခ တွေ ဈေးကြီးပေးပြီး ၊ နှစ်ကြိမ် တိတိ အကြံညဏ်တောင်းခဲ့ ခြင်း ဖြစ်ပေမည်။ ဒါမှမဟုတ် “တတိယလမ်း” အကြောင်း ပြောနေတဲ့သူကို ၊ မြန်မာပြည်က “တတိယ အုပ်စု” ဆိုတဲ့ လူတစု ကများ ၊ အစိုးရ နဲ့ ချိတ်ဆက် ပေးကြည့်လေသလား တော့ မသိ။
ဒါပေမဲ့ ၊ ပညာရှင်ကြီး ပြောတဲ့ တတိယလမ်း ထဲ မှာလည်း ၊ မြန်မာစစ်အစိုးရ မကြားလို တဲ့ ၊ စကားတွေ ပါနေ ပုံပင် ။ အင်တာဗျူးတခုမှာ ဖတ်လိုက်ရသည်က ၊ ၂၀၀၉ ခုနှစ်မှာတုန်းက ဆွေးနွေးပွဲ ဟာ ၊ မအောင်မြင်ခဲ့ဘူး လို့ ဆိုသည်။ မြန်မာ စစ်အစိုးရ က ၊ စတစ်ဂလဇ် ပြောတဲ့ Poverty ဆိုတဲ့ စကားလုံးကို နားဝင်ခါးခဲ့ သည်တဲ့ ။ အမေရိကန် သမ္မတ အိုဘားမား လာပြီးစ ၊ ၂၀၁၂ ဖေဖော်ဝါရီ လထဲမှာ ၊ နောက်တခေါက် ထပ် ဖိတ်ကြား ခံရသည်။ ဒီတခါတော့ ဆင်းရဲမွဲတေမူ ဆိုတဲ့ စကားရပ်ကို အစိုးရက လက်ခံ လာပြီ အများကြီး တိုးတက်လာပြီ ဟု ခပ်ဖွဖွ မှတ်ချက်ချ ထားလေသည်။
ပညာရပ်ဆိုင်ရာ နယ်ပယ်က အများအပြား တက်ရောက်ကြတဲ့ နေပြည်တော် ဆွေးနွေးတွေ့ဆုံပွဲကြီး မှာ၊ စတစ်ဂလဇ် ပြောသွားတဲ့ စာတမ်းခေါင်းစဉ်က “ အားလုံးပါဝင်ပြီး ရေရှည် တည်တံ့ နိုင် မဲ့ ၊ ဖွံ့ဖြိုး တိုးတက်ရေး နည်းဗျူဟာများ ” ဟူ၏ ။ သူ့ စာအုပ် မှာ ဖတ်ရသလောက် အရ ဆိုရင်တော့ ၊ ဖွံ့ ဖြိုး တိုးတက်မူ တခု ရေရှည် တည်တံ့ ဖို့ အတွက်၊ လူသားအရင်းအမြစ်တွေ ကို ပြုပြင် ပေါင်းသင် မြေသြဇာ ကျွေးရမယ်… ဆင်းရဲသားတွေ အများစု ဖြစ်နေတဲ့ လူမူစီးပွား မညီမျှ မူတွေကို တွန်းဖို့ မြေညှိ ပေးရမယ် ဆိုတာတွေ ပြောခဲ့မည် လို့သာ ယူဆမိသည်။ လတ်တလော စစ်အစိုးရ ဦးစားပေး ဆောင်ရွက်နေတဲ့ ၊ မော်တော်ကားတွေ တင်သွင်းတာမျိုး ။ ခေတ်မီ ဈေးကြီးတွေ ဟိုတယ် ကြီးတွေ အပြိုင်းအရိုင်း ပေး ဆောက် နေ တဲ့ ၊ တိုးတက်မူမျိုး တွေကို တော့ အကြံပေးခဲ့ မည် မဟုတ်လောက်ပေ။
သူ့ စာအုပ်က အမေရိက ရဲ့ လူမူ စီးပွား မညီမျှမူတွေကို အခြေခံ ထားခြင်းဖြစ်ပေမဲ့ ၊ လုပ်အား နဲ့ အရင်းကို တည်မှီနေတဲ့ နိုင်ငံတွေ အားလုံး အတွက်လည်း အကျုံးဝင်နေလေသည်။ ဒီစာအုပ်ရဲ့ အဓိက အနှစ်ချုပ် ကတော့ ၊ မညီမျှမူတွေ ဖြစ်နေခြင်းအတွက် အကြောင်းရင်းခံ တွေ၊ အမြောက်အမြား ရှိနိုင်ပေမဲ့ ၊ အစိုးရ ရဲ့ အခန်းကဏ္ဍ ကို မေ့မထားဖို့ ဆိုတဲ့ အချက်ပင် ။ အဲဒီ အစိုးရ ပေါ်လစီ တွေ ထဲမှာမှ စီးပွားရေး ရဲ့ ပင်မ ဒေါက်တိုင်ကြီးတွေဖြစ်တဲ့ အခွန်အခ တွေ ၊ ဘဏ်တွေ ၊ ငွေကြေးဆိုင်ရာ မူဝါဒတွေ က စလို့ ၊ အခြေခံ အလုပ်သမားတွေရဲ့ လုပ်ခလစာ ပြသာနာ တွေ အထိ ၊ ကျယ်ကျယ်ပြန့် ပြန့် ခေါင်းစဉ်တွေ ခွဲပြီး ပြောသွားသည်။ ခက်တာက စာတအုပ်လုံးမှာ သူ ထပ်ကာ ထပ်ကာ လက်ညှိုးထိုး ပြ သွားတဲ့ rent seeking ဆိုတဲ့ အခေါ်အဝေါ် ကို မြန်မာမူပြုဖို့ ရုတ်တရက်တော့ ကျမ စဉ်းစားလို့ မရ ။ ဒါနဲ့ မိတ်ဆွေ စီးပွားရေး ဘာသာရပ် ကျွမ်းကျင်သူ ဆရာမကြီး တယောက်ကို မေးကြည့်တော့ - အလွဲသုံးစားလုပ်ခြင်း လို့ သာ ခပ်ရိုးရိုး ဖလှယ်ပေးလေသည်။ ဆိုတော့ ၊ စကားလုံးကသာ မြန်မာမူပြုဖို့ ဆန်းသစ်နေပေမဲ့လို့ ၊ လူအများစု ရဲ့ ရပိုင်ခွင့် တွေကို လူတစုက ၊ အလွဲသုံးစား လုပ်တယ်ဆိုတဲ့ ဖြစ်စဉ်ဟာ မြန်မာပြည်မှာ အသစ်အဆန်း မှ ၊ မဟုတ်နေပဲ ။ စတစ်ဂလဇ် ကတော့ ၊ မုန့်တချပ် နဲ့ ဥပမာပေးသွားသည်။ လူအများ ဝေစားနေကြတဲ့ မုန့်တချပ်ကို ပိုကြီးလာအောင်လုပ်ယူရမဲ့ အစား ၊ တယောက်ထဲက စိတ်ကြိုက် ဖဲ့ယူသွားတဲ့ လုပ်ရပ် မျိုး လို့ ဆိုသည်။
အဲဒီမှာ ပုန်းသျှိုးကွယ်သျှိုး ယူသလား၊ ပြောင်ပြောင်တင်းတင်း လား ၊ မသိမသာ ယူသလား ဆိုတာ ပုံစံ အမျိုးမျိုး ဖြစ်နိုင်သလို ၊ ဘဏ်လုပ်ငန်း တွေ၊ သတ္တုသယံဇာတလုပ်ငန်းတွေက စလို့ ဆေးဝါးလုပ်ငန်း ၊ ဆက်သွယ်ရေး နည်းပညာလုပ်ငန်းတွေ အထိ နေရာမျိုးစုံမှာ ၊ အချပ်လိုက် ဖဲ့ယူ နေကြသည် လို့ ၊ အချက်အလက် သက်သေ သာဓက တွေနဲ့ ထောက်ပြထားသည် ။ မြန်မာပြည်မှာလည်း ဒီ မုန့်ချပ်ကို ၊ လူတစုက အစိုးရ နဲ့ ပေါင်းပြီး အမဲဖျက်သလို ၀ိုင်းဖဲ့ရွဲ့ နေကြတာ ၊ တော်တော့် ကို ပုံပျက်ပန်းပျက် ဖြစ်နေခဲ့ပြီ။ လူတစုက ဖဲ့ နေတာလား အစိုးရက သဲ့ နေတာလား ဆိုတာပင် မကွဲပြားတော့ ။ လူတစုက အစိုးရ ကို အကြောင်းပြသလို ၊ အစိုးရ ကလည်း လူတစု ကို နာမယ်ခံ သည်။ ဒီကြားထဲမှာ ဗိုက်မှောက်နေရသူကတော့ ပြည်သူ အများစု ။
ပိုပြီး ဆိုးတာက ၊ အဲဒီ ဗိုက်မှောက်နေရတဲ့ ပြည်သူတွေကိုပဲ အလွဲသုံးစား လုပ်ပြီး Public Private Partnership လို့ နာမယ် လှလှလေး တပ်ထားတဲ့ အလွဲသုံးစားမူတွေ ။ ဆိုရှယ်လစ်လမ်းစဉ် ခေတ်က ကျန်နေတဲ့ မြန်မာပြည် တနံတလျားက ပြည်သူပိုင် (သို့) အစိုးရပိုင် စက်ရုံ အလုပ်ရုံ တွေ အမြောက်အမြားဟာ၊ အခု ဘယ်သူတွေ လက်ထဲ ရောက်ကုန်ကြပြီလဲ ။ ဘာတွေ ဆက်လုပ်မှာလဲ ။ ပုဂ္ဂလိက လက်ထဲ လွှဲမယ် ဆိုရင်လည်း ၊ ပုဂ္ဂလိကပိုင်ပြုခြင်း ဥပဒေ ဆိုတာ ရှိရမည်။ အမေရိကန် စီးပွားရေး ပညာရှင်ကြီး စတစ်ဂလဇ် ကို ခေါ်ဖိတ်ပေးခဲ့တယ်ဆိုတဲ့ ၊ မြန်မာစီးပွားရေး ပညာရှင်ကြီး ဦးမြင့် ကပင် ၊ မြန်မာနိုင်ငံမှာ ပုဂ္ဂလိကပိုင်ပြုခြင်း ဥပဒေ မပေါ်ပေါက်လာသေးပဲ နဲ့ ၊ စီးပွားရေးပြုပြင်ပြောင်းလဲမူတွေကို အမြန်သွက်သွက်ကြီး လုပ်နေပုံဟာ ၊ သိပ် ဒရောသောပါး ဖြစ်နေတယ်လို့ ပြောလာသည်။
အခုက ၊ စက်ရုံ အလုပ်ရုံတွေ တင်မက ၊ နေပြည်တော်ကို ရွှေ့သွားလို့ ရန်ကုန်မှာ ဟောင်းလောင်း ကျန်ခဲ့တဲ့ ၊ အစိုးရပိုင် ရုံးကြီး ကန္တားကြီးတွေ သည်ပင် ၊ တခုပြီး တခု ဖဲ့ရွဲ့ ခံ နေကြရသည်။ ကိုလိုနီ ခေတ်က သမိုင်းဝင် အဆောက်အဦ ကြီးတွေသည်လည်း ၊ ပြန်လည်မွမ်းမံ စားရိတ် ကြီးတယ် ဆိုတဲ့ အကြောင်းပြချက်တွေ နဲ့ ၊ ပုဂ္ဂလိက ဆိုသူတွေရဲ့ လက်ထဲမှာ ရေအဆုံး ကုန်းတ၀က် ဖြစ်နေပြီ။ ဘယ်မှာလဲ ဥပဒေ ။ ဘယ်လို စည်းမျဉ်းတွေ ဈေးနှုန်းတွေနဲ့ ဘယ်လို လူတွေကို ဘယ်အချိန်တုန်းက လုပ်ပိုင်ခွင့်တွေ ပေးလိုက်သလဲ ။ ဒါတွေသည် မြန်မာပြည်မှာ အခုလက်ရှိ အကြီးအကျယ် ဖြစ်ထွန်းနေတဲ့ rent seeking ကြီးတွေ ပင်။
ဒီနေရာမှာ ၊ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ရဲ့ - “တိုင်းပြည်ကို ဓါးပြတိုက်ပြီး မှ တိုင်းသူပြည်သားကို ငွေတိုးပြန်ချစားတဲ့ အစိုးရ” ဆိုတဲ့ ကလောင် ဇောင်းထက် တဲ့ အရေးက ၊ အဓိပ္ဗါယ်ဖော်ဖို့ လက်ဝင်နေတဲ့ အဲဒီ အင်္ဂလိပ်စာလုံး အတွက် ၊ အကောင်းဆုံး ဖွင့်ဆိုချက်ပင် ဖြစ် နေ တော့သည်။
rent ဆိုတဲ့ အခေါ်အဝေါ် ရဲ့ မူလ ရင်းမြစ်က ၊ ဟိုးခေတ်တွေတုန်းက ၊ မြေရှင်ကြီးတွေဟာ၊ ဘာမှ လုပ်စရာမလိုပဲ ၊ လယ်သမား ယာသမားတွေ ရဲ့ လုပ်အားပေါ်ကနေ ကောက်ယူတဲ့ အငှားချ လယ်သီးစားခ တွေကို ခေါ်ရာကနေ စခဲ့သတဲ့။ မြေကြီးနံ့ သင်းနေတဲ့ အဲဒီ စကားလုံးရဲ့ အောက်မှာ၊ တိုင်းပြည်တခု ရဲ့ အခြေခံ အကျဆုံး ပိုင်ဆိုင်မူတွေ ဖြစ်တဲ့ မြေကြီး နဲ့ သယံဇာတ တွေဟာ၊ အကာအကွယ်အမဲ့ ဆုံး ဖြစ် သည် လို့ ၊ စတစ်ဂလဇ် က ဆိုသည်။ မြန်မာပြည်မှာတော့ မြေကြီးနံ့ သင်းနေတဲ့ ပြသာနာတွေဟာ ၊ မြေပိုင်ရှင်ခေတ် ကထက်ပင် ပိုပြီး ဆိုးရွားနေလေသည်။ စိုက်ပျိုးရေးကို အခြေခံ ထားတဲ့ မြန်မာ့ လူမူစီးပွား အ၀န်းအ၀ိုင်းကြီးမှာ ၊ ဘယ်တုန်းကနဲ့မှ မတူတဲ့ လယ်ယာမြေသိမ်းယူ မူတွေ ၊ ဖြစ်ပေါ်နေသည်။ ဘယ်သူတွေက သိမ်းသလဲ ။ ဘာအတွက် သိမ်းတာလဲ။ ဘယ်ဥပေဒ တွေနဲ့ သိမ်းနေလဲ ။ မဖြေနိုင်သေးတဲ့ မေးခွန်းတွေ များသထက် များလာသည်။
သယံဇာတ ဆိုရင်လည်း ၊ ပြည်သူတွေဟာ ၊ သူတို့မှာ ရပိုင်ခွင့် ဝေစု တွေ ရှိတာ ကိုတောင် မသိနားမလည်နိုင်တော့လောက်အောင် ၊ အချက်အလက် မှတ်ညဏ်တွေကို ဖျက်စီးပြစ်ခံ ခဲ့ကြရသည်။ အခွင့်အာဏာကို ဆုပ်ကိုင်ထားတဲ့ လူတစုက ၊ သူတို့ မိသားစု အမွေပိုင် ပစ္စည်းလို ၊ အောက်ဈေးနဲ့ ချရောင်းခဲ့ကြသည်။ သူတို့ စည်းစိမ်တွေနဲ့ အလိုက်ပေးလဲလှယ် ပြစ်ခဲ့ ပြီးပြီ။ ထားပါတော့ ၊ ထိပ်ပိုင်းက လူ တွေမို့ ၊ ထိပ်ပိုင်းဖြစ်နေတာ မဆန်းဘူး ပဲ ထား ။ သယံဇာတ ရေနံ နဲ့ သဘာဝ ဓါတ်ငွေ့ တွေ ၊ ကြွယ်ဝ လို့ ၊ မြန်မာပြည်သူ တွေရော ၊ ၀မ်းဝ ခါးလှ ကြပြီလား ။ ချက်ခြင်း လက်ငင်း မြင်ရဖို့ ဆိုတာ . . .မြက်ပင် တွေ ရှည်လာတာကို ထိုင် စောင့်ကြည့်လို့ မရဘူး လို့ ပြောတတ်ကြသည်။ ဒါပေမဲ့ ၊ မြန်မာပြည်မှာ စစ်ပြီးခေတ်က စလို့ ၊ ဆိုရှယ်လစ်ခေတ် ၊ စစ်အုပ်ချုပ်ရေးခေတ် ၊ ဘယ်ခေတ်နဲ့ မှ မတူအောင် ၊ ကနေ့ ခေတ် ဒီမိုကရေစီ အကူးအပြောင်းဆိုတဲ့ ကာလ ကြီးမှာ ၊ လူတန်းစားကွာဟမူ က ၊ အဆိုးဆုံး အခြေအနေကို ထိုးဆင်း လာနေသည်။ ဆင်းရဲတဲ့ သူတွေက ပို-ပို ဆင်းရဲ လာသလို ၊ ချမ်းသာတဲ့ လူတွေက ပို-ပို ချမ်းသာလာသည်။ ကျူးကျော် တို့ စက်မူဇုန် တို့လို လူတန်းစားတွေ တိုးပွားလာသလို ၊ ခရိုနီ တို့ ၊ အော်လီဂါ့ခ်ျ တို့ ဆိုတဲ့ လူအုပ်စု တမျိုးလည်း လျင်လျင်မြန်မြန် ပေါက်ဖွားလာနေသည်။ IMF ကတော့ မြန်မာပြည်ရဲ့ ဖွံဖြိုးတိုးတက်မူက ၊ မယုံနိုင်လောက်အောင် အလားအလာ ကောင်းနေပြီး ၊ ဂျီဒီပီ ၇.၅ ဟာ မကြာခင်မှာ တရုတ်ကိုတောင် ကျော်သွားဦးမည် လို့ ခန့်မှန်းနေလေသည်။ ဆိုတော့ ၊ အဲဒီ ဂျီဒီပီ က..ဘယ်သူတွေ ရဲ့ ဖွံ့ ဖြိုးတိုးတက်မူ ဖြစ်မလဲ။ အဲဒါကြောင့်ပင် ၊ ကမ္ဘာ့ဘဏ်မှာ ဥက္ကဌ လုပ်ခဲ့ဘူးတဲ့ စတစ်ဂလဇ် က ၊ GDP ဆိုတဲ့ ၊ အာပလာ အညွန်းကိန်းကြီးကို မယုံကြည်ကြဖို့ ၊ သူ့စာအုပ်မှာ ပြတ်ပြတ်သားသား ပြောထားခြင်း ဖြစ်မည်။
သူထောက်ပြ တဲ့ နောက်တချက်ကတော့ ၊ ၉၉ ရာနှုံးသော ပြည်သူ တွေ၊ အများဆုံး ခါးစီးခံရတာက လုပ်အား ဈေးကွက် နဲ့ အိုးအိမ် ပြသာနာ လို့ ဆိုတယ်။ တနည်းပြောရရင်တော့ နေရေး နဲ့ စားရေးပေါ့ ။ သူကတော့ အမေရိက ရဲ့ Mortgage အိမ်ပေါင်အရစ်ကျ စနစ် ထဲမှာ ၊ တသက်စာ ကြိုတင်ချေးငွေတွေနဲ့ ရှိစုမဲ့စု တွေ ပုံအောပြီး ၊ အနာဂါတ်ကို အလောင်းအစားလုပ်နေ ရတဲ့ လူလတ်တန်းစားတွေ ကို ဦးတည် ပြောသွားသည်။ အာမခံချက် မရှိ ၊ အတက်အကျဖြစ်နေတဲ့ လုပ်အားဈေးကွက်ထဲမှာ တခါတလေ သူတို့ရဲ့ မပိုင်ဝက်မွေး အိမ်တွေကနေ..ခရုအဆံကျွတ်ဖြစ်ချင်လည်း ဖြစ်သွားနိုင်သည်။ မြန်မာပြည်မှာလည်း ၊ တန်ဖိုးနည်းအိမ်ယာ ဆိုတဲ့ ဈေးကွက်တခုကို ၊ ပုဂ္ဂလိကလုပ်ငန်းရှင် တချို့လက်ထဲ မျက်နှာလွှဲ ခဲပြစ် လုပ်ပိုင်ခွင့်တွေ ပေးနေပြီ။ နေရေးထက် စားရေးက ပိုခက်ခဲ နေတဲ့ မြန်မာ ၉၉ ရာနှုံးတွေကတော့ ၊ တန်ဖိုးနည်း အိမ်ယာဆိုတာ ကိုပင် အိပ်မက် မမက်နိုင်ပဲ ၊ ကြုံရာကျဖမ်း၊ လက်လုပ်လက်စား၊ ကျူးကျော် ဆိုတဲ့ နာမပုဒ် တွေ နဲ့ ၊ အမှိုက် ဒိုက်သရောတွေလို ၊ ဆိုက်ချင်တဲ့ ကမ်း ဆိုက်နေရတော့သည်။
စာအုပ်ရဲ့ နောက်ဆုံးမှာတော့ စတစ်ဂလဇ် က၊ လူမူစီးပွား မညီမျှမူကြီးကြောင့် ဖြစ်နေတဲ့ ဆင်းရဲမွဲတွေမူ ကပ်ရောဂါဆိုးကြီးဟာ ၊ ကုသ ပျောက်ကင်းဖို့ မျှော်လင့်ချက် ရော ရှိပါရဲ့လား လို့ မေးခွန်းထုတ် နိဂုံးချုပ် လိုက်သည်။ သူပြောတာက ၊ ၁ ရာနှုံး နဲက ၉ ၉ ရာနှုံးကို ၊ အတင်းပေါင်းပြီး ပျှမ်းမျှ ပြန်ချ ဖို့ မဟုတ်။ ဒါပေမဲ့ ၁ နဲ့ ၉ ၉ အကြားက အကွာအဝေးကြီးကို ၊ သဘာဝ တရားတခုလို ၊ ဒီအတိုင်း လက်ခံထားဖို့ လည်း မဖြစ်နိုင် ။ ၁ ရာနှုံးတွေရဲ့ ချမ်းသာကြွယ်ဝ မူတွေ ဟာ ၊ ၉၉ ရာနှုံးတွေရဲ့ ဆင်းရဲ ချို့တဲ့မူတွေ နဲ့ ၊ တိုက်ရိုက် ချိတ်တွယ် ဆက်စပ်နေတယ် ဆိုတာကိုလည်း၊ ကျယ်ကျယ်လောင်လောင်ကြီး ၊ သတိပေး ထားလေသည်။
The Price of Inequality ကို ၊ ဟို-ဒီ ကျော်ပေါက် ဖတ်ပြီးသွားတော့ ၊ လက်ဝါးပေါ်က kindle စာဖတ်ကိရိယာလေးကို အံ့သြစရာတခုလို ငေးပြီး ကြည့်နေမိတယ်။ ၊ သိမှတ်စရာ တွေးတောစရာ တွေ အပြည့်နဲ့ လေးထောင့် မျက်နှာပြင်ငယ်လေး ရဲ့ ဘေးမှာ လက်ကလေး ငါးချောင်းကိုပါ ၊တစွန်းတစ မြင်နေရတယ် ။ တကယ်ဆိုတော့ ကျမတို့ ရဲ့ လက်ငါးချောင်းဟာ ၊ တခုနဲ့ တခု မညီဘူး ဆိုပေမဲ့ လို့ ၊ မကွာခြားလှပါဘူး ။ မဝေးကွာ လှပါဘူး။ အရာဝတ္တုတခုခုကို ဟန်ချက်ညီညီ ကိုင်ဆောင်ထားဖို့ လည်း မခက်ခဲပါဘူး။ အဲဒီ အရာဝတ္တု ကို လှမ်းယူနိုင်တဲ့ လက်တံကြီး တွေကသာ ထူးခြား ရှည်လျားလွန်းမနေဘူး ဆိုရင် ၊ လက်ဝါးကြီးတွေက သာ ၊ ဆန်းပြား ပြန့်ကားလွန်းမနေဘူး ဆိုရင် ပေါ့လေ။ ဘာရယ်လည်း မဟုတ် ၊ စာကိုင်ဖတ်လို့ ညောင်းနေတဲ့ လက်ငါးချောင်းကို အသာ အယာ ကွေးချည် ဆန့်ချည် လုပ်ရင်း စတစ်ဂလဇ်ကြီးတယောက် မြန်မာပြည်ကို တတိယအကြိမ်မှ ရောက်လာပါတော့မလား လို့ ၊ ပူပန်နေမိတယ်။
ကေသွယ်
၂၅ ဧပြီ ၂၀၁၄
စာညွန်း - Joseph E.Stiglitz (2012). The Price of Inequality .
စာကိုး - DVB. Joseph E.Stigliz: Talk of Poverty isn't Taboo. 15 Feb 2012.
Weekly Eleven Journal. No.28 Vol.8 April 2014
◦
1 Comment:
တချို့ အရာတွေက လက်လှမ်းဝေးနေပေမယ့် လက်ချောင်းလေးတွေညှိ အသိဥာဏ်အတူဖွင့်ဖြိုးကြဖို့  လူညီရင် မျှော်လင့်လို့ရသလားလို့ ကေ. လက်ချောင်းရှည်သူကတိုသူကို လက်တွဲခေါ်ရင် တွေးခေါ်မြှော်မြင်နိုင်မှုတွေ အားကောင်းလို့  လက်ဝါးကြီးတွေနောက်တော့တွန့် သွားနိုင်မလားလို့ ပါ. အမက ခုထိအဲလို မျှော်လင့်နေမိတုန်း
Post a Comment