တခါတုန်းက ၊ ကားတွေ ဥဒဟို သွားနေတဲ့ စင်ကာပူက အောချဒ် လမ်းမကြီး ပေါ်မှာ ၊ ကျမ ခြေခေါက်ပြီး လဲကျ သွားခဲ့ ဘူးတယ်။ အဲဒီတုန်းက မြန်မာသံရုံးကို သက်တမ်းတိုး အခွန်ဆောင်ဖို့ လာရင်း ၊ ထုံးစံ အတိုင်း မပြီးနိုင် မစီးနိုင် တဲ့၊ စာရွက်စာတမ်းတွေကို မိတ္တူ ဆွဲဖို့ ၊ သံရုံးရှိရာ အတွင်းလမ်းကလေးကနေ ပြန်ထွက်ပြီး ၊ အောချဒ် လမ်းမကြီး တဖက်ခြမ်းမှာ ရှိတဲ့ ဆိုင်တွေ ရှိရာ ကို ဦးတည် စိတ်စောလို့ ။ အလုပ်ကလည်း နေ့တ၀က်ခွင့် နဲ့ လာရတာ ဆိုတော့ ဒီမနက်နဲ့ မှ ကိစ္စ မပြတ်ရင် မနက်ဖြန်တခါ မနက်အစောကြီး ထတန်းစီရအုံးမှာ လို့ စိတ်လည်းမောပေါ့ ။ စိတ်နဲ့ လူနဲ့ ပြန်ကပ်သွား တဲ့ အချိန်မှာတော့ လူက လမ်းမကြီးရဲ့ အလယ်ခေါင် မှာ ဒူးထောက်လျက်သား ။ စာရွက်ဖိုင်က ဘေးနားမှာ ။ ငါတော့ ကားတိုက်လို့ သေရတော့မယ် လို့ စိတ်က တွေးလိုက်တဲ့ အချိန်မှာပဲ ၊ မသိစိတ်တခုက လူကို ကုန်းရုန်းပြီး ထဖို့ ကြိုးစားတယ်။ ကားတချို့ အရှိန်လျော့ သွားတယ် ။ လမ်းမ တဖက်ကို ရောက်သွား တော့မှ ထူပူနေတဲ့ လူက တဒုတ်ဒုတ် ခုန်နေတဲ့ နှလုံးကို စာရွက်ဖိုင်ကြီး နဲ့ ဖိရင်း ၊ လမ်းမကြီးကို ပြန်လှည့် ကြည့်မိတော့ ဟိုးရှေ့ဖက် ခပ်လှမ်းလှမ်းမှာ ၊ လမ်းကူးတဲ့ မျဉ်းကျား မီးပြတိုင် ကလေးတခု ရှိနေတာကို မြင်လိုက်ရတယ်။ ကံသီပေ လို့ သာပေါ့ ။
တကယ်တော့ ၊ အဲဒီ မျဉ်းကျားမီးပြတိုင် ကလေး တွေ နဲ့ ပတ်သက်ရင် ၊ ကျမ တို့ မှာ ပြုံးပျော်စရာ အကြောင်းလေးတွေ ရှိခဲ့တယ်။ အခုထိ လည်း အဲဒီ မျဉ်းကျားမီးတိုင်လေး တွေမှာ ရပ်ပြီး လမ်းဖြတ်ကူးဖို့ လုပ်တိုင်း ပြုံးမိနေတုန်းပါပဲ ။ ‘ကျမတို့ ’ လို့ ဆိုရတာက ၊ အဲဒီတုန်းက ၊ ဘန်ကောက်မှာ ဘွဲ့လွန်အထူးပြု သင်ခွင့် ရတဲ့ မြန်မာကျောင်းသား အုပ်စုလေးမှာ ကျမ အပါအ၀င် ၅ ယောက်ရှိတယ်။ ၁၉၉၈ မှာ ဘန်ကောက် ကို စ ထွက်လာတော့ ၊ မျက်စိ သူငယ် နားသူငယ် နဲ့ မြို့စွန်မှာ သီးခြားဖြစ်နေတဲ့ တက္ကသိုလ် ကျောင်းဝင်းကြီး ထဲကနေ မြို့ထဲကို မသွားရဲ မသွားတတ် ဖြစ်နေတဲ့ မိန်းကလေး ၄ ယောက်ဟာ ၊ အဖွဲ့ခေါင်းဆောင်လို ဖြစ်နေတဲ့ အင်ဂျင်နီယာ အကိုကြီးကို အမြဲ ဆရာတင်ကြတယ်။ ရီစရာ ပြော တတ်တဲ့ အကိုကြီးက ငါ့မှာ Transportation Engineering လာသင်ပါတယ် နင်တို့ ထရန်စပိုတေးရှင်း ကို အရင်ဖြေရှင်းနေရတယ် လို့ ပြောင်နောက်ရင်း ၊ ပသုံဌါနီ ကို ရောက်လားလို့ မေးပြီး ကြိုက်တဲ့ ကားသာ တက်စီး ၊ အရေးကြီးတာ လမ်းမကြီးတွေကို ကူးရင် အောက်က ဘယ်တော့မှ မကူးနဲ့ flyover တွေ့အောင်ရှာကူး လို့ သေချာ မှာတယ်။ ကားတွေ ပိတ်ကျပ်နေတတ်သလို ကားဆက်မပြတ် တ၀ီးဝီး ဖြစ်နေတတ်တဲ့ ဘန်ကောက် လမ်းမကြီးတွေမှာ ၊ လမ်းသွားလမ်းလာ တွေ အတွက် ၊ flyover လို့ ခေါ်တဲ့ လူကူးဂုံးတံတားတွေက နေရာတိုင်းမှာ ရှိတတ်တယ်လေ။
အဲဒီ ကျမတို့ ၅ ယောက် အုပ်စု ကြီးက ၊ ဘွဲ့တွေ အသီးသီး ရလို့ ၊ စင်ကာပူ ကို အလုပ်လာရှာ ကြတော့လည်း အတူတူ တတွဲတွဲ ။ စင်ကာပူ စရောက်တော့ ၊ လူကူးမျဉ်းကျားတွေမှာ လူတွေက မီးပြတိုင်လေးတွေ ရဲ့ ခါးလယ်ကို နှိပ်နှိပ် ပြီး လမ်းကူးကြတာကို ခပ်လှမ်းလှမ်းက မြင်တော့ ၊ ထုံးစံအတိုင်း ကျမတို့ ရဲ့ ထရန်စပိုတေးရှင်း ဆရာကြီးကို အဲဒါဘာလုပ်တာလဲဟင် - လို့ မေးကြပြန်ရော ။ အဲဒီမှာ ခလုတ်ကလေး ရှိတယ် လမ်းဖြတ်တော့မယ်ဆိုရင် ခလုတ်ကလေးကိုနှိပ်ပြီး we will cross the road လို့ ပြောရတယ် . . . ဆိုပြီး ၊ ခပ်တည်တည် နဲ့ မီးတိုင်နားကိုကပ် ပါးစပ်က ပွစိ ပွစိ လုပ် ပြီး ခလုတ်ကို ထပ်ကာထပ်ကာ နှိပ်ပြတော့ ၊ ကျမတို့တွေ မှာ ၊ ရီလိုက်ရတာ ။ တယောက်ပြီး တယောက် ခလုတ်လေးကို နှိပ် ၊ပါးစပ်ကလည်း တယောက်တမျိုး ပြောချင်ရာ ပြောကြရင်း စင်ကာပူရဲ့ ပထမဆုံး လူကူးမျဉ်းကျားတခု ကို စိတ်လက် ပေါ့ပါး ပျော်ရွှင် စွာနဲ့ ကူးဖြတ်ခဲ့ကြဘူးတယ်။ ဒါနဲ့တောင် ကျမက we will cross the road ကို သတိမရ လိုက် လို့ လမ်းလယ်ခေါင် မှာ ၊ အန္တရယ် နီးခဲ့ရသေးတာ။
အဲဒီလို . . . ဘယ်နိုင်ငံကို ရောက်ရောက် လူကိုယ်တိုင် ခလုတ်နှိပ်ပြီး လမ်းကူးရတဲ့ မျဉ်းကျား မီးပြတိုင် ကလေး တွေကိုမြင်တိုင်း we will cross the road ကို စိတ်ထဲကအမှတ်ရ ပြုံးပြီးမှ လမ်းကူး ရတဲ့ ကျမဟာ ၊ ကို်ယ့် တိုင်းပြည် ပြန်ရောက်ပြီ ဆိုရင်တော့ အပြုံးတွေ လုံးလုံး ပျောက်ရတော့တာပဲ ။ မြို့လယ်ခေါင် ဗိုလ်ချုပ်ဈေး လို လူသွားလူလာ များတဲ့ နေရာမျိုး မှာတောင် လမ်းကူးရ ဖို့ သက်တောင့် သက်သာ မရှိလှ ။ ခလုတ် မပါတဲ့ မီးပြတိုင်ကလေးက စိမ်းချင်ကာမှ စိမ်းရော ကားတွေကလည်း လူကို ဦးစားပေးချင်မှ ပေးတာ လေ ။ အဲဒီနေရာလေး မှာပဲ ကျမတို့ ဆရာ တယောက် လမ်းဖြတ်ကူးရင်း ကားတိုက်ခံခဲ့ ရ ဘူးတော့ ၊ လမ်းကူးခါနီးတိုင်း FMI centre ကြီးဖက်ကို လှမ်းကြည့်ရင်း ၊ ဆရာ့ကို သာ သတိရနေမိတတ်သည်။ FMI ထဲမှာ ဆိုင်ဖွင့်ထားတဲ့ ဆရာက ညနေ အပြန်၊ မီးစိမ်းနေတုန်း လမ်းဖြတ်အကူး မှာ ၊ လူကြီး လမ်းကြောင်း မောင်းလာတာကြောင့် လမ်းလည်ခေါင်မှာတင် မီးက ရုတ်တရက် ပြန်နီသွားပြီး ၊ ဘာအမူမှ မဖြစ် ဘာလျော်ကြေးမှ မရပဲ ဆရာ အသက်ဆုံးခဲ့ရတယ်။ ကျမကတော့ တတ်နိုင်ရင် ဈေးတဖက်ခြမ်းမှာ ရှိတဲ့ ရှားရှားပါးပါး လူကူး ဂုံးတံတားလေးဆီ တကူးတက သွားပြီးမှပဲ လမ်းဖြတ်ဖြစ်တော့တယ်။
ပန်းဆိုးတန်း ဘားလမ်း ဖက် ရောက်ရင်လည်း ၊ လူကူးမျဉ်းကျား က ဖြတ်နေရင်းတောင် ဘာကိုမှန်းမသိ အလိုလို စိုးထိတ် နေတတ်တယ်။ ဟိုတုန်းက ရန်ကုန်မြို့လယ်ခေါင်မှာ လူကူးမျဉ်းကျားမဟုတ်တဲ့ နေရာက လမ်းကူးရင် အကြီးအကျယ် လိုက်ဖမ်းတဲ့ စီမံချက်တွေ ရှိခဲ့တယ်လေ။ တခါသားတော့ ၊ ညီအမ နှစ်ယောက် တက္ကသိုလ်တွေ ပိတ်လို့ နယ်ပြန်ဖို့ ဘူတာကြီးကို အဆင်း ၊ အထုပ်တွေ အပိုးတွေ နဲ့ ပန်းဆိုးတန်း ဂုံးကျော်ကိုဖြတ် ၊ အဲဒီတုန်းက ပပ၀င်း ရုပ်ရှင်ရုံ ရှေ့က အခါတိုင်း ဖြတ်နေကျ မျဉ်းကျား ကို စွတ်ကနဲ အကူး ၊ ကျွိကနဲ ဖမ်းခံထိတော့တာပဲ ။ ဖြစ်ချင်တော့ ဘူတာကြီးဖက် မရောက်ဖြစ်တဲ့ လေး ငါး ခြောက်လ အတွင်းမှာ ၊ မျဉ်းကျားကို နေရာပြောင်း လိုက်သတဲ့လေ။ ဖြစ်ရပုံက ။ အနီးဆုံး ကျောက်တံတား ရဲစခန်း ရောက်တော့ ၊ ခပ်မြန်မြန်ပဲ ဒဏ်ကြေးဆောင် ဆုံးမစကားလည်း နားထောင်လိုက်ရပေမဲ့ ၊ အမြန်ရထားကြီးကတော့ ထွက်သွားခဲ့ပြီ ။
အဲဒီလို နဲ့ ကိုယ့်ပြည် ကိုယ့်မြေ ပြန်ရောက် လို့ ရွှေတိဂုံကို မြင်နေရပါလျက် နဲ့ကို ၊ လမ်းမပေါ် ရောက်ရင် ခြေလှမ်းတွေက မသွက်ချင် စိတ်လက်တွေက မကြည်ချင် ဖြစ်နေတတ်တော့ တယ်။ အခုဆိုရင်တော့ ရွှေတိဂုံကြီး ကိုတောင် လှမ်းမြင်ဖို့ ခက်ခဲ လာ အောင် ၊တရှိန်ထိုး မိုးထိ မြင့်တက်လာတဲ့ ရန်ကုန်မြို့တော်ကြီးမှာ ၊ ခြေလှမ်းမပြောနဲ့ ကားဘီးတွေ တောင် မရွေ့ နိုင် ၊ စိတ်လက်တွေလည်း မရှည်နိုင်ကြတော့ ဘူး မဟုတ်လား ။ အလုပ်ချိန်က ၈ နာရီ နဲ့ လမ်းပေါ်မှာက ၄ နာရီလောက် ဖြစ်နေကြရတဲ့ ငြီးငြူ သံ တွေက နားမဆန့် အောင် လျှံကျ လို့ မှ ၊ စာဖွဲ့ ရလောက်အောင်တောင် မဆန်းပြားတော့တဲ့ ကိစ္စ။
ကားပေါ်က ဆင်းတော့လည်း ၊ ဒီဖက်လမ်းထိပ်ကနေ ဟိုဖက် လမ်းထိပ်ထိ ရောက်ဖို့ ၊ လမ်းဘေး ပလက်ဖောင်းမှာ ၊ ကိုယ့်ခြေထောက်ကိုယ် မနည်းကြည့်ပြီး သွားနေရတဲ့ ပြသာနာ ။ တခါတလေ ပလက်ဖောင်း ဆိုတာကိုတောင် ရှာလို့ မတွေ့ ။ ဒါနဲ့မှ လိုရာ မရောက်သေးလို့ လမ်းဒီဖက် ခြမ်းကနေ ဟိုဖက် ခြမ်းကို ကူးရတော့မယ် ဆိုရင်တော့ ၊ အသက်ကို ဖက်နဲ့ ထုပ် ၊ ၀ဲယာ မျက်စိ တောင်းမှောက် ၊ တလှမ်းခြင်းဖြတ် တဟုန်ထိုးဖြတ် ကွေ့ဝိုက်ဖြတ် ၊ စစ်မြေပြင် တခု ထဲ ရောက်သွားတယ် လို့သာ မှတ်ပေရော့ ။
နေ့တဓူဝ အိမ်နဲ့ အလုပ် ၊ အိမ်နဲ့ ကျောင်း ၊ အိမ်နဲ့ ဈေး ရဲ့ ကြား၊ လမ်းမတွေပေါ်မှာ ၊ လူတွေအတွက် ဘယ်လောက်တောင် စိတ်ဖိစီးမူတွေ များကြရသလဲ ။ အသက်အန္တရယ်တွေ များကြရသလဲ ။
တလောက မိတ်ဆွေတယောက် ရှစ်မိုင်က အသိ တယောက်အိမ် အသွား ၊ လမ်းဆုံ ကျော်ကျော် အကွေ့ တခု မှာ ၊ ဒုန်း ဆို သူ့အနားတင် လူတယောက်ကို ကားတိုက် သွားရောတဲ့ ။ ညက လည်း မှောင်မှောင် ၊ လမ်းမကြီးကလည်း ကျယ် ၊ အနားမှာ လည်း ကွမ်းယာဆိုင်ပဲ ရှိတော့ ၊ ဘာလုပ်ရမှန်းမသိ ဖြစ်နေတုန်း ၊ တိုက်သွားတဲ့ ကားက မရပ် တဲ့ အပြင် ၊ အရှိန်နဲ့ မောင်းလာတဲ့ နောက်ထပ် ကား နှစ်စီး လောက်က တဒုန် ဒုန်း နဲ့ ဆက်တိုက် သွားပြန်သတဲ့လေ ။ ကိုယ်တိုင် မြင်ခဲ့ တွေ့ ခဲ့တဲ့ သူတော့ ဘယ်လောက် တုန်လှုပ် ခဲ့မယ် မသိ ၊ တဆင့် ကြားရတဲ့ ကျမ မှာတော့ ဘာမှ စုပ်သပ် မှတ်ချက် မပေးနိုင်လောက်အောင် ဆွံ့အ လို့ ။ မနေ့ တနေ့က လည်း ၊ သူငယ်ချင်းမ တယောက် ညဖက်ကြီး အကယ်ဒမီ ဆေးရုံက အပြန် ၊ အလုံလမ်း နဲ့ အောက် ကြည့်မြင်တိုင် လမ်းဆုံ မီးပွိုင့် မှာ ၊ ကြုံပြန်သတဲ့ ။ ထုံးစံ အတိုင်း တိုက်တဲ့ ကားက ခပ်တည်တည် နဲ့ မောင်းထွက်သွားပြန်ရော။ ကံကောင်းချင်တော့ အနားမှာ လူတွေ ဆိုင်တွေ ရှိတဲ့ အပြင် ၊ မီးပွိုင့် ဆိုတော့ ကားတွေကလည်း အရှိန်လျော့ ကွေ့ပတ်မောင်းနေတုန်း ၊ သူငယ်ချင်းမ က အနီးဆုံး ရဲစခန်းကို ဖုံးဆက် ၊ အနားမှာ ရှိနေတဲ့ လမ်းတားတဲ့ တုံးကြီးတခု ကိုယ်တိုင် သွားယူပြီး ချထား လိုက်နိုင်သတဲ့ ။
အဲဒီလူတွေဟာ၊ အလုပ်ကအပြန် အိမ်မှာစောင့်နေတဲ့ မိသားစု အတွက် ညစာဝယ်ပြီး စိတ်စော လူမော နေတာလည်း ဖြစ်ချင် ဖြစ်မယ်။ လမ်းထိပ်မှာ ခဏ ဈေးဆင်းဝယ်တဲ့ လူ လည်း ဖြစ်ချင် ဖြစ်မယ် ။ သေချာတာတော့ အန္တရယ်များလှတဲ့ ရန်ကုန်မြို့ ရဲ့ ကားလမ်းမ တွေပေါ်မှာ ၊ သူတို့ အသက်တွေ လက်လွတ်စပယ် ဆုံးရှုံးသွားနိုင်တယ်လို့ တွေးထင်ထားကြမယ်တော့ မဟုတ်ဘူး ။ ကားတွေ များပြားလာသလို လူဦးရေလည်း တိုးပွားနေတဲ့ ရန်ကုန်မြို့ ကြီးမှာ ၊ မတော်တဆမူတွေ ခပ်စိပ်စိပ် ဖြစ်လာနေတာဟာ ၊ ကားတွေ တင်မက လူတွေပါ စည်းကမ်းမရှိ ကြလို့ ဆိုတာလည်း မှန်တာပါပဲ ။ ဒါပေမဲ့ ၊ အကာအကွယ် ပိုမဲ့ တဲ့ သာမန် လူတန်းစား လမ်းသွားလမ်းလာ တွေ အတွက် ၊ ဒီ့ထက် အဆင်ပြေ နိုင်မဲ့ ၊ ဘေးကင်း နိုင်မဲ့ ၊ အစီအမံ လေးတွေ လုပ် မပေးသင့်ပေဘူးလား ။ ကားတွေများလာလို့ လမ်းတွေချဲ့ ဂုံးကျော်တံတား တွေ ဆောက်သလို ၊ လမ်းသွားလမ်းလာတွေ အတွက်ရော လူသွားလမ်းတွေ စနစ်ကျတဲ့ မျဉ်းကျားတွေ လူကူးဂုံးကျော်တွေ များများ လုပ်မပေးသင့် ဘူးလား ။
ခုတော့ ကြားရ နားဝ မသက်သာတဲ့ မြို့ပြ ကျိန်စာတွေဟာ ၊ လမ်းသွားလမ်းလာတွေ ကြောင့်လား ၊ ကားမောင်းသူတွေ ကြောင့်လား . . . ဒါမှမဟုတ် ပြည်သူတွေ စည်းကမ်းမရှိတာကြောင့်ချည်းပဲလား ၊ ပြည်သူတွေကို စီမံမောင်းနှင်နေတဲ့ အစိုးရရဲ့ လမ်းတံတား ပေါ်လစီတွေ ညံ့ဖျင်း နေတာရော မဖြစ်နိုင်လား လိုအပ်နေတာရော မဖြစ်နိုင်ဘူးလား . . .
ကိုယ့်ဖာသာ မဖြေတတ်တဲ့ မေးခွန်းတွေ အတွက် သူငယ်ချင်း ထရန်စပိုတေးရှင်း အင်ဂျင်နီယာ အကိုကြီးကို သတိရသွားမိသည်။ မတွေ့ဖြစ်ကြတော့တဲ့ ဆယ်နှစ်ကျော်ကာလတွေ အတွင်းမှာ ၊ ခုတော့ မြန်မာပြည်မှာ ဆောက်လုပ်ရေး လမ်းတံတား ပစ္စည်းတွေ တင်သွင်းတဲ့ ကုမ္မဏီတခု နဲ့ ၊ ချမ်းသာနေတယ်ဆိုတဲ့ အကိုကြီး တယောက် We will cross the road လို့ သာ၊ ရီရီမောမော ပြော လေအုံးမလား။
ဟုတ်တယ် ။ တကယ်တော့ မြန်မာပြည် ရဲ့ ခရီးကြမ်းကြီးက အဆုံးမသတ်သေးဘူး။ လမ်းမှန် ကမ်းမှန်ကို မရောက်သေးဘူး ။ ကျမတို့ လမ်းဖြတ်ကူး ကြရအုံးမှာ ။
+++++++
ကေသွယ်
၁၄ မေ ၂၀၁၄
1 Comment:
ကူးရဦးမယ့်လမ်းတွေကလည်း တစ်ပုံကြီး... :(
Post a Comment