သပိတ်မှောက်ကျောင်းသား စိုးထွန်း

စိုးထွန်းကား  မျိုးချစ်စိတ် ရှိ၏။ တိုင်းရေး ပြည်ရေး ဆောင်ရွက်လို၏။ သို့သော် ဘီအေ ဆိုသော ဘွဲ့ကလေးကို လိုချင်သေး၏။ တိုင်းရေး ပြည်ရေး လိုက်ရာဍ် ၀မ်းရေးရှာဖို့  ရှေ့နေ လုပ်ရန် ဘီအယ်လ် ကိုလည်း အောင်ချင်သေး၏။  ထို့ကြောင့် သပိတ်လှန်ရန်ကိုပင် လိုလားနေလေ ၏။ 


စိုးထွန်း သပိတ်လှန် ချင်သော အကြောင်းက ၊  ဤမျှလောက် တော့ ကျဉ်းမြောင်းလိမ့်မည် မထင်။ ဘာကြောင့် ပြောနိုင်သနည်း ဆိုရင် စိုးထွန်းဆိုသော သပိတ်မှောက် ကျောင်းသား သည်၊ နောင် ဆယ်နှစ်ခန့် ကြာတဲ့ အချိန်မှာ ၊ ဗိုလ်ချုပ်အောင်ဆန်း အဖြစ်နဲ့ ၊ မြန်မာပြည်ကြီးကို လွတ်လပ်ရေးရ အောင် ၊ ဆောင်ကျဉ်းပေး နိုင် ခဲ့သူ ဖြစ်နေခဲ့ လို့ ပင် ။ 






ဗိုလ်ချုပ်အောင်ဆန်း - ဦးအောင်ဆန်း- မောင်အောင်ဆန်း အား ၊ စိုးထွန်း အဖြစ် ဇာတ်ရုပ်ခြယ်ထားသော ၊ သပိတ်မှောက်ကျောင်းသား ၀တ္တုကို ၊ လူ အတော်များများ ကြားဖူးကြပေမည်။ ဖတ်ဖူးကြပေမည်။ သို့ပေမင့် ၊ စာရေးသူ ဦးသိန်းဖေမြင့် နှင့် ဗိုလ်ချုပ်အောင်ဆန်း ရဲ့  ကြားက ၊ မတူညီလှတဲ့ နိုင်ငံရေး အဆင်အပြင် ( သို့ မဟုတ်) သပိတ်မှောက်ကျောင်းသား ညိုထွန်း နဲ့  ကျောင်းသားသမဂ္ဂ အမူဆောင် စိုးထွန်း တို့ အကြား ရပ်တည်ချက် မသိမသာ ကွဲပြားသွားပုံကို ၊ စိတ်ဝင်တစား တွေးဆ ကြည့် မည့် သူ တော့ သိပ်များလှမည်မထင်။ 


ရှစ်လေးလုံး အရေးတော်ပုံကြီး အပြီးမှာ ၊ သိန်းဖေမြင့် ရဲ့ သပိတ်မှောက်ကျောင်းသား ၀တ္တု ကို လူငယ်တွေ ပြန်ရှာ ဖတ်ကြသည်။ ၁၅ နှစ်သား အရွယ်မှာ ပထမပိုင်းကို ဖတ်လိုက်ရပြီး တခါတည်း စွဲသွားတယ် ဆိုတဲ့ ဖခင်ဖြစ်သူ ရဲ့ ၊  တရိုတသေ သိမ်းထားတဲ့  ပ-ဒု အတွဲလိုက် စာအုပ်ကလေးကို ၁၇ နှစ်အရွယ် ယောင်နန လူငယ် တယောက် အနေနဲ့  သူများတွေ ဖတ်လို့ လိုက်ဖတ် ကြည့်ဘူးသည်။  အခု အသက် ၄၀ ကျော် အရွယ်မှာ   ကျောင်းသား သပိတ် စစ်ကြောင်းတွေ ရန်ကုန်မြို့ကြီး ဆီ ၊ ဦးတည် ချီတက်လာကြတော့  အဲဒီ စာအုပ်ဝါ၀ါ ကျင့်ကျင့်လေး ကိုပဲ ၊  အသက် ၈၀ ကျော် ဖခင်ကြီး ဆီက ပြန်တောင်း ဖတ်မိ ပြန်သည်။ ဒီ စာအုပ်ကို ရေးသား ပြုစု ခဲ့သူ ဦးသိန်းဖေမြင့် သည်ပင် ၊ ဗိုလ်ချုပ်အောင်ဆန်း  နဲ့ အတူ   ရာပြည့်  လောက် ပြီပေါ့ ။


“ဗိုလ်ချုပ်ရာပြည့်ပွဲ” ဆိုတာ အတွက် ဗိုလ်ချုပ်အောင်ဆန်း ဆိုတဲ့ ပုဂ္ဂိုလ်တယောက်ရဲ့  သမိုင်းကြောင်း သမိုင်းကောင်း တွေကို ရှာဖွေ ဖော်ထုပ် ရေးသား နေကြတဲ့ အချိန်မှာ ၊ တိုက်ဆိုင်လှစွာပဲ ၊ သပိတ်မှောက်ကျောင်းသား စိုးထွန်း ကို ပြန်လည် ရှာတွေ့ မိသည်။ ချီးပ ဂုဏ်မြှောက်မူတွေ မပါသေးတဲ့ စိုးထွန်း ရဲ့ ပကတိ အသွင်ကို မြင်ယောင်ကြည့်မိသည် ။သူ့ နဲ့ ခေတ်ပြိုင် သူငယ်ချင်းတွေ ရဲဘော် ရဲဘက်တွေ ရဲ့ ကြားမှာ ၊ သာမန် တက္ကသိုလ်ကျောင်းသားလေး တယောက်အဖြစ် ယှဉ်ထိုး ချင့်တွက် ကြည့်မိသည်။ 


ဝတ္တု ဆိုပေမဲ့လို့ ၊ သမိုင်းမှတ်တမ်း တခုလောက် နီးပါး ၊ ခိုင်ခံ့ လှတဲ့ စာကြောင်းတွေ ကြားထဲမှာ ၊ စိုးထွန်း ဆိုတဲ့ နာမယ် ကို ၊ စိတ်ဝင်တစား လိုက် ရေတွက်မိတော့ ၊  စုစုပေါင်းမှ ဆယ်နေရာ ထက် မပို ။ 


စိုးထွန်းဆိုသော ကျောင်းသားကို ပထမဆုံး တွေ့လိုက်မိသည်က ၊ ပုဂံကျောင်းဆောင် သဟာယ နဲ့စာဖတ် အသင်း ရဲ့ ဥက္ကဌ ရွေးပွဲ မှာ ဖြစ်သည်။ ပိုးလုံချည် သုံးပင်ရစ် ကို ရော့ရီးရီး စီးလို့ ၊ စွပ်ကျပ် နဲ့  အပေါ်အကျီ င်္သာ ၀တ်ထားတဲ့ စိုးထွန်း ဟာ ၊ ကိုလှဖေ ကို ဥက္ကဌ အဆိုသွင်းဖို့ ၊ အတိုက်အခံ ပြောဆို နေလေသည်။ မဲခွဲကြတော့ ကိုလှဖေ ပင် ဥက္ကဌ ဖြစ်လာသည်။  ပွဲအသိမ်းမှာတော့    အဆောင်မှူး တားမြစ်နေတဲ့ ကြားကပင် ၊ “ နောင်ဥဒါန်း ဘယ်မကြေစရာ . . ရာဇ၀င်မှာဖြင့် စာအထင်အရှား . . .”  လို့  စိုးထွန်းက စ’ တိုင်လိုက်တော့ “ ဒါ.. တို့ဗမာ ” လို့ အားလုံးက လိုက်ဆိုကြသည်။  အဲဒီလို နဲ့ ၊ စိုးထွန်းတယောက် အမူဆောင် ကျောင်းသား  ဖြစ်လာလေသည်။ ဥက္ကဌ ကိုလှဖေ နဲ့  တတွဲတွဲ ဖြစ်လာသည်။ ညိုထွန်း တို့ ညိုမြ   တို့ နဲ့ လည်း အဖွဲ့ ကျ လာသည် ။ တင်မောင် တို့ ကိုမြ တို့ လို သမဂ္ဂ အမူဆောင် တွေ နဲ့ ပါ ရင်းနှီး စုဝေး လာကြ ရင်း တိုင်းပြည် အနာဂါတ် အတွက်  လေးနက် သထက် လေးနက် လာကြ တော့ သည်။ 


နောက်တော့ ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂထုတ် အိုးဝေ မဂ္ဂဇင်း ရဲ့ အယ်ဒီတာ တယောက် အဖြစ် နဲ့ ၊ သမိုင်းစာမျက်နှာထဲ ကို တန်းတန်းမတ်မတ်ကြီး ခုန်ဆင်း လာခဲ့ တော့သည်။ ရယ်သံ တဟီဟီ နဲ့  အပေါင်းအသင်းတွေက ချစ်ကြ နိုင် စား ကြတဲ့  ညိုမြ ရဲ့  လက်စောင်း ထက်ထက် ဆောင်းပါး တပုဒ်ကြောင့်  အယ်ဒီတာ စိုးထွန်း ကျောင်းထုတ် ခံ ရတဲ့ အချိန်မှာ   သမဂ္ဂ ဥက္ကဌ ကြီး ကိုနု က လည်း သူ့ရဲ့ ဘီအေ ဘွဲ့ ကို ပြန်အပ် ဖို့  ဆိုတာတွေ အကြောင်းစုံ လာသည်။ လိပ်ခဲ တည်းလည်း ဖြစ်နေတဲ့ အခြေအနေ မှာ ပဲ ၊ သူတို့ အားလုံး စာမေးပွဲ မဖြေ သပိတ်မှောက် ဖို့ ဆုံးဖြတ်ချက် ချ လိုက်ကြတော့သည်။ သပိတ်မှောက် ကျောင်းသား များ သမိုင်းကို ရေးကြပြီ။ လွတ်လပ်ရေး အတွက် စတင် ကြတော့ပြီ ။


သပိတ်စ မှောက်ပြီ ဆိုကတည်းက စိုးထွန်းကို စာလုံးတွေ ကြားထဲမှာ ၊ မျက်ခြေမပြတ် လိုက်ကြည့်မိသည်။ ဘွိုင်ကောက်တာ ကောင်စီ မှာ ကျောင်းသား ကိုယ်စားလှယ်တွေ အပြင် သမဂ္ဂ အလုပ်အမူဆောင် အဖွဲ့ ကိုပါ ထဲ့ ဖို့  ၊ အားမာန်ပါပါ ၀င်ရောက် ဆွေးနွေး ခဲ့ ပြီး ၊  အဲဒီနောက်ပိုင်းတော့ ၊ စိုးထွန်းကို သိပ်မတွေ့ ရ  ပြန် ။ ကိုမြ ၊ ကျော်သိန်း ၊ လှဖေ ၊ တင်မောင် ၊ တို့ ၊ စကားတွေ အများကြီး ပြောကြ ငြင်းကြ ခုံကြ ပေမဲ့ ၊ စိုးထွန်း သိပ်မပါ ။ ညိုထွန်း နဲ့ နောက်ပိုင်း အတွဲ များလာတဲ့ ဖေခင် သည်ပင် ၊ စိုးထွန်း ထက် ပို ဗျာများနေ ဟန်။ ခေါင်းဆောင်ပိုင်းတွေ ဖြစ်တဲ့ ကိုနု တို့ ဘနားဂျီး တို့ နားမှာလည်း စိုးထွန်းကို သိပ်မတွေ့ မိ ။ ဘာပဲဖြစ်ဖြစ် တချက် တချက် စာရေးသူ သရုပ်ဖော် လိုက်တဲ့ စိုးထွန်း ရဲ့  ဟန်ပန် သရုပ်ကတော့ ၊ အားပါမြဲ ။ 


ရွှေတိဂုံ ဘုရားပေါ်မှာ ၊ သပိတ်စခန်း ဖွင့်ထားတဲ့ ကျောင်းသားသပိတ် က ၊ သုံးလ ကျော် လေးလ ထဲ ၀င်လာလို့ ၊ အိမ် ခဏ ပြန်ကြတဲ့ သပိတ်မှောက် ကျောင်းသူတွေပင် ၊ ပြန်လာကြပြီ ။ အာဏာပိုင်တွေက ဖက်ကလည်း ၊ သပိတ်လှန် ဖို့  ညှိုနှိုင်း အပေးအယူ လုပ်လာကြပြီ။ ကိုနု တို့  ဘနားဂျီး တို့ စိုးထွန်း တို့ က ၊ သပိတ်လှန်လို ပြီ။ ဘွဲ့ ရလု ရခင် ဖြစ်နေ ပြီ ဖြစ်တဲ့ ကိုမြ လည်း ၊ သူ့ ရည်မှန်းချက်တွေ အတွက် ကျောင်းပြန် တက်ချင်ပြီ။ သို့ပေမဲ့ ၊ လှဖေ ၊ ဖေခင် နဲ့ ညိုထွန်း တို့က ၊ မလှန်ရေးချ မလှန် ။ ကျော်သိန်းကတော့ ဟိုဖက်လိုလို ဒီဖက်လိုလို ။ တင်မောင်က လည်း ဝေခွဲ မရ ။ ဒီနေရာမှာ ၊ ညိုထွန်း ကောက်ချက်ချ သလို ၊ စိုးထွန်း သပိတ်လှန် ချင်တာ ၊ ဘီအေ အောင်ဖို့ ၊ ဘီအယ် ဆက်တက်ဖို့ အတွက် သက်သက်လား ။


ကျုပ်လည်း မှောက်ချင်တာပါပဲ ၊ ဘယ်သူ ကျုပ်တို့ ထက် စိတ်ပါအုံးမလဲ ၊ ဒါပေမဲ့ ခု အားနည်းတော့ မဖြစ်ဘူး ၊ ကျုပ်တို့ ခု မလှန်ရင် ဘယ်လောက် အကျိုးပျက်သွားမလဲ ၊ ဘယ်လောက် နစ်နာပြီး ၊ နောင် ဗမာပြည်ကို အကျိုး မဆောင်နိုင်ဘဲ  ရှိမှာဘဲ …. ဆိုတဲ့ စိုးထွန်း ရဲ့ ချေပ သံ ထဲမှာ ၊ လွတ်လပ်ရေး အတွက် တိုက်ပွဲ ၀င်ဖို့  စစ်ပညာ ရှာဖွေ စစ်အင်အား စုဆောင်းခဲ့တဲ့ ဗိုလ်တေဇ ရဲ့ ၊  အားမန် တွေ ကို မြင်ရသည်။ ဖက်စစ် ဂျပန်ကို ပြန် တိုက်ထုတ်ဖို့  အတွက် ၊ အင်္ဂလိပ် နဲ့ ၊ မဟာမိတ် ပြု ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ၊ ဗျူဟာ အချိန်အဆ တွေကို  သဘောပေါက်ရ သည်။ ဗမာပြည် ကြီး ပြန်လည် ထူထောင်ဖို့ အတွက် ၊ လူမှန် နေရာမှန် ခွဲခန့် စီမံ နိုင် ခဲ့တဲ့ ၊ ဦးအောင်ဆန်း ရဲ့ အလိမ္မာကို လှစ်ဟ ပြနေလေသည်။ 


တကယ်တော့ ၊ ၁၉ ၃၆ ခု ကျောင်းသားသပိတ် အလွန် တနှစ် ကျော် လောက် အကြာမှာ ရေးသား ဖြန့် ချီ ခဲ့ တဲ့ ၊ သပိတ်မှောက်ကျောင်းသား စာအုပ်ထဲ မှာ ၊ စိုးထွန်း ရဲ့ အခန်းကဏ္ဍ သည်  ကိုနု တို့ ဘနာဂျီ တို့လောက် အရေးမပါလှ ။ ကိုမြ ၊ လှဖေ တို့  ကျော်သိန်း တို့ ထက် လည်း ပိုပြီး မထူးခြားခဲ့ ။ ညိုထွန်း ၊ ဖေခင် တို့ နဲ့ ဆိုလျှင် ကွဲပင် ကွဲပြားနေခဲ့ သေးသည် ။ သို့ပေမဲ့ ၊ နောင် ဆယ်နှစ် လောက် အတွင်းမှာ ၊ အဲဒီ သူငယ်ချင်း တွေပဲ ဖြစ်တဲ့  ဦးနု ၊ ဦးရာရှစ် ၊ ဦးကျော်ညိမ်း ၊ တို့ လို နိုင်ငံရေးသမား ကြီးတွေ ထက် လူချစ် လူခင် ပိုများ . . . ဦးဖေခင် ၊ ဦးအုန်း ၊ ဦးသီဟန် တို့ လို ၊ နိုင်ငံ့ ဂုဏ်ဆောင် အဆင့်မြင့် အရာရှိ ကြီးတွေထက် ပို ပေါက်မြောက် . . . ဦးသိန်းဖေမြင့် ၊ ဦးညိုမြ တို့လို စာရေးဆရာ သတင်းစာဆရာကြီးတွေ ထက် ပို ရှေ့ရောက် . . . ဗိုလ်လက်ျာ တို့လို  ရဲဘော် သုံးကျိပ်ဝင်တွေ ရဲ့ ခေါင်းဆောင်  တယောက် ဘာကြောင့် ဖြစ်ခဲ့ ရသလဲ ။ 


ဗိုလ်ချုပ်အောင်ဆန်း လို့  ကျမ တို့ အားလုံး ၊ အားရ ပါးရ အမည်တပ်ခေါ်ကြတဲ့  ထိုပုဂ္ဂိုလ်ဟာ ကြမ်းတမ်းတယ် ၊ အကြံကြီးတယ်၊ သူပုန်စိတ် ရှိတယ် လို့ သူကိုယ်တိုင် ၀န်ခံ ရေးသားခဲ့သည်။ လွတ်လပ်မူ အတွက် ပုန်ကန်လိုတဲ့ ၊ သူ တယောက် ဟာ ၊ လက်နက် စစ်အင်အားကို အားပြုရသည်။  ဗမာ့ ကာကွယ်ရေး တပ်မတော်မှာ စစ်ဦးစီးချုပ်ကြီး ဖြစ်လာတဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ၊ လူတွေ ဘာလို့ အားကိုး ချစ်ခင်ကြတာလဲ ။ စစ်ဝတ်စုံ ၀တ် ၊ ဓါးလွယ်ချိတ်နဲ့  မြင်းကြီး စီး ပြီး  လွတ်လပ်ရေး ကို ကြံဆောင် တိုက်ယူနိုင်ခဲ့ခြင်း က အကြောင်းရင်းခံ ဖြစ်နေမလား လို့ ကျမ သံသယ ၀င်မိသည် ။ စစ်ဝတ်စုံ ကို ချွတ်ပြီး ၊ တောင်ရှည် ခေါင်းပေါင်း နဲ့ ပါလီမန် ထဲ ၀င်ခဲ့တဲ့ ဦးအောင်ဆန်း ကို ရော ၊ နိုင်ငံ တနံ တလျားက တိုင်းရင်းသား လူမျိုးစု တွေက ၊ ယုံယုံကြည်ကြည် သစ္စာနှင်း ခဲ့တာပဲ မဟုတ်လား ။ ဒါပေမဲ့ ကံ အကြောင်းမလှ စွာပဲ ၊ သူဟာ ၊ နိုင်ငံရေး သမား ဦးအောင်ဆန်း ရဲ့ တာဝန်တွေကို ပြီးပြတ်အောင် မဆောင်ရွက် သွားနိုင်ခဲ့ ပေ ။ လက်ရုံးရည် တိုက်ပွဲ ကို ၊ ဖော်ဆောင် နိုင်ခဲ့ပေမဲ့ ၊ နှလုံးရည် တိုက်ပွဲ ကိုတော့ ၊ နောင်မျိုးဆက် တွေ အတွက် ၊ ချန်ထားရစ် ရ တော့ ပြီ။ 


သူ့ ခေတ် သူ့ အခြေအနေ အရ ၊ ကျမ တို့  နိုင်ငံရဲ့ သမိုင်းဟာ ၊ တခြား နိုင်ငံတွေနဲ့ မရိုးမစွဲ စွာပဲ ၊   စစ်သူကြီး တွေ ၊ လွှမ်းမိုးခဲ့ ကြ သည်။ တိုင်းပြည် တနံ တလျားက ၊ ဓါးလွတ်ကိုင် မြင်းစီး သူရဲကောင်း ရုပ်ထု ကြီးများကို ၊ ကျမ တို့  လေးစား တန်ဖိုးထားပါသည်။ သို့သော်လည်း ၊ ရှေ့ တဲ့တဲ့က ခေတ်တခေတ်မှာတော့ ၊  အနုပညာရှင် တွေ ၊ စာပေ ပညာရှင်တွေ ၊ နိုင်ငံရေး ခေါင်းဆောင်ကြီး တွေ ၊ ပညာရှင်ကြီးတွေ ရဲ့ ၊ ရုပ်တု ကြီးတွေ ကိုလည်း ပေါပေါများများ မြင်လို လှပါသည်။ 


ဆိုတော့ . . . နှစ်တရာ ပြည့် ခဲ့ ပြီ ဖြစ်တဲ့ ဒီနေ့ ဒီ အချိန်မှာ ၊ ကျောင်းသား သမဂ္ဂခေါင်းဆောင် ကိုအောင်ဆန်း ရဲ့  ရုပ်ထု လေး တရုပ် တလေ များ ၊ ဘယ်မြို့ ဘယ်ဒေသ ၊ ဘယ် ပရ၀ုဏ် မှာ ထုဆစ် တည်ဆောက် နိုင်ကြပြီလဲ လို့ ၊ လိုက်လံ ရှာဖွေ မိသည်။ ဘာပဲ ပြောပြော သပိတ်မှောက် ကျောင်းသား စိုးထွန်း ရဲ့ ၊ ၀ိညဉ် ဟာ ၊   နေရာ အတော်များများ မှာ အရိပ်ထိုး  နေတာ ကို တော့  မြင်နေ သိနေရလေ သည်။


မကေသွယ်
၂၅ ဖေဖော်ဝါရီ ၂၀၁၅


ရာပြည့် စာမူ မိုးမခ အတွက်ရေးသား ။



(မှတ်ချက်-  သပိတ်မှောက် ကျောင်းသား ၀တ္တုမှာ ပါဝင်တဲ့  ဇတ်ကောင် အများစုဟာ တကယ့် ပြင်ပ မှာ ပါဝင် ပတ်သတ်ခဲ့တဲ့ ကျောင်းသား တွေကို ၊ ကိုယ်စားပြုတယ် လို့  ယုံကြည်လက်ခံ ထားကြတဲ့  အထဲမှာ ၊ စိုးထွန်း ဟာ ဦးအောင်ဆန်း ၊  ကိုန ဟာ ဦးနု ။ ညိုမြ ဟာ စာရေးဆရာ ညိုမြ ၊ လှဖေ ဟာ ဗိုလ်လက်ျာ ၊ ဖေခင် သည် သံအမတ်ကြီး ဦးဖေခင် ၊ ကိုမြ သည် သံအမတ်ကြီး ဦးအုန်း ၊ သီဟန် သည် သံအမတ်ကြီး ဦးသီဟန် ကျော်သိန်း သည် ၀န်ကြီး ဦးကျော်ငြိမ်း ၊ ဘနားဂျီး သည် ဗမာပြည်ကွန်မြူနစ်ပါတီ ဥက္ကဌ မစ္စတာရာရှစ် စသဖြင့် ၊ ယူဆ မှတ်ယူ ရေးသား ပါတယ်။ အဓိက ဇတ်ဆောင် ညိုထွန်း ကိုတော့ စာရေးသူ ဦးသိန်းဖေမြင့် ကိုယ်တိုင် လို့  သေချာ နိုင်ပေမဲ့  သပိတ်မှောက်တဲ့ အချိန်မှာ ဦးသိန်းဖေမြင့် မရှိတာကြောင့် ၊ ညိုထွန်းဟာ ဦးသီဟန် လည်း ဖြစ်တယ် ဆိုတဲ့ အယူအဆ လည်း ရှိပါတယ်။ တင်မောင် ကိုတော့ ဒေါက်တာ သာလှ ဟု ထင်မြင်မိသော်လည်း မသေချာပေ )

ဆက်စပ်ဖတ်ရန်-   သပိတ်မှောက် ကျောင်းသားများ


Share/Bookmark

အတိတ်ကို ပြန်တွေးလို့ ရာဇ၀င်သာ အသစ်ပြင်ရေး







ကောင်းကင်ကြီးက ကြည်ကြည် ။ အလံတွေက နီနီ ။ ပြည်သူတွေက ညီညီ ။ မိန့်ခွန်းတွေက တည်တည် ။ ဗိုလ်စိန်မှန် ကွင်း က နေမှ အောင်ပင်လယ်ကြီးထဲ ထိ စီးမျောလို့ ။ အဲဒီတော့ အတွေးတွေကလည်း စီရရီ ပေါ့ ။

“ မေ လ တို့  ရင့်အိုဟောင်းချိန် . . . ၀သာန်မိုးဦး မုတ်သုန်မြူးပြီ . . . တိမ်ညို မိလ္လာ ရစ်ဝိုင်းကာလေ . . . တထောင့်ကိုးရာ ကိုးဆယ် မေ မှာ . . . တို့ နိုင်ငံ သမိုင်း အသစ်ပြင်ရေးကြမည် . . .”

အခုလိုပဲ မေလ ရဲ့ ရက်တွေမှာ ရွေးကောက်ပွဲ လှုံ့ဆော်တေး တွေ လေထဲမှာ ပျံ့လွင့်နေခဲ့သည်။ ခြေလှမ်းတိုင်းမှာ တက်ကြွမူတွေ ။ ပင်နီဝတ်စုံ တွေပေါ်က  လုံ့လဥသဟ တွေ ။ ခမောက်ကြီးတွေ ရဲ့  ဗျပ်ကျယ်ကျယ် အ၀န်း တလျှောက်  မျှော်လင့်ချက်တွေ ခိုတွဲရင်း. . . ဦးထိပ်ချွန်ချွန် ရဲ့ ပန်းပွားတွေကနေ တဆင့် အောင်စိတ်တွေက ကောင်းကင်ယံကို ထိုးထွက်လို့ ။ သီချင်းလေး ထဲက လိုပဲ  အာဏာရှင်စနစ် ကြီး က ရင့်အိုဟောင်းပြီး ဒီမိုကရေစီ လေညင်းတွေ မြူးနေ ခဲ့တယ်။ ဒါပေမဲ့ တိမ်တောင်သဖွယ် မင်ရေးကျယ် တဲ့ မြန်မာ့နိုင်ငံရေး ရာသီဥတု ကြီးထဲ မှာ ၊ အဲဒီတုန်းက ကျမ တို့တွေရဲ့  နိုင်ငံ့ သမိုင်းကို တကယ်ပဲ အသစ်ပြင်ရေး နိုင်ခဲ့ကြရဲ့ လား ။


အပြောင်းအလဲကို လိုလားနေတဲ့ ပြည်သူတွေ အားလုံးက နိုင်ငံ့ သမိုင်းကို အသစ်ပြင်ရေးကြမယ်ဟေ့ လို့   ကြိုးစားခဲ့ကြ ပေမဲ့ ၊ ရာထူး အာဏာ တွေပေါ်မှာ ယစ်မူးဖက်တွယ် နေတဲ့ စစ်အာဏာရှင်တွေ ရဲ့ တဖက်သက် အကြောင်းပြချက်ကတော့ ၊ အသစ်ပြင်ရေး ထားတဲ့ အခြေခံဥပဒေ တခု မရှိနေသေး - ဆိုပြီး ၊ ၁၉၉၀ ရဲ့  အောင်ပွဲ ရလဒ် ကို အကောက်ကြံ နဲ့ မှောက်လှန် ထားခဲ့လိုက်တာ ကနေ့အထိပဲ ဆိုပါတော့ ။ တကယ်တော့ မြန်မာ့သမိုင်းမှာ … တလအတွင်း အရေးပေါ် အပြီးရေးဆွဲခဲ့တာ ဆိုတဲ့ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကလွဲရင် ၊ တော်လှန်ရေးကောင်စီ အစိုးရ ရဲ့  ၁၉၇၄ ဖွဲ့စည်းပုံ ဆိုတာလည်း ဦးနေ၀င်း အာဏာသိမ်းပြီး ဆယ်နှစ်ကျော် ကြာမှ တရားဝင် အတည်ပြု နိုင်ခဲ့တာလေ။

“ ပြည်သူ့ အစိုးရ တခု ကို ဖော်ထုပ် တည်ထောင်ရန် ဟူသော နားလည်ခံယူချက်ဖြင့် ပြည်သူတို့၏ ဆန္ဒအရ ရွေးကောက်တင်မြှောက် လို်က်သော ပြည်သူ့ ကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းအပ်သည့် ပြည်သူ့ လွှတ်တော်သည် စတင်ခေါ်ယူ စည်းဝေးသည့် အချိန်မှ စ၍ အချုပ်အခြာကို ပိုင်ဆိုင်သည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ မရှိသည် ဖြစ်စေ ၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပြဌါန်း ပြီးသည်အထိ အုပ်ချုပ်ပိုင်ခွင့် ရှိသည် ” 

ဆိုတဲ့  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ အာဘော် သဘောထားကို ၊ ရွေးကောက်ပွဲ အနိုင်ရပြီး နှစ် လ တိတိအကြာ ဇူလိုင် ၂၇ ရက် မှာတော့  သမိုင်းဝင် ဂန္ဓီညီလာခံ ကြီး နဲ့ အတူ လက်တွေ့ အကောင်အထည်ဖော်ခဲ့တော့တယ်။

အဲဒီအချိန်တွေမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ တကွ အဖွဲ့ချုပ် ခေါင်းဆောင် တော်တော်များများကို အကျယ်ချုပ် အကျဉ်းချုပ်တွေ အသီးသီးနဲ့  စစ်တပ်ရဲ့  ဗျုဟာကျကျ လူစုခွဲ နေရာခွဲ  ရပ်တည်ချက်တွေပါ ကွဲပြားအောင် လုပ်ထားပြီးပြီ။   ဒါပေမဲ့ ဂန္ဓီခမ်းမရှေ့ က မိုးရေတွေထဲမှာ   ပြည်သူလူထု ကြီးက
 မျှော်လင့်ချက်တွေ အပြည့်နဲ့ သောင်းသောင်းဖြဖြ ။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ မှာလည်း ၊ ပြည်သူတွေနဲ့ အပြိုင် ဇူလိုင် မိုးသည်းသည်းကို အံတုရင်း  ၀မ်းသာ ၀မ်းနည်း မျက်ရည်တွေ ဖြိုင်လို့ ။ ဒါပေမဲ့ ဂန္ဓီခမ်းမ ရဲ့ အဆင်းမှာပဲ အဖွဲ့ချုပ်ရဲ့  အင်အားတွေ ဦးဆောင်မူတွေ တွဲဆက်မူတွေ ကို ၊  တခုခြင်း တယောက်ခြင်း တရက်ခြင်း စနစ်တကျ ဖြိုခွင်း ခံရလေတော့ပြီ။


အဲဒီကတည်းက ပြည်သူ့ အစိုးရ သာ ဖြစ်ခဲ့မယ်ဆိုရင် ၊ အစိုးရတွေ  လေး- ငါး ဆက် လောက် တောင် ပြောင်းပြီး နေလောက်ပြီ ဖြစ်တဲ့ ၊ ဆယ်စုနှစ် နှစ် ခု နီးပါး  ရှိလာတဲ့ အချိန် မှာတော့ ၊ စစ်တပ်အစိုးရ ပြောတဲ့ လိုအပ်နေတယ်ဆိုတဲ့ ရေးဆွဲနေတယ်ဆိုတဲ့ ၊ တဖက်သက်  အခြေခံဥပဒေ ဆိုတာ ကြီး ရလာခဲ့ပါပြီ တဲ့ ။  နာဂစ်ဥပဒေ ၊ မသာ မီးကွင်းပစ် ဥပဒေ  ၀ိသေသ တွေ အထူးထူး ၊ ၀ိဝါဒ တွေ အထွေထွေ ဖြစ်နေတဲ့ ၊ ဒီ အခြေခံ ဥပဒေ ကြီးကို . . . ကဲ အခု နောက်တခါ အသစ်ပြင်ရေး ကြရအုံးမည် ။


ပုဒ်မ ၄၃၆ ဆိုတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မူ ဆိုင်ရာ ပုဒ်မကြီးကို ပြင်ဆင်ဖို့ ရန် အတွက် ၊ ပြောကြသလိုဆို … စစ်ဘားတိုက် လွှတ်တော်ကြီးရဲ့ မျက်နှာစာ တံခါးကြီးကို ဖွင့်ပစ် နိုင်ဖို့ အတွက်၊   ပြည်သူ့ ဆန္ဒ ထုပ်ဖော်ပွဲ တွေ  လမ်းမတွေပေါ် လျှံကျ လာပြန်ပြီ။ လက်မှတ်ရေးထိုး ဆန္ဒဖော်ထုပ်လွှာတွေ လူတွေကြားထဲ ပျံဝဲ လာပြန် ချေပြီ။ အဲဒီအတိုင်းပါပဲ ။ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်ကျော် ကာလတွေ တုန်းကလည်း ၊ ၁၉၉၀ အထွေအထွေ ရွေးကောက်ပွဲ ကြီးနဲ့ အတူ  ပြည့်သူ့ဆန္ဒဖော်ထုပ်လွှာ တွေ တတိုင်းပြည်လုံး အနှံ့ ၊ လျှံခဲ့ ပျံခဲ့ သည် ပဲ မဟုတ်လား ။


“ခမောက်ရဲ့ ဘေးမှာ ကြက်ခြေခတ်လို့ . . . သမိုင်းဟောင်း အသစ်ပြင်စို့ . . . ဖြောင့်မတ် တည့် မှန်တည်ကြည် ဂုဏ်မချို့ . . . အဖွဲ့ချုပ်သဘောထားမို့  . . . ရည်မှန်းချက် လ၀န်းအိမ်  ဒီနွေမိန် ရွှန်းကြည်လဲ့လို့ . . . ဘ၀ မချို့ အလှ မချို့  အားမာန်မချို့ပါ  . . . ပြည်သူ့ အောင်မြေ သပြေနု ချိန် မို့ . . .”


မဲစာရွက်တွေ ပေါ်က၊  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သင်္ကေတ ခမောက်ပုံ ရဲ့ ဘေးမှာ ကြက်ခြေခတ်နိုင် ဖို့ အတွက် ၊ ကျမ တို့ လူငယ်တွေ တရွာဝင် တရွာထွက် ၊ ဟောပြော စည်းရုံးခဲ့ကြသည်။ မေလ ရဲ့  နွေနေက စူးရဲ လှပေမဲ့  မမောနိုင် ကြ မပမ်းနိုင်ကြ ။ သမိုင်းအဟောင်း တွေကို ဒီတချီတော့ အသစ်ဖြစ်အောင် ပြင်နိုင်ကြတော့မယ်… လို့  လုံးဝ ဧကန် စိတ်ချ မျှော်လင့် လို့ ပေါ့ ။ လ၀န်းအိမ် ကြီး ကလည်း မိုးကောင်းကင် မှာ ကြည်လင် ၀င်းပ အေးမြ လို့ပေါ့ ။


“  ‘စု’ နိုင်မှ ချမ်းသာမည် . . . ‘စု’ နိုင်မှ ကြီးပွားမည် . . . ‘စု’ နိုင်မှ တိုးတက်နိုင်မည်  ယုံယုံကြည်ကြည် စုံစုံညီညီ တို့အားလုံး ယုံကြည် . . ”


သီချင်းလေးတွေ ဆောင်ပုံလေး တွေက ကျမတို့ နှုတ်ဖျား မှာ တရွရွ တဖွဖွ ။ “ ပိတောက်တွေ လှိုင်တဲ့ နှစ်… ခမောက်တွေ နိုင်မဲ့ နှစ်”   ဆိုပြီး ပိတောက်ပန်း တွေကတောင် တခဲနက် အောင် ၀င်းဝါထိန် လို့ ။ “ငု နဲ့  ပိတောက် နွေမှာပြိုင် . . .  စု နဲ့ ခမောက် မေမှာနိုင်” ဆိုတဲ့ အတိုင်း အားလုံးရဲ့ ခေါင်းပေါ်မှာ ခမောက်တွေ နေရာယူခဲ့တဲ့ ၁၉ ၉ ၀ မေ ။

ဒီနှစ်တော့ ငွေရတု အကြို သို့ တိုင်ခဲ့လေပြီ ။  ခေတ်တခေတ် ဒါမှမဟုတ် သမိုင်းအဖြစ်သနစ် တခု ပြောင်းလဲ ထုဆစ်ပုံဖော် နိုင်လောက်အောင် လုံလောက်တဲ့ ၊ နှစ်ဆယ့်လေးနှစ် ဆိုတဲ့  အချိန်ကာလ မှာ၊   လ၀န်းအိမ်ကြီး က ၊ မိုးကောင်းကင်မှာ ရှိနေဆဲပါပဲ ။ ‘စု’ ကလည်း အားလုံးရဲ့  နှလုံးသား မှာ ကြီးစိုးလွှမ်းမိုး နေဆဲပါပဲ ။  ဒါပေမဲ့ ခမောက်တွေ ရဲ့  နွေဆောင်ပွဲ  မေအောင်ပွဲကြီး ကိုတော့ ရုပ်ရော နာမ်ရော ဒြပ်ရော ကျမတို့ ဘယ်လိုမှ ရှာ မတွေ့ နိုင်ကြ တော့ဘူး ။ အဲဒီ အောင်ပွဲကြီးထဲက အောင်ပွဲခံ ပြည်သူ့ ကိုယ်စားလှယ် တွေမှာလည်း တချို့ (ရုပ်) မရှိတော့ပေမဲ့ (နာမ်)ရှိနေသေး . . . တချို့  (ရုပ်) ရှိနေသေးပေမဲ့ (ဒြပ်) မရှိတော့ ။ ရွေးကောက်ခံ ပြည်သူ့ ကိုယ်စားလှယ် တယောက် ဖြစ်ခဲ့တဲ့ ကျမရဲ့ ဖခင်ကြီး ထံမှာတောင် ၊ နိုင်ငံရေး (ရုပ်-နာမ်-ဒြပ်) တွေ  ကျမ သေချာ မခွဲ ခြားနိုင်တော့ ။ သူ့ဆီမှာ ဆဲဗင်းဇူလိုင် ၀ိညဉ်တွေက စလို့  ၊ ရှစ်လေးလုံး ဖြတ်သန်းမူတွေ  အလယ် ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် တယောက်ရဲ့  ရုန်းကန်ရပ်တည်မူ တွေ အထိ  နိုင်ငံရေး (ဒြပ်)သားတွေ အပြည့် ရှိနေသေးပေမဲ့ ၊ သူ့ရဲ့ (နာမ်) ကတော့ ၊ သူ အင်မတန် မြတ်နိုးလှတဲ့ အဖွဲ့ချုပ်ကြီး နဲ့  မသက်ဆိုင်တော့ပြီလား ။ အဖွဲ့ချုပ် ရဲ့   ၉၀ ရွေးကောက်ပွဲအလွန် ၊ ဂန္ဒီခန်းမ ညီလာခံအဆင်း ၊ နိုင်ငံရေး မုန်တိုင်းကြမ်းကြီးထဲမှာ ၊ မားမားရပ်ပြီး နိုင်ငံရေး အန်တုဖို့ ကြိုးစားခဲ့တဲ့ အတွက် ၊ အဲဒီတုန်းက ပါတီရဲ့   နို့ထိန်း ခေါင်းဆောင်ဖြစ်သူများရဲ့  အငြိုအငြင် အထင်မြင်လွဲမူကို ခံခဲ့ရသည်။ ပါတီရပ်တည်ရေးကို သာ ဦးစားပေး ပြီး ၊ နိုင်ငံရေး ရပ်တည်ချက်ကို  အလျှော့ပေး ထိုးကျွေးခဲ့တဲ့ ၊ အဖွဲ့ချုပ်ရဲ့ သမိုင်း အမှောင်တကွေ့ မှာ ၊ သူ့ရဲ့ နိုင်ငံရေး ရပ်တည်ချက် (ဒြပ်)သားထု အတွက် ၊ (နာမ်) နဲ့ (ရုပ်) တချို့ ကို စတေး ပြစ်ခဲ့ရသည်။ အခုတော့ ကျမတို့ အိမ်ရဲ့ နံရံ ထက်မှာ ခမောက်ဆိုတဲ့ (ရုပ်) ကြီးတွေ ပင် မရှိတော့ ။ မရှိတော့ ဆို ၊ အသစ်တဖန် ပြန်လည် နိုးထ လာတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ကြီး ရဲ့  အလံကိုင်သူ  “စု” ကိုယ်တိုင် ကတောင် ၊ အတိတ်ကို အရိပ်ထဲမှာ ထားခဲ့ချင်သည်ပဲ ။ ၉ ၀ ရလာဒ် အကြောင်း စာမဖွဲ့ တော့ပြီပဲ ။ ခမောက်ကြီး တွေ ကို ၊ ဘေးမှာ ချ ထားလိုက်ပြီပဲ ။


ခမောက်ကြီး တွေထဲမှာလည်း ၊ အမှည့်ကြွေ အစိမ်းကြွေ ၊ ကြွေပုံ အနည်းနည်း နဲ့ ကြွေတဲ့သူတွေက ကြွေသွားကြပြီ ဖြစ်ပေမင့် ၊ နိုင်ငံရေးအားဖြင့်  သူတို့ ကျွတ်လွတ်  ကြပါ့မလား ။၉၀ ရလာဒ်ကို  အသိအမှတ်ပြုခြင်း ဆိုတဲ့ ၊ နိုင်ငံရေး အမျှဝေ ခြင်း မလုပ်နိုင်သေးသ၍ ၉၀ အောင်ပွဲ သံယောဇဉ် အစွဲတွေ ထဲမှာ သူတို့ ၀ဲလည်နေကြပေဦးမည် ။ လူလည်း မကြွေ ယုံကြည်ချက်တွေလည်း မကြွေသေးတဲ့ သူတွေ မှာလည်း အခြေအနေ အရပ်ရပ် အရ ရပ်တည်ချက်တွေ ပြောင်းချင်ပြောင်း စောင်းချင်စောင်း သွား ရပေမယ့် ၊  ၉၀ ရလာဒ်ကြီး ကို စိတ်မှာ စွဲ … ကြိတ်ကာ ခဲ ရင်း  မပြေ မကြေ နိုင် ရှိနေကြပေဦးမည် ။ တကယ်တော့ သူတို့တွေဟာ ၊ ၉ ၀ မေရဲ့  မကြေ မကြွေ မကျွတ် နိုင်သေးသူများပါပေ ။


လက်တွေ့ အရှိ ပကတိ အတိုင်းတင်မက ယုံကြည်ချက် သက်သက်နဲ့  လည်း ရပ်တည်နိုင်တဲ့  နတ္တိပစ္စယော - မရှိခြင်းဖြင့် ကျေးဇူးပြုခြင်း ဆိုတဲ့ နိုင်ငံရေး နည်းနာ တွေကို နားမလည် နိုင်သေးတဲ့ အချိန်တချိန်တုန်းက ဖခင်ဖြစ်သူကို မသိသား ဆိုးရွားစွာ မေးခဲ့ဘူးသည်။ လွှတ်တော်ခေါ်ယူရေး ဆိုတဲ့ သဘောထားက ဒီလောက်နှစ်တွေ ကြာနေမှဖြင့် ဘာအဓိပ္ဗါယ်ရှိတော့မှာလည်း - လို့ ဆိုတော့ -  ဟုတ်တာပေါ့ကွာ လူတွေလည်း စုံစုံညီညီ မရှိနိုင်တော့ဘူးပေါ့ . . .ဒါပေမဲ့ ပြည်သူ့ဆန္ဒကို အသိအမှတ်ပြုတယ် ပြည်သူ့အစိုးရ တခုကို အလေးအနက်ထားတယ် ဆိုတဲ့ နိုင်ငံရေး အစဉ်အလာတခုကို ရှိစေချင်တာ ၊ ဒီမိုကရေစီ အောင်စိတ်ကို နောက်တက်လာမဲ့ အစိုးရအဖွဲ့ တခုဆီ သိက္ခာရှိရှိ ငြိမ်းငြိမ်းအေးအေး လက်လွှဲပြောင်းပေးနိုင်ယုံပဲ ဖေဖေ တို့ မျှော်လင့်တာပါကွာ -  လို့  ၉ ၀ အရေးကို အံကြေးပြီး ဖြေရှာတယ်။ အေး ဒါပေမဲ့ ၁၉၉၀ မေ ဆိုတဲ့ ပြက္ခဒိန်စာရွက်ကိုတော့ သမိုင်းထဲကနေ ဘယ်သူမှ ဆုတ်ဖြဲ ပြစ်ခွင့် မရှိဘူး . . . ကျော်ချ သွားလို့ မရဘူး . . . ငါတို့မှာ စစ်အာဏာရှင်တွေရဲ့ အတိတ်က ကြမ်းကြုတ် ရက်စက်မူတွေကို လက်စားချေလိုစိတ် မရှိပေမဲ့ သင်ပုန်းချေလိုစိတ်လည်း လုံးလုံး မရှိဘူးကွာ … လို့  ယတိပြတ် ဆိုလေသည်။


အဲဒီလိုပဲ  “စု-လွှတ်-တွေ့ ” ကို တလျှောက်လုံး ကိုင်စွဲ လာတဲ့  အဖွဲ့ချုပ် တည်ထောင်သူ နာယက ကြီး ဦးဝင်းတင် ကလည်း  သူ့ကိုယ်သူ ၉ ၀ စော် နံသူ လို့  အမြဲ ဂုဏ်ယူ စွာ ၀န်ခံတတ်လေသည်။ ၉၀ ရလာဒ်ကို နားလည် တန်ဖိုးထား ခဲ့လေသည်။ သူ့ရဲ့  “ ဘာလဲဟဲ့ … လူ့ငရဲ ” စာအုပ်ထဲက အခန်းတခန်း ရဲ့ ခေါင်းစဉ် ပေးထားပုံကို ကျမ တော်တော်လေး စိတ်ဝင်စား လေးနက် မိသည်။
 ခေါင်းစဉ်က  - “အနာဂါတ်ကို ပြန်သွားခြင်း”


တကယ်ဆို အနာဂါတ် ဆိုတာ ရှေ့ကို လျှောက်ရမှာလေ ၊ ပြန်သွားလို့ မှ မဖြစ်နိုင်တာ ။ ဒါပေမဲ့ ဦးဝင်းတင်ကတော့ အနာဂါတ်ကို ပြန်သွားယုံတင်မက ၊ တူးဆွဖော်ထုပ် ထားတယ်။ ပစ္စုပ္ဗန် နဲ့ ဆက်စပ် ပေါင်းစည်းထားတယ်။  တကယ်တော့ ဒီ “အနာဂတ်” ထဲမှာ သူ တင်စား သိမ်းဝှက်ထားတဲ့ အရာတွေက ရည်မှန်းချက်တွေ မျှော်လင့်ချက်တွေပေါ့ ။ သူပြောသလိုဆို ရှစ်လေးလုံး ရဲ့ အနာဂတ် ၊ ၉၀ မေ ရဲ့ အနာဂတ် ၊ ဂန္ဓီကြေငြာစာတမ်း ရဲ့ အနာဂတ် ၊ ရွှေဂုံတိုင် ကြေငြာစာတမ်းရဲ့ အနာဂတ်  … အားလုံးသော ရည်မှန်း မျှော်လင့်ချက်တွေဟာ စစ်အာဏာရှင် စနစ်မှန်သမျှ ကို ဆန့်ကျင် တိုက်ဖျက်ရေး ဆိုတဲ့ အခြေခံ မူပေါ်မှာပဲ ရှိနေသင့်တယ်… တဲ့။

“ဆယ်စုနှစ် နှစ်ခုကျော် ကျွန်တော်တို့ရဲ့ အနာဂတ်တွေဟာ အနာဂတ် အဖြစ်နဲ့သာ ရှိတည်နေပါသေးတယ် ”  လို့ ဆိုလိုက်တော့မှ ၊ အနာဂတ် ကို ပြန်သွားခြင်း ရဲ့ အဓိပ္ဗါယ်က ပေါ်လွင်လာတယ်။  အနာဂတ်ကို ပြန်သွားနေစရာ မလို တော့ဘဲ  တော်လှန်-မာန်-ညဏ်-သတ္တိတွေ နဲ့ အနာဂတ်ကို ချီတက် ကြပါလို့ လည်း ဦးဝင်းတင်က  နှိုးဆော် ထားခဲ့တယ်။ အနာဂတ်ကို ချီတက်ဖို့ အတွက် “ နိုင်ငံရေးသစ် ” ဆိုတဲ့ လမ်းကိုလည်း တိတိပပ ၀ိသေသ နဲ့ ဖော်ညွှန်းပေးခဲ့သလို ၊ လမ်းဖောက်ရမဲ့ လက်နက် ယန္တယားတွေကိုပါ တခါတည်း  နေရာ ပြ ခဲ့တယ်။

“နိုင်ငံရေးသစ် ဆိုတာ စကားလုံးသာ ကြီးကျယ်တာပါ။ လုပ်ရမယ့် ကိစ္စက သိပ် အကြီးအကျယ် မဟုတ်ပါဘူး။ စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်တဲ့ နိုင်ငံရေး အင်အားစုတွေ လက်တွဲပေါင်းစည်း လှုပ်ရှားဖို့ပါပဲ ။ အားလုံး အသံတူ အော်ကြဖို့  အလုပ်တူ ဖော်ကြဖို့ပါပဲ ။ အားလုံး ညီညွတ် လက်တွဲ ကြဖို့ပါပဲ ။ နိုင်ငံရေးသစ် ဆိုတာ ဒါပါပဲ ။”

နိုင်ငံရေးသစ် ကို ကျမတို့ တကယ်ပဲ တောင့်တ ပါတယ်။ ရာဇ၀င် ကို အသစ်ပြင်ရေးဖို့ လည်း ကျမတို့ ခဏခဏ ကြိုးစားခဲ့ ကြတယ်။ ဒါပေမဲ့ အတိတ်ကို ပြန်မတွေးချင်လို့ တော့ မရ ။


­++++++++++

ကေသွယ်
၂၄ မေ ၂၀၁၄


မေလ ၂၇ ရက် မှာ ငွေရတု အကြို နှစ်ဆယ့်လေးနှစ် တိုင်ပြီ ဖြစ်တဲ့ ၁၉ ၉ ၀ ပါတီစုံ ဒီမိုကရေစီ အထွေအထွေရွေးကောက်ပွဲ ကြီး အား ဂုဏ်ပြု သတိရလျက် ......

Weekly Eleven Journal Vol. 9  No. 22  


Share/Bookmark

တို့ဗမာပြည်ကို တိုင်းရင်းသားကုန်စင် တို့ ပြည်လို့ မှတ်ထင်

အမှန်အတိုင်း ပြောရရင်.. ဒီနေ့  အမျိုးသားနေ့ ဆိုတာ ကိုတောင် သတိမေ့ နေခဲ့တယ်။ အခါတိုင်းလို နှိုးဆော်မူ ဆန်ဆန်  ဘလော့တွေ အပြိုင် ရာသီစာ လေးတွေ ရေးတာမျိုးလည်း မရှိတော့ဘူး ဆိုတော့  တိတ်တိတ်ဆိတ်ဆိတ်ပဲ.. အင်တာနက်မှာ လမ်းသလားနေမိတယ်။ တနေရာမှာ.. ပြည်တွင်း တီဗွီ အစီအစဉ်တခုက  အမျိုးသားနေ့ အထိမ်းအမှတ် အဖြစ်  အောင်မြင်နေတဲ့ အမျိုးသား အချို့ နဲ့ အင်တာဗျူး တယ် ဆိုတဲ့ အကြောင်း လှောင်နေကြ ဟားနေကြ တာ မြင်တော့မှ ၊ အမျိုးသားနေ့ ရောက်ပြန်ပြီ ဆိုတာကို သတိထားလိုက် မိတာ။ သတိထားမိ တော့လည်း ဘာလုပ်မလဲ.. အလေးပြုစရာလည်း မလို.. ဘုရားမှာ ဆွမ်းကပ်စရာလည်း မရှိ…ဘာတွေ ညာတွေလည်း လျှောက်မရေးချင်တော့ပါဘူး…။ ဒီနေ့ တနေ့လုံးလည်း.. အင်တာနက် ဖေ့စ်ဘွတ်ကြီးပေါ် မှာ.. ဆစ်ဒနီ အော်ပရာဟောက်စ်မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောတာရယ်.. မြန်မာကလောင် အဖွဲ့ ရယ် သတင်းတွေ ချည်းပဲ ဟိုနေရာက ဘွားကနဲ ထွက်လာလိုက်..ဒီနေရာက လျောကနဲ ပေါ်လာလိုက် ဖြစ်နေတုန်း အမျိုးသားနေ့ အထိမ်းအမှတ် သီချင်းများ ဆိုပြီး .. မီးတုတ်ကြီး ထမ်းထားတဲ့ သျှောင်တစောင်း နဲ့ ဗမာ့သားကောင်းပုံ ကြီး ကို မြင်လိုက်တော့မှ… ယောင်တောင် ပေါင်တောင်တွေ ရပ်သွားပြီး..သီချင်း ကို ဖွင့်နားထောင်မိတယ်။ သမိုင်းဝင် နေ့ရက် ကြီး တခု ဖြစ်တဲ့ အမျိုးသားနေ့ မှာ.. အမျိုးသားဇာတိမာန် အထိမ်းအမှတ် သီချင်း တပုဒ်တော့ နားထောင်အုံးမှ  လို့..အသိတရားလေး ပြန်ဝင်လာတယ်။

အမျိုးသားရေး ကြိုးပမ်းကြပါ.. တို့ ဗမာ ..( ဟေ့ ) တို့ ဗမာ…

မဟုတ်သေးပါဘူး။ သီချင်း စာသားတွေက နားထဲမှာ တမျိုး ဖြစ်နေပါလား။ အရင်တုန်းက ဒီသီချင်းကိုပဲ ကျောင်းတွေမှာ ဆိုကျင့်ကြတယ်။ အရေးတော်ပုံ ကာလမှာ သံပြိုင် ဟစ်ကြွေးခဲ့ကြဘူးတယ်။ တိုက်ပွဲခေါ်သံ ရုပ်ရှင်ထဲမှာ ပင်နီ တိုက်ပုံ ရင်ဘတ်ဖွင့် ၀တ်ထားတဲ့ ဇော်လင်းကြီး တောင် ဒီသီချင်းဆိုရင်.. လူအုပ်ကြားထဲကနေ..အဖမ်းခံလိုက်ရတာလေ..။
ရေနံမြေ သပိတ်ခေါင်းဆောင်ကြီးကို လူအုပ် နဲ့ ဝေးရာကို ခေါ်သွားရင်း တုတ်နဲ့ တချက် ရိုက်လိုက်တိုင်း.. ( တို့ ဗမာ )  နောက်တချက် ရိုက်လည်း ( တို့ ဗမာ) ။ သွေးအလိမ်းလိမ်း နဲ့ အံကို ကြိတ်ထားတဲ့ သပိတ်ခေါင်းဆောင်ကြီး ရဲ့ မျက်နှာပေါ်က မာန် နဲ့  သတ္တိကို ခုထိ မျက်စိ ထဲမှာ စွဲနေသေးတာ။ အင်မတန်ကို ဇာတိမာန် တက်ကြွစရာ  တို့ဗမာ သီချင်း မဟုတ်လား။

ခုတော့..ဒီသီချင်းကို နားထောင်ဖို့  ဘာကိုမှန်းမသိ မျက်နှာပူသလို အားနာသလို ဖြစ်နေမိတယ်။ ဒီသီချင်း ကို စည်းချက်လိုက်ရင်း နှစ်ထောင်းအားရ ဖြစ်နေရမဲ့ အချိန်မှာ.. ပိုလွန်းနေသလို ကဲလွန်းနေသလို ဖြစ်နေမိတယ်။ ဘာဖြစ်သွားတာလဲ လို့ ပြန်ဆန်းစစ်ကြည့်တယ်။

မင်းလူ ရေးခဲ့တာလို့ ထင်တာပဲ။ လူကြမ်းအုပ်စု တစု က၊ ရုပ်ရှင်ထဲမှာ မင်းသားနဲ့ ရန်ဖြစ်ရင် တကယ်မထိအောင် ထိန်းထိန်းပြီး ထိုးကျင့်ထားတော့ အပြင်မှာ တကယ်လည်း ရန်ဖြစ်ရော..လက်သီးဘရိတ်မိ နေလို့.. အလဲအကွဲ ခံလိုက်ရတယ် ဆိုတဲ့ အဖြစ်ကလေးလိုပဲ.. ကျမ လည်း အမျိုးသားရေးစိတ်ဓါတ်ဘရိတ်မိ နေတာပဲ ဖြစ်မယ် လို့ အဖြေထွက်လာတယ်။ မြန်မာပြည်ထဲ အမျိုးစုံလှ တဲ့ တိုင်းရင်းသားအုပ်စု တွေ .. နီးရက် နဲ့ ဝေးနေတဲ့ အယူဝါဒ ကွဲပြားမူတွေ.. လူ့အခွင့်အရေး ဆိုတဲ့ စည်းဘောင်ကနေ ကျော်ထွက်လာတဲ့ လူမျိုးရေး ခွဲခြားမုန်းတီးမူ တွေ …အဲ့ဒီ ပြသာနာတွေကို ဆင်ခြင် ထိန်းသိမ်းရင်း နဲ့ပဲ.. ကိုယ့်အမျိုးသားရေး စိတ်ဓါတ် ကို ပြန် ဘရိတ်နင်းထားသလို ဖြစ်နေပါပေါ့ လား။

တကယ်တော့လည်း သမိုင်းဘီး ဆိုတာ တပတ်လည်တတ်တယ် ဆိုပေမဲ့လို့ လည်း၊ နေရာ တခုထဲပေါ်မှာတော့ အမြဲ ထပ်တူကျ နေမှာမှ မဟုတ်တာ။ အိန္ဒိယအမျိုးသားခေါင်းဆောင် တယောက်ဖြစ်တဲ့ ဂျဝါဟလာ နေရူး ပြောဘူးတဲ့ စကားလေး တခုကို အမြဲ စွဲထင် မှတ်သားမိနေတယ်။ ဟိုး အရင်ခေတ်က သမိုင်း အဖြစ်အပျက် တချို့တလေ ကို  ကိုယ့်ရဲ့ လက်ရှိ အခြေအနေ နဲ့ နှိုင်းယှဉ်ပြီး မှားတယ် မှန်တယ် မသုံးသပ် သင့်ဘူး ဆိုတဲ့ သဘောလေး ။ အခု တို့ဗမာ သီချင်း ပေါ်ပေါက်ခဲ့တဲ့ ၁၉ ၃၀ ပြည့်နှစ် တ၀ိုက် နဲ့ အခု ၂၀၂၀ ပြည့် နားနီးအချိန် ဆိုတာ နှစ်ပေါင်း တရာနီးပါး ကွာခြားနေပြီလေ။  သူတို့ခေတ် သူတို့ အခါက အမျိုးသားရေး စိတ်ဓါတ်ဆိုတာ နယ်ချဲ့စနစ်ရဲ့ ဖိနှိပ်ချုပ်ချယ် ဗိုလ်ကျမူအောက်ကနေ အလိုလို ကို ပေါ်ပေါက်လာခဲ့ရတာ။ ဒါပဲ..အင်အား..။ ဒါပဲ မျှော်လင့်ချက်။ ဒါပဲ လက်နက် ဖြစ်ခဲ့တာ ။ ဟိုး မြေကြီးကို ထိအောင်ပြုတ်ကျနေခဲ့တဲ့ ကျွန်စိတ် တွေကို ဆွဲတင်ရင်း.. သခင်စိတ်တွေက မိုးပေါ်ထိအောင် ထိုးထောင် တက်သွားခဲ့တယ် ဆိုရင်လည်း.. ဒါဟာ သမိုင်းတခု မှာ ဆင်ခြင်နားလည် ဖို့သာပဲ မဟုတ်လား။

ဒေါ်အောင်ဆန်းစုကြည် က ဆိုရင် သူ့ရဲ့ စာတမ်းတခုမှာ အယူဝါဒ နဲ့ စိတ်နှလုံးကို တံခါးဖွင့်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် လူငယ် ခေါင်းဆောင်တချို့ကတော့   နောက်ပိုင်းမှာ အစွန်းရောက်လာနိုင်တဲ့ ဗမာလူမျိုးကြီးဝါဒ (racial chauvinism)ရဲ့ အန္တရယ်ကြီးပုံကို ပြန်လှန် သုံးသပ်မိကြပြီး၊ အရှိန်လျှော့ဖို့ ကြိုးစားခဲ့ကြ တယ် လို့ ၊ သုံးသပ် ခဲ့ ဘူးတယ်။ တတိုင်းပြည်လုံးရဲ့ သွေးတွေကို ဆူပွက်စေခဲ့တဲ့  “တို့ဗမာအစည်းအရုံးကြီး” ရဲ့ ဟစ်ကြွေးသံ ဖြစ်တဲ့၊ `ဗမာစာသည် တို့စာ..ဗမာစကားသည် တို့စကား..´ ဆိုတာကိုလည်း  အပြုသဘော ထောက်ပြ ခဲ့သေး တယ်။

တိုက်တိုက်ဆိုင်ဆိုင် မနေ့ တနေ့ကပဲ  သိန်းဖေမြင့် ရဲ့ ၁၉ ၃၀ တ၀ိုက် မြန်မာပြည်နိုင်ငံရေးသမိုင်း ဆိုတဲ့ စာအုပ်ကို အင်တာနက်ကနေ ဆွဲချပြီး ဖတ်နေခဲ့မိတယ်။ အင်မတန် အရေးအသား ရှင်းလင်းပြေပြစ်တဲ့ သိန်းဖေမြင့်ကို တယောက်ထဲ ကျိတ်ပြီး ချီးကျုးနေမိသေးတယ်။ ကျောင်း သင်ခန်းစာတွေ မှာ ဘယ်နှယ်ခါ ဖတ်ဖတ်.. ဘယ်လိုအော်ကျက်ကျက်..ရောထွေးနေခဲ့တဲ့  မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမူ သမိုင်းတွေ..အဖွဲ့အစည်းတွေ အကြောင်းကို ရှင်းလင်း နေအောင်  ရေးသားထားတဲ့ အပြင် ခေတ်အမြင်ကျယ်မူ ကလည်း အတော်စောစော ကာလမှာတည်းကကို  သမရိုးကျ ယိမ်းထိုးနေတဲ့ အယူအဆ တွေထဲက ထိုးဖောက်ထွက်နေတာကို သဘောကျမိတယ်။ 

တို့ဗမာ သီချင်းကြီးကို သူ သုံးသပ် တင်ပြပုံကလေးကို ပြန်ကူးပြပါရစေ..

 ကုလား ဗမာ အဓိကရုဏ်းဖြစ်ပြီး တလကျော်ကျော်လောက်ကြာတော့ သခင်ဗသောင်း သခင်လှဘော် စတဲ့ တို့ဗမာ အစည်းအရုံး စတင် တည်ထောင်သူတွေဟာ ၀ို်င်အမ်ဘီ ဆရာတင် နှင့် ပေါင်းမိပြီး တို့ ဗမာ သီချင်းကို ရေးသား စပ်ဆို လိုက်ကြတယ်။ 
နောင် ဥဒါန်းမကျေအောင် ရာဇ၀င် တင်ထားတဲ့ ကမ္ဘာတခွင်မှာ အထင်အရှားဖြစ်တဲ့ တို့ဗမာတွေ  “တို့ခေတ်မှာမှ ညံ့ကြတော့မှာလား..တို့ဗမာ မဟုတ်ဖူးလားစသည်ဖြင့် သွေးထိုးလိုက်တယ်။ 
တို့ဗမာ..ငါတို့ဗမာ..ယောက်ျား ဘသား တို့ဗမာ သခင်မျိုးဟေ့ တို့ဗမာလို့ လက်ပန်းပေါက်ခတ် ကြုံးဝါးလိုက်တယ်။ ဒါ တို့ ပြည်  ဒါ တို့ မြေ  ဒါ ငါတို့ ပြည်လို့ တောင်းဆိုလိုက်တယ်။
တို့ဗမာပြည်ကို တိုင်းရင်းသားကုန်စင် တို့ ပြည်လို့ မှတ်ထင်” ပြီး ကာကွယ်စောင့်ရှောက်ကြပါ လို့ တိုက်တွန်းလိုက်တယ်။ 
အမျိုးသားရေး ကြိုးပမ်းကြပါ  တို့ဗမာဟေ့) တို့ ဗမာသြော်) အမျိုးသားရေး ကြိုးပမ်းကြပါ   တို့ဗမာ။ အရှေ့က နေ၀န်း ထွက်သည့်ပမာပ၊ တို့ခေတ်ကိုသာ ရောက်ရမည်မှာ မလွဲပါ တို့ဗမာဟေ့ တို့ ဗမာလို့ မြှော်လင့်ချက် လင်းရောင်ဦး ပေးလိုက်ပါတယ်။
 တို့ ဗမာသီချင်းကို ၁၂၉ ခု ၀ါဆိုလဆုတ် ၁၁ ရက်တနင်္ဂနွေနေ့ ညနေ ငါးနာရီတွင် ရွှေတိဂုံ ကုန်းတော် အနောက်မြောက်ဒေါင့် ဦးစံထွန်း ဒေါ်နှစ် ဇရပ်မှာ အခမ်းအနား နှင့် စတင်သီဆိုပါတယ်။   ၂၀--၃၀ သူရိယ သတင်းစာမှာ သီချင်းစာသားကို တရက် ကြိုတင်ပြီး ဖော်ပြခဲ့တယ်။ အခမ်းအနား နှင့် သီဆိုတဲ့ နေ့မှာ သခင်ဗသောင်းက နိဒါန်း စကားပြောတယ်။ ၀ိုင်အမ်ဘီ ဆရာတင် ကိုယ်တိုင် သီဆိုတယ်။ လူတွေကို လှုံ့ဆော်စည်းရုံးရာမှာ အထက်မြက်ဆုံး သီချင်းဖြစ်ပါတယ်။

သီချင်းကို နောက်တခါ ပြန်ဖွင့် နားထောင်တယ်။ ဖျင်ကြမ်းအကျီ င်္ နဲ့ ပုဆိုးတိုတို ၀တ်ထားတဲ့ သခင်ဗသောင်း ရဲ့မေးရိုးကားကားကြီးတွေကို စိတ်ကူးထဲမှာ မြင်ယောင်လာတယ်။ ပန်းရောင် ပိုးခေါင်းပေါင်းကို ပြေပြေပြစ်ပြစ် ထုံးဖွဲ့ ထားတဲ့ ၀ိုင်အမ်ဘီ ဆရာတင် ရဲ့  ( အမျိုးသားရေး ကြိုးပမ်းကြပါ.. တို့ဗမာ ) ဆိုတဲ့ အာပေါင်ပဲ့ ဆိုဟန် ကို ကြားလာရတယ်။

ဘာပဲ ပြောပြော .. ဗမာတွေ တကယ်ကို မညံ့ ခဲ့ကြတာပါ။ ခေတ်အမြင် နဲ့ သာတူညီမျှ စိတ်ဓါတ်ကို လုံးဝ မမေ့ခဲ့ကြပါဘူး။ နားထောင်ကြည့်ပါအုံး.. အသေအချာ ထဲ့သွင်းပြီး စပ်ဆိုခဲ့တာပါ..

"တို့ဗမာပြည်ကို တိုင်းရင်းသားကုန်စင် တို့ ပြည်လို့ မှတ်ထင်.."
တို့ ၀တ္တရားပင်… တဲ့။
အဲဒီ အပိုဒ်ကလေးမှာ  ၀တ္တရား ဆိုတဲ့ အသုံးအနှုံး ရွေးချယ်မူ ကိုက စာဆိုရဲ့  ညဏ်အမျှော်အမြင် တွေးခေါ် ရင့်ကျက်မူ ကို ဖော်ပြနေခဲ့ပါပြီ။

 တို့ဗမာ သီချင်းကို နောက်ဆုံး တကျော့ ထပ် ဖွင့်လိုက်မိပြန်သည်။

+++++++++++++

ကေသွယ်
၂၇ နိုဝင်ဘာ ၂၀၁၃ - အမျိုးသားအောင်ပွဲနေ့





Share/Bookmark

ဇူလိုင်ဝိညာဉ်


ဇူလိုင်လထဲကို စ၀င်လာပြီ ဆိုတာနဲ့  ၊ တစုံတရာက နှိုးဆွ လိုက်သလို သူ့တို့ စိတ်ဝိညာဉ်တွေ အသင့်ဖြစ်နေတတ်ကြသည်။ ဇူလိုင်..သြဂုတ် ဆိုတဲ့ ပြက္ခဒိန်စာလုံးတွေ ရဲ့ နောက်မှာ သမိုင်းနီနီ ညိုညိုမှိုင်းတွေက  ကပ်ပါနေခဲ့ သည်ကိုး။

“ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည်ကြီးများ” ဆိုတဲ့ စကားရပ်ကိုတော့၊ ကျောင်းတက်စ အရွယ်ကတည်းက  သူတို့ ခေါင်းထဲမှာ သံမှိုနှက်ပြီးသား။ မုတ်သုန်မိုး တဖွဲဖွဲစွေနေတတ်တဲ့  ဇူလိုင်ဆယ့်ကိုးရဲ့ ဥသြစွဲသံကို ကြားယုံ နှင့်ပင် ၀မ်းနည်းပက်လက် ဖြစ်တတ်ခဲ့သလို ၊ ဒီဇူလိုင်လထဲ မှာပဲ  နောက်ထပ် ၀မ်းနည်းစရာ နေ့ တနေ့  ရှိနေသေးတယ် ဆိုတာကိုလည်း  ရိပ်ဖမ်း သံဖမ်း သိနေခဲ့ ကြသည်။ တကယ်တော့ ဆဲဗင်း ဇူလိုင် ဆိုတာ ၊ ဥသြသံ မစွဲ၊ မျက်ရည်မ၀ဲ နိုင်ပဲ ၊ အံကြိတ်ခဲ ရင်း မျိုးဆက်တခု ကနေ မျိုးဆက်နောက်တခုကို တိတ်တိတ်ဆိတ်ဆိတ် လက်ဆင့်ကမ်း ခဲ့ ရတဲ့ အာဇာနည်နေ့ နောက်တနေ့ ပဲ မဟုတ်လား။

အဲဒီလိုနဲ့  ကျောင်းဖတ်စာအုပ်တွေ ရဲ့ ပြင်ပက ၊ ကျောင်းသားသမဂ္ဂကြီး နဲ့ ဆဲဗင်းဂျုလိုင် ဆိုတဲ့ စိတ်လှုပ်ရှားစရာ အကြောင်းအရာတွေ ဟာ၊ သူတို့တွေရဲ့  အိပ်ယာဝင် ပုံပြင် တွေထဲမှာ ။ ရေနွေးကြမ်း စကားဝိုင်း တွေမှာ။ ဓါတ်ပုံဟောင်းတွေထဲက..အဖြူအမဲ ပုံရိပ် တွေကြားမှာ..။ ၀ါကျင်ကျင် ဒိုင်ယာရီ စာရွက်ပေါ်က.. ခပ်သော့သော့ မှင် စာလုံး တွေပေါ်မှာ..။

xxx ၁၉၆၂ ခုနှစ် ဇူလိုင်လ (၇) ရက်နေ့ အဲဒီနေ့ဟာ စနေနေ့ပါ။ နေ့လည် တစ်နာရီမှာ သမဂ္ဂအစည်းအဝေး ခန်းမမှာ အစည်းအဝေး ကျင်းပပါတယ်။ ဥက္ကဌက ကိုဗဆွေလေးပါ။ အခန်းအနားမှူးကတော့ ကိုသာဒိုးလား ကိုလှရွှေလား မမှတ်မိတော့ပါ။ အစည်းအဝေးမှာ ကျောင်းသားထု တခဲနက် ဆုံးဖြတ် တာတွေထဲက မှတ်မိသလောက်ကတော့...ကျောင်းသားတွေကို ဖိနှိပ် ချူပ်ချယ်တဲ့ စည်းကမ်း အမျိုးမျိုးကို ကန့်ကွက်တယ်။ စစ်တပ်က အာဏာ သိမ်းတာကိုလည်း ကန့်ကွက်တယ်။ တက္ကသိုလ်အက်ဥပဒေများကို ရုတ်သိမ်းတာကိုလည်း ကန့်ကွက်တယ် စတာတွေပဲဖြစ်ပါတယ်။ အစည်းအဝေးအပြီးမှာ သမဂ္ဂရှေ့ကစပြီး ကျောင်းဝင်းအတွင်းမှာပဲ ကြွေးကြော်သံများ ကြွေးကြော်ကာ လှည့်လည်ပြီး ဘွဲ့နှင်းသဘင်ခန်းမရှေ့ မှာ ငြိမ်းငြိမ်းချမ်းချမ်းပဲ လူစုခွဲလိုက်ကြပါတယ်။xxx

အဲဒီ ဒိုင်ယာရီစာရွက်ရဲ့ နောက်တမျက်နှာမှာတော့ ၊ ဇူလိုင်(၇)ရက်နေ့ ညနေစောင်းလောက်မှာ ရန်ကုန်တက္ကသိုလ်ကျောင်းဝန်းကြီးကို လေးဖက်လေးတန် ပိတ်ဆို့ပြီး ၊ ပစ်ခတ်ခဲ့တဲ့ ကျောင်းသား (၁၀၀) ကျော်ရဲ့ သွေးမြေကျပွဲ ကြီး။ နောက်တနေ့ မနက် လင်းအားကြီးမှာ ကျယ်လောင်စွာ မြည်ဟီးသွားတဲ့ ပေါက်ကွဲသံကြီး။ စက္ကန့်ပိုင်းအတွင်း လေထဲမှာ ကွယ်ပျောက်သွားတဲ့ ၊ အခိုင်အခန့်  သမဂ္ဂအဆောက်အဦကြီး ဆိုတဲ့ အကြောင်းတွေ တရွက်ပြီး တရွက်။


၁၉ ၅၈-၅၉  ကာလ ကျောင်းသားတစု ယူနီယံရှေ့တွင်-


အဲဒီ သမဂ္ဂကြီးထဲမှာ ပါဝင်လုပ်ကိုင်နိုင်ဖို့  ကျောင်းဆောင်တွေ တခုခြင်း ကနေပြီး အမူဆောင်တွေ ရွေးကြတော့ ၊ တယောက်က အဆိုတင်သွင်း နောက်တယောက်က ထောက်ခံပေးရတယ် ဆိုတဲ့ မတ်တပ်ထ လက်ထောင် မဲပေးစနစ် ဆိုတာ၊ သူတို့ အတွက် အဆန်း ။ အဆောင် သဟာယ နဲ့ စာဖတ်အသင်း ဆိုတဲ့ အသုံးအနှုံးမှာ ကိုက ကြီးကျယ်ခမ်းနားမူ တွေ အပြည့် နဲ့။

လက်ရှိရောက်နေတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ကြီး ကိုတောင် မေ့လျော့ ရင်း၊ ရုပ်ရှင်သရုပ်ဆောင် မြတ်လေးကြီး ရေးစပ်ခဲ့တာဆိုတဲ့ `တပ်ဦးကြွေးကြော်သံ´ သီချင်းအဟောင်းလေးကို ၊သူတို့ အဖေ ဆိုပြတဲ့ အတိုင်း အသံနေ အသံထား နဲ့ ဆိုတတ်နေခဲ့ ကြသည်။


တပ်ဦးလက်ရေး စတိုင် နှင့် ရေးကူးထားသော တပ်ဦးကြွေးကြော်သံ သီချင်း


ရဲဘော်အပေါင်းတို့ရေ.. ခွပ်ဒေါင်းရဲဘော် အပေါင်းတို့ရေ..
ရာဇ၀င် ကဏ္ဍသစ်..တည်ဆောက် ကြမယ်လေ...
ဒီမိုကရေစီ ပညာရေး စနစ်..အုတ်မြစ် ချရစ်ပေ...
သစ်မြစ် ပင်စည် ရှည်...ရှည်...
အဲဒါ..ကျောင်းသား ကျောင်းသူ တိုင်းရဲ့..
ထာဝစဉ်..တာဝန် တရပ်ပေ...
( ဟေ့..ရဲဘော်..ရဲဘော် အတွက်..
တပ်ဦး..တပ်ဦး ..လာပြီ..)၂

ဖေ..တပ်ဦး နဲ့ တကသ တူတူပဲလား.. လို့ ၊  နားမလည်တဲ့ သင်ခန်းစာ တခု လို မေး တော့ …

“တသားတည်း လို့ ပြောရမှာပေါ့ကွာ.. တကသ ဆိုတာကြီးက တကယ့် တက္ကသိုလ် အက်ဥပဒေတွေနဲ့ အညီ ဖွဲ့ထားတဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂကြီး..။ အစိုးရတခုဖြစ်ဖို့် ပါတီတွေ ပြိုင်ကြသလိုပဲ…နှစ်တိုင်း..နှစ်တိုင်း  တကသကြီး အတွက် လည်း  ကျောင်းသားအဖွဲ့တွေ ပြိုင်ကြရတာပေါ့.. အဲဒီတုန်းက.. အစိုးရ အရာရှိ ၀န်ကြီး ၀န်ကလေးတွေ ရဲ့ သားသမီးတွေ အများစုပါတဲ့  ဒီအက်စ်အို လို့ ခေါ်တဲ့ Democratic Students Organization အဖွဲ့ကလည်းတခု။ အဲဒီ နှစ်ခုကြားထဲကနေ ခုခေတ်လိုပေါ့.. no anti, no pro, no politics ဆိုတဲ့ “သန့်ရှင်း” အဖွဲ့က တခု..။ နောက် “တပ်ဦး” ပေါ့ကွာ… ပထမတော့ “တိုးတက်” ဆိုတဲ့ နံမယ်နဲ့ အနယ်အနယ် အရပ်ရပ်က တိုင်းရင်းသား ကျောင်းသားတွေ အများဆုံး ပါ တာပေါ့…နောက်တော့ ၅၄ ကနေ တောက်လျှောက် သမဂ္ဂထဲမှာ အနိုင်ရလာခဲ့တာ  ယူနီယံကြီး ဒိုင်းနမိုက်နဲ့ ခွဲခံလိုက်ရတဲ့  အဲဒီ ၇ ရက် နေ့ ထိပဲပေါ့…”



ကျော်းသားသမဂ္ဂ ဥက္ကဌ ဦးဗဆွေလေး( မောင်ထွန်းသစ်) ရဲ့ လက်ရေးမူ


အမျိုးသားပညာရေး တွေ..ပြုပြင်ဖို့..စုဆင်ဖို့ (ဒို့)
တိုက်ပွဲဝင်မည်..
ဒီမိုကရေစီ ရရှိရေး...အသက်သွေး လှူမည်...
ယုတ်မာတဲ့ စနစ်ကို..အမြစ်ပါ လှန် မည်....
(အောင်ပြီ)၃ ..မုချ...ဒို့သာ အောင်မည်...


အမျိုးသားပညာရေး ဆိုတာကို ဖတ်စာအုပ်ထဲကနေ အော်ကျက်နေရပြီဖြစ်ပေမဲ့၊ ဒီမိုကရေစီ ဆိုတာတော့ ဘာမှန်း သူတို့  ရေရေရာရာ မသိသေး။


အဓိဌါန် တူညီ...ကျောင်းသား..ကျောင်းသူ တို့သည်..
ဘယ်တော့မှ..အနိုင်မခံ..အလံဖြူ မလွင့် လိုသည်..
တပ်ဦးကြီး အလံ အောက်မှာ..စုဝေး...လို့တည်..
ညီရင်း အကိုလို..မောင်ရင်း နှမတွေ စုံစုံညီ..
အပြုံးချင်းလှယ် လက်ချင်းဆက်ကာ ညီညွတ်ဖို့ သစ္စာပြုမည်
အရေးတော်ပုံအောင်ပါမည်…အရေးတော်ပုံအောင်ပါမည်…
ပန်းတိုင်း ပွင့် ရမည်..ကျောင်းတိုင်းဖွင့်ရမည်..


အထက်တန်းကျောင်းသားအရွယ် တက္ကသိုလ်ကျောင်းသားအရွယ် ရှစ်ဆယ့်ရှစ် လူထုအုံကြွမူကြီး ဖြစ်လာတဲ့ အချိန်မှာတော့ ဒီသီချင်းလေးရဲ့ အဓိပ္ဗါယ်ကို သူတို့ ပြည့်ပြည့်၀၀ နားလည် သဘောပေါက်ခဲ့လေပြီ။ အရေးတော်ပုံအောင်ပါမည် ဆိုတဲ့ အပိုဒ်ကို ၊ ပီပီပြင်ပြင် ဆိုတတ်လေတော့ပြီ။ ဇူလိုင်ဝိညာဉ်တို့ သူတို့ ကိုယ်တွင်းက နိုးထ ခဲ့လေပြီ။

အဲဒီလို နဲ့ မျိုးဆက် အဆင့်ဆင့် ပခုံးပြောင်းရင်း၊ သမိုင်းဘီးကြီး တရစ်ပြီး တရစ် လည်ရင်း၊ ဇူလိုင်ဝိညာဉ်တွေလည်း တခေတ်ပြီး တခေတ် အသစ်ပြန် ဖြစ်ကြသည်။ ယခုပင် ဆဲဗင်းဂျူလိုင် ရွှေရတု တိုင်ပြီး၍  ရှစ်ရက်ရှစ်လ ငွေရတု ၀င်ခဲ့ပြီ။ စစ်အာဏာရှင် အကျင့်ဆိုးကို စတင်အန်တု ခဲ့တဲ့  ဇူလိုင်ဝိညာဉ်သည် စစ်အာဏာရှင် စနစ်တခုလုံးကို တွန်းလှန် ဆန့်ကျင် နိုင်ခဲ့တဲ့  ရှစ်ဆယ့်ရှစ်စိတ်ဓါတ် နဲ့တင် အဆုံးသပ်သွားမည် မဟုတ်သေး။  စစ်အာဏာရှင် အရိပ်အငွေ့ တွေ မကင်းစင် မခြင်း
ထွန်းလင်း နေရပေဦးမည်။

တကယ်သာ မြန်မာပြည်ကြီးပေါ်မှာ၊ အမုန်းတရား နဲ့ အကြောက်တရား အရိပ်အငွေ့ တွေ ကင်းစင် ကွယ်လွင့်ချင်တယ် ဆိုရင် …မြန်မာပြည်သစ်ကြီး တည်ချင်တယ်ဆိုရင် ၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးတို့ ပြည်တွင်းငြိမ်းချမ်းရေးတို့ ဆိုတဲ့ ဝေါဟာရတွေထဲမှာ ၀ဲချာလည် နေမဲ့အစား ၊ ၀န်ချတောင်းပန်ရေး လို့ ပြောလာတိုင်း  မသိယောင်ဆောင် စကားလမ်းလွှဲနေရမဲ့အစား ၊ သမိုင်းဖြစ်ရပ်တွေကို  မှန်မှန်ကန်ကန် ဝေဖန်ဆန်းစစ်ပြီး ၊ အပြန်အလှန် အသိအမှတ်ပြု သမိုင်းတင်နိုင်ကြမယ်ဆိုရင် ၊ အားလုံးအတွက် ကျေအေး ပြေလည် အတူသွားနိုင်မယ့် လမ်းကြောင်းတခုကို ရောက်နိုင်မှာပါ။ အာဇာနည်နေ့မှာ သြဥ ဆွဲ-မဆွဲ ဆိုတာလောက်နဲ့တင်မက ၊ ငွေရတုအမှတ်တံဆိပ်က ဒေါင်းလား- ချိုးလား သတ်မှတ်နေယုံနဲ့တင်မက၊  သူရဲကောင်းနေ့ တွေ တရားဝင် ပေါ်ထွန်းလာဖို့ ၊ အချိန်အခါကောင်း ဖြစ်သင့်ပါပြီ။ 

ဇူလိုင်ဝိညာဉ်တွေ စတင် မွေးဖွားခဲ့တဲ့  ကျောင်းသားသမဂ္ဂကြီး ကိုလည်း၊ ကတိတွေ ပေးထားခဲ့တဲ့ အတိုင်း ပျော်ပျော်ပါးပါးကြီး အုတ်မြစ် ချသင့်ပါပြီ။ အမိတက္ကသိုလ်ကြီးလည်း  နံနက်ခင်းအလင်းရောင်တွေ နဲ့ အတူ ကြည်လင် လန်းဆန်းစွာ နိုးထ သင့်ပါပြီ။ ပန်းတိုင်း ပွင့်ရပါဦးမည်။ ကျောင်းတိုင်း ဖွင့်ရပါဦးမည်။


ကေသွယ်

၇ ဇူလိုင် ၂၀၁၃ နေ့ထုတ် Eleven နေ့စဉ် တွင် ဖော်ပြပြီး

( ဓါတ်ပုံများသည် ၊ မိသားစုပိုင် အမှတ်တရများဖြစ်သည်) 


Share/Bookmark