သပိတ်မှောက်ကျောင်းသား စိုးထွန်း

စိုးထွန်းကား  မျိုးချစ်စိတ် ရှိ၏။ တိုင်းရေး ပြည်ရေး ဆောင်ရွက်လို၏။ သို့သော် ဘီအေ ဆိုသော ဘွဲ့ကလေးကို လိုချင်သေး၏။ တိုင်းရေး ပြည်ရေး လိုက်ရာဍ် ၀မ်းရေးရှာဖို့  ရှေ့နေ လုပ်ရန် ဘီအယ်လ် ကိုလည်း အောင်ချင်သေး၏။  ထို့ကြောင့် သပိတ်လှန်ရန်ကိုပင် လိုလားနေလေ ၏။ 


စိုးထွန်း သပိတ်လှန် ချင်သော အကြောင်းက ၊  ဤမျှလောက် တော့ ကျဉ်းမြောင်းလိမ့်မည် မထင်။ ဘာကြောင့် ပြောနိုင်သနည်း ဆိုရင် စိုးထွန်းဆိုသော သပိတ်မှောက် ကျောင်းသား သည်၊ နောင် ဆယ်နှစ်ခန့် ကြာတဲ့ အချိန်မှာ ၊ ဗိုလ်ချုပ်အောင်ဆန်း အဖြစ်နဲ့ ၊ မြန်မာပြည်ကြီးကို လွတ်လပ်ရေးရ အောင် ၊ ဆောင်ကျဉ်းပေး နိုင် ခဲ့သူ ဖြစ်နေခဲ့ လို့ ပင် ။ 






ဗိုလ်ချုပ်အောင်ဆန်း - ဦးအောင်ဆန်း- မောင်အောင်ဆန်း အား ၊ စိုးထွန်း အဖြစ် ဇာတ်ရုပ်ခြယ်ထားသော ၊ သပိတ်မှောက်ကျောင်းသား ၀တ္တုကို ၊ လူ အတော်များများ ကြားဖူးကြပေမည်။ ဖတ်ဖူးကြပေမည်။ သို့ပေမင့် ၊ စာရေးသူ ဦးသိန်းဖေမြင့် နှင့် ဗိုလ်ချုပ်အောင်ဆန်း ရဲ့  ကြားက ၊ မတူညီလှတဲ့ နိုင်ငံရေး အဆင်အပြင် ( သို့ မဟုတ်) သပိတ်မှောက်ကျောင်းသား ညိုထွန်း နဲ့  ကျောင်းသားသမဂ္ဂ အမူဆောင် စိုးထွန်း တို့ အကြား ရပ်တည်ချက် မသိမသာ ကွဲပြားသွားပုံကို ၊ စိတ်ဝင်တစား တွေးဆ ကြည့် မည့် သူ တော့ သိပ်များလှမည်မထင်။ 


ရှစ်လေးလုံး အရေးတော်ပုံကြီး အပြီးမှာ ၊ သိန်းဖေမြင့် ရဲ့ သပိတ်မှောက်ကျောင်းသား ၀တ္တု ကို လူငယ်တွေ ပြန်ရှာ ဖတ်ကြသည်။ ၁၅ နှစ်သား အရွယ်မှာ ပထမပိုင်းကို ဖတ်လိုက်ရပြီး တခါတည်း စွဲသွားတယ် ဆိုတဲ့ ဖခင်ဖြစ်သူ ရဲ့ ၊  တရိုတသေ သိမ်းထားတဲ့  ပ-ဒု အတွဲလိုက် စာအုပ်ကလေးကို ၁၇ နှစ်အရွယ် ယောင်နန လူငယ် တယောက် အနေနဲ့  သူများတွေ ဖတ်လို့ လိုက်ဖတ် ကြည့်ဘူးသည်။  အခု အသက် ၄၀ ကျော် အရွယ်မှာ   ကျောင်းသား သပိတ် စစ်ကြောင်းတွေ ရန်ကုန်မြို့ကြီး ဆီ ၊ ဦးတည် ချီတက်လာကြတော့  အဲဒီ စာအုပ်ဝါ၀ါ ကျင့်ကျင့်လေး ကိုပဲ ၊  အသက် ၈၀ ကျော် ဖခင်ကြီး ဆီက ပြန်တောင်း ဖတ်မိ ပြန်သည်။ ဒီ စာအုပ်ကို ရေးသား ပြုစု ခဲ့သူ ဦးသိန်းဖေမြင့် သည်ပင် ၊ ဗိုလ်ချုပ်အောင်ဆန်း  နဲ့ အတူ   ရာပြည့်  လောက် ပြီပေါ့ ။


“ဗိုလ်ချုပ်ရာပြည့်ပွဲ” ဆိုတာ အတွက် ဗိုလ်ချုပ်အောင်ဆန်း ဆိုတဲ့ ပုဂ္ဂိုလ်တယောက်ရဲ့  သမိုင်းကြောင်း သမိုင်းကောင်း တွေကို ရှာဖွေ ဖော်ထုပ် ရေးသား နေကြတဲ့ အချိန်မှာ ၊ တိုက်ဆိုင်လှစွာပဲ ၊ သပိတ်မှောက်ကျောင်းသား စိုးထွန်း ကို ပြန်လည် ရှာတွေ့ မိသည်။ ချီးပ ဂုဏ်မြှောက်မူတွေ မပါသေးတဲ့ စိုးထွန်း ရဲ့ ပကတိ အသွင်ကို မြင်ယောင်ကြည့်မိသည် ။သူ့ နဲ့ ခေတ်ပြိုင် သူငယ်ချင်းတွေ ရဲဘော် ရဲဘက်တွေ ရဲ့ ကြားမှာ ၊ သာမန် တက္ကသိုလ်ကျောင်းသားလေး တယောက်အဖြစ် ယှဉ်ထိုး ချင့်တွက် ကြည့်မိသည်။ 


ဝတ္တု ဆိုပေမဲ့လို့ ၊ သမိုင်းမှတ်တမ်း တခုလောက် နီးပါး ၊ ခိုင်ခံ့ လှတဲ့ စာကြောင်းတွေ ကြားထဲမှာ ၊ စိုးထွန်း ဆိုတဲ့ နာမယ် ကို ၊ စိတ်ဝင်တစား လိုက် ရေတွက်မိတော့ ၊  စုစုပေါင်းမှ ဆယ်နေရာ ထက် မပို ။ 


စိုးထွန်းဆိုသော ကျောင်းသားကို ပထမဆုံး တွေ့လိုက်မိသည်က ၊ ပုဂံကျောင်းဆောင် သဟာယ နဲ့စာဖတ် အသင်း ရဲ့ ဥက္ကဌ ရွေးပွဲ မှာ ဖြစ်သည်။ ပိုးလုံချည် သုံးပင်ရစ် ကို ရော့ရီးရီး စီးလို့ ၊ စွပ်ကျပ် နဲ့  အပေါ်အကျီ င်္သာ ၀တ်ထားတဲ့ စိုးထွန်း ဟာ ၊ ကိုလှဖေ ကို ဥက္ကဌ အဆိုသွင်းဖို့ ၊ အတိုက်အခံ ပြောဆို နေလေသည်။ မဲခွဲကြတော့ ကိုလှဖေ ပင် ဥက္ကဌ ဖြစ်လာသည်။  ပွဲအသိမ်းမှာတော့    အဆောင်မှူး တားမြစ်နေတဲ့ ကြားကပင် ၊ “ နောင်ဥဒါန်း ဘယ်မကြေစရာ . . ရာဇ၀င်မှာဖြင့် စာအထင်အရှား . . .”  လို့  စိုးထွန်းက စ’ တိုင်လိုက်တော့ “ ဒါ.. တို့ဗမာ ” လို့ အားလုံးက လိုက်ဆိုကြသည်။  အဲဒီလို နဲ့ ၊ စိုးထွန်းတယောက် အမူဆောင် ကျောင်းသား  ဖြစ်လာလေသည်။ ဥက္ကဌ ကိုလှဖေ နဲ့  တတွဲတွဲ ဖြစ်လာသည်။ ညိုထွန်း တို့ ညိုမြ   တို့ နဲ့ လည်း အဖွဲ့ ကျ လာသည် ။ တင်မောင် တို့ ကိုမြ တို့ လို သမဂ္ဂ အမူဆောင် တွေ နဲ့ ပါ ရင်းနှီး စုဝေး လာကြ ရင်း တိုင်းပြည် အနာဂါတ် အတွက်  လေးနက် သထက် လေးနက် လာကြ တော့ သည်။ 


နောက်တော့ ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂထုတ် အိုးဝေ မဂ္ဂဇင်း ရဲ့ အယ်ဒီတာ တယောက် အဖြစ် နဲ့ ၊ သမိုင်းစာမျက်နှာထဲ ကို တန်းတန်းမတ်မတ်ကြီး ခုန်ဆင်း လာခဲ့ တော့သည်။ ရယ်သံ တဟီဟီ နဲ့  အပေါင်းအသင်းတွေက ချစ်ကြ နိုင် စား ကြတဲ့  ညိုမြ ရဲ့  လက်စောင်း ထက်ထက် ဆောင်းပါး တပုဒ်ကြောင့်  အယ်ဒီတာ စိုးထွန်း ကျောင်းထုတ် ခံ ရတဲ့ အချိန်မှာ   သမဂ္ဂ ဥက္ကဌ ကြီး ကိုနု က လည်း သူ့ရဲ့ ဘီအေ ဘွဲ့ ကို ပြန်အပ် ဖို့  ဆိုတာတွေ အကြောင်းစုံ လာသည်။ လိပ်ခဲ တည်းလည်း ဖြစ်နေတဲ့ အခြေအနေ မှာ ပဲ ၊ သူတို့ အားလုံး စာမေးပွဲ မဖြေ သပိတ်မှောက် ဖို့ ဆုံးဖြတ်ချက် ချ လိုက်ကြတော့သည်။ သပိတ်မှောက် ကျောင်းသား များ သမိုင်းကို ရေးကြပြီ။ လွတ်လပ်ရေး အတွက် စတင် ကြတော့ပြီ ။


သပိတ်စ မှောက်ပြီ ဆိုကတည်းက စိုးထွန်းကို စာလုံးတွေ ကြားထဲမှာ ၊ မျက်ခြေမပြတ် လိုက်ကြည့်မိသည်။ ဘွိုင်ကောက်တာ ကောင်စီ မှာ ကျောင်းသား ကိုယ်စားလှယ်တွေ အပြင် သမဂ္ဂ အလုပ်အမူဆောင် အဖွဲ့ ကိုပါ ထဲ့ ဖို့  ၊ အားမာန်ပါပါ ၀င်ရောက် ဆွေးနွေး ခဲ့ ပြီး ၊  အဲဒီနောက်ပိုင်းတော့ ၊ စိုးထွန်းကို သိပ်မတွေ့ ရ  ပြန် ။ ကိုမြ ၊ ကျော်သိန်း ၊ လှဖေ ၊ တင်မောင် ၊ တို့ ၊ စကားတွေ အများကြီး ပြောကြ ငြင်းကြ ခုံကြ ပေမဲ့ ၊ စိုးထွန်း သိပ်မပါ ။ ညိုထွန်း နဲ့ နောက်ပိုင်း အတွဲ များလာတဲ့ ဖေခင် သည်ပင် ၊ စိုးထွန်း ထက် ပို ဗျာများနေ ဟန်။ ခေါင်းဆောင်ပိုင်းတွေ ဖြစ်တဲ့ ကိုနု တို့ ဘနားဂျီး တို့ နားမှာလည်း စိုးထွန်းကို သိပ်မတွေ့ မိ ။ ဘာပဲဖြစ်ဖြစ် တချက် တချက် စာရေးသူ သရုပ်ဖော် လိုက်တဲ့ စိုးထွန်း ရဲ့  ဟန်ပန် သရုပ်ကတော့ ၊ အားပါမြဲ ။ 


ရွှေတိဂုံ ဘုရားပေါ်မှာ ၊ သပိတ်စခန်း ဖွင့်ထားတဲ့ ကျောင်းသားသပိတ် က ၊ သုံးလ ကျော် လေးလ ထဲ ၀င်လာလို့ ၊ အိမ် ခဏ ပြန်ကြတဲ့ သပိတ်မှောက် ကျောင်းသူတွေပင် ၊ ပြန်လာကြပြီ ။ အာဏာပိုင်တွေက ဖက်ကလည်း ၊ သပိတ်လှန် ဖို့  ညှိုနှိုင်း အပေးအယူ လုပ်လာကြပြီ။ ကိုနု တို့  ဘနားဂျီး တို့ စိုးထွန်း တို့ က ၊ သပိတ်လှန်လို ပြီ။ ဘွဲ့ ရလု ရခင် ဖြစ်နေ ပြီ ဖြစ်တဲ့ ကိုမြ လည်း ၊ သူ့ ရည်မှန်းချက်တွေ အတွက် ကျောင်းပြန် တက်ချင်ပြီ။ သို့ပေမဲ့ ၊ လှဖေ ၊ ဖေခင် နဲ့ ညိုထွန်း တို့က ၊ မလှန်ရေးချ မလှန် ။ ကျော်သိန်းကတော့ ဟိုဖက်လိုလို ဒီဖက်လိုလို ။ တင်မောင်က လည်း ဝေခွဲ မရ ။ ဒီနေရာမှာ ၊ ညိုထွန်း ကောက်ချက်ချ သလို ၊ စိုးထွန်း သပိတ်လှန် ချင်တာ ၊ ဘီအေ အောင်ဖို့ ၊ ဘီအယ် ဆက်တက်ဖို့ အတွက် သက်သက်လား ။


ကျုပ်လည်း မှောက်ချင်တာပါပဲ ၊ ဘယ်သူ ကျုပ်တို့ ထက် စိတ်ပါအုံးမလဲ ၊ ဒါပေမဲ့ ခု အားနည်းတော့ မဖြစ်ဘူး ၊ ကျုပ်တို့ ခု မလှန်ရင် ဘယ်လောက် အကျိုးပျက်သွားမလဲ ၊ ဘယ်လောက် နစ်နာပြီး ၊ နောင် ဗမာပြည်ကို အကျိုး မဆောင်နိုင်ဘဲ  ရှိမှာဘဲ …. ဆိုတဲ့ စိုးထွန်း ရဲ့ ချေပ သံ ထဲမှာ ၊ လွတ်လပ်ရေး အတွက် တိုက်ပွဲ ၀င်ဖို့  စစ်ပညာ ရှာဖွေ စစ်အင်အား စုဆောင်းခဲ့တဲ့ ဗိုလ်တေဇ ရဲ့ ၊  အားမန် တွေ ကို မြင်ရသည်။ ဖက်စစ် ဂျပန်ကို ပြန် တိုက်ထုတ်ဖို့  အတွက် ၊ အင်္ဂလိပ် နဲ့ ၊ မဟာမိတ် ပြု ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ၊ ဗျူဟာ အချိန်အဆ တွေကို  သဘောပေါက်ရ သည်။ ဗမာပြည် ကြီး ပြန်လည် ထူထောင်ဖို့ အတွက် ၊ လူမှန် နေရာမှန် ခွဲခန့် စီမံ နိုင် ခဲ့တဲ့ ၊ ဦးအောင်ဆန်း ရဲ့ အလိမ္မာကို လှစ်ဟ ပြနေလေသည်။ 


တကယ်တော့ ၊ ၁၉ ၃၆ ခု ကျောင်းသားသပိတ် အလွန် တနှစ် ကျော် လောက် အကြာမှာ ရေးသား ဖြန့် ချီ ခဲ့ တဲ့ ၊ သပိတ်မှောက်ကျောင်းသား စာအုပ်ထဲ မှာ ၊ စိုးထွန်း ရဲ့ အခန်းကဏ္ဍ သည်  ကိုနု တို့ ဘနာဂျီ တို့လောက် အရေးမပါလှ ။ ကိုမြ ၊ လှဖေ တို့  ကျော်သိန်း တို့ ထက် လည်း ပိုပြီး မထူးခြားခဲ့ ။ ညိုထွန်း ၊ ဖေခင် တို့ နဲ့ ဆိုလျှင် ကွဲပင် ကွဲပြားနေခဲ့ သေးသည် ။ သို့ပေမဲ့ ၊ နောင် ဆယ်နှစ် လောက် အတွင်းမှာ ၊ အဲဒီ သူငယ်ချင်း တွေပဲ ဖြစ်တဲ့  ဦးနု ၊ ဦးရာရှစ် ၊ ဦးကျော်ညိမ်း ၊ တို့ လို နိုင်ငံရေးသမား ကြီးတွေ ထက် လူချစ် လူခင် ပိုများ . . . ဦးဖေခင် ၊ ဦးအုန်း ၊ ဦးသီဟန် တို့ လို ၊ နိုင်ငံ့ ဂုဏ်ဆောင် အဆင့်မြင့် အရာရှိ ကြီးတွေထက် ပို ပေါက်မြောက် . . . ဦးသိန်းဖေမြင့် ၊ ဦးညိုမြ တို့လို စာရေးဆရာ သတင်းစာဆရာကြီးတွေ ထက် ပို ရှေ့ရောက် . . . ဗိုလ်လက်ျာ တို့လို  ရဲဘော် သုံးကျိပ်ဝင်တွေ ရဲ့ ခေါင်းဆောင်  တယောက် ဘာကြောင့် ဖြစ်ခဲ့ ရသလဲ ။ 


ဗိုလ်ချုပ်အောင်ဆန်း လို့  ကျမ တို့ အားလုံး ၊ အားရ ပါးရ အမည်တပ်ခေါ်ကြတဲ့  ထိုပုဂ္ဂိုလ်ဟာ ကြမ်းတမ်းတယ် ၊ အကြံကြီးတယ်၊ သူပုန်စိတ် ရှိတယ် လို့ သူကိုယ်တိုင် ၀န်ခံ ရေးသားခဲ့သည်။ လွတ်လပ်မူ အတွက် ပုန်ကန်လိုတဲ့ ၊ သူ တယောက် ဟာ ၊ လက်နက် စစ်အင်အားကို အားပြုရသည်။  ဗမာ့ ကာကွယ်ရေး တပ်မတော်မှာ စစ်ဦးစီးချုပ်ကြီး ဖြစ်လာတဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ၊ လူတွေ ဘာလို့ အားကိုး ချစ်ခင်ကြတာလဲ ။ စစ်ဝတ်စုံ ၀တ် ၊ ဓါးလွယ်ချိတ်နဲ့  မြင်းကြီး စီး ပြီး  လွတ်လပ်ရေး ကို ကြံဆောင် တိုက်ယူနိုင်ခဲ့ခြင်း က အကြောင်းရင်းခံ ဖြစ်နေမလား လို့ ကျမ သံသယ ၀င်မိသည် ။ စစ်ဝတ်စုံ ကို ချွတ်ပြီး ၊ တောင်ရှည် ခေါင်းပေါင်း နဲ့ ပါလီမန် ထဲ ၀င်ခဲ့တဲ့ ဦးအောင်ဆန်း ကို ရော ၊ နိုင်ငံ တနံ တလျားက တိုင်းရင်းသား လူမျိုးစု တွေက ၊ ယုံယုံကြည်ကြည် သစ္စာနှင်း ခဲ့တာပဲ မဟုတ်လား ။ ဒါပေမဲ့ ကံ အကြောင်းမလှ စွာပဲ ၊ သူဟာ ၊ နိုင်ငံရေး သမား ဦးအောင်ဆန်း ရဲ့ တာဝန်တွေကို ပြီးပြတ်အောင် မဆောင်ရွက် သွားနိုင်ခဲ့ ပေ ။ လက်ရုံးရည် တိုက်ပွဲ ကို ၊ ဖော်ဆောင် နိုင်ခဲ့ပေမဲ့ ၊ နှလုံးရည် တိုက်ပွဲ ကိုတော့ ၊ နောင်မျိုးဆက် တွေ အတွက် ၊ ချန်ထားရစ် ရ တော့ ပြီ။ 


သူ့ ခေတ် သူ့ အခြေအနေ အရ ၊ ကျမ တို့  နိုင်ငံရဲ့ သမိုင်းဟာ ၊ တခြား နိုင်ငံတွေနဲ့ မရိုးမစွဲ စွာပဲ ၊   စစ်သူကြီး တွေ ၊ လွှမ်းမိုးခဲ့ ကြ သည်။ တိုင်းပြည် တနံ တလျားက ၊ ဓါးလွတ်ကိုင် မြင်းစီး သူရဲကောင်း ရုပ်ထု ကြီးများကို ၊ ကျမ တို့  လေးစား တန်ဖိုးထားပါသည်။ သို့သော်လည်း ၊ ရှေ့ တဲ့တဲ့က ခေတ်တခေတ်မှာတော့ ၊  အနုပညာရှင် တွေ ၊ စာပေ ပညာရှင်တွေ ၊ နိုင်ငံရေး ခေါင်းဆောင်ကြီး တွေ ၊ ပညာရှင်ကြီးတွေ ရဲ့ ၊ ရုပ်တု ကြီးတွေ ကိုလည်း ပေါပေါများများ မြင်လို လှပါသည်။ 


ဆိုတော့ . . . နှစ်တရာ ပြည့် ခဲ့ ပြီ ဖြစ်တဲ့ ဒီနေ့ ဒီ အချိန်မှာ ၊ ကျောင်းသား သမဂ္ဂခေါင်းဆောင် ကိုအောင်ဆန်း ရဲ့  ရုပ်ထု လေး တရုပ် တလေ များ ၊ ဘယ်မြို့ ဘယ်ဒေသ ၊ ဘယ် ပရ၀ုဏ် မှာ ထုဆစ် တည်ဆောက် နိုင်ကြပြီလဲ လို့ ၊ လိုက်လံ ရှာဖွေ မိသည်။ ဘာပဲ ပြောပြော သပိတ်မှောက် ကျောင်းသား စိုးထွန်း ရဲ့ ၊ ၀ိညဉ် ဟာ ၊   နေရာ အတော်များများ မှာ အရိပ်ထိုး  နေတာ ကို တော့  မြင်နေ သိနေရလေ သည်။


မကေသွယ်
၂၅ ဖေဖော်ဝါရီ ၂၀၁၅


ရာပြည့် စာမူ မိုးမခ အတွက်ရေးသား ။



(မှတ်ချက်-  သပိတ်မှောက် ကျောင်းသား ၀တ္တုမှာ ပါဝင်တဲ့  ဇတ်ကောင် အများစုဟာ တကယ့် ပြင်ပ မှာ ပါဝင် ပတ်သတ်ခဲ့တဲ့ ကျောင်းသား တွေကို ၊ ကိုယ်စားပြုတယ် လို့  ယုံကြည်လက်ခံ ထားကြတဲ့  အထဲမှာ ၊ စိုးထွန်း ဟာ ဦးအောင်ဆန်း ၊  ကိုန ဟာ ဦးနု ။ ညိုမြ ဟာ စာရေးဆရာ ညိုမြ ၊ လှဖေ ဟာ ဗိုလ်လက်ျာ ၊ ဖေခင် သည် သံအမတ်ကြီး ဦးဖေခင် ၊ ကိုမြ သည် သံအမတ်ကြီး ဦးအုန်း ၊ သီဟန် သည် သံအမတ်ကြီး ဦးသီဟန် ကျော်သိန်း သည် ၀န်ကြီး ဦးကျော်ငြိမ်း ၊ ဘနားဂျီး သည် ဗမာပြည်ကွန်မြူနစ်ပါတီ ဥက္ကဌ မစ္စတာရာရှစ် စသဖြင့် ၊ ယူဆ မှတ်ယူ ရေးသား ပါတယ်။ အဓိက ဇတ်ဆောင် ညိုထွန်း ကိုတော့ စာရေးသူ ဦးသိန်းဖေမြင့် ကိုယ်တိုင် လို့  သေချာ နိုင်ပေမဲ့  သပိတ်မှောက်တဲ့ အချိန်မှာ ဦးသိန်းဖေမြင့် မရှိတာကြောင့် ၊ ညိုထွန်းဟာ ဦးသီဟန် လည်း ဖြစ်တယ် ဆိုတဲ့ အယူအဆ လည်း ရှိပါတယ်။ တင်မောင် ကိုတော့ ဒေါက်တာ သာလှ ဟု ထင်မြင်မိသော်လည်း မသေချာပေ )

ဆက်စပ်ဖတ်ရန်-   သပိတ်မှောက် ကျောင်းသားများ


Share/Bookmark

0 Comments: