ဦးဘဂျမ်း ရဲ့ ဝေဖန်နည်း


◦
Share/Bookmark

ကာတွန်းတွေ နဲ့ တွန်းကာ တိုက်ကာ

တလောက.. face book မှာ.. ကလေးသူငယ် အကြမ်းဖက်မူ ပပျောက်ရေး လှုပ်ရှားမူ အဖြစ်.. လူမျက်နှာ ပုံတွေ အစား.. ငယ်ဘ၀ ကာတွန်းလေး တွေ အသုံးပြု ကြဖို့  ဆိုပြီး အော် ကြ သည် ။

တော်တော် များများ ကတော့.. နိုင်ငံခြား ကာတွန်းရုပ်ရှင် ဇတ်ကောင်လေး တွေ နဲ့ ထွက်လာ ကြသည် ။ တချို့ လည်း..သမိန်ပေါသွပ်.. လေးလေးဇာ.. တွတ်ပီ.. စုံ နေ တော့ တာပဲ။  အဲဒါနဲ့  ကိုယ်လည်း ငယ်ဘ၀ က.. အကြိုက်ဆုံး နဲ့ အမှတ်ထင်ထင် အရှိ ဆုံး ကာတွန်း ဆို တာတွေ ထဲက  ပြန် စဉ်းစား ကြည့် တယ်။

ကာတွန်း တွေ ကတော့..စုံနေ အောင် ဖတ် ခဲ့တာပဲ။ ကလေး တွေ သီးသန့် ဖတ်ဖို့.. တေဇ ရုပ်စုံ ထဲက.. ဦးဘကြည်  ကာတွန်း လေး တွေ က..အစ..လူကြီး တွေ ဖတ်တဲ့..မြ၀တီ..ငွေတာရီ ထဲက.. မောင်စိန် ရဲ့.. တကြောင်း ဆွဲ လက်ရာ လေး တွေ ထိ.. မှတ်မိ နေ သည် ။ ဒါပေမဲ့..ဇတ်ကောင် လေး တွေ နဲ့ တွဲပြီး အခု ထက် တိုင် ..စွဲထင် မှတ်မိ နေ တာ လေး တွေက တော့.. သိပ် မ များ လှ..။

တေဇ ရုပ်စုံ ထဲ က ဆိုရင် ..ဦးဘကြည် ဆွဲ တဲ့.. တေဇ သု နေ မ ဘူ စန် ဒါ ၀ိ ဝေ .. ဇတ်ထုပ် ။ ၀ါးဆစ် စုဗူးကြီး ထဲက..ပိုက်ဆံ တွေ ထုတ်ရေ တဲ့..သူဌေးကြီး ဦးဘောဂ..။  အပျင်းကြီး တဲ့ မနှင်းလေး... ဆိုရင် ...ထပ်ကာ ထပ်ကာ ဖတ်ရင်း....သူ့နေရာ  ကို  ကိုယ် တိုင်ပဲ.. ရောက် နေ သလို လို..။ ဘာအလုပ်မှ မလုပ်ချင်..အချိန် ရွှေ့ တတ် တဲ့..မနှင်း လေး တယောက်.. မနက် ကျောင်းသွားဖို့.. အကျီ င်္ ကြီး က..သူ့ဖာသူ ခေါင်းပေါ်က..စွပ်ကျ လာ.. လုံချည်ကြီးက..လာပတ်.. ထမင်းကြော် ပူပူ တွေ..ပါးစပ် ထဲ အတင်း ၀င်လာ တော့ မှ.. အိပ်မက် က လန့်နိုးပြီး.. သူ့တာဝန် တွေကို ပုံမှန် လုပ် တတ် လာ တဲ့..ကာတွန်း လေး ကို..ခုထိ မမေ့ နိုင် ပါ။ ကလေး တွေ အတွက်..ချက်ခြင်း ကြီး လိမ္မာ လာအောင် လုပ်ပေး တာ မျိုး မဟုတ်ပေမဲ့ လို့.. စာအုပ် စာပေ နဲ့ ယဉ်ပါး ရင်း..မသိမသာ.. ပြုပြင် သွန်သင် သွားတဲ့.. တေဇ ရုပ်စုံ ကာတွန်း လေး တွေကို..အခု ထိ လွမ်းတမ်းတ နေ မိ ရ တော့ သည်။

တမ်းတ မိ တယ် ဆိုတာက .. အခု ခေတ် ကလေး တွေ မှာ ရော..ဘယ်လို..ကလေး စာပေ တွေ ရဲ့ သွန်သင် မူ တွေ ရှိ နေ သလည်း ဆိုတဲ့.. စိတ်ဝင်စား မူ ကြောင့်ပါ။ တူတွေ..တူမ တွေ ခေတ်မှာ.. .. တတိုင်းမွှေး ကာတွန်း ရုပ်စုံ ဆိုတာလေး တွေ တွေ့ တော့..ကောက်လှန် ကြည့် မိ သည်။ တော်တော် များများက.. Walt Disney ကာတွန်း တွေ ကို.. ဗမာ မူ ပြု ပြီး ပြန်ဆွဲ ထား တာတွေ တွေ့ ရတော့.. ဘ၀င် က..မကျ ချင်။ နိုင်ငံ ခြား ကာတွန်းလေး တွေကို လည်း.. .နှစ်သက် တာ က..တပိုင်း ပေ မဲ့.. ကိုယ်ပိုင် တီထွင် ဖန်တီး တဲ့..ဗမာ ကာတွန်း လေး တွေ .. ဒီ့ထက် များ စေ ချင် သေး သည်။

ခေတ်တွေ မတူ တာ က တော့.. လက်ခံ ပါ သည်။ အခုခေတ် ကလေး တွေ မှာ..ဖျော်ဖြေစရာ ပစ္စည်း ကိရိယာ.. အသုံးခံ တွေ..များလွန်း လှ သည်။  အဲဒီ တော့ လည်း..ဘ၀င် မကျ တာတွေ..အသာ ထား ပြီး.. ကိုယ် ကြီးပြင်းလာရာ လမ်း တလျှောက် က.. ကာတွန်း လေး တွေ အကြောင်း သာ..စိတ်ချမ်းချမ်း သာသာ နဲ့.. ဆက်တွေး ပြစ် လိုက် သည်။

ကိုယ် တို့ တွေ.. နည်း နည်း ကြီး လာတော့..“တေဇ”  တို့ “ ရွှင်ပြုံး”  တို့ အပြင်...“ မိုးသောက်ပန်း”  ဆိုတာ လေး ပေါ်လာ သည်။  “ ကလင်.. ကလင်..ကလင် ” ဆိုတဲ့.. စာအုပ်ကိုယ်စားလှယ် အိမ်က.. အမ ကြီး ရဲ့ ...စက်ဘီး ဘဲလ် သံ လေး  ..အိမ်ရှေ့က ကြားတာနဲ့..   စာအုပ် ကလေး တွေ ..ပြေးထွက် ယူ ရင်း .. ရင်ခုန် ပျော်ရွှင် ခဲ့ ရတဲ့.. ရိုးရိုး ရှင်းရှင်း ငယ်ဘ၀ တွေ က .. တကယ့်ကို လွမ်း စရာ..။

အဲဒီ တုန်းက.. မိုးသောက်ပန်း ထဲ မှာ.. ကာတွန်း ပိုးဇာ ရဲ့.... လေးလေး မောင်မောင်ဇာ တူအရီး စီးရီးတွေ  မတိုင် ခင် .. ကလေး ကြီး အရွယ်တွေ ဖတ်ဖို့.. ဇာတ်ကောင်လေး တွေ ရှိဖူး သေး သည်။“ ငြိမ်းသွဲ့ ကို”  နဲ့...ညီအမ တွေ အကြောင်း..။ ကျန်တဲ့ ညီမ တွေ က တော့.. ဘာ “ကို” တွေ လည်း... သိပ် မမှတ်မိ တော့..။ လေးမွန် ထွေးမွန် လောက်.. လျှာမစွဲ.. လူကြိုက် မများ တာ တော့..သေချာ သည်။ ကိုယ်တွေ ကလည်း.. မောင်နှမ ၀မ်းကွဲ တွေ လေးငါး ဆယ်ယောက် ..တခြံ တည်း တစု တဝေး နေ ကြ တော့.. စာအုပ် အသစ် ရောက်ပြီ ဆိုတာ နဲ့.. သူ့ထက် ငါ ဦး .. လုယက် ဖတ် ကြ ရ တဲ့..ဘ၀ ကလေး က.. ခု နေ ပြန် တွေး တော့..ရီချင်..ပြုံးချင်..လွမ်းချင်စရာ ရယ်..။  ပြီးရင် တော့ .. အဲဒီ စာအုပ် တွေကို.. လစဉ်.. မျိုးတူ ရာ.. စုပြီး တွဲချုပ် အဖုံး ဖုံး.. ခေါင်းစည်း ထိုး..အမှတ်စဉ် ထိုး ရ တဲ့ အလုပ်ကို.. ရေးကြီး ခွင်ကျယ် မဟာ တာဝန် ကြီး လို ထင် ပြီး.. အိမ်က..စာအုပ်စင် ပုပု လေး ကို..ဥစ္စာခြောက် သူက.. ဘယ်သူ ရှိ မတုန်း..။

တလ မှ.. တအုပ် စ  နှစ်အုပ်စ စောင့်ဖတ် ရ တဲ့...ကလေး စာစဉ် တွေ နဲ့ တင် .. သူတို့.. မောင်နှမ  တွေ.. မလုံ လောက် ပါချေ။ ဒီလို နဲ့ ..နွေရာသီ ကျောင်းပိတ် ရက် တွေ မှာ.. လမ်းထိပ်က..စာအုပ်ဆိုင် ကို သွားပြီး.. တရက်.. တမတ် တန်.. ကာတွန်း ရုပ်ပြ အဟောင်း လေး တွေ.. ငှါးဖတ် တတ်လာ ပြန် သည်။ ရုပ်ပြ ကာတွန်း လုံးချင်း တွေ ထဲ မှာ..သူတို့ အသဲစွဲ  ကြ တာ တွေက.. ကာတွန်း- သန်းကြွယ် ရဲ့.. “မာတလိ”  တို့.. “ ဖိုးဝ” တို့...။ နောက်.. ကာတွန်း - အောင်ရှိန် ရဲ့.. “ခင်မောင်သိန်းထွန်းဝင်း..ဦးကပ်စီး.” တူအရီး..နဲ့  ဦး ရှံစား..။  “ဦးစိတ်တို”  နဲ့..“မျောက်ညို” .။  တီထွင်ပါရဂူ ဖိုးဆိတ်ဖြူ... အင်း..ပြန်စဉ်းစား ရင်း ထွက်လာလိုက် တာ..မနည်း မနော ပါလား..။

တရက် မှာတော့.. သူတို့ မောင်နှမ တွေ.. စာအုပ်ဆိုင် က..အပြန်မှာ..ခေါင်းချင်းဆိုင်ပြီး.. အကြီးအကျယ် ဆွေးနွေး ဖို့ ကိစ္စ တခု ပါလာ ခဲ့ သည် ။ အဲဒီ ည က..စ ပြီး.. စာအုပ် ဆိုင် ရဲ့.. ခပ်မြင့်မြင့် တန်းပေါ် မှာ.. ချိတ်ထားတဲ့..ကာတွန်း သန်းကြွယ် ရဲ့.. “ အသေ အလဲ ရွှေမဲ တိုက်ပွဲ ” ဆိုတဲ့..တလက်မ ကျော် လောက် ထူတဲ့.. လုံးချင်း ကာတွန်း စာအုပ် ကြီး ကို.. တရက် ၂ ကျပ် နဲ့..ဘယ်လို ငှားဖတ် ကြ မလည်း ဆိုတာ က..သူတို့ ရဲ့.. အရေးကြီးတဲ့..အာဂျန်ဒါ တခု ဖြစ် သွား တော့ တယ် ။ သိပ် အကြာ ကြီး တော့..မစောင့် လိုက်ရ ပါဘူး...။ တယောက် တမတ်.. သူတို့ လက် နဲ့ ပဲ.. အာရပ်စော်ဘွားကြီး တွေ ဇတ်ရံလုပ် ထားတဲ့... သဲထိတ် ရင်ဖို စွန့်စားခန်း ကာတွန်းစာအုပ် ကြီး..သူတို့ လက်ထဲ ပါလာ ခဲ့....အဲ့....အဲ့... အဲ့....

သန်းကြွယ် ရဲ့ စွန့်စားခန်း ကာတွန်း တွေ မှာ.. ဇတ်ကောင် တွေ  ဖြစ် လေ့ ရှိ သလိုမျိုး .. စကားမဆုံးခင်...  အဲ့.. အဲ့.. ဖြစ်သွား ရတာ ကတော့.. သူတို့ မောင်နှမ တွေ..လု ဖတ်ရင်း.. ရှေ့ဆုံး စာရွက် တရွက် ပြဲ သွားလို့... အိမ်က လူကြီးတွေ က စိုက်ပြီး.. ၅ ကျပ် အလျော် ပေး လိုက် ရ တာ ပါပဲ..  အဲ.. အဲ..း))

အတွေး တွေ နဲ့ ..ပြန်ပြီး ပြုံးပျော် သွားရင်း.. ကဲ.. အခု ဖဘ က.. ပရိုဖိုင်းလ် အတွက်..သန်းကြွယ် ကာတွန်း လေး တင်မယ် ဆို.. ရှာကြည့် တော့..ဘယ်မှာမှ မတွေ့ တော့ဘူး..။ အဲဒါ နဲ့.. သန်းကြွယ် ထက် တဆင့်တက် ပြီး..လူကြီး ဆန်ဆန် ဟာသ တွေ..ဒိုင်တွေ နားလည် တတ်စ ပြု ချိန် မှာ.. အသဲစွဲ ကြိုက် ခဲ့ တဲ့.. ကာတွန်း- တင်အောင်နီ ရဲ့.. ပြာဂလောင်..ပြာလချောင် ဆီ ကို.. ရောက် သွား ပြန် တယ်။ တင်အောင် နီ ရဲ့ ကာတွန်း တွေ က.. အတွေးအခေါ် အားကောင်း မှ.. ရီ နိုင် တာ မျိုးပါ..။ တံတွေး စင် လို့.. ထီးလေး မိုးပြီး.. ဖြတ်သွားတဲ့..ပုရွက်ဆိတ် ကလေး လို မျိုး.. အားဖြည့် ဇာတ်ရံ တွေ တပုံတပင် ကြားမှာ .. မူလ ဇတ်ကောင် ပြာလောင် ထက် ပို ပြီး ..နှစ်သက် မိ တာက.. ကိုထူးဆန်း..ခင်ချောဆွိ တို့  ရဲ့ ရင်နှစ် သည်းခြာ..အမြွာ ညီအကို..ပြာဂလောင် ပြာလချောင် ကို ပေါ့..။ အိမ်မှာ လူကြီး တွေ မရှိ တုန်း..အဆော့လွန်ပြီး.. အောက်ကို ပြုတ်ကျ သွားတဲ့.. ဗီးနပ်စ် ရုပ်တု ကို .. လက် တဖက် ပြုတ် သွားတယ် ထင်ပြီး.. လူကြီး တွေ ပြန်မလာခင်.. ဂျုံမုန့် တွေ  ရေနဲ့ ဖျော် ပြီး ..လက်တဖက် ပြန်တပ် ထား ကြ တဲ့.. ညဏ်ကြီးရှင်  အမြွှာညီနောင် နဲ့..အပေါင်းအပါ.. သံခဲ..အကောက်..ရာမ တို့ သူငယ်ချင်း .. တအုပ်.. ။
ချစ်စရာ ကောင်းတာက..ကာတွန်း ဆရာက.. မြန်မာ့ ယဉ်ကျေးမူ လူ့အသိုင်းအ၀ိုင်း ပုံစံ လေး ကို ကိုယ်စား ပြု ထား ပုံလေး ။ ကုလားလေး က.. ရာမ.. ။ တရုတ်ကလေး က.. အကောက်.. ။ ယောင်ပေစူး နဲ့ တောသားလေး က..သံခဲ..။ ဘယ်လောက် multi-cultured ဖြစ် သလည်း နော်..။





အဲဒီ လို ပါပဲ..။  ကလေး ကာတွန်း ကနေ.. ရုပ်ပြ ကာတွန်း တွေ တဆင့် ဖတ် တတ်လာ တော့ လည်း.. တိုင်းရင်း သား တွေ ဆိုတာ..စုံလိုက် သမှ..။ မဆလ ခေတ်ကြီး ရဲ့.. “ အကျိုးပြု” ဆို တဲ့..အနုပညာ စာပေ သတ်မှတ်ချက် တခု ကို...လိုက်နာ ခြင်း ပေ ပဲ လား..။ တမင် များ.. အရွဲ့ တိုက် လေ သလား မဆို နိုင်..။ ရခိုင် လေး...စံရွှေမြင့်.. ကရင်မလေး..နော်ကူးမ.. ။ ကာတွန်း သိုက်ထွန်း ရဲ့.. တောပုန်း ..လူဆိုး ဇာတ်လိုက်..စောဂျင်မီ နဲ့.. ရဲစုံထောက်မလေး..နီနီမာ  ဆိုရင်..ခုနေ ပြန်စဉ်းစား ကြည့် တော့.. KNU လိုလို ဘာလိုလို..။ အဲဒီ တုန်းက.. ဖတ်လေ့ ရှိ တဲ့..တခြား ရုပ်ပြ တွေ ဆို.. မိုက်မိုက်( ပြည်)..သူ့ပန်းချီ  တွေ က..ကိုယ်ပိုင် ဟန် ရှိ သည်။ ပန်းချီ တောင် ပိုဆန် သလို..။ နောက်.. အရုပ်လေး တွေ လှလွန်း လို့.. လိုက် တုပြီး..ကူးဆွဲ လေ့ ရှိတာ က..ပန်းချီ- စောနန်း ရဲ့... လက်ရာ လေး တွေ..။ ရုပ်ရှင် ပိတ်ကား ပေါ် ထိ ရောက်သွား တာ ကတော့.. နေကျောက်ခဲ ပေါ့..။ ဘယ်လောက် တောင် ပေါက်သလည်း ဆို.. ရပ်ကွက် ထဲက.. နာမယ်ကြီး အရူး ကြီး တယောက် နာမယ် ဟာ ..နေကျောက်ခဲ လို့ .. တွင်ခဲ့ တဲ့ အထိ..။ နန်းဦး တို့..မင်းသိုက် တို့ ဆို တဲ့.. ရုပ်ပြ တွေ ကျ တော့..ရောင်းတမ်း သိပ်ဆန် သွား လို့ . မဖတ် ဖြစ် တော့..။ ရောင်းတမ်း ကာတွန်း ဆို တာ... အဲဒီ တုန်းက တော့.. သေချာ မသိဘူး ပေါ့။ နောက် ပိုင်း.. ပန်းချီ ဆရာ အသိ တယောက်.. ရန်ကုန် တက်သွားပြီး..ကာတွန်း ရုပ်ပြ တွေ မှာ လိုက်ဆွဲ နေ တယ် ဆို တော့ မှ.. သဘော ပေါက် တော့တယ်။ သူ တို့ တွေ က ... နာမယ် ရ ပြီးသား ရုပ်ပြ ဆရာ တွေ အတွက်.. ပန်းခြံ  တို့.. လမ်းပေါ် က.ဖြတ်သွား တဲ့ ကားတို့.. ဘာတို့..အဲဒီ လို..နောက်ခံ ရှုခင်း တွေ ကို.. အုပ်စလိုက်..အခ ယူ ပြီး ဆွဲ ကြ တာ တဲ့ ..။

ကဲ .. Face book က  childhood favorite  ဆိုလို့..ငယ်ကြိုက် ငယ်ချစ် တွေ လျှောက်ဖွ လိုက်တာ.. ကာတွန်း ရော..ရုပ်ပြ ရော..စုံ တကာ စိ သွားတော့ တာပဲ..။
-
ဒါတောင်.. ကာတွန်း- အော်ပီကျယ် တို့.. ဟန်လေး တို့ လို.. ကြီးကြိုက်.. သရော် ကာတွန်း လေး တွေ မပါသေးဘူး။ အခု ကြီး မှ သဘောကျ တာ က..  နိုင်ငံခြား မဂ္ဂဇင်း ..ဆောင်းပါး တွေ မှာ သုံးလေ့ ရှိတဲ့ .. သရုပ်ဖော်.. ကာတွန်း လေး တွေ ..။နိုင်ငံရေး သရော် ကာတွန်း လေး တွေ ဆို... များသော အားဖြင့်.. Caricature လေးတွေ နဲ့ လေ..။ ခုတလော ဆို .. အတိုက်အခံ အင်တာနက် စာမျက်နှာ တွေ မှာ အဲဒီလို.. သရော်စာ လေး တွေ နဲ့  တွဲ လို့.. သရော် ကာတွန်းတွေ လည်း .. ခပ်စိပ်စိပ် တွေ့လာရ တယ်။ ဟန်လေး အပြင်.. မိုးမခ မှာ ဆို..မောင်ရစ်..စောငို..ဘိရုမာ..  စသဖြင့် ...

တခါ တော့..အားကျ မခံ.. Weekly Eleven မှာ ရေးဖြစ်တဲ့..ဆောင်းပါး လေး တပုဒ် ကို.. အဲဒီလို ကာတွန်းလေး သုံးမယ် ဆိုပြီး.... တကယ့် ကော်မာရှယ် ကာတွန်းဆရာ တယောက် ရှာလိုက်တာ..ကိုယ့် အိမ် ထဲ တင် သွားတွေ့ တော့တာပဲ..။း)  အဲဒါနဲ့... ကိုယ့် အမ .. ကလျာမိတေ  ကို..ကာတွန်း တခန်း အပ်လိုက်ပြီး...Eleven  ကိုလည်း.. ကြိုပြောလိုက်တယ်။ ကျမ ဆောင်းပါး အတွက်..သရုပ်ဖော် ပုံပါ.. ပေးပါ့မယ် လို့...။ သူ တို့ ကလည်း.. ထဲ့ပေးရှာ ပါတယ်။ 




ဧပြီ ၂၀၀၇ .. Weekly Eleven ပါ.. ဆောင်းပါးလေး.. 



ကာတွန်း တွေ နဲ့.. ကာတွန်း ဆရာ တွေ ရဲ့.. စွမ်းအား နဲ့.. သက်ရောက် လွှမ်းမိုးမူ တွေ က.. တကယ်တော့.. မသေး လှ ပါဘူး။ ၀ယ် ဖတ်မယ်လို့  တေးမှတ် ထား ပြီး.. မဖတ် ဖြစ် သေးတဲ့.. စိတ်ဝင်စား စရာ ကာတွန်းလေး တအုပ် ရှိသေးတယ်။ အဲဒါက.. လွန်ခဲ့တဲ့..နှစ် ပိုင်း က .. ပုံနှိပ်ဖြန့်ချီ သွားတဲ့.. Guy Delisle  ဆိုတဲ့..ဗမာပြည်ရောက် သံတမန် မိသားစု ၀င် ကာတွန်း ပညာရှင် တယောက် ရဲ့..  Burma Chronicles ဆိုတဲ့..ကာတွန်း စာအုပ် ကလေး ပါ။ သူ့ အမျိုးသမီး တာဝန် ထမ်း တဲ့..ဗမာပြည်မှာ လိုက် နေရင်း.. အိမ်ရှင်ထီး ဘ၀ နဲ့.. ဗမာပြည်..ရန်ကုန် တကြော..သူတွေ့ ကြုံ မြင်သိ ခဲ့တာလေး တွေ ကို...ဘယ်လို သရုပ်ဖော် ထား သလည်း ဆိုတာ..သိချင် စိတ်ဝင် စားနေ မိ သည် ။ မျက်နှာဖုံးက.. ကလေး လက်တွန်းလှည်း လေး တွန်း နေတဲ့.. အမျိုးသား က.. ကာတွန်း ဆရာ ကိုယ်တိုင် ပင် ဖြစ်ပေ လိမ့် မည်။


 

မိတ်ဆွေ ကာတွန်း ဆရာ တယောက်က.. အဖော်စပ် လာတယ်။ အခုခေတ် နိုင်ငံခြားမှာ ကြီးပြင်းတဲ့ ကလေး တွေ အပါအ၀င်.. မြန်မာ ကလေး သူရွယ်..မျိုးဆက်သစ် လေး တွေ အတွက်.. ရှစ်လေးလုံး အရေးတော်ပုံ ကာတွန်း ကြီး တခု လောက် လုပ်ချင် တယ်တဲ့..။ သူ့စိတ်ကူး လေး က..ကောင်းပါတယ်။ ဒါပေမဲ့.. အတော်တော့..မလွယ် ဘူး ထင်သည်။ ၀ိုင်းဝန်း စုစည်း ပြီး လုပ်ကြ ရင် တော့.. အကျိုးများ ဖွယ် .. ကာတွန်း တအုပ် ဖြစ်လာ ပေ လိမ့် မည်..။

( လွန်ခဲ့တဲ့..၂ ပတ်ကျော်  ကတည်းက..စ  ထားမိ တဲ့..စာ ကို..  အာရုံများ..စိတ်များ နေ လို့.. ပြစ်ထားမိ ရာက.. လက်စသတ် ပြီး.. အသစ်မတင်တာ ကြာပီ ဖြစ်သော..ဘလော့ဂ် လေး အား... ဆိုင်ပြန်ခင်း လိုက်ပါတယ်.. ။ အပေါင်းအဖော် ဘလော့ဂါ တွေ တော်တော်များများ.. ဘလော့ဂ်မှာ စာမရေး ကြ တော့ပဲ....Face book မှာပဲ... ရေးကျ အော်ကျ ..ရီကျ..မောကျ လုပ် နေ ကြ တော့.. ကိုယ်က နောက် ဖူးတယ်။ ဖဘ ကို သွားရ တာ..ဈေးထဲ သွားသလို ခံစား ရပြီး.. ဖဘ မှာ ရေး ရ တာလည်း..ဈေးထဲ မှာ..ဆိုင်ဖွင့် ရ သလို ပဲ .. ဘလော့ဂ် က တော့..ကိုယ့်အိမ်ရှေ့  ကိုယ် ခင်း ထားတဲ့.. အိမ်ဆိုင် ကလေး နဲ့ ပိုတူ တယ် လို့...။း)  ဒါပေမဲ့..ဖဘ မှာ ဆိုရင် ..မြန်မာပြည် ထဲက..ဖတ်လို့ လွယ်ကူ တာ လေး ကတော့.. အဆင်ပြေလှ သည်။ )


◦
Share/Bookmark

ရန်ကုန်တက္ကသိုလ် မဂ္ဂဇင်းထဲက..အမှတ်တရလေးများ

ရန်ကုန် တက္ကသိုလ် နှစ်လည် မဂ္ဂဇင်း ကို ပြန်လှန် မိရင်း.. တွေ့ တဲ့.. မနော် ရဲ့ ကဗျာလေး ပါ..တင်ပေးလိုက်တယ်။


Photobucket


ဒါကတော့.. ကိုယ့် အမ.. ကာတွန်းဆရာမ.. ကလျာမိတေ ရဲ့.. ကာတွန်းလေး..။ အဲဒီတုန်းက..သူ လည်း ကျောင်းပြီးကာစ.. ပေါ့..။ အဲဒီ အချိန်က လူငယ် တွေ အားလုံး ရဲ့ ပစ္စက္ခ အခြေအနေ ကို.. ရီစရာ လုပ် ပြစ် ခဲ့တဲ့..ကာတွန်း လေးပေါ့...။



Photobucket

◦
Share/Bookmark

သီတင်းကျွတ်အလွမ်း

ခြံတံခါးလေး ပိတ်ဖို့ အပြင် ထွက်လိုက်တော့..လရောင်က..၀င်းဖြဖြ။ ကောင်းကင် မော့ကြည့်တော့မှ.. လပြည့် ကာနီး ပြီ ဆိုတာ..အသေအချာ သတိ ရ လိုက်သည်။ သီတင်းကျွတ်လပြည့် ပြီ လေ။

လပြည့်တကာ့ လပြည့် တွေထဲ မှာ..သီတင်းကျွတ်လပြည့်ကို အချစ်ဆုံး။ ရာသီ တကာ့ ရာသီ တွေ ထဲမှာမှ.. သီတင်းကျွတ်လ ရဲ့ ကောင်းကင်ကြီး ကိုက..အကြည်လင်ဆုံး။ ပွဲတော်တကာ့ ၁၂လ ရာသီ ပွဲ တော် တွေ ထဲမှာ ဆိုရင်လည်း.. မီးထွန်း ပွဲ တော်ကို ပဲ..အပျော်ရွှင် ဆုံး။ ဒီ လ ဒီအချိန် တွေက..သူ့ရဲ့ ဆုံမှတ်တွေ.. ဦးတည် သတ်မှတ်ဖို့ အခြင်းအရာတွေ..။ ဒါပေမဲ့..ဒီ တနှစ် လည်း..သူ ချစ်တဲ့ မြေနီနီ ဖုန်ထူထူ သီတင်းကျွတ်လေး ဆီ မပြန် ဖြစ်သေး။

ခုချိန် လောက် ဆိုရင်တော့..သူ့ အမ တွေ..တူ-တူမတွေ တသိုက်ကြီး နဲ့..ဖုန်ထူ သီတင်းကျွတ်လေး ဆီ..ဦးတည်သွား နေ ကြ လောက်ပြီ။ အရင့် အရင် တွေ တုန်းကတော့..သူ လည်း ပါနေကျ ပေါ့။ မြို့တော်ကြီး ဆီ ကနေ.. တနှစ် တခါ ဆိုသလို မျိုးတော့ လူကြီး မိဘ တွေ ဆီ ပြန်လာ ကန်တော့ ဖြစ်ရင်း..အစဉ်အလာ တခုကို.. ကြည်နူးစွာ..ထိန်းသိမ်း ဖြစ် ခဲ့သေးသည် ။ တကယ်ဆို..မြို့တော်ကြီး နဲ့..ခပ်ပြပြ မှာ တည်ရှိနေတဲ့..ဖုန်ထူထု မြို့လေးကို..သူ..သံယောဇဉ် သိပ် မရှိဘူးလို့...ထင်နေခဲ့ မိတာ....မှားနေပြီ ထင်သည်။

ဒီဖုန် ထူ မြို့လေး မှာ..ဘုရားပွဲ တော်ကြီး တခု..အထင် အရှား ရှိပေမဲ့..ဘာမှ မစည်ကားလှ တဲ့ မီးထွန်းပွဲလေး နဲ့ ယှဉ်လိုက်ရင်..ဘယ်တုန်းကမှ.. နှစ်နှစ်ခြိုက်ခြိုက် မရှိဖူးခဲ့ဘူး။ ဘုရားပွဲ တော်ရက် တွေ မှာ..ရန်ကုန်မြို့ကြီးက..ဆင်းလာပြီး.. ခန့်ခန့်ကြီး ဧည့်သည်လုပ်တတ်တဲ့ မြို့ကြီးသား တွေ.. အဆိုတော်..မနူးမနပ် တွေကို မျက်စိ နောက်လွန်း လို့.. အိမ်တွင်းပုန်းခဲ့ သမျှ.. သီတင်းကျွတ်ည တွေ ရောက် မှပဲ..အေးအေးချမ်းချမ်း .. လမ်းပေါ် ထွက် ဖြစ် ရတာ လေ..။

ငယ်ငယ်က ဆို.. သီတင်းကျွတ် ကို..ပထမ အစမ်း ပြီး တဲ့ ကျောင်းပိတ်ရက် တခု မို့ ကို ..ပိုပြီး ပျော် ရွှင် တတ် ခဲ့တာ ။ နောက်ဆုံး ဘာသာ ဖြေပြီးတာနဲ့.. အိမ်ကို အပြေးပြန်ပြီး.. ရွှံ တွေခူး ရတယ်။ ရွှံတုံးလေး တလုံး လုံး..လက်ကလေး နဲ့ ပြား..ပြီး- အလယ်ခေါင် ကို..လက်ညှိုးလေး ထိုးပြီး အရာပေး လိုက်ရင်.. ဖယောင်းတိုင် ထဲ့ စိုက် ဖို့..အခံ တုံးလေး တွေ ရပြီပေါ့။ ဖေဖေက.. ၀ါး ခွေလေး တွေ နဲ့ မီးပုံး တွေ ချိုးပေး ထားတယ်။ ရိုးရိုး မှန်ကြည် စက္ကူ ရောင်စုံ လေး တွေ ကို..ပတ် ၀ိုင်း ပြီး..ကော် နဲ့ကပ် လိုက်တော့.. ကိုယ်တိုင် လုပ်တဲ့..မီးပုံး လေး တွေ ဖြစ်လာပါရော။ ဆိုင်က ၀ယ် ရတဲ့..ဂျပန် မီးပုံး လှလှ လေး တွေ ကိုတော့..သေတ္တာထဲ က..သေသေချာချာ ထုတ်ပြီး..အမြင့် ဆုံး နေရာ မှာ..ထွန်းရ တယ်။ လေး ငါး ဆယ်ခု ပဲ ရှိတာ ဆိုတော့.. မီးမကျွမ်းအောင်..အမြဲ ဂရုစိုက် ကြည့် နေ ရ တတ်တာမျိုး။ အဲဒါ နဲ့ မှ..အားမရ သေးရင်.. ပို နေတဲ့ ရွှံ တွေကို..လက်ဝါး လောက် အပြားထူထူ ကြီး လုပ်.. ဗန်ဒါ ရွက် နုနု လေး တွေ ခူး ပြီး..အရွက် ချင်း ယှက် ပြီး..အရိုးညှာလေးတွေ..ထောင်စိုက် လိုက် တော့.. သဘာဝ မီးပုံးလေး တွေ..လှမှလှ။

အိမ်ရှေ့ လမ်းပေါ် တက်ပြီး..ကိုယ့် အိမ်ကို ပြန် ငေး ပြီး မီးအလှ ကြည့် ရတာ လည်း..အမော။ ပြီးရင်..ကလေး တွေရော..ကလေး မဟုတ်..လူကြီးမဟုတ်တွေရော..စက်ဘီး စီးပြီး..တသိုက်ကြီး.. မြို့ကို ပတ်။ အမျိုးတွေ ကို လိုက် ကန်တော့။ မုန့်ဘိုး တောင်း။ တခါတလေ..ကိုယ် ကန်တော့တဲ့ မုန့်ကို..ကိုယ် တွေပဲ ပြန်ကျွေးလိုက် ရင်.. လောက်တောင် မလောက်။ ဟိုး..အဘိုး နဲ့ အဘွား ရှိ တုန်းက ဆို..သူတို့ စာသင် ပေးခဲ့တဲ့..ရွာ ၃ ရွာက..ရွာလုံးကျွတ်..လှည်းကြီး တွေ နဲ့..လာကန်တော့တာ။ ခုနေ ပြန်ပြော ရင်..ယုံကြမှာ တောင် မဟုတ်ဘူး။ တလမ်းလုံး အပြည့် လှည်းကြီး တွေ..တန်းစီ ပြီး ..ကန်တော့ဖို့ စောင့်ကြ ရ တာ။ အဲဒီ သီတင်းကျွတ် ကန်တော့တဲ့..စပါးတွေ ဆိုတာ..အဘွားတို့..တနှစ်လုံး စားလို့တောင် မကုန်။ မုန့်ဖက်ထုပ် ဆိုတာ..တင်းတောင်းကြီး တွေနဲ့။ သူတို့ ကလေး တွေက.. ဘယ်လို စားလည်း ဆိုတော့.. ဖက် ကိုဖြေ..အလယ်က..ပဲ အနှစ်..သကြား အနှစ်တွေပဲ စားပြီး...မုန့်သား အဖြူ တွေကို..ဒီအတိုင်း..လွှင့်ပစ်တာပဲ။ အဲဒီလို ဂါရ၀ တရားတွေ..နွေး ထွေး တဲ့ ..ဆက်ဆံမူတွေ.. ရက်ရော တဲ့ ကြည်ဖြူမူ တွေ ကို.. သတိ ရ လိုက်ပါဘိတော့။

ပျော်ရွှင် လွတ်လပ် တဲ့ ကလေး ဘ၀ သီတင်းကျွတ် တွေ ပြီးတော့..ရန်ခုန် ကြည်နူး ရတဲ့.. ဆယ်ကျော်သက် သီတင်းကျွတ်တွေ လည်း..ထို နည်း ၄င်း ပါပဲ။ နဲနဲ လေး ပိုတာက..သီတင်းကျွတ်မှာ..ပြန်ပြန်လာကြတဲ့.. အဝေးရောက်နေတဲ့ မိသားစု တွေ..အထူး သဖြင့်..အထက ကျောင်းကြီးက..အာစရိယ ပူဇော်ပွဲ ကို ပြန်လာတဲ့..ဖေဖေ တို့ မေမေ တို့ မိတ်ဆွေ..သူငယ်ချင်းတွေ..။ သူတို့နဲ့ အတူ ပါလာ တတ်တဲ့..ရွယ်တူ ကောင်လေး..ကောင်မလေး တွေ..။ ဘုရားပွဲ တော်ရက် က..လာတဲ့ ရန်ကုန်သားတွေ ကို ကြည့်မရ ပေမဲ့..သီတင်းကျွတ် ကျောင်းပိတ်ရက် မှာ ရောက်လာ ကြတဲ့..ဧည့်သည် တော်လေး များကတော့.. စိတ်ကူးယဉ်စရာ လေး တွေပေါ့။း)

ဖုန်ထူမြို့ကလေး ကို ကျောပေး ရပ်နေခဲ့တဲ့..စူပုပ်ပုပ် ကောင်မလေး တယောက်ကတော့.. သီတင်းကျွတ်ပေါင်း များစွာ ကို.. ကျော်ဖြတ်လို့.. အပြုံးတု တွေ တောင်..ကောင်းကောင်း အသုံးချ တတ် နေ ပေပြီ။ မဝေးသေးတဲ့ အချိန်တခုက တောင်.. အပြုံးတု တချို့ အိမ်ပြန်လက်ဆောင်သယ်သွားရင်း ...ဖုန်နံ့လေး တွေ ပြန်လည် ရှု ရှိုက် ဖြစ်ခဲ့ တဲ့.. သီတင်းကျွတ်ကလေး တခု ကို ..သတိ ရနေ မိ သေးသည်။ ကိုယ် တိုင် က တော့..ဧည့်သည် တော်ကြီး ဖြစ်နေခဲ့ပြီ လေ။

လမ်းလေး ထဲမှာ..တချို့လူသစ်တွေ ကို မသိတော့.. ကလေးတွေ ကလည်း.. ကြီးတာ မြန်လိုက် ကြတာ..။ အိမ်ပေါ် ထပ်က..သေတ္တာတွေ ထဲမှာ..ငယ်ငယ်က..ချိုးခဲ့တဲ့..ရောင်စုံ မီးပုံး အကြည်လေး တွေ ကတော့..ကော်တွေနဲ့မို့..ပိုးကိုက် ကုန်ပြီပေါ့။ အစဉ် အဆက် သိမ်းထား ခဲ့တဲ့..ဂျပန် မီးပုံးလေး တွေ တော့..ရှိနေသေးသည်။ ဒါပေမဲ့..တရုတ် လျှပ်စစ် မီးကြိုး ရောင်စုံ လေး တွေက..ပို မလှလား..ပိုမလွယ်လား..။ အသီးလေး တွေ..အရွက်ကလေး တွေ နဲ့။ အိမ်ပုံလေးတွေ.. စန်တာကလေ့ ပုံလေး တွေ..စုံ----- လို့။



မုန့်ဖက်ထုတ် တထုတ် ဖြေစား ကြည့် တော့.. သကြား တွေ နဲသွားသလိုပဲ။ စားလို့ လည်း သိပ် မကောင်းတော့ ပေမဲ့..လွှင့်တော့..မပြစ် ရက်။ အိမ်ရှေ့လမ်း ပေါ် မှာတော့..တူတွေတူမတွေရော..တခြား ကလေး တွေရော..ဗျောက်အိုး တွေ..အသားကုန် ဖောက်နေ ကြသည်။ တော်ကြပါတော့ကွယ်..နားတွေ တောင်..အူနေပြီ။ နဲနဲပါးပါး လည်း မဟုတ်..။ မီးရှူးတွေက လည်း အမျိုးစုံ။ သူတို့ကို ရပ်ကြည့် နေတုန်း ..ရှူးကနဲ..ဖြစ် သွားတဲ့..ဗျောက်အိုး အသေ တခုကို..တူမောင်က..အားမလို အားမရ ကြည့်ရင်း..` အဲဒီ အနီပတ် နဲ့ဟာက..မှားဝယ်လာမိတာ..မကောင်းဘူး..တရုတ် ဗျောက်အိုးကမှ..အကျယ်ကြီး ပေါက်တာ ကွ.. ´ ဆိုပဲ။


လမ်း လေး ထဲ မှာတော့..တချို့အိမ်လေး တွေ လည်း..ရိုးရိုး ရှင်းရှင်း မီးထွန်း လို့.. တချို့အိမ် တွေ ကတော့..လှလှ ပပ ဆန်းဆန်းပြားပြား .. တချို့ အိမ် တွေကတော့.. ဘာမီး မှတောင်..မလင်း ။ လမ်းထဲက..ဆွမ်းရုံလေး မှာ..သီတင်းကျွတ် ဆွမ်းလောင်းဖို့.. ချက်ပြုတ် ထုပ်ပိုး နေကြတဲ့..ငယ်ပေါင်း ကြီးဖော်..လမ်းသူလမ်းသား တွေ ။ သူငယ်ငယ် က..ချီပိုး ထိန်းကျောင်းခဲ့တဲ့..မ--- တို့ ညီအမ အပျို ကြီး တသိုက် လည်း..ကြည့်ပါ ဦးတော့။ ဆံပင် တွေ ဖြူ ကုန်ပြီ ။ ဒါပေမဲ့..အရင် အတိုင်း.. ပျော်တတ်..အော်တတ်..ကူညီ တတ် တုန်း။
` ဟေး....လာ ဟေ့.. အမယ် ---- ကြီးက တကယ့် လူကြီး- ကြီး ကို ဖြစ်လို့..ခုည.. ကြက်သား ဆန်ပြုတ် ... လာ..လာ.. ကြက်သွန် ကူ နွှာ.. ´

`ဟယ့်..နင်က..အခု ဘယ်မှာ..´ လို့ မေးလာတဲ့..စပ်စု တတ်တဲ့..ဟို လမ်းထိပ် အိမ် က..အမ ကြီး ကလည်း..ပါးစပ် အဟောင်းသား နဲ့။ ဒီ လမ်းသား မဟုတ်တဲ့..ဘယ်က မှန်း မသိ တဲ့..လူကြီး တယောက် ကတော့.. ဘာမှန်း မသိ..ညာမှန်း မသိ..` အော်- နေပြည်တော် ရောက်နေတာလား..´ တဲ့။ ကဲ- မှတ်ကရော။

ဘာပဲ ပြောပြော..နွေးထွေးမူ တွေ ကတော့.. အရင် အတိုင်း ပါပဲ။ ခင်မင် မူတွေ လည်း..ဒီ အတိုင်း မပြောင်းလဲ..။ ပြောင်း လဲ နေတာက..ပြက္ခဒိန် တွေ ..။
-
ခု- သူ့ရှေ့ က.. ပြက္ခဒိန် မှာ.. ပြသာဒါး ရက်ရာဇာ မပါ။ ဝေနေယျသုခ..ရေချမ်းစင် တံဆိပ် မရှိ။ ဒီနေ့..Tuesday, 14 October လို့ပဲ ပြ ထားတယ်။ ဒါပေမဲ့..သူ သိပါတယ်။ ဒီနေ့.. သီတင်းကျွတ် လပြည့် ၁၅ ရက်။ ဥပုပ် အခါတော် နေ့။ ဂေါတမ မြတ်စွာ...နတ်ပြည်မှာ ရှိတဲ့ မယ်တော်ကို.. တရားဦး ဟော ပြီး..လူ့ပြည် ကို ပြန်ကြွ လာတဲ့ နေ့။ ကလေး တယောက် ပျော်ရွှင် ခဲ့တဲ့ နေ့။ ကောင်မလေး တယောက်.. မီးပုံး လှလှ လေး တွေ ချိတ် ခဲ့တဲ့ နေ့။ မိန်းကလေး တယောက်..မိဘ ဆီ ပြန်လာ လည် တဲ့နေ့။ အမျိုးသမီး တယောက်.. ငေးမော သတိ ရ နေတဲ့..နေ့။

◦
Share/Bookmark

လက်ယာ အန္တရာယ်


ရေးသူ...မိတေဖိုး

ကိုမိုးသီးဇွန် ရဲ့ဘလော့မှာ ကားလမ်း တွေမကောင်းတဲ့ အကြောင်း ခရီးသွား တွေ လုံခြုံ စိတ် ချမှု မရှိ တဲ့ အကြောင်းနဲ့ ဒီမိုကရေစီ ရရင် ဒါတွေ ချက်ချင်း ပြင်ရမယ် ဆိုတာ ဖတ်ရလို့ ဒီမိုကရေစီရရင် ပြင်ရမဲ့ နောက်အချက်ကလေး တစ်ခုကို တင်ပြ ပေးချင်ပါတယ်။

မြန်မာပြည်မှာ အဝေးပြေး ခရီးလမ်း တွေမှာ လက်ယာ ကပ်မောင်း စနစ်ကြောင့် ယဉ်တိုက်မှု တွေ အသက် ဆုံးရှုံးမှုတွေ ပိုမို ဖြစ်စေရတဲ့ အကြောင်းပါ။

နိုင်ငံတကာ မှာတော့ ယဉ်ကြောမှာ လက်ဝဲ ကပ်မောင်း စနစ်ကိုသာ အများစု ကျင့်သုံး ကြပါတယ်။

ဒါကြောင့် ကားတွေမှာ ဒရိုင်ဘာ ထိုင်တဲ့နေရာ ဟာ ကားရဲ့ လက်ယာ ဘက်မှာ ဖြစ်လေ့ ရှိပါတယ်။ (ရှေ့ကားကို ကျော်တက် လိုတဲ့အခါ လက်ယာ ဘက်က ကျော်ရမှာမို့ ပိုမို အဆင်ပြေ စေပါတယ်)

ခရီးသည် အတက် အဆင်းလုပ်တဲ့ အပေါက်ဟာ ကားရဲ့ လက်ဝဲဘက်မှာ ဖောက် ထားပါတယ်။ (လက်ဝဲ ကပ်မောင်း စနစ်ဖြစ်လို့ ဆင်းတဲ့ ခရီးသည် တွေဟာ ကားလမ်းမပေါ် ဆင်းစရာ မလိုပဲ ကားပေါ်က ဆင်းတာနဲ့ လမ်းဘေးကို လုံခြုံ စိတ်ချစွာ ရောက်စေ ပါတယ်။)

ကျမတို့ မြန်မာပြည်မှာ ၁၉၇၁ ခုနှစ်ကစလို့ ဦးနေ၀င်း ရတြာ ခြေမှုကြောင့် ကားယဉ်ကြောမှာ လက်ျာ ကပ်မောင်းစနစ် ဖြစ်ခဲ့ရပါတယ်။(လက်ဝဲ သမားတွေကို နံနှိမ်တာဆိုလား..ဘာလား)

သည်လို ပြောင်းလဲလိုက်တဲ့ စနစ်အောက်မှာ နိုင်ငံခြားက တင်သွင်း လာတဲ့ ကားတွေ (အထူးသဖြင့် အဝေးပြေးလမ်း သုံး ဘတ်စ်ကား တွေ) မှာ ကားတွေရဲ့ဒီဇိုင်း ကို ပြန်မပြင်ပဲ သုံးတဲ့အခါ အလွန် အန္တရာယ် ကြီးနေပါတော့ တယ်။



ကားမောင်းသူဟာ ရှေ့က ကားကို ကျော်တက် ချင်တဲ့အခါ လမ်းကို ရှင်းလင်းစွာ မမြင်ရတော့ပါဘူး။ စပယ်ယာရဲ့ ညွှန်ကြားတဲ့ အသံကိုသာ နားထောင်ပြီး လမ်းရှင်းပြီ ကျော်ဆိုမှ ကျော်ရပါတော့တယ်။ ရှေ့က ကား ကလည်း အချက်ပြ မီးကိုမှန်မှန် မပြ ..စပယ်ယာ ကလည်း လုပ်ငန်းမှာ မကျွမ်းကျင်သူ၊ ပေါ့ဆ သူဖြစ်ရင်၊ ဒရိုင်ဘာဟာ ဂရုစိုက် မောင်းသော်လည်း မတော်တဆ ယဉ်တိုက်မှု တွေ ဖြစ်စေ ပါတော့တယ်။ သည်စနစ်မှာ စပယ်ယာဟာလည်း ကားပေါ်က ခရီးသည်တွေ အဆင်ပြေဖို့ စီစဉ်ရ၊ ယဉ်ကြောကို အာရုံစိုက်ရနဲ့ အလုပ်ပိုတွေ လုပ်ရပါတယ်။ အဝေးပြေး ကားတစ်စီးမှာ အနည်းဆုံး စပယ်ယာ ၂ ယောက် လောက်ပါမှ အလုပ်ဖြစ် ပါတယ်။(လုပ်အား အပို သုံးရခြင်းပါ)



နောက်တချက်... ခရီးသည်တွေ အတက်အဆင်း လုပ်တဲ့ အခါ အပေါက်ဟာ လမ်းဘက် မှာပဲ ဖြစ်နေတာမို့ လမ်းပေါ် ကိုပဲ ဆင်းကြ ရပါတယ်။ နောက်ဘက်က လာတဲ့ကားတွေ နဲ့ တိုက်မိဖို့ ရာခိုင်နှုန်း ကိုးဆယ် သေချာနေ ပါတော့တယ်။ ကလေး မိခင် တွေများဆို အထုပ်အပိုး တဘက် ကိုယ့်ကလေး လမ်းပေါ် တက်သွားမှာ စိုးရိမ်ရတာ တဘက်နဲ့ တော်တော် ဒုက္ခရောက်ရပါတယ်။ မြန်မာပြည်မှာ အဝေးပြေး ခရီးသွားတဲ့ သူတိုင်း ကြုံဖူးမှာပါ။

သည်လို အမှတ်တမဲ့ အရေးမကြီးဘူးလို့ ထင်ရတဲ့ လက်ဝဲ လက်ယာ ပြောင်းပြန် ဖြစ်နေတဲ့ စနစ် တခုကြောင့်ပဲ တနှစ်တနှစ် အသက် ဆုံးရှုံးမှုတွေ ဘယ်လောက် များနေမလဲ။


(စာကြွင်း။............လက်ယာ ကပ်မောင်း စနစ်မှာ ကြီးပြင်း လေ့ကျင့်ခဲ့ရတဲ့ မိတေဖိုး လည်း နိုင်ငံရပ်ခြား တစ်ခု ရောက်ခါစမှာ လမ်းကူးတော့ ကိုယ့်ဘယ်ဘက် ကိုအရင် ကြည့်ပြီး ကားရှင်းပြီ ထင်ပြီး ကူးလိုက်တာ လက်ဝဲ ကပ်မောင်း စနစ်နဲ့ မောင်းလာတဲ့ ကားရဲ့ ဟွန်းသံရှည်ကြီးနဲ့ ဘရိတ်အုပ်သံ အကျယ်ကြီး ကြားလိုက် ရဖူးပါတယ်။ မြန်မာပြည် မှာ လိုတော့ ဒရိုင်ဘာက ခေါင်းထွက်ပြီး ဆဲသွားတာမျိုး မလုပ်သွားလို့ တော်ပါ သေးရဲ့)

Related from other sources:

clipped from www.news.com.au

Around 25 years ago Burma (Myanmar) actually did this in Rangoon (Yangon). They upgraded the bus service with a fleet of second hand buses from Bangkok, ignoring the fact that Thailand drives on the left and Burma on the right. The conductor on the bus stopped traffic while the passengers got on and off. It actually seemed to work, although it represented a major traffic holdup.
Perhaps the state government is thinking of emulating the military junta in Burma?

Posted by: John Denham 9:23am today
Comment 17 of 29

blog it

◦
Share/Bookmark

Free Education and Education Free



ကာတွန်း - ကလျာမိတေ

◦
Share/Bookmark

Who is the Guradian of Righteousness



ကလျာမိတေ ရဲ့...ကာတွန်းကို.. ဒီကနေ ယူလာပါတယ်။


( တရားစောင့်နတ်မင်းကြီးရေ.. ထိုင်စောင့်မနေပါ နဲ့.. သွားပီးလုယူပေးပါတော့။)



◦
Share/Bookmark

Bow Down

အလေး.........ပြု


အာဇာနည်နေ့မှာ..ဘာမှမတင်..ဘာမှမပြောပဲနေကြမည်ဟု..ဘလော့ဂါများ..လက်မောင်းသွေးဖောက်
သစ္စာဆိုထားကြသဖြင့်..အာဇာနည်နေ့အထိမ်းအမှတ်ကလေးကို..ဒီကနေ့မှတင်လိုက်ပါတယ်...

ကိုယ့်လက်ရာတော့မဟုတ်ပါ..ဧည့်သည်တော်ကဏ္ဍအဖြစ်ရှုကြပါကုန်....
တခြားဧည့်သည်မဟုတ်ပါ..ကိုယ့်အမအရင်းခေါက်ခေါက်ဖြစ်ပါသည်...
သူက..ထူးထူးခြားခြား..ဘ၀မှာ..အဖြစ်ချင်ဆုံးက..ကာတွန်းဆရာမတဲ့...
ငယ်ငယ်တည်းက..ကိုယ်နဲ့..ခဲတံလုဖက်..စာအုပ်ဖွက်ဖက်..ပုံဆွဲပြိုင်ဖက်..ရန်ဖြစ်ဖက်..အထက်
အောက်ဖြစ်သမို့..တယောက်အကြောင်းတယောက်အသိဆုံး..။ကိုယ်ငယ်ငယ်တည်းက..စာတွေရေးပီး
ဘယ်ကိုမှမထည့်ရဲရင်..သူကိုယ်တိုင်..မဂ္ဂဇင်းတိုက်ကိုသွားပို့ပေးတတ်သူမို့..သူ့ရဲ့ကာတွန်းဆရာမအိမ်မက်ကိုလည်း..ကိုယ်အမြဲတမ်းအားပေးလျက်ပါပဲ...။
ဒါပေမဲ့..သူဖြစ်ချင်တဲ့..ကာတွန်းလိုင်းက..တမျိုး...
ကိုယ်တို့ငယ်ငယ်က..တေဇရုပ်စုံမှာ..အသဲစွဲခဲ့ရတဲ့..ဦးဘကြည်ရဲ့..ကောက်ကြောင်းပီပီနဲ့..ဆေးရောင်စုံစုံ..ကလေးပညာပေးဇာတ်လမ်းကာတွန်းလေးများကို..သတိတရ..အားကျပါသတဲ့.. ။
မဟော်သဓါဇာတ်တို့..လောဘကြီးတဲ့..သူဌေးကြီးဦးဘောဂတို့..အလုပ်ပျင်းတဲ့မနှင်းလေးကို..သူ့အလိုလိုထမင်းတွေခွံ့လို့..အပူလောင်တာတို့..အိုး..အများကြီးပဲ..အကုန်တော့မမှတ်မိတော့..။ အရမ်းစွဲလမ်းခဲ့ရတဲ့..ကလေး..ကာတွန်းလေးတွေ..။ ဟို..သူငယ်တန်းဖတ်စာအုပ်က..အရုပ်ကလေးတွေလည်း.. ဦးဘကြည်ပဲထင်တယ်..

သူ့ကာတွန်းကတော့..ကယ်ရီကေးချားပိုဆန်တယ်..အရမ်းရုပ်ပြောင်ကြီးမဟုတ်ပေမဲ့..မြင်တာနဲ့..
ဘယ်သူလဲဆိုတာ..တန်းသိနိုင်တဲ့..သူ့လက်ရာက..တမျိုး..။ များသောအားဖြင့်တော့..သူ့ရဲ့ကာတွန်း
ဇာတ်ကောင်တွေက..ကိုယ်တို့ရဲ့..တူ-တူမလေးများပါပဲ.. ။
သူက..ဟိုဟိုဒီဒီလည်းသိပ်မပို့..သူ့ဟာသူဆွဲပီး..သိမ်းထားတာကများများ..(အကြောင်းအရာတွေက
လည်း..ပို့လို့သိပ်မဖြစ်) တလောကတော့..UNICEF ကထုတ်တဲ့..ကျန်းမာရေးပညာပေးကာတွန်း
စာအုပ်ကလေးမှာ..သူဆွဲချင်တဲ့ပုံစံလေးအတိုင်းဆွဲခွင့်ရခဲ့လို့..သဘောတွေကျနေလေရဲ့..

weekly Eleven မှာ..ကိုယ်ရေးတဲ့..နိုင်ငံတကာပညာရေး အကြောင်းလေးမှာလဲ..သူ့ကာတွန်းလေးကို
သုံးဖြစ်ခဲ့တယ်..
ခု..အာဇာနည်နေ့..ကာတွန်းလေးကိုလည်း..ကိုယ့်ရဲ့..New Generation ဆိုတဲ့ ပို့စ်လေးနဲ့..တွဲကြည့်စေချင်ပါတယ်...



( ဇာတ်ကောင်များ..နှင်းပွင့်..ဥာဏ်ကျယ်..နကားလေး..နဲ့..ညိုလုံး..)



























(ကာတွန်း...လေးလေး)

◦
Share/Bookmark