သူ့ ဦးဏှောက်ထဲက ဖိနပ် ... သူ့ ခန္ဓာကိုယ်ထဲက အပ်




အဲဒီ တရုတ်အမျိုးသား ရဲ့ မျက်နှာသွင်ပြင်က မြင်ဖူးနေကြ တရုတ် အမျိုးသားတွေ နဲ့ သိပ်မကွာခြားလှပေမဲ့ ၊ သူ့မျက်နှာပေါ်မှာ ထင်ဟပ်နေတဲ့ တည်ငြိမ်မူ နဲ့ လေးနက်မူက တော့ ၊ အနည်းငယ် ကွဲပြားစွာ ထူးခြားနေသည် ဟု ထင်မိသည်။ ပိုပြီး ထူးခြားတာ က ၊ မဲ့ရွဲ့ ဟစ်ငို နေတဲ့ အရုပ်ဆိုးဆိုးကော်ပတ်ရုပ် ကလေးကို ပခုံးပေါ်မှာ ချီပိုး ထားတဲ့ သူ့ ရဲ့ ဓါတ်ပုံ တပုံ ။ အဲဒီပုံမှာ သူ့ကို ကြည့်ရတာ တီယမ်နမ်မင်း ရင်ပြင် ပေါ်မှာ ၊ ကျောင်းသားလူငယ်တွေကို စကားပြောနေတဲ့ နိုင်ငံရေး တက်ကြွ ဦးဆောင်သူ လျူရှောင်ဘို နဲ့ မတူ ။ တရုတ်ပြည်ရဲ့ ဒီမိုကရေစီ အရေးတွေ နဲ့ တွဲပြီး ကမ္ဘာက ဖော်ပြတဲ့ သတင်းတွေထဲက လျူရှောင်ဘို နဲ့ မတူ ။ နိုဘယ်ဆု ကော်မီတီ ရဲ့ နံရံထက်မှာ ချိတ်ဆွဲ ထားတဲ့ ၊ ဆု တက်ရောက် ယူ ခွင့် မရတဲ့ ၊ ကမ္ဘာ့ငြိမ်းချမ်းရေး ဆုရှင် လျုရှောင်ဘို နဲ့ လည်း မတူ ။ စိတ်ဝင်စားစရာ ကောင်းတာက အဲဒီပုံ ကို ရိုက်ကူးသူဟာ သူ့ ဇနီးသည် ကိုယ်တိုင် ဖြစ်ပြီး ၊ တရုတ်ပြည်ထဲမှာ ပြသခွင့် မရတဲ့ “တိတ်ဆိတ်ခြင်းရဲ့ ခွန်အား” ဆိုတဲ့ ဓါတ်ပုံ ပြပွဲ တခု မှာ ခင်းကျင်း ချိတ်ဆွဲ ထားခဲ့တဲ့ ၊ သူ့ ဇနီးသည် လျုရှောက် ရဲ့ အနုပညာ လက်ရာ များ ထဲက တခု ဖြစ်နေတာပဲ ။ 


လေးထောင့် ၀န်းဝန်း မျက်နှာ ပေါ်မှာ ချိတ်တွယ် ထားတဲ့ ၊ ၈၀-၉၀ ခုနှစ်များဆီက ခေတ်စားခဲ့တဲ့ စတုရန်းကျကျ သတ္တုကိုင်းမျက်မှန်ကြီး ကြောင့် ၊ သူ့ကို ကြည့်ရသည်မှာ ၈၀-၉၀ နှစ်များ ဆီသို့သာ ပြန်ရောက်နေသလို ။ တကယ်လည်း သူ့ ရဲ့ ယုံကြည်ချက် နဲ့ ရပ်တည်ချက် တွေက လွန်ခဲ့တဲ့ နှစ် အစိတ်ကျော်က ဖြစ်ရပ်တွေထဲမှာ နက်နက်ရှိုင်းရှိုင်း စိုက်ဝင် စူးနစ် နေနှင့်ခဲ့ပြီး ပြီ မဟုတ်လား ။ ၁၉၈၉ တရုတ်ပြည်ရဲ့ တီယမ်နမ်မင်း ရင်ပြင် အရေးတော်ပုံ က စလို့ ၂၀၀၈ ပီကင်း အိုလံပစ် ဆန့်ကျင်မူ ကာလ တွေ အထိ ၊ သူ့ရဲ့ ယုံကြည်ချက် စိတ်နှလုံး က ဒီမိုကရေစီ ကနေ တရွေးမှ မလျော့ခဲ့ ။ သူ့ ရဲ့ ရပ်တည်ချက် ခြေအစုံ က တရုတ်ပြည်ကြီးကနေ တဖ၀ါး မှ မခွာခဲ့ ။ 


၁၉၈၉ ခု ဇွန်လ ၄ ရက်နေ့ တီယမ်နမ်မင်း ရင်ပြင်က ဆန္ဒပြ ကျောင်းသားတွေကို စပြီး ဖြိုခွင်းပြီ ဆိုတဲ့ အချိန်မှာ သြစတြေလျ သံအရာရှိ တယောက်က ၊ လျူရှောင်ဘို ကို သူ့ကား နဲ့ ကယ် ထုတ် လာ နိုင်ခဲ့တယ် လို့ သြစတြေလျ အေဘီစီ ရုပ်သံက လွှင့်သွားတဲ့ တွေ့ဆုံခန်းတခုမှာ အဲဒီ သံအရာရှိ ကိုယ်တိုင်က ပြန်ပြောင်း ပြောပြ လေသည် ။ သံရုံးရှေ့ ကို ရောက်တော့ - ကဲ ငါတို့ အထဲ ၀င်ဖို့ တံခါး ပွင့်လိမ့်မယ် . . . ၀င်သွားပြီးတာနဲ့ မင်းဟာ နိုင်ငံရေး ခိုလှုံခွင့် အကျုံးဝင်သွားပြီ . . . ဒီနိုင်ငံကနေ ခွါရလိမ့်မယ် . . . ဒါမှမဟုတ် ဒီ အနားက မင့်ရဲဘော် တွေဆီ သွားပြီး ပုန်းမလား - ဆိုတော့ လျူက ခဏ စဉ်းစားပြီး ၊ ကားပေါ်ကနေ ဆင်းသွားခဲ့ သတဲ့ ။ နောက်တနေ့ ညနေမှာပဲ သူ အဖမ်းခံ လိုက်ရတယ်။ တရုတ်စစ်တပ်က ဖြိုခွင်းဖို့ လုပ်နေတဲ့ အချိန်မှာ ဒီ ရင်ပြင်ထဲက သောင်းပေါင်းများစွာ သော ကျောင်းသား လူငယ် တွေ ကို ငြိမ်းချမ်းစွာ ဆုတ်ခွါဖို့ ပြောဆို စည်းရုံး နိုင်တဲ့ ခေါင်းဆောင် အနည်းငယ်ထဲက တယောက် ဖြစ်တဲ့ လျူ ဟာ ၊ သူ့ ရဲဘော် ကျောင်းသားတွေ အပေါ် မှာ ၊ ဘယ်လိုလုပ်ပြီး လွယ်လွယ်ကူကူ ကျောခိုင်း စွန့် ခွါ ထားခဲ့ နိုင်မလဲ . . . ။

ကိုလံဘီယာ တက္ကသိုလ် မှာ ဧည့်ပညာရှင် တယောက် အနေ နဲ့ ခေတ္တ သွားရောက် နေထိုင်နေတုန်း ၊ တရုတ်ပြည် ကျောင်းသား လှုပ်ရှားမူ ကြီး အမီ အရောက် ပြန်လာခဲ့ တယ်ဆိုတဲ့ လျူ အတွက် ဒီ လှုပ်ရှားမူကြီး နဲ့ ဘယ်လောက်ထိ ထဲထဲဝင်ဝင် ပါဝင် ပတ်သတ်နေ ခဲ့ လေ မလဲ. . . ။ 

တရုတ်အစိုးရ ကတော့ သူ့ကို “လက်မဲကြီး” လို့ နာမယ်တပ်ပြီး လူဆိုးစာရင်း သွင်းပြစ်ခဲ့သည်။ တကယ်တော့ တရုတ်လူမျိုးတွေ ရဲ့ ယဉ်ကျေးမူထဲမှာ ကျယ်ကျယ်ပြန့်ပြန့် နက်နက်ရှိုင်းရှိုင်း ရှိနေတဲ့ ကွန်ဖြူးရှပ် ကို သုံးသပ်ထားတဲ့ စာအုပ် တအုပ်က စလို့ ၊ သူ့ရဲ့ အရေးအသား အယူအဆ တွေဟာ ၊ မဆွခင် မတိုင်ခင်ကတည်းက ၊ တရုတ် လူငယ် စာဖတ်ပရိသတ်အကြား မှာ လူပြောများ အကြိုက်တွေ့ နေခဲ့တာမို့ ၊ ဒီ အရေးတော်ပုံ ကြီး အပေါ်မှာ တစုံတရာ ထက်ကို ၊  ပို ပြီး သက်ရောက်မူ ရှိချင် လည်း ရှိခဲ့ ပေလိမ့်မည်။ 

တရုတ်လူမျိုးတွေ ရဲ့ ဘုရားလို ဖြစ်နေတဲ့ ကွန်ဖြူးရှပ် ကိုတောင် ဝေဖန် ပိုင်းခြားခြင်လာတဲ့ အသိအမြင် တွေ ၊ လျူ့ ဆီ ကို နေရင်း ထိုင်ရင်း အလိုလို ရောက်လာခဲ့တာတော့ မဟုတ် ။ ၀ိဇ္ဇာ ပညာ နဲ့ ပါရဂူ ဘွဲ့ ရ ထားတဲ့ တက္ကသိုလ် ဆရာ လျူ က ၊ ၁၉၈၀ လောက်က စပြီး ၊ အမေရိကန် နဲ့  ဥရောပ တိုင်းပြည် တချို့ကို ပညာရေးကိစ္စ နဲ့ ရောက် သွားခဲ့တယ် ။ လိုက်ကာ ကို ဖယ်ပြီး ပွဲခင်းထဲ ကို မြင်လိုက်ရသလိုမျိုး ၊ မတူညီ မူတွေ အများအပြား နဲ့ ကျယ်ဝန်းလှ တဲ့ ကမ္ဘာကြီးကို မြင် လိုက်ရ တဲ့ လျူ ဟာ ၊ ရုတ်တရက် တော့ အနောက်ကမ္ဘာ ရဲ့ လွတ်လပ်တဲ့ အယူအဆ အတွေးအခေါ် တွေ အပေါ်မှာ ၊ အထင်ကြီးစိတ် တွေ ၀င်သွားခဲ့ ဟန် တူရဲ့ ။ အစောပိုင်း မှာ အမေရိကန် အစိုးရ ပေါ်လစီ တွေကို ချီးမွမ်းရေးသား ခဲ့တဲ့ စာတွေကြောင့် တချို့ ကလည်း အမျိုးသား သစ္စာဖောက် လို့ စွပ်စွဲတာတွေ ရှိ ခဲ့ တယ်။ 

နောက်ပိုင်းမှာ တော့ အနောက်တိုင်း စံ နှုန်းတွေ မှာလည်း အပစ်အနာတွေ မကင်းဘူး ဆိုတာကို သူ နားလည် သဘောပေါက်လာတယ် ။ အာဏာရှင် တပါတီ အောက်မှာ နှစ်ပေါင်း သုံးဆယ်လောက် နေထိုင်ကြီးပြင်း ခဲ့တဲ့ လူတယောက် အတွက် ၊ လူ့သမိုင်း ရဲ့ ကြမ္မာကို ၊ လွတ်လွတ်လပ်လပ် သုံးသပ် ကြည့်ချင်ခဲ့တာပါပဲ - လို့ - သူ့ကိုယ်သူလည်း ပြန်သုံးသပ် နိုင်ခဲ့တယ် ။ ဒါပေမဲ့ သူ့မှာ ရွေးချယ် စရာ နည်းပါးတဲ့ အတွက် သူလုပ်နိုင် / လုပ်ဖြစ် နေမှာကတော့ - အနောက်တိုင်းရဲ့ စံနှုန်းတွေ ကို အသုံးပြုပြီး တရုတ်ပြည် ကို ဝေဖန် မယ် . . . သူ့ ရဲ့ စာပေ ဖန်တီးနိုင်စွမ်း ကို အသုံးပြု ပြီး အနောက်ကမ္ဘာကို လည်း ဝေဖန်မယ် လို့ ၀န်ခံ ကတိပေး ခဲ့တယ်။ 

တီယန်နန်မင်း ရင်ပြင် အပြီး ထောင် ဒဏ် ၂ နှစ် အကြာ ပြန်လွတ်လာ တဲ့ အချိန်မှာ သူ့ ရဲ့ ပထမ အိမ်ထောင်နဲ့ သားလေးက အမေရိက ကို ထွက်သွားခဲ့ပြီ ။ အလုပ်တွေ ပြုတ် မိသားစုပါ ပြုတ်သွားတဲ့ လျူ ကတော့ စာတွေ ဆက်ရေး နေခဲ့တယ်။ ကွန်မြူနစ် ပါတီကြီးကို ဆက် ဝေဖန် နေခဲ့တယ်။ တရုတ်ပြည်ကြီးကို ဆက် ဆန်းစစ် နေ ခဲ့တယ်။ အလုပ်စခန်း တခုမှာ နယ်နှင် ထိန်းသိမ်းခံ နေရတုန်း မှာ အခု ဇနီးသည် ဖြစ်တဲ့ လျူရှောက် နဲ့ ဆုံကြတယ်။ တရုတ်ဘုန်းကြီး တပါး လို တည်ငြိမ် တဲ့ လျူရှောင်ဘို နဲ့ တရုတ်သီလရင် တပါး လို  တိတ်ဆိတ် တဲ့ လျူရှောက် တို့ ဇနီးမောင်နှံ ၂ ယောက် ဟာ၊ စိတ်ဝင်စားစရာ ကောင်းလှ စွာပဲ ၊ နိုင်ငံရေး အတွေး. . . အနုပညာရေး အလုပ်တွေ အသီးသီး နဲ့ သူတို့ ရဲ့ နေ့ရက်တွေကို ကျော်ဖြတ်ခဲ့ကြတယ်။ 

တကယ်တော့ လျူ ဟာ ၊ ဟိုး ငယ်စဉ် တက္ကသိုလ် ကျောင်းသား ဘ၀ တည်းက ၊ သူ့ အယူအဆ အတွေးအရေး တွေကို ကဗျာတွေ နဲ့ စတင် ခဲ့တဲ့ ကဗျာဆရာ တယောက်လည်း ဖြစ်ခဲ့တယ် ဆိုတာကို လူတွေ သိပ်သတိမထား မိ ခဲ့ ကြဘူး ။ ခုချိန်မှာတော့ သူ့ရဲ့  “ ဇွန် - လေး တမ်းချင်း”  ဆိုတဲ့ ကဗျာပေါင်းချုပ် စာအုပ်ကို နိုင်ငံတကာ က ပါ၊ စိတ်ဝင်စားလာကြတယ်။ ပထမဆုံး အကြိမ် ထောင်ကျ တဲ့ နှစ်က စ လို့ ၊ ဒုတိယ အကြိမ် ထောင်မကျခင် ၂၀၀၉ ခုနှစ် အထိ ၊ ဇွန် လ (၄) ရက်နေ့ကို ရောက်တိုင်း ၊ နှစ်စဉ်မပြတ် ရေးဖွဲ့ ခဲ့တဲ့ သူ့ ရဲ့ “ ဇွန်- လေး ” ကဗျာတွေကို ၊ သူ့မိတ်ဆွေ ဂျက်ဖရီယမ်း ဆိုသူ ၊ အင်္ဂလိပ် လို ပြန်ဆို ထားတဲ့ အဲဒီ စာအုပ်ထဲက ကဗျာ အပိုင်းအစ တချို့ကို မွှေနှောက် လှန်လျော ကြည့်မိတော့ - လေးနှစ်မြောက် မှာ ၊ စပ်ဆိုခဲ့တဲ့ လေးပုဒ်မြောက် ကဗျာလေး ရဲ့ ပါဒလေး - လေးခု အောက်မှာ အတွေးတွေ ခဏ ရပ်တန့် သွားခဲ့တယ်။ 


In the brain-mass
there’s one shoe
that cannot find the road to memory


ဦးဏှောက် အစိုင်အခဲ ထဲ 
နစ်ကျန်ခဲ့တဲ့ ဖိနပ်တဖက် 
အတိတ်ရဲ့ လမ်းကို သူ ရှာမတွေ့ နိုင်တော့ပြီ . . . 


ကျောင်းသား နဲ့ လူအများ သွေးမြေကျခဲ့တဲ့ ဇွန် လေး ရက်က ၊ လျူ ရဲ့ ဦးဏှောက်ထဲ မှာ ဘယ်လောက်တာင် နက်ရှိုင်းအောင် စွဲထင် နေ ခဲ့လေ သလဲ ။

ဖတ်ရင်း နဲ့ ၊ နောက်ဆုံး ကဗျာကို ရောက်လာတယ်။ ၈၉  ကနေ ၂၀၀၉  ... သက္ကရာဇ်  ကိန်းဂဏန်းတွလည်း တဖြည်းဖြည်း နဲ့ တိုး လာတယ်။


The day seems more and more distant
and yet for me
it remains a needle inside my body


အဲဒီရက်ဟာ ဝေး သထက် ဝေး ကွာသွား ခဲ့. . . 
ငါ့အတွက်တော့ 
ခန္ဓာကိုယ်ထဲမှာ အပ်တချောင်း ရှိနေမြဲ. . .


ရင်ပြင်ပေါ်မှာ သွေးသံရဲရဲ နဲ့ ကျဆုံးခဲ့တဲ့ သူ့ ရဲဘော် တွေရဲ့ အလောင်းတွေဟာ ၊ ရှင်သန် ကျန်ရစ် တဲ့ လျူ အတွက် အပစ်ကြီး တခု လို ၊ သူ့ ခန္ဓာကိုယ်ထဲ စိုက်ဝင် နေခဲ့ လေ သလား ။

ကဗျာစာအုပ်လေး ကို လှန်လျော ပြီး သွားတော့ ... လူတယောက်လို စကား ပြောပေမဲ့ ၊ တစ္ဆေ တကောင်လို စာရေး တယ် - ဆိုတဲ့ လျူ့ ရဲ့ တခြား စာတွေကိုလည်း ဆက် ဖတ်ကြည့်ချင်နေမိတယ်။

တီရင်နန်မင်း ရင်ပြင် နှစ် အစိတ်ပြည့်တဲ့ ဒီနေ့ ဒီ အချိန်မှာတော့ ၊ တရုတ်ပြည်ကြီးဟာ တချိန်က ကျောင်းသားတွေရဲ့ ဒီမိုကရေစီ အရေး တောင်းဆိုသံ တွေ ၊ သွေးပျက် ငြီးတွား သံ တွေကို ၊ မေ့ချင်ဟန် ဆောင်ရင်း ၊ စီးပွားရေး အရ ကမ္ဘာ့ နံပါတ် တစ် နေရာကို ရောက်ခမမ်းလိလိ ။အသက် ၆၀ အရွယ် ရှိလာပြီ ဖြစ်တဲ့ လျူ ကတော့ ၊ တရုတ်ပြည်ရဲ့ ပီကင်း အကျဉ်းထောင်ကြီးထဲ မှာ . . . ချာတာ (၈) လို့ ခေါ်တဲ့ တပါတီ အာဏာရှင်စနစ် ရပ်စဲ ဖို့ သဘောထား ထုတ်ဖော်တဲ့ စာတမ်း ကြောင့် ၊ ၂၀၀၉ ခုနှစ်က ကျခဲ့နေတဲ့ ထောင်ဒဏ် ဆယ့်တစ် နှစ် မှာ တ၀က်ကျိုးလု ကျိုးခင် ။ သူ့ ဇနီးသည် မှာက ၊ ရဲ အစောင့်တွေ အမြဲ စောင့်ကြည့်နေတဲ့ နေအိမ် တိုက်ခန်းလေး ထဲမှာ ၊ ဘယ်သူနဲ့ မှ တွေ့ခွင့် မရပဲ ၊ စိတ်အခြေအနေ တိမ်းစောင်းလုလု ။

“ ဇွန် - လေး ” ကဗျာ အသစ်တွေ ဘယ်နှယ်ပုဒ် ဆက်ရှိနေသေး လည်း  ဆိုတာတော့ ဘယ်သူမှ မသိနိုင်သေး။


++++++++

ကေသွယ်

ည ၁၁ နာရီ ၃၄ မိနစ်
ဇွန် ၄ ရက် ၂၀၁၄

( ဇွန် ၄ တရုတ် ဒီမိုကရေစီ အရေးတော်ပုံ အမှတ်တရ - မိုးမခ အတွက် ရေးသား သည်။ )

◦
Share/Bookmark

ပန်းတိုင်များ

အမ ၀မ်းကွဲရဲ့ အိမ်မှာ ခဏ တဖြုတ် ရောက်နေတုန်း ဧည့်သည်တွေ ရောက်လာတယ်။ ဧည့်သည် လင်မယား မှာ ၄ နှစ်သား အရွယ် သားကလေး တယောက် ပါလာတော့ ၊ သူတို့ မိတ်ဆွေခြင်းတွေ စကားအေးဆေး ဆေးဆေး ပြောပါစေ တော့ ဆိုပြီး ၊ ကလေးလေး ကို ခြံနောက်ဖက်မှာ ဆော့ဖို့ ခေါ်သွားလိုက်တယ်။ ကိုယ့်အိမ်လည်း မဟုတ်တော့ ဘယ်ပစ္စည်း ဘယ်နေရာ ရှိမှန်းမသိ ကစားစရာ ဘာပေးရမှန်း မသိ ဖြစ်နေတုန်း ၊ ဘောလုံးလေး တလုံး ကို ကံအားလျော်စွာ မြင်လိုက်တယ်။ ကလေးလေး ဆီ ပစ်ပေးလိုက်ရင်း ၊ Kick the ball လို့ ၀မ်းသာအားရ ပြောလိုက် တယ်။ ကလေးလေးက.. ဘောလုံးလေးကို ပြန်မကန်ပဲ ဖမ်းကိုင်ထား တယ်။ သူ့မျက်နှာ သေးသေးလေး ပေါ်က.. မျက်လုံးနက်နက်ကလေးတွေ က ၊ ဟိုဒီ ဝေ့၀ဲရင်း တစုံတခု ကို ရှာနေတယ်။ OK.. kick the ball လို့ ထပ် လောဆော လိုက်တော့.. where is the goal တဲ့ ။ 

လျော့တိ လျော့ရဲ ဖြစ်နေတဲ့ ကြိုးတချောင်းကို တဖက်စွန်းဆီကနေ ဆောင့် ဆွဲလိုက်သလိုမျိုး ၊ အတွေးအာရုံကြော တွေ တင်းကနဲ ဖြစ်သွားလေသည်။
ကြည့်ပါအုံးတော့ ။ လေးနှစ်သား ကလေးလေး တယောက်က တောင် ၊ ဘောလုံးတလုံးကို ကြုံသလို လျှောက်ကန်နေတာထက် ၊ ဂိုးတခု သတ်မှတ်ပြီးမှ ကန်ရမယ် ဆိုတဲ့ အသိ နုနုကလေး ရှိနှင့်နေပြီ။ မိဘ တွေရဲ့ သွန်သင် လေ့ကျင့်ပေးမူလား.. ကလေးလေး ရဲ့ ကိုယ်ပိုင် ညဉ် အကျင့်ကောင်းလေးလား တော့ မသိ။ အနားက ကုလားထိုင် တလုံးကို ဆွဲပြီး အလည်မှာ တည်ပေးလိုက်တော့ ၊ ကလေးလေးက ပြုံးရွှင် တက်ကြွ စွာနဲ့ ဘောလုံးကို ကုလားထိုင် ရဲ့ ရှေ့ ခြေထောက် နှစ်ခုကြား ချိန်ရွယ်ပြီး ကန်နေလေပြီ။ 

ဦးတည်ချက် ပန်းတိုင်တခု ရှိနေတဲ့ လေးနှစ်သားလေး ကို ငေးကြည့်ရင်း ၊ ဘ၀ မှာ မျှော်မှန်းခဲ့ဘူး ပေမဲ့ လွဲချော်ခဲ့ဘူးတဲ့ ပန်းတိုင်တွေ ၊ တည်ဆောက်ခဲ့ မိလို့ ဆွတ်ခူးခဲ့ဘူးတဲ့ ပန်းတိုင် တွေ ကို ၊ ရည်တွက်ကြည့် မိတယ်။ ဆိုပါတော့ အထက်တန်းကျောင်းသူ ဘ၀ တလျှောက်လုံး ၊ စာကြည့်စားပွဲ ရှေ့ မှာ လူရည်ချွန်ပုံ ပန်းချီကားကြီး ချိတ်ပြီး စာကျက်ခဲ့ဘူးတယ်။ ဒါပေမဲ့ လည်း ၊ လူရည်ချွန်ဆု နဲ့ လွဲခဲ့တယ်။ ရှားစ ပါးစ လက်ထဲ ရောက်လာတဲ့ Prospectus စာအုပ်ကလေး တအုပ်ရဲ့ မျက်နှာဖုံးပေါ်က မျက်ခင်းစိမ်းပေါ်မှာ ထိုင်ပြီး စာဖတ်နေကြတဲ့ ဘွဲ့လွန်ကျောင်းသား တွေ ရဲ့ ပုံလေးကို ၊ မျက်စိထဲ စွဲနေခဲ့ရင်း ၊ အဲဒီ မျက်ခင်းလေးပေါ် ကိုယ်တိုင် ရောက်သွားခဲ့ဘူးတယ်။ 

လေးနှစ်သားလေး ရဲ့ ပန်းတိုင် ၊ ဆယ့်လေးနှစ် သမီး ရဲ့ ပန်းတိုင် ၊ နှစ်ဆယ့်လေးနှစ် တုန်းက ပန်းတိုင် ၊ အခု လေးဆယ် အရွယ်မှာရော ဘယ်လို ပန်းတိုင် တခု များ ၊ မျှော်မှန်း ထားနေ မိသေးလည်း လို့ ၊ ကိုယ့်ကို ကိုယ် မသိမသာ ခပ်ဖေါ့ဖေါ့လေး မေးကြည့်တော့ ၊ ထိတ်လန့် မူတခုသာ ၊ သိသိသာသာ ရောက်လာတယ်။

ရုတ်ချည်းပဲ “ ပန်းတိုင်” ဆိုတဲ့ ကဗျာလေး က ၊ လိပ်ပြာလေး တကောင် ပန်းပင်ပေါ် နားလိုက်သလိုမျိုး … စိတ်ဖျား ပေါ် ဝေ့၀ဲကျ လာတယ်။ 

မရောက်သေးရင် ရောက်အောင်သွား
ရောက်ရင် တထောက်နား
ပြီးရင် ရှေ့ဆက်သွား
အဲဒီမှာ ဘာမှ မရှိဘူး….

ဘာကြောင့်လဲတော့မသိ.. စိတ်သက်သာရာ တမျိုး တော့ ရသွားသည် ။ ဒီကဗျာလေးကို ကဗျာဆရာ မောင်သိန်းဇော် စပ်ခဲ့တုန်းက ဘယ်အရွယ်လောက်များ ဖြစ်မလဲ ။ လေးဆယ် လား.. လေးဆယ့် လေး နှစ်လား ။ ဘ၀ ရဲ့ လမ်းခုလတ် မှာ ၊ ဘာမှ ရှာမတွေ့ ခြင်းကို ရှာတွေ့ သွားတဲ့ အချိန်လား ။ 


လန်းဆန်းတက်ကြွတဲ့ အရွယ်တွေ တုန်းက ၊ ပန်းတိုင်တွေ ရည်မှန်းချက်တွေကို ကောင်းကင်ပေါ်မှာ ချိတ်ဆွဲပြီး မမောမပန်း လျှောက်ခဲ့ကြဘူးတာပေါ့ ။ လောကကြီးကို အကောင်းမြင်စိတ်နဲ့ ကြည့်ပြီး ပြုံးပြ ဖို့ လည်း ဘာမှ မခက်ခဲ ခဲ့ပါဘူး။ အဲဒီလို နဲ့ ၊ သွားရင်း သွားရင်း နဲ့ပဲ … ပန်းတိုင်တွေဟာ ကျော်ဖြတ်ပြီးခဲ့တာလား..ေ၀၀ါးကုန်လေသလား.. လမ်းလွဲ ခဲ့ကြသလား ။ တဖြည်းဖြည်း နဲ့ နှေးကွေး လေးလံ လာတော့မှ သာ ၊ ကျောပေါ်မှာ အပြည့်ဖြစ်နေတဲ့ ပကတိအခြေအနေ တွေကို သတိထားမိကြတာလေ .. ။

ဘာပဲဖြစ်ဖြစ်.. ပန်းတိုင် ဆိုတာ ထားသင့်တယ်။ ရှိခဲ့တယ်။ ရောက်နိုင်တယ်။ လွဲ တတ်တယ်။ မရောက်သေးရင် ရောက်အောင် သွား .. လို့ ဆိုသလို...မရှိ ရင်လည်း ရှိအောင် ထားရ မယ် ။ ဒါပေမဲ့ ၊ ပန်းတိုင် ဆိုတာ တခုတည်းတော့ မဟုတ်တန်ရာ ။ အန္တိမ ခရီးဆုံး ပန်းတိုင် ကို မရောက်မခြင်း တော့ ၊ ခရီးလမ်းမှာ ဖြတ်သန်းခဲ့တဲ့ ပန်းတိုင်တွေကို ၊ အနီရောင် ဘန်ချီကြိုးတွေ နဲ့ ၊ ခပ်တင်းတင်း ချည်နှောင် ပစ်ခဲ့ချင်သည်။ 





ဟောဟိုမှာ ၊ ကုလားထိုင် ကြားထဲက သူ့ ပန်းတိုင်လေး ဆီကို ၊ ဘောလုံးလေး ကန်သွင်းလိုက် ပြန်ကောက်လိုက် လုပ်နေတဲ့ လေးနှစ်သားလေးလည်း ပျင်းသွားပြီ ထင်သည်။ ၀င်းခြံ ပေါ်ကနေ ကျော်ကျ လာတဲ့ နွယ်ကိုင်းလေးတွေထက်က ပန်းနီနီလေးတွေဆီ သူ့လက်ကလေး နဲ့ မမှီ့ တမှီ လှမ်းနေပြန်သည်။


ကေသွယ်
နှစ်ကူးည ပါ့သ် စံတော်ချိန် ၁၂ နာရီ ၃၄ မိနစ်
၁ ရက် ဇန်န၀ါရီ ၂၀၁၄

( မိတ်ဆွေ သူငယ်ချင်းများ အားလုံး.. နှစ်သစ်မှာ ပန်းတိုင် အသစ် တွေ တည်ဆောက် ရည်မှန်း နိုင်ကြပါစေ...)

◦
Share/Bookmark

လင်ဘို


ငါတို့ရောက်နေတာ နိဗ္ဗန်မဟုတ်ဖူး. . .

အများဆုံး မျှော်မှန်းနိုင်တာက 

လူတန်စေ့ နေနိုင်ခွင့်


သက်တမ်းစေ့ သေဆုံးခွင့်

လူ့အခွင့်အရေး ပြည့်ပြည့်၀၀

စေ့စေ့ငှငှ အကြွေးခံစားခွင့်

လုပ်ပိုင်ခွင့်မှန်သမျှ လုပ်နိုင်ခွင့်

အခွင့်မှန်သမျှ ရစေတော့ရယ်လို့

တိတ်ဆိတ်လွမ်းဆွတ်မူတွေ အလုံးအရင်းကို

စင်းလုံးငှားပြီး အရောက်လာခဲ့ကြတာ။






ငါတို့ ပြန်ချင်တာ ငရဲမဟုတ်ဖူး . . .

တချို့ ငွေတွေကြဲ နေတုန်း တချို့က ရေတွေထဲမှာ

အစီအစဉ်မကျတဲ့ လေတွေ ထဲမှာလည်း

အသက်ရှု ၀၀ - ကျကျနန နေရဲကြတာ။

ပတ်ဝန်းကျင် သဘာဝတွေ ပျက်ယွင်းနေပေမဲ့

စိတ်နေ သဘာဝတွေ ဘာမှ မပြောင်းလဲသေးဘူး။

ရတနာ သုံးပါး နဲ့ မိုးလင်း

ကိလေသာ ဆယ်ပါးကို သိမ်းထုပ်ရင်း မိုးချုပ်ကြတုန်း. . .

စား စရာမရှိလည်း လှူစရာရှိတယ်

ရ စရာမရှိလည်း လျော်စရာရှိတယ်

ပြေး စရာမရှိလည်း ပျော်စရာ တွေ ပေါပါတယ်။


ဒီနေ့ အတွက်တော့ နှလုံးသားဟောင်းလောင်းကို အသာဖုံး

အိတ်ကပ်ထဲက ထီလတ်မှတ် တစောင် နဲ့

မနက်ဖြန် အတွက် အိပ်မက်တွေ တိုက်လိုက်အုံးမယ်။

K
15/09/13

*Limbo - နိဗ္ဗန် နဲ့ ငရဲ အကြား နေရာ ကာလ


◦
Share/Bookmark

အဆုံးမရှိတဲ့အစ





ထွက် သက် ၀င် သက် တွေ ထဲ 

အ တွေး တွေ ခ ဏ ခ ဏ ပြုတ် ပြုတ် ကျ တယ်

အ သက် နောက် တ ချက် ရှု သွင်း အ သစ် က ပြန် စ မယ်

အဲ့ ဒီ လို နဲ့ နေ့ တ နေ့ ကို ပြန် စ

လ တ လ ကို ပြန် စ

နှစ် တ နှစ် ကို ပြန် စ

ဘ ၀ သစ် ကို ပြန် စ

နောက် ဘ ၀ ကို ပြန် စ ဖို့ ကြံ ဆ…။


K
31 July 2013

◦
Share/Bookmark

မြန်မာပြည်သစ် မှာ ရေးခြစ်စရာ ရှာမရသေးဘူး






ဟိုတုန်းက..ရင်ခုန်သံအစစ်နဲ့  သွေးပြစ်ပြစ်  ရေးခြစ် ခဲ့တဲ့ စာတွေ ကဗျာတွေ…
အခုတော့…လော်ဘီလိုလို.. ပေါ်လစီ လိုလို… လော်လည် စရာတွေ ဖြစ်ကုန်ပြီလား..
အင်းလေ…တံတားအောက်မှာ .. သမိုင်းတွေ စီးဆင်းသွားခဲ့ပြီပဲ.. 




K/07/06/13


◦
Share/Bookmark

ငလျင်

from google images


ငလျင်



တောင် ကြီး တွေ ပြို ကျ ပြီး..
လမ်း မ ကြီး တွေ  ခုံး ထ လာ တယ် ။
လှိုင်း လုံး ကြီး တွေ မြင့် တက်
ယုံ ကြည် မူ တွေ အ ပုတ် အ ခတ် ခံ ရ ပေ မဲ့..
ဒီ ရေ ကျ ချိန် ကို မျှော် ကြည့် ချင် သေး တယ်။

ကမ်း စပ် တ လျှောက် မှာ တော့..
ခ ရု ကောက် သူ တွေ..
သဘောင်္ပျက် စောင့် သူ တွေ နဲ့...
သဲ ပုံ စေ တီ တွေ သာ ပို များ လာ ပေါ့။






ကေသွယ်
ဧပြီ ၁၂ ၂၀၁၃

◦
Share/Bookmark

Dancing with the Daffodils

August 24th is the Daffodil day in Australia. This is charity movement for Cancer Patients that internationally recognized since many years ago.  But I didn’t know that.

I just walked in to the Woolworths to buy grocery and et cetera.   All of a sudden, heaps of beautiful yellow flowers make me stopped. Then I learnt that  it is Daffodil , to be precisely -  Daffodil of Wordsworth.  As irony would have it, I have encountered Wordsworth’  Daffodil in the Woolworths  store.  I amused myself.  

One bunch costs 6 $ and  written in a folder that every 1$ goes to Cancer foundations.  Six dollars is  affordable compare with other flowers posy.  I grab one and went home with a light heart.

In the next day, I flipped over the local newspaper and found out the story behind these yellow flowers which now stand and hang in my vase. All these daffodils are symbol of arrival of Spring and just came from nearby  beach town, is called Esperence  for this very day of Daffodil , now happened to be yesterday. 

I make a glimpse to the corner where they stand. They look different to me now. They are no more just another yellow  beautiful flower.  More so, their bell -shaped orange bulbs  are giving Hope…their disc-like yellow petals  are showing new beginning, as it is written in the newspaper.  I should have known their integrity, dignity and humble tribute to nature.  At least I could have captured their image of being with me.  Why not – I simply  took  photo opportunity.


HOPE


Fortunately, one of my friend who greatly fond of classic literature (possibly of her legacy ) have seen  this picture and asked me if it is Wordsworth’s. 
What a nice coincidence ! 


OK ! Ma J.. let’s recall Wordsworth to recite his Daffodil……


"Daffodils"

I wandered lonely as a cloud
That floats on high o'er vales and hills,
When all at once I saw a crowd,
A host, of golden daffodils;
Beside the lake, beneath the trees,
Fluttering and dancing in the breeze.

Continuous as the stars that shine
And twinkle on the milky way,
They stretched in never-ending line
Along the margin of a bay:
Ten thousand saw I at a glance,
Tossing their heads in sprightly dance.

The waves beside them danced; but they
Out-did the sparkling waves in glee:
A poet could not but be gay,
In such a jocund company:
I gazed--and gazed--but little thought
What wealth the show to me had brought:

For oft, when on my couch I lie
In vacant or in pensive mood,
They flash upon that inward eye
Which is the bliss of solitude;
And then my heart with pleasure fills,

And dances with the daffodils. 

                                                 -(William Wordsworth)-

How soothingly our minds are weaving and dancing along these wild flowers. I promise I will definitely try to get chance ( not even opportunity) to see them in next spring as if it would be in their own posture, blossoming in a wild and a vast, like Wordsworth had had.

Kay
(3:47 pm, 28 August 2012)


New Beginning
to Junior Win-  


◦
Share/Bookmark

(နှစ်) - အဟောင်း မှတ်တမ်းများ

(နှစ်)


 
အနှစ် နှစ်ဆယ်ကျော် ပြန်ငယ်ချင်လို့တော့ မဟုတ်ဘူး...ဖေဖေ
အနှစ် နှစ်ဆယ်ကျော် ကြိုပြီး ကြီးခဲ့ရင်သာ ဆိုပြီးတော့ လေ....

 
အခုဆို... ဖေဖေ လည်း
နှစ်တွေ..နှစ်ဆယ်မက ရေတွက်ခဲ့ ပြီးပြီပဲ..


အနှစ်နှစ် အလလ..နှစ်လိုအားရ
မဆုတ်မနစ်..နှစ်သက်မြတ်နိုး
ထမ်းပိုး ခဲ့ ပြီးပြီပဲ...


မြစ်တခု မှာ ရေ နှစ်ခါ ချိုးလို့ မရ နိုင်ဘူးလေ..
(ဟုတ်တာပေါ့...)
မြစ် နှစ်ခု မှာရော.. ရေ ဘယ်နှယ်ခါ ချိုးလို့ ရ နိုင် မှာ တဲ့ လဲ...

 
(ဒါနဲ့ ) ဖေဖေ..
သမီးတော့.. မနှစ်ကပဲ...ရေထဲမှာ နှစ်ခြင်း ခံ လိုက် ပြီ..
နောက်တဖန် ပြန်လည် မွေးဖွါးခြင်း လို့ ပြောကြတာပဲ...


(ကြည့်လေ )ဟောဟိုမှာလည်း...
အရာအားလုံး.. နောက်တဖန် ပြန်လည် မွေးဖွါးနေ ကြ ရပြန်ပြီပဲ...

---

 

နှစ်နာရီ နှစ်ဆယ့် နှစ် မိနစ်
မတ်လ ဆယ့်နှစ် နှစ်ထောင့် ဆယ့်နှစ်
(ကေ )
 
 
+++++++


၁၉၉၀ နွေရာသီ စည်းရုံးရေး မဲဆွယ် ခရီး ကို အုပ်စုခေါင်းဆောင် ကိုသိန်းလွင် (ပန်းချီ သိန်းသိန်း ) မှတ်တမ်းတင်ထားပုံ


ကျောင်းတွေ ကလည်း မဖွင့် သေးတော့ အားလပ်နေတဲ့ ကျောင်းသားလူငယ်တွေ ရဲ့ တက်ကြွ နေတဲ့  အရှိန်ကို ကျနော် တို့  ရွေးကောက်ပွဲ မှာ ၀င်ရောက် လုပ်ကိုင် လာနိုင်ဖို့  စည်းရုံးရပါတယ်..။

ရွေးကောက်ပွဲမှာ မဲစာရင်းရေးကူးခြင်း ဆိုတာ အတော်အရေးပါ တဲ့  လုပ်ငန်းတစ်ခုပါ။

ဒါကို ပါလီမန်ခေတ် ရွေးကောက်ပွဲ တွေမှာ ထဲထဲဝင်ဝင် ပတ်သက်ဖူးမှ သိရတဲ့  အတွေ့ အကြုံပါ။ကျနော်က ၁၉၅၂ ခုနှစ် ပါလီမန် ရွေးကောက်ပွဲ မှာ ကျောင်းသား လုပ်အားပေး အနေနဲ့ အတိုက်အခံ အဖွဲ့ တခုကနေ မဲစာရင်းကူး တဲ့  လုပ်ငန်းကို လုပ်အားပေးခဲ့ ဖူးပါတယ်..။

အဲဒီတုံးက ဖဆပလ အဖွဲ့ က ငွေကြေး တတ်နိုင်တော့ မဲစာရင်းတစ်မျက်နှာ (သုံးစုံ) ကူးရင်ဘယ်လောက် ဆိုတဲ့ နှုန်း နဲ့  ကူးခိုင်းပါတယ်..။ လုပ်အားပေး နဲ့ အခစား ကူးသူ နဲ့ တန်ဖိုးခြင်း မတူပါ။

၁၉၅၆ ခုနှစ် ရွေးကောက်ပွဲ ကျတော့ တက္ကသိုလ်ကျောင်းသားဖြစ်နေပြီ မိုလို့  မဲဆွယ်တရားပွဲတွေ လိုက်ပေး ဖူးပါတယ်..။

၁၉၆၀ ခုနှစ် ရွေးကောက်ပွဲကျတော့ ၀န်ထမ်းဖြစ်လို့ မို့ မဲရုံအရာရှိ လုပ်ခဲ့ ရပါတယ်..။ ပါလီမန်ခေတ် ရွေးကောက်ပွဲ သုံးခု ကို ထဲထဲဝင်ဝင် တွေ့ ကြုံခဲ့ဖူးပါတယ်..။ ဒါကြောင့်  မဲစာရင်းရေးကူးတဲ့ အလုပ်ကို ကျောင်းသားလူငယ်တွေ အကူအညီ နဲ့ လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်..။ ကျန်တဲ့  ရွေးကောက်ပွဲဝင် ပါတီ နဲ့  တသီးပုဂ္ဂလ တွေက မဲစာရင်းရေးကူုးခြင်း လုပ်ငန်းကို သိပ် အရေးမထား ကြပါဘူး..။

မြို့ နယ်ကောင်စီခေတ်က ကောင်စီရုံးကို ၀င်ထွက်ဖူးပြီး ရင်းနှီးတဲ့  ရပ်ကွက်ကောင်စီ ဥက္ကဌဟောင်း ဦးသိန်းလှ နဲ့  ဦးအောင်သိန်းကို မဲစာရင်း ရေးကူးရာမှာ ကြီးကြပ်ဖို့  တာဝန်ပေးပါတယ်..။ မဲစာရင်းကူးတဲ့ လုပ်အားပေးများကို ကျွေးမွေးဖို့  ဦးကြီးညွန့် ကို တာဝန်ပေးပါတယ်..။

ကျောင်းသား ကျောင်းသူ လူငယ်တွေလုပ်အားပေး ရေးကူး သူကတော့ သုံးဆယ်လောက်ရှိပါတယ်..။

မဲစာရင်းကူး တဲ့ အလုပ်က န၀ရတ်ခန်းမ လို့ နံမည်တပ်ထားတဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံး နောက်က အခန်းကျယ်မှာ လုပ်ရပါတယ်..။ စားပွဲ ကုလားထိုင် တွေ အဆင်သင့်  ရှိပါတယ်..။
ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ကော်မရှင်က စာရေးကြီး ဆီမှာ မဲစာရင်းများကို လက်မှတ်ထိုး ထုတ်ယူပြီး ကူးရတာပါ..။ စာရွက်သုံးရွက်ထပ် ကို ချုပ်စက်နဲ့ တွဲပြီး ကာဘွန်နှစ်ရွက်ခံတော့ မိတ္တူ သုံးစုံရပါတယ်..။ ဒါကို တစုံစီဖြစ်အောင်တော့ အဖွဲ့ ချုပ်ရုံး တာဝန်ခံ ဦးကြည်ဝင်းနဲ့  အဖွဲ့က တာဝန်ခံ လုပ်ပါတယ်..။

ကျနော်တို့  အဖွဲ့ က လုပ်အားပေးတွေ မှာ တက္ကသိုလ်ကျောင်းသား ကျောင်းသူ တွေက ဦးဆောင်ပြီး အထက်တန်း ကျောင်းသား ကျောင်းသူ တွေ နဲ့  ကျေးရွာကလူငယ်တွေ ပါပါတယ်..။ ဒါကြာင့် စနစ်ကျတယ်..။ကော်မရှင်ရုံးက စာရေးကြီးကလည်း တက္ကသိုလ်ကျောင်းသားတွေ ဆိုတော့ လေးလေးစားစား ဆက်ဆံပါတယ်..။စာရေးကြီး ဆီက တနေ့စာ အတွက် ကိုယ့်အင်အားအရ ကူးနိုင်လောက်မဲ့ အရေအတွက် ရှိတဲ့ ရပ်ကွက် နဲ့ ကျေးရွာအုပ်စု မဲစာရင်းတွေလက်မှတ်ထိုးပြီး ထုတ်ယူလိုက်တယ်..။

စာရွက်က ရုံးကနေ အကွက်ရိုက်ပေးထားတဲ့  ပုံစံစာရွက်တွေမို့  အပေါ်ရွက်အောက်ရွက် ညီအောင်ထပ်ပြီး
ချုပ် ကာဘွန်ထဲ့ ပြီး ကူးရုံ ပဲ ..။ကူးပြီး သွားတဲ့  အုပ်စု ရပ်ကွက်ကို စာရေးကြီး ဆီ ပြန်အပ် ..။နောက်တစ်အုပ်စု ထုတ်ယူ .. ဆိုတာတွေ ကို ကျောင်းသား လူငယ်တွေ တပျော်တပါးကြီး လုပ်ကြပါတယ်..။ကိုယ့်ထမင်းထုပ်နဲ့ ကိုယ် ကူးကြတာ ဆိုတော့ ထမင်းတော့မကျွေးရပါဘူး..။ လက်ဘက်ရည်၊ သွားရေစာ အအေး..စတာတွေ သာ စီစဉ် ပေးခဲ့ ရပါတယ်..။

မဲစာရင်း သုံးစုံ အနက် တစုံက ရပ်ကွက်၊ ကျေးရွာ၊ အောင်နိုင်ရေး အဖွဲ့ တွေကို ပေးရပါတယ်..။သူတို့ က ကိုယ့် ရပ်ကွက် နဲ့  ကျေးရွာမှာ တကယ်ရှိ တဲ့လူစာရင်း နဲ့  ညှိပြီး၊ မဲစာရင်းမှာ မပါသေးတဲ့ မဲပေးခွင့်ရှိသူတွေ တွေ့လာရင် ထပ်ဖြည့်၊ ကွယ်လွန် တဲ့  လူပိုတွေပါနေရင် ဖယ်.. စတဲ့  လုပ်ငန်းတွေကို ရပ်ကျေး ကော်မရှင် နဲ့  ညှိနှိုင်းပါတယ်..။ ကိုယ့် အောင်နိုင် ရေး မှာ မဲစာရင်း ရှိနေတော့ .. စာရင်းရှိ လူကုန် မဲပေးအောင် လှုံ့ ဆော် နိုင်သလို..တခြား မတရား တာတွေ လုပ်လာရင် လည်း ကာကွယ် နိုင် တာပေါ့ ..။

မဲစာရင်း နောက်တစုံကတော့ မဲပေးတဲ့ နေ့  မှာ မဲ ရုံမှာ ရှိနေတဲ့ ကိုယ့် အဖွဲ့  မဲရုံကိုယ်စားလှယ်ကိုပေးထားမယ်..။သူက တကယ် မဲ ပေးမယ့် သူ၊ ဟုတ်မဟုတ်..စိစစ်နိုင် တယ်။ မဲပေးဖို့ ကျန်နေသေးတဲ့  သူတွေ ရှိရင် မဲရုံ အပြင်က အောင်နိုင်ရေးတွေကို အကြောင်းကြားပြီး..ဆော်သြ နိုင်တယ်..။

မဲစာရင်း နောက်တစုံကတော့ ရုံး လက်ခံ ပေါ့။ ရုံးလက်ခံကို မဲဆွယ်လှုံ့ဆော် ရေးကာလမှာ မဲကြို စာရွက် ကလေးတွေ ကူးပြီး ဝေငှ နိုင်ခဲ့တယ်..။ မဲ ကြို စာရွက် ပုံစံ မှာ..

ဦး.........(မဲပေးရမည့် အရွေးခံကိုယ်စားလှယ်အမည်) ၊
ပါတီ သင်္ကေတ......(+++)
မဲပေးရမယ့်  သင်္ကေတ.......

သုံးကွက်ကို အပေါ်မှာ ရိုက်ထားပြီး အောက်အကွက် တွေ မှာ..

မဲဆန္ဒရှင် အမည်၊၊
အဘအမည်၊
အမှတ်စဉ်၊
ကျေးရွာ/ လမ်း
ကျေးရွာ/ရပ်ကွက် အုပ်စု အမည်..........စတာတွေ ပါပါ တယ်..။

ကျေးရွာတွေမှာ သူတို့နံမည်ပါတဲ့ စာရွက်ကလေးတွေ ကို သူတို့ ဆီ အိမ်တိုင်ယာရောက် လာပေးတာကို အံသြ သဘောကျကြပြီး အပေါ်က အကွက်မှာ ပါတဲ့ ကိုယ့် ပါတီ ကိုယ်စားလှယ်အပေါ် စိတ်ဝင်စားမှု၊ အများကြီး ရခဲ့ပါတယ်။

လူငယ် နဲ့  ကျောင်းသားလူငယ် လုပ်အားပေးတွေ များတဲ့  ကျနော်တို့ အဖွဲ့ ဟာ ပျော်ပျော်ပါးပါး၊ စားစားသောက်သောက် နဲ့ ဒီအလုပ်ကို ရက် နှစ်ဆယ် တစ်လ လောက် လုပ်ကြ ရပါတယ်..။

ဒါဟာလည်း စည်းရုံးခြင်း တမျိုးပါပဲ..။ တဖက်က ယှဉ်ပြိုင်ဘက် အဖွဲ့ ရဲ့ မဲစာရင်း ရေးကူးသူများကို လူအင်အား စိတ်ဓါတ်အင်အား နဲ့ ပြိုင်တာ တမျိုးပါပဲ..။ ခန်းမကြီး တခုတည်းမှာ သူ့ အုပ်စု ကိုယ့်အုပ်စု ရေးကူး ကြရာ မှာ ကိုယ့် အုပ်စုက လူကလည်း မြိုင်၊ စိတ်ဓါတ် အင်အားကလည်း ရှစ်လေးလုံး အရှိန် နဲ့  အပေါ်စီး ရထားလေ တော့  တဖက်အဖွဲ့ တွေ မဲစာရင်းကို ပြီးအောင်တောင် မကူးတော့ပဲ ရပ်ဆိုင်းသွားကြပါတယ်.။

စေတနာပေါက်လာတဲ့ မြို့လူထုကလည်း လက်ဖက်ရည်၊ ကြံရည်၊ ဖရဲ သီး၊ အသုတ် စတဲ့  အကျွေးအမွေးတွေနဲ့  စေတနာပြုရင်း လူအင်အားနဲ့  အလုပ်ကို စနစ်တကျ လုပ်ကိုင်ပုံတွေကို ကြည့် ရင်း အဖွဲ့ ချုပ်ကို ပိုမိုယုံကြည် လာကြပါတယ်..။

လူငယ် နဲ့ ကျောင်းသားတွေကလည်း လုပ်ရင်းကိုင်ရင်း လူအင်အား ပိုတိုးလာပြီး.. ပိုမို အားတက်လာတဲ့ အခါ..မဲကြို စာရွက် တွေမှာ ရေးကူး တဲ့ အလုပ်ကိုပါ တဆက်တည်း ဆက်ကူညီကြပါတယ်..။ ဒါတင်မက ပါဘူး..။ မဲကြို စာရွက်တွေကို ရပ်ကွက်၊ကျေးရွာ အုပ်စု အိမ်တိုင်ယာရောက် လိုက်ဝေတဲ့  အလုပ်ကိုပါ သူတို့ တာဝန်ယူချင်ပါတယ်.. ဆိုလို့  မြီု့ နယ်စည်းကော်မတီက ဦးမြင့်စိုး၊ ဦးသိန်းလွင် တို့ ကို ဦးဆောင်ပြီး တာဝန်ပေး လိုက်ပါတယ်။

ကျောင်းသားလူငယ်လေးတွေနဲ့ အန်အယ်ဒီ လူငယ်တွေ ပူးပေါင်းပြီး မဲကြိုစာရွက် ကို ဝေရင်း ရန်ကုန် အဖွဲ့ချုပ်က ထုတ်တဲ့ စည်းရုံးရေး စာစောင်တွေကိုပါ လိုက်လံ ရောင်းချ၊ တခါတရံ အခမဲ့ ဖြန့်ဝေရင်း မဲဆွယ်စည်းရုံးတာတွေ ပါ တပြိုင်နက် တခဲနက် တပျော်တပါးကြီး လုပ်ကြတာပေါ့ ..။

သူတို့  လူငယ်တွေ ကျောင်းတွေပိတ်ထားခံရလို့  အားနေတဲ့ အချိန်မှာ သူတို့ သက်တမ်းမှာ မတွေ့ကြုံဖူးသေးတဲ့  ဒီမိုကရေစီ လှုပ်ရှားမှု တမျိုးကို လုပ်နေရလို့  တက်ကြွနေကြပါတယ်..။သူတို့မိဘတွေကလည်းကျောင်းတွေ ပိတ်ထားတုံး အလကားလေ နေမယ့် အစား ဒီအလုပ်မျိုးတွေလုပ်နေတာကို ရှစ်လေးလုံး အရှိန်အရ သဘောကျကြပါတယ်..။

ကျနော် တို့  အဖွဲ့ လည်း စည်းရုံးရေးပိုတက်လာပါတယ်.။ ဒီလို အကျိုးအမြတ်ကိုတခြားဘယ်အဖွဲ့ မှ မရကြပါ..။ ရအောင်လည်း မလုပ်ကြပါ..။ ရန်ကုန်က လာတဲ့ အဖွဲ့ချုပ်ကသူတွေ တောင် သဘောကျကြသွားကြပါတယ်..။ ငွေကုန်ကြေးကျ လည်း မများဘူး..။တဖက်အဖွဲ့ အစည်းတွေ ကလည်း ဒီလုပ်ငန်းရဲ့  စည်းရုံးရေးရာ အနှစ်သာရကို  မကြုံ ဖူးလို့  နားမလည်ဖူး။ ပြီးတော့ သူတို့ မှာ ကိုယ့် အဖွဲ့လို တကယ့်စေတနာသန့် သန့် ၊ စိတ်ထက်ထက် သန်သန် နဲ့  လုပ်ပေးမယ့်  လူအင်အားလည်း စည်းရုံးပြီးသားမရှိဘူး..။

ဒီတော့ NLD က မဲစာရင်း ကူးမယ် ဆိုလို့  မဲစာရင်းကူးခ (၁၀၀) ကျပ် ဘဏ်ကိုသွင်းပြီး တခြားပါတီတွေကလည်း လိုက်ကူးကြပေမယ့်  NLD မဲစာရင်းကူးတဲ့ အဖွဲ့သားတွေက သွက်သွက်လက်လက် နဲ့  စည်စည်ကားကား၊ အင်တိုက်အားတိုက် မဲစာရင်းကူးရင်း၊ စားကြ၊ သောက်ကြ၊ ကော်မရှင် ရုံးက လူတွေကို လည်း ကျွေးကြ၊မွေးကြ ပြီး၊ တခြားပါတီက လာကူးတဲ့ အဖွဲ့ တွေကိုပါ စားကြပါ၊ သောက်ကြပါ၊ ဖိတ်ကြတော့ တခြား အဖွဲ့ က၊ လူတွေဟာ..နှစ်ရက်သုံးရက် ထက် မဲစာရင်း ပိုမကူး နိုင်ကြတော့ဖူး..။

ဒါဟာ ဒီမိုကရေစီ ရွေးကောက်ပွဲ တွေမှာ စည်းရုံးရေးအရ အသာစီး ရလိုက်တာပဲ..။

ဒီရက်တွေ မှတော့ ရန်ကုန်ဌာနချုပ်ကို လည်း..သိပ်ပြီးတော့ ခြေဦး မလှည့် နိုင်တော့ ဖူး..။လိုအပ် တဲ့  ကိုယ်စားလှယ်လောင်း များကိုယ်ရေး ရာဇ၀င်၊ မဲဆွယ် ကပ်ပြားများ ရိုက်နှိပ် ဖို့ လောက်ပဲ ရောက်တော့တယ်။ မြို့ နယ်မှာပဲ နေရတဲ့  ရက်တွေမှာ ရက်ဆက်ပဲ တရွာပြီးတရွာ..လှည့် ရတော့ တာပါပဲ..။ ကိုယ့် မြို့ က လူတွေကလည်းတက်ကြွပါတယ်..။ ပင်ပန်းတယ်ရယ် လို့ မရှိပါဘူး။ ကျေးရွာဆင်း တဲ့ လူအင်အား လည်း လျော့ မသွားဘူး..။ မဲစာရင်းကူးပြီးတဲ့ ကျောင်းသားလူငယ်တွေကလည်း ..မဲကြိုကဒ် ပြားတွေကို ပါ ဆက်ကူးပေးကြပြီး .. သူတို့ ကိုယ်တိုင် ကျေးရွာတွေ အရောက် အဖွဲ့ က ကော်မတီဝင်တွေ လူငယ်တွေဖြစ်တဲ့  .. ကိုဇော်ဝင်းဌေးတို့  ကိုမြင့် ဇော်ဦး တို့  နဲ့ အတူလိုက်ပြီး ကူညီဝေပေး ခဲ့ ကြပါတယ်..။

၁၉၉၀ မတ်လ-
( ၁၉၉၀ ရွေးကောက်ပွဲ ကာလ မှတ်တမ်းဖိုင် အဟောင်းတခု မှ... )

◦
Share/Bookmark