နှလုံးသား နဲ့ လုပ်တဲ့ နိုင်ငံရေး


ဟီလာရီ ကလင်တန် ရဲ့ Hard Choice စာအုပ်က ၊ အာရှပစိဖိတ် နဲ့ သက်ဆိုင်တဲ့ အရှေ့ဖက် အခန်းတွေ ဖတ်ပြီးသွားတဲ့ အခါ  ၊ ခဏ နားရင်း ၊ စာအုပ်ထဲမှာပါတဲ့ မြန်မာပြည် ခရီးစဉ် က ဓါတ်ပုံတချို့ကို ပြန်လှန် ကြည့် မိတယ်။ တကယ်တော့ ၊ ဒီ ဓါတ်ပုံတွေဟာ ၊ လွန်ခဲ့တဲ့ ၂ နှစ် လောက် ကတည်းက  စိတ်လှုပ်ရှား ကြည်နူးစွာ နဲ့ အထပ်ထပ် အခါခါ မြင်ဖူး ကြည့်ဖူး ခဲ့ ပြီးသား တွေ ပါ။ အခု ဟီလာရီ ကိုယ်တိုင် ပြောပြ တော့မှ ၊ ဒီပုံရိပ် တွေနဲ့  အပြုံးတွေ ရဲ့  နောက်ကွယ်က  ခြေလှမ်းတွေ စိတ်ခံစားချက် အတွေးတွေ ကို ၊ အသေအချာ ပြန်ပြီး ဆက်စပ် ထင်ဟပ် ကြည့်နိုင် ရ တော့ တယ်။



တကယ်ဆိုတော့  ၂၀၀၉  ခုနှစ် မှာ ဟီလာရီ ကလင်တန် ၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာခဲ့တာ နဲ့  မရှေးမနှောင်းမှာပဲ ၊ မြန်မာပြည်မှာ ၊ဘယ်လိုမှ  မျှော်လင့် မထား တဲ့ နိုင်ငံရေး အပြောင်းအလဲ တွေ ဖြစ်လာခဲ့တာဟာ ၊  တိုက်ဆိုင်မူ သက်သက်တော့ မဟုတ်လောက်ပါဘူး ။ ဒေါ်အောင်ဆန်းစုကြည် နဲ့ လူကိုယ်တိုင် မျက်နှာချင်းဆိုင် တွေ့ ခဲ့ ဆုံခဲ့ ရတဲ့ အဖြစ်အတွက် ၊ သူ့ ကိုယ်သူ ဆိတ်ဆွဲကြည့်မိ မတတ်ပဲ လို့ ဟီလာရီက တင်စားခဲ့သလို ပဲ -- ကမ္ဘာအရပ်ရပ်က မြန်မာပြည်သူ ပြည်သားတွေ မှာလည်း ၊ ဒေါ်အောင်ဆန်းစုကြည် ရုတ်တရက် လွတ်မြောက်လာမူ ၊ နိုင်ငံရေး အကျဉ်းသားတွေ တသုတ်ပြီး တသုတ် လွှတ်ပေးမူ  တွေက စလို့ ၊  ရာစု နှစ် တ၀က် လောက် သံတမန် ဆက်ဆံရေး အေးစက် ခဲ့တဲ့ အမေရိကန် နိုင်ငံကြီးကနေပြီး ၊ နိုင်ငံခြားရေး ၀န်ကြီး နဲ့ သမ္မတ ကိုယ်တိုင် ရှေ့ဆင့် နောက်ဆင့် ရောက်လာခဲ့တဲ့  အဖြစ်တွေဟာ ၊ ကိုယ့်အသားကိုယ် ပြန်ဆိတ်ကြည့်ရ မတတ် မယုံနိုင်စရာ သမိုင်းအချိုးအကွေ့  တွေ ဖြစ်ခဲ့တာပါ။ ရန်ကုန်မြို့ ရဲ့ လမ်းတွေပေါ်မှာ ၊ အမေရိကန် အလံ ကို ဝှေ့ယမ်းပြီး သမ္မတ အိုဘားမား ကို ကြိုဆို နှုတ်ဆက်ခဲ့ ကြတဲ့ ၊ မြန်မာပြည်သား တွေကို ဘယ်တုန်းကနဲ့ မှ မတူတဲ့ ၊ လှိုက်လှဲမူ စစ်စစ် တွေနဲ့ တွေ့ ခဲ့ ကြ ရတာပါ။


ဒီ သမ္မတ နဲ့  အတွင်းရေးမှူး နှစ်ယောက် အတွဲ ကလည်း ၊ သူ့နိုင်ငံမှာတင်မက ၊ ကမ္ဘာမှာကို ထူးထူးခြားခြား သူများထက်ပိုပြီး စိတ်ဝင်စားခံရ ၊ နှစ်သက်သဘောကျခံရတဲ့ သူတွေ ။ ပါတီနိုင်ငံရေး စင်မြင့်ပေါ်မှာ သူတို့ နှစ်ယောက် အပြင်းအထန် ယှဉ်ပြိုင် ထိုးနှက် ခဲ့ကြတဲ့ မြင်ကွင်းကိုလည်း တကမ္ဘာလုံး မကြည့်ချင်မှ အဆုံး မြင်ခဲ့ ပြီးသား ။ ပြီးတော့လည်း ဘာမှ မဖြစ်ခဲ့ကြ သလို ၊ ကမ္ဘာ့အရေးတွေကို နှစ်ယောက်သား ပခုံးတဖက်စီ   ထမ်းပြခဲ့ရင်း ၊ ဒီမိုကရေစီ ရဲ့ အလှတရားကို ပြသ ခဲ့ကြတာလည်း အားလုံးအသိ ။ အဲဒီလို ပြသ နိုင်ခဲ့ တာဟာလည်း ၊ သူမ ရဲ့ ခက်ခဲတဲ့ ရွေးချယ်မူ အစ အဦး တခု ပဲ ဆိုတာကို ၊ Hard Choice စာအုပ်ရဲ့ ပထမဆုံး အခန်း ဖြစ်တဲ့ A Fresh Start - အသစ်က ပြန်စ ခြင်း ဆိုတာမှာ ၊ ပွင့်ပွင့်လင်းလင်း ဖွင့်ဟ ရေးသားထား တယ်။  ဒီစာအုပ်ကြီး တအုပ်လုံးမှာ ၊ အာရှ နဲ့ ပစိဖိတ်က စ - ဖွင့်လို့ ၊ အာဖဂန်နစ္စတန် နဲ့ အီရတ် အလယ် ၊ ရုရှ နဲ့ ဂါဇာ အဆုံး ၊ နိုင်ငံခြားရေး ၀န်ကြီး တယောက် အဖြစ် သူ သွားခဲ့တဲ့ နိုင်ငံပေါင်း ၁၁၂ နိုင်ငံ ရဲ့ ကမ္ဘာ့ နိုင်ငံရေး အခင်းအကျင်း တွေကို ဇာတ်စုံ ခင်းပြီး သွားလို့ နိဂုံး ချုပ် လိုက်တဲ့ အခန်း မှာတောင် ၊ အိုဘားမား နဲ့  မြန်မာပြည် ဆိုတဲ့ အမည် နှစ်ခု ဟာ သူ့ အတွက် ပထမဆုံး သုံးသပ် အမှတ်ရစရာ  ဖြစ်နေလေ တယ်။ အမှတ်ရ စရာ ကောင်းရအောင်လည်း ၊ မြန်မာပြည် ခရီးစဉ်ဟာ ၊ ထူးခြား တိုက်ဆိုင်စွာပဲ ၊ သူတို့ နှစ်ယောက် အတွက် ၊ ပခုံးအတူထမ်း ၊ ခြေလှမ်းအတူယှဉ် လို့  နောက်ဆုံး ထွက်ခဲ့ ကြရတဲ့ ၊ ခရီစဉ် လည်း  ဖြစ်နေခဲ့သည် ကိုး ။


ရန်ကုန်မြို့က ဒေါ်အောင်ဆန်းစုကြည် ရဲ့ ခြံထဲမှာ သမ္မတ အိုဘားမားက ၊ အိမ်ရှင် ဒေါ်အောင်ဆန်းစုကြည် နဲ့ အတူ နှုတ်ဆက် မိန့်ခွန်းပြောရင်း ၊ ဟီလာရီ ဘယ်မှာလဲ လို့ လူတွေ ကြားထဲ မျက်လုံးဝှေ့ ရင်း အရေးတကြီး သူ့ကို ရှာတဲ့ အကြောင်းလေး ကို ပြန်ပြောင်း အစချီရင်း ၊ လွန်ခဲ့တဲ့ လေးနှစ်က သူတို့ နှစ်ယောက် ရဲ့  ဆက်ဆံရေးဟာ ၊ အခုအချိန်မှာတော့ နာကျင်ပျော်ရွှင် လွမ်းဆွတ်စရာ ဖြစ်ခဲ့ ပြီ လို့  ဆိုတယ်။ သမ္မတ အိုဘားမား က ၊ လူအုပ်ကြီးထဲမှာ ဟီလာရီ ကို အသည်းအသန် ရှာခဲ့တာဟာ တခြားကြောင့် မဟုတ်ပါဘူး။ မြန်မာပြည်အရေးအတွက် ကျေးဇူးတင်ကြောင်း ၊ မျက်လုံးခြင်းဆုံပြီး ၊ လူသိရှင်ကြား ဂုဏ်ပြု ပြောကြားချင်လို့ပါ ။ ဟီလာရီ ကလည်း မြန်မာပြည် ခရီးစဉ်က အပြန် Air Force One လေယဉ်ပျံကြီး ပေါ်မှာ ၊ သမ္မတ အိုဘားမားက သူ့ရုံးခန်းထဲ ခေါ်ပြီး  နောက်ထပ် လေးနှစ် သက်တမ်း ထပ်မံ တာဝန်ထမ်းဆောင်ဖို့  ဆန္ဒတောင်းတဲ့ အခါ ၊ မပြီးမပြတ်သေးတဲ့ သူ့ ရဲ့ သံတမာန်ရေးရာ ကိစ္စ တွေကို တွေးလိုက်တော့ ၊  မြန်မာပြည် မှာ ၊ ဒီမိုကရေစီ   ဘယ်လို ဆက်ဖြစ်လာပါ့မလည်း ဆိုတဲ့ ၊ စိုးရိမ်မူ က ပထမဆုံး အတွေး ဖြစ်နေ ပြန်တယ်။ တကယ်တော့ ၊ ဒီ စာအုပ်ကို ဖတ်မိသလောက် ခြုံငုံ သုံးသပ်ကြည့်တဲ့ အခါမှာ ၊ မြန်မာပြည် အရေး ဟာ ၊ အမေရိကန် နိုင်ငံခြားရေး မူဝါဒ တခု သက်သက် ထက် ၊ ဟီလာရီ နဲ့  တစုံတရာ နက်နက်ရှိုင်း ရှိုင်း  ယှက်နွယ်နေတယ် ဆိုတာကို ခံစား သတိထား မိလာတယ်။

အမေရိကန် အစိုးရ ရဲ့ Pivot Strategy ဆိုတဲ့  အာရှ ပစိဖိတ်ဒေသ ကို မဏ္ဍိုင်ပြုမဲ့ နည်းဗျူဟာသစ် ဟာ ၊ ဟီလာရီ ရဲ့ အဆိုအရ ဆိုရင် ၊ နိုင်ငံခြားရေးဝန်ကြီး အဖြစ် ၊ သူ ပထမဆုံး ရွေးချယ်လိုက်တဲ့ အာရှ ခရီးစဉ်က အစပြုခဲ့တယ်လို့  ဆိုတယ်။ ဘွတ်ရှ်အစိုးရ ရဲ့  မပြီးပြတ်သေးတဲ့ အီရတ် အာဖဂန်နစ္စတန် စစ်တွေ၊  အယ်ကိုင်ဒါ အကြမ်းဖက်အန္တရယ်တွေ ကို ပိုပြီး အာရုံရောက်ဖို့ ရှိနေတဲ့  နိုင်ငံခြားရေး မူဝါဒ ဟာ ၊ မထင်မှတ်ပဲ အာရှ နဲ့  စပြီး တာထွက်ခဲ့တယ်။ ခြိမ်းခြောက်မူ တွေကို ရင်ဆိုင်ဖြေရှင်းနေရပေမဲ့ ၊ အခွင့်အလန်း တွေကိုလည်း အမိအရ ဆုပ်ကိုင်သင့်တယ် လို့ ဟီလာရီက ဆိုတယ်။ တချို့ကတော့ ၊ အာရပ်ကမ္ဘာ နဲ့ အရှေ့အလယ်ပိုင်းမှာ ကျဆင်းလာတဲ့  ဒီမိုကရေစီ အလားအလာတွေ ကြောင့် ၊ ပိုပြီး ဖြစ်နိုင်ချေရှိတဲ့ အရှေ့တောင်အာရှ ဖက်ကို အားပြု လာတာ လို့ ယူဆကြတယ်။ တကယ်တော့ တရုတ်ရဲ့ ကြီးထွားလာမူ ဟာ ၊ အဓိက အကြောင်းရင်း ဖြစ်မှာပါ ။ ဟီလာရီ ကိုယ်တိုင်ကလည်း  သူတို့ စဉ်းစားထားတဲ့ လမ်းကြောင်း နှစ်ခု ကို ၊စာအုပ်ထဲမှာ ပွင့်ပွင့်လင်းလင်း ပဲ ချပြ ထားပါတယ်။ ပထမ လမ်းကြောင်းက ၊ တရုတ်နဲ့ ဆက်ဆံရေး တိုးချဲ့ ပြီး သူတို့လိုချင်တဲ့ လမ်းကြောင်းမှန် ပေါ် ရောက်အောင် ဆွဲခေါ်မယ် ။ အဲဒီလိုမှ မဖြစ်နိုင်ရင် ၊ အမေရိကန် ရဲ့  နဂိုမူလ မဟာမိတ် တွေ ဖြစ်တဲ့ ဂျပန် ၊ တောင်ကိုရီးယား၊ ထိုင်း ၊ ဖိလစ်ပိုင် နဲ့  သြစတြေလျ တို့ နဲ့ ပိုပြီး ဆက်ဆံရေး ခိုင်မာအောင် လုပ်မယ် ၊ ဒါမှ တရုတ်ကို ထိမ်းညှိ နိုင်မယ်ပေါ့ ။ ပြီးရင်တော့ ကျွဲကူးရေပါ တခြား အရှေ့တောင်အာရှ နိုင်ငံတွေကိုပါ ပိုပြီး စည်းရုံးနိုင်မယ် လို့ တွက်ဆပုံရပါတယ်။ အဲဒါကြောင့်လည်း ၊ အရင်က ဘယ်အမေရိကန် နိုင်ငံခြားရေးဝန်ကြီးမှ အရေးတယူ မလာရောက်ခဲ့တဲ့ ၊ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ မြို့က အာဆီယမ် ရုံးချုပ်ကို ဟီလာရီ ပထမဆုံး အလည်အပတ်ရောက် ခဲ့တယ်။ အဲဒီ ခရီးစဉ်မှာပဲ အင်ဒိုနီးရှား သမ္မတ ယူဒိုယူနို က၊ မြန်မာပြည်က စစ်ဗိုလ်ချုပ်ကြီးတွေ ဟာ၊ အမေရိကန် နဲ့ ဆက်ဆံချင်နေကြောင်း ၊ ဒီမိုကရေစီလမ်းပွင့်ဖို့ ဖြစ်နိုင်ကြောင်း စကားပါး လာခဲ့တယ်။ စကားပါးလာသူ ကိုယ်တိုင်က စစ်ဝတ်စုံ ကို ၊ ချွတ်လဲ ထားတဲ့ သမ္မတ တယောက် ဖြစ်နေတာမို့ ၊  အတော် ချိန်ဆ ခဲ့ရတယ်လို့ တော့ မှတ်ချက်ပြု ထားတယ်။ တကယ်တော့  ကြိုတင် တီးခေါက်ထားတဲ့ သံတမန်လမ်းကြောင်း တွေလည်း ရှိထားခဲ့ လို့ ဖြစ်မှာပါ။


မြန်မာပြည် အခြေအနေ နဲ့ ပတ်သတ်ပြီး မချင့်မရဲ ဖြစ်နေခဲ့ ရတယ် ဆိုတဲ့ ဟီလာရီ ဟာ ၊ ပထမဆုံး အာရှ ခရီးစဉ် မစခင်၊ လ အနည်းငယ် အလိုမှာတည်းက ၊ မြန်မာပြည်အပေါ် ပိတ်ဆို့အရေးယူမူကို ဦးဆောင်ရှေ့ရွက် ပြုနေတဲ့ လွှတ်တော်အမတ်တွေ နဲ့  စပြီး ကြိုတင် ညှိုနှိုင်းနေ ခဲ့ တယ်။ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ပုဂ္ဂိုလ်ရေး လေးစားမူ အတော်များတဲ့ ၊  ပြိုင်ဘက်ပါတီက ရီပက်ဘလစ်ကန် အမတ် မစ်ခ်ျမက်ကော်နယ်က စလို့ ၊  သူ့အနေနဲ့ ဒီလောက်ကြီး သဘောအကျလှကြီး မဟုတ်ပေမဲ့ ၊ အရှေ့တောင်အာရှ ကို ဦးစားပေး လုပ်ဆောင်နေ တဲ့ ခပ်လည်လည် ဒီမိုကရက် အမတ် ဂျင်မ်ဝဘ် လို လူမျိုးအလယ်၊  ကျောက်စိမ်းဥပဒေ လို့ လူသိများတဲ့ မြန်မာ့စီးပွားရေး ပိတ်ဆို့ရေး ဥပဒေ ကို တင်သွင်းခဲ့တဲ့  ကွယ်လွန်သွားတဲ့ လွှတ်တော်အမတ် တွမ်လန်တို့စ် ရဲ့ တပည့်ရင်း  ကွန်ဂရက်အဖွဲ့ဝင် ဂျိုးခရော်လေ ဆိုသူတွေ အဆုံး ၊ မြန်မာပြည်ရေးရာ ပေါ်လစီ အသစ်အတွက် ၊ လွှတ်တော်ထဲမှာ မဟာမိတ်ရှာ လူစု နေခဲ့ပြီ။ မြန်မာအစိုးရ အပေါ်မှာ ပိတ်ဆို့မူ တခုတည်း နဲ့ ဆက်သွားနေလို့ မရတော့ဘူး ဆိုတဲ့ လမ်းကြောင်းကို ၊ စပြီး အကောင်အထည်ဖော်ဖို့ ကြိုးစားနေခဲ့ပြီ။

တကယ်တော့ ၊ သူ့မှာ  နဂိုမူလတည်းက ၊ မြန်မာပြည်နဲ့ ပတ်သတ်ပြီး သီးသန့် စိတ်ညွတ်မူ တခု ရှိနေခဲ့ ပုံ ပါ။ သူ့ ခင်ပွန်း ဘီလ်ကလင်တန် သမ္မတဖြစ်စဉ် အချိန်ကတည်းက ၊ အမေရိကန် ဒီမိုကရက် တွေ အနေနဲ့ ၊ မြန်မာပြည် ဒီမိုကရေစီ အရေးကို အတော့်ကို စိတ်ဝင်စားခဲ့ ကြတာ မဟုတ်လား ။ ၁၉ ၉ ၅ ခု ဒေါ်အောင်ဆန်းစုကြည် ဒုတိယအကြိမ် အကျယ်ချုပ်က လွတ်လာတဲ့အခါ ၊ တကယ်ပဲ ပြုပြင်ပြောင်းလဲနေပြီလား လို့  နိုင်ငံခြားရေး ၀န်ကြီး မယ်ဒလင်း အောဘရိုက် ကိုယ်တိုင် မြန်မာပြည် ကို ရောက်လာ စုံစမ်းခဲ့သေးသည်ပဲ ။ မြန်မာ့အလင်း တို့ ကြေးမုံ တို့ မှာ ကလိန်တန် တို့  ဒေါ်မယ်ဒလင် တို့ ဆိုတဲ့ အောက်ကလိအာ အစိုးရ အာဘော်ဆောင်းပါးတွေ လှိုင်လှိုင် ပါ ခဲ့တဲ့ အချိန်တချိန်ကို မှတ်မိကြအုံးမှာပါ ။ အမေရိကန် ရဲ့  အားထုပ်မူ မအောင်မြင်ခဲ့ဘူး ဆိုပါတော့ ။ ဒါတောင် ကလင်တန်က သမ္မတ ရာထူးက ဆင်းကာနီးလေးမှာ သမ္မတ ရဲ့ အမြင့်ဆုံး အရပ်သားဆု ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ကို မရ အရ  ဆုပေးသွား ခဲ့သေးတယ်။ အခု အမေရိကန် နိုင်ငံခြားရေး မူဝါဒ တွေ၊ ဟီလာရီ ကလင်တန် လက်ထဲ ရောက်လာပြန်တော့ ၊ မြန်မာပြည် နဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ၊ ရှေ့ဆုံးနားကနေ ပါခဲ့ပြန်တာ အဆန်းတော့ မဟုတ်ပေဘူး။

ပထမဆုံး အာရှ ခရီးစဉ်က ပြန်ရောက်လာလာခြင်းပဲ ၊ မြန်မာပြည်ကို အဆင့်မြင့် အရာရှိ တယောက် လွှတ်လိုက်ပေမဲ့ ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ တွေ့ခွင့် မရသလို ၊ ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း မတွေ့ခဲ့ရဘူး။ ဒီကြားထဲမှာ ဖြစ်လာတဲ့ အမေရိကန်နိုင်ငံသား  ယက်တော ရဲ့  ကိစ္စဟာ သွေးရိုးသားရိုး အရူးထခြင်းလား ၊ နိုင်ငံရေး ပယောဂ တခုခု ပါဝင်နေလေသလား ဘယ်သူမှ သေချာ မသိနိုင်ပေမဲ့ ၊ ယက်တောကို လာခေါ်တဲ့ လွှတ်တော်အမတ် ဂျင်မ်ဝဘ် တယောက် သူ့ရဲ့ ဒုတိယ အကြိမ်မြောက် ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့် ရခဲ့ပြီးနောက်မှာ လမ်းကြောင်း နည်းနည်းပွင့်လာခဲ့တယ်။  နောက်နှစ် ၂၀၁၀ နှစ်ဆန်းပိုင်း ထဲမှာပဲ ၊ အာရှ နဲ့ ပစိဖိတ်ရေးရာ ဗျူရို လက်ထောက်  ကတ့်ကမ့်ဘဲလ် ကိုယ်တိုင် နှစ်ကြိမ်တိုင်တိုင် လာရောက်ခဲ့ပြီး ၊ နေအိမ်အကျယ်ချုပ် ကျနေဆဲ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံ ဆွေးနွေးနိုင် ခဲ့တယ်။ နှစ်ကုန်ပိုင်း  နိုဝင်ဘာလ ထဲမှာတော့၊ စိတ်ကြိုက်ရေးဆွဲထားတဲ့  ဖွဲ့စည်းပုံကြီးနဲ့ တဖက်သက် ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကြီးမှာ ၊ ပြိုင်ဖက်မရှိ အနိုင်ယူ လိုက် တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေဟာ ၊ ရွေးကောက်ပွဲ ပြီးသွား လို့  အစိုးရတွေ လွှတ်တော်တွေ၊ လူခွဲပြီး အကျအန နေရာယူ ပြီး တာနဲ့ တပြိုင်နက် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်တော့တယ်။  


ဒီဆက်တိုက် ဖြစ်စဉ်တွေကို ကြည့်ရင် ၊ ဒီ နှစ်ပိုင်းလေး အတွင်းမှာ ၊ အမေရိကန်ဖက်က သံတမန်ရေးရာ အပေးအယူ နဲ့  ညှိနှိုင်းမူတွေ ၊ ဘယ်လောက်တောင် အကြိတ်အနယ် လုပ်ခဲ့ရတယ် ဆိုတာကို ခန့်မှန်းကြည့်လို့ ရသလို မြန်မာအစိုးရ ဖက်ကလည်း အားလုံးကို အချိန်ကိုက် မဖြစ်ဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့တာပဲ ။ အဲဒီမှာ ဘာထပ်တွေ့ရလည်း ဆိုတော့ ၊ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ရှိနေတုန်း အဆက်အသွယ် ပြတ်တောက်ခဲ့ပုံ ရတဲ့  အဖွဲ့ချုပ်ရဲ့  ၂၀၁၀ ရွေးကောက်ပွဲ သမိတ်မှောက် ရေး မူ ဟာ၊   အမေရိကန်က  ဒေါ်အောင်ဆန်းစုကြည် အတွက် ဆောင်ရွက် ပံ့ပိုးနေမူတွေ နဲ့ ၊ အချိတ်အဆက် လွဲချော်ခဲ့ဟန် ရှိတာကြောင့် ၊ ပြည်သူတွေ မှာ ၊ အံ့အားသင့်စရာ နိုင်ငံရေး အလှည့်အပြောင်းတခု ကို ကြုံတွေ့ လက်ခံ လိုက်ရတာပဲ ။ အဲဒါကတော့ ကြားဖြတ်ရွေးကောက်ပွဲကို ရတဲ့ အနေအထား နဲ့ ဒေါ်အောင်ဆန်းစုကြည် ၀င်ဖို့ ဆုံးဖြတ်ခဲ့ ခြင်းပဲ ။ ဒါကို နိုင်ငံရေးထောင်ချောက် လို့ တချို့က သံသယကြီး ကြပေမဲ့ ၊ ဒေါ်အောင်ဆန်းစုကြည် ကတော့ ၊ နောက်တခါ ထပ်ပေါ်လာနိုင်ဖို့ မလွယ်တဲ့ နိုင်ငံရေး အခွင့်အလန်းတခု မို့ ၊ ရဲရဲ ကြီး တိုးဝင် ခဲ့ ဟန် တူပါတယ်။ ဟီလာရီ ကလည်း မိုးရွာတုန်း ရေခံ သင့်တယ်ဆိုပြီး မြန်မာစကားပုံ နဲ့ ကို အတိအကျ ကိုးကားခဲ့တယ်။ ဒါပေမဲ့ ၊ ဟီလာရီ ရော ဒေါ်အောင်ဆန်းစုကြည် ပါ ၊ တဖက်မှာ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့  အရူးလုပ်ခံရဖွယ်  ရှိနိုင်တယ် ဆိုတဲ့ စွန့်စားမူ ကို မျက်စိ ရှင်ရှင် ထား ခဲ့ ကြတာကတော့ ၊ အားတက်စရာပါ။


ဒေါ်အောင်ဆန်းစုကြည် နဲ့ တယ်လီဖုန်း ငါးကြိမ်တိုင်တိုင် ပြောခဲ့တယ်ဆိုတဲ့ ဟီလာရီ ဟာ ဒေါ်စု လွတ်ပြီးပြီးချင်း နှစ်လအကြာမှာ ပထမဆုံး အကြိမ် တယ်လီဖုန်း ခေါ်ခဲ့တယ်။ ဒေါ်စုက ကျေးဇူးတင်ကြောင်း ပြောရင်း နဲ့ ပေါ့ပေါ့ပါးပါး သူ့သမီးရဲ့ မင်္ဂလာဆောင် သတင်းကို မေးခဲ့သလို  ဟီလာရီ ကလည်း ကမ္ဘာတလွှားက တခြား ဒီမိုကရေစီ ရုန်းကန်လှုပ်ရှားမူတွေရဲ့  နမူနာယူစရာ တွေကို ဆွေးနွေးဝေမျှ ချင်တဲ့အကြောင်း ၊ တယောက်တလှည့်စီ အလည်လာကြဖို့  လို့ ချိန်းချက်ခဲ့ကြ တယ်။  အဲ့ဒီလို နဲ့ ဟီလာရီ တယောက် မြန်မာပြည်ကို ကိုယ်တိုင်သွားဖို့ လမ်းစ ရှာတော့တယ်။

၂၀၁၁ နိုဝင်ဘာ လဆန်းမှာ ၊  အမေရိကန် ရဲ့ ဘယ်သမ္မတ မှ မတက်ရောက်ဖူးသေး တဲ့ အင်ဒိုနီးရှားနိုင်ငံ ဘာလီ မှာ လုပ်တဲ့ APEC အစည်းအဝေးကို ဟီလာရီ နဲ့ အတူ အိုဘားမား ကိုယ်တိုင် ပထမဆုံး အကြိမ် တက်ရောက် လာခဲ့ တယ်။ အင်ဒိုနီးရှားကို ဦးတည် ပြန်သန်းလာတဲ့ Air Force One လေယဉ်ကြီးပေါ်မှာပဲ ၊ ဟီလာရီ က ၊ အတူပါလာတဲ့ ကတ့်ကမ်ဘဲလ် ကို ဖုန်းချိတ်ခိုင်းပြီး ၊  မြန်မာပြည် ဖြေလျှော့ ဆက်ဆံ ရေး - ပေါ်လစီသစ် ကို ဆုံးဖြတ် အတည်ပြုပေးမဲ့  အမေရိက နိုင်ငံရဲ့ အရေးကြီးဆုံး ပုဂ္ဂိုလ်ကြီး နဲ့ ၊ ဒီပေါ်လစီ ကို ထောက်ခံ အတည်ပြုပေးဖို့ လိုအပ်နေတဲ့ မြန်မာပြည်က တဦးတည်းသော အမျိုးသမီးကြီး တို့ ကို ၊ ပထမဆုံး အကြိမ် စကားပြောစေ ခဲ့တော့တယ်။ နောက်တနေ့  ဘာလီ အစည်းအဝေး မှာပဲ ၊ သမ္မတ အိုဘားမား က မြန်မာပြည်မှာ တိုးတက်မူ အလင်းရောင်ကလေးတွေကို  မြင်နေရပါပြီ ဆိုတဲ့ flickers of progress မှတ်ချက် စကား ကို ဆိုတော့တယ် ။ သူ့ဘေးမှာ ရပ်နေတဲ့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကိုလည်း မြန်မာနိုင်ငံကို လွှတ်ပြီး စုံစမ်းကြည့်ရှု ဖို့  တာဝန်ပေးလိုက်တယ် လို့ တခါတည်း ကြေညာ ခဲ့တယ် ။ ဘာလီက အပြန် ၊ ဂျပန်မှာ ဆီဝင်ထဲ့ ရင်း ၊ ဂျပန်က သံဝန်ထမ်း တွေက ထဲ့ပေးလိုက်တဲ့ ၊ ဒေါ်အောင်ဆန်းစုကြည်  အကြောင်း ရိုက်ကူးထားတဲ့ The Lady ရုပ်ရှင်ကို  သူတို့ တဖွဲ့လုံး လေယဉ်ပေါ်မှာ ကြည့်ကြရင်း ၊ ဟီလာရီ တယောက် သမ္မတကြီး မြင်လိုက်တဲ့ အလင်းရောင် မီးတောက်ကလေး တွေကို ၊ အားကောင်းလာအောင် ဘယ်လို ယပ်ခတ် မီးထိုး ပေးရမလဲ လို့  တွေးရင်း ၊ ၀ါရှင်တန် ပြန်မရောက်ခင် မှာပဲ ၊ နောက်ခရီးစဉ် အတွက် ပြင်ဆင် စိတ်လှုပ်ရှားနေခဲ့ ပြီ။

တကယ်လည်း ၊ လ တောင် မကူးသေးတဲ့  နိုဝင်ဘာ နေက်ဆုံးရက်ထဲ မှာပဲ ၊ ဟီလာရီ တယောက် နေပြည်တော်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့တော့တယ်။  ကြီးကျယ်ခမ်းနား လှတဲ့ နေပြည်တော် ရဲ့ မြင်ကွင်း တွေ ၊ စစ်ဗိုလ်ချုပ်ကြီးတွေ နဲ့ တွေ့ဆုံခဲ့တဲ့ အတွေ့အကြုံတွေကို ၊ စာအုပ်ထဲ မှာ ခပ်သာသာ ခပ်သောသော လေးသာ မှတ်ချက်ပြုထားပေမဲ့ ၊ ယိုယွင်း အကျည်းတန်နေတဲ့ အဆောက်အဦကြီးတွေ အောက်က   ခက်ခဲရုန်းကန် နေကြတဲ့ ရန်ကုန်မြို့ ရဲ့  လူမူမြင်ကွင်းတွေကို တော့ ၊ လေးလေးနက်နက် ခံစား နားလည် နေခဲ့ပုံ ။ ရှုခင်းတွေ စုံလင် လှ တဲ့ မြန်မာပြည်ကြီးကို ၊ သူ့မိသားစု နဲ့ အတူ ၊ ဧရာဝတီမြစ် အတိုင်း ဆန်တက်လို့  မန္တလေးထိ အရောက် နောက်တခေါက် ထပ်လာလည်ဖို့ ကိုတောင် ၊ ဆန္ဒတွေ ပြင်းပြနေခဲ့တယ် လို့ ဆိုတယ်။

နောက်ဆုံးမှာတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ လူကိုယ်တိုင် မျက်နှာချင်းဆိုင် တွေ့ ရပါ လေပြီ။ အမေရိကန် သံအမတ်ရဲ့ နေအိမ်မှာ လုပ်တဲ့ ညစာစားပွဲ မှာ ၊ နှစ်ယောက်သား မထင်မှတ်ပဲ ၊
အကျီ င်္ အဖြူရောင် ဆင်တူ ၀တ်လာမိကြတဲ့ တိုက်ဆိုင်မူ အတွက် အံ့သြ၀မ်းသာနေကြ တဲ့ အမျိုးသမီးကြီး နှစ်ယောက်ဟာ ၊ စတွေ့လိုက်တာ နဲ့ ၊ ငယ်ပေါင်းကြီးဖော် မိတ်ရင်း ဆွေရင်းတွေလို  ခံစားကြရတယ် ဆိုတာဟာ ၊ ဓါတ်ပုံတွေ ထဲမှာကို အတိုင်းသား မြင်နိုင်ပါတယ်။  လက်ဆောင်တွေ တယောက်တလှည့် ပေးကြပြီးတဲ့ နောက်မှာတော့ ဟီလာရီ က သူ နေပြည်တော်မှာ တွေ့ခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီး နှစ်ယောက် အပေါ် အမြင်တွေကို ပြောပြ သလို ၊ ဒေါ်စု ကလည်း ၂၀၁၂ မှာ လုပ်မဲ့ ကြားဖြတ် ရွေးကောက်ပွဲ ကို ၊ သူတို့ ပါတီ ၀င်ဖို့  ဆုံးဖြတ်လိုက်တဲ့ အကြောင်း ၊ သူ ကိုယ်တိုင် လွှတ်တော်အမတ် လုပ်ဖို့ လည်း ရည်ရွယ်ထားကြောင်း ပြောရင်း ၊ ပြည်သူ့ ကိုယ်စားလှယ် တယောက် ဖြစ်လာဖို့ လိုအပ်တဲ ပြင်ဆင်မူတွေအတွက် မေးခွန်းတွေ အများကြီး မေးခဲ့တယ် လို့ ဆိုတယ်။


ဒီပုံမှာ ဟီလာရီ ဆွဲထားတဲ့ ငွေဆွဲကြိုးလေးဟာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ လက်ဆောင်ဖြစ်တယ်လို့  ယူဆရတယ်။  ၊သူက ဒေါ်စု ဖတ်ဖို့ စာအုပ်တချို့ နဲ့ ခွေးကလေးဆော့စရာ တခု ပေးခဲ့ပြီး ၊ ဒေါ်စု ကတော့ သူကိုယ်တိုင် ဒီဇိုင်းထုတ်ထားတဲ့ ငွေဆွဲကြိုးတကုံး ပေးခဲ့တယ် လို့ ရေးထားတယ်


နောက်တနေ့ မှာ  ဒေါ်အောင်ဆန်းစုကြည် ရဲ့ နေအိမ်မှာ ထပ်တွေ့ ကြပြန်တယ်။ ဒေါ်အောင်ဆန်းစုကြည် က ၊ မြန်မာအစိုးရ က စဉ်းစားနေတဲ့ ပြုပြင်ပြောင်းလဲမူတွေ အတွက် ၊ အမေရိကန် ဖက်ကရော ဘယ်လို တုန့်ပြန် မှာလဲ ဆိုတာကို သိချင်နေခဲ့ တယ် လို့ ဆိုတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ က ၊ မတိုင်ခင် ကတည်းက  ပိတ်ဆို့ မူတွေကို အစောတလျင် မဖယ်ရှားလိုက်ဖို့ ဆိုတဲ့ သတိပေးမူတွေ ရှိ ခဲ့တယ်။  ဟီလာရီ ကလည်း  အကုန်လုံးကို တပြိုင်နက်တည်း ဖွင့်ပေးလိုက်တာမဟုတ်ပဲ ၊ တိုးတက်မူ တခုဆီတိုင်းအတွက် အပေးအယူ ပုံစံ နဲ့သာ သွားပါ့မယ်လို့  ဒေါ်အောင်ဆန်းစုကြည်ကို စိတ်ချစေခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ၊ ဒီခရီးစဉ် အားဖြင့် ၊  ဟီလာရီ မျှော်လင့်ထားတဲ့ အတိုင်းပဲ၊  ပြုပြင်ရေးသမား ဆိုသူကြီးတွေ အတွက်တော့ ၊ နိုင်ငံတကာ ရဲ့ ယုံကြည်မူ ကို ရယူ တည်ဆောက်ဖို့ လမ်းစ ပွင့်သွားခဲ့ လေပြီ။ ဒေါ်အောင်ဆန်းစုကြည် နဲ့ အတိုက်အခံ တွေ အတွက်ရော ၊ လူးသာ လွန့်သာ ဘယ်လောက် ရှိလာခဲ့သလဲ ။

သူတို့ နှစ်ယောက် ပထမဆုံး ဖုန်းပြောစဉ် က ချိန်းချက်ခဲ့ ကြတဲ့ အတိုင်းပါပဲ ။ ၂၀၁၂ စက်တင်ဘာ လ ထဲမှာ ဒေါ်အောင်ဆန်းစုကြည်တယောက် ၀ါရှင်တန်က ဟီလာရီ ရဲ့ အိမ်ကို တလှည့် အလည်ရောက်လာ ခဲ့တယ်။ ဟီလာရီ ရဲ့ အိမ်က ထမင်းစားခန်း အပြင်က နေရာလေးမှာ နှစ်ယောက်တည်း သီးသန့် စကားပြောရင်း ၊ မလွတ်သေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ၊ ပိုပြီးဆိုးဝါးသလိုတောင် ဖြစ်နေတဲ့ တိုင်းရင်းသား ပဋိပက္ခတွေ နဲ့ ၊ အလုအယက် ၀င်လာကြတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံ မူတွေကြောင့် ပိုသိသာလာတဲ့  လဘ်ပေးလဘ်ယူ မူတွေ အကြောင်း ပြောတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ဟာ စိုးရိမ်နေဟန် ရှိတယ်လို့  ဆိုတယ်။ ပြုပြင်ပြောင်းလဲရေး အတွက် အတူလုပ်ဆောင်ဖို့ ယုံကြည်ထားခဲ့တဲ့ သမ္မတ ဦးသိန်းစိန် ရဲ့ အပြောင်းအလဲ  အတွက် လည်း ၊ ပူပင်နေပုံ ပေါ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကို၊ အံကြိတ်ပြီး တော့သာ ရှေ့ကို ဆက်သွားဖို့ ၊ ပေးစရာရှိတဲ့ ဖိအားကို ဆက် ပေး ပြီး ၊ ထိမ်းစရာရှိတဲ့ ဆက်ဆံရေးကို ဆက်ထိမ်းဖို့ သာ၊ ဟီလာရီက အကြံညဏ် ပေးခဲ့ တယ် ။  အမေရိကကို မရှေးမနှောင်း ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန် ရဲ့ အမည်ကို တောင် ၊  နောက်တနေ့  ပြောမဲ့ ဆုယူ မိန့် ခွန်းမှာ ထဲ့ပြောဖို့  ၊ သူ က အကြံ ထပ်ပေးလိုက် သေးတယ်။

ဒေါ်စု အမေရိကန် ခရီးစဉ်က ပြန်လာပြီး သိပ်မကြာပါဘူး။ နိုဝင်ဘာ လ ထဲမှာပဲ ၊ သမ္မတ အိုဘားမား ကိုယ်တိုင် မြန်မာပြည် ကို ရောက်လာခဲ့ ပြီး ၊ တဖြည်းဖြည်း မြင့်တက်လာတဲ့ အမေရိကန် - မြန်မာ ဆက်ဆံရေးဟာ  အမြင့်ဆုံးရေချိန် ကို ရောက်ခဲ့ တော့တယ်။

၂၀၁၄ ရဲ့ နှစ်လည်ပိုင်းမှာ ထွက်လာတဲ့ ဟီလာရီ ရဲ့ စာအုပ်ထဲက သူ့ အတွေ့ အကြုံ သူ့ သုံးသပ်ချက်တွေ ကို ဖတ်ကြည့်ရင်း ၊ ဒီ အချိန်ကာလတွေ အတွင်းမှာ ဟီလာရီ မျှော်မှန်းခဲ့ သလောက် မြန်မာပြည် ဘယ်လောက်ထိ ရှေ့ ကို ရောက်လာသလဲ . . . အိုဘားမား သတိချပ်ခဲ့ တဲ့  တိုးတက်မူ မီးရောင်လေးတွေကရော  ဘယ်လောက်ထိ ကျယ်ပြန့်  လင်းချင်း လာသလဲ  ဆိုတာကို ၊ အားလုံး ကိုယ် ထင်မြင် တွေ့ကြုံရသလို သုံးသပ် ကြည့် နိုင်ပါတယ်။

ဒီ ပြောင်းလဲမူတွေကို ဦးဆောင် ရှေ့ ရွက် ပြုခဲ့တဲ့ ဟီလာရီ ကိုယ်တိုင်မှာ တော့ ၊ သမ္မတကြီး ဦးသိန်းစိန် တယောက် သူ့ အလုပ်တွေကို ပြီးပြတ်အောင်မှ  ဆက်လုပ်သွား နိုင်ပါ့မလား . . . ဒေါ်စု တယောက်ကများ ယုံကြည်စရာ လျော့ပါးလာတဲ့ ပူးပေါင်း ဆောင်ရွက်မူ တွေထဲကနေ ၊ ဗြုန်းဆို နှုတ်ထွက်လိုက်မလား ဆိုတဲ့ ၊ စိုးရိမ်မူ အသစ် တွေ ရှိလာ ခဲ့တယ်။ ဒါပေမဲ့ ၊ သူကိုယ်တိုင် တွေ့ဆုံ စကားပြောခဲ့ဖူးတဲ့ ၊ ဦးသိန်းစိန် - ဦးရွှေမန်း- ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့  ၂၀၁၅ မှာ သမ္မတ ဖြစ်လာနိုင်မဲ့ ၊ ပုဂ္ဂိုလ်ကြီး သုံးယောက် ရဲ့ နိုင်ငံရေး အားစမ်းမူ နဲ့ နောက်ကွယ်က  ကစားကွက် အလှည့်အပြောင်းတွေကို လည်း  ၊ ဒါဟာ တကယ့် ဒီမိုကရေစီ ပါပဲ လို့ ၊ တိတ်တိတ်ကလေး အားရ နေဟန် လည်း ရေးသားထားတယ်။ ဘာပဲပြောပြော  အစောပိုင်း ကာလက မြင်ခဲ့ရတဲ့ အလင်းရောင်လေးတွေ နဲ့၊ မရေရာ ခဲ့တဲ့ မျှော်လင့်ချက် တွေ ဟာ ၊ သူ - နိုင်ငံခြားရေးဝန်ကြီး အဖြစ် တာဝန်ယူခဲ့တဲ့ သက်တမ်း လေးနှစ် အတွင်းက ၊ အမှတ်ရစရာတွေ ထဲ မှာတော့ ၊ အမြင့်ဆုံး အမှတ် တွေ ဖြစ်နေဆဲပဲ လို့ ဆိုတယ်။ အားလုံးက ထင်မြင် မျှော်လင့်နေကြသလို နောက်လာမဲ့ ၂၀၁၆ အမေရိကန် ရွေးကောက်ပွဲ မှာ ၊ သမ္မတ အဖြစ် ထပ်မံ ယှဉ်ပြိုင် အရွေးခံ ဖို့ ဆိုတာကိုတော့၊  နောက်ထပ် ခက်ခဲတဲ့ ရွေးချယ်မူ တခု မို့ ၊ မဆုံးဖြတ်ရသေးဘူး လို့ ၊  ဆိုထားပေမဲ့ ၊ နှလုံးသား နဲ့ နိုင်ငံရေး လုပ်ခဲ့တဲ့ အမျိုးသမီးကြီး ရဲ့  ၊ နိုင်ငံရေး နှလုံးသားကိုတော့ ဒီစာအုပ်ထဲမှာ အတိုင်းသား မြင်နေခဲ့ရတယ်။

ဟီလာရီ ပြောသလိုဆို - နိုင်ငံရေး တာဝန် တွေ ဆိုတာ လက်ဆင့်ကမ်း ပြိုင်ပွဲ လိုပဲ ၊ ရှေ့က မပြီးပြတ်ခဲ့တဲ့ တာဝန်တွေကို ဆက်ထမ်းဆောင် ၊ အရင်က မအောင်မြင်ခဲ့တဲ့ လမ်းကြောင်းတွေကို ပြောင်းလဲ ရတာ ဆိုရင်တော့ ၊ နောက် အသစ် တက်လာတဲ့ နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီ က ၊ အခု ဘာတွေ ဆက် လုပ်နေလေသလဲ ။ ပြီးခဲ့တဲ့ လ ကမှ ၊ မြန်မာပြည်ကို လာသွားတဲ့ ဂျွန်ကယ်ရီ ရဲ့ ခရီးစဉ်က တော့ ၊ သူ့ရှေ့က လူတွေလို ၊ မြန်မာပြည်သူတွေ ကြားထဲ စိတ်ဝင်စားမူ မရှိလှဘူး လို့ ပြောကြ တယ်။ ဂျွန်ကယ်ရီ ကိုယ်တိုင်ကလည်း ဒေါ်အောင်ဆန်းစုကြည် ကိုတောင်  အလေးအနက် မထားသလို အခြေအနေတွေ ဖြစ်ခဲ့တယ် ဆိုတဲ့ ဖော်ပြ ရေးသားချက်တွေ ကို လဲ ဖတ်မိတယ်။

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး - မဖြစ်ရေး ဆိုတဲ့ ကိစ္စ ဟာ ၊ အမေရိကန် နိုင်ငံခြားရေး မူဝါဒ ထဲမှာ ၊ သိပ်အရေးပါလှတဲ့ အကြောင်း မဟုတ်လောက်ပါဘူး။ ဒါပေမဲ့ အမေရိကန် ရဲ့  မြန်မာပြည်အပေါ် ဆက်ဆံရေး မူဝါဒသစ် ဟာ ၊ တရုတ်ရဲ့ ခြေကုပ်ယူမူ ကို တားဆီးဖို့ နဲ့၊  ဒေသတွင်း သြဇာ ထူထောင်ဖို့  သက်သက်ပဲ ဖြစ်လာမယ် ဆိုရင်တော့ ၊ အမျိုးသမီးကြီး နှစ်ယောက် ရဲ့  ခင်မင်လေးစားမူတွေ နဲ့ စခဲု့ ပြီး ၊ အဖြူရောင် တိုက်ဆိုင်မူ နဲ့  လေးနက် ခဲ့တဲ့ ၊ နွေးထွေးပွင့်လင်းတဲ့ ရီမောသံ တွေနဲ့  ဖွဲ့နှောင်ပြီးသား ၊ မြန်မာ့ ဒီမိုကရေစီ ခရီး အစ ကောင်းဟာ၊ အနှောင်း မသေချာ နိုင်ပါဘူး။ 

တကယ်လို့သာ ၊ အားလုံးရဲ့ နှလုံးသား ဆန္ဒ တွေ အတိုင်း ၊ လာမဲ့ နှစ်တွေထဲမှာ  မြန်မာပြည်ရဲ့  သမ္မတ ဟာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်လာပြီး ၊ အမေရိကန် ရဲ့ သမ္မတ ဟာလည်း ၊ ဟီလာရီ ကလင်တန် ဖြစ်လာခဲ့မယ် ဆိုရင်တော့ . . . နှလုံးသား နဲ့ လုပ်တဲ့ နိုင်ငံရေး တွေဟာ ၊ စစ်ခရာသံ တွေ ပြန်လည် ဆူညံ လာတဲ့ ကမ္ဘာကြီးထဲမှာ မျှော်လင့်စရာ လူ့သမိုင်းတခု ဖြစ်လာဦးမှာပါ။


ကေသွယ်
သြဂုတ် ၃၁ ၊၂၀၁၄

Ref: Hillary Rodham Clinton (2014). Hard Choice.

Weekly Eleven. No-47, Vol-9, Sep 08 2014.


◦
Share/Bookmark

ဗမာပညာတတ်များ နဲ့ စင်ဒရဲလားအတွက်ဖိနပ်တဖက်


ဒေါ်အောင်ဆန်းစုကြည် အကြောင်းရေးခဲ့တဲ့ စာတွေထဲက လွန်ခဲ့တဲ့ ၄ နှစ် လောက်က ရေးခဲ့တဲ့ ရီဗျုးဆောင်းပါးလေး တပုဒ်ပါ။ လက်ရှိ နိုင်ငံရေး သုံးသပ်ချက်တွေ အရှိန်အစော်အညှော် တွေ ကို ရှောင်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဖြစ်တဲ့ ၁၉  ဇွန် ၂၀၁၃ Eleven Daily Newspaper မှာ ပြန်လည်တည်းဖြတ် အသုံးပြုထားပါတယ်။

++++++++

တကယ်တော့ ဒီဆောင်းပါးလေးဟာ ဒေါ်အောင်ဆန်းစုကြည် ရဲ့  Freedom from Fear စာပေါင်းချုပ်ထဲက ဒေါ်စု ကိုယ်တိုင် ရေးခဲ့တဲ့ Intellectual Life in Burma and India under Colonialism ဆိုတဲ့ စာတမ်းအပေါ်၊  ဖတ်မိသမျှနဲ့ တွေးတော နားလည်မိသမျှ ကို ဝေမျှ ဆင်ခြင်ထားခြင်းသာ ဖြစ်ပါတယ်။

ဒီစာတမ်းလေး ရဲ့ မူရင်း ဇစ်မြစ်က ဆင်းမလား မှာ ရှိတဲ့ Indian Institute of Advanced Study အတွက် ရေးသားတင်သွင်း ခဲ့တာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် တယောက် မြန်မာပြည်ကို ပြန်လာခဲ့ပြီး ချိန် ၁၉ ၉ ၀ ခုနှစ် မှာ မှ ပထမဆုံး အကြိမ် ပုံနှိပ် ဖော်ပြ ခဲ့တာ ဖြစ်တယ်။

ဒေါက်တာ မိုက်ကယ်အဲရစ် ရေးတဲ့ အမှာစာမှာတော့  ဒီစာတမ်းဟာ သူမ ရေးခဲ့သမျှ သုတေသန စာတမ်းတွေထဲမှာ ၊ အထူးခြား အပြောင်မြောက်ဆုံးဖြစ်ပြီး၊ မြန်မာ့သမိုင်းနဲ့ ပတ်သတ်တဲ့ အခြေခံသစ် တခုကို ဖော်ထုပ်ထား ခြင်း ဖြစ်တယ် ဆိုတဲ့ ပညာရှင်တွေရဲ့ သုံးသပ်ချက် တချို့ကို  ထဲ့သွင်း ကိုးကား ထားခဲ့တယ်။




ဗမာပြည်သားတွေရဲ့ လူမူရေး ဘာသာရေး နိုင်ငံရေး အမြင်တွေကို အခြေခံပြီး၊  မိရိုးဖလာ ဘုန်းတော်ကြီးသင်ပညာရေးစနစ်ကနေ၊ ခေတ်ပညာတတ် အလွှာတွေ ပေါ်ထွန်းလာပုံ အဆင့်ဆင့်ကို ၊ ဟိုး ရှေးဘုရင်ခေတ်တွေက စလို့  လွတ်လပ်ရေး ရကာစ အချိန်ထိ ၊ အကိုးအကားပေါင်းများစွာ နဲ့  လေ့လာ သုံးသပ် ထားခဲ့တဲ့ စာတမ်း တစောင်ပါ။

ဗမာပြည် မှာ၊ ကိုလိုနီ လက်အောက် အရင်ဆုံးကျရောက်ခဲ့တဲ့ အောက်ပြည်သား မွန် ၊ ကရင် နဲ့ ကမ်းရိုးတမ်းသား ရခိုင်လူမျိုးစု တွေကနေ စပြီးမှ ၊ပညာတတ်လူတန်းစားတွေ ထွန်းကားလာခဲ့ကြတယ်။  အဲဒီမှာ အင်္ဂလိပ် ကိုလိုနီ ဘင်္ဂလားနယ် နဲ့ ဆက်စပ်နေတဲ့ ရခိုင်လူမျိုးတွေက အများဆုံး နဲ့ အရင်ဆုံး ပညာတတ်ကြပြီး ၊ ယဉ်ကျေးမူ အစောဆုံး ထွန်းကားခဲ့တဲ့ ၊ မွန်လူမျိုးတွေ တောင် ဒီလောက် မများခဲ့ဘူး လို့ ဆိုတယ် ။ ကရင်အုပ်စုကတော့ ၊ အနောက်နိုင်ငံ သာသနာပြုတွေနဲ့ ပတ်သတ်ဆက်စပ်ပြီး ၊ မစ်ရှင်ကျောင်းတွေက အစပြုခဲ့တယ် လို့ ဆိုတယ်။

အဲဒီ အခြေခံယူဆချက်ကို ထပ်ချဲ့ ကြည့်ပြန်တော့ ၊ ရခိုင်လူမျိုးတွေမှာက ၊ ကြွယ်ဝ ချမ်းသာတဲ့ မြေပိုင်ရှင် မျိုးရိုး မိသားစုတွေသာ ၊ အဲဒီလို ခေတ်ပညာတွေ သင် ကြားနိုင်ခဲ့ကြပေမဲ့ ၊ ကရင် နဲ့ မွန် လူမျိုးတွေမှာ ကြတော့ ၊ မစ်ရှင် သာသနာပြု တွေက၊  ကြည့်ရှု စောင်မတာ ဖြစ်တဲ့အတွက်၊ ဟိုး အောက်ခြေလူတန်းစား လယ်သမား တွေအထိ သက်ရောက်ခဲ့တာကို တွေ့ရတယ်။ ဥပမာ- ဒေါက်တာ စံစီဖိုးလို မျိုး..စောစံဖိုးသင် တို့လိုမျိုး။ စောဘဦးကြီးကတော့..မြေရှင်သား လို့ ဖတ်ဖူးသည်။ YMCA ကို နမူနာယူ ပြီး Christian နေရာမှာ Buddhist ကို အစားထိုး ဖွဲ့စည်း ခဲ့တဲ့ YMBA အသင်းကြီးကို တည်ထောင်သူ ဦးမေအောင် ဆိုရင် ၊  အစောပိုင်း ပညာတတ် ရခိုင်ကြီးပေါ့ ။ မှန်းဆကြည့်ရတာတော့  အဲဒီ ၂၀ရာစု အစောပိုင်း နှစ်တွေက ဗုဒ္ဓဘာသာ အစဉ်အလာ ပြင်းထန်တဲ့ ရခိုင်ပညာတတ်တွေ နဲ့ ခရစ်ယာန်ဘာသာ သက်ဝင်တဲ့ ကရင် နဲ့ မွန် အုပ်စုတွေကြားမှာ ၊ အပြိုင်အဆိုင်လေးတွေ ရှိခဲ့ပုံ ပေါ်ပါတယ်။ တချိန်ထဲမှာပဲ ဗမာပြည်အထက်ပိုင်းက ၊ ဘုရင်စနစ်ကို သံယောဇဉ် ရှိတဲ့ သခင်ကိုယ်တော်မှိုင်း တို့လို ရှေးပညာရှိကြီးတွေ ကလည်း နောက်ထပ် အုပ်စုတစု ဖြစ်နေပုံပါ။ ဒီ့ထက်မက ကွဲပြားနေအုံးမဲ့ ပညာတတ် အုပ်စုတွေလည်း ရှိနေဦးမလားပဲ။

တကယ်တော့ ပညာတတ်လူတန်းစား ဆိုတာဟာ တိုင်းပြည်တခုရဲ့  အတွေးအခေါ်ပိုင်း  နည်းနာနိသယျပိုင်း မဟာဗျူဟာပိုင်း ကစလို့ ပြုပြင်ပြောင်းလဲမူတခု (သို့) တော်လှန်ရေးတခုမှာ အတော်ကြီးမားတဲ့ အတိုင်းအတာ တခုထိ အရေးပါ- ပါတယ်။ ပိုအရေးကြီးတာက အဲဒီ လူတန်းစားက အလွှာတခု သီးသန့် ဖြစ်မနေသင့်ပဲ အစိတ်အပိုင်းတခု အဖြစ် ပါဝင် နေသင့် တာပါ။

လူမူအဆောက်အဦတခု နဲ့ ခေတ်တခေတ်ကို ပုံဖော်နိုင်ခဲ့တဲ့ (အဲဒီခေတ်ကဆို) ကိုလိုနီ အနောက်တိုင်းပညာတတ် လူတန်းစားတွေဟာ၊ အိန္ဒိယမှာတော့ ၊ ကံအားလျော်စွာ နိုင်ငံရေး လှုပ်ရှားမူတွေနဲ့ ထပ်တူကျခဲ့ပြီး ၊ အရေအတွက် အားဖြင့်လည်း များပြားခဲ့တယ်လို့ ဆိုတယ်။ ဗမာပြည်မှာကတော့ ၊ အိန္ဒိယမှာလို မဟုတ်ပဲ၊ ဖရိုဖရဲ ကွဲပြားနေခဲ့တယ်လို့၊  ယှဉ်တွဲသုံးသပ်ထားတယ်။ ဇာတိမာန်နဲ့ ယှဉ်တဲ့ လှုပ်ရှားမူတွေ တော်လှန်ရေး အသွင်အပြင်တွေဟာ ၊ ချက်ခြင်းလက်ငင်း ဖြစ်ပေါ်ပြောင်းလဲ နိုင်ပေမဲ့၊ အမျှော်အမြင်(vision) ပိုင်းမှာ အားနည်းခဲ့တဲ့ အတွက် ၊  ရေရှည် မတည်တံ့ နိုင် ခဲ့တာ လို့လည်း ထောက်ပြထားတယ်။ တည့်မတ်တဲ့ ရပ်တည်ချက် နဲ့ မှန်ကန်တဲ့ ဦးဆောင်မူ ကင်းမဲ့နေတဲ့ အဖြစ်ကို သတိပြုမိလာတဲ့၊  ၁၉၃၀ ကာလ မျိုးဆက်သစ် လူငယ်တစု က ၊ နိုးကြားနေပြီးသား ဇာတိမာန် အမျိုးသားရေး စိတ်ဓါတ်ကို ၊ ခေတ်ပညာရေး အခြေခံ နဲ့  ပေါင်းစပ်ပေးနိုင်ခဲ့တယ် လို့  ဆိုပါတယ်။

အဲဒီအချိန်က ၊ အိန္ဒိယရဲ့  ညဏ်သစ်ပေါ်ချိန် ( Renaissance era ) လှိုင်းကလည်း ၊ ဗမာလူငယ် ပညာတတ်တွေကြားထဲမှာ အများကြီး ရိုက်ခတ်လာတယ်။ တပြိုင်တည်းလိုမှာပဲ ၊ ကမ္ဘာတလွှားမှာ ခေတ်စားလာတဲ့  လက်ဝဲစာပေ တွေ ကလည်း ဦးကြီး ဖာနီဗယ်ရဲ့ Book Club ကနေ တဆင့်၊  အလုံးအရင်း နဲ့ ၀င်ရောက် လာခဲ့ တယ်။ အရမ်းကို နိုးကြားတက်ကြွ နေကြပြီး  စာပေအယူဝါဒတွေ  ငတ်မွတ်ဆာလောင် နေတဲ့ ဗမာလူငယ်တွေဟာ၊  ရေငတ်တုန်း ရေတွင်းထဲ ပြုတ်ကျသလိုမျိုး ၊ ခွဲခြမ်း စိတ်ဖြာ မနေနိုင်ကြတော့ပဲ၊ ဆိုရှယ်လစ် အယူအဆတွေကို အငမ်းမရ သီအိုရီလိုက် ၀ါးမြို မိခဲ့ကြ လိမ့်မယ် လို့ ၊ ဒေါ်အောင်ဆန်းစုကြည်က မှန်းဆ ထားပါတယ်။

အဲဒီ အချိန်တွေတုန်းက ၊ ဆင်းရဲမွဲတေမူ သိပ်အဆိုးဝါးကြီး မရှိလှသလို ၊ ဇာတ်အနိမ့် အမြင့် ခွဲခြားဆက်ဆံမူလည်း မရှိလှတဲ့ ၊ ဗုဒ္ဓဘာသာ အခြေခံတန်ဖိုးတွေနဲ့ အသားကျ နေတဲ့ ဗမာ့ လူမူအဖွဲ့အစည်းဟာ၊ မာ့ခ်ဇ်ဆိုရှယ်လစ်ဝါဒကြီး နဲ့ အလိုအလျောက် ပေါင်းစပ်ပတ်သတ်သွားစရာ အကြောင်းလည်း ရှိမနေခဲ့ဖူး လို့ ဒေါ်အောင်ဆန်းစုကြည်က ယူဆခဲ့တယ်။

တကယ်တော့၊ အဲဒီအချိန်က လှုပ်ရှားမူတွေရဲ့  ခေါင်းဆောင်နေရာကို ရောက်နေကြတဲ့ လူငယ်တစုဟာ၊ စက်ရုံတရုံကနေ တလိုင်းတည်း တအုပ်စုတည်း ထုတ်လုပ် လိုက်တဲ့ ကားအသစ်ကလေးတွေလို ၊ ပညာရေးစနစ် တခုထဲကပဲ ၊ ဒီစာပေ ဒီအခြေခံ တွေနဲ့ ။ တမြေထဲမှာ တမိုးထဲ တခြံထဲက ပွင့်လိုက်တဲ့ ပန်းကလေးတွေလို  ဒီမျိုးစေ့ ဒီအရွယ် ဒီအသွေးအရောင်တွေနဲ့ တကယ့် လက်ရွေးစင် အုပ်စုလေး တခုပါ။ ဒေါ်အောင်ဆန်းစုကြည် ကတော့ ၊ မှိုင်းရဲ့ ဇာတိမာန်တွေ ကိန်းအောင်းရင်း ၊ ခေတ်စမ်း စာပေ ရဲ့ လှပ ခန့်ညားမူတွေ ထပ်ဆင့် သွန်းလောင်းထားခံရတဲ့ လူငယ်တွေ လို့ လည်း အနုပညာ စာပေ ရှုထောင့်ကနေ စောင်းငဲ့ကြည့်ထားပြန်ပါသေးတယ်။ နာမည်တွေ အားဖြင့် ၊ အောင်ဆန်း ( ဗိုလ်ချုပ်အောင်ဆန်း) စိုး ( သခင်စိုး) နု ( ဦးနု) သန်းထွန်း ( သခင် သန်းထွန်း) နဲ့  သိန်းဖေမြင့် တို့ကို ဆွဲထုပ် ပြထား ပါတယ်။

“စိုး” ကတော့ကွန်မြူနစ်ဝါဒ ကို ဗမာမူ ပြုပြီး၊  ဗုဒ္ဓစာပေနဲ့ ဖလှယ် ပြန်ယူ ဖန်တီးခဲ့တဲ့ သူ။ “နု” ကတော့၊  ဗုဒ္ဓဘာသာ အလွန်အကျွံ သက်ဝင်ကိုးကွယ်သူ ဖြစ်တဲ့ အလျောက် ၊ ကွန်မြူနစ်ဝါဒ နဲ့ ဗုဒ္ဓဘာသာဟာ ဘယ်လိုမှ တွဲစပ်လို့ မရဘူးလို့ ၊ တောက်လျှောက် ပြောဆို သက်သေပြခဲ့တဲ့သူ။ သူတို့ အားလုံးဟာ လက်ဝဲ၀ါဒကို အနည်း နဲ့ အများ လေးစား နာခံ ကြသူတွေ ဖြစ်တဲ့အတိုင်း ၊ အောင်ဆန်း သန်းထွန်း နဲ့ သိန်းဖေမြင့် တို့ကလည်း လွတ်လပ်လာမဲ့ ဗမာပြည်အတွက် အမျိုးသားရေး စိတ်ဓါတ် အခြေခံ နဲ့ ကိုက်ညီမဲ့ အယူဝါဒတခုကို ရှာဖွေ နေခဲ့ ကြတယ် လို့  ဆိုတယ်။ သိန်းဖေမြင့်ကို တော့ ၊ စာပေဖန်တီးမူ အတတ်မှာ  ပါရမီထူးသူအဖြစ် ပုံဖော်ထားပြီး သူ့ရဲ့ နံမယ်ကျော် `သပိတ်မှောက်ကျောင်းသား´ ထဲက စိတ်စေတနာတခု ကို ကောက်နုတ်ပြ ထားပါတယ်။ သခင်ကိုယ်တော်မှိုင်းရဲ့ ဗမာ့ ရှေးစာပေတွေကို လေ့လာ လိုက်စားသင့်သလို  အင်္ဂလိပ်ဘာသာ စာအုပ်ကောင်းတွေကိုလည်း ဖတ်ရှုကြဖို့  ဆိုတာ မျိုးပါ။

အဲဒီအထဲကမှ “နု” “စိုး” နဲ့ “သန်းထွန်း” တို့ စတင် တည်ထောင်ခဲ့ကြတဲ့ ၊ နဂါးနီ စာအုပ်အသင်းကြီး အကြောင်းကိုလည်း စိတ်ဝင်စား ချီးကျူးဖွယ်ရာ ဖတ်ရှု လိုက်ရပါသေးတယ်။ ဒါဟာလည်း ဦးကြီးဖာနီဗယ်ရဲ့ စာအုပ် အသင်း ဆီက ရလာတဲ့၊  အားကျအတုယူမူ တခု ဖြစ်နေမှာပါ။ အဲဒီ နဂါးနီစာအုပ်အသင်းကြီးကနေ ၊စာအုပ်ပေါင်း (၁၀၁)အုပ်ကို ကြီးကြပ်ထုပ်ဝေခဲ့ပြီး၊ အဲဒီစာအုပ်တွေဟာ ၊ လွတ်လပ်ရေးရပြီးစ ဗမာပြည်ကြီးကို အများကြီး ထုဆစ်ပုံဖော်ခဲ့ လိမ့်မယ်လို့လည်း ယူဆ မိပါတယ်။

အယူဝါဒ နဲ့ စိတ်နှလုံးကို တံခါးဖွင့်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် လူငယ် ခေါင်းဆောင်တချို့ဟာ၊  နောက်ပိုင်းမှာ အစွန်းရောက်လာနိုင်တဲ့ ဗမာလူမျိုးကြီးဝါဒ(racial chauvinism)ရဲ့ အန္တရယ်ကြီးပုံကို ပြန်လှန် သုံးသပ်မိကြပြီး၊ အရှိန်လျှော့ဖို့ ကြိုးစားခဲ့ကြ ပါသေးတယ်။ သူတို့တွေ အပါအ၀င် တတိုင်းပြည်လုံးရဲ့ သွေးတွေကို ဆူပွက်စေခဲ့တဲ့  “တို့ဗမာအစည်းအရုံးကြီး” ရဲ့ ဟစ်ကြွေးသံ ဖြစ်တဲ့၊ `ဗမာစာသည် တို့စာ..ဗမာစကားသည် တို့စကား..´ ဆိုတာကိုလည်း စာတမ်းမှာ အပြုသဘော ထောက်ပြထားပါတယ်။ လူမျိုးစု အရေးတွေကို အရှည်မြင်လာကြပြီး `ဗမာလူမျိုး´ အတွက်တင် မဟုတ်ပဲ `ဗမာပြည်မှာနေထိုင်သော လူအားလုံး အတွက်´ ဆိုတဲ့ အယူအဆကို အတိုင်းအတာ တခုအထိ ပြန်ထူထောင် လာနိုင်ပေမဲ့၊ ဗမာစာ(စကား) ကတော့ တခုတည်းသော အဓိကဘာသာအဖြစ် တည်ရှိလာခဲ့တာ  အခုတိုင်ပါပဲ။

အဲဒီနေရာမှာ အကောင်း-အဆိုး ဆိုတာထက်၊ ယထျဘူတကျကျ သုံးသပ် ပြထားတဲ့ အချက်တချက်က၊ ဗမာပြည်လိုပဲ လူမျိုးစု ဘာသာစကားတွေ ကွဲပြားလှတဲ့ အိန္ဒိယ မှာတော့ ၊ အင်္ဂလိပ်စာကို ရုံးသုံး ပြုလုပ်ခဲ့ခြင်း(ဖြစ်နေခြင်း)ဟာ၊ ညီညွတ်မူအတွက် အားသာချက် တခု ဖြစ်လာခဲ့တယ်  တဲ့။ အဲဒီလို ဘာသာစကား ကွဲပြားမူ ပြသာနာကို၊ အိန္ဒိယက အင်္ဂလိပ်စာ ကြားခံ သုံးရင်း ဖြေရှင်း နိုင်ခဲ့သလို၊ သူတို့ရဲ့ ရိုးရာအစဉ်အလာ ဇာတ်မြင့် ဦးစားပေးတဲ့ ယဉ်ကျေးမူ ကြောင့်၊ လူမူဆက်ဆံရေးရှုထောင့် သက်သက်က ကြည့်ရင် အင်္ဂလိပ်တွေရဲ့  ဦးဆောင် အုပ်ချုပ်မူနဲ့ အလွမ်းသင့် ခဲ့တယ် လို့ သုံးသပ်ထားတယ်။ တပြိုင်တည်းမှာပဲ၊ အထက်တန်းစား လက်ခံတဲ့ အယူအဆ (Elitism)ကလည်း လွတ်လွတ် လပ်လပ် ရှိနေ ခဲ့တယ်။ လွတ်လပ်ရေး ကြိုးပမ်းမူ ခေါင်းဆောင်တွေ ဟာလည်း ၊ အဲဒီ လူတန်းစား ထဲ ကပဲ ၊ ပေါ်ထွက်လာခဲ့တယ် ဆိုတာကိုလည်း ၊ ထောက်ပြ ထားပြန်တယ်။

အဲဒီအချိန်မှာ ဗမာပြည်မှာတော့ သာတူညီမျှစနစ် (Egalitarian)ကြောင့် ၊လူတန်းစား တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်။ ဖြစ်ချင်တော့လည်း၊ အဲဒီလို လူ့မလိုင် ခေတ်ပညာတတ် လူတန်းစားတွေက ၊ အစပိုင်းကာလတွေမှာ ၊ အောက်ခြေလွတ်ပြီး ၊ဗမာ့ရှေးထုံး စဉ်လာစာပေတွေကို မျက်ကွယ်ပြုခဲ့တာကြောင့်၊ အထက်တန်းစားမုန်းတီးရေး စိတ်ဓါတ်က ပိုလို့ ပြင်းထန်လာပြီး ၊ အခြင်းခြင်း ဝေးကွာခဲ့ကြရတယ်။ နောက်ပိုင်းခေတ် ၁၉၃၀ကာလ လူငယ်ခေါင်းဆောင်တစုရဲ့ ညဏ်အသိ စိတ်ခွန်အားတွေနဲ့ ပြန်လည် သင့်မြတ်ဖို့ ကြိုးစားခဲ့ကြပေမဲ့၊  တကယ့်တကယ်မှာတော့ ၊ လူတန်းစားစိတ်ဓါတ် အခြေခံက လူပီသတဲ့ လူတွေ ကြားထဲမှာ ၊ သိသိသာသာ တမျိုး  မသိမသာ တနည်း ရှိနေခဲ့ တော့တာပါပဲ။

အဲဒါတွေအားလုံးရဲ့ ရလဒ်ဆိုးကို၊ ပမာဆောင်ပြီး အနှစ်ချုပ်ထားပုံက၊ အိန္ဒိယမှာ အဲဒီလို လူတန်းစား ကွာဟချက်ကို လက်ခံ ထားခဲ့တာကြောင့်၊ အဲဒီ“အဟ” ကြီးက အိုင်းအနာကြီးလို ကျယ်သထက်ကျယ်လာခဲ့ပြီး Renaissance အယူအဆတွေနဲ့ တိုးတက် ပြောင်းလဲမူတွေကို ရေရှည် ထိန်းမထားနိုင်ခဲ့တော့ဘူး ။ ဗမာပြည်မှာလည်း (Elite)ဆိုတဲ့ ပညာတတ်လူတန်းစားတရပ်ရဲ့ တန်ဖိုးကို ပြည့်ပြည့်၀၀ အသုံးမချ နိုင်ခဲ့တဲ့ အတွက်ကြောင့်၊ အောင်မြင်သင့်သလောက် မအောင်မြင်ပဲ ဖြစ်ခဲ့ရတယ် လို့ စာတမ်းကို မျှမျှတတ အဆုံးသပ်ထားခဲ့တယ်။

စူးရှ သလောက် နက်နဲ လှတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ စာတမ်း ကို ကြိုးစားပမ်းစား ဖတ်ပြီးသွားတဲ့ အခါမှာ၊ ၁၉ ၃၀ ခုနှစ်ကာလ ကိုလိုနီစနစ်အောက်က ဗမာပြည်ကြီးရဲ့  အငွေ့အသက် သမိုင်းပုံရိပ်တွေက ၂၀၀၀ပြည့်လွန်ကာလ ဒီမိုကရေစီကို သွားကြမယ် ဆိုတဲ့ ဗမာပြည်ကြီးရဲ့ လူမူဘ၀ ကြေးမုံပြင်တွေပေါ်မှာလည်း တဖိတ်ဖိတ်လက်နေတုန်း အရိပ်တွေက ဆက်စပ်နေတုန်း ပါပဲလား လို့ တွေးနေမိတယ်။ အနောက်တိုင်း ပညာရှင်တချို့ တင်စား သုံးနှုံး ခဲ့သလို ၊ တကယ်ပဲ ဗမာ့လူမူ အဖွဲ့အစည်းကြီးဟာ သူနဲ့ တန်မဲ့ ရွှေဖိနပ်တရံ မရနိုင်သေးတဲ့ စင်ဒရဲလား မင်းသမီးလေးလို ညီအမတွေ အိမ်နီးချင်းနိုင်ငံတွေ ကြားထဲမှာ ၊ ၀မ်းနည်း အားငယ်စရာတွေနဲ့  ပြည့်နှက် နေတုန်းပဲလား.. ဆိုတဲ့ သံသယကို တော့၊  မျှော်လင့်စိတ်တခုနဲ့  ခြေဖျက်ကြည့်နေမိတော့တယ်။

ကေသွယ်

Ref: Intellectural Life in Burma and Indaia under Colonialism, Freedom from Fear by Aung San Suu Kyi

◦
Share/Bookmark

လေဘေးထည်နိုင်ငံရေး

အပြောင်းအလဲ တွေက၊ လေမုန်တိုင်း တခု လို။

ပြောရရင်တော့.. မြစ်ဝကျွန်းပေါ် ဒေသ ကို တညတည်း နဲ့ မထင်မှတ်ထားပဲ ၀င်မွှေသွားတဲ့ နာဂစ် မုန်တိုင်းလိုပါပဲ။ မြန်မာပြည်ရဲ့ နိင်ငံရေး နယ်နမိတ် တလျှောက်၊ တနှစ်လောက် အတွင်းမှာပဲ၊ မထင်မှတ်ရခက်.. ထင်မှတ်ရခက် စွာ၊ ၀င်ရောက်တိုက်ခတ် နေလေ ခဲ့ သည်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးသိန်းစိန် ရဲ့ တွေ့ဆုံမူ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အလှည့်အပြောင်း။ အဲ့ဒီနောက်မှာ၊ ၂၀၀၈ အခြေခံ ဥပဒေ ကြီး၊ ဖွင့်ထွား စွင့်ကား လာခြင်း။ မကြောက်တရား တွေ ထမ်းပိုးလို့၊ ပြန်လည်လွတ်မြောက်လာတဲ့၊ နိုင်ငံရေး အကျဉ်းသား များ။ အကြောက်တရားတွေ ခ၀ါချ နိုင်လာတဲ့၊ (ဒေါ်စုပြောသလို )တမိုင်လောက်ဝေး သူ များ ရဲ့ အုတ်အော်သောင်းနင်း တက်ကြွမူ များ။ ရွေးကောက်တင်မြှောက်သော လွှတ်တော် အမတ်များ။ ရွေးချယ်စရာ နည်းပါးသော၊ လွှတ်တော်အမတ်များ။ ။ ၈၈ မူလ လက်ဟောင်း များ.. လက်ကျန်များ.. လက်သစ်များ။ ပြည်တော်ဝင်များ.. ပါတီဝင်များ စသည်ဖြင့်၊ မြန်မာ့နိုင်ငံရေး ကြီး ပြန်လည် အသက်ဝင် လှုပ်ရှား လာခဲ့သည်။

မြန်မာပြည် တ၀ှမ်းလုံးက၊ နိုင်ငံရေး နိုးကြားလာမူ တွေ ကလည်း၊ တရက်တလေ တောင် မနားတော့ လောက်အောင်၊ သတင်းများက ဖတ်လို့မကုန်။ လိုက်လို့ မကုန်။

ရခိုင်အရေး။ မြစ်ဆုံအရေး။ ကျောင်းသားသမဂ္ဂ ပြန်လည်တည်ဆောက်ရေး။ ရန်ကုန်တက္ကသိုလ် ပြန်ဖွင့်ရေး။ ကချင်ဒုက္ခသည်အရေး။ ရခိုင် ဒုက္ခသည်အရေး။ လက်ပတောင်းတောင် အရေး၊ စာနယ်ဇင်း လွတ်လပ်ခွင့်အရေး က အစ သမ္မတထောက်ခံရေး၊ သမ္မတ ကြိုဆိုရေး အထိ ‘တို့အရေး’ တွေ တိုးတက် များပြားလာသည်။ လှုပ်ရှား တက်ကြွသူတွေကလည်း အဖြူရောင် တွဲလက်၊ ခရမ်းရောင်ကွန်ယက်၊ အပြာရောင် တီရှပ်၊ အစိမ်းရောင် ပရောဂျက် ဆိုပြီး၊ ပန်းနရောင် ဒီမိုကရေစီ နောက်ခံ ပန်းချီကားပေါ်မှာ အရောင်စုံစုံ စုပ်ချက်ကြမ်းကြမ်း နှင့် ခပ်သွက်သွက် ဆေးစက်ခြယ် ကြလေသည်။


မြန်မာနိုင်ငံ ရဲ့ နိုင်ငံရေး ရေချိန်တက်နေပုံ က.. နိုင်ငံ နယ်နမိတ်ကိုတောင် ကျော်လို့။ ဥရောပ အမေရိကန် ကမ္ဘာတလွှားက၊ လှုပ်လှုပ်ရှားရှား ၀မ်းသာအယ်လဲ ဖြစ်ကြရ တဲ့၊ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပြည်ပ ခရီးစဉ်ကြီးတွေ၊ မိန့်ခွန်းတွေ၊ မေးခွန်းတွေ ။

အဲဒီ မိန့်ခွန်းတွေ လိုပဲ၊ မြန်မာပြည် အကြောင်း ထဲ့ပြောသွားတဲ့၊ သမ္မတ အိုဘားမား ရဲ့ ကုလသမဂ္ဂ အဖွင့် မိန့်ခွန်း။ အီရန် သမ္မတ အမဒင်နာဂျပ် နဲ့ အပြိုင်၊ ကမ္ဘာက စိတ်ဝင်တစား နားထောင် လိုက်ရတဲ့၊ မြန်မာ သမ္မတ ဦးသိန်းစိန် ရဲ့ မိန့်ခွန်း။ လူတွေ မလည်း၊ ဒီရက်တွေမှာ၊ မိန့်ခွန်းတွေ မထပ်အောင် မပြတ်အောင် နားထောင်ရင်း၊ မိန့်မိန့်မူးမူးတွေပင် ဖြစ် လု မတတ်။

လှိုင်းလူး သလို မိန့်မူး နေရတာက၊ မြန်မာပြည် အပေါ် ပိတ်ဆို့ အရေးယူမူ တွေက၊ အကန့်အသက် နဲ့ ဖြစ်သွားလိုက်၊ တ၀က်ပွင့်သွားလိုက်၊ တပေါက်ပွင့်သွားလိုက်.. အပြည့် ပွင့်သွားလိုက် နဲ့ ၊ ခေါင်းမူးအောင် လိုက်ဖတ်နေရသည်။

နှစ်ပေါင်း နှစ်ဆယ်လောက် ပိတ်ဆို့ခံထား ခဲ့ရတဲ့၊ ကမ္ဘာကျော် ယုံကြည်ချက် အကျဉ်းသူကြီး က၊ ပိတ်ဆို့မူတွေ ဖွင့်ပေးဖို့၊ ပြေရာပြေကြောင်း ဆော်သြ ဆောင်ရွက်ပေး ခဲ့ တာကိုပဲ၊ သူတို့ ကိုယ်တိုင် သွား ပြောဆို လာခဲ့ လိုက် လိုလို ။ တကမ္ဘာလုံးက ကြည်ညို ချစ်ခင် လေးစား ယုံကြည် ရတဲ့ မျက်နှာတခု ကို ထောက်ပြီး၊ ‘ယုံကြည်ပါတယ်’ လို့ ဆို လို့၊ အဖက်လုပ် ဆက်ဆံ ခံ ရတာကိုပဲ၊ ငြိမ်းချမ်းရေး နိုဘယ်ဆုတောင် ရတော့မလိုလို ။ နယူးယောက်ကို တကူးတက ပြန်လာပေး ရတဲ့၊ ဒေါ်အောင်ဆန်းစုကြည် ကိုပဲ၊ အာဏာပါဝါ နဲ့ ကြိမ်စကြာ ရိုက်ခေါ်သလိုလို၊ သူတို့ကို ပဲ ခရီးဦး ဂါရ၀ လာပြုသလိုလို ။ လိုလို တွေ များလွန်းနေသည်။

" နိုင်ငံတော် သမတကြီးကို အမကြီး ဒေါ်အောင်ဆန်းစုကြည်က လာပြီးတော့ ဂရိ လုပ်တာပါ..နော်..အရင်တုန်းကလို မဟုတ်ဘူး....ကျနော်တို့က..အရင်တုန်းက မျက်နှာချင်းဆိုင်တဲ့အလုပ်မလုပ်ဘူး ခုတော့ မောင်နှမလိုပဲ လာတယ် နှုတ်ဆက်တွေ့ဆုံကြတယ်..."

ဆိုတဲ့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း - ရဲ့ RFA အင်တာဗျုးက၊ ဘာလိုနေမှန်းမသိသော၊ ဘာလိုလို ။

စစ်သားတွေကို လူတယောက်ခြင်း အဖြစ် မမြင်ပဲ၊ စစ်အာဏာရှင် စနစ် လို့ပဲ မြင်ပုံ ရတဲ့၊ ဒေါ်အောင်ဆန်းစုကြည် ဟာ၊  ‘ကျမ စစ်ဗိုလ်ချုပ်ကြီးတွေ တော်တော်များများကို သဘောကျပါတယ်’   လို့ ဖြေ လိုက် လို့ စီအန်အန် သတင်းထောက် အမန်ပွါ အံ့သြတကြီး ဖြစ်သွားရသလို၊ လူအတော်များများလည်း ဖြစ်ခဲ့ ကြပါသည်။ ဘာပဲ ဖြစ်ဖြစ်… ဟီလာရီ ကလင်တန် ပြောသလို၊ လူသတ်သမားတွေ လို့တောင် ခေါ်လို့ရတယ် ဆိုတဲ့ တချိန်က အာဏာရှင်တွေ နဲ့ အခုအချိန်မှာ အလုပ် တွဲ လုပ်ဖို့ သဘောထား ကြီးကြီး ထားတဲ့၊ ကျင့်ဝတ်သိက္ခာအပြည့် နဲ့ ခေါင်းဆောင်တယောက် ကို၊ အားလုံး ၀န်းရံ ထောက်ခံ ဖို့သာပင်။ ဒေါ်အောင်ဆန်းစုကြည်က၊ စစ်ဗိုလ် စစ်သားတွေ မတရားခဲ့တာကို မတရားခဲ့တဲ့ အတိုင်း၊ ထောက်ပြ ပြောခဲ့သလို၊ စစ်ဗိုလ်စစ်သားတွေ အပေါ်မှာ သူ သံယောဇဉ် ရှိတာကိုလည်း၊ အခါအခွင့်သင့် တိုင်း၊ ပြောလေ့ ရှိသည်ပင်။ သူမ ဖက်က၊ မြန်မာ့ တပ်မတော် နဲ့ ပတ်သတ်သမျှ အပေါ်မှာ၊ ဟောင်းဟောင်း သစ်သစ် ကောင်းကောင်း ဆိုးဆိုး၊ တဖက်သတ် မေတ္တာနဲ့၊ ခွင့်လွှတ်ပေး.. လက်ကမ်းပေး နေ ပေမဲ့၊ တဖက်က၊ စစ်ဗိုလ်ကြီး တွေ တဖြစ်လဲ၊ သမ္မတကြီး တွေ၊ ၀န်ကြီးတွေ ကရော..။

တကယ်တော့ သူတို့တွေ လည်း ဒေါ်အောင်ဆန်းစုကြည် ကို မလေးစား အားမကျပဲ နေမယ် မဟုတ်ပါဘူး။ အနည်းဆုံးတော့၊ ဗိုလ်မှူး အောင်လင်းထွတ် ဖော်ကောင် လုပ် သလို၊ ဒီအမျိုးသမီး မလွယ်ဘူး ဆိုတာမျိုး ၊ အရှိန်အ၀ါ ကို လန့်ကြမှာတော့ သေချာသည်။ အရင်တုန်းက မျက်နှာချင်း မဆိုင်ခဲ့တဲ့ သူ ကို၊ အခု မျက်နှာချင်း ဆိုင်တဲ့ အခါ၊ ဘယ်လောက် ရိုးသားမူ နဲ့ အမှန်တရား နဲ့ ဆက်ဆံ ကြ မလဲ။ မစု ပိန်သွားတယ် ဆိုတာလောက် နဲ့ တော့ ရိုးသားတယ် မဆို နိုင်ပေ။

ဘီဘီစီ သတင်းသမား စတီဖင် ဆော့ကာ က တော့ဖြင့်၊ ဦးသိန်းစိန် ရဲ့ အသံခပ်တိမ်တိမ် ထဲ ကို၊ ချွန်မြ တဲ့ မေးခွန်းတွေ နဲ့ ခပ်နက်နက် တူးဆွ ရှာဖွေ ခဲ့သည်။ ဆယ်စုနှစ် နှစ်ခု စာလောက် နေအိမ် အကျယ်ချုပ် ခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ တကွ ၊ နှစ်ပေါင်းများစွာ၊ အကျဉ်းထောင်တွေမှာ၊ အပြင်မှာ ဘ၀ တွေ ကျေပျက် ခဲ့ရတဲ့ ပြည်သူ တွေ အပေါ် တောင်းပန်ဖို့ ရှိပါသလား တဲ့။ အားလုံး ကိုယ့်အလုပ် ကိုယ်လုပ်ကြတာပါပဲ ဆိုတဲ့ အဖြေက၊ တောင်းပန်စရာ မလိုဘူး ဆိုတဲ့ အဓိပ္ပါယ် ။  စတီဖင်က စကားလုံး ပြောင်းသုံးသည်။ တောင်းပန်ဖို့ မလို ရင်၊ နောင်တ ရော မရ မိဘူးလား တဲ့။ ဒီမိုကရေစီ အစစ်ဆီ ကို တကယ်သာ သွားကြတော့မယ် ဆိုရင်၊ ဖြစ်ပြီးခဲ့တဲ့ အမှားအယွင်းတွေ အပေါ်မှာ၊  နောင်တ ရဖို့ မရှိဘူးလား တဲ့။ တလုံးခြင်း ပီသ စွာ မေးလိုက်တဲ့ မေးခွန်းတွေက၊ စူးရှပါပေ့။ အားရစရာ ကောင်းပါပေ့

ဒါပေမဲ့ သမ္မတ ရဲ့ အဖြေတွေကတော့  မရဲဝံ့ပါ။ အားရစရာ မကောင်းခဲ့ပါ။ အမှန်တရားကို မဖော်ပြ နိုင်တဲ့၊ မ၀န်ခံ ရဲတဲ့၊ ဝေ့လည်ကြောင်ပတ် အသံအက်အက် အဖြေများသာ။ ပြန်လည် သင့်မြတ်ခြင်း ဆိုတဲ့ ပန်းတိုင် တခု ဆီ ကို ရောက်ဖို့၊ အပြစ်ဖြေ ၀န်ခံ ခြင်း နဲ့၊ ကျေအေး လက်ခံ ခြင်း ဆိုတဲ့ အဆင့်တွေ မပါပဲ သွားလို့ မရ ဘူး ဆိုတာကို၊ အားလုံး မေ့များ နေကြပြီလား။ တဖက်က မေ့ချင်ယောင်ဆောင် နေတာကို၊ တဖက်က လည်း တောင်းဆို ဖို့ မ၀ံ့မသာ ဖြစ်နေလေ ရော့သလား။

ဘီဘီစီ မြန်မာပိုင်း အစီအစဉ် တာဝန်ရှိသူ ဒေါ်တင်ထားဆွေ ရဲ့ မေးခွန်းတွေကလည်း၊ တာဝန်ကျေကျေ ရဲရဲတင်းတင်း ၊ လူ့အခွင့်အရေး ကိစ္စ ကို မီးမောင်းထိုး သွားသည်။ သို့ပေမဲ့၊ မီးမောင်းကို အကြည့်လွှဲ သွားသူကတော့ ၊ ကျနော် အခုန ပြောခဲ့သလို.. နှင့်ပင်၊ ပြီးသွား ခဲ့သည်။

အဖြေရခက်တဲ့ မေးခွန်းတွေ တဲ့။ ဟုတ်ပါတယ်။ အမှန်တရား နဲ့ တရားမျှတမူ ကနေ ကင်းကွာနေခဲ့တဲ့ လူတစု အတွက်၊ ရိုးသားမူ နဲ့ ၀န်ခံမူ မပါရင် ဖြေလို့ကို မရနိုင် တဲ့ သိပ်ကို ခက်တဲ့ မေးခွန်းတွေ မို့၊ တကယ်ဆိုရင်၊ ဘာမေးခွန်းမှ အမေးမခံပဲ၊ အရင်တုန်းက၊ ခေါင်းဆောင်ကြီးလို၊ အသံတိတ်နေတာ က ပဲ၊ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ အခုတောင်၊ သမ္မတ ကို၊ ဘီဘီစီ က မမေးခင်မှာ၊ ဘေးမှာ ၀ိုင်းရံ နေတဲ့ အရာရှိတွေထဲက၊ အဆင့်မြင့် မြန်မာ အကြံပေး တယောက်က၊ သူ့ ကို ခပ်လှမ်းလှမ်း ကို ခဏ ခေါ်သွားပြီး၊ အကယ်လို့ မေးခွန်းတွေကို မကြိုက်လို့ ရှိရင် သမ္မတကို မဖြေခိုင်းဘူး… လို့ ဈေးစစ် တဲ့ အကြောင်း၊ စတီဖင် ဆော့ကာ က၊ “ ဖြစ်နိုင်ချေ မရှိသော ပြုပြင်ပြောင်းလဲရေးသမား” ဆိုတဲ့၊ ဆောင်းပါး အတို တပုဒ်မှာ ရေးသားထားပါတယ်။ ဒါဆို.. သမ္မတ ကို အကြံပေး တယောက်က ထိန်းချုပ် နိုင် ခွင့် ရှိတယ် တဲ့ လား။

RFA အစီအစဉ်ကနေ .. “ ဒ်ါအောင်ဆန်းစုကြည် ဆိုလည်း ခင်ဗျားတို့ သိတဲ့ အတိုင်း .. အနှစ် နှစ်ဆယ်လုံး တောက်လျှောက် ဆန့်ကျင်နေခဲ့တဲ့ အနေအထားကနေ…” ဆိုတဲ့ အဖြေ တပိုင်းတစ ဟာ၊ ဆီသုတ်ထားပါတယ် ဆိုတဲ့ စကားလုံးတွေ ထဲကနေ၊ ကွက်ကျန် ခဲ့တာ များလား။ ပြည်သူတွေ တခဲနက် ဆန္ဒပြု ခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ … လို့ ရော၊ ဘယ်လို ယုံကြည်မူ နဲ့ ရဲရဲတင်းတင်း ပြောနိုင် ခဲ့ တာလည်း ။ နာဂစ် ကာလ ပြည်သူတွေ ရဲ့ တခဲနက် နာကျင်မူ တွေ ကို များ၊ အသုံးအနှုံး လွဲ ခဲ့ လေသလား။ သွေးထွက်သံယို မရှိ တဲ့ ငြိမ်းငြိမ်းချမ်းချမ်း စိမ်းစိမ်းလန်းလန်း ပြောင်းလဲမူ ဖြစ်စဉ် လို့ ကမ္ဘာက အတော်များများ မျက်စိ လျှမ်း ပြောနေသလို၊ သမ္မတ လည်း၊ မျက်စိလျှမ်း ပုံ ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကတော့ ဒီနေရာမှာ မျက်စိ မလျှမ်းသလို၊ သတိ လည်း မမေ့ ခဲ့ပါဘူး။ အခု အပြောင်းအလဲ ဟာ ၁၉၈၈ ကတည်းက စတင်ခဲ့တာ ဖြစ်ပြီး၊ ကြားထဲမှာ ၂၀၀၇ ခုနှစ် သံဃာတော်လှန်ရေး ကိုလည်း ထဲ့တွက် ရမှာ ဖြစ်တဲ့ အတွက်၊ သွေးထွက်သံယို မူ မရှိဘူး ဆိုတာ၊ မဟုတ်ပါဘူး လို့… ကိုလံဘီယာ တက္ကသိုလ်က အမေးအဖြေ တခု မှာ၊ အတိအလင်းကို ထောက်ပြ သွားခဲ့သည်။

ဘီဘီစီ သတင်းထောက် ခေါင်းစဉ်ပေးထားသလို.. ဖြစ်နိုင်ချေ မရှိတဲ့ ပြုပြင်ပြောင်းလဲရေး သမား လား.. နောက်ပြန်မဆုတ်တော့မဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ် တွေလား ဆိုတာကတော့၊ မိမိ သဘော ဆန္ဒရှိသလို သုံးသပ်ကြည့် ကြ ဖို့ပင်။ ဒေါ်အောင်ဆန်းစုကြည် က တော့ ပြောသည် ။ အခု ဖြစ်စဉ်တွေ ကို လူတွေ သံသယ ရှိနေမယ်ဆိုတာ နားလည် လက်ခံ လို့ရပါတယ်.. အကြိမ်ပေါင်းများစွာ အလိမ်ခံခဲ့ရတာတွေ လည်း ရှိခဲ့တယ်. ဒါပေမဲ့၊ အဲဒီ သံသယ တွေက၊ ရှေ့ဆက်ရမဲ့ လမ်းခရီး အတွက် အနှောင့်အယှက် အဟန့်အတားတွေ မဖြစ်သင့်ဘူး .. ဆိုတဲ့ သဘောထား ပေးထား လေ တော့…ကဲ..ဘာတတ်နိုင်မလဲ.. ဒီလိုပဲ တရွေ့ရွေ့ တိုး ပြီး၊ ဒီမိုကရေစီ ကို ချဲ့ထွင် သွား ကြ ယုံသာ။

ဘာပဲ ဖြစ်ဖြစ်.. တို့တာဝန် အရေးသုံးပါးကို လျှော်ဖွပ် မီးပူ တိုက်ထားတဲ့ အဟောင်းထည် စကားလုံး..သဘောထား အမြင် တွေ ကြားထဲမှာ၊ ပိုက်စိပ်တိုက် ရှာ နိုင်ရင်တော့၊ အသစ်နီးပါး ကောင်းလှတဲ့၊ အဟောင်းထည်လေး တချို့ ရချင် ရ နိုင် မည် လို့ မျှော်လင့်ပါ သေး သည်။ ခပ်လတ်လတ် လေဘေးထည် လေး တွေ ဆိုရင်ပဲ၊ နိုင်ငံရေး မုန်တိုင်းကြမ်းကြီး တွေ အောက်က၊ ပြန်လည် ထူထောင်စ၊ မြန်မာနိုင်ငံ လေး အတွက်၊ သင့်တော် လှပါပြီ။

နိုင်ငံတကာ က၊ ၀ိုင်းဝန်း ကူညီ ကြ တဲ့၊ ငွေကြေးရံပုံငွေ တွေ၊ အဖွဲ့အစည်းတွေ၊ ရင်းနှီးမြုပ်နှံမူ တွေ လည်း၊  လေဘေးထည်တွေ လို၊ တဖြည်းဖြည်း ဈေးကွက် ထဲ ရောက်မသွားဖို့ ကို တော့ ၊ နာနာ ဆုတောင်းရ ပေ တော့မည်။


ကေသွယ်
၂၀၁၂ အောက်တိုဘာ ၁ ရက်

source: Article  ,  Interview 

Other Links: ဘောလုံးနိုင်ငံရေး      ဂျင်းဘောင်းဘီနိုင်ငံရေး

◦
Share/Bookmark

ဘောလုံးနိုင်ငံရေး

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်၊ ဒေါ်အောင်ဆန်းစုကြည် .. ဦးဇော်ဇော် ဖိတ်ကြား သော မြန်မာ-လာအို ဘောလုံးပွဲ ကို သွားရောက် အားပေး ကြည့် ရှု ခဲ့ -  ဆိုသော သတင်း ကြောင့်..အားလုံး လို လို ..အနည်း နဲ့ အများ စိတ်ဝင် တစား မျက်ခုံးချီ မိ သွား ကြ ပေ မည်။

ကျမ လည်း..ချီ မိ ပါသည်။ သို့သော်လည်း.. အတွေး မှတ်ညဏ် ထဲ ကို.. ချက်ခြင်း ဆိုသလို ပြန်လည်
ဝင်ရောက် လာ တဲ့ .. ရုပ်ရှင် ကား ကြီး တခု ကြောင့်..ကျမ မျက်ခုံး တွေ..ပြေလျော့ သွားသလို ရှိပေ တော့၏။




Invictus နဲ့ တောင်အာဖရိက

တောင်အာဖရိက နိုင်ငံ ရဲ့.. အခြေအနေ တွေက.. တင်းမာ သ ထက် တင်းမာ လာ နေ သည် မို့.. Apartheid - အသားအရောင် ခွဲခြား တဲ့ စနစ် ကို ဥပဒေ တခု အဖြစ် ကနေ ပယ်ဖျက် ရ ပေ တော့ သည်။ Afrikaners လို့ ခေါ် တဲ့..အဖြူ အုပ်ချုပ်သူ လူတန်းစား တွေ ဘက်က.. အခြေအနေ မှန် ကို နားလည် စွာ.. တထစ် ပြီး တော့.. နှစ်ထစ်..၊ ဒီလို နဲ့..အထစ် တချို့ လျှော့ ပေး လိုက် ရ ပြီ။

၁၉၉၄

၂၇ နှစ်လုံးလုံး.. အကျဉ်း ချ ထား ခံ ခဲ့ ရ တဲ့..လူမဲ ခေါင်းဆောင်ကြီး နယ်လဆင် မန်ဒဲလား ..ရွေးကောက်ပွဲ မှာ..အနိုင် ရ ခဲ့ ပြီ။ တောင်အာဖရိက နိုင်ငံ ရဲ့.. လူမဲ သမ္မတ ကြီး ဖြစ်လာခဲ့ ပြီ။ လူဖြူ တွေ ဘယ်လို တွေး တော ပူပန် ကြ မလဲ..။ သူတို့ တော့..ခံ ရ တော့မယ်..သူတို့ ပိုင်ဆိုင်မူ တွေ..သူတို့ လုပ်ကိုင် နေတဲ့..အဆင့်မြင့် အရာထမ်း အလုပ်တွေ…အဖယ်ရှား ခံ ရ တော့ မယ်.. အပိုင်သိမ်း ခံ ရ တော့ မယ် လို့.. မျှော်လင့် ထားသူ တွေ မရှား ပါဘူး။ အဲဒီ အထဲ မှာ.. အဖြူ တွေ ရဲ့..အသဲစွဲ ကစားနည်း တခု ဖြစ်တဲ့..ရပ်ဘီ ဘော လုံးပွဲ လည်း ပါ ခဲ့ သည် ပေါ့။ အဖြူ တွေ သာ လွှမ်းမိုး ကြီးစိုးနေ တဲ့..အဲဒီ ကစားပွဲ တွေ ကို.. ပြောဆို ပိုင်ခွင့် တွေ ရ လာ ကြ ပြီ ဖြစ် တဲ့..အမဲ တွေ က..ဖျက်သိမ်း ပြစ် ဖို့.. အသံ မြှင့် လာ ကြ သည်။

ရှေ့ နှစ် မှာ အိမ်ရှင် နိုင်ငံ အဖြစ် ကျင်းပ တော့ မဲ့.. ကမ္ဘာ့ ဖလား ခြေစစ် ပွဲ ကို.. လာရောက် ကြည့် ရှု အားပေး တဲ့.. သမ္မတ အသစ်ကြီး မင်ဒဲလား တယောက် လည်း.. တချိန် တုန်း က.. သူ ကိုယ်တိုင် အဲဒီလို တွေး ခဲ့ မိ ဘူး တာ ကို..သတိရ နေ မိ သည်။ ဒါပေမဲ့..အဲဒီ နေ့ မှာ တော့.. အားကောင်း မောင်းသန် ကစား နေ တဲ့.. Springboks ဘောလုံး အသင်း နဲ့ အသင်းခေါင်းဆောင် Pienaar ကို ကြည့် ရင်း..သူ့ အတွေး တွေ ပြောင်းပြန် ဆန့်ထွက် သွား ခဲ့ လေ တော့ သည်။

နောက်တနေ့ မှာ..အသင်းခေါင်းဆောင် Pienaar ကို သူ့ရုံးခန်း မှာ လက်ဖက်ရည် သောက် ဖိတ်ကြား ခဲ့ သည်။ နိုင်ငံ့ ထိပ်တန်း ရပ်ဘီ ဘောလုံး အသင်းကြီး ကို ဖျက်သိမ်း ပြစ်ဖို့ များ လား လို့..မမှန်းဆ တတ်အောင် ဖြစ် နေ တဲ့.. Pienaar ကို..သမ္မတ ကြီး က၊ လက်ဖက် ရည် ကိုယ်တိုင် ဖျော် ပေး ရင်း..နှစ်လိုဖွယ် အပြုံး နဲ့.. Invictus ကဗျာ ကို ရွတ်ဆို ပြ သည်။ ပြီးတဲ့ အခါ မှာ တော့..သူတို့ နှစ်ယောက်.. အပေးအယူ တခု..(သို့) စိမ်ခေါ်ပွဲ တခု ကို.. သဘောတူ လိုက် ကြ သည်။

အဲဒီ နေ့ က စ လို့.. မင်ဒဲလား ရဲ့..ထောက်ခံ အားပေး မူ နဲ့.. Springboks အသင်း ကြီး..တခု လုံး၊ ပိုပြီး လေ့ကျင့် ကြ ရ သည်။ အခြေခံ လူတန်းစား အမဲ တွေ ကြားထဲ မှာ..ပိုပြီး လှုပ် ရှားပြ ရ သည်။ အမဲ တွေ ချည်း ရှိ တဲ့.. မူလတန်း ကျောင်းစုတ်စုတ် ကလေး တွေ ဆီ ကိုလည်း သွားပြီး..ကလေးတွေ နဲ့ ထိတွေ့ သည်။ ဘောလုံး ကစား နည်း တွေ ပြ ပေး သည်။ တသင်း လုံး မှာ အမဲ တယောက် သာ ပါ တဲ့..သူတို့ Springboks အသင်း ကြီး..ဘက်စ် ကားကြီး နဲ့..ကျောင်းကို ရောက်လာ တော့..ခလေး တွေ မှာ.. မိုးပေါ် က..နတ်သား တွေ ကျ လာ သလို..။

နောက်တော့.. မန်ဒဲလား အကျဉ်း ကျ စဉ် နေခဲ့ ရ တဲ့.. Robben ကျွန်းကလေး ကို လည်း.. တသင်း လုံး သွားပြီး ကြည့် ကြ သည်။ အရင်တုန်းက..ပုန်ကန် ထကြွ သူ အမဲ ခေါင်းဆောင် တယောက် အဖြစ်သာ..သူတို့..သိမြင် ကောင်း သိမြင် ထား မိ တဲ့..မန်ဒဲလား ဆိုတဲ့ ပုဂ္ဂိုလ် ကြီး ရဲ့..၂၇ နှစ် လုံးလုံး နေထိုင် ခဲ့ ရ တဲ့ အခန်းကျဉ်း ကလေး က..သူတို့ ရဲ့..နားလည် လက်ခံ မူ တွေ ကို..အများကြီး ပြောင်းလဲ သွား စေ ခဲ့ တော့ သည်။

၁၉၉၅

အဲဒီလို နဲ့..ကမ္ဘာ့ ဖလား ရပ်ဘီ ဘောလုံး ပွဲ ကြီး.. တောင်အာဖရိက နိုင်ငံ မှာ .. အိမ်ရှင် အဖြစ် လက်ခံ ကျင်းပ ရ ပြီ။ ဘယ်လိုပဲ ပြောပြော..အဖြူ တွေ ရော..အမဲ တွေပါ.. တလှုပ်ရွရွ..တအား တက်တက်..။ တကယ့် အဖြစ် အပျက် တွေက.. ရုပ်ရှင်ထက် ပင် ဇာတ်လမ်းဆန် လှ တယ် ဆိုတာ..တကယ်ပဲ လား မသိ။

နိုင်ခြေ သိပ် မရှိ လှ ပေမဲ့.. Underdog ဖြစ်နေတဲ့..အိမ်ရှင် တောင်အာဖရိက အသင်း ကြီး က၊ နောက်ဆုံး ဗိုလ်လု ပွဲ ကို တက်လာ တော့.. ပြိုင်ဖက် ကစားရ မှာက..တကမ္ဘာလုံး မှာ ပြိုင်ဖက် ကင်း နေ တဲ့.. နယူးဇီလန် ရဲ့..ကမ္ဘာကျော် All blacks ဆိုတဲ့ အသင်း ကြီးပါ ။  ဆိုပါတော့..ခပ်တိုတို ပြော ရရင်.. သမ္မတ ကြီး မန်ဒဲလား ရဲ့.. အနီးကပ် အားပေး ထောက်ပံ့ မူ အောက်မှာ.. လူသန်ကြီး Pienaar က လည်း ..Springboks အသင်းကြီးကို.. အကြိတ် အနယ် ဦးဆောင် ပြီး ကစား သွား လိုက် တာ.. ပွဲပြီးကာ နီး လေး မှာ.. ကပ်ပြီး..အနိုင် ရ ဗိုလ်စွဲ သွား လေ တော့ သတည်း.... ဆိုတဲ့.. သာမန် ဇာတ်လမ်း လေး ပါ ပဲ။

ဒါပေမဲ့.. တကယ် စိတ်ဝင် စား စရာ ကောင်း တာက..ဒီ ဇာတ်လမ်း လေး က..တကယ့် အဖြစ်မှန် တခု ဖြစ် ခဲ့ တယ် ဆို တာ ပါ။  Springboks အသင်းခေါင်းဆောင် Pienaar ရဲ့.. အတွေ့ အကြုံ တွေ ကို..အခြေခံ ပြီး ရေးသား ထုတ်ဝေ ခဲ့ တဲ့..  Playing the Enemy  ဆိုတဲ့.. စာအုပ် ကို နာမယ်ကျော် ဟောလိဝုဒ် ဒါရိုက်တာ ကြီး Clint Eastwood က စိတ်ရှည် လက်ရှည် ပြန်လည် ရိုက်ကူး ထား တာ တဲ့.. စံချိန်မီ ရုပ်ရှင် တကား ပါ ။ ထုံးစံ အတိုင်း သူ့ ရုပ်ရှင် ဟာ.. ဖျော်ဖြေရေး သက်သက် ကြည့်ချင်ပွဲ မျိုး မဟုတ် ပဲ.. လေးလေး နက်နက် နဲ့..တွေးစရာ တွေ ကျန် အောင် ရိုက်ပြ ထား လေ တယ် ။

သရုပ်ဆောင် ပိုင်နိုင် တဲ့.. Morgan Freeman ကြီး ကလည်း တကယ့် Nelson Mandela ကြီး ပါပဲ။ သမ္မတကြီး အဖြစ် နဲ့..ရုံးတက် ရ အောင် ရောက်လာ လာတော့.. စိုးရိမ် သံသယ တွေ နဲ့.. ခပ်တန်းတန်း ဖြစ် နေ ကြ တဲ့.. သမ္မတ ရုံး က..လူဖြူ ၀န်ထမ်း တွေ က စလို့.. လူဖြူ ကိုယ်ရံတော် တွေ အားလုံး ကို.. အပြုံး တခု အောက်မှာ လုံခြုံ သေချာ စေ ခဲ့ သည်။ သူ့ ရဲ့ လူမဲ နောက်လိုက် တွေ .. ပါတီဝင် တွေ.. မကျေ မနပ် ဖြစ် ကြ တဲ့ ကြား ထဲက.. အများစု လူဖြူ ကိုယ်ရံ တော် တွေ နဲ့ပဲ.. စိတ်ချ လက်ချ သွားလာ နေ ထိုင် ပြ ခဲ့ သည်။ ဒီရုပ်ရှင် လေး ထဲ မှာ..ဒါရိုက်တာက.. အလေး ပြေ အောင် ပေါ့ပေါ့ပါးပါး လေး တချို့ ထဲ့ ပေး ထား တဲ့ အထဲ မှာ.. အမြဲ ရန် ဖြစ် နေတဲ့.. ခပ်တုံးတုံး..လူ ဖြူ ကိုယ်ရံ တော် နဲ့.. ခပ်အအ လူမဲ ကိုယ်ရံ တော် ..နှစ်ယောက် ရဲ့.. ဟာသ ခန်းလေး တွေ က လည်း.. အဖြူ အမဲ ဆက်ဆံ ရေး ကို.. ဖွဖွ လေး သရုပ်ဖော် ပေး သွား သေး တယ်။ ပြီး တော့.. ရပ်ဘီ ဘောလုံးကို.. ရူးသွပ် လွန်း လို့.. ကမ္ဘာ့ဖလား ပွဲစဉ် တွေ ကို ၊ ကွင်းထဲ ၀င် မကြည့် နိုင် ပေမဲ့..ကွင်းအပြင် မှာ..ရစ်သီ နေ ခဲ့ ရ တဲ့.. လူဆင်းရဲ အမဲ ကောင် ငယ် ကလေး တယောက် ကို လည်း..ဇာတ်ပို့ အဖြစ်.. သနားစရာ..ပြုံးချင်စရာ ကောင်း အောင် ထဲ့ ထား သေး တယ်။ ဒါလေး ကလည်း.. အခြေခံ လူတန်းစား လူမဲ တွေ ရဲ့.. ဘ၀ သရုပ် တခု ပေါ့။

အကြိုက်ဆုံး ဇာတ်ဝင် ခန်း တခု က တော့.. လူဖြူ အုပ်ချုပ်ရေး ကနေ.. လူမဲ အုပ်ချုပ်ရေး ကို အပြောင်းလဲ ကြီး ပြောင်းလဲ လာ စ .. နိုင်ငံရေး ပေါ်လစီ ရေး တွေ ရှုပ်ထွေး နေ တဲ့.. အစည်း အဝေး ခန်းမ တခု ထဲ မှာ..မန်ဒဲလား တယောက် .. သူ့ရဲ့..ရပ်ဘီ ဘောလုံး နိုင်ငံရေး ကိုသာ..စိတ် တွေ ရောက် ပြီး..ဘာမှ စိတ်မ၀င်စား နိုင်.. ဖြစ်နေ တာ လေးပါ။ အဲဒီ အချိန်မှာ..သူ့ လက်ထောက် တယောက်က.. အစည်းအဝေး ခန်းမ ထဲကို ၀င်လာပြီး၊ ပွဲကောင်းနေ ပြီ လို့..အနားကပ် တိုးတိုးလေး ပြော လာ တော့ ၊ ကျန်တဲ့သူ တွေ ကို ပြုံးပြုံးကြီး နဲ့.. ခွင့်တောင်း ပြီး..အစည်းအဝေး ခန်းမ ထဲက.. ထွက်ပြီး .. တီဗွီ ရှေ့ ရောက် သွား တဲ့ အခန်း လေး ပါ။

အဖြူ- အမဲ.. ခွဲခြားမူ ကနေ.. အမဲ- အဖြူ မုန်းတီးမူ ဆို ပြီး.. အကွဲ တခု ကနေ.. နောက်ထပ် အဟ တခု ကို သွားနေ တဲ့.. သိပ်ကို အရေးကြီး နေတဲ့ နိုင်ငံရေး ရေချိန် တခု မှာ.. မန်ဒဲလား တယောက်.. ရပ်ဘီ ဘောလုံး ပွဲ ကို၊ အာရုံ ရောက် နေတာ ကို..ဘယ်သူ မှ နားမလည် နိုင် ခဲ့ ပေ။ 

အများစု လူမဲ ပရိသတ် က.. ကိုယ့်နိုင်ငံ အသင်း ကို အားမပေးပဲ.. တခြား နိုင်ငံ အသင်း တွေ ကို ချည်း ဖိအားပေး နေ တာ ကြောင့်.. အစောပိုင်း ပွဲ စဉ် တချို့ အခြေအနေ သိပ် မကောင်း နေ လေ တော့.. မန်ဒဲလား နဲ့.. Pienaar တို့ နှစ်ယောက် ၊ အနိုင်မခံ စိတ်ဓါတ် ကို သာ..ကြိတ်ပြီး.. မြှင့်တင် ရင်း.. ရင်တမမ နဲ့ ရှိ နေ ခဲ့ ကြ သည်။  နောက်ဆုံး ဗိုလ်လုပွဲ နေ့ မှာ တော့..  လူဖြူ တွေ က.. အကြမ်းဖက် သီချင်း လို့.. စွပ်စွဲ ပြီး..လက်မခံ နိုင်.. လိုက်မဆို နိုင် ဖြစ်နေခဲ့ တဲ့..တောင်အာဖရိက နိုင်ငံတော် သီချင်း အသစ် ကို..Springboks အသင်း က.. ကွင်းထဲမှာ..ပထမ ဆုံး စ ဆို လိုက် တော့... လူမဲ တွေရဲ့ အားပေး သံ တွေ.. ဘ၀ဂ် ညံ သွား ခဲ့ သည်။
-
တကယ် တော့.. ဘောလုံးပွဲ ကြီး တခု အပေါ် ကို.. ယိုဖိတ် စီးကျ လာတဲ့.. တိုင်းပြည်ချစ် စိတ် တွေက..   အားကစား ကွင်းကြီး ထဲ မှာ..လွင့်ပျံ့ နေခဲ့ တဲ့ ..အ၀ါ -အပြာ-အစိမ်း -အနီ-အဖြူ ..ငါးရောင်ခြယ် အာဖရိက အလံ တော် ကို.. တရောင် တည်း ခြယ်စေ ခဲ့ တာပါ။  အိမ်တိုင်း ရွာတိုင်း က..တီဗွီ ဖန်သားပြင် ရှေ့ မှာ..ထိုင်ကြည့် နေ ကြ တဲ့.. လူဖြူ လူမဲ အလွှာ မျိုးစုံ ကို လည်း.. ( ဟေးးးး ) လို့..တသားတည်း တသံ တည်း .. မြည်ကျွေး စေ ခဲ့ တာ ပါ။ သမ္မတကြီး နယ်လဆင် မန်ဒဲလား က .. ဘောလုံး နိုင်ငံရေး ကို လှလှ ပပ ကစားပြ သွား ခဲ့ တာပါ။

အခု လည်း.. ဒေါ်အောင်ဆန်းစု ကြည် က..မြန်မာ နိုင်ငံ ရဲ့.. ကွဲပြား ခြားနား နေ တဲ့.. လူထု လူတန်းစား တွေ ထဲ မှာ.. ဘောလုံး နိုင်ငံရေး ကို.. ကစား စေ ချင် လေ သလား.. ကျမ တို့ အသေအချာ တော့..မပြော နိုင် ပါ။ တောင်အာဖရိက နဲ့.. မြန်မာ ၊ အခြေ အနေ တွေ က လည်း.. ထပ်တူ တော့ မကျ နိုင် ပါ။ ပါဝင် ကစား ကြမဲ့ ..လူတွေ ခြင်း လည်း နှိုင်းယှဉ် လို့ တော့ မဖြစ်နိုင်ပါ။

 သေချာ တာ ကတော့.. ကျမ တို့အားလုံး .. ဒီမိုကရေစီ ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည် ကို.. အသေအချာ ယုံကြည် လေးစား လျက် ပင်။
..

ကေ
၁၅ စက်တင်ဘာ ၂၀၁၁


ဆက်စပ်ဖတ်ရန်-
Clint Eastwood ရဲ့ ရုပ်ရှင် နှစ်ကား

◦
Share/Bookmark

လူ

မေလ ထုတ် Time မှာ ၂၀၁၁ ခု နှစ် အတွက် ကမ္ဘာ ကို အလွှမ်းမိုး ဆုံး လူ တရာ စာရင်း ကို ဖတ် လိုက်… ကြည့် လိုက် ရ သည်။

ဒီလို.. ထုတ်နုတ် ရွေးချယ် တာ မျိုး ကို..ထင်ရှား တဲ့ မဂ္ဂဇင်း တွေ ..မီဒီယာ တွေ က နေ ပြီး.. တနှစ်တခါ ဆို သလို.. အမြဲ ထုတ်ပြန် လေ့ ရှိတာ ပဲလေ…။  အချမ်းသာဆုံး လူ များ… အဆိုးဆုံး အာဏာရှင်များ.. စသဖြင့်…သူ့ ဆိုင်ရာ..ဆိုင်ရာ နယ်ပယ် အလိုက် ပေါ့..။ အခု လည်း.. Time  လို မဂ္ဂဇင်းမျိုး က.. ဘယ်လို အချက်အလက် စစ်တမ်း တွေ ကို အသုံးပြု ကြည့် ရှု တွက်ချက် လေ သလည်း တော့ မသိ ပေ..။ ကမ္ဘာကို အလွှမ်းမိုး ဆုံး လူ ၁၀၀ တဲ့။

လွှမ်းမိုး နိုင်မူ အနည်း အများ လိုက် စီ လေ သလား.. အဆင်သင့် သလို စီ လေ သလား တော့ မသိ…အီဂျစ် အာဏာရှင် တော်လှန်ရေး မှာ.. လူသိများ နာမယ် ကြီး ခဲ့ တဲ့.. ဂူးဂဲလ် က ဆရာလေး Wael Ghonim က.. ရှေ့ဆုံး မှာ.. စာဖောင် အပြည့်.. ဂိုက်ပေး လို့..။

Wael Ghonim

သူ့ လို ပဲ.. ကိုယ်တို့ ရွှေပြည် ကြီးက.. ဘလော့ဂါ နေဘုန်းလတ် လည်း.. မနှစ်က ပါခဲ့ သေး သည် မဟုတ် လား ။ အခုနှစ် ပါတဲ့ ဒေါ်အောင်ဆန်းစုကြည် က တော့..၁၈ ယောက်မြောက် နေ ရာ မှာ..။

ဒေါ်အောင်ဆန်းစုကြည်

အရွေးခံ ရ တဲ့ သူ တွေလိုပဲ.. သူတို့ အကြောင်း ကို ရေးပေး တဲ့.. ပုဂ္ဂိုလ် တွေ ကလည်း.. စိတ်ဝင်စား ဖို့ ကောင်းပါတယ်။ ဥပမာ.. အိန္ဒိယ က.. ပညာရေး လုပ်ငန်း ရှေ့ဆောင် ပရဟိတ သမား ကြီး Azim Premji အကြောင်း ရေးပေး တဲ့ သူက.. Bill Gates .. အဲဒီလို မျိုး။  ဒေါ်အောင်ဆန်းစုကြည် ကို ရေးပေးတဲ့..တရုတ် ဒီမိုကရေစီ ရေး လှုပ်ရှားသူ Wang Dan  ဆိုသူ က တော့.. သိပ် စိတ်ဝင်စား ဖို့ မကောင်း လှ သလို.. ရေးထားတဲ့.. စာ တိုတို လေး ကလည်း ရင်ခုန်သံ သိပ်မပါ  ။

အနုပညာ သမား တွေ.. စာရေးဆရာ တွေ.. မင်းသား မင်းသမီး တွေ ..ပညာရှင် တွေ.. နိုင်ငံရေး ခေါင်းဆောင်တွေ.. အာဏာရှင် လူဆိုးတွေ.. လူမူရေး ကြယ်တံခွန် တွေ.. အစုံ အစုံ ထဲ မှာ.. တော်တော် များများ ကတော့.. လူတိုင်း လို သိ နေ ပြီးသား  သူ တွေ ပါပဲ…။ ကမ္ဘာကို အုပ်စိုး နေ တဲ့.. အိုဘားမား တို့.. ဟီလာရီ တို့.. ဆာကိုဇီ တို့.. ဒေးဗစ် ကမ်မရွန် တို့.. ဂျာမန်မကြီး အန်ဂလာ မာကဲလ် တို့ ကတော့.. မဆန်း ဘူး ပေါ့ ။

နောက်ပြီး.. နတ်ဘုရားမ လိုလို .. သူ့ကို မြင်ရင်.. အထူးသဖြင့် မိန်းမ တွေ အသဲတုန် အူတုန် ဖြစ်ကြတဲ့.. အင်တာဗျူး ဘုရင်မ ကြီး အိုပရာ ၀င်းဖရေး  လည်း.. မပါ မနေ ။ မိန်းမ တွေ.. တုန် မှာ ပေါ့.. ရှိုး တပွဲ တပွဲ မှာ.. ကြော်ငြာ စပွန်ဆာ တွေက.. တဆင့် ..အလကား ပေး တဲ့..လက်ဆောင် ပစ္စည်း တွေ ကလည်း.. တုန် ချင် စရာ ကိုး။ တယောက် ကားတစီး ဆီ တို့.. ခရီးသွား လက်မှတ် အပြည့်အစုံ ဆိုတာ မျိုး တွေ လေ…။  အိုပရာ ကို သဘောကျ သလို..သူ့ ရှိုး . အစီအစဉ် ရည်ရွယ်ချက် ထိမိချက် ကလေး တွေ ကို.. နှစ်သက် ပါတယ်။ ဒါပေမဲ့.. လူတွေ က.. နည်းနည်း တော့.. လွန် နေ..လွဲနေ ကြ သလို..။ ကြည့်အုံးလေ.. တလောက.. ဗြိတိသျှ တော်ဝင် ချွေးမ တယောက် ဖြစ်တဲ့.. ဆာရာ ဖာဂူဆန် အရက်မူး ပြီး ကို့ယို့ ကားယား တွေ ဖြစ်တော့.. သက်ဆိုင်တဲ့.. သူတွေ.. မိသားစု တွေ ထက်.. တကမ္ဘာလုံး မြင် နိုင်တဲ့.. အိုပရာ ဆီ မှာ လာပြီး ၀န်ခံ ဖြောင့်ချက် ပေး ရှာ တယ်။ လူတွေ က..သူ့ ရှေ့ ရောက် ရင်.. အပြစ် တွေ ၀န်ခံ ကြတယ် ဆိုပဲ…။ အဲဒါကြောင့် ပြောပါတယ်.. ။ ဘုရား တော့ ဘုရားပဲ.. ဘာ ဘုရားလဲ တော့ မသိ။

နည်းနည်း ဆန်း တာ က.. တလောက.. Tiger Mom ဆိုပြီး.. အသကုန် စွတ်ပြီး နာမယ် ကြီး သွားတဲ့..ဟားဗတ်ဒ် ဥပဒေ ကျောင်း က.. အေဘီစီ တရုတ် ပရော်ဖက်ဆာ မ.. အေမီ ချွား လည်း ပါနေ ပါပေါ့..။ ဒေါ်စု ထက်တောင် ရှေ့ဖက် ကျ သေးတယ်..သူ့ နေရာ က..။ အမယ်.. သူ ကလည်း.. ကျားကြီး  ၂ ကောင် နဲ့.. ကော်လံ အပြည့် ပုံစံ ပေး ဂိုက် အပြည့် နဲ့ ပါလား..။ နာမည် များ ကြီးချင် တော့ လည်း.. ကိုယ့်သမီး ကိုယ် နှိပ်စက် ဆုံးမ တာလည်း ကြီးတာ  ပါပဲ လား။

Amy Chua ဓါတ်ပုံ အရိုက်ခံ နေပုံ

ဖေ့စ်ဘွတ်ခ် ဥသျှောင်ကြီး ဇူခမ်ဘက်ခ်  တို့... ရာဇ၀တ် အိုး ထုတ် နဲ့ လိုက်ထိုး နေတဲ့.. သတင်း ဖောက်ထွင်း ၀ိဇ္ဇာ.. ဂျုလီယန် အာဆန်းခ်ျ တို့  လည်း.. ဒီ လို ဆက်သွယ်ရေး နည်းပညာ စူပါ ဟိုင်းဝေး ကြီး မှာ.. ရုပ်ထု ထု ထား ခဲ့ ရ မည့် အာဇာနည် ကြီး များ  ပေ ပဲ။

ဂျပ်စတင် ဘိုင်ဘာ ဆိုတဲ့.. မင်စာ လေး ကလည်း..ကမ္ဘာကို လွှမ်းမိုး သည် ဆိုပါလား။

အနုပညာ ကို မျက်နှာ လိုက် တာ တော့ မဟုတ်ပါဘူး…the King’s  speech နဲ့  တအား လူကြိုက်များ သွားတဲ့… Colin Firth  ကြီး ကမ္ဘာ ကို လွှမ်းမိုး သွား တာတော့.. သေချာ သိ လိုက် သည်။ ပြောသာ ပြောသည်.. နှစ်ခါ ပြန် ကြည့်တာ တောင် မရိုး တဲ့.. အဲဒီ ရုပ်ရှင် ထဲ မှာ.. Firth ထက်..  သူ့ကို ကုသ နည်းပြ ပေးတဲ့.. Rush က ပိုလို့ တောင်.. လွှမ်းမိုး ချင်စရာ ကောင်း သေးသည်။ Speech Therapist-  Lionel မရှိရင်  King George VI  မိန့်ခွန်း ပြောနိုင်မှာ မဟုတ် သလို..  Rush  ကြီး မပါ ခဲ့ ရင်.. Colin Firth  ကြီး လည်း.. ကမ္ဘာကို လွှမ်းမိုး နိုင်မည် မထင် ပေ…။ ဘာပဲ ပြောပြော.. ကော်လင်းဖါ့သ် ကို ကြိုက် တယ် ကွာ.... ကဲ…

Colin Firth


ဒါဆို အသက်ချင်း သိပ်မကွာ လှ တဲ့.. အနုပညာ သမား အိုင်ဝေေ၀ ကို လည်း ကြိုက်ရ ပေ တော့မည်။ ကြိုက်ပါသည်။ နန်းစဉ် တရုတ် သိုင်းကား တွေ ထဲက.. လူယုတ်မာ ၀န်ကြီး ၀န်ကလေး တွေ ရဲ့ အကျင့်ပျက် ခြ စား မူ တွေ ကို.. ဖော်ထုတ် တဲ့.. လူစွမ်းကောင်း မင်းသား လို.. ကောင်းကင် ပေါ် မှာ သိုင်းပျံ တွေ ကစား မပြ ပေ မဲ့… လူထူထူ မြေပြင် ပေါ် မှာ..သူ့ ရဲ့.. နက်နဲ လှတဲ့.. အနုပညာ စိတ်ကူး တွေ ကို.. ရဲရဲ ရင့်ရင့် သရုပ်ဖော် ပြသ နေ တဲ့.. တရုတ် နိုင်ငံ ရဲ့ ယုံကြည်ချက် အနုပညာသမား ကြီး အိုင်ဝေေ၀ ကို လည်း ကြိုက်နှစ် သက် လှ ပါသည်။ 

Ai Wei Wei


စိတ် အ၀င်စား ဆုံး ကတော့.. လတ်တလော ဖတ်ပြီး သွားတဲ့.. Freedom ရဲ့.. လက်ရာ ရှင်.. ဂျိုနသန် ဖရန်ဇန် ဖြစ်နေ လေ သည်။ တယောက်ချင်း လျှောက်ကြည့် ရင်း.. အလယ် ကျော်ကျော် နား အရောက်မှာ..သူ့ကို တွေ့လိုက်ရ တော့..ဆွေမျိုးသားချင်း အိမ်သား တယောက်ကို တွေ့လိုက် ရ သလို ပျော်သွား သည်။ 

Johnathan Franzen


သူ့ အကြောင်း ရေး ပေး တဲ့သူ ကလည်း စာရေး ဆရာ တယောက် ပေပဲ မို့..  လှလှပပ ပိုပိုကဲကဲ ကို ရေးပြီး ဂုဏ် ပြု ထားလေ သည်။

His influence isn’t like that of a political leader or a top chef or even a gifted journalist. It’s more like the influence of natural disaster or a plane crash or a virus for which scientist can’t find a cure.

ဟုတ်ရဲ့ လား..။ သဘာဝ ကပ်ဘေး တခု လို.. လေယဉ်ကြီး တစင်း ပျက်ကျ သွားသလို.. ကုသလို့ မရ တဲ့.. ရောဂါပိုး တခု လို.. လူတွေကို  တုန်ယင် ခြောက်ခြား နေစေ အောင်..သူ့စာ တွေက..  လျှို့ဝှက် ဆန်းကြယ် သိပ္ဗံ ဖြစ်ရပ်ဆန်း တွေ မို့ လား…။  ကိုယ် ဖတ် လိုက် မိ တာတော့.. ဘယ်လို မှ ဖြေရှင်းလို့ မရ ..အဖြေရှာ လို့ မတွေ့ တဲ့.. လူတွေ ရဲ့ ..လူသားဆန်မူ ဝေဒနာ တွေ အကြောင်းသာ။

လူ အယောက် ၁၀၀ ကို မျက်စိ ညောင်းညောင်း နဲ့ ရေတွက် လှန်လျှော ပြီး သွားတဲ့ အခါ မတော့…မဂ္ဂဇင်း နောက်ဆုံး စာမျက်နှာ က.. Joel Stein ရဲ့  Down with People ဆိုတဲ့ သရော်စာ လေး ကို ဖတ် ရင်း...ရယ်မြူး လိုက်မိ သည်။

Time is totally obsessed with people တဲ့။

ဟုတ်ပါ့…
တနေ့ တနေ့.. လူတွေ ပဲ မြင်နေရ.. လူတွေ အကြောင်းပဲ ကြားနေရ..လူတွေကိုပဲ စိတ်ဝင်စား နေရ.. လူတွေ လွှမ်းမိုးတာပဲ ခံ နေရ.. လူ တွေ ရေးတာတွေပဲ ဖတ်နေရ.. လူတွေ လိုပဲ နေနေ ရ...။


 
 source:  The 2011 Time 100

◦
Share/Bookmark

sense of belonging

အင်တာဗျူး အရှည် ကြီး ကို ဖတ်ပြီး သကာလ .. အင်တာဗျူး ဖြေသူ ကို ရော.. တခြား အကြောင်း တွေ ကို ပါ.. စိတ်ထဲ..သိပ် မစွဲထင် လှ ပေမဲ့  .. တပိုဒ် နှစ်ပိုဒ် လောက်သာ ပါ တဲ့..ဒေါ်အောင်ဆန်းစုကြည် နဲ့  ပတ်သတ် တဲ့..  အကြောင်း အရာ..တချို့ က တော့ .. ခေါင်းထဲ..တရစ် ၀ဲဝဲ.. စွဲ ကျန် နေ ခဲ့ လေ သည်။
 
 အဲဒီ နောက် တော့.. သူ့  အာရုံ ထဲ မှာ အဖြူ အမဲ ပြ ကွက် တချို့  ....။ 

++++++

 
ဧည့်ခန်း  ထဲ မှာ.. မြန်မာ ဆိုင်းဝိုင်းသံ ပဲ ပျံ့ လွင့် နေ မလား.. ဒါမှ မဟုတ်.. စန္ဒယား ချစ်ဆွေ ရဲ့.. တိမ်တမန် သီချင်း လေ များ လား .... ကိုအံ့ကြီး ရဲ့... လူချွန်လူကောင်း လို..မျိုး လား.. သေချာ တာတော့..ငြိမ့်ညောင်း တဲ့..မြန်မာ့ ဂီတ တခု ... စီးဆင်း နေ ပေ လိမ့် မည်။  ဒီ သီချင်း မျိုး ရဖို့ ..အိမ်ရှင် ဂျပန် လူမျိုး ပါမောက္ခ ကြီး အတွက်.. သိပ်တော့.. အပမ်း ကြီး လှ မည် မဟုတ် လောက်..။ သူ့ အိမ် ဧည့်ခန်း ထဲ ကို ၀င်လာ ကြတဲ့..မြန်မာ မိတ်ဆွေ ဧည့်သည် တချို့..  အံ့သြ ၀မ်းသာ ကြည်နူး သွား မှာ ကို သာ.. နှစ်နှစ် ခြိုက်ခြိုက် ကြီး  ပြုံး ရင်း ကြည့် နေ ပေ လိမ့် မည်။

ဒီ ညစာ စားပွဲ လေး က.. အသစ်ရောက်လာ တဲ့.. လက်ထောက် သုတေသီ ... “ စု ” အတွက် သီးသန့် လုပ်တဲ့ ပွဲ ကလေး  ။
 
ကျိုတို တက္ကသိုလ် မှာ.. သူမ တင်တဲ့ စာတမ်း အတွက်.. လက်ခံ နေရာ ပေးလိုက် ပြီး တဲ့ နောက်.. အရင် ရောက် နေပြီး သား ဖြစ်တဲ့..ဗမာ လူမျိုး..ပညာရှင် တချို့ နဲ့.. ဆက်သွယ် မိတ်ဆုံ ကြ ဖို့ ရော.. ပါမောက္ခ ကြီး ကိုယ်တိုင်.. တွေ့ ဆုံ ဂုဏ်ပြု ဖို့ လည်း ဖြစ်မည် ပေါ့..။

အသက် ၄၀ အရွယ်..တင့်တယ် ကျော့ရှင်း လှ တဲ့.. “ စု ”..  ကလည်း.. အပြုံးတွေ ဝေေ၀ နဲ့..  ပဋိသန္ဓာရစကား တွေ ဆို ပေ လိမ့် မည်။
 
အနားမှာ ထိုင် နေ တဲ့.. ရုံးခန်း ခြင်း ကပ်ရပ်.. လုပ်ဖော် ကိုင်ဖက်.. ဗမာလူမျိုး သမိုင်းပညာရှင်  ဒေါက်တာ မိုက်ကယ်အောင်သွင် ကို..စကား စ လိုက် သည်။ 

“ ကိုမိုက်ကယ်.. ဗမာသီချင်းတွေ ကြားတော့.. ဗမာပြည် ကို မလွမ်းဘူး လား ရှင်...” 

ဒေါက်တာ ကြီးက... အပြုံး အရယ် နည်းလှ တဲ့.. သူ့  နှုတ်ခမ်း တွေ ဆီ က.. ၀ိုင်ခွက် ကို အသာ ဖယ် လိုက် ရင်း..

“ အမှန်အတိုင်း ကတော့.. .ကျနော်က.. Beatles ကို ပဲ နှစ်သက် တယ် ..”  

တိုးတိတိ  ဂွကျကျ  ပြော ချ လိုက် တဲ့.. အဲဒီ တုန့်ပြန် မူ မှာ.. နွေးထွေး ခင်မင် မူ တွေ.. ကင်းမဲ့ နေ ခဲ့ လေ မလား..။


++++++


တကယ့် အပြင်က.. ညစာ စားပွဲ လေး က တော့. ဘယ်လို စကားတွေ ပြောကြ ရင်း.. ပြီးစီး.. သွားသလည်း  မသိ.. ။ သူ့  အာရုံ ပြကွက် ထဲ က ..ဒေါ်အောင်ဆန်းစုကြည် ကတော့..  ဗမာ ခါးတို အကျီ င်္ လေး နဲ့ လိုက်ဖက် လှစွာ.. လည်တိုင် ကျော့ကျော့ မှာ ပုလဲ ကုံးလေး နဲ့..။ ပြီးတော့... မျက်လုံး တောက်တောက် ကလေး တွေ ထဲ မှာ.. ဗမာသီချင်း တွေ အပေါ်..တကယ်ပဲ.. နှစ်သက် ချစ်ခင် မူ တွေ ယိုဖိတ် လို့ .. အဲဒီ ဂီတ သံ တွေ က..တဆင့်... သူ မွေးဖွားခဲ့ တဲ့..ဗမာ ပြည် ကြီးကို.. တကယ်ပဲ.. လွမ်းဆွတ် တသ လို့...။


တကယ် တော့..  ကိုယ့် မွေးရပ် မြေ ကနေ.. ခွဲ ခွါလာ ကြတဲ့ သူ တိုင်း မှာ တော့.. ဇာတိမြေစိတ် ဆိုတာ.. ရှိ ချင် မှ ရှိ ကြ မှာပါ..။ အကြောင်း အမျိုး မျိုး နဲ့  ခွဲခွါ လာ ကြ သလို.. သံယောဇဉ် တွေ လည်း.. အနည်း အများ ကွာခြား ကြပါ လိမ့် မယ်။ ဒါပေမဲ့..ကိုယ် ရောက် နေတဲ့.. နေရာ မှာ ရော.... တကယ် ကို.. စိတ်တွေ ချိုင့်ဝှမ်း ပြီး.. စိတ်ရော..ကိုယ်ရော..တသားတည်း ကျ နိုင် ကြ သလား။ ကိုယ်ရောက် နေ တဲ့..နိုင်ငံ နဲ့ ကိုယ်နဲ့..တကယ် ကို စပ်ဆိုင် ပတ်သတ်.. ပိုင်ဆိုင် တယ် လို့ ခံစား ရ သလား..။ ကိုယ့်ကို ရော..အဲဒီ နိုင်ငံ.. အဲဒီ့ ပတ်ဝန်းကျင် က..ဘယ်လို လက်ခံ ပိုင်ဆိုင် ထား သလည်း..။ 
သေချာ မေးပါ.. ကိုယ့် ကို ကိုယ် အားမနာ တမ်း မေး ကြည့် ပါ..။

ဒါဟာ.. သိပ် ကို ကြီးကျယ် တဲ့.. ဘ၀ တခု လုံး နဲ့ ဆိုင် တဲ့.. မေးခွန်း ပြသာနာ တခုပါ..

ကိုယ့် မွေးရပ်မြေ မှာ .. ခြေထောက် နှစ်ချောင်း ပေါ် ကြီးပြင်း.. သံယောဇဉ် တွေ အပင်ပေါက် ပြီး ကာ မှ.. တပြည်တနယ် မှာ.. ရွှေ့ပြောင်း နေ ထိုင် အချေ ကျ ကြ တဲ့.. သူတွေ  မှာ.. အဲဒီ.. sense of belonging  ဆို တဲ့.. ခံစားချက် ပုစ္ဆာ ကြီး တခု ရှိ နေ လေရဲ့  ဆိုရင် .. ဘယ်လို အဖြေ ထုတ် ဖို့  .. ကြိုးစား ကြ မလည်း..။

တကယ် ကျ တော့ လည်း.. လူ တယောက်ခြင်း ရဲ့ ဘ၀ မှာ.. အရာ အားလုံး..  ချောမွေ့  ဖြောင့်ဖြူး ကျေနပ် နေ ကြ မယ် မဟုတ်ပါဘူး....။ ဒါကိုလည်း..  မချော မွေ့ -  ချောမွေ့ အောင်..လိုက် ညှိ နေ ဖို့ မလို သလို... မကျေနပ်..ကျေနပ် အောင် လည်း .. အတင်း.. လုပ်ယူ လို့ မရ ဘူး.... လို့..တချို့ က ပြော ကြ တယ်။ unfixable things တွေ.. ကို.. ဒီ အတိုင်း ထား လိုက် ရ မယ် တဲ့..။ 
  
လုပ်မရ ရင်..  “ လုပ်ဖို့ မလို ပါဘူး ”  လို့..   တွေး လိုက် တော့ လည်း.. တနည်း..ကောင်းတာ ပဲ မဟုတ်လား ..။

ဒါနဲ့ .. ကိုယ် တို့ လည်း.. ဘယ်မှာ ထား ရ မှန်း မသိ နေတဲ့.. sense of belonging ကြီးကို.. ဒီ အတိုင်း ပဲ.. အသာလေး.. ချ ထား ကြည့် လိုက် ကြ တယ်။  ဒါပေမဲ့ လည်း.. ကိုယ်တွေ က ..ချ ထား တယ် လို့ ထင်ပေမဲ့.. သူကတော့ ..  နှလုံးသား က .. သွေးပြန်ကြော တခု စီ တိုင်း ရဲ့.. ဟိုး အထဲ ထဲ မှာ.. တဒိတ်ဒိတ် နဲ့.. အစဉ် မပြတ် တိုးဝင် စီးဆင်း နေ လေ ရဲ့...။

တချို့ လည်းပဲ.. ကိုယ် ရောက် နေတဲ့..နေရာ အဆင့်အတန်း ကို.. ကျေနပ် ရောင့်ရဲ နိုင် တဲ့.. အနေအထား မျိုး ဖြစ် ပေ လိမ့် မယ်။ ဒါပေမဲ့..သူတို့  ရဲ့ သွေးပြန်ကြော တွေ ထဲမှာ.. စီးဆင်း နေ တဲ့.. အမျိုး အမည် တိတိ ပပ မခွဲ ခြား နိုင် တဲ့.. ခံစားချက် တခုက.. အကြောင်း တိုက် ဆိုင် တိုင်း..ဖြန်းကနဲ ဆို သလို မျိုး .. ရှိန်းကနဲ ဆို.သလို မျိုး ... ပေါ်ပေါ် လာ တတ် တာ မျိုး ..ကြုံဖူး ကြ မှာပါ..။

သိပ်ခင် ရ တဲ့.. သူငယ်ချင်း တယောက် ကတော့..သင်္ကြန်ပွဲ တွေ ရောက်တိုင်း.. သင်္ကြန် ဒိုးသံ တွေ..သင်္ကြန် အက တွေ မြင်ရ ကြားရ တိုင်း... သူ့ရင် ထဲ မှာ.. အမျိုး အမည် မပြော ပြ တတ် တဲ့.. ခံစားမူ တခု ရ တယ်တဲ့.. ။ သူက  ကြိုးစား ပြီး တော့.. အမျိုးအစား သတ်မှတ် ပေး ရှာ တယ်.. ၀မ်းသာ ၀မ်းနည်း .. ကြီး ဟယ်.. တဲ့...။ ၀မ်းသာ တာ ဟုတ်ပါပြီ လေ.. ။ ၀မ်းနည်း တာက.. ဘာလို့ လဲ လို့.. ကိုယ်လည်း ကူပြီး တော့..စဉ်းစား ကြည့် ပေး သေး တယ်။ 

သူငယ်ချင်း က  .. ဗမာ လူမျိုးတွေ..အနေ များ တဲ့.. နိုင်ငံ တခုက.. ဗမာ ကျောင်းသား တွေ အတက် များ တဲ့.. ကျောင်းကြီး တခု မှာ..ဆရာမ ဆို တော့.. ဗမာ နှစ်ကူး သင်္ကြန် တိုင်း ... ဗမာကျောင်းသား တွေ ရဲ့.. အဝေးရောက် သင်္ကြန် ကပွဲ တွေကို.. ကူညီ ပံ့ပိုး ပေး နေ တဲ့  သူ ..။ တခါ တလေ.. သူ စာသင် နေ တဲ့.. စာသင် ခန်း ထဲမှာ  ..   တခြား ကျောင်းသား တွေ ကြားထဲ .ဗမာ ကလေး တွေ  ကို မြင်တိုင်း..သူ့ စိတ်ထဲ မှာ.. မချင့်မရဲ ဖြစ်ရ သ တဲ့...။  ခု နေသာ..ဒီ ကျောင်းကြီး .. ဒီ သီရေတာ ကြီး.. ဒီ ပရိုဂျက်တာ ကြီး ..  ဒီ  သင်ကြားနည်း တွေ နဲ့..   ဗမာ နိုင်ငံ ကြီး ထဲ မှာ.. အားလုံးပဲ..ဗမာ ကျောင်းသား လေး တွေ ဖြစ် လိုက် ပါတော့... ဆို ပြီး တော့ ပေါ့..။

တလောက.. ဒေါ်စု လွတ်လာ တော့.. အွန်လိုင်း မှာ ဗမာ သတင်း တွေ အတူ နားထောင် ရင်း..သူ နဲ့ စကားတွေ ပြော ဖြစ်တယ်..။

“ ကျုပ်တော့.. ဘ၀ ကို ကိုယ့်ကို လိုအပ် တဲ့ အရပ်မှာ..အေးအေးချမ်းချမ်း နဲ့.. အကျိုးရှိရှိ ကုန်ဆုံး ချင်တယ်.. တချိန် မှာတော့.. ဗမာပြည် ပြန် မယ် လို့.. ဆုံးဖြတ် ထား တယ်....ရှင်ကော..”  လို့  .. သူက.. သူရဲကောင်း သေဖော် ညှိ လာ ပါ ရော လား..။   သူ က.. အတည် ကြီး မေးလာ တော့.. ကိုယ် လည်း.. .
“ အင်း ” .. နဲ့ ..“ အဲ ” ထဲ က ကို ထွက် မရ တော့  ဘူး  ။ စကား လမ်း ကြောင်း လွှဲ ရင်း..  “ အင်..ရှင် က.. အဲဒီလောက် အဆင်ပြေ တဲ့ အလုပ် နဲ့ ဘ၀ကြီးကို..တကယ် စွန့် နိုင် မှာ လား”    လို့... သူ့ ကို တောင် ကဖျက် ယဖျက် လုပ် လိုက် သေးတယ် ။ သူက.. သူ့ အလုပ် မှာ.. နှစ်ရှည် ၀န်ထမ်း ဆု တွေ ဘာတွေ တောင် ရ ထားပြီးသား...လေ..။

သူနဲ့ ကိုယ် က.. အနေအထိုင်..စရိုက် ခြင်း သိပ် မတူ ကြ ပေမဲ့.. ဘာသွား တူ သလည်း ဆိုရင်.. ဗမာဝတ်စုံ ကြိုက်တာ.. ချည်ထည် လုံခြည် လေး တွေ စု တာ..မှာ သွားတူ တယ်။ သူ ရန်ကုန် ပြန်ရင်.. ကိုယ့် အတွက် ချည်ထည် တခုခု ပါလာ တတ်ပြီး.. ကိုယ် က လည်း.. သူ့ အတွက် အသုံးဝင် မဲ့..ပုဝါ လေး တွေ ..အပြန် အလှန် ၀ယ်ပေး လေ့ ရှိ တယ်။ သူက.. ဆရာမ ကြီး ဆိုတော့.. ပွဲတွေ လမ်းတွေ..အမြဲ တက်ရ တယ် လေ..။ ကိုယ် ကတော့.. လုံခြည် တွေ ကို စုသာ သိမ်းထား တယ်.. ၀တ်စရာ အခန်းက.. သိပ် မရှိ ပါဘူး။ 

တ နိုင်ငံ စီ  ရောက် နေ ကြ တဲ့..သူငယ်ချင်း နှစ်ယောက်..တချို့ ည တွေ ဆို.. ကွန်ပြူတာ နား ကပ်ပြီး.. ဘဘဦးဝင်းတင် အကြောင်း ပြော .. ဒေါ်စု သတင်း တွေ.. ကြည့်... နေ့ ချင်း တက်လာ တတ် တဲ့.. ဒေါ်စု ပုံ အသစ် က လေး တွေ.. သူ့မမြင် မှာ စိုးတာ..ကိုယ် က ပို့..     သူ ရတာ..ကိုယ့် ကို ပေး ကြည့် ကြ နဲ့ ..  တကယ့် ရင်ဘတ် မိတ်ဆွေ ဆိုတာ.. ဒါပါပဲ ..။  တခါ တလေ ဆို.. “ ဒေါ်စု ဒီနေ့ ၀တ်တဲ့ လုံချည် လေး က.. လှ လိုက်တာ.. ”  “ ဒီတခါ..လက်ဖျားလေး မှာ..ပန်းဖောက် လို့..”    ဆို တာမျိုး..

“ လက်ကိုင် အိတ် ကလေး တွေက.. အင်းလေး ချုပ်  လေး တွေ ထင်တယ် နော်.. ” ဆို ပြီး.. မိန်းကလေး တွေ ပီပီ.. မိန်မ ရေးရာ တွေ ကို လည်း...စပ်စပ်စုစု ပေါ့..။ 

“ အင်း..ငါ လည်း.. ကတ္တီပါ ပုံတော် ဖိနပ် ကလေး တွေ စီး.. ဗမာ ၀တ်စုံ လှလှ ဆန်းဆန်း လေး တွေ.. ၀တ်ပြီး.. သွားလာ  လုပ်ကိုင် ရ တဲ့..ဘ၀ မျိုး လေး ကို.. လိုချင် တယ် ဟယ်.. ” လို့  ကိုယ် က  ဆိုတော့.. 
“ သြော.. ရှင် က..တိုင်းပြည် အတွက် အလုပ် လုပ် ဖို့..ပြန်ချင်တာ မဟုတ်ဘူးပေါ့...  ရှိုးလုပ်ချင် လို့ ပြန်ချင် တာပေါ့.. တော်တော် ဟုတ် တဲ့.. မိန်းမ ” လို့  .. နှစ်ယောက် သား... ရီ ရင်း.. မောရင်း..... နဲ့ ပဲ.. စကား လက်စ တွေ သပ်  ဖြစ် ကြ ပြန် ရော..။

ခု တလော..ကိုယ်လည်း.. ဘာ ဖြစ် နေ တယ် ရယ် မသိ..။ ရေချိုးပြီး..သနပ်ခါး လေး လိမ်းလိုက် ရ တာ လေး က..အစ ... စိတ်ထဲ..လှိုက်ကနဲ.. ဖြစ်- ဖြစ် နေ တယ် ။  ပူအိုက် စွတ်စို တဲ့.. မြန်မာ ပြည်က.. ရာသီ ဥတု လေး မှာ.. ရေ အေးအေး လေး ကို..အားရ ပါးရ ချိုးပြီး..သနပ်ခါး ရေ ကျဲ လေး ပါးကွက် ကွက် ထား ရ တဲ့.. အေးမြ မူ လေး ကို.. အရမ်း သတိ ရ နေ မိ တယ်။  ဒီ မှာက.. လေထဲ မှာ.. စိုထိုင်းဆ  သိပ် နည်းပါး တော့.. အသားတွေ  တင်းကျပ် ပြီး..ခြောက်တောက် တောက် ကြီး ရယ်..။ အလှဆီ တွေ သာ မျိုးစုံ ..တံဆိပ်စုံ ပြောင်းသုံး .. နေ ရ တော့ တာ လေ..။ ခု တလော မှ.. နွေရာသီ ..ပူလွန်း လှ သမို့.. သိမ်းထား တဲ့ ကျောက်ပြင် ကလေး ထုတ်ပြီး..သနပ်ခါး ပြန်လိမ်း ဖြစ် နေ သည်..။ 

သြစတြေလျ ရဲ့ ဒီဇင်ဘာ နှစ်ကူး ကာ လ ကတော့.. တခြား ကမ္ဘာ အခြမ်း နဲ့ဆန်ကျင်စွာ.. ပူနွေး ခြောက်သွေ့ လွန်း လှ သည်။ တီဗွီ ရှေ့ မှာ ထိုင်ရင်း.. ..ကမ္ဘာကျော် ဆစ်ဒနီ တံတာ ကြီး ရဲ့  နှစ်ကူးပွဲ..မီး ရှူး မီးပန်း တွေ အောက် မှာ  .. ပျော်မြူး က ခုန် နေ ကြ တဲ့ သူ တွေ ကို.. ကြည့် နေ ပေ မဲ့လည်း.. အဲဒီ အပျော်တွေ..ကိုယ့်ဆီ မကူးစက် လာတာ.. ဘာ ကြောင့် လည်း လို့.. ထပ်ပြန် တလဲ လဲ တွေး နေမိ ပြန်  တယ်။    ကဲ..ပျော်လို့ မရရင်.. အတင်းပျော်ကြည့် စရာ လည်း မလို ဘူး လေ လို့..  ကိုယ့်ဖာ ကိုယ် နှစ်သိမ့် ရင်း.. နောက်ဆုံး တော့.. ကွန်ပြူတာ နား ပဲ ရောက်သွား တော့ တယ်။ 

နှစ်သစ် အခါ သမယ မှာ.. အမိ မြန်မာပြည် ကြီး ထဲ ..ဘာတွေ များ .. လုပ် ကြ.. ကိုင် ကြ သလည်း.. ဆိုတာ ပဲ.. ကြည့် တော့ မည်။ ဗမာ သတင်း တွေ ထဲ.. အဖွဲ့ချုပ် ရုံး မှာ ကျင်းပ တဲ့.. နှစ်ကူး အထိမ်းအမှတ်..လွတ်လပ်ရေး နေ့  ဈေးရောင်း ပွဲ တော် ဓါတ်ပုံ တွေ မှာ.. ဒေါ် စု နဲ့  အတူ.. ပျော်ရွှင် တက်ကြွ နေတဲ့..လူ ကြီး လူငယ် လူရွယ် စုံ ကို တွေ့ ရ သည်။ အဲဒီ က.. ရ တဲ့ ငွေ တွေ နဲ့..နိုင်ငံရေး အကျဉ်းသား တွေ ကို ထောက်ပံ့ ကြ မည် တဲ့..။ အားရ ကျေနပ် စရာ..။  ဗမာပြည် ကြီးကို.. သူ့ စိတ် ထဲ မှာ..အမြဲ သယ်ပိုး  ထား ခဲ့ တဲ့..  ဒေါ်စု တယောက်.. ခု တော့ လည်း . .ဗမာပြည် ကြီး ထဲ .. တကယ် ကို ပြန်ရောက် လို့.. ဗမာ ပြည်သား စစ်စစ် ကြီး ကို ဖြစ် လို့...နေ ပေ ပြီ  ။   သူမ ရွေးချက် ဆုံးဖြတ် ခဲ့ တဲ့.. လမ်းပေါ် မှာ.. မယိမ်းမယိုင်.. လျှောက်လှမ်း နေ ပုံ များ..   ကြည့် စမ်း ပါ အုံး..ဟိုး လွန် ခဲ့ တဲ့.. အနှစ် ၂၀ ကျော် က.. သူမ  အသားမကျ နိုင် ခဲ့ တဲ့..  ဖုန်တွေ ချွေးတွေ ကို တောင် မမူ နေ တော့ တဲ့ ပုံ နဲ့ ..။

သတင်း တွေ ပြီး တော့.. အီးမေးလ်  စစ် သည် ။  နေ့ တိုင်း စစ် တာ မို့..သိပ် မများလှ..။ ကိုယ့် အမ ရဲ့ အီးမေးလ် တစောင်...။

နောက် တစောင်  က..မလာစဖူး အလာထူး လို့.... ချိုးလင်းပြာ အမျိုးသမီး မဂ္ဂဇင်း က.. စာမူ တောင်းနေ ကျ.. ဘုတ်ဘုတ် ကလေး နဲ့  စာ ပါလား။  ဘာတဲ့ လည်း.. ။ အွန်လိုင်း ပေါ် မှာ စာတွေ ရေးသား နေ တဲ့.. မြန်မာ အမျိုးသမီး တယောက် ရဲ့ အသံ အဖြစ် ..  ဒေါ်အောင်ဆန်းစုကြည် ကို နှစ်သစ် မှာ.. ပါးချင်တဲ့.. စကားပဲ ဖြစ်ဖြစ် ..မေးခွန်း ပဲ ဖြစ်ဖြစ်.. ခပ်ကျဉ်းကျဉ်း တခု လောက် ရေးပေး ပါ  တဲ့..။  ကဲ ကွယ်.. နေပါ အုံး.. ။ ဒေါ်အောင်ဆန်းစုကြည် မှာ..မေးခွန်း  မေးတဲ့သူ တွေ.. များလှ နေပါပြီ ကော..။ အသံ တောင် ၀င်နေရှာ ပြီ..။  ကိုယ်တွေ လို..သာမန် ပြည်သူ တွေ အနေနဲ့.. ဘာမှ မေးစရာ လည်း မကျန် တော့သလို.. ဘာမှ လည်း ထူးပြီး အပို တွေ.. လျှောက်ပြော စရာ အကြောင်း မှ မရှိ တာ ..။

နောက် စာ တွေ ကို သာ...ခပ်မြန်မြန် လျှောက် ကြည့် လိုက် သည်။ အတော်များ များက.. face book ကနေ ၀င်ဝင် လာတဲ့.. တခါတလေ..ကိုယ်နဲ့ မဆိုင် တဲ့.. စာ တွေ..။ တန်းစီ ပြီး ဖျက် ပြစ် လိုက် သည်။ ပြီးတော့..ကိုယ့်  အမ ပို့ ထား တာ လေး ကို ပြန် ကြည့် လိုက် သည်။

သူ့ ထုံးစံ အတိုင်း..အနောက် အရွှတ် .. စာတို လေး နဲ့..အတူ သီချင်း တပုဒ် ။   အမ လုပ်သူက.. သူ့ ကလေး တွေ ကို.. ဗမာ သီချင်း တွေ နဲ့ အလှည့် ကျ သိပ် ဖို့.. You Tube ကို အမြဲ မွှေနှောက် ရှာတတ် သည်..။ ကလေး တွေ ကလည်း..ဘာမှန်း သာ နားမလည် တာ.. အောင်ခြင်း ရှစ်ပါး သီချင်းကို တောင် .. အရမ်း ကြိုက် ကြ ဆို ပဲ..။ အခု လည်း သူ ဘယ်က ရှာရှာ ဖွေဖွေ တွေ့ တယ် မသိ..။ ငယ်ငယ် က.. ရေဒီယို မှာ ဘောလုံးပွဲ တွေ ပြီးတိုင်း လွှင့် လေ့ ရှိ တဲ့.. အမာစိန် ရဲ့.. သီချင်းလေး..။ “ နင် မပျော်ရင်.. အဲသီချင်း လေး နားထောင် ပြီး.. ဦးကျော်ရင် ကြီးကို သတိရ လိုက် ” တဲ့... လုပ်ပုံ က.. ။ ဦးကျော်ရင် ကြီး ဆိုတာ..ငယ်ငယ်က.. ရပ်ကွက် ထဲ...ဘောလုံး ရူး ရူးနေတဲ့ လူကြီး တယောက်..။ ဘောလုံးသမား ၀တ်စုံ အမြဲ ၀တ်ထားပြီး... ဘောလုံးကွင်း ထဲ မှာ ပဲ အိမ်လုပ် နေသူ..။ 

~~~ ဘောလုံးပွဲ ထဲ မှာ..သိပ်ကို ကဲ တဲ့ သူပါရှင်..  အားရ ပါးရ.. အော်လိုက်တာ များ ပင်.. ဂိုး....

အမာစိန် ရဲ့  ရှတတ  စီး ထန်းထန်း အသံ လေး ရဲ့ နောက် က.. ( ဂိုး ) ဆို တဲ့ အော်သံ တွေ နဲ့ အတူ..သူ့ နှလုံးသား တွေ..အလိုလို ပေါ့ပါး မြူးထူး လာ သည်။ ကြီးပြင်း ခဲ့ တဲ့.. ငယ်ဘ၀ တွေ...။ ညနေစောင်း ရေဒီယို သံလေး တွေ...။

အဲဒီ နောက် တော့.. you tube မှာ.. တခု ပြီး တခု ပေါ် လာတဲ့.. အမျိုးအစား တူ ရာ..မြန်မာ သီချင်း ဟောင်း လေး တွေ.. တပုဒ်ပြီး..တပုဒ် ။

~~~ တွန်သံ ပေး..အဝေးအနီးခေါ် တကြော်ကြော်.. ခဏ နဲ့..သူ ပြန်လာသော်..ဒါက..ဘာကြက်တုန်း တော့.. ခပ်ငေါ့ငေါ့ နဲ့ မေးလိုက် ရင်နော်.. ( စစ်တကောင်း ကြက် ကြီးပါ နော်.. အချိန်မေး ရင်.. နှစ်ပိသာခွဲ လောက် တော့..ရှိ မတဲ့.. ) ဖြေပုံ တော် ~~~

ဝင်ဦး..မာမာအေး.. နဲ့ ချိုပြုံး တို့ ရဲ့.. ချစ်စရာ ပျော်စရာ..ရုပ်ရှင် ဇတ်ဝင် သီချင်း လေး..။ ငယ်ငယ် တုန်းက.. အရမ်းကြိုက်ခဲ့ တဲ့..တကျော့ နှစ်ကျော့ တေးကိုသီ ရုပ်ရှင် ထဲ က...။

ပြီးတော့..တိုက်တိုက် ဆိုင် ဆိုင်..  သူ့  အာရုံပြကွက် တွေ ထဲက..  ဇတ်ဝင်သီချင်း လေး..

~~~~ တရွေ့ ရွေ့ လာချေပြီလေ.. ပင်လယ်တွေ ဖြတ်သန်း..ရိုးမ အပေါ် လွှားကျော် ကာလေ.. လူ့ ချစ်မိတ်ဆွေ.. တို့ မြန်မာပြည် မလေ..လက်ဆောင်ပါး တဲ့.. မိုးပုလဲ ပန်းတွေ.. ရွာပါစေ လေ.. အေးအေး ချမ်းချမ်း..ရွာပါစေ...~~~~

တိမ်တမန် သီချင်း လေး က.. မုတ်သုံ မိုး ပေါ် မှာ အမှီပြု နေ တဲ့.. မြန်မာပြည် လေး ဆီ.. လွမ်းစရာ ကောင်းလှ စွာ..ဆွဲ ခေါ် သွား နေ တော့ သည်။ သူ့ သွေးကြော တွေ.. ရှိန်းဖိန်း လာ သည်။  ပြောရင်း ဆိုရင်း.. အမျိုး အမည် မဖော်ပြ နိုင်တဲ့..စိတ်ခံစား မူ တခု.. သူ့ နှလုံးသား မှာ...တဖြတ်ဖြတ် ပြေး လာ နေ သည်။ ကြည်နူးလိုက်.. ၀မ်းမြောက် လိုက်.. လွမ်းဆွတ် လိုက်.. နဲ့  လှိုင်းတွေ .. တလိမ့် လိမ့် ..လူး နေ သလို .. ။ 

ဂီ တ က.. လူတွေကို.. ပြုစား နိုင် တယ် ဆိုတာ.. တကယ် ပါပဲ..။

ကြည့်စမ်း.. ပြီးတော့.. အသိ  တခု..။
ဂီတ နဲ့  ယှဉ်ပြီး  ရ တဲ့.. အဖြေ တခု..။

သူ့ ကို ဘယ်နေရာ ကြီးက..ပိုင်ဆိုင် ထား ပြီး တော့.. သူ့ နှလုံးသား အာရုံ တွေ.. ဘယ်အရပ် မှာ..၀ဲလည် ပျော်ပါး နေ ကြ သလည်း ဆိုတာ...။ ပြီးတော့..သူတို့  တွေ.. ဘာလုပ်သင့် သလည်း ဆိုတာ..။

သူ့ လက် ချောင်း တွေ  .. ကွန်ပြူတာ ခလုတ် တွေ ပေါ် အလိုလို ရောက် သွား ရင်း .... ဖြေးဖြေး ချင်း.. ရွေ့ လျား သွား သည်။ 
ချိုးလင်းပြာ မဂ္ဂဇင်း ကို.. ပေး ဖို့..   စကား လေး တွေ..... ကွန်ပြူတာ မျက်နှာပြင် မှာ..တလုံး ချင်း ပေါ် လာ နေ သည်။

ဒေါ်စု ဟာ..ကျမ တို့ တွေ အားလုံး အတွက်.. သက်ရှိ အဘိဓမ္မာ..ကျမ်းစာအုပ် တအုပ် ဖြစ်လာခဲ့ ပါ ပြီ။
သူမ ရဲ့ ဘ၀ ထဲ မှာ.. လူတိုင်း ရဲ့ ဘ၀ တွေ ကို..ရှာ  တွေ့ နေ ရ တယ်။
ဆုံးရှုံးမူ တွေ အတွက်.. ကြံ့ကြံ့ ခံ နိုင်ဖို့.. ခွန်အားတွေ ပေး တယ်။
အထီးကျန် တိတ်ဆိတ် မူ တွေ အတွက်.. ဖြေသိမ့် နိုင် လာ တယ်။
ခက်ခဲ ကြမ်းတမ်း မူ တွေ ကြားထဲ မှာ..မျှော်လင့်ခြင်း ကို ဖော်ပြတယ်။   
တရား မျှတ မှန်ကန် ခြင်း ဟာ.. တကယ် ရှိ တယ် ဆိုတာ ... ယုံကြည် သက်ဝင် လာခဲ့ ရတယ်။
ချစ်ခြင်း မုန်းခြင်း အားလုံး ရဲ့ အထက် မှာ.. မေတ္တာ နဲ့ ရွှင်လန်း ခြင်း ကို ရှာတွေ့ စေ တယ်။
 
အထူးသဖြင့်.. ကျမ တို့လို .. ပြည်ပ ရောက် မြန်မာ လူရွယ် တွေ အတွက်.. တချိန်မှာ..ငါတို့ တိုင်းပြည် ကို ပြန်လည် လုပ်ကျွေး ကြ မယ် ဆိုတဲ့.. တွန်းအား တွေ ဖြစ်လာ စေ တာ ကတော့.. အားလုံး အတွက်..၀မ်းမြောက် စရာ သတင်းကောင်း ပါပဲ.....
 
 

စာ ကို အဆုံးသပ် လိုက် ရင်း.. ကိုယ့် လက်ချောင်း တွေ ကို...ပြန်ပြီး ငေး စိုက် ကြည့် နေ မိ သည်။




 

Ref:  
Interview with  professor Michael Aung Thwin

၂၀၀၉  နှစ်သစ် တုန်းက.. ရေးခဲ့တဲ့..  ဆယ်လမွန်ငါး တို့ အပြန် 

◦
Share/Bookmark