ရွှေခြည်ငွေခြည်တန်းပါစေ


၂၀၁၂ တဲ့ ။ နှစ်သစ် တခု ဆီသို့ ကူးပြောင်း ခဲ့ပြီ။ 

 ဆိုတော့… အရင် နှစ်ဟောင်းက..အကြောင်းတွေ ကို .. အကောင်း က များများ .. အစောင်း လေး နည်းနည်း .. ဖောက်ပြီး ပြောပြ ရ မည် လား။ 

အို..ဒီတနှစ် တော့..မနှစ်က လို မဟုတ်ဘူး.. တခုခု တော့ ဖြစ်ကို ဖြစ်ရမယ်  လို့.. တယောက်ထည်း  ကြိတ်ပြီး အားတင်း မျှော်လင့် ရ မည်လား။

ပုထုဇဉ် တွေ ဆို တော့ ကာ၊  အကောင်း တွေ ကို သာ ထုပ်ဖော် ချင် ၍ .. အကောင်း တွေ ကို သာ ပဲ.. ထပ်မံ မျှော်လင့် တောင့်တ မိ ပါသည် မှာ  သဘာဝ ကျ သည် မဟုတ်လား…။


++++++


တကယ်ဆို.. ဇန်န၀ါရီ ပင် ကုန်ခါနီး နေပြီ။ နှစ်သစ်ကြို မဲ့ စာ က.. ရေးဖို့ စခန်းကို မရောက် နိုင် ရှာ။
ပထမ တပတ် လုံး ခရီး ထွက်နေ ခဲ့ သည်။ ဒုတိယ တပတ်လုံး မိသားစု ကိစ္စ တခု နဲ့ ရှုပ်နေခဲ့ သည်။ အင်တာနက် ဖေ့ဘွတ် ဆိုတာ တွေ နဲ့ ခပ်လှမ်းလှမ်း ဖြစ် နေ ခဲ့ ရင်း.. ပိုပြီး ငြိမ်းငြိမ်းချမ်းချမ်း လည်း ရှိ နေ ခဲ့ သည်။ တတိယ အပတ် မှာ မှာတော့.. အင်တာနက် ကြီး နား ကပ်လာ နိုင် ပြီ ။

အချိန်ကောင်း ပေ ပဲ..။ မင်္ဂလာ သတင်း များ နဲ့ တိုး ပြီး၊ လွတ်မြောက်လာတဲ့.. နိုင်ငံရေး အကျဉ်းသား တွေ  ရဲ့ ပုံတွေ..သတင်း တွေ.. မမောတန်း ထိုင်ကြည့် ရင်း အပျော်လွန် နေ ခဲ့ ပြန် သည်။ ဘာ မှ လည်း ရေး ချင် စိတ် မရှိ ။ ဘာ မှ လည်း ရေးစရာ မလို အောင်ကို … ဖတ်စရာ တွေကြည့်စရာ တွေ နဲ့ .. တခွင် တပြင် လုံး ပြည့် နေ သည် လေ ။

တခြား ကမ္ဘာအခြမ်း တွေ မှာ ဘာတွေ ဖြစ်နေ မှန်း မသိ နိုင် တော့ လောက် အောင်ကို.. မြန်မာ သတင်း တွေ ကြားထဲ ခေါင်းစိုက် ဒိုင်ဗင်ထိုး ပြီး တော့ ကို အမီ လိုက် ဖတ် နေ ရ တဲ့ အဖြစ်။ လက်ရှိ သတင်းထူး တွေ အပြင်..လွတ်သွားတဲ့ သတင်း တွေ ကလည်း အဆက်အစပ် တွေ နဲ့ မို့.. လွှတ်ထား ခဲ့ လို့ မဖြစ်။

မီးတွေ လောင်တယ်တဲ့။
ရွေးကောက်ပွဲ ၀င် ဖို့ မှတ်ပုံတင် လိုက် ပြီ တဲ့..။
သာကူး တွေ တဲ့။
ဘာပဲ ကူးကူး..ကူးတယ်ဆို ကောင်းတာပဲ တဲ့။
လွတ်ကုန်ပြီ တဲ့..။
ကြိုဆို ကြတာ သောင်းသောင်းဖြဖြ တဲ့။
ငြိမ်းချမ်းရေး ရတော့မယ် တဲ့။
စစ်ပြေး ဒုက္ခသည်တွေ တော့ ပိုပို များလာတယ်တဲ့။
တပတ်အတွင်း ဆင်းပေး ရ မ တဲ့။
အရိုးတွေ တွန်ကုန်ပြီ တဲ့။
ပြန်ကြ တော့မယ် တဲ့..။ အလည် ပြန်ပြီး အရင် ကြည့်လိုက် အုံးမယ် တဲ့။
သူတို့တောင် ခွင့်လွှတ်ရင်..ခင်ဗျားတို့လည်း ခွင့်လွှတ်ကြ ပါတဲ့။
ခွင့်မလွှတ်ဘူး တဲ့။
ခွင့် လား.. လွှတ်ရ မှာ ပေါ့ တဲ့။
လမ်းပေါ်က..သတင်းစာ တွေ မှာ.. အထူးအဆန်းပုံတွေ ချည်းပဲ တဲ့။
မယုံ ဘူး တဲ့။
မယုံကြည်လည်း ယုံကြည့် ရ မှာ ပဲ တဲ့။
မယုံ ယုံယုံ … ယုံယုံယုံ.. ယုံကြည်မူ တည်ဆောက် ရ မယ် တဲ့။



၂၀၁၂ အတွက်.. စိတ်ဝင်စားစရာ အကြောင်း တွေ က.. တာကျိုးသလို တလဟော စီးဆင်း လာ နေ သည်။ အပြောင်း အလဲ ဆို တာ တချို့ ကို လည်း..ဗလောင်းဗလဲ အနည်းအပါး နဲ့ အတူ မြင်လာ နေ ရ သည်။  သေချာတာကတော့.. အဓိက ဇာတ်လိုက် တွေ အကုန်လုံး လိုလို ဇာတ်စင် ပေါ် ပြန် တက် လာ ကြ သည်။ ဒါဆို ပွဲ ပြီး တော့ မယ် လား။ မီးကတော့ မသေ လောက် သေးပေ။
-
အိမ်အလုပ် ဆိုတာမျိုးက..ကိုယ်ရပ်လိုက် မှပဲ ပြီးတာ မျိုး ဆိုသလိုပင်၊ သတင်းတွေ အတင်းတွေ အဖျင်းတွေ အညင်းတွေ က လည်း..ကိုယ် မကြည့်ပဲ နေ မှပဲ.. ကုန် မှာ ဖြစ်နေလေ တော့ ၊ ကွန်ပြူတာ ပေါ်မှာ ပွင့်နေတဲ့  စာမျက်နှာတွေ ရောင်စုံ တွေ  ကို ပိတ် ပြစ် လိုက် ယုံ သာ။
-
ဘာပဲပြောပြော..အခု လို အခြေအနေ တွေ ကြားထဲ မှာ .. ၂၀၀၉ ခု နှစ် က..နှစ်ဦးကို ကြိုရင်း.. စိတ်ကူးယဉ် အဖြစ် ရေးခဲ့ ဖူး တဲ့.. ဆယ်လမွန်ငါးတို့ အပြန်  ဆိုတဲ့.. စာ ကလေး တပုဒ် ကို တော့.. ပြန် သတိ ရ နေ မိ သည်။ သုံးနှစ် တောင် ကြာခဲ့ ပြီ။ အဲဒီတုန်း ကတော့..တကယ့်ကို စိတ်ကူးယဉ် အဖြစ် ရေးခဲ့ မိ တာ ပါ ။ တကယ်လည်း  ဖြစ်လာနိုင် တာ ပဲ -  လို့တော့..မရဲ တရဲ ထင်ခဲ့ မိ သည် ပေါ့။

 ညနေ..သုံး နာရီလောက်မှာ..အစီအစဉ်တွေ ပြီးဆုံးသွားတော့ လက်ဖက်ရည် နဲ့ စမူဆာ စားသုံးရင်း..ခန်းမတခုလုံး..ပြန်လည် ကျွတ်ကျွတ်ညံ သွားတော့သည်။ နှုတ်ဆက်သံ.. ချီးမွမ်းသံ.. ရယ်မောသံ.. အားလုံးက..ရင်ထဲက..အသံတွေ.. လွတ်လပ်ပျော်ရွှင်မူ စစ်စစ်ရဲ့.. အသွင်သဏ္ဍန်တွေ.. လှုပ်ရှားမူတွေ။ ခန်းမ ထဲက.. တီဗွီ ကလည်း.. မြန်မာ့အသံက..တိုက်ရိုက်လွှင့်နေတဲ့.. သဘက်ခါ မှာ ကျင်းပမဲ့.. ဒေါ်အောင်ဆန်းစုကြည် ရဲ့.. Inauguration Day အတွက်..မြို့တော်ခန်းမရှေ့..ပြင်ဆင်ပုံတွေ..။ အကျဉ်းသားတွေ လွတ်မြောက်လာပုံတွေ.. ကိုမင်းကိုနိုင်တို့..ဦးဝင်းတင်တို့ရဲ့ နဲ့ တွေ့ဆုံမေးမြန်းခန်းတွေကို... ထပ်ကာ ထပ်ကာ ထုပ်လွှင့်နေသည်။

တချို့လည်း တနာရီ ကျော် မောင်းရမည့် ခရီး အတွက်..ပြန်တဲ့လူတွေ ပြန်ကြပြီ။ သူတို့ အုပ်စုတော့.. မေရာက.. ခုည..ရွာသားတွေ လုပ်မဲ့ မီးပုံပွဲ ကို.. ဆက်နေပါ..ညအိပ်ပါ.. ဆိုလို့.. ဒီည မပြန်တော့ဘူးလို့..ဆုံးဖြတ်လိုက်သည်။

-
ဒါဆို..အခု အဲဒီ စိတ်ကူးယဉ် ထဲ ကလို တကယ် ဖြစ် နေ ပြီ မို့ လား။ 
-
အဲဒီထဲ ကလို  ဒေါ်အောင်ဆန်းစုကြည် ရဲ့ သမ္မတကျမ်းကျိန်ပွဲ ရယ်လို့ ဖြစ်မလာသေး ပေ မဲ့.. ပုဝါ နှစ်စ အသာချ ပြီး သဇင်တွေ ဝေ နေ တဲ့.. သူမ ရဲ့ အပြုံးမျက်နှာ ကို ၊ အခမ်းအနားတွေ မှာ၊ ခမ်းခမ်း နားနား မြင်တွေ့ နေ ရ ပြီ။  နေ့စဉ် နေ့တိုင်း ကို စောင့်ကြည့်  နေ ကြ ရ ပြီ။

  ဦးဝင်းတင် နဲ့ မင်းကိုနိုင် ရဲ့ မိန့်ခွန်း တွေ ၊ အဖြေ စကား တွေ ကို  ထပ်ကာတလဲလဲ ကြားနာ ဖတ်ရှု နေ ရ ပြီ။  

 နိုင်ငံရေး အကျဉ်းသား တွေ လည်း အတော်များများ လွတ်မြောက်လာ ကြ ပြီ။ 

အဲဒီ စိတ်ကူးယဉ်  ထဲက.. သူငယ်ချင်း တချို့ပင် မြန်မာပြည် ကို ပြန်သွားကြ ပြီ။ တချို့ ပြန်ဖို့ ကြိုးစား နေ ကြ ပြီ။ 

တလောကဆို.. နေဘုန်းလတ် ရဲ့ ပင်လုံ စာဖတ်ခန်း ဖွင့်ပွဲ မှာ စကားပြော နေတဲ့ ပုံကလေး ကို မြင်ရ တော့.. ရင်ထဲမှာ လှိုက်ကနဲ ဖြစ်သွားရင်း ..စိတ်ကူးယဉ် ထဲ က.. အနာဂါတ်သုတရပ်ဝန်း ဆိုတဲ့.. စာကြည့်တိုက် ဖွင့်ပွဲ လေး ကို သတိရ သွား မိ သည်။
-
ဒါဆို.. အဲဒီ စိတ်ကူးယဉ်  ထဲ က.. ကျမ ကိုယ်တိုင် က ရော…။ 
စိတ်ကူးယဉ် တယ် ဆိုတာ ..မျှော်လင့်တာ။ မျှော်လင့်တယ် ဆိုတာ မျက်မှောက်ပြုတာ လို့ ပြောနိုင်ယုံ က လွဲ လို့.. ခုထိတော့ ကျမ မှာ အဖြေ မရှိသေးပါ။


တကယ်တော့..ကျမ တို့ မြန်မာပြည်သူ ပြည်သား တယောက်ခြင်း ရဲ့ လူမူဘ၀ တခု ခြင်း စီ နဲ့ ယက်ရှယ် ထား တဲ့.. မြန်မာပြည် ရဲ့ အနာဂါတ် ဟာ..စိတ်ကူးယဉ် အိပ်မက်တွေ ထဲ ကနေ.. လွန့်လူးစ ပြု လာ နေ ပြီ လို့.. တော့ ဖြင့်.. ယုံကြည် ချင် လွန်း လှ ပါ ပြီ။


အဲဒီလို ယုံကြည် နိုင်ဖို့ အတွက် လည်း.. ကျမ တို့ အားလုံး ရဲ့ လူမူ ဘ၀ တခု ခြင်း စီ ကို..ကျမ တို့ ရဲ့..အားထုတ် လုပ်ကိုင် မူ တွေ နဲ့ပဲ..ယက်ဖောက် ပုံဖော် ကြ ရ မှာ ပဲ မဟုတ်လား။


ဟိုသီချင်း လေး ထဲ ကလို ဆိုရင်ဖြင့် .... ရွှေခြည် ငွေခြည်  တန်း ပါလို့..ယက္ကန်းရွှေစင် ကန်းရွှေစင် တွေ.. တန်းစီ နေ ကြ မှ..ဖြစ်ပေမည်။  ကျမ တို့ ရဲ့ လက်ခတ်သံ တွေ လည်း၊  မြိုင် နေ ကြ ရ ပေမည်။ ငယ်ငယ်တုန်းက..အင်မတန် နှစ်သက် ခဲ့ တဲ့.. ဆရာကြီး ဦးသုခ ရဲ့ ရွှေခြည်ငွေခြည်တန်းပါလို့   ရုပ်ရှင် ထဲက ..  မလေးလက်ခတ်သံ  ဆိုတဲ့ သီချင်းလေး ကို .. ဒီနှစ် ဦး မှာ.. ပြန်ကောက် ရ ရင်း .. ခဏ ခဏ  ဆိုညည်း မိ နေ သည်။ အကယ်ဒမီ ရ တဲ့ အထိ ပြောင်မြောက် လှ တဲ့..ဒေါ်မေနွဲ့ ကြီး ... ခလေး သိပ် တဲ့ အခန်း လေး ကို ပြန်သတိရ တော့.. ဇာတ်လမ်း ထဲက.. ဘ၀ တွေ..ချစ်ခင်မူ တွေ..နှောင်တွယ်မူ တွေ..ရှုပ်ထွေး မူ တွေ…။


ဘယ်သူဘယ်သူ ၀င်ကာပါ့.... ချည်ခင်ထွေး
ဘယ်သူဘယ်သူ ၀င်ကာပါ့... ချည်ခင်ထွေး
ရှင်းနိုင်ပါ့ မရှင် ..   …. ရှင်းနိုင်ပါ့မရှင်း.. ..


သိပ်ကို အလင်္ကာ မြောက် တဲ့ စာသားလေး တွေ ပါပဲ။ 


စိတ်ကူး မျှော်လင့်ချက် တွေ နဲ့..လက်ခတ်သံ တွေ မြိုင်နေ တဲ့ ကြား ထဲ ကပဲ..   ဘ၀ တွေ ဆိုတာ.. တခါ တခါ.. ချည်ခင် တွေ ထွေး သ လို ရှုပ်ထွေး ပွေလီ အခက် ကြုံ ကြ ရ တတ် ပြန် သေး တာ လေ။ အဲဒီတော့ လည်း ကိုယ့်ချည်ခင် ကိုယ်ရှင်း ကြ ရ ။ ပြီးတော့ လည်း .. ပျော်ပျော်ပါးပါး ယက္ကန်း တွေ ဆက်ခတ် ကြ ပေါ့။ 

မျှော်လင့်ချက် တွေ.. ချစ်ခင် မြတ်နိုးမူ တွေ.. အခက်အခဲ နဲ့ ရုန်းကန် လှုပ်ရှား အားထုတ် ရ ခြင်း တွေ အားလုံး ကို ၊ လှလှပပ ပေါင်းစပ် ထား တဲ့.. အဲဒီ သီချင်း လေး ကို ထပ်ပြန်တလဲလဲ နားထောင် ရင်း.. ရှေ့ဆက် ရ မဲ့.. လူ့ဘ၀ ကြီး ကို ချစ်စဖွယ် ကောင်းစွာ တရား သံဝေဂ လည်း ရနေမိ တယ်။



အဲဒီလို ဆိုတော့ ၊  ဘ၀ တခု ခြင်း စီ နဲ့ ပေါင်းစပ်ထားတဲ့.. ဟောဒီ လူ့ အ၀န်းအ၀ိုင်း တိုင်းပြည် နိုင်ငံ ကြီး တခု အတွက် မှာ လည်း.. မျှော်လင့်ချက် တွေ… အားထုတ်မူတွေ .. အရှုပ် အထွေး တွေ နဲ့ ပြည့်နှက် ..ရောယှက်နေ  လိမ့် အုံး မယ် ဆို တာ လည်း .. အသေအချာ ပါပဲလေ။


ဒါပေမဲ့…သီချင်းလေး ရဲ့ အဖွင့်လို ... ဘုရား ငုတ်တို ရောင်တော် လွှတ် မှ….ပုံတော်ဆင် ၀တ်ကြ ပါစို့ ..မောင်ကြီးရေ.. တော့်... လို့ တော့.. ငေါ့တော့်တော့် လေး မဆို ချင် တော့ပါ။ 

ဘာပဲဖြစ်ဖြစ်လေ ... ဘ၀ တွေ အားလုံး နဲ့ အတူ.. ဒီနိုင်ငံကြီး လည်း ရွှေခြည် ငွေခြည်တွေ တန်းပါစေ  .. လို့.. နှစ်သစ် မှာ တော့..ဆုချွေ လိုက် ချင်ပါရဲ့။

--------

ကေ
၂၃ ဇန်န၀ါရီ ၂၀၁၂








ဆက်စပ်ဖတ်ရန်-
ဆယ်လမွန်ငါးတို့အပြန်

မှတ်ချက်- သီချင်း source အား ကျေးဇူးအထူးတင်ပါသည်။

◦
Share/Bookmark

မင်းကိုနိုင် ကို ရှက်ပါ



သူက တကယ့် သားကောင်း ဖြစ်တယ်

မိသားစု ရဲ့ လည်ဆွဲ တန်ဆာ။

သူက တကယ့် ယောက်ျားကောင်း ဖြစ်တယ်

နိုင်ငံ အတွက် မျက်ရွဲ ရတနာ။

သူက တကယ့် ခေါင်းဆောင်ကောင်း ဖြစ်တယ်

ပြည်သူတွေ နဲ့ မခွဲ မခွါ။

သူက တကယ့် သူငယ်ချင်းကောင်း ဖြစ်တယ်

ရဲဘော် တွေ နဲ့ သေအတူ ရှင်မကွာ။

သူက တကယ့် လူသား ကောင်း ဖြစ်တယ်

ကျင့်ဝတ်တွေ ထဲ အမြဲ လိုက်နာ။

++

သူ့မှာ သီလ ရှိတယ်

စောင့်ထိန်းတယ်..မှန်ကန်တယ်။

သူ့မှာ သိက္ခာ ရှိတယ်

တည်ကြည် တယ်..ဖြောင့်မတ်တယ်။

သူ့မှာ သစ္စာ ရှိတယ်

မြဲမြံ တယ်..စောင့်သိတယ်။

သူ့မှာ မေတ္တာ ရှိတယ်

သန့်စင်တယ်.. လေးနက်တယ်။

သူ့မှာ အနုပညာ ရှိတယ်

ဖွဲ့နွဲ့ တယ် .. ထိမိတယ်။

++

သူ့ စာကဗျာ တွေ က -

နင်-ငါ သက်သက် ကလီကမာ မဖက်ဘူး

အလင်္ကာ မြောက် ယုံ ရသထုံ တယ်။

သူ့ စကားလုံး တွေ က -

မြှားတစင်း လို မပစ်ခွင်းဘူး

နေတစင်း လို အမြဲ လင်း တယ်။

သူ့သမာဓိ က-

ခေတ်တခေတ် ရဲ့ သာယာ မူးယစ် မူ တွေ အောက် မသက်ရောက်ဘူး

ထောင်နံရံ တွေ ကို ဖောက် ၊ မှတ်ကျောက် တင် ခဲ့ တယ်။

သူ့ပုံရိပ်က-

မျက်နှာ တွေ ပြည့်သိပ် .. ငါ-တံဆိပ် ခပ်နှိပ် ထား တဲ့

ခါတော်မီ စာမျက်နှာ ထိပ် မှာ မရှိဘူး

ဝိညဉ် တွေ ခြင်း တွဲ ချိတ်

တို့တွေ အားလုံး ရဲ့ နှလုံး စိတ် မှာ သာ

အရိပ်ထင် စွဲ မြဲ နေ တော့ တယ်။


ကေ




၁၈ ရက် အောက်တိုဘာ မှာ ကျရောက်မဲ့ မင်းကိုနိုင် ရဲ့ ၄၉ နှစ်မြောက် မွေးနေ့ အတွက်-
နိုင်ငံရေး အကျဉ်းသား အားလုံး နဲ့ အတူ အမြန်ဆုံး လွတ်မြောက် စေ ကြောင်း.. ဆန္ဒ လောင်း လျက်...
 
ဝန်ခံချက် - ကဗျာ ခေါင်းစဉ် ကို.. မိုးမိုး(အင်းလျား) ၏  ငြိမ်းကိုရှက်ပါ ၀တ္တုခေါင်းစဉ် မှ နှစ်သက်လေးမြတ်စွာ စကားလှယ် သုံးစွဲ ထား ပါသည်။

++++++++++++
 
ကိုမင်းကိုနိုင် ရေးခဲ့တဲ့.. နောက်ကြည့်မှန် ၀တ္တု ကလေး အကြောင်း.. ရေးခဲ့ တာ လေး လည်း အမှတ် တရ  ပြန် တင် လိုက် ပါတယ်။
 
မင်းကိုနိုင် ကို.. တော်လှန်ရေး သမားမို့လို့..နိုင်ငံရေး သမား ပီသဖို့…ဆိုပြီး.. အချစ် ဇတ်လမ်း တခု က နေ.. ဝေးဝေး ခွာကြည့် ချင်တယ် ဆိုရင်တော့.. သဘာဝ တရား တခု ကို အတိအကျ လွဲချော် ခြင်းသာ ဖြစ်ပေလိမ့်မည်။ (more)

◦
Share/Bookmark

ဧရာဝတီ တော်လှန်ရေး

  ဧ      ကန်မု ချ မ သွေ
  ရာ   ဇ ၀င် တွင် ရစ် စေ ရ မ လေ
   ၀       လင် စွာ သောက် သုံး ခဲ့ တဲ့ အ မေ့ မြစ် ရေ တွေ
 တီ      တာ ခွန်း ချို တေး ဆို ခဲ့ တဲ့ အ မေ့ အ တွက် သီ ချင်း တွေ
တော်  လဲ သံ တွေ ကြား
လှန်   လို လှန် .. မှောက် လို မှောက် ..ငါ တို့ ကြောက် နေ မ လား
ရေး    ဆို မှ တို့ အ ရေး ... ဒီ တ ခါ နောက် မ ဆုတ် ကြေး ။




ကေ
၂၃ စက်တင်ဘာ ၂၀၁၁

( ဘလော့ဂါ များ ရဲ့ ဧရာဝတီ  စုစည်း လှုပ်ရှားမူ အတွက် ပါဝင် ရေး ဖွဲ့ သည် )

◦
Share/Bookmark

လက်နဲ့ ယက်တဲ့ ကွန်ယက်

“ကွန်ယက် တွေ ဖွဲ့ ကြ ပါ ”
လို့.. မကြာခင် ကမှ..နေအိမ် အကျယ်ချုပ်က ပြန်လည် လွတ်မြောက် လာတဲ့.. ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည် က.. ပြော လိုက် သည် ။

အဲဒီ နောက် တော့..
အင်တာနက် မြန်မာသတင်းတွေ မှာ ..ကွန်ယက် ဆိုတဲ့.. စကားလုံး  ကို လှိုင်လှိုင်ကြီး မြင်လာ ရသည်။
ပြည်ပ အတိုက်အခံ ရေဒီယို တွေ မှာ.. ကွန်ယက် နဲ့ ပတ်သတ် လို့.. ဘယ်လို သဘောထား သလည်း..ဘာလုပ်ကြမလည်း ဆို တဲ့.. မေးမြန်းခန်း တွေ..ဆက်တိုက် ကြား လာ ရသည်။ ရှေ့နေ ကွန်ယက်.. အနုပညာရှင် ကွန်ယက်.. လူငယ် ကွန်ယက်..  စသဖြင့်.. ဖွဲ့စည်းလာတဲ့ ပုံသဏ္ဍန် တွေ ကို လည်း တွေ့ လာရ သည် ။

ကွန်ယက်  ဆိုတဲ့.. ကိစ္စ ကို.....လူငယ် လူရွယ်တွေ ရဲ့.. စိတ်ဝင်  တစား တုန့် ပြန် မူ တွေ ပါ..။ 

လူကြီးတွေ ကရော..ဘယ်လို သဘောထား လေ သလဲ....

ဒီမိုကရေစီ ခေါင်းဆောင်ကြီး.. ဘဘ ဦးဝင်းတင် ကတော့.. ထိထိ မိမိ.. လှလှ ပပ... နိမိတ်ပုံ ပြ ပြီး ဖွင့်ဆို လိုက် သည်။ 
-
ဒေါ်အောင်ဆန်းစုကြည် ဟာ.. ဒီတခါ လွတ်လာတဲ့ အခါ မှာ..အရင်ကထက် ပိုပြီး ဂုဏ်သိက္ခာ မြင့်လာတယ်.. ရင့်ကျက် လာတယ်.. အရင်က.. ပြသာနာ တခု စီ ကို.. နည်းလမ်း တမျိုး စီ နဲ့ အဖြေ ရှာ ခဲ့ ပေမဲ့..အခု တခါ တော့.. ပြသာနာ အားလုံးကို ခြုံငုံ နိုင်မဲ့..နည်းလမ်းကို ရှာတာ တွေ့ ရတယ်။ ဥပမာ .. အရင်က..ငါးတကောင် ကို.. ငါးမျှားတံ တခု စီ သုံးပြီး မျှား ခဲ့ တယ် ဆိုရင်.... အခု က .. ပိုက်ကွန် ( ကွန်ယက် ) ကြီး သုံး ပြီး.. စွဲဆောင် စည်းရုံး တာ မျိုး ပါ ..... ဆို တဲ့.. သဘော..။ ဘယ့်ဂ လောက် ထိမိ လိုက် သလဲ။  

လူကြီးတွေ က.. နည်းပညာ သဘော တွေ ကို သိပ်နားလည် ဟန် မတူ ဘူး လို့.. တချို့ က..ထင်မြင် ကြ လိမ့်မည်။  ဒါပေမဲ့.. အခု ပြောနေတဲ့.. လူမူ ကွန်ယက်.. ဒီမိုကရေစီ ကွန်ယက်.. အမျိုးသား ကွန်ယက်.. တိုင်းရင်းသား ကွန်ယက်.. မှည့်ချင် သလို သာ မှည့်... ခေါ်ချင်သလို သာ ခေါ်...အားလုံးဟာ.. အင်တာနက် တွေ..ဖေ့စ်ဘွတ်ခ် တွေ..တွိတာ တွေ.. အဲဒီ နည်းပညာ တွေ..   မပေါ် ခင် ကတည်း က.. ရှိနေပြီးသား.. အခြေခံ သဘောတရား  ..လုပ်ငန်းစဉ် တခု ဖြစ်တယ် ဆိုတာ ကို တော့ .. မမေ့ စေ ချင် ပါ ။  အဲဒီ အခြေခံ အုတ်မြစ် လုပ်ငန်းစဉ် ကို မှ.. နည်းပညာက.. အခု ခေတ် မှာ..ပိုမို ချောမွေ့ အောင်.. လုံခြုံ အောင်..မြန်ဆန်အောင်.. ထောက်ပံ့ ဆောင်ရွက် ပေး နိုင် လိမ့် မယ် လို့ သာ.. မျှော်လင့် စရာ အကြောင်း ရှိ ရ မည် ပေါ့..။ ဖေ့စ်ဘွတ် ဆိုတာ ..ရွှေတိဂုံ အနောက်ဖက် မုခ် ရောက်နေခြင်း   မဟုတ်ပါ...။ တွိတာ က.. ဒီပဲယင်း မဟုတ်ပါ..။ အင်တာနက် ကြီး ကလည်း...မြန်မာ ပြည် ကြီး မဟုတ်ပါ ချေ။


“ချိတ်ဆက် ဆောင်ရွက် ခြင်း”  ဆိုတဲ့.. အနက် က.. အသစ်အဆန်း နားမလည် နိုင် စရာ မဟုတ် သလို.. “ကွန်ယက်”  ဆို တဲ့.. ပုံဆောင် စကားလုံး ကလည်း.. အခုမှ ပေါ် လာ တဲ့..ပေါ်ပင် အသုံး မဟုတ် ပါဘူး။ ဒါပေမဲ့.. လက်တလော မှာ တော့.. ပေါ်ပေါ် ပင်ပင်.. ပို ဖြစ်လာ ပြီး.. ရှုပ်ထွေး မူ တွေ လည်း..မြင်နေ ကြားနေ ရ  တော့ သည်..။ ထိုးထိုးထောင်ထောင်.. တွန်းတွန်း တိုက် တိုက် ..မေး တဲ့.. မီဒီယာ မေးခွန်း  တချို့  ကြောင့် လည်း.. မလို အပ် ပါပဲ.. ပို ပြီး ရှုပ်ထွေး ကုန် လေ သလား..။

အငြင်း ပွား ဖွယ် ဖြစ်နေတဲ့..လူငယ် ကွန်ယက် ဖွဲ့စည်းမူ..ခေါင်းဆောင်မူ  တချို့ နဲ့ ပတ်သတ် လို့...ဘဘ ဦးဝင်းတင် ရဲ့ အယူအဆ က တော့ ..  ကွန်ယက် ရဲ့ သဘော တရား မှာ.. ခေါင်းဆောင် ဆိုတာ.. ထက်.. ကြားခံ ဆောင်ရွက် သူ ဆိုတာ မျိုး သာ ရှိသင့် တာ လို့  ..သူ နားလည် တယ် တဲ့..။  ဒေါ်အောင်ဆန်း စု ကြည် ရဲ့.. သဘောထား ကို တော့..  လုံခြုံရေး တာဝန် ယူ ထားတဲ့.. ဦးဝင်းထိန် က..  တဆင့် ရှင်းလင်း ဖွင့် ဆို ပါ တယ်။  ကွန်ယက် ဆိုတာ.. တစု တဖွဲ့  သီးသန့်  မျိုး မဟုတ်ပဲ .. အလျားလိုက် ..  ကျယ်နိုင် သလောက် ချဲ့ ထွင် သွား ရမဲ့.. လုပ်ငန်း စဉ်  .. ဆိုတာမျိုး.. ။

 

ဟုတ်တယ်.. ကွန်ယက် ဆိုတာ.. အဖွဲ့ အစည်း တခု မှ မဟုတ်တာ.. ။ လုပ်ငန်းစဉ် တခု သက်သက် ပဲ မဟုတ်ဘူး လား...။ ဖွဲ့စည်း ဖို့ မလို ..  ချိတ်ဆက် ဖို့ ပဲ လိုတာပေါ့...။ ဒါ ဆို.. အမည် နာမ တောင် တပ်ထား ဖို့  လို အပ် လှပါ အုံး မလား.. 
-
“လူငယ်ကွန်ယက်”  ဆို တာ ကြီး ဖြစ်ပေါ် လာ ဖို့ အရေး.... အဲဒီလို...“လူငယ်” ..  နဲ့.. “ကွန်ယက်”  ဆိုတဲ့.. စကားလုံး ... တွဲစပ် မရ.. မတင်မကျ.. ဖြစ်နေ ရ တဲ့.. ကိစ္စ ကို.. အဖွဲ့ချုပ် ခေါင်းဆောင် ဘဘဦးတင်ဦး က တော့..ဖေးဖေး မမ တွေးဆ ပြောဆို သွား သည်။

----  တိုင်းပြည်နဲ့ ပတ်သက်လို့ ဖွံ့ဖြိုးတိုးတက် ကောင်းအောင်လုပ်မယ်၊ တတ်နိုင်သမျှ ညှိနှိုင်းဆောင်ရွက်ပြီးတော့ တွေ့ဆုံ ဆွေးနွေး အဖြေရှာ၊ ဆက်စပ်ပြီးတော့ လုပ်မယ် ဆိုပြီး ကလေးတွေ ပြောသွားတာ ချစ်စရာကောင်းတယ်” ------- တဲ့...။ 
-
ဟုတ်တာပဲ.... လူငယ် တွေ လူရွယ်တွေ မှာ..လုပ်ချင် ကိုင်ချင် စိတ် တွေ ရှိနေ ကြတာ..အတိုင်းသား မြင်နေ..သိ နေ ရ သည်။  မလိုအပ် ပဲ.. တယောက် နဲ့ တယောက် ကြား သဘောထား ကွဲ.. ရှုပ်ထွေး ပြီး..နောက်ဆုတ် ဘေးထွက် သွား ကြရ မဲ့.. အဖြစ် မျိုး တော့.. မဖြစ် သင့် တော့ပေ...။ နှစ်ခါ မက ..အခါခါ နာ ရ မဲ့..အဖြစ်မျိုး တွေ.. မဖြစ် ပါ စေ နဲ့  တော့..။

နေအုံး..  ဒါဟာ...ဟိုးယခင်..အရင့်အရင် တည်းက..ရှိခဲ့တဲ့..ကွန်ယက် ဆိုတဲ့.. ဝေါဟာရ အဟောင်း တခု နဲ့.. အခု မှ ပေါ်လာတဲ့..  အင်တာနက် ဆိုတဲ့..ဝေါဟာရ အသစ် ၂ ခု ကြား..  ယဉ်ကျေးမူ ခြင်း တွန်းတိုက် မိ ခြင်း လား။ တွဲစပ် မိတ်ဖက် လို့.. အံမ၀င် သေး တာလား..။ အဲဒီလို..အံမ၀င် နိုင် အောင်..ကြားက..ခံ နေတဲ့.. အတားအဆီး က... နိုင်ငံရေး  လား.. လုံခြုံရေး လား.. ယုံကြည်မူ လား.. နားလည်မူ လား.. အမြင်ကျယ်မူ လား.. ။

ကိုယ်တိုင် အဖြေ ရှာ မရ တဲ့..အဲဒီ မေးခွန်း ကို.. တွေ့သမျှ.. မိတ်ဆွေ တွေ ကို လျှောက် မေး မိ တော့ တယ်။  တနေ့ ကတော့....ပြည်တွင်းက... သူငယ်ချင်း တယောက် နဲ့.. အင်တာနက် မှာ..စကား  ပြော ကြည့် ဖြစ် သည် ။ သူက.. တက်ကြွ တဲ့  စီးပွားရေး လုပ်ငန်းရှင် တယောက်။

“ ငါ တို့ ဆီ မှာ..ဘာ ဖေ့စ်ဘွတ်ခ် မှ မလိုဘူး ...ရေဒီယို တလုံး ရှိ ရင် ရ ပြီ.. ” တဲ့..။

ပြတ်သား ...လက်တွေ့ ကျ လှ ချည် လား.....။


“ ပြီးရင်.. ကိုယ့် အချုင်းချင်း ဆွေးနွေး တယ်.. သတင်းပေးတယ်.. တိုက်တွန်းတယ်......ငါ့ ဆိုင် ကို လာတဲ့ လူတွေ က.. ငါ စီးပွားရေး လုပ်နေ ပေမဲ့ .. နိုင်ငံရေး မှာ စိတ်ဝင်စား တာ လည်း..သိတယ် ..မြင်တယ်.. ငါ လုပ် တဲ့ အလုပ် တွေ ကို လည်း နီးစပ် သလို.. စည်းရုံး တယ်...နာဂစ် တုန်းက ဆို..ငါ တို့.. စီးပွားရေး လုပ်ငန်း ဖက် စပ်တူ တွေ ကို..တတ် နိုင်သလောက်.. စု စည်း ပြီး ..ငွေ ကောက်ကြ.. သွား လှူ ကြ.. လုပ် တယ်.. တနေ့ က တောင် .. အဖွဲ့ ချုပ်မှာ.. ဒေါ်စု တို့.. လုပ် တဲ့.. နိုင်ငံရေး အကျဉ်းသား တွေ.. မဲဖောက် တာဝန်ယူ ဖို့.. သွား မဲ နှိုက် တယ်....နောက် သူငယ်ချင်း တယောက် ပါ..ခေါ်သွား တယ်.. သူက.. တယောက် နှိုက် တယ်.. ခန္တီးထောင်က..အဘိုးကြီး တယောက် ကျ တယ်..ငါ က တော့.. သုံး ယောက် ကို နှိုက် ပြစ် လိုက်တယ်...  ” 

အားရ ပါးရ.. ဖြစ် နေတဲ့.. သူငယ်ချင်း မ ကို..

သာဓု ခေါ်ပါတယ် သူငယ်ချင်း.. ရယ် ... နင်က တော့ လေ.. နိုင် ကို မနိုင် ဘူး.. လောဘ ကလည်း ကြီး လိုက်တာ.. လို့ .. နောက်တော့.. သူ က.. ထုံးစံ အတိုင်း..

“ ဟဲ့.. အခု ထိ..အကျဉ်းသား ၃၀၀ လောက် ကျန် နေ သေးတယ်ဟ.. အဲဒီတော့.. ငါ့မှာ ၃ ယောက် တောင် နှိုက်ရ တာပေါ့.. ရန်ကုန် က.. တတ်နိုင် တဲ့ သူတွေ ..ဘာလုပ် နေ ကြ သလည်း မသိဘူး.. ငါ့ ဘော်ဒါ တွေ ထဲ.. ပြော ကြည့် အုံး မယ်.. ရုံး က လူတွေ ကလည်း သေချာ ရှင်း ပြ ပါတယ်...ဒီလို မဲ နှိုက် တာဝန် ယူ တယ် ဆိုတာ ..တောက်လျှောက် အလုံးစုံ ထောက်ပံ့ နေ ရ မဲ့..တာဝန် မျိုး ကြီး မဟုတ် ပါ ဘူး တဲ့.... အဓိက..ရည်ရွယ် တာ က..နိုင်ငံရေး အကျဉ်းသား တယောက် ကို..စိတ်ဓါတ် အား ဖြင့်.. အဖော်ပြု ပေး တဲ့ သဘော..အားပေး တဲ့ သဘော ပါ တဲ့..ကိုယ့် မိသားစု အပြင်.. တခြား တစုံ တယောက် က..ဒီမိုကရေစီ အင်အားစု ကြီးကို.. ကိုယ်စား ပြု ပြီး.. ထိတွေ့ ဆက်ဆံ.. ပြောဆို ပေး နေ မယ် ဆို တဲ့.. စိတ်ဓါတ် ခွန်အား တခုက.. ကျနော် တို့ အတွက်..သိပ် ကို အရေး ပါ ပါ တယ် .. လို့.. သူကိုယ်တိုင်.. ထောင် ၁၀ နှစ် ကျ ခဲ့ တဲ့.. အဲ လူ က.. ရှင်းပြ တယ် ဟ...”


“ အေးဟယ်.. ငါ တောင် ဒီဖက် ကနေ.. နင်ပြောလို့..မဲ နှိုက် ချင် စိတ် ပေါက် လာ ပြီ.. ” လို့.. အားတွေ ပါ နေရင်း.. ဟား...ကိုယ်တိုင် မှ.. သွား မလုပ် နိုင် တာ..  လို့.. အားမလို အားမရ ဖြစ်  သွား ရ ပြန် တယ်.. ။ ပြီးတော့ မှ..  ထဲ့ဝင် လုပ်ဆောင် နေ ကြ.. မိုးမခ က.. နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက် ရေး ရံပုံငွေ  လေး ကို သတိရ သွား ရင်း.. စိတ် သက်သာရာ.. ရ သွား မိ သည်။ အများကြီး တော့ လည်း မဟုတ်.. အဆင် ပြေ သလို..တပိုင် တနိုင် လေး ပါ..။ ဒါပေမဲ့.. ကိုယ် တတ်နိုင် သလောက် ကလေး ကို..ကိုယ် ယုံကြည် နိုင် လောက် တဲ့.. အစု အဖွဲ့ လေး တခု မှာ..ထဲ့ဝင် ပတ်သတ် ထား တော့.. ချိတ်ဆက် ထား လိုက် တော့.....

အင်... ဒါဆို..ဒါဟာလည်း... နိုင်ငံရေး အကျဉ်းသား ကူညီ စောင့်ရှောက်ရေး ကွန်ယက် တခု ပေါ့..။ တယောက် က အစ.. တရာ ဆို သလို.. ပြောကြ.. ရေးကြ.. နဲ့.. သူလည်း ချိတ်ဆက် မိ ခဲ့ သည်။ အခု လည်း.. သူ ကနေ..မှ တဆင့်.. ဘယ်သူ တွေ ကို..ဆက် ပြော ပြ.. ချိတ်ဆက် ရ ရင် ကောင်း မလည်း ...။ သူငယ်ချင်း မ  ပြောပြ တဲ့.. လူ ကိုယ်တိုင် တယောက်ခြင်း တာဝန်ယူ ကြ တဲ့.. အစီအစဉ် လေး ကို လည်း..လူ တွေ ဒီ့ထက် ပို သိ လာ ရင် ကောင်းမယ်..။ အကျဉ်းသား တွေ ၃၀၀ တောင် ကျန် နေသေး တယ် တဲ့..။ ဟိုးနေ့ က.. အေအေပီပီ က..ပြောသွား သလို..မြန်မာပြည် မှာ..လူဦးရေ သန်း ၅၀ တောင် ရှိ တာ..  နိုင်ငံရေး အကျဉ်းသား ၂ထောင် ကျော် ကို..ကူညီ စောင့်ရှောက် ဖို့ ဆိုတာ.. မခက် နိုင် စကောင်း ပါရဲ့ လေ...။

ကွန်ယက် ကြီးကို..ကျယ် နိုင် သမျှ..ကျယ်အောင် ချဲ့ထွင် ချိတ်ဆက် ကြ ရ မယ် တဲ့...။




ကဲ... အားလုံးပဲ..   ညာဖက် လက် ကို.. ဆန့် ထုတ် ပြီး.. နဘေး မှာ အနီး ဆုံး ရှိနေ တဲ့ .. လူ ရဲ့  ဘယ် လက် ကို  ထိ ကိုင် လိုက် ကြရ အောင် ...   ပြီးတော့.. “မျှော်လင့် စရာ ကောင်း တဲ့ နေရာ ကြီးပါ”  လို့.. နှုတ်ခွန်း ဆက် လိုက် မယ် ..။

သိပ်မကြာ တဲ့ အချိန် တခု မှာ... ကိုယ့် ရဲ့ ဘယ်ဖက် လက် ကို..တယောက်ယောက်က.. ကမ်းလှမ်း လာ ပြီ ဆို ရင်တော့... ဟောဒီ ကွင်းပြင် ကြီး ထဲ မှာ ..လူတွေ အားလုံး..ကွန်ယက် ကြီး တခု ဖြစ် သွား ပြီ ပေါ့...။ ခဏ နေရင်.. ကြား ရ လိမ့်မယ်...

ဟေး....မျှော်လင့် စရာ ကောင်း တဲ့.. နေရာ ကြီး ပဲ.. နော် ...။

++++++++++++++
ကေ  ( ၁၅-၁-၂၀၁၀)
မိုးမခ     တွင် ပေးပို့ ရေးသား ပြီး-

◦
Share/Bookmark

sense of belonging

အင်တာဗျူး အရှည် ကြီး ကို ဖတ်ပြီး သကာလ .. အင်တာဗျူး ဖြေသူ ကို ရော.. တခြား အကြောင်း တွေ ကို ပါ.. စိတ်ထဲ..သိပ် မစွဲထင် လှ ပေမဲ့  .. တပိုဒ် နှစ်ပိုဒ် လောက်သာ ပါ တဲ့..ဒေါ်အောင်ဆန်းစုကြည် နဲ့  ပတ်သတ် တဲ့..  အကြောင်း အရာ..တချို့ က တော့ .. ခေါင်းထဲ..တရစ် ၀ဲဝဲ.. စွဲ ကျန် နေ ခဲ့ လေ သည်။
 
 အဲဒီ နောက် တော့.. သူ့  အာရုံ ထဲ မှာ အဖြူ အမဲ ပြ ကွက် တချို့  ....။ 

++++++

 
ဧည့်ခန်း  ထဲ မှာ.. မြန်မာ ဆိုင်းဝိုင်းသံ ပဲ ပျံ့ လွင့် နေ မလား.. ဒါမှ မဟုတ်.. စန္ဒယား ချစ်ဆွေ ရဲ့.. တိမ်တမန် သီချင်း လေ များ လား .... ကိုအံ့ကြီး ရဲ့... လူချွန်လူကောင်း လို..မျိုး လား.. သေချာ တာတော့..ငြိမ့်ညောင်း တဲ့..မြန်မာ့ ဂီတ တခု ... စီးဆင်း နေ ပေ လိမ့် မည်။  ဒီ သီချင်း မျိုး ရဖို့ ..အိမ်ရှင် ဂျပန် လူမျိုး ပါမောက္ခ ကြီး အတွက်.. သိပ်တော့.. အပမ်း ကြီး လှ မည် မဟုတ် လောက်..။ သူ့ အိမ် ဧည့်ခန်း ထဲ ကို ၀င်လာ ကြတဲ့..မြန်မာ မိတ်ဆွေ ဧည့်သည် တချို့..  အံ့သြ ၀မ်းသာ ကြည်နူး သွား မှာ ကို သာ.. နှစ်နှစ် ခြိုက်ခြိုက် ကြီး  ပြုံး ရင်း ကြည့် နေ ပေ လိမ့် မည်။

ဒီ ညစာ စားပွဲ လေး က.. အသစ်ရောက်လာ တဲ့.. လက်ထောက် သုတေသီ ... “ စု ” အတွက် သီးသန့် လုပ်တဲ့ ပွဲ ကလေး  ။
 
ကျိုတို တက္ကသိုလ် မှာ.. သူမ တင်တဲ့ စာတမ်း အတွက်.. လက်ခံ နေရာ ပေးလိုက် ပြီး တဲ့ နောက်.. အရင် ရောက် နေပြီး သား ဖြစ်တဲ့..ဗမာ လူမျိုး..ပညာရှင် တချို့ နဲ့.. ဆက်သွယ် မိတ်ဆုံ ကြ ဖို့ ရော.. ပါမောက္ခ ကြီး ကိုယ်တိုင်.. တွေ့ ဆုံ ဂုဏ်ပြု ဖို့ လည်း ဖြစ်မည် ပေါ့..။

အသက် ၄၀ အရွယ်..တင့်တယ် ကျော့ရှင်း လှ တဲ့.. “ စု ”..  ကလည်း.. အပြုံးတွေ ဝေေ၀ နဲ့..  ပဋိသန္ဓာရစကား တွေ ဆို ပေ လိမ့် မည်။
 
အနားမှာ ထိုင် နေ တဲ့.. ရုံးခန်း ခြင်း ကပ်ရပ်.. လုပ်ဖော် ကိုင်ဖက်.. ဗမာလူမျိုး သမိုင်းပညာရှင်  ဒေါက်တာ မိုက်ကယ်အောင်သွင် ကို..စကား စ လိုက် သည်။ 

“ ကိုမိုက်ကယ်.. ဗမာသီချင်းတွေ ကြားတော့.. ဗမာပြည် ကို မလွမ်းဘူး လား ရှင်...” 

ဒေါက်တာ ကြီးက... အပြုံး အရယ် နည်းလှ တဲ့.. သူ့  နှုတ်ခမ်း တွေ ဆီ က.. ၀ိုင်ခွက် ကို အသာ ဖယ် လိုက် ရင်း..

“ အမှန်အတိုင်း ကတော့.. .ကျနော်က.. Beatles ကို ပဲ နှစ်သက် တယ် ..”  

တိုးတိတိ  ဂွကျကျ  ပြော ချ လိုက် တဲ့.. အဲဒီ တုန့်ပြန် မူ မှာ.. နွေးထွေး ခင်မင် မူ တွေ.. ကင်းမဲ့ နေ ခဲ့ လေ မလား..။


++++++


တကယ့် အပြင်က.. ညစာ စားပွဲ လေး က တော့. ဘယ်လို စကားတွေ ပြောကြ ရင်း.. ပြီးစီး.. သွားသလည်း  မသိ.. ။ သူ့  အာရုံ ပြကွက် ထဲ က ..ဒေါ်အောင်ဆန်းစုကြည် ကတော့..  ဗမာ ခါးတို အကျီ င်္ လေး နဲ့ လိုက်ဖက် လှစွာ.. လည်တိုင် ကျော့ကျော့ မှာ ပုလဲ ကုံးလေး နဲ့..။ ပြီးတော့... မျက်လုံး တောက်တောက် ကလေး တွေ ထဲ မှာ.. ဗမာသီချင်း တွေ အပေါ်..တကယ်ပဲ.. နှစ်သက် ချစ်ခင် မူ တွေ ယိုဖိတ် လို့ .. အဲဒီ ဂီတ သံ တွေ က..တဆင့်... သူ မွေးဖွားခဲ့ တဲ့..ဗမာ ပြည် ကြီးကို.. တကယ်ပဲ.. လွမ်းဆွတ် တသ လို့...။


တကယ် တော့..  ကိုယ့် မွေးရပ် မြေ ကနေ.. ခွဲ ခွါလာ ကြတဲ့ သူ တိုင်း မှာ တော့.. ဇာတိမြေစိတ် ဆိုတာ.. ရှိ ချင် မှ ရှိ ကြ မှာပါ..။ အကြောင်း အမျိုး မျိုး နဲ့  ခွဲခွါ လာ ကြ သလို.. သံယောဇဉ် တွေ လည်း.. အနည်း အများ ကွာခြား ကြပါ လိမ့် မယ်။ ဒါပေမဲ့..ကိုယ် ရောက် နေတဲ့.. နေရာ မှာ ရော.... တကယ် ကို.. စိတ်တွေ ချိုင့်ဝှမ်း ပြီး.. စိတ်ရော..ကိုယ်ရော..တသားတည်း ကျ နိုင် ကြ သလား။ ကိုယ်ရောက် နေ တဲ့..နိုင်ငံ နဲ့ ကိုယ်နဲ့..တကယ် ကို စပ်ဆိုင် ပတ်သတ်.. ပိုင်ဆိုင် တယ် လို့ ခံစား ရ သလား..။ ကိုယ့်ကို ရော..အဲဒီ နိုင်ငံ.. အဲဒီ့ ပတ်ဝန်းကျင် က..ဘယ်လို လက်ခံ ပိုင်ဆိုင် ထား သလည်း..။ 
သေချာ မေးပါ.. ကိုယ့် ကို ကိုယ် အားမနာ တမ်း မေး ကြည့် ပါ..။

ဒါဟာ.. သိပ် ကို ကြီးကျယ် တဲ့.. ဘ၀ တခု လုံး နဲ့ ဆိုင် တဲ့.. မေးခွန်း ပြသာနာ တခုပါ..

ကိုယ့် မွေးရပ်မြေ မှာ .. ခြေထောက် နှစ်ချောင်း ပေါ် ကြီးပြင်း.. သံယောဇဉ် တွေ အပင်ပေါက် ပြီး ကာ မှ.. တပြည်တနယ် မှာ.. ရွှေ့ပြောင်း နေ ထိုင် အချေ ကျ ကြ တဲ့.. သူတွေ  မှာ.. အဲဒီ.. sense of belonging  ဆို တဲ့.. ခံစားချက် ပုစ္ဆာ ကြီး တခု ရှိ နေ လေရဲ့  ဆိုရင် .. ဘယ်လို အဖြေ ထုတ် ဖို့  .. ကြိုးစား ကြ မလည်း..။

တကယ် ကျ တော့ လည်း.. လူ တယောက်ခြင်း ရဲ့ ဘ၀ မှာ.. အရာ အားလုံး..  ချောမွေ့  ဖြောင့်ဖြူး ကျေနပ် နေ ကြ မယ် မဟုတ်ပါဘူး....။ ဒါကိုလည်း..  မချော မွေ့ -  ချောမွေ့ အောင်..လိုက် ညှိ နေ ဖို့ မလို သလို... မကျေနပ်..ကျေနပ် အောင် လည်း .. အတင်း.. လုပ်ယူ လို့ မရ ဘူး.... လို့..တချို့ က ပြော ကြ တယ်။ unfixable things တွေ.. ကို.. ဒီ အတိုင်း ထား လိုက် ရ မယ် တဲ့..။ 
  
လုပ်မရ ရင်..  “ လုပ်ဖို့ မလို ပါဘူး ”  လို့..   တွေး လိုက် တော့ လည်း.. တနည်း..ကောင်းတာ ပဲ မဟုတ်လား ..။

ဒါနဲ့ .. ကိုယ် တို့ လည်း.. ဘယ်မှာ ထား ရ မှန်း မသိ နေတဲ့.. sense of belonging ကြီးကို.. ဒီ အတိုင်း ပဲ.. အသာလေး.. ချ ထား ကြည့် လိုက် ကြ တယ်။  ဒါပေမဲ့ လည်း.. ကိုယ်တွေ က ..ချ ထား တယ် လို့ ထင်ပေမဲ့.. သူကတော့ ..  နှလုံးသား က .. သွေးပြန်ကြော တခု စီ တိုင်း ရဲ့.. ဟိုး အထဲ ထဲ မှာ.. တဒိတ်ဒိတ် နဲ့.. အစဉ် မပြတ် တိုးဝင် စီးဆင်း နေ လေ ရဲ့...။

တချို့ လည်းပဲ.. ကိုယ် ရောက် နေတဲ့..နေရာ အဆင့်အတန်း ကို.. ကျေနပ် ရောင့်ရဲ နိုင် တဲ့.. အနေအထား မျိုး ဖြစ် ပေ လိမ့် မယ်။ ဒါပေမဲ့..သူတို့  ရဲ့ သွေးပြန်ကြော တွေ ထဲမှာ.. စီးဆင်း နေ တဲ့.. အမျိုး အမည် တိတိ ပပ မခွဲ ခြား နိုင် တဲ့.. ခံစားချက် တခုက.. အကြောင်း တိုက် ဆိုင် တိုင်း..ဖြန်းကနဲ ဆို သလို မျိုး .. ရှိန်းကနဲ ဆို.သလို မျိုး ... ပေါ်ပေါ် လာ တတ် တာ မျိုး ..ကြုံဖူး ကြ မှာပါ..။

သိပ်ခင် ရ တဲ့.. သူငယ်ချင်း တယောက် ကတော့..သင်္ကြန်ပွဲ တွေ ရောက်တိုင်း.. သင်္ကြန် ဒိုးသံ တွေ..သင်္ကြန် အက တွေ မြင်ရ ကြားရ တိုင်း... သူ့ရင် ထဲ မှာ.. အမျိုး အမည် မပြော ပြ တတ် တဲ့.. ခံစားမူ တခု ရ တယ်တဲ့.. ။ သူက  ကြိုးစား ပြီး တော့.. အမျိုးအစား သတ်မှတ် ပေး ရှာ တယ်.. ၀မ်းသာ ၀မ်းနည်း .. ကြီး ဟယ်.. တဲ့...။ ၀မ်းသာ တာ ဟုတ်ပါပြီ လေ.. ။ ၀မ်းနည်း တာက.. ဘာလို့ လဲ လို့.. ကိုယ်လည်း ကူပြီး တော့..စဉ်းစား ကြည့် ပေး သေး တယ်။ 

သူငယ်ချင်း က  .. ဗမာ လူမျိုးတွေ..အနေ များ တဲ့.. နိုင်ငံ တခုက.. ဗမာ ကျောင်းသား တွေ အတက် များ တဲ့.. ကျောင်းကြီး တခု မှာ..ဆရာမ ဆို တော့.. ဗမာ နှစ်ကူး သင်္ကြန် တိုင်း ... ဗမာကျောင်းသား တွေ ရဲ့.. အဝေးရောက် သင်္ကြန် ကပွဲ တွေကို.. ကူညီ ပံ့ပိုး ပေး နေ တဲ့  သူ ..။ တခါ တလေ.. သူ စာသင် နေ တဲ့.. စာသင် ခန်း ထဲမှာ  ..   တခြား ကျောင်းသား တွေ ကြားထဲ .ဗမာ ကလေး တွေ  ကို မြင်တိုင်း..သူ့ စိတ်ထဲ မှာ.. မချင့်မရဲ ဖြစ်ရ သ တဲ့...။  ခု နေသာ..ဒီ ကျောင်းကြီး .. ဒီ သီရေတာ ကြီး.. ဒီ ပရိုဂျက်တာ ကြီး ..  ဒီ  သင်ကြားနည်း တွေ နဲ့..   ဗမာ နိုင်ငံ ကြီး ထဲ မှာ.. အားလုံးပဲ..ဗမာ ကျောင်းသား လေး တွေ ဖြစ် လိုက် ပါတော့... ဆို ပြီး တော့ ပေါ့..။

တလောက.. ဒေါ်စု လွတ်လာ တော့.. အွန်လိုင်း မှာ ဗမာ သတင်း တွေ အတူ နားထောင် ရင်း..သူ နဲ့ စကားတွေ ပြော ဖြစ်တယ်..။

“ ကျုပ်တော့.. ဘ၀ ကို ကိုယ့်ကို လိုအပ် တဲ့ အရပ်မှာ..အေးအေးချမ်းချမ်း နဲ့.. အကျိုးရှိရှိ ကုန်ဆုံး ချင်တယ်.. တချိန် မှာတော့.. ဗမာပြည် ပြန် မယ် လို့.. ဆုံးဖြတ် ထား တယ်....ရှင်ကော..”  လို့  .. သူက.. သူရဲကောင်း သေဖော် ညှိ လာ ပါ ရော လား..။   သူ က.. အတည် ကြီး မေးလာ တော့.. ကိုယ် လည်း.. .
“ အင်း ” .. နဲ့ ..“ အဲ ” ထဲ က ကို ထွက် မရ တော့  ဘူး  ။ စကား လမ်း ကြောင်း လွှဲ ရင်း..  “ အင်..ရှင် က.. အဲဒီလောက် အဆင်ပြေ တဲ့ အလုပ် နဲ့ ဘ၀ကြီးကို..တကယ် စွန့် နိုင် မှာ လား”    လို့... သူ့ ကို တောင် ကဖျက် ယဖျက် လုပ် လိုက် သေးတယ် ။ သူက.. သူ့ အလုပ် မှာ.. နှစ်ရှည် ၀န်ထမ်း ဆု တွေ ဘာတွေ တောင် ရ ထားပြီးသား...လေ..။

သူနဲ့ ကိုယ် က.. အနေအထိုင်..စရိုက် ခြင်း သိပ် မတူ ကြ ပေမဲ့.. ဘာသွား တူ သလည်း ဆိုရင်.. ဗမာဝတ်စုံ ကြိုက်တာ.. ချည်ထည် လုံခြည် လေး တွေ စု တာ..မှာ သွားတူ တယ်။ သူ ရန်ကုန် ပြန်ရင်.. ကိုယ့် အတွက် ချည်ထည် တခုခု ပါလာ တတ်ပြီး.. ကိုယ် က လည်း.. သူ့ အတွက် အသုံးဝင် မဲ့..ပုဝါ လေး တွေ ..အပြန် အလှန် ၀ယ်ပေး လေ့ ရှိ တယ်။ သူက.. ဆရာမ ကြီး ဆိုတော့.. ပွဲတွေ လမ်းတွေ..အမြဲ တက်ရ တယ် လေ..။ ကိုယ် ကတော့.. လုံခြည် တွေ ကို စုသာ သိမ်းထား တယ်.. ၀တ်စရာ အခန်းက.. သိပ် မရှိ ပါဘူး။ 

တ နိုင်ငံ စီ  ရောက် နေ ကြ တဲ့..သူငယ်ချင်း နှစ်ယောက်..တချို့ ည တွေ ဆို.. ကွန်ပြူတာ နား ကပ်ပြီး.. ဘဘဦးဝင်းတင် အကြောင်း ပြော .. ဒေါ်စု သတင်း တွေ.. ကြည့်... နေ့ ချင်း တက်လာ တတ် တဲ့.. ဒေါ်စု ပုံ အသစ် က လေး တွေ.. သူ့မမြင် မှာ စိုးတာ..ကိုယ် က ပို့..     သူ ရတာ..ကိုယ့် ကို ပေး ကြည့် ကြ နဲ့ ..  တကယ့် ရင်ဘတ် မိတ်ဆွေ ဆိုတာ.. ဒါပါပဲ ..။  တခါ တလေ ဆို.. “ ဒေါ်စု ဒီနေ့ ၀တ်တဲ့ လုံချည် လေး က.. လှ လိုက်တာ.. ”  “ ဒီတခါ..လက်ဖျားလေး မှာ..ပန်းဖောက် လို့..”    ဆို တာမျိုး..

“ လက်ကိုင် အိတ် ကလေး တွေက.. အင်းလေး ချုပ်  လေး တွေ ထင်တယ် နော်.. ” ဆို ပြီး.. မိန်းကလေး တွေ ပီပီ.. မိန်မ ရေးရာ တွေ ကို လည်း...စပ်စပ်စုစု ပေါ့..။ 

“ အင်း..ငါ လည်း.. ကတ္တီပါ ပုံတော် ဖိနပ် ကလေး တွေ စီး.. ဗမာ ၀တ်စုံ လှလှ ဆန်းဆန်း လေး တွေ.. ၀တ်ပြီး.. သွားလာ  လုပ်ကိုင် ရ တဲ့..ဘ၀ မျိုး လေး ကို.. လိုချင် တယ် ဟယ်.. ” လို့  ကိုယ် က  ဆိုတော့.. 
“ သြော.. ရှင် က..တိုင်းပြည် အတွက် အလုပ် လုပ် ဖို့..ပြန်ချင်တာ မဟုတ်ဘူးပေါ့...  ရှိုးလုပ်ချင် လို့ ပြန်ချင် တာပေါ့.. တော်တော် ဟုတ် တဲ့.. မိန်းမ ” လို့  .. နှစ်ယောက် သား... ရီ ရင်း.. မောရင်း..... နဲ့ ပဲ.. စကား လက်စ တွေ သပ်  ဖြစ် ကြ ပြန် ရော..။

ခု တလော..ကိုယ်လည်း.. ဘာ ဖြစ် နေ တယ် ရယ် မသိ..။ ရေချိုးပြီး..သနပ်ခါး လေး လိမ်းလိုက် ရ တာ လေး က..အစ ... စိတ်ထဲ..လှိုက်ကနဲ.. ဖြစ်- ဖြစ် နေ တယ် ။  ပူအိုက် စွတ်စို တဲ့.. မြန်မာ ပြည်က.. ရာသီ ဥတု လေး မှာ.. ရေ အေးအေး လေး ကို..အားရ ပါးရ ချိုးပြီး..သနပ်ခါး ရေ ကျဲ လေး ပါးကွက် ကွက် ထား ရ တဲ့.. အေးမြ မူ လေး ကို.. အရမ်း သတိ ရ နေ မိ တယ်။  ဒီ မှာက.. လေထဲ မှာ.. စိုထိုင်းဆ  သိပ် နည်းပါး တော့.. အသားတွေ  တင်းကျပ် ပြီး..ခြောက်တောက် တောက် ကြီး ရယ်..။ အလှဆီ တွေ သာ မျိုးစုံ ..တံဆိပ်စုံ ပြောင်းသုံး .. နေ ရ တော့ တာ လေ..။ ခု တလော မှ.. နွေရာသီ ..ပူလွန်း လှ သမို့.. သိမ်းထား တဲ့ ကျောက်ပြင် ကလေး ထုတ်ပြီး..သနပ်ခါး ပြန်လိမ်း ဖြစ် နေ သည်..။ 

သြစတြေလျ ရဲ့ ဒီဇင်ဘာ နှစ်ကူး ကာ လ ကတော့.. တခြား ကမ္ဘာ အခြမ်း နဲ့ဆန်ကျင်စွာ.. ပူနွေး ခြောက်သွေ့ လွန်း လှ သည်။ တီဗွီ ရှေ့ မှာ ထိုင်ရင်း.. ..ကမ္ဘာကျော် ဆစ်ဒနီ တံတာ ကြီး ရဲ့  နှစ်ကူးပွဲ..မီး ရှူး မီးပန်း တွေ အောက် မှာ  .. ပျော်မြူး က ခုန် နေ ကြ တဲ့ သူ တွေ ကို.. ကြည့် နေ ပေ မဲ့လည်း.. အဲဒီ အပျော်တွေ..ကိုယ့်ဆီ မကူးစက် လာတာ.. ဘာ ကြောင့် လည်း လို့.. ထပ်ပြန် တလဲ လဲ တွေး နေမိ ပြန်  တယ်။    ကဲ..ပျော်လို့ မရရင်.. အတင်းပျော်ကြည့် စရာ လည်း မလို ဘူး လေ လို့..  ကိုယ့်ဖာ ကိုယ် နှစ်သိမ့် ရင်း.. နောက်ဆုံး တော့.. ကွန်ပြူတာ နား ပဲ ရောက်သွား တော့ တယ်။ 

နှစ်သစ် အခါ သမယ မှာ.. အမိ မြန်မာပြည် ကြီး ထဲ ..ဘာတွေ များ .. လုပ် ကြ.. ကိုင် ကြ သလည်း.. ဆိုတာ ပဲ.. ကြည့် တော့ မည်။ ဗမာ သတင်း တွေ ထဲ.. အဖွဲ့ချုပ် ရုံး မှာ ကျင်းပ တဲ့.. နှစ်ကူး အထိမ်းအမှတ်..လွတ်လပ်ရေး နေ့  ဈေးရောင်း ပွဲ တော် ဓါတ်ပုံ တွေ မှာ.. ဒေါ် စု နဲ့  အတူ.. ပျော်ရွှင် တက်ကြွ နေတဲ့..လူ ကြီး လူငယ် လူရွယ် စုံ ကို တွေ့ ရ သည်။ အဲဒီ က.. ရ တဲ့ ငွေ တွေ နဲ့..နိုင်ငံရေး အကျဉ်းသား တွေ ကို ထောက်ပံ့ ကြ မည် တဲ့..။ အားရ ကျေနပ် စရာ..။  ဗမာပြည် ကြီးကို.. သူ့ စိတ် ထဲ မှာ..အမြဲ သယ်ပိုး  ထား ခဲ့ တဲ့..  ဒေါ်စု တယောက်.. ခု တော့ လည်း . .ဗမာပြည် ကြီး ထဲ .. တကယ် ကို ပြန်ရောက် လို့.. ဗမာ ပြည်သား စစ်စစ် ကြီး ကို ဖြစ် လို့...နေ ပေ ပြီ  ။   သူမ ရွေးချက် ဆုံးဖြတ် ခဲ့ တဲ့.. လမ်းပေါ် မှာ.. မယိမ်းမယိုင်.. လျှောက်လှမ်း နေ ပုံ များ..   ကြည့် စမ်း ပါ အုံး..ဟိုး လွန် ခဲ့ တဲ့.. အနှစ် ၂၀ ကျော် က.. သူမ  အသားမကျ နိုင် ခဲ့ တဲ့..  ဖုန်တွေ ချွေးတွေ ကို တောင် မမူ နေ တော့ တဲ့ ပုံ နဲ့ ..။

သတင်း တွေ ပြီး တော့.. အီးမေးလ်  စစ် သည် ။  နေ့ တိုင်း စစ် တာ မို့..သိပ် မများလှ..။ ကိုယ့် အမ ရဲ့ အီးမေးလ် တစောင်...။

နောက် တစောင်  က..မလာစဖူး အလာထူး လို့.... ချိုးလင်းပြာ အမျိုးသမီး မဂ္ဂဇင်း က.. စာမူ တောင်းနေ ကျ.. ဘုတ်ဘုတ် ကလေး နဲ့  စာ ပါလား။  ဘာတဲ့ လည်း.. ။ အွန်လိုင်း ပေါ် မှာ စာတွေ ရေးသား နေ တဲ့.. မြန်မာ အမျိုးသမီး တယောက် ရဲ့ အသံ အဖြစ် ..  ဒေါ်အောင်ဆန်းစုကြည် ကို နှစ်သစ် မှာ.. ပါးချင်တဲ့.. စကားပဲ ဖြစ်ဖြစ် ..မေးခွန်း ပဲ ဖြစ်ဖြစ်.. ခပ်ကျဉ်းကျဉ်း တခု လောက် ရေးပေး ပါ  တဲ့..။  ကဲ ကွယ်.. နေပါ အုံး.. ။ ဒေါ်အောင်ဆန်းစုကြည် မှာ..မေးခွန်း  မေးတဲ့သူ တွေ.. များလှ နေပါပြီ ကော..။ အသံ တောင် ၀င်နေရှာ ပြီ..။  ကိုယ်တွေ လို..သာမန် ပြည်သူ တွေ အနေနဲ့.. ဘာမှ မေးစရာ လည်း မကျန် တော့သလို.. ဘာမှ လည်း ထူးပြီး အပို တွေ.. လျှောက်ပြော စရာ အကြောင်း မှ မရှိ တာ ..။

နောက် စာ တွေ ကို သာ...ခပ်မြန်မြန် လျှောက် ကြည့် လိုက် သည်။ အတော်များ များက.. face book ကနေ ၀င်ဝင် လာတဲ့.. တခါတလေ..ကိုယ်နဲ့ မဆိုင် တဲ့.. စာ တွေ..။ တန်းစီ ပြီး ဖျက် ပြစ် လိုက် သည်။ ပြီးတော့..ကိုယ့်  အမ ပို့ ထား တာ လေး ကို ပြန် ကြည့် လိုက် သည်။

သူ့ ထုံးစံ အတိုင်း..အနောက် အရွှတ် .. စာတို လေး နဲ့..အတူ သီချင်း တပုဒ် ။   အမ လုပ်သူက.. သူ့ ကလေး တွေ ကို.. ဗမာ သီချင်း တွေ နဲ့ အလှည့် ကျ သိပ် ဖို့.. You Tube ကို အမြဲ မွှေနှောက် ရှာတတ် သည်..။ ကလေး တွေ ကလည်း..ဘာမှန်း သာ နားမလည် တာ.. အောင်ခြင်း ရှစ်ပါး သီချင်းကို တောင် .. အရမ်း ကြိုက် ကြ ဆို ပဲ..။ အခု လည်း သူ ဘယ်က ရှာရှာ ဖွေဖွေ တွေ့ တယ် မသိ..။ ငယ်ငယ် က.. ရေဒီယို မှာ ဘောလုံးပွဲ တွေ ပြီးတိုင်း လွှင့် လေ့ ရှိ တဲ့.. အမာစိန် ရဲ့.. သီချင်းလေး..။ “ နင် မပျော်ရင်.. အဲသီချင်း လေး နားထောင် ပြီး.. ဦးကျော်ရင် ကြီးကို သတိရ လိုက် ” တဲ့... လုပ်ပုံ က.. ။ ဦးကျော်ရင် ကြီး ဆိုတာ..ငယ်ငယ်က.. ရပ်ကွက် ထဲ...ဘောလုံး ရူး ရူးနေတဲ့ လူကြီး တယောက်..။ ဘောလုံးသမား ၀တ်စုံ အမြဲ ၀တ်ထားပြီး... ဘောလုံးကွင်း ထဲ မှာ ပဲ အိမ်လုပ် နေသူ..။ 

~~~ ဘောလုံးပွဲ ထဲ မှာ..သိပ်ကို ကဲ တဲ့ သူပါရှင်..  အားရ ပါးရ.. အော်လိုက်တာ များ ပင်.. ဂိုး....

အမာစိန် ရဲ့  ရှတတ  စီး ထန်းထန်း အသံ လေး ရဲ့ နောက် က.. ( ဂိုး ) ဆို တဲ့ အော်သံ တွေ နဲ့ အတူ..သူ့ နှလုံးသား တွေ..အလိုလို ပေါ့ပါး မြူးထူး လာ သည်။ ကြီးပြင်း ခဲ့ တဲ့.. ငယ်ဘ၀ တွေ...။ ညနေစောင်း ရေဒီယို သံလေး တွေ...။

အဲဒီ နောက် တော့.. you tube မှာ.. တခု ပြီး တခု ပေါ် လာတဲ့.. အမျိုးအစား တူ ရာ..မြန်မာ သီချင်း ဟောင်း လေး တွေ.. တပုဒ်ပြီး..တပုဒ် ။

~~~ တွန်သံ ပေး..အဝေးအနီးခေါ် တကြော်ကြော်.. ခဏ နဲ့..သူ ပြန်လာသော်..ဒါက..ဘာကြက်တုန်း တော့.. ခပ်ငေါ့ငေါ့ နဲ့ မေးလိုက် ရင်နော်.. ( စစ်တကောင်း ကြက် ကြီးပါ နော်.. အချိန်မေး ရင်.. နှစ်ပိသာခွဲ လောက် တော့..ရှိ မတဲ့.. ) ဖြေပုံ တော် ~~~

ဝင်ဦး..မာမာအေး.. နဲ့ ချိုပြုံး တို့ ရဲ့.. ချစ်စရာ ပျော်စရာ..ရုပ်ရှင် ဇတ်ဝင် သီချင်း လေး..။ ငယ်ငယ် တုန်းက.. အရမ်းကြိုက်ခဲ့ တဲ့..တကျော့ နှစ်ကျော့ တေးကိုသီ ရုပ်ရှင် ထဲ က...။

ပြီးတော့..တိုက်တိုက် ဆိုင် ဆိုင်..  သူ့  အာရုံပြကွက် တွေ ထဲက..  ဇတ်ဝင်သီချင်း လေး..

~~~~ တရွေ့ ရွေ့ လာချေပြီလေ.. ပင်လယ်တွေ ဖြတ်သန်း..ရိုးမ အပေါ် လွှားကျော် ကာလေ.. လူ့ ချစ်မိတ်ဆွေ.. တို့ မြန်မာပြည် မလေ..လက်ဆောင်ပါး တဲ့.. မိုးပုလဲ ပန်းတွေ.. ရွာပါစေ လေ.. အေးအေး ချမ်းချမ်း..ရွာပါစေ...~~~~

တိမ်တမန် သီချင်း လေး က.. မုတ်သုံ မိုး ပေါ် မှာ အမှီပြု နေ တဲ့.. မြန်မာပြည် လေး ဆီ.. လွမ်းစရာ ကောင်းလှ စွာ..ဆွဲ ခေါ် သွား နေ တော့ သည်။ သူ့ သွေးကြော တွေ.. ရှိန်းဖိန်း လာ သည်။  ပြောရင်း ဆိုရင်း.. အမျိုး အမည် မဖော်ပြ နိုင်တဲ့..စိတ်ခံစား မူ တခု.. သူ့ နှလုံးသား မှာ...တဖြတ်ဖြတ် ပြေး လာ နေ သည်။ ကြည်နူးလိုက်.. ၀မ်းမြောက် လိုက်.. လွမ်းဆွတ် လိုက်.. နဲ့  လှိုင်းတွေ .. တလိမ့် လိမ့် ..လူး နေ သလို .. ။ 

ဂီ တ က.. လူတွေကို.. ပြုစား နိုင် တယ် ဆိုတာ.. တကယ် ပါပဲ..။

ကြည့်စမ်း.. ပြီးတော့.. အသိ  တခု..။
ဂီတ နဲ့  ယှဉ်ပြီး  ရ တဲ့.. အဖြေ တခု..။

သူ့ ကို ဘယ်နေရာ ကြီးက..ပိုင်ဆိုင် ထား ပြီး တော့.. သူ့ နှလုံးသား အာရုံ တွေ.. ဘယ်အရပ် မှာ..၀ဲလည် ပျော်ပါး နေ ကြ သလည်း ဆိုတာ...။ ပြီးတော့..သူတို့  တွေ.. ဘာလုပ်သင့် သလည်း ဆိုတာ..။

သူ့ လက် ချောင်း တွေ  .. ကွန်ပြူတာ ခလုတ် တွေ ပေါ် အလိုလို ရောက် သွား ရင်း .... ဖြေးဖြေး ချင်း.. ရွေ့ လျား သွား သည်။ 
ချိုးလင်းပြာ မဂ္ဂဇင်း ကို.. ပေး ဖို့..   စကား လေး တွေ..... ကွန်ပြူတာ မျက်နှာပြင် မှာ..တလုံး ချင်း ပေါ် လာ နေ သည်။

ဒေါ်စု ဟာ..ကျမ တို့ တွေ အားလုံး အတွက်.. သက်ရှိ အဘိဓမ္မာ..ကျမ်းစာအုပ် တအုပ် ဖြစ်လာခဲ့ ပါ ပြီ။
သူမ ရဲ့ ဘ၀ ထဲ မှာ.. လူတိုင်း ရဲ့ ဘ၀ တွေ ကို..ရှာ  တွေ့ နေ ရ တယ်။
ဆုံးရှုံးမူ တွေ အတွက်.. ကြံ့ကြံ့ ခံ နိုင်ဖို့.. ခွန်အားတွေ ပေး တယ်။
အထီးကျန် တိတ်ဆိတ် မူ တွေ အတွက်.. ဖြေသိမ့် နိုင် လာ တယ်။
ခက်ခဲ ကြမ်းတမ်း မူ တွေ ကြားထဲ မှာ..မျှော်လင့်ခြင်း ကို ဖော်ပြတယ်။   
တရား မျှတ မှန်ကန် ခြင်း ဟာ.. တကယ် ရှိ တယ် ဆိုတာ ... ယုံကြည် သက်ဝင် လာခဲ့ ရတယ်။
ချစ်ခြင်း မုန်းခြင်း အားလုံး ရဲ့ အထက် မှာ.. မေတ္တာ နဲ့ ရွှင်လန်း ခြင်း ကို ရှာတွေ့ စေ တယ်။
 
အထူးသဖြင့်.. ကျမ တို့လို .. ပြည်ပ ရောက် မြန်မာ လူရွယ် တွေ အတွက်.. တချိန်မှာ..ငါတို့ တိုင်းပြည် ကို ပြန်လည် လုပ်ကျွေး ကြ မယ် ဆိုတဲ့.. တွန်းအား တွေ ဖြစ်လာ စေ တာ ကတော့.. အားလုံး အတွက်..၀မ်းမြောက် စရာ သတင်းကောင်း ပါပဲ.....
 
 

စာ ကို အဆုံးသပ် လိုက် ရင်း.. ကိုယ့် လက်ချောင်း တွေ ကို...ပြန်ပြီး ငေး စိုက် ကြည့် နေ မိ သည်။




 

Ref:  
Interview with  professor Michael Aung Thwin

၂၀၀၉  နှစ်သစ် တုန်းက.. ရေးခဲ့တဲ့..  ဆယ်လမွန်ငါး တို့ အပြန် 

◦
Share/Bookmark

ပီတိပန်းတွေ လှိုင်လှိုင်ဝေ

တို့များပြည်သူ ခပင်း
နှင်းပျောက်တဲ့ နွေပမာ
အပူသာဆင့်လို့
မဟူရာညဉ့်ပေါင်း
ထောင်သောင်းမက
လျှောက်လှမ်းရပြီး
မီးရှူးတန်ဆောင်
တို့ခေါင်းဆောင်မှာ
လွတ်မြောက်လာ ပေါ့..
အသော့ပြေးနှင်
မြင်လျှင်ခဏ
မျက်ရည်ကျသူ
ကသူ တဖုံ
မြင်ကွင်းစုံ အား
ခံစား မဆိုင်း
အတိုင်းမသိ..
နှိုင်းမရှိသည့်
ပီတိပန်းတွေ
လှိုင်လှိုင်ဝေ ကြပေပြီ..။








လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မူ အတွက်.. မေမေ ရွတ်ပြ တဲ့ ကဗျာလေးပါ..

အဲဒီ ကဗျာလေးကိုပဲ.. အကျ ကောက်ပြီး.. ထပ်ဆင့် ခံစား လိုက်ပါတယ်။


+++++++++


ပီတိပန်းတွေ လေ.. ဟောဒီ မြေပေါ်မှာ ပွင့်ဖို့..
တအိမ်တယောက်..မျက်ရည်တွေ နေ့တိုင်း လောင်းကြ သတဲ့..
ရာသီ လည်း မညှိ နိုင်တဲ့.. ပီတိပန်းတွေ..
ဘယ်နေ့ မှာ ပွင့်လာလေ မလည်း..
တနိုင်တပိုင်..မျက်ရည်တွေ အိုင်ထွန်းလာတော့..
ဟောဟိုမှာ..ငွေ့ရည်ဖွဲ့ မိုးတိမ်တွေ..
ကောင်းကင်တံခါး မှာ..စောင့်ဆိုင်းနေရော့...


ကောင်းကင်ဘုံ ၌ ပြည့်စုံသကဲ့သို့
မြေပြင်ပေါ်မှာလည်း ပြည့်စုံပါစေသောဝ်


ဗြုန်းကနဲဆို.. မြေတပြင်လုံး စိုရွှဲ
မြေပြင် တံခါးချပ်..ပွင့်အာ ထွက်ခဲ့..
အဲဒီ မျက်ရည်တွေပါပဲ.. မိုးပေါ်က..ရွာချ လိုက်တော့မှ ...
တခွင်တပြင်လုံး ..ပီတိပန်းတွေ..ဖုံးခဲ့လေပေါ့..







◦
Share/Bookmark

ရေးခဲ့ဘူးသော ဒေါ်အောင်ဆန်းစုကြည် ခေါင်းစဉ်များ


ဒေါ်အောင်ဆန်း စုကြည် ရဲ့ မွေးနေ့ တနှစ် လည် ခဲ့ပြန် ပြီ။ ဘလော့ ရေး ခဲ့တာ ၃ နှစ် ပြည့် ပြီ မို့.. ဒေါ်စု မွေးနေ့ပို့စ် တွေ လည်း ၃ ပုဒ် စာ မက ရှိနေခဲ့ ပြီ။ ဒီနှစ် (၆၅) နှစ် ပြည့် မွေးနေ့ မှာ တော့.. ဘာမှ ထူးထူး ခြားခြား မရေး ဖြစ် သည် မို့.. ဒီ ဘလော့ပေါ်မှာ.. ဒေါ်စု နာမည် ထဲ့သွင်း ရေးခဲ့ သမျှ ပို့စ် တွေ ထဲက.. ဒေါ်အောင်ဆန်းစုကြည် အတွက် လုံးလုံး လျားလျား ဦးတည် ရည်စူး ရေး ဖြစ်ခဲ့တဲ့..စာ အဟောင်း တချို့ ကိုသာ ရွေးထုတ် ဂုဏ်ပြု ပါရစေ...။ ( အကျယ်ဖတ်လိုပါက.. ခေါင်းစဉ်များ အတိုင်း ကလစ်၍ ဖတ်ပါ)
ဒေါ်အောင်ဆန်းစုကြည် - အနာရောဂါ ကင်းဝေး သက်တော် ရှည် ပါစေ ... ကြယ်တပွင့်လို အစဉ် ထွန်းလင်း တောက်ပ လမ်းပြ ပေးနိုင်ပါစေ...
++++++++++++++++++++++++


ပန်းချီ -မိတေဖိုး

ကြယ်

မရွေ့တဲ့..ကြယ်မပျောက်တဲ့..ကြယ်
မကွေ့တဲ့..မကြော
က်တဲ့..ငါတို့ရဲ့ ကြယ်တွေ…
အမြဲ ထွန်းလင်းပါစေ…


+++++++++++++++++++++

ဒေါ်စု မွေးနေ့ မတိုင်ခင် တရက်မှာ..ဒေါ်စု နေထိုင် ခဲ့တဲ့..အောက်စဖို့ဒ် ဆိုတဲ့ မြို့နေရာလေးကို သွားလည် ဖြစ်တယ် ဆိုတဲ့..တိုက်ဆိုင် ကြုံကြိုက်မူ တခု ကြောင့်..ရင်တွေ တအားခုန်နေ မိသည်။
ဒေါ်စု ပြောခဲ့တဲ့.. grey, damp Oxford ဆိုတဲ့ နေရာလေးကို တကယ် ရောက်ပါ ပြီ။ တကယ့်ကို .. ပျားရည်ရောင် အလယ်ခေတ် လက်ကျန် ပုံစံ အဆေက်အဦ ဟောင်း ကြီး တွေ နဲ့ ခန့်ညား အုံ့ဆိုင်း နေတဲ့.. မီးခိုးရောင် တက္ကသိုလ် မြို့လေးပါပဲ။


-------
---------

No-15, Park Town, Oxford


သူတို့ ၂ယောက် အဲဒီ အိမ်ရှေ့ကို အခါ ခါ ဖြတ်..ဟိုဖက်ဒေါင့်က ကြည့်လိုက်..ဒီဖက် ဒေါင့်က ကြည့်လိုက်.. နဲ့..ဘာလုပ်ရမှန်းတော့ မသိ။ ညနေက တော့..အတော် စောင်းနေပြီ..။ တလမ်းလုံး လည်း တိတ် ဆိတ် လို့..။ မှန်ပြတင်း က တဆင့်..ခပ်ဝါးဝါး ပုံရိပ် တချို့ကို အာရုံ ခံ ပြီး ဖြည့်စွက် ကြည့် နေမိပေမဲ့..ဟာတာတာ ခံစားချက် တွေသာ..ပြည့်နှက် နေသည်။

လမ်းထိပ်က..ပန်းခြံ ဘောင်လေး ပေါ်မှာ ခဏ ထိုင်ရင်း..ခပ်ဝေးဝေးက နေ ငေးကြည့် မိပြန်တယ်။ ဒီလို လွမ်းစရာ ကောင်းတဲ့ ညနေစောင်းလေး တွေမှာ.. မီးခိုးရောင် မြို့လေး ထဲမှာ..ဒေါ်စု ဘာေ
တွ လုပ်နေ ခဲ့လေ မလဲ.. ။ နေသာတဲ့ မနက်ခင်း အတော်များများမှာ တော့..ဟောဒီ ပန်းခြံ လေး ထဲ.. ကလေး လက်တွန်းလှည်း လေး တွန်းပြီး တော့လည်း သွားခဲ့ ဖူးမှာပဲ နော်..။ ခုတော့..အသက် ၆၄ နှစ် အရွယ် အမျိုးသမီး တယောက် ရဲ့ ညနေခင်း နဲ့ မနက်ခင်း တွေမှာ ..လုပ်စရာ သိပ်များများ စားစား ရွေးချယ် စရာ ရှိမနေ လောက် ပါဘူး။


June 24, 2009





+++++++++++++++++++++++++


သေချာ ဖတ်ကြည့်တော့..ဗမာပြည် ပြန်ရောက်ကာစ ဒေါ်စု မှာ.. အသားမကျ လှသေးတဲ့..ဖုန်တွေ ချွေးစီးတွေနဲ့ ရင်းနှီး မိတ်ဆွေဖွဲ့ရင်း.. တဖက်က..သူ နေနေကျ.. သ
က်တောင့်သက်သာ မိသားစု ဘ၀ လေးကိုလှမ်းပြီး လွမ်းထားတာလေးက.. သဘာဝ ကျလှသလို.. your Suu ဆိုတဲ့ အသုံးလေးကလည်း.. မိန်းမရွယ် တယောက်ရဲ့ လူသားဆန်တဲ့ အငွေ့အသက်ကလေးတွေ နဲ့ ချစ်စရာ ကောင်း နေ တယ်။ အဲဒီ စာ ကို ဧပြီ ၁၄ ရက် ၁၉၈၉ ခု နှစ် ရက်စွဲ တပ်ထားပြီး.. ဓနုဖြူမြို့က..သမိုင်းဝင်..စည်းရုံးရေး ခရီးစဉ် ကို အခြေခံ ပြီး ရေးခဲ့တာလို့ နောက်ခံ ပြောထားတယ်။ အဲဒီမှာ.. ပစ်မိန့်ပေးထားတဲ့ စစ်သားတွေ ဆီကို ပူပြင်းတဲ့ နေရောင်ခြည် အောက်မှာ ..တည်ငြိမ်စွာ တလှမ်းချင်း လှမ်းသွား နေတဲ့..ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပုံရိပ် ကို ခုထက် ထိ မြင်ယောင်နေ မိသေးတယ်။ အခုတော့.. မြန်မာပြ
ည်ကြီးရဲ့ အပူတွေကို သူ့ ဘ၀ တခုလုံး ခေါင်းခုလုပ်.. ထမ်းရွက်ရင်း..ချွေးတွေ..ဖုန်တွေနဲ့.. အသားကျ လွန်းမက..ကျ နေခဲ့ပြီ..ပေါ့။



မိုးရွာထဲမှာ တရားဟောရင်း..မိုးရေတွေစိုရွှဲနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ ( ပန်းချီ- မိတေဖိုး)
ဒီကယူပါတယ်
April 2 , 2009.



++++++++++++++++++++++++++++


Intellectual Life in Burma and India under Colonialism ဆိုတဲ့ နောက်စာတမ်းက..အရင်စာတမ်းဖြစ်တဲ့ Literature and Nationalism in Burma နဲ့စာရင် အများကြီး ပိုပြည့်စုံ ပြီး.. ဒေါ်စုရဲ့ ကိုယ်ပိုင် အမြင် သုံးသပ်ချက်တွေ ပိုများ-ပါတယ်။ ဒေါက်တာ မိုက်ကယ်အဲရစ် ရဲ့ အမှာ မှာလဲ..ဒီစာတမ်းဟာ..ဒေါ်စု ရေးခဲ့သမျှ သုတေသန စာတမ်းတွေ ထဲမှာ.. အထူးခြား အပြောင်မြောက်ဆုံး ဖြစ်ပြီး... မြန်မာ့သမိုင်းနဲ့ ပတ်သတ် တဲ့ အခြေခံ သစ် တခုကို ဖော်ထုပ်ထား ခြင်း .. ဖြစ် တယ် ဆိုတဲ့...သုံးသပ်သူ တချို့ ရဲ့. ရှုထောင့် ကို လည်း ထဲ့သွင်း ရေးသား ထားတယ်။
------
--------------
အယူဝါဒ နဲ့ စိတ်နှလုံးကို တံခါးဖွင့်ထားတဲ့.. ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် လူငယ် ခေါင်းဆောင် တချို့ကတော့..နောက်ပိုင်းမှာ.. အစွန်း ရောက် လာနိုင်တဲ့ ဗမာလူမျိုးကြီးဝါဒ ( racial chauvinism) ရဲ့ အန္တရယ် ကြီးပုံကို ပြန်လှန် သုံးသပ်မိကြပြီး..
အရှိန်လျှော့ဖို့ ကြိုးစား ခဲ့ကြ ပါသေး တယ်။ သူတို့တွေ အပါအ၀င် တတိုင်းပြည်လုံး ရဲ့ သွေးတွေကို ဆူပွက် စေခဲ့တဲ့..တို့ဗမာ အစည်းအရုံးကြီးရဲ့ ဟစ်ကြွေးသံ ဖြစ်တဲ့..
`ဗမာစာသည် တို့စာ..ဗမာစကားသည် တို့စကား..´ ဆိုတာကို လည်း စာတမ်းမှာ အပြုသဘော.. ထောက်ပြ ထားပါတယ်။ နောက်ပိုင်းမှာ.. လူမျိုးစု အရေးတွေကို အရှည်မြင်လာ ကြပြီး.. ` ဗမာလူမျိုး´ အတွက်တင် မဟုတ်ပဲ..`ဗမာပြည်မှာ နေထိုင်သော လူအားလုံး အတွက်´ ဆိုတဲ့ အယူအဆ ကို အတိုင်းအတာတခု အထိ ပြန် ထူထောင် လာနိုင်ပေမဲ့.. ဗမာစာ ( စကား) က တော့..တခုတည်းသော အဓိက ဘာသာအဖြစ် တည်ရှိလာ ခဲ့တာ.. အခုတိုင်ပါပဲ။

March 30, 2009


+++++++++++++++++++++++++
+++++++


အခုလဲ..ဒေါ်စု ရဲ့ စာတမ်းတချို့ကို စဖတ်ကြည့်တော့မှ.. ဗမာ့သမိုင်းတွေ..ဗမာ့စာပေ တွေကို.. ရှေးမဆွထဲက.. နက်နက်နဲနဲ နှိုက်ယူ ထားနိုင်ပုံ ကို မယုံနိုင်စရာ ကောင်းလောက်အောင် တွေ့လိုက်ရတယ်။ အခု ဗမာ့စာပေ နဲ့ အမျိုးသားရေးစိတ်ဓါတ်
ဆိုတဲ့ စာတမ်းက.. ၁၉၈၇ ခုနှစ် ကျိုတို တက္ကသိုလ်မှာ ဒေါ်စု စာတမ်းပြုစု ချိန်က..ရေးသား ဖော်ပြခဲ့တဲ့ တခုပါ။

--------

ကျိုတို တက္ကသိုလ်က..ဒေါ်အောင်ဆန်းစုကြည် စာတမ်းတွေ ပြုစု ရာ ရုံးခန်းလေး
( ယခုထက်တိုင် ဒီအတိုင်း ထား- ထားတယ်လို့ ဆိုတယ်)

--------

ဒေါ်စု ကိုယ်တိုင် ပြောတာကလဲ.. စာရေးဆရာ တွေ ဟာ...ပြည်သူတွေရဲ့ ရင်ခုန်သံ နဲ့ ဝေးပြီး..သူတို့ရဲ့ အသိပညာ အတတ်ပညာ လေး ထဲမှာတင် ရှိမနေသင့် သလို.. တဖက်ကလည်း.. ပြည်သူ ကို ခင်းပြ ချပြရမဲ့..နည်းလမ်းကောင်းတွေ..အတွေးအခေါ်
အသစ်တွေကို လည်း.. အမြဲ ဆန်းသစ် ဖော်ထုပ် နေသင့်တယ်လို့....ဆိုထားပါတယ်။

------
ဒေါ်စုက.. ဒီစာတမ်းကို ပြုစုတဲ့အခါ တမင်တကာကို.. ပညာရပ်ဆန်တဲ့ အကိုးအကားစာအုပ် တွေ ကို မသုံး ပဲ.. အဲဒီ ၀ံသာနု ခေတ်ကာလက..ပြည်သူတွေကြားထဲမှာ.. ထဲထဲဝင်ဝင် စွဲစွဲမြဲမြဲ ရှိခဲ့တဲ့.. ဇတ်လမ်း ၀တ္တုတွေနဲ့ စိတ်ကူးယဉ် ရသ စာပေ တွေကို အသုံးပြုခဲ့
တာလို့ ဆိုပါတယ်။ အဲဒါမှလည်း ပြည်သူ ထဲက..လာတဲ့ ရင်ခုန်သံ စစ်စစ်..စိတ်ဆန္ဒ အမှန်တွေကို.. နားလည် သုံးသပ်နိုင်မှာ မဟုတ်လား။

March 22, 2009


++++++++++++++++++++++++++++++++


ပန်းချီ- နီဇူလိုင် ( နီဇူလိုင် ဘလော့ မှ- မေတ္တာခြုံ လုံပါစေ..)

တကယ်က..ဒေါ်အောင်ဆန်းစုကြည် ဆိုတာ..
ပို့စ်ကဒ် ပေါ် က အရုပ်တခု မဟုတ်ပါ...
ရင်ဖက်မှာ ထိုးဖို့ ရင်ထိုးလည်း မဟုတ်ပါ...
တီရှ ပ် ပေါ်က အနီရောင် မျက်နှာ လည်း မဟုတ်ပါ...
အစည်းအဝေး တွေမှာ ချိတ်လေ့ ရှိတဲ့ နောက်ခံ ကားချပ် တခုလည်း မဟုတ်ပါ...
အခု..ပီဘိ အချိန် မှာကို...
ဧည့်ခန်း ဆက်တီ ပေါ်မှာ ဖြေလျော့ ရင်း ညပိုင်း ရေဒီယို သတင်း တခုကို..
နားထောင် ကောင်း နားထောင် နေမဲ့...ဒါမှ မဟုတ်...
စာတမ်း တခုကို အပြီးသပ် ရေးပြီး သကာလ..အိပ်ရာဝင် တော့မဲ့..
မဟုတ် ရင်လည်း..ရေညှိရောင် တောက် နေတဲ့ တိုက်အို ကြီးပေါ် ကနေ..
ခြုံနွယ် ပိတ်ပေါင်း တွေ မထိမ်းနိုင် မသိမ်းနိုင် တောထ နေတဲ့ ခြံကြီး ထဲကို
လေ့ကျင့်ခန်း ယူဖို့ အဆင်း..ပင့်သက် တချက် ရှိုက်လိုက်တဲ့..


June 15, 2007

◦
Share/Bookmark

လူ့ငရဲ မှ ရှင်ပြန်ထမြောက်သူ



ဘဘ ဦးဝင်းတင် ရဲ့ “ဘာလဲဟဲ့..လူ့ငရဲ” ကို.. စာအုပ် တအုပ် အဖြစ်.. အသေအချာ အကျအန တရွက်ခြင်း လှန်ပြီး..တခန်းခြင်း..တပိုဒ်ခြင်း ဖတ်လိုက် ရ ပါ ပြီ။

အတော်စောစော ကတည်းက.. ပီဒီအက်ဖ် ဖိုင် ရခဲ့ပေမဲ့.. စာအုပ်ကိုပဲ ဖတ်မယ် လို့.. စိတ်ရှည် လက်ရှည် တောင့်ခံပြီး..စောင့်နေခဲ့ မိတယ်.။ ကြောင်တာတော့ မဟုတ်ပါဘူး..။ ထိုက်ထိုက် တန်တန် ဖတ်ချင် လို့ ပဲ ဆိုပါတော့..။ ဒါတောင်.. မနေနိုင် မထိုင်နိုင်.. ပီဒီအက်ဖ် ဖိုင် က..အမှာစာလေး သွား မြည်း မိတာ.. ရပ်မရ ပဲ..အခန်း ၁ ကိုတောင် ကျော် တော့ မလို့..။ ဟိုမှာ..ဒီမှာ..သူများတွေ ညွှန်း ကြ ..ရေးကြ တဲ့..အပိုင်း အစ လေးတွေ ကလည်း.. အတော့်ကို စိတ်ဝင်စား စရာ ကောင်း နေခဲ့ တယ်ပေါ့..။ တကယ် ကိုယ်တိုင် ဖတ်ကြည့် လိုက်တော့ လည်း.. စိတ်ဝင်စားစရာ တွေ ပြည့်နှက်.. တွေးစရာ တွေ.. အမျှင်မပြတ်.. ကွင်းဆက် ကလေး တွေ..လိုက်ဆက် ရင်း...စာအုပ် ကလေး ကို.. ခဏ ခဏ ပြန် လှန် နေမိ ပြန်တယ်။

လူ့ငရဲ ဆိုတဲ့ အတိုင်း.. ငရဲကြီး ရှစ်ထပ် မှာ နောက်တထပ် ထပ် တိုးရမဲ့.. လူ့ တစု ရဲ့ လက်အောက် ..အရှင်လတ်လတ် ငရဲ ကျ ခဲ့တဲ့.. နေ့ရက် တွေ ...။ တွေးကြည့် လို့တောင် မရနိုင်တဲ့..အနှစ် ၂၀ ဆိုတဲ့..အကျဉ်းထောင် တွင်း ကာလရှည် ကြီးကို.. ဘဘ ဦးဝင်းတင် တယောက် ဘယ်လို ဖြတ်သန်းခဲ့တယ် ဆိုတာတွေ.. ကတော့.. ဘာမှ ထွေထူး ထပ်ပြီး ပြောပြ ရေးပြ နေဖို့ မလို တော့ပါဘူး..

တချက် တချက်..ကျ လာတဲ့ မျက်ရည် တွေ ကို သိမ်းဆည်း ရင်း..အံသွား ကြိတ်ခဲ နေ ခဲ့မိတာ ကလွဲလို့... တထိုင်တည်း တည တည်း..ဖတ်ဖြစ် လိုက်တဲ့..အဲဒီ စာအုပ် လေးကို ပြန် လှန် ကြည့် နေ မိတာက..စာအုပ် ရဲ့ အဆုံးပိုင်း မှာ ဘဘ ကိုးကား ခဲ့ တဲ့.. တမန်တော်ကြီး ရှင်ပေါလု ရဲ့.. စကား လေး တွေ ကြောင့်ပါ။

အဲဒါ နဲ့.. ဒီစာအုပ်လေး နဲ့... ခရစ်ယာန်သမ္မာ ကျမ်း ကြား..ဟို -ဒီ လှန်လျော..ခေါက်တုံ့ ကူးရင်း.... ရှင်ပေါလု ရဲ့ ဆုံးမစာ တွေ ကို.. ပြန်ဖတ် မိသွားပြန်တယ်။

ရောမ သြ၀ါဒ စာ..ကောရိနသု သြ၀ါဒ ...ဂလာတိသြ၀ါဒ..ဧဖက် သြ၀ါဒ.. ဖိလိပ္ဗိ သြ၀ါဒ.. ကောလောသဲ..သက်သာလောနိတ်.. စတဲ့.. ရောက်လေရာ ရာ..အရပ် .. ကျလေရာ ရာ..အကျဉ်းထောင်တွေ က နေပြီး..သူ့ နောက်လိုက် ခရစ်ယန် မိတ်ဆွေ တွေ ဆီကို.. ရေးပို့ လေ့ ရှိတဲ့.. ရှင်ပေါလု ရဲ့ စာတွေ ပါ..။

ရှင်ပေါလု ဆိုတဲ့.. ရောမ နိုင်ငံသား..ယုဒ ( ဂျူး) ..ကျမ်းတက် စာတတ် ပုဂ္ဂိုလ် တယောက်ဟာ..သူ ပြုခဲ့တဲ့.. ခရစ်ယန် နှိပ်ကွပ်ရေး တွေ ကြောင့်ပဲ.. ကမ္ဘာ့ အအောင်မြင်ဆုံး ခရစ်ယန် တရားဟော ဆရာ..တမန်တော် ကြီး တယောက် အဖြစ်.. အသွင်ပြောင်းခဲ့ရ ပြီး.. ခရစ်ယန် သမိုင်း ကို လည်း.. အကြီးအကျယ် ပြောင်းလဲ ပေး သွား ခဲ့တယ်။ နောက်ဆုံး..သူ ကိုယ်တိုင်.. သြဇာ တိက္ကမ အရှိဆုံး ခရစ်ယန် ကြီး တယောက် အဖြစ် နဲ့.. ရောမ အာဏာပိုင် တွေရဲ့.. မတရား အကျဉ်းချ ခြင်းတွေ ကို အကြိမ်ကြိမ် ခံခဲ့ ရတယ်။ ခရစ်တော် လိုပဲ သူလည်းပဲ ကားစင်တင်ခံ ခဲ့ရတဲ့  နောက်ဆုံး အချိန် ထိ..သူ့ ယုံကြည်ချက် ကို.. အမြင့်ဆုံး ထိ လွှင့်တင်ပြ သွား နိုင် ခဲ့တယ်။

အနှစ် နှစ်ဆယ် စာ..ခါးသက် အထီးကျန် မူ တွေ ကို.. ဗုဒ္ဓရဲ့ ဗြဟ္မစိုရ် တရား တွေ နဲ့ တကွ...ခရစ်ယန်..၀မ်းမြောက်ခြင်း တရား တွေ က... တနည်းတဖုံ.. ကုစား ဖြေဖျောက် စေခဲ့ တယ် လို့.. စာအုပ် ထဲမှာ..ဘဘ က.. ဖွင့်ဟ ထား ပါတယ်။ အဲဒါကြောင့်ပဲ ထင်ပါရဲ့... ဘဘ ရဲ့ ရဲရင့် ပြတ်သားမူ တွေ... အားမာန် သတ္တိ တွေက...ရှင်ပေါလု ရဲ့ စာ တွေ ထဲမှာ.. ရောင်ပြန် ထင်ဟပ် နေခဲ့တယ်။ ပြီးတော့..ဘ၀ ရဲ့ လေးပုံတပုံ ကို.. ပေးဆပ် ရင်းနှီး ခဲ့ရတဲ့.. အကျဉ်းသား ဘ၀ နဲ့.. ဘ၀တူ အကျဉ်းသား တွေ အတွက်...ပြင်းပြ တဲ့ သူ့ ဆန္ဒ....

ထောင်တွေမှာ ရောက်နေကြတဲ့ ဒီအင်အား သစ်တွေ ကလည်း သူတို့ ရဲ့ လွတ်မြောက်ရေး အတွက် ကျွန်တော် တို့ အားလုံး ရဲ့ ၀ါယမ စိုက်ထုတ်မူ ကို ငံ့လင့် နေကြတယ်။ ခရစ်ယာန် သမ္မာကျမ်းစာ ရှင်ပေါလု ရဲ့ စကား ကို သူတို့ ရေရွှတ်ကြတယ်။ သူတို့ ပဲ့တင် ထပ်နေကြတယ်။
“ ငါခံရသော ချုပ်နှောင် ခြင်း ကို အောက်မေ့ ကြလော့..” လို့ ရှင်ပေါလု က ဆိုတယ်။

ခရစ်တော် ကားစင် တင် ခဲ့ရပြီး တဲ့နောက်..ခရစ်ယာန် ဘာသာဝင်တွေ ဖိနှိပ် ချုပ်နှောင် ညှဉ်းပမ်း နှိပ်စက် ခံ ရတယ်။ တခြား ခရစ်ယာန် ဘာသာဝင်တွေက ကယ်ကြဖို့ အားထုတ်ကြတယ်။ ကယ်ကြတယ်။ ခရစ်ယာန်ဘာသာဝင် တယောက် ရဲ့ စကားကို နားထောင် ကြည့်ပါ။

“ ငါဉ် ကြိုးချည်နှောင်လျက် ရှိသော်လည်း သူသည် ရှက်ကြောက်ခြင်း မရှိဘဲ......ငါ့ကို ရှာ၍ တွေ့၏။ ” တဲ့။ ခရစ်ယာန် တယောက် အချုပ်အနှောင် ခံနေရတယ်။ တခြား တယောက်က သူ့ကို တွေ့အောင် ရှာတယ်။ တွေ့တယ်။ ကယ်တယ်။ ဘာအကြောက်တရား မှ မရှိဘဲ ရှာတာ။ ဒါ့ကြောင့် တွေ့တာ။ ဒါကြောင့် ကယ်နိုင်တာ..။

မကြောက်တရားရယ်...မရွံ့တရားရယ်..မဆုတ်တရားရယ် ကို ရင်မှာ မြဲမြဲ ခိုင်ခိုင် စွဲကိုင် ပြီး နိုင်ငံရေး အကျဉ်းသား တွေ လွတ်မြောက်ရေး ကို ကျွန်တော် တို့ အားထုတ်ကြရမယ်။ နိုင်ငံရေး အကျဉ်းသား တွေ..ထောင်ထဲမှာ ဒုက္ခရောက် တိုင်ငး ကျွန်တော်တို့ ကိုယ်တိုင်လည်း ဒုက္ခရောက်ကြရသလို ခံစားကြရမယ်။

ဟုတ်တယ်.....
ဘဘ ရဲ့ ရင်ထဲက စကားလုံး တွေ ဟာ..နိုင်ငံရေး အကျဉ်းသား တွေ ကို.. မမေ့လျော့ ဖို့.. တဖွဖွ တိုက်တွန်း ကိုယ်စား ပြုပေး နေ တာပါ..။ ဖြစ် နိုင် ရင်..မိုးကြိုးသံ ထက်တောင်.. ကျယ်လောင် ထစ်ချုန်း မြည်ဟိန်း ပြစ် လိုက် ချင် နေမဲ့..ကျားရဲ တကောင် ရဲ့ အသံ ကို.. ဒီ စာအုပ် ထဲမှာ.. အပေါ်လွင် ဆုံး ဖော်ပြ ခဲ့ ပြီး ပြီ ပဲလေ..။ လူ့ငရဲ က ရှင်ပြန် ထမြောက်လာတဲ့.. တမန်တော်ကြီး တ ယောက် ရဲ့ နိုင်ငံရေး သစ်က.. လူတိုင်း အတွက်.. အားသစ် အင်သစ် တွေ ဖြစ် ပါစေ...။ အာမင်....


ဧပြီ ၅ ရက် - ၂၀၁၀


စာအုပ် လက်ဆောင် ပို့ပေးသော.. အမ ကို ကျေးဇူးတင်လျက်-

face book မှာ ပြောပေးသွားတဲ့.. အတိုင်း.. စာအုပ် ၀ယ်နိုင်တဲ့ စင်ကာပူ က.. လိပ်စာ တချို့ပါ...
lpk.singapore@gmail.com
Nyi Nyi Myo 91882852
Ko Moe Zaw 81132008

စာအုပ်ကို ပျံ့ နှံ့ ပါစေ တော့ ဆိုတဲ့ စေတနာ နဲ့ သာ.. အင်တာနက်မှာ..အခမဲ့.. မျှဝေ လက်ဆင့်ကမ်း ဖတ်ခဲ့ ကြပေမဲ့.. ဘဘဦးဝင်းတင် ရဲ့ အနှစ် နှစ်ဆယ်စာ လူ့ငရဲ အတွေ့အကြုံ တွေ ကို.. စာအုပ်လေး တအုပ် အဖြစ် နဲ့....နောင်လာ နောင်သား တွေ အတွက်ပါ.. ဆက်ဆက် ၀ယ်သိမ်း ထား ရမဲ့ စာအုပ် တအုပ်ပါ။

◦
Share/Bookmark