၁၃၀၀ ပြည့်အရေးတော်ပုံက စ လို့ - မန်ဒဲလား သေတဲ့ နေ့ အထိ


ဖေဖေရေ . . . ပြီးခဲ့တဲ့ ဒီဇင်ဘာ လဆန်းတုန်းက မထင်မှတ်ပဲ သမီး ကြုံကြိုက်ခဲ့တဲ့ စိတ်လှုပ်ရှားစရာ ခရီးစဉ်ပွဲ လေး တခုအကြောင်းကို ပြန်ရောက်ကတည်းက ဖေဖေ့ကို ပြောပြချင်နေခဲ့တာ။ ထုံးစံ အတိုင်း ဟိုလုပ် ဒီလုပ် နဲ့  နောက်ဆုံးပတ် ရောက်မှပဲ ၊ စာရေးဖြစ်တော့တယ်။


တကယ်တော့ အဲဒီပွဲမှာ သမီးက ဘာမှ တိုက်ရိုက် ပါဝင်ပတ်သက်မူတော့ မရှိပါဘူး။ သမီးရဲ့ ဆရာက မြန်မာပြည်ကနေ ဖိတ်ထားတဲ့ ဧည့်သည် သုံးယောက်အတွက် လာပြီး ကူညီပေးနိုင်မလား လို့ ဆိုတော့ ၊ အတိုင်းထက်အလွန် ၀မ်းမြောက် ၀မ်းသာ၊ တကူးတကနဲ့ကို  သမီးတို့ နေတဲ့ မြို့ကနေ ကီလိုမီတာ ၆၀၀ ကျော် ဝေးတဲ့ ပါ့သ်မြို့ ကြီး ကို အရောက် သွား ခဲ့တာလေ ။ ပြီးတော့ ဒီပွဲ ရဲ့  ခေါင်းစဉ် အကြောင်းရင်းတွေက သမီး လတ်တလော သိပ် စိတ်ဝင်စားနေ တဲ့ Industrial Relation လို့ ဘာသာရပ်နာမယ် တပ်ထားတဲ့ အလုပ်သမား အရေး သမဂ္ဂအရေး တွေ လေ။ ဒီပွဲကို ဦးဆောင်ကျင်းပတဲ့ အဖွဲ့က Southern Initiative on Globalization and Trade Union Rights (SIGTUR) လို့  သိထားပေမဲ့ ၊ အင်တာနက်ကနေ သူတို့ ၀ဘ်ဆိုဒ်ကို ၀င်ကြည့်တော့လည်း ဘာမှ သိပ်ပြည့်ပြည့်စုံစုံ မရှိလှဘူး။ ဒါပေမဲ့ လက်တင်အမေရိက နိုင်ငံတချို့ အပါအ၀င် တောင်ကမ္ဘာခြမ်းက နိုင်ငံပေါင်း ၃၀ လောက်က သမဂ္ဂ ကိုယ်စားလှယ်တွေ လာပြီး ဆွေးနွေးနှီးနှောကြမှာ ဆိုတာ နဲ့ တင် ၊ စိတ်လှုပ်ရှားဖို့ ကောင်းလှပြီ ။ 



မြန်မာပြည်က ဧည့်သည် သုံးယောက်ကတော့ ညကြီး မှောင်မှောင် ပါ့သ်မြို့ကြီးထဲကို ရောက်ရောက်ခြင်း သူတို့ တည်းခိုနေထိုင်ရမဲ့ မြို့စွန် ပင်လယ်ကမ်းစပ်က တောအုပ်ဝင်းကျယ် ကြီးကို မြင်ပြီး  စိတ်ပျက်သွားကြပုံပဲ ။ နိုင်ငံခြားမှာ ကွန်ဖရန့်စ် တက်ရမယ် ဆိုတော့ ဟိုတယ်ကောင်းကောင်း တခုတော့ ဖြစ်မှာပဲလို့ ထင်ခြင်ထင်ကြမယ်လေ။ တကယ်တော့ တပတ်လုံးလုံး လုပ်မဲ့ ကွန်ဖရန့်စ် အတွက်၊ ဖရီမန်တဲ ကမ်းခြေ ကို မေးတင်ထားတဲ့ ဒီ တောအုပ် စခန်းသာလေးက တော်တော့်ကို သာယာပြီး ရိုးရိုးရှင်းရှင်း နဲ့ အဆင်ပြေတယ်လို့ ပြောရမယ်။ ပတ်ပတ်လည်မှာ ကျေးငှက်သံတွေ စိုးစီ နေတဲ့ ကြားမှာ လေးခန်းတွဲ အိပ်ဆောင် လေးတွေကိုလည်း ဒေသခံ ငှက်မျိုးရင်းတွေရဲ့  နာမယ်တွေ ပေးထားတယ်။ အဲဒီ အဆောင်လေးတွေကနေ အောက်ဖက်ကို နည်းနည်းလေး ဆင်းလိုက်တာနဲ့ ပင်လယ်ကဗွီးလို အပင်ရှည်ကြီးတွေရဲ့ အလယ်မှာ ထမင်းစားဆောင် ၊ အစည်းအဝေး ခန်းမဆောင် ၊ ဆွေးနွေးခန်းငယ် လေးတွေ လုပ်ထားတော့ လာသမျှ ဧည့်သည်တွေ အားလုံး နွေးနွေးထွေးထွေး နဲ့ ရင်းနှီးမူ လည်း ပိုရခဲ့ကြတယ် ။


 နွေးထွေးသလားတော့ မမေးနဲ့ ။ ၂ ထပ် အိပ်စင် ၂လုံးပါတဲ့ အခန်း ကျဉ်းကျဉ်းလေးထဲမှာ မမာမာဦး နဲ့ မစုစုနွေးက တစင် ၊ သမီး နဲ့ မအိရွှေစင် က တစင် အိပ်ကြရတော့ ၊ ညရောက်ရင် သံကုတင်တွေ နဲ့ အပြိုင် လေးယောက်သား တကျွိကျွိ နဲ့ စကား တွတ်ထိုး ကြတာလေ။ နေ့လည်ဖက်က ဆွေးနွေးတဲ့ အကြောင်းအရာတွေထဲက သူတို့ သိချင်တာတွေ သမီးက ပြန်ရှင်းပြ ပြီးရင်တော့ သူတို့ အလှည့်ပေါ့ ။ သိတဲ့ အတိုင်း သူတို့ သုံးယောက် စလုံးက မြန်မာပြည်က နိုင်ငံရေးဖြစ်စဉ်တွေထဲမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ကိုင်နေကြသလို အဖွဲ့ချုပ်လို ၊ ၈၈ ပွင့်လင်း လို အဖွဲ့ အစည်းကြီးတွေ နဲ့ ထဲထဲဝင်ဝင် ထိစပ်နေကြတဲ့ သူတွေ ဆိုတော့ ၊ သူတို့ ဆီကလည်း အများကြီး လေ့လာပြီး အမြင်ဖလှယ်ခွင့် ရခဲ့တယ် ဆိုပါတော့ ။ ရောက်ရောက်ခြင်း ညကတော့ ခပ်မဆိတ်ပဲ ရှိနေကြသေးတော့ ၊ သူတို့ ရန်ကုန်က ယူလာတဲ့ စာရွက်စာတမ်းတွေ ထဲက ၊ ၁၃၀၀ပြည့် အရေးတော်ပုံ စိန်ရတု အခမ်းအနား နှိုးဆော်စာရွက်ကလေးကို လှန်လျော ကြည့်ရင်း မြန်မာပြည် နိုင်ငံရေး အခြေအနေ အငွေ့အသက်တွေကို မသိမသာ ရှု ရှိုက်ကြည့်နေ မိ ခဲ့တယ် ။ သူတို့တွေ  သြစတြေလျကနေ ပြန်ရောက်တာနဲ့  ဒီဇင်ဘာ ၁၁ ရက်နေ့ အမီ ချောက် ရေနံမြေက ၁၃၀၀ပြည့် စိန်ရတု အခမ်းအနားကို ဆင်းကြမယ်ဆိုပြီး၊ သူ့ အစီအစဉ် ကိုယ့်အစီအစဉ် ပြောနေကြတာကို အပေါ်ကုတင်ကနေ အသာနားထောင်ရင်း ဖေဖေ ဆိုလေ့ရှိတဲ့ မြတ်လေး ကြီး ရဲ့ 
 “ ၁၃၀၀ ပြည့်အောင်ပွဲ ” သီချင်းလေး ကို ခပ်တိုးတိုး ညည်းမိတယ်။ တကယ်တော့ အဲဒီ ညကတည်းက ဖေဖေ့ ဆီကို စိတ်ထဲကနေ စာတစောင် ရေးနေခဲ့မိတာ.. ။


++++++++


“  ဒို့အလုပ်သမားတွေ ဒို့လယ်သမားတွေ  စုရုံးပေါင်းစည်းလို့ ညီ. . . မြေရှင် ဓနရှင် အရင်းရှင်များကို အမြစ်ပါ နှုတ်ပစ်မည် ... လူတန်းစေ့ အခွင့်အရေး မရသမျှအတည် (ရအောင်)၂   အရိုးကြေကြေ အရည်ခမ်းခမ်း မသွေတမ်း တိုက်ထုတ် မောင်းနှင်မည်. . .”


သီချင်းစာသားထဲမှာ ပါနေတဲ့ လွန်ခဲ့တဲ့ ရာစုနှစ်တခု နီးပါးက ရေနံမြေအလုပ်သမားတွေရဲ့ မကျေနပ်မူ နာကျည်းမူတွေ ဟာ၊ အခုအချိန်ထိ ပဲ့တင်ထပ် နေသေးတာကို သမီး မအံ့သြမိဘူး ဖေဖေ ။ သမီး အံ့သြမှင်သက်နေမိတာက ၊ သမိုင်းစာမျက်နှာတွေပေါ်မှာ ဖတ်ဖူး ကြားဖူးနေခဲ့တဲ့၊ တူ-တံစဉ် တံဆိပ်ကို ဆွဲကိုင်ပြီး ဓနရှင် လူတန်းစားကို ဆန့်ကျင် တော်လှန်နေကြတဲ့ ယုံကြည် ရပ်တည်မူတွေကို  ၂၁ရာစု ခေတ်ကြီးထဲမှာ မျက်မြင်ကိုယ်တွေ့ လူမျိုးစုံ အသားရောင်မျိုးစုံ ဘာသာစကားမျိုးစုံ နဲ့ ၊ တစုတစည်းထဲ မြင်တွေ့ နေရတာ ကိုပဲ ။  


ဖွင့်ပွဲည စတော့၊  မြန်မာဆန်ဆန် ပုဝါတွေ အချိတ်တွေ ဆင်ယင်ထားတဲ့ မြန်မာဧည့်သည် သုံးယောက်ဟာ ၊  တီရှပ်အနီ  ခေါင်းစည်းအနီတွေ စည်းထားတဲ့ လူအုပ်စုထဲမှာ အထင်းသား ဖြစ်နေတော့တယ်။ ဒါတင်ဘယ်ကမလဲ အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားခံရတဲ့ မြန်မာပြည်က သမဂ္ဂအရေး လှုပ်ရှားတက်ကြွသူ သုံးယောက်က ၊  သူတို့ တွေရဲ့ လှုပ်ရှားမူတွေ နဲ့ ကျခံခဲ့ဘူးတဲ့ ထောင်ဒဏ် အသီးသီးကို ထွက်မိတ်ဆက်တဲ့ အချိန်မှာ ၊ တခန်းလုံးက ပရိသတ် တွေ မတ်တပ်ထပြီး လက်ခုပ်သြဘာပေးလိုက်ကြတာ တချို့ဆို မျက်ရည်တောင် ကျနေတာ တွေ့မိတယ်။ အနှစ် ၇၀ ထောင်ဒဏ်ချမှတ်ခံ ခဲ့ရဘူးတယ်လို့ ပြောလိုက်တဲ့ မမာမာဦး နားကို လူတွေ ၀ိုင်းလာပြီး လက်ဆွဲ နှုတ်ဆက်ကြတယ်။ ကိုရီးယား သမဂ္ဂက လူတွေက သူတို့ ဘာသာစကားနဲ့  ရေးထားတဲ့ ခေါင်းစည်း အနီကို လာစည်းပေးတော့ ၊ မမာမာဦး တယောက် တော်လှန်ရေးနတ် ပူးသွားတယ် ထင်ရဲ့ . . . သြစတြေလျ သမဂ္ဂ၀င် အမျိုးသမီးကြီးတွေ သမဂ္ဂသီချင်း သံပြိုင် သီဆို ဖျော်ဖြေတဲ့ အရှေ့မှာ လက်သီးလက်မောင်းတန်းပြီး ၊ က တော့တာပါပဲ ။


ဖေဖေရေ . . . သမီး အတွက်တော့ ဒီအစည်းအဝေးကြီးဟာ မျက်စိပွင့် နားပွင့်  အသိဥာဏ်အလျင်တွေလည်း အတော်လှုပ်ခတ်ခဲ့တယ်လို့ ပြောရမယ်။ စကားပြန်ကနေ တဆင့်ပြောပြတဲ့ ၊ ဘရာဇီး သမဂ္ဂခေါင်းဆောင် အမျိုးသမီးကြီးဆီကနေ ဘရာဇီးနိုင်ငံရဲ့ လက်ရှိ မငြိမ်မသက်မူတွေကို ပုံစံတမျိုးနဲ့ နားလည်ခဲ့ရတယ်။ ၂၀၁၄ ကမ္ဘာ့ဖလားပွဲ တည်ဆောက်ရေးလုပ်ငန်းခွင် နောက်ကွယ်က အလုပ်သမားတွေရဲ့ အဖြစ်တွေကို တအံ့တသြ ကြားသိခဲ့ရတယ်။ ဘရာဇီးဟာ ခုဆိုရင် BRIC (Brazil, Russia, India, China) ဆိုတဲ့ ကမ္ဘာ့ စားသုံးသူအများဆုံး ဈေးကွက်စီးပွားရေး အုပ်စုကြီးထဲမှာ ပါနေပြီမဟုတ်လား။


လက်တင်အမေရိကနိုင်ငံတွေ ထဲမှာဆို ချီလီကိုလည်း သမီး အတော် စိတ်ဝင်စားမိတာလေ ။ သတ္တုလုပ်ငန်းတွေနဲ့ ဖွံ့ဖြိုးတိုးတက်လာတဲ့ ချီလီပြည်သစ်ကို ၊ သူ့နိုင်ငံသားတွေက ခုလို အချိန်ကြီးမှာတောင် ဆိုရှယ်လစ်စနစ်နဲ့ပဲ မောင်းနှင်နေစေချင်ကြတာ ဘာလို့လဲ ဆိုတာ သိချင်မိတယ်။  လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်လောက်က စန်တီယာဂို မြို့လယ်ခေါင်က ဘက်စ်ကားတစီးပေါ်မှာ ကိုယ်ဝန်ဆောင် အမျိုးသမီး တယောက်ရဲ့ ဗိုက်ကို သေနတ်နဲ့ ချိန်ရွယ် ခြိမ်းခြောက်တာ ခံရသတဲ့ ။ အဲဒီအမျိုးသမီးက သူ့ဝမ်းဗိုက်ထဲက ကလေးဟာ တနေ့မှာ ဖိနှိပ်ခံလူထု အတွက် တစုံတယောက် ဖြစ်လာလိမ့်မယ်လို့ တယောက်တည်း တိတ်တိတ်ကလေး နိမိတ်ဖတ် လိုက်သတဲ့ ။ အဲဒီ ဇတ်လမ်းကို ပြောပြနေတဲ့ မျက်လုံးပြာလဲ့လဲ့ နဲ့  ချီလီ အမျိုးသားက ၊ သူ့မိဘတွေနဲ့ အတူ ငယ်ငယ်ကလေးထဲက သြစတြေလျကို ပြေးဝင် ခိုလှုံ လာခဲ့လို့ ခုတော့ SIGTUR  ရဲ့ ပညာပေးရေး တာဝန်ခံ တယောက်အဖြစ် ဒီ အစည်းအဝေးကြီးကို ဦးဆောင်ကျင်းပ နေလေရဲ့ ။


မြန်မာပြည်က ထောင်ဒဏ်တွေကို ကြားပြီး ၊ သူလည်း ပါရာဂွေးမှာတုန်းက ထောင် ခုနှစ်ရက် ကျခဲ့ဘူးပါတယ် ဆိုတဲ့ ၊ လက်ရှိ သြစတြေလျ သမဂ္ဂအဖွဲ့ဝင် လူကြီး တယောက်ကတော့ အင်္ဂလိပ်သံ ခပ်ဝဲ၀ဲ နဲ့  ခဏခဏ ထ ပြီး ဆွေးနွေးမေးမြန်းတတ်တယ်။ သူ့မိခင် ပါရာဂွေး နိုင်ငံ ထဲမှာ ခုလက်ရှိ ဖြစ်ပျက်နေတဲ့ လယ်သိမ်းယာသိမ်းပြသာနာတွေ နဲ့  အခြေခံလူတန်းစား တွေရဲ့ ဒုက္ခသုက္ခ တွေကို ခုချိန်မှာတော့ ခပ်ဝေးဝေးကပဲ လှမ်းကြည့်နိုင် တော့မယ် ထင်ပါရဲ့ ။



Photo- SIGTUR


ဒီပွဲမှာ လူအင်အား အများဆုံးနဲ့ အတက်ကြွဆုံး ပါဝင်ဆွေးနွေးကြတဲ့ အဖွဲ့တွေကတော့ ၊ တောင်အာဖရိက နဲ့  ကိုရီးယားတွေပဲ ။ တောင်အာဖရိကက အုပ်စုတွေကို  အာဏာရ ANC ပါတီကြီးရဲ့  မဟာမိတ် ၊ ကိုဆားတူ  လို့ ခေါ်တဲ့ Congress of South African Trade Unions ( COSATU) တပ်ပေါင်းစု သမဂ္ဂကြီးက ဦးဆောင်လာသလို ၊ ကိုရီးယား က အုပ်စု ကိုလည်း တောင်ကိုရီးယား ရဲ့ တပ်ပေါင်းစု သမဂ္ဂ တခု ဖြစ်တဲ့ Korean Confederation of Trade Unions( KCTU) ကနေ ဦးဆောင်လာတယ်။ တောင်အာဖရိက သားတွေက မကြခဏ ထ ဆွေးနွေးတတ်ကြ သလို ၊ တယောက်ကို တယောက် Comrade  လို့ ခေါ်ဝေါ်ညွှန်းဆိုကြပုံကိုက သူတို့ ဟန်ပန်ကြီးတွေလိုပဲ အားရပါးရ ရှိလွန်းလှတယ်။ ကိုရီးယားတွေ အင်အားတောင့်ပုံ တက်ကြွပုံကတော့ ၊ သမဂ္ဂခေါင်းဆောင်တွေ လေး-ငါး-ခြောက်ယောက်မှာ စကားပြန်တွေကလည်း တယောက်စီလောက်နီးနီး ။ ညဖက် တွေမှာတောင် စခန်းတခုလုံးကို  ဂစ်တာတွေနဲ့  တော်လှန်ရေး သီချင်းတွေ သီဆို ဖျော်ဖြေကြသေးတာ ။ ကျန်တဲ့သူတွေကပါ သူတို့ရဲ့ ခေါင်းစည်းနီတွေ စည်းပြီး သူတို့ အော်သလို ကြွေးကြော်သံတွေ လိုက်အော်ပေးကြရတယ်။ 



 ပြုံးချင်စရာတခုက၊ လက်သီးလက်မောင်းတန်းပြီး ရိုးရိုး ကြွေးကြော်ရယုံတင် မကဘူး . . . သူတို့တွေ ထိုင်သပိတ်လုပ်တဲ့အခါ ၊ လက်လေ့ကျင့်ခန်း လုပ်သလိုမျိုး နည်းတခုကိုလည်း သင်ပေးသေးတယ် ။ လက်သီး နှစ်လုံး ကို ကျစ်ကျစ်ဆုပ်ထား ။ တဖက် လက်သီးထဲမှာက အစိုးရ ၊ နောက်လက်သီးထဲမှာက ကော်ပိုရေးရှင်းကြီးတွေ တဲ့ ။ ပြီးရင် အဲဒီလက်သီး ၂လုံးကို အလယ်ခေါင်မှာ ခွပ်ကနဲ နေအောင်ခွဲ ၊ ပြီးမှ ခပ်ဝေးဝေးကို လွှတ်ပစ်တဲ့ ဟန် လုပ်ရတယ်။ ကိုရီးယား ဆိုတာတွေကို မြန်မာပြည်မှာတော့ အလုပ်သမားတွေကို ခေါင်းပုံဖြတ်တဲ့ စက်ရုံပိုင်ရှင် တွေ အဖြစ်နဲ့သာ သိထားကြတာမို့ ၊ မမာမာဦး ကတော့ အဲဒီ ကိစ္စကိုသာ မေးကြည့်ချင်နေခဲ့တယ်။ အကျအန စက်မူ ထွန်းကားပြီး ဖြစ်နေတဲ့ သူတို့ နိုင်ငံက အလုပ်သမား ဆိုတာတွေကလည်း ၊ ကားစက်ရုံတွေ အီလက်ထရောနစ် စက်ရုံတွေလိုမျိုး တန်ဖိုးမြှင့် ထုတ်ကုန် ၀န်ထမ်းတွေမို့ ၊ အနည်း နဲ့ အများတော့ ပညာတတ်တွေ ဖြစ်ကြပုံပဲ။ မအိရွှေစင် ကတောင် သူတို့ ကြည့်ရတာ အလုပ်သမား သမဂ္ဂ ထက် အလုပ်ရှင် သမဂ္ဂနဲ့ ပိုတူနေတယ်လို့ နောက်နေသေးတယ်။ သူတို့ တင်ပြတဲ့ အထဲမှာ စိတ်ဝင်စားစရာ တော်တော်ကောင်းတာက ၊ ၂၀၀၉  ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ Ssang Yong Motor လို့ ခေါ်တဲ့ ကားစက်ရုံကြီး တခုက ၀န်ထမ်းတွေကို ထောင်နဲ့ ချီပြီး လျော့ချ ပြစ်လိုက်လို့  ၅၉  ရက်ကြာအောင် ဆန္ဒပြခဲ့ကြတဲ့ အကြီးဆုံး အလုပ်သမားသပိတ်တိုက်ပွဲ ကြီး အကြောင်းပဲ ။ အဲဒီတုန်းက အစိုးရက ရဟတ်ယဉ်တွေတောင် သုံးဖြိုခွင်းခဲ့ရပြီး  ဆန္ဒပြသူ အလုပ်သမားပေါင်း ၂၄ ယောက် သေဆုံးခဲ့ရသတဲ့ ။ ပိုပြီး စိတ်ဝင်စားစရာ ကောင်းတာက အခုလို လေးနှစ်လောက် ကြာလာတဲ့အချိန်မှာတော့ ဒီအလုပ်ဖြုတ်ခံလိုက်ရတဲ့ အလုပ်သမားတွေခမျာ သူတို့ တောင်းဆိုချက် တွေထဲက တခု တလေ လောက်ပဲ ရရင်တောင် ကျေနပ်ရမဲ့ အခြေအနေ ဖြစ်နေတော့တာပဲ ။



စကားအရာမှာ ချက်ကျလက်ကျ ပြောတတ် ရဲရဲတင်းတင်း သွက်သွက်လက်လက် ရှိတတ်တဲ့ အင်ဒိယမ်းတွေကတော့ ဒီတခါ လူကြီးပိုင်းတွေချည်း မို့လားမသိ ခပ်ငြိမ်ငြိမ်ပဲ ရှိနေကြတယ်။ ကြယ်နီတပွင့်ပါ တဲ့ မော်စီတုန်းရဲ့ ဦးထုပ်မျိုး ဆောင်းထားတဲ့ အဘိုးကြီး တယောက်သာ နည်းနည်း နှုတ်သွက် လျှာသွက် တွေ့ရတယ်။ သူတို့ တင်ပြ ဆွေးနွေးတာတွေက ၁၉၉၁ လောက်မှာ အိန္ဒိယက Neoliberalism ကို လက်ခံလိုက်ပြီးတဲ့ နောက်ပိုင်း ၊ အရှိန်အဟုန်နဲ့ ၀ါးမြိုလာတဲ့ ပုဂ္ဂလိက အခန်းကဏ္ဍ အောက်မှာ ပြည်သူပိုင်ကဏ္ဍတွေ ယုတ်လျော့ အားနည်းလာ တဲ့ ပြသာနာ ။ တကမ္ဘာလုံးမှာ  ကော်ပိုရေးရှင်းကြီးတွေ ရဲ့ လက်အောက်ကို၊ အစိုးရတွေ တခု ပြီး တခု ဒူးထောက် အညံ့ခံ နေကြရပြီလို့  ဆိုတယ်။


အစည်းအဝေးကြီးရဲ့ တတိယမြောက်နေ့မှာတော့  ခေါင်းစဉ်လေးခုနဲ့ အုပ်စုတွေ ခွဲပြီး ကိုယ်စိတ်ဝင်စားရာ  အခန်းမှာ သွားနားထောင်ကြရတယ်။ သမီးက  TNC ( Transnational Corporations) အကြောင်း ဆွေးနွေးတဲ့ အခန်းကို သွားလိုက်တယ်။ နိုင်ငံတကာလုပ်ငန်းစုကြီး တွေရဲ့ အကြောင်းဆိုပါတော့ ။ တောင်အာဖရိကက လူတယောက်က သူတို့ဆီက Wal-Mart ရဲ့  လက်ဝါးကြီးအုပ်မူ တွေ ကို ပြောတယ်။ ဖိလစ်ပိုင်က တယောက်ကတော့ Nestle ကုမ္ဗဏီကြီး မှာ သောင်းနဲ့ ချီတဲ့ ၀န်ထမ်းတွေ အတွက် ပင်စင်ခံစားခွင့် မပေးတာကို ဆွေးနွေးတယ်။ Blood coffee လို့ တောင် ကန်ပိန်း လုပ်ခဲ့ကြ ပေမဲ့  မအောင်မြင်ဘူး - လို့  ဆိုတော့ ၊ သမီး စိတ်ထဲ ဒီကွန်ဖရန့်ရဲ့  ထမင်းစားဆောင်ထဲ ခု သွားကြည့်ရင် တောင် Nestle တံဆိပ်နဲ့ နို့တွေ ကော်ဖီတွေ ချောကလက်တွေ ရှိနေမှာလေလို့  စိတ်ထဲက ပြောနေမိတယ်။ တဆက်တည်းပဲ ဒီအခန်းထဲမှာ ရှိနေတဲ့ လူတယောက်ယောက်ရဲ့ ကိုယ်ပေါ်မှာရော Wal-Mart က ၀ယ်တဲ့ တရုတ်ပြည်လုပ် ပေါချောင်ကောင်း ရှပ်အကျီ င်္လေး တထည်လောက်များ ရှိမနေဘူးလား လို့ အတွေး ဝေ့၀ဲ ကြည့်မိပြန်တယ်။  ဒီအခန်းထဲမှာ ရှိနေတဲ့ တခြားလူတွေထဲမှာရော . . . သြစတြေလျနိုင်ငံ ရဲ့ လက်ရှိအစိုးရတင်မက အတိုက်အခံ အလုပ်သမားပါတီ ကပါ ပွေ့ပိုက် ကျင့်သုံးနေတဲ့ Neoliberalism ရဲ့  အခက်အလက်တွေ ဖြစ်တဲ့၊ စတော့ ရှယ်ယာ ငွေကြေးဈေးကွက်တွေမှာ မကစားဘူးတဲ့သူ ဘယ်နှယ်ယောက်လောက်များ ရှိပါ့မလည်း လို့  သံသယ၀င် နေမိတယ်။ အနည်းဆုံးတော့ ဘဏ်တိုက်ကြီးတွေက ထုတ်ချေးထားတဲ့ အိမ်ချေးငွေ (Mortgage) တွေနဲ့ ဘယ်သူမှ ကင်းနိုင်မှာ မဟုတ်ဘူးလေ။


ကော်ပိုရေးရှင်းကြီးတွေ အကြောင်း တွေးရင်း ၊ တယောက်ထဲ ချာလည် မူးလည် ဖြစ်နေတုန်း  မြန်မာပြည်မှာရော လို့  အမေးခံ လိုက်ရတော့ လန့် ဖျပ်သွားတယ်။ မြန်မာပြည်မှာဖြင့် ၊ ဘာ TNC  ကြီးတခုမှ ဖြင့် ကောင်းကောင်း မရှိသေးလေ ။ အဲဒါနဲ့ သမီးလည်း ငါတို့ နိုင်ငံ အတွက်ကတော့ ပြောဖို့ သိပ်ကို စောနေသေးတယ် . . . လတ်တလော အခြေအနေ မှာတော့  ခေါင်းပုံဖြတ်လွန်းတဲ့ တရုတ်ကုမ္ဗဏီ အသေးစားတွေကြောင့်  နိုင်ငံတကာအဆင့်မီ ကော်ပိုရေးရှင်း လုပ်ငန်းကြီးတွေ ကိုတောင် မျှော်နေရတဲ့ အခြေအနေ လို့  ခပ်တိုတိုပဲ ပြောလိုက်ရတယ် ။ အဲဒီ ညနေ ညစာ စားကြတော့  ၊ သမီးတို့ စားပွဲကို မော်စီတုန်း ဦးထုပ် အမြဲဆောင်းထားတဲ့ ကုလားကြီး ရောက်လာပြီး  နင်တို့ တိုင်းပြည်ကို နိုင်ငံတကာ ကုမ္ဗဏီကြီးတွေ ၀င်လာရင် တရုတ်တွေထက်တောင် ဆိုးလိမ့်မယ် လို့  စကား စပါလေရော။ ဘေးမှာ အတူထိုင်နေတဲ့ မလေးရှား သမဂ္ဂခေါင်းဆောင် အမျိုးသမီးက ဘာကိုပြောမှန်း နားလည်ရဲ့ လားတော့ မသိ . . . ခေါင်းတညိတ်ညိတ် လုပ်လိုက်တော့  သူ အမြဲလို ၀တ်ထားတဲ့ တီရှပ်ပေါ်က ချေဂွေဗားရား မျက်နှာပါ လှုပ်ရှားသွားပြီး.. မဲ့ပြုံးကနေ အပြုံးမဲ့သွားသလို ။




ဖေဖေရေ . . အစည်းအဝေးကြီးရဲ့ နောက်ဆုံးရက်တွေ ရောက်တော့ Neoliberalism ဆိုတဲ့ စကားလုံးက သမီး နားထဲမှာ တဇီဇီ နဲ့ မြည်နေပါရောလား ။ ဟိုလူလာလည်း နီယို .. ဒီလူ လာလည်း နီယို။ ဒီ SIGTUR ဆိုတဲ့ အဖွဲ့အစည်းကြီးရဲ့  ဦးတည်ချက်ကိုက Neoliberalism ဆိုတာကြီးကို တိုက်ဖျက် ဖို့ နဲ့   တခြားရွေးချယ်စရာ တခုခု ကို ရှာကြံ စဉ်းစားနိုင်ကြ ဖို့ လို့ ရေးထား တယ်ရော ။  ဒီခေတ်ကြီးမှာ အားလုံးလိုလို ကတော့ အစွန်း နှစ်ဖက်ကို ရှောင်ချင်လို့ လစ်ဘရယ် လို့ ကိုယ့်ကို ကိုယ် တံဆိပ်တပ်ထားတတ်ကြတာ မဟုတ်လား ။ အဲဒီတော့ အခု နီယိုလစ်ဘရယ် ဆိုတာကြီးကရော…ဘယ်လို လက်သစ် အယူဝါဒ မျိုးလည်း လို့ သမီးလည်း ၊ ဟိုခေါက် ဒီခေါက် ဟိုရောက် ဒီရောက် ဖောက်ဖတ်ကြည့်ရတော့တာပေါ့ ။


တချို့ ပြောတာတော့ နီယိုလစ်ဘရယ်လစ်ဇင် ဆိုတာ တံခါးဖွင့် စီးပွားရေးဝါဒကြီးကို လိုက်လျောညီထွေ ရှိအောင် ပြုပြင်ပြောင်းလဲမူ လုပ်တဲ့ စနစ် လို့ ဆိုကြတယ်။ တင်းကျပ်မူတွေ ဖြေလျော့ပေးလိုက်တယ်။ အခွန်တုတ်တွေ လျှော့ပေါ့ ပေးလိုက်တယ်။ နိုင်ငံတကာ ကုန်သွယ် ရင်းနှီးမြုတ်နှံမူတွေကို ဖိတ်ခေါ်လိုက်တယ်။ အစိုးရ ရဲ့  နိုင်ငံပိုင် လုပ်ငန်းတွေကို ပုဂ္ဂလိက လက်ထဲ လွှဲပြောင်းရောင်းချ လိုက်တယ် ။ ဆိုတော့ . . . တင်းကျပ်တဲ့ ဆိုရှယ်လစ် စီးပွားရေးစနစ် နဲ့  ညစ်ပတ်တဲ့ အရင်းရှင် စီးပွားရေးစနစ် နှစ်ခု ကြားက သူ့အလိုအလျောက် ထိုးထွက်လာတဲ့ အခြေအနေ တခု လို့ တော့ သမီးက ယူဆမိ တာပဲ လေ။ ဒါပေမဲ့ သူ့ကို စွဲချက်တင် အမည်တပ်ထားပုံ မှာကိုက  မနှစ်သက်တဲ့ အသံ ပါနေပြီမို့   နီယိုလစ်ဘရယ်လစ်ဇင် ဆိုတဲ့ ခေါင်းစဉ် အောက်မှာတော့ အကောင်းကား ရှာ၏ မတွေ့ လေပြီ ပေါ့ ။ တကယ်တော့ အခု လူတွေ မြိန်ရေ ယှက်ရေ ပြောနေကြတဲ့ Globalization ဆိုတာကြီးကလည်း သူ့ရဲ့ မှန်ကူကွက် တခုပဲ မဟုတ်လား။


ပြောသလိုဆိုရင်တော့ ၊ ကမ္ဘာကြီး ပြားသွားလို့  ၊ အဆီးအတားတွေ လျော့ပေါ့ပေးလိုက်လို့  ၊ နယ်စည်း တံခါးတွေ ပွင့်လာလို့  ၊ စီးဝင်လာမဲ့ ကုန်သွယ်လုပ်ငန်းစု ကြီးတွေ ၊ ကမ္ဘာ့အမှတ်တံဆိပ်ကြီးတွေ အောက်မှာ ပြည်တွင်းထုတ်ကုန် နဲ့ အလတ်စား အသေးစား လုပ်ငန်းတွေ ပြားပြားဝပ်ကုန်တတ်တယ် လို့ ဆိုတယ်။ အင်းနော် မြန်မာပြည်မှာ အခု ကိုကာကိုလာ ၀င်လာပြီဆိုရင်  ဆေးသကြားတွေ ပါတယ်… ဆိုးဆေးတွေ ပါတယ် ဆိုတဲ့ ပြည်တွင်း အချိုရည်တွေ ကို ဘယ်သူ သောက်တော့မှာလဲ ။


နိုင်ငံခြားရင်းနှီးမြုပ်နှံမူ ဆိုတာ မပိုင်ဝက်မွေး တဲ့ ။ နေ့စဉ်နဲ့ အမျှ နာရီ စက္ကန့်ပိုင်းနဲ့ အမျှ  အတက်အကျ ဖြစ်နေတဲ့ ငွေကြေးဈေးကွက်တွေ အောက်မှာ ၊ ကုမ္ဗဏီကြီးတွေ ရဲ့  ပိုင်ဆိုင်မူ ရပ်တည်မူတွေ ကလည်း အပြောင်းအလဲ မြန်တာကြောင့် လက်ခံနိုင်ငံတွေမှာ လူမူစီးပွား မတည်ငြိမ်မူတွေ ဖြစ်ရတယ်တဲ့။ အင်း … ကိုရီးယား မှာ ဖြစ်ခဲ့တဲ့ ကားစက်ရုံက ဆန္ဒပြပွဲ လိုမျိုးတွေပေါ့ ။ ခုတောင် သြစတြေလျမှာ အမေရိကန် ကားကုမ္ဗဏီကြီး General Motor ထွက်တော့မယ် ဆိုတော့ ၊ ထောင်နဲ့ ချီ ကျန်ခဲ့မဲ့ အလုပ်သမားတွေ ရဲ့ ပြသာနာက၊   လွှတ်တော်ထဲ မှာ အပြန်အလှန် ပုတ်ခတ် နေတဲ့ နိုင်ငံရေး ပြသာနာ ထိ ဖြစ်လာပြီလေ။


အကျိုးအမြတ်ရမူ နဲ့  စွမ်းဆောင်နိုင်မူတွေ နှေးကွေးလေးလံ တယ်ဆိုတဲ့ အကြောင်းပြချက် နဲ့  နိုင်ငံပိုင် လုပ်ငန်းကြီးတွေကို တခုပြီး တခု ပုဂ္ဂလိက လက်ထဲ လွှဲပြောင်း ရောင်းချ နေရတဲ့ အခြေအနေ တွေ ကလည်း နီယိုလစ်ဘရယ်လစ်ဇင် ရဲ့  ဖွားဖက်တော်တဲ့။ ဟုတ်တယ်လေ . . . မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်က လူသုံးကုန်ပစ္စည်းတွေ ဘယ်လောက် ရှားပါးခက်ခဲ ခဲ့သလဲ . . . အစိုးရ ရုံးတွေ နဲ့  ဆက်ဆံရတာ ဘယ်လောက်တောင် စိတ်ပျက်ဖို့ ကောင်းသလဲ  ဆိုတာ သမီးတို့ တွေ ကောင်းကောင်းသိခဲ့ ကြပြီးပြီပဲ ။ ဒါပေမဲ့ အခု ပညာရေးလို  ကျန်းမာရေးလို အခြေခံ အဆေက်အဦတွေကို ပုဂ္ဂလိကတွေ လက်ထဲ ထိုးထဲ့နေတော့ ၊ ဘယ့်ဂလောက် ပိုပြီး အခြေအနေတွေ တိုးတက်လာလို့လဲ ။ ပိုက်ဆံအများကြီးကုန်နိုင်မှ ပညာသင်နိုင်မဲ့ ဘ၀တွေ ၊ ဆေးကုဖို့ ပိုက်ဆံမရှိလို့ အသေခံရမဲ့ ဘ၀ တွေကိုရော ထဲ့ မစဉ်းစားသင့် တော့ဘူးလား ။


လျှပ်စစ်မီးလို ၀န်ဆောင်မူတွေကိုတောင် ပုဂ္ဂလိကကို မှီခိုနေရမယ် ဆိုရင် ၊ အစိုးရ တရပ်ကို ပြည်သူတွေက ဘာအတွက်များ မဲပေး အခွန်ပေး အရိုအသေပေး နေ ဖို့ လိုတော့မှာလဲ ။ အဲဒီတော့ ၊ အစိုးရ တရပ် ရဲ့ လျော့လျဲ လာတဲ့ ကွက်လပ်တွေကို ဖြည့်ပေးဖို့ NGO တွေကို မျှော်ရတော့မယ်။ NGO တွေ ဆိုတာ တကယ့်ကိုပဲ အကျိုးအမြတ် မကြည့်တဲ့ လူသားခြင်း စာနာတဲ့ အဖွဲ့အစည်းတွေချည်းပဲလား ဆိုတာ ဘယ်သူမှ အသေအချာ မပြောနိုင်ပေမဲ့ ၊ လက်တွေ့  အခြေအနေတွေမှာတော့ အငြင်းပွားစရာတွေ တပုံတပင် ဖြစ်နေတာ လူတိုင်း သိနေကြတာပဲ ။ သူတို့ရဲ့ နောက်ကွယ်က အလှူရှင် အဖွဲ့အစည်းကြီးတွေ  နိုင်ငံကြီးတွေကရော တကယ့်ကိုပဲ စေတနာသန့်သန့်  တာဝန်ကျေလိုမူ သက်သက်နဲ့  ချိတ်ဆက်ဆောင်ရွက် နေကြတာလား ဆိုတာတော့ အတော့်ကို ခေါင်းနောက်စရာ ကောင်းတဲ့ ခေါင်းစဉ်တွေပဲ ဖေဖေရေ ။


ပြောခဲ့မိသလို မြန်မာပြည်ရဲ့ အခြေအနေက ပြောဖို့ စောလွန်းနေသေးတယ် ဆိုတာထက် နောက်ကျလွန်းနေတာရော မဖြစ်နိုင်ဘူးလား လို့ သမီး ပြန်စဉ်းစားကြည့်မိပြန် တယ် ။ IMF (International Monetary Fund) တို့ ၊ WB (World Bank) တို့လို အဖွဲ့အစည်းကြီးတွေကို အရှေ့ ဥရောပ အပါအ၀င် ကမ္ဘာ့နိုင်ငံ တော်တော်များများက လက်ညှိုး ငေါက်ငေါက်ထိုးပြီး အပြစ်တင်နေခဲ့တာ ဖြင့် ကြာပြီ လေ။ မြန်မာပြည်မှာ ခုမှ ကြိုဆိုဖို့ စင်ထိုးရတုန်း  မဟုတ်လား ။


ထားပါတော့လေ ။ မြန်မာပြည်မှာ လွတ်လပ်ရေး ရပြီးစကလည်း အယူဝါဒ တွေ နေရာလု ခဲ့ကြလို့  ကမ္ဘာ့နောက်ပိတ် ဖြစ်ပြီးနေခဲ့ပြီ ။ အခု ခေတ်ရေစီး အတိုင်းဖြစ်လာတဲ့ ဈေးကွက်စီးပွားရေး ဆိုလည်း ထားပါ ။ ဒါပေမဲ့ ဈေးကွက်စီးပွားရေးစနစ် ဆိုတာ ဒီမိုကရေစီ အခြေခံပေါ်မှာ ခိုင်ခိုင်မာမာ ရှိသင့်ပြီး ၊ တရားဥပဒေစိုးမိုးမူ နဲ့ မီဒီယာလွတ်လပ်ခွင့် ဆိုတဲ့ ပေးထားကိန်းတွေ နဲ့ တွက်မှသာ ၊ အဖြေမှန် ရနိုင်မယ်လို့  ပညာရှင်တွေက ပြောထားပြီးသား။ မြန်မာပြည်မှာ ၊ တရားဥပဒေ စိုးမိုးမူတော့ မသိဘူး … မီဒီယာ လွတ်လပ်ခွင့် တော့ ရှိနေပြီ ဆိုပါတော့။ အရေးကြီးတာက အဲဒီ လွတ်လပ်ပါတယ်ဆိုတဲ့ မီဒီယာတွေက  စီးပွားရေးသမားကြီးတွေ ကော်ပိုရေးရှင်းကြီးတွေရဲ့  အိပ်ထောင်ထဲ ရောက်မသွားဖို့တော့ လိုတာပေါ့။ ဒါပေမဲ့ အခုလို စီးပွားရေးဖြေလျော့မူတွေ လုပ်တိုင်း ခရိုနီ လို့ ခေါ်နေကြတဲ့ သီးသန့် လူတစု လက်ထဲကိုချည်း အခွင့်အရေးတွေ ရောက်ကုန်တဲ့ ဘေးထွက်ဆိုးကျိုးကိုတော့ ဘယ် စီးပွားရေးပညာရှင်မှ မကယ်နိုင်တော့ဘူလား မသိ။


တကယ်ဆို ဒီ လွတ်လပ်တဲ့စီးပွားရေးစနစ်ကို ဟိုအရင်ခေတ် န၀တ လက်ထပ် သတင်းစာတွေမှာ၊  နှာခေါင်းရှည်ကြီးတွေကို မျှော်တဲ့ နယ်ချဲ့လက်သစ်စနစ် လို့တောင် ပုတ်ခတ်ရေးသားခဲ့ ကြသေးတာပဲ မဟုတ်လား ။ ပြောရရင် နယ်လဆင် မန်ဒဲလားကြီးတောင် ဘ၀ တခုလုံးပုံ ပြီး ယုံကြည်မျှော်လင့် ခဲ့တဲ့ ၊ ပြည်သူပိုင် စီးပွားရေး စနစ်ကြီး ကို နောက်ဆုံးအချိန်မှာ နီယိုလစ်ဘရယ်လစ်ဇင် ရဲ့ လက်ထဲပဲ အသာပုံချထားခဲ့ ရတာပဲ မဟုတ်လား ။


သမီးထင်တာတော့ ဖေဖေရေ. . . လက်သစ်တွေ လက်ဟောင်း တွေ ၊ ပြည်သူပိုင်တွေ  ပုဂ္ဂလိက ပိုင်တွေ ဆိုတာထက် ၊ စနစ်တွေ အားလုံး ဟာ ၊ လူ့ သဘာဝ တွေကို မလွန်ဆန်နိုင်ပဲ အဂတိတရား လေးပါးထဲမှာ ၀ဲလယ် ချာလယ် ဖြစ်နေကြတာချည်းပါပဲ ။ ဒါပေမဲ့ ဖေဖေ ပြောပြဖူးတဲ့ ပုံဆောင်ချက်ကလေး တခု လိုပဲပေါ့။ လူ့အဖွဲ့အစည်းကြီးထဲမှာ သံသရာက လည်တော့ လည်နေတာပဲ . . . ကရွတ် ကင်းလျှောက်သလို မလည်ပဲ ၊ စပရင် တခုလို လည်ရင်း အပေါ်ကို ဖြည်းဖြည်းခြင်း တက်သွားဖို့ ပဲ အရေးကြီးတယ် ဆိုတာလေ ။


နယ်လဆင် မန်ဒဲလား ဆိုလို့  ဖေဖေရေ . . . တိုက်တိုက်ဆိုင်ဆိုင်ပဲ ။ ကွန်ဂရက် ရဲ့ နောက်ဆုံးနေ့ ပိတ်ပွဲ မနက်ခင်းမှာ ၊ မန်ဒဲလားကြီး တယောက် ညက ဆုံးသွားတယ် ဆိုတဲ့ သတင်းကြောင့် အားလုံး လှုပ်ရွ လှုပ်ရွ ဖြစ်နေကြတယ်။ အဲဒီ နောက်ဆုံးနေ့ မှာပဲ မြန်မာပြည်က သုံးယောက်က စကားပြောရမှာ ဆိုတော့ ချက်ခြင်းပဲ မန်ဒဲလား အတွက် ၀မ်းနည်းကြောင်း ထဲ့ပြောဖို့  တိုင်ပင် ဖြည့်စွက် ကြရပြန်တယ်။ အခန်းအနား အစီအစဉ် အစမှာ၊ အားလုံး မန်ဒဲလား အတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ် တမိနစ်ခန့် ငြိမ်သက် အလေးပြုကြတယ်။  ရုတ်ခြင်းဆိုသလိုပဲ  တောင်အာဖရိက သမဂ္ဂ၀င်တွေ သံပြိုင်ဆိုလိုက်တဲ့  Free Nelson Mandela  ဆိုတဲ့ သီချင်းသံက ငြိမ်သက်လက်စ စိတ်အစဉ်တွေကို လေးနက်မူ တခုထဲမှာ စီးဝင်မျောပါ သွားစေတော့တယ်။  သီချင်းသံရဲ့ အဆုံး  ဇူလူးဘာသာစကား နဲ့ ကြွေးကြော်လိုက်သံကို ကြားမှ အားလုံး သတိအနေအထား ပြန်ဖြစ်ကြတယ်။ အစည်းအဝေးခန်းထဲမှာ ရှိနေတဲ့ လူတွေ အားလုံး၊  Red Salute လို့  ကြွေးကြော်သံကို အဆုံးသပ်လိုက်တဲ့ အချိန်မှာ ၊ သမီးပါးစပ်က ဘယ်လို အသံထွက်သွားခဲ့သလဲ.. သမီး သေချာ မသိလိုက်ဘူး ဖေဖေ။


အားလုံး ခုံမှာ ပြန်ထိုင်ကြတော့မှ ၊ ရှေ့မှာ ချိတ်ဆွဲထားတဲ့ အနီရောင် နောက်ခံမှာ  ကမ္ဘာလုံးထဲကနေ လက်သီးလက်မောင်းတန်းနေတဲ့ ရုပ်ပုံအောက်က New Unions for a Century ဆိုတဲ့ စာသားလေးကို၊ အခုမှ မြင်မိသလို ငေးကြည့်နေမိတယ်။ ဓနရှင်လက်သစ်ဝါဒကို အစားထိုးဖို့ ဆိုတဲ့ ၊ ဒီအစည်းအဝေးကြီးရဲ့ ရည်မှန်းချက်တွေ တကယ်ပဲ ပြည့်မြောက်ပါစေ လို့ ဆန္ဒပြုလိုက်တယ်။ လက်သစ်ဝါဒ နောက်ထပ်တမျိုးကိုလည်း အဆိုးမမြင်ချင်တော့ဘူးလေ။ အားလုံးအတွက် တရားမျှတ တဲ့ လူ့ဘောင်ကြီးတခု တည်ဆောက်ဖို့ ဆိုတာ  စိတ်ကူးယဉ် သက်သက်တော့ မဟုတ်လောက်ပါဘူး နော် .  . . ဖေဖေ ။


ကေသွယ်
၂၀-၂၁ ဒီဇင်ဘာ ၂၀၁၃

◦
Share/Bookmark

လှမ်းခဲ့တာလည်းကြာ...

ငယ်ငယ်တုန်းက.. အိမ်မှာ ကွေးနေအောင်က ခဲ့ သလို .. ဘေးအိမ် တွေကို တောင် လည်ပြီးက ခဲ့ တယ်လို့ ဆိုရင်၊ သူများ မပြောနဲ့..ကိုယ့်ဖာသာ ကိုယ်တောင် မယုံ နိုင်ပေ။

တကယ်တော့၊ လူ က အေးတိ အေးစက် နဲ့ ရှက်တတ်သလိုလို ဘာလိုလိုပါ။ ဘာဖြစ်လို့များ..
ငါ ငယ်ငယ်က.. အဲ့လို က ချင် ခဲ့တာလည်း လို့ ပြန်စဉ်းစားကြည့်တော့၊ တရားခံ ကို မြင်ရ ပါ၏။

ကိုယ် တို့ မြို့မှာက၊ နှစ်စဉ် နှစ်တိုင်း၊ တော်သလင်းလ နေပူပူ မိုးစွတ်စွတ် မှာ ကျင်းပလေ့ ရှိတဲ့၊ အထင်ကရ မြတ်စွယ်တော် ဘုရားပွဲကြီး ရှိလေတာကိုး။ အဲဒီ ဘုရားပွဲတော်ကြီးက တနှစ် တမျိုး မရိုးရတဲ့ ယိမ်းတွေ ကိုများ ကြည့် ပြီး၊ ၀ါသနာကျ ခဲ့လေသလား တော့ မသိ။ တမြို့လုံးမှာ ရပ်ကွက်က ဆယ့်နှစ် ရပ်ကွက် ရှိတယ် ဆိုတော့၊ ယိမ်းကားတွေ ကလည်း ဆယ့်နှစ် ယိမ်း ပဲ။ တခြားအရပ်တွေ မှာ တော့ ဘယ်လို ခေါ်သလဲ မသိ၊ ကိုယ် တို့ အရပ်ကတော့ ယိမ်းကား တဲ့။ ရွှေ့လျား စင်မြင့် လို့အင်္ဂလိပ်လိုကနေ တိုက်ရိုက် ဘာသာပြန် ပြီး သုံးတာ လည်း ၊ တွေ့ဖူးသည်။ သုံးတန် ကား တစီး ကို အောက်က ခံပြီး၊ အပေါ်မှာ စင်မြင့် ထိုး၊ အမိုးတင်၊ ဘေးဖက်တွေ မှာလည်း အ၀တ် ပိတ်ကားတွေ ကပ်ပြီး၊ ပန်းချီသရုပ်ဖော် ဆေးချယ် ထားတဲ့၊ ယိမ်းကား ကြီးတွေ က၊ စွယ်တော် ဆိုရင် သူ့ထက်ငါ အပြိုင်အဆိုင် ပါပဲ ။ နန်းဆန်တဲ့ ယဉ်ယဉ် တို့.. နေခြည်သင့် တဲ့ ကုမုဒြာ.. တို့...မြတ်အလှသခင် တို့.. အဲဒီလို ကဗျာဆန်ဆန် လှလှပပ နာမည် တွေ တပ်ပြီး၊ ယိမ်းကား ရဲ့ ဘေးနှစ်ဖက် မှာ..စကောဝိုင်းလောက် စာလုံးကြီးတွေ နဲ့ ထင်းနေအောင် ရေးထား ကြတယ်။

ပြောရရင်တော့.. မန္တလေး သင်္ကြန်က ယိမ်းကားတွေ ဆန်ဆန်ပဲ။ ဒါပေမဲ့ မန္တလေး က၊ အရွယ် အစုံစုံ ပုံသဏ္ဍန် အပြားပြား ဖြစ်တဲ့ အပြင်၊ မိုးနည်းတဲ့ အရပ်မို့၊ အမိုး မပါ ကြဘူး။ ဒီဖက် အရပ်က ယိမ်းကားတွေကတော့..အားလုံး တရွယ်တည်း လေးထောင့် ထူထူ တပုံစံတည်း၊ အရောင် နဲ့ အဆင်ပန်းချီ တွေသာ ကွာခြားကြတယ်။ မိုးရွာရင် ကာဖို့၊ ပလက်စတစ် လိုက်ကာ စ တွေ ကိုပါ အဆင်သင့် တပ်ဆင် ထား တတ်သေးတယ်။ အဲဒီ လို အလှူ မဏ္ဍပ် စပ်ထည် ပန်းချီ တွေမှာ .. နာမည်ကြီး တဲ့၊ အနီးမြို့က…နတ်တလင်း ဆရာအုန်း ဆိုရင်၊ စွယ်တော် ရက် မှာ လက်မလည်ဘူး။ ရုပ်ရှင်ပိုစတာ တွေ ဆွဲလေ့ရှိတဲ့..မြို့ခံ ပန်းချီဆရာကြီး ဦးသက်ဝင်း ရဲ့ ခေတ်ဆန်ဆန် စုပ်ချက်ကြမ်းကြမ်း လက်ရာ တွေ လည်း လူကြိုက်များကြတယ်။

ရပ်ကွက် တွေက၊ သူတို့ ယိမ်းကားတွေကို တတ်နိုင်သမျှ လျှို့ဝှက်ပြီး ၊ တန်ဆာဆင် ခြယ်သ ကြ သလို၊ ယိမ်းအက တွေကိုလည်း၊ အိမ်တအိမ်မှာ တံခါးပိတ်ပြီး တိတ်တိတ် လေ့ကျင့် အက တိုက်ကြတယ်။ သူ့ရပ်ကွက် နဲ့သူ အပျိုဖော် အလှပဂေး တွေ ကို စင်တင်လေ့ ရှိတာ ဆိုတော့၊ ဘယ်ရပ်ကွက်က ဘယ်သူ ဆိုရင်ဖြင့်.. ဘယ်လို ချစ်စရာ ကောင်းတာ ဆိုပြီး၊ လူသိများ ထင်ရှားလေ့ ရှိတာပေါ့။

ယိမ်းတွေကလည်း..ရပ်ကွက် ကို လိုက်ပြီး၊ ပုံစံ အနေအထား ကွဲပြားသေးတယ်။ လူချမ်းသာ စီးပွားရေး သမားတွေ များတဲ့.. ဈေးလည် မြို့လည်ခေါင် ရပ်ကွက် တွေ ကတော့၊ လာထားပဲ။ ရန်ကုန်က နာမယ်ကျော် တီးဝိုင်းတွေ အဆိုတော် တွေ တက်ငှားပြီး တော့ကို အကြီးအကျယ် လုပ်ကြတာ။ ယိမ်းသမ ဆိုလည်း နောက်ဆုံးပေါ် အဆင်တွေကို ချုပ်ပြီးတော့ကို ဆင်တာ။ ဟိုး အစွန်အခေါင်က..ရပ်ကွက်ကလေး တွေကလည်း၊ သူ့ ခွန်အား နိုင်သလောက် တော့ ၊ အလျှော့မပေးကြပါဘူး။ မပြိုင် နိုင်ရင်တောင်၊ မြိုင်မြိုင် ဆိုင်ဆိုင် ရှိလှ တယ်လေ။

မင်းကွက်ရပ် က ၊ ရပ်ကွက်လူကြီး တယောက်ဆို ၊ သူကိုယ်တိုင်လည်း ယက္ကန်းစက်တွေ ပိုင်၊ အက သဘင် လည်း ၀ါသနာကြီးတော့၊ နှစ်တိုင်း တကယ့် ကြေးစား ပညာသည် တွေကို ကို ဒိုင်ခံ ပြီး ငှားတယ်။ ရပ်ကွက်ထဲက ကလေး တွေကိုလည်း သေချာ လေ့ကျင့်ပေး ပြီး၊ တကယ့်ကို မြန်မာဆန်ဆန် သဘင်ကျကျ လုပ်လေ့ ရှိတာမို့၊ လူကြီး လူငယ် အကုန် တလေးတစား စောင့်ကြည့် ကြ ရတယ်။ မင်းကွက်ယိမ်း ဒီနှစ် ဘယ်လို မြန်မာ အက နဲ့ ထွက်မလဲ ဆိုတာက၊ တကယ့်ကို စိတ်ဝင်စားစရာ ဖြစ်ခဲ့တာ။ အပျိုတော်၊ သူငယ်တော်၊ ခုနှစ်ထွေ မရိုးနိုင်တဲ့ ရိုးရာအက တွေ အပြင်၊ စက်သီးကြိုးနဲ့စွဲထားတဲ့ ကြာဖူးကြီးထဲက ထွက်လာတဲ့ သူယောင်မယ် နဲ့ ဇော်ဂျီ အက လိုမျိုး တခမ်းတနား တင်ဆက်တဲ့ အကတွေ ကိုဆို၊ တသက်လုံး ခုထိ မှတ်မိ နေတော့တာပဲ။


အဲဒီတုန်းက၊ စွယ်တော် မှာ၊ မင်းကွက်ယိမ်း လိုပဲ၊ တမြတ်တနိုး စောင့်ကြည့်ရတဲ့ ယိမ်းကား နောက်တကား ရှိသေးတယ်။ ဈေး(၁) ဆိုတဲ့ မြို့လည်ခေါင် ရပ်ကွက်က၊ လုပ်တဲ့ ယိမ်း။ သူတို့ကလည်း၊ ရန်ကုန်တက်ပြီး၊ အကဆရာမ ထိပ်တင်စန်း ကို အမြဲ ငှားတယ်။ ဈေး(၁) ယိမ်းက - က တဲ့၊ ပုဂံ အက တို့ အင်းဝ အက တို့ ဆိုတဲ့၊ အကဆန်းဆန်း အသွင်ဆန်းဆန်းလေး တွေကို လှလှ ကြွကြွလေး ကလေ့ ရှိ တဲ့၊ မြို့ထဲက၊ အတန်းကြီးကျောင်းသူ၊ အမချောချောတွေ ကို ကြည့်ပြီး၊ ဘယ်နေမလဲ နော်.. ကိုယ်တွေလဲ၊ ယိမ်းထဲ ပါချင် တဲ့ စိတ်တွေ ရွစိ ရွစိ နဲ့ပေါ့။ ဒါပေမဲ့.. အိမ်က လူကြီးတွေက အားမပေး..ကိုယ်တိုင်ကလည်း မသွက် မလက် ဆိုတော့…ကျွဲပြဲ စီးဖို့ တခါမှ ကို.. မရဲ ခဲ့ ရ ပါဘူး။ စွယ်တော် တနှစ် ပြီး သွားလို့...ပါးစပ် ထဲ စွဲကျန်ခဲ့တဲ့..ယိမ်းသီချင်း တပုဒ် ကို တပတ် နှစ်ပတ် လောက် ဆိုညည်းရင်း နဲ့ပဲ၊ ၀ါသနာ အဆာပြေသွားတာပါပဲ။


တချို့ ယိမ်းတွေ ကတော့လည်း ဆေးလိပ်ခုံ တို့၊ ဆီစက် ပဲခွဲစက် သစ်စက် သူဌေးတွေက၊ ပံ့ပိုးပြီး လှအောင် ကျဲ ကြတာ။ ယိမ်းကား နောက် ကျော မှာတော့၊ သူတို့ လုပ်ငန်းနာမည် ပါတဲ့ အ၀တ်စ ကြီးတွေ ချိတ်ထား ရတာပေါ့။ အဲဒီခေတ်ကတည်းက..စပွန်ဆာ တွေ ရှိခဲ့တာနော်။ ဒါပေမဲ့.. တခါ က ပြီးတိုင်း ၊ တပုဒ် ဆိုပြီး တိုင်း၊ ကြားကနေ ၀င်ဝင်ပြီး ကြော်ငြာ ထိုးတာတော့ မလုပ်ကြပါဘူး။ ယိမ်းကား ရဲ့ နောက်ကျော မှာသာ ကြော်ငြာ ချိတ်ကြပြီး၊ ရှေ့တဲ့တဲ့ ကနေ မမြင့်မြင်အောင် လည်း၊ အတင်း ထိုးပြီး မကြော်ငြာ ကြပါဘူး။

များသော အားဖြင့်ကတော့၊ ရပ်ကွက် အလိုက် စည်းလုံးမူ နဲ့ ချစ်ခင်ရင်းနှီးမူကို မြင်တွေ့ နိုင်တဲ့၊ ဖျော်ဖြေ တင်ဆက်မူ တွေ ချည်းပါပဲ။ ပြန်စဉ်းစား ကြည့်တော့ မြန်မာ့ ရိုးရာ ဆိုတာချည်း သက်သက် လည်း၊ မဟုတ်ပါဘူး။ ရပ်ကွက်သူ ရပ်ကွက်သား တွေ ကိုယ်တိုင် ဖန်တီးကြတဲ့ ပုဏ္ဏားယိမ်း၊ ဘေလေဆပ် ကုလားယိမ်း၊ တရုတ်ယပ်တောင် ယိမ်း၊ ဂျပန်ကီမိုနို ယိမ်း၊ ကရင်ဒုံးယိမ်း၊ အခြောက်ယိမ်း လူမျိုးစုံကို ကိုယ်စားပြု ခဲ့ကြသလို၊ မြို့ကလေးကိုလည်း၊ တကယ့်ကို ၊ ကိုယ်စားပြု ခဲ့ ကြတယ်။ အရိုးဂျောက်ဂျက် ယိမ်း ဆိုတာတောင် တနှစ် ပါခဲ့ သေးတယ်။ ရပ်ကွက်တခု ကတော့..အပျို ရှား လို့လားတော့မသိ။။ ကာလသား ယောက်ျားတွေ ချည်း စုပြီး၊ တင်ဆက် ကြတဲ့၊ ကြုံလေဘုံဘွေ ဆိုတဲ့ ယိမ်းအဖွဲ့ဟာ၊ မြို့ထဲမှာ ဖြစ်ပျက်နေတဲ့၊ ကမောက်ကမ တွေကို သံချပ်ဆန်ဆန် ဟာသနှော ရင်း မြို့ရဲ့ အချစ်တော်တွေ ဖြစ်ခဲ့ဘူးတယ်။ တို့ငယ်ငယ်တုန်းအရွယ် ယောင်ပေစူးလေးတွေနဲ့ရယ် ပုဆိုးကို စလွယ်သိုင်း ရွာတိုင်းပတ်လည် ဆိုတဲ့ သီချင်းနဲ့ ကြုံလေဘုံဘွေ အဖွဲ့ရဲ့ ယောင်ပေစူးယိမ်း တနှစ်ဟာ၊ အဲဒီတုန်းက..ကလေးတွေ ဖြစ်တဲ့ ကိုယ်တို့ ပါးစပ်ဖျားမှာ အကြိုက်တွေ့ခဲ့တာပေါ့။

အားလုံးကတော့၊ သူ့ရပ်ကွက် အလိုက်၊ သူ့စုစည်းမူ အလိုက်၊ သူ့ဖန်တီးမူ အလိုက်၊ ကြည့်ချင်ဖွယ် ပသာဒ ရှိသလို၊ ကြည်နူးဖွယ် ဟဒယ တွေ လည်း လွှမ်းခြုံနေခဲ့တဲ့ စွယ်တော် မြို့ကလေးပါပဲ။

ယိမ်း ဆယ့်နှစ်ယိမ်း စာ မက၊ လျှံကျနေခဲ့တဲ့၊ လူငယ် လူရွယ်တွေ ရဲ့ ရာသီစာ အနုပညာ ဗီဇ ပိုး တွေကိုတော့၊ ဇာတ်နိပါတ် ဆိုတာ တွေနဲ့၊ ဆင့်ခံ ၀န်းရံ ဖန်တီးကြပြန်တာက လည်း၊ စွယ်တော်ရဲ့ ထူးခြားချက် တခု လို။ သေချာတွေးကြည့်တော့၊ နွားလှည်းကြီးတွေကို သုံးပြီး၊ ဗုဒ္ဓ၀င် ဇာတ်တွေကို သာ သရုပ်ဖော်လေ့ရှိတာဟာ၊ ကားတွေ မသုံးနိုင်ခင်၊ ဟိုး..ရှေး ခေတ်တွေကတည်းက၊ ရှိ ခဲ့ ကြတဲ့၊ ဖျော်ဖြေ တင်ဆက်မူ အနုပညာ တခု ကို ထိန်းသိမ်းလာတဲ့ အစဉ်အလာ ဖြစ်ပေလိမ့်မည်။

ငယ်ငယ်ကတည်းက..နိပါတ် ဆိုရင် ဘာအဓိပ္ပါယ်မှန်း မသိပေမဲ့၊ မိတ်ကပ်ထူလပျစ် နဲ့ ယောက်ျားကြီးတွေ၊ ရုပ်သေကြီးတွေ လုပ်ပြီး လှည်းကြီးတွေပေါ် မှာ လိုက်လာ တာပဲ တန်းမြင် တော့တာ။ ရသေ့ကြီးတွေ၊ သိကြားမင်းတွေ၊ ဘုရင်ကြီးတွေ ထဲမှာ၊ အသိတွေ များ ဘယ်သူ ပါလေမလဲပေါ့...။ နေပူပူမှာ ချွေးတွေ စီးကျ နေတဲ့ သူတို့ မိတ်ကပ် မျက်နှာသေ ကြီးတွေ ဘယ်တော့များ လှုပ်သွားမလဲ၊ ပြောင်းသွားမလဲ လို့၊ ရီချင်ပက်ကျိ လိုက်ကြည့်ရတာလည်း ၊ ကလေး သဘာဝ မို့ ပျော်စရာ။



နိပါတ်လှည်းကြီးတွေကတော့၊ စွယ်တော်လှည့်တဲ့ နေ့မှ၊ လိုက်ကြတာပါ ။ နေ့လည် ၁၂ နာရီလောက်မှာ သကျမုနိ မိုးကောင်းဘုရားကြီး ထဲကနေ စွယ်တော် စ ထွက်ပြီ ဆိုတာ နဲ့ တမြို့လုံးကြားအောင် သေနတ်ကို မိုးပေါ်ထောင်ပြီး ပစ်ဖေါက်လိုက်တာပဲ။

ရှေ့ဆုံးမှာ၊ တမြို့လုံးက..ဆေးလိပ်ခုံ ယက္ကန်းစင် စတဲ့ လုပ်ငန်းခွင်ထဲက..အမျိုးသမီး တွေက၊ တူညီ ၀တ်စုံတွေနဲ့.. အတန်းလိုက် ။ အဲဒီနောက်မှာမှ ခုန ပြောတဲ့ နိပါတ်လှည်းကြီးတွေ။ အဲဒါပြီးတော့ မှ.. ဘုရားလူကြီးများ အဖွဲ့ ဦးဆောင်ပြီး မင်းခမ်းမင်းနားလို၊ မှူးမတ် ၀န်ကြီး ထီးဖြူ ထီးရွှေ တွေရဲ့ နောက်မှာ ခြေလှမ်းကျယ်ကြီးတွေ ယဉ်ယဉ်သာသာနဲ့ ဆင်ကြီး နှစ် ကောင် ပင့်ဆောင် လာတဲ့ စွယ်တော် ရတနာစိန်ကြုပ်တင်ရာ ပလ္လင်ပြသာဒ်။ အဲဒါ ပြီးရင်တော့.. အားလုံး မျှော်လင့်နေကြတဲ့၊ ဒုံးချပ်ချပ်..ဗုံးပတ်ပတ် အသံတွေ နဲ့..ယိမ်းကားကြီး တွေ ပဲ ပေါ့။


တကယ်က၊ စွယ်တော် မလှည့်ခင် နှစ်ရက် လောက် အလို ကတည်းက၊ မြတ်စွယ်တော်ကို၊ ဂန္ဓကုဋိတိုက်လို့ ခေါ်တဲ့၊ သော့အထပ်ထပ် ခတ်ထားတဲ့ အခန်းထဲမှာ ရှိတဲ့ မီးခံ သေတ္တာထဲကနေ၊ ထုတ်ပြီး၊ အပူဇော်ခံ စ ခံတာပါ။ အဲဒီရက်တွေကပဲ.. မြို့လည်ခေါင် ဘုရားကြီး လမ်းတ၀ိုက်မှာ၊ စွယ်တော်ရက်တွေ ရယ်လို့..စည်ကား နေတာပေါ့။ ယိမ်းကား ကြီးတွေကလည်း နှစ်ရက် သုံးရက် လှည့်ပတ် ကပြ နေကြပြီလေ..။ ညနေစောင်း နေအေး တာနဲ့၊ လူကြီးတွေက..ရေချိုး အ၀တ်အစား လဲခိုင်း တယ်။ ပြီးရင်၊ အိမ်ရှေ့ကို ထွက်ပြီး၊ ယိမ်းကားသံ တွေကို နားစွင့်ရတယ်။ ခပ်ဝေးဝေးကနေ ရွေ့လာတဲ့၊ တီးဝိုင်းသံ ယိမ်းကားသံ၊ တွေကို ကြားရတာနဲ့ တင်၊ အိမ်ရှေ့မှာ ခုန်ဆွ ခုန်ဆွ လုပ်နေရပြီ။ တချို့ လူငယ် တွေ ကတော့.. စက်ဘီး တွေ နဲ့.. တလမ်းဝင် တလမ်း ထွက်..ယိမ်းကား လိုက်ရှာကြ၊ ကြည့်ကြ နဲ့၊ တမြို့လုံး တရုန်းရုန်း ။ မြောက်ပိုင်းကို ဈေး(၁) က.. ယိမ်းကား ကြီး လာနေပြီ ဟေ့ လို့... စက်ဘီးနဲ့ ဖြတ်သွားတဲ့ တယောက်ယောက်က ပြောသံ ကြားတာနဲ့၊ ညီအမ နှစ်ယောက်သား၊ လမ်းထိပ်က ကြီးဒေါ် အိမ်ကို ပြေးတာပဲ။ ကြီးဒေါ် အိမ်က၊ မြို့ မြောက်ပိုင်းကို ၀င်ဝင်ခြင်း၊ ယိမ်းကား တိုင်း ရပ်ပြီး၊ ကကြ တဲ့ ၊ ရပ်ရေးရွာရေး အလှူငွေ အမြဲထဲ့ တဲ့ အိမ်ကြီးလေ။ အိမ်အပေါ်ထပ် ထိ ပြေး တက်ပြီး၊ ၀ရန်တာပြတင်းတွေကနေ၊ ခပ်တည်တည် စတိုင်ကျကျ ကြည့်လိုက်ရ ရင် ကိုပဲ၊ ဘာမှန်းမသိ.. ဘ၀င်တွေ မြင့် လို့။ တခါတလေ၊ ယိမ်းသမ တွေ ဆင်းပြီး ညစာ စား၊ နောက်ဖေး နောက်ဖီ သွားတာ ကိုပဲ၊ မိတ်ကပ်တွေ ဖွေးနေတဲ့ ဒီမြို့ထဲကလူတွေကို ... ဒီလူ့ ဒီလူတွေ တခါမှ မမြင်ဖူးသလို၊ လိုက်ငေးရတာ အမော။ ရန်ကုန် က..အဆိုတော်တွေ၊ ဘာတွေပါရင်တော့ ၊ တန်ပြီပဲ။

အနှစ် (၁၀၀) ကျော်ခဲ့ပြီ ဖြစ်တဲ့၊ ပေါင်းတည် စွယ်တော် ကို၊ တန်ခိုးကြီးသည် စည်သည် ဟု ပြောကြသည်။ ကိုယ်တိုင် ဖြတ်သန်းဖူးခဲ့တဲ့၊ စွယ်တော်ပွဲ တော်တွေ မှာ၊ မိုးတခါမှ မရွာခဲ့ မဖျက်ခဲ့ တာကိုတော့၊ သေသေချာချာ မှတ်မိ နေသည်။ သမိုင်းဇစ်မြစ် ရယ်လို့၊ တိတိပပ မလှန်ကြည့် ဘူးပေမဲ့၊ လူကြီးသူမ တွေ ပြောစကား အရတော့၊ ပဲခူးရိုးမကြီးကို ပခုံးမှီ ပြီး စီးပွားစည်ပင် ခဲ့တဲ့ မြို့ခံ သစ်ကုန်သည် ဆင်ပိုင်ရှင် ဖောင်သူကြီး တချို့က၊ သီဟိုကျွန်းက၊ မြတ်စွာဘုရား ရဲ့ စွယ်တော်အစစ်ကို သွားရောက် ဖူးမြော်ကြရင်း၊ သူတို့မြို့မှာလည်း ဒီလို စွယ်တော်တဆူ ဖူးမြော်စေချင်လှ တဲ့ ဆန္ဒကြောင့်၊ စွယ်တော်အစစ် ထံ မှာ၊ ပွားယူရင်း၊ ပင်လယ်တွေ ကျော်ပြီး ပင့်ဆောင်ခဲ့ ကြတယ် လို့ ၊ ကြားဖူး ခဲ့သည်။ အဲဒါကြောင့်လည်း၊ စွယ်တော်လှည့်လည်ပွဲ ကြီးကို၊ အစဉ်အလာ အထိမ်းအမှတ် အနေနဲ့ ဆင်ကြီးတွေနဲ့ လှည့်လည် ခဲ့ကြတာ တဲ့လေ။

နောက်ဆုံး မှတ်မှတ်ထင်ထင် ရှိခဲ့တဲ့ စွယ်တော်တရက် ကတော့၊ ၁၉၈၇ ခုနှစ် ရဲ့ တော်သလင်းလဆန်း ၁၃ ရက်။

ဆယ်တန်းနှစ် မို့၊ လူသံတွေ ဥဒဟို၊ ယိမ်းကားသံတွေ၊ နရီပျက်မတတ် ဆူညံ နေတဲ့၊ လမ်းမပေါ်က၊ စွယ်တော်လှည့်ပွဲ ကြီးကို၊ ဥပက္ခာ ပြုရင်း၊ အိမ်ခန်းထဲမှာ၊ ကျောင်းစာတွေ ထဲ နစ်မြုတ်နေခဲ့သည်။ နေ့လည် တနာရီ ရေဒီယို သတင်းက၊ ငွေစက္ကူတွေ ရုတ်သိမ်း လိုက်ပြီ ဆိုတဲ့၊ သတင်းကို ကြားလိုက်တဲ့ တခဏ မှာ၊ အိမ်ရှေ့ကို ပြေးထွက်ကြည့်တော့၊ ဧည့်သည်တွေကို ဧည့်ခံ နေတဲ့ အိမ်က လူကြီးတွေ အားလုံး အံ့သြလွန်းလို့ ဘာစကားမှတောင် မပြောနိုင်ကြ။ ချက်ခြင်းဆိုသလို ပျံ့လွင့်သွားတဲ့ သတင်းက၊ တန်းလန်းမတ်တပ် စွယ်တော်လှည့်ပွဲ ကြီးကြားထဲကို ၊ လျင်လျင်မြန်မြန် တိုးဝင် သွားသည်။ လမ်းပေါ်မှာ လှည့်လည်နေတဲ့၊ မြို့မိမြို့ဖ သူဌေးသူကြွယ်တွေက အစ၊ ဆေးလိပ်သမ တွေ အဆုံး၊ အပြုံးတွေ ပျောက်ကွယ် ကုန်ကြသည်။ တက်ကြွစည်ကားနေတဲ့ အာရုံတွေအားလုံး ၊ ဖန်ခွက်ထဲကို ရေနွေးပူပူလောင်းထဲ့လိုက်သလို၊ တစစီ တကွဲစီ။

အဲဒီ နောက်တော့၊ မြန်မာတပြည်လုံး အဖြစ်တွေ စနစ်တွေ ပြောင်းလဲ ခဲ့သည်။ လူမူစီးပွား တွေ လည်း ယိုင်နဲ့ ခဲ့ သည်။ အနုပညာ အစဉ်အလာ တွေ ခမ်းခြောက် ခဲ့သည်။ အမျိုးသားယဉ်ကျေးမူ အသွင်သဏ္ဍန် တွေ၊ ခြေရာပျောက်ခဲ့သည်။

မနေ့က တော့၊ မြတ်စွယ်တော်မြို့လေး ဆီကနေ၊ ဆင်ကြီးတွေ ရောက်နေပြီ ဆိုတဲ့၊ အမ လုပ်သူ ရဲ့.. သတင်းစကား နဲ့ တကွ၊ ဓါတ်ပုံ တချို့ ကို မြင်လိုက်ရသည်။ ဘာကို လွမ်းရမှန်းတော့မသိ။ မလွမ်းတော့ဘူးလား၊ လွမ်းသေးလား ဆိုတာတောင် မသေချာ။ ဆင်ကြီးတွေနဲ့ ပတ်သတ်တဲ့၊ အတွေး မှတ်ညဏ် တွေကတော့၊ အသေအချာ လန်းဆန်းနေသေးသည်။




လမ်းထဲမှာက၊ ဆင်သူကြီး ဖောင်းသူကြီး မိသားစု အဆက်အနွယ်တွေ နေကြတာကြောင့်၊ ဆင်ကြီးတွေ၊ တောထဲက တက်လာလို့၊ လမ်းထဲ ၀င်လာပြီ ဆိုရင်၊ ဂလောင် ဂလောင် နဲ့ ခလောက်သံ ကြီးတွေ ကို အရင်ဆုံး စကြားရသည်။ ကလေးတရုန်းရုန်း လူကြီးတွေ တလုံးလုံး နဲ့ ဆင်ကြီးတွေ၊ အစာစားတာ အစ၊ မစင်စွန့်တာအဆုံး၊ စိတ်လှုပ်ရှားစွာ ကြည့်ရင်း၊ ညဖက် ညဖက်၊ တချွတ်ချွတ်အသံ ကြားတိုင်း ခတ်ထားတဲ့ ထူးတွေ ပြတ်ပြီး လွတ်များ ထွက်လာသလား စိုးရိမ်ခဲ့ ရတဲ့၊ ငယ်ငယ်က စွယ်တော်ချိန်တွေကို၊ သတိရမိသည်။ မျက်စောင်းထိုး အိမ်က၊ ဖောင်းသူကြီး အဆက် တွေက၊ ဆင်ကြီးတွေ အတွက်၊ ချပ်ဝတ်တန်ဆာ ကတ္တီပါ တွေကို၊ တာဝန်ယူ တာမို့၊ စွယ်တော် မလှည့်ခင်၊ ဆင်ကြီးတွေ အလှပြင် ဆင်ယင်တာကို၊ အနီးကပ် ကြည့်ခွင့် ရတာကိုပဲ၊ ပျော်ရွှင်ကျေနပ် နေခဲ့ ဖူးသည်လေ။

မနေ့ကမှ၊ အမ က ပြောသည်။ မျက်စောင်းထိုး အိမ်က..ဆင်ဝတ် တန်ဆာ တွေ တာဝန်ယူ လှူတဲ့ ဖောင်းသူကြီး အဆက် အဘွား တို့တွေ ၊ အိမ်ရောင်းပြီး ပြောင်းသွားတာ ကြာပီလေ တဲ့။ ပဲခူးရိုးမ မှာ သစ်တောတွေ ပြုန်းစ ပြုလာပြီမို့၊ သစ်လုပ်ငန်း တွေ ပဲ မကောင်းတော့လို့လား။ အဲဒီ အိမ်က ထုတ်ထုတ် နေလှမ်းလေ့ရှိတဲ့၊ ရွှေနားကွပ် ကတ္တီပါစ နီနီကြီးတွေ ရော ဘယ်ရောက်သွားသလဲ လို့ တော့.. အမ ကို မေးမကြည့် ဖြစ် တော့ ပေ..။ မီးရထားလမ်း ဂုံးကြီးကို ကျော်ပြီး မြောက်ပိုင်း ကို လာနေတဲ့.. ယိမ်းကားကြီးတွေကို ပြေးကြည့် ရတဲ့၊ ကြီးဒေါ် တို့ အိမ်ကြီးမှာ လည်း၊ ပိုင်ရှင်အသစ် တွေ ဖြစ်လို့ နေသည်။ ယိမ်းကားတွေ လည်း အရင်လို ရပ်ကွက် အစုံ မထွက်နိုင်တောဘူး တဲ့။ မနှစ်ကဆို၊ ယိမ်းကား တွေ နည်းနေ လို့ ဘုရားလူကြီး တွေက၊ အနီးအပါး ဇာတ်ထဲက..မင်းသမီး တွေ ငှါးပြီး ယိမ်းထွက် ရသတဲ့။ အခုနှစ်ရော ဆိုတော့၊ ခုနှစ်က၊ ရန်ကုန်က ဒန့်ဆာ တွေ ငှားပြီး လုပ်ကြတယ်လေ..ပို တိုးတက်လာတာပေါ့ လို့.. အမ က နောက်သည်။




မနေ့က စ ထွက်တာ ဆိုတဲ့ ယိမ်းကားတကားကို ကြည့်တော့၊ လော်စပီကာ အသံအိုး တွေ ကားရှေ့မှာ အစုလိုက် အပုံလိုက် ဆင်ထားပုံ က အမြင်ဆန်းနေသည်။ ကြော်ငြာ ဗီနိုင်းတွေ ကလည်း ယိမ်းကား ရဲ့ အောက်မှာရော..အပေါ်မှာ ရော မြင်နေရသည်။ ဆေးရောင်စိုစို နဲ့၊ ပန်းချီ လက်ရာ ပိတ်ကားချပ်ကြီးတွေ ကို တော့ မတွေ့ရ ။ ယိမ်းကားပေါ်ကို လှမ်းကြည့်တော့.. ဘယ်မှာလဲ.. အရောင်စုံစုံ အပြုံးချိုချို နဲ့ ယိမ်းသမ တွေ။ သီချင်းဆိုနေဟန် ပေါ်တဲ့.. မိန်းကလေး တယောက် သာ မြင်ရသည်။ နောက်တပုံ မှာတော့ ဘောင်းဘီတိုတို နဲ့ မိန်းကလေး သုံးယောက် ကနေသည်။ ကိုရီးယား ဂဏန်းအက လို့ ဆိုသည်။ ယိမ်းကားကနေ..ဒန့်ဆာ ကား ဖြစ်လို့ နေပြီပေါ့။ အစဉ်မလာ မပြတ်သေးတဲ့ နိပါတ်လှည်းကြီးတွေ ကိုတော့၊ ဓါတ်ပုံတွေထဲမှာ ဖြတ်ကနဲ တွေ့လိုက်မိသေးသည်။

နက်ဖြန်ဆိုရင်၊ မြို့လေး ဆီမှာ၊ မြတ်စွယ်တော် ကို ၁၁၂ ကြိမ်မြောက်အဖြစ်၊ တမြို့လုံးပတ် လှည့်လည် ပူဇော်ခံ ပေတော့မည်။ ယိမ်းကား တကား ကားက၊ မိုက်ကရိုဖုန်း စမ်းလိုက်တဲ့.. ဂွီဂေါ် ဆိုတဲ့.. အသံ ကြီးကို နားထဲမှာ ကြားယောင်မိတော့ .. ဘာမှန်းမသိ ရင်ခုန် မိတုန်း။ ရပ်ဝေး ရပ်နီး က ရောက်လာကြတဲ့၊ ဧည့်သည်တွေ နဲ့ဝင်ထွက် စည်ကား နေတဲ့ စွယ်တော်ရက် တွေကို၊ တွေးကြည့်လိုက်တော့ စိတ်လှုပ်ရှား မိတုန်း။ ဧည့်သည်တွေကို ဧည့်ခံ ဖို့၊ အိမ်တိုင်းလိုလို ထိုးကြတဲ့၊ ရာသီပေါ် ဒေသထွက် ကတွတ်ယို အိုးကြီးတွေကို မြင်ယောင်မိ တော့...နှုတ်ဖျား မှာ ၊ ချိုမြ နေတုန်း။

ဇာတိဌါနေ ရွှေတည် စခန်းက လှမ်းခဲ့တာလည်း ကြာ.. ဆိုတဲ့၊ မြန်မာ့အသံ က၊ လွှင့်ပေးနေကျ၊ ပေါင်းတည်စွယ်တော် သီချင်း ရဲ့ တပိုင်းတစ ကို ညည်းဆို ရွေရွတ်ကြည့်တော့ လည်း၊ ရင်ထဲမှာ လွမ်းသလိုလို တော့ ရှိနေတုန်းပင်။


++++++++
ကေသွယ်
၂၇ စက်တင်ဘာ ၂၀၁၂

Daily Eleven  ရဲ့  Live ကဏ္ဍ မှာ ယူသုံးခဲ့ ။

◦
Share/Bookmark

Traumatic nightmare

She is lying on the bed. Bulks of bandages are covered layer by layer. 

First layer is inside herself.
Second layer is on her wound.
Third layer is upon her body except her face which is floating to breathe in and breathe out.

 

Still, many more layers of bandages are around but not physically anymore.


Some are as white as the wall in front of her.
Some are as dark as the night seeing through the glass window pane.
Some are as red as her blood what she saw just now.
Some are as blank as her face with nothing but only fear.

She is kept thinking ….
why she is here..
where this  illness come from..,
why didn’t she seek any second opinion…
why she needs to cut her flesh even three times without any happiness..
what  is the purpose of all these things…
which direction God wanted to go for…
how long God wanted to wait for..

what if she choose not to do this.. not to do that..
what if she not wasted her valuable time..
what if she more decisive..
what if she more assertive..
what if she more optimistic..
what if she more energetic..
what if she stop thinking about these bloody (if)s

what if.. what if..

If.. If..If…if..if..if..

GOD !   please give me strength… She murmurs herself. 
Her hands are tightly crossed over the chest and  slowly counting  her fingers  1 to 10.. 10 to 20 .. 20  to 30… until fall sleepy. But nothing was changing.  Even a smallest piece of PEACE  doesn’t come  in her mind. Everything is worry, regret, confusion, uncertainty.


Worries are so much whirling around.  Regret keep wake her up. She is totally confused with the heavy thought of It should be the last nightmare… how She could possibly doing it.. with what strength.. What motivation..What cause.

OH.. don’t want to do it again.. can’t even imagine of it.
It’s  BLOODY  ENOUGH.

++++++

The door was opened. The nurse came in to the room.  She smiled professionally and  raised the syringe technically, which is filled with 75 ml of Pethidine.

Finally, the nightmare was ended. But the trauma was left stranded.
 

( recapture of 23rd June 2011)



◦
Share/Bookmark

လေငြိမ်ငြိမ်--သစ်ပင်ကြီးငြိမ်

(ရေးသားသူ- ခင်လေးကြည်ကြည်)

“ကဲ သားတို့ သမီးတို့ သည်နေ့ ဆရာမက မင်းတို့ကို သစ်ပင်တွေ အကြောင်းပြောပြချင်တယ်”
ဆရာမက အတန်းတွင်းရှိကလေး များကိုပြောရင်း မေးခွန်းထုတ်လိုက်သည်။

“သစ်ပင်ကြီးတွေ အသက်ရှုသလား”

“ရှုပါတယ်...”

“သေချာလား .... ရှုတယ်ဆိုရင် သူတို့ ဘာနဲ့အသက်ရှုလဲ မင်းတို့ သစ်ပင်မှာ နှာခေါင်းပေါက်များတွေ့ဖူးလို့လား”

“ မတွေ့ပါဘူး ... မရှုပါဘူး ”
“ရှုပါတယ်.. အမြစ်နဲ့ပါ”
“ အကိုင်းနဲ့ရှုပါတယ်”
ဆရာမက အကြောင်ဖမ်းမေးလိုက်၍ ကလေးများ တစ်ယောက်တစ်ပေါက် ဖြစ်ကုန်ကြသည်။

ဆရာမက ပြုံးလိုက်ပြီး သင်ပုန်းပေါ်တွင် မြေကြီးမှာပေါက်နေသော သစ်ပင်ပုံဆွဲလိုက်သည်။ ထို့နောက် ကလေးများဘက် ပြန်လှည့်ကာ.....

“ကဲ မင်းတို့လည်း အသက်ရှုရင် လေကိုရှုတယ်လေ သစ်ပင်လည်း လေကိုရှုမှာပေါ့။ ဒါဆို ဘယ်အပိုင်းနဲ့ ရှုမလဲ ...အမြစ်က မြေကြီးထဲမှာဆိုတော့ အမြစ်နဲ့ရှုလို့ရပါ့မလား..”

“လေပေါ်က အပိုင်းနဲ့ရှု ပါတယ်”

“ဒါပေါ့... သစ်ပင်တွေက အရွက်တွေကနေ အသက်ရှုကြတယ်”

“ သစ်ပင်တွေဟာ လေထဲက ကာဘွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ကို အရွက်တွေမှာရှိတဲ့ လေပေါက်ကလေးတွေကနေ စုပ်ယူကြတယ်။ မြေကြီးထဲက ရေကိုတော့ အမြစ်တွေကနေစုပ်ယူကြတယ်။ နောက် သစ်ပင်ရဲ့ အစိမ်းရောင်အပိုင်းမှာရှိတဲ့ ကလိုရိုဖီးလ်ဆိုတဲ့ ဓာတ်က နေရောင်ခြည်ကို အသုံးပြုပြီး ခုန စုပ်ယူထားတဲ့ ကာဘွန်ဒိုင်အောက်ဆိုက်နဲ့ ရေ ကို ကာဘွန်ဟိုက်ဒြိတ် လို့ခေါ်တဲ့ အစာတွေ ဖြစ်အောင် ချက်ပေးတယ်။ အဲသည်မှာ ဘေးထွက်ပစ္စည်းအနေနဲ့ အောက်စီဂျင်ကို ထုတ်လွှတ်လိုက်တယ်....

အိမ်မှာ မင်းတို့ စားဖို့ အစာကို အမေက ထမင်းအိုးထဲ ဆန်ထည့် ရေထည့် ပြီး ထမင်းချက်ပေးသလိုပေါ့။ ဆန်က ကာဘွန်ဒိုင်အောက်ဆိုက် ဆိုရင် ရေက တော့ ရေပေါ့။ နေရောင်ခြည်က မီးဆိုရင် အမေက ဘာလဲ....”

“ အမေက ထမင်းချက်တဲ့သူပါ”

“ အမေက ကလိုရိုဖီးလ်ပေါ့..။ သစ်ပင်ကြီးကတော့ ထမင်းအိုးကြီးပေါ့...ဟုတ်ဘူးလားကွဲ့ ..”

“ ဟုတ်ပါတယ် ဆရာမ”

“ဒီတော့ ....သစ်ပင်တွေဟာ တို့တွေစားဖို့ အစာတွေကို အဓိက ထုတ်လုပ်ပေးတယ်..။ တို့တွေ ရှုဖို့ လေကောင်းလေသန့် အောက်စီဂျင်တွေကို လည်း ထုတ်ပေးသေးတယ်..တို့လူသားတွေကို အကျိုးမပြုဘူးလားနော်”

“ပြုပါတယ် ဆရာမ”

“ အေး ဒါပေမဲ့ အဲလို လုပ်ပေးတာက နေ့ခင်း နေရောင်ခြည် အလင်းရှိတုန်း သူတို့ အစာချက်တဲ့ လုပ်ငန်းစဉ် မှာပဲကွဲ့။ ညရောက်တဲ့ အခါမှာတော့ သစ်ပင်တွေကလည်း တို့ လူတွေအသက်ရှုသလိုပဲ သူတို့လည်း ရှုကြတယ်တဲ့”

ဆရာမက သင်ပုန်းတွင် ရောင်ခြည်ဖြာနေသော နေလုံးပုံ၊ သစ်ပင်ပုံ ဆွဲပြပြီး ၊ အမြစ်က ရေစုပ်ယူပုံ၊ ပင်စည်အပေါ်ပိုင်းက စုပ်ယူသော ဓာတ်ငွေ့၊ ပြန်ထွက်သော ဓာတ်ငွေ့ စတာတွေကို ကလေးတို့ သဘောပေါက်လွယ်အောင် မျှားလေးတွေဖြင့် ပြရင်း မေးလိုက်သည်။

“လူတွေက လေထဲက ဘာဓာတ်ငွေ့ကိုရှုကြတာလဲ”

“အောက်စီဂျင်ဓာတ်ငွေ့ပါ”

“ ဘာဓာတ်ငွေ့ကို ပြန်ထုတ်သလဲ”

“ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ပါ”

“ ဟုတ်တယ် ကလေးတို့ သိပ်တော်တာပဲ..။ သစ်ပင်ကြီးတွေဟာ နေ့အခါ မှာတော့ နေရောင်ခြည်အသုံးပြုပြီး အစာချက်ရာမှာ လူတွေထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ကို သူတို့က ယူ... လူတွေအသုံးလိုတဲ့ အောက်စီဂျင်ကို သူတို့က ပြန်ထုတ်ပေးလို့ လူတွေနဲ့ သိပ်အဆင်ပြေ ကြတာပေါ့..”

“ ညဘက်ရောက်လို့ နေရောင် မရှိတော့တဲ့အခါ အစာမချက်နိုင်တော့တဲ့ အချိန်မှာတော့ သူတို့လည်း လူတွေလိုပဲ အောက်စီဂျင်ကို ရှုပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုပဲ ထုတ်ကြသတဲ့ကွယ်...ဒါကြောင့် တခါတလေ ညဘက်ကြီး သစ်ပင်အကြီးကြီးတွေ အောက်မှာတို့ သစ်တောတွေထဲမှာတို့ နေမိ အိပ်မိရင် အသက်ရှုမ၀ဖြစ်ပြီး သတိလစ်တတ် တယ်ဆိုတာ....လူတွေနဲ့ သစ်ပင်တွေ အောက်စီဂျင်ကိုလုရှုကြလို့ပေါ့။ ဒါကို မသိတဲ့ သူတွေကတော့ သရဲဖမ်းတာ နတ်ဖမ်းတာ နဲ့ ကြောက်တတ်ကြတယ်။ အမှန်ကတော့ သစ်ပင်တွေက ညမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ထုတ်တာကိုး..”။

နေ့အချိန်တွင် လူနှင့်သစ်ပင် သဟဇာတဖြစ်စွာ အောက်စီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ကို အပေးအယူ လုပ်ကြသော်လည်း ညအခါ အောက်စီဂျင်ကိုချည်းရှု၍ ကာဗွန်ဒိုင်အောက်ဆိုဒ် တွေချည်း ထုတ်လွှတ်ကြပုံကိုလည်း ဆရာမက သင်ပုန်းပေါ်တွင် နေ့ညခွဲခြားကာ ပုံကြမ်းဆွဲပြလိုက်သည်။

“ မင်းတို့ စဉ်းစားကြည့်စမ်း သစ်ပင်တွေက သူတို့ မနက်က သုံးထား စားထားတဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ကို ညကျတော့ ပြန်ထုတ် သူတို့မနက်က ထုတ်ထားတဲ့ အောက်စီဂျင်ကို ညကျပြန်ယူ သူ့ဖာသာ လည်ပတ်နေတာပဲနော်.... သူတို့ အစာအတွက် ဈေးသွားဖို့မလိုဘူး.... မင်းတို့လည်း ဈေးသွားဖို့မလိုအောင် မနက်က စားထားတာ ညကျ ပြန်ထုတ် မနက်ကျ ပြန်စား မကောင်းဘူးလား....အမေ ဈေးဖို့ သက်သာတာပေါ့”

“ ဟင့် မကောင်းပါဘူး ဆရာမကလည်း ..”
“ဟား ဟား ဒါတော့ သိသားပဲ”

“ကဲ သစ်ပင်ကြီးတွေ က ဘယ်လောက်ချစ်ဖို့ကောင်းလဲနော် ... သူ့ပတ်ဝန်းကျင်ကို မျှတနေအောင်လုပ်ပေးထားတာ။ တို့လူတွေအတွက်လည်း အစာတွေလည်းပေးတယ် လေရှုဖို့လည်း လုပ်ပေးတယ်။ နေစရာ အရိပ်ခိုစရာ လည်းပေးတာပဲ။ အ၀တ်အထည်တွေလည်းပေးတာပဲ သစ်ပင်တွေကို ချစ်တတ် ထိန်းသိမ်းတတ်ဖို့လိုတယ်။ သစ်ပင်မရှိတဲ့ ကမ္ဘာကြီးဆိုရင် ဘယ်လိုဖြစ်လဲ စဉ်းစားကြည့်ကြစမ်းပါ။”
“ကြောက်စရာကြီးပါ လူတွေ သေကုန်မယ်ထင်တယ် ဆရာမ”

“ အေး မင်းတို့ထင်တာတွေကို သစ်ပင်မရှိတဲ့ ကမ္ဘာဆိုပြီး အိမ်ကနေ စာ ငါးကြောင်း လောက်ရေးခဲ့ကြနော်..”

ဆရာမက သင်ပုန်းပေါ်ရှိ ပုံများကိုဖျက်ကာ ပုံသစ်တစ်ပုံဆွဲရန် အစပြုရင်း မေးခွန်းထုတ်လိုက်သည်။

“ အခု သစ်ပင်တွေ အသက်ရှုတာသိပြီ... သူတို့ လူတွေလို သွားလာလို့ရလား”

“မရပါဘူး ဆရာမ”

“လှုပ်လို့ရောရလား”

“လှုပ်လို့တော့ရပါတယ် လေတိုက်ရင်လေ”

“အေး မှန်တာပေါ့..။ ဟုတ်ပြီ သူတို့ မျိုးပွားလို့ရောရလား။ မင်းတို့ လူအသစ်ကလေးတွေ ထပ်မွေးလာသလို သစ်ပင်အသစ်ကလေးတွေရော ထပ်ပေါက်လာသေးလား”

“ပေါက်ပါတယ်”

“ ဘယ်လိုပေါက်သလဲ”

“ သစ်စေ့လေးတွေကနေ အပင်သစ်ကလေးတွေပေါက်ပါတယ်”

“ သိပ်တော်တာပဲကလေးတို့ သည်မှာကြည့် သစ်စေ့လေးကနေ သည်လိုမျိုး အဆင့်ဆင့် အပင်လေး ပေါက်လာတယ်နော်..ဒါက ပဲစေ့လေးတစ်စေ့ အပင်ပေါက်ပုံပေါ့”

တတိယတန်း သဘာဝ သိပ္ပံ သင်ခန်းစာမှ ပဲစေ့ အပင်ပေါက်ပုံအဆင့် ငါးဆင့်ကို ဆရာမက ဆွဲပြလိုက်သည်။

“ ကဲ ကောင်းပြီ။ အခု မင်းတို့က သစ်စေ့လေးတစ်စေ့ လို့ ကိုယ့်ကိုယ်ကို စိတ်ကူးကြည့်ရအော်နော်... မင်းတို့ ဘာစေ့လေးတွေဖြစ်ချင်လည်း ...ပဲစေ့လေးတွေလား၊ သရက်စေ့လေးတွေလား၊ သင်္ဘောသီးအစေ့လေးလား... ဖြစ်ချင်တဲ့အပင်ကို စိတ်ကူးကြည့်ပါ”

ဆရာမက ကြမ်းပေါ်တွင် ဒူးတုပ်ထိုင်လိုက်ရင်း ကိုယ်ကိုဝပ်လိုက်သည်။

“ဆရာမလုပ်သလို လိုက်လုပ်မယ် ကိုယ်လုံးကလေးကို မြေကြီးပေါ်မှာ သစ်စေ့လေးလို ကပ်ထားပါ ”

ကလေးတို့ အားလုံး ဒူးတုပ်ကလေးတွေထိုင်ပြီး စာသင်ခန်းကြမ်းပြင်တွင် ကုန်းကုန်းလေးတွေ လုပ်နေကြသည်။
“ ကဲ... နေရောင်ခြည်တွေ ရေတွေ လေတွေ ရလို့ သစ်စေ့လေး အပင်ပေါက်လာပြီ”

ဆရာမက တဖြည်းဖြည်း လက်နှစ်ဖက်ကို လက်အုပ်ချီသလို လုပ်ရင်း အပေါ်ကိုမြှောက်ပြသည်။ ကလေးများလိုက်လုပ်ကြသည်။

“ဟော... သစ်ပင်ပေါက်ကလေး ရှည်လာပြီ”

ဆရာမက ဒူးကိုထောက် ခါးကိုဆန့် လိုက်ပြီး လက်ဖ၀ါးနှစ်ခုကိုဘေးဘက်ကားရင်း ခေါင်းပေါ်ကို မြှောက်လိုက်သည်။ ထို့နောက် တဖြည်းဖြည်း မတ်တတ်ထလိုက်သည်။ ကလေးများလည်း တဟိဟိ ရီရင်း လိုက်လုပ်ကြသည်။

“ဟုတ်ပြီဲ ..သစ်ပင်ကြီး ဆက်ကြီးထွားလာပြီ။ နေရောင်ခြည်ရအောင် အစွမ်းကုန် ရှည်လိုက်ကြစမ်းပါ”

ဆရာမက အစွမ်းကုန် ခါးကိုဆန့် လက်ကိုမြှောက် ခြေဖျားကိုထောက်ရင်း ကလေးများကိုပြောလိုက်သည်။ ကလေးများကလည်း တကိုယ်လုံးအစွမ်းကုန် ဆန့်ရင်း အညောင်းတွေပြေကုန်သည်။

“ကဲ လိုက်ဆိုပါ ........လေငြိမ်ငြိမ်...”
“လေငြိမ်ငြိမ်”

“သစ်ပင်ကြီး..ငြိမ်”
“သစ်ပင်ကြီး ...ငြိမ်”

“လေပြင်းတိုက်တော့ဘယ်လိုဖြစ်တယ်”
“လေပြင်းတိုက်တော့ ဘယ်လိုဖြစ်တယ်”

“ဟောဒီလိုဖြစ်တယ်....”
“ဟောဒီလို ဖြစ်တယ်။”

ဆရာမက လက်နှစ်ဘက်ကိုဝှေ့ယမ်းရင်းဆိုတော့ ကလေးများလည်း ပျော်ရွှင်စွာ ဝှေ့ယမ်းကြလေသည်။
“ကလေးတို့ ရေ......အရှေ့ဘက်ကလေတိုက်ရင် ဘယ်ဘက်ကိုယိမ်းမလဲ”
“ အနောက်ဘက်ကို ယိမ်းပါမယ်”

“ဟုတ်ပြီ ဆက်ဆိုမယ်”
“ အရှေ့ကတိုက်တော့ အနောက်ကိုယိမ်းတယ်...”
“ အရှေ့ကတိုက်တော့ အနောက်ကိုယိမ်းတယ်...”

“ အနောက်က တိုက်တော့ အရှေ့ကိုယိမ်းတယ်...”
“ အနောက်က တိုက်တော့ အရှေ့ကိုယိမ်းတယ်...”

စာသားအလိုက် ခါးကို ရှေ့နောက် ယိမ်းကြသည်။
“ညာဘက်ကတိုက်တော့ ဘယ်ဘက်ကိုယိမ်းတယ်..”
“ညာဘက်ကတိုက်တော့ ဘယ်ဘက်ကိုယိမ်းတယ်..”

“ဘယ်ဘက်ကတိုက်တော့ ညာဘက်ကိုယိမ်းတယ်..”
“ဘယ်ဘက်ကတိုက်တော့ ညာဘက်ကိုယိမ်းတယ်..”

အသံကိုဆွဲဆိုကာ ဘယ်ညာ ယိမ်းနွဲ့ကြပြန်သည်။
“လေငြိမ်ငြိမ် သစ်ပင်ကြီးငြိမ်”

ကလေးများ အားလုံး လက် ကလေး တွေ ဘေးကပ် ရပ်လိုက်ရင်း သံပြိုင်အော် ကာ လိုက်ဆို နေကြ သည်။


+++++++++


မနက်ဖြန် သူတို့နဲ့တွေ့ရတော့မည်။ ကျမ ပျော်ရွှင်စွာ စိတ်လှုပ်ရှားနေမိပါသည်။ သူတို့ဆိုတာက သူငယ်တန်းကနေ လေးတန်းအထိရှိသည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းက ကလေးတွေပါ။ မနေ့က သူငယ်ချင်းက ဖုန်းလှမ်းဆက်သည်။ သဘက်ခါကျရင် ငါတို့တွေ ဒဂုံမြို့သစ်တောင်ပိုင်းက ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ ကလေး တစ်ရာလောက်ကို နေ့လည်စာကျွေးရင်း ကလေးတွေအတွက် ပန်းချီဆွဲတာလေးတွေ ကဗျာဆိုတာလေးတွေ လုပ်မယ်။ နင်လည်း စိတ်ဝင်စားရင် နင်သိထားတဲ့ စာသင်နည်းလေးတွေ ကို ပြပေးမလားတဲ့။

အိုး ...သိပ်ရတာပေါ့။ ပြပေးချင်နေတာ အတော်ပါပဲ။ ကျမက စာသင်ရမှာကို သိပ်ပျော်တာ။ စိတ်ကူးထဲမှာ အမြဲ စာသင်ပေးနေတာ။ သူတို့ကို ကဗျာလေးတွေလည်း ဆိုခိုင်းမယ်။ ကိုယ်လက်လှုပ်ရှား ကစားနည်းလေးတွေနဲ့လည်း ကစားပေး အုံး မယ်။

သည်နေ့ တစ်နေ့လုံး သူတို့နဲ့တွေ့ရင် သင်ပြဖို့ သင်ခန်းစာတွေ ပြင်ဆင်နေမိသည်။ တစ်နာရီလောက်ဆိုရင်တော့ ကလေးတွေပျင်းမလားပဲ။ လေးဆယ့်ငါးမိနစ်လောက်တော့ မပျင်းလောက်ပါဘူးလေ။ သူတို့ကို ဘာအကြောင်း သင်ပေးရင်ကောင်းမလဲ...။ သမိုင်း၊ ပထ၀ီ၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ။ အင်း ....ဒါတွေက သူတို့က အတန်းစုံ အရွယ်စုံ ဆိုတော့ သင်ရခက်မယ်..။ အဲတော့ ကလေးအားလုံးလည်း နားလည်နိုင်မဲ့ တတိယတန်း သဘာဝ သိပ္ပံထဲက သစ်ပင်အစာချက်တာနဲ့ သစ်စေ့လေး အပင်ပေါက်တဲ့ ပုံကိုယူသင်ပေးမယ်။ ဟုတ်ပြီ။ သားသားတို့ မူကြိုမှာ သင်တဲ့ ကဗျာလေးကို သင်ပေးရမယ်။ ဒါဆို သူတို့ ကိုယ်လက်လှုပ်ရှားပြီးသားလည်းရမယ်။ သင်ခန်းစာနဲ့လည်း ကိုက်ညီတယ်။ ကောင်းတယ် ... ခု ခေတ်စားနေတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ပညာပေးရာလည်း ရောက်တယ်။

ကလေးဗဟိုပြု သင်ကြားရေးမှာ ကလေးတွေရဲ့ သိပြီးသား အသိကို အခြေခံပြီး သင်ကြားပေးမဲ့ သင်ခန်းစာနဲ့ ဆက်စပ်ဆွဲယူ သင်ကြားပေးရတယ် လို့ ဆိုတယ်။ သည်တော့ ကလေးတွေကို သူတို့ သိပြီး နားလည်ပြီး တာတွေကို မေးခွန်းတွေ ထုတ်ပေး မေးပေးရမယ် တဲ့။ သူတို့ စိတ်ကူးဥာဏ်တွေကို အသစ်စဉ်းစားတတ်လာအောင်ဖွင့်ပေးတဲ့ မေးခွန်းတွေမေးရမယ်။ သူတို့ ရဲ့ ကိုယ်ပိုင် စဉ်းစားချက်တွေကို စာကြောင်း အနည်းငယ် ရေးခိုင်းတဲ့နည်း၊ အတန်းသားတွေရှေ့မှာ ပြောခိုင်းတဲ့ နည်းကိုသုံးပြီး ထုတ်ဖော်ပေးရမယ်တဲ့။ ဒါမှ ကလေးတွေဟာ မိမိယူဆချက်ကို ထုတ်ဖော် ပြောဆိုရဲလာမယ်။ စာအရေးအသားစွမ်းရည်၊ အပြောစွမ်းရည်လည်း တက်လာမယ် လို့ ကျမတက်ထားဖူးတဲ့ သင်တန်းတွေ မှာ သိခဲ့ရတယ်။

ကျမ ပြင်ဆင်ထားခဲ့တဲ့ သင်ခန်းစာကို အထပ်ထပ် စဉ်းစား၊ အထပ်ထပ်လေ့ကျင့် နေမိပါတယ်။
ကျမ စိတ်ကူးထဲမှာ တော့ ကလေးတွေနဲ့ အပေးအယူ မျှနေတာပဲ။
ကျမတို့ စာသင်ခန်းလေးက ပျော်စရာ သိပ်ကောင်းနေပါတယ်။


++++++++++


သူငယ်ချင်းကတော့ပြောခဲ့သားပါ။
ကျောင်းက နည်းနည်းဝေးတယ်နော်တဲ့။ ဆင်းရဲလည်း ဆင်းရဲတယ်တဲ့။
သိပါတယ်ဟယ်။ အစိုးရကျောင်း မတက်နိုင်တဲ့ ကလေးတွေအတွက် ဖွင့်တဲ့ကျောင်းဆိုမှတော့ ချမ်းသာပါ့ မလား ပေါ့။


ဒါပေမဲ့ ကျမ စိတ်ကူးထဲမှာတုန်းက သည်လောက်ဆင်းရဲပြီး သည်လောက်ဝေး လိမ့်မယ်လို့ မထင်ခဲ့မိပါဘူး။ ဝေးတယ်ဆိုတာက လူတွေနဲ့ ဝေးတာကို ပြောတာပါ။ ရန်ကုန်မြို့ထဲ ကနေ ကားစီးရင် တစ်နာရီလောက်ပဲ ကြာတဲ့ခရီးမို့ အမှန်တော့ ဝေးလှတယ်လို့ မဆိုနိုင်ပါဘူး။ ဒါပေမဲ့ လူနေထူထပ်တဲ့ မြို့ပြကနေထွက်လို့ လယ်ကွင်း စိမ်းစိမ်းတွေကြားက မြေနီနီ လမ်းလေး နဘေး ရွှံ့ အိုင်ထဲက ဘုန်းတော်ကြီးကျောင်းကလေးကတော့ ခေါင်လွန်း၊ ဝေးလွန်းလှသလိုပါပဲ။ ဘုန်းကြီးကျောင်းဆိုရင် ကလေးတွေ အတွက် ကစားစရာ မြေကွက်လပ်တော့ ရှိမယ်။ သစ်ပင်ရိပ်အောက်က မြေကွက်လပ် မှာ စာသင်ရရင် စာသင်ခန်းမလိုပါဘူး။ နာမည်ကျော် ဆန်တနိကေတန် ကျောင်းလို သဘာဝ ပတ်ဝန်းကျင်ကို လေ့လာပြီးသားတောင် ရလိမ့်မယ်လို့ ထင်ခဲ့မိတယ်။

ခုတော့ ဘုန်းတော်ကြီးနဲ့ စာသင်သားကိုရင် ငါးပါးလောက် သီတင်းသုံးတဲ့ ဆယ်ပေပတ်လည် ထရံကာ သွပ်မိုး ပျဉ်ခင်း ကျောင်းကလေး နှစ်ဆောင်နဲ့ ကလေးတို့ စုဝေးရာ ပေနှစ်ဆယ်ပတ်လည် ပြတင်းပေါက်မပါတဲ့ မြေစိုက်ထရံကာ စာသင်ကျောင်း အတွက် မြေနေရာကလွဲလို့ ကျန်တာက လယ်ကွင်းပြင်ကြီး ပဲလေ။ သစ်ပင်ကြီး ဆိုလို့ တစ်ပင်တောင် ပေါက်စရာနေရာမရှိတဲ့ ဘုန်းကြီးကျောင်းကို တွေ့လိုက်ရပါတယ်။ အင်း သည်လို ကျောင်းမျိုးကို ရှာဖွေ အလှူ လုပ်နိုင်တဲ့ သူငယ်ချင်းတို့ အုပ်စုကိုပဲ ချီးကျူး မိပါသေးတယ်။

ဆရာတော်ကို ကန်တော့ပြီးတော့ ကလေးတွေရှိတဲ့ စာသင်ခန်းကို လာခဲ့တယ်။ ကလေးတွေကတော့ ချစ်စရာလေးတွေပါ။ တို့နိုင်ငံရဲ့ အနာဂတ်ပန်းကလေးတွေပေါ့။ အားလုံးပဲ အဖြူ အစိမ်းလေးတွေ ၀တ်လို့ တောက်တောက်ပပကြီး မဟုတ်ကြပေမဲ့၊ သိပ်နွမ်းနွမ်းပါးပါးတော့ မတွေ့ရပါဘူး။ သူတို့ကို ကြာဇံကျော်ကျွေးမယ်၊ ပန်းချီတွေလည်းသင်မယ်၊ ကျောင်းကို ဧည့်သည်တွေ လည်း လာတယ်ဆိုတော့ ပျော်ရွှင်တက်ကြွ နေကြတာပေါ့။ ဆရာမလေး နှစ် ယောက်ခမျာ တုတ်တစ်ချောင်းစီ ကိုင်လို့ တဟဲ့ဟဲ့ အော်နေရတာပါပဲ။ အင်း ကျမ တက်ခဲ့တဲ့ သင်တန်းမှာတော့ ကလေးစိတ်ပညာအရ တုတ်မကိုင်ရဘူး ဆိုပဲ။





သည်နေ့က ဧည့်သည်တွေလာလို့ အတန်းဖွဲ့စည်းပုံပြင်ထားသလား။ အရင်ကလည်း သည်လိုပဲလားတော့ မသိဘူး။ တခန်းတည်းသာရှိတဲ့ စာသင်ကျောင်းရဲ့ နံရံ သုံးဘက်မှာ သင်ပုန်း ငါးခုကို ကပ်ထားတယ်။ နံရံတဘက်ကတော့ ၀င်ပေါက်ပေါ့။ အင်း .. သူငယ်တန်းအတွက်က ဟိုသင်ပုန်းဖြစ်မယ်။ သည်ဘက်နံရံက သုံးတန်းနဲ့ လေးတန်းအတွက် ဖြစ်နိုင်တယ်။ သုံးတန်း နဲ့ လေးတန်း အင်္ဂလိပ်စာတွေ သင်ပုန်းပေါ်မှာ ရေးလက်စ တွေ့တယ်။ ဒါဆို ဟိုဘက်နံရံမှာ ပထမတန်းနဲ့ ဒုတိယတန်း ဖြစ်နိုင်တယ်။ ကလေး တစ်ရာကျော် အတန်း ငါးတန်းအတွက် ဆရာမ နှစ်ယောက် ဆိုတော့ အတန်းတွေကို ကြားမှာ ကာမထားတာပဲ အဆင်ပြေမယ် ထင်ပါရဲ့လေ။ ဆရာတော် ရော ကူသင်ပေးသလားမသိဘူး။ သင်မှပဲ ဖြစ်မယ်ထင်တယ်။ ကိုရင်ကြီးတွေ ဦးပဇင်းတွေလည်း ရှိသားပဲ သူတို့လည်း ကူထိန်းပေးမှာပေါ့။

ဟော... ကလေးတွေ ကြာဇံကျော် စားရအောင် တန်းစီပါတဲ့။ ဆရာမက တုတ်တချောင်းကိုင်ရင်း အော်နေတယ်။ တန်းစီ တန်းစီတဲ့။ အင်း အတန်းအလိုက် ကျွေးလိုက်ရင်ကောင်းမယ်။ တန်းစီလို့တင် ပြောနေရင် သူတို့က ဘယ်စီ တတ်မလဲ။

“ကဲ ..ကဲ သူငယ်တန်းတွေအရင် ရှေ့ကိုလာ။ အတန်းကြီးတွေ နောက်မှာနေဦး”
အမလေး... ကျမ ၀င်အော်ပေးမှပဲ ပိုဆိုးသွားပါလား။ ၀ုန်းကနဲဆို သူငယ်တန်းတွေရှေ့ကိုတဲ့ ဆိုပြီး အားလုံးနီးပါး ပြုံတိုးရောက်လာကြတယ်။ နည်းနည်း အသက်ကြီးတဲ့ ကလေးတွေကို ဟဲ့ နင်တို့က သူငယ်တန်းလား ဘာလို့ ရှေ့တိုးနေတာလဲ နောက်မှာ စီလေ လို့ ပြောလိုက်တော့..“ သမီး သူငယ်တန်းပါ။ မယုံရင် ဆရာမကို မေးကြည့်ပါတဲ့”

စိတ်ရှုပ်နေပုံရတဲ့ ဆရာမလေးကလှည့်ကြည့်ရင်း ပြောလိုက်တယ်။
“ဟုတ်တယ် အစ်မရေ သည်ကျောင်းမှာ သူငယ်တန်းကတင် ငါးဆယ်ကျော်တယ်။ အားလုံးနီးပါး သူငယ်တန်းချည်းပဲ” တဲ့လေ။

သြော် ... ဟုတ်မှာပေါ့နော် ။ ဆရာတော် ကျောင်းဖွင့်တယ်ဆိုမှ ကျောင်း စအပ်ရတော့ သူတို့ခမျာ အသက် ၈ နှစ် ၉ နှစ်လည်း သူငယ်တန်းပဲဖြစ်နေတာကိုး။

ဟန်ဆောင်မှု၊ ပြိုင်ဆိုင်မှု ကင်းကင်းနဲ့ စားသောက်နေကြတဲ့ ကလေးတွေကို ငေးကြည့်ရင်း ကျမလည်း ဗိုက်ဆာဆာနဲ့ သူတို့နဲ့အတူ တန်းစီပြီး ကြာဇံကျော်စားလိုက်ပါတယ်။ ပြီးရင် သူတို့လေးတွေကို စာသင်ရင်း ဂိမ်းတွေ ကစားပေးရ ဦးမယ်လေ။


+++++++++++


ပန်းချီဆွဲပြနေတဲ့ ဆရာကြီးနဲ့ အပေးအယူမျှနေတဲ့ ကလေးတွေကို နောက်နားက ကြည့်နေရင်း သဘောကျနေမိပါတယ်။ အရမ်း ထုံထုံ အအ မပြောရဲ မဆိုရဲတဲ့ ကလေးတွေတော့မဟုတ်ပါဘူးနော်။ မေးလိုက်ရင် ဖြေကြတာချည်းပဲ။ ဒါမျိုးမှ ကောင်းတယ်။ အင်း ကိုယ့်အလှည့်မှာတော့ ဘယ်လို လာမလဲမသိဘူး။ အတန်းဘေးနားက တုတ်ကိုင်ရင်း ထိန်းပေးနေတဲ့ ဆရာမလေးကို တိုးတိုးပြောမိတယ်။ အစ်မ သိပ္ပံသင်ခန်းစာ လေး နည်းနည်းသင်ပြပေးချင်တယ်နော် ဆိုတော့ သင်ပါအစ်မ ရပါတယ် တဲ့။

ကဲ ကိုယ့်အလှည့်ရောက်ပါပြီ။ သူငယ်တန်းကနေ လေးတန်းအထိ အားလုံးရောနေတဲ့ သည်ကလေးတွေကို ကြိုတင် ပြင်ဆင်လာခဲ့တဲ့ သင်ခန်းစာ ကို သင်ပြပေးလိုက်ပါတယ်။ ပထမ ငါးမိနစ်လောက်တော့ ဘာ အနှောက်အယှက်မှမရှိ အဆင်ပြေနေသားပင်။ ဟော.. ကလေးတစ်ယောက် ချွေးတွေရွှဲလို့ လိုက်အော်ရလို့ မောပန်းနေတဲ့ မျက်နှာထားလေးနဲ့ လက်ကလေးတစ်ချောင်းထောင်လို့ “ဆရာမ ရေသောက်တဲ့” ။ ကျမ ခေါင်းညိတ်ပြလိုက်ပါသည်။ ကလေးက စာသင်ခန်း အပြင်ဘက်က ရေအိုးစင်ဆီ ထွက်ပြေးသွားသည်။

အရှိန်ရနေတဲ့ စာကိုဆက်သင်မယ်လုပ်တုန်း ....ဟော နောက်တစ်ယောက် လက်ညှိုးလေးထောင်လို့ “ဆရာမ သေးပေါက်” တဲ့ ခေါင်းညိတ်ပြရပြန်တယ်။ မေးခွန်းမေးမယ်လုပ်တုန်း လာပြန်ပြီ လက်တစ်ချောင်းထောင်လို့ “ဆရာမ ရေသောက်”။
ဘုရားရေ ...... လေးငါးယောက်တပြိုင်တည်း စုပြုံပြီး လက်ညှိုးလေးတစ်ချောင်းစီထောင်လို့ ... ။ ကျမ ခေါင်းညိတ် မပြချင်တော့ပါဘူး။ ခေါင်းညိတ်ပြလိုက်မိရင် နောက်ထပ် ထောင်လာဦးမယ့် လက်ညှိုးလေးတွေ အများကြီးကို မြင်နေပါတယ်။ ယောင်နန ငေးရင်း ဘာလုပ်ရမှန်းမသိတဲ့ ကျမအခက်အခဲကို တုတ်ကိုင်ထားတဲ့ ဆရာမလေးက ၀င်ကူလိုက်ပါတယ်။

“ အားလုံး ပြန်ထိုင်ကြ။ တစ်ယောက်မှ မထရဘူး။ ရေလည်းမသောက်ရဘူး။ သေးလည်းမပေါက်ရဘူး။ သွား ပြန်ထိုင်”

အင်း ...တော်ပါသေးရဲ့။ နည်းနည်း ငြိမ်သွားတဲ့ ကလေးတွေကို ကြည့်ရင်း ခုနသင်လက်စ သင်ခန်းစာ ကို ဆက်သင်လိုက် ပါတယ်။ ခဏတော့ အဆင်ပြေသား။ ဟော ... လက်ကလေးထောင်လို့ ချွေးရွှဲနေတဲ့ မျက်နှာနဲ့ ရေသောက်တဲ့.... နောက်တစ်ယောက် ....နောက်နှစ်ယောက်....နောက်သုံးယောက်....လေးယောက်...။

အင်း ခုနလည်း စားသောက် ဆော့ကစားထား၊ စာသင်တော့လည်း အော်ဟစ်ထား၊ ပြတင်းပေါက်မရှိတဲ့ သွပ်မိုးအောက်က စာသင်ခန်းထဲမှာ ချွေးတွေလည်းထွက်ဆိုတော့ ...ရေငတ်မယ်ဆိုလည်း ငတ်မှာပေါ့လေ။ ရေသောက်ချင်နေတဲ့ ကလေးတွေကို ရေမသောက်ခိုင်းပဲ စာသင်ခန်းထဲမှာ ထိုင်ခိုင်းထားတာ တရားပါ့မလား။ လူ့အခွင့်အရေး ချိုးဖောက်ရာ ကျမှာပေါ့နော်။ ဒါပေမဲ့လည်း ဒါ စာသင်ချိန်လေ။ သူတို့ ရေသောက်တိုင်း သေးပေါက်တိုင်းသာ သွားခိုင်းရရင်တော့ တတန်းလုံးအကုန်ထွက်ကြမှာပဲ။ စာသင်ခန်းထဲ ကျောင်းသားတောင် ရှိတော့မယ် မထင်ဘူး။ ကျမကသာ ဘာလုပ်ရမှန်း မသိ စဉ်းစားနေတုန်း သူတို့ ဆရာမက ပြန်ထိုင်ကြစမ်း ဆိုပြီး တုတ်သံ တဗြန်းဗြန်း ပေးပြီး အတန်းထိန်းပေးနေသည်။

ကဲ ..ကဲ... သင်လက်စ သင်ခန်းစာလည်း ဘယ်ရောက်ပြီ မသိ။ စိတ်လည်းမပါတော့။ သူတို့ကို ကဗျာပဲဆိုခိုင်းပြီး သူတို့ ဆရာမ လက်ထဲပဲ အပ်လိုက်တော့မည် စဉ်းစားသည်။ “အားလုံး သစ်စေ့လေးတွေ လုပ်ကြမယ်.... ကိုယ့်နေရာမှာကိုနေပါ။ ဆရာမ လုပ်သလို လိုက်လုပ်ကြပါ။” အင်း သည်လိုတော့လည်း အားလုံးလိုက်လုပ်ကြသည်။ ပျော်ရွှင်စွာ အားရပါးရ အော်ဟစ် သီဆိုကြသည်။ လွတ်လပ်စွာ ကိုယ်ကို လှုပ်ရှား ယိမ်းနွဲ့ကြလေသည်။



++++++++++++


သူငယ်ချင်းကပြောသည်။
“သည်က ဆရာမလေး နှစ်ယောက်ကို နင်တက်ခဲ့တဲ့ သင်တန်းက ကလေးဗဟိုပြု သင်နည်းတို့ ဘာတို့ နည်းနည်း လောက် ပြောပြပေးခဲ့ပါဟာ။ နည်းလေးတွေလည်း ပြပေးခဲ့ပါဦး” တဲ့။

တကယ်တော့ ကျမက အစိုးရ၀န်ထမ်း ဆရာမ မဟုတ်ပါ။ ခေတ်မီ စာသင်ကြားနည်း သင်တန်းတွေကိုတော့ တက်ခဲ့ဖူးသည်။ စာတွေ့လည်း လေ့လာခဲ့သည်။ လက်တွေ့လည်း စနစ်တကျ ပြင်ဆင်ဖွဲ့စည်းထားသည့် စာသင်ခန်းတွေမှာ သင်ထောက်ကူ ပစ္စည်း အစုံအလင်နဲ့ သင်ပြလေ့ကျင့် ခဲ့ဖူးသည်။ ကလေး ၂၅ ယောက် ထက်မပိုတဲ့ စာသင်ခန်းတွေမှာ အုပ်စုဖွဲ့ ကစားနည်း တွေ၊ ကလေးတွေနဲ့ အပြန်အလှန်ဆွေးနွေး ပြောဆို တာတွေ၊ ကလေးတွေရဲ့ ပင်ကိုမူလ စွမ်းရည်တွေ အတွေးအခေါ်တွေကို ပိုမို တောက်ပ လာစေမဲ့ နည်းလမ်း တွေသုံးလို့ သင်ကြားပြသပေးခဲ့ဖူးသည်ပေါ့။ ကလေး စိတ်ပညာ စာအုပ်တွေ၊ ကလေးဖွံ့ဖြိုးမှု စာအုပ် တွေကို လည်း ဖတ်ခဲ့ဖူးသည်ပေါ့။

လက်တွေ့ဘ၀မှာ သူငယ်တန်းကနေ လေးတန်းအထိ ကျောင်းသား တစ်ရာနီးပါးကို ဘာသာစုံ ပြနေရတဲ့ သည်ဆရာမလေး နှစ်ယောက်ကို သုံးလလောက် သင်တန်းတွေတက်ပြီး သိခဲ့တဲ့ ကျမက ဘာတွေများ ပြောပြရမှာပါလိမ့်။ ကလေးတွေကို မရိုက်ပါနဲ့ တုတ်မကိုင်ပါနဲ့လို့ ပြောရမလား။ ဆရာကချည်းသင်မပေးပါနဲ့။ သူတို့ကို ဆွေးနွေးစေပါ။ သူတို့ ပြောတာကို နားထောင်ပေးပါလို့ ပြောရင် ကလေး တစ်ရာရဲ့ ပြောစကားကို နားလေးပေါက်ထဲနဲ့ နားထောင်နိုင်ပါ့မလား။ ကစားနည်းလေးတွေကိုသုံးပြီး ကစားရင်း စာသင်ပါလို့ အကြံပေးရမယ်ဆိုရင်တော့ သင်ထောက်ကူပစ္စည်း သိပ်မလိုတဲ့ ကစားနည်းလေးတွေ ကို စဉ်းစားကြံဆပြီး နည်းပေးခဲ့ရင် ကောင်းမယ် ထင်ပါရဲ့။

“အင်း ဆရာမတို့ရယ် နည်းတွေကတော့ သည်လို သည်လို ရှိပါတယ်။ အဓိက ကတော့ စေတနာ နဲ့ ၀ါသနာ ကို ဗဟိုပြုပြီး ကိုယ့် အခြေအနေနဲ့ ကိုက်ညီတဲ့ သင်နည်းတွေကို ကိုယ်တိုင် စဉ်းစားပြီးတော့ပဲ သင်ကြပါ။ အစိုးရက ပြဌာန်းထားတဲ့ သင်ရိုးညွှန်းတမ်းကိုလည်း ကုန်အောင်သင်ရမှာဆိုတော့ အမြဲတမ်း ကစားနည်းတွေနဲ့ချည်း မသင်ပေးနိုင်တော့ တစ်ပတ်မှာ တစ်ရက်လောက် တော့ ပျော်စရာ စာသင်ခန်းလေး ဖြစ်အောင် သင်ပေးပေါ့ နော်။”

“ဟုတ်ကဲ့ပါ အစ်မရယ်၊ ကျမတို့ကလည်း ဘုန်းတော်ကြီးသင်ကျောင်းက ခန့်ထားတဲ့ဆရာမတွေဆိုပေမဲ့ ခေတ်မီနည်းတွေ နဲ့လည်း သင်ပေးချင်ပါတယ်။ ခုလောက်ပြောပြတာကိုပဲ ကျေးဇူးတင်ပါတယ်။ နောက်ကြုံရင်လည်း သင်တန်းတွေ ဖွင့်ပေးရင် ကျမတို့ တက်ချင်ပါတယ်။ ကျမတို့လည်း ကိုယ့်အရည်အချင်းကို တိုးတက်ချင်တယ်လေ”
“ဟုတ်တာပေါ့ ဆရာမတို့ရယ်။ ဆရာဆိုတာ ဓားသွေးကျောက်တဲ့။ ကျမတော့လက်မခံနိုင်ပါဘူး။ သူတို့ကိုသင်ရင်း ကိုယ်က ဘာလို့ လုံးပါးပါးရမှာလဲ။ သူတို့လည်း ထက်မြက်၊ ကိုယ်လည်း တိုးတက်ရမှာပေါ့။”

ကျမက ကျမထင်မြင်ချက်တွေကို ဆက်ပြီး ပြောပြန်သည်။

“ နောက်ပြီး ..... ဆရာမတို့ ရဲ့ ကလေးတွေကို ဘွဲ့ရ ပညာတတ်ကြီးတွေ ဖြစ်စေရမယ်လို့ ကြုံးဝါးစရာမလိုပါဘူး။ ဘွဲ့မရလည်း အကောင်းအဆိုးကို ခွဲခြားသိတဲ့ ကလေးတွေ ဖြစ်အောင်၊ လောကကို အကျိုးပြုနိုင်တဲ့ လူတွေ ဖြစ်လာဖို့ပဲ လိုတာပါ။ မိဘတွေက ကိုယ့်သားသမီးကို ဘွဲ့ရအောင် သင်ပေးနိုင်မှ တာဝန်ကျေတယ် ထင်နေကြတာ။ အသက် မွေးဝမ်းကျောင်း ပညာရပ်တွေ သင်ပေးဖို့ လိုတာကို မေ့နေကြတယ်”

“ အစ်မရေ ... သည်ပတ်ဝန်းကျင်က မိဘတွေကတော့ အဲလိုမဟုတ်ပါဘူး။ သူတို့က ဘွဲ့ရပြီးလည်း ထမင်းငတ်တာပဲ။ ဘွဲ့ရတာ အထင်ကြီးဖို့မရှိဘူးတဲ့။ သူတို့ ကျောင်ပို့တာက အိမ်မှာ ထိန်းရသက်သာအောင် ကျောင်းပို့နေတာ အစ်မရေ။ ခိုင်းလို့ရတဲ့ အရွယ်ရောက်ရင် ကျောင်းဆက်မထားတော့ဘူး။ ခုလည်း တချို့ဆို ဆရာတော်က အတင်း ကျောင်းထားခိုင်းလို့ ပိုက်ဆံလည်းမကုန်လို့ ထားနေတာ”

“ ဟုတ်လား။ အင်း ... ဘာပဲဖြစ်ဖြစ်ပေါ့လေ သည်ကလေးတွေ ကျောင်းမှာ ရှိနေသမျှတော့ သူတို့ကို စာတတ်အောင် သင်ပေးနိုင်သေးတာပေါ့။ ဆရာမတို့ စိတ်ဓာတ်မကျပါနဲ့။ စေတနာက အကျိုးပေးမှာပါ။”

သူငယ်ချင်းက ၀င်ပြီး အရွှန်းဖောက်သည်။

“ဆရာမရယ် ကိုယ်က ကလေးတွေသင်ပေးတာပဲ။ လူကြီးတွေကို သင်ပေးတာမှ မဟုတ်တာ။ လူကြီးဆိုတာမျိုးက သင်လို့မရတော့ဘူး လွှတ်ထားလိုက်တော့”

ဆရာမလေးက သဘောကျစွာရယ်မောရင်း ပြောလိုက်သည်။
“ဟင်း ..ဟင်း.... ဟုတ်ပါတယ်။ စိတ်ဓါတ်လည်း မကျပါဘူး။ ကိုယ့်တာဝန်ကျေဖို့ပဲ ဂရုစိုက်ပါတယ်”

ဆရာမလေးကို စိတ်ဓါတ်မကျဖို့ အားပေးသော ကျမကိုယ်တိုင်ကတော့ မရယ်နိုင်ပဲ မောရင်း.....
အင်း .... ငါရော ကိုယ့်တာဝန်ကျေရဲ့လား...

ပြင်ဆင်လာခဲ့တဲ့ သင်ခန်းစာလေးတစ်ခုကိုတောင် ပြီးအောင် မသင်ပေးနိုင်ခဲ့တဲ့ ကျမကရော ....တာဝန်ကျေပါရဲ့လား...
ကျမ နားထဲ မှာတော့.. ကလေး တွေ ရဲ့ အသံလေး တွေ စီညံ နေ ပါသေးသည်။


လေငြိမ်ငြိမ် ...သစ်ပင်ကြီး ငြိမ်
လေပြင်းတိုက်တော့ ဘယ်လိုဖြစ်တယ်...ဟောဒီလိုဖြစ်တယ်
လေပြင်းတိုက်တော့ ဘယ်လိုဖြစ်တယ်...ဟောဒီလိုဖြစ်တယ်
အရှေ့ကတိုက်တော့ အနောက်ကိုယိမ်းတယ်
အနောက်က တိုက်တော့ အရှေ့ကိုယိမ်းတယ်
ညာဘက်ကတိုက်တော့ ဘယ်ဘက်ကိုယိမ်းတယ်
ဘယ်ဘက်ကတိုက်တော့ ညာဘက်ကိုယိမ်းတယ်
လေငြိမ်ငြိမ် သစ်ပင်ကြီးငြိမ်...

◦
Share/Bookmark