ကြယ်ကြွေတာ ကင်ဆာတဲ့လား . . .

ကြယ်ကြွေတာ ကင်ဆာတဲ့လား . . .
နာနာကျင်ကျင် အဲဒီ စကားလေး တခွန်း ဟာ ၊ အ၀န်း အ၀ိုင်း တခု အတွင်းမှာ ၊ အတော်လေး ရိုက်ခတ် မြည်ဟိန်း ခဲ့ ဖူးတယ်။
ကိုယ်တိုင်က အဲ့ဒီ အ၀န်းအ၀ိုင်း ရဲ့  ၊ မနီး မဝေး မှာ ကြီးပြင်းရင်း ၊ သတင်း ၀ရင်း တွေ ကို အမြဲ ကြားနေ ခဲ့ ရသူ ဆို တော့ ၊ အဲ့ဒီ ကြယ်ကြွေ တဲ့ သတင်းကြီးကိုပါ ၊ မှတ်မှတ် ထင်ထင် ရှိနေခဲ့တယ်ပေါ့ ။ ဆယ်တန်းအောင်ပြီး နယ်မှာပဲ သောင်တင် ကျောင်းတွေ က မဖွင့်၊  ညဖက်ဆို မီးတွေ ပြတ် ၊ အိမ်ရှေ့  မှာ ကားရပ်သံလား နားစွင့် နေ ကြ ရတဲ့ ၊  အချိန်ကာလ တခုမှာ ၊ ဖယောင်းတိုင် အလင်းရောင် နဲ့  ရေဒီယို တလုံးဆီမှာ အာရုံတွေ စုရုန်း ညိမ်သက် တတ်ကြ ရင်း ၊ ကြယ်တွေ ကြွေတဲ့ သတင်းတွေ ၊  စ ပြီး ကြား ရ တော့တာပဲ ။
ပထမ ဆုံး အနေနဲ့ ၊   ၈၈  အလုပ်သမား ခေါင်းဆောင် ဖြစ်ခဲ့တဲ့ ၊ အဖွဲ့ ချုပ်ရဲ့  အမာခံ တယောက် ဖြစ်တဲ့ ဦးမောင်ကို ၊ အညှင်းပန်း အနှိပ်စက် ခံ ရင်း ထောင်ထဲမှာ သေဆုံးသွားပြီ ဆိုတဲ့ သတင်းဆိုး ကို ၊ ကြားရတယ်။  ဖခင် ဖြစ်သူ ရဲ့ ၊
မျက်နှာဟာ ၊ စိုးရိမ်မူ တမျိုး နဲ့ ၊ လေးနက် လို့ လာနေ ပေမဲ့ ၊   ကိုယ်ရောက်နေတဲ့ ခေတ်အခြေအနေ အလားအလာ
တွေကို ၊ ဂ ဃ နဏ မမှန်းဆ တတ်သေးတဲ့ ၊ ဆယ်ကျော်သက် တယောက် အနေနဲ့ တော့ ၊ ညတိုင်း နားထောင်နေ ရတဲ့ ၊ မကောင်းသတင်းတွေထဲက ၊ သတင်းဆိုး တပုဒ် အတွက် ဆို့ နင့် တတ်ဖို့ပဲ သိခဲ့တယ် ။
အဲဒီ အချိန်က ရွေးကောက်ပွဲ ကြီး ကို ၊ အောင်ပွဲ ခံ ပြီးသွား လို့ ၊  ဂန္ဓီ ခမ်းမ အစည်းအဝေး နဲ့ ဖခင် ဖြစ်သူလည်း အလုပ်တွေ ရှုပ်နေချိန် ။ နိုင်ငံရေး အခြေအနေ တွေက ၊ ရှုပ်ရှုပ်ထွေးထွေး ။ အိမ်မှာလည်း ဧည့်သည်တွေ ပြတ်တယ် မရှိ ။  ဦးမောင်ကို ရဲ့ သတင်းဆိုး အပြီး ၊ သိပ်မကြာ ဘူး။ ခရမ်း လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဝင်း  ထောင်ထဲမှာ သေ သွားပြန်ပြီ တဲ့ ။ ရေဒီိယို ကို ပိတ်လိုက်ချိန်မှာ ၊ ဖေဖေ့ တောက်ခေါက်သံ ဟာ ကျယ်လောင် လှ တယ်။  ကျောင်းသား သမဂ္ဂ ရဲ့  ၊ ဆဲဗင်း ဂျုလိုင်  ရဲဘော် တယောက်တော့ ကျ ဆုံးပြန် ပြီ တဲ့ ။ အဲဒီ ကတည်းက ခရမ်းဦးတင်မောင်ဝင်း ဆိုတဲ့ ပုဂ္ဂိုလ်တယောက် ကို စိတ်ထဲ စွဲ နေခဲ့တယ် ။ ပိုပြီး စွဲ ရတာက ၊ သူ့ အိမ်ထောင်ဖက် ဟာ ၊ ငွေတာရီ မဂ္ဂဇင်းတွေထဲမှာ ၊ နှစ်နှစ်သက်သက် ဖတ်ခဲ့ရတဲ့ စာရေးဆရာမ ခင်လှိုင်ကြူ  ဖြစ်နေတာ လည်း တချက် ၊ နောက်ပြီး အဲ့ဒီတုန်းက  တဆည ပါတီက ၀င်ပြိုင်တဲ့ သူ့ အကိုအရင်း ဖြစ်သူ နဲ့  ခရမ်းတမြို့ နယ် တည်းမှာ ၊ မဲဆန္ဒနယ် တခု တည်းကနေ ၊ 
ယှဉ်ပြိုင်ခဲ့တယ် ဆိုတဲ့ စိတ်ဝင်စား စရာ ပြောစကားတွေ ကိုလည်း ကြားဖူး ထားတာ လည်း တချက်ပေါ့ ။
မဲလိုက် မှောင်လိုက် ၊ ရွာလိုက် ချူန်းလိုက် ၊ ကြမ်းလိုက် ထန် လိုက် ရာသီဥတု တွေ နဲ့ ပဲ ၊ နှစ်များစွာကို ကျော်ဖြတ် လာခဲ့ပြီး သကာလ ၊ အခုလို   စာအုပ်တွေ လွတ်လွတ်လပ်လပ် ထုတ်ဝေ လို့ ရ လာတဲ့ နိုင်ငံရေး နေသာသာ မှာ ၊  
ဇနီးဖြစ်သူ ဆရာမ ခင်လှိုင်ကြူ ရဲ့ “လွမ်းလေသမျှ” ဆိုတဲ့ စာအုပ်ကလေး ထွက်လာတယ် ဆိုတော့  ဖတ်ချင် နေမိရော ။ အဆင်ပြေချင်တော့ ဖေ့စ်ဘွတ်က နေ တဆင့် မိတ်ဖွဲ့ သိကျွမ်းခဲ့ ရတဲ့ ၊ သူတို့ ရဲ့ သမီး ဖြစ်သူ ၀တ်မှုံ ကြောင့် ၊  
စာအုပ်ကလေး ကို ၊ အန်တီကြူ ကိုယ်တိုင် လက်မှတ်ထိုး ပေးတာလေးကို ရ ခဲ့ တယ်။



လက်ထဲ ရောက်နေတဲ့ စာအုပ်ကလေးကို မှတ်မှတ်ရရ ၊ ဆဲဗင်းဂျုလိုင် နေ့ မှာ အသေအချာ စဖတ်ဖြစ်တယ်။ ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂကြီးကို ၊ အင်မတန် တွယ်တာ လေးမြတ် ကြတဲ့ ၊ ကျောင်းသား မျိုးဆက် တခု ဟာ ၊ ၁၉ ၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့  … အတိအကျ ပြောရရင်  ၈ ရက်နေ့ မှာ ၊ မျက်ရည် ဖြိုင်ဖြိုင် ကျကြတယ် ဆိုတဲ့  အကြောင်းတွေ ကို ၊ ငယ်ငယ်တည်းက ယဉ်ပါး ကြားဖူး နေခဲ့ ပေမဲ့ ၊  ဒီ စာအုပ်ဖတ် တော့ ထပ်ပြီး  ခေါင်းတညိတ်ညိတ် ဖြစ် ရပြန် တယ်။ ဖြို ဖျက် ဖောက်ခွဲ ခံ လိုက်ရတယ် ဆိုတဲ့ ၊ သမဂ္ဂ အဆောက်အဦ ကြီးကို ၊ သူတို့ တွေ ဘာလို့ များ  အဲဒီလောက် သံယောဇဉ် ကြီးရတာလည်း လို့  ၊ နောက်မျိုးဆက် တခုထဲက နေ ၊ ပြန်လှည့် ကြည့်ပြီး ၊ အံ့သြ ရ တယ်။ တကယ်တော့ ရုပ်ပိုင်းဆိုင်ရာ အဆောက်အဦ တခု ဆိုတာထက် ၊ ကိုလိုနီ နယ်ချဲ့ လွတ်မြောက်ရေး တိုက်ပွဲ ကတည်းက ၊ ရှင်သန် နိုးကြား နေ ခဲ့တဲ့ ၊  ကျောင်းသား နိုင်ငံရေး  ဆိုတဲ့ ၊ စိတ်ဓါတ် အဆောက်အဦ ကြီးကို ၊ ထိုးခွဲ 
 ခြေမွ ပစ်လိုက်တာ ကိုး ။ အဲဒီကတည်းက ၊ စစ်တပ် နဲ့  ပြည်သူ ကြားက စည်း  ကလည်း ၊ ထူထဲ မဲနက် သွားခဲ့ပြီး ၊ အက်ကြောင်းတွေ လိုက် လာခဲ့ တော့တာ  ပဲလေ။
သမဂ္ဂ အဆောက်အဦ ကြီး ရဲ့  အပိုင်းအစ တွေ တစစီ လွင့်စင် သွားခဲ့သလို မျိုး ၊ ဆဲဗင်းဂျုလိုင် ၀ိညဉ် စိတ်ဓါတ် တွေ လည်း ၊ တနေရာစီ တနယ်အဝေးတွေ ဆီ လွင့်စင် သွားလိုက်ကြတာ နှစ်ပေါင်း နှစ်ဆယ် အစိတ် ။ ဒီကြားထဲမှာ 
အကြိမ်ကြိမ် ကုန်းရုန်းထ ကြတဲ့ အခါတိုင်းပဲ ၊ အကြိမ်ကြိမ်ပဲ ဖြိုခွဲ ခံ ရ ပြန် ။  ဒါပေမဲ့ အချိန်တန်လို့   နိုင်ငံရေး နာရီ 
လက်တံ ကြီးက ၊ ညွှန်ပြ လာတဲ့ အခါ မှာ ၊ တတိုင်းတပြည်လုံးက ၊ လက်သီး လက်မောင်း တွေ နဲ့ အတူ ၊ ပိုပြီး 
ရင့်ကျက် တဲ့ အသွင်သဏ္ဍန်တွေ နဲ့ ၊ ပိုပြီး လေးနက် တဲ့ ခံယူချက်တွေ နဲ့ ၊ သူတို့ မျိုးဆက်တွေကိုပါ အပါခေါ်ပြီး  မြန်မာ့ နိုင်ငံရေး အခင်းအကျင်း ထဲကို  ပြန်လည် ၀င်ရောက် လာခဲ့ ကြ တယ်။
ဒီ စာအုပ် ထဲ မှာလည်း ၊  မိဘ လက်ငုတ် လက်ရင်း ၊ ဆန်စက်လုပ်ငန်း ကို ပြန်ပြီး ဦးစီး လုပ်ဆောင် နေခဲ့တဲ့ ၊ ဦးတင်မောင်ဝင်း ဟာ ၊ နှစ်ပေါင်း နှစ်ဆယ် လောက် အတွင်းမှာ ၊ သူ့ ရဲ့  နဂိုမူလ  ယုံကြည် ရပ်တည်ချက် တွေအတိုင်း နေထိုင် ခဲ့ရင်း ၊ သူ့ အလုပ်သမားတွေ ရဲ့  လေးစား အားကိုးမူ ၊ သူ့ မြို့သူ မြို့သား တွေ ရဲ့ ၊ ယုံကြည် အပ်နှင်းမူ ကို ရယူ နိုင်ခဲ့တယ် ။  ရှစ်ဆယ့်ရှစ် အလွန်  ပထမဆုံး အကြိမ် ရွေးကောက်ပွဲ ကြီး မှာ ၊ ခရမ်းမြို့ ရဲ့  လွှတ်တော် ကိုယ်စားလှယ် 
အဖြစ် ၊ အကိုအရင်း ဖြစ်သူ  ဗိုလ်မှူးဟောင်း ဦးဇော်ဝင်း နဲ့  ယှဉ်ပြီး ၊ အနိုင် ရ ခဲ့တယ်။ မဲဆန္ဒနယ် မတူအောင် ပြိုင်ရင် လည်း ရပါရက် နဲ့ ၊ အကိုကြီးဖြစ်သူ ကလည်း ဒီမြို့မှာ လူရိုသေတဲ့  မဲရ နိုင်တဲ့ လူ ကြီး တယောက် ဖြစ်နေတာကြောင့် ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အကျိုး အတွက် ၊ တမင်ကိုပဲ ၊ ကျေးဇူးရှင် အကိုကြီးကို ၊ အတိုက်အခံ ပြု ပြီး   ၊ ယှဉ်ပြိုင် ခဲ့ ရတယ် လို့ ဆိုတယ် ။  တကယ်လို့များ မြန်မာပြည် ဒီမိုကရေစီ ရရှိဖို့  အရိုးတွေ တောင်လိုပုံမယ် ဆိုရင် ၊  အရိုး
တောင်ပုံ ရဲ့  အောက်ဆုံးမှာ ကျွန်တော့ အရိုး ရှိရပါစေမယ် . . . ဆိုတဲ့ မဲဆွယ် မိန့်ခွန်းဟာ ၊ သူ့ ရဲ့ အနာဂါတ်ကို နမိတ်
ဖတ် နေခဲ့သလို ၊ သူ့ ရဲ့ ပိုင်းဖြတ်မူ ကိုလည်း ၊ ရဲရင့် စေ ခဲ့တယ်။
အဲ့ဒီ အချိန်  ရှစ်ဆယ့် ရှစ် ကာလ အလွန် မှာ ၊ အိမ်ကို အလည်မဟုတ်ပဲ ရောက်လာခဲ့တဲ့ ၊ မီးခိုးရောင် အကျီ င်္ နဲ့ 
လူကြီး တယောက်ကိုလည်း  ခုထိ မျက်စိ ထဲက မထွက် ခဲ့ဘူး ။ သူ့ ဆံပင် တွေက ၊ အကျီ င်္ အရောင်ထက် ပိုပြီး ၊ မီးခိုးရောင်မှာ အဖြူ တွေ ခပ်များများ စွက်နေတယ်။ ကော်ကိုင်းမျက်မှန် အမဲ ရောင် အောက်က ၊ မျက်လုံးတွေ ကလည်း ၊ မီးခိုးရောင် မှိုင်းနေသလိုပဲ ။  တက္ကသိုလ်မှာ တုန်းက ၊ ကျောင်းသားနိုင်ငံရေး အတူ လုပ်ခဲ့ ကြတဲ့ ၊  ဖေဖေ့ သူငယ်ချင်း  ဦးညိုဝင်း က ၊ သူတို့ ထောင်မဲ့ ပီသုံးလုံး ပါတီ အတွက် ၊ နယ်တွေ ဆင်းပြီး ဖေဖေ့ကို လာခေါ်တာ တဲ့ ။ ဒါပေမဲ့ ၊ ဖေဖေ က ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်မှာ ပဲ ၊ ဒေါ်အောင်ဆန်းစုကြည် ရဲ့  ခေါင်းဆောင်မူ ကို နာခံ ဖို့ ၊ ဆုံးဖြတ် ထားခဲ့ပြီး ဖြစ်နေတာကြောင့် ၊  လက်စွဲ နှုတ်ဆက်ပြီး ပြန်သွားတဲ့ ၊ အဲဒီ မီးခိုးရောင် မှိုင်မှိုင်း လူကြီးကို ၊ စိတ်ထဲမှာ ဘာလို့လဲ မသိ ၊ သနား နေ မိ ခဲ့ တယ်။ သူများကို မသနား ရ ဘူးလို့ ၊ ငယ်ငယ်တည်းက ၊ ဖေဖေက  ခပ်နာနာ သွန်သင်လေ့ကျင့် ပေးခံ ခဲ့ ရပေမဲ့ ၊ ရင်ထဲက သနား တာကိုတော့ သနားတယ် လို့ ပဲ ပြောရတော့မယ် ။
တကယ်တော့ အဲဒီ အချိန် ၊ ၉ ၀ ရွေးကောက်ပွဲ အတွက် ၊ ပါတီ တွေ အပြိုင်းအရိုင်း ထောင်ကြ တဲ့ အချိန် မှာ ၊ ပီသုံးလုံး ပါတီ ဟာလည်း ၊ ဦးညိုဝင်း ၊ ဦးခင်မောင်မြင့် ( တေးသံရှင် ကိုသန်းလှိုင် အကို ) ၊ ဦးလှရွှေ ( တကသ ဥက္ကဌဟောင်း )  တို့ လို  ဒေါင်ဒေါင်မြည် ဂျုလိုင်ဝိညဉ် တွေ ရဲ့  နာမယ်တွေ နဲ့ အတူ ၊ သီးသန့် ပါတီ တခု ဖြစ်လာခဲ့တယ်။ မကြာပါဘူး ၊ အဖွဲ့ ချုပ် လို  ဒီရေမြင့် အောင်ပွဲ ရ ထား တဲ့  ပါတီ တခု ကိုတောင်၊ အလေးမထား တဲ့ ၊ စစ်အစိုးရ ဟာ ၊   ဒေါင်ဒေါင်မြည် တွေကို ၊ အကျဉ်းထောင်တွေထဲ ၊ ဆွဲ ထဲ့ တော့တာပေါ့ ။  အမှောင်ထဲက အမှောင်ဆုံး အချိန်တွေ လို့ပဲ ပြောရ မလား ။ ထောင်ဝင်စာ  ကောင်းကောင်း မရ ၊ စစ်ကြောရေး ပဲ ကောင်းကောင်းကိုင် တဲ့ ၊  စစ် ထောက်လှမ်းရေး အာဏာစက် အောက် မှာ ၊ ကြယ်တွေ တပွင့် ပြီး တပွင့် ကြွေ တော့တယ်။ ကိုယ့်ကိုကိုယ် သတ်သေတယ်တဲ့ ။ ကင်ဆာ တဲ့ ။ ရောဂါကုမရ တော့ တဲ့ ။ စုံလို့ပါပဲ ။ အချိန် အစဉ်လိုက်တွေ သေချာ မမှတ်မိတော့ပေမဲ့ ၊ အဲဒီ အမှောင်ဆုံး အချိန်မှာ ကြွေခဲ့တဲ့ လူတွေကို မှတ်မိသလောက် ဆိုရင် - ဦးမောင်ကို ၊ ဦးတင်မောင်ဝင်း ၊ ဦးညိုဝင်း ၊ ဦးခင်မောင်မြင့် ၊ ပထ၀ီ တင်သိန်းမောင် ၊ ဗိသုကာ ဦးကျော်မင်း ၊မုံရွာ ဦးတင်ရွှေ ၊ ဦးအောင်မေသု ၊ ဦးလှသန်း ၊ စာရေးဆရာ မောင်သော်က ( ဦးဘသော်) ။

နိုင်ငံရေးသမားများ ၏ နောက်ဆုံးနေ့ မြင်ကွင်းများ - လေးကိုတင်

အိမ်မှာ ရှိတဲ့ ၊  ဖေဖေ့ ရဲ့  ကျောင်းသား သမဂ္ဂရှေ့က အုပ်စု ဓါတ်ပုံလေး ထဲက ၊ တချို့ နာမယ်လေးတွေ ရဲ့  နောက်မှာ ကွင်းစ ကွင်းပိတ် နဲ့ ( တောတွင်းကျဆုံး )  ဆိုတာလေး တွေ မြင်တိုင်း  စိတ်ထဲ နင့်နင့် နဲနဲ ခံစားရမြဲ ။  ဓါတ်ပုံထဲ မှာ အားလုံးဟာ နုတ်ခမ်းပါးတွေကို တင်းတင်းစေ့ လို့  သပ်သပ်ရပ်ရပ် နုနုနယ်နယ် ။ ဒီလို အရွယ်ကောင်း ပညာတတ် လူငယ်လေးတွေ ၊ တောတွင်းမှာ ကျဆုံး ရတဲ့ ၊  တရားခံ က ဘာလဲ ဆိုတာ တွေးလေ အဖြေမထွက်လေ ဖြစ်ခဲ့ရတယ် ။ ခုတော့ - တောတွင်း တင် မက ၊ ထောင်တွင်း ပါ ကျဆုံး ရ တဲ့ ၊ သူ့ မိတ်ဆွေ အရွယ်ကောင်းကြီး တွေ  အတွက် ၊ စိတ်မကောင်း ဖြစ်နေတဲ့ ဖေဖေ့ကို ၊ ဘာမှ ထပ်မမေးမိအောင်ပဲ နေ ရတယ် ။ ဦးညိုဝင်း  သတင်း ကြားတဲ့ ည က ဆို ၊ 
ဖေဖေ ဟာ ၊ တညလုံး မအိပ်ပဲ ဆေးလိပ် ထိုင်သောက်နေခဲ့တာ ကို ၊ မှတ်မိနေတယ်။
အခု ၊ လွမ်းလေသမျှ ကို ဖတ်တော့ ၊   အဲဒီ မိသားစု တွေထဲက ၊ မိသားတစု ရဲ့  ခံစားချက် တွေကို နင့်နင့်နဲနဲ အတွင်းကျကျ မြင်ရလေတယ် ။ အဲဒီ အချိန်က အကျဉ်းကျခံ နိုင်ငံရေး သမား တွေ ရဲ့ မိသားစု  ဘ၀ တွေဟာ ၊ ဘယ်လောက် ခက်ခဲ ခဲ့မယ် ဆိုတာ ၊ မှန်းဆကြည့်လို့ တောင် ရ နေမှတော့ ၊ ကာယကံ ရှင်တွေ အတွက် တော့  စာဖွဲ့ လို့ လည်း 
 ပြည့်စုံ လိမ့် မည် မဟုတ်တော့ ။ ဆရာမ ခင်လှိုင်ကြူ ကလည်း ၊ ဒီ စာအုပ်ကို ရေး ဖို့ ၊ သူ့ အတွက်  အရမ်းကို စိတ်ပင်ပန်းစွာ အားထုပ် ခဲ့ ရ တယ်လို့  ဆို တယ်။  အိမ်ကနေ ခေါ်သွားပြီး ၊ ဘယ်ရောက်လို့ ရောက်နေမှန်းမသိ ၊ ဘာသတင်းမှ မကြားရ ။  ကြားရပြန်တော့ ၊ နေမကောင်းဖြစ်နေတဲ့ ဆေးဝယ်ခိုင်းတဲ့  စာရွက်ကလေး တရွက် သာ ။ လိုအပ်တဲ့ ဆေးဝါးတွေကို  ပေးလိုက်ရပေမဲ့ လည်း ၊  ကာယကံ ရှင် လက်ထဲ ရောက်လား မရောက်လား မသေချာ ။  နောက်ဆုံး  ရနိုင်မဲ့ အကူအညီ တွေ မျိုးစုံ တောင်းပြီး ၊ ခင်ပွန်းသည် ရှိနိုင်မဲ့ ၊ အကျဉ်းထောင်ကြီး ဆီ ၊ အမောတကော . . . ဇော တွေ နဲ့  ရောက် ပြီး စောင့်ဆိုင်း နေတဲ့ အချိန် မှာ ၊  ကြားလိုက် ရ တဲ့ သတင်းက ၊ မနေ့ ကပဲ ဆုံးသွားပြီ မို့ ၊ ရေခဲတိုက် ကို လိုက်ခဲ့ဖို့ - တဲ့ ။  အိမ်က အကောင်းအတိုင်း ထွက်သွားပြီး ၊ နှစ်လ ဆိုတဲ့ အချိန်လေး အတွင်းမှာ ၊  ပိန်ချုံး နေတဲ့ 
ခင်ပွန်းသည်ကို ၊ ခေါင်းတလား ထဲ မှာ ၊ ပြန် တွေ့ ရ တဲ့ ၊ ဇနီးသည် တယောက် ရဲ့ ၊ ခံစားချက် ။  နာရေး ကြော်ငြာ ထဲ့ပုံ ထဲ့ နည်းက အစ ၊ ဈာပန အစီအစဉ် မကျန်  ၊ အုတ်ဂူမှာ  နာမယ်ထွင်းထု တာ အဆုံး ၊ ထိန်းချုပ် ကန့်သတ် ခံ ခဲ့ ရတဲ့ ၊ မိသားတစု ရဲ့ ၊ နာကြင် မျိုသိပ်ခဲ့ ရ မူတွေ ။   ထောင်အရာရှိ တွေ က ၊ ကင်ဆာ ကြောင့် သေတာ လို့ ဆိုသည်။ သူမ ရဲ့ ခင်ပွန်းသည် ဆီကို နှစ်လ အတွင်း ရောက်လာခဲ့တဲ့ သူမ ဘယ်တုန်းကမှ မသိ ခဲ့တဲ့ ကင်ဆာ ဆိုတာကြီးကို ၊ နာကျင်လှစွာ ရွတ်ဆိုခဲ့တဲ့ သူမ ရဲ့ နောက်ဆုံး နှုတ်ဆက် စကား လေး က ၊ 
ကြယ်ကြွေတာ ကင်ဆာတဲ့လား ... ကင်ဆာ ကျဆုံးပါစေ .... တဲ့ ။
အထူးသဖြင့် ၊ ဆယ်တန်း စာမေးပွဲ ဖြေဖို့ ၃ လ ပဲ လိုတော့တဲ့ ၊ သမီးကြီး ဖြစ်သူ ရဲ့ ၊ စိတ် အနာတရ တွေကို ၊ အရွယ်တူ ခြင်း ၊ သူ့နေရာမှာ ၀င်ပြီး ကိုယ်ချင်းစာ ကြည့်ယုံ နဲ့ တင် ၊ ခက်ခဲ ပင်ပန်း လှ ပြီ ။  ထောင်အရာရှိ တွေ အားလုံး ရှေ့ မှာ ၊ နံရံ ပေါ်က ၊ ဦးနေ၀င်းကြီး ရဲ့  ဓါတ်ပုံကြီး ကို ၊ လက်ညှိး ထိုးပြီး ၊ ဒီလူကြီးကြောင့် ကျမ အဖေ သေတာ လို့ ၊ 
 ပေါက်ကွဲ အော်ဟစ် ငိုယို ခဲ့တဲ့ ၊ ၁၅-၁၆ နှစ်  အရွယ် ကလေးမ လေး တယောက် နဲ့ အတူ လိုက်ပြီး ကြေကွဲ တုန်လှုပ်လို့ ။ စိတ်ဒုက္ခ ခံစားနေရ တဲ့ မိခင်ကို ၊ ဖေးမ အားပေး နိုင်ခဲ့တဲ့ ၊ ဆယ်ကျော်သက် မိန်းကလေး တယောက် ရဲ့ ၊ စွမ်းရည်ကို လည်း  မအံ့သြ ပဲ မနေနိုင် ။  ဒါတောင် ဆယ်တန်းကို ဂုဏ်ထူး ၅ ခု နဲ့ အောင် အောင် ဖြေပြ နိုင်ခဲ့တဲ့ ၊ ၀တ်မှုန် ကို ၊ ကျိတ်ပြီး ချီးကျူး နေမိတယ်။
ဆရာကြီးတင်မိုး ရဲ့  ဦးတင်မောင်ဝင်း အတွက် ဂုဏ်ပြု ကဗျာလေး ထဲက  “ လွမ်းလေသမျှ” ဆိုတဲ့ စာသားကလေး ကို ယူထားတာ နဲ့  လိုက်ဖတ်အောင်ပဲ ၊ ဆရာမ ခင်လှိုင်ကြူ ရဲ့ ၊  ခံစားချက်တွေ ဟာ  ၊ နာကျင်မူတွေကြားထဲကနေ ၊ အတိတ်လှလှ လေးတွေ ကိုလည်း ၊ ပြန်ပြောင်း ရောယှက် လွမ်းဆွတ် ထားလေတယ်။  ဆရာမ ရဲ့ ၊ မေတ္တာ ဖွဲ့  ၀တ္တုလေး တွေကို ၊ ပြန်ပြီး သတိရ စေ တဲ့ ၊ အပိုင်းတွေ လို့ပဲ ပြောရမယ်။
စာအုပ်ရဲ့ မျက်နှာဖုံးက ၊ ပန်းချီ ရွှေစိုးဟန် ရဲ့ ၊ လက်ရာ ဦးတင်မောင်ဝင်း ပုံတူ ကို ၊ စာအုပ်ဖတ်ကာစ က ၊ အမူမဲ့ 
အမှတ်မဲ့ ပေမဲ့ ၊ ဒီပုံတူ ဟာ ၊ ဦးတင်မောင်ဝင်း သက်ရှိ ထင်ရှား ရှိစဉ်ကတည်း ၊ ခင်မင်လေးစားမူ နဲ့ အမှတ်တရ  ဆွဲပေးခဲ့တဲ့ ၊ အဓိပ္ဗါယ် ဖွင့်ဆို မထားတဲ့  ပုံလို့ ဆိုတာကြောင့် ၊ စာအုပ် ဖတ်အပြီးမှာ ၊ အသေအချာ ပြန်ကြည့် ဖြစ်တယ်။ ပြောသလိုပဲ ၊ အစက်အပြောက်တွေ နဲ့ ပုံဖော် ထားတဲ့ ၊ ဦးတင်မောင်ဝင်း ရဲ့ ၊ နှုတ်ခမ်းပါးပါး တွေ ထဲမှာ ၊ အတိတ် သမိုင်းရဲ့ သက်သေ တချို့ကို  ၊ မြင်ရတယ်။ တစွန်းတစ ပဲ ဆွဲထားတဲ့ ကြယ်ဝါ၀ါ ကြီး ထဲမှာ ၊ အနာဂါတ် ရဲ့  မသေချာမူ တွေက ၊ ကွက်လပ် ဖြစ်နေ သေးတယ်။
ဒီ စာအုပ်လေး အကြောင်းကို ၊ တခုခု ရေးမယ် လို့ ၊ စ ထားပြီး ၊ ချက်ခြင်း အဆုံး မသတ် နိုင် ခဲ့ဘူး ။ အခု လို ၊ သမိုင်း နာရီ လက်တံ ကြီး ၊ နောက်တပတ် ထပ်တရစ် တိုး ပြန်လို့ ၊  မြန်မာ့ ဒီမိုကရေစီ ရွေးကောက်ပွဲ ကြီး နောက်တခု 
လည်း ၊ အသစ်တဖန် ပြန်စ တော့မယ် ဆိုတဲ့ အချိန် မှာ ၊  အတိတ်က နာကျင်စရာ သမိုင်းတွေကို ၊ အဆုံးသတ် ရ တော့မလား လို့ ၊  တွေဝေ နေလျက်က ၊ ဒီ စာလေးကို လည်း အဆုံးသတ် ဖြစ်တော့တယ် ။  
တံတားကြီး  အောက် ကတော့ ၊  ရေတွေ စီးသွား ခဲ့ ပါပြီ ။ ကမ်းနဖူးက  စိမ်းမြ ရွက်သစ်တွေ ဖားဖားဝေ အောင် ဖုံးနေတဲ့ အပင်ကြီး ကို လှမ်းငေး ရင်း ၊ ဦးတင်မောင်ဝင်းပေါင်း များစွာ ရဲ့  အရိုးတွေ အတွက် ၊ ကျေးဇူး တွေ အထပ်ထပ် တင်နေမိ တယ်။
ကေသွယ်
၂၈ ဇူလိုင်
ဆက်စပ် ဖတ်ရန်- လွမ်းရက်ရှည်ရှည်

◦
Share/Bookmark

သပိတ်မှောက်ကျောင်းသား စိုးထွန်း

စိုးထွန်းကား  မျိုးချစ်စိတ် ရှိ၏။ တိုင်းရေး ပြည်ရေး ဆောင်ရွက်လို၏။ သို့သော် ဘီအေ ဆိုသော ဘွဲ့ကလေးကို လိုချင်သေး၏။ တိုင်းရေး ပြည်ရေး လိုက်ရာဍ် ၀မ်းရေးရှာဖို့  ရှေ့နေ လုပ်ရန် ဘီအယ်လ် ကိုလည်း အောင်ချင်သေး၏။  ထို့ကြောင့် သပိတ်လှန်ရန်ကိုပင် လိုလားနေလေ ၏။ 


စိုးထွန်း သပိတ်လှန် ချင်သော အကြောင်းက ၊  ဤမျှလောက် တော့ ကျဉ်းမြောင်းလိမ့်မည် မထင်။ ဘာကြောင့် ပြောနိုင်သနည်း ဆိုရင် စိုးထွန်းဆိုသော သပိတ်မှောက် ကျောင်းသား သည်၊ နောင် ဆယ်နှစ်ခန့် ကြာတဲ့ အချိန်မှာ ၊ ဗိုလ်ချုပ်အောင်ဆန်း အဖြစ်နဲ့ ၊ မြန်မာပြည်ကြီးကို လွတ်လပ်ရေးရ အောင် ၊ ဆောင်ကျဉ်းပေး နိုင် ခဲ့သူ ဖြစ်နေခဲ့ လို့ ပင် ။ 






ဗိုလ်ချုပ်အောင်ဆန်း - ဦးအောင်ဆန်း- မောင်အောင်ဆန်း အား ၊ စိုးထွန်း အဖြစ် ဇာတ်ရုပ်ခြယ်ထားသော ၊ သပိတ်မှောက်ကျောင်းသား ၀တ္တုကို ၊ လူ အတော်များများ ကြားဖူးကြပေမည်။ ဖတ်ဖူးကြပေမည်။ သို့ပေမင့် ၊ စာရေးသူ ဦးသိန်းဖေမြင့် နှင့် ဗိုလ်ချုပ်အောင်ဆန်း ရဲ့  ကြားက ၊ မတူညီလှတဲ့ နိုင်ငံရေး အဆင်အပြင် ( သို့ မဟုတ်) သပိတ်မှောက်ကျောင်းသား ညိုထွန်း နဲ့  ကျောင်းသားသမဂ္ဂ အမူဆောင် စိုးထွန်း တို့ အကြား ရပ်တည်ချက် မသိမသာ ကွဲပြားသွားပုံကို ၊ စိတ်ဝင်တစား တွေးဆ ကြည့် မည့် သူ တော့ သိပ်များလှမည်မထင်။ 


ရှစ်လေးလုံး အရေးတော်ပုံကြီး အပြီးမှာ ၊ သိန်းဖေမြင့် ရဲ့ သပိတ်မှောက်ကျောင်းသား ၀တ္တု ကို လူငယ်တွေ ပြန်ရှာ ဖတ်ကြသည်။ ၁၅ နှစ်သား အရွယ်မှာ ပထမပိုင်းကို ဖတ်လိုက်ရပြီး တခါတည်း စွဲသွားတယ် ဆိုတဲ့ ဖခင်ဖြစ်သူ ရဲ့ ၊  တရိုတသေ သိမ်းထားတဲ့  ပ-ဒု အတွဲလိုက် စာအုပ်ကလေးကို ၁၇ နှစ်အရွယ် ယောင်နန လူငယ် တယောက် အနေနဲ့  သူများတွေ ဖတ်လို့ လိုက်ဖတ် ကြည့်ဘူးသည်။  အခု အသက် ၄၀ ကျော် အရွယ်မှာ   ကျောင်းသား သပိတ် စစ်ကြောင်းတွေ ရန်ကုန်မြို့ကြီး ဆီ ၊ ဦးတည် ချီတက်လာကြတော့  အဲဒီ စာအုပ်ဝါ၀ါ ကျင့်ကျင့်လေး ကိုပဲ ၊  အသက် ၈၀ ကျော် ဖခင်ကြီး ဆီက ပြန်တောင်း ဖတ်မိ ပြန်သည်။ ဒီ စာအုပ်ကို ရေးသား ပြုစု ခဲ့သူ ဦးသိန်းဖေမြင့် သည်ပင် ၊ ဗိုလ်ချုပ်အောင်ဆန်း  နဲ့ အတူ   ရာပြည့်  လောက် ပြီပေါ့ ။


“ဗိုလ်ချုပ်ရာပြည့်ပွဲ” ဆိုတာ အတွက် ဗိုလ်ချုပ်အောင်ဆန်း ဆိုတဲ့ ပုဂ္ဂိုလ်တယောက်ရဲ့  သမိုင်းကြောင်း သမိုင်းကောင်း တွေကို ရှာဖွေ ဖော်ထုပ် ရေးသား နေကြတဲ့ အချိန်မှာ ၊ တိုက်ဆိုင်လှစွာပဲ ၊ သပိတ်မှောက်ကျောင်းသား စိုးထွန်း ကို ပြန်လည် ရှာတွေ့ မိသည်။ ချီးပ ဂုဏ်မြှောက်မူတွေ မပါသေးတဲ့ စိုးထွန်း ရဲ့ ပကတိ အသွင်ကို မြင်ယောင်ကြည့်မိသည် ။သူ့ နဲ့ ခေတ်ပြိုင် သူငယ်ချင်းတွေ ရဲဘော် ရဲဘက်တွေ ရဲ့ ကြားမှာ ၊ သာမန် တက္ကသိုလ်ကျောင်းသားလေး တယောက်အဖြစ် ယှဉ်ထိုး ချင့်တွက် ကြည့်မိသည်။ 


ဝတ္တု ဆိုပေမဲ့လို့ ၊ သမိုင်းမှတ်တမ်း တခုလောက် နီးပါး ၊ ခိုင်ခံ့ လှတဲ့ စာကြောင်းတွေ ကြားထဲမှာ ၊ စိုးထွန်း ဆိုတဲ့ နာမယ် ကို ၊ စိတ်ဝင်တစား လိုက် ရေတွက်မိတော့ ၊  စုစုပေါင်းမှ ဆယ်နေရာ ထက် မပို ။ 


စိုးထွန်းဆိုသော ကျောင်းသားကို ပထမဆုံး တွေ့လိုက်မိသည်က ၊ ပုဂံကျောင်းဆောင် သဟာယ နဲ့စာဖတ် အသင်း ရဲ့ ဥက္ကဌ ရွေးပွဲ မှာ ဖြစ်သည်။ ပိုးလုံချည် သုံးပင်ရစ် ကို ရော့ရီးရီး စီးလို့ ၊ စွပ်ကျပ် နဲ့  အပေါ်အကျီ င်္သာ ၀တ်ထားတဲ့ စိုးထွန်း ဟာ ၊ ကိုလှဖေ ကို ဥက္ကဌ အဆိုသွင်းဖို့ ၊ အတိုက်အခံ ပြောဆို နေလေသည်။ မဲခွဲကြတော့ ကိုလှဖေ ပင် ဥက္ကဌ ဖြစ်လာသည်။  ပွဲအသိမ်းမှာတော့    အဆောင်မှူး တားမြစ်နေတဲ့ ကြားကပင် ၊ “ နောင်ဥဒါန်း ဘယ်မကြေစရာ . . ရာဇ၀င်မှာဖြင့် စာအထင်အရှား . . .”  လို့  စိုးထွန်းက စ’ တိုင်လိုက်တော့ “ ဒါ.. တို့ဗမာ ” လို့ အားလုံးက လိုက်ဆိုကြသည်။  အဲဒီလို နဲ့ ၊ စိုးထွန်းတယောက် အမူဆောင် ကျောင်းသား  ဖြစ်လာလေသည်။ ဥက္ကဌ ကိုလှဖေ နဲ့  တတွဲတွဲ ဖြစ်လာသည်။ ညိုထွန်း တို့ ညိုမြ   တို့ နဲ့ လည်း အဖွဲ့ ကျ လာသည် ။ တင်မောင် တို့ ကိုမြ တို့ လို သမဂ္ဂ အမူဆောင် တွေ နဲ့ ပါ ရင်းနှီး စုဝေး လာကြ ရင်း တိုင်းပြည် အနာဂါတ် အတွက်  လေးနက် သထက် လေးနက် လာကြ တော့ သည်။ 


နောက်တော့ ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂထုတ် အိုးဝေ မဂ္ဂဇင်း ရဲ့ အယ်ဒီတာ တယောက် အဖြစ် နဲ့ ၊ သမိုင်းစာမျက်နှာထဲ ကို တန်းတန်းမတ်မတ်ကြီး ခုန်ဆင်း လာခဲ့ တော့သည်။ ရယ်သံ တဟီဟီ နဲ့  အပေါင်းအသင်းတွေက ချစ်ကြ နိုင် စား ကြတဲ့  ညိုမြ ရဲ့  လက်စောင်း ထက်ထက် ဆောင်းပါး တပုဒ်ကြောင့်  အယ်ဒီတာ စိုးထွန်း ကျောင်းထုတ် ခံ ရတဲ့ အချိန်မှာ   သမဂ္ဂ ဥက္ကဌ ကြီး ကိုနု က လည်း သူ့ရဲ့ ဘီအေ ဘွဲ့ ကို ပြန်အပ် ဖို့  ဆိုတာတွေ အကြောင်းစုံ လာသည်။ လိပ်ခဲ တည်းလည်း ဖြစ်နေတဲ့ အခြေအနေ မှာ ပဲ ၊ သူတို့ အားလုံး စာမေးပွဲ မဖြေ သပိတ်မှောက် ဖို့ ဆုံးဖြတ်ချက် ချ လိုက်ကြတော့သည်။ သပိတ်မှောက် ကျောင်းသား များ သမိုင်းကို ရေးကြပြီ။ လွတ်လပ်ရေး အတွက် စတင် ကြတော့ပြီ ။


သပိတ်စ မှောက်ပြီ ဆိုကတည်းက စိုးထွန်းကို စာလုံးတွေ ကြားထဲမှာ ၊ မျက်ခြေမပြတ် လိုက်ကြည့်မိသည်။ ဘွိုင်ကောက်တာ ကောင်စီ မှာ ကျောင်းသား ကိုယ်စားလှယ်တွေ အပြင် သမဂ္ဂ အလုပ်အမူဆောင် အဖွဲ့ ကိုပါ ထဲ့ ဖို့  ၊ အားမာန်ပါပါ ၀င်ရောက် ဆွေးနွေး ခဲ့ ပြီး ၊  အဲဒီနောက်ပိုင်းတော့ ၊ စိုးထွန်းကို သိပ်မတွေ့ ရ  ပြန် ။ ကိုမြ ၊ ကျော်သိန်း ၊ လှဖေ ၊ တင်မောင် ၊ တို့ ၊ စကားတွေ အများကြီး ပြောကြ ငြင်းကြ ခုံကြ ပေမဲ့ ၊ စိုးထွန်း သိပ်မပါ ။ ညိုထွန်း နဲ့ နောက်ပိုင်း အတွဲ များလာတဲ့ ဖေခင် သည်ပင် ၊ စိုးထွန်း ထက် ပို ဗျာများနေ ဟန်။ ခေါင်းဆောင်ပိုင်းတွေ ဖြစ်တဲ့ ကိုနု တို့ ဘနားဂျီး တို့ နားမှာလည်း စိုးထွန်းကို သိပ်မတွေ့ မိ ။ ဘာပဲဖြစ်ဖြစ် တချက် တချက် စာရေးသူ သရုပ်ဖော် လိုက်တဲ့ စိုးထွန်း ရဲ့  ဟန်ပန် သရုပ်ကတော့ ၊ အားပါမြဲ ။ 


ရွှေတိဂုံ ဘုရားပေါ်မှာ ၊ သပိတ်စခန်း ဖွင့်ထားတဲ့ ကျောင်းသားသပိတ် က ၊ သုံးလ ကျော် လေးလ ထဲ ၀င်လာလို့ ၊ အိမ် ခဏ ပြန်ကြတဲ့ သပိတ်မှောက် ကျောင်းသူတွေပင် ၊ ပြန်လာကြပြီ ။ အာဏာပိုင်တွေက ဖက်ကလည်း ၊ သပိတ်လှန် ဖို့  ညှိုနှိုင်း အပေးအယူ လုပ်လာကြပြီ။ ကိုနု တို့  ဘနားဂျီး တို့ စိုးထွန်း တို့ က ၊ သပိတ်လှန်လို ပြီ။ ဘွဲ့ ရလု ရခင် ဖြစ်နေ ပြီ ဖြစ်တဲ့ ကိုမြ လည်း ၊ သူ့ ရည်မှန်းချက်တွေ အတွက် ကျောင်းပြန် တက်ချင်ပြီ။ သို့ပေမဲ့ ၊ လှဖေ ၊ ဖေခင် နဲ့ ညိုထွန်း တို့က ၊ မလှန်ရေးချ မလှန် ။ ကျော်သိန်းကတော့ ဟိုဖက်လိုလို ဒီဖက်လိုလို ။ တင်မောင်က လည်း ဝေခွဲ မရ ။ ဒီနေရာမှာ ၊ ညိုထွန်း ကောက်ချက်ချ သလို ၊ စိုးထွန်း သပိတ်လှန် ချင်တာ ၊ ဘီအေ အောင်ဖို့ ၊ ဘီအယ် ဆက်တက်ဖို့ အတွက် သက်သက်လား ။


ကျုပ်လည်း မှောက်ချင်တာပါပဲ ၊ ဘယ်သူ ကျုပ်တို့ ထက် စိတ်ပါအုံးမလဲ ၊ ဒါပေမဲ့ ခု အားနည်းတော့ မဖြစ်ဘူး ၊ ကျုပ်တို့ ခု မလှန်ရင် ဘယ်လောက် အကျိုးပျက်သွားမလဲ ၊ ဘယ်လောက် နစ်နာပြီး ၊ နောင် ဗမာပြည်ကို အကျိုး မဆောင်နိုင်ဘဲ  ရှိမှာဘဲ …. ဆိုတဲ့ စိုးထွန်း ရဲ့ ချေပ သံ ထဲမှာ ၊ လွတ်လပ်ရေး အတွက် တိုက်ပွဲ ၀င်ဖို့  စစ်ပညာ ရှာဖွေ စစ်အင်အား စုဆောင်းခဲ့တဲ့ ဗိုလ်တေဇ ရဲ့ ၊  အားမန် တွေ ကို မြင်ရသည်။ ဖက်စစ် ဂျပန်ကို ပြန် တိုက်ထုတ်ဖို့  အတွက် ၊ အင်္ဂလိပ် နဲ့ ၊ မဟာမိတ် ပြု ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ၊ ဗျူဟာ အချိန်အဆ တွေကို  သဘောပေါက်ရ သည်။ ဗမာပြည် ကြီး ပြန်လည် ထူထောင်ဖို့ အတွက် ၊ လူမှန် နေရာမှန် ခွဲခန့် စီမံ နိုင် ခဲ့တဲ့ ၊ ဦးအောင်ဆန်း ရဲ့ အလိမ္မာကို လှစ်ဟ ပြနေလေသည်။ 


တကယ်တော့ ၊ ၁၉ ၃၆ ခု ကျောင်းသားသပိတ် အလွန် တနှစ် ကျော် လောက် အကြာမှာ ရေးသား ဖြန့် ချီ ခဲ့ တဲ့ ၊ သပိတ်မှောက်ကျောင်းသား စာအုပ်ထဲ မှာ ၊ စိုးထွန်း ရဲ့ အခန်းကဏ္ဍ သည်  ကိုနု တို့ ဘနာဂျီ တို့လောက် အရေးမပါလှ ။ ကိုမြ ၊ လှဖေ တို့  ကျော်သိန်း တို့ ထက် လည်း ပိုပြီး မထူးခြားခဲ့ ။ ညိုထွန်း ၊ ဖေခင် တို့ နဲ့ ဆိုလျှင် ကွဲပင် ကွဲပြားနေခဲ့ သေးသည် ။ သို့ပေမဲ့ ၊ နောင် ဆယ်နှစ် လောက် အတွင်းမှာ ၊ အဲဒီ သူငယ်ချင်း တွေပဲ ဖြစ်တဲ့  ဦးနု ၊ ဦးရာရှစ် ၊ ဦးကျော်ညိမ်း ၊ တို့ လို နိုင်ငံရေးသမား ကြီးတွေ ထက် လူချစ် လူခင် ပိုများ . . . ဦးဖေခင် ၊ ဦးအုန်း ၊ ဦးသီဟန် တို့ လို ၊ နိုင်ငံ့ ဂုဏ်ဆောင် အဆင့်မြင့် အရာရှိ ကြီးတွေထက် ပို ပေါက်မြောက် . . . ဦးသိန်းဖေမြင့် ၊ ဦးညိုမြ တို့လို စာရေးဆရာ သတင်းစာဆရာကြီးတွေ ထက် ပို ရှေ့ရောက် . . . ဗိုလ်လက်ျာ တို့လို  ရဲဘော် သုံးကျိပ်ဝင်တွေ ရဲ့ ခေါင်းဆောင်  တယောက် ဘာကြောင့် ဖြစ်ခဲ့ ရသလဲ ။ 


ဗိုလ်ချုပ်အောင်ဆန်း လို့  ကျမ တို့ အားလုံး ၊ အားရ ပါးရ အမည်တပ်ခေါ်ကြတဲ့  ထိုပုဂ္ဂိုလ်ဟာ ကြမ်းတမ်းတယ် ၊ အကြံကြီးတယ်၊ သူပုန်စိတ် ရှိတယ် လို့ သူကိုယ်တိုင် ၀န်ခံ ရေးသားခဲ့သည်။ လွတ်လပ်မူ အတွက် ပုန်ကန်လိုတဲ့ ၊ သူ တယောက် ဟာ ၊ လက်နက် စစ်အင်အားကို အားပြုရသည်။  ဗမာ့ ကာကွယ်ရေး တပ်မတော်မှာ စစ်ဦးစီးချုပ်ကြီး ဖြစ်လာတဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ၊ လူတွေ ဘာလို့ အားကိုး ချစ်ခင်ကြတာလဲ ။ စစ်ဝတ်စုံ ၀တ် ၊ ဓါးလွယ်ချိတ်နဲ့  မြင်းကြီး စီး ပြီး  လွတ်လပ်ရေး ကို ကြံဆောင် တိုက်ယူနိုင်ခဲ့ခြင်း က အကြောင်းရင်းခံ ဖြစ်နေမလား လို့ ကျမ သံသယ ၀င်မိသည် ။ စစ်ဝတ်စုံ ကို ချွတ်ပြီး ၊ တောင်ရှည် ခေါင်းပေါင်း နဲ့ ပါလီမန် ထဲ ၀င်ခဲ့တဲ့ ဦးအောင်ဆန်း ကို ရော ၊ နိုင်ငံ တနံ တလျားက တိုင်းရင်းသား လူမျိုးစု တွေက ၊ ယုံယုံကြည်ကြည် သစ္စာနှင်း ခဲ့တာပဲ မဟုတ်လား ။ ဒါပေမဲ့ ကံ အကြောင်းမလှ စွာပဲ ၊ သူဟာ ၊ နိုင်ငံရေး သမား ဦးအောင်ဆန်း ရဲ့ တာဝန်တွေကို ပြီးပြတ်အောင် မဆောင်ရွက် သွားနိုင်ခဲ့ ပေ ။ လက်ရုံးရည် တိုက်ပွဲ ကို ၊ ဖော်ဆောင် နိုင်ခဲ့ပေမဲ့ ၊ နှလုံးရည် တိုက်ပွဲ ကိုတော့ ၊ နောင်မျိုးဆက် တွေ အတွက် ၊ ချန်ထားရစ် ရ တော့ ပြီ။ 


သူ့ ခေတ် သူ့ အခြေအနေ အရ ၊ ကျမ တို့  နိုင်ငံရဲ့ သမိုင်းဟာ ၊ တခြား နိုင်ငံတွေနဲ့ မရိုးမစွဲ စွာပဲ ၊   စစ်သူကြီး တွေ ၊ လွှမ်းမိုးခဲ့ ကြ သည်။ တိုင်းပြည် တနံ တလျားက ၊ ဓါးလွတ်ကိုင် မြင်းစီး သူရဲကောင်း ရုပ်ထု ကြီးများကို ၊ ကျမ တို့  လေးစား တန်ဖိုးထားပါသည်။ သို့သော်လည်း ၊ ရှေ့ တဲ့တဲ့က ခေတ်တခေတ်မှာတော့ ၊  အနုပညာရှင် တွေ ၊ စာပေ ပညာရှင်တွေ ၊ နိုင်ငံရေး ခေါင်းဆောင်ကြီး တွေ ၊ ပညာရှင်ကြီးတွေ ရဲ့ ၊ ရုပ်တု ကြီးတွေ ကိုလည်း ပေါပေါများများ မြင်လို လှပါသည်။ 


ဆိုတော့ . . . နှစ်တရာ ပြည့် ခဲ့ ပြီ ဖြစ်တဲ့ ဒီနေ့ ဒီ အချိန်မှာ ၊ ကျောင်းသား သမဂ္ဂခေါင်းဆောင် ကိုအောင်ဆန်း ရဲ့  ရုပ်ထု လေး တရုပ် တလေ များ ၊ ဘယ်မြို့ ဘယ်ဒေသ ၊ ဘယ် ပရ၀ုဏ် မှာ ထုဆစ် တည်ဆောက် နိုင်ကြပြီလဲ လို့ ၊ လိုက်လံ ရှာဖွေ မိသည်။ ဘာပဲ ပြောပြော သပိတ်မှောက် ကျောင်းသား စိုးထွန်း ရဲ့ ၊ ၀ိညဉ် ဟာ ၊   နေရာ အတော်များများ မှာ အရိပ်ထိုး  နေတာ ကို တော့  မြင်နေ သိနေရလေ သည်။


မကေသွယ်
၂၅ ဖေဖော်ဝါရီ ၂၀၁၅


ရာပြည့် စာမူ မိုးမခ အတွက်ရေးသား ။



(မှတ်ချက်-  သပိတ်မှောက် ကျောင်းသား ၀တ္တုမှာ ပါဝင်တဲ့  ဇတ်ကောင် အများစုဟာ တကယ့် ပြင်ပ မှာ ပါဝင် ပတ်သတ်ခဲ့တဲ့ ကျောင်းသား တွေကို ၊ ကိုယ်စားပြုတယ် လို့  ယုံကြည်လက်ခံ ထားကြတဲ့  အထဲမှာ ၊ စိုးထွန်း ဟာ ဦးအောင်ဆန်း ၊  ကိုန ဟာ ဦးနု ။ ညိုမြ ဟာ စာရေးဆရာ ညိုမြ ၊ လှဖေ ဟာ ဗိုလ်လက်ျာ ၊ ဖေခင် သည် သံအမတ်ကြီး ဦးဖေခင် ၊ ကိုမြ သည် သံအမတ်ကြီး ဦးအုန်း ၊ သီဟန် သည် သံအမတ်ကြီး ဦးသီဟန် ကျော်သိန်း သည် ၀န်ကြီး ဦးကျော်ငြိမ်း ၊ ဘနားဂျီး သည် ဗမာပြည်ကွန်မြူနစ်ပါတီ ဥက္ကဌ မစ္စတာရာရှစ် စသဖြင့် ၊ ယူဆ မှတ်ယူ ရေးသား ပါတယ်။ အဓိက ဇတ်ဆောင် ညိုထွန်း ကိုတော့ စာရေးသူ ဦးသိန်းဖေမြင့် ကိုယ်တိုင် လို့  သေချာ နိုင်ပေမဲ့  သပိတ်မှောက်တဲ့ အချိန်မှာ ဦးသိန်းဖေမြင့် မရှိတာကြောင့် ၊ ညိုထွန်းဟာ ဦးသီဟန် လည်း ဖြစ်တယ် ဆိုတဲ့ အယူအဆ လည်း ရှိပါတယ်။ တင်မောင် ကိုတော့ ဒေါက်တာ သာလှ ဟု ထင်မြင်မိသော်လည်း မသေချာပေ )

ဆက်စပ်ဖတ်ရန်-   သပိတ်မှောက် ကျောင်းသားများ

◦
Share/Bookmark

နှလုံးသား နဲ့ လုပ်တဲ့ နိုင်ငံရေး


ဟီလာရီ ကလင်တန် ရဲ့ Hard Choice စာအုပ်က ၊ အာရှပစိဖိတ် နဲ့ သက်ဆိုင်တဲ့ အရှေ့ဖက် အခန်းတွေ ဖတ်ပြီးသွားတဲ့ အခါ  ၊ ခဏ နားရင်း ၊ စာအုပ်ထဲမှာပါတဲ့ မြန်မာပြည် ခရီးစဉ် က ဓါတ်ပုံတချို့ကို ပြန်လှန် ကြည့် မိတယ်။ တကယ်တော့ ၊ ဒီ ဓါတ်ပုံတွေဟာ ၊ လွန်ခဲ့တဲ့ ၂ နှစ် လောက် ကတည်းက  စိတ်လှုပ်ရှား ကြည်နူးစွာ နဲ့ အထပ်ထပ် အခါခါ မြင်ဖူး ကြည့်ဖူး ခဲ့ ပြီးသား တွေ ပါ။ အခု ဟီလာရီ ကိုယ်တိုင် ပြောပြ တော့မှ ၊ ဒီပုံရိပ် တွေနဲ့  အပြုံးတွေ ရဲ့  နောက်ကွယ်က  ခြေလှမ်းတွေ စိတ်ခံစားချက် အတွေးတွေ ကို ၊ အသေအချာ ပြန်ပြီး ဆက်စပ် ထင်ဟပ် ကြည့်နိုင် ရ တော့ တယ်။



တကယ်ဆိုတော့  ၂၀၀၉  ခုနှစ် မှာ ဟီလာရီ ကလင်တန် ၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာခဲ့တာ နဲ့  မရှေးမနှောင်းမှာပဲ ၊ မြန်မာပြည်မှာ ၊ဘယ်လိုမှ  မျှော်လင့် မထား တဲ့ နိုင်ငံရေး အပြောင်းအလဲ တွေ ဖြစ်လာခဲ့တာဟာ ၊  တိုက်ဆိုင်မူ သက်သက်တော့ မဟုတ်လောက်ပါဘူး ။ ဒေါ်အောင်ဆန်းစုကြည် နဲ့ လူကိုယ်တိုင် မျက်နှာချင်းဆိုင် တွေ့ ခဲ့ ဆုံခဲ့ ရတဲ့ အဖြစ်အတွက် ၊ သူ့ ကိုယ်သူ ဆိတ်ဆွဲကြည့်မိ မတတ်ပဲ လို့ ဟီလာရီက တင်စားခဲ့သလို ပဲ -- ကမ္ဘာအရပ်ရပ်က မြန်မာပြည်သူ ပြည်သားတွေ မှာလည်း ၊ ဒေါ်အောင်ဆန်းစုကြည် ရုတ်တရက် လွတ်မြောက်လာမူ ၊ နိုင်ငံရေး အကျဉ်းသားတွေ တသုတ်ပြီး တသုတ် လွှတ်ပေးမူ  တွေက စလို့ ၊  ရာစု နှစ် တ၀က် လောက် သံတမန် ဆက်ဆံရေး အေးစက် ခဲ့တဲ့ အမေရိကန် နိုင်ငံကြီးကနေပြီး ၊ နိုင်ငံခြားရေး ၀န်ကြီး နဲ့ သမ္မတ ကိုယ်တိုင် ရှေ့ဆင့် နောက်ဆင့် ရောက်လာခဲ့တဲ့  အဖြစ်တွေဟာ ၊ ကိုယ့်အသားကိုယ် ပြန်ဆိတ်ကြည့်ရ မတတ် မယုံနိုင်စရာ သမိုင်းအချိုးအကွေ့  တွေ ဖြစ်ခဲ့တာပါ။ ရန်ကုန်မြို့ ရဲ့ လမ်းတွေပေါ်မှာ ၊ အမေရိကန် အလံ ကို ဝှေ့ယမ်းပြီး သမ္မတ အိုဘားမား ကို ကြိုဆို နှုတ်ဆက်ခဲ့ ကြတဲ့ ၊ မြန်မာပြည်သား တွေကို ဘယ်တုန်းကနဲ့ မှ မတူတဲ့ ၊ လှိုက်လှဲမူ စစ်စစ် တွေနဲ့ တွေ့ ခဲ့ ကြ ရတာပါ။


ဒီ သမ္မတ နဲ့  အတွင်းရေးမှူး နှစ်ယောက် အတွဲ ကလည်း ၊ သူ့နိုင်ငံမှာတင်မက ၊ ကမ္ဘာမှာကို ထူးထူးခြားခြား သူများထက်ပိုပြီး စိတ်ဝင်စားခံရ ၊ နှစ်သက်သဘောကျခံရတဲ့ သူတွေ ။ ပါတီနိုင်ငံရေး စင်မြင့်ပေါ်မှာ သူတို့ နှစ်ယောက် အပြင်းအထန် ယှဉ်ပြိုင် ထိုးနှက် ခဲ့ကြတဲ့ မြင်ကွင်းကိုလည်း တကမ္ဘာလုံး မကြည့်ချင်မှ အဆုံး မြင်ခဲ့ ပြီးသား ။ ပြီးတော့လည်း ဘာမှ မဖြစ်ခဲ့ကြ သလို ၊ ကမ္ဘာ့အရေးတွေကို နှစ်ယောက်သား ပခုံးတဖက်စီ   ထမ်းပြခဲ့ရင်း ၊ ဒီမိုကရေစီ ရဲ့ အလှတရားကို ပြသ ခဲ့ကြတာလည်း အားလုံးအသိ ။ အဲဒီလို ပြသ နိုင်ခဲ့ တာဟာလည်း ၊ သူမ ရဲ့ ခက်ခဲတဲ့ ရွေးချယ်မူ အစ အဦး တခု ပဲ ဆိုတာကို ၊ Hard Choice စာအုပ်ရဲ့ ပထမဆုံး အခန်း ဖြစ်တဲ့ A Fresh Start - အသစ်က ပြန်စ ခြင်း ဆိုတာမှာ ၊ ပွင့်ပွင့်လင်းလင်း ဖွင့်ဟ ရေးသားထား တယ်။  ဒီစာအုပ်ကြီး တအုပ်လုံးမှာ ၊ အာရှ နဲ့ ပစိဖိတ်က စ - ဖွင့်လို့ ၊ အာဖဂန်နစ္စတန် နဲ့ အီရတ် အလယ် ၊ ရုရှ နဲ့ ဂါဇာ အဆုံး ၊ နိုင်ငံခြားရေး ၀န်ကြီး တယောက် အဖြစ် သူ သွားခဲ့တဲ့ နိုင်ငံပေါင်း ၁၁၂ နိုင်ငံ ရဲ့ ကမ္ဘာ့ နိုင်ငံရေး အခင်းအကျင်း တွေကို ဇာတ်စုံ ခင်းပြီး သွားလို့ နိဂုံး ချုပ် လိုက်တဲ့ အခန်း မှာတောင် ၊ အိုဘားမား နဲ့  မြန်မာပြည် ဆိုတဲ့ အမည် နှစ်ခု ဟာ သူ့ အတွက် ပထမဆုံး သုံးသပ် အမှတ်ရစရာ  ဖြစ်နေလေ တယ်။ အမှတ်ရ စရာ ကောင်းရအောင်လည်း ၊ မြန်မာပြည် ခရီးစဉ်ဟာ ၊ ထူးခြား တိုက်ဆိုင်စွာပဲ ၊ သူတို့ နှစ်ယောက် အတွက် ၊ ပခုံးအတူထမ်း ၊ ခြေလှမ်းအတူယှဉ် လို့  နောက်ဆုံး ထွက်ခဲ့ ကြရတဲ့ ၊ ခရီစဉ် လည်း  ဖြစ်နေခဲ့သည် ကိုး ။


ရန်ကုန်မြို့က ဒေါ်အောင်ဆန်းစုကြည် ရဲ့ ခြံထဲမှာ သမ္မတ အိုဘားမားက ၊ အိမ်ရှင် ဒေါ်အောင်ဆန်းစုကြည် နဲ့ အတူ နှုတ်ဆက် မိန့်ခွန်းပြောရင်း ၊ ဟီလာရီ ဘယ်မှာလဲ လို့ လူတွေ ကြားထဲ မျက်လုံးဝှေ့ ရင်း အရေးတကြီး သူ့ကို ရှာတဲ့ အကြောင်းလေး ကို ပြန်ပြောင်း အစချီရင်း ၊ လွန်ခဲ့တဲ့ လေးနှစ်က သူတို့ နှစ်ယောက် ရဲ့  ဆက်ဆံရေးဟာ ၊ အခုအချိန်မှာတော့ နာကျင်ပျော်ရွှင် လွမ်းဆွတ်စရာ ဖြစ်ခဲ့ ပြီ လို့  ဆိုတယ်။ သမ္မတ အိုဘားမား က ၊ လူအုပ်ကြီးထဲမှာ ဟီလာရီ ကို အသည်းအသန် ရှာခဲ့တာဟာ တခြားကြောင့် မဟုတ်ပါဘူး။ မြန်မာပြည်အရေးအတွက် ကျေးဇူးတင်ကြောင်း ၊ မျက်လုံးခြင်းဆုံပြီး ၊ လူသိရှင်ကြား ဂုဏ်ပြု ပြောကြားချင်လို့ပါ ။ ဟီလာရီ ကလည်း မြန်မာပြည် ခရီးစဉ်က အပြန် Air Force One လေယဉ်ပျံကြီး ပေါ်မှာ ၊ သမ္မတ အိုဘားမားက သူ့ရုံးခန်းထဲ ခေါ်ပြီး  နောက်ထပ် လေးနှစ် သက်တမ်း ထပ်မံ တာဝန်ထမ်းဆောင်ဖို့  ဆန္ဒတောင်းတဲ့ အခါ ၊ မပြီးမပြတ်သေးတဲ့ သူ့ ရဲ့ သံတမာန်ရေးရာ ကိစ္စ တွေကို တွေးလိုက်တော့ ၊  မြန်မာပြည် မှာ ၊ ဒီမိုကရေစီ   ဘယ်လို ဆက်ဖြစ်လာပါ့မလည်း ဆိုတဲ့ ၊ စိုးရိမ်မူ က ပထမဆုံး အတွေး ဖြစ်နေ ပြန်တယ်။ တကယ်တော့ ၊ ဒီ စာအုပ်ကို ဖတ်မိသလောက် ခြုံငုံ သုံးသပ်ကြည့်တဲ့ အခါမှာ ၊ မြန်မာပြည် အရေး ဟာ ၊ အမေရိကန် နိုင်ငံခြားရေး မူဝါဒ တခု သက်သက် ထက် ၊ ဟီလာရီ နဲ့  တစုံတရာ နက်နက်ရှိုင်း ရှိုင်း  ယှက်နွယ်နေတယ် ဆိုတာကို ခံစား သတိထား မိလာတယ်။

အမေရိကန် အစိုးရ ရဲ့ Pivot Strategy ဆိုတဲ့  အာရှ ပစိဖိတ်ဒေသ ကို မဏ္ဍိုင်ပြုမဲ့ နည်းဗျူဟာသစ် ဟာ ၊ ဟီလာရီ ရဲ့ အဆိုအရ ဆိုရင် ၊ နိုင်ငံခြားရေးဝန်ကြီး အဖြစ် ၊ သူ ပထမဆုံး ရွေးချယ်လိုက်တဲ့ အာရှ ခရီးစဉ်က အစပြုခဲ့တယ်လို့  ဆိုတယ်။ ဘွတ်ရှ်အစိုးရ ရဲ့  မပြီးပြတ်သေးတဲ့ အီရတ် အာဖဂန်နစ္စတန် စစ်တွေ၊  အယ်ကိုင်ဒါ အကြမ်းဖက်အန္တရယ်တွေ ကို ပိုပြီး အာရုံရောက်ဖို့ ရှိနေတဲ့  နိုင်ငံခြားရေး မူဝါဒ ဟာ ၊ မထင်မှတ်ပဲ အာရှ နဲ့  စပြီး တာထွက်ခဲ့တယ်။ ခြိမ်းခြောက်မူ တွေကို ရင်ဆိုင်ဖြေရှင်းနေရပေမဲ့ ၊ အခွင့်အလန်း တွေကိုလည်း အမိအရ ဆုပ်ကိုင်သင့်တယ် လို့ ဟီလာရီက ဆိုတယ်။ တချို့ကတော့ ၊ အာရပ်ကမ္ဘာ နဲ့ အရှေ့အလယ်ပိုင်းမှာ ကျဆင်းလာတဲ့  ဒီမိုကရေစီ အလားအလာတွေ ကြောင့် ၊ ပိုပြီး ဖြစ်နိုင်ချေရှိတဲ့ အရှေ့တောင်အာရှ ဖက်ကို အားပြု လာတာ လို့ ယူဆကြတယ်။ တကယ်တော့ တရုတ်ရဲ့ ကြီးထွားလာမူ ဟာ ၊ အဓိက အကြောင်းရင်း ဖြစ်မှာပါ ။ ဟီလာရီ ကိုယ်တိုင်ကလည်း  သူတို့ စဉ်းစားထားတဲ့ လမ်းကြောင်း နှစ်ခု ကို ၊စာအုပ်ထဲမှာ ပွင့်ပွင့်လင်းလင်း ပဲ ချပြ ထားပါတယ်။ ပထမ လမ်းကြောင်းက ၊ တရုတ်နဲ့ ဆက်ဆံရေး တိုးချဲ့ ပြီး သူတို့လိုချင်တဲ့ လမ်းကြောင်းမှန် ပေါ် ရောက်အောင် ဆွဲခေါ်မယ် ။ အဲဒီလိုမှ မဖြစ်နိုင်ရင် ၊ အမေရိကန် ရဲ့  နဂိုမူလ မဟာမိတ် တွေ ဖြစ်တဲ့ ဂျပန် ၊ တောင်ကိုရီးယား၊ ထိုင်း ၊ ဖိလစ်ပိုင် နဲ့  သြစတြေလျ တို့ နဲ့ ပိုပြီး ဆက်ဆံရေး ခိုင်မာအောင် လုပ်မယ် ၊ ဒါမှ တရုတ်ကို ထိမ်းညှိ နိုင်မယ်ပေါ့ ။ ပြီးရင်တော့ ကျွဲကူးရေပါ တခြား အရှေ့တောင်အာရှ နိုင်ငံတွေကိုပါ ပိုပြီး စည်းရုံးနိုင်မယ် လို့ တွက်ဆပုံရပါတယ်။ အဲဒါကြောင့်လည်း ၊ အရင်က ဘယ်အမေရိကန် နိုင်ငံခြားရေးဝန်ကြီးမှ အရေးတယူ မလာရောက်ခဲ့တဲ့ ၊ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ မြို့က အာဆီယမ် ရုံးချုပ်ကို ဟီလာရီ ပထမဆုံး အလည်အပတ်ရောက် ခဲ့တယ်။ အဲဒီ ခရီးစဉ်မှာပဲ အင်ဒိုနီးရှား သမ္မတ ယူဒိုယူနို က၊ မြန်မာပြည်က စစ်ဗိုလ်ချုပ်ကြီးတွေ ဟာ၊ အမေရိကန် နဲ့ ဆက်ဆံချင်နေကြောင်း ၊ ဒီမိုကရေစီလမ်းပွင့်ဖို့ ဖြစ်နိုင်ကြောင်း စကားပါး လာခဲ့တယ်။ စကားပါးလာသူ ကိုယ်တိုင်က စစ်ဝတ်စုံ ကို ၊ ချွတ်လဲ ထားတဲ့ သမ္မတ တယောက် ဖြစ်နေတာမို့ ၊  အတော် ချိန်ဆ ခဲ့ရတယ်လို့ တော့ မှတ်ချက်ပြု ထားတယ်။ တကယ်တော့  ကြိုတင် တီးခေါက်ထားတဲ့ သံတမန်လမ်းကြောင်း တွေလည်း ရှိထားခဲ့ လို့ ဖြစ်မှာပါ။


မြန်မာပြည် အခြေအနေ နဲ့ ပတ်သတ်ပြီး မချင့်မရဲ ဖြစ်နေခဲ့ ရတယ် ဆိုတဲ့ ဟီလာရီ ဟာ ၊ ပထမဆုံး အာရှ ခရီးစဉ် မစခင်၊ လ အနည်းငယ် အလိုမှာတည်းက ၊ မြန်မာပြည်အပေါ် ပိတ်ဆို့အရေးယူမူကို ဦးဆောင်ရှေ့ရွက် ပြုနေတဲ့ လွှတ်တော်အမတ်တွေ နဲ့  စပြီး ကြိုတင် ညှိုနှိုင်းနေ ခဲ့ တယ်။ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ပုဂ္ဂိုလ်ရေး လေးစားမူ အတော်များတဲ့ ၊  ပြိုင်ဘက်ပါတီက ရီပက်ဘလစ်ကန် အမတ် မစ်ခ်ျမက်ကော်နယ်က စလို့ ၊  သူ့အနေနဲ့ ဒီလောက်ကြီး သဘောအကျလှကြီး မဟုတ်ပေမဲ့ ၊ အရှေ့တောင်အာရှ ကို ဦးစားပေး လုပ်ဆောင်နေ တဲ့ ခပ်လည်လည် ဒီမိုကရက် အမတ် ဂျင်မ်ဝဘ် လို လူမျိုးအလယ်၊  ကျောက်စိမ်းဥပဒေ လို့ လူသိများတဲ့ မြန်မာ့စီးပွားရေး ပိတ်ဆို့ရေး ဥပဒေ ကို တင်သွင်းခဲ့တဲ့  ကွယ်လွန်သွားတဲ့ လွှတ်တော်အမတ် တွမ်လန်တို့စ် ရဲ့ တပည့်ရင်း  ကွန်ဂရက်အဖွဲ့ဝင် ဂျိုးခရော်လေ ဆိုသူတွေ အဆုံး ၊ မြန်မာပြည်ရေးရာ ပေါ်လစီ အသစ်အတွက် ၊ လွှတ်တော်ထဲမှာ မဟာမိတ်ရှာ လူစု နေခဲ့ပြီ။ မြန်မာအစိုးရ အပေါ်မှာ ပိတ်ဆို့မူ တခုတည်း နဲ့ ဆက်သွားနေလို့ မရတော့ဘူး ဆိုတဲ့ လမ်းကြောင်းကို ၊ စပြီး အကောင်အထည်ဖော်ဖို့ ကြိုးစားနေခဲ့ပြီ။

တကယ်တော့ ၊ သူ့မှာ  နဂိုမူလတည်းက ၊ မြန်မာပြည်နဲ့ ပတ်သတ်ပြီး သီးသန့် စိတ်ညွတ်မူ တခု ရှိနေခဲ့ ပုံ ပါ။ သူ့ ခင်ပွန်း ဘီလ်ကလင်တန် သမ္မတဖြစ်စဉ် အချိန်ကတည်းက ၊ အမေရိကန် ဒီမိုကရက် တွေ အနေနဲ့ ၊ မြန်မာပြည် ဒီမိုကရေစီ အရေးကို အတော့်ကို စိတ်ဝင်စားခဲ့ ကြတာ မဟုတ်လား ။ ၁၉ ၉ ၅ ခု ဒေါ်အောင်ဆန်းစုကြည် ဒုတိယအကြိမ် အကျယ်ချုပ်က လွတ်လာတဲ့အခါ ၊ တကယ်ပဲ ပြုပြင်ပြောင်းလဲနေပြီလား လို့  နိုင်ငံခြားရေး ၀န်ကြီး မယ်ဒလင်း အောဘရိုက် ကိုယ်တိုင် မြန်မာပြည် ကို ရောက်လာ စုံစမ်းခဲ့သေးသည်ပဲ ။ မြန်မာ့အလင်း တို့ ကြေးမုံ တို့ မှာ ကလိန်တန် တို့  ဒေါ်မယ်ဒလင် တို့ ဆိုတဲ့ အောက်ကလိအာ အစိုးရ အာဘော်ဆောင်းပါးတွေ လှိုင်လှိုင် ပါ ခဲ့တဲ့ အချိန်တချိန်ကို မှတ်မိကြအုံးမှာပါ ။ အမေရိကန် ရဲ့  အားထုပ်မူ မအောင်မြင်ခဲ့ဘူး ဆိုပါတော့ ။ ဒါတောင် ကလင်တန်က သမ္မတ ရာထူးက ဆင်းကာနီးလေးမှာ သမ္မတ ရဲ့ အမြင့်ဆုံး အရပ်သားဆု ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ကို မရ အရ  ဆုပေးသွား ခဲ့သေးတယ်။ အခု အမေရိကန် နိုင်ငံခြားရေး မူဝါဒ တွေ၊ ဟီလာရီ ကလင်တန် လက်ထဲ ရောက်လာပြန်တော့ ၊ မြန်မာပြည် နဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ၊ ရှေ့ဆုံးနားကနေ ပါခဲ့ပြန်တာ အဆန်းတော့ မဟုတ်ပေဘူး။

ပထမဆုံး အာရှ ခရီးစဉ်က ပြန်ရောက်လာလာခြင်းပဲ ၊ မြန်မာပြည်ကို အဆင့်မြင့် အရာရှိ တယောက် လွှတ်လိုက်ပေမဲ့ ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ တွေ့ခွင့် မရသလို ၊ ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း မတွေ့ခဲ့ရဘူး။ ဒီကြားထဲမှာ ဖြစ်လာတဲ့ အမေရိကန်နိုင်ငံသား  ယက်တော ရဲ့  ကိစ္စဟာ သွေးရိုးသားရိုး အရူးထခြင်းလား ၊ နိုင်ငံရေး ပယောဂ တခုခု ပါဝင်နေလေသလား ဘယ်သူမှ သေချာ မသိနိုင်ပေမဲ့ ၊ ယက်တောကို လာခေါ်တဲ့ လွှတ်တော်အမတ် ဂျင်မ်ဝဘ် တယောက် သူ့ရဲ့ ဒုတိယ အကြိမ်မြောက် ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့် ရခဲ့ပြီးနောက်မှာ လမ်းကြောင်း နည်းနည်းပွင့်လာခဲ့တယ်။  နောက်နှစ် ၂၀၁၀ နှစ်ဆန်းပိုင်း ထဲမှာပဲ ၊ အာရှ နဲ့ ပစိဖိတ်ရေးရာ ဗျူရို လက်ထောက်  ကတ့်ကမ့်ဘဲလ် ကိုယ်တိုင် နှစ်ကြိမ်တိုင်တိုင် လာရောက်ခဲ့ပြီး ၊ နေအိမ်အကျယ်ချုပ် ကျနေဆဲ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံ ဆွေးနွေးနိုင် ခဲ့တယ်။ နှစ်ကုန်ပိုင်း  နိုဝင်ဘာလ ထဲမှာတော့၊ စိတ်ကြိုက်ရေးဆွဲထားတဲ့  ဖွဲ့စည်းပုံကြီးနဲ့ တဖက်သက် ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကြီးမှာ ၊ ပြိုင်ဖက်မရှိ အနိုင်ယူ လိုက် တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေဟာ ၊ ရွေးကောက်ပွဲ ပြီးသွား လို့  အစိုးရတွေ လွှတ်တော်တွေ၊ လူခွဲပြီး အကျအန နေရာယူ ပြီး တာနဲ့ တပြိုင်နက် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်တော့တယ်။  


ဒီဆက်တိုက် ဖြစ်စဉ်တွေကို ကြည့်ရင် ၊ ဒီ နှစ်ပိုင်းလေး အတွင်းမှာ ၊ အမေရိကန်ဖက်က သံတမန်ရေးရာ အပေးအယူ နဲ့  ညှိနှိုင်းမူတွေ ၊ ဘယ်လောက်တောင် အကြိတ်အနယ် လုပ်ခဲ့ရတယ် ဆိုတာကို ခန့်မှန်းကြည့်လို့ ရသလို မြန်မာအစိုးရ ဖက်ကလည်း အားလုံးကို အချိန်ကိုက် မဖြစ်ဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့တာပဲ ။ အဲဒီမှာ ဘာထပ်တွေ့ရလည်း ဆိုတော့ ၊ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ရှိနေတုန်း အဆက်အသွယ် ပြတ်တောက်ခဲ့ပုံ ရတဲ့  အဖွဲ့ချုပ်ရဲ့  ၂၀၁၀ ရွေးကောက်ပွဲ သမိတ်မှောက် ရေး မူ ဟာ၊   အမေရိကန်က  ဒေါ်အောင်ဆန်းစုကြည် အတွက် ဆောင်ရွက် ပံ့ပိုးနေမူတွေ နဲ့ ၊ အချိတ်အဆက် လွဲချော်ခဲ့ဟန် ရှိတာကြောင့် ၊ ပြည်သူတွေ မှာ ၊ အံ့အားသင့်စရာ နိုင်ငံရေး အလှည့်အပြောင်းတခု ကို ကြုံတွေ့ လက်ခံ လိုက်ရတာပဲ ။ အဲဒါကတော့ ကြားဖြတ်ရွေးကောက်ပွဲကို ရတဲ့ အနေအထား နဲ့ ဒေါ်အောင်ဆန်းစုကြည် ၀င်ဖို့ ဆုံးဖြတ်ခဲ့ ခြင်းပဲ ။ ဒါကို နိုင်ငံရေးထောင်ချောက် လို့ တချို့က သံသယကြီး ကြပေမဲ့ ၊ ဒေါ်အောင်ဆန်းစုကြည် ကတော့ ၊ နောက်တခါ ထပ်ပေါ်လာနိုင်ဖို့ မလွယ်တဲ့ နိုင်ငံရေး အခွင့်အလန်းတခု မို့ ၊ ရဲရဲ ကြီး တိုးဝင် ခဲ့ ဟန် တူပါတယ်။ ဟီလာရီ ကလည်း မိုးရွာတုန်း ရေခံ သင့်တယ်ဆိုပြီး မြန်မာစကားပုံ နဲ့ ကို အတိအကျ ကိုးကားခဲ့တယ်။ ဒါပေမဲ့ ၊ ဟီလာရီ ရော ဒေါ်အောင်ဆန်းစုကြည် ပါ ၊ တဖက်မှာ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့  အရူးလုပ်ခံရဖွယ်  ရှိနိုင်တယ် ဆိုတဲ့ စွန့်စားမူ ကို မျက်စိ ရှင်ရှင် ထား ခဲ့ ကြတာကတော့ ၊ အားတက်စရာပါ။


ဒေါ်အောင်ဆန်းစုကြည် နဲ့ တယ်လီဖုန်း ငါးကြိမ်တိုင်တိုင် ပြောခဲ့တယ်ဆိုတဲ့ ဟီလာရီ ဟာ ဒေါ်စု လွတ်ပြီးပြီးချင်း နှစ်လအကြာမှာ ပထမဆုံး အကြိမ် တယ်လီဖုန်း ခေါ်ခဲ့တယ်။ ဒေါ်စုက ကျေးဇူးတင်ကြောင်း ပြောရင်း နဲ့ ပေါ့ပေါ့ပါးပါး သူ့သမီးရဲ့ မင်္ဂလာဆောင် သတင်းကို မေးခဲ့သလို  ဟီလာရီ ကလည်း ကမ္ဘာတလွှားက တခြား ဒီမိုကရေစီ ရုန်းကန်လှုပ်ရှားမူတွေရဲ့  နမူနာယူစရာ တွေကို ဆွေးနွေးဝေမျှ ချင်တဲ့အကြောင်း ၊ တယောက်တလှည့်စီ အလည်လာကြဖို့  လို့ ချိန်းချက်ခဲ့ကြ တယ်။  အဲ့ဒီလို နဲ့ ဟီလာရီ တယောက် မြန်မာပြည်ကို ကိုယ်တိုင်သွားဖို့ လမ်းစ ရှာတော့တယ်။

၂၀၁၁ နိုဝင်ဘာ လဆန်းမှာ ၊  အမေရိကန် ရဲ့ ဘယ်သမ္မတ မှ မတက်ရောက်ဖူးသေး တဲ့ အင်ဒိုနီးရှားနိုင်ငံ ဘာလီ မှာ လုပ်တဲ့ APEC အစည်းအဝေးကို ဟီလာရီ နဲ့ အတူ အိုဘားမား ကိုယ်တိုင် ပထမဆုံး အကြိမ် တက်ရောက် လာခဲ့ တယ်။ အင်ဒိုနီးရှားကို ဦးတည် ပြန်သန်းလာတဲ့ Air Force One လေယဉ်ကြီးပေါ်မှာပဲ ၊ ဟီလာရီ က ၊ အတူပါလာတဲ့ ကတ့်ကမ်ဘဲလ် ကို ဖုန်းချိတ်ခိုင်းပြီး ၊  မြန်မာပြည် ဖြေလျှော့ ဆက်ဆံ ရေး - ပေါ်လစီသစ် ကို ဆုံးဖြတ် အတည်ပြုပေးမဲ့  အမေရိက နိုင်ငံရဲ့ အရေးကြီးဆုံး ပုဂ္ဂိုလ်ကြီး နဲ့ ၊ ဒီပေါ်လစီ ကို ထောက်ခံ အတည်ပြုပေးဖို့ လိုအပ်နေတဲ့ မြန်မာပြည်က တဦးတည်းသော အမျိုးသမီးကြီး တို့ ကို ၊ ပထမဆုံး အကြိမ် စကားပြောစေ ခဲ့တော့တယ်။ နောက်တနေ့  ဘာလီ အစည်းအဝေး မှာပဲ ၊ သမ္မတ အိုဘားမား က မြန်မာပြည်မှာ တိုးတက်မူ အလင်းရောင်ကလေးတွေကို  မြင်နေရပါပြီ ဆိုတဲ့ flickers of progress မှတ်ချက် စကား ကို ဆိုတော့တယ် ။ သူ့ဘေးမှာ ရပ်နေတဲ့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကိုလည်း မြန်မာနိုင်ငံကို လွှတ်ပြီး စုံစမ်းကြည့်ရှု ဖို့  တာဝန်ပေးလိုက်တယ် လို့ တခါတည်း ကြေညာ ခဲ့တယ် ။ ဘာလီက အပြန် ၊ ဂျပန်မှာ ဆီဝင်ထဲ့ ရင်း ၊ ဂျပန်က သံဝန်ထမ်း တွေက ထဲ့ပေးလိုက်တဲ့ ၊ ဒေါ်အောင်ဆန်းစုကြည်  အကြောင်း ရိုက်ကူးထားတဲ့ The Lady ရုပ်ရှင်ကို  သူတို့ တဖွဲ့လုံး လေယဉ်ပေါ်မှာ ကြည့်ကြရင်း ၊ ဟီလာရီ တယောက် သမ္မတကြီး မြင်လိုက်တဲ့ အလင်းရောင် မီးတောက်ကလေး တွေကို ၊ အားကောင်းလာအောင် ဘယ်လို ယပ်ခတ် မီးထိုး ပေးရမလဲ လို့  တွေးရင်း ၊ ၀ါရှင်တန် ပြန်မရောက်ခင် မှာပဲ ၊ နောက်ခရီးစဉ် အတွက် ပြင်ဆင် စိတ်လှုပ်ရှားနေခဲ့ ပြီ။

တကယ်လည်း ၊ လ တောင် မကူးသေးတဲ့  နိုဝင်ဘာ နေက်ဆုံးရက်ထဲ မှာပဲ ၊ ဟီလာရီ တယောက် နေပြည်တော်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့တော့တယ်။  ကြီးကျယ်ခမ်းနား လှတဲ့ နေပြည်တော် ရဲ့ မြင်ကွင်း တွေ ၊ စစ်ဗိုလ်ချုပ်ကြီးတွေ နဲ့ တွေ့ဆုံခဲ့တဲ့ အတွေ့အကြုံတွေကို ၊ စာအုပ်ထဲ မှာ ခပ်သာသာ ခပ်သောသော လေးသာ မှတ်ချက်ပြုထားပေမဲ့ ၊ ယိုယွင်း အကျည်းတန်နေတဲ့ အဆောက်အဦကြီးတွေ အောက်က   ခက်ခဲရုန်းကန် နေကြတဲ့ ရန်ကုန်မြို့ ရဲ့  လူမူမြင်ကွင်းတွေကို တော့ ၊ လေးလေးနက်နက် ခံစား နားလည် နေခဲ့ပုံ ။ ရှုခင်းတွေ စုံလင် လှ တဲ့ မြန်မာပြည်ကြီးကို ၊ သူ့မိသားစု နဲ့ အတူ ၊ ဧရာဝတီမြစ် အတိုင်း ဆန်တက်လို့  မန္တလေးထိ အရောက် နောက်တခေါက် ထပ်လာလည်ဖို့ ကိုတောင် ၊ ဆန္ဒတွေ ပြင်းပြနေခဲ့တယ် လို့ ဆိုတယ်။

နောက်ဆုံးမှာတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ လူကိုယ်တိုင် မျက်နှာချင်းဆိုင် တွေ့ ရပါ လေပြီ။ အမေရိကန် သံအမတ်ရဲ့ နေအိမ်မှာ လုပ်တဲ့ ညစာစားပွဲ မှာ ၊ နှစ်ယောက်သား မထင်မှတ်ပဲ ၊
အကျီ င်္ အဖြူရောင် ဆင်တူ ၀တ်လာမိကြတဲ့ တိုက်ဆိုင်မူ အတွက် အံ့သြ၀မ်းသာနေကြ တဲ့ အမျိုးသမီးကြီး နှစ်ယောက်ဟာ ၊ စတွေ့လိုက်တာ နဲ့ ၊ ငယ်ပေါင်းကြီးဖော် မိတ်ရင်း ဆွေရင်းတွေလို  ခံစားကြရတယ် ဆိုတာဟာ ၊ ဓါတ်ပုံတွေ ထဲမှာကို အတိုင်းသား မြင်နိုင်ပါတယ်။  လက်ဆောင်တွေ တယောက်တလှည့် ပေးကြပြီးတဲ့ နောက်မှာတော့ ဟီလာရီ က သူ နေပြည်တော်မှာ တွေ့ခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီး နှစ်ယောက် အပေါ် အမြင်တွေကို ပြောပြ သလို ၊ ဒေါ်စု ကလည်း ၂၀၁၂ မှာ လုပ်မဲ့ ကြားဖြတ် ရွေးကောက်ပွဲ ကို ၊ သူတို့ ပါတီ ၀င်ဖို့  ဆုံးဖြတ်လိုက်တဲ့ အကြောင်း ၊ သူ ကိုယ်တိုင် လွှတ်တော်အမတ် လုပ်ဖို့ လည်း ရည်ရွယ်ထားကြောင်း ပြောရင်း ၊ ပြည်သူ့ ကိုယ်စားလှယ် တယောက် ဖြစ်လာဖို့ လိုအပ်တဲ ပြင်ဆင်မူတွေအတွက် မေးခွန်းတွေ အများကြီး မေးခဲ့တယ် လို့ ဆိုတယ်။


ဒီပုံမှာ ဟီလာရီ ဆွဲထားတဲ့ ငွေဆွဲကြိုးလေးဟာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ လက်ဆောင်ဖြစ်တယ်လို့  ယူဆရတယ်။  ၊သူက ဒေါ်စု ဖတ်ဖို့ စာအုပ်တချို့ နဲ့ ခွေးကလေးဆော့စရာ တခု ပေးခဲ့ပြီး ၊ ဒေါ်စု ကတော့ သူကိုယ်တိုင် ဒီဇိုင်းထုတ်ထားတဲ့ ငွေဆွဲကြိုးတကုံး ပေးခဲ့တယ် လို့ ရေးထားတယ်


နောက်တနေ့ မှာ  ဒေါ်အောင်ဆန်းစုကြည် ရဲ့ နေအိမ်မှာ ထပ်တွေ့ ကြပြန်တယ်။ ဒေါ်အောင်ဆန်းစုကြည် က ၊ မြန်မာအစိုးရ က စဉ်းစားနေတဲ့ ပြုပြင်ပြောင်းလဲမူတွေ အတွက် ၊ အမေရိကန် ဖက်ကရော ဘယ်လို တုန့်ပြန် မှာလဲ ဆိုတာကို သိချင်နေခဲ့ တယ် လို့ ဆိုတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ က ၊ မတိုင်ခင် ကတည်းက  ပိတ်ဆို့ မူတွေကို အစောတလျင် မဖယ်ရှားလိုက်ဖို့ ဆိုတဲ့ သတိပေးမူတွေ ရှိ ခဲ့တယ်။  ဟီလာရီ ကလည်း  အကုန်လုံးကို တပြိုင်နက်တည်း ဖွင့်ပေးလိုက်တာမဟုတ်ပဲ ၊ တိုးတက်မူ တခုဆီတိုင်းအတွက် အပေးအယူ ပုံစံ နဲ့သာ သွားပါ့မယ်လို့  ဒေါ်အောင်ဆန်းစုကြည်ကို စိတ်ချစေခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ၊ ဒီခရီးစဉ် အားဖြင့် ၊  ဟီလာရီ မျှော်လင့်ထားတဲ့ အတိုင်းပဲ၊  ပြုပြင်ရေးသမား ဆိုသူကြီးတွေ အတွက်တော့ ၊ နိုင်ငံတကာ ရဲ့ ယုံကြည်မူ ကို ရယူ တည်ဆောက်ဖို့ လမ်းစ ပွင့်သွားခဲ့ လေပြီ။ ဒေါ်အောင်ဆန်းစုကြည် နဲ့ အတိုက်အခံ တွေ အတွက်ရော ၊ လူးသာ လွန့်သာ ဘယ်လောက် ရှိလာခဲ့သလဲ ။

သူတို့ နှစ်ယောက် ပထမဆုံး ဖုန်းပြောစဉ် က ချိန်းချက်ခဲ့ ကြတဲ့ အတိုင်းပါပဲ ။ ၂၀၁၂ စက်တင်ဘာ လ ထဲမှာ ဒေါ်အောင်ဆန်းစုကြည်တယောက် ၀ါရှင်တန်က ဟီလာရီ ရဲ့ အိမ်ကို တလှည့် အလည်ရောက်လာ ခဲ့တယ်။ ဟီလာရီ ရဲ့ အိမ်က ထမင်းစားခန်း အပြင်က နေရာလေးမှာ နှစ်ယောက်တည်း သီးသန့် စကားပြောရင်း ၊ မလွတ်သေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ၊ ပိုပြီးဆိုးဝါးသလိုတောင် ဖြစ်နေတဲ့ တိုင်းရင်းသား ပဋိပက္ခတွေ နဲ့ ၊ အလုအယက် ၀င်လာကြတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံ မူတွေကြောင့် ပိုသိသာလာတဲ့  လဘ်ပေးလဘ်ယူ မူတွေ အကြောင်း ပြောတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ဟာ စိုးရိမ်နေဟန် ရှိတယ်လို့  ဆိုတယ်။ ပြုပြင်ပြောင်းလဲရေး အတွက် အတူလုပ်ဆောင်ဖို့ ယုံကြည်ထားခဲ့တဲ့ သမ္မတ ဦးသိန်းစိန် ရဲ့ အပြောင်းအလဲ  အတွက် လည်း ၊ ပူပင်နေပုံ ပေါ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကို၊ အံကြိတ်ပြီး တော့သာ ရှေ့ကို ဆက်သွားဖို့ ၊ ပေးစရာရှိတဲ့ ဖိအားကို ဆက် ပေး ပြီး ၊ ထိမ်းစရာရှိတဲ့ ဆက်ဆံရေးကို ဆက်ထိမ်းဖို့ သာ၊ ဟီလာရီက အကြံညဏ် ပေးခဲ့ တယ် ။  အမေရိကကို မရှေးမနှောင်း ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန် ရဲ့ အမည်ကို တောင် ၊  နောက်တနေ့  ပြောမဲ့ ဆုယူ မိန့် ခွန်းမှာ ထဲ့ပြောဖို့  ၊ သူ က အကြံ ထပ်ပေးလိုက် သေးတယ်။

ဒေါ်စု အမေရိကန် ခရီးစဉ်က ပြန်လာပြီး သိပ်မကြာပါဘူး။ နိုဝင်ဘာ လ ထဲမှာပဲ ၊ သမ္မတ အိုဘားမား ကိုယ်တိုင် မြန်မာပြည် ကို ရောက်လာခဲ့ ပြီး ၊ တဖြည်းဖြည်း မြင့်တက်လာတဲ့ အမေရိကန် - မြန်မာ ဆက်ဆံရေးဟာ  အမြင့်ဆုံးရေချိန် ကို ရောက်ခဲ့ တော့တယ်။

၂၀၁၄ ရဲ့ နှစ်လည်ပိုင်းမှာ ထွက်လာတဲ့ ဟီလာရီ ရဲ့ စာအုပ်ထဲက သူ့ အတွေ့ အကြုံ သူ့ သုံးသပ်ချက်တွေ ကို ဖတ်ကြည့်ရင်း ၊ ဒီ အချိန်ကာလတွေ အတွင်းမှာ ဟီလာရီ မျှော်မှန်းခဲ့ သလောက် မြန်မာပြည် ဘယ်လောက်ထိ ရှေ့ ကို ရောက်လာသလဲ . . . အိုဘားမား သတိချပ်ခဲ့ တဲ့  တိုးတက်မူ မီးရောင်လေးတွေကရော  ဘယ်လောက်ထိ ကျယ်ပြန့်  လင်းချင်း လာသလဲ  ဆိုတာကို ၊ အားလုံး ကိုယ် ထင်မြင် တွေ့ကြုံရသလို သုံးသပ် ကြည့် နိုင်ပါတယ်။

ဒီ ပြောင်းလဲမူတွေကို ဦးဆောင် ရှေ့ ရွက် ပြုခဲ့တဲ့ ဟီလာရီ ကိုယ်တိုင်မှာ တော့ ၊ သမ္မတကြီး ဦးသိန်းစိန် တယောက် သူ့ အလုပ်တွေကို ပြီးပြတ်အောင်မှ  ဆက်လုပ်သွား နိုင်ပါ့မလား . . . ဒေါ်စု တယောက်ကများ ယုံကြည်စရာ လျော့ပါးလာတဲ့ ပူးပေါင်း ဆောင်ရွက်မူ တွေထဲကနေ ၊ ဗြုန်းဆို နှုတ်ထွက်လိုက်မလား ဆိုတဲ့ ၊ စိုးရိမ်မူ အသစ် တွေ ရှိလာ ခဲ့တယ်။ ဒါပေမဲ့ ၊ သူကိုယ်တိုင် တွေ့ဆုံ စကားပြောခဲ့ဖူးတဲ့ ၊ ဦးသိန်းစိန် - ဦးရွှေမန်း- ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့  ၂၀၁၅ မှာ သမ္မတ ဖြစ်လာနိုင်မဲ့ ၊ ပုဂ္ဂိုလ်ကြီး သုံးယောက် ရဲ့ နိုင်ငံရေး အားစမ်းမူ နဲ့ နောက်ကွယ်က  ကစားကွက် အလှည့်အပြောင်းတွေကို လည်း  ၊ ဒါဟာ တကယ့် ဒီမိုကရေစီ ပါပဲ လို့ ၊ တိတ်တိတ်ကလေး အားရ နေဟန် လည်း ရေးသားထားတယ်။ ဘာပဲပြောပြော  အစောပိုင်း ကာလက မြင်ခဲ့ရတဲ့ အလင်းရောင်လေးတွေ နဲ့၊ မရေရာ ခဲ့တဲ့ မျှော်လင့်ချက် တွေ ဟာ ၊ သူ - နိုင်ငံခြားရေးဝန်ကြီး အဖြစ် တာဝန်ယူခဲ့တဲ့ သက်တမ်း လေးနှစ် အတွင်းက ၊ အမှတ်ရစရာတွေ ထဲ မှာတော့ ၊ အမြင့်ဆုံး အမှတ် တွေ ဖြစ်နေဆဲပဲ လို့ ဆိုတယ်။ အားလုံးက ထင်မြင် မျှော်လင့်နေကြသလို နောက်လာမဲ့ ၂၀၁၆ အမေရိကန် ရွေးကောက်ပွဲ မှာ ၊ သမ္မတ အဖြစ် ထပ်မံ ယှဉ်ပြိုင် အရွေးခံ ဖို့ ဆိုတာကိုတော့၊  နောက်ထပ် ခက်ခဲတဲ့ ရွေးချယ်မူ တခု မို့ ၊ မဆုံးဖြတ်ရသေးဘူး လို့ ၊  ဆိုထားပေမဲ့ ၊ နှလုံးသား နဲ့ နိုင်ငံရေး လုပ်ခဲ့တဲ့ အမျိုးသမီးကြီး ရဲ့  ၊ နိုင်ငံရေး နှလုံးသားကိုတော့ ဒီစာအုပ်ထဲမှာ အတိုင်းသား မြင်နေခဲ့ရတယ်။

ဟီလာရီ ပြောသလိုဆို - နိုင်ငံရေး တာဝန် တွေ ဆိုတာ လက်ဆင့်ကမ်း ပြိုင်ပွဲ လိုပဲ ၊ ရှေ့က မပြီးပြတ်ခဲ့တဲ့ တာဝန်တွေကို ဆက်ထမ်းဆောင် ၊ အရင်က မအောင်မြင်ခဲ့တဲ့ လမ်းကြောင်းတွေကို ပြောင်းလဲ ရတာ ဆိုရင်တော့ ၊ နောက် အသစ် တက်လာတဲ့ နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီ က ၊ အခု ဘာတွေ ဆက် လုပ်နေလေသလဲ ။ ပြီးခဲ့တဲ့ လ ကမှ ၊ မြန်မာပြည်ကို လာသွားတဲ့ ဂျွန်ကယ်ရီ ရဲ့ ခရီးစဉ်က တော့ ၊ သူ့ရှေ့က လူတွေလို ၊ မြန်မာပြည်သူတွေ ကြားထဲ စိတ်ဝင်စားမူ မရှိလှဘူး လို့ ပြောကြ တယ်။ ဂျွန်ကယ်ရီ ကိုယ်တိုင်ကလည်း ဒေါ်အောင်ဆန်းစုကြည် ကိုတောင်  အလေးအနက် မထားသလို အခြေအနေတွေ ဖြစ်ခဲ့တယ် ဆိုတဲ့ ဖော်ပြ ရေးသားချက်တွေ ကို လဲ ဖတ်မိတယ်။

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး - မဖြစ်ရေး ဆိုတဲ့ ကိစ္စ ဟာ ၊ အမေရိကန် နိုင်ငံခြားရေး မူဝါဒ ထဲမှာ ၊ သိပ်အရေးပါလှတဲ့ အကြောင်း မဟုတ်လောက်ပါဘူး။ ဒါပေမဲ့ အမေရိကန် ရဲ့  မြန်မာပြည်အပေါ် ဆက်ဆံရေး မူဝါဒသစ် ဟာ ၊ တရုတ်ရဲ့ ခြေကုပ်ယူမူ ကို တားဆီးဖို့ နဲ့၊  ဒေသတွင်း သြဇာ ထူထောင်ဖို့  သက်သက်ပဲ ဖြစ်လာမယ် ဆိုရင်တော့ ၊ အမျိုးသမီးကြီး နှစ်ယောက် ရဲ့  ခင်မင်လေးစားမူတွေ နဲ့ စခဲု့ ပြီး ၊ အဖြူရောင် တိုက်ဆိုင်မူ နဲ့  လေးနက် ခဲ့တဲ့ ၊ နွေးထွေးပွင့်လင်းတဲ့ ရီမောသံ တွေနဲ့  ဖွဲ့နှောင်ပြီးသား ၊ မြန်မာ့ ဒီမိုကရေစီ ခရီး အစ ကောင်းဟာ၊ အနှောင်း မသေချာ နိုင်ပါဘူး။ 

တကယ်လို့သာ ၊ အားလုံးရဲ့ နှလုံးသား ဆန္ဒ တွေ အတိုင်း ၊ လာမဲ့ နှစ်တွေထဲမှာ  မြန်မာပြည်ရဲ့  သမ္မတ ဟာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်လာပြီး ၊ အမေရိကန် ရဲ့ သမ္မတ ဟာလည်း ၊ ဟီလာရီ ကလင်တန် ဖြစ်လာခဲ့မယ် ဆိုရင်တော့ . . . နှလုံးသား နဲ့ လုပ်တဲ့ နိုင်ငံရေး တွေဟာ ၊ စစ်ခရာသံ တွေ ပြန်လည် ဆူညံ လာတဲ့ ကမ္ဘာကြီးထဲမှာ မျှော်လင့်စရာ လူ့သမိုင်းတခု ဖြစ်လာဦးမှာပါ။


ကေသွယ်
သြဂုတ် ၃၁ ၊၂၀၁၄

Ref: Hillary Rodham Clinton (2014). Hard Choice.

Weekly Eleven. No-47, Vol-9, Sep 08 2014.


◦
Share/Bookmark

သူ့ ဦးဏှောက်ထဲက ဖိနပ် ... သူ့ ခန္ဓာကိုယ်ထဲက အပ်




အဲဒီ တရုတ်အမျိုးသား ရဲ့ မျက်နှာသွင်ပြင်က မြင်ဖူးနေကြ တရုတ် အမျိုးသားတွေ နဲ့ သိပ်မကွာခြားလှပေမဲ့ ၊ သူ့မျက်နှာပေါ်မှာ ထင်ဟပ်နေတဲ့ တည်ငြိမ်မူ နဲ့ လေးနက်မူက တော့ ၊ အနည်းငယ် ကွဲပြားစွာ ထူးခြားနေသည် ဟု ထင်မိသည်။ ပိုပြီး ထူးခြားတာ က ၊ မဲ့ရွဲ့ ဟစ်ငို နေတဲ့ အရုပ်ဆိုးဆိုးကော်ပတ်ရုပ် ကလေးကို ပခုံးပေါ်မှာ ချီပိုး ထားတဲ့ သူ့ ရဲ့ ဓါတ်ပုံ တပုံ ။ အဲဒီပုံမှာ သူ့ကို ကြည့်ရတာ တီယမ်နမ်မင်း ရင်ပြင် ပေါ်မှာ ၊ ကျောင်းသားလူငယ်တွေကို စကားပြောနေတဲ့ နိုင်ငံရေး တက်ကြွ ဦးဆောင်သူ လျူရှောင်ဘို နဲ့ မတူ ။ တရုတ်ပြည်ရဲ့ ဒီမိုကရေစီ အရေးတွေ နဲ့ တွဲပြီး ကမ္ဘာက ဖော်ပြတဲ့ သတင်းတွေထဲက လျူရှောင်ဘို နဲ့ မတူ ။ နိုဘယ်ဆု ကော်မီတီ ရဲ့ နံရံထက်မှာ ချိတ်ဆွဲ ထားတဲ့ ၊ ဆု တက်ရောက် ယူ ခွင့် မရတဲ့ ၊ ကမ္ဘာ့ငြိမ်းချမ်းရေး ဆုရှင် လျုရှောင်ဘို နဲ့ လည်း မတူ ။ စိတ်ဝင်စားစရာ ကောင်းတာက အဲဒီပုံ ကို ရိုက်ကူးသူဟာ သူ့ ဇနီးသည် ကိုယ်တိုင် ဖြစ်ပြီး ၊ တရုတ်ပြည်ထဲမှာ ပြသခွင့် မရတဲ့ “တိတ်ဆိတ်ခြင်းရဲ့ ခွန်အား” ဆိုတဲ့ ဓါတ်ပုံ ပြပွဲ တခု မှာ ခင်းကျင်း ချိတ်ဆွဲ ထားခဲ့တဲ့ ၊ သူ့ ဇနီးသည် လျုရှောက် ရဲ့ အနုပညာ လက်ရာ များ ထဲက တခု ဖြစ်နေတာပဲ ။ 


လေးထောင့် ၀န်းဝန်း မျက်နှာ ပေါ်မှာ ချိတ်တွယ် ထားတဲ့ ၊ ၈၀-၉၀ ခုနှစ်များဆီက ခေတ်စားခဲ့တဲ့ စတုရန်းကျကျ သတ္တုကိုင်းမျက်မှန်ကြီး ကြောင့် ၊ သူ့ကို ကြည့်ရသည်မှာ ၈၀-၉၀ နှစ်များ ဆီသို့သာ ပြန်ရောက်နေသလို ။ တကယ်လည်း သူ့ ရဲ့ ယုံကြည်ချက် နဲ့ ရပ်တည်ချက် တွေက လွန်ခဲ့တဲ့ နှစ် အစိတ်ကျော်က ဖြစ်ရပ်တွေထဲမှာ နက်နက်ရှိုင်းရှိုင်း စိုက်ဝင် စူးနစ် နေနှင့်ခဲ့ပြီး ပြီ မဟုတ်လား ။ ၁၉၈၉ တရုတ်ပြည်ရဲ့ တီယမ်နမ်မင်း ရင်ပြင် အရေးတော်ပုံ က စလို့ ၂၀၀၈ ပီကင်း အိုလံပစ် ဆန့်ကျင်မူ ကာလ တွေ အထိ ၊ သူ့ရဲ့ ယုံကြည်ချက် စိတ်နှလုံး က ဒီမိုကရေစီ ကနေ တရွေးမှ မလျော့ခဲ့ ။ သူ့ ရဲ့ ရပ်တည်ချက် ခြေအစုံ က တရုတ်ပြည်ကြီးကနေ တဖ၀ါး မှ မခွာခဲ့ ။ 


၁၉၈၉ ခု ဇွန်လ ၄ ရက်နေ့ တီယမ်နမ်မင်း ရင်ပြင်က ဆန္ဒပြ ကျောင်းသားတွေကို စပြီး ဖြိုခွင်းပြီ ဆိုတဲ့ အချိန်မှာ သြစတြေလျ သံအရာရှိ တယောက်က ၊ လျူရှောင်ဘို ကို သူ့ကား နဲ့ ကယ် ထုတ် လာ နိုင်ခဲ့တယ် လို့ သြစတြေလျ အေဘီစီ ရုပ်သံက လွှင့်သွားတဲ့ တွေ့ဆုံခန်းတခုမှာ အဲဒီ သံအရာရှိ ကိုယ်တိုင်က ပြန်ပြောင်း ပြောပြ လေသည် ။ သံရုံးရှေ့ ကို ရောက်တော့ - ကဲ ငါတို့ အထဲ ၀င်ဖို့ တံခါး ပွင့်လိမ့်မယ် . . . ၀င်သွားပြီးတာနဲ့ မင်းဟာ နိုင်ငံရေး ခိုလှုံခွင့် အကျုံးဝင်သွားပြီ . . . ဒီနိုင်ငံကနေ ခွါရလိမ့်မယ် . . . ဒါမှမဟုတ် ဒီ အနားက မင့်ရဲဘော် တွေဆီ သွားပြီး ပုန်းမလား - ဆိုတော့ လျူက ခဏ စဉ်းစားပြီး ၊ ကားပေါ်ကနေ ဆင်းသွားခဲ့ သတဲ့ ။ နောက်တနေ့ ညနေမှာပဲ သူ အဖမ်းခံ လိုက်ရတယ်။ တရုတ်စစ်တပ်က ဖြိုခွင်းဖို့ လုပ်နေတဲ့ အချိန်မှာ ဒီ ရင်ပြင်ထဲက သောင်းပေါင်းများစွာ သော ကျောင်းသား လူငယ် တွေ ကို ငြိမ်းချမ်းစွာ ဆုတ်ခွါဖို့ ပြောဆို စည်းရုံး နိုင်တဲ့ ခေါင်းဆောင် အနည်းငယ်ထဲက တယောက် ဖြစ်တဲ့ လျူ ဟာ ၊ သူ့ ရဲဘော် ကျောင်းသားတွေ အပေါ် မှာ ၊ ဘယ်လိုလုပ်ပြီး လွယ်လွယ်ကူကူ ကျောခိုင်း စွန့် ခွါ ထားခဲ့ နိုင်မလဲ . . . ။

ကိုလံဘီယာ တက္ကသိုလ် မှာ ဧည့်ပညာရှင် တယောက် အနေ နဲ့ ခေတ္တ သွားရောက် နေထိုင်နေတုန်း ၊ တရုတ်ပြည် ကျောင်းသား လှုပ်ရှားမူ ကြီး အမီ အရောက် ပြန်လာခဲ့ တယ်ဆိုတဲ့ လျူ အတွက် ဒီ လှုပ်ရှားမူကြီး နဲ့ ဘယ်လောက်ထိ ထဲထဲဝင်ဝင် ပါဝင် ပတ်သတ်နေ ခဲ့ လေ မလဲ. . . ။ 

တရုတ်အစိုးရ ကတော့ သူ့ကို “လက်မဲကြီး” လို့ နာမယ်တပ်ပြီး လူဆိုးစာရင်း သွင်းပြစ်ခဲ့သည်။ တကယ်တော့ တရုတ်လူမျိုးတွေ ရဲ့ ယဉ်ကျေးမူထဲမှာ ကျယ်ကျယ်ပြန့်ပြန့် နက်နက်ရှိုင်းရှိုင်း ရှိနေတဲ့ ကွန်ဖြူးရှပ် ကို သုံးသပ်ထားတဲ့ စာအုပ် တအုပ်က စလို့ ၊ သူ့ရဲ့ အရေးအသား အယူအဆ တွေဟာ ၊ မဆွခင် မတိုင်ခင်ကတည်းက ၊ တရုတ် လူငယ် စာဖတ်ပရိသတ်အကြား မှာ လူပြောများ အကြိုက်တွေ့ နေခဲ့တာမို့ ၊ ဒီ အရေးတော်ပုံ ကြီး အပေါ်မှာ တစုံတရာ ထက်ကို ၊  ပို ပြီး သက်ရောက်မူ ရှိချင် လည်း ရှိခဲ့ ပေလိမ့်မည်။ 

တရုတ်လူမျိုးတွေ ရဲ့ ဘုရားလို ဖြစ်နေတဲ့ ကွန်ဖြူးရှပ် ကိုတောင် ဝေဖန် ပိုင်းခြားခြင်လာတဲ့ အသိအမြင် တွေ ၊ လျူ့ ဆီ ကို နေရင်း ထိုင်ရင်း အလိုလို ရောက်လာခဲ့တာတော့ မဟုတ် ။ ၀ိဇ္ဇာ ပညာ နဲ့ ပါရဂူ ဘွဲ့ ရ ထားတဲ့ တက္ကသိုလ် ဆရာ လျူ က ၊ ၁၉၈၀ လောက်က စပြီး ၊ အမေရိကန် နဲ့  ဥရောပ တိုင်းပြည် တချို့ကို ပညာရေးကိစ္စ နဲ့ ရောက် သွားခဲ့တယ် ။ လိုက်ကာ ကို ဖယ်ပြီး ပွဲခင်းထဲ ကို မြင်လိုက်ရသလိုမျိုး ၊ မတူညီ မူတွေ အများအပြား နဲ့ ကျယ်ဝန်းလှ တဲ့ ကမ္ဘာကြီးကို မြင် လိုက်ရ တဲ့ လျူ ဟာ ၊ ရုတ်တရက် တော့ အနောက်ကမ္ဘာ ရဲ့ လွတ်လပ်တဲ့ အယူအဆ အတွေးအခေါ် တွေ အပေါ်မှာ ၊ အထင်ကြီးစိတ် တွေ ၀င်သွားခဲ့ ဟန် တူရဲ့ ။ အစောပိုင်း မှာ အမေရိကန် အစိုးရ ပေါ်လစီ တွေကို ချီးမွမ်းရေးသား ခဲ့တဲ့ စာတွေကြောင့် တချို့ ကလည်း အမျိုးသား သစ္စာဖောက် လို့ စွပ်စွဲတာတွေ ရှိ ခဲ့ တယ်။ 

နောက်ပိုင်းမှာ တော့ အနောက်တိုင်း စံ နှုန်းတွေ မှာလည်း အပစ်အနာတွေ မကင်းဘူး ဆိုတာကို သူ နားလည် သဘောပေါက်လာတယ် ။ အာဏာရှင် တပါတီ အောက်မှာ နှစ်ပေါင်း သုံးဆယ်လောက် နေထိုင်ကြီးပြင်း ခဲ့တဲ့ လူတယောက် အတွက် ၊ လူ့သမိုင်း ရဲ့ ကြမ္မာကို ၊ လွတ်လွတ်လပ်လပ် သုံးသပ် ကြည့်ချင်ခဲ့တာပါပဲ - လို့ - သူ့ကိုယ်သူလည်း ပြန်သုံးသပ် နိုင်ခဲ့တယ် ။ ဒါပေမဲ့ သူ့မှာ ရွေးချယ် စရာ နည်းပါးတဲ့ အတွက် သူလုပ်နိုင် / လုပ်ဖြစ် နေမှာကတော့ - အနောက်တိုင်းရဲ့ စံနှုန်းတွေ ကို အသုံးပြုပြီး တရုတ်ပြည် ကို ဝေဖန် မယ် . . . သူ့ ရဲ့ စာပေ ဖန်တီးနိုင်စွမ်း ကို အသုံးပြု ပြီး အနောက်ကမ္ဘာကို လည်း ဝေဖန်မယ် လို့ ၀န်ခံ ကတိပေး ခဲ့တယ်။ 

တီယန်နန်မင်း ရင်ပြင် အပြီး ထောင် ဒဏ် ၂ နှစ် အကြာ ပြန်လွတ်လာ တဲ့ အချိန်မှာ သူ့ ရဲ့ ပထမ အိမ်ထောင်နဲ့ သားလေးက အမေရိက ကို ထွက်သွားခဲ့ပြီ ။ အလုပ်တွေ ပြုတ် မိသားစုပါ ပြုတ်သွားတဲ့ လျူ ကတော့ စာတွေ ဆက်ရေး နေခဲ့တယ်။ ကွန်မြူနစ် ပါတီကြီးကို ဆက် ဝေဖန် နေခဲ့တယ်။ တရုတ်ပြည်ကြီးကို ဆက် ဆန်းစစ် နေ ခဲ့တယ်။ အလုပ်စခန်း တခုမှာ နယ်နှင် ထိန်းသိမ်းခံ နေရတုန်း မှာ အခု ဇနီးသည် ဖြစ်တဲ့ လျူရှောက် နဲ့ ဆုံကြတယ်။ တရုတ်ဘုန်းကြီး တပါး လို တည်ငြိမ် တဲ့ လျူရှောင်ဘို နဲ့ တရုတ်သီလရင် တပါး လို  တိတ်ဆိတ် တဲ့ လျူရှောက် တို့ ဇနီးမောင်နှံ ၂ ယောက် ဟာ၊ စိတ်ဝင်စားစရာ ကောင်းလှ စွာပဲ ၊ နိုင်ငံရေး အတွေး. . . အနုပညာရေး အလုပ်တွေ အသီးသီး နဲ့ သူတို့ ရဲ့ နေ့ရက်တွေကို ကျော်ဖြတ်ခဲ့ကြတယ်။ 

တကယ်တော့ လျူ ဟာ ၊ ဟိုး ငယ်စဉ် တက္ကသိုလ် ကျောင်းသား ဘ၀ တည်းက ၊ သူ့ အယူအဆ အတွေးအရေး တွေကို ကဗျာတွေ နဲ့ စတင် ခဲ့တဲ့ ကဗျာဆရာ တယောက်လည်း ဖြစ်ခဲ့တယ် ဆိုတာကို လူတွေ သိပ်သတိမထား မိ ခဲ့ ကြဘူး ။ ခုချိန်မှာတော့ သူ့ရဲ့  “ ဇွန် - လေး တမ်းချင်း”  ဆိုတဲ့ ကဗျာပေါင်းချုပ် စာအုပ်ကို နိုင်ငံတကာ က ပါ၊ စိတ်ဝင်စားလာကြတယ်။ ပထမဆုံး အကြိမ် ထောင်ကျ တဲ့ နှစ်က စ လို့ ၊ ဒုတိယ အကြိမ် ထောင်မကျခင် ၂၀၀၉ ခုနှစ် အထိ ၊ ဇွန် လ (၄) ရက်နေ့ကို ရောက်တိုင်း ၊ နှစ်စဉ်မပြတ် ရေးဖွဲ့ ခဲ့တဲ့ သူ့ ရဲ့ “ ဇွန်- လေး ” ကဗျာတွေကို ၊ သူ့မိတ်ဆွေ ဂျက်ဖရီယမ်း ဆိုသူ ၊ အင်္ဂလိပ် လို ပြန်ဆို ထားတဲ့ အဲဒီ စာအုပ်ထဲက ကဗျာ အပိုင်းအစ တချို့ကို မွှေနှောက် လှန်လျော ကြည့်မိတော့ - လေးနှစ်မြောက် မှာ ၊ စပ်ဆိုခဲ့တဲ့ လေးပုဒ်မြောက် ကဗျာလေး ရဲ့ ပါဒလေး - လေးခု အောက်မှာ အတွေးတွေ ခဏ ရပ်တန့် သွားခဲ့တယ်။ 


In the brain-mass
there’s one shoe
that cannot find the road to memory


ဦးဏှောက် အစိုင်အခဲ ထဲ 
နစ်ကျန်ခဲ့တဲ့ ဖိနပ်တဖက် 
အတိတ်ရဲ့ လမ်းကို သူ ရှာမတွေ့ နိုင်တော့ပြီ . . . 


ကျောင်းသား နဲ့ လူအများ သွေးမြေကျခဲ့တဲ့ ဇွန် လေး ရက်က ၊ လျူ ရဲ့ ဦးဏှောက်ထဲ မှာ ဘယ်လောက်တာင် နက်ရှိုင်းအောင် စွဲထင် နေ ခဲ့လေ သလဲ ။

ဖတ်ရင်း နဲ့ ၊ နောက်ဆုံး ကဗျာကို ရောက်လာတယ်။ ၈၉  ကနေ ၂၀၀၉  ... သက္ကရာဇ်  ကိန်းဂဏန်းတွလည်း တဖြည်းဖြည်း နဲ့ တိုး လာတယ်။


The day seems more and more distant
and yet for me
it remains a needle inside my body


အဲဒီရက်ဟာ ဝေး သထက် ဝေး ကွာသွား ခဲ့. . . 
ငါ့အတွက်တော့ 
ခန္ဓာကိုယ်ထဲမှာ အပ်တချောင်း ရှိနေမြဲ. . .


ရင်ပြင်ပေါ်မှာ သွေးသံရဲရဲ နဲ့ ကျဆုံးခဲ့တဲ့ သူ့ ရဲဘော် တွေရဲ့ အလောင်းတွေဟာ ၊ ရှင်သန် ကျန်ရစ် တဲ့ လျူ အတွက် အပစ်ကြီး တခု လို ၊ သူ့ ခန္ဓာကိုယ်ထဲ စိုက်ဝင် နေခဲ့ လေ သလား ။

ကဗျာစာအုပ်လေး ကို လှန်လျော ပြီး သွားတော့ ... လူတယောက်လို စကား ပြောပေမဲ့ ၊ တစ္ဆေ တကောင်လို စာရေး တယ် - ဆိုတဲ့ လျူ့ ရဲ့ တခြား စာတွေကိုလည်း ဆက် ဖတ်ကြည့်ချင်နေမိတယ်။

တီရင်နန်မင်း ရင်ပြင် နှစ် အစိတ်ပြည့်တဲ့ ဒီနေ့ ဒီ အချိန်မှာတော့ ၊ တရုတ်ပြည်ကြီးဟာ တချိန်က ကျောင်းသားတွေရဲ့ ဒီမိုကရေစီ အရေး တောင်းဆိုသံ တွေ ၊ သွေးပျက် ငြီးတွား သံ တွေကို ၊ မေ့ချင်ဟန် ဆောင်ရင်း ၊ စီးပွားရေး အရ ကမ္ဘာ့ နံပါတ် တစ် နေရာကို ရောက်ခမမ်းလိလိ ။အသက် ၆၀ အရွယ် ရှိလာပြီ ဖြစ်တဲ့ လျူ ကတော့ ၊ တရုတ်ပြည်ရဲ့ ပီကင်း အကျဉ်းထောင်ကြီးထဲ မှာ . . . ချာတာ (၈) လို့ ခေါ်တဲ့ တပါတီ အာဏာရှင်စနစ် ရပ်စဲ ဖို့ သဘောထား ထုတ်ဖော်တဲ့ စာတမ်း ကြောင့် ၊ ၂၀၀၉ ခုနှစ်က ကျခဲ့နေတဲ့ ထောင်ဒဏ် ဆယ့်တစ် နှစ် မှာ တ၀က်ကျိုးလု ကျိုးခင် ။ သူ့ ဇနီးသည် မှာက ၊ ရဲ အစောင့်တွေ အမြဲ စောင့်ကြည့်နေတဲ့ နေအိမ် တိုက်ခန်းလေး ထဲမှာ ၊ ဘယ်သူနဲ့ မှ တွေ့ခွင့် မရပဲ ၊ စိတ်အခြေအနေ တိမ်းစောင်းလုလု ။

“ ဇွန် - လေး ” ကဗျာ အသစ်တွေ ဘယ်နှယ်ပုဒ် ဆက်ရှိနေသေး လည်း  ဆိုတာတော့ ဘယ်သူမှ မသိနိုင်သေး။


++++++++

ကေသွယ်

ည ၁၁ နာရီ ၃၄ မိနစ်
ဇွန် ၄ ရက် ၂၀၁၄

( ဇွန် ၄ တရုတ် ဒီမိုကရေစီ အရေးတော်ပုံ အမှတ်တရ - မိုးမခ အတွက် ရေးသား သည်။ )

◦
Share/Bookmark

မင်းကိုနိုင် ကို ရှက်ပါ



သူက တကယ့် သားကောင်း ဖြစ်တယ်

မိသားစု ရဲ့ လည်ဆွဲ တန်ဆာ။

သူက တကယ့် ယောက်ျားကောင်း ဖြစ်တယ်

နိုင်ငံ အတွက် မျက်ရွဲ ရတနာ။

သူက တကယ့် ခေါင်းဆောင်ကောင်း ဖြစ်တယ်

ပြည်သူတွေ နဲ့ မခွဲ မခွါ။

သူက တကယ့် သူငယ်ချင်းကောင်း ဖြစ်တယ်

ရဲဘော် တွေ နဲ့ သေအတူ ရှင်မကွာ။

သူက တကယ့် လူသား ကောင်း ဖြစ်တယ်

ကျင့်ဝတ်တွေ ထဲ အမြဲ လိုက်နာ။

++

သူ့မှာ သီလ ရှိတယ်

စောင့်ထိန်းတယ်..မှန်ကန်တယ်။

သူ့မှာ သိက္ခာ ရှိတယ်

တည်ကြည် တယ်..ဖြောင့်မတ်တယ်။

သူ့မှာ သစ္စာ ရှိတယ်

မြဲမြံ တယ်..စောင့်သိတယ်။

သူ့မှာ မေတ္တာ ရှိတယ်

သန့်စင်တယ်.. လေးနက်တယ်။

သူ့မှာ အနုပညာ ရှိတယ်

ဖွဲ့နွဲ့ တယ် .. ထိမိတယ်။

++

သူ့ စာကဗျာ တွေ က -

နင်-ငါ သက်သက် ကလီကမာ မဖက်ဘူး

အလင်္ကာ မြောက် ယုံ ရသထုံ တယ်။

သူ့ စကားလုံး တွေ က -

မြှားတစင်း လို မပစ်ခွင်းဘူး

နေတစင်း လို အမြဲ လင်း တယ်။

သူ့သမာဓိ က-

ခေတ်တခေတ် ရဲ့ သာယာ မူးယစ် မူ တွေ အောက် မသက်ရောက်ဘူး

ထောင်နံရံ တွေ ကို ဖောက် ၊ မှတ်ကျောက် တင် ခဲ့ တယ်။

သူ့ပုံရိပ်က-

မျက်နှာ တွေ ပြည့်သိပ် .. ငါ-တံဆိပ် ခပ်နှိပ် ထား တဲ့

ခါတော်မီ စာမျက်နှာ ထိပ် မှာ မရှိဘူး

ဝိညဉ် တွေ ခြင်း တွဲ ချိတ်

တို့တွေ အားလုံး ရဲ့ နှလုံး စိတ် မှာ သာ

အရိပ်ထင် စွဲ မြဲ နေ တော့ တယ်။


ကေ




၁၈ ရက် အောက်တိုဘာ မှာ ကျရောက်မဲ့ မင်းကိုနိုင် ရဲ့ ၄၉ နှစ်မြောက် မွေးနေ့ အတွက်-
နိုင်ငံရေး အကျဉ်းသား အားလုံး နဲ့ အတူ အမြန်ဆုံး လွတ်မြောက် စေ ကြောင်း.. ဆန္ဒ လောင်း လျက်...
 
ဝန်ခံချက် - ကဗျာ ခေါင်းစဉ် ကို.. မိုးမိုး(အင်းလျား) ၏  ငြိမ်းကိုရှက်ပါ ၀တ္တုခေါင်းစဉ် မှ နှစ်သက်လေးမြတ်စွာ စကားလှယ် သုံးစွဲ ထား ပါသည်။

++++++++++++
 
ကိုမင်းကိုနိုင် ရေးခဲ့တဲ့.. နောက်ကြည့်မှန် ၀တ္တု ကလေး အကြောင်း.. ရေးခဲ့ တာ လေး လည်း အမှတ် တရ  ပြန် တင် လိုက် ပါတယ်။
 
မင်းကိုနိုင် ကို.. တော်လှန်ရေး သမားမို့လို့..နိုင်ငံရေး သမား ပီသဖို့…ဆိုပြီး.. အချစ် ဇတ်လမ်း တခု က နေ.. ဝေးဝေး ခွာကြည့် ချင်တယ် ဆိုရင်တော့.. သဘာဝ တရား တခု ကို အတိအကျ လွဲချော် ခြင်းသာ ဖြစ်ပေလိမ့်မည်။ (more)

◦
Share/Bookmark