My Flower..My Color..My Pleasure

မုန်လာဥနီ ဈေးအလွန်ပေါ သော ကြောင့် carrot cake ဖုတ်စားပါသည်။

မီးဖို ထဲက ထွက်လာ သော..ကိတ်မုန့် သည် အတန်ငယ် ကြည့်ကောင်း နေသော ကြောင့်..ဓါတ်ပုံ ရိုက် မိ ပါသည်။

ကင်မရာ ကို ..ကွိကွိ ကွကွ ကလိ ပြီး ရိုက်သော ကြောင့် .. ပုံကလေး များက..အတန်အသင့် လှပ နေ ပါသည်။

ဘလော့ တလုံး လုံးကြီး ရှိနေ သော ကြောင့်.. ပုံများကို ဘလော့ ပေါ် တင်မိ ပါ တော့ သည်။း)



Reward Myself



Red + Brown = Orange
 


Share/Bookmark

ငါးခေါင်းဟင်း-ဘဲအရိုးပျောက်အစာသွပ် နဲ့ မွေးနေ့ လက်ဆောင်

တလောက... ဒန်ပေါက်ချက် နည်း ရှာ ရင်း.. အချက်အပြုတ်..အစားအသောက် ဘလော့ တွေ ဆီ ရောက်သွား ခဲ့ သည်။ အတော့် ကို စိတ်ချမ်းသာ စရာ ကောင်းသော.. ဘလော့ဂ် များပါပေ..။

လုလု တို့ ရှင်မင်း တို့ ဘလော့ဂ် လေး တွေ က...အတော် အစော တည်းက..လူသိများ ပြီးသား မို့.. ရောက်ဖူး နေပေမဲ့.. အဲဒီ နေ့က.. လင့် တွေ က..တဆင့် တဆင့် လျှောက်သွား ရင်း နဲ့...တော်တော့် ကို စုံသွားတာ.. တညနေ လုံး.. မထတမ်း ကို.. ၀င်းဒိုး အိတင်း နဲ့ ကွတ်ကင် (windown eating / window cooking) လုပ် ပြစ် လိုက် မိတော့တယ်။ မိန်းမ တော်တော်များများ သိပါတယ်။ ချက်နည်းပြုတ်နည်း.. တွေ..ပုံတွေ ကြည့်ပြီး..စိတ်ထဲ မှာ ချက်စား ရတာ ... သိုးမွေးထိုး ပုံစံ စာအုပ်တွေ ကြည့်ပြီး..စိတ်ကူး နဲ့..တမျိုး ပြီး တမျိုး ထိုး ရ တာ..ဘယ်လောက် အရသာ ရှိ တယ် ဆိုတာ..။ စိတ် နဲ့ ဆိုတော့.. အများကြီး လည်း ပြီးတာပေါ့..။ လှ ကလည်း လှ မှ လှ.. စားလို့က လည်း ကောင်း.. ဆို သလို..။


ဓါတ်ပုံ တွေ ကလည်း ကောင်း ဆိုရင်တော့. ပြောစရာ ကို မလို တော့ဘူး။ ကိုယ်တို့ တွေ တော်တော် များများ လည်း.. စားစရာ လေး တွေ..ချက်ပြုတ် ပြီး..လှနေရင်.. ဓါတ်ပုံ ရိုက်ပြီး.. တယောက် ယောက် ကို ပြ ချင် နေ ရောလေ....ဟုတ်တယ် မလား..။ ဘလော့ဂ် ရှိရင် ရှိ.. မဟုတ်လည်း.. ဖေ့စ်ဘွတ်ခ် မှာ.. တင် ကြ.. မစားရ ညှော်ခံ ကြ နဲ့... ဘာမှ တော့ လည်း မဟုတ်ပေ မဲ့..ပျော်စရာ လေး တွေ ..။


ပြန် စဉ်းစား ကြည့် တော့....လွန်ခဲ့တဲ့..၃ နှစ်ကျော်..ဘလော့ စ ဖွင့် တဲ့အချိန် .. ကိုယ့် လက်လှုပ် လိုက်သမျှ.. ကွန်ပြူတာ..မျက်နှာပြင် မှာ..ပေါ်လာ တဲ့.. ဘလော့ လေး ကို ကြည့်ရင်း...ဘာတွေ ရေး ရင်..ကောင်းမလဲ..ဘာတွေ တင်ရင် မကောင်းမလဲ ဆိုပြီး..ရင်တွေ ခုန် ခဲ့ တာ လေ..။ တကယ်ပါ..။ အရိုးသား ဆုံး နဲ့.. စိတ်အလှုပ်ရှား ဆုံး အချိန် လေး တွေ ပဲ...။ အဲဒီလို နဲ့.. ကွန်ပြူတာ ထဲ ရိုက် သိမ်း ထား တဲ့.. အစားအသောက် ပုံလေး တချို့ တင် ဖြစ်ခဲ့ သေး တယ်။ နောက်တော့.. အခါ အားလျော် စွာ.. အစားအသောက် အကြောင်း လေးတွေ ရေး ဖြစ် ခဲ့ ပေမဲ့.. အခု.. သေချာ ပြန်ပြီး.. ကိုယ့်ဘလော့ ရဲ့.. ခေါင်းစဉ် တွေ ကြည့်တော့.. food အောက်မှာ..၄ ပုဒ် လားပဲ ရှိ တယ် ..။


တကယ် က .. အစားအသောက် အချက် အပြုတ် လောက်.. လူတိုင်း ကို..စွဲ ဆောင် နိုင်တာ..ဘာမှ မရှိ ဘူးလို့ ပြောရင် ပိုမယ် မထင်ဘူး..။ ဟုတ်တယ်လေ... နိုင်ငံရေး သမား တွေ လည်း အစား ကြိုက်.. မင်းသား မင်းသမီး တွေ လည်း အစားကြိုက်.. အမှိုက်ပုံ ပေါ်က..ကလေး တွေ လည်း အစား ကြိုက် ကြ တာပဲ..မဟုတ်လား..။ ဒါပေမဲ့.. ရိုးရိုး ကြိုက် တာ ထက် ပိုပြီး.. အနုပညာ တခု လို.. ဖြေဖျော်မူ တခု လို ဖြစ် လာ နေ တဲ့.. အကြောင်း.. Times မဂ္ဂဇင်း တခု မှာ ဖတ်လိုက် ရ တယ်။ Pop culture တခု လို ဖြစ် လာ နေ တဲ့.. အချက်အပြုတ် အစီ အစဉ် တွေ

အကြောင်း.. ခေတ် တခု ခြင်း စီ ကနေ.. ဆွဲ ထုတ် ပြ ထားတာ..။ နေ့ တိုင်း လည်း..တီဗီ ဖွင့် လိုက်ရင်.. အစားအသောက် နဲ့ပတ်သတ် တာ တခု ခု ကတော့..တလိုင်းလိုင်း မှာ လာနေတာ ပဲ..။ အစားအသောက် ချက်နည်း လုပ်နည်း တွေက.. pop ဖြစ်လာ တော့.. chef တွေ လည်း celebrity တွေ လို ဖြစ်လာ ကြ တော့ တာပေါ့..။

Iron chef ... celebrity chef .. top chef... pop chef...။ ဟော.. တလောက.. အော်ဇီ မှာ..အကြီး အကျယ် ပေါက်သွားတာ .. master chef ..။


ညနေ တိုင် ၇ နာရီ ခွဲ ရင်.. လူတိုင်း လိုလို လုပ်လက်စ တွေ ပြစ်ပြီး.. တီဗီ ရှေ့ ရောက် ကြ ရတယ် လို့ တောင်.. အမွှန်းတင် ရေး ကြ တယ်။ လူတိုင်း ဟုတ် မဟုတ် တော့ မသိ.. ကိုယ်လည်း.. နောက်ပိုင်း အစီအစဉ် တွေ ကို.. စိတ်ဝင် တစား ကို ကြည့် ဖြစ်တယ်။ အစမ်း ရွေး ထားတဲ့..လူ ၂၅ ယောက် ထဲ ကနေပြီး.. တယောက် ပြီး တယောက် ထုတ် သွား တဲ့.. reality show biz တခုက.. ထင်တာ ထက် ကို.. ဟစ် တွေ ထိ ပြီး..ပေါက်သွား ခဲ့ တယ်။ အမလေး.. သူတို့ လုပ် မှ.. တကယ့်... ဒိုင်လူကြီး.. chef ကြီး တွေ ကို ကြည့် ရတာ.. နပိုလီယံ တို့ ဟစ်တလာ တို့.. ဘုရင့်နောင် တို့ လား အောက်မေ့ ရ တယ်။ အော် လိုက်..ငေါက် လိုက်.. ကြိမ်း လိုက်..မောင်း လိုက်.. ။ သူတို့ မို့.. ပြိုင်ပွဲ ခန်းမ ထဲ ၀င်လာ ရင်.. ငတိ တွေ မှာ..ငြိမ်လို့...။ တယောက် က များ.. မျက်လုံး တချက် ၀င့်ကြည့် လိုက် ပြီ ဆိုရင်.. ပြို တော့ မလို..မျက်နှာ တွေ နဲ့...။ ငို တဲ့ သူ က..ငို.. ရီ တဲ့သူ ကရီ.. ။ ကြည့်လို့ တော့..ကောင်း နေတာ ပါပဲ..။ ထူးဆန်းတာက.. ကိုယ့် ထက် ပို..အစားအသောက် ၀ါသနာ ပါတဲ့.. အမျိုးသားက.. အဲဒီ အစီ အစဉ် ကို မကြိုက်ဘူး တဲ့..။ “ ဘာလဲ..အစားအသောက် လုပ်စား တာများ..ပျော်ပျော် ရွှင်ရွှင် မရှိဘူး... ဖြစ်ပျက် နေ လိုက် ကြတာ.. ” တဲ့..။ ဟုတ်တော့ လည်း

ဟုတ် သား.. တခါတလေ stress test ဆိုတာ ပါသေးတယ်။ stress တွေ များလို့..ဖျော်ဖြေ ရေး ကြည့် ပါတယ် ဆို မှ.. သူတို့ နဲ့ လိုက်ပြီး..ချွေးပြန် ရတာ..ရင်မောရတာ.. တကယ် မတန် ဘူး။


လပေါင်း များစွာ.. တပတ် ..၅ ရက် ပြ တဲ့..အဲဒီ အစီ အစဉ် ပြီး သွာတော့..ဗိုလ် စွဲ သွားတဲ့.. မာစတာ ရှဖ် က.. လူရွယ် ဥပဒေ ဘွဲ့ရ တယောက်..။ သူ့လို ဗိုလ် စွဲ တဲ့ သူ မပြော နဲ့.. အဆင့် ၁၀ လောက် မှာ ပြုတ်တဲ့ လူတွေ တောင်.. နာမည် တလုံး ရ.. လူသိ များပြီး..စားသောက် ဆိုင် တွေ ဖွင့် ဖို့ တာဆူ နေ တာ.. ဆိုတော့... အဲဒီ ရှေ့ နေ လည်း.. မာစတာရှဖ် ဆုကြီးကို ကိုင်ပြီး ..ဘာ ဆက်လုပ် စား မလဲ မသိပေ။ သူတို့ တွေ များ ကြည့် လိုက်ရင်.. တကယ့် ကို စတိုင် တွေ မလိုင် တွေ နဲ့.. ဆံပင်ရှည် ကြီးတွေ ကို နဖူးပြောင် နေ အောင် စည်း .. ဆံထုံး ထုံး... ရှဖ် ၀တ်စုံ အဖြူ ကို ..အပေါ် ဆုံး ကြယ်သီး ဖြုတ်..ရင်ဖုံး တခြမ်း ဟ ပြီး.. အားရ ပါးရ.. ချက် နေ တာများ.. ကီဗင် ကော့စနာ တို့.. ရပ်ဆဲလ်ခရိုး တို့.. ဘရက်ပစ် တို့ တောင်.. မေ့ တယ် .. တကယ်...။


အချက် အပြုတ် ၀ါသနာ ပါတဲ့..ကိုယ့် အိမ်က..ဆရာ လည်း.. စိတ်တွေ ပါ ပြီး..ငါလည်း..အသက်ကြီး ရင်.. home restaurant ဖွင့်မယ် လုပ်ရော..။ “ဟင်.. ဂစ်တာ ဆိုင် လည်း ဖွင့် မှာ ဆို.. ” ဆို တော့.. “ ရတယ်.. ၂ ခု လုံး လုပ်မယ် ” တဲ့..။ အကျင့် မကောင်းပုံများ..။ ( တော်ကြာ..မချစ်ကြည်အေး စားသောက်ဆိုင် နဲ့ အပြိုင် ဖြစ်နေ အုံးမယ်..)


ပြီး..ပြောသေးတယ်..။ ယူ တို့ မိန်းမ တွေ.. ဟင်းချက် တယ် ဆိုတာ.. ကိုယ့် အိမ်က..မီးဖိုချောင် တင် စိတ်ဝင်စားတာ.. ။ ဘယ် နာမယ်ကျော် ရှဖ် ကြည့် ကြည့်..ယောက်ျား ချည်း ပဲ တဲ့..။ သူက.. ကျိုးကြောင်း စိတ်ဖြာ ပြ သေးတယ်။ “ ဘယ် ဖြစ် မလဲ.. မိန်း မ တွေ..ဟင်းချက် ရင်..ဟိုဟာလေး..တို့ တိ..တို့တိ..ဒီဟာလေး တို့တိ တို့တိ.. ငါတို့ တွေက တော့..အကုန် ပြစ်ထဲ့.. ရှိသမျှ မှောက်ထဲ့ တာပဲ ” တဲ့..။ ဟုတ် လည်း ဟုတ်ပါ့.. သူတို့ ဟင်းချက် ရင်...ကြော်ပြီး သုံးပြီးသား ဆီ ဆို..လုံးဝ ပြန်မသုံး..။ အဲဒါ က..အရေး မကြီး.. ကိုယ်တွေ မှာ တော့.. စီးတဲ့ ရေ..ဆည် တဲ့ ကန်သင်း တင် မက.. ဆေးတဲ့ ပန်းကန် ပါ.. ဖြစ် နေရ တာ ကို တော့..ထဲ့ မပြော ။ သူတို့ က..ချက် ပြီး သွားရင်..မီးဖို နဲ့ ရေစင် ကို လုံးဝ ပြန် လှည့် မကြည့်တော့.. ။ ကိုယ်တွေ မှာ..ဆေးပေတော့.. ရှင်းပေတော့..။ ဘာပဲ ပြောပြော..ချက် ကျွေး တယ် ဆိုရင်ပဲ..ကျေးဇူး တင်ပါတယ်လေ...။


ကြုံတုန်း..ကြော်ငြာ ၀င် ရ ရင်တော့.. သူက.. စင်ကာပူ..ငှက်ပျောရွက် ဆိုင်က..ကုလား ငါးခေါင်းဟင်း မျိုး ကိုတော့.. ရှယ်ဗျ..။း)



ငါးခေါင်းဆရာ ရဲ့ မချက်ပြုတ်မှီ..အခင်းအကျင်း..



ကိုယ်တို့ နေ တဲ့ မြို့လေးက လည်း.. အားလုံး နဲ့ ခပ်ဝေးဝေး.. ဗမာ အစား အစာ မရှိ..ဘာမရှိ ဆို တော့ လည်း.. တခါ တရံ မှ ရတဲ့..ငါးခေါင်း ကို..မျှော် ရတာ.. အမြဲ ချက် မစား နိုင်ပါဘူး။ အဲဒီ မြေနီနီ မြို့လေး မှာပဲ.. ရှိစု မဲ့စု ဗမာ မိတ် ဆွေ လေး တွေ.. ပိတ်ရက် ဆို.. ဟိုဟာ ချက်စား..ဒီဟာ ချက်စား.. စုပြီး.. လုပ်လေ့ ရှိတယ် ပေါ့။ တရက် တော့.. ကိုယ့် ဆရာ ရဲ့ ငါးခေါင်းဟင်း ကို..အားကျ မခံ.. တခြား ဆရာ တယောက် ကလည်း..သူ့ ရဲ့.. Grandpa recipe ဆိုပီး .. လုပ်ပါ လေ ရော..။ တကယ့် ကိုပဲ..သူ့ အဘိုး က.. ဆွေစဉ် မျိုးဆက် ပေး ခဲ့ ရင်း ..သူ့ လက်ထဲ ကို ရောက်လာ တဲ့.. “ ဘဲ အရိုးပျောက် အစာသွပ် ပေါင်း ...” တဲ့ လေ..။ အတော် လည်း လက်ဝင်ပြီး.. အချိန်ကုန် တာကြောင့်..ဘယ်စားသောက် ဆိုင် မှတောင်..တင်မရောင်း နိုင် တဲ့..ဟင်းလျာ တခု လို့ ဆိုတယ်....။ သိတယ် မဟုတ်လား.. ကိုယ် က တော့.. သွားရေယို ယုံထက် မပို ပေမဲ့.. home restaurant ဖွင့်ချင် တဲ့ တယောက်က.. ဘဲ အရိုးထုတ်နည်း ကို....စိတ်ဝင်စား လို့ .. သင်ချင် ပါသတဲ့.. ။


အဲဒါ နဲ့.. တရက်တော့.. စိတ်ကူး တွေ လည်း ပေါက်တုန်း.. ဟို အကို ရဲ့..ဘဲပေါင်း အရိုးပျောက် .. သင်ခန်းစာ ကြီး..စတင် ပါတော့ တယ်။


တကယ်တော့..ဘဲလေး ခများ.. ဘာရောဂါ မှ..မရှိရှာ ပဲ.. မီးဖိုချောင်.. အော်ပရေးရှင်း သီရေတာ ထဲ မှာ.. ခွဲစိတ် ခံ ရ တာပါ..။ ဘဲဆရာ..အကို.. က..ဒီ မြို့ လေး ရဲ့ ဆေးရုံ..အရေးပေါ် ဌါန က..ဆရာဝန် ဆို တော့.. ဘဲလေး ခမျာ.. အရေးမပေါ် ချင်ပဲ.. အရေးပေါ် ခန်းထဲ ရောက် လာ ရ ရှာ တယ်။ ကြည့် အုံးလေ.. ဘဲလေးကို ခွဲ စိတ် မဲ့..ကိရိယာ တန်ဆာ ပလာ တွေ.. က..။





ဘဲ တကောင် ရယ်.. ခွဲစိတ်ခန်း သုံး ကိရိယာ တချို့ ရယ်.. အထဲကို သွပ် မဲ့ အစာ တွေ..ရယ်...။

သွပ်မဲ့ အစာ ကတော့..၀က်သား သုံးထပ်သား ဆိုတော့.. အီစိမ့် နေမဲ့ ပုံ ကို ..မြင်ယောင်သာ ကြည့်ပေတော့..။ နောက်.. ဂေါ်ရခါး သီးရယ်.. မှိုရယ်.. တောင်ဆိုင် လို့ ခေါ်တဲ့..တရုတ် ရိုးရာ အရွက် ခြောက် တခု လို့.. ဆိုတယ်။


တယောက်က.. ဘဲ ကို လုံးဝ ပုံမပျက် အောင်.. ခက်ခက်ခဲခဲ ကို အရိုးစု ကြီး တခု လုံး ကို..ခွဲစိတ်ခန်း ဓါး နဲ့ ..စိတ်ရှည် လက်ရှည်.. လှီးဖြတ် နေတဲ့.. အချိန် မှာ.. နောက် တယောက် က . စိတ်ဝင် တစား.. ဓါတ်ပုံ တွေ တဖျပ် ဖျပ် ရိုက် နေ လေ တဲ့.. အမျိုးသား ၂ယောက် ကို ကြည့် ပြီး..... အဲဒီလောက် ခက်တာ များ.. မစား ရ ရင် လည်း နေပါစေ...လို့ တွေးနေမိ တယ်...။ အင်း..ပြောသလို..မိန်းမတွေ.. မီးဖိုချောင် ၀င်တာ.. ၀ါသနာပါ လို့ မဟုတ်ဘူး ဆိုတာ.. ဟုတ် တော့ နေပါ ပြီ နော်..။ ဘဲ ဆရာ... အကို ကလဲ ပြော တယ်..။ သူတို့ မိသားစု မှာ..အဲဒီ နည်း ကို..သူ့ အဖေ က.. သင်ပေး တော့.. သူ့ အမ တွေ တယောက်မှ.. စိတ် မ၀င်စား မတတ် မြောက်ပဲ..သူ တယောက် တည်း..ရ ထား တာ တဲ့..။


.. ပထမ ဆုံး..ဘဲလေး ကို..ဇောက်ထိုး ဆွဲ ပြီး.. ဖြည်းဖြည်း ချင်း..အလယ်ရိုး ကြီးကို.. ဖော်ဖော် ပြီး..လှီး ယူ ရ တယ်..။..ဒူးစစ် တွေ နားမှာ တအား ကို လက်ဝင် တာ..။








ဒါလေးက.. ဘဲ စော် နံစေ တဲ့.. အဆီဗူး လေး.. တဲ့.. အတော် သတိ ထား ပြီး ဆွဲ ထုတ် ရ ပါတယ်။
( lymph nodes ) တမျိုး ပေါ့ လို့.. တခါ တည်း..စာပါ သင်ပေး လိုက် သေးတယ်..။



ပြီးသွားတော့.. အိတ်ကြီးလို ဖြစ်သွားတဲ့..ဘဲ ကောင် ကြီး ထဲကို.. အခုန ၀က်သား တွေ.. အစာ တွေ.. ကြိုက် သလောက် သွပ်ပေ တော့... လည်ပင်း ထိ ရောက်အောင် သွပ်..






ပြီး တော့.. အရိုးထုတ် ခဲ့တဲ့.. အပေါက် ကို.. သေချာ ပြန် ချုပ်.. လည်ပင်း ထိပ်က.. အပေါက် ကိုပါ.. ဆွဲ စိ ပြီး ပိတ် ချုပ်...





နောက်ဆုံး.. ၃ နာရီ လောက် အချိန်ယူ ပြီး..ပေါင်းအိုး နဲ့ ပေါင်းလိုက်တဲ့ အခါ.. ဟောဒီလို..စားချင် စဖွယ်.. ဘဲကောင်လုံး အရိုးပျောက်..အစာသွပ်...ရ လာ ပါတော့တယ်။




ကဲ....၀ိုင် အနီလေး တခွက်စီ.. ထဲ့ ပြီး.. ချီးယားစ် ....

သူ့ အရသာ က.. ဘဲသား ဆိုလည်း ဟုတ်..၀က်သားဆို လည်း ဟုတ်.. နူးညံ့ ပြီး..အရသာ တကယ် ထူး ပါ ပေတယ်။




ဘဲ ဆရာ ရဲ့ မိသားစု..ရန်ကုန် ပြန်နေတုန်း ဆိုတော့.. ကိုယ်တို့ သုံး ယောက် ထဲ .. ကမ္ဘာ့ ဖလား ကြည့် ရင်း.. ဘဲပေါင်း တဖဲ့ စားလိုက်.. ၀ိုင် တငုံ သောက်လိုက်..။

ကို်ယ် တို့ ၂ ယောက်က.. စားကောင်း လိုက်တာ..လို့ ပြောလိုက်.. ဘဲ ဆရာ ကလည်း.. ကျနော်..နောက်တခေါက် ထပ်လုပ် အုံးမယ် ... လို့.. ကြိမ်းဝါး လိုက် နဲ့ ပဲ.. ဘဲတကောင် လုံး.. ၃ရက် လောက် နေ မှ ကုန်သွား တော့တယ်..။



ဒီနေ့ တော့ ... မြေနီနီ မြို့လေး မှာ..ဘဲဆရာ နဲ့.. ဗမာတသိုက်.. မွေးနေ့ ပွဲကျင်းပ မယ် လို့ ပြော သည်.။ မွေးနေ့ရှင် ရဲ့ ကိုယ်တိုင် လက်ရာ... My Grandpa recipe လည်း.... မပါ မဖြစ်.. ဟင်းလျာ တပွဲ ဖြစ်ပေ လိမ့် မည် ပေါ့..။ ဒီ တခါ.. ကိုယ်က.. မြို့ တော် ရောက် နေ လို့... ဘဲအရိုးပျောက် ကို ..၀င် မ နွဲ နိုင် တော့..။


ခင်မင် နေ ကြတာ..ကြာပြီ ဖြစ်ပေ မဲ့.. ဘလော့ အကြောင်း..တခါ မှ စကား မစပ် ဖြစ် လို့.. မပြောပြ ဖြစ် တာကြောင့်.. ခု လ ပိုင်း မှ..ဒီဘလော့ ကို စ ဖတ် ဘူး တယ် ဆို တဲ့..ကိုကျော့် အတွက်... ဒီ ဘလော့ က နေ ပဲ..မွေးနေ့ လက်ဆောင် ပေးလိုက် ပါ တယ်။

Happy Birthday ပါ.. ကိုကျော်

မဖတ်ရင်..မရဘူး ..ဖတ်မှ..ရမယ် ဆိုပါတော့...း))




Share/Bookmark

ကိုယ်တိုင်လုပ်တဲ့ စမူဆာ

-

ဒီနေ့ လုပ်စား တဲ့ လက်ဖြစ် စမူဆာ နဲ့..လက်ဖက်ရည် အခါး တခွက်။ ဗမာ မုန့်ကလည်း..လွယ်လွယ် ၀ယ်မရ လို့..ကိုယ်ဖာ လုပ်စားရ တာ။ အဲဒါ -စမူဆာ လုပ်တာ..အရမ်းကောင်း တယ် ဆိုတာ..မခင်မင်းဇော် က..မယုံဘူး..ဓါတ်ပုံရိုက် တင်ပေး ဆိုလို့။ ကဲ- စားသွားပါဦးလား- `ဒေါ်ကေကြီး စမူဆာ´




Share/Bookmark

ဗမာ အစား အစာ


မြန်မာပြည်က.. ဆွေမျိုး တွေက..ဟိုမှာ ဘာတွေစား ကြ လည်း လို့မေး တတ် ကြသည်။ သူငယ်ချင်း တွေ ကလည်း..ချက်တင်း တွေ ဘာတွေ မှာ တွေ့ရင်..အဲဒီမှာ..ဗမာစာ တွေ ရှိလား တဲ့။

အဲဒါ နဲ့..အစား အသောက် အကြောင်းလေး.. ပွား ဦး မှ ပဲ လို့။
စင်ကာပူ မှာ တုန်း ကတော့.. ကုလား ဈေး.. တရုတ်ဈေး..ဗမာ ဈေး တွေ မှာ..စား စရာ တွေ စုံ လွန်း လို့၊ ဗမာ စာ လွမ်း ရ ကောင်း မှန်း တောင် မသိဘူး။ ဒီကြား ထဲ..ရန်ကုန် ပြန် တဲ့ လူ ကြုံ ကလည်း..မပြတ်တော့.. အမျိုးတွေ ချက်ပေး လိုက်တဲ့ ဟင်း အစို အခြောက် ကစလို့.. ငရုတ်သီး စိမ်း .. ဓညင်းသီး..ထိ..စားလို့တောင် မနိုင်။ ကွမ်းသမား တွေ အတွက် ဆို.. ဗမာဈေး မှာ.. မနက်ကမှ..လေယဉ် နဲ့စိုက် လာတဲ့..ကွမ်းရွက် တောင် ရ တာလေ။

ဒီရောက် တော့.. နေတာကလည်း...မြို့ကြီးပြ ကြီး မှာ မဟုတ်တော့.. ဗမာစာ မပြော နဲ့..အေရှန် စာ တောင် ..တယ် မရ ချင်။ ကိုယ်က အစားအသောက် သိပ် မမက် တတ်ပေမဲ့..ဟိုတယောက်က.. ကန်စွန်းရွက် စားချင် ရတာနဲ့..ကင်ပွန်းချဉ်ရွက် ကလေး စိုက် စား ဦး မှ ဆိုတာ နဲ့..။ ဒါပေမဲ့ ..သူက.. ကိုယ့်ထက် အဆင်ပြေ တာက.. ဒီက အစား အစာ အသစ် တွေ ကို လည်း..ကြိုက်တတ်တယ်။ လျှောက်..လျှောက် စမ်း ၀ယ်စား တတ် တယ်။ အော်စီ တွေက ..ဘာစားလဲ ဆိုတော့..တခါလာလဲ.. ခြံနောက်ဖေး မှာ ဘာဘီကျူး ( အသားကင်) ပြီးတော့..၀ိုင်ပေါ့။ အမဲသား ကို အသကုန် စား တဲ့ ကောင်တွေ။ ဒီက အမဲသား ကလည်း တော်တော် နူးညံတယ်။ ဦးလေး တယောက် ဆို.. ဗမာပြည်မှာ.. အဘွားကို ကတိပေး ထား လို့..အမဲသား မစားပေမဲ့.. တခြား ရောက်ရင် တော့..စား တယ်။ သူ့အကြောင်း ပြချက် နဲ့သူတော့ ဟုတ်လို့။ ဗမာပြည်က နွားတွေက ကျေးဇူးရှင် မို့ မစားတာတဲ့..။ ဒီဖက်မှာတော့.. ကျေးဇူးရှင် မဟုတ် တဲ့။ အင်း..အော်စီ မှာ လည်း ဗမာ တော်တော်များများ အမဲသား မစား ရင်တော့..တကယ်မတန်ဘူး။ ကိုယ်တွေလည်း..မကြာ ခဏ ဆိုသလို..အော်စီ ဘာဘီကျူးပေါ့ ..၀ိုင်ကလေး နဲ့။

အသား တွေက တော့..သိပ်မကွာလှပေမဲ့.. လွမ်းတာက.. အေရှန် အသီး အရွက် တွေလေ။ ဒီမှာ တော့..ပုံမှန်ဈေး မှာ.. အများဆုံး ကိုက်လန်..မုန်ညင်း ..ဒီလောက်ပါပဲ။ တခါတလေ ရုံးပတီသီး နဲ့ ခရမ်းသီး ရတတ် တယ်။ တခါ ကများ ..ရှားရှား ပါးပါး ဘူးသီး တွေ့လို့ ပျော်လိုက်တာ။ သူတို့မှာ ဘူးသီး ကို winter melon လို့ နံမယ် တပ်ထားတော့..ခမျာမှာ.. ဖရဲသီး တို့..သခွါးမွှေး တို့ထဲ မှာ ညပ် နေတာ။ တခါ လည်း ခ၀ဲသီး ကြီး တွေ..ချော မှ ချော.. ။ ၀မ်းသာ အား ရ ..ကုလားမ ကြီး တယောက်နဲ့ လုဝယ် ရတယ်။ ကောင်တာ ကျတော့..အဲဒါ.. vege လား fruit လား တဲ့။ ဘယ်လို စားတာလဲတဲ့။ အဲ.. အဲဒီလို ဟင်းရွက် ဟင်းသီး အဆန်း များ ၀ယ်လို့က တော့.. စင်ပေါ်မှာ ကပ်ထားတဲ့..စာ ကို တခါ တည်း သေချာ မှတ် လာခဲ့။ ကောင်တာ ရောက်လို့.. ဘိုမ တွေ..မသိ ရင်..ကြာပီ...။ဟို အော်ခေါ် မေး..ဒီလှမ်း မေး နဲ့..ရှုတ်ရောပဲ။

တ ခါ တလေ.. ပါ့သ် ကို တတ်ဖြစ် ရင်တော့.. ဗီယက်နမ် ဆိုင်..တရုတ် ဆိုင် တွေ ရောက်အောင် သွား ရတယ်။ စင်တွေပေါ် က စိမ်း စိုနေတဲ့.. ရှမ်းနံနံ..ပင်စိမ်း.. ပိန်းရိုး.. ကန်စွန်း.. သဘောင်္သီးစိမ်း..အကုန် ဆွဲချ.. နိုင်သလောက် ၀ယ် တာပဲ။ ဒီ တခေါက် တော့.. အသိ တယောက် အိမ် ရောက်တုန်း ခြံ နောက်ဖေး မှာ စိုက်ထားတဲ့..ကင်ပွန်းချဉ် တွေ..ဒန့်ဒလွန် တွေ ..အားရပါးရ ခူးခဲ့ လိုက်တယ်။ ငါးရှဥ့် တို့..ဆိတ်သား တို့လို..ဟိုမရောက် ဒီမရောက် အသား ငါး တွေ ကလည်း..မြို့မှာ မှ ရတာ ဆိုတော့..ကြုံ ရင်ကြုံ သလို ဆွဲ တာပဲ ။ တခါ က.. Made in Myanmar ဆိုပြီး..သပ်သပ်ရပ်ရပ် ထုပ်ပိုးထားတဲ့..ငါးဖယ် တွေ ရဖူးတယ်။ ဘာပဲ ပြော ပြော ..အဲလို လေး တွေ့ရတာ..စိတ်ချမ်းသာ တယ်။ နောက်မို့ဆို.. အော်စီ တနိုင်ငံ လုံးက ..စတိုးဆိုင် ကြီး တွေမှာ.. Imported from Thailand ဆိုပြီး..ရောင်းနေတဲ့.. ပုစွန် တို့.. ပြည်ကြီးငါး တို့..ဈေးကြောသန့်စင် ပြီး ..သားသားနားနား အထုပ်ကလေး တွေ တွေ့ရင်.. နယ်စပ်..မဟာချိုင် အရပ်က..ဗမာ ရေလုပ်သား တွေ မျက် နှာ မြင်ယောင် ပြီး.. ရင်နာမိတယ်။ မိဘ တွေနဲ့ အတူ လုပ်ငန်းခွင် ကို လိုက်လာ ရင်း.. ဈေးပေါ အလုပ်သမားလေး တွေ အဖြစ်နဲ့..ငါးတွေပုစွန် တွေ ..ဆေး ကြော သန့်စင် နေ တဲ့ ဗမာ ကလေး ငယ် တွေ ရဲ့ပုံ လေး တွေ..မြင်ယောင် မိတယ်။



ဘာထူးလဲလေ.. တကမ္ဘာလုံး က.. အေရှန် အစားအစာ ဈေးကွက် မှာ လည်ပတ် နေတဲ့.. ထိုင်းက တင်ပို့တဲ့.. စည်သွပ် အစားအစာ တွေ..ပုလင်းသွပ် ဟင်းရွက် တွေ ဆိုလည်း..ဗမာ ပြည်က..ထွက်တာတွေ..ဗမာ အလုပ်သမားတွေ.. လက် နဲ့ ရွေးချယ် သန့်စင် ထား တာ တွေပဲ နေမှာပါ။ အဲဒီ လို..ပုလင်းသွပ်ထား တဲ့ ..ဓညင်းသီး တို့.. မယ်ဇလီ ရွက် တို့.. မျှစ် တို့ ဆိုတာ.. ဗမာ ပြည်တွင်း က.. အိမ် တွင်း စက်မူ လုပ်ငန်း.. အစားအသောက် လုပ်ငန်းတွေ မှာ ရော..ဘာလို့ မလုပ် နိုင် ရ မှာ လည်း.. မလုပ်နိုင် ကြ တာ လည်း။ ခက် တာ က.. ပြည်တွင်းမှာ တောင်..ယိုးဒယား တံဆိပ် နဲ့ ငံပြာရည် မှ..ဆော့စ် အချဉ် မှ.. ကြိုက် ကြ တာ ဆိုတော့လည်း...။ ပြသာနာ က..အရည် အသွေး လား..။ ထုပ်ပိုးမူ လား..၊ စားသုံးသူ တွေ တလွဲ ဆံပင် ကောင်း နေ တာလား...။ ခုတော့..ကြည့်စမ်း..တကမ္ဘာလုံး..ယိုးဒယား ထုတ် အစား အစာ တွေ ချည်းပဲ။ ယိုးဒယား က.. နံပတ် (၂) အချမ်းသာဆုံး သူဌေးကြီး ဆို.. အဲလို အစားအ သောက် စည်သွပ် တင်ပို့ တဲ့ လုပ်ငန်း ရှင် တဲ့ ။

အော်စီ မှာ လည်း..ဗမာ အသိုင်း အ၀ိုင်း ထဲ..နံမယ် ကျော် နေတဲ့..ပဲကျော် သူဌေး တယောက် ရှိတယ်။ ဗမာ ပဲကပ် ကျော် ကို..အထုပ် လှလှ လေး နဲ့ ထုပ်ပီး ရောင်း တာ။ ဒီဖက် အော်စီ အနောက် ခြမ်း မတော့.. ဆိုင် တိုင်း မှာ..အဲဒီ ပဲကျော် ရှိတယ်။ ကုလား တွေ နဲ့..တခြား နိုင်ငံသား တွေ လည်း .. snack အဖြစ် နဲ့ ကြိုက်ကြတယ်။

ဒီလို ပါပဲ..။ ရှာ ဖွေ လေ တွေ့ရှိ လေပဲ။ ဗမာ စာ နဲ့ ခပ် ဆင် ဆင် လေး တွေ တွေ့ ရင် လည်း.. ၀ယ်စား ကြည့်။ ကောင်း ရင်..ပါးစပ် တွေ့ရင်.. စားစ ရာ တခု တိုး တာပဲ။ ကိုယ် တို့ နေတဲ့ မြို့ မှာ .. Oriental Food Store ဆို တာ တဆိုင် ရှိ တယ်။ ပိုင် ရှင် ကတော့..ဆလို ဗက် ..ရောင်းတာက..ဖိလစ် ပင်းမ..။ ကိုယ်တွေက.. ချစ်စ နိုး နဲ့..ဖားမ ဆိုင် ..လို့ ခေါ်တယ်။ ( ဖိလစ်ပင်း တွေကို..တချို့ဗမာ တွေ က..ဖ ဦး ထုပ်..ဖား စသဖြင့် အတို ခေါ် တာလေ )
သူ့ ဆိုင် ကို တော့..အပတ် တိုင်း လို လို ရောက်တယ်။ တခါ တလေ..၀ယ်စ ရာ ထွေ ထူး မရှိ လဲ..ကြုံ ရင် ၀င် ပတ် ကြည့်တာပဲ။ ၀င် တိုင်း လည်း ..တခု ခု ၀ယ် မိ တာပဲ..။ အနဲ ဆုံး.. ယိုးဒယား က လာ တဲ့.. ငယ်ငယ် တုန်း က..စားတဲ့..ကြက်ဥ မြေပဲ ထုပ် ကလေး ပဲ ဖြစ်ဖြစ်။ သူ့ ဆိုင် က ..စည်တော့ စည်သား။ အာဖရိကန် တွေ လည်း ၀ယ်တယ်..။ အဖြူ တွေ လည်း လာတာပဲ။ မိတ် ဆွေ အဖြူ အမျိုးသမီး တယောက် ဆို..၀ယ်စား ဖို့တော့မဟုတ် ဘူး.. စိတ်ဝင်စား လို့ ..၀င်ဝင် ကြည့် တယ်တဲ့။ တ နေ့ကတော့.. ဖားမ ဆိုင် ၀င် ကြည့် ရင်း.. ဟောဒီ ပုလင်း လေး တွေ့လို့..၀ယ်ခဲ့တယ်။


Burmese Balachaun တဲ့။ ဗာလ ချောင် ကြော် မကြိုက် ပေမဲ့.. ပျော်လို့ ၀ယ် လာခဲ့တယ်။ ဗမာ နဲ့ပတ်သတ် တဲ့ ဟာ ဆိုလို့.. Burmese ruby ..တို့ Burmese Cat တို့.. Burmese python တို့ ပဲ..ရှိတာလေ..။ ခွိ.. ခု.. Burmese Balachaun တခု တိုးသွား ပီ။ အော်စီ ရောက် ဗမာ တွေပဲ ထုတ် ထာ လား တော့ မသိဘူး။ သူ့ တံဆိပ် နဲ့.. ပစ္စည်း တော်တော် များ များ တော့ တွေ့တယ်။ မလေး ရှား လက်က်ဆာ တို့.. ထိုင်း တွမ့်ယမ် တို့ အစုံပဲ။

ခုနောက်ပိုင်း တော့လည်း.. ဗမာ ပြည် တွင်း စား သောက်ကုန် လုပ်ငန်း တွေ လည်း..တိုးတက် လာ လောက် ပီ လို့မျှော်လင့်ပါတယ်။ ကုန် ကြမ်း တွေ အားလုံး ရှိ ပါလျက် နဲ့.. ဘာတွေ လို အပ် နေ လို့ပါလိမ့် နော်။


Share/Bookmark

Dish Collection

DISH COLLECTION


ဘာရယ်လို့တော့မဟုတ်ပါ...
၂ယောက်သား...ရတာလေးတွေရှာကြံပီး...လုပ်စားရင်းလှလို့ဓါတ်ပုံရိုက်ထားတာလေးတွေကို..တင်လိုက်တယ်...
  • ပုဇွန်လေးတွေကင်းထားတာ...

  • အမဲသားကင်...မှိုနဲ့ ကညွတ်...
  • ဒါက...ကုလားငါးခေါင်းဟင်းချက်ဖို့...ချက်ပီးသားပုံတော့မရှိတော့ဘူး...




ဒါလေးက...အမဲသားကို medium ကင်ပီး..ပါးပါးပြန်လှီး..ယိုးဒယားစတိုင်သုတ်စားတာ..နောက်..ဟိုဖက်က..ဆော်လမွန်ငါးကို ကင်ပီး...ခေါက်ဆွဲနဲ့..ရောစားတာ....












ဒါလည်း...ယိုးဒယားစတိုင်ပဲ...ကောက်ညင်းပေါင်းနဲ့ ကြက်သားကင်...ရုံးပတီသီးကင်..အာလူး roast...





အမဲသား ကင်..ဆလပ်နဲ့ တူရကီပေါင်မုန့်...စာအုပ်ထဲကပုံစံအတိုင်းလုပ်စားကြည့်တာ...တူရကီပေါင်မုန့်ကတခြားပေါင်မုန့်တွေနဲ့မတူဘူး...မာမာစေးစေးလေး..သူ့ကိုသံလွင်ဆီနဲ့ကြက်သွန်ဖြူပွတ်ပီး
မီးလေးနဲနဲကင်လိုက်...အရမ်းစားလို့ကောင်းတယ်...





















Share/Bookmark