Havana Blues



ကမ္ဘာ့ နံပတ်တစ် အရင်းရှင် နိုင်ငံကြီး ကို လက်တကမ်း အကွာက နေ ၊ ဘာမထီ စိတ်နဲ့ ရဲရဲကြီး ရန်ဖက်ပြု နေ ခဲ့တဲ့ ၊ ကမ္ဘာ့ နောက်ဆုံးလက်ကျန် ဆိုရှယ်လစ် ကျွန်းနိုင်ငံငယ်လေး ဟာ ၊ နောက်ဆုံးမှာ တော့ ၊ သူ့ လက်သီးတွေကို ဖြေလျော့လိုက်သည် ။ မကြာသေးခင်က ၊ အမေရိကန် ကျူးဘား သံတမာန် ပြန်လည်ဆက်သွယ် လိုက်ပြီ ဆိုတော့ ၊ နှစ်ပေါင်းများစွာ မထိ မတို့ မပြု မပြင် ကိုလိုနီ အမွေအနှစ်တွေ ၊ စိတ်ဝင်စားစရာ လူနေမူ ဘ၀ တွေကို ၊ မပျောက်ပျက်ခင် အပြေး အလွှား သွား ကြည့် တဲ့ ခရီးသွားတွေ အပြင် ၊ရင်းနှီးမြုပ်နှံ ဖို့ လေ့လာ ကြတဲ့ စီးပွားရေး သမားတွေ လည်း ရောက်လာကြသည်။



ကိုယ်တွေကတော့ လက်သီးတွေ ကျစ်ကျစ်ပါအောင် ဆုပ်ထားဆဲ ကျူးဘားကို ၂ နာရီကြာမျှ ရောက်ခဲ့ ဘူးပါ သည်။ Havana Blues ဆိုတဲ့ ရုပ်ရှင်ကားလေး ကို ၊ လက်တီနို မိတ်ဆွေ တယောက်က ညွှန်းပြီး ပေး လာတာ ကြောင့် ၊ ကြုံ ကြုံ ကြိုက်ကြိုက် ကြီးပင် ဟားဗားနား ကို ရောက် သွားခဲ့ ခြင်းဖြစ်သည်။ ကျူးဘား ရဲ့ ရှုခင်း အလှ တွေတင်မက ၊ အတွင်းသား ကိုပါ ထွင်းဖောက် တွေ့ မြင် လိုက်ရတော့သည်။ 


How can I fight to the Sun, Politics and God!

ဆို တာမျိုး ..ခပ်ရဲရဲ ပေါက်ကွဲ နေ တဲ့ စာသား တွေ ကြောင့်..ဒီရုပ်ရှင် ဟာ နိုင်ငံတကာ ဆု တချို့ ရခဲ့တဲ့ အပြင် ၊ စပိန် စကားပြော လက်တီ နို လောက မှာ တင် မက.. အင်္ဂလိပ် စာတမ်း ထိုး ကို ကြည့်တဲ့..တခြား ပရိသတ် တွေ ထဲမှာပါ ၊ အတော် လူကြိုက် များ ခဲ့လေသည် ။ 


တကယ် တော့ ဒီ ရုပ်ရှင်က ဟောလိဝုဒ် ကားကောင်းတွေ လို ခန့်ခန့်ညားညား ကြွားကြွား ထည် ထည် မျိုး တော့ မဟုတ် ။ ကြည့်ဖြစ် အောင် ကြည့်ကြပါ လို့ ထောမနာ ပြု တိုက်တွန်း ရ လောက် အောင် လည်း သိပ် ကြီး တော့ နင့်နင့် နဲနဲ ကောင်းနေ တာမျိုး လည်း မဟုတ်ပါဘူး။ ဒါပေမဲ့လို့ ကမ္ဘာ မှာ စိတ်ဝင်စား ခံ ရတဲ့ ကျူးဘားနိုင်ငံ ရဲ့ လူမူစီးပွား ပြသာနာ တွေ ကို musical ပုံစံ ခပ်ပါး ပါး လေး ရိုက်ပြ ထား တာက ဂီတ ချစ်သူ တွေ အတွက် အထူး အကြိုက်တွေ့စေမဲ့ နိုင်ငံတကာ ရုပ်ရှင် ကောင်းလေး တခုလို့ ပဲ ဆိုပါရစေ ။ 


Ruy နဲ့ Tito က သိပ်ချစ် ကြတဲ့ ၀ါသနာတူ ဂီတကို ရူးသွပ်သူ သူငယ်ချင်း ၂ ယောက်။ ကျူးဘား ဆို တာက လည်း Spanish နဲ့ West Africa ဂီတ ယဉ်ကျေးမူ တွေ ရောပြွန်း စုဆုံ ရာ ဂီတ ပုံစံ မျိုးစုံ ရဲ့ ဘူမိ နက်သန် လို့ ဆို ရ လောက် တဲ့ Salsa တို့ Jazz တို့ရဲ့ မွေးဖွား စတည်ရာ ဒေသ။ ဂီတ ပညာရှင် ၀ါသနာရှင် တွေ ကလည်း သိပ် ပေါ ဆို ပဲ။ ကက်စထရို ရဲ့ လက်ဝဲ ဆိုရှယ် လစ် အစိုးရ က ဂီတ ကျောင်းတွေ ဖွင့်လှစ်ပေး ထား ပြီး ကျောင်းဆင်း ပညာရှင် တွေ ကိုလည်း အစိုးရ ၀န်ထမ်းတွေ အဖြစ် အလုပ်ပေးခန့် ထားသ တဲ့ ။ ထုံးစံ အတိုင်း မစို့မပို့လစာ လေး တွေနဲ့ လွတ်လပ်မူ မရှိ တဲ့ အနုပညာ လောက ကြီးများ ဖြစ်နေ မလား လို့ တော့ …. တွေး ကြည့်မိတယ်။


ဒါပေမဲ့ ကျူဘန်းတွေဟာ အစိုးရ ရဲ့ ခွဲတမ်းချ အစားအသောက် တွေ ၊ တန်းစီ ၀န်ဆောင်မူ တွေ ၊ မှောင်ခို အသုံး အဆောင် တွေ အပေါ် မှာ ၊ အတော်သီးငြီး ခံ နိုင် စွမ်း ရှိ ပြီး ၊ သူတို့ တိုင်းပြည် ကို အတော် ချစ် ကြသလို ဂီတ ကိုလည်း အတော် မြတ်နိုးကြတယ် လို့ ဆိုတယ် ။ မြို့တော် ဟားဗားနား ရဲ့ နေရာ တိုင်း မှာ Jazz တွေ blues တွေ rap တွေ raggae သံ တွေ ပျံ့လွင့် နေတယ်။ မှောင်ရိပ်တွေ ထဲမှာ လည်း မြေအောက် ဂီတ တွေနဲ့ မြူးကြွ ပေါက် ကွဲ လို့။ အဲဒီလို နဲ့ Ruy နဲ့ Tito အပါအ၀င် ဂီတ သမား တွေ ရဲ့ အိမ်မက်က နိုင်ငံတကာ ကို ထွက် ပြီး ၊ ကျူဘားဂီ တ ကို ဆိုပြ ..တီးပြ..ဖျော်ဖြေ ချင် ကြ တဲ့ အန္တိမ စိတ်ကူးယဉ် တွေနဲ့ပေါ့။


၁၉ ၄၀ ၀န်းကျင်လောက်က နာမယ်ကြီးခဲ့တဲ့ Buena Vista Social Club ဆိုတဲ့ ဂီတ အသင်းကြီး ရဲ့ ပဂေး ကြီး တွေကို ၊ ၇၀ ကျော် ၈၀ ကျော် အရွယ် ကြီး တွေ ကျမှ ပြန်လည် အသက်သွင်း ပွဲထုပ် ခဲ့တဲ့ ၊ အမေရိကန် ထုပ်လုပ်သူ တယောက် ရဲ့ Bunea Vista Socail Club (1997) အခွေ ဟာ ၊ နိုင်ငံတကာ မှာ ပေါက်သွား ခဲ့ ဘူးတယ်။ အဘိုးကြီး တွေကို ၊ နယူး ယောက် မှာ ခေါ် ပြီး ဖျော်ဖြေ ပွဲ ကြီးလုပ်တာ ပရိသတ် တွေ ၀က်ဝက်ကွဲ။ သူတို့ ရဲ့ ဇတ် ကြောင်းပြန် မှတ်တမ်း ခွေ ကလည်း ထုတ်လုပ်သူ တွေ အတွက် အပိုအိပ် နဲ့လွယ် ခဲ့ ရ ပြီး ၊ ဥရောပ ရုပ်ရှင်ဆု တောင်ဆွတ် ခူး ခဲ့ တာ ဆိုတော့.. Ruy နဲ့ Tito တို့လည်း စိတ်ကူး ယဉ် တော့ တာပေါ့။


တနေ့မှာ သူတို့ အဖွဲ့ တွေ စပိန် ထုတ်လုပ်သူ အမျိုးသမီး တယောက် နဲ့ ဆက် မိ ကြ တယ်။ သူတို့ အိမ် မက် တွေ ပို ပြီး ကြည်လင် လာသလို ၊ သူတို့ဘ၀ တွေ လည်း ၊ လိုက်ပါ ပြောင်းလဲ ရင်း ၊ Havana Blues ဇတ်လမ်း လေး ဖြစ် လာ ခဲ့ တော့တယ်။

Ruy နဲ့ သူ့ရဲ့ သူငယ်ချင်း ပါရမီ ဖြည့်ဖက် Caridad။ သူတို့ နှစ်ယောက်ရဲ့ သား နဲ့ သမီးလေး တို့ ရဲ့ သာမန် လူနေ မူ ပုံစံလေး တွေကို နောက်ခံ ထား တဲ့ ဇတ်ကွက် တွေ ထဲမှာ ၊ နံဘေး တိုက် ခန်းက တယ်လီဖုန်းကို ၀ိုင်းသုံး ကြ တာလေးတွေ..။ ဖုန်းလာရင် ဖုန်းအိမ်က ကြိုးခြည် ထားတဲ့ ခြင်းလေး ထဲမှာ ဖုန်းကို ထဲ့ပေး ၊ ဆွဲ ယူ ပြော ၊ ပြီးမှ ပိုက်ဆံ ထဲ့ပေး ပြီး ခြင်း လေး ကို ပြန်ပို့ ။ ရန်ကုန် မြို့က တချိန်က လူနေမူ ဘ၀ တွေ ကို အတိ အကျ သတိ ရ စေ တဲ့ အခန်း လေး တွေပဲ ။ 


ကျူးဘား နဲ့ အနီးဆုံး လက်တကမ်း အကွာက ၊ အမေရိကန် မိုင်ယာမီ ကမ်း ခြေ ကို လှေနဲ့ သက်စွန့်ဆံဖြား ခိုး ကူးကြတဲ့ ရွှေ့ပြောင်း အခြေချ မူ နဲ့ လူမှောင်ခိုခြင်း ကို လည်း ဒီရုပ်ရှင် ရဲ့ အရေးပါတဲ့ ဇတ်အိမ် တခု အဖြစ် ထဲ့ ထားတယ်။ Caridad ရဲ့ အမေ က မိုင်ယာမီ မှာ ရောက် နှင့် နေ ပြီး ၊ အရွယ် လွန် မိန်းမ တယောက် အဖြစ် ၊ အမေရိက မှာ ခက်ခက် ခဲ ခဲ အခြေချ လုပ်ကိုင် ရင်း ၊ သမီး ရဲ့ မိသားစု ကို တတ်နိုင် သလောက် လှမ်း ထောက်ပံ့ တာ တွေ ၊ လူကြုံ ပစ္စည်း လေး တွေ ပို့ ပေး တဲ့ အခန်းတွေဟာ ရင်ကို တဲ့တဲ့ မှန် တဲ့ ၊ ဇတ်ဝင် ခန်းလေး တွေပါပဲ။ ပစ္စည်း ရှားပါး တဲ့ ဆိုရှယ်လစ် နိုင်ငံ ထဲက Ruy တီးဖို့ ဂစ်တာ ကြိုး ကို တောင် ၊ သူ့ ယောက်ခမ က အမေရိက ကနေ ပို့ပေး ရှာ တယ်လေ။

Ruy ကလည်း အနုပညာ သမား ပီပီ ၊ စိတ် တွေက လွင့်လွင့်ပါးပါး။ မိသားစု အပေါ် မှာ တာဝန် မကျေ နိင် ပေမဲ့ ၊ သူဘာမှ မတတ်နိုင်။ သူ လုပ်ချင် တာတွေပဲ ဆက် လုပ် နေ ခဲ့သည်။ လို အပ် ရင် တိုးရစ်စ် မတွေ နဲ့လည်း သူ အိပ်သည်။ သူ တီးချင် ဆို ချင်တာပဲ သိသည်။ သူ့ခေါင်း ထဲမှာ Havana မှာ သူတို့ လုပ်ဖို့ ပြင်ဆင်နေတဲ့ concert လောက် တခြား ဘာမှ အရေးမကြီး။ ဒါပေမဲ့ သူက သူ့ နိုင်ငံ လေး ကို တော့ ၊ ရူးရူးမူးမူး ချစ် သူ။


တဖက် မှာ Tito ကတော့ ၊ ကိုလိုနီ အကြွင်းအကျန် အထည် ကြီးပျက် ဘ၀ မှာ ကြီးပြင်းနေထိုင် သူ။ တချိန်က နံမယ်ကျော် ကျူးဘား အဆို တော် တယောက် ဖြစ် ခဲ့ပြီး ခုတော့ အရက်စွဲ နေ တဲ့ ၊ သူ့ အဘွားက ၊ စန္ဒရားတီး သင်တန်းလေး ဖွင့် ရင်း ၊ မြေးအဘွား ၂ ယောက် ၊ ဂီတ ကို ဆက်လက် ရူးသွပ် နေ ကြ တုန်း။ ဒီနေရာမှာ Tito ရဲ့ ခေတ်ဟောင်း ချက်ဗလက် ကားစုတ် အနီလေး က ၊ ဒီ ရုပ်ရှင် ရဲ့ အဓိက ဇတ်ပို့ ပေါ့ ။ Tito ကတော့ ၊ ဒီ ကျွန်း အစုတ် ပေါ် မှာ မနေ ချင်တော့။ သူ့အိမ်က ဖုံးအစုတ်ကိုကြည့်မရ။ သူ့ကားအစုတ် ကို ၊ စိတ်မရှည်။ စန္ဒရား ကလည်း သူ့အတွက် ၊ အစုတ်။ သူတို့အိမ်ကြီးက ရေချိုးကန် အစုတ် တွေ ကို လည်း စိတ်ကုန် နေပြီ။ သူ့ အသက် ၂၈ နှစ် ရှိပြီ။ သူတနေ ရာ ရာ ကို သွား ချင် ပြီ။ အခု စပိန်က ထုတ်လုပ်သူ နဲ့ ခွင် တဲ့ ရင် သူ ဒိုး တော့မည်။


ပြသာနာက ထုတ်လုပ်သူ အမျိုးသမီးက Ruy မှ Ruy ။ Ruy ကတော့ ၊ ထုံးစံ အတိုင်း ဒီ အမျိုးသမီး နဲ့ ရင်းနှီးခွင့် ရ ဖို့ အတွက် ၊ ဘာမှ လက်မနှေးခဲ့။ အမျိုးသမီး ဟားဗားနား မှာ ရှိ နေတုန်း ၊ သူ တို့ အစမ်း ပွဲ တွေ လုပ်ကြည့်သည်။ ကြိုက်သည်။ တချို့ ကျူးဘန်း စတိုင် ဘာသာစကား တွေ ကို ပြင် ပေး ပါ ဆို လည်း ၊ ဒီလိုပဲ မကျေနပ် ကျေ နပ် နဲ့ ပဲ ပြင် ပေး လိုက် သည်။ ပြသာနာက စာချုပ် ချုပ် တော့မှ ။ စာချုပ် သက်တမ်း ၃ နှစ် မှာ စပိန် မှာ သူတို့ အားလုံး နေရမည်။ သူတို့ အသုံးစရိတ် ကလွဲ လို့ ဘာမှ အကျိုးအမြတ် မရ။ ထားတော့။ ဒါပေမဲ့ သူတို့ တီး ၀ိုင်းဟာ ၊ ဘာနံမယ် မှ မရှိ သေးတဲ့ အရိုင်းလေး တွေ လို နေ ရ မည်။ ပြီးရင် နိုင်ငံရေး ဝေဖန်ချက်တွေ နည်းနည်းကျဉ်းကျဉ်း ပါတဲ့ documentary လုပ် ရမည်။ အဲဒါ ကို အပြင်းအထန် ကန့်ကွက်သူက Ruy ပဲ ။ 


သူ့အတွက် အနုပညာက အနုပညာပဲ။ မလိုအပ် ပဲ သူ့နိုင်ငံ ကို မကောင်းပြော ပြီး ၊ သူတို့ လုပ်စား ရ မှာ တဲ့ လား။ သူတို့ တိုင်းပြည် ထဲ ကို ၊ ပြန် ၀င်ခွင့် မရ တော့ရင် ဘယ်လို လုပ် ရ မလဲ . . . ။ သူပေါက်ကွဲ တော့ ၊ ငွေရှင် က အမေရိကန် တယောက် မို့ ၊ အမျိုးသမီးက သူ လည်း မတတ်နိုင် ၊ စီးပွါးရေး က စီးပွားရေး ပဲ လို့ ဆို လာသည်။ ဒီလို နဲ့ Ruy တယောက် စာချုပ် ကို ဆွဲ ဖြဲ ပြီး ၊ သူ့အိမ်မက် တွေကို သူ့လက် နဲ့ပဲ ဖျက်ဆီး ပြစ် လိုက် တော့ သည်။


သူတို့ တဖွဲ့လုံး တယောက် တပေါက် ငြင်းခုံ ပေါက်ကွဲ ကျ သည်။ Ruy အပြင် ထွက် လာတော့ ၊ ကားစုတ် နီ လေး ပေါ် မှာ ထိုင်စောင့်နေတဲ့ Tito တယောက် ၊ မကျေနပ် ခြင်း တွေ ဒေါသ တွေ တစစ်စစ် နဲ့ ၊ သူ့အချစ်ဆုံး သူငယ် ချင်း ကို ပေါက်ကွဲ အော်ဟစ် ပြစ် လိုက် သည့် အခန်း သည် ၊ စကားလုံး တွေ နှင့် ထိမိ လှသည်။


` ဒါ ငါတို့ကို သက်သက် အမြတ် ထုတ် တာပဲ ထုတ်လုပ်သူ တွေ အများကြီး ရှိ တယ်… ငါတို့ ဆက် ကြိုးစား ကြမယ် လို့ Ruy က ချော့တော့..


There are so many musicians in Cuba. Success is not by talent , but by chance... လို့ ၊ Tito ပေါက်ကွဲ ခဲ့ တဲ့ စကား က ၊ တကယ် မှန်လေသလား လို့ ဆက် တွေး ကြည့် နေ မိတယ်။ 


ငါတို့က စပိန် မှာ ၃ နှစ် ကျွန်ခံ ပေး ရမှာ လေ . . . လို့ သူ့အတွေး နဲ့ သူ ခေါင် နေတဲ့.. Ruy ကို ၊ Tito က စိတ် တို နေတဲ့ ကြား က ၊ လမ်းဘေး ၀ဲယာ အသာ ဖြန်းကနဲ ကြည့် လိုက် ပြီး ၊ ခပ် ကြေးကြေး အံကြိတ် သံ နဲ့.. " Whose slaves are we here " လို့ ခပ်ဆတ် ဆက် မေး လိုက် တဲ့ အခန်း ဟာ ၊ ကျူးဘား ရဲ့ နိုင်ငံရေး ရာသီ ဥ တု ကို လှလှ လေး သရော် လိုက်တာ ပဲလေ ။


တကယ် တော့ ၊ ရန်ကုန်မြို့ ကြီး နဲ့ အတော်ကို အလားသ ဏ္ဌန် တူ တဲ့ ၊ ဟားဗားနား ဟာ ၊ ကိုလိုနီ လက်ရာ အကြွင်းအကျန် အဆောက် အဦ နွမ်းဖတ် ဖတ် ကြီး တွေ ကို နောက်ခံ ထား ရင်း ၊ သူ့ရဲ့ ညနေ စောင်း တွေ ဟာ၊ ငြီးစီစီ ဖြစ် နေ ခဲ့ တာ ကြာ ပါ ပြီ။ အဲဒီ ညနေ စောင်း တွေ ကိုပဲ ၊ ကမ္ဘာ့ အထူးဆန်း ဆုံး နေ ရာ တခု အဖြစ် ၊ နိုင်ငံခြား ခရီးသွား ဧည့်သည် တွေက ၊ လာ ကြည့် ကြသည် ။ အဲဒီလို နဲ့ Ruy ရဲ့ ကလေး ၂ ယောက် လည်း ၊ နိုင်ငံခြားသား တွေကို ရောင်း တဲ့ ၊ သူတို့ အမေ ရဲ့ လမ်းဘေးက လက်မူ ပုတီး ဆိုင် လေး ဘေး မှာ ၊ Cuban Rap ကို ပျော်ရွှင် စွာ ဆို ရင်း ၊ နိုင်ငံ ခြားသား တွေ ဆုချ တဲ့ ၊ မုန့်ဘိုး လေး တွေ ကို မျှော် တတ် လာတယ်။ တခါတလေ လည်း မိသားစု လိုက် ဆို ကြပေါ့ ။


နောက်ဆုံး တော့ Caridad တယောက် သူ့ကလေး နှစ် ယောက် နဲ့ အတူ ၊ အဖမ်း အဆီးများ ၊ မိကျောင်းထူ လှ တဲ့၊ ဖလော်ရီဒါ ရေ လက် ကြား လေး ကို ဖြတ် ပြီး ၊ မိုင်ယာမီ က အမေ ဆီ လိုက် ဖို့ ဆုံးဖြတ် လိုက် သည် ။ မိတ်ဆွေ သူငယ် ချင်း တွေ ကို နှုတ် ဆက် တဲ့ ည မှာ ၊ သူတို့ သီချင်းတွေ ဆို ကြ သည်။ လွမ်းလွမ်းဆွတ် ဆွတ် ၊ နာနာကျင်ကျင် ၊ ပြီးတော့ ပျော်ပျော်ရွှင်ရွှင် ။ သူ တို့ နှစ် ယောက် အချစ်ပြယ်လို့ လမ်းခွဲ ကြတာ မှ မဟုတ်လေပဲ ။ ဒါပေမဲ့ အချစ် ဆို တာ ကလည်း ၊ သူတို့ ဆို နေတဲ့ သီချင်း တွေ လိုပဲ ၊ စည်းချက် အနိမ့် အမြင့် ၊ စာသား အပြင်း အနု ၊ သံစဉ် ညက်ညော လှိုင်းထ မူ တခု နဲ့ တခု.. တချိန် နဲ့ တချိန် မတူ ကြ သလို ပါပဲ လေ။ ဘာပဲ ပြော ပြော အဲဒီည မှာ Ruy တယောက် ချစ်သူ ဘ၀ က ပိုးခဲ့တဲ့ သီချင်း လေး ကို ပြန် တီး ပြရင်း သူတို့ ၂ ယောက် လုံး ရဲ့ နှလုံး သား တွေ ကို နောက်ဆုံး အနေ နဲ့ နွေး ထွေး စေခဲ့ တယ်။


ပွဲ သိမ်း မှာ ၊ အပြောင်အပျက် သီချင်း လေး တပုဒ် ကို ခပ် ကြမ်းကြမ်းလေး တီး ခတ် ရင်း အားလုံး လိုက် ဆို ကြ တော့ ၊ ရန်ကုန် မြို့ ရဲ့ မီးပျက် ည တွေ နဲ့ လွတ် သွား တဲ့ ကိုရီးယား ကား တွေ ကို သတိရ မိ တော့ တယ်။


မီးတွေ ပျက်ပြီ ဆိုရင်

အဖွား ရဲ့ ပွစိ ပွစိ တွေစပြီ 

ဒါ အစိုးရ ကြောင့် ပေါ့

အဖိုးကတော့ ဒါတွေဟာ နယ်ချဲ့ စနစ် ကြောင့်

OPEC ကြောင့် Free Trade ကြောင့် လို့ ပြောလိမ့်မယ် 




အချစ်ရယ်.. ငါ့ကို ဖယောင်းတိုင်လေးတွေ ကမ်းလိုက်စမ်းပါ

ငါတော့ တီဗွီ ဇာတ်လမ်းတွဲ လွတ် အုံးမယ် တခါ

ရေခဲသေတ္တာ လဲ ပိတ်ပေါ့. . . အရည်တွေ ပျော်အုံးမယ် တခါ

ငါ့ရဲ့ လျှပ်စစ် ဂစ်တာ ကြီးကို ဘာလုပ်ရ ပါ့

မီးတောက်ကလေးတွေ နဲ့ သာ ငါ က ချင်တော့တယ်

အချစ်ပုံပြင် တွေ နဲ့.. ငါ့ကို အလင်းပေးစမ်းပါ ကွာ

မီးတွေ ပြန်မလာခင် ဘလူးစ် သီချင်းသာ ဆိုပြပါတော့....



နောက်ဆုံးတော့ ၊ Caridad တို့သား အမိ တွေ ၊ ညမှောင် မှောင် ချောင်ရိပ် အောက်က ၊ လူ ခိုး သွင်း တဲ့ မော်တော်ဘုတ် လေး ပေါ် ကို ၊ စိုးရိမ် စိတ် မော တွယ် တက်ရင်း ၊ ဒီ ကျွန်း ကြီး နဲ့ ဒီခင်ပွန်း ကို နောက် ဆံ တွေ ငင် နေ ရှာ လေ မလား။ ရှေ့မှာ တွေ့ ရမဲ့ ၊ မရေ ရာ တဲ့ ဘ၀ အသစ် အတွက် ရော ရင်မော နေ မလား။ ဒီ ဇတ်ဝင် ခန်း လေး ထဲမှာ ၊ မိန်း မ နဲ့ကလေး တွေကို ၊ မော်တော်ပေါ် ပင့်တင့် ပေး နေတဲ့ Ruy ရင် ထဲ မှာ ရော ကြေကွဲ မူ တွေ ဘယ်လောက် ထိ ရောပြွန်း နေမလဲ ။



ဒါတွေဟာ ဘာ ကြောင့်လဲ ။ ကြပ်တည်း လွန်းတဲ့ စီးပွားရေး ကြောင့်လား ။ Ruy အိမ်ထောင့်တာဝန် မကျေပွန် လို့လား ။ အချစ်တွေ ကို ဘ၀ အမော တွေ က ညှင်းသတ် လိုက် လို့လား ။ အဖြေ အတိ အကျ မတွေ့ ရပါ။ ဒီ ရုပ် ရှင် မှာ တွေ့ ရ တာက ၊ ကိုယ့်လမ်း ကို လျှောက် နေ ကြတဲ့ လူ တွေ သာ။ ကိုယ် နေသာသလို ၊ ယုံ ကြည် သလို ၊ အခြေ အနေ ပေးသလို ၊ ရွေ့လျား နေ သော ဘ၀ များ သက်သက် သာ။ ဘာ moral မှ နမူနာမပေး ထား သလို ၊ ဘာ morale မှ လည်း သင်ခန်းစာ ချန် မထားခဲ့။ ဆို ဦး တော့ ဒီ ဇတ်လမ်း ထဲ မှာ ၊ မြင့်မြတ် တည်ကြည် ရိုးသား တဲ့ လူ ဆို တာ တောင်၊ တယောက် မှ မပါခဲ့။ လူသား ဆန်စွာ မိုက်မဲတဲ့ ၊ ဇွတ်တိုး တဲ့ ၊ ကိုယ့် အတ္တ ကို ရွေးတဲ့ ၊ လူစစ်စစ် တွေ ကိုသာ ပြ သွား ခဲ့ သည်။


ခုတော့ ၊ Tito လည်း ထုတ် လုပ်သူ အဖွဲ့ နဲ့ စပိန် ကို သွား ဖို့ ၊ လေယဉ် ကြီး ပေါ် ကို တက်သွား ပေ ပြီ။ တယောက် နဲ့ တယောက် သိပ် ချစ် ကြတဲ့ ၊ သူငယ် ချင်း ၂ ယောက် နှလုံးသား ရှိ ရာ ယာဖက် ရင်အုံ တွေကို ၊ လက်သီး ဆုတ် ခြင်း ထိ ခတ် လို့ ၊ တိတ် ဆိတ်စွာ အချက် ပြ လိုက် ရင်း ၊ ဘယ်တော့ များ မှ ပြန် ဆုံ ကြ တော့ မလဲ။ 


ဟားဗားနား ရဲ့..  ချိုင့်ခွက် အပြည့် နဲ့ လမ်း ပေါ် မှာ ၊ Ruy တယောက် တည်း ၊ သူ့ဂစ်တာ လေး ကို ကျောပိုး ရင်း စက်ဘီး လေး ကို စီး လာသည်။ အနားက ကပ် ဖြတ်သွား တဲ့ ချက်ဗလက် ကား နီ လေး ကို တွေ့ လိုက် မိ တော့ ၊ ရှေ့ မှာ Taxi ဆိုတဲ့ ဆိုင်းဘုတ် ကလေး နဲ့ ။ ဝေးသွားတဲ့ ကားနီ လေးကို လှည့် ကြည့် လှည့်ကြည့် လုပ်ရင်း ၊ တလိမ့်ခြင်း လိမ့်နေတဲ့ စက်ဘီး လေး နဲ့ အတူ Theme Song ဇာတ်သိမ်း သီချင်းလေး တပုဒ် မျောရွေ့ လာ သည်။ 



မဒရစ် မှာ နယူးယောက်မှာ ၊ ဟာဗားနား ဟာ နေရာတိုင်းမှာ

ဘာလို့ ဆို နင်နဲ့ အတူ ခေါ်သွားခဲ့လို့ ပေါ့

နင့်ရဲ့ ဇစ်မြစ်ကို တော့ ၊ ဘယ်တော့မှ ဖြတ်ပစ်လို့ မရ ။



ကုန်းမြေတိုင်းမှာ နယ်နိမိတ်တွေ ရှိတယ်

ဒါပေမယ့် ငါတို့ အားလုံးဟာ 

နေတစင်း နဲ့ လတမင်း ရဲ့ အလင်းရောင် နဲ့သာ ရှင်သန်နေကြတယ်

ငါလေ နင့်ကို နေ့တိုင်းရှင်သန်မူ ပေးတဲ့ 

သီချင်းတွေဆိုတဲ့ မနက်ခင်းလေးပဲ ဖြစ်ချင်တယ်။



လမ်းကြောင်းတွေက နင့်ကို တသီးတခြားခွဲ ထုပ်လိုက်တယ်

ဘာသာစကား နဲ့ အယူဝါဒ တွေရဲ့ 

အကျဉ်းသား အဖြစ် လျှို့ဝှက်ထားလိုက်တယ်

ဘယ်တော့မှ သူတို့ အကျဉ်းသား မဖြစ်စေနဲ့ 




နင် နွေးထွေးမူတွေ လိုအပ်တဲ့ အခါ 

ငါ - နင့်ရဲ့ အနွေးထည် ဖြစ်ပါ့မယ်

နင် ကြင်နာမူတွေ လိုအပ်တဲ့ အခါ 

ငါ - နင့်ရဲ့ အသိုက်အမြုံ လေး ဖြစ်ပါ့မယ်

နင် ဘယ်သွားသွား 

ငါဟာ အမြဲတမ်း နင်နဲ့ အတူ ရှိနေတယ်

ငါဟာ နင့်ရှေ့ မှာ

ငါဟာ နင့်ရှေ့ မှာ 



ဟားဗားနား ဟာ Ruy ရဲ့ ရှေ့ မှာ ရှိနေလေတယ်။ Tito ရဲ့ ရှေ့ မှာရော ။ Caridid ရဲ့ ရှေ့မှာရော ။ တကယ်တော့ အားလုံးရဲ့ ရှေ့ မှာ ကိုယ်ချစ်တဲ့ ကိုယ့်ဇာတိ နိုင်ငံ တွေ ရှိနှင့် နေခဲ့ ပြီ ကော။ 


ကေသွယ်

နှင်းဆီဖြူ ဂျာနယ် အတွဲ ၂ ၊ အမှတ် ၆ ၊ ဇွန်လ ၂၀၁၆


Share/Bookmark

သမိုင်း နှင့် ရင်ကြားစေ့ ခြင်း


ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးခဲ့တာ နှစ်ပေါင်း ၇၀ တောင် ရှိ ခဲ့ ပြီ တဲ့ ။
လူသား သမိုင်း မှာ ၊ အပြင်းထန် အဆုံးဝါးဆုံး အနုမြူဗုံးကြီး ကျဲချ ခံရတဲ့  ဟီရိုရှီးမား နှစ်ပတ်လည် အကြောင်းအရာ တွေ ၊သတင်း မီဒီယာ မှာ သိပ်မမြင်ရတော့ ။ မော်ကွန်း မှတ်တမ်းတွေ မှာ ၊ အရက်စက်ဆုံး လို့ ၊ ရေးထိုး ခဲ့ ကြတဲ့ ၊ နာဇီ အကျဉ်းထောင် အဆိပ်ငွေ့ခန်း တွေက ၊ လွတ်မြောက် ရှင်သန် ကျန်ရစ်သူတွေ လည်း ၊ သက်ရှိ ထင်ရှား  ရှိဖို့  မလွယ်တော့ ။

ပြီးခဲ့တဲ့ လ ထဲက ၊ သြစတြေလျ SBS တီဗွီ အစီအစဉ် တခု ဖြစ်တဲ့ Insight မှာ ၊ Bloodline ဆိုတဲ့ ခေါင်းစဉ် နဲ့  ဆွေးနွေးငြင်းခုံ ပွဲ လေး တခု ကို ကြည့် လိုက်ရတယ်။ ဒီအစီအစဉ် က ၊ အပတ်စဉ် ဆိုသလို ၊ အကြောင်းအရာ အမျိုးမျိုးအလိုက် ပင်တိုင်ဆွေးနွေးသူတွေ ဖိတ်ခေါ်ပြီး ၊ အားလုံး ပါဝင် ဆွေးနွေးကြ တာမို့ ၊ စိတ်ဝင်စားတဲ့ ခေါင်းစဉ် ဆိုရင် အမြဲ ကြည့် ဖြစ်သည် ။ အဲဒီ အပတ်က တော့ ၊ ဒုတိယ ကမ္ဘာစစ် နှစ် ၇၀ အထူး အစီအစဉ် ဆိုတော့ ၊ မဖြစ်မနေ ပဲ ပေါ့ ။ ကြည့် နေရင်း မှ ၊ ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာတာက ၊ အစီအစဉ်မှာ ပင်တိုင် ပါဝင် ဆွေးနွေး ကြတဲ့ သူတွေဟာ ၊  ဒုတိယကမ္ဘာစစ်ကြီးတုန်းက အဓိက ကျခဲ့တဲ့  ဇာတ်ကောင်
ကြီးတွေ ရဲ့ ၊ သွေးမျိုးဆက် တွေ ကိုယ်တိုင် ဖြစ်နေ တာပဲ ။
ဟစ်တလာ ရဲ့  လက်ရုံးတဆူ ဖြစ် သလို ၊  ပိုလန် ကျူးကျော်မူ မှာ တာဝန်ခံ  စစ်ဦးစီးချုပ်လည်း ဖြစ်ခဲ့တဲ့ ၊ Hans Frank ရဲ့ ၊ သားအငယ်ဆုံး  Niklas Frank ဆိုသူ အသက် ၇၀ ကျော် အဘိုးကြီး က၊ သူ့မိသားစု မှာ တဦးတည်း သော ၊ အသက်ရှင် နေတော့တဲ့ သူ ဖြစ်သလို ၊ ဂျာနယ်လစ် စာရေးသူ တယောက် အဖြစ်၊  သူ့အဖေ နဲ့ တကွ နာဇီတွေ ရဲ့  သမိုင်းတွေကို လူသိရှင်ကြား ထုတ်ဖော် ရေးသား နေသူလည်း ဖြစ်သည်။ အစီအစဉ် တင်ဆက်သူ က ၊ ရှင့် အဖေကို ဘယ်လို မြင်သလဲ ဆိုတဲ့ ၊ မေးခွန်းကို  ၊  ငါ သူ့ကို စက်ဆုပ်မိ
တယ် လို့ ဖြေးဖြေးလေးလေး ကြီး ပြောချ လိုက်ပေမဲ့ ၊ေ၀၀ါး ရောထွေးနေတဲ့ သူ့ ခံစားချက် တွေကိုလည်း တစွန်းတစ မြင်ရ ပြန်တယ်။ ပရိသတ် တွေထဲ မှာ ထိုင်နေတဲ့ ၊ သူ့ နဲ့ အသက် မတိမ်းမယိမ်း အဘိုးကြီး 
တယောက်က ၊ ပိုလန် ကို နာဇီ ဂျာမန် တွေ သိမ်းပိုက် တဲ့ အချိန်မှာ ၊ ဆယ်နှစ်ကျော် အရွယ် ကလေး
တယောက် အဖြစ် ကံသီ လို့ လွတ်မြောက်ခဲ့ပေမယ့် ၊ သူ့ တမိသားစု လုံး  အလုပ်စခန်းတွေမှာ သေဆုံးကျန် ခဲ့တဲ့  အကြောင်း ပျက်ပျက်ထင်ထင် ပြန်ပြောပြ နေတာတွေ ကို ၊ ဆိတ်ဆိတ် နားထောင် နေခဲ့တယ် ။

ဆစ်ဒနီ မှာ ရှိတဲ့ ဂျူးလူမျိုးတွေ ရဲ့  စစ်သမိုင်းပြတိုက် တခု ကို သွားကြည့်ရင်း၊ ၀မ်းနည်း စိတ်ပျက်မူ တွေ နဲ့  အရုပ်ကြိုးပြတ် ဖြစ်နေတဲ့  သူ့ ကို ၊ လိုက်ပြ တဲ့ အမျိုးသမီးတယောက်က  အားပေး နှစ်သိမ့် နေတဲ့ ဗွီဒီယို ကို ၊ ပြန်ပြ နေတဲ့ အချိန်မှာ   ၊ မျက်လုံး တွေကို အသာ ပိတ် ထားခဲ့ တယ်။ အဲ့ဒီ ပြတိုက် တနေရာမှာ ရေး
ထွင်း ပြသ ထားတဲ့ ၊ ဂျူးတွေ အားလုံးကို ငတ်ပြီး သေစေဖို့ ငါတို့ ဆုံးဖြတ်ထားတယ် ဆိုတဲ့ ၊ စာတန်း ရဲ့ 
အောက်မှာ Dr. Hans Frank ဆို တဲ့ မြင်ကွင်း တခု ပေါ်လာပြန်တယ်။ အဲဒီ ဟာကို ရော အရင်က မြင်ဖူးလား လို့ ထပ်မေး ပြန် တော့ ၊ Niklas Frank ဟာ ၊ခေါင်းကိုပါ ငုံ့ ချ လိုက်ရင်း ၊ အပြစ်မဲ့တဲ့ လူတွေ .. 
 ပိုလန်တွေ ဂျူးတွေ ကို သတ်ပြစ်ခဲ့တာ လုံးဝ ကြင်နာမူ ကင်းမဲ့တဲ့ လူမျိုးပဲ လို့  သာ ညည်းငြူ နေရှာ တယ်။ 
 ပြခန်း မှာ လိုက်ပြ ခဲ့တဲ့  အမျိုးသမီး ဟာ ၊ ဒီအစီအစဉ်မှာလည်း ကပ်ရပ်ခုံ က နေပြီး ၊ နင်က  အရမ်းကို စာနာတတ်တဲ့ ဂျာမန် တယောက် လေ လို့ ၊ လှမ်းပြီး အားပေး ရ ပြန်တယ်။ အဲဒီ အမျိုးသမီး ဟာ ၊ 
တကယ်တော့  ဇနီး နဲ့ ကလေး ကို ပြန်ရှာမတွေ့ နိုင်တော့ တဲ့ နာဇီ အကျဉ်းစခန်းပြန်  အဘိုးဖြစ်သူ ရဲ့  ခြောက်အိပ်မက်တွေကို အမွေရ ထား တဲ့သူ တယောက်။
သမိုင်းရဲ့  အရိပ်တွေ အောက်မှာ၊ မုန်းတီး နာကျင်မူတွေက ခပ်နည်းနည်း ၊ နားလည် စာနာမူ တွေကသာ များများ မြင်တွေ့ နေရတဲ့  ဆွေးနွေးခန်း မှာ ၊ တမူထူးခြား စိတ်ဝင်စားစရာ ကောင်းစွာ ပါဝင်လာတဲ့ နောက်တယောက်က ၊ ဆိုဗီယက် ယူနီယံ ကြီးကို ၊ နှစ်ပေါင်း ၃၀  အုပ်ချုပ်သွားခဲ့တဲ့ အာဏာရှင် သံမဏိလူသား
ကြီး Joseph Stalin ရဲ့  မြစ် ဖြစ်သူ   Jacob Jughashvili ။ သူက လူကိုယ်တိုင် မလာပဲ  ၊ဗွီဒီယို ကနေပြီး ပါဝင် ဆွေးနွေးသလို ၊ အသွင်အပြင် လေသံ ယူဆချက် တွေကပါ ၊ တခြားသူတွေ နဲ့ လုံးလုံး မတူ  တမူ ကွဲ လျက် ။  ပုဂ္ဂိုလ်ရေး ကိုးကွယ်ခြင်း ကို အကြီးအကျယ် တည်ဆောက်ခဲ့တဲ့ အာဏာရှင်ကြီး စတာလင် ရဲ့  မျိုးဆက် အဖြစ် ထင်ထင်ရှားရှား မနေထိုင်ခဲ့ပေမယ့် ၊ သူ့ ရဲ့  မျိုးရိုးနာမယ်ကို တော့ စတာလင် ရဲ့  မူလ မျိုးရိုးနာမယ် အတိုင်း ဆက်ပြီး ယူထားလေတယ်။ ဆိုဗီယက် နဲ့ ယူကရိန်း မှာ လူပေါင်း တသန်းလောက် ပျက်စီး
သေကျေ ခဲ့ရတဲ့ တာဝန်ရှိမူတွေ ကို ၊ စတာလင်ရဲ့ မြေးက လက်မခံ ။ သူ့ အဘေးဟာ  ပြည်သူ့  ၀န်ထမ်း
ကြီး  လို့ သာ တွင်တွင် ပြောသည်။ ပရိသတ်ထဲ က ၀င်ဆွေးနွေးတဲ့ သမိုင်းပညာရှင် တွေ ရဲ့ စကားတွေကို မဲ့ရွဲ့ ပြစ်သည်။ ကွေးကောက် ပြစ်သည်။ ဒုတိယ ကမ္ဘာစစ်ကြီး မှာ ၊ ဟစ်တလာ ကို အပေးအယူ လုပ်ဖို့ ကြိုးစား ပေမယ့် ၊ နောက်ဆုံးမှာ ဆိုဗီယက် တပ်နီတော် ဟာ နာဇီ တွေကို အနိုင် တိုက်ပြစ် လိုက်ရတဲ့  ၊ 
သမိုင်းတွေ ကိုသာ ၊ ဇမ်းတင် ပြောနေ ခဲ့ ပြီး ၊ စစ်ကြီးအပြီး အာဏာစက် ပိုပြီး ပြင်းထန်ခဲ့တဲ့ ၊ သူ့ အဘေး ဟာ ၊ တကယ်တော့ တကိုယ်တော် အာဏာရှင် မဟုတ် ၊ ကွန်မြူနစ် ဗဟိုကော်မီတီ ၀င်တွေ အားလုံး 
စုပေါင်း ဆုံးဖြတ် လုပ်ကိုင် ခဲ့ကြတာလို့ ၊ ချေပ သည်။ သူ့ အဘေး တယောက်ဖြစ်နေခြင်း ထက် ၊ စတာလင် ဆိုတဲ့ လူအဖြစ်နဲ့  ကြာလေ လေးစားလေ ပဲ လို့  တောင် ၊ မခိုး မခန့် ပြောသေးသည်။
အဖေ ဖြစ်သူ နာဇီကြီး အတွက် ၊ အရမ်း စိတ်ပျက်နေသူ နဲ့ ၊ အဘေး ဖြစ်သူ ကွန်မြူနစ် အာဏာရှင်ကြီး 
အတွက် ၊ တမင် ဂုဏ်ယူပြနေသူ ၊ မျိုးဆက် နှစ်ယောက် ။ သူတို့ ရဲ့ စိတ်ခံစားချက် အစွန်း တွေ ကို  ၊ ကြားခံ ပရိသတ် တွေ ရဲ့   ထင်မြင် သုံးသပ်ချက်တွေက ၊  ထိန်းညှိ ပေး နေလို့ သာ ။ ပရိသတ်တွေ ထဲက ပါဝင် 
ဆွေးနွေးသူ တွေ ထဲ မှာလည်း ၊ ပညာရှင်တွေ ၊ နိုင်ငံရေးသမားတွေ ၊ နာဇီပါတီ နဲ့ နီးစပ်ပတ်သတ်ခဲ့တဲ့ 
တခြား မျိုးဆက်တွေ ၊ စတာလင်ကို  လေးစား ယုံကြည် ခဲ့သူတွေရဲ့  သွေးသားတွေ ၊ စစ်ကြီး အတွင်းမှာ 
မိသားစု ပျက် ၊ စိတ်ခံစားမူတွေ ခံစား ခဲ့ ရတဲ့ ၊ သိမ်းပိုက်ခံ နယ်မြေစုံ က  သားသမီး မြေးမြစ်တွေ ၊ အတော်ပင် စုံလင် လှသည်။
ဆွေးနွေးဝိုင်း ရဲ့ ဒုတိယပိုင်း  က ၊ အရှေ့ဖက် စစ်မျက်နှာကို ဖွင့် ခဲ့တဲ့ ၊ ဂျပန် စစ်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး တိုဂျို  နဲ့ ၊ စစ်ကြီးကို အဆုံးသတ်ဖို့ ဆိုပြီး ၊ ဟီရိုရှီးမားကို အနုမြူဗုံး ကျဲ  ခဲ့တဲ့  ၊ အမေရိကန် သမ္မတ ထရူးမင်း  ရဲ့  မျိုးဆက် နှစ်ယောက် အလှည့် ဆိုတော့ ၊ အနောက်ဖက် စစ်မျက်နှာပြင်က လူကြမ်းကြီးတွေ ထက် ၊ ကိုယ်နဲ့ နီးနီးစပ်စပ်  အရှေ့ဖက် စစ်မျက်နှာက ၊ ဇာတ်လိုက်ကြီးတွေ ရဲ့  အကြောင်းတွေကို  ပိုပြီး စိတ်ဝင်စား မိ 
ရ သည်။
ကျောင်း စ တက်တဲ့ နေ့ မှာပဲ  ဆရာမ က ၊  မင်းက သမ္မတ ထရူးမင်း မြေးလား လို့ မေးတော့၊ သူ ဘာမှန်း သေချာ မသိတဲ့ အကြောင်း ၊ Clifton Truman Daniel က   ရီရွှင်စွာ ပြောပြ နိုင်ခဲ့ပေမယ့် ၊  Hidetoshi Tojo ကတော့ ၊ ငယ်ဘ၀ တလျှောက်လုံး ကျောင်းမှာ အများရဲ့  အာရုံစိုက် ခံ ရပြီး ၊ ကြီးပြင်းခဲ့ တာကို ၊ စိတ်ပျက် ခဲ့ ရတယ် လို့ ဆိုတယ်။  ဒုတိယ ကမ္ဘာစစ် အတွင်းက ၊ ဂျပန် စစ်တပ်ကြီးရဲ့ ဖက်စစ် ကျူးကျော်မူ တွေ နဲ့  အတူ ၊ စစ်ရှုံးခဲ့သူ စစ်ဗိုလ်ချုပ်ကြီး တိုဂျို ရဲ့  အမည် ဟာ ၊ ဂျပန်နိုင်ငံ မှာ  ၊ မပြောသင့် တဲ့ အရာ ၊  အညင်းပွားစရာ တခု အဖြစ်  တောက်လျှောက် ရှိနေ သေးပေမယ့် ၊ ခု အချိန်မှာ တော့ ၊ သူဟာ  သူ့  ရဲ့  မျိုးရိုး
နာမယ် အကြောင်းကို ၊ ပိုပြီး စဉ်းစား မိ လာသလို ၊ သူ့သား ကိုလည်း  သူ့လိုပဲ ဆက်ပြီး စဉ်းစား စေချင်
တယ် လို့ ၊ ဗိုလ်ချုပ်ကြီး တိုဂျို ရဲ့  မြစ် ဖြစ်သူ က ၊ ဂျပန် ဘာသာစကား နဲ့  ထိန်းထိန်းသိမ်းသိမ်း ပြောသည်။
ဂျပန် စစ် ရှုံး ပြီမို့ ၊  အမေရိကန် စစ်ကောင်စီ အဖွဲ့ က  အိမ်ကို လာ ၀ိုင်းတဲ့ အချိန်မှာ ၊ တိုဂျို ဟာ အရင်ဆုံး သူ့ ရဲ့  ဆုတံဆိပ် တွေ အကုန်လုံးကို မီးရှို့ ဖျက်စီး ခဲ့ပေမယ့် ၊ မိသားစု ဆွေစဉ် မျိုးဆက် ဇယား ကြီး ကိုတော့  ၊ အသေအချာ ဆက်ထိန်းထားဖို့  မိသားစု ကို အသေအချာ မှာ ခဲ့တယ် လို့ ၊ ပြောပြော ဆိုဆို ၊ သူ့ ကုတ်
အကျီ င်္ အိတ်ထဲမှာ ထဲ့ ယူလာတဲ့ ၊ ခန်းကြီး စကားလုံးတွေ နဲ့ စာရွက်လိပ်ကြီး တလိပ်ကို အားလုံး ရဲ့ ရှေ့ မှာ ဖြေ ချ ပြလေတယ်။  အာရှ ပစိဖိတ် ဒေသ က  ဂျပန်စစ်တပ် ကြီး ရဲ့  ၊ ကြမ်းတမ်း ရက်စက် မူ တွေ အတွက် ၊ သူ့ အဘေး မှာ  အပြစ် ရှိ - မရှိ ဆိုတာ ထက် ၊ နာကျင် ထိခိုက်ခဲ့ ရတဲ့ လူတွေ အားလုံးကို ၊ တောင်းပန် 
ကြောင်းသာ ၊ ယဉ်ကျေး စွာ ပြောသွားခဲ့သည် ။ သူ့ရဲ့ ရှေ့ က  ဖန်သားပြင် မှာ  ဗွီဒီယို က တဆင့် ၀င်ရောက် ဆွေးနွေးနေတဲ့  ထရူးမင်း ရဲ့  မြေး ဒဲနီယဲလ် ကို လည်း ၊  အပြင်မှာ လူခြင်း တွေ့ ဆုံ ပြီး ၊ အနာဂါတ် အတွက် လမ်းမှန်တွေ ပေါ် အောင် ပူးပေါင်း ဆောင်ရွက် လို ကြောင်း ပြော သည်။
ဒဲနီယဲယ် ကတော့ ၊  အရင်တုန်းက သူဟာ မျိုးရိုး ဆိုတာထက် သူ့ ကိုယ်ပိုင်ဘ၀ နဲ့ သာ နေလိုခဲ့ ပေမယ့်  ၊ အနုမြူ ဗုံး ဒဏ်သင့် မိန်းကလေး တယောက်ရဲ့  စာအုပ် ကို  ဖတ်ခဲ့ရပြီးတဲ့ နောက်မှာ ၊  ဟီရိုရှီးမား သမိုင်း 
မှတ်တိုင် ရှိရာကို ၂၀၀၄ ခုနှစ် မှာ ၊ အရောက် လာ ကြည့် ခဲ့ တယ်။ အဲ့ဒီနောက်တော့ အနုမြူ တားစီးရေး 
အတွက် ၊ ရှေ့ဆောင် ဆော်သြ သူ တယောက် ဖြစ်လာ ခဲ့တယ် လို့ ဆိုတယ်။ အနုမြူ ဗုံး ကျဲဖို့  ဆုံးဖြတ် 
အမိန့် ပေး ခဲ့တဲ့ သူ့ အဘိုး မှာ  တာဝန် ရှိ မရှိ ဆိုတာထက် ၊ အနုမြူဗုံး ဒဏ် ခံ ခဲ့ရတဲ့ သူတွေ အတွက် ၊ တခုခု ဆက်လုပ်ပေးဖို့ တော့၊  သူ့ မှာ တာဝန် ရှိတယ် လို့ ခံစားရ ကြောင်း အလေးအနက် ပြော လေသည်။


ဝမ်းနည်း စိတ်ပျက်နေတဲ့ ဂျာမန် နာဇီကြီးရဲ့ သား ကို ၊ သူ့ဘေးမှာ ထိုင်နေတဲ့ ၊ ဂျူးအကျဉ်းသား တယောက် ရဲ့  မြေးဖြစ်သူ က ၊ ခွင့်လွှတ် နားလည်စွာ  အားပေး နှစ်သိမ့် ခဲ့သလိုပဲ ၊ အခု ဒုတိယ ပိုင်း မှာ လည်း ၊   
စစ်အတွင်းတုန်းက  ဂုဏ်သတင်း ထင်ရှား ခဲ့ တဲ့  ဆရာဝန်ကြီးလည်း ဖြစ် ၊ ထိုင်း မြန်မာ မီးရထားလမ်း ချွေးတပ် စခန်းမှာ ၊ သတ္တိပြောင်မြောက်စွာ နဲ့  ရပ်တည် ရှင်သန် ခဲ့ သူလည်း ဖြစ်တဲ့ ၊   သြစတြေလျလူမျိုး စစ်သုံ့ပန်းကြီး  Sir Edward Dunlop ရဲ့  သား ဖြစ်သူ John Dunlop က ၊ ဂျပန် စစ်သား တွေ ရဲ့ ၊ ကြမ်းတမ်း
ရိုင်းစိုင်းမူ တွေ အကြောင်း  တဆင့်ပြန် ပြောပြ နေတာကို ၊ ကပ်ရပ် ခုံ မှာ ထိုင်နေတဲ့  ဂျပန် စစ်ဗိုလ်ချုပ်ကြီး ရဲ့  မြစ် ဖြစ်သူက ၊  တည်တည် ငြိမ်ငြိမ်  နားထောင် ပေး နေ ခဲ့ သည်။
တကယ်တော့ ၊ ဒီ စကားဝိုင်း ဟာ   ကြားနာပွဲ တခု နဲ့  တူနေပေမယ့် ၊ အမှား အမှန် ဆို တဲ့ ဒိုင်လူကြီး 
မရှိပေ ။  တာဝန် ယူ မူ ဆို တဲ့ ၊ ပြစ်ဒဏ် သတ်မှတ် မထားပေ ။ အားလုံး ဟာ မတူညီ တဲ့ အမျိုးသားရေး 
နောက်ခံ တွေ ကနေ လာကြ သည်။  ကွဲ ပြား တဲ့  အယူ ၀ါဒ တွေ ရှိ မည်။  မပြောပြ နိုင်တဲ့ ၊ သီးသန့် 
ယုံကြည်ချက် တွေ ရှိ ကောင်း ရှိ မည်။ ဒါပေမယ့် အားလုံး ရဲ့  ဆုံမှတ်  လက်ခံ နိုင်တဲ့ အနေ အထား တခု 
ရောက်အောင် ၊ ပြောကြ ဆိုကြ နားထောင်ပေး ကြတယ်။ ( စတာလင် ရဲ့  မြစ် က လွဲ လို့ ပေါ့လေ ) အပိုင်း နှစ်ပိုင်း ခွဲပြီး ၊ သုံး နာရီ လောက် ကြာအောင် ပြောကြ ဆိုကြ ဆွေးနွေး ဖြေလျော့ ကြတဲ့ တလျှောက်လုံးမှာ ၊ ပြန်လည် သင့်မြတ်ခြင်း ရဲ့   အငွေ့ အသက်တွေ ကသာ ခပ်များများ လွှမ်းခြုံ နေ ခဲ့တယ်။
တကယ် ဆိုတော့ လည်း ၊ သူတို့တွေဟာ တာဝန်ယူ ရမယ့် သူတွေ မှ  မဟုတ်လေ တာ ။ အမှား အမှန်ကို ရင်ဆိုင် ရမယ့် ၊ ကာယကံ ရှင် တွေ လည်းမှ မဟုတ် တာ ။  အမှား အမှန် တာဝန် တွေ အတွက် ၊ ဟစ်တလာ လည်း ၊ သူ့ ဖာသူ အဆုံး စီရင် သွား ခဲ့ ပြီ ။ ဂျာမန် စစ်ဗိုလ်ချုပ်ကြီး ဟန့်စ် လည်း ၊  နူရင်ဘတ် ခုံရုံးကနေ ၊ ကြိုးပေး ကွပ်မြတ် ခံ ခဲ့ ရ ပြီ ။ ဂျပန် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး တိုဂျို လည်း ၊  နိုင်ငံတကာ အရှေ့တိုင်း စစ်ခုံရုံးကနေ ၊  သေဒဏ် ပေး ခံ ခဲ့ ရ ပြီ ။ လုပ်ဖော် ကိုင်ဖက် ပေါင်း များစွာကို ၊ စတေး ပြစ်ခဲ့တဲ့  ဆိုဗီယက် အာဏာရှင်ကြီး  စတာလင် လည်း ၊ နောက်ဆုံးတော့ အဆိပ်မိ သလိုလို နဲ့  ၊ ကိုယ်တိုင် စတေးခံ ခဲ့ ရသည်။ အမေရိကန် သမ္မတကြီး ထရူးမင်း လည်း ၊ အနုမြူ ဗုံးကြီးဟာ ၊  လူတွေ ရဲ့ အသက်ကို ကယ်ဖို့   ၊ စစ်ကြီးကို အပြီးသပ်ဖို့ လို့ ၊ ဘယ်လောက်ပဲ  အကြောင်း ပြပြ ၊ ဒီလောက် ဆိုးဝါး ပြင်းထန် ခဲ့တဲ့  အဖြစ်ကြီး အတွက် ၊ သူ့လိပ်ပြာ က  အတောင် မခတ်ပဲ တော့ နေခဲ့ မှာ မဟုတ် ။ လူတွေရဲ့ အသက်တွေကို ကယ်ဖို့ ၊ လူတွေကိုပဲ သတ်ပြစ်ခဲ့ ရ သတဲ့လား ။ တကယ်ဆို ၊ ခုံရုံး တကာ့ ခုံရုံး တွေ ထဲ မှာ ၊ လိပ်ပြာခုံရုံး က ၊ ရင်ဆိုင်ဖြေရှင်း ဖို့  အခက်ခဲဆုံး  ဖြစ်မှာပါ ။
ဒုတိယ ကမ္ဘာစစ် အနှစ် ၇၀ ပြည့် အထိမ်းအမှတ် အထူး အစီအစဉ်  ကို ကြည့်ပြီး သွားတော့ ၊ ထုံးစံ အတိုင်း ၊ အတွေးတွေ ထဲ  နစ် ရင်း ၊ မနှစ် ဆီ တုန်းက ၊ ကြည့်ဖြစ် လိုက်တဲ့ ၊  ဒုတိယ ကမ္ဘာစစ် နောက်ခံ  အဖြစ်မှန် ရုပ်ရှင်ကားလေး တခု ကိုပါ သတိရ သွား မိသည်။
ရုပ်ရှင် ဆုပေါင်း များစွာ ဇကာတင် အရွေးခံ ရ တဲ့ ၊ The Railway Man ဆိုတဲ့ ၊ ရုပ်ရှင်ဟာ ၊ Lomax ဆိုတဲ့ အင်္ဂလိပ် စစ်အရာရှိငယ် တယောက် ရဲ့  ကိုယ်တွေ့ အဖြစ်မှန်တွေ ကို အခြေခံ ပြီး  ဟောလိဝုဒ် အကျော်
အမော် တွေ နဲ့  ရိုက်ကူးထား တာပါ ။ အရှေ့ ဖက် စစ်မျက်နှာ မှာ ၊ စင်ကာပူ ခံတပ်ကြီး ကျ သွားတော့ ၊ 
အင်္ဂလိပ် စစ်သုံ့ပန်း တွေကို ၊ ထိုင်း မြန်မာ မီးရထားလမ်း ဖောက်ဖို့  ချွေးတပ် အဖြစ်  အသုံးချသည်။ 
အင်္ဂလိပ် စစ်ဗိုလ် လေး ဟာ ၊  ချွေးတပ် အလုပ်စခန်း မှာ ၊ ကောက်ရ တဲ့  ရေဒီယို အစုတ် ကလေး တလုံး နဲ့ အလုပ်ရှုပ် ရင်း ၊ သူလျှို သတင်းပေး လို့ စွပ်စွဲခံ ရပြီး ၊ ဂျပန် ကင်ပေတိုင် စုံထောက် တွေရဲ့ ၊ ဖမ်းဆီး နှိပ်စက် ခြင်းကို ၊ ပြင်းပြင်းထန်ထန် ခံရတယ်။ သူ့ကို စစ်ဆေး နှိပ်စက် တဲ့ အခါတိုင်း ၊ နည်းတွေပြောင်း လူတွေ
 ပြောင်း ပေမယ့် ၊ မပြောင်းလဲ တဲ့ တယောက်တည်းသော စကားပြန်  ဂျပန် စစ်ဗိုလ် ကို ၊ သူ အသဲစွဲ အောင် မှတ်မိ နေခဲ့တယ် ။ စစ်ကြီး ပြီး လို့ ၊ အသက်မသေ ကျန်ခဲ့ကြပေမယ့် ၊ သူတို့ တွေ အားလုံး ၊ စိတ်အနာတရ တွေ အပြည့် နဲ့ ၊ ကျန်ရှိနေတဲ့ ဘ၀ သက်တမ်း ကို ခြောက်အိပ်မက်တွေ ကြားထဲ ဖြတ်သန်း နေ ခဲ့ ကြ ရ တယ်။  သူ့ သူငယ်ချင်း တယောက်က တော့ ၊  ကောက်ကာ ငင်ကာ သတ်သေ သွားသည် ။ စစ်ကြီး ပြီး  ၄၅ နှစ် လောက် အကြာ ၊ သတင်းစာ တစောင် မှာ ပါလာတဲ့ ၊ ဂျပန် စစ်ပြန်အဘိုးကြီး တယောက် ရဲ့  ပုံ ကို ၊ တခြား သူငယ်ချင်း တယောက်က လာပြတော့ ၊ သူ ကောင်းကောင်း မှတ်မိ သည်။ စပိုင် လို့  မဖြေ မချင်း  သူ့ ပါးစပ်ထဲကို ရေတွေ ပုံး လိုက် လောင်းချ ခိုင်းတဲ့   ဂျပန် စကားပြန် တာကာရှီ က ၊ ထိုင်း နယ်စပ် မှာ ၊ စစ်အကျဉ်းတိုက် ပြခန်း တခု  ဖွင့် ထားတယ် ဆို ပါပေါ့ ။
သူ့ တကိုယ်လုံးမှာ ဒဏ်ရာ ဒဏ်ချက်တွေ ပြည့်နှက် နေခဲ့ ရ တဲ့ ၊ ထိုင်းမြန်မာ နယ်စပ် ကို  စိတ်ဒဏ်ရာတွေ အပြည့် နဲ့  သူ အရောက် ပြန်လာခဲ့ တယ်။ တာကာရှီ ရှိ နေတဲ့ ၊ စစ်သုံ့ပန်း ပြတိုက် ထဲကို  တယောက်
တည်း ၀င်သွား တယ်။ သူ အရမ်း မုန်းတီး ခဲ့တဲ့ ဂျပန် စကားပြန်ကြီး ရှေ့မှာ ၊ လွန်ခဲ့တဲ့ ၄၅ နှစ်က ၊  ပြခွင့် မရ လိုက်တဲ့  ဒေါသ နဲ့  အမုန်းတွေ ကို ၊ အကုန် သွန်ချ  ပြစ်လိုက်တယ် ။ ပြခန်း ရဲ့ ရှေ့မှာ ပုံစံတူ ပြန်လုပ်ထားတဲ့ ၊  ရက်ပေါင်းများစွာ အစာငတ်ခံ နေပူလှန်း ခံ ခဲ့ရတဲ့ ၊ ခွေးအိမ် ပုပုလေး ထဲ ကို ၊ ဂျပန် အဘိုးကြီး ကို ဆွဲ ခေါ် လာပြီး ၊ ပိတ်လှောင် ထားလိုက်တယ်။  သူ့ အမုန်းတွေ ကုန်ချင် မှ ကုန် သွားပေမယ့် ၊ သူ့  ခါးသက်မူ တွေ တော့ ၊ သက်သာသွား ခဲ့သည် ထင့် ။
တာဂါရှီ ဟာ၊ သူ့ အပြစ်တွေကို ဖြေနိုင် ဖို့ အတွက် ၊ ထိုင်းနိုင်ငံကို အကြိမ်ပေါင်း ၆၀  လာ ရောက်ခဲ့ ပြီး ၊ ဒီ
ပြခန်း ကို သူ့ကိုယ်ပိုင် ငွေ နဲ့ ဖွင့်လှစ် ခဲ့တယ်။  အဲ့ဒီ နောက်ပိုင်းမှာ   တာကာရှီ မသေဆုံးမီ ၂၀၁၁ ခုနှစ်ထိ ၊ သူတို့ နှစ်ယောက် ဟာ ၊ မိတ်ဆွေ ရင်း တွေ ဖြစ်သွား ကြတယ် လို့ ၊ စာတွေ မှာ ဖတ် ရသည်။ ခါးသက်တဲ့ အတိတ်တွေထဲက နေပြီး ၊ ပြန်လည် သင့်မြတ်ကြဖို့ ဆိုတာ ၊ မေ့ပြစ်လိုက်ယုံ နဲ့ မပြီးဘူး ။ သည်းခံ လိုက်ယုံ နဲ့ မရဘူး ။ ခွင့်လွှတ်လိုက်ယုံ နဲ့ လည်း မဖြစ်နိုင်ဘူး ။ မုန်းတီးနာကျင်မူ အရှိတရား တွေကို ၊ အရှိအတိုင်း
ကျော်ဖြတ်ပြီးမှသာ ရင်ကြားစေ့ နိုင်တာ လို့ ၊ ဒီ ရုပ်ရှင်လေးက ၊ ပြောပြ နေသလိုပဲ ။ တကယ် ဆိုတော့  ၊ သူတို့ နှစ်ယောက်ဟာ ၊ စစ် ရဲ့ သားကောင် တွေ ထဲက သားကောင် လေးတွေ ပဲလေ  ။ တိုဂျို တို့ ဟစ်
တလာ တို့ လို ၊ စစ်ကြီးတပွဲ ကို ၊ ဖန်တီး ဦးဆောင် ဆုံးဖြတ် သူတွေ  မဟုတ်ပေဘူးကိုး ။
သွေးမျိုးဆက် စကားဝိုင်း ထဲက  စတာလင်ဝါဒီ မိသားစု ၀င် တယောက်က တော့ ၊   သူသေ ကိုယ်သေ စစ်ပွဲ ကြီးတွေ ၊ အာဏာလု ပွဲ ကြီး တွေမှာ ၊  လူတွေဟာ လူစိတ် တခြမ်း ပျောက်ကုန် တတ် ကြ တာပဲ လို့ ၊  
ဆင်ခြင်ပြ သည်။  တမိသားစု လုံး ပျောက်ဆုံး သွား တဲ့ ၊ ပိုလန် အဘိုးကြီး ကတော့ ၊  တယောက် အမှား  တယောက် ၀န်ချ ပြီး ၊ တယောက် စကား တယောက် နားထောင် ပေး တာဟာ ၊ အကောင်းဆုံး ကုစား 
နည်း ပါပဲ လို့ ၊ မျက်ရည်ဝဲ နေတဲ့ မျက်လုံးတွေ နဲ့  ပြော သည် ။ သူ့ အဖေ နာဇီ ကြီးကို မုန်းတီး စက်ဆုပ်
တယ် ဆို တဲ့ ဂျာမန် ကြီးကလည်း ၊ သူ့ အိပ်ကပ် ထဲ မှာ အမြဲ ထဲ့ ထားတဲ့ ၊  ကြိုးစင်ထက်က ဓါတ်ပုံ ကို  
ထုပ်ပြ ပြီး ၊ သူ့ အဖေ သေသွားပြီ ဆိုတာ ကို တခါတလေ မယုံနိုင်ဘူး လို့   ခေါင်းခါ သည် ။ စတုတ္တမျိုးဆက် ဂျပန်ကြီးကို ကြည့်ရတာတော့ ၊ စစ်အတွင်းက ဂျပန် စစ်သားတွေ ရဲ့ ၊ ရိုင်းစိုင်း ကြမ်းတမ်းမူ တွေ ကို၊ လက်ခံ တောင်းပန် လင့် ကစား ၊ သူ့အဘိုး စစ်ဝန်ကြီးချုပ် တိုဂျို ဟာ ၊ စစ်ရာဇ၀တ်ကောင် တယောက် အစား ၊ စစ်ရှုံးသူ တယောက် အဖြစ်သာ ၊ လက်ခံချင် ပုံ ရသည်။ အာရှကုန်းမြေ ကြီးပေါ်က အနောက်တိုင်းသား အုပ်စိုးမူတွေ ကို ဖယ်ရှားပေးမယ့် ၊ အာရှတိုက် သာတူညီမျှ ကောင်းစား ရေး ၀ါဒ ကို ကာကွယ် ချင်သေး ပုံ ရသည်။ ဒုတိယ ကမ္ဘာစစ်ကြီးကို အမှီပြု ပြီး ချမ်းသာ လာတဲ့ အမေရိကန် ကရော ၊ အဲ့ဒီတုန်းက တကယ့်ကို မဟာမိတ်  သက်သက်ပဲ လား ။ တရားသော စစ် ဆိုတာ တကယ် ရှိ နိုင်ပါ့ မလား ။
သမိုင်းက ရှုပ်ထွေးလှ သည်။ အပြစ်ကြွေး သံသရာတွေ က ရှည်လျား ချင်စရာ ။ ဒါပေမယ့် ၊ လက်ရှိ ကမ္ဘာ့
နိုင်ငံရေး အခြေအနေတွေက တော့ ၊ ကပြောင်း ကပြန် ဖြစ်နေလေပြီ။
ဂျပန် တွေကို တိုက်ထုပ်ဖို့ ၊ တရုတ်အကူအညီ ယူခဲ့ ရဘူး တဲ့ ၊ အမေရိကန် မဟာမိတ် တွေ က ၊ အခုတော့  ဂျပန် နဲ့  မဟာမိတ်ပြန် ပြုပြီး ၊ တရုတ် ကို အားပြိုင်နေရ လေပြီ ။  စစ်ရှုံးစာချုပ်အရ၊ အမေရိကန် ရဲ့ ဖိအား
ကြောင့် နှစ်ပေါင်းများစွာ ငုတ်လျှိုး နေခဲ့ရတဲ့ ၊ ဂျပန် စစ်တပ်ကြီးကို၊ ဒေသတွင်းမှာ ပြန်လည် သက်ဝင် အင်အားရှိလာ ဖို့ ၊ အမေရိကန် ကပဲ ပြန်ပြီး အားပေး လာရသည်။  ခေတ်သစ် တရုတ်ပြည် ကြီးကလည်း ၊ 
အနှစ် ၇၀ ကြာ မှ ၊ ဒုတိယ ကမ္ဘာစစ် ကြီး အတွင်းက ၊ အမေ့လျော့ခံ  မဟာမိတ် အဖြစ် ၊ အနောက် ၀င်ရိုး
တန်း နိုင်ငံတွေ နဲ့ အပြိုင် ၊ သမိုင်း တနေရာ ယူဖို့  ဇာတ်ကြောင်းပြန်ပြ လာ သည်။ အနှစ် ၇၀ အတွင်း ၊ တခါဖူး မှ မလုပ်ခဲ့ တဲ့ ၊ ဂျပန်ကို အောင်နိုင်ခြင်း အခမ်းအနားကြီးကို ပထမ ဆုံး အကြိမ် ၀ှဲချီးကျင်းပရင်း  ၊ စစ်အင်အား ဗလတွေ ထုပ်ပြ လာ သည်။ အမြဲတမ်း ရန်သူ ၊ အမြဲတမ်း မိတ်ဆွေ မရှိ ဆိုတဲ့  အယူအဆ ကို ၊ နိုင်ငံတကာ ဆက်ဆံရေး တွေ မှာ ၊ ပိုပြီး ခံတွင်း တွေ့ လာ ကြသည်ပေါ့ ။ တကယ်ဆိုတော့ ၊ ဗမာပြည်က ဗိုလ်ချုပ် 
အောင်ဆန်း သည်ပင် ၊ အဲ့ဒီတုန်းက ဂျပန် နဲ့ ပေါင်း ပြီး အင်္ဂလိပ်ကို တော်လှန် ၊  ၂ နှစ် အတွင်း အင်္ဂလိပ် နဲ
ပြန်ပေါင်းပြီး ဂျပန်ကို တိုက်ထုတ် ဆိုတဲ့  အလှည့် အပြောင်းကို ၊ အားလုံး အံ့သြရအောင် ကစား ပြ သွား ခဲ့ သည်ပဲ ။
တခါတလေ တော့ လည်း ၊ သမိုင်းထဲက အဖြစ်တွေသည်၊ အမှား အမှန် မရှိပဲ ၊ ယူဆချက် တွေ အဖြစ်နဲ့သာ ၊ အဆုံးသပ် သွားတတ်ကြ သည်။  သူ့ ခေတ် သူ့ အခြေအနေက အဆုံးအဖြတ် တွေသည် ၊ ယခုခေတ် ယခု အခြေအနေ နဲ့  အံဝင် စံကိုက် ဖို့ ဆိုတာလည်း ၊ သိပ် မဖြစ်နိုင် ဘူး မဟုတ်လား ။ နည်းလမ်းက ဘယ်လိုပဲ
ဖြစ်ဖြစ်  ရလာဒ် သည် သာ အဓိက ဆိုတဲ့  ဗျူဟာ သည် ၊ စစ်ရေး နိုင်ငံရေး တွေမှာ ၊ လက်တွေ့ ကျ တဲ့  ရွေးချယ်မူ တခု ဖြစ်လာနေတာတော့ သေချာသည်။  အဲဒီလို ရွေးချယ် ကြ တဲ့ အခါ  ၊ တချို့တွေ အတွက်တော့ ၊ အမျိုးသားရေး - နိုင်ငံကောင်းစားရေး ဆိုတာတွေကို မျက်နှာမူ ပြီး ၊ ကိုယ့်အလံ တွေကို ရုတ်သိမ်းလိုက် ကြ ရတာမျိုးတွေ ရှိမည် ။ အများ သဘော ကြောင့် ၊  ကိုယ့် မူ- အယူအဆ တွေ ကို ၊  မြှုပ်နှံ ပြစ် လိုက် ရတာ မျိုးတွေ လည်း ၊ အများကြီး  ရှိခဲ့ ပေမည် ။ သမိုင်း ဆိုတာကို တဦး တဖွဲ့  တအုပ်စုက မူပိုင် ပြု လို့ မရ နိုင်ပေ
မယ့် ၊ သမိုင်း မတင် တဲ့ သမိုင်းကျန် တွေ ကတော့ ရှိဆဲ ရှိမြဲပင် ။
စစ်ဖက်ခြင်း ရန်ဖက်ခြင်း ၊ ဗျူဟာကောင်းလို့ ၊ စားပွဲပေါ်မှာ ပူးပေါင်း သင့်မြတ် သွားကြပြီ ဆိုရင် တော့၊ ဟိုး
အောက်ဆုံးက  အစတေး ခံရသူ တဦးခြင်း ၊ မျိုသိပ်ခဲ့ ရသူ တယောက်ခြင်း ၊ နစ်နာရသူ မျိုးဆက် တခုခြင်းစီ အတွက် ၊ သမိုင်းကျန်တွေ ထဲ မှာပဲ ၊ ကိုယ့်သမိုင်း နှင့်  ကိုယ် ရင်ကြားစေ့ ကြရဖို့သာ ။ တကယ်တော့လည်း ကိုယ့်လိပ်ပြာ နဲ့ ကိုယ် ရင်ကြားစေ့ နိုင်ဖို့ ကသာ ၊ အရေးကြီးဆုံးပဲ မဟုတ်လား ။
(ကိုးကား-  Bloodline. Insight Program at SBS. Australia.)
ကေသွယ်
၆ -  ၁၈  စက်တင်ဘာ ၂၀၁၅
Weekly Eleven 29-09-2015



Share/Bookmark

အိပ်မက်တွေ စီးပြီး သွားတဲ့ ခရီး

ကောင်မလေး နဲ့ ကျောင်းသား တချို့  နေ့လည်စာ ဘားထဲ ၀င်လာပြီး ခပ်သွက်သွက်ပဲ ခုံတွေမှာ နေရာယူလိုက်ကြတယ်။ လူတချို့ အံ့သြပြီး ကြောင်ကြည့်နေ တယ် ။ မိန်းမကြီး တယောက်က ဒါ နင်တို့စားတဲ့ဆိုင်မဟုတ်ဘူးလို့ ပြောတယ်။ သူတို့ ဘာမှ ပြန်မပြောပဲ ဆက်ထိုင်နေတယ်။ ချက်ခြင်းပဲ တဆိုင်လုံးရဲ့ အကြည့်က သူတို့ ဆီ ရောက်လာတယ်။ တယောက်တပေါက် သံတွေ ဆူညံလာတယ်။ သူတို့ ကတော့ ၊ ရှေ့တဲ့တဲ့က ကောင်တာကိုပဲ ကြည့်ပြီး ၊ ငါတို့ကို ၀န်ဆောင်မူပေးပါ လို့ ပြောတယ်။ လူတချို့ ဆိုင်ထဲကနေ..ဆဲဆို မြည်တမ်းပြီး ထွက်သွားကြတယ်။ သူတို့ အသံကို ထပ်မြှင့်တယ်။ ဆိုင်ထဲက လူတွေ ၀ိုင်းလာကြတယ်။ တယောက်က ငရုတ်ဆီပုလင်းကို ယူပြီး ကောင်မလေးရဲ့ မျက်နှာ ကို ပက်လိုက်တယ်။ နောက်တယောက်က အချဉ်ရေတွေ ခေါင်းပေါ် လောင်းချတယ်။ မျက်ခွံတွေ အလိုအလျောက် ဖျပ်ကနဲ ပိတ်လိုက် တာကလွဲလို့ တုတ်တုတ်မှ မလှုပ်ဘူးကြဘူး ။ တယောက်က တံတွေးနဲ့ ထွေးလိုက်တယ်။ စိုရွှဲ ညစ်ပတ်နေတဲ့ မျက်နှာအောက်က ကောင်မလေး ရဲ့ မာချင်ချင် မျက်လုံးလေးတွေက  ပိုပြီး တောက်ပြောင်လာတယ်။ ကြံ့ခိုင်ဟန်ရှိတဲ့ မေးရိုးလေးတွေ ပိုပြီး ထောင်လာတယ်။ ကောင်မလေး ရဲ့ ဆံပင်ကို ဆောင့်ဆွဲပြီး ခုံပေါ်က ဆွဲချတယ်။ ကောင်မလေး အသံကုန် အော်လိုက်တဲ့ အချိန်မှာ နောက်ပြကွက် တခု ဖြစ်သွားခဲ့ပြီ။ 


သူ့ထိုင်ခုံ ရှေ့က မြင်ကွင်းကျဉ်းကျဉ်း တီဗွီ မျက်နှာပြင်လေးကို ကြည့်ရင်း အသက်ရှု ကျပ်လာတယ်။ သက်ပြင်းတခု ၀၀ ရှုသွင်းချ လိုက်ရင်း တီဗွီလေးရဲ့  လမ်းကြောင်းပြ ခလုတ်ကလေးကို ပြောင်းနှိပ်လိုက်တယ်။ သူတို့ လေယဉ်ကြီးက ပစိဖိတ် သမုဒ္ဒရာ ကြီးကို တော်တော်တောင် ဖြတ်ပြီးနေပြီပဲ ။ လေယဉ်ခရီးရှည် စီးရတဲ့ ညဖက် အချိန်တွေမှာ သူ စိတ်ချ လက်ချ အိပ်မပျော်တတ်ပါ ။ ရုပ်ရှင်တွေ တကားပြီး တကားကြည့်လိုက် စာဖတ်လိုက် တရေးငိုက်လိုက် သာ ဖြစ်နေတတ်သည်။ ရုပ်ရှင်တွေ ကြည့်ဖို့ ရွေးတော့ ၊ အခု ကိုယ်သွားလည်မဲ့ နိုင်ငံရဲ့  လူမူသမိုင်းကြောင်း နဲ့ ဆက်စပ် တာကို သာ ရွေးမည်လို့ ပေါ့ ။ ပြောတော့လည်း ၊ ကမ္ဘာမှာ ကျယ်ကျယ်ပြန့်ပြန့်  ကြည့်ရှု အသုံးတော် ခံ ကြတဲ့ ရုပ်ရှင်ဇတ်ကား ဆိုတာတွေကလည်း ၊ အဲဒီ အမေရိက နိုင်ငံ ကြီးကပဲ ထုတ်လုပ်ပြီး အဲဒီ အမေရိကနိုင်ငံ နောက်ခံ တွေသာပဲ ခပ်များများ မဟုတ်လား။ 


အခု ကြည့်နေတဲ့ The Butler ရုပ်ရှင်ကလည်း ၊ အမေရိကန် သမ္မတ ခုနှစ်ဆက် တာဝန်သိသိ သစ္စာရှိရှိ ထမ်းဆောင်ခဲ့တဲ့ အမေရိကန် အာဖရိကန် လူမည်း ကြီး တယောက်ရဲ့  အိမ်ဖြူတော် မီးဖိုချောင်က လက်ဖက်ရည်ဆက်သ တဲ့ အလုပ်နဲ့  သားကြီး ဖြစ်သူရဲ့  အသားအရောင်ခွဲခြားမူ တိုက်ဖျက်ရေး civil right လှုပ်ရှားမူ တွေကြားက ၊ လိပ်ပြာတိုက်ပွဲ အကြောင်း ။ တကယ့် အဖြစ်မှန် ကို အခြေခံထားတယ် ဆိုပေမဲ့ ၊ ရုပ်ရှင်ဇာတ်လမ်း တို့ ရဲ့ ထုံးစံ လုပ်ဇာတ် ထိုးကွက်ကလေးတွေ လည်း ပါမည်ပေါ့ ။ အထူးသဖြင့် အိမ်ဖြူတော် အထက်တန်းလွှာ လူဖြူတွေ ကို အထင်ကြီး စိတ်ဝင်စားရင်း တဖက်ကလည်း  ခွဲခြားကန့်သတ်ခံ ဘ၀တူ လူမည်းတွေ အတွက် မခံချင် ၊ ခင်ပွန်း နဲ့ သား အကြား ဗျာများရတဲ့  ဘတ်တလာ ကြီးရဲ့ မိန်းမ နေရာမှာ ထူးထူးခြားခြား ထဲ့ရိုက်ထားတဲ့ နာမယ်ကျော် တီဗွီအစီအစဉ် တင်ဆက်သူ အော်ပရာ ၀င်းဖရေး ကြောင့်လည်း ဒီဇာတ်ကား ကို ကြည့်ဖြစ်သွားတယ် ဆိုပါတော့။

ဒရာမာ ပီပီ ၊ လေးတွဲ့တွဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေကြား  တချက် တချက် အိပ်ငိုက်သွားပေမဲ့ ၊ အိမ်ဖြူတော်က  ဘတ်တလာရဲ့ သား ကို လှုပ်ရှားမူတွေထဲ ပါလာအောင် ဆွဲဆောင် စည်းရုံးခဲ့တဲ့ ချစ်သူ လူမည်းမလေး ရဲ့  သရုပ်ဆောင်ကွက်ကလေး တွေက၊ တမျိုး ကြည့်လို့ ကောင်းလှသည် ။  sit-in  လှုပ်ရှားမူ လို့ ခေါ်တဲ့  သူတို့ ကောလိပ် ကျောင်းသား အဖွဲ့ တွေရဲ့ ၊ လူမည်းမ၀င်ရ ဆိုင်တွေထဲကို အတင်းဝင်ထိုင်ကြတဲ့ အခန်း ပြီးသွားတော့ ၊ အတွေးတွေက ဟိုဟိုဒီဒီ။

ခွဲခြားကန့်သန့်မူ ဆိုတာ အသားအရောင်တင် မကပါဘူး . . ဘယ်အတွက်မှ မရှိသင့်တာ ။ ကိုယ်ချင်းစာကြည့်လေ ဘယ်သူ ခွဲခြားကန့်သတ်ခံရသူ ဖြစ်ချင်မလဲ ။ တကယ်ဆို အမေရိကန် အသားအရောင်ခွဲခြားမူ ပြည်သူ့ အခွင့်အရေး လှုပ်ရှားမူတွေ အထွတ်အထိပ်ရောက်နေခဲ့တဲ့ ၁၉ ၅၀-၆၀ ဆိုတဲ့ နှစ်ကာလတွေက ဘာမှ သိပ်ဝေးလှသေးတဲ့ သမိုင်း မဟုတ်။ ခုတော့ အမေရိကန်သမ္မတပင် လူမဲ အနွယ်ထဲက ဖြစ်လာခဲ့ပြီ မို့ ၊  ဘတ်တလာကြီး လည်း သေပျော်ပြီပေါ့ ။ 

အမေရိက ကို သွားကြမယ် ဆိုတော့ သူက အဲ့ဒီလို သမိုင်းကြောင်း နက်ရှိုင်းခဲ့တဲ့ အရှေ့ဖက်ခြမ်း ပြည်နယ်တွေဆီ သွားပြီး ခြေရာခံကြည့်ချင်သည်။ ဒေသခံ တိုင်းရင်းသားတွေ ရဲ့ ၀ိညဉ်တွေ ခိုတွယ်ရာ အင်ဒိစ် တောင်တန်းကြီးတွေ အနား ဝေ့သီ ကြည့်ချင်သည်။ ဒါပေမဲ့ အခွင့်မသာ ။ သူတို့  ဦးတည်ရာ က၊  အနောက်ဖက်ခြမ်းကမ်းခြေဒေသ က မြို့ပြတချို့ဆီ ။ “ကေ” ဒီဖက် လာနိုင်ရင် အရမ်း စိတ်ဝင်စားမှာပဲ ဒီမှာ မာတင်လူသာကင်း ဂျုနီယာ ရဲ့  အမှတ်တရ နေရာတွေ ရှိတယ် ဆိုတဲ့ အတ္တလန်တာ မှာ နေတဲ့ မချိုရဲ့ ဖိတ်ခေါ်သံ ကို ဖုန်းထဲမှာ ပဲ မေ့ပျောက်ပစ်လိုက်ရသည်။ 

ခရီးက တ၀က်ကျိုးလာပေမဲ့ လေယဉ်ပျံ ဦးတည်ရာ လော့စ်အိန်ဂျလိစ် ကို ရောက်ဖို့ နောက်ထပ် ၆ နာရီ လောက် လိုသေးသည်။ ရုပ်ရှင်လည်း ဆက်မကြည့်ချင် ။ စာဖတ်မယ်ဆိုပြီး  Kindle လေးကို ဖွင့်သည်။   စာအုပ်က ၊ နိုဘယ်ဆုရှင် အမေရိကန်စီးပွားရေးပညာရှင် ဂျိုးဇက်စတစ်ဂလစ်ဇ် ရဲ့ The Price of Inequality ။ ဖတ်လတ်စ မှတ်ထားတဲ့ နေရာက ပထမဆုံး အခန်း ဖြစ်တဲ့ America’s 1 percent Problem .





xxxxxxx


တကယ့်တကယ် မြောက်အမေရိက တိုက်ကြီးပေါ်ကို ခြေချမိတော့ ၊ သူ့  အတွေးအာရုံတွေထဲ လောလောလတ်လတ် ရောက်နေတဲ့၊  ပြည့်သူ့ အခွင့်အရေး တိုက်ပွဲဝင်ခဲ့တဲ့ မာတင်လူသာကင်း တို့ လူမဲအဖွဲ့တွေ ကိုလည်း မတွေ့ရ ။ ခေါင်းပေါ်မှာ သိမ်းငှက်အမွေးအတောင်တွေ တလူလူ ထောင်နေတဲ့ ၊ လေးမြှားတလက် နဲ့  လူနီအုပ်စု တွေကိုလည်း မမြင်ရ ။ ကြီးကြီးကျယ်ကျယ် ရှာဖွေ ဖတ်ရှုနေမိတဲ့   Wall Street ပေါ်က တစ်ရာခိုင်နှုံး သော လူဖြူ ဆိုတာတွေက တော့ ဝေးပေါ့။ ဒါပေမဲ့  လူဝါ၀ါ တွေကိုတော့ ပေါပေါများများ တွေ့ ရပါရဲ့ ။ သေချာတာတော့  အပြင်က လာလည်တဲ့ သူတယောက် အနေနဲ့ အမျိုးအမည် အရောင် ခွဲခြားလို့ မတတ်နိုင်တဲ့ ၊ အရောင်ပျယ် နေတဲ့ သူတွေ ကသာ အများစု ။ ဒါကိုက အမေရိက ရဲ့  အမှတ်အသား တခု လို့ ဆိုသည်။ 





ဒီ့ထက် ထူးခြားတာက၊ အရောင်ပျယ်ယုံ ပျက်ယုံတင်မက ညစ်ထပ် နွမ်းဖတ်နေတဲ့ လူ တွေကို  အမေရိက ရဲ့ လမ်းဆုံ လမ်းခွ တိုင်း မှာ တွေ့ရတာပဲ ။ သူတောင်းစားတွေ အလှူခံတွေ ပေါပါတယ်ဆို တဲ့ ကိုယ်တို့ မြန်မာပြည်ကြီး လောက် နီးနီး ၊ စာရွက်ကလေးတွေထောင် ၊ ခွက်ကလေးတွေချ ပြီး ၊ တောင်းစားနေတဲ့ အိုးမဲ့ အိမ်မဲ့ ဆိုတဲ့ လူတန်းစား တရပ်ကို ၊ အမေရိကမှာ မမျှော်လင့်ပဲ ၊ အမြောက်အမြား တွေ့ နေရသည်။ စတစ်ဂလစ်ဇ် ပြောတဲ့ Inequality ရဲ့ အထင်ရှားဆုံး သက်သေ တွေပဲလား ။ လုပ်ခ လစာ အတွက် ဆန္ဒပြနေတဲ့ အလုပ်သမားအဖွဲ့ တချို့ကိုလည်း  မြို့လယ်ခေါင်က နာမယ်ကြီး ဆိုင်ကြီးတွေ ရှေ့မှာ တွေ့နေရတယ်။





ကိုယ်တိုင်က လူဝါ  မို့ ၊ အနီးအပါး သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းတွေ အကုန် ၀ါတာတာ ဖြစ်နေတာ မဆန်းပေမဲ့လို့ ၊ ပထမ ဆုံး ရောက်သွားတဲ့ ဆန်ဖရန်စ္စကို ဘေးဧရိယာမှာ ၊ အဘိုးအဘွားက စလို့  တူ-တူမ တွေအထိ ၊ စားရင်းဝင်ပြီး ဖြစ်နေတဲ့ ၊ မြန်မာပြည်ပေါက် တရုတ်အနွယ် တွေ  တော်တော်များများကို  အခြေတကျ ဖြစ်နေကြတာ တွေ့တော့ အံ့သြနေမိတယ်။ အမ လိုလည်း ဖြစ် ၊ ဆရာမ လည်း ဖြစ်နေတဲ့ ဒေါ်နီနီလွင် ရဲ့  sun set က အခန်းလေးမှာ ခဏ တည်းခိုနေတုန်း ၊ မနီက.. အန်းမ လို့ ခေါ်တဲ့ မျက်နှာချင်းဆိုင် အခန်းက တိုက်ပိုင်ရှင် အဒေါ်ကြီး တိုင်ချိ ကစားဖို့  အောက်ဆင်းတာနဲ့  တခေါက် နှစ်ခေါက် ကြုံသည်။ နေသာတဲ့ မနက်ခင်းတွေမှာ Sun set ကမ်းခြေတလျှောက်မှာ နဂိုအရောင်ပျယ်နေတဲ့ သူတွေ တောက်ပတဲ့ အရောင်အသစ်တွေနဲ့ လမ်းလျှောက်သူက လျှောက်၊ အပမ်းဖြေသူက ဖြေ ။ 

တညနေတော့ ဘူမိက ဆရာဦးကိုကိုသန့်က  ကားနဲ့ လာခေါ်ပြီး Twin Peaks လို့ ခေါ်တဲ့ တောင်ထိပ်ရှုခင်းသာ ကို လိုက်ပို့သည်။ ဒီနေရာက နေ၀င်သွားပြီးကာစ အချိန်မှာမှ အလှဆုံးလို့ ဆိုသည်။ အလင်းဖျော့ဖျော့ တောင်ထိပ်မှာ ကိုယ်တွေလိုပဲ နေ၀င်ချိန်ကို  စောင့်ကြည့်နေကြ တဲ့ ၊ အရောင်ပျယ်လူတစု ကို တွေ့ရသည်။ ဆရာ က ဟိုးခပ်လှမ်းလှမ်းက တံတားကြီး တခု ကို လက်ညှိးထိုးပြပြီး ၊ အဲဒီဘေးက ဖောင်ဒေးရှင်းတွေ ငါတို့ လုပ်ခဲ့တာပေါ့ကွာ လို့  ပြောသည်။ ဆရာ့ မျက်နှာကို လှမ်းကြည့်တော့ နေ၀င်ပြီးကာစ ညနေရောင် အောက်မှာ မသဲမကွဲ။  ကြည့်နေရင်းပဲ  ပြာရီရီ ညဦးကောင်းကင် ရဲ့ အောက်မှာ ၊ ဆန်ဖရန်စ္စကို မြို့ ကြီးက မီးရောင်တွေ ပြိုးပြိုးပြက်ပြက် နဲ့  အသွင်ပြောင်းသွားတော့သည်။ 





















.

တကယ်တော့ အခု ခရီးစဉ်မှာ ဆန်ဖရန်စစ္စကို မပါခဲ့ ။ အမျိုးသားရဲ့  အလုပ်ကိစ္စ နဲ့  Utah ပြည်နယ်ထဲက Salt Lake City ကိုလာဖို့က အဓိက ။ ပြီးရင်တော့ တထောက်နားရာ LA မှာပဲ လည်ပြီးပြန်ကြမည်ပေါ့။ ဒါပေမဲ့ သူ့ကိစ္စက မက္ကစီကိုထိ ရောက်သွားလေတော့ တယောက်ထဲ ဆန်ဖရန် ဆင်းလည်ရဖို့ အကြောင်းဖန်လာခဲ့ တာ။ ဆန်ဖရန်မှာ တွေ့မယ်လို့ ချိန်းထားသူတွေထဲမှာ  မနီ ကလွဲလို့  တယောက်မှ အပြင်မှာ အသေအချာ ဆုံဖူးထားတာ မဟုတ်။ ဒါပေမဲ့ ၊ တွေ့လိုက်ကြတော့လည်း ၊ ဘယ်အချိန်တည်းက မိတ်ဆွေရင်းတွေလို ဖြစ်နေခဲ့မှန်းလည်း မသိ ။  လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကျော် အွန်လိုင်းမီဒီယာတွေ မကျယ်ပြန့်လှခင် အချိန်တွေတည်းက ၊တစိုက်မတ်မတ် အားပေးလာခဲ့တဲ့ မိုးမခ မိသားစု နဲ့ လည်း တွေ့ချင်သည်။ ကံကောင်းချင်တော့ စိန်ပန်း နဲ့ ကံ့ကော် စာအုပ်ကလေး ကြောင့် ၊ အမျိုးပြန်စပ်ဖြစ်သွားတဲ့ အင်းလျားညီအမ မမြတ်မိုး တို့ မိသားစု ကလည်း စင်ကာပူကနေ ၊ အမေရိက ကို ပြောင်းရွှေ့ လာကာစ - မိုးမခ နဲ့ နီးစပ်သူတွေ ။ မိုးမခ ကိုရစ် ရဲ့ အမျိုးသမီး မမေသန်းဌေး နဲ့ မနီ ကလည်း ရခိုင်သူခြင်းတွေ ။ အားလုံး ဆက်စပ် လိုက်တော့ ၊ ဒီ အ၀န်းအ၀ိုင်းထဲကချည်း ။ ဒီကြားထဲ အမ ဖြစ်သူရဲ့ သူငယ်ချင်း မမိစံ ကြီးကလည်း မအားတဲ့ ကြားက အိပ်ရေးပျက်ခံပြီး တရက် လိုက်လည်ပြီး မုန့်ကျွေးသည်။ အဲဒီမှာ ထူးထူးခြားခြား ကျေးဇူးတင်ရမှာက၊ လူခြင်း နာမယ်ခြင်း တခါမှ မဆုံဘူး မကြားဘူးခဲ့ပေမဲ့ ၊ ဆွေမျိုးသားခြင်း တယောက်လို ဂရုတစိုက် အလည်လိုက်ပို့ ပေးကြ တဲ့ ၊ မနီ ရဲ့  ဘာသာရေးမိတ်ဆွေ မြန်မာတရုတ် အမျိုးသမီးကြီးတွေ ။ သူတို့ ကောင်းမူကြောင့် ဆန်ဖရန် ကို တော်တော်စုံ သွားတဲ့ အပြင် ၊ ပြတိုက် သုံးခု စလုံးရဲ့  လက်မှတ်ကိုတောင် လက်ဆောင်ရလာအောင်  နှံ့စပ် အပေါင်းအသင်းဆန့်လှသူတွေ ။





 မထင်မှတ်ထားပဲ အားလုံးက သိုက်သိုက်မြိုက်မြိုက် ဖြစ်နေသည်။ ဒါတောင် ၃ နာရီလောက် မောင်းရတဲ့ မြို့က ဘလော့ဂါ ညီမလေး ရွှေဂျမ်းကလည်း သူ့ဆီကို ရောက်အောင်လာဖို့ ခေါ်နေသေးသည်။ တက်စီမောင်းနေတဲ့ ကျောင်းတုန်းက သူငယ်ချင်း တယောက်က လည်း ၊ အပြန် လေဆိပ်လိုက်ပို့မယ်လို့ ဖုန်းလှမ်းဆက်ထားသည်။ ဆန်ဖရန်စစ္စကို မှာ နေတဲ့ တပတ်က ဘယ်လို ကုန်သွားမှန်းပင် မသိလိုက်။ တောင်ကုန်းလေးတွေ အတက်အဆင်း ၊  အိမ်လေးတွေ အနိမ့်အမြင့် နဲ့ ၊ အလှဆုံး မြို့လေးကို ခြေလျင်ပင် လျှောက်မကြည့်လိုက်ရ ။ 

ဒါပေမဲ့  ဂိုးဒင်းဂိတ် တံတားကြီး ပေါ်မှာ ခြေလျင်ဖြတ်လျှောက်ဖို့ကိုတော့ မမေ့ခဲ့ပါ။  တံတားနီနီကြီး ပေါ်ကနေ၊  ကောင်းကင်ပြာပြာ အောက်က ညို့တို့တို့ ပင်လယ်အော်ကြီးကို ငေးရင်း လူဖြူတွေ မရောက်လာခင်တုန်းက ဒီနေရာတွေဟာ နတ်ပြည်လိုများ ဖြစ်နေမလားလို့ တွေးချင်ရာတွေး ကြည့်သည်။ တံတား လက်တန်းကြီးတွေကို ချည်(မ) ထားတဲ့ လက်မောင်းလောက် သံကြိုးနီနီ ကြီးတွေကို ပွတ်သပ်ကြည့်ရင်း လွန်ခဲ့တဲ့ နှစ်တရာလောက်က ၊ ဟိုး .. ထိပ်က သံယက်မ စင်ကြီးတွေပေါ်မှာ ထိုင်နေခဲ့တဲ့ ဆောက်လုပ်ရေး အလုပ်သမားကြီးတွေရဲ့ ၊ ကမ္ဘာကျော် ဓါတ်ပုံတပုံကို ပြန်အသက်သွင်းကြည့်နေမိတယ်။ 




ပါးစပ် ကလည်း မမြတ်မိုး နဲ့ စကားတွေ ပြောလို့ မကုန်။
ပြီးခဲ့တဲ့ ညက ကိုတိုးလွင် ဆီ သွားရင်း ရောက်ခဲ့တဲ့ ခွပ်ဒေါင်းအလံကြီး နဲ့ အန်အယ်ဒီ LA ရုံးခန်းလေး အကြောင်းက စလို့ ၊  အန်အယ်ဒီ ပါတီကြီးရဲ့ သမိုင်းအဟောင်းတွေ အထိ ၊ သူတို့မှာ ပြောစရာတွေ တူနေကြသည်။ ရွှေ့ပြောင်း နေထိုင်မူ တွေနဲ့ အတူ၊ ပြောင်းရွေ့ နေကြရတဲ့  အလုပ်အကိုင် ဘ၀ အာမခံချက်တွေ အကြောင်းလည်း ပါသည်။ အန်အယ်ဒီ LA က လော့စ်အိန်ဂျလိစ်မှာ မဟုတ်ပဲ ဘယ်လိုလုပ် ဆန်ဖရန် ရောက်နေတာလဲလို့ ပင် နောက်မိသေးသည်။  အခုတော့ အန်အယ်ဒီ အတွက်လည်း လွတ်မြောက်နယ်မြေ မလိုအပ်တော့ဘူး မဟုတ်လား။  ကိုတိုးလွင် တို့ပင် မြန်မာပြည်ကို ပြန် ပြီး ရွှေ့ပြောင်း နေထိုင်ကြတော့မည် လို့ ဆိုသည်။ တံတားကြီးရဲ့ ဟိုမှာဖက်ဆီ ၊ ပစိဖိတ် လမ်းကြောင်းပေါ်က ဖြတ်ကျော် ပျံသန်းသွားတဲ့  ဆောင်းခို ငှက်တအုပ် ကို မြင်ယောင် ကြည့်နေမိသည်။ ပြီးတော့လည်း ငှက်အုပ်ထဲက ပြုတ်ကျကျန်ခဲ့တဲ့ ငှက် နှစ် ကောင်လိုပဲ ၊ အစာရေစာ ရှာဖွေစားသောက်လို့ ကောင်းတဲံ အရပ်ဒေသ တွေ အကြောင်း တကျိကျိ နဲ့ ဆက်ပြောကြပြန်။ 




တံတား တခု ကို ဆုံးအောင် လျှောက်ပြီးတော့ လူတွေဘာလုပ်တတ်ကြသလဲ ။ နောက်ပြန်လှည့်ကြည့်ကြမှာပေါ့ ။

 နေမွန်းတည့်ရဲ့  အတောက်ပဆုံး ကောင်းကင်ပြာပြာကြီးအောက် က  ဂိုးဒင်းဂိတ် တံတားကြီးက ၊ ဂရိပုံပြင်တွေထဲက စောင်းအနီကြီး တလက်လို တူရိယာကြိုးတွေနဲ့  ကွေးညွတ် ညှင်းနွဲ့ နေပုံက ဂီတသံစဉ်ကိုပင် ကြားလာနေရသလို ။ တလောကလုံးကလည်း အပူအပင်ကင်းမဲ့နေဟန်။ အနည်းဆုံးတော့ ၊ ဒီတနေ့တာ ဒီ မနက်ခင်းအတွက်တော့ဖြင့် ၊  အပူအပင် ကင်းမဲ့လှပါသည်။ 

တံတားကြီးက အပြန် ညနေကျရင်  ကိုမောင်ရစ် အလုပ်လုပ်တဲ့ ကျောင်းကို သွားလည် ပြီး  ၂ နာရီ နီးပါး မောင်းရတယ်ဆို တဲ့ ရစ်ခ်ျမွန် က  သူတို့ အိမ်ကို လိုက်လည် ကြအုံးမည်။ မိုးမခ ရဲ့  စာတွေအကြောင်း စာအုပ်တွေ အကြောင်း ၊ အားပါးတရ ပြောကြရအုံးမည်။ 





xxxxxxx



Salt Lake City ကို ရောက်တော့ ၊ အမျိုးသားက ကွန်ဖရန့်စ် နဲ့ အလုပ်ရှုပ်နေတဲ့ အချိန်မှာ၊ မိုးလင်းရင် ဟိုတယ်က ထွက်ပြီး ဟန်းဖုံး မြေပုံ လမ်းညွှန် နဲ့  မြို့ ထဲ တယောက်ထဲ လျှောက်ပတ်သည် ။ ရေခဲတောင်တွေ ပတ်ပတ်လည် နဲ့  ဆောင်းရာသီ အိုလံပစ် ကျင်းပရာ မြို့ကြီး ဖြစ်သည်မို့  ဧည့်သည်တွေ အ၀င်အထွက် အတော်များပုံရပေမဲ့ ၊ ကုန်းတွင်းဖက် ကျတဲ့ မြို့ပီပီ ၊ တိတ်တိတ်ဆိတ်ဆိတ် နဲ့  အမေရိကန် ပိုဆန်သည်ပဲ ပြောရမလား။ ကြီးမားလှတဲ့ မိုမွန် ဘုရားရှိခိုးကျောင်းကြီး နဲ့ ပြတိုက်ကြီးကြောင့် ၊ ရှေးရိုးစွဲ လူဖြူတွေ အတော်များမည်လို့ ခန့်မှန်းရနိုင်သည်။ အင်ဖော်မေးရှင်း စန်တာက မြေပုံတွေထဲမှာ ၊ ဒီကနေဆို  ဂရင်းကန်ညွန် ကျောက်တောင်ကြီးတွေ ကိုတောင် သွားလို့ရနေပြီ . . . နီးနေပြီ ဆိုတော့ ၊ ကျောက်တွေ တောင်တွေကို သံယောဇဉ်ရှိသူမို့  စိတ်က ၀င်စားနေမိပြီ။ 










ဂရင်းကန်ညွန် ချောက်ကြီးရဲ့ တောင်ကမ်းပါးယံ မှာ နေတဲ့ သိမ်းငှက်ကြီးတွေကို ကြည့်ချင်သည်။  ဒေသခံ တိုင်းရင်းသားတွေရဲ့  ၀ိညဉ်တွေကို တောင်ထိပ်က လေတွေ ထဲမှာ ရှာ ကြည့်ချင်သေးသည် ။ ဒါပေမဲ့ ကွန်ဖရန်စ်က အပြန် လည်ဖို့ရက်က သိပ်မကျန်တော့။ လော့စ်အိန်ဂျလိစ် မှာ စောင့်နေတဲ့  မမိုးချိုသင်း က ၊ “ကေ” ရေ.. ဂရင်းကန်ညွန်က ရောက်လဲ ကောင်းတယ် . . . မရောက်လဲ ကောင်းတယ်။ ဒါပေမဲ့ ယူနီဗာဆယ် စတူဒီယို ကတော့ လည်သင့်တယ်နော်  လို့  ဆိုသည်။ အမျိုးသား ကလည်း ၊  ယူက ဆန်ဖရန်စစ္စကိုမှာ ၀အောင် လည်ပြီးပြီ. . . ငါက မြို့ပေါ်မှာ မလည်ရသေးဘူး . .  လို့  - ဆိုလာတော့ ၊ စိတ်ကို ဒုံးဒုံးချ လို့ ၊ အမေရိက ရဲ့ အန်တာတိမ်းမန့် မြို့တော်ကြီးဆီ တန်းတန်းမတ်မတ် ရောက်သွားရတော့သည်။  







တန်းမတ် ယုံတင် မက၊ တဲ့တဲ့ပါ တိုးချင်တော့ ၊ သူတို့ ရောက်သွားတဲ့ ရက်တွေက ၊ ဟောလိဝုဒ် တရပ်ကွက်လုံး  အော်စကာ ဆုပေးပွဲ အတွက် ၊ ရွစိတွေ ထိုးနေတဲ့ အချိန်။ ဘေးက တယောက်လည်း ရွစိ ရွစိပေါ့။ ကိုယ် ကတော့ ဘာကို ရွစိ ရမှန်းကို မသိနိုင်ပဲ ၊ ကိုယ့် ကို ကိုယ် တောင် ပျောက်နေခဲ့သည်။ သူတို့ တည်းတဲ့ ဟိုတယ်က သဘက်ခါ အော်စကာပေးမဲ့ ဒေါ်လဘီ သီရေတာ နဲ့ ကပ်ရပ်မို့  ဟိုတယ် အ၀င်အထွက်တောင် အစစ်အဆေးတွေ စလုပ်နေသည်။ 






Hard Rock Café – Hollywood ဆိုင်ထဲ ၀င်ပြီး ကလေးတယောက်လို ပျော်နေတဲ့ ဘေးက ပုဂ္ဂိုလ်တော်ကို ကြည့်ပြီး ၊ နားမလည်နိုင်သလို ၊ သူကလည်း ငုံးတိတိ လုပ်နေတဲ့ ကိုယ့်ကို နားမလည်နိုင် ဖြစ်နေတာမို့ ၊ ဘဲစားဘဲချေ လုပ်ပြီး မသိချင်ယောင် ဆောင်၊ ဟိုငေး ဒီငေး လုပ်နေလိုက်သည်။ တယောက်တည်း တီရှပ်တွေ ရွေးလိုက် ၊ ဦးထုပ်တွေ ဆောင်းကြည့်လိုက် ပျာယာခပ်နေတဲ့ သူက ၊ သူပြောသလိုဆို ဘရန်း တွေကို  တန်ဖိုးမထား ကပ်စည်းနဲ  မနာလို မရှုဆိမ့်တတ်တဲ့ ကိုယ့်ဆီက နိုး လို့ ပြောမယ်ဆိုတာ ကြိုသိနေတော့ ၊ မှန်တွေနောက်က အယ်လ်ဗွီ အိတ်တွေကို မေးငေါ့ပြရင်း ယူမလား လို့ ၊ လာကလိ နေသေးသည်။ ဒီကြားထဲ အမေရိက သွားမယ်ဆိုလို့ အိတ် မှာတဲ့ သူငယ်ချင်းတွေ လည်း ရှိသေးသည်။ အိတ်တွေ အကြောင်း သူ ထပ် မပြောချင်တော့ ။ တော်ပြီ။ Hollywood Boulevard လမ်းမကြီး ဘေးတဖက်တချက်ကနေ မင်းသားမင်းသမီးတွေ အလာကို ရူးသွပ် တိုးဝှေ့ ကြမဲ့ သူတွေ အကြောင်း ငြင်းခုံရင်း  ရန်ဖြစ်ရ အုံးမည်။ 




ကိုယ်တော်ချော ကတော့ ဆန်းဒေး အော်စကာဆုပေးပွဲ နေ့ကျ ၊ ဒီနေရာကနေ လာချောင်းအုံးမတဲ့ ။ နောက်နေ့ Hard Rock Café ဘားမှာလည်း  တယောက်တည်း ထပ်လာထိုင်အုံးမတဲ့ ။  ကိုယ့် အတွက်ကတော့ ၊ ရုပ်ရှင်တွေထဲမှာ  နှစ်သက်တဲ့ မော်ဂန်ဖရီးမင်း ကြီးကို အပြင်မှာ တွေ့ လည်း ၊ တွေ့တယ်ပဲပေါ့ ။ အတင်းတော့ လိုက်တိုးဝှေ့ မကြည့်ချင်ပါဘူး။ အဲ့လိုဆိုတော့ ငယ်ငယ်တုန်းက အဖြစ်တခု သွားသတိရသည်။  နယ်ကနေ ရန်ကုန်ကို အမြန်ရထားကြီး စီးလာရင် မနက် ၅ နာရီဆို ဘူတာကြီးကို ရောက်တယ်လေ ။ တခါတော့ ခြင်းတွေ အိတ်တွေ ဆွဲလို့  လူကြီးတွေနောက်က လိုက်ရင်း ၊ စမ်းချောင်းကို ဘက်စကားစီးသွားဖို့  ၃၈ လမ်းထဲက အဖြတ် ၊ မနက်စောစောစီးစီး အိပ်မှုန်စုံမွှားပုံနဲ့ ဟာသသရုပ်ဆောင် ကွမ်းသီး ကို တွေ့တော့ ၀မ်းသာအားရ လက်ညှိုးထိုးပြီး အော်မိခဲ့ဘူးတယ်။ အခုလည်း ရပ်ဆဲလ်ခရိုး လောက် မဟုတ်တောင် ဟောလိဝုဒ် ကွမ်းသီးလောက်တော့ တွေ့ချင် တွေ့မှာပေါ့လို့ ။ 




ယူနီဗာဆယ် စတူဒီယို ထဲမှာ အက်ဒီမာဖီ ကို တွေ့ဖူးတယ် ဆိုတဲ့ မချိုသင်းက တော့ ၊ သူပြောထားတဲ့ အတိုင်းပဲ ၊ ယူနီဗာဆယ် စတူဒီယိုကို အကျအန ကို လိုက်ပို့လေတော့သည်။ တနှစ်စာကဒ်တင်မက.. တသက်စာ ကဒ်ပါ ၀ယ်ထားပုံ ရတဲ့ မချိုသင်း တို့ မောင်နှံ ကို ၊ တခြားသူငယ်ချင်းတွေက ၊ ယူနီဗာဆယ် စတူဒီယို ရဲ့ တိုင်တလုံး တောင် ရှယ်ယာ ပါနေပြီ လို့ နောက်ကြသည်။  ခဏခဏ ရောက်မှာပေါ့နော် ဆိုတော့..တနှစ်ကို ဆယ်ခေါက်လောက်တော့ ရောက်မလားပဲ လို့  ဇဝေ ဇ၀ါ နဲ့ ဖြေသည်။ အေးလေ မချိုသင်း တို့ ဆီမှာ ၊ ဆရာကြီး တင်မိုး ရှိကတည်းက ၊ စာပေ မိတ်ဆွေ နိုင်ငံရေး မိတ်ဆွေ .. မြန်မာဧည့်က ပြတ်တယ်မှ မရှိပဲ ။ အခုတောင် တိုက်တိုက်ဆိုင်ဆိုင် နယူးယောက်က မချောအိသိမ်း ပါ  အလည် ရောက်နေတော့ ၊ မချိုသင်းရဲ့ ယူနီဗာဆယ် စတူဒီယို တိုးရ် က ၊ လူပိုစုံ ပြီး ပျော်စရာကောင်းနေသည်။ ဖြစ်ချင်တော့ တနှစ်မှာ တရက် နှစ်ရက်သာ မိုးရွာတယ်ဆိုတဲ့  အယ်အေ မှာ ဒီနေ့ မှ မိုးတွေက လည်း စွေလို့ ။ အိမ်ရှင် နှစ်ယောက်ကလည်း ဒီနေ့က သူတို့ရဲ့ ၁၈ နှစ်ပြည့် မင်္ဂလာ နှစ်လည်တဲ့။ ကဲ ဒီနေ့ မှ ထူးထူးခြားခြား မပျော်ရရင် ၊ ဘယ်နေ့ ကို ရွေးအုံးမလဲ။ တကယ်ကိုပဲ ၊ ကလေးဘ၀တုန်းကလို  မိုးရွာထဲမှာ မိုးကာတွေ ၀တ်ပြီးတော့ကို ၊ တနေ့လုံး လျှောက်ပတ်ကြတော့တာ ။ 




သူငယ်ချင်းတွေ သူ့ ခြံ ထဲ လာကစားလို့ ပျော်နေတဲ့ ကလေးလေး တယောက်လို ၊ မချိုသင်း တယောက် ၊ တတောက်တောက် နဲ့   ဒါက ဟောက်စ်အေ့ဖ် ဟော်ရာ  သရဲခြောက်တာပါပဲ… ဟိုးမှာ ကင်းကောင် သရီးဒီ  . . . လာလာ..ဒါက ရှာ့ခ် ဖိုးဒီ  ၀င်ကြမယ်နော် ဆို သူတို့ လိုက်ဝင်ကြပေါ့။ ကိုကျော်ဝဏ္ဏ ကတော့ နောက်မှာ ( ပြုံးပြုံး) ၂ နဲ့ ။

4D ကလည်း Sherk မို့လို့သာ တော်တော့တယ်။ မြည်းကြီး တံတွေးထွေးလည်း တံတွေးစင် . . . တော်ကြာ ဂုပ်ပေါ် ပင့်ကူတွေ ပြုတ်ကျလာလိုက် နဲ့   အက်ရှင်ကားသာ 4D ကြည့်ရရင်တော့ မျော့မျော့ပဲ ကျန်မှာ လို့ ပြောပြီး ၊ သူတို့ ရီ ကြပြန် ။ 4D တင်မက 5D  6D  7D တွေကိုပါ.. မချိုသင်းက  ပြသေးသည်။ ကိုကျော်ဝဏ္ဏ နဲ့ မချောအိ ကို ကော်ဖီဆိုင်ထဲမှာ ထားခဲ့ပြီး ၊ သူတို့ နှစ်ယောက်ကို ၊  Jurassic Park ကို သွားမယ်နော်. . . စီးလို့ ကောင်းတယ် အေးအေးဆေးဆေးပဲ .. တဲ့ ။ ဘာကို စီးရမယ်မှန်း သူ သေချာမသိ ။ ပါ့ခ် ဆိုတော့လည်း အေးအေးဆေးဆေး ဟုတ်မှာပဲ ပေါ့ ။ ကားထွက်ခါစ ၊ ပန်းလေးတွေ ရေတံခွန်လေးတွေကို မြင်တော့ . . . တွေ့လား သူက သာသာယာယာလေးရယ် လို့ လုပ်သေးတယ်။ တအောင့်နေတော့မှ၊  လက်ကိုင်လေး ကိုင်ထားနော် ဆိုတဲ့ စကားလည်း ဆုံး.. တခါတည်း ဒိုင်မန်းရှင်းတွေ ၉  ကျော်သွားလိုက်တာ ။ ပြန်အထွက်ကျမှ ဓါတ်ပုံ ရိုက်ထားတာ ရွေးလို့ရတယ် ဆိုတဲ့ ကွန်ပြူတာ မျက်နှာပြင်မှာ ရှာ ကြည့်တော့ . . . အို့ အိုး  သူ့မျက်နှာက ငရဲအိုးထဲ ဇောက်ထိုးကျတဲ့ မျက်နှာလို ။ မချိုသင်းကတော့ အေးဆေးပဲ ပြုံးလို့ ။ မ. . . အဲဒါတွေ ဧည့်သည် လိုက်ပို့တိုင်း စီးလားလို့ အံ့သြတကြီးမေးတော့ ၊ တခိခိ နဲ့  Mummy ရှိသေးတယ် သွားစီးကြမယ် တဲ့ ။

ရုပ်ရှင်တွေထဲမှာ အထူးပြုလုပ်ချက်တွေ ထဲ့ တဲ့ ၊ ရှိုးကိုတော့ အားလုံး ကြိုက်ကြသည်။ ကြည့်လို့ အကောင်းဆုံးကတော့ တကယ်လက်ရှိ အသုံးပြုနေတဲ့ ရုပ်ရှင်ရိုက်ကွင်းတွေထဲကို  ကားနဲ့ ဖြတ်မောင်းပြတဲ့  တကယ့် စတူဒီယို တိုး  ပဲ ။ ကြားထဲမှာ အထူးပြုလုပ်ချက်တွေ လည်း ပါသည်။ 




ကားပေါ်ထိုင်နေရင်းက  ဒိုင်နိုဆောကြီး ထွက်လာလိုက် . . . မုန်တိုင်းတွေကြီး ရေတွေ လျှံ လာလိုက် . . . ဘူတာရုံထဲရောက် ရထားတွေ တိုက်လိုက် . . .  ဒုတိယ ကမ္ဘာစစ်က လေယဉ်ကြီး ပျက်ကျ လာလိုက် . . . နယူးယောက် ကို ရောက်သွားလိုက် . . . ဥရောပ ကို ရောက်သွားလိုက် . . . အိပ်မက်ထဲက ပြကွက်တွေလို အဆက်အစပ်မရှိ တခုပြီး တခု ပြောင်းသွား သည်။  တကမ္ဘာလုံးက လူတွေကို ဟောလိဝုဒ် ရုပ်ရှင်တွေက အဲဒီလို ဖမ်းစားထား ခဲ့တာကိုး ။


ရုပ်ရှင် ဆိုတာ အိပ်မက်တွေကို ရောင်းတဲ့ လုပ်ငန်းလို့ ဆိုကြသည်။ တချို့ကတော့ ပျော်ရွှင်ကြည်နူးစရာ တွေတင်မက ၊ လောကရဲ့ အနိဌါရုံ အကျပ်အတည်း အခက်အခဲတွေ ထဲလည်း ၊ အလည်အပတ် ဆင်းကြည့်ချင်ကြသေးသည် ။ တခါတလေ လည်း ရုပ်ရှင်ထဲမှာလား ... အိပ်မက်ထဲမှာလား … တကယ့်ဘ၀ လား …. ခွဲခြားဖို့ ခက်နေတဲ့ စိတ်နယ်လွန် သိပ္ဗံ ဆန်းကျယ် ဇာတ်လမ်းတခု ထဲမှာ ကိုယ်တိုင် ဇာတ်ကောင် တွေ ဖြစ်လို့ ။ ငယ်ငယ်တုန်းကဆို  တအားကြီး မပျော်ရွှင်တဲ့ အဖြစ်တွေနဲ့  ကြုံတဲ့အခါ အိပ်မက် တွေကို အားကိုးမိ တာကို သတိရသည်။ ဒါ အိပ်မက်ကြီးပဲ . . . အိပ်မက်က နိုးရင် မိုးလင်းပြီး ကောင်းချင် ကောင်းသွားမှာ လို့  ဆန္ဒအတွေးတွေနဲ့ စိတ်သာသာရာ ရှာဘူးသည်။

အခုလည်း ညနေ ကျရင်တော့ တိတ်သွားမှာပဲ လို့ ထင်ထားတဲ့ မိုးတွေက ပိုလို့တောင် သဲလာ သည်။ ဒီ မိုး ရွာတာ လည်း အထူးပြုလုပ်ချက်ပဲ လားမသိ လို့  ပြောပြီး ရီကြတော့ ၊ ကော်ဖီခွက်ပေါ်က အငွေ့တွေ  သူတို့ မျက်နှာရှေ့ ဖြတ်ပြေးသွားကြသည်။ မိုးက အေးသလောက် သူတို့ ရင်ထဲမှာ နွေးထွေးနေကြသည်။ မိုးရေတွေတစွပ်စွပ်နဲ့  တနေ့လုံး လည်ပတ်ထားတဲ့ သူ တို့ ခြေထောက်တွေ လိုပဲ ၊ သူတို့ နှလုံးသားတွေလည်း အပျော်စိတ်တွေနဲ့  နူးအိ လို့ နေတော့သည်။




xxxxxxxxxx



ခရီးတခုကတော့ဖြင့် ၊ အဆုံးသပ်ပြီ။ အိမ်ပြန်ပြီပေါ့ ။ 
လူတွေ ဘာလို့ ခရီးသွားကြသည်လဲ ။ တချို့ အတွက်က ရေးကြီးခွင်ကျယ် ။ တချို့အတွက်က နိစ္စတဓူဝ ။ တချို့က ပျော်ပျော်ရွှင်ရွှင် ။ တချို့က ငြီးငြီးငွေ့ ငွေ့ ။ ဘာကိစ္စ တွေ နဲ့ ခရီးသွားနေကြသည်လဲတော့မသိ ။ လေဆိပ်တိုင်းမှာ လူတွေ အပြည့် ။ လေယဉ်အတက်အဆင်း စာရင်းမှာ တစင်း ဆင်းလိုက် . . . တစင်း တက်လိုက် ။ လူတွေက အရောင်စုံ လူမျိုးစုံ ဘာသာစကားမျိုးစုံ ။ကမ္ဘာကြီးရဲ့ ဟိုဖက်ကနေ ဒီဖက်ကို လာလိုက် . . . ဒီဖက်ကနေ ဟိုဖက်ကို သွားလိုက် ။ ဟိုးရှေးခေတ်တုန်းက ဥရောပ ခရီးသွားကုန်သည်ကြီးတွေ ဖြစ်တဲ့ မာကိုပိုလို တို့ ၊ ဗက်စကိုဒဂါးမား တို့  ရွက်သဘောင်္ကြီးတွေ နဲ့ နှစ်ပေါက်အောင်  ခရီးသွားခဲ့ကြရပေမဲ့ ၊ အခုတော့ ညထွက် မိုးလင်းရောက် ။ ဘယ်လိုပဲ ဖြစ်ဖြစ် လူတိုင်းကတော့ ၊ ခရီးစဉ်တွေ အားလုံးကို ချောချောမွေ့ မွေ့  လုံလုံခြုံခြုံသာ ဖြစ်ချင်ကြပေမည် ။


ကံကောင်းထောက်မစွာ၊ အပြန်ခရီးမှာ အလယ် လေးခုံတွဲ ကြီးရဲ့  နှစ်ခုံ က လွတ်နေသည်မို့ သူတို့ နှစ်ယောက် လက်တန်းတွေ တင်ပြီး ချောင်ချောင်ချိချိ အိပ်စီးယုံ ။ လေယဉ်ဝန်ထမ်းက ညစာ စားတဲ့ ခွက်တွေ လာသိမ်းပြီးသွား တော့ ရုပ်ရှင်ကြည့်မည်လို့  လျှောက်ရှာသည်။ လောလောလတ်လတ် အော်စကာ ရထားတဲ့  12 years a Slave ကို ကြည့်ရင်ကောင်းမလား ။ လာတုန်းကလည်း လူမဲကား ။ ခုလည်း လူမဲကား ဖြစ်နေပြီ ။ ဒီလို ကားမျိုးကို နောက်မှ ရုံကြီးမှာ သွားကြည့်ဖို့ ဆေ့ဖ် ထားလိုက်မည်။  Gravity ကို  နှိပ်ကြည့်သည်။ မင်းသား မင်းသမီးတွေက ၀ါရင့်တွေမို့ ကြည့်လို့ ကောင်းပါရဲ့ ။ ဒါပေမဲ့  ယူနီဗာဆယ်စတူဒီယို က Special Effects Show မှာ အာကသ ၀တ်စုံ နဲ့ သရုပ်ဆောင်တာကို ဟာသ လုပ်ပြတာ ကြည့်ခဲ့ရတော့ ၊ စန်ထရာဘူးလော့ကို ကြည့်ရတာ နောက်နေတယ်လို့ပဲ ထင်နေမိသည်။ နောက်ထပ် ဟောလိဝုဒ်ကားတခု  ပြောင်းကြည့်တော့လဲ ၊ ယူနီဗာဆယ် စတူဒီယိုထဲက ရိုက်ကွင်းကြီးတွေသာ မြင်နေတော့ . . .ခက်ပြီ ။  သူနဲ့ကျမှ ၊ ယူနီဗာဆယ် နာမယ်ပျက်ရတော့မည်။ သူက အခုခေတ် ဗွီစီဒီ ဇတ်လမ်းတွေရဲ့ နောက်မှာ ပါလေ့ ရှိတဲ့ ၊ behind the scenes ဆိုတာမျိုးတွေကို မကြိုက်သူ ။ ကြည့်ခဲ့သမျှ ဇာတ်လမ်းရဲ့ အရှိန်ကို ပြန်ဖျက်လိုက်သလိုပဲ လို့ ထင်သည်။ အပြင်လောကကြီးမှာ လည်း၊ ကန့်လန့်ကာ နောက်ကွယ်ကို  မကြည့်မိအောင် နေရမည့် အနေအထားတွေ ၊ ပေါများလှသည်လေ ။ 

Wolf of Wall Street တဲ့ ။ ဟုတ်ပြီ ။ မရောက်ခဲ့တဲ့ ဝေါလမ်းမကြီး ကို အခု သွားကြည့်ရမည်။ ဒီကားနဲ့  အော်စကာ ဇကာတင်ပါခဲ့တဲ့ လီယိုနာဒို လည်း  Catch me if you can ကတည်းက သူ့ ဇာတ်ရုပ်က အတည်ပေါက်နဲ့ လိမ်စားတဲ့ ရုပ် ထွက်သွားခဲ့တာ ။ ဟောလိဝုဒ် ကား ကတော့ ဟောလိဝုဒ် ဆန်တယ်ပဲ ပြောရမလားမသိ ။ ဒီရုပ်ရှင်ကို လည်း တကယ့်အဖြစ်  ဆိုပြီး နာမယ်တွေ ကြီးအောင် ကြော်ထား လှော်ထား ညှော်ထားလိုက်တာ ။ ခုကြည့်တော့ဖြင့် သူ့စိတ်ထဲ ဘာမှ တွန်းတွန်း တိုက်တိုက် ဖြစ်မလာ။ Wall street ပေါ်က လက်ညှိုးတချောင်း ၊ ဖုန်းတလုံး နဲ့ ၊ ထိုင်ရာကမထ ၊ လက်တလုံးခြား ကုလားဖန် ထိုးစားနေတဲ့ လူတန်းစား တွေ ကို ပိုပြီး စိတ်ကုန်လာတာပဲ ရှိတယ်။ ငွေရှင်စနစ် ရဲ့ မတည်ကြည်မူ လက်ဝါးကြီးအုပ်မူ ကို ပိုပြီး စိုးရွံ့လာတာပဲ ရှိတယ်။ ဒါတွေကပဲ ၊  သူ့ကို တွန်းတိုက်သွားတယ်လို့ ပြောရမှာပေါ့လေ။ နေပါအုံး ။ ဒီရုပ်ရှင်ရဲ့ တကယ့်အပြင်က ဇာတ်လိုက် ၀ံပုလွေကောင်က.. သူ လိမ်စား လူလည်ကျခဲ့တဲ့ အကြောင်းတွေကို ဇာတ်ညွှန်းလုပ်ပြီး ရောင်းစားတော့ လည်း ၊ ကြည့်လိုက်ကြတာ ၀က်ဝက်ကွဲ ။ သန်း နဲ့ ချီပြီး လုပ်စားသွားပြန်တာပဲ မဟုတ်လား ။ 

ဟောလိဝုဒ်တွေ တော်ပီ... ပြင်သစ်ကား တကားလောက် ကြည့်မယ်လို့ စိတ်ကူးပြီးကာမှ ၊ Kindle လေးကိုသာ ဖွင့်လိုက်မိသည်။ နိုဘယ်ဆုရှင် ကြီး စတစ်ကလစ်ဇ် က ဖြင့် အခန်းတစ်က.. မကျော်သေး ။ အမေရိက ရဲ့  တစ်ရာခိုင်နှုံး သူဌေးကြီးတွေကဖြင့် တုတ်တုတ်မျှ မလှုပ်သေး ။ ၉ ၉  ရာခိုင်နှုံး ပြည်သူတွေ ရဲ့  အရေးကိစ္စကို ဖြေရှင်းဖို့ အခန်းတွေ မရောက်သေး ။ 


ဒီ စာအုပ်က တော်တော် တော့ ၊ စိတ်ဝင်စားစရာ ကောင်းသည်။ Price of Inequality ကို ဘယ်သူတွေက ပေးနေရသည်လဲ . . . American Dream ဆိုတာ ရော တကယ်ရှိသလား လို့  အညွန်းမှာ ကတည်းက ရေးထားသည်။ အမေရိက မှာ ကျန်ခဲ့တဲ့ သူ့ မိတ်ဆွေတွေကိုတောင် ၊ ဒီမေးခွန်းတွေ သေသေချာချာ မမေးခဲ့ရ ။ မေးစရာလည်း လိုမည်မထင် ။ လောကအရာတွေက ကြီးကြီးကျယ်ကျယ် တွေးတော့ ရေးတော့လည်း စာတစောင် ပေတဖွဲ့ ပေါ့ ။ ပေါ့ပေါ့ပါးပါး ပြုံးကြည့်တော့လည်း ၊ အမေရိကန် ဒရင်းမ် ဆိုတာ အမေရိကန် ဟောလိဝုဒ် ရုပ်ရှင်တွေ ထဲမှာ မြင်နေရသည်ပဲ ။ အိပ်မက် ဆိုတာကတော့ အမေရိက မှာမှ မဟုတ်။  ဘ၀ မှာ အိပ်မက် မပါတဲ့ ပြကွက်မရှိ ။ အိပ်မက် နဲ့ အားယူ ။ အိပ်မက်နဲ့  ဖြေလျော့ ။ အိပ်မက်နဲ့ လှည့်ဖျား ။ အိပ်မက်တွေ နဲ့  ဇာတ်ဝင်ခန်းတွေ ပြောင်းကြည့်လို့ မှ မရရင် ၊ ဘ၀ ကြီးက ဘယ်လောက် ညီးငြွေ့ ဖို့ ကောင်းလေမလဲ ။ ဘယ်လောက် မွန်းကျပ်ဖို့ ကောင်းလေမလဲ ။ 

အခုနတည်းက နည်းနည်း ခုန် ချင်နေတဲ့ လေယဉ်ကြီးက ပိုပြီး တုန်ခါနေသလို ။ (တင်) ကနဲ ၊ ခါးပတ် မီးလေး နီသွားတော့ ကျောထဲ စိမ့်ကနဲ ဖြစ်သွားသည်။ အမျိုးသား ကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီ ။ အောက်ကို နှိမ့်ဆင်းနေတဲ့ ခံစားမူကို တချက် တချက် ရ သည်။ Kindle လေးကို ပိုက်ပြီး မျက်စိကို အသာ မှိတ်လိုက်သည်။  ခဏ တော့ လေယဉ်ကြီး ငြိမ်သွားပြန်သည်။ ( တင်) ကနဲ..ခါးပိတ်မီးလေး စိမ်းသွားပြီ  ။ ဟူး တော်ပါသေးရဲ့ ။ ဒါလည်း ဇာတ်ဝင်ခန်း တခုရဲ့ အထူးပြုလုပ်ချက် ဖြစ်ချင် ဖြစ်မှာ လို့ ကိုယ့်ကိုကိုယ် ဟာသ လုပ်ပြီး စိတ်ကို ဖော့ကြည့်သည်။  လေယဉ်တစင်းလုံးလိုလို  စိတ်အေး လက်အေး အိပ်မောကျနေကြဆဲ ။ သူ့ခေါင်းပေါ်က မီးလေးကို ပိတ်လိုက်ရင်း ၊ သူလည်း ကြိုးစားပြီး အိပ်တော့မည်။ ကိုယ်ဘာမှ မတတ်နိုင်တဲ့ အခြေအနေတခုမှာ ၊ စိုးရိမ်ပူပန် နေလို့လည်း အပိုပင် ။ ငယ်ငယ်တုန်းကလိုပဲ ၊ အိပ်မက်ကို အားကိုးရမည်။ အိပ်မက် ထဲမှာ သူ ပျော်စရာတွေ တွေ့ချင် တွေ့နိုင်မည်။  သေချာတာတော့ အိပ်မက်က နိုးရင် ၊ မနက်ခင်းကို တွေ့ ရမည်။  ကာလယန္တယားကြီးထဲမှာ ၊ အိပ်မက်တွေကို စီးပြီး အခက်အခဲ အကြပ်အတည်းတွေပေါ်က ဖြတ်ကျော် သွားနိုင်တယ် ဆိုတာ၊ လူတိုင်း သိပါ့မလား ။ 

ကေသွယ်
၂၄ -  ၂၇ /၀၃/၂၀၁၄



Share/Bookmark