The Blogger and The Artist
အမယ်. . . ဘလော့ဂါ နဲ့ အာ့တစ်စ် ဆိုပါလား။
ဘလော့ရေးတဲ့ သူတွေက ၊ ဘာများ ကြီးကြီးကျယ်ကျယ် အနုပညာရှင် နဲ့ နှိုင်းယှဉ် ချင်နေပါလိမ့်… လို့ မျက်ခုံး ပင့် နေကြပြီလား..။
. . . .
၂၀၀၅ -၂၀၀၆ ဆိုတော့ ဟိုးတုန်းကပေါ့ လို့ အစချီရမယ် ထင်ပါရဲ့ ။
အဲဒီတုန်းက အင်တာနက်နေထိုင် စားသုံးမူကြီးက ဒီလောက် မကျယ်ပြန့်သေးဘူး။ အဲဒီမှာ သတင်းတွေ လိုက်လိုက် ဖတ်ရင်း ၊ တမူထူးခြားတဲ့ စာအသွားအလာ အရေးအသားလေးတွေကို မိုးမခ စာမျက်နှာကနေ တဆင့် သတိထားမိ လာတယ်။ ဘယ်က စာလေးတွေပါလိမ့်ပေါ့။ ၀တ္တုတို ပုံစံမျိုး ဇတ်လမ်း ဇတ်ကွက်တွေလည်း မပါ ။ ရသဆောင်းပါးတွေ လိုလည်း အတည်အတံ့ကြီးတွေ မဟုတ်။ အဲဒါ ဘလော့ ဆိုတာပဲ လို့ သိလိုက်ရတာနဲ့ အတူပဲ .. ဘလော့ တွေကို ကိုယ့်ဖာသာကိုယ် ဖန်တီး ပြင်ဆင် ရေးသား တင်ဆက် နိုင်တယ် ဆိုတာပါ သိလိုက်ရတော့ . . ဘယ်နေတော့မလဲ ။ ရေ ငတ်ငတ် မငတ်ငတ် ရေတွင်းထဲ အတင်း ဆင်းငုပ်တော့ တာပါပဲ ။
တကယ်တော့ အဲဒီတုန်းက နေရာအသစ် နိုင်ငံအသစ်ကို ရွှေ့ကာစ ကိုယ်ပိုင်အချိန်တွေ ပိုရနေတဲ့ အချိန်မှာ ၊ စာတွေ များများ ပြန်ဖတ်ဖြစ်ရာကနေ ၊ စာရေးချင်စိတ်တွေ တဖန် ယိုဖိတ် နေတဲ့ ကာလ ။ ဆောင်းပါးလေးတွေ အတည်ပေါက် ရေးပြီး Weekly Eleven ကိုတောင် စမ်းပို့ နေပြီ။ သုံး လေး ခု ဖော်ပြပြီးနေပြီ။ စာလေးတွေ အဝေးမှာ ရေးဖြစ်တော့ ဘယ်ကို ပို့ရမှန်းမသိတဲ့ အချိန် ၊ အင်တာနက်က ဖတ်လို့ မြင်လို့ ဆက်သွယ်လို့ ရတဲ့ ဂျာနယ် မဂ္ဂဇင်းကလည်း ခပ်ရှားရှားကိုး ။ မိုးမခ ဆိုတဲ့ စာမျက်နှာလေး ကိုတော့ ၊ စာမျက်နှာ စစ်စစ် မဖြစ်ခင် ၊ အပျော်ထမ်း ရေဒီယိုလေး ဘ၀မှာ တည်းက ၊ စွဲစွဲမြဲမြဲ နားထောင်လာခဲ့ သည်မို့ ၊ မိုးမခ ကို လည်း လှမ်းဆက်သွယ် မိသည်။
အဲ့ဒီလို စာရေးချင်လွန်းလို့ တကူးတက လိုက် ဆက်သွယ်ခဲ့ရ တဲ့ အချိန်မှာ ၊ ဘလော့ ဆိုတာကြီး မိုးပေါ်က ပြုတ်ကျလာတော့ . . . သွားစမ်း.. ဘယ်သူ့မှ မိတ်ဆက်နေစရာ မလို.. ကိုယ့်စာလေးတွေ ရွေးမလား မရွေးလား စောင့်မျှော် နေစရာ မလို ။ လာထား. . . တနေ့ တမျိုး စာတွေ ရေးပစ် တော့တာပဲ ။ အဲဒီလိုနဲ့ . . . ဘလော့ဂါ ဆိုတဲ့ သတ်မှတ်ချက် တခု အလိုလို ဖြစ်လာရတယ်ပေါ့ ။
၂၀၀၀၇ ခုနှစ် အလွန် ရွှေဝါရောင် နဲ့ အတူ ဘလော့တွေ အပြိုင်းအယိုင်း ခေတ်စားလာတဲ့ အချိန်မှာတော့ ၊ ကိုယ်ပိုင် ဘလော့လေးမှာ ပို့စ်လေးတွေ တော်တော် ရေးမိပြီး ဖြစ်နေပြီ။ ဘလော့ဂါ တယောက် တင်စားသလို.. အမှောင်ခေတ်က ကြယ်လေးတွေ ဆိုတာတော့ သူများ အမြင်ကပ်နေပါအုံးမယ်လေ။ ဒါပေမဲ့ ၊ တကယ်ပဲ အဲဒီအချိန်တွေ တုန်းက နိုင်ငံရေး အရ ပိတ်ဆို့မူ တင်းကျပ်မူတွေ ပြင်းထန် နေတဲ့ အချိန်မှာ ၊ ဘလော့တွေ ပေါ်မှာ လွတ်လွတ်လပ်လပ် လှုပ်ရှား ခဲ့ကြတယ်။ သတင်းတွေ ဖြန့်ဝေ တာပဲ ဖြစ်ဖြစ်.. မကျေနပ်ချက်တွေ ဖွင့်အန်တာပဲ ဖြစ်ဖြစ် ။ အနုပညာ ဆန်တာပဲ ဖြစ်ဖြစ် ။ သတင်းအချက်အလက် အားပြုတာပဲ ဖြစ်ဖြစ် ။ ကိုယ်ပိုင် အမည် ပုံရိပ် နဲ့ပဲ ဖြစ်ဖြစ် ။ လျှို့ဝှက် ဘလော့ဂါ နာမယ် နဲ့ပဲ ဖြစ်ဖြစ် ။ ရေးလိုက်ကြတဲ့ စာတွေ ဆိုတာ မိုးကောင်းကင် ကွန်ယက်ကြီး တခုလုံး ဘလော့တွေနဲ့ကို ဖုံးခဲ့တော့တာ။ ဒီအထဲမှာ တိုင်းရေး ပြည်ရေး နိုင်ငံရေး နဲ့ မပတ်သတ်လို တဲ့လူတွေ ရှိသလို ၊ အများစု ပြည်သူ အမြင်နဲ့ ဆန့်ကျင်တဲ့ အမြင်တွေ ဖော်ပြသူတွေလည်း မနည်းခဲ့ဘူး ။ အထူးသဖြင့် ဝေဖန် ဆန်းစစ်စရာ ကောင်းတဲ့ ရှေးရိုးစွဲမူတွေ အယူအဆ တွေကို ၊ စိတ်လွတ် ကိုယ်လွတ် ဆင်ဆာလွတ် ထုတ်ဖော် ဆွေးနွေး ရေးသားခဲ့ကြတာ ၊ တကယ့်ကို စိတ်ဝင်စားစရာ ကောင်းခဲ့တယ် ။
တကယ်တော့ အဲ့ဒီတုန်းက ၊ ပြင်ပကနေ လွတ်လွတ်လပ်လပ် ရေးနိုင်သူတွေထက် ၊ ဘလောစပေါ့ ကို ပိတ်ဆို့ တားမြစ်ထားတဲ့ ပြည်တွင်းကနေ ၊ မရအက ရေးသားခဲ့ကြတဲ့ ဆက်သွယ်လှုပ်ရှားခဲ့ ကြတဲ့ ဘလော့ဂါ တွေက ပိုပြီး ချီးကျူးဖို့ ကောင်းတာပါ။ ကမ္ဘာ့ အကျော်ကြားဆုံး ၁၀၀ ထဲမှာ တောင်၊ မြန်မာပြည်က ဘလော့ဂါ နေဘုန်းလတ် ပါဝင် ခဲ့တဲ့ အထိ။
ကိုယ်တိုင်ကတော့ စိတ်ထဲ ထိတွေ့လာတာ ရေးချင်လာတာဆို ရေးပစ် လိုက်တာပဲ ။ ဘာအတွက် ညာအတွက် လို့တော့ အထူးတလည် ရည်ရွယ်တာမျိုး မရှိခဲ့ဘူး။ နိုင်ငံရေး ခေါင်းစဉ်တွေတင်မက ၊ မပြောင်မမြောက် ကဗျာလေးတွေက စလို့ ၊ သင်္ဂါရ ရသလေးတွေပါ မကျန် ရေးဖြစ်ခဲ့တာပဲ ။ အထူးသဖြင့်တော့ ၊ အမှတ်ရစရာ တက္ကသိုလ်နေ့ရက် တွေကို လှလှပပ စာလုံးလေးတွေ နဲ့ ယက်ဖောက်နိုင်ခဲ့တာ ၊ တွေးမိတိုင်း အကြည်နူးဆုံးပဲ ။ ပန်းဆိုတာ ပွင့်နေတုန်း ခူးမှ မဟုတ်လား ။ အကြည်ဓါတ်တွေကို အမိအရ ဆုပ်ကိုင် နိုင်ခဲ့တဲ့ ဒီလို စာလေးတွေ ကဗျာလေးတွေ ရေးဖြစ်ခဲ့တဲ့ အတွက်လည်း ၊ ကိုယ့်ဖာသာကိုယ်တော့ ၊ ဘလော့ဂါ ဆိုတဲ့ ဖြတ်သန်းခဲ့တဲ့ အချိန်လေး ကို ၊ မြတ်နိုး စိတ် တ၀က်နဲ့ပေါ့။ ကျန်တဲ့ တ၀က်ကတော့ သမြောစိတ် လိုလို ဘာလိုလို ။ တချို့ အချိန်တွေ အတွက်လည်း အခွင့်အလမ်း ဆုံးရှုံးမူ တန်ဖိုးတွေ ကျသင့် ခဲ့တာတွေ လည်း ၊ သေချာပေါက် ရှိခဲ့မှာကိုး။
ပြောရရင်..၊ ဘလော့ အရမ်း ရေးလို့ ကောင်းတဲ့ အချိန်တွေတုန်းက ၊ တပြားမရ နှစ်ပြားမရ စာ တပုဒ် ရေးဖို့ ထိုက်သင့်သလောက် အချိန်ပေးရသလို ၊ ရေးပြီးရင်လည်း ဘလော့ဂါ အခြင်းခြင်းတွေ အပြန်အလှန် ဖတ်ကြ ပြောကြနဲ့ အချိန်တွေ ဆုံးရှုံးသင့်သလောက်တော့ ဆုံးရှုံးခဲ့တာပဲလေ ။ ဘာပဲ ဖြစ်ဖြစ် စိတ်ကျန်းမာရေး ကောင်းကောင်းနဲ့ ကျေနပ်ပျော်ရွှင်ခဲ့ ကြရတာပဲ မဟုတ်လား ။ ထူးဆန်းတာက ဘလော့မှာ စာရေးတဲ့ အခါ ၊ အပျော်ထမ်း ဆိုတော့ ၊ စိတ်က အကန့်အသတ်မရှိ လက်က အချုပ်အတီး မရှိ ဆိုတော့ စာလုံးတွေက အလွယ်တကူ စီးဆင်းလာပြီး သဘာဝ ကျကျ အရိုင်းဆန်ဆန် ရှိနေတတ်တယ်။ အခုနေ စာတပုဒ် အတည်ရေးမယ် ကြံလိုက်တိုင်း ၊ မကောင်း - ကောင်းအောင် အတွေးတွေ ဖန်တီးရ ၊ သင့်လျော်လား မသင့်လျော်လား အချက်အလက်တွေ စိစစ်ရ နဲ့ လုပ်ယူထားသလို ကြီး ဖြစ်နေတတ်တာပဲ ။ ဒါကြောင့်လည်း ဟိုး..ဘလော့စာတွေကို စဖတ်ခါစက ၊ ဘယ်လို စာလေးတွေပါလိမ့် လို့ တွေးခဲ့မိတာ.. အဲဒါ လွတ်လပ်မူ ခေါ်မလား.. သဘာဝကျမူ ခေါ်မလား ။
ပြီးတော့ အဲ့ဒီ အမှောင်ခေတ် လို့ ဆိုတဲ့ အချိန်က၊ အများစု ပြင်ပရောက် မြန်မာတွေမှာ ၊ မြန်မာစာ မြန်မာသတင်းစကား လည်း ငတ်ကြတော့ ၊ ဘလော့တွေ ဟာ ပြောခဲ့သလို ကြယ်လောက် မဟုတ်ရင်တောင် ၊ ဖယောင်းတိုင် မီးလေးတွေ လို မှိတ်တုပ် မှိတ်တုပ် နဲ့ ဟိုတခု.. ဒီ တခု ဖတ်မငြီးစရာ လေးတွေ ဖြစ်ခဲ့မယ် ထင်ပါရဲ့လေ။
လွမ်းလွမ်း ဆွတ်ဆွတ် ပြောနေမိတာ ၊ တခြားကြောင့် ဟုတ်ပါဘူး ..။ အခု အဲ့ဒီအချိန်တွေ ကုန်ဆုံးကျော်လွန် သွားခဲ့ ပြီ မို့ပါ ။ အသစ်တွေ မြန်မြန်မွေးဖွား နေတဲ့ အလျင်ကြီး တခု ပေါ်မှာ ၊ လူတွေ ရဲ့ အာရုံ စိတ်အဟုန်တွေ လည်း ဘယ်အရပ် ဘယ်အနာဂါတ် ဆီကို မှန်း မသိ ရွှေ့လျား ပြောင်းလဲ နေကြပြန်ပါပြီ။ အခု ခေတ်က လူမူကွန်ယက် ဆိုရှယ်နက်ဝက် ခေတ် ဖြစ်ပြန်လေပြီ ။ ၀တ္တုစာအုပ် ထူထူကြီးတွေကနေ ၊ ပိုပြီး ရှင်းလင်းတဲ့ အချိန်မပေးရတဲ့ ၀တ္တုတို တွေ ပို ဖတ်လာကြ ။ နောက်တော့ တဖန် ၊ သွက်လက် ပြီး အပြန်အလှန် ဆက်သွယ်မူ ရှိတဲ့ ၊ စာတို အရေးအသား ဖော်ပြမူ ( ဥပမာဆို..ဘလော့တွေပေါ့) တွေဆီ ကို အာရုံကျကြပြန်။ ခု နောက်ဆုံးတော့ ၊ စာ က တို ယုံတင်မက.. တကြောင်း တပိုဒ်လောက်နဲ့ ရေးသူရော ဖတ်သူရော အချိန်ကုန် သက်သာလိုက်သမှ…ဖျပ်ကနဲ ဖျပ်ကနဲ ဖတ်သွားယုံ ။ သွက်လက်ယုံတင် မက လျင်မြန်လိုက်တာလည်း . . ဟော တခု . . ဟောတခု ။ ဆက်သွယ်မူ ရှိယုံတင် မက ၊ ဆက်ဆံရေးတွေပါ တဖြုတ်ဖြုတ် ။ ဘလော့မှာ အချိန်ကုန် ခဲ့တယ်ဆိုတာရော ဘာဟုတ်သေးလည်း ။ အဲဒီတုန်းကမှ ဥမမယ် စာမမြောက် ဘလော့ပို့စ်လေးတွေ ၊ အဖတ်တင်သေးတယ်။ အခုတော့ ကွန်ပြူတာရှေ့မှာ ထိုင်နေလို့ ညတည နက် သွားပေမဲ့ စာတပုဒ် ရေးဖို့ မပြောနဲ့ ၊ သူများရေးထားတဲ့ စာ တပုဒ်တောင် ဟုတ်တိ ပတ်တိ မဖတ်ဖြစ် ။ ဖတ်ချင်စရာ ခေါင်းစဉ်လေး တခု တွေ့ရင်တောင် ၊ ဒီဖက်က ကြည့်နေတဲ့ အရှိန်ပျက်သွားမှာစိုးလို့ ၊ နောက်မှ ဖတ်မယ်ဆိုပြီး ၊ ဘရောက်ဇာတခု နဲ့ ဖွင့်ထားလိုက်တယ်။ အိပ်ချိန်ရောက်လာလို့ ကွန်ပြူတာသာ ပိတ်လိုက်ရတယ် … ခုန ဖွင့်ထားတဲ့ စာကို မဖတ်ဖြစ်လိုက်တဲ့ အကြိမ်တွေ များလာတယ်။ အဲ့ဒီလို ကွန်ပြူတာရှေ့က မျက်လုံးတွေ အာရုံတွေ အားလုံးကို စွဲဆောင် လှည့်စား နေတာက ဖေ့စ်ဘွတ် ဆိုတဲ့ အန္တိခရစ် ချစ်စရာ နတ်ဆိုးကြီးပါပဲ ။
နတ်ဆိုးကြီး လို့ ပြောလို့ ၊ ဒါဆို ဘာလို့ သုံးနေသေးလည်း လို့ စိတ်ထဲက မေးငေါ့ ပြီး မေးပစ်လိုက်စမ်းပါ ။ ဒီကလည်းThe Artist အကြောင်း ပြောပြချင်လို့ စကားစ ရှာနေတာ ။
တကယ်တော့ နတ်ဆိုးကြီး ဖေ့စ်ဘွတ် နဲ့ အနုပညာသည်ကြီး က..ဘာမှတော့ မဆိုင်ပါဘူး။ အခုပြောချင်တဲ့ The Artist ဆိုတဲ့ အော်စကာတွေ ရခဲ့တဲ့ နာမယ်ကျော် ဟောလိဝုဒ် ရုပ်ရှင်ထဲက ၊ အနုပညာသည်ကြီးမှာ ဖေ့စ်ဘွတ် စာမျက်နှာ လည်း ၊ မရှိခဲ့ပါဘူး။ မရှိဆို သူက အသံတိတ်ခေတ်က ရုပ်ရှင်မင်းသားကြီး တယောက်။ သူ့ခေတ်မှာ ဒိတ်ဒိတ်ကြဲ အောင်မြင်နေတဲ့ ၊ အသံတိတ် မင်းသားကြီး Valentin ကို ၊ တိတ်တိတ်ကလေး ကြိတ်ပြီး သဘောကျနေရှာတဲ့ ၀ါသနာရှင် မိန်းကလေး တယောက်က ချဉ်းကပ် မိတ်ဆက်လာတော့ သူ့ရုပ်ရှင်ကား တကားရဲ့ ကတဲ့ အခန်းလေး တခု မှာ ၊ ပေးသရုပ်ဆောင်စေခဲ့တယ်။ အဲဒီလို နဲ့ ဟိုနား ဖြတ်လျှောက်..ဒီနားဖြတ်လျှောက် မင်းသမီးလေး ဟာ ၊ မထင်မှတ်ပဲ ၊ အသံသွင်း ရုပ်ရှင်ခေတ်အပြောင်းမှာ ၊ ရုပ်ရှင်ကားတွေ တကားပြီး တကား သရုပ်ဆောင်ရင်း ၊ အောင်မြင်ကျော်ကြားလာတော့တယ် ။ အဲဒီအချိန်မှာ ၊ အသံတိတ် မင်းသားကြီး Valentin အတွက်တော့ အရင်က ရုံပြည့် ရုံလျှံ အားပေးတဲ့ သူ့ အသံတိတ်ကားတွေ ၊ ကျီးနဲ့ ဖုတ်ဖုတ် ဖြစ်လာတယ်။ ဒါပေမဲ့ သူက မာနကြီးတယ်။ သူ့ရဲ့ မူလဘူတ အနုပညာ ကို ၊ စွန့်ထားခဲ့ဖို့ ဘယ်လိုမှ တွေးလို့မရ လက်ခံလို့မရ။ ဘာမဟုတ် ညာမဟုတ် သူ ခေါ်သုံးခဲ့တဲ့ ကောင်မလေး ရဲ့ အကြံညဏ် အကူအညီ တွေဆို ပိုဝေးသေး ။ ထုတ်လုပ်သူတွေ နားချ လည်း ခါးခါးသီးသီး ပဲ။ နောက်ဆုံး ထုပ်လုပ်သူ တယောက်မှ မရှိလည်း သူ့ ကြွယ်ဝ သမျှ ပိုင်ဆိုင်မူတွေ ထုခွဲပြီး သူ့ ဇတ်ကား သူပြန်ရိုက်တယ်။ ၀က်ဝက်ကွဲပဲ ရှုံးတာ။ အဲဒီအချိန်မှာ အသံထွက် ဇတ်ကားသစ်တွေ တခုပြီး တခု လက်ခံ ရိုက်ကူးနေရပေမဲ့ ၊ မင်းသမီးလေးကတော့ သူ့ဆရာ သူ့အချစ်ကို မမေ့ဘူး။ ရုပ်ဖျက် နောက်ယောင်ခံပြီး သူ့ဆရာ ရဲ့ အဖြစ်ကို တောက်လျှောက် စောင့်ကြည့်ရင်း စိတ်မကောင်းတွေ ဖြစ်နေခဲ့တယ်။ မင်းသားကြီး ထုတ်ရောင်းသမျှ ပစ္စည်းအကောင်းစား တွေကို နာမယ်မခံပဲ အဆမတန်ပေး လိုက်ဝယ်တယ်။ နောက်ဆုံး ဘာပစ္စည်းမှ မပိုင် ၊ ဘာအခြွေအရံမှ မရှိတော့ပဲ သူ့ခွေးလေး သာ ကျန်တော့တဲ့ မင်းသားကြီးက သူ့ကိုယ်သူ သတ်သေ ဖို့ ကြိုးစားတုန်း သူ့ခွေးလေး ကယ်လို့ အသက်ချမ်းသာခဲ့ရတယ်။ အဲ့ဒီမှာ မင်းသမီးလေး ရောက်လာပြီး ဇာတ်သိမ်းရတော့တယ်။
ဒီ ဇတ်လမ်း ဇတ်ကွက် နဲ့ ရော ဘာဆိုင်သလည်း ဆိုတော့ လည်း ၊ ဘာမှ မဆိုင်ပြန်ပါဘူး။ အဓိက ပြောနေတဲ့ ဘလော့ အကြောင်းမှာ မင်းသားကြီးလို ဒိတ်ဒိတ်ကြဲ အောင်မြင်ခဲ့တာတွေလည်း မရှိခဲ့ပါဘူး။ အနုပညာတွေ အသုံးတော်မခံရလို့ သတ်သေချင်တဲ့ လူလည်း ရှိမယ် မထင်ပါဘူး။ အနုပညာသည် ကြီးတွေ လို့လည်း ဘယ်သူမှ ကိုယ့်ရင်ဘတ်ကြီး တွေ ကိုယ်ပုတ်ပြီး ပြနေတာ မမြင်မိပါဘူး။
ဘာကိုပြောချင်တာလည်း ဆိုတော့၊ ခေတ် တ ခေတ် ရဲ့ နေထိုင်မူ စားသုံးမူ ပုံစံ တွေ ပြောင်းလာတဲ့ အခါ၊ ဒါမှမဟုတ် ရုတ်တရက် ပြောင်းသွားတဲ့ အခါ ၊ အဲဒီ အပြောင်းအလဲ ကို လက်မခံနိုင်ပဲ ၊ နတ်ဆိုးကြီး လို့ အပြစ်တင်နေ ၊ ဘေးထွက်ထိုင်နေဖို့ ဆိုတာ မလွယ်ကူဘူး ဆိုတဲ့ အချက်ကလေးပါ။ အနည်းဆုံး ချစ်စရာ နတ်ဆိုးကြီး လို့ သတ်မှတ်ပြီး ၊ ပါးပါးနပ်နပ် ချစ်တတ်ဖို့တော့ ကြိုးစားရမည် ပေါ့။
ဖေ့စ်ဘွတ် ကြီး သိုက်သိုက်ဝန်းဝန်း စဖြစ်လာကာစ ကဆို၊ သူ့ဖာသူ သိုက်ဝန်း ယုံမက စည်ကားနေလည်း အနေသာကြီး ။ ဘလော့ ပေါ်မှာ အေးအေးဆေးဆေး စာတွေ ဆက်ရေးလို့ ကောင်းနေသေးတာပဲ ။ အချိန်ပေး ဖတ်တဲ့သူတွေ လည်း ရှိသင့်သလောက် ရှိနေသေးတာပဲ ။ ဒါပေမဲ့ အခုနောက်ပိုင်း အရေအတွက် သိသိသာသာကြီး ကျသွားတာ မဟုတ်ပေမဲ့၊ ဘလော့ အ၀န်းအ၀ိုင်း ရေးဖော်ရေးဖက်တွေ အားလုံး သိသိသာသာကြီး တိတ်ဆိတ် ငြိမ်သက် သွားကြတာပဲ ။ တချို့ဆို ဘလော့ကို လုံးဝကို ပိတ်ပြီး အငြိမ်းစားယူသွားကြပြီ။ အရင်က Reader နဲ့ ယူဖတ်တဲ့ ဘလော့တွေ ဆိုတာလည်း ၊ တပတ်လုံး နေမှ ၊ လေး ငါး ခု တောင် အသစ်မတွေ့တော့ ။ ဘလော့ ခေတ် ကုန်သွားပြီလို့ ပင် ဆိုကြပြီ။ ပြောရရင်၊ မြန်မာလူမူ အသိုင်းအ၀ိုင်း အတွက်လည်း ၊ နိုင်ငံရေး ခေတ်တခေတ် ပြောင်းလို့ လွတ်လပ်စွာ ရေးသားခွင့် ဆိုတဲ့ ဒီမိုကရေစီ နီယွန်မီးရောင်တွေ တပြောင်ပြောင် ဖြစ်နေပြီဆိုတော့ ဖယောင်းတိုင်လေးတွေ လည်း မလိုအပ်လှတော့ပါဘူး။ အတိုက်အခံ နိုင်ငံရေးတွေ ရေးခဲ့တဲ့ လက်တွေလည်း အလိုက်အထိုက် တွေ လိုက်ရေးချင်ရေး .. ဒါမှမဟုတ်ရင် ရေးစရာ ရှားသွားပြီလေ။
စာရေးချင်လို့ ကို ရေးစရာ နေရာ ရှာခဲ့တဲ့ ကျမ အတွက်တော့ ၊ ရမဲ့နေရာနဲ့ သင့်လျော်သလို ဆက်ပြီး ရေးဖြစ်နေအုံးမယ် ထင်ပါရဲ့ ။ စာရေးတယ် ဆိုတာလည်း စာဖတ်သူ ရှိဖို့ လိုတယ်ဆိုတဲ့ လက်တွေ့ကျတဲ့ အချက်ကြောင့် ၊ အေးအေးဆေးဆေး ဘလော့မှာ စာရေးရာကနေ ၊ ပူပူဆူဆူ လူထူထူ နဲ့ ကိုယ်က သူ့မသိ၊ သူက ကိုယ့်မမြင်ဘူး၊ စာတွေတင်မက ပုံတွေ သတင်းတွေ အတင်းတွေ အောက်လုံးတွေ မိုးလုံးပြည့်တွေ အမျိုးစုံ ဥဒဟို ပြေးနေတဲ့ လူမူကွန်ယက် လမ်းမကြီးပေါ် ကို ၊ ဆင်းပြီး စာရေး ရတော့မယ် ဆိုရင်လည်း……။ အင်း…
အဲ့ဒီ ကွန်ယက်ကြီးပေါ်မှာပဲ ၊ တနေ့က တွေ့လိုက်သည်။ အခုခေတ် လူငယ်တွေ စာမဖတ်ကြတော့လို့ ၊ ရန်ကုန်မြို့က စာရေးဆရာ တချို့ ၊ လက်ဖက်ရည်ဆိုင်မှာ ဆင်းပြီး စာရွတ်ဖတ်ပွဲ စကားဝိုင်း လုပ်ကြမည် တဲ့။
အင်းလေ . . . စာအုပ် စာပေ နဲ့ ပတ်သတ်လို့ ကြားခံ ပစ္စည်းတွေသာ ၊ စာရွက်ကနေ ဖန်သားပြင် ပြောင်းသွားပေမဲ့ ၊ စာအုပ်ဆိုင်ကနေ အီးဘွတ်ဝဘ်ဆိုဒ် တွေဆီ ရွေ့သွားပေမဲ့ ၊ စာရေးခြင်း ဆိုတာက ပျောက်မှ မသွားတာ ။ ဒါပေမဲ့ ၊ စာဖတ်ချင်စိတ် တွေက ၊ အထူကနေ အပါး . . . အပါးကနေ အတို . . . အတိုကနေ အပြတ် . . . အပြတ်ကနေ မှ ဘာစာမှ မဖတ်ချင်တော့ဘူး ဆိုရင်လည်း ၊ စာရေးခြင်းအလုပ် လည်း နောင်မှာ မျိုး တုန်းမသွားဘူး လို့ ဘယ်သူ ပြောနိုင်မလဲ။
လောလောဆယ်ဆယ်တော့ ၊ ဘလော့ဒေး ဆိုလား ဘာလား ဘယ်သူမှ သတိမထားမိတော့တဲ့ နေ့မှာ ၊ ဘလော့ဂင်း ခြင်းကို လွမ်းဆွတ် စွာနဲ့ ဒီစာလေး ကို ရေးပါတယ်။ ရေးတဲ့ နေရာမှာလည်း ၊ ဘလော့စတိုင် အတိုင်း ၊ ဘာမှ အကွက်အကွင်း တွေပြင် အခင်းအကျင်းတွေ ချ မနေပဲ ၊ စိတ်ထဲ ပေါ်လာသလို တောက်လျှောက် တထိုင်တည်း ရေးလိုက်ပါတယ်။ ပြီးတော့ The Artist ရုပ်ရှင် ရဲ့ နောက်ဆုံးခန်းလေး မှာ၊ အသံတိတ် မင်းသားကြီး နဲ့ အသံထွက်မင်းသမီး လေး တို့ ပျော်ရွှင်စွာ တွဲက ကြသလိုပဲ ၊ မရေးဖြစ်တာ ကြာပြီ ဖြစ်တဲ့ ဘလော့ ပို့စ်လေး တခု ကို ဖေ့စ်ဘွတ်ကြီး ထဲမှာ နုတ်စ် အဖြစ် တင်ပြီး သကာလ ၊ ဟိုလူ မသိ ဒီလူမသိ ဖြစ်မှာ စိုးလို့ ၊ အတင်းကိုပဲ ၊ အားမနာရမဲ့ သူများကို တဂ်င်း လိုက်မိပါတော့သည်။
သြော်. . . နေအုံး ။ ရေးနေရင်းပဲ အဆုံးသပ်ပြီးမှ ၊ အတွေး အသစ်တခု ရ လာတယ်။ The Artist နဲ့ The Blogger မဆိုင်ဘူးလို့ ဘယ်သူ ပြောချင်လည်း။ ဘလော့ဂါ ဆိုတာ အနုပညာသမား မမည်ဘူးလို့ ဘယ်သူ နှာခေါင်းရှုံ့ ချင်လဲ ။ သုခမိန်လှိုင် ရဲ့ ကဗျာလေး လိုပဲ ၊ ဒီခေတ်ကြီး မှာ . . . အားလုံးပီကာဆို။
ကေသွယ်
၁၁ နာရီ ၃၇ မိနစ် ။ သြဂုတ် ၃၁ ။ ၂၀၁၃
ဧပရယ်လ် ထဲ မှာ မျက်နှာဖွက်ခြင်း
![]() |
| photo- Kay |
ဧပရယ်လ်..ချစ်သူ နဲ့ စတွေ့ဆုံရာ နေရာလေး ရယ်....
အစ ရ ပြီး...အဆုံး မသိ တဲ့....သီချင်း တပိုင်းတစ
ပြီးမှ..အဝေးကို လှမ်းကြည့်တယ်
သင်္ကြန် ရေ နဲ့ စိုကပ် .. လိုတာထက် ကို ပိုပြီး စွဲမက်စရာ..ကောင်းနေတယ်..
အပူရောင် ၀တ်စုံ ကျပ်ကျပ် နဲ့ ...နင့်အသံကို က.. သွေးကြွနေစေတာ..
ဧပရယ်လ် ရယ်.. နင်ဟာ..မရိုးမရွ အပျိုမ တယောက်လိုပါပဲ..
အင်း...
ငါကတော့..ဧပရယ်လ် မှာ..အပျိုမ ဘ၀ က.. ပြိုကျခဲ့တာ
ခုဆို..ဆယ်ရတု ပေါ့ .. ထပ်ပြီး ဦးညွတ် လိုက် အုံးမယ်..
ဆိုတော့...ဧပရယ်လ် မှာ သန္ဓေ ၀ယ်ရ ရင် ကောင်းမလား..
---
---
အေးလေ..ငါ့အတွက်က .. ဘာမှ အလကားမရ ..
အလကားရ နေတာတွေက.. အရေမရ.. အဖတ်မရ...
အရေမရ တောင်.. ရီရရင် ပြီးရော..
အဖတ်မရတောင်.. ဖတ်ရရင် ပြီးရော...ဆိုပြီး
ပြီး..ပြီးရော ... ချော်လဲ ရောထိုင်..
ဒူးကိုင် ကြည့်တော့မှ.. ဘယ်လောက်ကြာအောင် ထိုင်နေမိ မှန်း သိတော့တယ်...
အတော်ပဲ..ဧပရယ်လ်..ငါ့ကို ခဏ သယ်သွားစမ်းပါ..
ဒီနေ့ မှာ.. ငါ ရူးချင်ယောင် ဆောင်ထားလိုက်မယ်..
လာသမျှ ဒုက္ခသည်တွေ ကို ခိုလှုံခွင့် ပေး တဲ့... နိုင်ငံ..
ဒီမိုကရေစီ အပြည့်ရှိတဲ့ နိုင်ငံ...
လမ်းမပေါ် ဆေးရိုးလှမ်းတဲ့ နိုင်ငံ..
အချိန်ကလွဲ လို့... ဘာမှ ပေးစရာ မလို တဲ့ နိုင်ငံ...
မျက်နှာကလွဲ လို့.. ဘာ အထောက်အထားမှ မတောင်း တဲ့ နိုင်ငံ
ဘာပဲဖြစ်ဖြစ်..
ဥလျှောင်ကြီး ဇူခမ်ဘခ် ကို ကျေးဇူးတင်ပါရဲ့...
အလဲ့ ကွယ်...
ငါသွားအုံးမယ် ဆိုမှ..
ပန်ဒိုရာက..လွမ်းနေမယ် တဲ့.. မသက်ဝေက..လွမ်းနေမယ်တဲ့..
အသက်မပါ တဲ့..နည်းပညာတွေနဲ့... ချွဲပဲ ချွဲတတ်ပုံ...
အမေးအမြန်း ကလည်း ထူသေး..
ဘာလို့ သွားမှာလဲ
ဘယ်တော့ပြန်လာမလဲ..
သူ့ကို ဘယ်လို ထင်လဲ..
(ကဲ).... လဲ တပွင့်... ကလစ် လိုက်တယ်..
နောင်နှစ်ခါ လည်း ဆီးလို့ ကြိုကွယ်.. မောင်ကြီးပြန်လာမယ်..
( April fool မှာ face book ကနေ deactivate လုပ်ခြင်းကို ရည်ညွန်းလျက်...)း))
ဧပရယ်လ် ထဲ မှာ မျက်နှာဖွက်ခြင်း
လိုက်
face book မျက်နှာ ဘုတ်အုပ် မှာ အပျော် တင်ထားတဲ့ ကဗျာ လိုလို.. ဘာလိုလို လေး တခုပါ..။ အရင်းအတိုင်း ပြန် ကူးတင် လိုက်ပါတယ်။ မျက်နှာ သူငယ်ချင်း တွေ ရဲ့ ယဉ်ကျေးမူ လေး..ပျော်ရွှင်စရာလေး တခု ဆိုပါတော့..း)
လိုက်
by Kay Htwe on Thursday, March 3, 2011 at 11:38am
မိတ်ဖြစ်ဆွေဖြစ် ..လိုက်
အားနာပါးနာ…လိုက်
အလွယ်တကူ.. လိုက်
ယောင်ယောင်မှားမှား..လိုက်
ပြောင်စပ်စပ်နဲ့..လိုက်
အမြင်ကပ်ကပ်နဲ့..လိုက်
သူများလိုက် လို့ ..လိုက်
(သူ) များ..မြင်မလား လို့..လိုက်
ကြောင်ချင်လို့..လိုက်
ငေါင်မနေချင်လို့..လိုက်
တိုင်းပြည်အတွက်..လိုက်
ချစ်သူအတွက်..လိုက်
ကြိုက်လို့ လိုက်
မိုက်လို့ လိုက်..
လိုက်သာလိုက်..
လိုက်
လိုက်..
Like
---
K
အားနာပါးနာ…လိုက်
အလွယ်တကူ.. လိုက်
ယောင်ယောင်မှားမှား..လိုက်
ပြောင်စပ်စပ်နဲ့..လိုက်
အမြင်ကပ်ကပ်နဲ့..လိုက်
သူများလိုက် လို့ ..လိုက်
(သူ) များ..မြင်မလား လို့..လိုက်
ကြောင်ချင်လို့..လိုက်
ငေါင်မနေချင်လို့..လိုက်
တိုင်းပြည်အတွက်..လိုက်
ချစ်သူအတွက်..လိုက်
ကြိုက်လို့ လိုက်
မိုက်လို့ လိုက်..
လိုက်သာလိုက်..
လိုက်
လိုက်..
Like
---
K
Rosalind Tay လိုက် .. လိုက်.. Like.. Very Like.. Very, Very Like... :)
Yesterday at 11:57am · · 2 people like
Ko Thar Ngel တိုင်းပြည်ချစ်သူတွေ နောက်ကို ( အလိုတော်ရိ )ခွေးများ တစီစီ လိုက်တာလည်း ကျန်သေးတယ် မဟုတ်လား ... မကေ ?
Yesterday at 12:24pm · · 2 peopleLike
Chit Kyi Aye အန်လိုက်သာ ရှိမယ်ဆို....ကိုယ့်ကိုယ်ကို ပြန် ကလစ်လိုက်ချင်တာ.....အဟုတ်
Yesterday at 2:10pm · · 2 peopleLike
Moe Cho Thinn တကယ်က ကိုယ်ချစ်ခင်နေသူတွေ လုပ်တာ ရေးတာတွေကို ချစ်ခင်စိတ်နဲ့ ကြည့်တော့ ဖတ်တော့ like မိတာပေါ့။ you က I like တာကို မ like ဘူးလားးးး :D :D
Yesterday at 2:48pm · · 9 peopleLike
Chit Kyi Aye ဟော Like မိပြန်ပြီတော့် အဲဒါတွေကြောင့် ကိုယ့်ကိုယ်ကို မ Likeတာ...
Yesterday at 2:52pm via · · 2 peopleLike
Moe Cho Thinn မမ CK, တကယ်က ကိုယ် မအားလို့ မကြည့်မိတဲ့အချိန် လွတ်သွားတဲ့ like စရာတွေ တပုံကြီး ရှိသေးတာနော်.. (CK = ချစ်ကြည်၊ ချစ်ကောင်း မဟုတ်) ဟိ..
Yesterday at 2:54pm · · 3 peopleLike
Chit Kyi Aye ဟုတ်တယ် ချိုသင်းရဲ့ ကိုယ်ကလည်း ချစ်တတ် ခင်တတ်သူမို့ ချစ်တဲ့ ခင်တဲ့
မျက်စေ့နဲ့ကြည့် အကုန် Like ပစ်နေမိတာ...မသိရင် ဖောရှောကြီး
လုပ်နေသလိုလို....:)
Yesterday at 2:57pm via · · 4 peopleLoading...
Turn On Ideas အဖိုးကြီးလည်း လိုက်
အဖွားကြီးလည်း လိုက် မွေးကင်းစအာပြဲလေးလည်း လိုက်
အကြော်သည်၂ယောက်ထချတော့လည်းလိုက်းP
Yesterday at 4:08pm · · 3 peopleLoading...
Mae Coe ချစ်လို့လိုက်ပါတယ် :P :P
Yesterday at 6:39pm · · 3 peopleYou, Aung Tha Nge and Little Brook like this.
Lynn Depa အပေါ်က ဒေါ်မယ်ကိုးကို ....“ချစ်လို့လိုက် ချစ်လို့ လိုက်ခဲ့တယ်.. ချစ်လိုလိုက် ချစ်လို့လိုက်ပါတယ်.. ”ဆိုပြီး “ချစ်လူမိုက်” သီချင်းကို “ချစ်လို့လိုက်”လို့ ပြောင်းဆိုရမယ် ။ :P :P
23 hours ago · · 5 peopleLoading...
Naw Shunn Lae Win like ချင်လို့ like တာကို မမကေ က like တာကို အမျိုးမျိုး ဖွင့်လိုက်တော့ ကိုယ်တောင် ဘယ် like နဲ့ ညိမှန်း မသိညိသွားပြီး ရောယောင် like လိုက်တယ်... ဒါပေမယ့် သဘောကျလို့  like တာပါ.... :D
23 hours ago · · 3 peopleLoading...
Aung Tha Nge ကွန်မန့်တွေ အားလုံး လိုက်သွားတယ်... ATN လောက် ဘယ်သူမှ လိုက်နိုင်မယ် မထင်ဘူး... မကျေနပ်ရင် သည်ကွန်မန့်ကို လိုက်လိုက်... ကိုယ့်ဘာသာကိုယ်လည်း ကိုယ့်ကွန်မန့်ကို လိုက်သွားတယ်... အေးရော...
21 hours ago · · 5 peopleLoading...
Aung Tha Nge ခင်လေး ... ငါ့ညီမ ... ညည်းကြည့်ရတာ မကျေနပ်ဘူး ထင်တယ်...း))
21 hours ago · · 2 peopleLoading...
Breathing Linn အို.. ဘာပဲ ပြောပြော တစ်ခါ Like ပီး ထပ် Like လို့မရတော့ဘူးပဲ စိတ်လေးတော့လျှော့လိုက်..။ ဟဲဟဲ
21 hours ago · · 2 peopleLoading...
Aung Tha Nge ခင်လေး... ကိုကြီးကို စိတ်တိုအောင် မလုပ်နဲ့နော်... ထပ်လိုက်ပလိုက်မယ်... ဘာမှတ်နေလဲ...
21 hours ago · · 1 personLoading...
Breathing Linn သေချာပါပြီ ငါ့အစ်ကိုတော် ပုလင်းမှောက်သွားပြီ.. ((ပါးစပ်ထဲပြောပါတယ်))
21 hours ago · · 2 peopleLoading...
လိုက်



