အတူ


ကမ္ဘာကျော် ဥရောပ သံစုံဂီတ အဖွဲ့ တခု ရဲ့၊  တီးဝိုင်း ခေါင်းဆောင်ကြီး တယောက် ဟာ၊ သူ့မိန်းမ မှာ ကင်ဆာ ဖြစ်လာတာကြောင့် ၊ ဆွစ်ဇာလန် ရဲ့ အသက်သေခန်း တခု မှာ သွားပြီး ၊ နှစ်ယောက် အတူတူ ၊ ငြိမ်းငြိမ်းချမ်းချမ်း  အဆုံးစီရင် သွားတယ် ဆိုတဲ့ သတင်း ကို၊ အံ့သြခြင်း ကြီးစွာ နဲ့ ၊ အမှတ်ထင်ထင် ရှိ နေခဲ့ သည်။

Die in Dignity ဆိုတဲ့ ကိစ္စ ကို  နားမလည် နိုင်သလိုမို့ အများကြီး ဆက်မတွေး ကြည့် နိုင်ခဲ့ပေ။  ဒါပေမဲ့ ဇနီးမောင်နှံ နှစ်ယောက် ရဲ့ ချစ်ခြင်းမေတ္တာ ဆိုတဲ့ ကိစ္စကြီး ကိုတော့.. နားမလည် နိုင် ရက် နဲ့ပဲ.. အခု ထက်ထိ ၊ တွေး နေ မိ ခဲ့ သည်။ 

တလောက၊ ဖတ်လိုက်ရ တဲ့ ၊ အင်တာဗျူးလေး တခု ကြောင့် အဲဒီ အတွေး တွေ ကို ပိုပြီး ဆန့်ထွက် လာ စေ ပြန်တယ်။

တိုက်တိုက် ဆိုင်ဆိုင် ၊ Die in Dignity အတွက် ရှေ့ဆောင် ပြီး လုပ်ကိုင် နေတဲ့၊ Dr Peter Goodwin ဆိုတဲ့ ၊ ဆရာဝန်အိုကြီး ကို တိုင်းမ် မဂ္ဂဇင်း မေးခွန်း ဆယ်ခု ကဏ္ဍ မှာ နောက်ဘ၀ မှာ ဘာတွေ ဆက်ဖြစ်ချင်ပါ သလဲ  လို့မေးတော့..နောက်ဘ၀ တခု ရှိခဲ့ရင် ၊ သင်ကြားစရာ တွေ အများကြီး ဆက်သင် ချင်သေးတယ်... ပြီးတော့ ကျနော့် မိန်းမ နဲ့ ပြန်ဆုံ ချင်ပါတယ်  တဲ့။ ပြောပြီး သိပ်မကြာ ဘူး၊  အဲဒီ ဆရာဝန်ကြီး ကိုယ်တိုင် သူ့ကိုယ်သူ ဆေးထိုးပြီး ကောင်းကောင်းမွန်မွန် အသက်သေပြ သွားခဲ့သည်။ အခုအချိန်ဆို သူ့မိန်းမ နဲ့ တွေ့နေ ပြီလား။

သေတပန် သက်တဆုံး ဆိုတဲ့ ၊ အဲဒီ အမျိုးသားကြီး နှစ်ယောက်လုံး ရဲ့ ၊ ရင်ထဲမှာ တည် ရှိ နေ ခဲ့ တဲ့ အရာ ဟာ၊ သူသူငါငါ အလွယ်တကူ ပြောဆို နေကြတဲ့၊ စွဲလန်းတပ်မက် တဲ့  အချစ်မျိုး တော့ ဟုတ်မည် မထင်။ ဒါဆိုရင်  အဲဒီ စွဲလန်း တပ်မက် တဲ့ တဏှာ အချစ် တွေ ကို ဖြတ်သန်း ကျော်လွန် လာတဲ့ ၊ လေးနက် တည်ကြည် တဲ့ မေတ္တာအချစ် စစ်စစ် တွေ လား ။ 

သေချာတာ တော့ ၊ အချစ် ဆိုတာကို ဘ၀ တွေ ထဲ ၊ အရူးအမူး ဆွဲယူ လာ တတ်ကြ ပေမဲ့ ၊ မေတ္တာ ဆိုတာကိုတော့ ဘ၀ တွေထဲ မှာ မြတ်မြတ်နိုးနိုး ထိမ်းသိမ်း ထားနိုင်သူ သိပ် အများကြီး ရှိမည် မထင်။ 


++++++



မင်္ဂလာ နှစ်ပတ်လည် ဆယ့်တစ်နှစ် အတွက် ၊ တခုခု လုပ်ကြရ အောင် လို့ သူက စပြောလာ တော့၊ အေးလေ လုပ်ကြတာပေါ့ လို့ သဘောတူ လိုက် ပေမဲ့၊ နှစ်ယောက်လုံး  ဒီလောက်ကြီး လည်း ၊ တက်တက် ကြွကြွ ၊ ရှိ မ နေ လှ တာ၊ အခြင်းခြင်း သိနေ ကြ သည်။  အေးလေ.. ဆယ့်တစ်နှစ် တောင် ရှိ ခဲ့ ပြီပဲ…ဘာများ တက်ကြွ ရ အုံးမလည်း လို့ တယောက်တည်း ရယ်သွမ်းသွေး ချင် မိ သေး သည်။

တိုက်တိုက်ဆိုင်ဆိုင်  နေ့ရော ရက်ပါ တထပ်တည်း ပြန် ကျ တဲ့ ၊ စနေ မနက်ခင်းလေး မှာ ၊ မနက်ခင်း ကော်ဖီ ပြီးလို့၊ အခါတိုင်းနေ့ တွေ လိုပဲ၊ ဆေးကြော ရှင်းလင်း ဖို့ လုပ်နေ တုန်း၊ သီချင်းသံ တခု ထွက်လာလေ သည်။ 

 This is the day that the Lord hath made , And I’m so glad He made you....








အဲဒီ သီချင်းလေး ကို၊ အဲဒီတုန်းက သူကိုယ်တိုင် ရွေးခဲ့သလို ၊ အခုလည်း သူကိုယ်တိုင်ပဲ  သတိတရ ပြန်ဖွင့်နေ ပြန် လေသည်။   နေရောင် နွေးနွေး ဖြာကျ နေတဲ့ ၊ အိမ်ရှေ့က မြက်ခင်းပေါ်မှာ ၊ ငှက်ကလေး နှစ်ကောင် အတူ နားနေ ကြ သည်။   ကြည်နူး စရာ ကောင်းတဲ့ မနက်ခင်း လေး တခု ပေါ့။

တကယ်ပဲ အဲဒီနေ့ ကို ၊ ဘုရားသခင် လုပ်ခဲ့လေ သလား ။
သေချာတာတော့၊ ကျမ ကိုယ်တိုင် လုပ်ခဲ့ ခြင်း တော့ မဟုတ်ပေ။ 
 


++++++


ကေမလုပ်ဘူး ဆိုတော့… လို့ မေးခွန်းထုတ် ဖို့ ခက်နေ တဲ့၊ ညီမ ကို ၊ ပြုံး ပြ လိုက်ရင်း၊ ညည်း အမ အကြောင်းကို ညည်း  မသိ ဘူးလား .. ဘယ်အရာကို မဆို  .. နိုး လို့ လည်း ပြတ်ပြတ် သားသား မငြင်းဆန် တတ် သလို ၊ ရက်စ် လို့ လည်း လိုလိုချင်ချင် မလိုက်လျော တတ် တဲ့ သူလေ … ဆိုတော့ ၊ ညီမ ရဲ့ မျက်လုံးလေး တွေ ၊ ဖျပ်ကနဲ ၊ ထောင့်ကပ်သွားသည်။

သူသိတာပေါ့။ ဒီ ညီမ တကောင် သူ့ရှေ့ကို ခု ဘာလို့ ရောက်လာတာ လည်း သူ ကောင်းကောင်း သိနေတာပဲ။

သမီး ..သူ့ကို လက်မထပ်ချင် တော့ ဘူး.. ဘာလုပ်ရမလဲ လို့၊ မျက်စိ မျက်နှာ ပျက်နေတဲ့..ညီမ ကို ၊ ဘာမှ လုပ်မနေနဲ့ မင်္ဂလာပဲ ဆောင် လိုက် လို့… ခပ်နောက်နောက် ဖြေ ရင်း ၊ မိန်းမ တွေ ရဲ့ ရီစရာ ကောင်း တဲ့ သဘောသဘာဝ အကြောင်း ၊ နှစ်ကိုယ်ကြား တယောက် တလှည့် ရင်ဖွင့် ပေး ယုံက လွဲ လို့၊ ဘာများ ဒီ့ထက် ပိုကောင်းတဲ့ အကြံ ပေး နိုင် တော့ မှာ လဲ ။


ရန်ကုန် တက္ကသိုလ်ရဲ့ စာသင်ခန်း တွေ ထဲမှာ၊ ခင်မင် ရင်းနှီး ခဲ့ ၊ နောက်ဆုံး နှစ် မှာ ချစ်သူ တွေ ဖြစ်ခဲ့၊ တရပ် တမြေ ကို ထွက် ပြီး၊ ဘွဲ့လွန်တန်း တွေ တက်တော့လည်း၊ အတူတူ ၊ ကျောင်းတွေပြီး လို့ ၊ အလုပ်လုပ် ကြတော့ လည်း၊ တရုံးတည်း ၊ ဘေးချင်းကပ်  ဒီလို နေလာခဲ့ ကြတဲ့ တရက်မှာ ၊ လက်ထပ်ကြရအောင် လို့ သူက စ ပြောလာတော့ ၊ ဘာရယ်ကြောင့်မှန်း လဲ မသိပဲ၊ စိတ်လှုပ်ရှားမူ တွေ ပျောက်ဆုံး နေ ခဲ့ သည် ။ တပတ်လောက် ကြာတော့ ၊ ကိုယ့်ဖာ ကိုယ် ၊ အသေအချာ ဆုံးဖြတ်ပြီးပြီ ပေါ့-  ဆိုပြီး ၊ ခပ်တည်တည် နဲ့ သူ့ရဲ့ လက်ထပ်ခွင့် ကို ငြင်းဆန် လိုက်တယ်။

 မယုံနိုင်လောက်အောင် သူ အကြီးအကျယ် အော်ဟစ် ပေါက်ကွဲ ခဲ့ သလို ၊ ကိုယ်လည်း မိုးရေတွေထဲ ပြေးထွက်ရင်း ကိုယ့်ကိုကိုယ် ရှာမတွေ့နိုင်တော့သလို သည်းသည်းထန်ထန် ငိုကြွေး နေ ခဲ့ မိ တယ်။ နောက်ဆုံးတော့.. ဘယ်သူ မှ လည်း လိုက်မချော့ ၊ ဘယ်ဝါ ကမှ ၊ လာပြီး အတင်း မတိုက်တွန်းပါပဲ နဲ့ ၊ အသေအချာ ဆုံးဖြတ်ထားပါတယ် ဆိုတဲ့ “ နိုး” ကြီး ကို ၊ ဟိုးအဝေး ကြီး ကို လွှင့်ပြစ်လိုက် မိ တော့တယ်။ အဲဒီနောက် တော့..  “ရက်စ် အိုင်ဒူး ”ဆိုတဲ့ ၊ ကိုယ်နဲ့ မကျွမ်းဝင် တဲ့ စကားလုံး အပြောအဆို တွေ ကို ၊ စပြီး ၊ လေ့ကျင့် ပြင်ဆင် ရ တော့ တာ ပဲ လေ။


++++++



ဟင်- လက်မထပ်ချင် တော့ ဘူး ဆို တဲ့..ကြီးဒေါ်.. လို့  မကြားတကြား ကလိ တော့ ၊ အဲဒီ ညီမ အစုတ်ပလုပ် ဟာ ၊ ခုတော့ လည်း တဟီးဟီး နဲ့ ။ လုပ်လိုက်သေးတယ်။ ရှူး..တိုးတိုး တဲ့ ။

ခုတော့ ၊ လွန့်လွန်လွန်း ပြီ၊ သတို့သမီး ၀တ်စုံ က၊ မြန်မာဝတ်စုံ တင် ၊ အရောင် နှစ်ရောင် ။ ရန်ကုန် ကို ပြန်မှာ ရ တဲ့ ၊ ရွှေခြေကျင်း၊ ကတ္တီပါပုံတော်၊ ပုဝါ မှာ စီးကွင့်စ် ထိုးတာ ၊ လိုချင်တဲ့ ပုံစံ မဟုတ်လို့ ၊ ပွစိ ရတာ တမျိုး။ စင်ကာပူ မှာ ၊ သူတို့ သူငယ်ချင်းတွေ ကြား ခေတ်စား နေတဲ့၊ ပရီ ၀ဒ်ဒင်း ဆိုပြီး ဓါတ်ပုံ ရိုက်တာ က လည်း၊ ဂါဝန် က ရောင်စုံ ။ သွားလိုက်ရတဲ့ နေရာ တွေ လည်း စုံလို့။ စန်တိုဇာ ၊ စကိုင်းပါ့ခ် ချိုင်းနိစ် ဂါးဒန်း နေပူ ကြီးထဲမှာ သူတို့ကြည့် ပြီး ကိုယ်က မော လို့ ။

မော မနေနဲ့.. အဲဒီတုန်းက သူဖြင့် ဘာမှ မစီစဉ်ပဲ၊ သတို့သမီး အကျီ င်္လေး တထည်တောင် ပိုက်ဆံ သမြော လို့၊ ကိုယ့်ဖာကိုယ် ချုပ်တာ မဟုတ်လား.. တဲ့။ 
ဖေ့စ်ဘွတ်ခ် မှာ တင်ထားတဲ့ ၊ ညီမ ရဲ့ မင်္ဂလာပုံတွေ ထိုင်ကြည့် နေ ကြ တုန်း၊  သူက ရန်စ သည်။
သြော.. သူ့ဖာသူ ရှေ့က လုပ်ချင်တာတွေ လျှောက်လုပ်တော့ ၊ ကျုပ်က နောက်က ၊ အစ အန မထွက်၊ အလေ အလွင့် မရှိအောင် ၊ လုပ်ရတာ မဟုတ်လား။

ဘာပဲပြောပြော ၊ အဲဒီတုန်းက ၊ ကိုယ့်သတို့သမီး ၀တ်စုံ ကို ၊ ကိုယ့်ဖာသာ ချုပ်ဖြစ် ခဲ့တာ၊ အခုထိ တွေးတိုင်း၊ ကျေနပ် နေမိတယ်။  အကုန်အကျ သက်သာလား မသက်သာ လားတော့ မသိ ။ Bugis , Arab street  မှာ ပိုးတွေ ဇာတွေ သွားရွေးဝယ် ၊ ဂါဝန် ကားကားကြီးတွေ မကြိုက်တော့ ၊ မြန်မာလည်း ဆန် မဲ့ ၊ ဒီဇိုင်း လေး တွေ Spot Light မှာ သွား ရှာ ၊ ဟိုဟာလေး ဒီဟာလေး တွေ နဲ့ ရတဲ့  ပိတ်ရက်ကလေး တွေ မှာ၊ အချိန်လု လုပ်ရတာ နဲ့တင် ကိုယ်က မောနေပြီ။ အဲဒီ အချိန်မှာ ၊ သူက ၊ အချိန် ၊ နေရာ၊ အကျွေးအမွေး၊ ဖိတ်စာ ၊ မြန်မာပြည်ကနေ ပင့်ဖိတ်ရမဲ့ ဆရာ က အစ ၊ ဖွင့်မဲ့ သီချင်း တီးလုံး  အကုန်လုံး သူ ရွေးချယ် စီစဉ် နေ ခဲ့ သည်ပေါ့။ လစာ ၂ လစာ ကြို ထုတ်ပြီး ၊ C.H.I.J.M.E.S  လို နေရာမျိုး ကို ရွေးလာ တော့ ၊ ကိုယ်က သိပ်သဘောမကျ  ။ ခမ်းခမ်းနားနား သိုက်သိုက်ဝန်းဝန်း ကြီးတွေ ကို၊ ဘာလို့လည်း မသိ၊ ရွံတွံ့တွံ့ ရယ်။ အကောင်း မကြိုက်တဲ့ သူ လို့ သူ အမြဲ ပြော သည် လေ ။ သူတို့ ဘုရားကျောင်းက ဆရာ ကလည်း ၊ ဒါမျိုး ဆိုတာ တသက်မှာ တခါ မို့ လူရှေ့ ဘုရားရှေ့ မှာ သေသေချာချာ ကျကျနန လုပ်သင့် တဲ့ အကြောင်း ၊ သြ၀ါဒ တွေ လာချွေ သေး တယ်။ အခမ်းအနား အစီအစဉ် ကို ကြိုတိုက်ရ ဖို့ ဆိုတာလည်း ရှိသေး သည်။ ဘာတွေမှန်းတော့ မသိ ၊ လူက..ခေါင်းက အတော်မူး နေပြီ။ ရက်ကလည်း ကပ်နေပြီ။ ကိုယ်တာဝန် ယူထား တဲ့ အကျီ င်္တောင် လက်စ မသပ်နိုင်သေး။ လက်ထပ်ပွဲ မှာ တက်ပို့ပေး မဲ့ အဒေါ်လုပ်သူ က.. သတို့သမီး ၀တ်စုံ ပုံမပေါ်သေး လို့ ၊ စိတ်ပူ စ ပြုနေပြီ။ သူ့ဖက်ကတော့ ၊ မြန်မာပြည်က သူ့အဖေ ကို လှမ်း ခေါ်ဖြစ်ပေမဲ့ ၊ ကိုယ့်ဖက်ကတော့ မြန်မာပြည်က မိဘ တွေကို၊  တကူးတက မခေါ် နိုင် ၊ မခေါ် ဖြစ် တော့ ပေ။ လမ်းကြုံ တာနဲ့ သဘောင်္ ပေါ်က ခဏ ဆင်းလာတဲ့ ခဲအို အကိုကြီး  ကလွဲရင်၊ ကျန်တာက..စင်ကာပူ မှာ ရှိတဲ့ အဒေါ် နဲ့ ၀မ်းကွဲမောင်နှမတွေ၊ အတူနေ သူငယ်ချင်း တွေ သာ။ နက်ဖန် မင်္ဂလာပွဲ ဆို ၊ ဒီနေ့ လို ညနေခင်း မှ၊ မပြီးမဖြစ် ပြီးသွားရ တဲ့ သတို့သမီး ၀တ်စုံ မှာ၊ အောက်နားကို ပန်းတွေ တပွင့်ချင်း လက်ချုပ်နဲ့ အသည်းအသန် လိုက်ကပ် ပေး ရ တဲ့၊ သူငယ်ချင်း ကို၊  သတိရ မိ သည်။ 

အဲဒီ သူငယ်ချင်း ကတော့ အခုထိ အပျိုကြီး ။ သူနဲ့ အပြိုင် လုရင်း  ပန်းစည်း ရ သွားတဲ့ သူငယ်ချင်း နောက်တယောက် ကတော့၊ အခု အတူနေ ချစ်သူ နဲ့။ 


++++++



လောကမှာ တယောက်တည်း နေခြင်း ၊ လက်ထပ်ထိမ်းမြားခြင်း ၊ လက်မထပ် ပဲ အတူ နေခြင်း ၊ ဘာတွေများ ကွာခြားလို့ လည်း  လို့ ၊ စကားတောက် လာ တဲ့ မိတ်ဆွေ  တယောက် ကို ၊ အပြင်ပန်းအားဖြင့် တော့ ကွားခြားကောင်း ကွာခြားပေမဲ့ .. အတွင်းထဲမှာတော့ တယောက်တည်း ဆိုတဲ့ အတ္တက .. ဒီ အတိုင်းပဲနေမှာပါလေ..   လို့ မှတ်ချက်ပေး ခဲ့ ဖူး သည်။ 

အဲဒီ မိတ်ဆွေ ကတော့..သူပြောတဲ့ အရာ တွေ အားလုံး ကို ကျကျနန ကျော်ဖြတ်ခဲ့ ပြီး လို့ ၊ ကွာရှင်းပြတ်စဲ ခြင်း ဆိုတာ ကိုတောင်၊  အောင်မြင်စွာ ဆောင်ရွက် ပြီးမြောက် ခဲ့ တဲ့ သူ။ 

အဲဒီတုန်းက သူတို့ စကားဝိုင်း မှာ ၊ အချစ် နဲ့လက်ထပ်ထိမ်းမြားခြင်း ကို ယုံယုံကြည်ကြည် လိုက်ရှာ နေတဲ့ ၊ အပျိုကြီး ပေါက်စနလေး တယောက်လည်း ရှိနေ ခဲ့သည်။ လေးလေးလံလံ စကား တွေ ကို နားယောင်သွားမှာ စိုးတဲ့ အလား ၊ သူ့နဲ့ ဝေးလံ လွန်းသလို ၊ ငြိမ်ပြီး နားထောင် နေ ခဲ့တယ်။ သိပ်မကြာ ပါဘူး ။ သူလေး လည်း နောက်ဆုံးတော့ ၊ အချစ်ဆုံး ချစ်သူ တယောက် နဲ့ လက်ထပ်သွား လေ သည်။ သူတို့ အားလုံးကို  ဖိတ်စာနဲ့ အတူ ပို့လိုက်တဲ့ မက်ဆေ့ခ်ျ ကလေး မှာ-  ဆီမီးကော်လာ အစက် ကလေး နှစ်စက်  နောက်မှာ လက်သဲကွင်း လေး ချ လို့… သူလက်ထပ်တာ နောက်တောင်ကျသွားတယ်.. တဲ့လေ ။ 

တလောတုန်းက  တခါ၊  သူတို့ ရဲ့ ၂ နှစ်မြောက် မင်္ဂလာ နှစ်လည် မှာ ၊ သတိတရ ဆက်သွယ်လာ ပြန်တယ်။ သူ့အမျိုးသား တပတ်လောက် ခရီးထွက်သွားတာ တောင် သူ့မှာ မနေတတ် ဘူး ဖြစ်နေတယ် တဲ့ ။ ဒီဖက်ကနေ ပြီး၊ အပြုံး အကြီးကြီး တခု သာ ၊ တိတ်တိတ်ကလေး ပြုံးနေ ခဲ့ရတယ်။ 


အဲဒီလို ရူးသွပ် တမ်းတ မူ မျိုး ရှိခဲ့ဖူး သလား လို့ ၊ ကိုယ့် ဖာသာ အတိတ်တွေ ဖုန်ခါ ကြည့် လိုက်သေး တယ်။

ချစ်သူ တွေ ဖြစ်ကာစ က၊ သူ နိုင်ငံခြားကို စထွက် တဲ့ အချိန်မှာ ၊ သစ်ပင်ပန်းပင် တွေ အကုန် အရောင်အဆင်း ကင်းမဲ့ သွားခဲ့ဖူး တာမျိုး ကို တော့ ကြုံဖူးသည်။ အဲဒီ နောက် တော့ ၊ သူတို့ ၂ ယောက် ၊ အကြာကြီး ဝေး နေဖို့ အကြောင်း မကြုံ တော့။ တခါတလေ သူ ခရီးထွက် တဲ့ အချိန်တွေ မှာ၊ အိမ်မှာ တယောက်တည်း ပျင်း တတ်တာက လွဲ လို့၊ ကိုယ်တိုင် ခရီးထွက်ရ တဲ့ အခါ ကျရင်တော့၊  သူ့ကို သိပ် သတိရ မနေမိ တော့ ။ သူ မနှစ်က မိသားစု ကိစ္စ နဲ့ မြန်မာပြည် ပြန်တော့ ၊ သံတောင်ကြီး မှာ တောင် တက်ကြဖို့ ခေါ်တာကို မလိုက်ပဲ နေခဲ့ သတဲ့။ ပြန်လာတော့ ပြောပြ တယ်။ အတူသွားဖို့  save လုပ်ထားတာ တဲ့ လေ ။ အင်းနော် .. ဒါဆို ကိုယ်လည်း သူ့အတွက် ၊ ဘယ်နေရာ ဘာအစီအစဉ် ကို များ save လုပ်ရ ရင်  ကောင်းမလဲ ။ 
 

+++++++



သူတို့ နေတဲ့ မြေနီနီ မြို့ကလေး မှာ၊ စပ်မိ စပ်ရာ မြန်မာ အသိုင်းအ၀ိုင်းလေး က ၊ ပြေးရေ ကြည့် လိုက် မှ ၊ လက် ဆယ်ချောင်း မပြည့်ဘူး ။ အားလုံး ကလည်း သက်လတ်ပိုင်း အရွယ်တွေ နဲ့ အိမ်ထောင် မိသားစု ဘ၀ တွေ ကို ပုံစံ အမျိုးမျိုး နဲ့ သယ်ဆောင် လို့ ။ မကြာခဏ စု မိ ဆုံမိ ကြရင်း တယောက် အကြောင်း တယောက် လည်း ကောင်းကောင်းကြီး တွေ ကို သိနေကြတာပေါ့  ။ ၀ိုင်ကလေးတွေ ဘီယာကလေးတွေ  ထွေလာပြီ ဆိုရင် ၊ အမျိုးသား တွေက ၊ အိမ်ထောင်ရေး ကို ကွန်ထရက် စာချုပ် နဲ့ ခိုင်းနှိုင်း ပြီး ၊ အခြင်းခြင်း စ နောက် လေ့ ရှိတယ်။ သူတို့ အမျိုးသားတွေ စိတ်ထဲမှာ တကယ် ဖြစ်လာ တတ် တဲ့ ၊ ငြီးငွေ့မူ လား လို့ တော့၊ တခါတခါ  သံသယ နဲ့ စိတ်ဝင်စား မိသည်။

 များသောအားဖြင့်၊   မြန်မာတွေ မှာ၊ အိမ်ထောင်ရေး တခု သိပ် အဆင်မပြေဘူး ဆိုရင် လည်း ၊ သားသမီး တွေ မျက်နှာ ၊ ဘာညာ နဲ့ ဒီလိုပဲ တသက်လုံး နေသွားကြ ရတာပဲ .. လို့ တယောက်က ပြောတော့ ၊ မြန်မာပြည်မှာ မွေးခဲ့ ပေမဲ့  မြန်မာ့ ထုံးစံ ဓလေ့ တွေ နဲ့ လုံးဝ ဝေးနေခဲ့ ပြီ ဖြစ်တဲ့ တခြား တယောက်က ၊ အတော် အံ့သြ နေ တယ်။

ဟာ..ဒါ အဓိပ္ပါယ် မရှိတာပဲ .. တဲ့။

အဲဒီ တယောက်က ၊ ဒီနိုင်ငံသူ တယောက်နဲ့ အကြောင်းပါ ၊ ကွဲကွာ ပြီး လို့ မှ ၊ ကလေး နှစ်ယောက် နဲ့ စင်ဂဲလ် ဒယ်ဒီ တောင်ဖြစ်နေ ခဲ့ ပြီ ။ သူ့အတွက်တော့ သစ္စာ သမာဓိ နဲ့  အနစ်နာခံမူ ဆိုတာ တွေ ထက် ၊ တကိုယ်ရေ လွတ်လပ်မူ ကိုသာ ပိုပြီး အလေးထား လိမ့်မယ်.. နားလည် နိုင်မယ် ဆိုတာ ၊ အံ့သြ စရာတော့ မရှိပေ။ သားတွေ သမီးတွေ ဆိုတာ ကလည်း ၊ ဒီနိုင်ငံ တွေ မှာ ၊ အရွယ်တွေ စောစော စီးစီး ရောက်လို့ ၊ ပေါက်ချင်ရာ ပေါက် တက် ကြတာ မဟုတ်လား။ အဲဒီ လူ ကိုယ်တိုင် လည်း ၊ သူ့ တကိုယ်ရေ လွတ်လပ်မူ ဆိုတာကြီး နဲ့ အတူ ၊ ရောက်ချင်ရာ ရောက်.. ပေါက်ချင်ရာ ကို ပေါက် .. လို့ ။ သူတို့ အတွက် ၊ အချစ် ဆိုတဲ့ ကိစ္စ ဟာ ၊  လူ နှစ်ယောက် ကြား မှာ ရှိလာတတ် တဲ့  ပျင်းပြ တဲ့ စိတ်ခံစားချက် သက်သက်ပဲ လား ။ 


+++++++



အချစ်ဆိုတာ တကယ် မရှိဘူး  ပါ့ပါ … လို့  ရုတ်တရက် ပြောလိုက်တော့ ၊ သူ နည်းနည်း ကြောင်သွားတယ်။ 

မင်္ဂလာ နှစ်ပတ်လည် မှာ ၊ မိတ်ဆွေ တချို့ကို ဒင်နာ ကျွေးမလို့ ၊ ပြင်ဆင်နေတဲ့ ၊ သူက ၊ အနားမှာ ဟိုယောင်ယောင် ဒီယောင်ယောင် ကူ ရင်း ၊ ထုံးစံ အတိုင်း တွေးချင်ရာ တွေး ပြီး ၊ ပြောချင်ရာ ပြောလိုက်တဲ့ ကိုယ့်ကို မျက်မှောင် ကြုံ့သည်။

“ သိလား.. ရှောလမုန်သီချင်း တွေ ဘာလို့ ကျမ်းစာ ထဲ ရောက်နေတယ် ဆိုတာ တို့ စိတ်အ၀င်စား ဆုံးပဲ .. လက်ခံ နိုင်စရာ အကောင်းဆုံး ဖွင့်ဆိုချက် တခု က… လူသားတွေ ရဲ့ အသွေးအသား နဲ့ စပ်ဆိုင်တဲ့ အာရုံခံစားမူ တွေ၊ အဲဒီ က တဆင့် ၊ အချည်းနှီး စွဲလမ်း တမ်းတ မူတွေ နဲ့ စိတ်ပျက် စရာ တွေ ကို ပေါ်လွင်အောင် ပြ ထားခြင်း ဖြစ်တယ် တဲ့…  ပြီးတော့ အဲဒီ ဆုကျေးဇူး တွေ အပါအ၀င် အရာရာ ကို အပြည့်အ၀ ခံစား နိုင်အောင် ဘုရားသခင်က ဖန်ဆင်းပေး ထား တာ ဖြစ်တယ် တဲ့ ..ဟုတ်လား ..ဘယ်လို သဘော ရ သလဲ …”

 အာ..ကျမ်းစာ ကို အမျိုးမျိုး ဖတ်နိုင်တာပဲ.. ၀တ္တုလို ဖတ်တဲ့သူ၊ သမိုင်းလို ဖတ်တဲ့သူ ၊  ကိုးကွယ်ချင်လို့ ဖတ်တဲ့သူ ၊ ဝေဖန်ချင်လို့ ဖတ်တဲ့သူ   အမျိုးမျိုး ရှိနိုင်တာပဲ ၊ ဖတ်တဲ့ အခါတိုင်း လည်း ၊ ရဗလေးရှင်း က အမျိုးမျိုး ပြောင်းနေ ချင် နေမှာပေါ့... လို့ သူက.. ၊ ပုဇွန်ခွံ တွေ စိတ်ရှည်လက်ရှည် ခွါနေ ရင်း ၊ ခပ်ပြတ်ပြတ် ဖြေတယ်။


“ အင်း..ရှောလမုန် ဘုရင်ကြီး အရွယ်ကောင်း တုန်း မှာ ၊ ဘ၀ တဏှာ တွေ အပြည့်အ၀ ခံစား ပြီး ရေးခဲ့တဲ့ ရှောလမုန်သီချင်းတွေ ကို ဖတ်ပြီး ၊ အိုမင်းမစွမ်း တဲ့ အချိန် ကြမှ ရေး သွားခဲ့တဲ့ ဒေသနာ ကျမ်း ကို ဖတ်လိုက် တော့ အားလုံး ရှင်းသွားတာပဲ ..”


သူက ၊ ပုဇွန်တွေ ပေါ် ကနေ အာရုံ လွှဲ  ပြီး  မော့ ကြည့် လာ တယ်။ တခုခု ရှင်းပြ တော့ မလို ၊ ဟန်ပြင်ပြီး မှ ၊ ကိုယ့်မျက်နှာ ကို အကြာကြီး   စိုက်ကြည့်နေသည် ။ ပြီးတော့မှ  -

ဧည့်သည်တွေ လာမှာလေ..ဆံပင် မဆိုးတော့ဘူးလား တဲ့။

ကြည့်အုံး..ဘာများ ပြောမလို့ လဲ...လို့ ။

အို.. ကိုယ်လူခြင်းတွေပဲ .. မဆိုးပါဘူး ..ဒီလောက်ကြီးလည်းမှ မဟုတ်ပဲနဲ့ …ယူ သာ ထိပ်ပိုပြောင်လာတာ လို့  အတင်းကြီး သူ့ကို ပြန် မျှားဦးလှည့်  ပြစ် လိုက်မိ တော့တယ်။

ဘာမှလည်း မဆိုင်ဘူး လို့ သူက..တဟားဟား နဲ့ ရယ်တော့ ၊ ဆိုင်တာပေါ့ လို့ ရှက်ရှက် နဲ့ ပြန်ရယ် ရင်း၊ လူက  ရေချိုးခန်းထဲ အလိုလို ရောက်သွား သည်။ 

ပြီးတော့  မှန် ထဲမှာ ပေါ်နေတဲ့ ပုံရိပ် တခု ကို အသေအချာ စိုက်ကြည့်ရင်း -
Love comes and goes but kindness remains  
ဆိုတဲ့ ဒေါ်စု ပြောတဲ့ စကား လေး ကို ခပ်ဖွဖွ ရွတ်ရင်း ၊ အားတင်း နေ မိတယ်။ 


ကေ
၁၄ ဧပြီ  - ၁၇ ဧပြီ ၂၀၁၂

◦
Share/Bookmark

နာမည်တွေ ထဲ့ထားတဲ့ ဗုံး

အိပ်ယာ က ရုတ်တရက် နိုး သွား ပုံ က.. တမျိုး တပါး ကြီး...
ဘယ်အချိန် ရှိပြီ မို့လည်း။ မနက်တော့ လင်းနေ ပြီ။
ဒါပေမဲ့..ဒီအချိန် အိပ်ယာ ထ လေ့ရှိတဲ့ အချိန် မှ မဟုတ်တာ။
စောင်ကို ရင်ဘတ် ပေါ် ပြန် ဆွဲ တင် တော့.. ရင်ဘတ် ပေါ်က..တခုခု လျှောကျ သွားသလို...
လက် မှာ  စေးထန်းထန်း ဖြစ်သွားတယ်..

ဘာတွေ ပါလိမ့်…

စောင်ပေါ်မှာ.... လက်ထဲ မှာ..

ကမန်းကတမ်း ဘေး နှစ် ဖက်ကို စမ်းကြည့်တော့..လည်း 

ဘုရားရေ….

နာမယ် တွေ …
နာမည် တွေ .. အများကြီး ရယ်..


Correction pen on paper  by icn2

အိပ်ယာ ပေါ် မှာ.. ပျံ့ကျဲ နေ လိုက် ကြတာ
ခေါင်းအုံး ပေါ် မှာ လည်း လေးငါး ဆယ် ခု..
ခေါင်းအုံး နဲ့ ဆံပင် ကြားမှာ ညပ်နေတဲ့..နာမယ် တခု  ကို.. ခပ်ကြမ်းကြမ်း ဆွဲ ဖယ် လိုက်တော့.. အဲဒီ နာမည် ရဲ့ နောက်ဆုံး စာလုံး ပေါ် မှာ.. ဆံပင် နှစ်ချောင်း  ကျွတ်ပါ သွားတယ်။

ခါးအောက်  မှာ  ခိုးလိုးခုလု ဖြစ်နေ တဲ့ နာမည် တခု ကို.. ဆွဲထုတ် ကြည့်တော့..ခပ်ဆန်းဆန်း နာမည် တခု.. တခါ မှ လည်း မကြားဖူး ဘူး။

ကြည့် စမ်း..
မနက်ခင်း ရဲ့ အလင်းရောင် တန်း တွေ..ခပ်ဖျော့ဖျော့ တိုးဝင် လာ နေ တဲ့.. ပြတင်း ပေါက် ယင်းလိပ် တွေ ကြားထဲ မှာ လည်း..နာမည် တွေ တို့လို့ တွဲ လောင်း ရှိ နေ ကြပါလား ။ တချို့.. နေရောင် အောက် မှာ.. ရောင်ပြန်ဟပ် နေပုံက ..အိပ်ချင် မူးတူး မျက်စိ ထဲ မှာ ..စူးစူး ရှရှ။

အဲဒီ အလင်းရောင် တွေ ကြောင့် များ နိုး သွား တာ လား ။

 တရွှပ် ရွှပ် နဲ့ ..မြည်နေတာတွေ ကရော..
သြော..ပြတင်း ယင်းလိပ် တွေ ကြားမှာ လေတိုး တော့.. နာမည် တွေ အခြင်းခြင်း ခပ်တိုးတိုး ပွတ်တိုက် နေ တဲ့ အသံ..။

ဟိုး မျက်နှာကျက် မှာ ကပ်နေတဲ့..နာမည် ကြီးက တော့ .. ကြေက်စရာ ..အသည်းယား စရာ ကြီး...  ပြုတ်ကျ တော့ မဲ့ အတိုင်း.. တခြမ်းက..အောက်ကို တွဲလောင်း ကြီး ကျ လို့..။

ဒီလောက် များ တဲ့ နာမည် တွေ ဘယ်က ရောက်လာ ကြ တာ ပါလိမ့်...

ရင်ဘတ် ပေါ် မှာ တင် နေတဲ့ နာမည် သုံးလေး ခု  ကို ကိုင်ကြည့် တော့.. ခုလေးတင် မက်လိုက် တဲ့  အိပ်မက် ထဲ က.. သူငယ်ချင်း တွေ ဖြစ်နေ ပေါ့ ။ တကယ်တော့..အဲဒီ အိပ်မက်ကြောင့် နိုးသွားတာ ပဲ ဖြစ်မည်..။

ထူးထူးဆန်းဆန်း .. အိပ်မက် ကလည်း..မက်နေကျ ဟာမျိုး တခု ပါပဲ ။ တကယ်ဆို...အိပ်မက် တမျိုးမျိုး က.. လူတယောက်ယောက် ဆီ မှာ.. ခဏ ခဏ လာ စွဲကပ် တတ်တာ..ထူးဆန်းတာ  ပဲ မဟုတ်လား..။

အဲဒီ နေရာ ပဲ။ အဲဒီ အချိန်ကာလ ပဲ။ ပြီးတော့.. အဲဒီ လို ခံစားချက် မျိုး ပဲ..
တခါတလေ လူတွေ အများကြီး..။ တခါတလေ တယောက်စ နှစ်ယောက်စ …
 ည က အိပ်မက် မှာ တော့... တခါမှ မမြင်ဘူး တဲ့ လူ  တယောက် ပါလာ တယ် ..


စာတွေ တလုံး မှ မကျက်ရ သေး  ပဲ.. စာမေးပွဲ ခန်း ထဲ ရောက်သွား တာ တဲ့..

 စိတ်ညစ်ညစ် နဲ့  တောင်ငူ ကန်တင်းန် ကို ဖြတ်.... ရာမည ပေါက် ဖက် က နေ..ပြည်လမ်းကို ကျော် ပြီး.. အနော်ရထာ အိမ်ယာ ၀င်း  ထဲက နေ အထွက် မှာ.. အင်းစိန် လမ်းမ ဖက်ဆီ ..မောင်းလာတဲ့ ဘက်စကား ကြီး တစီး က.. ရပ်မပေး တဲ့ အပြင်.. ကားပေါ် က..လူ တယောက်က.. သူ့ကို လက်ညှိုးထိုး ပြီး ခွက်ထိုးခွက်လန် ရီ သွားလိုက်တာ…

အဲဒါ… ဘယ်သူ ပါ လိမ့်…ပြန်ပုံဖော်ကြည့်တယ်.... မပေါ်ဘူး..... ၀ါးတားတား နဲ့…

နေအုံး..အိပ်မက် က.. အရောင်နဲ့ လား… အဖြူ အမဲ လား…
အဲဒါလည်း ပြန်တွေးလို့ မရ ဘူး

အိပ်မက်ထဲ မှာ…စကားပြောခန်း တွေ ရော ပါသလား…
ဟင့်အင်း..မသိတော့ဘူး

သူငယ်ချင်း တွေ ရဲ့ နာမည် တွေ ထဲ မှာ ရော နေတဲ့.. အဲဒီ လူရဲ့ နာမည် ကို.. ကောက်ကိုင် ပြီး...အသံ ထွက် ဖတ် ကြည့် တယ်။ ဘာမဆိုင် ညာမဆိုင် နော်။


နာမည် တွေ ကို ကိုင်ထားတဲ့ လက်ချောင်း တွေက... အခုန စာမေးပွဲ ခန်းထဲက..လက်ချောင်း တွေ မျိုး လည်း မဟုတ်ဘူး။ ရင်ခေါင်း ထဲ မှာ ကျတော့..အခုန စာမေးပွဲ ခန်း ထဲက..ခံစားချက် အတိုင်း ပဲ ..  အောင့်တောင့်တောင့်   မောတောတော ကြီး။ စာမေးပွဲ ခန်းထဲ မှာ   ရနေတဲ့  နောင်တ တွေ နဲ့.. ဇောချွေး တွေ က..ခုထိ စောင် ရဲ့ အောက် မှာ..နွေးနေတုန်းပဲ ။

 နောင်တ ဆိုတာ..နောက်ကျ မှ ရ တတ်သတဲ့.....
ခိုင်ထူး သီချင်းက.. အတွေးထဲ အလိုလို ရောက်လာတယ်။  နောက်ကျ နဲ့ နောင်တ က..ဘာလို့.. အသံထွက်ခြင်း သိပ် နီးစပ် နေတာလည်း လို့..တွေး ရင်း.. လေးလံ လွန်း နေတဲ့ စောင် ကြီး ကို တွန်းလှန် ပြစ် လိုက်တယ်။ တော်လှန် တယ် ဆိုတာ က.......


စောင်ပေါ်က..နာမည် တချို့.. ကုတင် အောက်ကို.. ဒလိမ့် ကောက်ကွေး ကျ ကုန်တယ်။ 
 ဒုတ်..ဒုတ်..ဒုတ်  ဆိုတဲ့ အသံ က တချက် နှစ်ချက် ရယ်..( ဖုတ် ဖုတ်) ....(ဖုတ်  ဖုတ်) ဆိုတဲ့ အသံ က များတယ်။ ငုံ့ကြည့်တော့..ဆယ့်လေး ငါးခု လောက် ရှိမလားပဲ။

ကုတင် အောက်ကို ခြေထောက် ချ လိုက် တော့ မှ.. ပို ဆိုးပါလေရော..
ဇွိ ကနဲ.. ပဲ 
 ပျော့စိစိ နာမည် တခု ကို တက်နင်း လိုက် မိ  ပြီ။
ခြေထောက်မှာ.. ပေကျံ သွားတဲ့ အမျိုးအမည် မသိ တဲ့ အရည် တွေ ကြောင့် ရေချိုးခန်း ထဲကို မြန်မြန် ပြေးဝင် လိုက် ရတယ်။

ရေပန်းကနေ  တလဟော  ကျ လာတဲ့  ရေပူ တွေ  အောက် မှာ.. ဟို နား ဒီနား ကပ် နေတဲ့..နာမည် တ၀က်တပျက် တွေ ..အရည် ပျော် ပြီး.. ညစ်တစ်တစ် ရေတွေ အဖြစ်နဲ့ .. ရေဆိုးပေါက်ထဲ   မျောသွားတာ လိုက်ကြည့် နေမိ တယ်။ ဘာမှ လည်း မဟုတ်ဘူး.. ပြီးတော့လည်း ပျောက်သွား တာ ပါ ပဲ နော်... ဟင့်အင်း.. တရားရ တာ မဟုတ်ပါဘူး။ လျှောက်တွေး ကြည့် ရ တာကို ကြိုက်တာ။   ကြိုက်တယ် ရယ် တောင် မဟုတ်ဘူး ထင်တယ်.. တွေးကို တွေးမိ သွား တတ်တာ..  တခါတလေ.. ဘာလို့များ သိပ်တွေး လွန်း နေမိသလည်း လို့  ကိုယ့်ဖာ ကိုယ် ပြန်တွေး မိရင်း..  သိပ်မတွေး နဲ့ လို့  ခဏခဏ  အတွေးထဲမှာ   သတိ ပေး နေ ရ တယ်.. ။ တကယ်ဆို  တွေးတယ် ဆိုတာ...

နားထဲမှာ  ရေ ၀င် နေသလိုပဲ..
နာမည် တခုခု များ  ၀င်သွား သလား..
နားထဲ နာမည် ၀င်သွားရင်တော့ ချက်ခြင်း ပြန်ထုတ်ဖို့ မလွယ်ဘူး...
ထားလိုက် ယုံပေါ့.. အချိန်တန် အတွေး တွေ နဲ့ ပြန်ထွက် သွားလိမ့်မယ်..

ရေစို နေတဲ့.. ဆံပင်တွေ ကို.. တဘက် နဲ့ ခပ်ကြမ်းကြမ်း  သုတ် ပြီး ခါ ပြစ် လိုက် တော့...ဆံပင် တွေ ကြားမှာ  ညပ်ကျန် နေတဲ့..နာမည် တချို့.. မှန်ပေါ်မှာ ကပ် သွားတယ်။   ကြည့်ပါအုံး.. မှန်ပေါ်မှာ  တင်နေတဲ့.. နာမည် တွေ က.. ပြောင်းပြန် ကြီး တွေ။ ဖတ်လို့ လည်း မရ... ရီချင်စရာ

 မှန်ထဲ မှာ ခန့်မှန်းရ ခက်တဲ့ မျက်နှာ နဲ့...အမျိုးသမီး တယောက် ကို ခပ်ဝါးဝါး မြင် ရတယ်။ သူ့လည်တိုင် နား မှာ..နာမည် တခု..။ အဲဒီ နာမည် ကို တော့..ပြောင်းပြန် ဖြစ်နေပေ မဲ့..ဖတ်လို့ ရ နေတယ်။
“တွေး” တဲ့
“တွေး”  ဆိုတာ..နာမည် မှ မဟုတ်တာ
“ထွေး”  လား မသိ
ဘာလို့ “တွေး”  မဖြစ် နိုင် ရ မှာ လည်း  

မှန်ထဲက..အမျိုးသမီးက.. ဇဝေ ဇ၀ါ ဖြစ်နေ တဲ့ အထင် ကို..စိတ်မရှည် ဟန်..
ပြီးတော့.. ဒီနေ့.. ဖေဖော်ဝါရီ ၂၉ နော် တဲ့..။  သတိပေး သလိုလို  နဲ့။

ရက်ထပ် နှစ် မှာ တရက်တိုး ဖေဖော်ဝါရီ နှစ်ဆယ့်ကိုး လို့.. သံယောင်လိုက် ကြည့်တယ်။  အဲဒီတော့ ဘာလုပ်ရမှာ မို့လည်း.. လေးနှစ်မှာ  တခါ ကြုံ တော့..  ရှစ်နှစ်မှာ  နှစ်ခါ ကြုံမှာ ပေါ့ ...။
အချိန်ကို မနာခံ ချင်တဲ့ သူတယောက်ဟာ..ပြက္ခဒိန် တွေ ကိုပါ ကြည့်မရ တာ..ဘာများ ဆန်းလို့လည်း..

အဲဒီလို... တစုံတယောက်က.. သတိပေး သလို.. လိုက်ပြော နေတာ မျိုး ...တော်တော်ပဲ..မနှစ်မြို့ချင်ဘူး။

ဆယ်နာရီ ထိုးတော့မယ်..
ရထား ဆိုက်ကာနီးပြီ...
ဒင်နာ နောက်ကျ တော့မယ်..

အဲလို အသံ တွေ ကို တော်တော် မုန်း တယ်။   နာမည် တွေ လိုပဲ... ပြူးပြူးပြဲ ပြဲ နဲ့။ 
အမုန်းဆုံး တခု ရှိသေးတယ်...
အသက်တွေ ကြီးလာပြီ နော်.. ဆိုတဲ့ ဟာ..

ဒါဆိုလည်း နေချင်သလိုသာ နေပေါ့
မှန်ထဲက အမျိုးသမီးက.. ရွဲ့သည်။  ပြီးရင်တော့..ထိုက်တန် တဲ့ အတိုင်း ဖြစ်လာမှာပေါ့ ...တဲ့

ဒါက ရော..သတိပေး တာ ပဲ လား
 နေပါအုံး.. ဘယ်သူ တယောက်က.. သူ ဘာနဲ့ ထိုက်တန် တယ် လို့ .. ဘယ်လို ပြောနိုင် မှာ လည်း... လူတွေ ဆိုတာ..ကိုယ်နဲ့ ထိုက်တန်တယ်လို့  ထင်တဲ့ဟာ တခုခုကို..စောင့်ရင်း..စောင့်ရင်း နဲ့.. နောက်ဆုံး မစောင့်နိုင်တော့ တဲ့ အချိန်အထိ တောင်..သူတို့ ဘာနဲ့ ထိုက်တန်တယ် ဆိုတာ..သိသွားမှာ မှ မဟုတ်တာ...

စိတ်ပေါက်ပေါက် နဲ့..မှန်ထဲကို စိုက်ကြည့်တော့.. ထူးထူးဆန်းဆန်း..အမျိုးသမီးက..တဖြည်းဖြည်း ပြုံးလာ တယ်။ ဒါပေမဲ့.. ပြုံးတဲ့ပုံက.. လှောင်သလိုလို..

ဒါဆို..နင်က.. ကိုယ် ဘာနဲ့ ထိုက်တန်မှန်း မသိ တဲ့ အဖြစ်နဲ့ ထိုက်တန် တာပေါ့..

တော်စမ်းပါ..

အမျိုးသမီးကို မျက်နှာလွှဲ ပြီး မှန်ရှေ့ကနေ..လှည့်ထွက် ခဲ့တယ်။

အခန်းထဲက..နာမည် တွေ ကို.. ပုံး ထဲ ပြန်ထဲ့ လိုက်အုံး နော်.. လို့.. အမျိုးသမီးက..ပြောဖြစ်အောင် ..လှမ်းပြော လိုက် သေးတယ်။

သူပြောသလိုဆို.. ခုန အခန်းထဲ မှာ ပျံ့ကျဲ နေတဲ့..နာမည် တွေက.. ပုံး တလုံး ထဲက ထွက်လာတာ တွေပေါ့...

အခန်းထောင့်က..ပုံး တလုံး ကို.. အိပ်ယာ မ၀င်ခင် ကတော့.... ဖွင့် ကြည့် လိုက်မိသေး သည်
သေချာ ပြန်ပိတ်ဖို့..မေ့ ခဲ့ တာဖြစ်မည်...
 ကြည့်လိုက် တုန်းကတော့..သမန်ကာ လျှံကာ ပဲ..
တယောက်ယောက် ..အခန်းရှင်းရင်း..လွှင့်ပစ်ရမှာ သမြော လို့....ခဏ  သိမ်းထားတဲ့.. ရောင်စုံ မဂ္ဂဇင်း အဟောင်းတွေ   စုပြုံ  ထိုးထဲ့ ထား သလိုလို…

အခုတောင်.. အခန်းထဲ မှာ.. ပျံ့ကျဲ ရှုပ်ပွ နေတဲ့..နာမည် တွေ ကို..တခု ခြင်း လိုက်ကောက် နေရင်း .. ကိုယ့်နာမည်  ကိုယ်  မနည်း ပြန် တွေးယူ နေရ သည် ။

ကိုယ့် ဖာသာ သိပ်သဘော မကျ လှ တဲ့..နာမည် တခု ။

ဘယ်တတ် နိုင် မှာ လည်း...

ကိုယ်ကြိုက်တဲ့ နာမည် တခု ကိုယ့်ဖာသာ ပြောင်း ပြီး တပ်ထား တဲ့.. နာမည် တွေကို ... စိတ်ဝင်စား မိသည်။
ဟောဒီမှာ .. တခု...ပန်းရောင်ကလေး..
တချို့နာမည်ကြီးတွေက တော့ .. အရောင်အသွေး မပါ.. ညီးငွေ့စရာ။

သံချေး ရောင်လို ညိုညစ်ညစ် နာမည် တထပ် .. ။ မနည်း မ ယူ ရ သည်။  ထိုက်ထိုက်တန်တန် နာမည် တွေ ပဲ လို့..ခပ်ငေါ့ငေါ့ တွေးရင်း.. ပုံး ထဲ ပြစ် ထဲ့ လိုက် သည်။

စိတ်ဝင်စား ဖို့ ကောင်းတာက..တခု နဲ့ တခု အတော်နီးစပ် တဲ့ နာမည် မျိုးတွေ...
 ဥပမာ.. ရှေ့ နာမည် တလုံးက.. ဟိုဖက်က..နောက်နာမည် တလုံး နဲ့ သွားတူ နေတာ မျိုး..။
ကြည့်စမ်း.. ဒီ နာမည် နှစ်ခု ဆို တထပ်တည်း..တသံတည်း..။ နာမည်တွေ တူနေရင် ကျ တော့ ရော..ဘာလို့..တရားမစွဲ ကြ တာ ပါလိမ့်..

သတိထား မိ နေတာ တခု က... နာမည် တွေ အားလုံး..တခု မှ..အနံ့ မရှိ ကြ..။

ငယ် နာမည်... မိသားစု နာမည်..
ကလောင်နာမည်... မူရင်းနာမည်
အနုပညာ နာမည်... လူဆိုး နာမည်
ပြောင်းထားတဲ့ နာမည်.. ပြောင်ထားတဲ့ နာမည်..
မြန်မာဆန်ဆန် နာမည်.. ဘိုလို ဖက်စပ် ထားတဲ့ နာမည်

နာမည်ကြီး
နာမည်ကျော်
နာမည်ပျက်
နာမည်ဆိုး

ပုံးထဲ မှာ နာမည်တွေ ပြည့်နေပြီ..။  ဖြစ်သလို  ပြန်ထိုးသိပ် ထဲ့ ထားတဲ့..ပုံးကို.. တိပ်နဲ့ ခပ်မြန်မြန် ပိတ် လိုက် သည်။  တချို့ ကော်ဇော ပေါ် ကပ် နေတဲ့.. ကပ်သီး ကပ်သတ် နာမည် တွေ.. ပျော့တိ ပျော့ဖတ် နာမည် တွေ ကိုတော့.. လေမှုတ်စက် နဲ့ ထိုး ပြစ်လိုက် သည်။ အခု...  အခန်း ထဲ မှာ..ဘာနာမည် မှ မရှိ တော့...။ နာမည်တွေ အပြည့်အသိပ် နဲ့ ပုံမကျ ပန်းမကျ ပုံးတလုံး သာ ..အချိန်မရွေး ထ ပေါက်ကွဲ နိုင်တဲ့.. ဗုံးတလုံး လို..အခန်းထောင့်မှာ..။

ခဏ နေရင်.. ဘာနာမည် မှ မပါ တဲ့.. အဖြူ အမဲ ..အသံတိတ် ရုပ်ရှင် ကား တကား ကြည့် မည်။
အဲဒီကား .. တော်တော် နာမည် ကြီး နေ သည် ။


.........


ကေ
ဖေဖော်ဝါရီ ၂၉ ၂၀၁၂

◦
Share/Bookmark

ဝှက်ဖဲ (အခန်း ၄)



 ++++++++


အခန်း(၄)-
ကြောင်တကောင် 


ကမ္ဘာ့ ဥတု ရာသီ တွေ ပြောင်းလဲ လာ နေ သည် ။  ဆောင်းဦး ရက်တွေ မကုန်သေး ပေမဲ့…နေ့တာ တွေ တိုစ ပြုလာ နေ ပြီ။

ရုတ်ခြည်း ဆို သလို ညိုကျ သွားတဲ့… ညနေစောင်း တခု ရဲ့  လေထု ထဲ မှာ.. မီးခိုး နံ့ လေး တွေ သင်း လာ သည်။ အိမ် အဟောင်း လေး တလုံး ရဲ့.. ခေါင်မိုး ပေါ် က…မီးခိုး ခေါင်း တိုင် လေး မှာ.. မီးခိုး လေး တွေ တလူလူ  မြင်နေ ရ သည်။ 

မီးလုံး လေး တွေ လင်းစ ပြု လာတဲ့.. လမ်းမီးတိုင် တချို့  က တော့.. သူတို့ အပေါ်က..အုပ်မိုး နေတဲ့.. သစ်ပင် မြင့်မြင့် ကြီး တွေ ကြောင့်…. ရှိ သင့် တာ ထက် ပိုပြီး သေးကွေး မှေးမှိန် နေ သယောင်..။ 

လမ်း ရဲ့ တဖက် ခြမ်း က.. ၀ရန် တာ အဖြူ ရောင် နဲ့.. အိမ် ကလေး ထဲ မှာ.. မီးရောင် တပွင့် နှစ်ပွင့်.. လင်း လာ ပြီး.. မှန်ပြတင်း နောက်က လှုပ်ရှားမူ  တွေ ဆီက.. ၀ရန်တာ ပေါ် ကို.. အသံ တချို့  လွင့် ကျ လာ သည်။ 
...

“   ၀ရန်တာ ကို ဘာလို့ အဖြူရောင် ကြီး သုတ်တာလည်း.. ဒယ်ဒီ ”
..

ထူးထူး ခြားခြား ... ဆံပင် တွေ သပ်သပ်ရပ်ရပ် ဖြီးသင် ထား ပြီး   မုတ်ဆိတ် ကျင်ဆွယ် တွေ တိတိ ရိရိ ရိတ်ဖြတ် ထား တဲ့..အမျိုး သား က.. အနက် နဲ့ မီးခိုးရင့် ရောင် စပ်ထား တဲ့… ဂျာကင် အကျီ င်္ အိတ် ထဲ က..စီးကရက် တလိပ် ထုတ် ပြီး မီး ညှိ သည်။ သူ့ ဆံပင် တွေ ရဲ့ အရောင် နဲ့.. ဂျာကင် ရဲ့ အရောင်က … လိုက်ဖက် နေ သည်။ စီးကရက် မီး ကို..တချက် ရှိုက် ယူ လိုက်ရင်း…

“ အင်း.. မင့် မာမီ ရွေးတာပဲလေ… .. ” 
...
ကောင်လေး က.. ၀ရန်တာ လှေခါး လက်ရန်း ပေါ်ကို ဖြတ်ကနဲ တက်ထိုင် လိုက် ပြီး မှ.. ဘာ ဆက် လုပ် ရမှန်း မသိ သလို..ချက်ခြင်းပဲ.. ပြန်ဆင်း လိုက် သည်။ သူ ငယ်ငယ် က.. လျှောတိုက် စီး နေကျ.. နေရာ လေး မို့.. ယောင်ပြီး အကျင့် ပါ သွား ခြင်း လည်း ဖြစ်နိုင် သည်။ မှောင်ရီ ရီ အလင်း ရောင် အောက် က… နှင်းဆီ ပန်း ရုံ တွေ နဲ့.. ဒန်း ဖြူဖြူ လေး ကို အတန်ကြာ အောင် လက်ပိုက် ပြီး ကြည့် နေ သေး သည်။ ပြီးတော့ မှ..အိမ် ထဲ ကို ပြန် လှည့် ၀င်  လာ သည်။ 

မီးဖို ပေါ် က.. အငွေ့ တွေ တထောင်းထောင်း ထ နေ တဲ့.. အိုး ကို.. ဇွန်းတခု နဲ့ မွှေ နေတဲ့.. အမျိုးသမီး ရဲ့ မျက်နှာ က.. အခါတိုင်း ထက် ပို ပြီး ထူးခြား နေ သည်။ ပျော်နေ သည် လား.. စိတ်လှုပ်ရှား နေ သည် လား…။ အမူ အရာ အသွင် အပြင် က လည်း.. ပို- ပို ပြီး တော့ သာ.. နုနယ် လန်းဆန်း နေ သည်။ ညနေ မစောင်းခင် လေး ကမှ.. အရေးပေါ်  ဈေး ပြေးဝယ် ပြီး…ပြန်လာ ကတည်း က.. လဲလှယ် သေး ဟန် မတူ တဲ့.. လည်ရှည် သားရေ ဖိနပ် အမြင့် က.. စကပ် ၀တ် ထားတဲ့..သူမ ကိုယ်လုံး ခပ်သေးသေး လေး ကို အနေတော် လေး ကြည့် ကောင်း နေ စေ သည်။ 
 ....
...
“ မာမီ့ ကို ကြည့်ရ တာ ပို လှ နေ ပါလား… ”

“ အိုး..သန့်ခ်ယူ ဆွိတီ… အဲဒီလို မပြော လည်း.. မာမီ က.. သား ကြိုက်တဲ့.. ဂဏန်းလုံး တွေ.. အများကြီး ထဲ့ ပေး မှာ ပါကွာ… ငါ့သား လေး အိမ် ပြန်လာ တုန်း….”
....
...
ဝရန်တာ နဲ့ ကပ်လျက်... ထမင်းစားခန်း .. နားနေခန်း..အားလုံး.. နီးနီးကပ်ကပ် တဆက်စပ် တည်း ဖြစ် နေ တဲ့.. ဧရိယာ လေး မှာ.. ဟိုဖက် သွား လိုက်..ဒီဖက် သွား လိုက် .. လုပ်နေသော.. ကောင်လေး က လွဲ ရင်..အရာ အားလုံး.. အခါတိုင်း နေ့ တွေ ကလိုပင်…သူ့ နေရာ နဲ့ သူ နေသားတကျ ငြိမ်ငြိမ် သက်သက်  ရှိ နေ လေ သည်။ မီးဖို နား မှာ အလုပ်ရှုပ် နေတဲ့.. အမျိုးသမီး နဲ့.. မီးဖို ပေါ်က.. စားချင့် စဖွယ် အငွေ့ အသက် တချို့   က လည်း .. နည်းနည်း တော့.. စိတ် လှုပ်ရှား စရာ ကောင်း နေ သည် ပေါ့…။ သြော်.. ပြီး တော့.. နားနေခန်း ထဲက.. တီဗွီ ဖန်သား ပြင် ပေါ် မှာ လည်း.. အရောင် တွေ တဖျပ်ဖျပ် ပြောင်း နေ သေး သည် လေ။

ကောင်လေး ကတော့..သူ တခါမှ မရောက်ဖူး တဲ့ နေရာ တခု လို..မီးဖို ဘေးနား က.. အမျိုးသမီး လှီးချွတ် ထား တဲ့…ဟင်းရွက် တွေကို သွား  ကိုင် ကြည့် လိုက်… တီဗွီ ရှေ့က ခုံ မှာ ညနေပိုင်း သတင်းစာ တစောင် ကြည့် နေတဲ့.. အမျိုးသား ရဲ့ အနား သွား လိုက်  နဲ့… စိတ် လှုပ်ရှား နေ ဟန်…။ ကောင်လေး ရဲ့.. အရပ် က ခပ်ရှည်ရှည်..။  သူ့ ဖခင် နှင့် ပိုဆင် လေ သည်။ 
..
အခန်းထောင့် စာအုပ် စင် လေး နား ရောက်သွား ပြန် သည်။
..
“ ရာ… ဒါ.. မာမီ ဖေ့စ်ဘွတ်ခ် မှာ တင်ထား တဲ့ စာအုပ် မဟုတ်လား…. ပြီးသွား ပြီလား..အထူကြီးပဲ…. ဘာတွေ မို့ လည်း … 

F… R… E…E… D…O…M 

ကောင်လေး က.. စာအုပ် ကို ကိုင် ပြီး တလုံး ခြင်း ဖြေးဖြေး အော် ဖတ် သည်။ ပြီး တော့.. ချက်ခြင်း ဆိုသလို… ကျနော် အိမ်မှာ နေမလို့ ပြန်လာတာ..  လို့.. အဆက်အစပ် မရှိ ခပ်မြန်မြန် ပြော ချ လိုက် သည်။

အသင့် ဖြစ်နေ ပြီ ဖြစ်တဲ့…အစား အသောက် တွေ ကို.. ထမင်း စားပွဲ ပေါ် မှာ.. တခွက်ခြင်း စီစဉ် နေရာချ နေ တဲ့.. အမျိုး သမီး ရဲ့  လက် အစုံ သည် .. တုန့် ကနဲ ဖြစ် သွား သည်။


“ ဘာ ကြောင့် ရယ် မဟုတ်ပါဘူး.. အပြင်မှာ လည်း အဆင်ပြေ ပါတယ်..  ”
..
ကောင်လေး က.. ဘယ်သူ့ ကို မှ…ဦးတည် မပြော သလို..ဘယ်သူ့ ကို မှ လည်း ကြည့် မနေ ပဲ.. ထမင်း စားပွဲ ၀ိုင်း မှာ ပိုင်ပိုင် နိုင်နိုင် ထိုင်ချ လိုက် သည်။

ညနေစာ စား ဖို့.. စားပွဲ ဆီ ထ လာ တဲ့.. အမျိုး သားက.. နံရံ ပေါ် က.. ပန်းချီ ကား ကြီး ကို တချက် လှမ်းကြည့် ပြီး …. သူ့ မျက်လုံး ကို မှိတ်လိုက်သည်။

တလျှောက်လုံး… မီးဖို ဘေး..သူ့ သခင်မ  အနား မှာ ၀ပ် နေ တဲ့ ကြောင်ဝါကြီး က .. ခေါင်းကို ထောင် လိုက် သည်။   မျက်စိ နှစ်လုံး ကို အလည်ခေါင် နှာ နု အထိ ရောက်အောင် ရှုံ့တွ ပြီး ပိတ်ချ ပြစ် လိုက် တော့.. နှုတ်ခမ်းမွေး တွေ ကော့ ပြီး ထောင် တက် သွား သည်။ ပြီးတော့မှ.. ပျင်းကျော ဆွဲ သလို.. ခြေထောက် နှစ်ချောင်း ကို..စုံကန် ပြီး.. ထ လိုက်ရင်း .. ၀ရန်တာ ဖက် ဆီ အသာအယာ ထွက် လာ  သည်။ သူ့ လည်ပင်း က.. ခြူသံ က..သူ့ အတွက် သိပ် နေ သား မကျသေး။

ဝရန်တာ အပေါက်နား ရောက်တော့.. တချက် ပြန်လှည့် ကြည့် သည်။ ထမင်းစားပွဲ ၀ိုင်း လေး မှာ.. လူ သုံးယောက် ခေါင်းငုံ့ ပြီး .. လက်ခြင်း ဆုပ်ကိုင် လျက်.. တစုံ တရာ မှာ ငြိမ်သက် နေ ကြ သည် ။ စားပွဲ နောက်ဖက် နံရံ ပေါ်က.. ခမ်းခမ်း နားနား ပန်းချီ ကားကြီး ထဲ မှာ လည်း...အစား အသောက် တွေ တင်ထား တဲ့ စားပွဲ ရှည်ကြီး အနား မှာ… လူတစု ၀ိုင်းထိုင်ရင်း… တစုံ တရာ မှာ ရပ်တန့် နေ ကြသည်။ 

အပြင်ဖက် ၀ရန်တာ က.. ငှက်လှောင်အိမ် လေး ချိတ်ဆွဲ ထား လေ့ ရှိ တဲ့.. ထုတ်တန်း လေးကို   ကြည့်မြဲ အတိုင်း လှမ်းကြည့် လိုက် ပေမဲ့  .... တဖျပ်ဖျပ် အတောင်ခပ် သံ မကြား ရ တော့ ပေ။
...

မျက်လွှာ ကို ချ ပြီး.. ၀ရန်တာ အပြင်ဖက် ညနေ ညိုရီ ထဲ ဆီ အကြည့် လွှဲ လိုက်သည်။ ထိုင်နေ ကျ.. ၀ရန်တာ လက်တန်း လေးပေါ်..ဖြတ်ကနဲ ခုန် တက် လိုက် တော့.. ခြူသံ ခပ် ပြင်းပြင်း မြည် သွား သည်။  လမ်းတဖက် ခြမ်း သစ်ပင် ကြီး တွေ ပေါ်က.. အိပ်တန်း ပြင် နေမဲ့.. ငှက် ကလေး တွေ များ .. လန့် သွား လေ မလား.. ။




+++++++++
(ပြီး) 



အမေရိကန် စာရေးဆရာ Jonathan  Franzen  ၏ Freedom ၀တ္တုအား ကိုးကား  ခံစား ၍.. ခေတ်တခေတ် နဲ့   လူ များ အကြောင်း ကြိုးစား ရေးဖွဲ့ ထား ခြင်း ဖြစ်သည်။

 

◦
Share/Bookmark

ဝှက်ဖဲ (အခန်း ၃)




အခန်း(၃)-
သူ

နေအုံး…ဝေါ်လတာ ဆိုတဲ့ ကောင် က..ဘာဖြစ် လို့.. ဒီ  Nameless lake  ဆိုတဲ့.. တောအိမ် လေး မှာ တယောက် တည်း ဖြစ် နေ  ရ တာ လည်း

ခု..သူ ဖတ်နေ တဲ့ အထဲ တော့.. ဝေါ်လတာ ရယ်.. အိမ်နောက်ဖေး တောအုပ် ထဲက..ငှက်တွေ ရယ်.. ဘေးအိမ်က.. ကြောင်ကြီးရယ်.. ကြောင်ပိုင်ရှင် ခပ်စွာစွာ အိမ်နီးချင်း မိန်းမ ရယ် သာ…။

ရှေ့ဖက် အခန်း တွေ ကို နည်းနည်း ပြန်လှန် ကြည့် သည်။ 

သြော.. ဒီကောင်က.. သူ့လက်ထောက်မ.. နဲ့.. အကြီးအကျယ် ဇတ်လမ်း ဖြစ် ခဲ့ တာပဲ…။ ပယ်ပယ် နယ်နယ် ရေး ထားတဲ့.. အချစ် ခန်း တွေကို ဖတ်ရင်း.. ဒါကြောင့်..ဒီဝတ္တု ဒီလောက် ထူ နေတာ ဖြစ်မည် ဟု တွေးရင်း ပြုံးမိ သွား သည်။

ရှေ့ ဖက်က အခန်း မှာ တွေ့ လိုက်တဲ့.. အချစ်ဆုံး အခန်းဖော်..ငယ်သူငယ်ချင်း ရစ်ချဒ် က ရော.. ဘယ် လို ပြန်ပါ မှာ တဲ့ လည်း…

စာအုပ်ကို တဖျပ်ဖျပ်  လျှောက်လှန်ရင်း….Mistake was made ဆိုတဲ့.. ခေါင်းစဉ် အခွဲ လေး ကို စိတ်ဝင်စား သွား သည်။ ပတ်တီ ဆိုတာ..သူ့ မိန်းမ ဖြစ်မည်….အဲဒီ အမျိုးသမီး  နေရာ က နေ .. ရေးထား တဲ့.. ကိုယ်တိုင်ရေး ၀န်ခံချက် ဆို ပါလား…။

..
..
..

“ အမယ်.. ၀တ္တု ကြီးကို ကောက်ဖတ် လို့ ပါ လား.. ဘယ် က ဘယ်လို စိတ်ဝင်စား တော် မူ သွား သလဲ ..”

စာအုပ်ကို ပိတ်ပြီး ဘေးမှာ ချ လိုက်ရင်း.. သူ့ ဇနီး ကမ်းပေး လာ တဲ့.. နွားနို့ ခွက် ကို.. ယူ လိုက် သည်။ ဒီည တော့.. ကွန်ပြူတာ စော စော ပိတ် ပြီး.. သူ့ အနား မှာ လာထိုင် လို့ ပါလား..။ ကြောင်ဝါ ကြီး က လည်း သူမ အနောက်မှာ ကပ်လျက်…။ အမြီး ကြီး ကို ထောင်လို့….။


“ အင်း ပေါ့.. မင်းက.. အသဲ အသန် ဖတ်ပြီး.. ပါးစပ် ကလည်း ပြောပြော နေ တော့.. ဘာတွေ များ ဘယ်လောက် ကောင်း လို့ လည်း လို့.. လျှောက်လှန် ကြည့် တာပါ.. ”

စာကြည့်ခန်း ထဲက.. ဆိုဖာ ကြီး သုံးလုံး ကို ကြည့်ရ တာ.. ခု တလော.. သိပ် ကြီး ပြီး.. ဘာမှ အသုံးမ၀င် သလို ခံစား နေ ရ သည်။ သား ရှိ တုန်းက တော့.. ဒီ အခန်း ထဲ မှာ သူ့   ရက်ပ် သီချင်းခွေ တွေ .. ရက်ပါ ကိရိယာ အသုံးအဆောင် တွေ နဲ့ ဆူညံ ရှုပ်ပွ နေ ခဲ့ သည်။  သား ဖို့ တီဗွီ ခန်း သပ်သပ် လုပ်ပေး ဖို့ ပူဆာ လှ သော သား အမေ လည်း ခု တလော .. စာဖတ်ခန်း မှာ ပင် သိပ်မထိုင် တော့ ဘူး မဟုတ်လား…။


“ အဲဒီ တော့.. ဘာတွေ တွေ့ လည်း.. လျှောက်လှန် ယုံ နဲ့ တော့.. ဘာ သိ မလည်း..”
…

“ အိုး.. အသေးစိပ် တွေ မလို ပါဘူးကွာ.. စာအုပ် တအုပ်ကို.. ရှေ့ ဆုံး စာမျက်နှာ ရယ်.. နောက်ဆုံး စာမျက်နှာ ရယ် ဖတ် လိုက် ရင် …ငါ့ အတွက် လုံ လောက် ပြီ…မင်းသာ.. ကိုးရက် ဆယ်ရက် အချိန်ကုန် ခံ ဖတ် နေတာ.. ဟတ်လား.. ဟဟ..
….
ပြီးတော့..ဒါတွေက.. တကယ်တော့… ဟောလိဝုဒ် က ရုပ်ရှင် တွေ လိုပဲ..  ဘလော့ ဘက်စတာ တွေ ပါ ပဲ ကွာ.. ရုပ်ရှင် ဆိုရင်တောင်.. နှစ်နာရီ လောက် နဲ့ ကိစ္စပြတ် တယ်…”

“ သြော.. ရှင်က မှ …ရသ  တွေ မကြိုက်တာ.. မဖတ် တတ် တာ… ရသ ၀တ္တု တပုဒ် ကို.. အစ နဲ့ အဆုံးပဲ ဖတ်ပြီး တော့ ---- တော့.. အဲလို မဝေဖန် ပါ နဲ့ ကွယ် … ပူစီ ရယ်.. နော.. ပြောလိုက်စမ်း.. ”

“ နောက်တာပါ ကွာ.. ငါ.. နောက်ဆုံး က..အခန်း တခန်း ဖတ် လိုက်တာ.. မဆိုးဘူး.. စွဲဆောင်မူ ရှိ သားပဲ…ဝေါ်လတာ က.. ဇတ်လိုက် လား..
သူ့  နေရာ ကနေ ရေး ထား တဲ့.. အခန်း ..

သူတို့ နွေရာသီ အိမ် ကလေး ကို..သူ တယောက် ထည်း ပြန်လာပြီး..  နေတော့.. သူ့ တောအုပ်လေး ထဲ က..ငှက်တွေ နဲ့.. ဘေးအိမ်က.. ကြောင် ကြီး ရဲ့ အန္တရယ် အကြောင်း လေး ရေး ထားတာ တော့… သဘော ကျ သား … 
....
ဘာလဲ.. အဲဒီ ကြောင်ကြီး ကိုက်သတ် ထားတဲ့ ငှက် သေ တွေကို တပုံချင်း ဓါတ်ပုံ ရိုက် ပြီး..  ရပ်ကွက် ထဲက.. အိမ်တွေ မှာ လိုက်ဝေ တဲ့ ဟာ.. ပြီးတော့.. ကြောင်တွေကို အိမ်ထဲ မှာ ပဲ ထား ဖို့ နဲ့.. အပြင်ထုတ်တဲ့ အချိန်မှာ.. ခြူ ဆွဲ ဖို့ ဆိုတဲ့.. ဥပဒေ ကို... လော်ဘီ လုပ် တဲ့ အကြောင်း လေး.. ရီ ရ တယ်..အမယ်.. မပြောနိုင်ဘူး ကွ.. ဒါ .. အမေရိက က.. အူကြောင်ကြား ဥပဒေ တွေ ကို သရော် တာလဲ ဖြစ်နိုင် တယ်..
….
အေး.. စကားစပ် လို့.. မင့် ကြောင် ကြီး လည်း.. မနက်က.. ခြံ ထဲက.. အကောင် တကောင် ခုတ် ပြီး တက်လာ တာ တွေ့ လိုက် တယ်..… သတိ ထား အုံး…ခြူလေး ဘာလေး တပ်ပေး ထား လေ ကွာ.. ”

“ ရှင့်ငှက် ကလေး တော့ မဟုတ်ဘူး မဟုတ်လား.. ”
…
“ အို.. ငါ့ ငှက်သာ ဟုတ်လို့ ကတော့ လား.. မင့်ကြောင် ဟင်းအိုးထဲ ရောက်သွားမယ် မှတ်..ဟတ်လား.. ဟေ့ကောင်.. ”

ဘုတ်ထိုင်းထိုင်း ပုံစံ ကြီး နဲ့.. သူ့သခင်မ ပေါင်ပေါ် တက်ထိုင် နေတဲ့..ကြောင်ဝါ ကြီး က တော့.... သူ ခြေထောက် နဲ့.. မထိ တထိ လှမ်း ကန် ပြီး စ တာ တောင်.. တချက် မလှုပ်...။ 

သူ့ မိန်းမ ကြောင်ချစ် ပုံ ကို လည်း .. သူ ..ထူးပြီး စိတ် မပျက် တော့ ပေ…။ ပြီးတဲ့ တနှစ် ..နှ နှစ် လောက်က မှ.. ဘယ်ကမှန်း မသိ တဲ့.. ဒီကောင် ကြီး အိမ်ပေါ် တက်လာရင်း.. ခုတော့.. သူမ အသဲကျော် ဖြစ်နေ လေ သည်။ သူ ကလည်း ဘယ်လို ဖြစ်ပြီး တော့ ကို .. ကြောင်တွေ ကို မချစ် တတ် မှန်း ကို မသိ…။ ဝေါ်လတာ ကတော့... ကြောင်တွေ ကို မုန်းပင် မုန်းတီး လှ သည် ဆို ၏။  နောက်ဆုံး..အင်မတန် စည်း ရှိ သော..ဥပဒေ လိုက်နာ သော သူ  ဖြစ်လျက် နှင့် တောင်.. . သူ့ ခြံ တောအုပ် ထဲက ငှက်ကလေး တွေ ဘေးကင်း လုံခြုံ ဖို့ အတွက်.. ဘေးအိမ်က.. ရန်သူ တော် ကြောင် ကြီးကို.. တိတ်တိတ် ကလေး လက်စ ဖြောက် ပြစ် လိုက် သည် အထိ….။ ခုန သူ သဘောကျ သော စာလေး တကြောင်း တွေ့ လိုက် မိသည်။ စာအုပ် ကို ပြန် ဖွင့် ရင်း.. လှန် ရှာ တော့….

“ ကြည့်.. ဒီ စာကြောင်း လေး .. ငါ သိပ် သဘော ကျ တယ်… 
He’d never seen anything in a cat’s face but simpering incuriousty and self interest: you only had to tease one with a mouse-toy to see where its true heart lay. 
 အဲဒါ .. ကြောင်ပဲ ကွ… ကြောင်ဆို တဲ့ အတိုင်း .. ကြောင် ကို ကြောင်တာ..ကိုယ့် ကို ကိုယ် ပဲ စိတ်ဝင်စား တာ.. သူတို့ နှလုံးသား မှာ ကြွက် နဲ့ ငှက်က လွဲ လို့ ဘာမှ မရှိဘူး.. မင့် ကောင်ကြီး ကတော့.. မဆိုးပါဘူး.. အနည်းဆုံး တော့..သူ့ သခင်မ ကို..ဘယ်လို အဖော်လုပ်ပေး ရ မလည်း ..ချွဲရ မလည်း ဆိုတာတော့..ကောင်းကောင်း သိပုံ ပါပဲ.. ဟတ်လား… ဟမ် ”
..


“ အိုး.. ကျမ ကတော့.. အဲဒီ အခန်းကို..ဖတ်ရ တာ အပျင်းဆုံးပဲ….
....
ဒီလူကြီး ကလည်း ငှက် တွေ ကို ဘာလို့ များ ဒီလောက် စိတ်ဝင်စား တာလဲ မသိပါဘူး… .သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း တာ က..ဟုတ်ပါပြီ… ဒီ ငှက် တမျိုး  နှစ်မျိုး အတွက် နဲ့ တော့.. အဲဒီလောက် ဖြစ်နေ စရာ မလို ပါဘူး.. အဲဒါကြောင့်..  လဲလီသာ .. က ပြန် ပြောတာ.. သဘာဝ ကြီး မှာ ကို က.. “constant killing”  ပဲ တဲ့..ဒီ ငှက် ကလေး တွေ ကလည်း.. ပိုးကောင် လေး တွေ.. ဘောက်ဖတ် ကလေး တွေ ကို နှုတ်သီး နဲ့ ဖောက် သတ် စား နေကြ တာပဲ တဲ့…အဲဒါ တော့ အမှန်ပဲ..”

“  လဲလီသာ  ဆိုတာ.. သူ့လက်ထောက် ကုလားမ လေး လား.. ”

“ အင်းလေ.. အမေရိကန် ပေါက်.. မိုင်ဂရန့် ကုလား ပေါ့…သူ့ကို အရမ်း လေး စား.. အတင်း လိုက် ကပ်  နေတာ .. အသက်က.. တ၀က်လောက် … အဲဒါကြောင့် .. အဲလို တွေ ဖြစ်ကုန် တာပေါ့.. ဒါပေမဲ့.. နောက်တော့…အဲဒီ ကုလားမလေး ကို စာရေးဆရာက.. ကားမှောက် ပြီး သတ်ပြစ် လိုက် တယ်.. ”
...


“ ဟ.. သူ့မိန်းမက.. ဟို..သူ့  သူငယ်ချင်း ရော့ကာ  နဲ့.. ဖြစ်တာ ကြ တော့ ရော…အသွား ရှိ လို့ အပြန်ရှိ တာ ပါကွာ.. ”
....
သူ့ ဇနီး က.. တီဗွီ ရမုတ် ကို ယူပြီး လိုင်း ပြောင်း လိုက် တော့.. သူ လည်း... စာအုပ် ထူ ကြီး ကို ပြန်ကောက် ကိုင် ဖတ် နေ လိုက် သည်။ 

ဘာပဲ ပြောပြော.. သူ့ စိတ် ထဲ မှာ ဝေါ်လတာ ကို နားလည် သလို ရှိ သည်။ သူ ဖတ်ရ သလောက်.. စာရေး ဆရာ ၀င်စား ပုံဖော် ထား သော ဝေါ်လတာ  သည်.. အပြင်ပန်း အားဖြင့်.. ညီးငွေ့ စရာ ..အနည်းငယ် ကောင်းလှ ပေမဲ့.. သူ့ အတွင်း စိတ် သည်.. တည်ကြည် သည်.. စည်းစနစ် ရှိ သည်.. တာဝန် သိ သည်။ 
.
စာရေးဆရာ ဆို တဲ့ ကောင် က.. သူ ကိုယ်တိုင် လည်း တော့် တော့် ကို self conscious ဖြစ်ပုံ ရ သည်။  ဝေါ်လတာ က.. ငယ်ငယ် လေး ထဲက.. အိမ်မှာ အလတ် ဖြစ်ရင်း..မိသားစု မောင်နှမ တွေ ရဲ့.. တာဝန် ပျက်ကွက် မူ တွေ ကို.. မသိစိတ် က.. ရွံမုန်း နေ ခဲ့ သူ လို့.. တစွန်း တစ သူ တွေ့ လိုက် သည်။ ဒါကပဲ.. လောက လူမူ ဆောင်တာ တွေ ကို.. အစီအစဉ် တကျ ဆောင်ရွက် ချင် သူ တယောက် ဖြစ်လာ စေ တာ ဖြစ်မည် ။ ဒါဆို သူ့ လက်ထောက်မလေး နဲ့ မှ.. ဘယ်လို ဖြစ် သွား သလည်း..။ 
....
သူ သိ သည်။ ဒါ.. ထိမ်းချုပ်မူ တခု ရဲ့… အဆုံးစွန် တန်ပြန် သက်ရောက် မူ…။ ဒါမှ မဟုတ်.. ငြီးငွေ့ မူ တခု ရဲ့.. ယိုစိမ့် ညစ်ညမ်းမူ….ပိုပြီး သေချာ နိုင် တာ ကတော့.. ငြင်းဆန်နိုင် စွမ်း မရှိ တဲ့.. လူသားဆန်မူ….။
 

ပြီးတော့.. စာရေးဆရာ ရဲ့ ငှက်တွေ နဲ့ ပတ်သတ် တဲ့.. ခံစားချက် ကို… သူ့  ဇနီး နားမလည် နိုင် ပေ မဲ့…ပတ်တီ  နားမလည် နိုင်ပေမဲ့… လဲလီသာ  နားမလည် နိုင် ပေမဲ့… သူ တော့..နားလည် နေ မိ သည်။

Constant killing.. ။ ဟုတ် တယ်…။ ဒါပေမဲ့.. ငှက်ကလေး တွေ ရဲ့… killing မှာ.. ချောင်းမြောင်း ဖမ်းဆီးမူ  မပါ.. ရက်စက် ကြမ်းကြုတ် မူ မပါ.. အလိုလောဘ တွေ မပါ.. သဘာဝ ရဲ့  အလိုက်သင့် အတိုင်းသာ…။ ပြီးတော့.. သူတို့ မှာ..ကြောင်တကြောင် လို ပျင်းရိ ငြီးငွေ့မူ မရှိ.. အေးစက် ထုန်ထိုင်းမူ မရှိ.. လိုတ ယုယ ခံလို စိတ် မရှိ…။ 
.
ကြည့်လေ….

ငှက်တွေ ရဲ့.. အသံ လို သာယာ နာပျော်ဖွယ် ကောင်းတဲ့ အသံ..ဘယ် တိရိစ္ဆါန် မှာ  ရှိသလဲ…
ငှက်တွေ ရဲ့… ရွှေ့ ပြောင်း ပျံသန်း မူ လို.. တိကျ သေချာ တာ.. ဘယ် လူသား ကမ္ဘာ မှာ ရှိသလဲ…
ငှက်တွေ ရဲ့… ဖို-မ တရား လို.. လှပ ရိုးရှင်း တာ.. ဘယ် ချစ်ခြင်း မေတ္တာမှာ များ ရှိနိုင်  လို့ လဲ.…
..
သူလည်း ငှက်တွေကို ချစ်သည်
...
သူ့ လှောင်အိမ် ထဲက.. ငှက်ပြာလေး က တော့.. တကောင် တည်း … ပျံသန်းမူ တွေ ကင်းမဲ့ လို့….။  လှောင်အိမ် ထဲက.. သူ့ အသံ လေး က ရော.. ပျော်ရွှင် ကြည်နူး နေတာ ဖြစ်နိုင် ပါ့ မလား…။
....
တကယ်တော့… ဒီ ငှက်ကလေး ကို…သူ ဘာလို့  လှောင်အိမ်ထဲ မှာ ထဲ့ ပြီး မွေးထား မိ သလည်း ဆိုတာ.. သူ့ ဇနီး ကောင်းကောင်း မသဲ ကွဲ သလို… သူ ကိုယ်တိုင် လည်း....အသေအချာ.. နားမလည်  ခဲ့ ပါ…။




+++++
(ဆက်ရန်)

 

◦
Share/Bookmark

ဝှက်ဖဲ (အခန်း ၂)




အခန်း(၂)- 
သူမ


ကွန်ပြူတာ ပိတ်သွားအောင် စောင့်နေ ရင်း.. ခါးကျော ကို ဆန့် လိုက်သည်။ 
..
 အပြာခံ  ပေါ် မှာ ပန်းပွင့် အဖြူ လေး တွေ ခပ်ကျဲကျဲ ဖောက်ထားတဲ့… ည၀တ် အကျီ င်္ လက်မောင်း အောက်က.. သူမ လက် တွေ သည်..ကွန်ပြူတာ ကီးဘုတ် ပေါ် မှာ ရှိနေ သေးသည်။ လိုးရှင်း တခုခု စွဲစွဲ မြဲမြဲ လိမ်းဖို့ လို ပြီလား လို့.. သူမ ရဲ့ လက်ချောင်း လေး တွေကို.. တချောင်းခြင်း ကွေးချည် ဆန့် ချည် လုပ် လိုက် ရင်း.. ကွန်ပြူတာ နောက်က.. စားပွဲတင် မှန်သေးသေး လေး ထဲ ကို လှမ်းကြည့် လိုက် မိသည်။  ၄၆ နှစ် ဆိုသော မျက်နှာ သည်.. လူတကာ ပြောသည့် အတိုင်း.. အသက်ထက် များစွာ နုပျို  နေပါသေးသည် လေ…။ အခုလေး တင်.. ဖေ့စ်ဘွတ်ခ် မှာ သူမ  တင်လိုက် သော.. ပုံကို..သူငယ်ချင်း တွေက..၀ိုင်း မြှောက် နေ ကြ သည်။ မနေ့ ကမှ.. အပြင်သွား ဖို့ လှတ ပတ ၀တ်စား ထားတုန်း.. ရိုက် လိုက် သည့် ပုံ။ ခုတလော..ဓါတ်ပုံ ခဏ ခဏ အရိုက်ခံ ချင် နေတဲ့ သူမ ကို  သူ ကတော့ သိပ် ပြီး တော့… စိတ်ရှည် ပုံ မရ။

ကုတင် ပေါ် မှာ ရောက်နေပြီ ဖြစ်တဲ့.. သူ့ကို မသိမသာ လှမ်းကြည့် တော့..စာအုပ်တအုပ် ဘေးချ ပြီး..တီဗီ ကြည့်နေ သည်။ ဘာ အစီအစဉ် လည်း.. ။ အင်္ဂလိပ် ကားဟောင်း တခု ။

“ အင်တာနက် သုံး တာ မပြီး သေးဘူးလား.. ဆယ်နာရီ တောင် ကျော်နေပြီ…”

ကုတင်က.. ကွန်ပြူတာ စားပွဲ နှင့် ခပ်လှမ်းလှမ်း မှာ မို့.. ကုတင် ပေါ်က.. သူ့ မျက်နှာ ရိပ် ကို.. သေချာ စွာ မမြင် လိုက် ရပေမဲ့.. သူ့ အသံ မှာ တော့.. မကျေပ်နပ် မူ က.. အတိုင်းသား။  ပြောပြောဆိုဆို .. ကုတင် ခြေရင်းက.. တီဗီ ကို.. ရမုတ် နဲ့  လှမ်းပိတ် လိုက်ရင်း… သူ့ ခေါင်းရင်းက.. စားပွဲတင် မီးကို ပါ ပိတ် ချ ပြစ် လိုက် သည်။

ဆယ်နာ ရီ တောင် ကျော်သွား ပြီ လား…သူမ ထိုင်နေတာ.. ထမင်းစားပြီး ကတည်းက…။ ဟုတ်တယ်.. ပုဂံ တွေ ဆေးကြော သိမ်းဆည်း ပြီးတော့ ပဲ.. ၈ နာရီ ခွဲ.. ။ အီးမေးလ် ဖွင့် လိုက် တော့.. အီးမေးလ် ထဲ ၀င်နေတဲ့.. ဖေ့စ်ဘွတ်ခ် က.. ကွန်မန့် တွေ ကို ဖွင့်ရင်း.. ဖေ့စ်ဘွတ်ခ် ထဲ ရောက်သွား ခဲ့ သည်။

“ မဟုတ်ဘူး.. သိလား.. ဖေ့စ်ဘွခ် မှာ ဟိုကောင် တွေ နဲ့  ပြန်တွေ့ ပြီး.. လျှောက် နောက် နေ ကြတာ.. မတွေ့ ကြတာ နှစ်တွေ ဘယ်လောက် ရှိ ကြ ပြီလဲ…ဘာပဲ ပြောပြော ၀မ်းသာ စရာ ပဲ… ရှင့်ကို တောင် မေးနေ သေးတယ်..ဖေ့စ်ဘွတ်ခ် မသုံး ဘူး လား တဲ့.. ရှင့် ဓါတ်ပုံ တော့ ပြ လိုက် တယ်..”

.....

“ ပျော်တာလည်း ပျော် ပေါ့…တို့  ပုံ တွေ တော့..သိပ် လျှောက် မတင် နဲ့.ကွ... ငါက..ဖေ့စ်ဘွခ် ကို အယုံ အကြည် ကို မရှိဘူး…လူတွေ ကို ကောင်းကောင်း manipulate  လုပ်နေတာ.. အမေရိကန် တွေ ရဲ့ နောက်ဆုံးပေါ် လက်နက် ပဲ.. အဲဒါ မှ..WMD အစစ်.. အေး destructive တော့ မဟုတ်ဘူး…world mass distraction တော့ အသေအချာ  ပဲ.. .. ”

......

“ ဘင်လာဒင် နဲ့ ဘာတော်ပါလိမ့်.. မုတ်ဆိတ်မွေးချင်း တော့ တူသလို ပဲ..”
.... 
“ ဟုတ်တယ်လေ… စီအန်အန် မှာ မတွေ့ဘူးလား... ရိုးရိုး သတင်း ကြေငြာ တာ နဲ့ တောင် မလုံလောက် ဘူး လား မသိ.. သတင်း တခု ပြီးတိုင်း ဖေ့စ်ဘွတ်ခ် ပါ.. တွီတာ ပါ နဲ့.. ပရိုမိုးရှင်း လုပ်နေတာ.. လွန်လွန်း တယ်.. အီဂျစ် တော်လှန်ရေး ကိုတောင်.. ဖေ့စ်ဘွခ် တော်လှန်ရေး လိုလို.. ပုံဖျက် ပြီး ၀ါဒ ဖြန့်ချင် နေ ကြတယ်…စဉ်းစား ကြည့်စမ်း..တကမ္ဘာလုံးက.. ခေါင်း တွေ… မျက်နှာ တွေ….စီအိုင်အေ စားပွဲအောက် ကို အလုအယက် ကို ..တိုးဝှေ့ ၀င် နေ  ကြတာ.. ”
...
“ အော်..ဒုက္ခပါပဲ ကွယ် .. ရှင်ကလည်း.. မကောင်းပဲ မြင်နေ တော့ တာပဲ…ကျမ နဲ့ စီအိုင်အေ နဲ့ အဝေး--- ကြီး… ရှင့် နဲ့ မှ နည်းနည်း နီးစပ် အုံးမယ်..
ဟင်----
တဆိတ်လောက်.. ဟောဒီ ရှင့်မျက်မှန် ကြီး ချွတ်ပြီး.. ခေတ်ကြီးကို အရှိ အတိုင်း ကြည့် ပဲ- ကြည့်ပါအုံး တော့ လား…ဟင်…”

မျက်မှန်  ကြီးကို ဆွဲ ချွတ် လိုက်ရင်း..ခပ်မြူးမြူးလေး ပြော လိုက် ခါ မှ.. သူ့ မျက်လုံး ထဲက.. အလေးအနက် ဖြစ်မူ တွေ က.. သူမ မျက်နှာ ပေါ် ကို.. တိုက်ရိုက် ကျ လာ လေ သည်။

“   ဟေ့….. ဒီမှာက.. သားကိုလည်း စောင့် ကြည့် နေ ရလို့ပါ ကွယ်…ဟောဒီက ယဉ်ကျေးမူ တွေ ထဲ မှာ.. မကျက်တကျက် နဲ့ ၁၈ နှစ်တောင် ကောင်းကောင်း မပြည့် သေးပဲ.. ဖရီးဒမ်း တွေ.. စပေ့စ်  တွေ ပြောလာ နေတဲ့.. ရှင့်သား ကို.. ရှင် ဒီ အတိုင်း ပြစ် ထား မလား…အနည်း ဆုံး.. ကျမ တို့ မျက်စိ အောက် မှာ မနေ တော့ ရင် တောင် မှ.. သူ ..ဘာတွေ လုပ်နေသလဲ..ဘယ်သူ တွေ နဲ့ ပေါင်းသင်း နေသလဲ.. သူ့ လှုပ်ရှားမူ လေး တွေ  မြင်ရ သိရ တာပေါ့.. ”

အင်း ..ခုမှ သတိရ သည်။ ခု တလော.. ဖေ့စ်ဘွတ်ခ် မှာ သား ကို မတွေ့ တာ ကြာပြီ။ အရင် တုန်း က ဆိုရင်.. ဟိုင်း..မာမီ.. ဘာညာ လောက်.. လုပ် တတ် တာ.. ခု တလော သူမ ကိုယ်တိုင် ပင် သားကို မေ့ နေ မိ လေ သလား..  သား ကပဲ.. ကိုယ့် ကို ပြန် စောင့် ကြည့် နေ လေ သလား....ဒါမှ မဟုတ်.. သူ့ အဖေ လိုပဲ .. နားလည်ရ ခက်.. တဲ့.. ယောက်ျား ကြီး တယောက် ဖြစ်နေ  ပြီ လား..။

“ အေး.. အေး .. အေး…
…. ဖေ့စ်ဘွတ်ခ် က.. မင့် စာရင်း ထဲမှာ မင့် သား နာမည် ရှိနေ တာနဲ့.. မင့် သား ကို မြင်နေ သိနေ လိမ့်မယ် လို့ မင်း ထင်သလား.. ခုခေတ် ကလေး တွေက.. မင့် တို့ ငါ တို့ ထက် လည်တယ်.. စမတ် ကျ တယ်..
..
တနေ့က.. မင့် ကွန်ပြူတာ ပွင့် နေတုန်း.. မင့် ဖေ့စ်ဘွတ်ခ် ကို ငါ ကြည့် လိုက် ပါတယ်…ဟိုကောင် တွေ အုပ်စု လည်း ငါ တွေ့ လိုက် ပါတယ် ကွာ .. ဘာတွေ မှန်း လည်း မသိ ဘူး… အကုန်လုံး က ..ကိုယ့်ဟာ နဲ့ ကိုယ်တော့ ဟုတ်နေကြ တာပဲ..… Narcissism epidermic  ဆိုတာ..အဲဒီ မှာ တကယ် ကို ဖြစ်နေ တာပဲ ကွ ..
…..
....
အေးပါလေ ….ငါ့မိန်းမ ကတော့.. ဖော်ဝဒ် မေးလ် တွေ မဖတ် တဲ့ သူ .. ဆို ရင် တော့..သိပ် စိတ်မပူ ပါဘူး ကွာ.. ရည်းစားဟောင်း  နဲ့  ပြန်တွေ့ ရင် တော့..သတိ ထားပေါ့…ဟတ်လား… ဟ ”

အောင်မယ် လေး တော် .. ဒီ အသက်အရွယ် ကြီး တွေ ရောက် နေမှ… လို့  ရီသွမ်း သွေး လိုက်ရင်း…အိပ်ယာ ပေါ် မှာ အသာ လှဲ ချ ပြီး..စောင်ကို ဆွဲ ခြုံလိုက် သည်။ ဖေ့စ်ဘွတ်ခ် မှာ.. သူ ဘာတွေများ တွေ့ သွား ပါ လိမ့်…

အိပ်ယာ ဘေး စားပွဲ ပေါ်က.. ဖတ်လက်စ စာအုပ် ထူ ကြီး ကို.. ကောက် ကိုင် ပြီး.. နေရာ မှတ်ထားတဲ့.. ကဒ်ပြားလေးကို ဖယ်လိုက်သည်…။  ခေါင်းရင်းက မီးတိုင် ကို.. ဟိုဖက် အလင်း အရမ်း မစူး အောင် အုပ်ဆောင်းကို နဲနဲ နှိမ့် ပေး မှ…။

“ သိလား.. ဒီ ၀တ္တု ထဲက.. လင်မယား မှာ လည်း.. သိပ်ဆိုး တဲ့.. သား တယောက် ရှိတယ်… ၁၆ နှစ် နဲ့.. ဘေးအိမ်က..ကောင်မလေး နဲ့  သွား အိပ်ပြီး အတူ နေ နေတာလေ…အမေ က..အရမ်း စိတ်ပူ လေ.. သားက.. ရွဲ့လေ..အဖေ က..စိတ်တို လေ… ဖတ်နေ ရင်း နဲ့ ကိုယ် တွေ ကို များ ပြောနေ သလား အောက်မေ့ ရ လောက် အောင် ပဲ…။ ၀တ္တု ကြီးကလည်း အဲဒီလောက် ကြီးရှည် မှ တော့.. အ ကုန်လုံးကို-- ပါ အောင် ဆွဲ ဖြန့် ရေး နိုင် လိုက်တာ.... မိသားစု ဇတ်လမ်း လေး တပုဒ် ကို  အဲဒီ လူကြီး မို့.. အသေး စိတ် အကြောင်းစုံ အောင် ချဲ့ ရေး နိုင်တာ..
..
…
…
ဟေး.. အိပ်ပျော် ပြီလား..
 သိလား ..ရီပက်ပလစ်ကန် …နဲ့..ဒီမိုကရက် အားပြိုင် တာ ရော…အီရတ် စစ်ပွဲ ရော.... ရီပက်ပလစ်ကန် သူဌေး တွေ ရဲ့  စစ်ကန်ထရိုက်  လုပ်ငန်း တွေရော.. အစုံပဲ.. ခေတ်တခေတ် မှာ ဖြစ်နေ တာ တွေ ကို အကုန် တို့ ထိ ပြီး ရေး ထားတာ..နိုင်ငံရေး..လူမူရေး..နည်းပညာ အစုံပဲ . နောက်ဆုံး ကွာ.. ဘလော့ဂ် တွေ.. အင်တာနက် တွေ ထိ ရော ပဲ ”

“  …….. ဒီ စာအုပ်  ရေးတဲ့ အချိန်တုန်းက.. ဖေ့စ်ဘွတ်ခ် တွေ သိပ် ခေတ်မစား သေး လို့ ဖြစ် မှာ ပေါ့ .. ”

သူ- မကျေ မနပ် ဖြစ်နေ တာ ကို.. စကားလွှဲ လို့ မရ မှန်း သိ လိုက် ပြီ..။ တခုခု ဆို.. သူ က.. အခဲ အမဲ ကြီးသူ.. အစွဲ ကြီး သူ..။ ဝေါ်လတာ လို လူမျိုး …။ တော်ပြီ..ကိုယ့် ဖာ ကိုယ် ပဲ..အသာ  ငြိမ် ပြီး စာ ဆက် ဖတ် နေ လိုက် သည်။

Walter  နဲ့  Patty…။ အသက် နှစ်ဆယ် ကျော်..တက္ကသိုလ် မှာ တည်းက..ချစ်ခဲ့ ကြသူတွေ...။ အသက် တွေ လေးဆယ် ကျော် လာ ခါ မှ.. သူတို့ အချစ် တွေ…ဘ၀ တွေ ထဲကို ဘာတွေ ၀င်လာ  ကြ သလည်း …။ 

စာရေး ဆရာ က လည်း လေ… တယောက်ချင်း ရဲ့ ဘ၀ တွေ.. အတွင်းစိတ် တွေ ကို.. အနုစိပ် ရုပ်လုံးကြွ လာ အောင်.. တိုးဝင် ဖောက်ထွက် သွားအောင် ရေး နိုင် လိုက်တာ..။  အိမ်ထောင် တခု ရဲ့.. ရင်ခုန်သံ အနိမ့် အမြင့်.. ဆက်ဆံရေး အတက် အကျ.. မိသားစု ပြသာနာ.. ရွေ့လျားမူ တခု စီ တိုင်း က ကမ္ဘာပေါ်မှာ ရှိ - ရှိ သမျှ.. အိမ်ထောင် တွေ ရဲ့ .. သွေးကြော တွေ ကို..လိုက်စမ်း နေ သလို.. ။

ဘာပဲ ပြောပြော.. သူမ က.. ၀တ္တု တပုဒ် ကို တော့.. နက်နက် ရှိုင်းရှိုင်း ဖတ် တတ် သူပါ..။ ပြီးတော့.. စာရေးဆရာ ရဲ့ သွေးကြော လေး တွေ ကို လည်း ပြန် ရှာ တတ်သူ ပါ။ စာရေး ဆရာ ရဲ့ သွေးကြော နဲ့ သူမ သွေးကြော တွေ.. ခဏ ခဏ လာထိမိ နေတဲ့..ဒီ ၀တ္တုကို လည်း ..အတော်လေး  အံ့သြ နေ မိသည် ။

အခု..သူမ ဖတ်နေ တဲ့ အခန်း က.. Therapist  ဆီကို  ဦးတည် ပြီး ရေး ထားတဲ့.. ပက်တီ ရဲ့.. ဖြောင့်ချက် စာတမ်း ။ သူမ ရဲ့ စိတ်တွေ ကို ဖြန့်ဖြေ ချ နိုင် ဖို့ .. ရေးခိုင်း လိုက် တဲ့… ကိုယ်တိုင်ရေး ဘ၀ ဇတ်ကြောင်း။


ကျောင်းသူ ဘ၀ …ဝေါ်လတာ … နဲ့  ချစ်နေစ အချိန်မှာပဲ…ဝေါ်လတာ ရဲ့ အချစ်ဆုံး အခန်းဖော် သူငယ်ချင်း.. ရစ်ချက် ရဲ့ ကားကြုံ  နဲ့ ညအိပ် ခရီးရှည် ကြီး ကို သူမ လိုက်သွား  ခဲ့ ဖူး သည်။

ရစ်ချက် က.. မိန်းမ ရှုပ်သူ.. ဘ၀ ကို.. အစီအစဉ် မကျ နေချင်သူ.. ။ ဝေါ်လတာ က.. စည်းစနစ် ရှိသူ.. စောင့်ထိန်း သူ။ ပြီးတော့ သူမ ချစ်သူ။  သူမ… ဝေါ်လတာ နဲ့ လက်ထပ်ခဲ့ သည်။  ဥပဒေ ဘွဲ့ရ  ဝေါ်လတာ ရဲ့  အိမ်ရှင်မ တယောက် အဖြစ် နဲ့  သမီး တယောက် သားတယောက် ကို ကျွေးမွေး သုတ်သင် ရင်း.. အနှစ် ၂၀ လောက် ကြာ မှ.. Richard Katz ဆိုတဲ့..  အဆိုတော် တေးရေးဆရာ  ရော့ကာ ကြီးက .. သူ့ အချစ်ဆုံး သူငယ်ချင်း ဝေါ်လတာ နဲ့ ပြန် ဆုံမိ ကြ ရင်း.. သူတို့ ဘ၀ ထဲ ပြန်ရောက် လာ ခဲ့ သည်။ ရစ်ချက် က.. ကျော်ကြားမူ နောက် မလိုက် ပေ မဲ့..သူ့ သီချင်း တွေက..ပေါက် သည်။  အထူး သဖြင့် သူတို့ ရဲ့  နွေရာသီ မိသားစု အိမ်လေး မှာ.. လာ ရောက် တည်းခို ခဲ့ တုန်း စပ် ခဲ့ တဲ့..Nameless lake   ဆို တဲ့ သီချင်း ကြောင့်.. လူသိ ပို များ လာ သည်။ သဘာဝ ရေကန် လေး တခု ဘေးက.. တောအုပ် လေး တွေ ကျေးငှက်လေး တွေ နဲ့… တိတ်ဆိတ် အေးချမ်း နေတဲ့.. အဲဒီ အိမ်ကလေး ရဲ့ အမည် ကလဲ… Nameless lake  ။ ဒီ သီချင်း ထဲ မှာ.. စိတ်ခံစားမူ  ပြင်းအား တွေ ဘယ်လောက် ပါဝင် ခဲ့ လို့ … ဘယ်လောက် ထိရှ ခဲ့ သလဲ ဆိုတာ ကို တော့... ရစ်ချက် နဲ့  ပတ်တီ  သာ အသိဆုံး ဖြစ်ပေ မည်။

ပတ်တီ ပြောပြော နေ သလို.. poor Walter က တော့.. တက္ကသိုလ် တက်နေပြီ ဖြစ်တဲ့..သမီးကြီးကို ကျေနပ် စိတ်ချ လျက်.. ၁၈ နှစ် မပြည့်ခင် အိမ်ပေါ်က..ဆင်းသွား တဲ့..သားငယ် ကို မေ့ချင်ယောင် ဆောင် ထားလျက်.. စိတ်မချ ရ တဲ့..သူ့ အချစ်ဆုံး သူငယ်ချင်း အကြောင်းကို ကောင်းကောင်း သိ လျက် နှင့် ပင်.. သူ့ ရဲ့  Cerulean Mountain Trust  ဆိုတဲ့ ငှက် တွေ ရဲ့.. သဘာဝ နေထိုင်မူ စနစ် စောင့်ရှောက်ရေး  လုပ်ငန်း အပေါ် မှာ.. စိတ်ရော ကိုယ် ပါ… နှစ် မြှုပ် ထား ခဲ့ သည်။

ဒီအခန်း ရဲ့ စာမျက်နှာ တော်တော် များများ ပေါ် မှာ ပတ်တီ ရဲ့.. တကျော့ ပြန် ရင်ခုန်သံ တွေ.. မူမမှန် စွာ ပြေးလွှား နေ ခဲ့ သည်။ ရူးသွပ်မူ တွေ ဆောက်တည်ရာ မရ စွာ မုန်တိုင်း ထန် နေ ခဲ့   သည်။ ပြီးတော့.. ဝေခွဲ နားလည်ရ ခက်မူ တွေ…။ စာရေး ဆရာ သုံးသလို ဆို.. Mr. Nice  နဲ့   Mr. Cool … ။ ပတ်တီ ရဲ့ အသိစိတ် နဲ့ မသိစိတ်….။

တဖြည့်း ဖြည်း နဲ့ …၀တ္တု ထဲက ဇတ်ကောင် တွေ သည်.. သူမ ရဲ့ အသိစိတ် ထဲ မှာ .. ရှင်သန် သထက် ရှင်သန် လာ နေ ကြ ရင်း သူမ ရဲ့ မသိစိတ် တွေ ထဲ ကို လည်း.. ထိုးဖောက် မွှေနှောက် နေ ကြ လေ ပြီ။

တကယ့် တကယ် ကျ တော့…တက္ကသိုလ် ဘက်စကတ်ဘောလ် လက်ရွေးစင်ဟောင်း ပတ်တီ  ရဲ့  အနိုင်ယူ လို စိတ် တွေ က.. အရှုံးတွေ ထဲ ကိုသာ တိုးဝင် မိ တဲ့.. အဖြစ်ပါလား…။

အကယ်လို့သာ  ဝေါ်လတာ ရဲ့ လက်ထောက် .. ငယ်ငယ် ရွယ်ရွယ် သွက်သွက် လက်လက်.. အသားညိုညို နဲ့  ကုလားမလေး   Lalitha  - သာ မပါ ခဲ့ ရင်.. ဒီဇတ်လမ်း က.. ဒီလို ဖြစ်လာ ခဲ့ မည် လို့.. သူမ…  မထင်..။





 
++++++++
( ဆက်ရန်)






◦
Share/Bookmark