တို့ဗမာပြည်ကို တိုင်းရင်းသားကုန်စင် တို့ ပြည်လို့ မှတ်ထင်

အမှန်အတိုင်း ပြောရရင်.. ဒီနေ့  အမျိုးသားနေ့ ဆိုတာ ကိုတောင် သတိမေ့ နေခဲ့တယ်။ အခါတိုင်းလို နှိုးဆော်မူ ဆန်ဆန်  ဘလော့တွေ အပြိုင် ရာသီစာ လေးတွေ ရေးတာမျိုးလည်း မရှိတော့ဘူး ဆိုတော့  တိတ်တိတ်ဆိတ်ဆိတ်ပဲ.. အင်တာနက်မှာ လမ်းသလားနေမိတယ်။ တနေရာမှာ.. ပြည်တွင်း တီဗွီ အစီအစဉ်တခုက  အမျိုးသားနေ့ အထိမ်းအမှတ် အဖြစ်  အောင်မြင်နေတဲ့ အမျိုးသား အချို့ နဲ့ အင်တာဗျူး တယ် ဆိုတဲ့ အကြောင်း လှောင်နေကြ ဟားနေကြ တာ မြင်တော့မှ ၊ အမျိုးသားနေ့ ရောက်ပြန်ပြီ ဆိုတာကို သတိထားလိုက် မိတာ။ သတိထားမိ တော့လည်း ဘာလုပ်မလဲ.. အလေးပြုစရာလည်း မလို.. ဘုရားမှာ ဆွမ်းကပ်စရာလည်း မရှိ…ဘာတွေ ညာတွေလည်း လျှောက်မရေးချင်တော့ပါဘူး…။ ဒီနေ့ တနေ့လုံးလည်း.. အင်တာနက် ဖေ့စ်ဘွတ်ကြီးပေါ် မှာ.. ဆစ်ဒနီ အော်ပရာဟောက်စ်မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောတာရယ်.. မြန်မာကလောင် အဖွဲ့ ရယ် သတင်းတွေ ချည်းပဲ ဟိုနေရာက ဘွားကနဲ ထွက်လာလိုက်..ဒီနေရာက လျောကနဲ ပေါ်လာလိုက် ဖြစ်နေတုန်း အမျိုးသားနေ့ အထိမ်းအမှတ် သီချင်းများ ဆိုပြီး .. မီးတုတ်ကြီး ထမ်းထားတဲ့ သျှောင်တစောင်း နဲ့ ဗမာ့သားကောင်းပုံ ကြီး ကို မြင်လိုက်တော့မှ… ယောင်တောင် ပေါင်တောင်တွေ ရပ်သွားပြီး..သီချင်း ကို ဖွင့်နားထောင်မိတယ်။ သမိုင်းဝင် နေ့ရက် ကြီး တခု ဖြစ်တဲ့ အမျိုးသားနေ့ မှာ.. အမျိုးသားဇာတိမာန် အထိမ်းအမှတ် သီချင်း တပုဒ်တော့ နားထောင်အုံးမှ  လို့..အသိတရားလေး ပြန်ဝင်လာတယ်။

အမျိုးသားရေး ကြိုးပမ်းကြပါ.. တို့ ဗမာ ..( ဟေ့ ) တို့ ဗမာ…

မဟုတ်သေးပါဘူး။ သီချင်း စာသားတွေက နားထဲမှာ တမျိုး ဖြစ်နေပါလား။ အရင်တုန်းက ဒီသီချင်းကိုပဲ ကျောင်းတွေမှာ ဆိုကျင့်ကြတယ်။ အရေးတော်ပုံ ကာလမှာ သံပြိုင် ဟစ်ကြွေးခဲ့ကြဘူးတယ်။ တိုက်ပွဲခေါ်သံ ရုပ်ရှင်ထဲမှာ ပင်နီ တိုက်ပုံ ရင်ဘတ်ဖွင့် ၀တ်ထားတဲ့ ဇော်လင်းကြီး တောင် ဒီသီချင်းဆိုရင်.. လူအုပ်ကြားထဲကနေ..အဖမ်းခံလိုက်ရတာလေ..။
ရေနံမြေ သပိတ်ခေါင်းဆောင်ကြီးကို လူအုပ် နဲ့ ဝေးရာကို ခေါ်သွားရင်း တုတ်နဲ့ တချက် ရိုက်လိုက်တိုင်း.. ( တို့ ဗမာ )  နောက်တချက် ရိုက်လည်း ( တို့ ဗမာ) ။ သွေးအလိမ်းလိမ်း နဲ့ အံကို ကြိတ်ထားတဲ့ သပိတ်ခေါင်းဆောင်ကြီး ရဲ့ မျက်နှာပေါ်က မာန် နဲ့  သတ္တိကို ခုထိ မျက်စိ ထဲမှာ စွဲနေသေးတာ။ အင်မတန်ကို ဇာတိမာန် တက်ကြွစရာ  တို့ဗမာ သီချင်း မဟုတ်လား။

ခုတော့..ဒီသီချင်းကို နားထောင်ဖို့  ဘာကိုမှန်းမသိ မျက်နှာပူသလို အားနာသလို ဖြစ်နေမိတယ်။ ဒီသီချင်း ကို စည်းချက်လိုက်ရင်း နှစ်ထောင်းအားရ ဖြစ်နေရမဲ့ အချိန်မှာ.. ပိုလွန်းနေသလို ကဲလွန်းနေသလို ဖြစ်နေမိတယ်။ ဘာဖြစ်သွားတာလဲ လို့ ပြန်ဆန်းစစ်ကြည့်တယ်။

မင်းလူ ရေးခဲ့တာလို့ ထင်တာပဲ။ လူကြမ်းအုပ်စု တစု က၊ ရုပ်ရှင်ထဲမှာ မင်းသားနဲ့ ရန်ဖြစ်ရင် တကယ်မထိအောင် ထိန်းထိန်းပြီး ထိုးကျင့်ထားတော့ အပြင်မှာ တကယ်လည်း ရန်ဖြစ်ရော..လက်သီးဘရိတ်မိ နေလို့.. အလဲအကွဲ ခံလိုက်ရတယ် ဆိုတဲ့ အဖြစ်ကလေးလိုပဲ.. ကျမ လည်း အမျိုးသားရေးစိတ်ဓါတ်ဘရိတ်မိ နေတာပဲ ဖြစ်မယ် လို့ အဖြေထွက်လာတယ်။ မြန်မာပြည်ထဲ အမျိုးစုံလှ တဲ့ တိုင်းရင်းသားအုပ်စု တွေ .. နီးရက် နဲ့ ဝေးနေတဲ့ အယူဝါဒ ကွဲပြားမူတွေ.. လူ့အခွင့်အရေး ဆိုတဲ့ စည်းဘောင်ကနေ ကျော်ထွက်လာတဲ့ လူမျိုးရေး ခွဲခြားမုန်းတီးမူ တွေ …အဲ့ဒီ ပြသာနာတွေကို ဆင်ခြင် ထိန်းသိမ်းရင်း နဲ့ပဲ.. ကိုယ့်အမျိုးသားရေး စိတ်ဓါတ် ကို ပြန် ဘရိတ်နင်းထားသလို ဖြစ်နေပါပေါ့ လား။

တကယ်တော့လည်း သမိုင်းဘီး ဆိုတာ တပတ်လည်တတ်တယ် ဆိုပေမဲ့လို့ လည်း၊ နေရာ တခုထဲပေါ်မှာတော့ အမြဲ ထပ်တူကျ နေမှာမှ မဟုတ်တာ။ အိန္ဒိယအမျိုးသားခေါင်းဆောင် တယောက်ဖြစ်တဲ့ ဂျဝါဟလာ နေရူး ပြောဘူးတဲ့ စကားလေး တခုကို အမြဲ စွဲထင် မှတ်သားမိနေတယ်။ ဟိုး အရင်ခေတ်က သမိုင်း အဖြစ်အပျက် တချို့တလေ ကို  ကိုယ့်ရဲ့ လက်ရှိ အခြေအနေ နဲ့ နှိုင်းယှဉ်ပြီး မှားတယ် မှန်တယ် မသုံးသပ် သင့်ဘူး ဆိုတဲ့ သဘောလေး ။ အခု တို့ဗမာ သီချင်း ပေါ်ပေါက်ခဲ့တဲ့ ၁၉ ၃၀ ပြည့်နှစ် တ၀ိုက် နဲ့ အခု ၂၀၂၀ ပြည့် နားနီးအချိန် ဆိုတာ နှစ်ပေါင်း တရာနီးပါး ကွာခြားနေပြီလေ။  သူတို့ခေတ် သူတို့ အခါက အမျိုးသားရေး စိတ်ဓါတ်ဆိုတာ နယ်ချဲ့စနစ်ရဲ့ ဖိနှိပ်ချုပ်ချယ် ဗိုလ်ကျမူအောက်ကနေ အလိုလို ကို ပေါ်ပေါက်လာခဲ့ရတာ။ ဒါပဲ..အင်အား..။ ဒါပဲ မျှော်လင့်ချက်။ ဒါပဲ လက်နက် ဖြစ်ခဲ့တာ ။ ဟိုး မြေကြီးကို ထိအောင်ပြုတ်ကျနေခဲ့တဲ့ ကျွန်စိတ် တွေကို ဆွဲတင်ရင်း.. သခင်စိတ်တွေက မိုးပေါ်ထိအောင် ထိုးထောင် တက်သွားခဲ့တယ် ဆိုရင်လည်း.. ဒါဟာ သမိုင်းတခု မှာ ဆင်ခြင်နားလည် ဖို့သာပဲ မဟုတ်လား။

ဒေါ်အောင်ဆန်းစုကြည် က ဆိုရင် သူ့ရဲ့ စာတမ်းတခုမှာ အယူဝါဒ နဲ့ စိတ်နှလုံးကို တံခါးဖွင့်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် လူငယ် ခေါင်းဆောင်တချို့ကတော့   နောက်ပိုင်းမှာ အစွန်းရောက်လာနိုင်တဲ့ ဗမာလူမျိုးကြီးဝါဒ (racial chauvinism)ရဲ့ အန္တရယ်ကြီးပုံကို ပြန်လှန် သုံးသပ်မိကြပြီး၊ အရှိန်လျှော့ဖို့ ကြိုးစားခဲ့ကြ တယ် လို့ ၊ သုံးသပ် ခဲ့ ဘူးတယ်။ တတိုင်းပြည်လုံးရဲ့ သွေးတွေကို ဆူပွက်စေခဲ့တဲ့  “တို့ဗမာအစည်းအရုံးကြီး” ရဲ့ ဟစ်ကြွေးသံ ဖြစ်တဲ့၊ `ဗမာစာသည် တို့စာ..ဗမာစကားသည် တို့စကား..´ ဆိုတာကိုလည်း  အပြုသဘော ထောက်ပြ ခဲ့သေး တယ်။

တိုက်တိုက်ဆိုင်ဆိုင် မနေ့ တနေ့ကပဲ  သိန်းဖေမြင့် ရဲ့ ၁၉ ၃၀ တ၀ိုက် မြန်မာပြည်နိုင်ငံရေးသမိုင်း ဆိုတဲ့ စာအုပ်ကို အင်တာနက်ကနေ ဆွဲချပြီး ဖတ်နေခဲ့မိတယ်။ အင်မတန် အရေးအသား ရှင်းလင်းပြေပြစ်တဲ့ သိန်းဖေမြင့်ကို တယောက်ထဲ ကျိတ်ပြီး ချီးကျုးနေမိသေးတယ်။ ကျောင်း သင်ခန်းစာတွေ မှာ ဘယ်နှယ်ခါ ဖတ်ဖတ်.. ဘယ်လိုအော်ကျက်ကျက်..ရောထွေးနေခဲ့တဲ့  မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမူ သမိုင်းတွေ..အဖွဲ့အစည်းတွေ အကြောင်းကို ရှင်းလင်း နေအောင်  ရေးသားထားတဲ့ အပြင် ခေတ်အမြင်ကျယ်မူ ကလည်း အတော်စောစော ကာလမှာတည်းကကို  သမရိုးကျ ယိမ်းထိုးနေတဲ့ အယူအဆ တွေထဲက ထိုးဖောက်ထွက်နေတာကို သဘောကျမိတယ်။ 

တို့ဗမာ သီချင်းကြီးကို သူ သုံးသပ် တင်ပြပုံကလေးကို ပြန်ကူးပြပါရစေ..

 ကုလား ဗမာ အဓိကရုဏ်းဖြစ်ပြီး တလကျော်ကျော်လောက်ကြာတော့ သခင်ဗသောင်း သခင်လှဘော် စတဲ့ တို့ဗမာ အစည်းအရုံး စတင် တည်ထောင်သူတွေဟာ ၀ို်င်အမ်ဘီ ဆရာတင် နှင့် ပေါင်းမိပြီး တို့ ဗမာ သီချင်းကို ရေးသား စပ်ဆို လိုက်ကြတယ်။ 
နောင် ဥဒါန်းမကျေအောင် ရာဇ၀င် တင်ထားတဲ့ ကမ္ဘာတခွင်မှာ အထင်အရှားဖြစ်တဲ့ တို့ဗမာတွေ  “တို့ခေတ်မှာမှ ညံ့ကြတော့မှာလား..တို့ဗမာ မဟုတ်ဖူးလား” စသည်ဖြင့် သွေးထိုးလိုက်တယ်။ 
”တို့ဗမာ..ငါတို့ဗမာ..ယောက်ျား ဘသား တို့ဗမာ သခင်မျိုးဟေ့ တို့ဗမာ” လို့ လက်ပန်းပေါက်ခတ် ကြုံးဝါးလိုက်တယ်။ ”ဒါ တို့ ပြည်  ဒါ တို့ မြေ  ဒါ ငါတို့ ပြည် ” လို့ တောင်းဆိုလိုက်တယ်။
” တို့ဗမာပြည်ကို တိုင်းရင်းသားကုန်စင် တို့ ပြည်လို့ မှတ်ထင်” ပြီး ကာကွယ်စောင့်ရှောက်ကြပါ လို့ တိုက်တွန်းလိုက်တယ်။ 
“ အမျိုးသားရေး ကြိုးပမ်းကြပါ  တို့ဗမာ ( ဟေ့) တို့ ဗမာ ( သြော်) အမျိုးသားရေး ကြိုးပမ်းကြပါ   တို့ဗမာ။ အရှေ့က နေ၀န်း ထွက်သည့်ပမာပ၊ တို့ခေတ်ကိုသာ ရောက်ရမည်မှာ မလွဲပါ ။ တို့ဗမာဟေ့ တို့ ဗမာ” လို့ မြှော်လင့်ချက် လင်းရောင်ဦး ပေးလိုက်ပါတယ်။
 တို့ ဗမာသီချင်းကို ၁၂၉ ၂ ခု ၀ါဆိုလဆုတ် ၁၁ ရက် … တနင်္ဂနွေနေ့ ညနေ ငါးနာရီတွင် ရွှေတိဂုံ ကုန်းတော် အနောက်မြောက်ဒေါင့် ဦးစံထွန်း ဒေါ်နှစ် ဇရပ်မှာ အခမ်းအနား နှင့် စတင်သီဆိုပါတယ်။   ၂၀-၇-၃၀ သူရိယ သတင်းစာမှာ သီချင်းစာသားကို တရက် ကြိုတင်ပြီး ဖော်ပြခဲ့တယ်။ အခမ်းအနား နှင့် သီဆိုတဲ့ နေ့မှာ သခင်ဗသောင်းက နိဒါန်း စကားပြောတယ်။ ၀ိုင်အမ်ဘီ ဆရာတင် ကိုယ်တိုင် သီဆိုတယ်။ လူတွေကို လှုံ့ဆော်စည်းရုံးရာမှာ အထက်မြက်ဆုံး သီချင်းဖြစ်ပါတယ်။

သီချင်းကို နောက်တခါ ပြန်ဖွင့် နားထောင်တယ်။ ဖျင်ကြမ်းအကျီ င်္ နဲ့ ပုဆိုးတိုတို ၀တ်ထားတဲ့ သခင်ဗသောင်း ရဲ့မေးရိုးကားကားကြီးတွေကို စိတ်ကူးထဲမှာ မြင်ယောင်လာတယ်။ ပန်းရောင် ပိုးခေါင်းပေါင်းကို ပြေပြေပြစ်ပြစ် ထုံးဖွဲ့ ထားတဲ့ ၀ိုင်အမ်ဘီ ဆရာတင် ရဲ့  ( အမျိုးသားရေး ကြိုးပမ်းကြပါ.. တို့ဗမာ ) ဆိုတဲ့ အာပေါင်ပဲ့ ဆိုဟန် ကို ကြားလာရတယ်။

ဘာပဲ ပြောပြော .. ဗမာတွေ တကယ်ကို မညံ့ ခဲ့ကြတာပါ။ ခေတ်အမြင် နဲ့ သာတူညီမျှ စိတ်ဓါတ်ကို လုံးဝ မမေ့ခဲ့ကြပါဘူး။ နားထောင်ကြည့်ပါအုံး.. အသေအချာ ထဲ့သွင်းပြီး စပ်ဆိုခဲ့တာပါ..

"တို့ဗမာပြည်ကို တိုင်းရင်းသားကုန်စင် တို့ ပြည်လို့ မှတ်ထင်.."
တို့ ၀တ္တရားပင်… တဲ့။
အဲဒီ အပိုဒ်ကလေးမှာ  ၀တ္တရား ဆိုတဲ့ အသုံးအနှုံး ရွေးချယ်မူ ကိုက စာဆိုရဲ့  ညဏ်အမျှော်အမြင် တွေးခေါ် ရင့်ကျက်မူ ကို ဖော်ပြနေခဲ့ပါပြီ။

 တို့ဗမာ သီချင်းကို နောက်ဆုံး တကျော့ ထပ် ဖွင့်လိုက်မိပြန်သည်။

+++++++++++++

ကေသွယ်
၂၇ နိုဝင်ဘာ ၂၀၁၃ - အမျိုးသားအောင်ပွဲနေ့




◦
Share/Bookmark

လက်ခတ်သံ

အရင် ပို့စ် မှာ .. 'လတ်ခတ်သံ' သီချင်းလေး ကို..နှစ်နှစ်သက်သက် တင်စား ပြီး ကာ မှ... အဲဒီ ရွှေခြည်ငွေခြည် တန်းပါလို့ ရုပ်ရှင်အဟောင်း လေး ကို တအား ပြန် ကြည့်ချင် စိတ် ပေါက်နေ မိတယ်။ 

အဲလို တုန်း.. တိုက်တိုက် ဆိုင်ဆိုင်ပဲ.. ဖေ့စ်ဘွတ်ခ် မှာ ညီမငယ် တယောက် ပြန်တင် ပေး ထားတာ တွေ့ တော့..၀မ်းသာ သွားလိုက်တာ။ ဖလင် ခေတ်က ရုပ်ရှင် အဟောင်းတွေ..ဓါတ်ပြားခေတ်က..သီချင်း အဟောင်း တွေ..ဘယ်က ဘယ်လို အင်တာနက် ခေတ်ကြီး မှာ.. ဟိုက..ဒီက..ထွက်လာ ကြ ပါ လိမ့် လို့..  တွေး နေ မိ သေးတယ်။ လက်ခတ်သံ လိုမျိုး.. အလင်္ကာကျော်စွာ  စိန်ဝေလျှံ ရဲ့..တခြားတခြား သော.. မြန်မာမူ လက်ရာ သီချင်း ကောင်း လေးတွေ.. ။ သန်းသန်းဆင့် ရဲ့..တခြား တခြား သော.. ဂရုဏာသံ နှော လေးတွေ။ ဘာပဲ ဖြစ်ဖြစ်.. နောက်လူ တွေ .. ကြည့်ရှု ခံစား နိုင် တာ.. ကောင်းတာပေါ့။

ခု လည်း ဒီ ရုပ်ရှင်လေး ကို သေချာ ပြန်ကြည့် ရင်း..ဖတ်ခဲ့ဘူး တဲ့.. မူရင်း ၀တ္တုလေးကို ပြန် အာရုံဖော်ကြည့် နေ မိ သည်။ ဆရာမ ခင်လှိုင်ကြူ ရဲ့.. ငွေတာရီ မဂ္ဂဇင်း ၀တ္တုရှည်လေး တပုဒ်ပဲ။ ၀တ္တု ခေါင်းစဉ်က.. လှိုင်းပုတ် တဲ့ လှေ.. ။  ချောင်းကလေး နဘေး မှာ.. အမျိုးသမီးလေး တယောက် နဲ့..ခလေးမ လေး တယောက် လှေ လွှတ်နေတဲ့ သရုပ်ဖော် ပုံကလေး .. အာရုံ ထဲ မှာ ရေးတေးတေး ပြန်ပေါ်လာ သည်။


ဒါဆို...

အေးဟဲ့..အမေ လည်း ဆိုရင်း ဆိုရင်း အဓိပ္ပါယ် တမျိုးပေါက်လာ တယ် ..  

ဆိုတဲ့.. ဒေါ်မေနွဲ့ ကြီး ရဲ့ စကားသံ နောက်က...လက်ခတ်သံ သီချင်းလေး ကို ရွေးနှုတ် တင်စား အသုံးးပြု ခဲ့ တာက.. ဒါရိုက်တာကြီး ဦးသုခ လား.... မူရင်း စာရေးသူ ခင်လှိုင်ကြူလား... ။ ရုပ်ရှင်ထဲ မှာ.. ဂီတစာဆို စိန်ဝေလျှံ အား ဂုဏ်ပြု ၍ လက်ခတ်သံ သီချင်းကို သုံးပါသည် ဆိုတော့.. ဦးသုခ ရဲ့.. အလင်္ကာ မြောက် ရွေးချယ်မူ ပို ဖြစ်နိုင်မည် ထင်သည်။  ငယ်စဉ် တုန်းက..အဆိုတော် လုပ်ခဲ့ဘူး တဲ့.. ဒေါ်မေနွဲ့ ကြီးကို.. သဘာဝ ကျကျ ကိုယ်တိုင် ဆို ခိုင်းခဲ့ တဲ့..ဦးသုခ ရဲ့.. စိတ်ကူး လေး ကပဲ.. ဒီ ရုပ်ရှင် တကားလုံးကို.. ပြောစမှတ် ပြု အောင် .. တသသ ကျန်ရစ်ခဲ့အောင် ဖြစ်သွား ခဲ့ တာ လို့..ထင်မိသည်။ ဒေါ်မေနွဲ့ကြီး အကယ်ဒမီ ရ ခဲ့တဲ့ အခန်း တခု လည်း ဖြစ်သွား သည်ပေါ့။

ရုပ်ရှင်တကား လုံး ကို ညီညီညွှတ်ညွတ် ပေါင်းစပ် ဖန်တီး ခဲ့ ကြတဲ့ ..ညွန့်ဝင်း.. ခင်ယုမေ..ချိုပြုံး စတဲ့..သရုပ်ဆောင် တွေ ရဲ့ ဟန်ပန် အမူအယာ တွေ က စလို့.. ဂီတ လုလင် ဦးကိုကို ရဲ့..ဂီတ တီးခတ် ဖန်တီးမူ တွေ အဆုံး.. အဲဒီ ခေတ် အခါက..အနုပညာ ထွက်ကုန် တခု ကို ..တလေး တစား ပြန်ပြီး ခံစား ကြည့် ရှု ဖြစ် သည်။ ပြီးတော့..ငယ်ငယ်က ပုံရိပ် တွေ.. ခံစားနားလည်မူ တွေ..။ တကယ့် သတိရ စရာ လေး တွေ ချည်းပါပဲ။ ငယ်ငယ်က ဆို.. ရုပ်ရှင်တကား နာမည် ကြီးပြီ ဆိုရင်.. လက်မှတ် ကို တအိမ်လုံးစာ အတွက်..တရက် နှစ်ရက် ကြိုဝယ်ကြ ရသည်။ ရုပ်ရှင်သွားကြည့်ရတော့မယ် ဆိုရင်..ညစာ ထမင်း တောင် ၀င်အောင် မစားနိုင် အောင် စိတ်က လှုပ်ရှား သေး တာ။ တအိမ်လုံး ဆွေမျိုးတွေ တသိုက်ကြီး.. မုန့်တွေ..ယပ်တောင် တွေ.. ဓါတ်မီးတွေ ကိုင်ပြီး သွားကြည့်ရတဲ့..အဲဒီ ခေတ် ကို.. အခုလို ကြိုက်တဲ့ ရုပ်ရှင် ကား ကို အိမ်မှာ ဆိုဖာပေါ်ထိုင် ဇိမ်နဲ့ ကြည့်နိုင်တဲ့ ခေတ်ကနေ..ပြန်ပြီး လွမ်းကြည့် မိ တော့.. ဟို တုန်းက တောင် ပိုပြီးတော့  ချိုမြိန်သလိုလို။

စာရေးဆရာမ ခင်လှိုင်ကြူ ကို လည်း၊  ၆၂ ကျောင်းသား ခေါင်းဆောင်ဟောင်း တယောက် လည်းဖြစ်.... အကျဉ်းထောင် ထဲ မှာ ကျဆုံး သွားတဲ့.. ခရမ်း မြို့နယ် အဖွဲ့ချုပ် ကိုယ်စားလှယ်  တယောက်လည်း ဖြစ်တဲ့.. ဦးတင်မောင်ဝင်း ရဲ့ ဇနီး အဖြစ် မသိ ခင် တုန်းက တော့.. အချစ် နဲ့ ဘ၀ ကို လှလှပပ ခြယ်မှုန်း နိုင်တဲ့.. စာရေးဆရာမ တယောက် အဖြစ် ..သူမ ရဲ့.. ၀တ္တုရှည် တွေ ကို..ငွေတာရီ တို့ မြ၀တီ တို့ ထဲ မှာ.. စွဲစွဲ လမ်းလမ်း ဖတ် ခဲ့ ဘူး သည် ။ ဗွီဒီယို ကား အဖြစ် ရိုက်ခဲ့ဖူး တဲ့.. မဂျိုးကိုဘယ်လိုပြောရပါ့   ဆိုတဲ့..၀တ္တုလေး ကို လည်း ခုထိ သတိရ စွဲလမ်း နေ မိ သေး သည်။ အဲဒီ တုန်းကလည်း နွေရာသီ ကျောင်းပိတ် ပြီ ဆိုတာနဲ့.. အိမ်က စာအုပ်ဗီရိုကြီးကို ဆွဲဖွ ပြီး၊ တမံတလင်းပေါ် အားလျား မှောက်ပြီး.. စာအုပ်တွေ တအုပ်ပြီး တအုပ် လှန်..၊ အချစ်ဝတ္တုတွေ..မမီမကမ်းနဲ့ ဖတ်..။ ဖတ်စရာကုန် ရင်.. ထပ်ပြန် တလဲလဲ ဖတ်။ တင့်တယ်..ကြည်အေး..သော်တာဆွေ..ရှုမ၀ ရုပ်စုံတွေ.. ဖတ်သာ ဖတ်ခဲ့တာ..။ သိပ်မမှတ်မိ တော့။ အခု ကြီးမှ..ကြိုက်တာလေးတွေ တခုခြင်း ပြန်ရှာ ဖတ်ဖြစ် ရတော့သည်။ ခုလို ဖတ်စရာတွေ သိပ်များလွန်းသော.. ( နောက်ဆုံး ဖတ်ဖို့ အချိန်ကို မပေးနိုင်လောက်အောင် ဖြစ်နေသော ) ခေတ်ကြီးက နေ.. အဲဒီ ရှားစပါးစ ဆိုရှယ်လစ် ခေတ်ကလေး ကို  ပြန်သတိရ မိ နေ ပြန် ပါ ပြီ။ ခက်..ခက်ရ ချေ။

ရုပ်ရှင် ကား တခု လုံး ထဲက.. လက်ခတ်သံ သီချင်းလေး ပါ တဲ့ အခန်းလေး ကို ပြန်ဝေမျှ လိုက်ပါတယ်။ 
စကားပြောခန်းလေး က..ရှေ့ မှာ သုံးမိနစ် စာလောက် တော့ .. ခံနေတယ်။ ဇတ်လမ်း အဆက်အစပ် သိရတာပေါ့ ။







ရုပ်ရှင် တကားလုံး ကြည့်ချင်ရင်တော့.. ရွှေခြည်ငွေခြည်တန်းပါလို့

◦
Share/Bookmark

ရွှေခြည်ငွေခြည်တန်းပါစေ


၂၀၁၂ တဲ့ ။ နှစ်သစ် တခု ဆီသို့ ကူးပြောင်း ခဲ့ပြီ။ 

 ဆိုတော့… အရင် နှစ်ဟောင်းက..အကြောင်းတွေ ကို .. အကောင်း က များများ .. အစောင်း လေး နည်းနည်း .. ဖောက်ပြီး ပြောပြ ရ မည် လား။ 

အို..ဒီတနှစ် တော့..မနှစ်က လို မဟုတ်ဘူး.. တခုခု တော့ ဖြစ်ကို ဖြစ်ရမယ်  လို့.. တယောက်ထည်း  ကြိတ်ပြီး အားတင်း မျှော်လင့် ရ မည်လား။

ပုထုဇဉ် တွေ ဆို တော့ ကာ၊  အကောင်း တွေ ကို သာ ထုပ်ဖော် ချင် ၍ .. အကောင်း တွေ ကို သာ ပဲ.. ထပ်မံ မျှော်လင့် တောင့်တ မိ ပါသည် မှာ  သဘာဝ ကျ သည် မဟုတ်လား…။


++++++


တကယ်ဆို.. ဇန်န၀ါရီ ပင် ကုန်ခါနီး နေပြီ။ နှစ်သစ်ကြို မဲ့ စာ က.. ရေးဖို့ စခန်းကို မရောက် နိုင် ရှာ။
ပထမ တပတ် လုံး ခရီး ထွက်နေ ခဲ့ သည်။ ဒုတိယ တပတ်လုံး မိသားစု ကိစ္စ တခု နဲ့ ရှုပ်နေခဲ့ သည်။ အင်တာနက် ဖေ့ဘွတ် ဆိုတာ တွေ နဲ့ ခပ်လှမ်းလှမ်း ဖြစ် နေ ခဲ့ ရင်း.. ပိုပြီး ငြိမ်းငြိမ်းချမ်းချမ်း လည်း ရှိ နေ ခဲ့ သည်။ တတိယ အပတ် မှာ မှာတော့.. အင်တာနက် ကြီး နား ကပ်လာ နိုင် ပြီ ။

အချိန်ကောင်း ပေ ပဲ..။ မင်္ဂလာ သတင်း များ နဲ့ တိုး ပြီး၊ လွတ်မြောက်လာတဲ့.. နိုင်ငံရေး အကျဉ်းသား တွေ  ရဲ့ ပုံတွေ..သတင်း တွေ.. မမောတန်း ထိုင်ကြည့် ရင်း အပျော်လွန် နေ ခဲ့ ပြန် သည်။ ဘာ မှ လည်း ရေး ချင် စိတ် မရှိ ။ ဘာ မှ လည်း ရေးစရာ မလို အောင်ကို … ဖတ်စရာ တွေကြည့်စရာ တွေ နဲ့ .. တခွင် တပြင် လုံး ပြည့် နေ သည် လေ ။

တခြား ကမ္ဘာအခြမ်း တွေ မှာ ဘာတွေ ဖြစ်နေ မှန်း မသိ နိုင် တော့ လောက် အောင်ကို.. မြန်မာ သတင်း တွေ ကြားထဲ ခေါင်းစိုက် ဒိုင်ဗင်ထိုး ပြီး တော့ ကို အမီ လိုက် ဖတ် နေ ရ တဲ့ အဖြစ်။ လက်ရှိ သတင်းထူး တွေ အပြင်..လွတ်သွားတဲ့ သတင်း တွေ ကလည်း အဆက်အစပ် တွေ နဲ့ မို့.. လွှတ်ထား ခဲ့ လို့ မဖြစ်။

မီးတွေ လောင်တယ်တဲ့။
ရွေးကောက်ပွဲ ၀င် ဖို့ မှတ်ပုံတင် လိုက် ပြီ တဲ့..။
သာကူး တွေ တဲ့။
ဘာပဲ ကူးကူး..ကူးတယ်ဆို ကောင်းတာပဲ တဲ့။
လွတ်ကုန်ပြီ တဲ့..။
ကြိုဆို ကြတာ သောင်းသောင်းဖြဖြ တဲ့။
ငြိမ်းချမ်းရေး ရတော့မယ် တဲ့။
စစ်ပြေး ဒုက္ခသည်တွေ တော့ ပိုပို များလာတယ်တဲ့။
တပတ်အတွင်း ဆင်းပေး ရ မ တဲ့။
အရိုးတွေ တွန်ကုန်ပြီ တဲ့။
ပြန်ကြ တော့မယ် တဲ့..။ အလည် ပြန်ပြီး အရင် ကြည့်လိုက် အုံးမယ် တဲ့။
သူတို့တောင် ခွင့်လွှတ်ရင်..ခင်ဗျားတို့လည်း ခွင့်လွှတ်ကြ ပါတဲ့။
ခွင့်မလွှတ်ဘူး တဲ့။
ခွင့် လား.. လွှတ်ရ မှာ ပေါ့ တဲ့။
လမ်းပေါ်က..သတင်းစာ တွေ မှာ.. အထူးအဆန်းပုံတွေ ချည်းပဲ တဲ့။
မယုံ ဘူး တဲ့။
မယုံကြည်လည်း ယုံကြည့် ရ မှာ ပဲ တဲ့။
မယုံ ယုံယုံ … ယုံယုံယုံ.. ယုံကြည်မူ တည်ဆောက် ရ မယ် တဲ့။



၂၀၁၂ အတွက်.. စိတ်ဝင်စားစရာ အကြောင်း တွေ က.. တာကျိုးသလို တလဟော စီးဆင်း လာ နေ သည်။ အပြောင်း အလဲ ဆို တာ တချို့ ကို လည်း..ဗလောင်းဗလဲ အနည်းအပါး နဲ့ အတူ မြင်လာ နေ ရ သည်။  သေချာတာကတော့.. အဓိက ဇာတ်လိုက် တွေ အကုန်လုံး လိုလို ဇာတ်စင် ပေါ် ပြန် တက် လာ ကြ သည်။ ဒါဆို ပွဲ ပြီး တော့ မယ် လား။ မီးကတော့ မသေ လောက် သေးပေ။
-
အိမ်အလုပ် ဆိုတာမျိုးက..ကိုယ်ရပ်လိုက် မှပဲ ပြီးတာ မျိုး ဆိုသလိုပင်၊ သတင်းတွေ အတင်းတွေ အဖျင်းတွေ အညင်းတွေ က လည်း..ကိုယ် မကြည့်ပဲ နေ မှပဲ.. ကုန် မှာ ဖြစ်နေလေ တော့ ၊ ကွန်ပြူတာ ပေါ်မှာ ပွင့်နေတဲ့  စာမျက်နှာတွေ ရောင်စုံ တွေ  ကို ပိတ် ပြစ် လိုက် ယုံ သာ။
-
ဘာပဲပြောပြော..အခု လို အခြေအနေ တွေ ကြားထဲ မှာ .. ၂၀၀၉ ခု နှစ် က..နှစ်ဦးကို ကြိုရင်း.. စိတ်ကူးယဉ် အဖြစ် ရေးခဲ့ ဖူး တဲ့.. ဆယ်လမွန်ငါးတို့ အပြန်  ဆိုတဲ့.. စာ ကလေး တပုဒ် ကို တော့.. ပြန် သတိ ရ နေ မိ သည်။ သုံးနှစ် တောင် ကြာခဲ့ ပြီ။ အဲဒီတုန်း ကတော့..တကယ့်ကို စိတ်ကူးယဉ် အဖြစ် ရေးခဲ့ မိ တာ ပါ ။ တကယ်လည်း  ဖြစ်လာနိုင် တာ ပဲ -  လို့တော့..မရဲ တရဲ ထင်ခဲ့ မိ သည် ပေါ့။

 ညနေ..သုံး နာရီလောက်မှာ..အစီအစဉ်တွေ ပြီးဆုံးသွားတော့ လက်ဖက်ရည် နဲ့ စမူဆာ စားသုံးရင်း..ခန်းမတခုလုံး..ပြန်လည် ကျွတ်ကျွတ်ညံ သွားတော့သည်။ နှုတ်ဆက်သံ.. ချီးမွမ်းသံ.. ရယ်မောသံ.. အားလုံးက..ရင်ထဲက..အသံတွေ.. လွတ်လပ်ပျော်ရွှင်မူ စစ်စစ်ရဲ့.. အသွင်သဏ္ဍန်တွေ.. လှုပ်ရှားမူတွေ။ ခန်းမ ထဲက.. တီဗွီ ကလည်း.. မြန်မာ့အသံက..တိုက်ရိုက်လွှင့်နေတဲ့.. သဘက်ခါ မှာ ကျင်းပမဲ့.. ဒေါ်အောင်ဆန်းစုကြည် ရဲ့.. Inauguration Day အတွက်..မြို့တော်ခန်းမရှေ့..ပြင်ဆင်ပုံတွေ..။ အကျဉ်းသားတွေ လွတ်မြောက်လာပုံတွေ.. ကိုမင်းကိုနိုင်တို့..ဦးဝင်းတင်တို့ရဲ့ နဲ့ တွေ့ဆုံမေးမြန်းခန်းတွေကို... ထပ်ကာ ထပ်ကာ ထုပ်လွှင့်နေသည်။

တချို့လည်း တနာရီ ကျော် မောင်းရမည့် ခရီး အတွက်..ပြန်တဲ့လူတွေ ပြန်ကြပြီ။ သူတို့ အုပ်စုတော့.. မေရာက.. ခုည..ရွာသားတွေ လုပ်မဲ့ မီးပုံပွဲ ကို.. ဆက်နေပါ..ညအိပ်ပါ.. ဆိုလို့.. ဒီည မပြန်တော့ဘူးလို့..ဆုံးဖြတ်လိုက်သည်။

-
ဒါဆို..အခု အဲဒီ စိတ်ကူးယဉ် ထဲ ကလို တကယ် ဖြစ် နေ ပြီ မို့ လား။ 
-
အဲဒီထဲ ကလို  ဒေါ်အောင်ဆန်းစုကြည် ရဲ့ သမ္မတကျမ်းကျိန်ပွဲ ရယ်လို့ ဖြစ်မလာသေး ပေ မဲ့.. ပုဝါ နှစ်စ အသာချ ပြီး သဇင်တွေ ဝေ နေ တဲ့.. သူမ ရဲ့ အပြုံးမျက်နှာ ကို ၊ အခမ်းအနားတွေ မှာ၊ ခမ်းခမ်း နားနား မြင်တွေ့ နေ ရ ပြီ။  နေ့စဉ် နေ့တိုင်း ကို စောင့်ကြည့်  နေ ကြ ရ ပြီ။

  ဦးဝင်းတင် နဲ့ မင်းကိုနိုင် ရဲ့ မိန့်ခွန်း တွေ ၊ အဖြေ စကား တွေ ကို  ထပ်ကာတလဲလဲ ကြားနာ ဖတ်ရှု နေ ရ ပြီ။  

 နိုင်ငံရေး အကျဉ်းသား တွေ လည်း အတော်များများ လွတ်မြောက်လာ ကြ ပြီ။ 

အဲဒီ စိတ်ကူးယဉ်  ထဲက.. သူငယ်ချင်း တချို့ပင် မြန်မာပြည် ကို ပြန်သွားကြ ပြီ။ တချို့ ပြန်ဖို့ ကြိုးစား နေ ကြ ပြီ။ 

တလောကဆို.. နေဘုန်းလတ် ရဲ့ ပင်လုံ စာဖတ်ခန်း ဖွင့်ပွဲ မှာ စကားပြော နေတဲ့ ပုံကလေး ကို မြင်ရ တော့.. ရင်ထဲမှာ လှိုက်ကနဲ ဖြစ်သွားရင်း ..စိတ်ကူးယဉ် ထဲ က.. အနာဂါတ်သုတရပ်ဝန်း ဆိုတဲ့.. စာကြည့်တိုက် ဖွင့်ပွဲ လေး ကို သတိရ သွား မိ သည်။
-
ဒါဆို.. အဲဒီ စိတ်ကူးယဉ်  ထဲ က.. ကျမ ကိုယ်တိုင် က ရော…။ 
စိတ်ကူးယဉ် တယ် ဆိုတာ ..မျှော်လင့်တာ။ မျှော်လင့်တယ် ဆိုတာ မျက်မှောက်ပြုတာ လို့ ပြောနိုင်ယုံ က လွဲ လို့.. ခုထိတော့ ကျမ မှာ အဖြေ မရှိသေးပါ။


တကယ်တော့..ကျမ တို့ မြန်မာပြည်သူ ပြည်သား တယောက်ခြင်း ရဲ့ လူမူဘ၀ တခု ခြင်း စီ နဲ့ ယက်ရှယ် ထား တဲ့.. မြန်မာပြည် ရဲ့ အနာဂါတ် ဟာ..စိတ်ကူးယဉ် အိပ်မက်တွေ ထဲ ကနေ.. လွန့်လူးစ ပြု လာ နေ ပြီ လို့.. တော့ ဖြင့်.. ယုံကြည် ချင် လွန်း လှ ပါ ပြီ။


အဲဒီလို ယုံကြည် နိုင်ဖို့ အတွက် လည်း.. ကျမ တို့ အားလုံး ရဲ့ လူမူ ဘ၀ တခု ခြင်း စီ ကို..ကျမ တို့ ရဲ့..အားထုတ် လုပ်ကိုင် မူ တွေ နဲ့ပဲ..ယက်ဖောက် ပုံဖော် ကြ ရ မှာ ပဲ မဟုတ်လား။


ဟိုသီချင်း လေး ထဲ ကလို ဆိုရင်ဖြင့် .... ရွှေခြည် ငွေခြည်  တန်း ပါလို့..ယက္ကန်းရွှေစင် ကန်းရွှေစင် တွေ.. တန်းစီ နေ ကြ မှ..ဖြစ်ပေမည်။  ကျမ တို့ ရဲ့ လက်ခတ်သံ တွေ လည်း၊  မြိုင် နေ ကြ ရ ပေမည်။ ငယ်ငယ်တုန်းက..အင်မတန် နှစ်သက် ခဲ့ တဲ့.. ဆရာကြီး ဦးသုခ ရဲ့ ရွှေခြည်ငွေခြည်တန်းပါလို့   ရုပ်ရှင် ထဲက ..  မလေးလက်ခတ်သံ  ဆိုတဲ့ သီချင်းလေး ကို .. ဒီနှစ် ဦး မှာ.. ပြန်ကောက် ရ ရင်း .. ခဏ ခဏ  ဆိုညည်း မိ နေ သည်။ အကယ်ဒမီ ရ တဲ့ အထိ ပြောင်မြောက် လှ တဲ့..ဒေါ်မေနွဲ့ ကြီး ... ခလေး သိပ် တဲ့ အခန်း လေး ကို ပြန်သတိရ တော့.. ဇာတ်လမ်း ထဲက.. ဘ၀ တွေ..ချစ်ခင်မူ တွေ..နှောင်တွယ်မူ တွေ..ရှုပ်ထွေး မူ တွေ…။


ဘယ်သူဘယ်သူ ၀င်ကာပါ့.... ချည်ခင်ထွေး
ဘယ်သူဘယ်သူ ၀င်ကာပါ့... ချည်ခင်ထွေး
ရှင်းနိုင်ပါ့ မရှင် ..   …. ရှင်းနိုင်ပါ့မရှင်း.. ..


သိပ်ကို အလင်္ကာ မြောက် တဲ့ စာသားလေး တွေ ပါပဲ။ 


စိတ်ကူး မျှော်လင့်ချက် တွေ နဲ့..လက်ခတ်သံ တွေ မြိုင်နေ တဲ့ ကြား ထဲ ကပဲ..   ဘ၀ တွေ ဆိုတာ.. တခါ တခါ.. ချည်ခင် တွေ ထွေး သ လို ရှုပ်ထွေး ပွေလီ အခက် ကြုံ ကြ ရ တတ် ပြန် သေး တာ လေ။ အဲဒီတော့ လည်း ကိုယ့်ချည်ခင် ကိုယ်ရှင်း ကြ ရ ။ ပြီးတော့ လည်း .. ပျော်ပျော်ပါးပါး ယက္ကန်း တွေ ဆက်ခတ် ကြ ပေါ့။ 

မျှော်လင့်ချက် တွေ.. ချစ်ခင် မြတ်နိုးမူ တွေ.. အခက်အခဲ နဲ့ ရုန်းကန် လှုပ်ရှား အားထုတ် ရ ခြင်း တွေ အားလုံး ကို ၊ လှလှပပ ပေါင်းစပ် ထား တဲ့.. အဲဒီ သီချင်း လေး ကို ထပ်ပြန်တလဲလဲ နားထောင် ရင်း.. ရှေ့ဆက် ရ မဲ့.. လူ့ဘ၀ ကြီး ကို ချစ်စဖွယ် ကောင်းစွာ တရား သံဝေဂ လည်း ရနေမိ တယ်။



အဲဒီလို ဆိုတော့ ၊  ဘ၀ တခု ခြင်း စီ နဲ့ ပေါင်းစပ်ထားတဲ့.. ဟောဒီ လူ့ အ၀န်းအ၀ိုင်း တိုင်းပြည် နိုင်ငံ ကြီး တခု အတွက် မှာ လည်း.. မျှော်လင့်ချက် တွေ… အားထုတ်မူတွေ .. အရှုပ် အထွေး တွေ နဲ့ ပြည့်နှက် ..ရောယှက်နေ  လိမ့် အုံး မယ် ဆို တာ လည်း .. အသေအချာ ပါပဲလေ။


ဒါပေမဲ့…သီချင်းလေး ရဲ့ အဖွင့်လို ... ဘုရား ငုတ်တို ရောင်တော် လွှတ် မှ….ပုံတော်ဆင် ၀တ်ကြ ပါစို့ ..မောင်ကြီးရေ.. တော့်... လို့ တော့.. ငေါ့တော့်တော့် လေး မဆို ချင် တော့ပါ။ 

ဘာပဲဖြစ်ဖြစ်လေ ... ဘ၀ တွေ အားလုံး နဲ့ အတူ.. ဒီနိုင်ငံကြီး လည်း ရွှေခြည် ငွေခြည်တွေ တန်းပါစေ  .. လို့.. နှစ်သစ် မှာ တော့..ဆုချွေ လိုက် ချင်ပါရဲ့။

--------

ကေ
၂၃ ဇန်န၀ါရီ ၂၀၁၂








ဆက်စပ်ဖတ်ရန်-
ဆယ်လမွန်ငါးတို့အပြန်

မှတ်ချက်- သီချင်း source အား ကျေးဇူးအထူးတင်ပါသည်။

◦
Share/Bookmark

ရသ နဲ့ သုတ - နည်းပညာ နဲ့ သဘာဝ - အဟောင်း နဲ့ အသစ် - ယခု နဲ့ ယခင်



မျက်ရှု ကနေ..နှစ်ပတ်လည် အတွက် စာတပုဒ် လောက် ရေးပါ လို့ ပြောလာသည်။ တကူးတက စာမူ တောင်းရ အောင် ၊ ကိုယ်က လည်း ဘာကြီးမှ မဟုတ် နေ ပါ လား။ မျက်ရှု ဆိုတာက ရော..ဘာလေး မို့ လဲ ။ 

မျက်ရှု ဆိုတဲ့.. စာမျက်နှာ လေး ကို.. ခုတလော ဟိုမှာ ဒီမှာ တွေ့ရင်း.. ပုံမှန် လို ၀င်ဖတ် ကြည့် နေ တာ တော့ ကြာပြီ။ စိတ်ဝင်စား စရာ၊ အနုပညာ စာပေ လက်ရာ အဟောင်း လေး တွေ လည်း တွေ့ ရ တတ် သည်။ ဖတ်ချင်စရာ .. ရသ - သုတ စာပေ လေး တွေ လည်း ၊ အကြောင်း စုံ သည်။ သတင်း လေး တွေ လည်း ကြိုကြား တွေ့ ရ သည်။ ခေတ်ပေါ် နည်းပညာ ကို အသုံးချ ပြီး ၊ စုစု စည်းစည်း အွန်လိုင်း မဂ္ဂဇင်း လေး တခု အမြုတေ ဖို့ ကြိုးစား နေ တဲ့ ၊ သူ တို့တွေ က ၊ မြန်မာပြည် ထဲက ၊ လူငယ် လေး တွေ ဆိုတာ သိရ တော၊ ပိုလို့ တောင်၊ စိတ်ဝင်စား မိ တော့ သည်။ ဒီစာမျက်နှာ လေး ပေါ် မှာ ၊ သူတို့လေး တွေ ရဲ့၊ ခေတ်အမြင် တွေ ကို တွေ့ လိုက် ရ သည်။ ခေတ်အကြိုက် လေး တွေ ကို လိုက်ဖတ် မိ သည်။ အထူးသဖြင့် တော့ ၊ အနုပညာ စာပေ အဟောင်းလေး တွေ ကို..လေးစား ထိန်းသိမ်း လို တဲ့..သူတို့ စိတ်ထား လေး တွေ ကို .. နှစ် လို မိ သည်။ 

ဒီလို နဲ့.. ဝေါဟာရအပြိုင် လေး တချို့ ၊ ခေါင်း ထဲ ရောက် လာ သည်။

ရသ နဲ့ သုတ.. နည်းပညာ နဲ့ သဘာဝ ... အဟောင်း နဲ့ အသစ်  .. 


++++++

တကယ်တော့...အေးလဲ့လေး.. ပြောလာတုန်း ကတော့၊ အတွေး ထဲ မှာ၊ စာစီ စိတ်ကူး ထား တဲ့၊  အကြောင်းအရာ လေး တွေ၊ နှစ်ပုဒ် သုံးပုဒ် ရှိ နေပြီး သားမို့၊ ၀မ်းပမ်းတသာ ပဲ ၊ ရသ လေး တပုဒ် ရေးပေး မယ်လို့.. ကတိ လွယ်လွယ် ပေး လိုက် မိသည်။ စိတ်ထဲမှာ လည်း၊ ၀တ္တုလေး တပုဒ် ရေးချင် စိတ် တအား ပြင်းပျ နေ သည် လေ။  “ ရှင်…၀တ္တုတွေ ရေး မနေ နဲ့..သိပ်မကောင်းဘူး ...ရိုးရိုး ဆောင်းပါး ပဲ ရေးပါဟာ ” လို့ .. အရင်းနှီး ဆုံး သူငယ်ချင်း တယောက် က.. ပွင့်ပွင့် လင်းလင်း အကြံ ပေး ထား တာတောင် ၊ အမှတ်မရှိ ရေးချင် နေ သေး သည်။ 

ဖြစ်ချင်တော့.. ပြီးခဲ့တဲ့ ရက်သတ္တပတ် တွေ မှာ၊ လူနေ မကောင်း..စိတ်နေ မကောင်း တွေ ဖြစ်ပြီး ၊ စာလေး တပုဒ် ရေး ဖို့တောင် အချိန်မရ ၊ ခံစားချက် တွေ ဖမ်းချုပ် ဆုပ်ကိုင်လို့ မရ အောင် ဖြစ်ခဲ့ ရ သည်။ ရတဲ့ အချိန်လေး မှာ ၊  စိတ်ကို အတင်း သွင်းပြီး ၊ ကွန်ပြူတာ ရှေ့ ထိုင်.. ဇာတ်လမ်းကလေး ကို စ ကြည့် သည်။ တပိုဒ်  နှစ် ပိုဒ် တော့ ဟုတ် သေး သည်။ တနာရီ နှစ်နာရီ .. ထိုင် စိတ်ကူး ။ မရ တော့...။ ဘာမှ ထပ်မရ တော့..။ တရက် နှစ် ရက် ထပ်ကြိုးစား လည်း ဘာမှ ထူး မလာ ။ ကိုယ်ရေးထား တာ ကြီး ကို လည်း မကြိုက် တော့။ ကိုယ့် ဇာတ်ကွက် တွေ ကပဲ မခိုင်မာ သလို ။ အဲလို နဲ့ ၊ မိုက်ကရိုဆော့ဖ် ၀ါ့ဒ် ရဲ့ စာမျက်နှာ တွေ သာ၊ အဟောင်း ပိတ်လိုက် ၊ အသစ် ဖွင့် လိုက် နဲ့ အချိန် တွေ ကုန်သွား သည်။ တမျက်နှာ တောင် ဖြစ်ဖြစ် မ မြည် ခဲ့ ။ အဲဒီ အကြောင်းလေး တွေက..စိတ်ကူး ထဲ မှာ တုန်းက တော့.. သိပ် ကို လှ နေခဲ့ တာ ပါ ။ ခုကျ တော့မှ..ဘာဖြစ်လို့.. ကြွ မလာ သလဲ။ 

စာတပုဒ် ဟုတ်ဟုတ် ညားညား ချ ရေး ဖို့ တကယ် မလွယ် ဘူး ဆိုတာ ခုမှ သိတာတော့ လည်း မဟုတ်ပါဘူး။ လျောက်လျောက်လျားလျား ရသ ၀တ္တု တပုဒ် ဖန်တီး ထုတ်လုပ်ဖို့က၊ ပိုပြီး ခက်ခဲ တယ် ဆို တာ ကို တော့.. သိပ်မကြာခင် က မှ .. လက်တွေ့ကျကျ ၀န်ခံ မိ တယ် ဆိုပါတော့။

 အနည်း နဲ့ အများတော့..လူတိုင်း လို ၊ စာရေး တတ် ပေ မဲ့ ၊ သူတပါး ဖတ်ချင်အောင် ၊ စွဲငြိ အောင် ၊ အနုပညာ သက်ဝင် အောင် ရေး နိုင်သူ က တော့ လက်ချိုး ရီ လို့ ရ နေ သည် မဟုတ်လား။   နုနုရည် (အင်းဝ) ရဲ့ မြစိမ်းပြာ ကမာရွတ် လို ၊ သိန်းဖေမြင့် ရဲ့ သပိတ်မှောက် ကျောင်းသား လို ၊ ကြည်အေး ရဲ့.. အပြင်ကလူ လို၊ ဂျာနယ်ကျော်မမလေး ရဲ့ - သွေး လို၊ ခင်ဆွေဦး ရဲ့ တို့တိုင်းဌါနီ လို ၊ မြသန်းတင့် ရဲ့ ဓါးတောင် လို.. တကယ့် ဂန္ဓ၀င် တွေ  .. အကြိုက်တွေ .. ခေါင်းထဲ တန်းစီ ပေါ်လာ တော့ .. ကြက်သီး များ တောင် ထ မိ သည်။ ပြီးတော့ .. ဆယ်တန်း မှာ သင်ခဲ့ ရ တဲ့ .. လေထန်ကုန်း ၀တ္တုကြီး ။ အဲဒီ တုန်းကတော့..သဒ္ဒါ တွေ၊ ဝေါဟာရ တွေ ကိုသာ အာရုံ ထား ခဲ့ ရ တာ မို့.. သူ့စာပေ အနု ရသ ကို တောင် သေချာ မခံစား မိ ခဲ့ ပါ ။ ခု ပြန်ဖတ် ကြည့် တော့မှ .. စိတ်ရှည် လက်ရှည် ရေး သား ပုံဖော် ခဲ့ တဲ့ .. သူ့ဇာတ်ကောင် တွေ .. ဇာတ်လမ်း ဇာတ်ကွက် တွေ ။ အဲဒါတွေ ထက်၊ ပို စိတ်ဝင် စား စရာ ကောင်း တာ က.. ဒီ ကမ္ဘာကျော် ၀တ္တု ကြီး ကို.. သူ့ဘ၀ တခု လုံး မှာ အဲဒီ တအုပ် ပဲ ရေး ခဲ့ တာ ဆို တဲ့ .. စာရေးသူ အင်မီလီ ဘရွန်တီ ။

 ကိုယ့်အတောင် ကိုယ်ပြန်နှုတ် ပြီး ယက္ကန်းယက် တဲ့ ပုံပြင်ထဲက ဗျိုင်းမလေး လို၊ သူ့ မပျော်ရွှင်မူ တွေ ကို ၊ တတိတိ နဲ့ ဆွဲထုတ် ဖန်တီး ခဲ့ တဲ့.. ၀တ္တု တွေ ရဲ့ အဆုံး ... ပင်လယ်ဆီ ကို ထွက်ခွါသွား တဲ့.. ဗာဂျီးနီးယားဝုဖ် ရဲ့... ဘ၀ အဆုံးသပ် က လည်း အသဲအေး စရာ ကောင်း လွန်း နေ သည်။ ၂၁ ရာစု အမေရိက ရဲ့ နာမယ်ကျော် ၀တ္တုရေး ဆရာ Franzen  ဆိုလျှင်၊ သူ့ရဲ့ နာမယ်ကျော် .. နောက်ဆုံး ၀တ္တု Freedom ကို .. ကိုးနှစ် ကြာအောင် ရေး ခဲ့ သည်။ စာရေး ခြင်း ကိုပဲ.. အသက်ရှု သလို ၊ ထမင်းစားသလို လုပ် ကိုင်ပြီး .. သူ စာရေး တဲ့ အချိန် ဆို .. အင်တာနက် ကို ပလပ် ကနေ ဆွဲ ဖြုတ် ထား သတဲ့ ။ စာရေး ဖို့ အတွက် သီးသန့် စီစဉ် ထား တဲ့ အခန်း ထဲ မှာ .. စကားပြော ခန်း တွေ ကို .. အသံထွက် ပြီး ရေး တယ် လို့ အင်တာဗျူး တခု မှာ ဖတ်လိုက် ရ သည့် ။  အံ့ဘွယ်သရဲ စာရေးနိုင်သူ များ ပါပေ။ 

အခုခေတ် စာဖတ် သူ တွေ ဟာ..  ခံစား ဖို့ ထက် .. သိ ဖို့ အတွက် .. စာတွေ ပိုဖတ်လာ ကြ လိမ့် မယ် လို့. ...ဆရာ ကျော်ဝင်း ရေးခဲ့ တုန်းက၊ သဘောကျ ခေါင်းညိမ့် မိ ခဲ့ ဘူး သည်။ ကိုယ်တိုင် လည်း ရသ စာ တွေ ကို မဖတ်ဖြစ်ပဲ အတော်ကြာ အောင် နေ ခဲ့ ဘူး သည်။ လူတွေ နဲ့ လူ့ပတ်ဝန်းကျင် အကြောင်း သိနားလည် ဖို့ တင် မက .. ခံစားနည်းလည် ဖို့ လည်း လိုအပ် လှ သည် ဆို တာ ကို.. တကျော့ပြန် လက်ခံ ခဲ့ သည် မှာ .. သိပ် မကြာလှ သေး။ ခံစားနားလည် ရင်း .. သိ နားလည် သွား မည် ဆို လျှင် တော့ ၊ အတိုင်းထက် အလွန် .. ရသ ပေါ် သုတ ဆင့် ပေါ့ ။ သူတို့ နှစ်ခု ဟာ ပေါင်းစပ် နိုင် သည့် မိတ်ဖက် တွေ ပဲ မဟုတ်လား။ သေချာ တာ ကတော့.. လူသားတွေ ရဲ့ စိတ်အာဟာရ အတွက် .. ရသ- သုတ အချိုး  အစား ကျန ဖို့ သိပ်ကို လိုအပ် နေ ပေ ပြီ်။ 

အထူးသဖြင့် .. နည်းပညာ နဲ့ ရုပ်ပိုင်း ဆိုင်ရာက... ပိုပြီး အလေးသာ သလို ဖြစ် လာ နေတဲ့ ၊ အခု ခေတ် အချိန် အခါ မှာ.. ကိုယ်ကျင့် တရား ၊ အတွေးအခေါ် ပိုင်း နဲ့ လူ့သဘာဝ တွေကို နှိုက်နှိုက် ချွတ် ချွတ် .. နက်နက် နဲ နဲ.. လှလှ ပပ ဖော်ပြ ပေး နိုင် တဲ့ ၊ ရသ စာပေ ကောင်း တွေ .. ၀တ္တု ကောင်း တွေ ပိုလို့ တောင် လိုအပ် နေ တော့ သည်။ 

ထားတော့.. ရသ ပဲ ဖြစ်ဖြစ် သုတ ပဲ ဖြစ်ဖြစ်။ ခုအချိန် မှာ က.. ဆက်သွယ်ရေး နည်းပညာ တွေ ကြောင့်  စာရေး ချင်သူ တိုင်း လွယ်လွယ် ကူကူ .. ကောင်းကင်ထက် မှာ .. စာရေး နိုင်နေ ကြပြီ ..။  ရေး လည်းရေး နေ ကြ ပြီ မဟုတ်လား ။ စာဖတ်သူ တွေ ဆီ ၊ အလွယ်တကူ ရောက်ရှိ နိုင် နေ ပြီ မဟုတ်လား။ 

သို့ပေမဲ့... စာဖတ်ပရိသတ် ဆို တဲ့ အရေးအကြီးဆုံး  အချက် နဲ့ စာရေးဆရာ လား... စာရေးသူ လား ဆိုတဲ့ မေးခွန်းကြီး က တော့.. ရှိနေ သည်ပေါ့။ ပုံနှိပ်မှ စာကောင်းတာ လား...အယ်ဒီတာ ဖြတ်မှ စာကောင်း တာ လား ဆို တာ လည်း .. ဆန်းစစ် စရာ လို လာ သည်။ အရည် အသွေး ကောင်း လို့ လူတွေ ဖတ်သလား … လူ အဖတ်များ လို့ အရည်အသွေး တခု ရှိသွားသလား ဆိုတာလည်း.. စဉ်းစားစရာ ။ ဘာလို့ ဆို .. ဒီခေတ်မှာ စာတပုဒ် ဟာ.. လူတွေဆီ ကို ( စာဖတ်သူ လို့ မသုံး ပါ) များများ မြန်မြန် ရောက်ဖို့ သိပ်ကို လွယ်ကူ လွန်း လှ သည်။ 

ဆက်သွယ်ရေး နည်းပညာ တွေ အောက် မှာ ကမ္ဘာကြီးက၊ ပြားပြား လာ သလောက်... စည်းမျဉ်း ကန့်သတ်ချက် တွေ ကလည်း  ၀ါး..၀ါး လာ သည်။ ဆရာဝန် ဆေးစာ နဲ့ ၀ယ်ရ မဲ့ ဆေးတွေကို.. အင်တာနက် က တဆင့်..  လို သလောက် ၀ယ်ယူ လို့ ရ နေပြီ။  တန်ရာ တန်ဖိုး ပေးဝယ် ရ မဲ့၊ သားရေဖုံး ကဒ်ထူ စာအုပ် တအုပ် ကို၊ အီးဘွတ်ခ် ဆိုပြီး ကွန်ပြူတာ တက်ဗလက် တွေ ပေါ် မှာ.. အလကား ဖတ် လို့ ရ နိုင် နေ ပြီ။ မူပိုင် တကြိမ်ပြု ထားတဲ့ ၊ တေးရေးဆရာ တယောက် ဟာ ၊ အင်တာနက် ယူကျု ပေါ်က .. သူ့သီချင်း တွေ အတွက် .. ဘာ မှ ပြော လို့ မရ တော့ ပြီ။ 

နည်းပညာလှိုင်း ကို လူတွေက စီးနေကြ သ တဲ့ ။ ဒါဆိုရင် လှိုင်းလုံးကြီး တွေ ၊ ကြီးသထက် ကြီး လာရင်း ၊ လူတွေ နဲ့ လူ့ပစ္စည်း ၊ လူ့ အရည်အသွေး တွေ ကို ၀ါးမြို နစ်မြုပ် စေ မဲ့ အဖြစ်မျိုး တွေ ရော ဖြစ် မလာ နိုင် ဘူး လား။ 

ခက်တာက.. တောင်ပြိုတာကို လက် နဲ့ ကာ လို့ မရ ။ ခေတ်တခေတ် ပြောင်းလာ တာ ကို  ခေတ်အဟောင်း နဲ့ နှိုင်းယှဉ် ဆန့်ကျင် နေ လို့ လည်း မဖြစ် ။

တချိန်ချိန် မှာ၊ စာအုပ် ဆိုတာ တွေ ပျောက်သွား တော့ မလား …. သတင်းစာ တွေ မလို တော့ ဘူးလား…. လူတွေ တကယ့်ဘ၀ ထဲ ကနေ.. ပုံရိပ်ယောင် ဘ၀ တွေ ထဲ မှာ ပဲ ရှင်သန် ကြ တော့ မှာ လား ….. အနတ္တ အမှန် တရား နဲ့ လူ့ ကျင့်ဝတ် ဆို တာ တွေက ပျောက်ကွယ် သွား တော့ မှာ လား …. နောက်ဆုံး ၊ မသေ နိုင် တော့ တဲ့ လူ တွေ နဲ့ ကမ္ဘာကြီးက လေးလံ ၀န်ပိ လာ တော့ မလား ….. ရူပသိပ္ပံ ပညာရှင် ကြီး စတီဖင် ဟောကင်း ပြောသလို ၊ အခု ထဲက တခြား ဂြိုဟ် ကမ္ဘာ တခုခု ၊ ရှာထား ရ တော့ မလား။ 

ကျမ ကိုယ်တိုင် ကတော့.. သဘာဝ ကို ယုံကြည် ချင်သူ သာ ဖြစ်ပါသည်။ နည်းပညာ ကို မကိုးကွယ် လို ပါ။ သဘာဝကြီးက ၊ သဘာဝ ကျကျ ၊ သဘာဝ အတိုင်း ၊ လှပစွာ လုံလောက်စွာ ၊ ပေးထားပြီးသား ၊ ရှိနေ ပြီး သား လို့ ထင်သည်။ မလုံလောက် မစေ့ငှ တော့ လို့ ၊  အကျည်းတန် အရုပ် ဆိုး လာ ခဲ့ ပြီ…. ကမ္ဘာကြီး မှာ ၊ အန္တရယ် တွေ များလာပြီ ဆို ရင် လည်း ၊ ဒါဟာ တရား ကိုယ် ၊ သဘာဝ တခု  သာ ပင်။ သို့ပေ မဲ့ ၊ အခု ခေတ် လို၊ နည်းပညာ ရဲ့ လွယ်ကူ ချောမွေ့မူ တွေ နဲ့ ၊ သဘာဝ ရဲ့ ပင်ကိုယ် အစစ်ဖြစ် မူ တွေ ၊ တွန်းထိုး ယှက်နွယ် နေ တဲ့ ၊ အနေ အထား မှာ ၊ တယူသန် ချင် နေ လို့ လည်း မရ တော့ ပြီ။  မသဲမကွဲ အယူအဆ တွေ ခေတ်မီ လာ သည် ။ ဝေေ၀ ၀ါးဝါး ကြားထဲက သုံးသပ် ရတာ က ၊ ပို အဆင်ပြေ တတ်သည်။ ( ယခု ရေးထားတဲ့ စာ လို မျိုး ပေါ့ )

ဘာပဲ ဖြစ်ဖြစ်.. အွန်လိုင်း ပေါ် က၊ ဖျတ်ဖျတ်လပ်လပ် သတင်း တို ထွာလေး တွေ .. ပေါ့ပေါ့ ပါးပါး စာကြောင်း လေး တွေ .. မတိုမရှည် စာမူ ဆောင်းပါး လေး တွေ ကို ပုံမှန် ဖတ် ဖြစ် နေ တဲ့ ကြား က .. လေးလေး လံလံ စာအုပ် ထူထူ တအုပ် ထဲ က ..  ခဲရာ ခဲဆစ် ၊ ခဲစာလုံး သေးသေး လေး တွေ ကို ၊ ရှည်ရှည် လျားလျား အချိန် တွေ ပေး ပြီး .. ဖတ်ချင် နေ သေး သည်။  ကွန်ပြူတာ တက်ဗလက် မျက်နှာပြင် ပေါ် က .. အီးဘွတ်ခ် ကလေး ကို တရွှပ် ရွှပ် ဟိုလှန် ဒီလှန် လုပ်နေ ရင်း .. စာအုပ်စင် ပေါ်က ၊ တကယ့် စာအုပ် တွေ ရဲ့ အနှောင့် လေး တွေ ကို  ခေါင်း လေး စောင်းပြီး ကြည့်ရင်း..လက်ချောင်းလေး တွေ နဲ့ ပွတ်သပ် ရွေးချယ် ရ တာကို  ပို ကျေနပ် နေ မိ သည်။  တပြေးတည်း လို .. ဝေမျှ ဖတ်ရှု ရင်း အပြန်အလှန် လေးစား ခင်မင် နေ ကြ တဲ့ ၊ စာရေးကောင်းသူ တွေ ကြား ထဲ ကနေ .. စာရေးဆရာ ဆို တဲ့ တကယ့် စာရေးသူ တချို့ ကို ၊ ငေးမော အားကျ တန်ဖိုး ထား နေ မြဲ ဖြစ် သည် ။ လူမူ ကွန်ယက် တခု ပေါ် မှာ.. ခင်မင်ထား တဲ့၊ သူငယ်ချင်း မိတ်ဆွေ တယောက် နဲ့ .. အယူ အဆ မတူ လို့ အငြင်းပွား ရ တာ ထက် ..  တခါမှ မသိကျွမ်း ဖူး တဲ့ လူစိမ်း တယောက်ကို..  ဈေးမှာ လူခြင်း ၀င်တိုက် မိ လို့ .. ဆောရီးပါ လို့ တောင်းပန် လိုက် ရ တာ က .. ပိုတောင် အဓိပ္ပါယ် ရှိ နေ သေး သည် ဟု .. ရွတ်တွတ်တွတ် ထင် မိ ပြန် သည်။ ကွန်ယက်ပေါ်က သူငယ်ချင်း က..  သူပြောချင်ရာ ပြောပြီး .. အစက်ကလေး နှစ်စက် နဲ့ လက်သဲကွင်းလေး တခု ပေါင်းစပ် ထား တဲ့ အပြုံး အရုပ်ကလေး တခု ပေး လိုက် တာ ထက် .. ခုနင်က ဆောရီး လို့ တောင်းပန် လိုက်လို့.. ရပါတယ်..လို့ ပြန်ပြော တဲ့ .. လူစိမ်း တယောက် ရဲ့ ၀တ်ကျေ တန်းကျေ အပြုံး စစ်စစ် တခု က.. ပို ပြီး ကျေနပ် စရာ ကောင်း သလို ။ အင်တာနက် ယူကျု မှာ.. သီချင်း မျိုးစုံ ကို.. စိတ်ကြိုက် မွှေနှောက်  နားထောင် ရ တာ ထက် .. ရေဒီယို မှာ အလှည့်ကျ လွှင့် တဲ့ .. သီချင်း အဟောင်းလေး တွေ ကို စောင့်နား ထောင် ခဲ့ ရ တဲ့ အချိန် တွေ ကို  လွမ်းဆွတ် နေ ရ သည် ကလည်း အရသာ။ 

အဟောင်း တွေ ကို ပဲ တမ်းတ ရင်း ၊ ရှေးရိုးစွဲ ခေတ်နောက်ပြန် ချင် တာ တော့ မဟုတ် ပါဘူး။ ခေတ်ဟောင်း တွေ ကို ၊ တန်ဖိုးထား ချင် မိ တာ ပဲ ဖြစ်မှာ ပါ ။ အဟောင်း နဲ့ အသစ် ရဲ့ ကွာခြားချက် ၊ ဒါမှမဟုတ် ၊ ယှဉ်တွဲနေတဲ့ အလှ ကို သာ၊ ဖော်ထုတ် စေ လို တာပါ။ အဟောင်း နဲ့ အသစ် ဆိုတာ၊ တကယ် တော့ ၊ လူကြီး နဲ့ လူငယ် ပဲ မဟုတ် လား ။ လူငယ်တွေ က၊ စွမ်းဆောင်အား ပို ကြီး ပေ မဲ့ ၊ အသစ် အသစ် တွေ ပို ဆန်းပြား လာ ပေ မဲ့ ၊ လူကြီး တွေ ကို ချောင်ထိုး ဖို့ မဖြစ်သင့် သလို ၊ အဟောင်း တွေ ကို လည်း ပစ်ပယ် လို့ မရ နိုင် ပေ။ 

ကျမ ကတော့ ၊ လူကြီး သူမ တွေ ကို မြင် တိုင်း.. သူတို့ နေရာ ကနေ ၀င် စဉ်းစား ရင်း.. ကြိုတင် အို ကြည့် တတ် သည်။ ဘ၀ တခု ကို သူတို့ ဘယ်လို ဖြတ်သန်း ခဲ့သလဲ .. အိုမင်း ခြင်းကို သူတို့ ဘယ်လို ရင်ဆိုင် သလဲ … သေဆုံးခြင်းကို သူတို့ ဘယ်လို မျှော်လင့် သလဲ စသဖြင့် ၊ တွေးစရာ မရှိ  ရှာကြံ ပြီး ၊သူများ အတွက်ပါ  ၀င်တွေး ကြိုတွေး နေ တတ်သူ ။ 

တလောက .. အမျိုးသား ဖက်က ၊ ဆွေနီး မျိုးစပ် တော် တဲ့.. အဘိုးကြီး ၊ အဘွားကြီး ဇနီးမောင်နှံ နှစ်ယောက် မှာ .. ခင်ပွန်းဖြစ်သူ ကွယ်လွန် သွားသည်။ တယောက် တည်း ကျန်ခဲ့ တဲ့.. အဘွားကြီး က၊ သတိရ စရာ တွေကို ရှောင်ရှား ချင် လို့ လား.. အိုစာ မင်းစာ လိုအပ် လို့လား တော့ မသိ.. သူတို့ အနှစ် လေးဆယ် လောက် အတူတူ နေထိုင် ပိုင်ဆိုင် ခဲ့ တဲ့ အိမ်ကျယ်ကျယ် လေး ကို ရောင်းပြီး.. အိမ်သေးသေး လေး တလုံး မှာ ပြောင်း နေ သည်။ 

အိမ်ပြောင်း ဖို့ ၊ သွားပြီး ကူညီ သိမ်းဆည်း ရင်း.. သီချင်း ချစ် တဲ့.. စာအုပ် ချစ် တဲ့.. ကျမ တို့ ဇနီးမောင်နှံ ကို  ဓါတ်ပြားစက် ကလေး နဲ့ အတူ .. ဓါတ်ပြားဟောင်း တချို့.. စာအုပ် အဟောင်း တချို့.. ပေး လာ သည်။ ၀င်းဦး ရဲ့ ဓါတ်ပြား ဟောင်းကြီး တွေ ကို၊ ၀မ်းသာ အားရ ကြည့်ရင်း.. အမွေလား လက်ဆောင်လား မခွဲ ခြား နိုင် ခင် မှာ၊ အဘွားကြီး ရဲ့ မျက်ဝန်း တွေ ကြောင့် ၊ သူတို့ မယူ ရက် နိုင် ပါ ။ ဒါပေမဲ့ ၊ ဒီ - ဓါတ် ပြားစက် ကလေး ရဲ့သမိုင်း နဲ့ အတူ ... အန်တီ့ မှာ တခြား လည်း ဘယ်သူ မှ ... ဒါတွေ ကို တမြတ်တနိုး ... လက်ဆင့်ကမ်း သိမ်းဆည်း မဲ့သူ မရှိဘူး... ကြုံလည်း ကြုံကြိုက် နေတာ မို့ လက်ခံပါ .. လို့ ဆို တာ ကြောင့် .. ဓါတ်စက် အဟောင်း လေး နဲ့ ဓါတ်ပြားဟောင်း လေး တချို့၊ ကျမ တို့ ဧည့်ခန်း ကျဉ်းကျဉ်းလေး ထဲ ကို၊ ရောက်လာ ခဲ့ တော့ သည်။  

အင်ဂလို ကပြား ဖြစ် တဲ့၊ သူတို့ ဇနီးမောင်နှံ နှစ်ယောက် က ၊ ၁၉၆၂ လွန် ကာလ ၊ မြန်မာနိုင်ငံ မှာ၊ အင်္ဂလိပ်နာမယ် နဲ့ ကပြားတွေ တွေ ကို၊ အစီအစဉ် ရှိရှိ ၊ မောင်းထုတ် နေတဲ့ အချိန်၊ တဖက် မှာ လည်း၊ လူဦးရေ နည်းပါးသေး တဲ့ သြစတြေလျ နိုင်ငံက ၊ လေယဉ် လက်မှတ် ဖိုး ပါ ပေး ပြီး၊ ခေါ်ယူ နေ တဲ့ အချိန် မှာ၊ ရောက်လာ ကြ တာ ပါ။ ရောက်ကာစ  နှစ်တွေ မှာ ၊ မြန်မာပြည် ကို လွမ်းလွန်း လို့၊ စိတ်ပြေလက်ပျောက် ဖြစ်အောင်၊ သူ့ အမျိုးသား က .. ၀ယ်ပေး ခဲ့ တဲ့၊ ဓါတ်ပြားစက်ကလေး နဲ့ ၀င်းဦး ရဲ့ မြန်မာ သီချင်း ဓါတ်ပြား တွေ ဟာ.. အခု တော့၊ ကျမ  အလွမ်းပြေ ဖို့ နားထောင် နေ ရ ပြီပေါ့။ 

ဒီစာလေး ကို ရေးနေရင်း ၊ အဟောင်း နဲ့ အသစ် အကြောင်း၊ ပိုပြီး ကွဲပြား ခံစား နိုင်အောင်၊ ၊ ဓါတ်စက် ကလေး ကို ဖွင့် နားထောင် မိ ပြန် သည်။ အရင် ကလည်း.. ခဏ ခဏ နားထောင်လေ့ ရှိ သည်။ သူက.. စီဒီ ပလောယာ က လာတဲ့ အသံ နဲ့ မတူ.. တမူ နှစ်သက် စရာ ကောင်းလှ သည်။ ပြောသာ ပြောတယ်.. ဒီ ဓါတ်ပြားစက် ကလေး က လည်း ..ရကတည်းက၊ ၀င်းဦး သီချင်း လေး တွေပဲ အပြန်ပြန် အလှန်လှန် နားထောင် နေခဲ့ရ တာ။ ရန်ကုန် ပြန်တုန်းက၊ လက်လှမ်းမီ သလောက် ၊မြို့ထဲက ဆိုင်တွေ မှာ လိုက်ရှာ ၀ယ် ပေမဲ့ လည်း.. တခြား မြန်မာ ဓါတ်ပြားသီချင်း အဟောင်းတွေ ဘယ်လိုမှ ရှာ မတွေ့ တော့ ။

ဆွေးမြေ့နေ တဲ့ စက္ကူပတ် ကလေး  ထဲ က.. ဓါတ်ပြားလေးကို ရွရွ လေး ထုတ် ။ ဓါတ်စက် ရဲ့ အခံ ပြားလေး ပေါ် ... သာသာ လေး ချ ။ အပ်ခြစ် တဲ့ မောင်းတံ လေး ကို .. ဖွဖွ လေး ဓါတ်ပြား စွန်းပေါ် တင် လိုက် လို့ ... ရှဲ…. ဆိုတဲ့ အသံလေး က စ ကြား ကတည်း က ကို.. ရင်ခုန် စရာ ကောင်း နေ ပြီ ။ ဟိုတုန်းက .. ရုပ်ရှင် မပြ ခင်.. အလံတော် ကို အရင် အလေးပြု တဲ့ အခါ .. မှုန်မှုန် ၀ါးဝါး ဖြစ်နေ တဲ့ ပိတ်ကား ပေါ် မှာ …' ဖြစ်' ဖြစ်'….'.ဖြစ်' ဖြစ်' နဲ့ မြည် နေ သလို မျိုး လည်း .. ဖွင့်ကာစ မှာ  ခဏ ကြား ရ လိမ့် မယ်။ ပြီးရင် အပ်ကလေး ငြိမ်သွား ပြီ ဆို တာ နဲ့ .. ပီသ ကြည်မြ တဲ့  ၀င်းဦး ရဲ့ တေးသံ သာသာ က .. မြို့မ တီးဝိုင်း ကြီး ရှေ့ ပဲ  ချက်ခြင်း ရောက် သွား သလို ။ တကယ်တော့ .. ပီသ တယ်လို့ပဲ  သုံးရင် ပိုမှန် ပေ လိမ့် မည်။ analog နည်း က .. မူရင်း သီဆို တီးခတ် မူ ကို ၊ နားထောင်သူ ဆီ  တိုက်ရိုက် ပို့ပေး လိုက် တာမို့ .. digital နည်း လို 1  တွေ 0 တွေ ... ခွဲ လိုက် .. ပြန်စုဖမ်း လိုက် လုပ်စရာ မလို .. ကြည်မြ နေဖို့ မလို ပဲ နဲ့ကို.. သဘာဝ အတိုင်း .. ပီသ နေ တော့ သည်။ 

ဒါဆိုရင် ... ကျမ တို့ တွေ သဘာဝ အတိုင်း ပီသ ချင် သ လား ... သဘာဝ ကို ခြယ်လှယ် ပြီး မှ၊  ကြည်မြ ချင် သလား ... ။ တွေး စရာ ....။ အဟောင်း တွေကို ပြစ်ပယ် ပြီး ၊ အသစ် တွေ နောက်ချည်း လိုက် ကြ မလား ၊ အဟောင်း နဲ့ အသစ် ကို ပေါင်းကူး ဆက်နွယ် မလား ဆို တာ ကတော့၊ တွေးစရာ မလိုပါ။ မေးစရာ လည်း မလို ပါ။  ကျမ တို့ တွေ အားလုံး .. နေ့စဉ် လူနေမူ ဘ၀ တွေ ထဲ မှာ၊ အသစ်အသစ် သော နည်းပညာ တွေ နဲ့ ရှင်သန် နေထိုင်ရင်း.. အသစ် အသစ်သော ကမ္ဘာ့အခင်းအကျင်း တွေ ထဲ.. စီးမြော တိုးဝင် ရင်း.. သမိုင်းတွေ ကို .. ပို… ပို စိတ်ဝင်စား လာ ကြ ၊ အဟောင်း တွေ ကို.. မြတ်မြတ် နိုးနိုး သိမ်းဆည်း စုဆောင်း နေ ကြ ရ သည် ပဲ။ 

အဟောင်းထဲက ၊ အကောင်းတွေကို ဂန္ဓ၀င် လို့ ဆို ကြ သည်။ လူသိများ ကြ သည်။ ထပ်ကာ ထပ်ကာ ခံစား ကြ သည်။ ကိုးကားကြ သည်။  ဂန္ဓ၀င် မဟုတ်ရင် တောင်.. သမိုင်းဝင် လိမ့် မည်။   သမိုင်းဝင် မဟုတ်ရင် တောင် .. သမိုင်း မတင် နိုင်တာပဲ ဖြစ်လိမ့် မည်။ တကယ်တော့.. အားလုံး သော အဟောင်း တွေ ဟာ..  သမိုင်း တွေ ပဲ မဟုတ်လား။  



ယခု ပင်.. ဓါတ်ပြားစက်က လွင့်ကျ လာ တဲ့ ၊ ၀င်းဦး ရဲ့ သီချင်းဟောင်း လေး တွေ ထဲ မှာ ၊ မြို့မ တီးဝိုင်း ကြီးကို မြင် နေ ရသည်။ မြိုမငြိမ်း နဲ့ သူ့ ရဲ့ နောက်ဆုံးနေ့ အကြောင်း တွေး နေ မိသည်။ မျက်စိ မမြင်ပဲ ဒီလို သီချင်း တွေ စပ် နိုင် ခဲ့ တဲ့ ၊ ဆရာညှာ ကို အံ့သြ နေမိသည်။ သူ့သီချင်း တွေကို၊ ယူ ဆိုချင်သလို ဆို၊ ဘာမှ တော့ ပြောင်းမပစ်ပါနဲ့ ဆိုတဲ့  ဦးဘသိန်း ရဲ့ မာန ကို ၊ ချီးမွမ်းနေ မိ သည်။  စစ်ပြီးခေတ် မန္တလေး မြို့ကြီး မှာ၊ အနုပညာ လူမူစီးပွား တွေ၊ ကြွယ်ဝ စည်ကား နေပုံ ကို မြင်ယောင် ကြည့် နေ မိ သည်။ မန္တလေး သင်္ကြန် ကြီး နဲ့ အတူ .. ဗျာပါဆံ ဆံထုံးလေး တဖက်တချက် မှာ စပယ်ပန်းကုံးလေး တွေ ပတ်ခွေ ထား တဲ့ … နိုင်လွန် အကျီ င်္ လက်ရှည် လေး မှာ  ရေ တွေ စိုကပ် နေ မဲ့… ဘယ်ကမှန်း မသိ တဲ့  အညတရ ယိမ်းသမ လေး တယောက် ကိုလည်း  အဖြူ အမဲ အာရုံ တွေ ထဲ မှာ.. ၀ဲလည် ရှာဖွေ နေ မိ တော့သည်။

ကေ

(၂၉ နိုဝင်ဘာ ၂၀၁၁) 



မျက်ရှု နှစ်ပတ်လည် အတွက် ပြီးခဲ့တဲ့ အပတ် က ၊ ရေးပေးခဲ့တဲ့ စာကလေးပါ။ မျက်ရှု  မှာ လည်း သွားရောက်ဖတ် ရှု နိုင်ပါသည်။

◦
Share/Bookmark

တောင်ပေါ်မြေ ရဲ့ အခြား တမျက်နှာ မှ…



နိုင်ဇော် ရေး တဲ့.. စိုင်းထီးဆိုင် အကြောင်း စာအုပ် စာ အုပ် ကလေး လက် ထဲ ရောက် နေတာ အတော်ကြာ ခဲ့ ပြီ။ ဖတ်ပြီး ခဲ့ တာလည်း တနှစ် ကျော် တောင် ရှိ တော့မယ် ထင်တယ်။ တကယ် ဆို.. မြန်မာ နိုင်ငံ လူဦးရေ ရဲ့… လေးပုံ တပုံ လောက် က..သိပြီး ဖြစ် နေ မဲ့.. အဆိုတော် တယောက် အကြောင်း ကို..ဘာမှ ထွေထွေ ထူး ထူး ပြန် ပြီး ရေးပြ စရာ လည်း မလို အပ် လှ ပါဘူး..။ အော်ပီကျယ် ရဲ့ ကာတွန်း လေး လိုပဲ..မြန်မာ ပြည် မှာ.. သူ..ဘယ်သူ ဆို တာ..အားလုံး သိ ထား ပြီး သား ပါ..။ အဲဒါ ကြောင့် လည်း..စာအုပ် ထဲ မှာ.. အရင်က..သေချာ မသိ ခဲ့ တဲ့..စိတ်ဝင် စား စရာ လေး တွေ တချို့ ဖတ်လိုက် ရ တာ တောင် မှ .. ထုံးစံ အတိုင်း..ပြောချင် ရေး ချင် နေ မိ ပေ မဲ့.. တော်ပါ ပြီ ကွာ..ဆို ပြီး..စာအုပ်ပုံ ထဲ ပဲ ပြန် ထဲ့ ထား လိုက် မိ တယ်။



တခါ.. မိတ်ဆွေ တယောက်က..သူ့ ရဲ့ ဘလော့ မှာ.. စိုင်းထီးဆိုင် အကြောင်း စာအုပ် တွေ ဘာတွေ မရေး ကြ ဘူး လား မသိ လို့.. ပြော တာ နဲ့.. မနေ နိုင် မထိုင် နိုင်.. ဒီစာအုပ် ရှိ ကြောင်း သတင်း ပေး ရင်း.. တခုခု ရေးချင် စိတ် ပေါက် လာ ပြန် သေး တယ်..။ ပြီး တော့ လည်း.. ပျင်း သွား ပြန်ရော..။

ပြီး တဲ့ ဧပြီလ က တုန်း က တခါ.. အမျိုးသား က.. ရန်ကုန် ခဏ ပြန် ရင်း.. သူ နှစ် သက် တဲ့.. မြန်မာ ဂစ်တာ ပညာရှင် အဆိုတော် တွေ ရဲ့..အခွေ တွေ .. အများကြီး သယ် လာ လေ တယ်။ ထူးအိမ်သင် ရဲ့ ဘလူးစ် လက်ရွေးစင် တွေ.. ဇော်ဝင်းထွတ် ဘလူးစ် တွေ အပြင်.. “ ဟေး.. စိုင်းထီးဆိုင် ရဲ့..သီချင်း တွေ အကုန် သွင်း လာ တယ် .. ၅၀၀ တောင် ကျော် မယ် ” လို့..၀မ်းသာ အားရ နဲ့ ပစည်း တွေ ချ ရင်း ပြော ရှာ တယ်.။ စိုင်းထီးဆိုင် အကောင်းဆုံး လက်ရွေးစင် အခွေ တွေ ဆိုတာ.. အိမ်မှာ.. အများကြီး ရှိ ပြီး သား မို့.. အင်း..တချက်ပဲ ပြော ပြီး.. သိပ် စိတ် မ၀င် စား မိ ဘူး။

ပလေယာ က နေ.. သီချင်းသံ ထွက် လာ တော့ မှ.. လူကြုံ ထဲ့ပေး လိုက်တဲ့.. စားစရာ တွေ ကို ဖြေ နေ တဲ့ လက်တွေ ရပ်တန့် သွား ရ တော့ တယ်။ ကြိုး ၆ ချောင်း ပေါ်က နေ.. အရိုင်းဆန် ဆန် ခုန်ဆင်း လာ တဲ့.. ဂစ်တာ သံ တွေ ရယ်.. အဲဒီ အပေါ်မှာ..အသာ အယာ စီးနင်း မျော ပါ လိုက် လာ တဲ့.. စိုင်းထီးဆိုင် ရဲ့.. အသံ ချိုချို လေး ရယ် က.. အခါ တိုင်း နားထောင် နေ မိ တဲ့.. စိုင်းထီးဆိုင် သီချင်း တွေ နဲ့ မတူ..။ အသေ အချာ ပြော ရ ရင် တော့.. နည်းပညာ အစွမ်း တွေ နဲ့.. ညီညာ ချောမွေ့ နေ တဲ့..တူရိယာ သံ မျိုး မဟုတ် ပဲ.. အရိုင်းဂစ်တာ သံ တွေ ကြားက.. စိုင်းထီးဆိုင် ရဲ့ ငယ်သံ စစ်စစ်..။

အဲဒါ.. မြို့ထဲက..ယင်းမာ တေးသံ သွင်း မှာ.. လူကိုယ်တိုင် သွား ပြီး.. အသေ အချာ တောင်းကူး လာတာ .. ကက်ဆက် ခွေ ခေတ် က၊ မူရင်း သီချင်း အဟောင်း တွေ လေ လို့၊ ဂုဏ်ယူ ၀င့်ကြွား စွာ ပြော နေ တဲ့ ၊ သူ့ကို သာ .. ကျေးဇူး တွေ တင် လိုက် ရ ပါ တော့ တယ်။

အပယ်ခံ အပြင် ဘ၀ က..အရိုင်း ဂစ်တာ လေး..
လွတ်လပ်မူ တေးသံ..ရှာကြံ ဟစ် ကြွေး..
ငြိမ်းချမ်း မူ တေးသံ ရှာကြံ ဟစ် ကြွေး နေ သေး…..

အဲဒါ..ဂျင်မီဟန်းဒရစ် စတိုင် အစစ် ပဲ.. ဆိုပြီး.. သူ ကလည်း သူ့ဖီလင် နဲ့သူ..ကျေနပ် နေ လေ ရဲ့..။

ကိုယ်က တော့.. အတွေး သမား .. စာအုပ် သမား ပီ ပီ..သိပ်မကြာ သေး ခင် က.. ဖတ် လိုက် မိ တဲ့.. စာအုပ် ထဲ က..အကြောင်းလေး တွေ ဆီ ပဲ .. ပြန် ဆက်စပ် တွေး ကြည့် နေ မိ ခဲ့ တယ်။

အဲဒီ ခေတ် ..၁၉၆၂ လွန် ကာလ တွေ ဆိုတာ.. မြန်မာ နိုင်ငံ ကြီး တခု လုံး ဆိုရှယ်လစ် ၀တ်စုံ ကြီး ကို..အရေ ခြုံ ပြီး .. ကုန်သွယ် မူ တွေ အကုန် ဖြတ် တောက် ထား ခဲ့ တဲ့.. အပြင်းထန် ဆုံး အချိန် တွေ ပဲ..။.. နေ့စဉ် အခြေခံ စားကုန် သောက်ကုန် တွေ တောင်..အလွယ် တကူ ၀ယ်ချင် တိုင်း ၀ယ်စား လို့ မရ တဲ့ ခေတ်..။ နိုင်ငံ ရပ်ခြား စာအုပ် တွေ.. ဂီတ အသုံး အဆောင် တွေ ဆို တာ တော့..ဝေ လာ ဝေး ။ အဲဒီ လို အချိန် မှာ.. ဂီတ ကို.. အရူး အမူး ဖြစ်နေ တဲ့... တောင်ပေါ် သား.. တောသား လေး တယောက် အတွက် .. ကိုယ်ပိုင် ဂစ်တာ တလက် ရ ဖို့ နဲ့.. ကျွမ်းကျင် အောင် လေ့ကျင့် တီးခတ် ဖို့ ဆို တာ .. အတော် မလွယ် ခဲ့ တဲ့.. ကိစ္စ ဖြစ်မှာပါ ။ ဆရာ ကောင်း နဲ့ သင်ကြား လေ့ကျင့် ဖို့ ဆိုတာ..ပိုလို့ တောင် ခဲယဉ်း နေ လိမ့် ဦး မယ် ။ ဒါပေမဲ့.. ဘော်ဒါ ဆောင်က..ဆရာ့ ဂစ်တာ လေး ကိုင် ကြည့် လိုက်.. သူငယ်ချင်း တွေ အိမ် သွား လည်ရင်း..သူတို့ ဂစ်တာ လေး တွေ ကောက်တီး လိုက် နဲ့.. လူပျိုပေါက် အရွယ်.. စိုင်းထီး ဆိုင် တယောက်..ဂစ်တာ တလက်..ပြင်းပြင်း ထန် ထန် တောင့်တ နေ မိ ပေ လိမ့် မည်.. ။ ခရစ်ယန် သင်းအုပ် ဆရာ တယောက် ရဲ့ သား ဖြစ် တဲ့..စောဂျက်ဆင် က တဆင့်.. ဂစ်တာ နဲ့ ပို နီးစပ် လာ ခဲ့ ရင်း.. တီးလို့ ဆို လို့ ရ သမျှ..ဘုရားကျောင်း ၀တ်ပြု သီချင်း တွေ ပါ မကျန် လေ့ကျင့် တီးခတ် တော့ သည်။ ငယ် ငယ် ကလေး တည်းက.. မိဘ ဇာတိ ရပ်ရွာ နဲ့ ဝေး ပြီး.. ကျောင်းအိပ် ကျောင်းစား ကြီးပြင်း ခဲ့ ရ သူ ဆို တော့.. မေတ္တာလည်း ငတ်မည်..အဖော် လည်း မင် မည် ပေါ့..။ စိုင်းထီးဆိုင် တယောက်..နှစ်ခြင်းခံ ၍ ခရစ်ယန် တယောက် ဖြစ် ခဲ့ ဘူး တာ ကို တော့ ..လူ တွေ သိပ် သိကြ မည် မထင်။

တကယ် တော့..သူက.. ခရစ်ယန် တွေ နဲ့.. အကျိုးပေး သ လောက်..ဂီတ ကို ငယ် စဉ် ကတည်း က..ယဉ်ပါး လာ ခဲ့ သူ ပဲ..။

လွယ်လင် မြို့က.. ကိုလိုနီ ခေတ် အကြွင်း အကျန် ..Boarding school လေး ကို.. ၅ နှစ် သား ကျော်ကျော် လေး နဲ့ ရောက် လာ တော့.... သူ့ကို ချစ် တဲ့.. ဘရာသာ တယောက်..အိန္ဒိယ က နေ ၀ယ်လာ တဲ့..ယူကာလီလီ လေး က..သူ့ရဲ့ ပထမ ဆုံး ကြိုးတပ် တူရိယာ က လေး။

အဲဒီ နောက် တော့.. ပါရမီ ကို အရင်း တည်..၀ါသနာ နဲ့ပျိုးထောင် ခဲ့ ကြ တဲ့..သူတို့တွေ ရဲ့ ဂီတ အသီးအပွင့် တွေဟာ ... ပွင့်ချိန် တန်  လို့..မွှေးချိန် ရောက် လာ ခဲ့ တော့ တာ ပါ ပဲ လေ..။ မျိုးစေ့ ကျဲသူ က ကျဲ ၍..ရေလောင်း ပေါင်းသင် သူ က.. ပေါင်းသင် ကြ ပေ မဲ့.. အပင် ကို ကြီး ထွား စေ တာ ကတော့.. ဘုရားသခင် လို့..ဆို ရိုး ရှိ တယ် မဟုတ် လား..။ သူတို့ တွေ ဆို တာက..စိုင်းထီးဆိုင် အပါ အ၀င်.. စိုင်းခမ်းလိတ်..စိုင်းခမ်းသီ.. စောသိမ်းဝင်း ..စောဂျက်ဆင်..ခွန်မျိုးလွင်.. စ တဲ့.. တောင်ပေါ်သား လူငယ် တစု..။ The Highlanders လို့..အမတေ ခဲ့ တဲ့.. ၀ါသနာ တူ လူငယ် တစု ရဲ့.. ပေါင်းစည်း ဖန်တီး မူ တွေ…။ လွတ်လပ် သစ်လွင် တဲ့.. အနုပညာ တွေ…။ နေ့စဉ် ဘ၀ ထဲက.. ရိုးသား ပွင့်လင်း တဲ့.. သီချင်း စာသား တွေ..။

သူငယ်ချင်း .. သူငယ်ချင်း..ရေ..
မင်း ..ငါ့ကို တကယ် ခင်ယင်
အရက်တခွက်တော့ တိုက်စမ်းကွာ.. ဘာမှ မမေးနဲ့
ငါ စိတ်ညစ် လွန်း လို့ပါ..
(ဒီည)..ငါ စိတ်ညစ် လွန်း လို့ပါ..

“ ကြည့်စမ်း..ဘာမှ မဟုတ် တဲ့..စာသား တွေ ပေ မဲ့.. တီးကွက် တွေ.. အရိမ်းခ်ျမန့် တွေ က…အရမ်း မိုက် တာ ပဲ ကွာ....တကယ့်.. ကလင်းန် တုန်းန် တွေ..”

သူ က အတီး ကို အာရုံ စိုက် နေ သလို..ကိုယ် ကလည်း..စာသား တွေ နောက် လိုက် နေ မိ သည်။

“ အင်းလေ.. အဲဒီ တုန်းက.. လူကြီး တွေ တအား ဝေ ဖန် တာပေါ့.. အရက် ၀ိုင်း ကို..သီချင်း လုပ် ဆို လို့ ဆို ပြီး.. ပြော လိုက် ကြတာ.. ”

တကယ်တော့... စိုင်းထီးဆိုင် သီချင်း တွေ ကို..စ ပြီး ကြားဖူး နားထောင် ဖူး တော့... လေးငါး တန်း အရွယ် ပဲ ရှိ အုံးမည် ထင် သည်။ စတီရီယို သီချင်း တွေ ကို.. စိတ်ကြိုက် အခွေ နဲ့ နားထောင် လို့ ရ တဲ့.. ကက်ဆက် ဆိုတဲ့..ပစ္စည်း အသစ် အဆန်း လေး ကို.. မှတ် မှတ် ရ ရ.. မိသားစု ဘုရားဖူး သွား ကြ ရင်း ..မော်လမြိုင် သံဖြူဇရပ် မှောင်ခို ဈေး လေး မှာ.. ကြီးဒေါ် ကိုယ်တိုင် ဆင်း ပြီး ၀ယ် လာ ခဲ့ တာ ။ အဲဒီ အချိန် မှာ..အကို ၀မ်းကွဲ တွေက..လူပျို တွေ ..ကောလိပ် ကျောင်းသား တွေ.. ဖြစ် နေ ပြီ ဆို တော့.. သူတို့ ဖွင့် တဲ့. .ခေတ် အလိုက် နှစ်ခြိုက် စရာ သီချင်း တွေ ကို.. အငယ် တွေ က... နားမလည် တလည်.. မမီ မကမ်း နဲ့.. နားစိုက် ထောင် ကြ သည် ။ စိုင်းထီးဆိုင်.. ခွန်သန်းထွန်း.. ဖိုးချို..ခင်ဝမ်း.. ဘာတွေ ဆိုမှန်း တော့ မသိ.. အကို အတွေ အမ တွေ ရဲ့.. သူငယ်ချင်း တွေ လို ပဲ.. စိတ် ထဲက..သိနေ ခင်နေ..နှစ်သက် နေ ခဲ့ သည်။ သူ တို့ကို ငေးမော အားကျ ရင်း နဲ့ပဲ..ဆံပင် ရှည်ရှည်.. ကော်လံ ရှည်ရှည်..ခေါင်းလောင်း ဘောင်းဘီ ရှည်ရှည် ခေတ် ကို လည်း.. ခြေဖျား ထောက် ကြည့် ပြီး မြင်ဖူး လိုက် သည် ။ အဲဒီ တုန်း က.. မျက်စိ စပါးမွေး ဆူး နေ တဲ့.. လူ ကြီး တွေ က.. “ ဟဲ့..နင်တို့ သီချင်း တွေ က လည်း ဘာ တွေ မှန်း မသိ.. ဒုံးချပ်..ဒုံး..ချပ်.. နဲ့.. အဆိုတော် က လည်း ဟယ်..ရုပ်က..ဆိုး လိုက်တာ နာ နေတာ ပဲ ”..လို့ ပြောရင်.. မမကြီး တို့.. စိတ် တို တာ ကို လည်း၊ မှတ် မိ နေ သည်။ တကယ် တော့.. အဲဒီ အချိန် တွေ မှာ..စိုင်းထီးဆိုင် က.. သီချင်း တွေ..အများ ကြီး ပေါက် ပြီး လို့…နိုင်ငံ ကျော် အဆိုတော် ဖြစ်နေ တာ ကြာ ပြီ။ နံပါတ်ဖိုး ကိစ္စ နဲ့..ထောင်ကျ ရာက တောင် ...လွတ် နေ ခဲ့ ပြီ။ ဒါပေမဲ့.. ခြင်္သေ့ လည်ပြန် သီချင်း တွေ က တော့.. လူငယ် တိုင်း ရဲ့.. ပါးစပ်ဖျား မှာ.. ဆို ကောင်း တုန်း.. လက် ဖျား တွေ နာကျင် အောင်.. ဂစ်တာ တွေ တီး ကြ တုန်း..။

တနိုင်ငံ လုံး အနှံ့ အပြား..လက်ခံ အားပေး လာ ကြ တဲ့.. အဲဒီ..ဒုံ ချပ်.. ဒုံ ချပ်..သီချင်း ဆန်းဆန်း လေး တွေ အတွက်..သူတို့ ဖြတ်သန်း ခဲ့ ကြ ရ တဲ့.. အားထုတ် ကြိုးပမ်း မူ တွေ အကြောင်း.. စာအုပ် ထဲ မှာ..ဖတ် ရ တုန်းက.. အံသြ ချီးကျူး ဂရုဏာ သက်မိ ယုံ သာ..။ ပထမ ဆုံး အခွေ.. ‘သဘာဝ’ နဲ့.. အစောပိုင်း သီချင်း တော် တော် များများ က... ရုပ်ရှင် ခြံ တွေ ထဲ မှာ.. သွင်း ခဲ့ ကြ ရ တာ လေ…။ စကား တွေ ကလည်း မပီ.. လမ်းဘေး မှာ သံဖြူ ခွက် တွေ တီးနေ သလား လို့ တောင်.. ပက်ပက် စက်စက် ပြော ခံ ခဲ့ ရ တယ် လို့.. စာအုပ် ထဲ မှာ ရေး ထား သည်.။

ခု တော့ .. အဲဒီ... ဂစ်သာသံ ရိုင်း ရိုင်း လေး တွေ က....အဆောင်ရှေ့ အုတ်ခုံ ပေါ်က ပဲ.. လာ တီးပြ နေ သလိုလို.. နယ် ဘုရားပွဲ က.. ဗလာ ပွဲ လေး တခု ဘေး မှာ ပဲ.. ရပ် နား ထောင် နေ ရ သလိုလို ။

စိုင်းထီးဆိုင် ရဲ့.. မွေးနေ့ အထိမ်း အမှတ်.. ထရိတ်ဒါး မှာ လုပ် တဲ့.. Unplugged နဲ့ တောင် မတူ..။ မင်းသား နဲ့ မင်းသမီး တွေ.. တောင်ပြေ်း လိုက် မြောက် သွား လိုက်.. ငိုလိုက် မဲ့လိုက် လုပ် နေ တဲ့ .. မျက်စိ နောက် စရာ.. ကာရာ အို ကေ.. အခွေ တွေ နဲ့ဆို ရင် တော့..လား လား မှ ကို.. မဆိုင် ။ အဟောင်း နဲ့ အသစ် ။ အစစ် နဲ့ အတု ၊ ယခု နဲ့ ယခင် .. မတူ နိုင် ပါ..။ အဲဒီ သီဆို ဖြေဖျော် မူ တွေ ရဲ့ နောက် က.. နုပျို တဲ့..နှလုံးသား နဲ့.. ရင့်ကျက် တဲ့..ခံစားမူ တွေ က လည်း.. ကွာခြား သွား ခဲ့ ကြ ပြီ ပဲ လေ။

လေထဲ မှာ လွင့် မြော တဲ့.. စိတ္တဇ အလွမ်းရယ်..
သစ်ရွက် ကြွေ တွေ လိုပဲ..ပြေးကစားတယ်
အတိတ်က..အဖြစ်တွေ..တရိပ်ရိပ် ပေါ်လာတုန်းဝယ်..
မြင်နိုင်သလို.. တခါတခါ မပီပြင် မှုန်ဝါးတယ်..

“ အဲဒီ သီချင်း လေးက.. ထီးဆိုင် ကိုယ်တိုင် စပ်တာ ပဲ ကွ.... သူ့ သီချင်းလေး တွေ က.. ပို တောင် ချို သလို ပဲ..”

“ အင်းလေ.. အဲဒါ သူ့ရဲ့..ကိုယ်ပိုင် အချစ် ခံစားမူ လေး ပဲ..စာအုပ် ထဲ မှာ လည်း ပါတယ်..အချို ဆို တဲ့ စော်ဘွား အနွယ် ကောင်မလေး နဲ့.. တယောက် နဲ့ တယောက်.. .. ရင်းနှီး တွယ်တာ ခဲ့ ကြ တဲ့.. အချိန် တွေ မှာ.. ဖန်တီး မိ ခဲ့ တာ တဲ့..

နောက်ပြီး.. မောင့်လားဟူ မလေး .. ကလည်း..တကယ့် ထီးဆိုင် ရဲ့.. အချစ် ဇတ်လမ်း တို လေး တခု ပဲ.. တဲ့…လေ”

အချိန်တွေ ကုန်ခဲ လို့.. အသဲကျွမ်း လု ပြီ ကွယ်..
နွေကန္တာ ခရီး ထဲ နွမ်းလျ လှ ပါတယ်..

ဘာ မှန်း လည်း မသိ.. အသံ ချိုချို လေး က.. နားထောင် မိသူ အဖို့..တခုခု ပြောချင် ရေးချင် လာ အောင်.. စွဲ ဆောင် နေ လွန်း လှ သည်။ ဒီ သီချင်း လေး တွေ အကြောင်း..စာလေး တပုဒ် လောက် တော့.. ရေး ဖြစ် အောင် ရေး အုံး မယ် ကွာ…။ စာ အုပ် စင် ထဲက.. နိုင်ဇော် ရဲ့.. စိုင်းထီးဆိုင် ဘ၀ ကောက် ကြောင်း စာအုပ် ကလေး ကို...လှန် လှော ရှာဖွေ ရင်း ဆွဲ ထုပ် မိ တော့ သည်။

ဆုတောင်း ရယ်.. မပြည့် နိုင် တယ်..
အသံ ချို အေးလေး ရှိပါလဲ..
ရုပ် ဆင်းက..နုံခြာ တယ်..
သြော်… စိတ်မနာ သူ ရှိ မလား..သူ့ဘ၀ ရယ်…
နောက် တော့ လည်း.. ထီးဆိုင် တယောက်.. သူ-ချစ် ကို အသက်ထက် ဆုံး ရသွား ခဲ့ ရှာ လေ သား ပဲ နော်..။ တည်ငြိမ် တဲ့..မေတ္တာ ကမ်းစပ် မှာ..ခိုလှုံပါရစေ… ဆို တဲ့..လှေငယ်ရှင် ဆု တောင်း က လေး ..ပြည့်သွား ခဲ့ သည် ပဲ။

ဒီ စာအုပ် ထဲမှာ..သူ့ ဇနီး ..ခင်သန်းစိုး စပ် ထား တဲ့.. ချစ်သူ ခင်ပွန်း အတွက်.. ကဗျာ လေး တွေ..အများ ကြီး တွေ့ ရ လေ သည် ။ သူမ ကလည်း..အနုပညာ..စာပေ ဂီတ နှင့် ဝေးသူ မှ မဟုတ် တာပဲ။ စိုင်းထီး ဆိုင် ကို.. နှစ်သက် လွန်း လို့.. အသိ တယောက် က တဆင့်..မိတ်ဆက် ထမင်း ဖိတ်ကျွေး ရင်း… စ တွေ့ တဲ့ နေ့ က..စ ပြီး.. နေ့တိုင်း..ဒိုင်ယာရီ လေး တွေ ရေး ပြီး.. သိမ်း ထား ခဲ့ သည် တဲ့..။ သူမ တင်မက.. တအိမ် လုံးက..ထီးဆိုင် ရဲ့ ပရိ သတ် တွေ။ အကို လုပ် တဲ့ သူ က ဆို.. မမြင်ရ ခင်.. မခင်ရ ခင်.. အမျိုးမတော် ခင် ကတည်းက .. စိုင်းထီးဆိုင် ပုံတူ ပန်းချီ ကား ကို တောင် ရေးဆွဲ ထား သ တဲ့..။


ကိုထီးသည် သူ၏ ရုပ်ပုံလွှာ ပန်းချီ ကား ကို အပီ အပြင် ရေးဆွဲ ပြီး တော့..အိမ်လယ် ခန်း တွင်..တခမ်းတနား အမြတ် တနိုး ချိတ်ဆွဲ ထား သည့် အိမ် တအိမ် သို့ အလည် ရောက် သွား ရ လိမ့် မည် ဟု စိတ်ကူး အိပ်မက် မျှ ပင် မမက်ခဲ့ စဖူး…။

နိုင်ဇော် ရဲ့ ရေးသားဟန် က.. ဘေးက ပြော တဲ့ ဟန် ပေမဲ့.. တချို့ နေရာ တွေ မှာ တော့..တကယ်ပဲ.. ကိုထီး ကိုယ် တိုင် ပြောနေ ရေးနေ သလိုလို.. ။

ပြီးတော့..ဒီ စာ အုပ် ထဲ မှာ.. သဘောကျ နှစ် သက် မိ တာ က.. စိုင်းထီးဆိုင် ရဲ့ ကောက်ကြောင်း နဲ့ အတူ...ခေတ်ပြိုင် တွေ ရဲ့.. နောက်ခံ ခဲခြစ် ရာ ကလေး တွေက လည်း.. အဲဒီ ခေတ် ကြီး တခု လုံး ကို..မြိုင် မြိုင် ဆိုင် ဆိုင် ရုပ်လုံးကြွ နေ စေ သည်..။ ဟိုး..ရှမ်း ပြည် မှာ တည်းက.. အတူတူ ကျောင်းတက် ခဲ့ .. ရှမ်းသီချင်း တွေ ဆို ခဲ့ ကြ တဲ့..စိုင်းဆိုင်မောဝ် က စလို့.. မန္တလေး က.. ဟန်တင်..မြတ်ဝတ်ရည် .. ဂျယ်ရီ ..ဘိုတောက်…။ နောက် ဆုံး.. မြန်မာ့ စတီရီယို ခေတ် တ ခေတ် မှာ.. အတူတူ ထွန်းတောက် ခဲ့ ကြ တဲ့.. ကိုယ်ပိုင် သံစဉ် သမား.. တွေ ဖြစ် တဲ့..ကိုနေ၀င်း..ကိုရဲလွင်..ခင်မောင်တိုး..ဂျေမောင်မောင် အဆုံး.. သီးသန့် လိုင်း တခု ဖြစ် တဲ့..သန်းနိုင်..စိန်လွင် တို့ ပါ မကျန်။

ထီးဆိုင် တို့..မန္တလေး တက္တသိုလ် က.. တောင်ပေါ်သား တအုပ်.. နောက်ဆုံး တော့.. ရှိသမျှ ပိုက်ဆံ လေး တွေ ခြစ်ကုပ် စု ဆောင်း ပြီး..ရန်ကုန် ဆင်း အခွေ သွင်း ဖို့ လုပ် ကြ သည်။ မန္တလေး ရုပ်ရှင် ခြံ မှာ သွင်းခဲ့ တဲ့ ပထမ အခွေ က.. ဘာမှ သိပ် အရာ မထင် ။ အဲဒီ အချိန် မှာ.. သန်းနိုင် တို့ စိန်လွင် တို့.. ဆွေ မျိုး အုပ်စု မှာ.. ငွေကြေး တောင့်တင်း သလို.. ဦးဘသိန်း စတူဒီယို ကြီး တခု လုံး နဲ့.. Play Boys တီး ၀ိုင်း ကြီး ရှိ နှင့် နေ ပြီ။ သူ တို့ ရဲ့.. ချောက်တိ ချောက် ချက်.. လာခါနီး မှ.. ဂစ်တာ စု ၀ယ်..ဒရမ် ပြေးငှါး လာ ရ တဲ့.. အုပ်စု လေး ကို.. အထင် မကြီး သလို.. လှိုက်လှိုက် လှဲလှဲ မရှိ ခဲ့။ အသံ သွင်းရ တာ..အဆင် မပြေ..။ ဒီကြား ထဲ..ဖြစ်ချင် တော့.. ရှမ်း သူဌေး တယောက် က..သူ့ သမီး အတွက်..အခွေ ထုတ် ဖို့..ကမ်းလှမ်း လာ လို့.. စိုင်းခမ်းလိတ် က.. သီချင်း တွေ အားကြိုးမာန်တက် ရွေး .. စိုင်းထီးဆိုင် ကလည်း.. ၀မ်းသာ အားရ ရှိ နေ တုန်း မှာ.. “ ထီးဆိုင် ဆို တာ လည်း စိန်.. ဦး တို့ မှာ လည်း.. စိန် အဆိုတော် တယောက် ရ ထား ပြီ ” ဆို ပြီး.. အနီး ကပ် မှ.. တေ့ ဖြုတ် သွား တဲ့.. ပြသာနာ တခု မှာ.. နာမည် ကို အတိ အကျ မရး ထား ပေ မဲ့.. ဘယ်သူ ဆို တာ..မှန်းကြည့် လို့ ရ နေ ခဲ့ သည် ။

အနှိမ်ခံ..မျက်နှာမွဲ.. အချိန် တွေ ပေါ့..။

ရန်ကုန် ရောက် တော့… နေရ ထိုင်ရ တာ ကလည်း.... အာအိုင်တီ က..သူငယ်ချင်း တယောက် က.. အကူ အညီ ပေး လို့… ကျောင်းဝင်း ထဲက.. လူနေ ဆောင် တွေ မှာ.. အခန်းတွေ ခွဲ ပြီး... ခိုး ကြောင် ခိုးဝှက် တည်းခို ခဲ့ ကြ ရ သည်။

ရန်ကုန် စက်မူ တက္ကသိုလ် တွင် တည်းခို နေ စဉ် ကျောင်းသား တယောက်။ ဆံပင်က ရှည်ရှည် ။ စ ကား နည်းနည်း။ အနေ အထိုင် အေးအေး ။ ညနေ ညနေ ကျ လျှင်.. အဆောင် ၀ရန်တာ တွင် ထိုင်ပြီး၊ သူ့ဘာသာ ဂစ်တာ တီးတီး နေ တတ် သည်။ ဂစ်တာ တီးခတ် ပုံ လှပ သပ်ရပ် လွန်း ၍ သဘောကျ စရာ။ အသံ လည်း ဆွဲငင်အား ကောင်း ၍ ရပ်ပြီး နားမထောင်ပဲ မနေ နိုင် ။ သူ တီး တာက.. အင်္ဂလိပ် သီချင်း တွေ များ သည်။ The Beatles သီချင်း တွေ Frank Sinatra သီချင်း တွေ ဆိုညည်း နေ တတ်သည်။

ဒီလို နဲ့... အာအိုင်တီ ကျောင်းသား ခင်မောင်တိုး ကြီး နဲ့ လည်း .. သိကျွမ်း ခဲ့ ကြ ပြန် သည်။

သူတို့ တွေ.. အားကြိုး မာန် တက်..ရန်ကုန် ဆင်း ပြီး.. ခက်ခက် ခဲခဲ..သွင်း ခဲ့ တဲ့.. အခွေ ကလည်း.. သိပ် အဆင် မပြေ ချင်။ တပုဒ် ၂ ကျပ် နှုန်း နဲ့..တဆိုင် ၀င် တဆိုင် ထွက်..လိုက် ပေး တာ တောင်..အင်တင်တင်။ အဲဒီ အချိန် မှာ..သူတို့ အားလုံး ရဲ့.. ကျေးဇူးရှင် အစစ် က.. နောင် မှာ ဂျေမောင်မောင် ဖြစ် လာ မဲ့..အောင်ခင်မြင့်.။ မန္တလေး မှာ ရော ..ရန်ကုန် မှာ ပါ.. ဂီတ အ၀န်းအ၀ိုင်း ထဲ...လူရည် လည် သူ.. စိတ်ရင်း သဘော ကောင်း သူ။ ဂျေမောင်မောင် ကပဲ..သူတို့ အခွေ တွေ ကို.. သူ့ မိတ်ဆွေ တေးသံသွင်း ဆိုင် တွေ မှာ လိုက် ဖြန့် သည်။ မူပိုင် မယူ ပဲ..ခိုး ကူး နေသူ တွေ ကို..အစ်အောက် ပြီး..မူပိုင် ၀ယ်အောင် လုပ် ပေး သည်။

သေချာ ပါတယ်။ အမြဲ ပြုံးနေ တတ် တဲ့.. ချစ်စရာ ကောင်း တဲ့.. ဂျေမောင်မောင်လေ..။

ကိုနေ၀င်း က တော့.. လားရှိုးသားမို့..မန္တလေး မှာ ကတည်း က တွေ့ရင်း.. စိုင်းထီးဆိုင် ရဲ့.. ကလပ်စီကယ် ဂစ်တာ ဆရာ ဖြစ် ခဲ့ သူ။

မျက်လုံး တွေက..နူးညံ့သလောက် နက်ရှိုင်း သည်။ စကား ပြော သော အခါ တိုးတိုး သက်သာ။ သို့သော်..ဒသာန ဆန်ဆန် စကား မျှင် တန်း ရှည်လျား နေ တတ် သေးသည်။ လက်ချောင်း တွေ က..ထူးခြား ရှည်လား ထိပ်ဖျား ချွန်မြ သည်။ ဂစ်တာ ကို ကောက် ကိုင် လိုက်ပုံက..ယုယု ယယ ရှိသလောက် စီးစီး ပိုးပိုး ပိုင်ပိုင် နိုင်နိုင် ရှိ သည်။

မိန်းကလေး တယောက် အတွက်..စပ်ဆို ခဲ့ တာ ဆို တဲ့.. မောင့်လပြည့်ဝန်း ရဲ့ ပိုင်ရှင်။

တကယ် တော့ လည်း..သီချင်း တွေ တော်တော် များများ ရဲ့ နောက်ကွယ် မှာ.. မိန်းကလေး တယောက် စီ တော့.. ရှိ နေ ခဲ့ ကြ ပေ လိမ့် မည် ပေါ့...။ နက် နက် ရှိုင်းရှိုင်း လား.. ခရီး သွား ဟန်လွှဲ လား..။ ဒါကိုတော့.. ကာယကံ ရှင်..သီချင်းရှင် များ သာ သိပေ လိမ့် မည်။ နွဲ့တင် အတွက် သီချင်း တပုဒ် လို.. လေးလေး နက်နက် မြတ်မြတ် နိုးနိုး သီချင်း တပုဒ် က..သစ္စာ တိုင် ဖြစ် ခဲ့ သလို.. တယောက်သောသူ အနမ်း  သီချင်း က ရော .. နူးညွတ် ချင် စရာ ...ယော်ယမ်းမူ တမ်းခြင်း လေး တပုဒ် မဟုတ်လား ...။

ဘာသာ မတူ..လူမျိုး မကွဲ ပဲ ချစ်တာ..
ကိုယ်တို့ နှစ်ယောက် ရဲ့ အပြစ် လား...
ဘယ်သူ တွေ တားတား..ကိုယ် ကတော့..
နောက် မဆုတ် နိုင်ပါ.. ချစ် ပြီး မှ တော့ ကွာ....

ပြောရင်း ဆိုရင်း.. သီချင်း စာ သား တွေ..သူ့ နှုတ် ဖြား ပေါ် ကို အလိုလို စီးကျ လာ မိ တာ.. ဟိုးတုန်းက.. ဒီ သီချင်း လေးကို..သူ ခဏခဏ ဆို ဖြစ် ခဲ့ လို့ များ လား..။ ခံစား ချက် တွေ က ရော.. တူ သေး ရဲ့ လား လေ..။ သေချာ တာ တော့.. ရူးသွပ် မူ တွေ ပါးလျ သွား ခဲ့ ပြီ ပဲ..။

ဘေး ကို ငဲ့ ကြည့် တော့.. သူ လည်း.. မနေ နိုင် မထိုင် နိုင်..သူ့ Fender ဂစ်တာ ကြီး ကို ထုတ် ပြီး.. တတောင် တောင် လုပ် နေ ရင်း.. ကျေနပ် နေ သည် လား..ခံစား နေ သည် လား..။

လူ တဦး တိုင်း တယောက်တိုင်း မှာ..
တချိန်ချိန် တော့..အချစ် ဆိုတာ.. ရှိ ခဲ့ ကြ မယ်…
လူသားတို့ ပေါင်းမိ ရင်..ဘာရယ် ကြောင့် အားနည်း သူကို..မုန်းတတ်တာလည်း..


စာအုပ် ကို လက် မှာ ကိုင် ရင်း.. ပလေယာ ကို.. ရမုတ် တလုံး နဲ့.. ကလိ နေ တဲ့.. ဖီလင် အပြည့် နဲ့ .. အတွေး မျက် လုံး တွေ ကို.. မြင်သွား လို့ ထင့်...

“ ကဲ.. သင့်ကင်း..သင့်ကင်း လုပ် မနေ နဲ့.. စိုင်းထီးဆိုင် စာ အုပ် အကြောင်း ရေး မလို့ ဆို.. ..ရေးလေ.. ပြော နေတာ ဖြင့် ကြာ လှ ပြီ..”

အင်း.. ယူ သယ် လာ တဲ့.. သီချင်း အပုဒ် ၅၀၀ ကို.. ပြီး အောင်.. နားထောင် လိုက် အုံးမယ်လေ.. လို့.. ဆင်ခြေပေး ရင်း..စိတ် ကြိုက်.. သီချင်း အဟောင်း လေး တွေ ကို.. ရ မုတ် ကနေ..ရွေး နေ မိ သည်။ နောက်ပိုင်း သီချင်း အသစ် တွေ ထက်.. ဟိုး .. ကိုယ် တို့ မွေး တဲ့ အချိန် လောက်က.. ထွက် တဲ့..သီချင်း အဟောင်း တွေ ကို သာ..ပို နှစ် သက် မိ သည်။ နန်းခမ်းနွဲ့ အတွက်..သီချင်း တပုဒ် ကို.. အပျံသင် ကာစ အချိန် တွေ တုန်းက.. အားယူ ရင်း..အရမ်း နှစ် သက် ခဲ့ ဘူး သည်။ ဆောင်း --- ဒီ ဆောင်း နှင်း မြူ ရယ်..ကိုယ်ချင်း မစာ တယ်.. အဲဒါ လည်း သိပ် ကြိုက် တယ်။ ရာသီပြောင်းချိန် လည်း ကြိုတ်တာပဲ..။ ဘာမှန်း ညာမှန်း သေချာ မစဉ်းစား မိပဲ.. မိုးကုတ် ဖီးလ် မှာ.. ညဖက်..၀ိုင်းဖွဲ့ ရင်း..ဆရာ တယောက်ကို.. အတင်း တီး ခိုင်း ခဲ့ တဲ့.. အပြာရောင်မျက် ရည် အကြောင်း ပြန်တွေး ရင် လည်း..မျက်နှာ နွေးလှ သည်။

အဲဒီ တုန်းက..စိုင်းထီးဆိုင် သီချင်း တွေ ကို..ရင့် သည်.. ဒိုင်တွေ ပါသည် ဟု.. ပြော ကြ သည်။ တကယ် တော့..ဖန်တီးမူ အနုပညာ အားလုံး သည်..ဖန်တီးသူ ရဲ့..အရွယ် နဲ့ ခေတ် ကို..ထင်ဟပ် နေ တာပဲ လေ ။ အဲဒီ အထဲ မှာ မှ.. ဘ၀ တကွေ့ အတွေ့ လေး တွေ နဲ့ သူတို့ ယုံကြည် ခံယူ ချက် အခံ တွေ က ပဲ..ဒီ သီချင်း တွေ ကို..ပို ပြီး လှပ အသက်ဝင် အစဉ် အမြဲ ရှင် သန် နေ စေ ခဲ့ တာ ပဲ..မဟုတ် လား..။

သူတို့ မောင်နှမ တွေ.. ကျောင်းတွေ ပိတ် .. ရန်ကုန် မှာ စုမိ ကြ ပြီဆို .. အကို တယောက် အမြဲ တီးလေ့ ရှိ တဲ့.. အဖေ ရောက် တဲ့ အခါ ပြန်နှိုး ပါ နော်  .. သီချင်း လေး ကို လည်း..ခု နေ ပြန် သတိ ရ မိ သည်။ ကျနော် အခု တော့ ရင်မှာ အသက်ရှူ နည်းနည်းကျပ် လာလို့.. ဆိုရင်..သူတို့ ညီအမ တွေ... အပ်ကျ သံ တောင် မကြားရ...။ စိုင်းခမ်းလိတ် ရဲ့..ဆေးရုံ ဇာတ် လမ်း လေး တပုဒ် ထင် ပါ ရဲ့..။ ဆေးတံတို သီချင်း လေး ကို လည်း ချစ် သည်။ ငွေတောင်တန်း ဆီ သို့ သီချင်း တပုဒ် လည်း.. အရမ်း ကြိုက်သည်။ အချစ် သီချင်း လို့ ထင်ရ ပေ မဲ့.. ထုံးစံ အတိုင်း.. လူ တွေ ကတော့.. ထင်ရာ မြင်ရာ.. အဓိပ္ပါယ် တွေ ဖွင့် ကြည့် ကြ သည် ။ ဘာရယ် လည်း တော့ မသိ.. ဆယ် နှစ် နီး ပါး..စောင့် ခဲ့ ကြ ပြီး မှ.. ဆို တဲ့.. နေရာ လေး မှာ.. ရင်ထဲ မှာ..တကယ် ဆွေး ရ သည်။


အို..  ဒီ သီချင်း လေး ကို တော့..ဘာကြောင့်မှန်း မသိ.. ချစ် ကို ချစ် တာ။ တီးလုံး လေး ကိုက.. တမျိုး ဆန်း လှ သည်။

တောင်ခြေ မှာ နေတုန်း.. ဖြစ်ခဲ့ တဲ့ အဖြစ် တခုပါ..
ကြာလာပီ ဆိုပေ မဲ့.. မေ့ မရ တဲ့ အတွေ့ အကြုံ မှာ..
မကြားစဖူး မို့.. မယုံနိုင်စရာ
ခွေးတယောက် နဲ့..လူ နှစ်ကောင်ပါ...
ခွေးတယောက် နဲ့..လူနှစ်ကောင် တဲ့..။  သီချင်း စာသား လေး တွေ က....ရိုးရိုး လေး ပါ ပဲ..။ ဒါပေမဲ့.. အဲဒီ နောက် ကွယ် က.. အဖြစ် အပျက်..အနက် တခု ရှိ နေ တာ ကို တော့.. ခံစား နေ ရ သည်။ အေးလေ.. တေးရေး သူ ရဲ့.. စိတ် အရိပ် အတိတ် တွေ ကို..ဘယ်သူ က.. အတိ အကျ ဖမ်း နိုင် မှာ တဲ့ လည်း..။ ဖမ်းစရာ လည်း မလို အပ် လှ ပါဘူးလေ...။ အနုပညာ ဆို တာ  .. ဆင့်ပွား ခံစား နိုင် ခြင်း နဲ့ တိုင်းတာ ရ တယ် ဆို တော့.. နား ထောင် မိ ရသူ အဖို့ သာ.. ငါဟာ.. ခွေးတယောက် လား.. လူ နှစ်ကောင် ထဲက..ဘယ် တကောင် လို လူ မျိုး လည်း ဆို တာ သာ .. ကိုယ့်ဖာသာ တိတ်တိတ် ကလေး.. တွေး ပြီး..နားထောင် နေ လိုက် ယုံ ပါပဲ..။

ခွေးကလေး ..အို့...
ခွေးကလေး..အို့..
အတူတူ နေမယ် လို့...



+++++++++


ဆောင်း ဦး ပေါက် မို့.. ရထား ပြ တင်းက..မြင် နေ ရ တဲ့.. ရှုခင်း လေး တွေက.. အခါ တိုင်း နဲ့ မတူ။ မနက် စောစော နေ ရောင် အောက် မှာ.. နွေးထွေး ယုံ လေး.. တောက်ပ လင်း လက် နေ သည်။ Canola ပန်းဝါ၀ါ တွေ.. ပွင့် နေ ကြ တာ လည်း.. တမျှော် တခေါ်..။ ခရမ်းရောင် Lavender တွေ က.. တတောင်လုံး.. မှိုင်းပြာ နေ သည်။ တရိပ်ရိပ် ကျန် ခဲ့ တဲ့..ရထား လမ်းဘေး..မြေနီ ခြုံပုတ် ကလေး တွေ ကြားထဲ.. တောပန်း ပြာပြာ လေး တွေ..ဖြတ် ကနဲ..တွေ့ လိုက် တိုင်း.. ရင်ထဲ မှာ ..လှိုက်ကနဲ နေ အောင်.. ကြည်နူး နှစ် သက် နေ မိ ပြန် သေး သည်။ ခု နှစ် ပိုင်း တွေ ထဲ.. ရာသီ ဥတု တွေ ပြောင်း ပြီး..ကန္တရ မိုး တွေ.. မကြာ ခဏ ရွာနေ ပြန် သမို့.. ရထား လမ်းဘေး တလျှောက်..တချို့ နေရာ တွေ မှာ.. ပို ပြီး စိမ်းစိမ်း စိုစို ဖြစ် နေ သည်။ ရေ စပ်စပ် နဲ့..ဆားအိုင် လေး တွေ ပေါ် မှာ တောင်.. ကျေးတအုပ် ရေ သောက် ဆင်း နေ ကြ ပါ လား…။ သာယာ တဲ့..မနက်ခင်း လေး ပါ ပေ…။

ငှက်တောင် မှ.. သာယာ တဲ့..သီချင်း ရွေး တတ် တာပဲ…
စောစော စီးစီး..စကား မများ ကြ နဲ့..
ကမ္ဘာမြေ အတွက်..မင်္ဂလာ ရှိ တဲ့..အချိန်ဝယ်..

အို.. ကောင်း လိုက် တဲ့..စိုင်းထီးဆိုင် ရယ်.. ။ သင့်မြတ် လိုက် တဲ့..နေ့သစ် ရယ်…

ဒီ တခေါက်..ပါ့သ် ကို သွား တာ.. အခါတိုင်း လို.. ရထားလေး တစီး နဲ့ အတူ … ယူလာတဲ့ စာအုပ် တွေကို.. ဖွင့် မဖတ်မိ ဖြစ် နေ သည်။ ဖြစ်ချင် တော့… ပြောင်းပြန် နဲ့..ဇောက်ထိုး.. အခါတိုင်း..အမြဲ သီချင်း နားထောင် ပြီး.. ခရီး သွား လေ့ ရှိ တဲ့.. သူက.. လောလော လတ် လတ် ၀ယ် ထား တဲ့..Eric Clapton အကြောင်း စာအုပ် ကြီးကို..ခန့်ခန့် ညားညား ကြီး ထုတ် ဖတ် နေ လေ တော့.. ကိုယ် လည်း စိတ်ကူး ပေါက် ပြီး...သူ့ အိုင်ဖုန်း ကို ယူ နား ထောင် လိုက် တော့ တာ ပေါ့..။ ဟော..ခဏ ဆို..ယူ နားထောင် လိုက် တာ.. စိုင်းထီးဆိုင် ရယ် လေ.. ဘယ်လို မှ ရပ် လို့ မရ တော့…။

လေကောင်း တွေ ရှူရှိုက် ကြ.. သဘာဝ ကို မှီဝဲ ကြ….
ဒီနေ့သစ် ဟာ..တို့ကို..အင်နဲ့ အား အသစ် တွေ ပေးလာမယ်…

ပြတင်းပေါက် မှန် ကို.. ပါး အပ် ရင်း..လှပ ကျယ်လွင့် လွန်း တဲ့.. မြင်ကွင်း တွေ ပေါ် မှာ.. သီချင်း စာ သားလေး တွေ ကို.. တလုံးစီ..တပိုဒ်စီ.. ထပ်ဆင့် စီရီ အတွေး ပို ကြည့် နေ မိ တော့ သည်။ အခု လို.. စိတ်အာရုံ ကို.. လုံးဝ လွှတ် ပြီး.. နားထောင် မိ တော့ မှ.. သီချင်း စာသား လေး တွေ ရဲ့.. ထိမိ စူးရှ.. လှပ ကဗျာ ဆန် လှ ပုံကို.. ရင်သပ် ရှုမော ဖြစ် ရ ပြန် ပြီ။ ခေါင်းကို သာ..ခါရမ်း နေမိ တော့ သည်။

“ ကောင်း လိုက် တာ ကွာ.. အရင် အိမ်မှာ နားထောင် တာ ထက် ကို ပိုကောင်းတယ်.. ငါ ရေးမယ်ကွာ.. တပုဒ် တော့..ရေး အုံးမယ် …”

ခေါင်းတရမ်းရမ်း နဲ့..ဖီလင် တွေ စွတ် တက် နေ တဲ့.. ကိုယ့် ကို..သူက ပြုံးစိစိ နဲ့ ကြည့် ရင်း…
အင်း..စိုင်းထီးဆိုင် သီချင်း အပုဒ် ၅၀၀ ပြည့်ရင် တော့.. စာတပုဒ် ဖတ် ရ မှာ ပေါ့..စောင့်လိုက် ပါ အုံးမယ် နောက် တနှစ် ..လို့ နောက် သည်။

“ အင်း.. ခက်တာ က.. နောက် ပိုင်း သီချင်း အသစ် တွေ ဆီ..ကို မရောက် နိုင် သေးဘူး.. ဒီ အဟောင်း လေး တွေ မှာ တင်.. အရမ်း ကို..ထိနေ တာ..မရ တော့ ဘူး… ရေး တော့မယ်.. ”

ကိုယ်က လည်း ကိုယ်ပြောချင် ရာ ပြော…။ သူ ကလည်း သူ ပြောချင် ရာ ပြော ။
- 
“ သိလား.. Eric Clapton အကြောင်း ခုမှ သိ တော့တယ်..သူ ဆို တဲ့..သီချင်း တ၀က် လောက် က..သူများ အဟောင်း တွေ တဲ့ ကွ.... ကမ္ဘာ ကတော့ ကျော် နေ ရော ပဲ..”

ကိုယ် အံ့သြ သွား မိ သည်။ ဟုတ်ရဲ့ လား…

ကြည့် ပါ အုံး..။ ငါ တို့.. နိုင်ငံ က.. စိုင်းခမ်းလိတ် ဆိုတဲ့.. ရှမ်းစာဆို ကြီး တယောက် ဆို.. ကိုယ်ပိုင် သီချင်း တွေ.. အပုဒ် ၉၀၀ ကျော် တောင် စပ် ခဲ့ တာ လေ.. ။ စိုင်းထီးဆိုင် ဆို တဲ့.. မင်းတို့ လို ကမ္ဘာ မကျော် ပေ မဲ့..နိုင်ငံ ကျော် တဲ့..အဆိုတော် ကြီး ကလည်း.. လူ့သက်တမ်း ၅၀ ကျော် လေး မှာ..သီချင်း ခွေ ပေါင်း.. ၈၀ တောင်.. ထုတ် သွား ခဲ့ တာ…။ ပြီးတော့..သူတို့ ရဲ့..သီချင်း တွေ က.. အရမ်း..အရမ်း ကို..ကောင်းတာ..။ ဘယ်လို ကောင်း လဲ..ငါ လည်း မပြောတတ် တော့ ဘူး။ ပြောမပြ တတ် နိုင် အောင် ကို..ကောင်း လိုက်တာ ဆိုတာ မျိုး …။ အင်းလေ.. ခင်ဗျား တို့ တွေ ကတော့.. ကံကောင်း ကြ ပါတယ် လေ..။ သီချင်း တပုဒ် တိုင်း အတွက်.. မြိုးမြိုး မြတ်မြတ် ကို ခံစား ရ လို့..(ကြည့် ).. မသေခင် မှာ တောင်.. ဘိုင်အို တအုပ် ထုတ် ပြီး.. ကမ္ဘာကို ရောင်းစား နိုင် သေး တယ်။ အခု..စိုင်းထီးဆိုင်..ကွယ်လွန် မှ.. ထွက်လာ တဲ့.. နိုင်ဇော် ရဲ့.. စာအုပ် ကလေး က.. ဘယ်လောက်..အကျိုး အမြတ် ရ ပါ့ မလည်း..။ ခုပဲ ကြည့်.. အင်တာနက် မှာ..အလကား ဒေါင်းယူ ဖတ် လို့ ရ နေ ပြီ။

သာယာ ကျေနပ် စရာ ကောင်း လွန်း တဲ့.. သူတို့ ရဲ့..ဂီတ သံ တွေ ထဲ မှာ..ပျော်ဝင် စီးမျော နေ မိ တဲ့ အချိန် မို့... အဲဒီ ဂီတ အနုပညာ တွေ အတွက် သူတို့ ပေးဆပ် ခဲ့ ရ တာ တွေ.. ပြီးတော့..ပြန် မရ ခဲ့ တာ တွေ..၊  ၀ါသနာ ထက်..၀မ်းရေး က ခက်တော့.. ဒီ သီချင်း ဟာ..ငါ့ရဲ့ နောက် ဆုံး သီချင်း.. ဖြစ်ချင် ဖြစ်မယ်.. ဆို တဲ့ ထိ အောင်.. နာကျည်း ခဲ့ ရ တဲ့.. အဖြစ် တွေ ကို.. စာအုပ် ကလေး ထဲ မှာ လည်း.. ဖတ်ထား ခဲ့ ရ ပြီ မို့.. တယောက် တည်း.. စိတ်ထဲ ပေါက်ကွဲ နေ မိ သည်။

စိုင်းခမ်းလိတ် တယောက်.. “မောင်မနေတတ်ဘူး ” သီချင်း ကို..ကျော်ဟိန်း က ၀ယ်သွား လို့.. သူ့ မေမြို့က.. ဆေးရုံ အိမ်ကလေး မှာ..ဆိုဖာ ဆက်တီ လေး တစုံ..၀ယ်ထား နိုင် လိုက် တယ်.. ဆိုတဲ့.. စာအုပ် ထဲက.. အကြောင်း လေး တွေ ကို..ပြန် သတိမရ ပဲ..မနေ နိုင် တော့..။

စိုင်းထီးဆိုင် က ရော.. ။
သူ့ ရဲ့..အသဲ ရောဂါ အတွက်.. ကုသဖို့..ကုန်ကျ မဲ့..သိန်း တရာ ကျော် ဆိုတဲ့..ငွေ ကို.. မိသားစု ခေါင်းခဲ ခဲ့ ကြ ရ လို့.. သူကိုယ်တိုင်.. ဆက် မကု တော့ ဘူး လို့.. ပေကပ် နေ ခဲ့ သတဲ့..။ ဖြစ်ရ လေ ကွယ်…။ ဟောဒီ သန်း ၆၀ သော.. မြန်မာ နိုင်ငံ ကြီး မှာ.. သူ့သီချင်း တွေ ကို..နှစ်နှစ် သက်သက် လေးစား မြတ်နိုး တဲ့ သူ.. တသိန်း ပဲ ရှိတယ် ထား ပါ အုံး။ နေ အုံး.. တယောက် တဆယ် မေတ္တာ ကြေး မဟုတ် ရင် တောင်.. ထိုက်ထိုက် တန်တန်.. သူ့ သီချင်း တပုဒ် ကို.. နားထောင် တိုင်း.. ဆယ်ပြား ပဲ.. ပေးဝယ် ရ တယ် ထား…။ အား.. ဒါ ဆို ရင်တော့..အခု..ငါ..စိုင်းထီးဆိုင် အပေါ် မှာ.. အကြွေး တွေ အများကြီး တင် နေ ပြီ ပေါ့..။

စိတ်တို နေရာ က..ပြုံးမိ သွား သည်။ ဟုတ်တယ်.. ငါ.. စာလေး တပုဒ် တော့.. ရေး ပြီး.. သီချင်း အကြွေး တွေ ဆပ် ရ မယ်။ အခု တလော ..မြန်မာ ပြည် မှာ.. မှိုလို ပေါက် လာ တော့.. FM ရေဒီယို တွေ မှာ တော့.. သီချင်း တပုဒ် လွှင့် တိုင်း.. တေးရေး တေးဆို.. အချိုးကျ..ခံစား ရ နေ ရ ပြီ လို့.. ကြားမိ သည်။ တကယ်ပဲ..ထိုက်ထိုက် တန်တန် ခံစား ကြ ရ ပါစေ ကွာ..။



ရထားက.. ခရီး တ၀က် ပေါက်ခဲ့ ပြီ မို့.. ရှေ့ဘူ တာ မှာ.. ခဏ နားမဲ့ အကြောင်း ကြေငြာတာ ကြား လိုက် သည်။ ဒါဆို.. ငါ.. သီချင်း တွေ.. ဆက်တိုင် နားထောင် လာတာ.. ၃ နာရီ တောင် ကျော် နေ ပြီပဲ…။ အချိန် တွေ ဘယ်လို ကုန် သွားမှန်း မသိ လိုက်..။ အပြင်မှာ..မိုးကောင်းကင် ကြီး တခု လုံး.. လုံလုံ ခြုံ ခြုံ ကြီးကို.. ပြာလွင် နေသည်။

ခေါင်မိုးက..မလုံ တော့..မိုးရွာတာ.. ကိုယ် ခံ နေရ တာ..အမှန်ပဲ…
ဒါပေမဲ့.. မိုးရွာ တဲ့ အကြောင်း က.. ကိုယ် တယောက် တည်း ကြောင့် တော့..မဟုတ် ဘူး…

ထိရှ လိုက် တဲ့.. ဒသာန ရယ်…။ ရင်ထဲ မှာ..ငိုချင် ဆွေးချင် လာ ပြန် သည်။ အနုပညာ ရဲ့ ဖမ်းစားမူ အောက် မှာ.. လူတွေ လည်း.. ကြည်လိုက်.. နောက် လိုက်..။ သာယာလိုက်.. ဆွေးမြေ့ လိုက်..။ ချစ် လိုက်.. မုန်း လိုက်…။ ဟိုး တောင်ကုန်း ပေါ်က..ပန်းခင်း ကြီး ကလည်း..၀ါ သွားလိုက်.. ပြာသွား လိုက်..။ ရထား ကြီး ကလည်း.. မြန်လာ လိုက်..နှေး သွားလိုက်..။ ဓါတ်ကြိုးတန်း ပေါ်က.. ငှက်တအုပ် လည်း.. ပျံလိုက်.. နား လိုက်..။ လူတွေ ကလည်း..သွား လိုက်.. လာလိုက်..။


နင်ဟာ.. အတောင် ပါ တဲ့…ငှက်ပါ..
ငါ က.. လွင့်ပါး တဲ့.. ရော်ရွက်ဝါ
အဆင်ပြေ လေလာတုန်း အခိုက်မှာ
ကြည်နူး မြူးခဲ့ရတယ် တရံတခါ…


ဒါဟာ တကယ် တော့..လှပ လွန်း တဲ့..ကဗျာလေး တပုဒ် ပါ ပဲ...။

အချစ်..အလွမ်း.. ဘ၀.. ဒသာန..မိသားစု.. နိုင်ငံရေး..လူမျိုးရေး.. စုံနေအောင် ကို.... သံစဉ် ညှိ တိုင်း ပဲ....တေးတပုဒ် ဖြစ် နေလေ ရော့ သလား..။

ခံစား နားလည် တတ် တဲ့.. နှလုံးသား တိုင်း အတွက်.. သူတို့ တွေ..ကမ္ဘာမြေ ပေါ် မှာ ဖန်တီး ခဲ့ တဲ့.. အနုပညာ ဂီတ သီချင်း တွေ ဟာ.. စိုင်းခမ်းလိတ် အို သွား ပေ မဲ့..လိုက် မအို ခဲ့..။ စိုင်းထီးဆိုင် သေ သွား ပေ မဲ့.. လိုက် မသေ ခဲ့ ။ သူတို့ ရဲ့..သီချင်း တွေ သည်.. မအို မနာ မသေ..သော.. ကိုယ်ပိုင် ဂီတ သံစဉ် စစ်စစ် တွေ သာ ဖြစ် ပေ တော့ သည်။

တကယ် ဆို တော့….

တောင်ပေါ် မြေ ရဲ့.. လှပ မူ ကို သာ..
မြင်ကာ နေ တဲ့.. ပရိသတ် များ မလေ…
တောင်ပေါ် မြေ ရဲ့.. တခြား တဖက် မျက်နှာ မှာ..
ဘာတွေ ရှိ မှန်း.. မသိ ကြ ပေ….

ဆို ပြီး .... ဂီတ အနုပညာ နဲ့.. မီးမောင်း ထိုး ပြ သွား ခဲ့ တဲ့..

တောင်ပေါ် မြေ ရဲ့ အခြား တ မျက်နှာ က နေ ပြီး .. မြန်မာ ပြည် တ၀ှမ်းလုံးက.. နှလုံးသား တွေ ကို.. ဆွဲယူ သိမ်းပိုက် သွား ခဲ့ တဲ့… ရှမ်း-ဗမာ.. ချစ်ကြည်ရေး အထူး သံတမန် ကြီး များ ပါပေ..။


ကေ
(၀၁.၁၀.၁၁ -  ၀၅.၁၀.၁၁)

၅ ရက် ကြာ အောင် ရေး နေ ခဲ့ မိတော့..မုဒ် တွေက..အပိုင်းပိုင်း အပြတ်ပြတ် ။ သို့ပေ မဲ့..စိုင်းထီးဆိုင် အပေါ် ပေးရမဲ့..သီချင်း နားထောင်ခ အကြွေး တွေ တော့..တစိတ် တပိုင်း ကျေ နိုင် ကောင်း ပါ ရဲ့..သီချင်း တချို့ကို တင်ပေး ထား ပါတယ်။ အလကား တင် ရ မှာ..အားနာ လို့... သဘာဝ ကျကျ လက်သံ လေး တွေ ကို..ပို သိသာ စေ တဲ့.. အပုဒ် တချို့ သာ..။

အရိုင်းဂစ်တာ
မူးမှပြေမှာပဲ
စိတ္တဇအလွမ်း
နွေဥသြ
ဆေးတံတို
ခွေးတယောက်နဲ့လူနှစ်ကောင်
တောင်ပေါ်မြေရဲ့ အခြားတဖက်



◦
Share/Bookmark