နှလုံးသား နဲ့ လုပ်တဲ့ နိုင်ငံရေး


ဟီလာရီ ကလင်တန် ရဲ့ Hard Choice စာအုပ်က ၊ အာရှပစိဖိတ် နဲ့ သက်ဆိုင်တဲ့ အရှေ့ဖက် အခန်းတွေ ဖတ်ပြီးသွားတဲ့ အခါ  ၊ ခဏ နားရင်း ၊ စာအုပ်ထဲမှာပါတဲ့ မြန်မာပြည် ခရီးစဉ် က ဓါတ်ပုံတချို့ကို ပြန်လှန် ကြည့် မိတယ်။ တကယ်တော့ ၊ ဒီ ဓါတ်ပုံတွေဟာ ၊ လွန်ခဲ့တဲ့ ၂ နှစ် လောက် ကတည်းက  စိတ်လှုပ်ရှား ကြည်နူးစွာ နဲ့ အထပ်ထပ် အခါခါ မြင်ဖူး ကြည့်ဖူး ခဲ့ ပြီးသား တွေ ပါ။ အခု ဟီလာရီ ကိုယ်တိုင် ပြောပြ တော့မှ ၊ ဒီပုံရိပ် တွေနဲ့  အပြုံးတွေ ရဲ့  နောက်ကွယ်က  ခြေလှမ်းတွေ စိတ်ခံစားချက် အတွေးတွေ ကို ၊ အသေအချာ ပြန်ပြီး ဆက်စပ် ထင်ဟပ် ကြည့်နိုင် ရ တော့ တယ်။



တကယ်ဆိုတော့  ၂၀၀၉  ခုနှစ် မှာ ဟီလာရီ ကလင်တန် ၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာခဲ့တာ နဲ့  မရှေးမနှောင်းမှာပဲ ၊ မြန်မာပြည်မှာ ၊ဘယ်လိုမှ  မျှော်လင့် မထား တဲ့ နိုင်ငံရေး အပြောင်းအလဲ တွေ ဖြစ်လာခဲ့တာဟာ ၊  တိုက်ဆိုင်မူ သက်သက်တော့ မဟုတ်လောက်ပါဘူး ။ ဒေါ်အောင်ဆန်းစုကြည် နဲ့ လူကိုယ်တိုင် မျက်နှာချင်းဆိုင် တွေ့ ခဲ့ ဆုံခဲ့ ရတဲ့ အဖြစ်အတွက် ၊ သူ့ ကိုယ်သူ ဆိတ်ဆွဲကြည့်မိ မတတ်ပဲ လို့ ဟီလာရီက တင်စားခဲ့သလို ပဲ -- ကမ္ဘာအရပ်ရပ်က မြန်မာပြည်သူ ပြည်သားတွေ မှာလည်း ၊ ဒေါ်အောင်ဆန်းစုကြည် ရုတ်တရက် လွတ်မြောက်လာမူ ၊ နိုင်ငံရေး အကျဉ်းသားတွေ တသုတ်ပြီး တသုတ် လွှတ်ပေးမူ  တွေက စလို့ ၊  ရာစု နှစ် တ၀က် လောက် သံတမန် ဆက်ဆံရေး အေးစက် ခဲ့တဲ့ အမေရိကန် နိုင်ငံကြီးကနေပြီး ၊ နိုင်ငံခြားရေး ၀န်ကြီး နဲ့ သမ္မတ ကိုယ်တိုင် ရှေ့ဆင့် နောက်ဆင့် ရောက်လာခဲ့တဲ့  အဖြစ်တွေဟာ ၊ ကိုယ့်အသားကိုယ် ပြန်ဆိတ်ကြည့်ရ မတတ် မယုံနိုင်စရာ သမိုင်းအချိုးအကွေ့  တွေ ဖြစ်ခဲ့တာပါ။ ရန်ကုန်မြို့ ရဲ့ လမ်းတွေပေါ်မှာ ၊ အမေရိကန် အလံ ကို ဝှေ့ယမ်းပြီး သမ္မတ အိုဘားမား ကို ကြိုဆို နှုတ်ဆက်ခဲ့ ကြတဲ့ ၊ မြန်မာပြည်သား တွေကို ဘယ်တုန်းကနဲ့ မှ မတူတဲ့ ၊ လှိုက်လှဲမူ စစ်စစ် တွေနဲ့ တွေ့ ခဲ့ ကြ ရတာပါ။


ဒီ သမ္မတ နဲ့  အတွင်းရေးမှူး နှစ်ယောက် အတွဲ ကလည်း ၊ သူ့နိုင်ငံမှာတင်မက ၊ ကမ္ဘာမှာကို ထူးထူးခြားခြား သူများထက်ပိုပြီး စိတ်ဝင်စားခံရ ၊ နှစ်သက်သဘောကျခံရတဲ့ သူတွေ ။ ပါတီနိုင်ငံရေး စင်မြင့်ပေါ်မှာ သူတို့ နှစ်ယောက် အပြင်းအထန် ယှဉ်ပြိုင် ထိုးနှက် ခဲ့ကြတဲ့ မြင်ကွင်းကိုလည်း တကမ္ဘာလုံး မကြည့်ချင်မှ အဆုံး မြင်ခဲ့ ပြီးသား ။ ပြီးတော့လည်း ဘာမှ မဖြစ်ခဲ့ကြ သလို ၊ ကမ္ဘာ့အရေးတွေကို နှစ်ယောက်သား ပခုံးတဖက်စီ   ထမ်းပြခဲ့ရင်း ၊ ဒီမိုကရေစီ ရဲ့ အလှတရားကို ပြသ ခဲ့ကြတာလည်း အားလုံးအသိ ။ အဲဒီလို ပြသ နိုင်ခဲ့ တာဟာလည်း ၊ သူမ ရဲ့ ခက်ခဲတဲ့ ရွေးချယ်မူ အစ အဦး တခု ပဲ ဆိုတာကို ၊ Hard Choice စာအုပ်ရဲ့ ပထမဆုံး အခန်း ဖြစ်တဲ့ A Fresh Start - အသစ်က ပြန်စ ခြင်း ဆိုတာမှာ ၊ ပွင့်ပွင့်လင်းလင်း ဖွင့်ဟ ရေးသားထား တယ်။  ဒီစာအုပ်ကြီး တအုပ်လုံးမှာ ၊ အာရှ နဲ့ ပစိဖိတ်က စ - ဖွင့်လို့ ၊ အာဖဂန်နစ္စတန် နဲ့ အီရတ် အလယ် ၊ ရုရှ နဲ့ ဂါဇာ အဆုံး ၊ နိုင်ငံခြားရေး ၀န်ကြီး တယောက် အဖြစ် သူ သွားခဲ့တဲ့ နိုင်ငံပေါင်း ၁၁၂ နိုင်ငံ ရဲ့ ကမ္ဘာ့ နိုင်ငံရေး အခင်းအကျင်း တွေကို ဇာတ်စုံ ခင်းပြီး သွားလို့ နိဂုံး ချုပ် လိုက်တဲ့ အခန်း မှာတောင် ၊ အိုဘားမား နဲ့  မြန်မာပြည် ဆိုတဲ့ အမည် နှစ်ခု ဟာ သူ့ အတွက် ပထမဆုံး သုံးသပ် အမှတ်ရစရာ  ဖြစ်နေလေ တယ်။ အမှတ်ရ စရာ ကောင်းရအောင်လည်း ၊ မြန်မာပြည် ခရီးစဉ်ဟာ ၊ ထူးခြား တိုက်ဆိုင်စွာပဲ ၊ သူတို့ နှစ်ယောက် အတွက် ၊ ပခုံးအတူထမ်း ၊ ခြေလှမ်းအတူယှဉ် လို့  နောက်ဆုံး ထွက်ခဲ့ ကြရတဲ့ ၊ ခရီစဉ် လည်း  ဖြစ်နေခဲ့သည် ကိုး ။


ရန်ကုန်မြို့က ဒေါ်အောင်ဆန်းစုကြည် ရဲ့ ခြံထဲမှာ သမ္မတ အိုဘားမားက ၊ အိမ်ရှင် ဒေါ်အောင်ဆန်းစုကြည် နဲ့ အတူ နှုတ်ဆက် မိန့်ခွန်းပြောရင်း ၊ ဟီလာရီ ဘယ်မှာလဲ လို့ လူတွေ ကြားထဲ မျက်လုံးဝှေ့ ရင်း အရေးတကြီး သူ့ကို ရှာတဲ့ အကြောင်းလေး ကို ပြန်ပြောင်း အစချီရင်း ၊ လွန်ခဲ့တဲ့ လေးနှစ်က သူတို့ နှစ်ယောက် ရဲ့  ဆက်ဆံရေးဟာ ၊ အခုအချိန်မှာတော့ နာကျင်ပျော်ရွှင် လွမ်းဆွတ်စရာ ဖြစ်ခဲ့ ပြီ လို့  ဆိုတယ်။ သမ္မတ အိုဘားမား က ၊ လူအုပ်ကြီးထဲမှာ ဟီလာရီ ကို အသည်းအသန် ရှာခဲ့တာဟာ တခြားကြောင့် မဟုတ်ပါဘူး။ မြန်မာပြည်အရေးအတွက် ကျေးဇူးတင်ကြောင်း ၊ မျက်လုံးခြင်းဆုံပြီး ၊ လူသိရှင်ကြား ဂုဏ်ပြု ပြောကြားချင်လို့ပါ ။ ဟီလာရီ ကလည်း မြန်မာပြည် ခရီးစဉ်က အပြန် Air Force One လေယဉ်ပျံကြီး ပေါ်မှာ ၊ သမ္မတ အိုဘားမားက သူ့ရုံးခန်းထဲ ခေါ်ပြီး  နောက်ထပ် လေးနှစ် သက်တမ်း ထပ်မံ တာဝန်ထမ်းဆောင်ဖို့  ဆန္ဒတောင်းတဲ့ အခါ ၊ မပြီးမပြတ်သေးတဲ့ သူ့ ရဲ့ သံတမာန်ရေးရာ ကိစ္စ တွေကို တွေးလိုက်တော့ ၊  မြန်မာပြည် မှာ ၊ ဒီမိုကရေစီ   ဘယ်လို ဆက်ဖြစ်လာပါ့မလည်း ဆိုတဲ့ ၊ စိုးရိမ်မူ က ပထမဆုံး အတွေး ဖြစ်နေ ပြန်တယ်။ တကယ်တော့ ၊ ဒီ စာအုပ်ကို ဖတ်မိသလောက် ခြုံငုံ သုံးသပ်ကြည့်တဲ့ အခါမှာ ၊ မြန်မာပြည် အရေး ဟာ ၊ အမေရိကန် နိုင်ငံခြားရေး မူဝါဒ တခု သက်သက် ထက် ၊ ဟီလာရီ နဲ့  တစုံတရာ နက်နက်ရှိုင်း ရှိုင်း  ယှက်နွယ်နေတယ် ဆိုတာကို ခံစား သတိထား မိလာတယ်။

အမေရိကန် အစိုးရ ရဲ့ Pivot Strategy ဆိုတဲ့  အာရှ ပစိဖိတ်ဒေသ ကို မဏ္ဍိုင်ပြုမဲ့ နည်းဗျူဟာသစ် ဟာ ၊ ဟီလာရီ ရဲ့ အဆိုအရ ဆိုရင် ၊ နိုင်ငံခြားရေးဝန်ကြီး အဖြစ် ၊ သူ ပထမဆုံး ရွေးချယ်လိုက်တဲ့ အာရှ ခရီးစဉ်က အစပြုခဲ့တယ်လို့  ဆိုတယ်။ ဘွတ်ရှ်အစိုးရ ရဲ့  မပြီးပြတ်သေးတဲ့ အီရတ် အာဖဂန်နစ္စတန် စစ်တွေ၊  အယ်ကိုင်ဒါ အကြမ်းဖက်အန္တရယ်တွေ ကို ပိုပြီး အာရုံရောက်ဖို့ ရှိနေတဲ့  နိုင်ငံခြားရေး မူဝါဒ ဟာ ၊ မထင်မှတ်ပဲ အာရှ နဲ့  စပြီး တာထွက်ခဲ့တယ်။ ခြိမ်းခြောက်မူ တွေကို ရင်ဆိုင်ဖြေရှင်းနေရပေမဲ့ ၊ အခွင့်အလန်း တွေကိုလည်း အမိအရ ဆုပ်ကိုင်သင့်တယ် လို့ ဟီလာရီက ဆိုတယ်။ တချို့ကတော့ ၊ အာရပ်ကမ္ဘာ နဲ့ အရှေ့အလယ်ပိုင်းမှာ ကျဆင်းလာတဲ့  ဒီမိုကရေစီ အလားအလာတွေ ကြောင့် ၊ ပိုပြီး ဖြစ်နိုင်ချေရှိတဲ့ အရှေ့တောင်အာရှ ဖက်ကို အားပြု လာတာ လို့ ယူဆကြတယ်။ တကယ်တော့ တရုတ်ရဲ့ ကြီးထွားလာမူ ဟာ ၊ အဓိက အကြောင်းရင်း ဖြစ်မှာပါ ။ ဟီလာရီ ကိုယ်တိုင်ကလည်း  သူတို့ စဉ်းစားထားတဲ့ လမ်းကြောင်း နှစ်ခု ကို ၊စာအုပ်ထဲမှာ ပွင့်ပွင့်လင်းလင်း ပဲ ချပြ ထားပါတယ်။ ပထမ လမ်းကြောင်းက ၊ တရုတ်နဲ့ ဆက်ဆံရေး တိုးချဲ့ ပြီး သူတို့လိုချင်တဲ့ လမ်းကြောင်းမှန် ပေါ် ရောက်အောင် ဆွဲခေါ်မယ် ။ အဲဒီလိုမှ မဖြစ်နိုင်ရင် ၊ အမေရိကန် ရဲ့  နဂိုမူလ မဟာမိတ် တွေ ဖြစ်တဲ့ ဂျပန် ၊ တောင်ကိုရီးယား၊ ထိုင်း ၊ ဖိလစ်ပိုင် နဲ့  သြစတြေလျ တို့ နဲ့ ပိုပြီး ဆက်ဆံရေး ခိုင်မာအောင် လုပ်မယ် ၊ ဒါမှ တရုတ်ကို ထိမ်းညှိ နိုင်မယ်ပေါ့ ။ ပြီးရင်တော့ ကျွဲကူးရေပါ တခြား အရှေ့တောင်အာရှ နိုင်ငံတွေကိုပါ ပိုပြီး စည်းရုံးနိုင်မယ် လို့ တွက်ဆပုံရပါတယ်။ အဲဒါကြောင့်လည်း ၊ အရင်က ဘယ်အမေရိကန် နိုင်ငံခြားရေးဝန်ကြီးမှ အရေးတယူ မလာရောက်ခဲ့တဲ့ ၊ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ မြို့က အာဆီယမ် ရုံးချုပ်ကို ဟီလာရီ ပထမဆုံး အလည်အပတ်ရောက် ခဲ့တယ်။ အဲဒီ ခရီးစဉ်မှာပဲ အင်ဒိုနီးရှား သမ္မတ ယူဒိုယူနို က၊ မြန်မာပြည်က စစ်ဗိုလ်ချုပ်ကြီးတွေ ဟာ၊ အမေရိကန် နဲ့ ဆက်ဆံချင်နေကြောင်း ၊ ဒီမိုကရေစီလမ်းပွင့်ဖို့ ဖြစ်နိုင်ကြောင်း စကားပါး လာခဲ့တယ်။ စကားပါးလာသူ ကိုယ်တိုင်က စစ်ဝတ်စုံ ကို ၊ ချွတ်လဲ ထားတဲ့ သမ္မတ တယောက် ဖြစ်နေတာမို့ ၊  အတော် ချိန်ဆ ခဲ့ရတယ်လို့ တော့ မှတ်ချက်ပြု ထားတယ်။ တကယ်တော့  ကြိုတင် တီးခေါက်ထားတဲ့ သံတမန်လမ်းကြောင်း တွေလည်း ရှိထားခဲ့ လို့ ဖြစ်မှာပါ။


မြန်မာပြည် အခြေအနေ နဲ့ ပတ်သတ်ပြီး မချင့်မရဲ ဖြစ်နေခဲ့ ရတယ် ဆိုတဲ့ ဟီလာရီ ဟာ ၊ ပထမဆုံး အာရှ ခရီးစဉ် မစခင်၊ လ အနည်းငယ် အလိုမှာတည်းက ၊ မြန်မာပြည်အပေါ် ပိတ်ဆို့အရေးယူမူကို ဦးဆောင်ရှေ့ရွက် ပြုနေတဲ့ လွှတ်တော်အမတ်တွေ နဲ့  စပြီး ကြိုတင် ညှိုနှိုင်းနေ ခဲ့ တယ်။ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ပုဂ္ဂိုလ်ရေး လေးစားမူ အတော်များတဲ့ ၊  ပြိုင်ဘက်ပါတီက ရီပက်ဘလစ်ကန် အမတ် မစ်ခ်ျမက်ကော်နယ်က စလို့ ၊  သူ့အနေနဲ့ ဒီလောက်ကြီး သဘောအကျလှကြီး မဟုတ်ပေမဲ့ ၊ အရှေ့တောင်အာရှ ကို ဦးစားပေး လုပ်ဆောင်နေ တဲ့ ခပ်လည်လည် ဒီမိုကရက် အမတ် ဂျင်မ်ဝဘ် လို လူမျိုးအလယ်၊  ကျောက်စိမ်းဥပဒေ လို့ လူသိများတဲ့ မြန်မာ့စီးပွားရေး ပိတ်ဆို့ရေး ဥပဒေ ကို တင်သွင်းခဲ့တဲ့  ကွယ်လွန်သွားတဲ့ လွှတ်တော်အမတ် တွမ်လန်တို့စ် ရဲ့ တပည့်ရင်း  ကွန်ဂရက်အဖွဲ့ဝင် ဂျိုးခရော်လေ ဆိုသူတွေ အဆုံး ၊ မြန်မာပြည်ရေးရာ ပေါ်လစီ အသစ်အတွက် ၊ လွှတ်တော်ထဲမှာ မဟာမိတ်ရှာ လူစု နေခဲ့ပြီ။ မြန်မာအစိုးရ အပေါ်မှာ ပိတ်ဆို့မူ တခုတည်း နဲ့ ဆက်သွားနေလို့ မရတော့ဘူး ဆိုတဲ့ လမ်းကြောင်းကို ၊ စပြီး အကောင်အထည်ဖော်ဖို့ ကြိုးစားနေခဲ့ပြီ။

တကယ်တော့ ၊ သူ့မှာ  နဂိုမူလတည်းက ၊ မြန်မာပြည်နဲ့ ပတ်သတ်ပြီး သီးသန့် စိတ်ညွတ်မူ တခု ရှိနေခဲ့ ပုံ ပါ။ သူ့ ခင်ပွန်း ဘီလ်ကလင်တန် သမ္မတဖြစ်စဉ် အချိန်ကတည်းက ၊ အမေရိကန် ဒီမိုကရက် တွေ အနေနဲ့ ၊ မြန်မာပြည် ဒီမိုကရေစီ အရေးကို အတော့်ကို စိတ်ဝင်စားခဲ့ ကြတာ မဟုတ်လား ။ ၁၉ ၉ ၅ ခု ဒေါ်အောင်ဆန်းစုကြည် ဒုတိယအကြိမ် အကျယ်ချုပ်က လွတ်လာတဲ့အခါ ၊ တကယ်ပဲ ပြုပြင်ပြောင်းလဲနေပြီလား လို့  နိုင်ငံခြားရေး ၀န်ကြီး မယ်ဒလင်း အောဘရိုက် ကိုယ်တိုင် မြန်မာပြည် ကို ရောက်လာ စုံစမ်းခဲ့သေးသည်ပဲ ။ မြန်မာ့အလင်း တို့ ကြေးမုံ တို့ မှာ ကလိန်တန် တို့  ဒေါ်မယ်ဒလင် တို့ ဆိုတဲ့ အောက်ကလိအာ အစိုးရ အာဘော်ဆောင်းပါးတွေ လှိုင်လှိုင် ပါ ခဲ့တဲ့ အချိန်တချိန်ကို မှတ်မိကြအုံးမှာပါ ။ အမေရိကန် ရဲ့  အားထုပ်မူ မအောင်မြင်ခဲ့ဘူး ဆိုပါတော့ ။ ဒါတောင် ကလင်တန်က သမ္မတ ရာထူးက ဆင်းကာနီးလေးမှာ သမ္မတ ရဲ့ အမြင့်ဆုံး အရပ်သားဆု ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ကို မရ အရ  ဆုပေးသွား ခဲ့သေးတယ်။ အခု အမေရိကန် နိုင်ငံခြားရေး မူဝါဒ တွေ၊ ဟီလာရီ ကလင်တန် လက်ထဲ ရောက်လာပြန်တော့ ၊ မြန်မာပြည် နဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ၊ ရှေ့ဆုံးနားကနေ ပါခဲ့ပြန်တာ အဆန်းတော့ မဟုတ်ပေဘူး။

ပထမဆုံး အာရှ ခရီးစဉ်က ပြန်ရောက်လာလာခြင်းပဲ ၊ မြန်မာပြည်ကို အဆင့်မြင့် အရာရှိ တယောက် လွှတ်လိုက်ပေမဲ့ ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ တွေ့ခွင့် မရသလို ၊ ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း မတွေ့ခဲ့ရဘူး။ ဒီကြားထဲမှာ ဖြစ်လာတဲ့ အမေရိကန်နိုင်ငံသား  ယက်တော ရဲ့  ကိစ္စဟာ သွေးရိုးသားရိုး အရူးထခြင်းလား ၊ နိုင်ငံရေး ပယောဂ တခုခု ပါဝင်နေလေသလား ဘယ်သူမှ သေချာ မသိနိုင်ပေမဲ့ ၊ ယက်တောကို လာခေါ်တဲ့ လွှတ်တော်အမတ် ဂျင်မ်ဝဘ် တယောက် သူ့ရဲ့ ဒုတိယ အကြိမ်မြောက် ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့် ရခဲ့ပြီးနောက်မှာ လမ်းကြောင်း နည်းနည်းပွင့်လာခဲ့တယ်။  နောက်နှစ် ၂၀၁၀ နှစ်ဆန်းပိုင်း ထဲမှာပဲ ၊ အာရှ နဲ့ ပစိဖိတ်ရေးရာ ဗျူရို လက်ထောက်  ကတ့်ကမ့်ဘဲလ် ကိုယ်တိုင် နှစ်ကြိမ်တိုင်တိုင် လာရောက်ခဲ့ပြီး ၊ နေအိမ်အကျယ်ချုပ် ကျနေဆဲ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံ ဆွေးနွေးနိုင် ခဲ့တယ်။ နှစ်ကုန်ပိုင်း  နိုဝင်ဘာလ ထဲမှာတော့၊ စိတ်ကြိုက်ရေးဆွဲထားတဲ့  ဖွဲ့စည်းပုံကြီးနဲ့ တဖက်သက် ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကြီးမှာ ၊ ပြိုင်ဖက်မရှိ အနိုင်ယူ လိုက် တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေဟာ ၊ ရွေးကောက်ပွဲ ပြီးသွား လို့  အစိုးရတွေ လွှတ်တော်တွေ၊ လူခွဲပြီး အကျအန နေရာယူ ပြီး တာနဲ့ တပြိုင်နက် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်တော့တယ်။  


ဒီဆက်တိုက် ဖြစ်စဉ်တွေကို ကြည့်ရင် ၊ ဒီ နှစ်ပိုင်းလေး အတွင်းမှာ ၊ အမေရိကန်ဖက်က သံတမန်ရေးရာ အပေးအယူ နဲ့  ညှိနှိုင်းမူတွေ ၊ ဘယ်လောက်တောင် အကြိတ်အနယ် လုပ်ခဲ့ရတယ် ဆိုတာကို ခန့်မှန်းကြည့်လို့ ရသလို မြန်မာအစိုးရ ဖက်ကလည်း အားလုံးကို အချိန်ကိုက် မဖြစ်ဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့တာပဲ ။ အဲဒီမှာ ဘာထပ်တွေ့ရလည်း ဆိုတော့ ၊ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ရှိနေတုန်း အဆက်အသွယ် ပြတ်တောက်ခဲ့ပုံ ရတဲ့  အဖွဲ့ချုပ်ရဲ့  ၂၀၁၀ ရွေးကောက်ပွဲ သမိတ်မှောက် ရေး မူ ဟာ၊   အမေရိကန်က  ဒေါ်အောင်ဆန်းစုကြည် အတွက် ဆောင်ရွက် ပံ့ပိုးနေမူတွေ နဲ့ ၊ အချိတ်အဆက် လွဲချော်ခဲ့ဟန် ရှိတာကြောင့် ၊ ပြည်သူတွေ မှာ ၊ အံ့အားသင့်စရာ နိုင်ငံရေး အလှည့်အပြောင်းတခု ကို ကြုံတွေ့ လက်ခံ လိုက်ရတာပဲ ။ အဲဒါကတော့ ကြားဖြတ်ရွေးကောက်ပွဲကို ရတဲ့ အနေအထား နဲ့ ဒေါ်အောင်ဆန်းစုကြည် ၀င်ဖို့ ဆုံးဖြတ်ခဲ့ ခြင်းပဲ ။ ဒါကို နိုင်ငံရေးထောင်ချောက် လို့ တချို့က သံသယကြီး ကြပေမဲ့ ၊ ဒေါ်အောင်ဆန်းစုကြည် ကတော့ ၊ နောက်တခါ ထပ်ပေါ်လာနိုင်ဖို့ မလွယ်တဲ့ နိုင်ငံရေး အခွင့်အလန်းတခု မို့ ၊ ရဲရဲ ကြီး တိုးဝင် ခဲ့ ဟန် တူပါတယ်။ ဟီလာရီ ကလည်း မိုးရွာတုန်း ရေခံ သင့်တယ်ဆိုပြီး မြန်မာစကားပုံ နဲ့ ကို အတိအကျ ကိုးကားခဲ့တယ်။ ဒါပေမဲ့ ၊ ဟီလာရီ ရော ဒေါ်အောင်ဆန်းစုကြည် ပါ ၊ တဖက်မှာ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့  အရူးလုပ်ခံရဖွယ်  ရှိနိုင်တယ် ဆိုတဲ့ စွန့်စားမူ ကို မျက်စိ ရှင်ရှင် ထား ခဲ့ ကြတာကတော့ ၊ အားတက်စရာပါ။


ဒေါ်အောင်ဆန်းစုကြည် နဲ့ တယ်လီဖုန်း ငါးကြိမ်တိုင်တိုင် ပြောခဲ့တယ်ဆိုတဲ့ ဟီလာရီ ဟာ ဒေါ်စု လွတ်ပြီးပြီးချင်း နှစ်လအကြာမှာ ပထမဆုံး အကြိမ် တယ်လီဖုန်း ခေါ်ခဲ့တယ်။ ဒေါ်စုက ကျေးဇူးတင်ကြောင်း ပြောရင်း နဲ့ ပေါ့ပေါ့ပါးပါး သူ့သမီးရဲ့ မင်္ဂလာဆောင် သတင်းကို မေးခဲ့သလို  ဟီလာရီ ကလည်း ကမ္ဘာတလွှားက တခြား ဒီမိုကရေစီ ရုန်းကန်လှုပ်ရှားမူတွေရဲ့  နမူနာယူစရာ တွေကို ဆွေးနွေးဝေမျှ ချင်တဲ့အကြောင်း ၊ တယောက်တလှည့်စီ အလည်လာကြဖို့  လို့ ချိန်းချက်ခဲ့ကြ တယ်။  အဲ့ဒီလို နဲ့ ဟီလာရီ တယောက် မြန်မာပြည်ကို ကိုယ်တိုင်သွားဖို့ လမ်းစ ရှာတော့တယ်။

၂၀၁၁ နိုဝင်ဘာ လဆန်းမှာ ၊  အမေရိကန် ရဲ့ ဘယ်သမ္မတ မှ မတက်ရောက်ဖူးသေး တဲ့ အင်ဒိုနီးရှားနိုင်ငံ ဘာလီ မှာ လုပ်တဲ့ APEC အစည်းအဝေးကို ဟီလာရီ နဲ့ အတူ အိုဘားမား ကိုယ်တိုင် ပထမဆုံး အကြိမ် တက်ရောက် လာခဲ့ တယ်။ အင်ဒိုနီးရှားကို ဦးတည် ပြန်သန်းလာတဲ့ Air Force One လေယဉ်ကြီးပေါ်မှာပဲ ၊ ဟီလာရီ က ၊ အတူပါလာတဲ့ ကတ့်ကမ်ဘဲလ် ကို ဖုန်းချိတ်ခိုင်းပြီး ၊  မြန်မာပြည် ဖြေလျှော့ ဆက်ဆံ ရေး - ပေါ်လစီသစ် ကို ဆုံးဖြတ် အတည်ပြုပေးမဲ့  အမေရိက နိုင်ငံရဲ့ အရေးကြီးဆုံး ပုဂ္ဂိုလ်ကြီး နဲ့ ၊ ဒီပေါ်လစီ ကို ထောက်ခံ အတည်ပြုပေးဖို့ လိုအပ်နေတဲ့ မြန်မာပြည်က တဦးတည်းသော အမျိုးသမီးကြီး တို့ ကို ၊ ပထမဆုံး အကြိမ် စကားပြောစေ ခဲ့တော့တယ်။ နောက်တနေ့  ဘာလီ အစည်းအဝေး မှာပဲ ၊ သမ္မတ အိုဘားမား က မြန်မာပြည်မှာ တိုးတက်မူ အလင်းရောင်ကလေးတွေကို  မြင်နေရပါပြီ ဆိုတဲ့ flickers of progress မှတ်ချက် စကား ကို ဆိုတော့တယ် ။ သူ့ဘေးမှာ ရပ်နေတဲ့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကိုလည်း မြန်မာနိုင်ငံကို လွှတ်ပြီး စုံစမ်းကြည့်ရှု ဖို့  တာဝန်ပေးလိုက်တယ် လို့ တခါတည်း ကြေညာ ခဲ့တယ် ။ ဘာလီက အပြန် ၊ ဂျပန်မှာ ဆီဝင်ထဲ့ ရင်း ၊ ဂျပန်က သံဝန်ထမ်း တွေက ထဲ့ပေးလိုက်တဲ့ ၊ ဒေါ်အောင်ဆန်းစုကြည်  အကြောင်း ရိုက်ကူးထားတဲ့ The Lady ရုပ်ရှင်ကို  သူတို့ တဖွဲ့လုံး လေယဉ်ပေါ်မှာ ကြည့်ကြရင်း ၊ ဟီလာရီ တယောက် သမ္မတကြီး မြင်လိုက်တဲ့ အလင်းရောင် မီးတောက်ကလေး တွေကို ၊ အားကောင်းလာအောင် ဘယ်လို ယပ်ခတ် မီးထိုး ပေးရမလဲ လို့  တွေးရင်း ၊ ၀ါရှင်တန် ပြန်မရောက်ခင် မှာပဲ ၊ နောက်ခရီးစဉ် အတွက် ပြင်ဆင် စိတ်လှုပ်ရှားနေခဲ့ ပြီ။

တကယ်လည်း ၊ လ တောင် မကူးသေးတဲ့  နိုဝင်ဘာ နေက်ဆုံးရက်ထဲ မှာပဲ ၊ ဟီလာရီ တယောက် နေပြည်တော်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့တော့တယ်။  ကြီးကျယ်ခမ်းနား လှတဲ့ နေပြည်တော် ရဲ့ မြင်ကွင်း တွေ ၊ စစ်ဗိုလ်ချုပ်ကြီးတွေ နဲ့ တွေ့ဆုံခဲ့တဲ့ အတွေ့အကြုံတွေကို ၊ စာအုပ်ထဲ မှာ ခပ်သာသာ ခပ်သောသော လေးသာ မှတ်ချက်ပြုထားပေမဲ့ ၊ ယိုယွင်း အကျည်းတန်နေတဲ့ အဆောက်အဦကြီးတွေ အောက်က   ခက်ခဲရုန်းကန် နေကြတဲ့ ရန်ကုန်မြို့ ရဲ့  လူမူမြင်ကွင်းတွေကို တော့ ၊ လေးလေးနက်နက် ခံစား နားလည် နေခဲ့ပုံ ။ ရှုခင်းတွေ စုံလင် လှ တဲ့ မြန်မာပြည်ကြီးကို ၊ သူ့မိသားစု နဲ့ အတူ ၊ ဧရာဝတီမြစ် အတိုင်း ဆန်တက်လို့  မန္တလေးထိ အရောက် နောက်တခေါက် ထပ်လာလည်ဖို့ ကိုတောင် ၊ ဆန္ဒတွေ ပြင်းပြနေခဲ့တယ် လို့ ဆိုတယ်။

နောက်ဆုံးမှာတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ လူကိုယ်တိုင် မျက်နှာချင်းဆိုင် တွေ့ ရပါ လေပြီ။ အမေရိကန် သံအမတ်ရဲ့ နေအိမ်မှာ လုပ်တဲ့ ညစာစားပွဲ မှာ ၊ နှစ်ယောက်သား မထင်မှတ်ပဲ ၊
အကျီ င်္ အဖြူရောင် ဆင်တူ ၀တ်လာမိကြတဲ့ တိုက်ဆိုင်မူ အတွက် အံ့သြ၀မ်းသာနေကြ တဲ့ အမျိုးသမီးကြီး နှစ်ယောက်ဟာ ၊ စတွေ့လိုက်တာ နဲ့ ၊ ငယ်ပေါင်းကြီးဖော် မိတ်ရင်း ဆွေရင်းတွေလို  ခံစားကြရတယ် ဆိုတာဟာ ၊ ဓါတ်ပုံတွေ ထဲမှာကို အတိုင်းသား မြင်နိုင်ပါတယ်။  လက်ဆောင်တွေ တယောက်တလှည့် ပေးကြပြီးတဲ့ နောက်မှာတော့ ဟီလာရီ က သူ နေပြည်တော်မှာ တွေ့ခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီး နှစ်ယောက် အပေါ် အမြင်တွေကို ပြောပြ သလို ၊ ဒေါ်စု ကလည်း ၂၀၁၂ မှာ လုပ်မဲ့ ကြားဖြတ် ရွေးကောက်ပွဲ ကို ၊ သူတို့ ပါတီ ၀င်ဖို့  ဆုံးဖြတ်လိုက်တဲ့ အကြောင်း ၊ သူ ကိုယ်တိုင် လွှတ်တော်အမတ် လုပ်ဖို့ လည်း ရည်ရွယ်ထားကြောင်း ပြောရင်း ၊ ပြည်သူ့ ကိုယ်စားလှယ် တယောက် ဖြစ်လာဖို့ လိုအပ်တဲ ပြင်ဆင်မူတွေအတွက် မေးခွန်းတွေ အများကြီး မေးခဲ့တယ် လို့ ဆိုတယ်။


ဒီပုံမှာ ဟီလာရီ ဆွဲထားတဲ့ ငွေဆွဲကြိုးလေးဟာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ လက်ဆောင်ဖြစ်တယ်လို့  ယူဆရတယ်။  ၊သူက ဒေါ်စု ဖတ်ဖို့ စာအုပ်တချို့ နဲ့ ခွေးကလေးဆော့စရာ တခု ပေးခဲ့ပြီး ၊ ဒေါ်စု ကတော့ သူကိုယ်တိုင် ဒီဇိုင်းထုတ်ထားတဲ့ ငွေဆွဲကြိုးတကုံး ပေးခဲ့တယ် လို့ ရေးထားတယ်


နောက်တနေ့ မှာ  ဒေါ်အောင်ဆန်းစုကြည် ရဲ့ နေအိမ်မှာ ထပ်တွေ့ ကြပြန်တယ်။ ဒေါ်အောင်ဆန်းစုကြည် က ၊ မြန်မာအစိုးရ က စဉ်းစားနေတဲ့ ပြုပြင်ပြောင်းလဲမူတွေ အတွက် ၊ အမေရိကန် ဖက်ကရော ဘယ်လို တုန့်ပြန် မှာလဲ ဆိုတာကို သိချင်နေခဲ့ တယ် လို့ ဆိုတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ က ၊ မတိုင်ခင် ကတည်းက  ပိတ်ဆို့ မူတွေကို အစောတလျင် မဖယ်ရှားလိုက်ဖို့ ဆိုတဲ့ သတိပေးမူတွေ ရှိ ခဲ့တယ်။  ဟီလာရီ ကလည်း  အကုန်လုံးကို တပြိုင်နက်တည်း ဖွင့်ပေးလိုက်တာမဟုတ်ပဲ ၊ တိုးတက်မူ တခုဆီတိုင်းအတွက် အပေးအယူ ပုံစံ နဲ့သာ သွားပါ့မယ်လို့  ဒေါ်အောင်ဆန်းစုကြည်ကို စိတ်ချစေခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ၊ ဒီခရီးစဉ် အားဖြင့် ၊  ဟီလာရီ မျှော်လင့်ထားတဲ့ အတိုင်းပဲ၊  ပြုပြင်ရေးသမား ဆိုသူကြီးတွေ အတွက်တော့ ၊ နိုင်ငံတကာ ရဲ့ ယုံကြည်မူ ကို ရယူ တည်ဆောက်ဖို့ လမ်းစ ပွင့်သွားခဲ့ လေပြီ။ ဒေါ်အောင်ဆန်းစုကြည် နဲ့ အတိုက်အခံ တွေ အတွက်ရော ၊ လူးသာ လွန့်သာ ဘယ်လောက် ရှိလာခဲ့သလဲ ။

သူတို့ နှစ်ယောက် ပထမဆုံး ဖုန်းပြောစဉ် က ချိန်းချက်ခဲ့ ကြတဲ့ အတိုင်းပါပဲ ။ ၂၀၁၂ စက်တင်ဘာ လ ထဲမှာ ဒေါ်အောင်ဆန်းစုကြည်တယောက် ၀ါရှင်တန်က ဟီလာရီ ရဲ့ အိမ်ကို တလှည့် အလည်ရောက်လာ ခဲ့တယ်။ ဟီလာရီ ရဲ့ အိမ်က ထမင်းစားခန်း အပြင်က နေရာလေးမှာ နှစ်ယောက်တည်း သီးသန့် စကားပြောရင်း ၊ မလွတ်သေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ၊ ပိုပြီးဆိုးဝါးသလိုတောင် ဖြစ်နေတဲ့ တိုင်းရင်းသား ပဋိပက္ခတွေ နဲ့ ၊ အလုအယက် ၀င်လာကြတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံ မူတွေကြောင့် ပိုသိသာလာတဲ့  လဘ်ပေးလဘ်ယူ မူတွေ အကြောင်း ပြောတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ဟာ စိုးရိမ်နေဟန် ရှိတယ်လို့  ဆိုတယ်။ ပြုပြင်ပြောင်းလဲရေး အတွက် အတူလုပ်ဆောင်ဖို့ ယုံကြည်ထားခဲ့တဲ့ သမ္မတ ဦးသိန်းစိန် ရဲ့ အပြောင်းအလဲ  အတွက် လည်း ၊ ပူပင်နေပုံ ပေါ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကို၊ အံကြိတ်ပြီး တော့သာ ရှေ့ကို ဆက်သွားဖို့ ၊ ပေးစရာရှိတဲ့ ဖိအားကို ဆက် ပေး ပြီး ၊ ထိမ်းစရာရှိတဲ့ ဆက်ဆံရေးကို ဆက်ထိမ်းဖို့ သာ၊ ဟီလာရီက အကြံညဏ် ပေးခဲ့ တယ် ။  အမေရိကကို မရှေးမနှောင်း ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန် ရဲ့ အမည်ကို တောင် ၊  နောက်တနေ့  ပြောမဲ့ ဆုယူ မိန့် ခွန်းမှာ ထဲ့ပြောဖို့  ၊ သူ က အကြံ ထပ်ပေးလိုက် သေးတယ်။

ဒေါ်စု အမေရိကန် ခရီးစဉ်က ပြန်လာပြီး သိပ်မကြာပါဘူး။ နိုဝင်ဘာ လ ထဲမှာပဲ ၊ သမ္မတ အိုဘားမား ကိုယ်တိုင် မြန်မာပြည် ကို ရောက်လာခဲ့ ပြီး ၊ တဖြည်းဖြည်း မြင့်တက်လာတဲ့ အမေရိကန် - မြန်မာ ဆက်ဆံရေးဟာ  အမြင့်ဆုံးရေချိန် ကို ရောက်ခဲ့ တော့တယ်။

၂၀၁၄ ရဲ့ နှစ်လည်ပိုင်းမှာ ထွက်လာတဲ့ ဟီလာရီ ရဲ့ စာအုပ်ထဲက သူ့ အတွေ့ အကြုံ သူ့ သုံးသပ်ချက်တွေ ကို ဖတ်ကြည့်ရင်း ၊ ဒီ အချိန်ကာလတွေ အတွင်းမှာ ဟီလာရီ မျှော်မှန်းခဲ့ သလောက် မြန်မာပြည် ဘယ်လောက်ထိ ရှေ့ ကို ရောက်လာသလဲ . . . အိုဘားမား သတိချပ်ခဲ့ တဲ့  တိုးတက်မူ မီးရောင်လေးတွေကရော  ဘယ်လောက်ထိ ကျယ်ပြန့်  လင်းချင်း လာသလဲ  ဆိုတာကို ၊ အားလုံး ကိုယ် ထင်မြင် တွေ့ကြုံရသလို သုံးသပ် ကြည့် နိုင်ပါတယ်။

ဒီ ပြောင်းလဲမူတွေကို ဦးဆောင် ရှေ့ ရွက် ပြုခဲ့တဲ့ ဟီလာရီ ကိုယ်တိုင်မှာ တော့ ၊ သမ္မတကြီး ဦးသိန်းစိန် တယောက် သူ့ အလုပ်တွေကို ပြီးပြတ်အောင်မှ  ဆက်လုပ်သွား နိုင်ပါ့မလား . . . ဒေါ်စု တယောက်ကများ ယုံကြည်စရာ လျော့ပါးလာတဲ့ ပူးပေါင်း ဆောင်ရွက်မူ တွေထဲကနေ ၊ ဗြုန်းဆို နှုတ်ထွက်လိုက်မလား ဆိုတဲ့ ၊ စိုးရိမ်မူ အသစ် တွေ ရှိလာ ခဲ့တယ်။ ဒါပေမဲ့ ၊ သူကိုယ်တိုင် တွေ့ဆုံ စကားပြောခဲ့ဖူးတဲ့ ၊ ဦးသိန်းစိန် - ဦးရွှေမန်း- ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့  ၂၀၁၅ မှာ သမ္မတ ဖြစ်လာနိုင်မဲ့ ၊ ပုဂ္ဂိုလ်ကြီး သုံးယောက် ရဲ့ နိုင်ငံရေး အားစမ်းမူ နဲ့ နောက်ကွယ်က  ကစားကွက် အလှည့်အပြောင်းတွေကို လည်း  ၊ ဒါဟာ တကယ့် ဒီမိုကရေစီ ပါပဲ လို့ ၊ တိတ်တိတ်ကလေး အားရ နေဟန် လည်း ရေးသားထားတယ်။ ဘာပဲပြောပြော  အစောပိုင်း ကာလက မြင်ခဲ့ရတဲ့ အလင်းရောင်လေးတွေ နဲ့၊ မရေရာ ခဲ့တဲ့ မျှော်လင့်ချက် တွေ ဟာ ၊ သူ - နိုင်ငံခြားရေးဝန်ကြီး အဖြစ် တာဝန်ယူခဲ့တဲ့ သက်တမ်း လေးနှစ် အတွင်းက ၊ အမှတ်ရစရာတွေ ထဲ မှာတော့ ၊ အမြင့်ဆုံး အမှတ် တွေ ဖြစ်နေဆဲပဲ လို့ ဆိုတယ်။ အားလုံးက ထင်မြင် မျှော်လင့်နေကြသလို နောက်လာမဲ့ ၂၀၁၆ အမေရိကန် ရွေးကောက်ပွဲ မှာ ၊ သမ္မတ အဖြစ် ထပ်မံ ယှဉ်ပြိုင် အရွေးခံ ဖို့ ဆိုတာကိုတော့၊  နောက်ထပ် ခက်ခဲတဲ့ ရွေးချယ်မူ တခု မို့ ၊ မဆုံးဖြတ်ရသေးဘူး လို့ ၊  ဆိုထားပေမဲ့ ၊ နှလုံးသား နဲ့ နိုင်ငံရေး လုပ်ခဲ့တဲ့ အမျိုးသမီးကြီး ရဲ့  ၊ နိုင်ငံရေး နှလုံးသားကိုတော့ ဒီစာအုပ်ထဲမှာ အတိုင်းသား မြင်နေခဲ့ရတယ်။

ဟီလာရီ ပြောသလိုဆို - နိုင်ငံရေး တာဝန် တွေ ဆိုတာ လက်ဆင့်ကမ်း ပြိုင်ပွဲ လိုပဲ ၊ ရှေ့က မပြီးပြတ်ခဲ့တဲ့ တာဝန်တွေကို ဆက်ထမ်းဆောင် ၊ အရင်က မအောင်မြင်ခဲ့တဲ့ လမ်းကြောင်းတွေကို ပြောင်းလဲ ရတာ ဆိုရင်တော့ ၊ နောက် အသစ် တက်လာတဲ့ နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီ က ၊ အခု ဘာတွေ ဆက် လုပ်နေလေသလဲ ။ ပြီးခဲ့တဲ့ လ ကမှ ၊ မြန်မာပြည်ကို လာသွားတဲ့ ဂျွန်ကယ်ရီ ရဲ့ ခရီးစဉ်က တော့ ၊ သူ့ရှေ့က လူတွေလို ၊ မြန်မာပြည်သူတွေ ကြားထဲ စိတ်ဝင်စားမူ မရှိလှဘူး လို့ ပြောကြ တယ်။ ဂျွန်ကယ်ရီ ကိုယ်တိုင်ကလည်း ဒေါ်အောင်ဆန်းစုကြည် ကိုတောင်  အလေးအနက် မထားသလို အခြေအနေတွေ ဖြစ်ခဲ့တယ် ဆိုတဲ့ ဖော်ပြ ရေးသားချက်တွေ ကို လဲ ဖတ်မိတယ်။

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး - မဖြစ်ရေး ဆိုတဲ့ ကိစ္စ ဟာ ၊ အမေရိကန် နိုင်ငံခြားရေး မူဝါဒ ထဲမှာ ၊ သိပ်အရေးပါလှတဲ့ အကြောင်း မဟုတ်လောက်ပါဘူး။ ဒါပေမဲ့ အမေရိကန် ရဲ့  မြန်မာပြည်အပေါ် ဆက်ဆံရေး မူဝါဒသစ် ဟာ ၊ တရုတ်ရဲ့ ခြေကုပ်ယူမူ ကို တားဆီးဖို့ နဲ့၊  ဒေသတွင်း သြဇာ ထူထောင်ဖို့  သက်သက်ပဲ ဖြစ်လာမယ် ဆိုရင်တော့ ၊ အမျိုးသမီးကြီး နှစ်ယောက် ရဲ့  ခင်မင်လေးစားမူတွေ နဲ့ စခဲု့ ပြီး ၊ အဖြူရောင် တိုက်ဆိုင်မူ နဲ့  လေးနက် ခဲ့တဲ့ ၊ နွေးထွေးပွင့်လင်းတဲ့ ရီမောသံ တွေနဲ့  ဖွဲ့နှောင်ပြီးသား ၊ မြန်မာ့ ဒီမိုကရေစီ ခရီး အစ ကောင်းဟာ၊ အနှောင်း မသေချာ နိုင်ပါဘူး။ 

တကယ်လို့သာ ၊ အားလုံးရဲ့ နှလုံးသား ဆန္ဒ တွေ အတိုင်း ၊ လာမဲ့ နှစ်တွေထဲမှာ  မြန်မာပြည်ရဲ့  သမ္မတ ဟာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်လာပြီး ၊ အမေရိကန် ရဲ့ သမ္မတ ဟာလည်း ၊ ဟီလာရီ ကလင်တန် ဖြစ်လာခဲ့မယ် ဆိုရင်တော့ . . . နှလုံးသား နဲ့ လုပ်တဲ့ နိုင်ငံရေး တွေဟာ ၊ စစ်ခရာသံ တွေ ပြန်လည် ဆူညံ လာတဲ့ ကမ္ဘာကြီးထဲမှာ မျှော်လင့်စရာ လူ့သမိုင်းတခု ဖြစ်လာဦးမှာပါ။


ကေသွယ်
သြဂုတ် ၃၁ ၊၂၀၁၄

Ref: Hillary Rodham Clinton (2014). Hard Choice.

Weekly Eleven. No-47, Vol-9, Sep 08 2014.


◦
Share/Bookmark

စတစ်ဂလဇ် နှင့် လက်ငါးချောင်း



“လက် ငါးချောင်း ပင် အတိုအရှည် မညီဘူး ” ဆိုတဲ့ တရားတော်တွေ နဲ့ ၊ လူ့လောက သဘာဝ ရဲ့ မညီ
မျှမူတွေကို ကျမတို့ ယဉ်ပါးခဲ့ကြသည်။ ဆင်းရဲ ချို့တဲ့သူတွေကို အလွယ်တကူ ကြင်နာ သနား ခဲ့ကြသည်။ ဒါပေမဲ့ ၊ အဲဒီ မညီမျှမူတွေ ဆင်းရဲမွဲတေမူ တွေ ဟာ ၊ အတိတ်ဘ၀ က ပြုခဲ့တဲ့ ကုသိုလ်ကံ ကြောင့် လား ၊ တန်ခိုးရှင် တပါးပါး ရဲ့  မျက်နှာလွှဲမူ ကြောင့်လား ဆိုတာတွေ ရဲ့ အပြင် ၊ တခြား အကြောင်းရင်းခံ ဇစ်မြစ် တွေကို ၊ ကျမတို့  လုံလောက်အောင် စေ့ငု မိကြရဲ့လား….။


နိုဘယ်လ် ဆုရှင် စီးပွားရေးပညာရှင်ကြီး စတစ်ဂလဇ် ကတော့ ၊ လောကမှာ ဖြစ်နေတဲ့ မညီမျှမူ တွေ အတွက် ၊ လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ အကြောင်းရင်းခံ ဟာ၊ အခွင့်အာဏာ ပဲ ဖြစ်တယ်လို့  ငြင်းချက်ထုတ်သည်။ အခွင့်အာဏာ ဆိုတာ မှာမှ ၊ တခါတရံ မှာ  စစ်ရေးအာဏာ ဖြစ်နေတတ်ပြီး ၊ စစ်နိုင်သူက စစ်ရှုံးသူ ဆီက သိမ်းပိုက် ခွင့် ရ လိုက်တဲ့ ၊ မညီမျှမူမျိုး တွေ သာ ဖြစ်သည် လို့ ၊ သူ့ရဲ့  နောက်ဆုံးထုတ် The Price of Inequalities စာအုပ်ထဲမှာ အသေအချာ ထောက်ပြ ပြောဆို ထားသည်။


ဒီစာအုပ်ကလေးကို ဖတ်ဖြစ်ခဲ့တာလည်း၊ တကယ်တော့ ကျမ အတွက် ၊ ဘာမှ ရေးကြီးခွင်ကျယ် သိဖို့ရယ်မဟုတ်။  အမှန်အတိုင်းပြောရရင် ၊ ဈေးကွက် စီးပွားရေးစနစ် ရဲ့ ဟာကွက် တွေကို ထောက်ပြ စစ်ကြော ထားတဲ့၊ ကမ္ဘာကျော် အရောင်းရဆုံး စာအုပ်တအုပ် မှန်းတောင် မသိခဲ့ ။ မြန်မာအစိုးရ က  ဖိတ်ကြား အကြံညဏ် တောင်းခံ ခဲ့တယ် ဆိုတဲ့ ကိုလံဘီယာ တက္ကသိုလ်က စီးပွားရေး သိပ္ဗံ ပညာရှင် နိဘယ်ဆုရှင် တယောက်ရဲ့  စာအုပ် ဆိုလို့ သာ ၊ kindle version စာအုပ်ကလေးတွေ စမ်းဝယ်ကြည့်ရင်း ၊ ဖတ်မိသွားခြင်း ဖြစ်သည်။ တကယ့် တကယ် ဖတ်ကြည့်တော့၊ ကမ္ဘာ့ဘဏ်ရဲ့  ဒု ဥက္ကဌ လည်း ဖြစ်ခဲ့သူ ၊ အမေရိကန်သမ္မတ ကလင်တန် ရဲ့ အကြံပေး လည်း ဖြစ်ခဲ့သူ ပညာရှင်ကြီး ရဲ့  ဝေဖန်ထားချက်တွေက ၊ အံ့အားသင့်စရာကောင်းအောင် ဟောဟောဒိုင်းဒိုင်း  ရှိလွန်းလှသလို  ၊ ဒိုးဒိုးဒေါက်ဒေါက် နဲ့ အားရှိစရာ လည်း ကောင်းလှသည်။ အားရှိ ရသည်က ၊ ၉၉  ရာနှုန်း သော ၊ ဆင်းရဲသားတွေ  နဲ့ သာမန်လူတန်းစား တွေရဲ့ ဖက်က စဉ်းစား ရေးသားထားသည် မို့ ။


စီးပွားရေး နယ်ပယ်ထဲမှာ သီအိုရီတွေ ထုတ်လိုက် ၊ အကြံတွေပေးလိုက် လုပ်တတ် တဲ့  ပညာရှင်တွေကို ၊ လုပ်ငန်းရှင်ကြီး တွေက  (terrorists) အကြမ်းဖက်သမား တွေ လို့  သရော်တော်တော် လုပ် တတ် ကြသလို ပဲ . . . ဘာမှန်းမသိ ၊ ညာမှန်းမသိ ဈေးကွက်သာ အမိ ဈေးကွက်သာ အဖ လုပ်နေတဲ့ ၊  လူတွေကိုလည်း  စတစ်ဂလဇ် က (market fundamentalists) ဈေးကွက်အခြေခံ ၀ါဒီ အစွန်းရောက်  တွေ လို့ ၊  ၊ နာမယ်ပြောင် ပေး လေသည်။  ဒါပေမဲ့ ၊ သူက ဈေးကွက် ယှဉ်ပြိုင်မူ ရဲ့ ၊ ရလာဒ်ကောင်း တွေကို ၊ မယုံကြည်ခြင်း တော့ မဟုတ်။ အဲဒီ ဈေးကွက် ဆိုတာကြီးကို ၊ နောက်ကွယ်ကနေ လိုသလို ချုပ်ကိုင် ကစားလို့ ရနေတဲ့  အစိုးရပေါ်လစီ တွေကိုသာ သံသယ ကြီး ခြင်းဖြစ်သည်။  တကယ်တော့ သူက ၊ ဆိုရှယ်လစ် စနစ် နဲ့  ဈေးကွက်စီးပွားရေး စနစ် ရဲ့ ကြားမှာ ရှိတဲ့ ၊ “တတိယ လမ်း” ဆိုတဲ့ ၊ လမ်းအသစ် တခု ကို ၊ လှုံ့ဆော် ရေးသားနေသူ ။  အဲဒါကြောင့်ပဲ ၊ ၂၆ နှစ်ကြာ အောင် ၊ ဆိုရှယ်လစ် အရေ ကို ခြုံခဲ့ဖူး သလို ၊ လက်ရှိမှာလည်း လွတ်လပ်တဲ့ ဈေးကွက်  ဆိုတဲ့ တောကြီးမြက်မဲ ထဲကို  မ၀င်ရဲ ၀င်ရဲ ဖြစ်နေရှာတဲ့ ၊ မြန်မာ စစ်အစိုးရ ဟာ ၊ စတစ်ဂလဇ် ကို  ခြေကြွခ တွေ ဈေးကြီးပေးပြီး ၊ နှစ်ကြိမ် တိတိ အကြံညဏ်တောင်းခဲ့ ခြင်း ဖြစ်ပေမည်။ ဒါမှမဟုတ် “တတိယလမ်း” အကြောင်း ပြောနေတဲ့သူကို ၊ မြန်မာပြည်က “တတိယ အုပ်စု” ဆိုတဲ့ လူတစု ကများ ၊ အစိုးရ နဲ့ ချိတ်ဆက် ပေးကြည့်လေသလား တော့ မသိ။


ဒါပေမဲ့ ၊ ပညာရှင်ကြီး ပြောတဲ့ တတိယလမ်း ထဲ မှာလည်း ၊ မြန်မာစစ်အစိုးရ မကြားလို တဲ့  ၊ စကားတွေ ပါနေ ပုံပင် ။  အင်တာဗျူးတခုမှာ ဖတ်လိုက်ရသည်က ၊ ၂၀၀၉  ခုနှစ်မှာတုန်းက ဆွေးနွေးပွဲ ဟာ ၊ မအောင်မြင်ခဲ့ဘူး လို့ ဆိုသည်။ မြန်မာ စစ်အစိုးရ က ၊ စတစ်ဂလဇ် ပြောတဲ့ Poverty ဆိုတဲ့ စကားလုံးကို  နားဝင်ခါးခဲ့ သည်တဲ့ ။ အမေရိကန် သမ္မတ အိုဘားမား လာပြီးစ ၊ ၂၀၁၂ ဖေဖော်ဝါရီ လထဲမှာ ၊ နောက်တခေါက် ထပ် ဖိတ်ကြား ခံရသည်။ ဒီတခါတော့ ဆင်းရဲမွဲတေမူ ဆိုတဲ့ စကားရပ်ကို အစိုးရက လက်ခံ လာပြီ  အများကြီး တိုးတက်လာပြီ ဟု  ခပ်ဖွဖွ မှတ်ချက်ချ ထားလေသည်။


ပညာရပ်ဆိုင်ရာ နယ်ပယ်က အများအပြား တက်ရောက်ကြတဲ့ နေပြည်တော် ဆွေးနွေးတွေ့ဆုံပွဲကြီး မှာ၊ စတစ်ဂလဇ် ပြောသွားတဲ့ စာတမ်းခေါင်းစဉ်က  “ အားလုံးပါဝင်ပြီး ရေရှည် တည်တံ့ နိုင် မဲ့  ၊ ဖွံ့ဖြိုး တိုးတက်ရေး နည်းဗျူဟာများ ” ဟူ၏ ။  သူ့ စာအုပ် မှာ ဖတ်ရသလောက် အရ ဆိုရင်တော့ ၊ ဖွံ့ ဖြိုး တိုးတက်မူ တခု ရေရှည် တည်တံ့ ဖို့  အတွက်၊ လူသားအရင်းအမြစ်တွေ ကို ပြုပြင် ပေါင်းသင် မြေသြဇာ ကျွေးရမယ်… ဆင်းရဲသားတွေ အများစု ဖြစ်နေတဲ့ လူမူစီးပွား မညီမျှ မူတွေကို  တွန်းဖို့ မြေညှိ ပေးရမယ် ဆိုတာတွေ ပြောခဲ့မည် လို့သာ ယူဆမိသည်။ လတ်တလော စစ်အစိုးရ ဦးစားပေး ဆောင်ရွက်နေတဲ့ ၊ မော်တော်ကားတွေ တင်သွင်းတာမျိုး ။ ခေတ်မီ ဈေးကြီးတွေ ဟိုတယ် ကြီးတွေ အပြိုင်းအရိုင်း ပေး ဆောက် နေ တဲ့ ၊ တိုးတက်မူမျိုး  တွေကို တော့ အကြံပေးခဲ့ မည် မဟုတ်လောက်ပေ။


သူ့ စာအုပ်က အမေရိက ရဲ့  လူမူ စီးပွား မညီမျှမူတွေကို အခြေခံ ထားခြင်းဖြစ်ပေမဲ့ ၊ လုပ်အား နဲ့ အရင်းကို တည်မှီနေတဲ့ နိုင်ငံတွေ အားလုံး အတွက်လည်း အကျုံးဝင်နေလေသည်။  ဒီစာအုပ်ရဲ့  အဓိက အနှစ်ချုပ် ကတော့ ၊ မညီမျှမူတွေ ဖြစ်နေခြင်းအတွက် အကြောင်းရင်းခံ တွေ၊ အမြောက်အမြား ရှိနိုင်ပေမဲ့ ၊ အစိုးရ ရဲ့  အခန်းကဏ္ဍ ကို  မေ့မထားဖို့  ဆိုတဲ့ အချက်ပင် ။ အဲဒီ အစိုးရ ပေါ်လစီ တွေ ထဲမှာမှ စီးပွားရေး ရဲ့ ပင်မ ဒေါက်တိုင်ကြီးတွေဖြစ်တဲ့  အခွန်အခ တွေ ၊ ဘဏ်တွေ ၊ ငွေကြေးဆိုင်ရာ မူဝါဒတွေ က စလို့ ၊ အခြေခံ အလုပ်သမားတွေရဲ့ လုပ်ခလစာ ပြသာနာ တွေ အထိ ၊  ကျယ်ကျယ်ပြန့် ပြန့်  ခေါင်းစဉ်တွေ ခွဲပြီး ပြောသွားသည်။ ခက်တာက စာတအုပ်လုံးမှာ သူ ထပ်ကာ ထပ်ကာ လက်ညှိုးထိုး ပြ သွားတဲ့  rent seeking  ဆိုတဲ့ အခေါ်အဝေါ် ကို မြန်မာမူပြုဖို့  ရုတ်တရက်တော့ ကျမ စဉ်းစားလို့ မရ ။ ဒါနဲ့  မိတ်ဆွေ စီးပွားရေး ဘာသာရပ် ကျွမ်းကျင်သူ ဆရာမကြီး တယောက်ကို မေးကြည့်တော့  - အလွဲသုံးစားလုပ်ခြင်း လို့  သာ ခပ်ရိုးရိုး ဖလှယ်ပေးလေသည်။ ဆိုတော့ ၊ စကားလုံးကသာ  မြန်မာမူပြုဖို့  ဆန်းသစ်နေပေမဲ့လို့ ၊  လူအများစု  ရဲ့ ရပိုင်ခွင့် တွေကို လူတစုက ၊ အလွဲသုံးစား လုပ်တယ်ဆိုတဲ့ ဖြစ်စဉ်ဟာ မြန်မာပြည်မှာ   အသစ်အဆန်း မှ ၊ မဟုတ်နေပဲ ။ စတစ်ဂလဇ် ကတော့ ၊ မုန့်တချပ် နဲ့ ဥပမာပေးသွားသည်။ လူအများ ဝေစားနေကြတဲ့ မုန့်တချပ်ကို  ပိုကြီးလာအောင်လုပ်ယူရမဲ့ အစား ၊ တယောက်ထဲက စိတ်ကြိုက် ဖဲ့ယူသွားတဲ့ လုပ်ရပ် မျိုး  လို့ ဆိုသည်။


အဲဒီမှာ ပုန်းသျှိုးကွယ်သျှိုး ယူသလား၊ ပြောင်ပြောင်တင်းတင်း လား ၊ မသိမသာ ယူသလား ဆိုတာ ပုံစံ အမျိုးမျိုး ဖြစ်နိုင်သလို ၊ ဘဏ်လုပ်ငန်း တွေ၊ သတ္တုသယံဇာတလုပ်ငန်းတွေက စလို့ ဆေးဝါးလုပ်ငန်း ၊ ဆက်သွယ်ရေး နည်းပညာလုပ်ငန်းတွေ အထိ နေရာမျိုးစုံမှာ ၊ အချပ်လိုက် ဖဲ့ယူ နေကြသည် လို့ ၊ အချက်အလက် သက်သေ သာဓက တွေနဲ့ ထောက်ပြထားသည် ။ မြန်မာပြည်မှာလည်း ဒီ မုန့်ချပ်ကို ၊ လူတစုက အစိုးရ နဲ့ ပေါင်းပြီး အမဲဖျက်သလို ၀ိုင်းဖဲ့ရွဲ့ နေကြတာ ၊ တော်တော့် ကို ပုံပျက်ပန်းပျက် ဖြစ်နေခဲ့ပြီ။ လူတစုက ဖဲ့ နေတာလား အစိုးရက သဲ့ နေတာလား ဆိုတာပင် မကွဲပြားတော့ ။ လူတစုက အစိုးရ ကို အကြောင်းပြသလို ၊ အစိုးရ ကလည်း လူတစု ကို နာမယ်ခံ သည်။ ဒီကြားထဲမှာ ဗိုက်မှောက်နေရသူကတော့  ပြည်သူ အများစု ။


ပိုပြီး ဆိုးတာက ၊ အဲဒီ ဗိုက်မှောက်နေရတဲ့ ပြည်သူတွေကိုပဲ အလွဲသုံးစား လုပ်ပြီး  Public Private Partnership လို့ နာမယ် လှလှလေး တပ်ထားတဲ့ အလွဲသုံးစားမူတွေ ။ ဆိုရှယ်လစ်လမ်းစဉ် ခေတ်က ကျန်နေတဲ့ မြန်မာပြည် တနံတလျားက ပြည်သူပိုင် (သို့) အစိုးရပိုင် စက်ရုံ အလုပ်ရုံ တွေ အမြောက်အမြားဟာ၊ အခု ဘယ်သူတွေ လက်ထဲ ရောက်ကုန်ကြပြီလဲ ။ ဘာတွေ ဆက်လုပ်မှာလဲ ။ ပုဂ္ဂလိက လက်ထဲ လွှဲမယ် ဆိုရင်လည်း ၊ ပုဂ္ဂလိကပိုင်ပြုခြင်း ဥပဒေ ဆိုတာ ရှိရမည်။ အမေရိကန် စီးပွားရေး ပညာရှင်ကြီး စတစ်ဂလဇ် ကို ခေါ်ဖိတ်ပေးခဲ့တယ်ဆိုတဲ့ ၊ မြန်မာစီးပွားရေး ပညာရှင်ကြီး ဦးမြင့် ကပင် ၊ မြန်မာနိုင်ငံမှာ ပုဂ္ဂလိကပိုင်ပြုခြင်း ဥပဒေ မပေါ်ပေါက်လာသေးပဲ နဲ့ ၊  စီးပွားရေးပြုပြင်ပြောင်းလဲမူတွေကို အမြန်သွက်သွက်ကြီး လုပ်နေပုံဟာ ၊ သိပ် ဒရောသောပါး ဖြစ်နေတယ်လို့  ပြောလာသည်။


အခုက ၊ စက်ရုံ အလုပ်ရုံတွေ တင်မက ၊ နေပြည်တော်ကို ရွှေ့သွားလို့  ရန်ကုန်မှာ ဟောင်းလောင်း ကျန်ခဲ့တဲ့ ၊ အစိုးရပိုင် ရုံးကြီး ကန္တားကြီးတွေ သည်ပင် ၊ တခုပြီး တခု ဖဲ့ရွဲ့ ခံ နေကြရသည်။ ကိုလိုနီ ခေတ်က သမိုင်းဝင် အဆောက်အဦ ကြီးတွေသည်လည်း ၊ ပြန်လည်မွမ်းမံ စားရိတ်  ကြီးတယ် ဆိုတဲ့ အကြောင်းပြချက်တွေ နဲ့ ၊ ပုဂ္ဂလိက ဆိုသူတွေရဲ့ လက်ထဲမှာ  ရေအဆုံး ကုန်းတ၀က် ဖြစ်နေပြီ။   ဘယ်မှာလဲ ဥပဒေ ။ ဘယ်လို စည်းမျဉ်းတွေ ဈေးနှုန်းတွေနဲ့ ဘယ်လို လူတွေကို ဘယ်အချိန်တုန်းက  လုပ်ပိုင်ခွင့်တွေ ပေးလိုက်သလဲ ။ ဒါတွေသည် မြန်မာပြည်မှာ အခုလက်ရှိ အကြီးအကျယ် ဖြစ်ထွန်းနေတဲ့ rent seeking ကြီးတွေ ပင်။

ဒီနေရာမှာ ၊ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ရဲ့ -  “တိုင်းပြည်ကို ဓါးပြတိုက်ပြီး မှ  တိုင်းသူပြည်သားကို ငွေတိုးပြန်ချစားတဲ့ အစိုးရ” ဆိုတဲ့ ကလောင် ဇောင်းထက် တဲ့ အရေးက  ၊ အဓိပ္ဗါယ်ဖော်ဖို့ လက်ဝင်နေတဲ့ အဲဒီ အင်္ဂလိပ်စာလုံး အတွက် ၊ အကောင်းဆုံး ဖွင့်ဆိုချက်ပင် ဖြစ် နေ တော့သည်။

rent ဆိုတဲ့ အခေါ်အဝေါ် ရဲ့ မူလ ရင်းမြစ်က ၊ ဟိုးခေတ်တွေတုန်းက ၊ မြေရှင်ကြီးတွေဟာ၊ ဘာမှ လုပ်စရာမလိုပဲ ၊ လယ်သမား ယာသမားတွေ ရဲ့ လုပ်အားပေါ်ကနေ ကောက်ယူတဲ့ အငှားချ လယ်သီးစားခ တွေကို ခေါ်ရာကနေ စခဲ့သတဲ့။ မြေကြီးနံ့ သင်းနေတဲ့ အဲဒီ စကားလုံးရဲ့ အောက်မှာ၊ တိုင်းပြည်တခု ရဲ့ အခြေခံ အကျဆုံး ပိုင်ဆိုင်မူတွေ ဖြစ်တဲ့ မြေကြီး နဲ့ သယံဇာတ တွေဟာ၊ အကာအကွယ်အမဲ့ ဆုံး ဖြစ် သည် လို့ ၊ စတစ်ဂလဇ် က ဆိုသည်။ မြန်မာပြည်မှာတော့ မြေကြီးနံ့ သင်းနေတဲ့ ပြသာနာတွေဟာ ၊  မြေပိုင်ရှင်ခေတ် ကထက်ပင် ပိုပြီး ဆိုးရွားနေလေသည်။ စိုက်ပျိုးရေးကို အခြေခံ ထားတဲ့ မြန်မာ့ လူမူစီးပွား အ၀န်းအ၀ိုင်းကြီးမှာ ၊ ဘယ်တုန်းကနဲ့မှ မတူတဲ့  လယ်ယာမြေသိမ်းယူ မူတွေ ၊ ဖြစ်ပေါ်နေသည်။ ဘယ်သူတွေက သိမ်းသလဲ ။ ဘာအတွက် သိမ်းတာလဲ။ ဘယ်ဥပေဒ တွေနဲ့ သိမ်းနေလဲ ။ မဖြေနိုင်သေးတဲ့ မေးခွန်းတွေ များသထက် များလာသည်။

သယံဇာတ ဆိုရင်လည်း ၊ ပြည်သူတွေဟာ ၊ သူတို့မှာ ရပိုင်ခွင့် ဝေစု တွေ ရှိတာ ကိုတောင် မသိနားမလည်နိုင်တော့လောက်အောင် ၊ အချက်အလက် မှတ်ညဏ်တွေကို ဖျက်စီးပြစ်ခံ ခဲ့ကြရသည်။ အခွင့်အာဏာကို ဆုပ်ကိုင်ထားတဲ့ လူတစုက ၊ သူတို့ မိသားစု အမွေပိုင် ပစ္စည်းလို ၊ အောက်ဈေးနဲ့  ချရောင်းခဲ့ကြသည်။ သူတို့ စည်းစိမ်တွေနဲ့ အလိုက်ပေးလဲလှယ် ပြစ်ခဲ့ ပြီးပြီ။ ထားပါတော့ ၊ ထိပ်ပိုင်းက လူ တွေမို့ ၊ ထိပ်ပိုင်းဖြစ်နေတာ မဆန်းဘူး ပဲ ထား ။  သယံဇာတ ရေနံ နဲ့ သဘာဝ ဓါတ်ငွေ့ တွေ ၊ ကြွယ်ဝ လို့ ၊ မြန်မာပြည်သူ တွေရော ၊ ၀မ်းဝ ခါးလှ ကြပြီလား ။ ချက်ခြင်း လက်ငင်း မြင်ရဖို့ ဆိုတာ . . .မြက်ပင် တွေ ရှည်လာတာကို ထိုင် စောင့်ကြည့်လို့ မရဘူး လို့ ပြောတတ်ကြသည်။  ဒါပေမဲ့ ၊ မြန်မာပြည်မှာ စစ်ပြီးခေတ်က စလို့ ၊ ဆိုရှယ်လစ်ခေတ် ၊ စစ်အုပ်ချုပ်ရေးခေတ် ၊ ဘယ်ခေတ်နဲ့ မှ မတူအောင် ၊ ကနေ့ ခေတ် ဒီမိုကရေစီ အကူးအပြောင်းဆိုတဲ့ ကာလ ကြီးမှာ ၊ လူတန်းစားကွာဟမူ က ၊ အဆိုးဆုံး အခြေအနေကို ထိုးဆင်း လာနေသည်။ ဆင်းရဲတဲ့ သူတွေက ပို-ပို ဆင်းရဲ လာသလို ၊ ချမ်းသာတဲ့ လူတွေက ပို-ပို ချမ်းသာလာသည်။ ကျူးကျော် တို့ စက်မူဇုန် တို့လို လူတန်းစားတွေ တိုးပွားလာသလို ၊ ခရိုနီ တို့ ၊ အော်လီဂါ့ခ်ျ တို့ ဆိုတဲ့ လူအုပ်စု တမျိုးလည်း လျင်လျင်မြန်မြန် ပေါက်ဖွားလာနေသည်။ IMF ကတော့ မြန်မာပြည်ရဲ့ ဖွံဖြိုးတိုးတက်မူက ၊ မယုံနိုင်လောက်အောင် အလားအလာ ကောင်းနေပြီး ၊ ဂျီဒီပီ ၇.၅ ဟာ မကြာခင်မှာ တရုတ်ကိုတောင် ကျော်သွားဦးမည် လို့  ခန့်မှန်းနေလေသည်။ ဆိုတော့ ၊ အဲဒီ ဂျီဒီပီ က..ဘယ်သူတွေ ရဲ့  ဖွံ့ ဖြိုးတိုးတက်မူ ဖြစ်မလဲ။ အဲဒါကြောင့်ပင် ၊ ကမ္ဘာ့ဘဏ်မှာ ဥက္ကဌ လုပ်ခဲ့ဘူးတဲ့ စတစ်ဂလဇ် က ၊ GDP ဆိုတဲ့ ၊ အာပလာ အညွန်းကိန်းကြီးကို မယုံကြည်ကြဖို့ ၊ သူ့စာအုပ်မှာ ပြတ်ပြတ်သားသား ပြောထားခြင်း ဖြစ်မည်။


သူထောက်ပြ တဲ့ နောက်တချက်ကတော့ ၊ ၉၉ ရာနှုံးသော ပြည်သူ တွေ၊ အများဆုံး ခါးစီးခံရတာက  လုပ်အား ဈေးကွက် နဲ့ အိုးအိမ် ပြသာနာ လို့ ဆိုတယ်။ တနည်းပြောရရင်တော့ နေရေး နဲ့ စားရေးပေါ့ ။ သူကတော့ အမေရိက ရဲ့  Mortgage အိမ်ပေါင်အရစ်ကျ စနစ် ထဲမှာ ၊ တသက်စာ ကြိုတင်ချေးငွေတွေနဲ့  ရှိစုမဲ့စု တွေ ပုံအောပြီး ၊ အနာဂါတ်ကို အလောင်းအစားလုပ်နေ ရတဲ့ လူလတ်တန်းစားတွေ ကို ဦးတည် ပြောသွားသည်။ အာမခံချက် မရှိ ၊ အတက်အကျဖြစ်နေတဲ့ လုပ်အားဈေးကွက်ထဲမှာ တခါတလေ သူတို့ရဲ့ မပိုင်ဝက်မွေး အိမ်တွေကနေ..ခရုအဆံကျွတ်ဖြစ်ချင်လည်း ဖြစ်သွားနိုင်သည်။ မြန်မာပြည်မှာလည်း ၊ တန်ဖိုးနည်းအိမ်ယာ ဆိုတဲ့ ဈေးကွက်တခုကို ၊ ပုဂ္ဂလိကလုပ်ငန်းရှင် တချို့လက်ထဲ မျက်နှာလွှဲ ခဲပြစ် လုပ်ပိုင်ခွင့်တွေ ပေးနေပြီ။ နေရေးထက် စားရေးက ပိုခက်ခဲ နေတဲ့ မြန်မာ ၉၉  ရာနှုံးတွေကတော့ ၊ တန်ဖိုးနည်း အိမ်ယာဆိုတာ ကိုပင် အိပ်မက် မမက်နိုင်ပဲ ၊ ကြုံရာကျဖမ်း၊ လက်လုပ်လက်စား၊ ကျူးကျော် ဆိုတဲ့ နာမပုဒ် တွေ နဲ့ ၊ အမှိုက် ဒိုက်သရောတွေလို ၊ ဆိုက်ချင်တဲ့ ကမ်း ဆိုက်နေရတော့သည်။

စာအုပ်ရဲ့ နောက်ဆုံးမှာတော့  စတစ်ဂလဇ် က၊ လူမူစီးပွား မညီမျှမူကြီးကြောင့် ဖြစ်နေတဲ့ ဆင်းရဲမွဲတွေမူ ကပ်ရောဂါဆိုးကြီးဟာ ၊ ကုသ ပျောက်ကင်းဖို့ မျှော်လင့်ချက် ရော ရှိပါရဲ့လား လို့ မေးခွန်းထုတ် နိဂုံးချုပ် လိုက်သည်။ သူပြောတာက ၊  ၁ ရာနှုံး နဲက ၉ ၉  ရာနှုံးကို  ၊ အတင်းပေါင်းပြီး ပျှမ်းမျှ ပြန်ချ ဖို့ မဟုတ်။  ဒါပေမဲ့ ၁  နဲ့  ၉ ၉  အကြားက အကွာအဝေးကြီးကို  ၊  သဘာဝ တရားတခုလို ၊ ဒီအတိုင်း လက်ခံထားဖို့ လည်း မဖြစ်နိုင် ။ ၁ ရာနှုံးတွေရဲ့ ချမ်းသာကြွယ်ဝ မူတွေ ဟာ ၊ ၉၉  ရာနှုံးတွေရဲ့ ဆင်းရဲ ချို့တဲ့မူတွေ နဲ့  ၊ တိုက်ရိုက် ချိတ်တွယ် ဆက်စပ်နေတယ် ဆိုတာကိုလည်း၊  ကျယ်ကျယ်လောင်လောင်ကြီး ၊ သတိပေး ထားလေသည်။

The Price of Inequality ကို ၊ ဟို-ဒီ ကျော်ပေါက် ဖတ်ပြီးသွားတော့ ၊ လက်ဝါးပေါ်က kindle စာဖတ်ကိရိယာလေးကို အံ့သြစရာတခုလို ငေးပြီး ကြည့်နေမိတယ်။ ၊ သိမှတ်စရာ တွေးတောစရာ တွေ အပြည့်နဲ့ လေးထောင့် မျက်နှာပြင်ငယ်လေး ရဲ့ ဘေးမှာ လက်ကလေး ငါးချောင်းကိုပါ ၊တစွန်းတစ မြင်နေရတယ် ။ တကယ်ဆိုတော့ ကျမတို့ ရဲ့ လက်ငါးချောင်းဟာ ၊ တခုနဲ့ တခု မညီဘူး ဆိုပေမဲ့ လို့ ၊ မကွာခြားလှပါဘူး ။ မဝေးကွာ လှပါဘူး။ အရာဝတ္တုတခုခုကို ဟန်ချက်ညီညီ ကိုင်ဆောင်ထားဖို့ လည်း မခက်ခဲပါဘူး။ အဲဒီ အရာဝတ္တု ကို လှမ်းယူနိုင်တဲ့ လက်တံကြီး တွေကသာ ထူးခြား ရှည်လျားလွန်းမနေဘူး ဆိုရင် ၊ လက်ဝါးကြီးတွေက သာ ၊ ဆန်းပြား ပြန့်ကားလွန်းမနေဘူး ဆိုရင် ပေါ့လေ။  ဘာရယ်လည်း မဟုတ် ၊ စာကိုင်ဖတ်လို့ ညောင်းနေတဲ့ လက်ငါးချောင်းကို အသာ အယာ ကွေးချည် ဆန့်ချည် လုပ်ရင်း စတစ်ဂလဇ်ကြီးတယောက် မြန်မာပြည်ကို တတိယအကြိမ်မှ  ရောက်လာပါတော့မလား လို့ ၊ ပူပန်နေမိတယ်။

ကေသွယ်
၂၅ ဧပြီ ၂၀၁၄

စာညွန်း - Joseph E.Stiglitz (2012). The Price of Inequality . 
စာကိုး - DVB. Joseph E.Stigliz: Talk of Poverty isn't Taboo. 15 Feb 2012. 


Weekly Eleven Journal. No.28  Vol.8  April 2014


◦
Share/Bookmark

နတ်သျှင်နောင် မျောက်မှဆင်းသက်၍ ဘရင်ဂျီဘာသာဝင်ခဲ့သလား


အသိတယောက် ပြန်လည်ဝေမျှ ထားတဲ့ ယူကျု က မှတ်တမ်းကားလေး တခု ကို ကြည့်ဖြစ်လိုက်တယ်။ ဘာရယ်မဟုတ်ဘူး။ ခေါင်းစဉ်လေးကို စိတ်ဝင်စားမိလို့ ။  Hidden face of Burma- BayinGyi  တဲ့။







ဟိုးတုန်းက ၀တ္တုဟောင်း မဂ္ဂဇင်းဟောင်းတွေမှာ သုံးလေ့ရှိတဲ့ ဘရင်ဂျီ ဘာသာဝင် ဆိုတဲ့ လူတွေရဲ့ အကြောင်း။ ဂေါ်ရင်ဂျီ ဆိုတဲ့ အသုံး နဲ့ တူလား မတူလားတော့ သေချာမသိ၊ ပေါ်တူဂီ ( ပေါ်ကျုဂဲလ်) ကနေ အသံပြောင်းဆင်းသက်လာတာ တော့ ဖြစ်ဖို့ များမည်။

စ ဖွင့်လိုက်ခြင်း ထွက်လာတဲ့.. မြန်မာလို သံပြိုင်ဘုရားသီချင်းလေး ကလည်း ၊ ရုပ်ရှင်တကားစာ ၂ နာရီ နီးပါး ရှိတဲ့ မှတ်တမ်းလေးကို မပျင်းမရိ ဆက်ကြည့်ချင်အောင် စွဲဆောင်သွားလေသည်။ ဒါတောင် အစောပိုင်းမှာက မြန်မာပြည်ထဲကို ပေါ်တူဂီ သဘောင်္တွေ ကုန်သည်တွေ ၀င်လာတဲ့ ၁၄ ရာစု လောက်က သမိုင်းတွေကို ပြန်ပြနေတော့.. နည်းနည်း စိတ်မရှည်ချင်။ ကြားဖူးနေခဲ့တဲ့ အထက်မြန်မာပြည် ရွှေဘို နားတ၀ိုက် မှာ နေတဲ့  မျက်လုံးကြည်ကြည် နှာတံ ထင်းထင်း အသားရောင်လင်းလင်း နဲ့  တောသူ တောင်သားတွေ အကြောင်း ကို သာ ကြည့်ချင် သိချင် စိတ်က စောနေခဲ့တယ်။

Hidden face ဖုံးကွယ်ထားတဲ့ (သို့) ကွယ်ပျောက်နေတဲ့ စာမျက်နှာ တခု လို့ ဆိုပေမဲ့ ၊ အခု မြင်နေရတဲ့ ရွာသားတော်တော်များများ ရဲ့ မျက်နှာတွေပေါ်မှာတော့ ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ လောက်ကတည်းက မြန်မာပြည်ကို ရောက်လာကြတဲ့ သူတို့ ဘိုးဘေး ပေါ်တူဂီ တွေရဲ့ သွေးတွေ သိသိသာသာ ထင်ဟပ်နေကြသေးသည်။ သူတို့ ဘိုးဘေး တွေ ကိုးကွယ်ခဲ့တဲ့ ရိုမန်ကက်သလစ် ခရစ်ယာန်ဘာသာ ကို လည်း ၊ ဆက်လက်ကိုးကွယ် နေကြသေးသည်။ ဒါပေမဲ့ သူတို့ ရင်းနှီးတဲ့ အရှင်လတ်လတ် ပေါ်တူဂီ ဆိုလို့   တီဗွီဂြိုဟ်တု မှာ ကြည့်ရတဲ့ ဘောလုံးသမား လူဝစ် ကော်စတာ နဲ့   ဖီဂို တို့  သာရှိတော့သည်။ ဗတ်စကို ဒကားမား နဲ့ ဒီဗရစ်တို ဘယ်လိုပုံလည်း ဆိုတာ သူတို့ ဘယ်လို သိနိုင်တော့မှာလဲ ။  သူတို့ နေပုံထိုင်ပုံ ၀တ်ပုံစားပုံတွေကလည်း အထက်အညာတကြောက၊ တခြား မြန်မာတွေလို ၊ ရိုးရိုးစင်းစင်း ရှင်းရှင်းလင်းလင်း မို့  ၊ ရုတ်တရက်ဆို ဘာမှ မထူးခြားလှ။ မျက်လုံးကြည်လဲ့လဲ့ တွေ နဲ့ ပျော်တတ် ရွှင်တတ် တဲ့ ဟာသ ညဏ် ကသာ သူတို့ကို ခွဲခြားပေးနိုင်တော့သည် ။ စိုက်ချိန် ပျိုးချိန်မှာ လည်ထွန် ယာခုတ် လိုက်.. လှည်းတွေ နွားတွေ ဖြုတ်လိုက် တပ်လိုက်.. အချိန်တန်တော့ တနင်္ဂနွေ မနက်ခင်း မှာ ဘုရားကျောင်းက ခေါင်းလောင်းသံ တွေက တညံညံ။ ချီးကျူးစရာကောင်းတာ တခုက ၊ ဘရင်ဂျီ ဘုန်းတော်ကြီးရဲ့ စားပွဲ ပေါ်က ၊ မှတ်ပုံတင် လယ်ဂျာ စာအုပ်ကြီး ထဲ မှာ ၊ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း သုံးလေးရာ က၊ မွေးစာရင်း လက်ထပ်စာရင်း နှစ်ခြင်းခံ စာရင်း တွေက ၊ ရက်စွဲ နဲ့ လက်မှတ် နဲ့  အပြည့်အစုံ ရှိနေသေးသည်။ ရွာသုသာန်တွေမှာ ရှိတဲ့ သချိုင်္ငးစာ ကျောက်တုံးတွေ ပေါ်မှာလည်း ၊ သူတို့ ဘိုးဘေးတွေ ဖြတ်သန်းလာ ခဲ့တဲ့ သမိုင်းတွေကို ၊ စီကာစဉ်ကာ ဖတ်လို့ ရနေသေးသည်။


ငဇင်ကာ (ခေါ် ) ဒီဗရစ်တို ရဲ့  မျိုးဆက်တွေပင် ရှိချင် ရှိနိုင်သေးသည်။
ဘာကြောင့်ရယ် မသိ ၊ သံလျှင်ဘုရင် ငဇင်ကာ နဲ့  ညီအကိုရင်းတမျှ  အတူနေ အတူတိုက် အတူသေ သွားခဲ့တဲ့ တောင်ငူဘုရင် နတ်သျှင်နောင် ကို တော်တော်လေးကို စိတ်ဝင်စားမိသည်။ ငဇင်ကာ ဆိုတာလည်း အဲဒီခေတ် အဲဒီအခါက ကုန်သွယ်လမ်းကြောင်းသစ်တွေ ရှာဖွေရင်း  ရောက်လာတဲ့ လူမို့ ၊ ပင်လယ်ဓါးပြ သာသာလား ၊ တကယ်ပဲ စွန့်စား ကြီးပွားချင်သူ ထက်မြက်သူ တယောက်လား ။ နတ်သျှင်နောင် ဆိုတာလည်း စစ်သားကောင်း တယောက်ဖြစ်သလို ၊ ကဗျာဆရာမွန် တယောက်ဖြစ်တယ် ဆိုတာ …သူ့ ရဲ့ ရတု တွေ ဖတ်လိုက်ရင်.. ကျောထဲမှာ  စိမ့်တက်လာတဲ့ အထိတောင် သိနေခဲ့ကြသည်ပဲ။ ဒါတောင် အားကစားသမားတယောက် လည်း ဖြစ်တယ်လို့ ၊ အခု မှတ်တမ်းထဲမှာ ပြောထားသေးသည်။ ဆိုတော့..သူတို့ နှစ်ယောက် ဘယ်လို ရေစက် ကြောင့်  ဒီလောက် နီးကပ်ခဲ့ကြသလည်း ။ နတ် သျှင်နောင် ကို မြန်မာ့သမိုင်း မှာ သစ္စာဖောက် လို့ ဆိုပေမဲ့ ၊ သူ့မိတ်ဆွေ ငဇင်ကာ အတွက်တော့ သစ္စာရှိရှိ အတူသေသွားခဲ့တဲ့  မိတ်ဆွေကောင်း တယောက် မဟုတ်ဘူးလား..။ ငဇင်ကာ ကိုးကွယ်တဲ့ ဘရင်ဂျီဘာသာကိုပင် ကူးပြောင်းခဲ့သည် လို့  ဆိုကြသည်။ တိမ်စွန်လေလျှင် ဖူးရောက်ခြင်သည် ငှက်သွင်ပျံကြွ မတတ်သော်… ဆိုတဲ့ ကာရန် စကားလုံး အသုံးအနှုံးတွေနဲ့  သူ့ဘ၀ဟာ နုနွဲ့ သာယာ ခဲ့ သလောက် ၊ သူ့မိတ်ဆွေ ငဇင်ကာ နဲ့ အတူတူ ၊ ရင်ဝကို တံကျင် လျှိုခံ ရတဲ့ အချိန်မှာရော.. ပါးစပ်ကို တင်းတင်းစိ လို့ သူ့မေးရိုးတွေ ခိုင်မာနေခဲ့ လေ မလား… ။

သက်ဦးဆံပိုင် ပဒေသရာဇ် စနစ် ဆိုတာလည်း ၊ စစ်နိုင်သူက မင်းဖြစ် … အကြောက်တရားနဲ့ သစ္စာခံ … မခံရင် တော်လှန် ဆိုတော့ ၊ သစ္စာခံသူက လူကောင်းလား တော်လှန်သူက လူဆိုးလား…ကိုယ်ပိုင် အမြင် မထဲ့နိုင်- မထဲ့တတ်ခဲ့ တဲ့ သမိုင်းသင်ခန်းစာတွေ ကို၊ အခုမှ ပြန်လှန် စစ်ကြောနေမိတာပါလေ။


အခုလည်း ပေါ်တူဂီ ကုန်သည် ဒီဗရစ်တို နဲ့  တောင်ငူဘုရင် နတ်သျှင်နောင် တို့ ၊ အင်းဝ ဘုရင် အနောက်ဖက် သာလွန်မင်းကို စစ်ရှုံးသွားတဲ့ နောက်တော့ ၊ ဒီဗရစ်တို ( ခေါ် ) ငဇင်ကာ ရဲ့ နောက်လိုက် ကုန်သည် သဘောင်္သား စစ်သား .. အများအပြားဟာ ၊ စစ်သုံ့ပန့် တွေ အဖြစ် နဲ့  အထက်မြန်မာပြည်ကို ပါသွားပြီး ၊ ချင်းတွင်းမြစ် နဲ့ မူးမြစ်ကြားက နေရာတွေမှာ ဖမ်းဆီးထားခဲ့ သည်တဲ့။
  
ရွှေဘိုနယ်သား အလောင်းမင်းတရား ကြီး တက်လာတော့ ၊  တချို့တွေကိုလည်း စစ်တပ် မှာ ပြန်သုံး ရင်း၊ တော်တော်များများကတော့..ဒီနယ်တကြောမှာပဲ ရွာကြီးတွေ တည်ပြီး လယ်ယာ လုပ်ကိုင်စားကြ .. မိသားစု တွေ ပွားစည်း ကြပြီပေါ့။ ဘရင်ဂျီရွာ စုစုပေါင်း ၈ ရွာ ရှိသတဲ့ ။ ၁၆ ရာစုနှောင်းပိုင်း ကာလ နှစ်ပေါင်း  လေးရာ လောက် အတွင်းမှာ မျိုးဆက်တွေ လည်း လေး-ငါး-ခြောက်ဆက် တိုင်ပြီ ဆိုတော့လည်း မြန်မာလိုပြော မြန်မာလိုစား မြန်မာလိုနေ မြန်မာပြည်ကိုချစ်တဲ့ မြန်မာလယ်သမား ကျေးတောသားကြီးတွေပဲ ဖြစ်နေပြီ ပေါ့ ။ ပြောရရင် မြန်မာပြည် ထဲ မလဲ၊ အဲဒီလို သမိုင်း ရဲ့ လက်ကျန် လူမျိုးနွယ်စု တွေ အများသားလား ။ မိုးကုတ်ဖက်မှာ တွေ့ ခဲ့ဖူး တဲ့  မိုင်းအလုပ်သမားမျိုးဆက် ဂေါ်ရခါး ရွာကြီးတွေ ။ ဇေယျဝတီ ဖက်မှာ တွေ့တဲ့  ကြံအလုပ်သမား ကုလားရွာတွေ..ပြီးတော့ ဘာတွေ ရှိအုံးမလဲ ။

ကိုယ်တို့ ကို  ဓါတ်စက်ကြီးတလုံး  အမွေပေးခဲ့တဲ့ ၊  အင်ဂလိုမြန်မာ ကပြား အန်တီ တို့ ဇနီးမောင်နှံ ဆို ၊ မြန်မာပြည်မှာ ကပြားတွေ အတွက် နေရာကျဉ်းလာလို့သာ အော်စတြေလျ ကို ရွှေ့လာကြတာ… မြန်မာပြည်ကို ခဏ ခဏ အလည်ပြန် သလို ၊ အန်ကယ် ကြီးပြင်းခဲ့တဲ့ အဲ့ဒီ အထက်ရွှေဘို နားက “နဘတ်” ဆိုတဲ့ ရွာလေးကို အမြဲ အရောက်ပြန်လေ့ ရှိတယ်။ ဂျပန်တွေ မြန်မာပြည် ၀င်တော့ ၊ ခရစ်ယာန်ကိုးကွယ်ပြီး အနောက်တိုင်းဆန်တဲ့ ရုပ်ရည်နဲ့  အဲ့ဒီ ပေါ်တူဂီနွယ်တွေ ဟာ အဓိက သံသယထား တဲ့ ပြစ်မှတ်တွေ ဖြစ်ခဲ့တယ် လို့ ဆိုတယ်။  အန်ကယ့် ရဲ့ အကို တယောက်ဟာ၊  လူပျိုပေါက်အရွယ်လေး မှာပဲ.. တခြားရွာသား အများအပြား နဲ့ အတူ ကိုယ့်သေတွင်း ကိုယ်တူးပြီး အသက်ခံခဲ့ရတယ် လို့  ၊ ဓါတ်ပုံတွေ ထုတ်ပြ ရှေးဟောင်းနှောင်းဖြစ်တွေ စားမြုံ့ပြန်ရင်း အလွမ်းမပြေ ဖြစ်နေပုံပါပဲ။ ခုတော့ အန်ကယ်က၊ ဆုံးသွားပြီ ဖြစ်ပေမဲ့၊ သူတို့ပေးခဲ့တဲ့ ဓါတ်စက်ကြီး နဲ့ ၀င်းဦးသီချင်းတွေ ဖွင့်တိုင်း ၊ သြော်..သူတို့တွေမှာ ၊ ဒီမြေကိုပဲ ချစ်စရာရှိပေမဲ့ ၊ ချစ်ခွင့်မပိုင် မဆိုင်သလို ဖြစ်ခဲ့ကြတာပါလား လို့ တွေးမိတယ်။

တလောကပဲ၊ အင်တာနက်ပေါ်မှာ  ကို(ဦး)အံ့ကြီး ရဲ့ ငယ်ရုပ်သွင် နဲ့ တေးသီချင်းဆိုနေပုံတွေ ပြန်ပြီး ပေါ်လာရင်း ၊ မြန်မာလူမျိုးတွေ ပီတိတွေ ဝေဖြာနေကြတော့ ၊ ကို(ဦး)အံ့ကြီး ကိုယ်တိုင် အင်တာဗျူးမှာ ပြောပြခဲ့တဲ့ သူ့အဖေ ဘင်္ဂါလီကုန်သည် ကြီး ကို မြင်ယောင်ကြည့်မိ လိုက်သေးတယ်။ 

အင်း ..တကယ်ဆို မနုသာဗေဒ ဘာသာရပ်ဟာ  “လူ သည် မျေက်က  ဆင်းသက်လာသည်” ဆိုတဲ့ ဒါဝင်ရဲ့ အဆိုမှာတင် ရပ်မနေဘူး မဟုတ်လား။ ဗုဒ္ဓဘာသာ ကျမ်းဂန် တချို့ မှာတော့ လူတွေဟာ ဗြဟ္မာကြီး လေးယောက်က ဆင်းသက်လာသတဲ့ ။ ခရစ်ယာန်ကျမ်းဟောင်း တွေအရတော့ ၊ ကမ္ဘာကြီးဟာ တချိန်မှာ ဆိုးသွမ်းမိုက်မဲ လွန်းတဲ့ အာဒံ နဲ့ ဧ၀ ရဲ့ မျိုးဆက် လူသားတွေကို အပြစ်ပေးဖို့  မိုးကြီးတွေ မပြတ်ရွာသွန်းပြီး ရေအတိ ဖုံးလွှမ်း သွားခဲ့ပြီး မှ ၊ ဘုရား စကားကို နားထောင်တဲ့ နောဧ နဲ့ သူ့မိသားစုကြီး သာ၊ သဘောင်္ကြီး တစင်း ပေါ်မှာ အကောင် ဗလောင် ဖိုမ စုံ နဲ့ ရှင်သန်ကျန်ရစ် သတဲ့ ။ အဲ့ဒီ နောဧ ရဲ့ သား သုံးယောက် ကနေပြီးမှ ၊ အခု ကမ္ဘာမြေပေါ်မှာ လက်ရှိ ဆိုးသွမ်း မိုက်မဲ နေကြမြဲ နေကြဆဲ ဖြစ်တဲ့ လူသားတွေ ပြန်ပြီး ပေါက်ပွား စည်ပင်လာသတဲ့ လေ။(ချွေးမ သုံးယောက်ကတော့ ကံကောင်းပြီး ပါသွားရှာတယ် )ပုံပြင်လား.. ဒဏ္ဍာရီ လား.. သမိုင်း လား … ယုံချင်လည်း ယုံ ၊ မယုံချင်လည်း နေပေါ့လေ။  ရှေးအဆိုတော်ကြီး ဒေါ်ကြည်အောင် ကတော့ သူ့သီချင်းလေးထဲမှာ  “တကမ္ဘာလုံးပဲ ဆွေမျိုးတွေ တော်ကြပါသတဲ့” လို့ ဆိုထားတယ် ။  မယုံသေးဘူးဆိုရင်တော့.. အင်္ဂါဂြိုဟ်က အေလီယန် တွေ လာ တော့မှ.. အမျိုးချင်းတွေ ကျေချင်းကပ်ပြီး ပြေးကြတာပေါ့။


၃၀ ဇွန် ၂၀၁၃
ကေသွယ်

(မှတ်ချက် -  သမိုင်း ဆောင်းပါးမဟုတ်ပါ.. အတွေး မှောက်မှားကြည့်ခြင်းသာဖြစ်သည်)



◦
Share/Bookmark

The Moon Princess ရဲ့ စာမျက်နှာ အပိုင်းအစ များ



တကယ်တော့.. The Moon Princess ကို ဖတ်နေ တဲ့ အချိန်မှာ..သမိုင်း တွေ.. နိုင်ငံရေး တွေ ထက်.. အမျိုးသမီး တယောက်..ဒါမှမဟုတ်.. ရှမ်း မင်းသမီးတပါး ရဲ့ လူသားဆန်ဆန် ဘ၀ တခု ကို သာ.. ဖမ်းဆုတ် မိ ခဲ့ တာပါ။ စာရေးသူ စ၀်စန္ဒာ ကိုယ်တိုင် ကလည်း ၀န်ခံ ရေးသား ထား ပါတယ်။ သူ့ဖခင် စော်ဘွားကြီး စ၀်ရွှေသိုက် ရဲ့.. မပြေ ခဲ့ တဲ့..သမိုင်း ကြွေး အချက်အလက် တွေ အတွက်.. စာအုပ် တအုပ် ပြုစု ဖို့ လို့ ရည်ရွယ် ခဲ့ ပေမဲ့.. တကယ့် တကယ် မှာ..စာရွက် စာတမ်း အထောက်အထား တွေ အကုန် မရ နိုင် တော့ တာ..မိသားစု တကွဲ တပြား ဖြစ် ခဲ့ တာတွေ ကြောင့်.. နောက်ဆုံး တော့..သူ မှတ်မိ သိမြင် ကြုံတွေ့ ခဲ့ ရ သလောက် နဲ့ .. ကိုယ်ရေး အတ္တုပတ္တိ တအုပ် သာ ဖြစ် သွား ခဲ့ ပါ တယ် တဲ့။ ဒါပေမဲ့ လည်း.. စာဖတ်သူ ကျမ အတွက် တော့.. ညောင်ရွှေ ဟော်နန်း ရဲ့ တောင်ဆောင် တော် ပြတင်း တံခါး တချပ် က နေ.. မြင်လိုက် ရ တဲ့.. သမိုင်း မြင်ကွင်း တခု ဆို လည်း .. မမှား နိုင် ပါ ဘူး။


( Draft  ထဲ မှာ..အဲဒီလို နိဒါန်း ချီ ထား ပြီး… ဆက်မရေး ဖြစ်ပဲ.. ဖြစ်နေ တဲ့.. The Moon Princess  စာအုပ် ကလေး အကြောင်း .. အခု ဘယ်လို မှ ဆက်ရေး လို့ မရ တော့ တာ နဲ့.. စကန် ဆွဲ ထား တဲ့  ပုံလေး တချို့ နဲ့.. စိတ်ဝင်စားစရာ အကျဉ်း တချို့ပဲ ဝေမျှ လိုက် ပါတယ်။ )

တကယ်တော့.. ဒီစာအုပ် ထဲ မှာ.. အမျိုးသမီး ၆ ယောက် ကြား မှာ ပတ်သတ် ဆက်နွယ် ဖြစ်ပေါ် နေ ခဲ့ တဲ့..လူသား ဆန် တဲ့ ခံစားချက် တွေ.. အကြောင်း ကို ပို ပြီး စိတ်ဝင်စား ခဲ့ မိတယ်။
Living in a polymanous family ဆိုပြီး အခန်း တခန်း သီးသန့် ရေး သား ထား တဲ့ အပြင်.. စာ အုပ် တအုပ် လုံး မှာ ဖြန့်ကျက်ပြီး ပါ နေ တဲ့.. အဖေတူ အမေကွဲ မောင်နှမ ၁၂ ယောက် နဲ့.. မိသားစု အကြီး ကြီး ရဲ့ အကြောင်းက.. စိတ်ဝင်စား စရာ တွေ နဲ့ ပြည့်နှက် နေ လေ တယ်။

တကယ်တော့.. စ၀်ရွှေသိုက် နဲ့ ပတ်သတ်ရင် နောက်ဆုံး မဟာဒေ၀ီ ဖြစ် တဲ့..မဟာဒေ၀ီ စ၀်ဟိန်းခမ်း ကိုသာ SSA ရဲ့ ခေါင်းကိုင် တယောက် အဖြစ် လူသိ များ ကြ တာပါ။ ဒီစာအုပ် ကို ဖတ် လိုက် တော့မှ.. ပထမဆုံး မဟာဒေ၀ီ စပ်နန်းရီ.. စ၀်နန်းစန္ဒာ..နန်းညွှန့်မေ..နန်းမြ၀င်း ဆိုတဲ့.. စော်ဘွား ကြီး ရဲ့ အိမ်ထောင် လေး ဆက်..ညီအမ လေးဖော် အကြောင်း ကို သိလိုက် ရတယ်။ စ၀်စန္ဒာ က တော့..ဒုတိယ အိမ်ထောင် ဖြစ်တဲ့..စ၀်နန်းစန္ဒာ ရဲ့ သမီး ဖြစ်ပြီး.. သူငယ်စဉ် ဘ၀ မှာပဲ.. မိခင် ဖြစ်သူ ဖျားနာ သေဆုံး သွားတဲ့ အတွ ကြောင့်.. ကြီးဒေါ် ဖြစ်တဲ့..မဟာဒေ၀ီ က..သူ့သားကြီး ၂ယောက် နဲ့ အတူ ကြည့်ရှူ ခဲ့ တာ..အတော်ကြီး တဲ့ အထိ အမေ အရင်း လိုပဲ ထင်နေ ခဲ့ သတဲ့။ နောက် တော့..မဟာဒေ၀ီ လည်း ဖျားပြီး သေဆုံး ပြန်တော့.. ကျန်ခဲ့ တဲ့ မောင်နှမ သုံးယောက် ကို ကြည့်ရှု ဖို့ အတွက်.. လက်ကျန် ညီအမ အငယ် ၂ ဖော် လည်း ဟော်နန်း ကို ရောက် လာ ခဲ့ ဟန် တူပါ ရဲ့။ တကယ်တော့ အဲဒီ ညီအမ လေးဖော် က.. ညောင်ရွှေ ဟော် က.. အခွန် ဘဏ္ဍာ ရေး ၀န် တယောက် ရဲ့ သမီး တွေ မို့..စော်ဘွား အနွယ် တွေ မဟုတ်တဲ့ အတွက်.. ခိုက်တယ် လို့ လည်း ပတ်ဝန်းကျင် က..ယူဆ ကြ သတဲ့။

အဲဒီ အထဲ မှာ.. ဒေါ်ဒေါ် လို့ အားလုံးက ခေါ်ကြတဲ့..တတိယ ညီမ နန်းညွန့်မေ ရဲ့.. ချစ်စရာ ကောင်းတဲ့ ဓါတ်ပုံ တချို့ကို ကြည့် ပြီး.. သူ့ဘ၀ ကို ပိုပြီး ဂရုဏာ သက်နေ မိ တယ်။ သူ့မှာ ကိုယ်ပိုင် သားသမီး မစီးပွား ခဲ့ ပေမဲ့.. အမ ၂ ယောက်က မွေးတဲ့.. စ၀်စန္ဒာ တို့ မောင်နှမ သုံးယောက် ရဲ့ တာဝန် တွေကို ယူ ရ တဲ့ အပြင်.. စော်ဘွား ကြီး ရဲ့.. အနွံအတာ ကို လည်း အတော် ခံ ရ ပုံ ပေါ် ပါတယ်။ နောက် တော့.. စော်ဘွားမျိုး နွယ်ခြင်း မဟာမိတ်ပြု ပြီး မဟာဒေ၀ီ ဖြစ်လာ တဲ့..စ၀်ဟမ်းခိန်း ရောက်လာ တဲ့ အခါ..တောင်ဆောင်တော် သခင်မ ဘ၀ နဲ့..အိမ်ထိန်း လို မျိုး နေ သွား ခဲ့ ရ တာ..။ စ၀်ဟမ်းခိန်း က မွေးတဲ့ ကလေး တွေ ကို ရော..သူ့ညီမ အငယ် ဆုံး နန်းမြ၀င်း က မွေးတဲ့ ကလေး တွေ ကို ရော.. နှလုံးသား ကြီးကြီး နဲ့ တသက်လုံး ကြည့်ရှု စောင့်ရှောက် သွား တာ တွေ ဖတ် ရ တော့.. မိန်းမ တယောက် ရဲ့ ရင်ထဲ ကို.. သိလို စိတ်..စာနာ နားလည် စိတ် တွေ နဲ့..၀င် ကြည့် နေ မိ တယ်။ သူတို့ ငယ်ငယ်က.. မိသားစု ကြီး ခရီး ထွက် ပြီ ဆိုရင်.. လမ်းမှာ..ဒေါ်ဒေါ်က.. စိန်ခြူးကြာညောင် သီချင်းကို..အမြဲ ညည်း ဆို လေ့ ရှိ တယ် ဆိုတာ ကြောင့် .. ရင်ထဲ မှာ ပို ဆွေး မိ တယ်။ အဒေါ်ငယ် ဒေါ်ဝင်း ကတော့.. ရန်ကုန် တက္ကသိုလ် မှာ ကျောင်းသွား တက် ပြီး.. သူ့ဘ၀ ကို.. လွတ်လွတ် လပ်လပ် ရွေးချယ် ခွင့် တွေ ရှိနေပါ လျက် နဲ့.. ဂျပန် တွေ ၀င်တော့.. ညောင်ရွှေ ကို ပဲ ပြန်လာ ရ ပြီး.. စော်ဘွား ကြီး အရိပ် အောက်ပဲ ၀င် ခဲ့ တာ ကို လည်း.. အံ့သြဟန် ပြု ရေး ထား လေ တယ်။






ဒီပုံကတော့..မဟာဒေ၀ီ စ၀်ဟိန်းခမ်း ရဲ့.. အဲလစ်ဇဘတ် ဘုရင်မ ကြီး မင်္ဂလာဆောင် ကို တက် တဲ့ ပုံပါ။

အဲဒီ တုန်းက..ပြည်ထောင်စု မြန်မာနိုင်ငံ တော် သမ္မတ ကြီး ဖြစ်ကာစ.. စ၀်ရွှေ သိုက် နဲ့ မဟာဒေ၀ီ ကို.. တော်ဝင် မိသားစု က..ဖိတ်ကြား တော့.. စ၀်စန္ဒာက.. မဟာဒေ၀ီ ရဲ့ အဖော် အဖြစ် နဲ့ လိုက်ပါ သွားရင်း.. အင်္ဂလန် မှာ ကျောင်းတက် ကျန် ခဲ့ တာ ဖြစ် တယ် ။ အဲဒီ အချိန် မှာ သူ့အကို ၂ ယောက် ကတော့.. အင်္ဂလန် မှာ ရောက်နှင့် ပညာသင် နေ ခဲ့ ကြ ပြီ ။ ဒီ စာအုပ် ထဲ မှာ စာရေးသူ က.. ကျန်တဲ့.. အမျိုးသမီး တွေ ကို တော့.. အဒေါ် ရင်း တွေ မို့.. ချစ်ခင် ရင်းနှီး စွာ ဖော်ပြ ထား ပေ မဲ့.. မိထွေး စစ်စစ် ဖြစ် တဲ့..မဟာဒေ၀ီ ကို တော့.. သမိုင်း အချစ် ဇာတ်လမ်း စာအုပ် တွေ ကြိုက်တတ် တဲ့.. နိုင်ငံရေး ရည်မှန်းချက် ကြီး တဲ့.. အမျိုးသမီး တယောက် အဖြစ် .. ခပ်ခွါခွါ လေးပဲ.. ရေး ပြ သွား တယ်။ အရွယ် ချင်း ကလည်း သိပ် မ ခြားလှ ဘူး ကိုး။ နောက်ပိုင်း မှာ ..သား သမီး တချို့ နဲ့ အတူ ကနေဒါ မှာ..ခေါင်းချ နေထိုင် သွားခဲ့တဲ့.. မဟာဒေ၀ီ စ၀်ဟိန်းခမ်း ရဲ့.. အတ္တုပတ္တိ ဆန်ဆန် စာအုပ် တအုပ် ဟာ.. The White Unbrella  ဆိုပြီး.. ဒီ စာအုပ် မတိုင် ခင် အတော် စောစော က..ထွက် ဖူး ထား ပေမဲ့.. ထူးဆန်းစွာ ပဲ.. စ၀်စန္ဒာ ရဲ့.. စာကိုး စာရင်း ထဲ မှာ.. မတွေ့ ရ ဘူး။  ကိုယ်တိုင် ရေး စာအုပ် မဟုတ် တာ ကြောင့် လည်း ဖြစ်မည် ထင် သည်။


ဝဘ်ဆိုဒ် တခု မှာ တွေ့ ရ တဲ့.. မဟာဒေ၀ီ စ၀်ဟိန်းခမ်း ရဲ့..အသက် ၈၀ ကျော် ပုံရိပ် ( ကွယ်လွန်)


စ၀်စန္ဒာ ရဲ့.. ဘိလပ် မှာ ကျောင်းတက် ခဲ့ တဲ့.. ၆ နှစ်တာ ကာ လ တွေ အကြောင်း လည်း ဖတ်လို့ ကောင်းသား ပါပဲ။ အဲဒီ တုန်းက..ခေတ်ပြိုင် ဗမာ ကျောင်းသား တချို့ အကြောင်း ဖတ် ရ တော့.. သြော်… လို့ပဲ.. တွေး မိ လိုက် ရ ပါ တယ်။ အင်္ဂလိပ် မြန်မာ အဘိဓါန် ပြုစု ခဲ့ တဲ့ ဒေါက်တာ ဘဟန် ရဲ့ သမီး ကက်သလင်း ဘဟန်.. သူ့ တ၀မ်းကွဲ.. အဓိပတိ ကြီး ဒေါက်တာ ဘမော် ရဲ့ သား.. ဇာလီမော်…
စ၀်ရွှေသိုက် နောက် သမ္မတ ဖြစ် တဲ့.. သမ္မတကြီး ဒေါက်တာ ဘဦး ရဲ့ သားတွေ ဖြစ်တဲ့.. ရစ်ချက် ဘဦး.. အဲလဘတ် ဘဦး တို့.. ဆို တော့ ကာ….. အင်း..။

နောက် တော့..သူလည်း ဘိလပ် မှာပဲ.. Peter Simms ဆို တဲ့.. အင်္ဂလိပ် တယောက် နဲ့ အကြောင်းဖက် တယ်။ ဟိုလူက.. ဗုဒ္ဓဘာသာ ကို လေ့လာ လိုက်စား တဲ့… ပညာရှင် တယောက် ။ စနေသမီး ဦး ပီပီ ..လုပ်ချင် ရာ လုပ် ခဲ့ တဲ့..သူ့ကို.. အိမ်ထောင်ဖက် ရွေးချယ်မူ အပေါ် မှာ လည်း..သူ့ဖခင်က.. သဘော မကျ ခဲ့ ဘူး။ ဒါပေမဲ့..နောက် တော့.. နားလည် လက်ခံ လာ ပြီး..သူတို့ မောင်နှံ..မြန်မာ ပြည် ကို ပြန်လာ ကြ တယ်။ သူတို့ နှစ်ယောက် ရဲ့..အချစ် ဇာတ်လမ်း မှာ...အဲဒီ တုန်းက..အင်္ဂလန် မှာ နေထိုင် တဲ့.. ဆရာကြီး ဒေါက်တာ လှဘေ က လည်း..တနည်း တဖုံ ပါဝင် နေ ခဲ့ သေးတယ်။

အဲဒီမှာ စိတ်ဝင်စားစရာ ကောင်းတာ က.. လန်ဒန် ကနေ .. မြန်မာ ပြည် ရောက် အောင်.. ဒုတ်ဒုတ်ထိ ကုန်းလမ်း ကနေ..ကားမောင်း ပြန်လာ ကြ တာ .. ၆ လ ကြာ သတဲ့..။  သူတို့ ရန်ကုန် ကို ရောက်တဲ့ အခါ.. ကားရဲ့..မီတာ က.. မိုင်ပေါင်း  တသောင်း လေးထောင် နဲ့ ငါးရာ နှစ်ဆယ့် နှစ်မိုင် ပြ နေ သတဲ့..။ အတော် အံ့သြ သွား မိတယ်..။.အင်္ဂလန် နဲ့.. မြန်မာပြည် ကို..ကုန်းလမ်း ပေါက်တယ် ဆိုတာ..သတိ မထား မိဘူး။ မြေပုံ တွေ ဘာတွေ ပြန်ကြည့် တော့ မှ.. သြော..ဟုတ်ပေ သား ပေါ့..။ သူ့ အမျိုးသားက တော်တော် လည်း စွန့်စား ချင် တဲ့.. အင်္ဂလိပ် ဖြစ်ပုံ ရ သည် ။

 



တကယ် ဆက်စပ် ဖတ် ကြည့် တော့ မှ.. အဲဒီ အချိန်က.. Land Rover ကား တွေ စ ပေါ် ကာစ.. overland drive ဆိုတာ ကို လည်း စစ်ကြီး အပြီး မှာ..ဖက်ရှင် တခု လို စွန့်စား မောင်းနှင် ကြ တဲ့ အချိန် ဖြစ်နေတယ် ဆိုတာ သွား တွေ့ရတယ်။ ဘာပဲ ပြောပြော..လွယ် တဲ့ ခရီး တော့ မဟုတ်..။ သူ့စာ ထဲ မှာ.. အဲဒီ တုန်းက.. ဆူးအက်ဇ် တူးမြောင်း ပြသာနာ ပေါ် နေတာ မို့.. သူတို့.. ဂျော်ဒန် ကို ဖြတ်တော့.. အသက် နဲ့ နီး တဲ့.. အခက်အခဲ တွေ တောင် ကြုံ ခဲ့ ရ သတဲ့။


နောက်ပိုင်းလည်း သူ့ အမျိုးသား ပီတာက.. Time တို့ ဘာတို့ မှာ ၊သတင်းထောက် အဖြစ် ဆက်လုပ်တာမို့ နှစ်ယောက်သား အာရှ တိုက်က  နိုင်ငံမျိုးစုံမှာ လှည့်လည် ပီး နေထိုင် သွား ကြသည် ။.. လာအို..ထိုင်း.. စင်ကာပူ..ဟောင်ကောင်.. အိုမန်.. အာရှနိုင်ငံ တော်တော်စုံခဲ့တယ်။ သူ့အမျိုးသား ပီတာ ကို ၊ အဲ့ဒီ အချိန် ၊ စစ်အေးကာလ တွေက  အနောက်သူသျှို လို့  ထင်တဲ့ သူတွေလည်း ရှိခဲ့တယ်။






လင့်ရိုဗာ ကားကြီး နဲ့..သူတို့ လင်မယား ရန်ကုန် ကို ပြန်ရောက်တော့..ပီတာက.. ရန်ကုန် တက္ကသိုလ် အင်္ဂလိပ်စာ ဌါန မှာ စာပြ.. ဒေါက်တာ လုစ် တို့ ဘာတို့ နဲ့.. အဖွဲ့ကျ… သူက.. BBS မြန်မာ့ အသံ မှာ.. သတင်း ကြေ ငြာ တဲ့ အလုပ် လုပ်ရင်း..နေထိုင် ဖြတ်သန်း ခဲ့တဲ့.. နှစ် တွေ တလျှောက်.. ရန်ကုန် မြို့က..အထက်တန်းလွှာ.. လူတန်းစား တချို့ အကြောင်း လည်း အမှတ် တမဲ့ ဆို သလို..ရုပ်ပုံလွှာ ကြမ်းလေး တွေ အဖြစ်.. ဖတ် လိုက် ရ တယ်။ ဥပမာ.. ဗိုလ်စကြာ ..နဲ့.. Purple Plane   မင်းသမီး ၀င်းမင်းသန်း တို့ အကြောင်း..။ ကပြား ဖြစ် တဲ့..၀င်းမင်းသန်းက..ဘယ်လို အက ကောင်း ..ဧည့်ခံ ကောင်း လို့.. ဗိုလ်စကြာ တို့ အိမ်က..ပါတီ တွေ ဆိုတာ..လူ အမြဲ စည် တဲ့ အကြောင်း.. ဆို တာမျိုး တွေပါ..။ လွတ်လပ်ရေး ရ ပြီး စ.. မြန်မာ ပြည် မှာ ..အဲဒီ တုန်းက.. အထက်တန်းလွှာ ကပြား တွေ.. အာဏာရ နိုင်ငံရေး သမား တွေ.. လိုင်စင် စီးပွား ရေး သမား တွေ နဲ့.. အတော် လည်း မျက်စိ နောက် စရာ ကောင်း နေ မှာ တော့.. အမှန် ပင်။ ဒီကြားထဲက.. ရိုးရိုးသားသား.. ကြိုးစားအောင်မြင် ရင်း..မြန်မာ ပြည် မှာပဲ တသက်လုံး နေထိုင် သွား ခဲ့ တဲ့.. BBS ဦးလှဘူး တို့ မိသားစု အကြောင်းလေး ကို လည်း တခုတ် တရ .. ရေးထား သေး တယ်။ (ဦးလှဘူး ရဲ့ အမျိုးသမီး အန်တီ အောလစ်ဗ် ဟာ လည်း .. မွန် အင်္ဂလိပ် ကပြား မကြီးပါ။ အခု ထက်ထိ အလုံ ဦးလူနီ လမ်းထဲ မှာပဲ နေထိုင် ပါတယ် )




ဒီစာအုပ် မှာ ဖတ်လို့ အကောင်းဆုံး အပိုင်း ကတော့.. ၁၉၆၂ အာဏာ သိမ်းပြီး ..သူ့ဖခင် စ၀်ရွှေသိုက် နေ အိမ်ကို ဦးနေ၀င်း စစ်တပ်က..၀င်စီး တဲ့ အခန်း တွေ ပါ။ ဒါပေမဲ့…အဲဒီ အချိန် မှာ သူတို့ မောင်နှံ က.. နိုင်ငံရေး အခြေအနေ တွေ မကောင်း တော့ လို့.. လာအို ကို ရွှေ့ ပြောင်း နေ ပြီ မို့.. မျက်မြင် ကိုယ်တွေ့ တော့..မ ဟုတ် ဘူး ပေါ့..။ ဗမာ စစ်သား တွေက..`ရှမ်းမ..ထွက်ခဲ့..ထွက်ခဲ့..` လို့ အော် တာ…၊ ၁၇ နှစ်သားပဲ ရှိသေး တဲ့.. သူ့ မောင်လေး..စ၀်မြီမြီသိုက် က..တံခါး ဖွင့် ပြီး ထွက်ကြည့် တဲ့ အချိန်မှာ..တဖက်က..စစ်သား တွေက.. တလစပ် ပစ်ခတ် လို့ သေဆုံး သွား ခဲ့တာ …၊ သူ့ဖခင် ကိုလည်း ချက်ခြင်း..ဖမ်းထုတ် ခေါ်သွား ခဲ့တာ.. တွေကို..မိသားစုဝင် တယောက် အနေ နဲ့..သူမ ဘယ်လောက် ၀မ်းနည်း တုန်လှုပ် ခဲ့ မလည်း ဆိုတာ.. မှန်းဆ ကြည့်ယုံ နဲ့ တင် .. နားလည် လို့ ရ တဲ့.. အခြေအနေ တွေ ပါ..။

ဖတ် မိ ရ ပြန် တော့ လည်း..သူ့ နာကျည်း ကျေကွဲ မူ တွေက.. ရင်ထဲ ထိ ကူးစက် ခဲ့ ရ တယ်။

သူတို့ လင်မယား နှစ်ယောက် နောက်တနေ့ ချက်ခြင်း လေယဉ် နဲ့ ရောက်လာ တော့.. စောင့်ကြည့် ခံ နေ ရ တဲ့ ကြား ထဲ မှာ.. တအိမ်လုံးက..အားကိုး တကြီး စောင့်မျှော် လို့ ။ အိမ်မှာ...အမေ က မရှိ.. အဖေ ကိုလည်း ဖမ်းသွား ခဲ့ ပြီ။ သားတယေက် ပြစ်သတ် ခံ လိုက် ရ ပြီ။ ကလေး အငယ် တချို့က.. ၉ နှစ် ၁၀ နှစ် အရွယ် တွေ။ ဒေါ်ဒေါ်က..သူ့ကို ဖက် ပြီး ငို ။ အရင်က ..လူခြင်း ရင်းနှီး ခင်မင် ခဲ့ တဲ့.. နှုတ်ခမ်းမွေးကြီး ဦးလွင် ကို..ဖုန်းဆက် ပြီး..သူ့အဖေ ကို တွေ့ခွင့် တောင်း တော့.. မဖြစ်နိုင် ပါ တဲ့..။ အဲဒီ နောက် တော့..သူတို့ ဖခင်ကြီး စ၀်ရွှေသိုက် ကို.. သားတယောက် က လွဲ လို့..ဘယ်သူ မှ တွေ့ ခွင့် မရ လိုက် ပဲ.. ၈ လ အကြာ မှာ.. သေဆုံး သွား ပြီ ဆို တဲ့..သတင်း စကား သာ ရောက် လာ ခဲ့ သည်။ စာအုပ် ထဲ မှာ..စ၀်စန္ဒာက နာနာ ကျည်းကျည်း နဲ့.. မေးခွန်း တွေ အများကြီး ..ထုတ်ထား လေ တယ်။ အဲဒီ အချိန်တုန်းက..ဦးနု ကို တောင် အကျယ်ချုပ်ပဲ ထား ခဲ့ တာ..သူ့ အဖေ ကို တော့.. တလကြမ်း ၀င်ရောက် ဖမ်းစီး ပြီး.. ဘာလို့ အသက် သေ တဲ့ အထိ ဖြစ် စေ ခဲ့ တာ လည်း.. တဲ့။ ဒီလို ကြမ်းကြမ်း တမ်းတမ်း စီးနင်း ပြစ်ခတ် ဖို့..ဘယ်လို အကြောင်းတွေ ရှိ ခဲ့ လို့ လည်း တဲ့..။ သူတို့ ..နာကျည်း သင့်ပါ တယ် လေ.။
-
အဲဒီ အချိန် မှာ.. မဟာဒေ၀ီ က.. လန်ဒန် ကို ဆေးကု ဖို့ ရောက် နေတယ် ဆိုတော့.. ဒါဟာ လည်း..အခြေအနေ တွေကို မှန်းဆ မိ လို့.. ကြိုတင် ရှောင် နေ ခဲ့ တာလည်း ဖြစ် ပေ မည်။ လွှတ်တော် ထဲ မှာ အမတ် တနေရာ ရ လိုက်တဲ့..မဟာဒေ၀ီ ရဲ့.. ပရိယာယ်ေ၀၀ုစ် မပါ တဲ့.. ရှမ်းအရေး တောင်းဆိုမူ တွေ ကလည်း.. ဗမာ အများစု ကြီးစိုး တဲ့.. လွှတ်တော် ကြီး ထဲ မှာ.. သတိ ထားမိ စရာ ဖြစ်လာ နေ ခဲ့ တယ် လို့.. စ၀်စန္ဒာ ကိုယ်တိုင် ကလည်း သုံးသပ် ထား တယ်။

နောက်တော့..သူတို့ မိသားစု ကြီး လည်း တကွဲ တပြား..။ စ၀်ရွှေသိုက် အသုဘ ကို တက်ရောက်ဖို့.. လန်ဒန် ကနေ..ပြန် အခေါ် ခံ ရ တဲ့..မဟာဒေ၀ီ လည်း.. သိပ်မကြာ ခင် မှာ ပဲ.. စောင့်ကြည့် နေတဲ့ ကြားထဲ က..ခက်ခက် ခဲခဲ နဲ့.. ကလေးငယ် ၂ ယောက်ကို ခေါ် ပြီး.. ချင်းမိုင် ကို ပြေး..။ သားကြီး သမီးကြီး တွေ ကလည်း.. အဆင် ပြေ သလို.. ရန်ကုန်က ခွါ ကြ..။ တောခို တဲ့သူ က..ခို..။ ရှမ်းပြည် ပြန်တဲ့သူက..ပြန်။

သားသမီး မထွန်းကား တဲ့..စ၀်စန္ဒာ တို့ ဇနီးမောင်နှံ ကတော့.. ဘောက်ဇာ ခွေးကြီး တွေ ကို.. သားသမီး လုပ် လို့.သူတို့ ရဲ့..သမိုင်းဝင် လင့်ရိုဘာ လေး နဲ့.. ကမ္ဘာပတ်ရင်း.. နောက်ဆုံး ပြင်သစ် နဲ့ လန်ဒန် မှာ.. အနားယူ လေ သည်။ သူတို့ အကြာဆုံး နေထိုင် ခဲ့ တဲ့..လာအို နိုင်ငံ နဲ့ ပတ်သတ် လို့.. လာအို ဘုရင်နိုင်ငံတော် ဆို တဲ့ စာအုပ် တအုပ် ကိုလည်း.. ဇနီးမောင်နှံ အတူတူ ရေးသား ပြုစု ထုတ်ဝေ ပြီး သွား ခဲ့သည်။ သူ့ အမျိုးသားကို.. တော်တော် အားကိုး တွယ်တာ ပုံ ရ တဲ့.. စ၀်စန္ဒာ ဟာ… အခု စာအုပ် ကို လည်း.. နှစ်ယောက် အတူတူ ပြုစု ရေးသား နေ ရင်း..၂၀၀၄ ခုနှစ် မှာ..သူ့ခင်ပွန်း ဆုံး သွား တော့.. ဆက်ပြီး မရေး နိုင် တော့ လောက် အောင် ဖြစ်သွား ခဲ့ သတဲ့။

သူ့ရဲ့ ခံစားချက်တွေ.. စိတ်ဓါတ် ခွန်အား တွေ ကို.. အချိန်အတော်ကြာ ပြန်လည် စုစည်း ပြီး မှ..၂၀၀၈ ခု နှစ်မှာ ထုတ်ဝေ ဖြစ် ခဲ့ တဲ့..ကိုယ်တိုင်ရေး အတ္တုပတ္တိလေး ရဲ့.. နိဂုံး လေး ကို ဖတ် ရင်း.. ကျမ ရင် ထဲ မှာ လည်း အမျိုးအမည် မသိ တဲ့ ခံစားချက် တချို့ .. ဆို့နင့်လျက်…။





Little did we realize that the end would come so soon. It is now almost 5 years Peter’ departure. I sit at my desk looking out onto the brilliant blue waters of the Solent, gathering together my thoughts as I write. Beyond, on the opposite shores lie Gosport and Portsmouth and the horizon is tinged with a warm glow of pink. It is a moment in the late afternoon and all is quiet.

Neither the can ferry or the foot passenger ferry can be seen plying past. But before long and before the sun sinks low in the sky, a lone yacht will sail by and traffic will resume including a cruise ship making its way from Southampton towards the channel and the open sea.


As I watch, a thousand memories flash by of joy, of excitement, of sadness and sorrow – a past gone forever, but to remember and reflect upon, reminding me that all is transient.


အတိတ် တွေ ဆိုတာ..ဘယ်တော့မှ ပြန်မလာ တော့ဘူး..
ဒါပေမဲ့.. သတိရ နေ ကြဖို့.. ဆင်ခြင်သုံးသပ် ကြည့် ကြဖို့ နဲ့.. အရာအားလုံး ဟာ..ခရီးယာယီ သာ ဖြစ်တယ် ဆိုတာ..တရားသံဝေဂ ရ နေ ကြ ဖို့ ပါ.. တဲ့။


ကေ
၂၁ နိုဝင်ဘာ ၂၀၁၁

Ref: Sao Sanda, The Moon Princess, River Books, Bangkok, 2008.



+++++++++++++++++++++++++++


( ရေးလို့ မရ ပေမဲ့...ရေးလိုက်တော့လည်း အတော် ရှည်သွား သား )း)



◦
Share/Bookmark

Dr Gordon Seagrave

တို့ ပြည်ထောင်စု လူထု ရေ   ကို ရေး လိုက် ပြီး တော့.. အဲဒီ စာအုပ် ၂ အုပ်က နေ.. ပွားလာ တဲ့.. အတွေး တွေကို..အရေး ဖြစ်အောင် လုပ်ချင် နေ မိ သေး သည် ။ တခြား ဗာရီဟ တွေ ကလည်း များ နေ တော့.. မစ နိုင် ဘူး..။ အထူးသဖြင့်.. ဒေါက်တာ စီးဂရောဗ် နဲ့ ပတ်သတ် ပြီး.. ပို့စ်လေး တခု စုစည်း ပေး ချင် နေ ခဲ့ သည်။  တိုက်ဆိုင် ချင် တော့.. ခုတလော..အင်တာနက် မှာ ပျံ့နှံ့ နေ တဲ့..ဗမာပြည် နဲ့ ပတ်သတ် တဲ့..CIA Archives မှတ်တမ်း ရုပ်ရှင် ဖိုင် တခု မှာ လည်း.. အဲဒီ ဆရာဝန် ကြီး နဲ့..အင်တာဗျူး တာလေး..၅ မိနစ် စာလောက် ပါ တာလေးကို.. ကြည့် လိုက် ရ ပြန်..။ (အဲဒီ ဖိုင် ထဲ မှာ ပါတဲ့ ..ဒေါက်တာ ကျော်သက် ရဲ့..စာသင်ခန်း မြင်ကွင်း ကတော့..ဟိုး အစောပိုင်း တည်းက.. အတော် ပျံ့နှံ့ ပြီး သားပါ။ )
-
အဲဒီလို တုန်း.. ကိုယ့် ဖေ့စ်ဘွတ် ထဲ မှာ ရှိနေတဲ့.. အနုပညာသည် ဆရာဝန် တယောက် ရဲ့.. စာမျက်နှာ နံရံ မှာ..
Is there anyone who has the book named "The Life Of a Burma Surgeon  written by Gondon Stifler Seagrave?
-
လို့ တင်ထားတာ ဖျပ်ကနဲ တွေ့လိုက် မိတော့.. သြော်..ဒီ လူ့ နှယ်..စာအုပ် လိုချင် တာများ..ဒီခေတ်ကြီး..အင်တာနက် ထဲ ရိုက် ရှာ ၀ယ်ပေါ့ လို့.. တယောက်တည်း တွေးရင်း.. ကဲ..ပြောနေ ကြာတယ်.. ငါလည်း အဲဒီ စာအုပ် ကို ၀ယ် ဖတ် မယ် ဆိုပြီး.. ရှာလိုက်တာ..အမေဇုံ တွေ ရော ဘာတွေ ရော စုံ သွားတာပဲ..။ နောက်ဆုံး Google books က တဆင့် ABE books shop ဆိုတာနဲ့မှ ..သွား အဆင်ပြေ တော့ တယ်။ စာအုပ် ကတော့.. ဈေးအသက်သာ ဆုံးက ..၅ ကျပ် ကျော်ကျော် ရယ် ပေမဲ့ .. ပို့ခ က...၂၇ ကျပ် ကျ တယ် ဗျ..။ ထားတော့..။ စာအုပ် ရ တဲ့ ထိ..ဖတ်ပြီး တဲ့ အထိ..မစောင့် နိုင်ပဲ.. အာရုံ တွေ ပူပူ နွေးနွေး ရှိ နေ တုန်း.. အင်တာနက် ထဲ..ဟိုဒီ ထပ်ခေါက် ကြည့်တော့.. အဲဒီခေတ် LIFE မဂ္ဂဇင်း တွေ မှာ..သူအဖမ်းခံ ရ တဲ့ သတင်း တွေ တော်တော် ပါ ခဲ့ တာပဲ ကိုး။

အဲဒါ တွေ အကုန် လျှောက် ဖတ် ကြည့် တော့ မှ.. လတ်တလော..ရှမ်းစာအုပ် ၂ အုပ် ထဲ မှာ .. သိ ဖူး ကြားဖူး လိုက် သော.. အမေရိကန် ဆရာဝန် ကြီး အကြောင်းက..ပိုပြီး ပြည့်စုံ သွား လေ တော့သည်။



The Moon Princess ထဲ မှာတော့.. Dr Gordon Seagrave ဆိုတဲ့ ခေါင်းစဉ် ငယ် တခု သီးသန့် ရေးထား ပေမဲ့....စ၀်စန္ဒာ ငယ်စဉ် က က.. ခွဲစိတ် ကုသ ခံ ရ ဖို့..ဆရာဝန်ကြီး ဆီ ရောက် ခဲ့ ဖူး တာ...။ ဆရာဝန်ကြီး က.. မကြောက်နဲ့ လို့..ပျော်ပျော်ရွှင်ရွှင် ပြော ပြီး.. လက်ကို ကိုင် ဆုတောင်း ပေး နေ တုန်း.. နားထောင်ရင်း..နားထောင်ရင်း.. မေ့သွား ပုံ လေး ကို ချစ်စရာ ကောင်း အောင် ရေးထား လေ သည် ။ ကိုယ်တိုင် လည်း မေ့ဆေး ခဏ ခဏ ပေးခံ ..ခွဲစိတ် ခံ ရ ဖူး သူ ဆိုတော့.. အဲဒီ စာ ထဲ မှာ…လူနာ ကလေးငယ် တယောက် ..ကြင်ကြင်နာနာ... ညင်ညင်သာသာ လေး အိပ်ပျော် ပြီး..မေ့ သွား ရ တဲ့..အဖြစ် ကလေး ကို..ကောင်းကောင်း ခံစား ကြည့်လို့ ရ နေ သည် ။ ဒါပေမဲ့.. စ၀်စန္ဒာ ရဲ့ စာအုပ် ထဲ မှာ.. အဲဒီ အဖြစ် အပျက် ကလေး ရယ် ..နောင်မှာ.. ဆရာဝန် ကြီး ကို ဖဆပလ အစိုးရ က.. အမူဆင် ထောင်ချ ခဲ့ တယ် ဆိုတာ က လွဲ လို့..တခြား တော့.. များများ စားစား မပါ လှ ပါ ပေ။

အွန်ဒရေ အေး ရေး တဲ့ .. The Shan Conundrum စာအုပ် မှာ တော့.. အတော် များများ ဖော်ပြ ထား တယ်။ သူ့ ဖခင်..ဦးထွန်းအေး ကလည်း နမ့်ခမ်း က ဆိုတော့.. သူ ပြောသလို..တမြို့တည်း နေတဲ့ လွှတ်တော် အမတ် နဲ့.. အမေရိကန် ဆရာဝန် ကြီး တယောက် ရဲ့ ဆက်ဆံရေးက.. အလိုလို ကို..နီးကပ် နေ ခဲ့ တယ် ပေါ့..။ ဆရာဝန် ကြီး ရဲ့..အသုဘ မှာ တောင်.. ဦးထွန်းအေးက.. eulogy ဖတ်ပေး ခဲ့ တယ် လို့ ဆိုတယ်။

သူ့စာအုပ် ထဲ မှာ..ဆရာဝန် ကြီး ရဲ့..အစဦး ပထမ..နမ့်ခမ်း ဆေးရုံကြီး ရဲ့ လှပ ခမ်းနား ပုံကို..ရွှေလီမြစ်ကမ်း က..ကျောက်တုံး တွေ နဲ့..ဆောက်ထားတဲ့..ဂေါသစ် စတိုင်..အင်္ဂလိပ် ဆေးရုံ ကြီး တခု ဖြစ်တယ် လို့ ..ပြန်လည် သတိရ ထား လေ သည်။ ခရစ်ယန် မစ်ရှင် ဆေးရုံ ဖြစ် ပေမဲ့ Full Bright foundation ရဲ့ ငွေကြေး ထောက်ပံ့ မူ တချို့ နဲ့.. ရပ်တည် နေ ခဲ့တယ် ဆို တာတွေ..။ နောက်ပြီး.. ဆရာဝန် ကြီးက..သူ ပညာသင်ခဲ့ တဲ့.. John Hopkins က.. ခွဲစိတ်ခန်းသုံး ကိရိယာ တပတ်ရစ် တွေ ကို..တကူးတက သယ်လာပြီး.. ရှိတာ နဲ့ ဖြစ်အောင် စခဲ့ လုပ်ခဲ့ ကြ ပုံ တွေ ။ ဒါတွေ အပြင် သူ့ရဲ့..နယ်အစုံစုံ.. တိုင်းရင်းသား အစုံစုံ သော .. သူနာပြု သင်တန်းသူ တွေ အကြောင်း ကို လည်း .စိတ်ဝင်စား ဖွယ် ဖတ် ရှု ခဲ့ ရ သည် ။ သူ့ရဲ့..သူနာပြု သင်တန်းကျောင်း ကြီး က..အဲဒီ အချိန် တုန်းက..အာရှ မှာ ရော..အာဖရိက မှာ ပါ.. အကောင်းဆုံး..ကျောင်းကြီး ဖြစ်တယ် လို့ ဆို တယ်။

နောက်ပိုင်း အွန်ဒရေအေး ရေးတဲ့ အထဲ မှာ ပို ပြီး စိတ်ဝင်စား ဖို့ ကောင်း တာက.. သူ ဥရောပ မှာ.. လှည့်ပတ် နေထိုင် နေတုန်း တကွေ့ မှာ..တိုက်တိုက် ဆိုင်ဆိုင်.. ဆရာဝန် ကြီး ရဲ့ သား ဖြစ်တဲ့.. Starling Seagrave နဲ့ တွေ့ဆို သိကျွမ်းခွင့် ရ ခဲ့တယ် ဆိုတာ လေး ပါ။ Starling Seagrave ကလည်း စာအုပ်တချို့ ရေးသား ထုတ်ဝေ ဖူး ထား တဲ့.. historian တယောက် ဖြစ် သည်။ ( အပြင်က..သိရ တဲ့ အရ ဆို.. ဗမာပြည် နဲ့..အတော် ရေစက် မကွာ လို့ ထင်ရဲ့.. နာမယ်ကျော် နေရှင်း သတင်းစာ ဆရာကြီး ဦးလောရုံ ရဲ့ သမီး တယောက် ဖြစ်တဲ့..စာရေး ဆရာမ ၀င်ဒီလောရုံ နဲ့ လည်း အကြောင်းဖက် ဖူး တယ် လို့ ဆိုတယ် )

အဲဒီထက်ကို ပို စိတ်ဝင်စား စရာ ကောင်း ပြန် တာက.. ၁၉၆၅ ခု နှစ် မှာ ဆရာဝန်ကြီး..နမ့်ခမ်း မှာ.. ရုတ်တရက် သေဆုံး တော့.. သူ့သား က.. သွားရောက် သဂြိုဟ် ဖို့ အတွက်.. အဲဒီ အချိန် က..အင်မတန် ခက်ခဲ လှတဲ့..ဗမာပြည် ၀င်ခွင့် ဗီဇာ ကို.. နောက်ထပ် ခေတ်ပြိုင် တယောက် ဖြစ်တဲ့.. စစ်ဗိုလ်ချုပ်ကြီး Stilwell ရဲ့ သား အကူအညီ နဲ့ ရခဲ့တယ် လို့ ဆိုတယ်။ တကယ်တော့.. ဗိုလ်ချုပ်ကြီး Stilwell က.. ခေတ်ပြိုင် ဆိုတာထက်.. ဒုတိယ ကမ္ဘာစစ် အတွင်း က.. ဗမာပြည် မှာ.. စတီးဝဲ လမ်းမကြီး လို့ ထင်ရှား စေ ခဲ့ တဲ့.. မဟာမိတ်တပ် တွေ ရဲ့ ဦးစီး တယောက် ဖြစ် ခဲ့ပြီး..ဆရာဝန် ကြီး နဲ့ နီးကပ် ခဲ့ သူ တယောက် ဖြစ် သည်။

ဂျပန်တွေ မြန်မာ ပြည် ကို သိမ်းထား ပြီး..စစ်ကြီး ရဲ့ အထွတ်အထိပ် ရောက် နေ တဲ့ အချိန်မှာ..အိန္ဒိယ ဖက် ကို ဆုတ်ခွာ ပေး ရ တဲ့.. ဗြိတိသျှ အုပ်ချုပ်ရေး ပိုင်း တွေ နဲ့ အတူ.. ဆရာဝန် ကြီး လည်း ပါ သွား ခဲ့ သည်။ အဲဒီ မှာ.. ဗိုလ်ချုပ်ကြီး စတီးဝဲလ် ရဲ့.. အကြံအစည် ဗျူဟာ တခု ဖြစ် ခဲ့ တဲ့..လီဒို လမ်းမကြီး ဖောက်တဲ့ စီမံကိန်း တလျှောက်.. ဗိုလ်ချုပ်ကြီး စတီးဝဲလ် နဲ့ အတူ.. ဆေးမှူး တယောက် အဖြစ်.. တာဝန် ယူ ခဲ့ ရ သည်။

 COL. GORDON SEAGRAVE, 4TH GENERATION OF MISSIONARIES TO BURMA.


လီဒို လမ်းမကြီး စ ဖောက် ခဲ့ တဲ့..၁၉၄၂ က နေပြီး.. ၁၉၄၃ မှာ ပြီးဆုံး သွား တဲ့ အထိ.. လမ်းဖောက် လုပ် ရ တဲ့.. တရုတ် စစ်သား တွေ ..ဒေသခံ တွေ ကို.. ၀ါးလုံးတိုင်ထူပြီး..လေထီပိုးစ မိုး ထား တဲ့..တောတွင်း ကုသဆောင် တွေ မှာ.. မနားတမ်း ကုသ ပေး ခဲ့ ရ သည်။

Dr. Seagrave's headquarters is a cluster of bamboo huts high in the Naga Hills. Japs looted the 200-bed hospital on the Chinese border which he ran as a Baptist mission before he was commissioned in the Army. Medical parties go on foot to natives when they are too sick to come in.

 ( ပုံတွေကို.. ဒီမှာ ကြည့် နိုင် ပါတယ် )

 စစ်ကြီး အပြီး..မဟာမိတ် တပ် တွေ နဲ့ အတူ ပြန်ဝင် လာ တော့..သူ့ရဲ့ နမ့်ခမ်းဆေးရုံ ကြီး က .. စစ်ဒဏ် နဲ့ စိစိ ညက်ညက် ကျေ ပြီး ပြာ ပုံ ဖြစ် နေ ခဲ့ ပြီ။  ဒါပေမဲ့.. သူ ချစ်တဲ့.. ဒေသခံ တွေ..သူ့ကို ချစ်တဲ့.. သူ့တပည့် သူနာပြု တွေ ရဲ့.. အပြုံး တွေ နဲ့ ပဲ.. ဆေးရုံ ကြီး နဲ့ သင်တန်းကျောင်း ကြီး ကို.. တစ် က နေ..ပြန် စ ခဲ့ ကြ ပြန် တယ်။




လွတ်လပ်ရေး ရ ပြီးတော့ လည်း .... ပြည်တွင်း မညိမ် မသက် မူ တွေ က .. ကပ် ပါ လာသည် မဟုတ်လား.. ။ အဲဒီ ဒေသ မှာ..ကချင် လူမျိုး တွေ က..စ ပြီး လက်နက် ကိုင် ခဲ့ တယ်။ နောက်တော့.... တရုတ်ဖြူ ကျူးကျော်မူ ကြီး ဖြစ်လာတယ်။ ရှမ်းဒေသ မှာ.. ပြည်မ စစ်တပ် တွေ ပိုပြီး ၀င်ရောက် လာရတယ်။ အဲဒီလို နဲ့.. ရှမ်းလူမျိုး တွေ လည်း နောက်ဆုံး မှာ လက်နက် ကိုင် လာ ကြ တော့ တယ်။ အဲဒီ လောက် တိုတောင်း တဲ့..နှစ်ပိုင်း လေး တွေ မှာ.. ဗမာ ပြည် ကြီး ရဲ့ အခြေအနေ တွေ မြန်မြန် ဆန်ဆန်..ဖြစ်ပျက် ပြောင်းလဲ နေတာ ဟာ.. တကယ်တော့..အခုနေ တွေးကြည့်ရင်..မယုံ နိုင် စရာ ပါပဲ..။

အဲဒီလို အခြေအနေ တွေ ကြား ထဲ မှာ.. အစိုးရ နဲ့ ..သက်ဆိုင်ရာ အဖွဲ့ အစည်း အာဏာ ပိုင် တွေ ကြား ထဲ ..ဆရာ ၀န် ကြီး နဲ့ သူ့ဆေးရုံ ကြီး ရဲ့ အနေအထား ဟာ အတော့်ကို အရေးပါ တဲ့ အစိတ်အပိုင်း တခု ဖြစ် ခဲ့ မှာ သေချာ လှ သည်။ စစ် ပွဲ တွေ ရယ်..လူနာတွေ ရယ်.. ဆေးရုံကြီး ရယ် ..ဆရာဝန်ကြီး တယောက် ရယ် လေ..။  အထူးသဖြင့်..အမေရိကန် ကျောက်ထောက် နောက်ခံ ပေး ထားတဲ့ တရုတ်ဖြူ ကျူးကျော်မူ အတွက်  .. အမေရိကန် လူမျိုး တယောက်ဖြစ် နေတဲ့.. ဆရာဝန် ကြီး မှာ ပို ပြီး အနေကြပ် ပုံ ရ လေ သည်။ ကျနော့် ကို.. သံသယ ၀င်တာ ခံ ခဲ့ ရတယ်.. ကျနော်ဟာ တရုတ် နဲ့ ဗမာ အစိုးရ ကြား မှာ
ပြသာနာ တခု မဖြစ် ချင် ပါဘူး လို့ ပြော တာ ကို လည်း နားထောင် လိုက် ရ သည်။ အထူးသဖြင့်.. အဲဒီ တရုတ်ဖြူ ပြသာနာ မှာ..အမေရိကန် တွေ ရပ်တည်ပုံ မှားယွင်း တာ ကို ရော.. တရုတ်ဖြူ မျိုးချစ် ဆို တဲ့ ပြသာနာ ကို ရော..ဗွီဒီယို ထဲ မှာ.. ယျထဘူတ ကျကျ ထောက် ပြ သွား ခဲ့ သည်။
မပြေးသော် ကန်ရာရှိ...ဗမာ ပြည် ရဲ့ အရှုပ်ထွေး ဆုံး နိုင်ငံရေး..စစ်ရေး အခြေအနေ တွေ ကြားထဲ မှာ.. သူ့လို..အမေရိကန် ကြီး တယောက် ကို..ယုံထင် ကြောင်ထင်..မျက်စိ စပါးမွေး ဆူးစရာ ဖြစ်လာ ခဲ့ တာ လည်း ဆန်း တော့ မဆန်း ပေ။



တကယ် တော့.. သူက..အမေရိကန် ကြီး တယောက် လို့ သာ ဆို ပေမဲ့.. မြန်မာ ပြည် မှာ မွေး ပြီး.. တကယ်တမ်း အားဖြင့် ဆို.. မွေးဖွားရာ အခွင့်အရေး အရ.. မြန်မာ နိုင်ငံသား ဖြစ် ထိုက်သူ တယောက် ပါ။ သူ့ကို..မစ်ရှင် သာသနာ ပြု မိဘ နှစ်ပါး က..မြန်မာ ပြည် မှာ မွေးဖွါး ခဲ့ သည်။ တနေ့ ကျရင်..ဒီတိုင်းပြည် ဒီလူမျိုး တွေ ကြားထဲ မှာ..ဆေးကုသ ပြီး သာသနာ ပြု ချင်တယ် လို့.. သူ ငယ်စဉ် ၅ နှစ်သား အရွယ်က..မိဘ တွေကို ပြောခဲ့ ဖူးသတဲ့..။ နောက်ထပ် နှစ်ပေါင်း ၂၀ ကျော် ကြာတဲ့ အခါ မှာ..အမေရိကန် ကနေ..ဆေးပညာ သင်ယူ တတ်မြောက် ပြီး တဲ့ အခါ.. သူ့ အိပ်မက် တွေ အတိုင်း.. မြန်မာပြည်ကို ပြန်လာ ခဲ့ တယ်။ ရိုးရိုး ပြန်လာ ခဲ့ တာ မဟုတ်ပဲ.. John Hopkins ဆေးရုံ ကြီးက.. တပတ်နွမ်း ခွဲစိတ် ကိရိယာ တန်ဆာ ပလာ တွေကို.. တကူးတက သယ်ယူ လာ ခဲ့ တာ.. အာရှတိုက် မှာ..အကောင်းဆုံး ဖြစ်ခဲ့ တဲ့..ဆေးရုံကြီး နဲ့ သူနာပြု သင်တန်းကျောင်း ကြီး ကို တည်ထောင်ဖို့ ပေါ့။
သူ့ရဲ့ လခ က.. တလ ကို ၁၉ ဒေါ်လာ..ကနေ...ဈေးတက်လာတော့.. ၅၉ ဒေါ်လာ ။
နောက်တော့..အစိုးရ က…အမူဆင်.. တရားစွဲ..။
ပြန် အပို့ ခံ မလား.. ထောင် ကျ ခံ မလား ဆိုတော့.. ပြန်အပို့ တော့ မခံ နိုင်။
အဲဒီတော့.. အလုပ်ကြမ်း နဲ့ ထောင်ဒဏ် ၆ နှစ်…။
တနှစ်အကြာ.. ထောင်က လွတ်တော့ လည်း... သူ့ခြေလှမ်း များ က....နမ့်ခမ်းဆေးရုံ ကြီး ဆီ သို့ သာ။ သေတဲ့ အထိ..နမ့်ခမ်း နဲ့ ရှမ်းမြေ က..တဖ၀ါး မခွါ ခဲ့။ တိုက်ဆိုင် ချင် တော့.. သူ့ဆေးရုံ ကြီး ပြည်သူပိုင် သိမ်းခံ လိုက် ရ တဲ့ နှစ် ပိုင်း နဲ့..မရှေးမနှောင်း မှာပဲ.. အကောင်း ကြီး ကနေ..ရုတ်တရက် လဲပြို သေဆုံး သွားခဲ့ တာ ဖြစ်တယ် လို့.. အွန်ဒရေအေး စာအုပ် မှာ တွေ့ရ သည်။





သူ့ အသံ နဲ့ သူ့ဟန် ပန် ကို.. ကံအားလျော် စွာ.. အခု လို သက်ဝင် လှုပ်ရှား မြင်တွေ့ ရ တော့..သူ့ လုပ်ရပ် စိတ်နေ သဘော ထား ကို..ပိုလို့ပင် ကြည်လင် ပြတ်သား စွာ နားလည် မိ ရ လေ သည်။

I didnt' want to leave here as a traitor. I didn't want the people in Burma to believe that I'm a traitor.. and I didn't want the people of America to believe that It was a treason against this country.
သူ ဗမာပြည်က..ဘယ်တော့ မှ ထွက်မသွားဘူး..။ ဗမာပြည်သား တွေ က..သူ့ကို သစ္စာဖောက် တယောက် လို့ အထင်မခံ နိုင် သလို.. အမေရိကန် နိုင်ငံသား တွေ ကလည်း ဒါဟာ နိုင်ငံတော်ပုန်ကန်မူ တခု ပါပဲ လို့အထင် မခံ နိုင်ဘူး.. တဲ့။
-
သူ့ အမူ အတွက်..အမေရိကန် မိတ်ဆွေ အသိုင်း အ၀ိုင်း တွေက.. အမေရိကန် ရှေ့နေ တယောက် ငှါးပေး ဖို့ ကမ်းလှမ်း တာ ကို လည်း.. ဗမာပြည်ရဲ့ တရားရေး စနစ် ကို သူ ယုံကြည် တယ် ဆိုပြီး ညင်းဆို ခဲ့ သည်။
-
သူ့ အမူ ကို အလုပ်ကြမ်း နဲ့ ထောင်ဒဏ် ၆ နှစ် လို့.. တရားရုံး က..ဆုံးဖြတ်ချက် ချ လိုက် တဲ့ နေ့ မှာ.. ဗမာ သတင်း ထောက် တယောက် ရဲ့ မေးခွန်း ကို.. ရိုးရိုး ရှင်းရှင်း ပဲ ဖြေ သွား ခဲ့ တယ်။

လူတချို့က.. ကျနော့် ကို ဘယ်လိုပဲ ပြုမူ ပြုမူ.. ခင်ဗျားကို သိစေချင်တာက.. ကျနော်..ဗမာလူမျိုး တွေကို ချစ်လျက်ပဲ ဗျာ.. တဲ့။ ထပ်ပြော တာက.. အမေရိကန် လူမျိုး တွေ ကလည်း.. အခုလို.. လုပ်ရပ် လောက် နဲ့ တော့.. ဗမာ လူမျိုး တခုလုံး ကို.. ဆုံးဖြတ် အပြစ်တင် လိမ့်မယ် မဟုတ်ဘူး လို့..ကျနော် ရိုးရိုး သားသား မျှော်လင့် ပါတယ်.. တဲ့။

သူ့အတွက်..အားနာ ပူပန် ပြီး.. အသနား ခံစာ တင်ဖို့ လုပ်နေ တဲ့ ..ဗမာရှေ့နေ ကြီး ဦးကျော်မြင့် ကို တောင်..ဒီအပြစ်ဒဏ် တွေ နဲ့..ခင်ဗျား အပေါ်တင်ပြီး ဆက်လုပ် နေရ မှာ..ကျနော် မလုပ်ချင် ပါဘူး လို့ ဆို ခဲ့သေး သည်။
-
ဒေါက်တာ စီးဂရော့ဗ် ၏.. ပြစ်ဒဏ် များ က တော့..
Charge No. 1, that Seagrave had given aid and comfort to the State's enemies by having tea with a Kachin rebel leader, allowing the rebels to play football on hospital grounds—(not guilty)

charge No. 2, that he had written a letter to facilitate the rebels' arrest of a government commissioner—(guilty)

charge No. 3, that he had given medical help to rebels—(guilty)

ဆရာဝန် တယောက်က.. ဆေးကု ပေး လို့.. အပြစ် ရှိ သတဲ့..။
ဆရာဝန် တယောက် ..လူနာကို မြင်တဲ့ အခါ..ဆင်းရဲသား လား.. လူချမ်းသာလား..ရန်သူ လား..မိတ်ဆွေလား.. ကျုးကျော်သူလား..မဟာမိတ် လား ဆိုတာ..အရင် ခွဲ ခြား ပြီးမှ ကုသ ရ မတဲ့ လား။
-
တကယ်တော့.. အဲဒီ အချိန်က.. မကျေမနပ် လက်နက်ကိုင် ခဲ့ ကြတဲ့..ကချင် တွေ..ကရင် တွေ ..ရှမ်းတွေ ကို..သူ့ အနေ နဲ့.. ပိုပြီး ချစ်ခင် နီးကပ် ခဲ့ တယ် ဆိုရင် တောင်.. သူ့မှာ ချစ်ခင် ခွင့် ရှိသလို..နီးကပ်ဖို့ အကြောင်း များ လည်း လုံလောက် ခဲ့ ပါသည်။ လူမျိုးစု တွေ ကြားထဲ မှာ သူ မွေးခဲ့ သည်။ မျိုးစေ့ တွေ ကျဲ ခဲ့သည်။ ဒီလူမျိုးတွေ နဲ့အတူ ..ဒိုးတူ ဘောင်ဖက်..မျိုးပင် တွေ ရိတ်ခဲ့ သည်။ အသီး အပွင့် တွေ ခံစား ရင်း ကြည်နူး ခဲ့ သည်။ ကရင်..ကချင်..ရှမ်း နဲ့..ဗမာ ဘာသာ စကား လေးမျိုး လုံး ကို ကျွမ်းကျင် ပိုင်နိုင် စွာ ပြောနိုင် ခဲ့ သည်။ မြန်မာ ပြည် မှာ မွေး ၍ မြန်မာ့ မြေ အတွက် အဆုံးစွန် ထိ..အလုပ်ကျွေးပြု သွား ခဲ့ သည်။ ဒါပေမဲ့.. မြန်မာ့ သမိုင်း မှာ တော့ ..ရှာမတွေ့ နိုင် ခဲ့ ရ..။ မြန်မာ တွေ အလွယ်တကူ ဖတ်ရှု သိမြင် ခွင့် မရ နိုင် သော.. နိုင်ငံခြားသား ကြီး တယောက် အဖြစ် သာ။


ကေ
၆ စက်တင်ဘာ ၂၀၁၁ 

+++++

Gordon Stifler Seagrave

1897,          Mar. 18 Born, Rangoon, Burma
1917          A.B., Denison University, Granville, Ohio
1920          Married Marion Grace Morse
1921           M.D., Johns Hopkins University Medical School, Baltimore, Md.
1922-1965  Practiced medicine, Namkham Hospital, Namkhan, Burma, with a four- year
                 absence from 1942 to 1946
1930          Published Waste-Basket Surgery. Philadelphia and Boston: Judson Press
1938           Published Tales of a Waste-Basket Surgeon. Philadelphiaand                           
1942-1946     Served in United States Army Medical Corps, first as Major and later as  Lieutenant Colonel
1943             Published Burma Surgeon. New York: W.W. Norton and Co.
1946             Published Burma Surgeon Returns. New York: W.W. Norton and Co.
1955             Published My Hospital in the Hills. New York: W.W. Norton and Co.
1960             Published Life of a Burma Surgeon. New York: Ballantine Books
1965,Mar. 29 Died, Namkhan, Burma

( source: American Medical Center for Burma Records 3)


Reference:
Sao Sanda, The Moon Princess, River Books, Bangkok, 2008, p.128

◦
Share/Bookmark