အိပ်မက်တွေ စီးပြီး သွားတဲ့ ခရီး

ကောင်မလေး နဲ့ ကျောင်းသား တချို့  နေ့လည်စာ ဘားထဲ ၀င်လာပြီး ခပ်သွက်သွက်ပဲ ခုံတွေမှာ နေရာယူလိုက်ကြတယ်။ လူတချို့ အံ့သြပြီး ကြောင်ကြည့်နေ တယ် ။ မိန်းမကြီး တယောက်က ဒါ နင်တို့စားတဲ့ဆိုင်မဟုတ်ဘူးလို့ ပြောတယ်။ သူတို့ ဘာမှ ပြန်မပြောပဲ ဆက်ထိုင်နေတယ်။ ချက်ခြင်းပဲ တဆိုင်လုံးရဲ့ အကြည့်က သူတို့ ဆီ ရောက်လာတယ်။ တယောက်တပေါက် သံတွေ ဆူညံလာတယ်။ သူတို့ ကတော့ ၊ ရှေ့တဲ့တဲ့က ကောင်တာကိုပဲ ကြည့်ပြီး ၊ ငါတို့ကို ၀န်ဆောင်မူပေးပါ လို့ ပြောတယ်။ လူတချို့ ဆိုင်ထဲကနေ..ဆဲဆို မြည်တမ်းပြီး ထွက်သွားကြတယ်။ သူတို့ အသံကို ထပ်မြှင့်တယ်။ ဆိုင်ထဲက လူတွေ ၀ိုင်းလာကြတယ်။ တယောက်က ငရုတ်ဆီပုလင်းကို ယူပြီး ကောင်မလေးရဲ့ မျက်နှာ ကို ပက်လိုက်တယ်။ နောက်တယောက်က အချဉ်ရေတွေ ခေါင်းပေါ် လောင်းချတယ်။ မျက်ခွံတွေ အလိုအလျောက် ဖျပ်ကနဲ ပိတ်လိုက် တာကလွဲလို့ တုတ်တုတ်မှ မလှုပ်ဘူးကြဘူး ။ တယောက်က တံတွေးနဲ့ ထွေးလိုက်တယ်။ စိုရွှဲ ညစ်ပတ်နေတဲ့ မျက်နှာအောက်က ကောင်မလေး ရဲ့ မာချင်ချင် မျက်လုံးလေးတွေက  ပိုပြီး တောက်ပြောင်လာတယ်။ ကြံ့ခိုင်ဟန်ရှိတဲ့ မေးရိုးလေးတွေ ပိုပြီး ထောင်လာတယ်။ ကောင်မလေး ရဲ့ ဆံပင်ကို ဆောင့်ဆွဲပြီး ခုံပေါ်က ဆွဲချတယ်။ ကောင်မလေး အသံကုန် အော်လိုက်တဲ့ အချိန်မှာ နောက်ပြကွက် တခု ဖြစ်သွားခဲ့ပြီ။ 


သူ့ထိုင်ခုံ ရှေ့က မြင်ကွင်းကျဉ်းကျဉ်း တီဗွီ မျက်နှာပြင်လေးကို ကြည့်ရင်း အသက်ရှု ကျပ်လာတယ်။ သက်ပြင်းတခု ၀၀ ရှုသွင်းချ လိုက်ရင်း တီဗွီလေးရဲ့  လမ်းကြောင်းပြ ခလုတ်ကလေးကို ပြောင်းနှိပ်လိုက်တယ်။ သူတို့ လေယဉ်ကြီးက ပစိဖိတ် သမုဒ္ဒရာ ကြီးကို တော်တော်တောင် ဖြတ်ပြီးနေပြီပဲ ။ လေယဉ်ခရီးရှည် စီးရတဲ့ ညဖက် အချိန်တွေမှာ သူ စိတ်ချ လက်ချ အိပ်မပျော်တတ်ပါ ။ ရုပ်ရှင်တွေ တကားပြီး တကားကြည့်လိုက် စာဖတ်လိုက် တရေးငိုက်လိုက် သာ ဖြစ်နေတတ်သည်။ ရုပ်ရှင်တွေ ကြည့်ဖို့ ရွေးတော့ ၊ အခု ကိုယ်သွားလည်မဲ့ နိုင်ငံရဲ့  လူမူသမိုင်းကြောင်း နဲ့ ဆက်စပ် တာကို သာ ရွေးမည်လို့ ပေါ့ ။ ပြောတော့လည်း ၊ ကမ္ဘာမှာ ကျယ်ကျယ်ပြန့်ပြန့်  ကြည့်ရှု အသုံးတော် ခံ ကြတဲ့ ရုပ်ရှင်ဇတ်ကား ဆိုတာတွေကလည်း ၊ အဲဒီ အမေရိက နိုင်ငံ ကြီးကပဲ ထုတ်လုပ်ပြီး အဲဒီ အမေရိကနိုင်ငံ နောက်ခံ တွေသာပဲ ခပ်များများ မဟုတ်လား။ 


အခု ကြည့်နေတဲ့ The Butler ရုပ်ရှင်ကလည်း ၊ အမေရိကန် သမ္မတ ခုနှစ်ဆက် တာဝန်သိသိ သစ္စာရှိရှိ ထမ်းဆောင်ခဲ့တဲ့ အမေရိကန် အာဖရိကန် လူမည်း ကြီး တယောက်ရဲ့  အိမ်ဖြူတော် မီးဖိုချောင်က လက်ဖက်ရည်ဆက်သ တဲ့ အလုပ်နဲ့  သားကြီး ဖြစ်သူရဲ့  အသားအရောင်ခွဲခြားမူ တိုက်ဖျက်ရေး civil right လှုပ်ရှားမူ တွေကြားက ၊ လိပ်ပြာတိုက်ပွဲ အကြောင်း ။ တကယ့် အဖြစ်မှန် ကို အခြေခံထားတယ် ဆိုပေမဲ့ ၊ ရုပ်ရှင်ဇာတ်လမ်း တို့ ရဲ့ ထုံးစံ လုပ်ဇာတ် ထိုးကွက်ကလေးတွေ လည်း ပါမည်ပေါ့ ။ အထူးသဖြင့် အိမ်ဖြူတော် အထက်တန်းလွှာ လူဖြူတွေ ကို အထင်ကြီး စိတ်ဝင်စားရင်း တဖက်ကလည်း  ခွဲခြားကန့်သတ်ခံ ဘ၀တူ လူမည်းတွေ အတွက် မခံချင် ၊ ခင်ပွန်း နဲ့ သား အကြား ဗျာများရတဲ့  ဘတ်တလာ ကြီးရဲ့ မိန်းမ နေရာမှာ ထူးထူးခြားခြား ထဲ့ရိုက်ထားတဲ့ နာမယ်ကျော် တီဗွီအစီအစဉ် တင်ဆက်သူ အော်ပရာ ၀င်းဖရေး ကြောင့်လည်း ဒီဇာတ်ကား ကို ကြည့်ဖြစ်သွားတယ် ဆိုပါတော့။

ဒရာမာ ပီပီ ၊ လေးတွဲ့တွဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေကြား  တချက် တချက် အိပ်ငိုက်သွားပေမဲ့ ၊ အိမ်ဖြူတော်က  ဘတ်တလာရဲ့ သား ကို လှုပ်ရှားမူတွေထဲ ပါလာအောင် ဆွဲဆောင် စည်းရုံးခဲ့တဲ့ ချစ်သူ လူမည်းမလေး ရဲ့  သရုပ်ဆောင်ကွက်ကလေး တွေက၊ တမျိုး ကြည့်လို့ ကောင်းလှသည် ။  sit-in  လှုပ်ရှားမူ လို့ ခေါ်တဲ့  သူတို့ ကောလိပ် ကျောင်းသား အဖွဲ့ တွေရဲ့ ၊ လူမည်းမ၀င်ရ ဆိုင်တွေထဲကို အတင်းဝင်ထိုင်ကြတဲ့ အခန်း ပြီးသွားတော့ ၊ အတွေးတွေက ဟိုဟိုဒီဒီ။

ခွဲခြားကန့်သန့်မူ ဆိုတာ အသားအရောင်တင် မကပါဘူး . . ဘယ်အတွက်မှ မရှိသင့်တာ ။ ကိုယ်ချင်းစာကြည့်လေ ဘယ်သူ ခွဲခြားကန့်သတ်ခံရသူ ဖြစ်ချင်မလဲ ။ တကယ်ဆို အမေရိကန် အသားအရောင်ခွဲခြားမူ ပြည်သူ့ အခွင့်အရေး လှုပ်ရှားမူတွေ အထွတ်အထိပ်ရောက်နေခဲ့တဲ့ ၁၉ ၅၀-၆၀ ဆိုတဲ့ နှစ်ကာလတွေက ဘာမှ သိပ်ဝေးလှသေးတဲ့ သမိုင်း မဟုတ်။ ခုတော့ အမေရိကန်သမ္မတပင် လူမဲ အနွယ်ထဲက ဖြစ်လာခဲ့ပြီ မို့ ၊  ဘတ်တလာကြီး လည်း သေပျော်ပြီပေါ့ ။ 

အမေရိက ကို သွားကြမယ် ဆိုတော့ သူက အဲ့ဒီလို သမိုင်းကြောင်း နက်ရှိုင်းခဲ့တဲ့ အရှေ့ဖက်ခြမ်း ပြည်နယ်တွေဆီ သွားပြီး ခြေရာခံကြည့်ချင်သည်။ ဒေသခံ တိုင်းရင်းသားတွေ ရဲ့ ၀ိညဉ်တွေ ခိုတွယ်ရာ အင်ဒိစ် တောင်တန်းကြီးတွေ အနား ဝေ့သီ ကြည့်ချင်သည်။ ဒါပေမဲ့ အခွင့်မသာ ။ သူတို့  ဦးတည်ရာ က၊  အနောက်ဖက်ခြမ်းကမ်းခြေဒေသ က မြို့ပြတချို့ဆီ ။ “ကေ” ဒီဖက် လာနိုင်ရင် အရမ်း စိတ်ဝင်စားမှာပဲ ဒီမှာ မာတင်လူသာကင်း ဂျုနီယာ ရဲ့  အမှတ်တရ နေရာတွေ ရှိတယ် ဆိုတဲ့ အတ္တလန်တာ မှာ နေတဲ့ မချိုရဲ့ ဖိတ်ခေါ်သံ ကို ဖုန်းထဲမှာ ပဲ မေ့ပျောက်ပစ်လိုက်ရသည်။ 

ခရီးက တ၀က်ကျိုးလာပေမဲ့ လေယဉ်ပျံ ဦးတည်ရာ လော့စ်အိန်ဂျလိစ် ကို ရောက်ဖို့ နောက်ထပ် ၆ နာရီ လောက် လိုသေးသည်။ ရုပ်ရှင်လည်း ဆက်မကြည့်ချင် ။ စာဖတ်မယ်ဆိုပြီး  Kindle လေးကို ဖွင့်သည်။   စာအုပ်က ၊ နိုဘယ်ဆုရှင် အမေရိကန်စီးပွားရေးပညာရှင် ဂျိုးဇက်စတစ်ဂလစ်ဇ် ရဲ့ The Price of Inequality ။ ဖတ်လတ်စ မှတ်ထားတဲ့ နေရာက ပထမဆုံး အခန်း ဖြစ်တဲ့ America’s 1 percent Problem .





xxxxxxx


တကယ့်တကယ် မြောက်အမေရိက တိုက်ကြီးပေါ်ကို ခြေချမိတော့ ၊ သူ့  အတွေးအာရုံတွေထဲ လောလောလတ်လတ် ရောက်နေတဲ့၊  ပြည့်သူ့ အခွင့်အရေး တိုက်ပွဲဝင်ခဲ့တဲ့ မာတင်လူသာကင်း တို့ လူမဲအဖွဲ့တွေ ကိုလည်း မတွေ့ရ ။ ခေါင်းပေါ်မှာ သိမ်းငှက်အမွေးအတောင်တွေ တလူလူ ထောင်နေတဲ့ ၊ လေးမြှားတလက် နဲ့  လူနီအုပ်စု တွေကိုလည်း မမြင်ရ ။ ကြီးကြီးကျယ်ကျယ် ရှာဖွေ ဖတ်ရှုနေမိတဲ့   Wall Street ပေါ်က တစ်ရာခိုင်နှုံး သော လူဖြူ ဆိုတာတွေက တော့ ဝေးပေါ့။ ဒါပေမဲ့  လူဝါ၀ါ တွေကိုတော့ ပေါပေါများများ တွေ့ ရပါရဲ့ ။ သေချာတာတော့  အပြင်က လာလည်တဲ့ သူတယောက် အနေနဲ့ အမျိုးအမည် အရောင် ခွဲခြားလို့ မတတ်နိုင်တဲ့ ၊ အရောင်ပျယ် နေတဲ့ သူတွေ ကသာ အများစု ။ ဒါကိုက အမေရိက ရဲ့  အမှတ်အသား တခု လို့ ဆိုသည်။ 





ဒီ့ထက် ထူးခြားတာက၊ အရောင်ပျယ်ယုံ ပျက်ယုံတင်မက ညစ်ထပ် နွမ်းဖတ်နေတဲ့ လူ တွေကို  အမေရိက ရဲ့ လမ်းဆုံ လမ်းခွ တိုင်း မှာ တွေ့ရတာပဲ ။ သူတောင်းစားတွေ အလှူခံတွေ ပေါပါတယ်ဆို တဲ့ ကိုယ်တို့ မြန်မာပြည်ကြီး လောက် နီးနီး ၊ စာရွက်ကလေးတွေထောင် ၊ ခွက်ကလေးတွေချ ပြီး ၊ တောင်းစားနေတဲ့ အိုးမဲ့ အိမ်မဲ့ ဆိုတဲ့ လူတန်းစား တရပ်ကို ၊ အမေရိကမှာ မမျှော်လင့်ပဲ ၊ အမြောက်အမြား တွေ့ နေရသည်။ စတစ်ဂလစ်ဇ် ပြောတဲ့ Inequality ရဲ့ အထင်ရှားဆုံး သက်သေ တွေပဲလား ။ လုပ်ခ လစာ အတွက် ဆန္ဒပြနေတဲ့ အလုပ်သမားအဖွဲ့ တချို့ကိုလည်း  မြို့လယ်ခေါင်က နာမယ်ကြီး ဆိုင်ကြီးတွေ ရှေ့မှာ တွေ့နေရတယ်။





ကိုယ်တိုင်က လူဝါ  မို့ ၊ အနီးအပါး သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းတွေ အကုန် ၀ါတာတာ ဖြစ်နေတာ မဆန်းပေမဲ့လို့ ၊ ပထမ ဆုံး ရောက်သွားတဲ့ ဆန်ဖရန်စ္စကို ဘေးဧရိယာမှာ ၊ အဘိုးအဘွားက စလို့  တူ-တူမ တွေအထိ ၊ စားရင်းဝင်ပြီး ဖြစ်နေတဲ့ ၊ မြန်မာပြည်ပေါက် တရုတ်အနွယ် တွေ  တော်တော်များများကို  အခြေတကျ ဖြစ်နေကြတာ တွေ့တော့ အံ့သြနေမိတယ်။ အမ လိုလည်း ဖြစ် ၊ ဆရာမ လည်း ဖြစ်နေတဲ့ ဒေါ်နီနီလွင် ရဲ့  sun set က အခန်းလေးမှာ ခဏ တည်းခိုနေတုန်း ၊ မနီက.. အန်းမ လို့ ခေါ်တဲ့ မျက်နှာချင်းဆိုင် အခန်းက တိုက်ပိုင်ရှင် အဒေါ်ကြီး တိုင်ချိ ကစားဖို့  အောက်ဆင်းတာနဲ့  တခေါက် နှစ်ခေါက် ကြုံသည်။ နေသာတဲ့ မနက်ခင်းတွေမှာ Sun set ကမ်းခြေတလျှောက်မှာ နဂိုအရောင်ပျယ်နေတဲ့ သူတွေ တောက်ပတဲ့ အရောင်အသစ်တွေနဲ့ လမ်းလျှောက်သူက လျှောက်၊ အပမ်းဖြေသူက ဖြေ ။ 

တညနေတော့ ဘူမိက ဆရာဦးကိုကိုသန့်က  ကားနဲ့ လာခေါ်ပြီး Twin Peaks လို့ ခေါ်တဲ့ တောင်ထိပ်ရှုခင်းသာ ကို လိုက်ပို့သည်။ ဒီနေရာက နေ၀င်သွားပြီးကာစ အချိန်မှာမှ အလှဆုံးလို့ ဆိုသည်။ အလင်းဖျော့ဖျော့ တောင်ထိပ်မှာ ကိုယ်တွေလိုပဲ နေ၀င်ချိန်ကို  စောင့်ကြည့်နေကြ တဲ့ ၊ အရောင်ပျယ်လူတစု ကို တွေ့ရသည်။ ဆရာ က ဟိုးခပ်လှမ်းလှမ်းက တံတားကြီး တခု ကို လက်ညှိးထိုးပြပြီး ၊ အဲဒီဘေးက ဖောင်ဒေးရှင်းတွေ ငါတို့ လုပ်ခဲ့တာပေါ့ကွာ လို့  ပြောသည်။ ဆရာ့ မျက်နှာကို လှမ်းကြည့်တော့ နေ၀င်ပြီးကာစ ညနေရောင် အောက်မှာ မသဲမကွဲ။  ကြည့်နေရင်းပဲ  ပြာရီရီ ညဦးကောင်းကင် ရဲ့ အောက်မှာ ၊ ဆန်ဖရန်စ္စကို မြို့ ကြီးက မီးရောင်တွေ ပြိုးပြိုးပြက်ပြက် နဲ့  အသွင်ပြောင်းသွားတော့သည်။ 





















.

တကယ်တော့ အခု ခရီးစဉ်မှာ ဆန်ဖရန်စစ္စကို မပါခဲ့ ။ အမျိုးသားရဲ့  အလုပ်ကိစ္စ နဲ့  Utah ပြည်နယ်ထဲက Salt Lake City ကိုလာဖို့က အဓိက ။ ပြီးရင်တော့ တထောက်နားရာ LA မှာပဲ လည်ပြီးပြန်ကြမည်ပေါ့။ ဒါပေမဲ့ သူ့ကိစ္စက မက္ကစီကိုထိ ရောက်သွားလေတော့ တယောက်ထဲ ဆန်ဖရန် ဆင်းလည်ရဖို့ အကြောင်းဖန်လာခဲ့ တာ။ ဆန်ဖရန်မှာ တွေ့မယ်လို့ ချိန်းထားသူတွေထဲမှာ  မနီ ကလွဲလို့  တယောက်မှ အပြင်မှာ အသေအချာ ဆုံဖူးထားတာ မဟုတ်။ ဒါပေမဲ့ ၊ တွေ့လိုက်ကြတော့လည်း ၊ ဘယ်အချိန်တည်းက မိတ်ဆွေရင်းတွေလို ဖြစ်နေခဲ့မှန်းလည်း မသိ ။  လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကျော် အွန်လိုင်းမီဒီယာတွေ မကျယ်ပြန့်လှခင် အချိန်တွေတည်းက ၊တစိုက်မတ်မတ် အားပေးလာခဲ့တဲ့ မိုးမခ မိသားစု နဲ့ လည်း တွေ့ချင်သည်။ ကံကောင်းချင်တော့ စိန်ပန်း နဲ့ ကံ့ကော် စာအုပ်ကလေး ကြောင့် ၊ အမျိုးပြန်စပ်ဖြစ်သွားတဲ့ အင်းလျားညီအမ မမြတ်မိုး တို့ မိသားစု ကလည်း စင်ကာပူကနေ ၊ အမေရိက ကို ပြောင်းရွှေ့ လာကာစ - မိုးမခ နဲ့ နီးစပ်သူတွေ ။ မိုးမခ ကိုရစ် ရဲ့ အမျိုးသမီး မမေသန်းဌေး နဲ့ မနီ ကလည်း ရခိုင်သူခြင်းတွေ ။ အားလုံး ဆက်စပ် လိုက်တော့ ၊ ဒီ အ၀န်းအ၀ိုင်းထဲကချည်း ။ ဒီကြားထဲ အမ ဖြစ်သူရဲ့ သူငယ်ချင်း မမိစံ ကြီးကလည်း မအားတဲ့ ကြားက အိပ်ရေးပျက်ခံပြီး တရက် လိုက်လည်ပြီး မုန့်ကျွေးသည်။ အဲဒီမှာ ထူးထူးခြားခြား ကျေးဇူးတင်ရမှာက၊ လူခြင်း နာမယ်ခြင်း တခါမှ မဆုံဘူး မကြားဘူးခဲ့ပေမဲ့ ၊ ဆွေမျိုးသားခြင်း တယောက်လို ဂရုတစိုက် အလည်လိုက်ပို့ ပေးကြ တဲ့ ၊ မနီ ရဲ့  ဘာသာရေးမိတ်ဆွေ မြန်မာတရုတ် အမျိုးသမီးကြီးတွေ ။ သူတို့ ကောင်းမူကြောင့် ဆန်ဖရန် ကို တော်တော်စုံ သွားတဲ့ အပြင် ၊ ပြတိုက် သုံးခု စလုံးရဲ့  လက်မှတ်ကိုတောင် လက်ဆောင်ရလာအောင်  နှံ့စပ် အပေါင်းအသင်းဆန့်လှသူတွေ ။





 မထင်မှတ်ထားပဲ အားလုံးက သိုက်သိုက်မြိုက်မြိုက် ဖြစ်နေသည်။ ဒါတောင် ၃ နာရီလောက် မောင်းရတဲ့ မြို့က ဘလော့ဂါ ညီမလေး ရွှေဂျမ်းကလည်း သူ့ဆီကို ရောက်အောင်လာဖို့ ခေါ်နေသေးသည်။ တက်စီမောင်းနေတဲ့ ကျောင်းတုန်းက သူငယ်ချင်း တယောက်က လည်း ၊ အပြန် လေဆိပ်လိုက်ပို့မယ်လို့ ဖုန်းလှမ်းဆက်ထားသည်။ ဆန်ဖရန်စစ္စကို မှာ နေတဲ့ တပတ်က ဘယ်လို ကုန်သွားမှန်းပင် မသိလိုက်။ တောင်ကုန်းလေးတွေ အတက်အဆင်း ၊  အိမ်လေးတွေ အနိမ့်အမြင့် နဲ့ ၊ အလှဆုံး မြို့လေးကို ခြေလျင်ပင် လျှောက်မကြည့်လိုက်ရ ။ 

ဒါပေမဲ့  ဂိုးဒင်းဂိတ် တံတားကြီး ပေါ်မှာ ခြေလျင်ဖြတ်လျှောက်ဖို့ကိုတော့ မမေ့ခဲ့ပါ။  တံတားနီနီကြီး ပေါ်ကနေ၊  ကောင်းကင်ပြာပြာ အောက်က ညို့တို့တို့ ပင်လယ်အော်ကြီးကို ငေးရင်း လူဖြူတွေ မရောက်လာခင်တုန်းက ဒီနေရာတွေဟာ နတ်ပြည်လိုများ ဖြစ်နေမလားလို့ တွေးချင်ရာတွေး ကြည့်သည်။ တံတား လက်တန်းကြီးတွေကို ချည်(မ) ထားတဲ့ လက်မောင်းလောက် သံကြိုးနီနီ ကြီးတွေကို ပွတ်သပ်ကြည့်ရင်း လွန်ခဲ့တဲ့ နှစ်တရာလောက်က ၊ ဟိုး .. ထိပ်က သံယက်မ စင်ကြီးတွေပေါ်မှာ ထိုင်နေခဲ့တဲ့ ဆောက်လုပ်ရေး အလုပ်သမားကြီးတွေရဲ့ ၊ ကမ္ဘာကျော် ဓါတ်ပုံတပုံကို ပြန်အသက်သွင်းကြည့်နေမိတယ်။ 




ပါးစပ် ကလည်း မမြတ်မိုး နဲ့ စကားတွေ ပြောလို့ မကုန်။
ပြီးခဲ့တဲ့ ညက ကိုတိုးလွင် ဆီ သွားရင်း ရောက်ခဲ့တဲ့ ခွပ်ဒေါင်းအလံကြီး နဲ့ အန်အယ်ဒီ LA ရုံးခန်းလေး အကြောင်းက စလို့ ၊  အန်အယ်ဒီ ပါတီကြီးရဲ့ သမိုင်းအဟောင်းတွေ အထိ ၊ သူတို့မှာ ပြောစရာတွေ တူနေကြသည်။ ရွှေ့ပြောင်း နေထိုင်မူ တွေနဲ့ အတူ၊ ပြောင်းရွေ့ နေကြရတဲ့  အလုပ်အကိုင် ဘ၀ အာမခံချက်တွေ အကြောင်းလည်း ပါသည်။ အန်အယ်ဒီ LA က လော့စ်အိန်ဂျလိစ်မှာ မဟုတ်ပဲ ဘယ်လိုလုပ် ဆန်ဖရန် ရောက်နေတာလဲလို့ ပင် နောက်မိသေးသည်။  အခုတော့ အန်အယ်ဒီ အတွက်လည်း လွတ်မြောက်နယ်မြေ မလိုအပ်တော့ဘူး မဟုတ်လား။  ကိုတိုးလွင် တို့ပင် မြန်မာပြည်ကို ပြန် ပြီး ရွှေ့ပြောင်း နေထိုင်ကြတော့မည် လို့ ဆိုသည်။ တံတားကြီးရဲ့ ဟိုမှာဖက်ဆီ ၊ ပစိဖိတ် လမ်းကြောင်းပေါ်က ဖြတ်ကျော် ပျံသန်းသွားတဲ့  ဆောင်းခို ငှက်တအုပ် ကို မြင်ယောင် ကြည့်နေမိသည်။ ပြီးတော့လည်း ငှက်အုပ်ထဲက ပြုတ်ကျကျန်ခဲ့တဲ့ ငှက် နှစ် ကောင်လိုပဲ ၊ အစာရေစာ ရှာဖွေစားသောက်လို့ ကောင်းတဲံ အရပ်ဒေသ တွေ အကြောင်း တကျိကျိ နဲ့ ဆက်ပြောကြပြန်။ 




တံတား တခု ကို ဆုံးအောင် လျှောက်ပြီးတော့ လူတွေဘာလုပ်တတ်ကြသလဲ ။ နောက်ပြန်လှည့်ကြည့်ကြမှာပေါ့ ။

 နေမွန်းတည့်ရဲ့  အတောက်ပဆုံး ကောင်းကင်ပြာပြာကြီးအောက် က  ဂိုးဒင်းဂိတ် တံတားကြီးက ၊ ဂရိပုံပြင်တွေထဲက စောင်းအနီကြီး တလက်လို တူရိယာကြိုးတွေနဲ့  ကွေးညွတ် ညှင်းနွဲ့ နေပုံက ဂီတသံစဉ်ကိုပင် ကြားလာနေရသလို ။ တလောကလုံးကလည်း အပူအပင်ကင်းမဲ့နေဟန်။ အနည်းဆုံးတော့ ၊ ဒီတနေ့တာ ဒီ မနက်ခင်းအတွက်တော့ဖြင့် ၊  အပူအပင် ကင်းမဲ့လှပါသည်။ 

တံတားကြီးက အပြန် ညနေကျရင်  ကိုမောင်ရစ် အလုပ်လုပ်တဲ့ ကျောင်းကို သွားလည် ပြီး  ၂ နာရီ နီးပါး မောင်းရတယ်ဆို တဲ့ ရစ်ခ်ျမွန် က  သူတို့ အိမ်ကို လိုက်လည် ကြအုံးမည်။ မိုးမခ ရဲ့  စာတွေအကြောင်း စာအုပ်တွေ အကြောင်း ၊ အားပါးတရ ပြောကြရအုံးမည်။ 





xxxxxxx



Salt Lake City ကို ရောက်တော့ ၊ အမျိုးသားက ကွန်ဖရန့်စ် နဲ့ အလုပ်ရှုပ်နေတဲ့ အချိန်မှာ၊ မိုးလင်းရင် ဟိုတယ်က ထွက်ပြီး ဟန်းဖုံး မြေပုံ လမ်းညွှန် နဲ့  မြို့ ထဲ တယောက်ထဲ လျှောက်ပတ်သည် ။ ရေခဲတောင်တွေ ပတ်ပတ်လည် နဲ့  ဆောင်းရာသီ အိုလံပစ် ကျင်းပရာ မြို့ကြီး ဖြစ်သည်မို့  ဧည့်သည်တွေ အ၀င်အထွက် အတော်များပုံရပေမဲ့ ၊ ကုန်းတွင်းဖက် ကျတဲ့ မြို့ပီပီ ၊ တိတ်တိတ်ဆိတ်ဆိတ် နဲ့  အမေရိကန် ပိုဆန်သည်ပဲ ပြောရမလား။ ကြီးမားလှတဲ့ မိုမွန် ဘုရားရှိခိုးကျောင်းကြီး နဲ့ ပြတိုက်ကြီးကြောင့် ၊ ရှေးရိုးစွဲ လူဖြူတွေ အတော်များမည်လို့ ခန့်မှန်းရနိုင်သည်။ အင်ဖော်မေးရှင်း စန်တာက မြေပုံတွေထဲမှာ ၊ ဒီကနေဆို  ဂရင်းကန်ညွန် ကျောက်တောင်ကြီးတွေ ကိုတောင် သွားလို့ရနေပြီ . . . နီးနေပြီ ဆိုတော့ ၊ ကျောက်တွေ တောင်တွေကို သံယောဇဉ်ရှိသူမို့  စိတ်က ၀င်စားနေမိပြီ။ 










ဂရင်းကန်ညွန် ချောက်ကြီးရဲ့ တောင်ကမ်းပါးယံ မှာ နေတဲ့ သိမ်းငှက်ကြီးတွေကို ကြည့်ချင်သည်။  ဒေသခံ တိုင်းရင်းသားတွေရဲ့  ၀ိညဉ်တွေကို တောင်ထိပ်က လေတွေ ထဲမှာ ရှာ ကြည့်ချင်သေးသည် ။ ဒါပေမဲ့ ကွန်ဖရန်စ်က အပြန် လည်ဖို့ရက်က သိပ်မကျန်တော့။ လော့စ်အိန်ဂျလိစ် မှာ စောင့်နေတဲ့  မမိုးချိုသင်း က ၊ “ကေ” ရေ.. ဂရင်းကန်ညွန်က ရောက်လဲ ကောင်းတယ် . . . မရောက်လဲ ကောင်းတယ်။ ဒါပေမဲ့ ယူနီဗာဆယ် စတူဒီယို ကတော့ လည်သင့်တယ်နော်  လို့  ဆိုသည်။ အမျိုးသား ကလည်း ၊  ယူက ဆန်ဖရန်စစ္စကိုမှာ ၀အောင် လည်ပြီးပြီ. . . ငါက မြို့ပေါ်မှာ မလည်ရသေးဘူး . .  လို့  - ဆိုလာတော့ ၊ စိတ်ကို ဒုံးဒုံးချ လို့ ၊ အမေရိက ရဲ့ အန်တာတိမ်းမန့် မြို့တော်ကြီးဆီ တန်းတန်းမတ်မတ် ရောက်သွားရတော့သည်။  







တန်းမတ် ယုံတင် မက၊ တဲ့တဲ့ပါ တိုးချင်တော့ ၊ သူတို့ ရောက်သွားတဲ့ ရက်တွေက ၊ ဟောလိဝုဒ် တရပ်ကွက်လုံး  အော်စကာ ဆုပေးပွဲ အတွက် ၊ ရွစိတွေ ထိုးနေတဲ့ အချိန်။ ဘေးက တယောက်လည်း ရွစိ ရွစိပေါ့။ ကိုယ် ကတော့ ဘာကို ရွစိ ရမှန်းကို မသိနိုင်ပဲ ၊ ကိုယ့် ကို ကိုယ် တောင် ပျောက်နေခဲ့သည်။ သူတို့ တည်းတဲ့ ဟိုတယ်က သဘက်ခါ အော်စကာပေးမဲ့ ဒေါ်လဘီ သီရေတာ နဲ့ ကပ်ရပ်မို့  ဟိုတယ် အ၀င်အထွက်တောင် အစစ်အဆေးတွေ စလုပ်နေသည်။ 






Hard Rock Café – Hollywood ဆိုင်ထဲ ၀င်ပြီး ကလေးတယောက်လို ပျော်နေတဲ့ ဘေးက ပုဂ္ဂိုလ်တော်ကို ကြည့်ပြီး ၊ နားမလည်နိုင်သလို ၊ သူကလည်း ငုံးတိတိ လုပ်နေတဲ့ ကိုယ့်ကို နားမလည်နိုင် ဖြစ်နေတာမို့ ၊ ဘဲစားဘဲချေ လုပ်ပြီး မသိချင်ယောင် ဆောင်၊ ဟိုငေး ဒီငေး လုပ်နေလိုက်သည်။ တယောက်တည်း တီရှပ်တွေ ရွေးလိုက် ၊ ဦးထုပ်တွေ ဆောင်းကြည့်လိုက် ပျာယာခပ်နေတဲ့ သူက ၊ သူပြောသလိုဆို ဘရန်း တွေကို  တန်ဖိုးမထား ကပ်စည်းနဲ  မနာလို မရှုဆိမ့်တတ်တဲ့ ကိုယ့်ဆီက နိုး လို့ ပြောမယ်ဆိုတာ ကြိုသိနေတော့ ၊ မှန်တွေနောက်က အယ်လ်ဗွီ အိတ်တွေကို မေးငေါ့ပြရင်း ယူမလား လို့ ၊ လာကလိ နေသေးသည်။ ဒီကြားထဲ အမေရိက သွားမယ်ဆိုလို့ အိတ် မှာတဲ့ သူငယ်ချင်းတွေ လည်း ရှိသေးသည်။ အိတ်တွေ အကြောင်း သူ ထပ် မပြောချင်တော့ ။ တော်ပြီ။ Hollywood Boulevard လမ်းမကြီး ဘေးတဖက်တချက်ကနေ မင်းသားမင်းသမီးတွေ အလာကို ရူးသွပ် တိုးဝှေ့ ကြမဲ့ သူတွေ အကြောင်း ငြင်းခုံရင်း  ရန်ဖြစ်ရ အုံးမည်။ 




ကိုယ်တော်ချော ကတော့ ဆန်းဒေး အော်စကာဆုပေးပွဲ နေ့ကျ ၊ ဒီနေရာကနေ လာချောင်းအုံးမတဲ့ ။ နောက်နေ့ Hard Rock Café ဘားမှာလည်း  တယောက်တည်း ထပ်လာထိုင်အုံးမတဲ့ ။  ကိုယ့် အတွက်ကတော့ ၊ ရုပ်ရှင်တွေထဲမှာ  နှစ်သက်တဲ့ မော်ဂန်ဖရီးမင်း ကြီးကို အပြင်မှာ တွေ့ လည်း ၊ တွေ့တယ်ပဲပေါ့ ။ အတင်းတော့ လိုက်တိုးဝှေ့ မကြည့်ချင်ပါဘူး။ အဲ့လိုဆိုတော့ ငယ်ငယ်တုန်းက အဖြစ်တခု သွားသတိရသည်။  နယ်ကနေ ရန်ကုန်ကို အမြန်ရထားကြီး စီးလာရင် မနက် ၅ နာရီဆို ဘူတာကြီးကို ရောက်တယ်လေ ။ တခါတော့ ခြင်းတွေ အိတ်တွေ ဆွဲလို့  လူကြီးတွေနောက်က လိုက်ရင်း ၊ စမ်းချောင်းကို ဘက်စကားစီးသွားဖို့  ၃၈ လမ်းထဲက အဖြတ် ၊ မနက်စောစောစီးစီး အိပ်မှုန်စုံမွှားပုံနဲ့ ဟာသသရုပ်ဆောင် ကွမ်းသီး ကို တွေ့တော့ ၀မ်းသာအားရ လက်ညှိုးထိုးပြီး အော်မိခဲ့ဘူးတယ်။ အခုလည်း ရပ်ဆဲလ်ခရိုး လောက် မဟုတ်တောင် ဟောလိဝုဒ် ကွမ်းသီးလောက်တော့ တွေ့ချင် တွေ့မှာပေါ့လို့ ။ 




ယူနီဗာဆယ် စတူဒီယို ထဲမှာ အက်ဒီမာဖီ ကို တွေ့ဖူးတယ် ဆိုတဲ့ မချိုသင်းက တော့ ၊ သူပြောထားတဲ့ အတိုင်းပဲ ၊ ယူနီဗာဆယ် စတူဒီယိုကို အကျအန ကို လိုက်ပို့လေတော့သည်။ တနှစ်စာကဒ်တင်မက.. တသက်စာ ကဒ်ပါ ၀ယ်ထားပုံ ရတဲ့ မချိုသင်း တို့ မောင်နှံ ကို ၊ တခြားသူငယ်ချင်းတွေက ၊ ယူနီဗာဆယ် စတူဒီယို ရဲ့ တိုင်တလုံး တောင် ရှယ်ယာ ပါနေပြီ လို့ နောက်ကြသည်။  ခဏခဏ ရောက်မှာပေါ့နော် ဆိုတော့..တနှစ်ကို ဆယ်ခေါက်လောက်တော့ ရောက်မလားပဲ လို့  ဇဝေ ဇ၀ါ နဲ့ ဖြေသည်။ အေးလေ မချိုသင်း တို့ ဆီမှာ ၊ ဆရာကြီး တင်မိုး ရှိကတည်းက ၊ စာပေ မိတ်ဆွေ နိုင်ငံရေး မိတ်ဆွေ .. မြန်မာဧည့်က ပြတ်တယ်မှ မရှိပဲ ။ အခုတောင် တိုက်တိုက်ဆိုင်ဆိုင် နယူးယောက်က မချောအိသိမ်း ပါ  အလည် ရောက်နေတော့ ၊ မချိုသင်းရဲ့ ယူနီဗာဆယ် စတူဒီယို တိုးရ် က ၊ လူပိုစုံ ပြီး ပျော်စရာကောင်းနေသည်။ ဖြစ်ချင်တော့ တနှစ်မှာ တရက် နှစ်ရက်သာ မိုးရွာတယ်ဆိုတဲ့  အယ်အေ မှာ ဒီနေ့ မှ မိုးတွေက လည်း စွေလို့ ။ အိမ်ရှင် နှစ်ယောက်ကလည်း ဒီနေ့က သူတို့ရဲ့ ၁၈ နှစ်ပြည့် မင်္ဂလာ နှစ်လည်တဲ့။ ကဲ ဒီနေ့ မှ ထူးထူးခြားခြား မပျော်ရရင် ၊ ဘယ်နေ့ ကို ရွေးအုံးမလဲ။ တကယ်ကိုပဲ ၊ ကလေးဘ၀တုန်းကလို  မိုးရွာထဲမှာ မိုးကာတွေ ၀တ်ပြီးတော့ကို ၊ တနေ့လုံး လျှောက်ပတ်ကြတော့တာ ။ 




သူငယ်ချင်းတွေ သူ့ ခြံ ထဲ လာကစားလို့ ပျော်နေတဲ့ ကလေးလေး တယောက်လို ၊ မချိုသင်း တယောက် ၊ တတောက်တောက် နဲ့   ဒါက ဟောက်စ်အေ့ဖ် ဟော်ရာ  သရဲခြောက်တာပါပဲ… ဟိုးမှာ ကင်းကောင် သရီးဒီ  . . . လာလာ..ဒါက ရှာ့ခ် ဖိုးဒီ  ၀င်ကြမယ်နော် ဆို သူတို့ လိုက်ဝင်ကြပေါ့။ ကိုကျော်ဝဏ္ဏ ကတော့ နောက်မှာ ( ပြုံးပြုံး) ၂ နဲ့ ။

4D ကလည်း Sherk မို့လို့သာ တော်တော့တယ်။ မြည်းကြီး တံတွေးထွေးလည်း တံတွေးစင် . . . တော်ကြာ ဂုပ်ပေါ် ပင့်ကူတွေ ပြုတ်ကျလာလိုက် နဲ့   အက်ရှင်ကားသာ 4D ကြည့်ရရင်တော့ မျော့မျော့ပဲ ကျန်မှာ လို့ ပြောပြီး ၊ သူတို့ ရီ ကြပြန် ။ 4D တင်မက 5D  6D  7D တွေကိုပါ.. မချိုသင်းက  ပြသေးသည်။ ကိုကျော်ဝဏ္ဏ နဲ့ မချောအိ ကို ကော်ဖီဆိုင်ထဲမှာ ထားခဲ့ပြီး ၊ သူတို့ နှစ်ယောက်ကို ၊  Jurassic Park ကို သွားမယ်နော်. . . စီးလို့ ကောင်းတယ် အေးအေးဆေးဆေးပဲ .. တဲ့ ။ ဘာကို စီးရမယ်မှန်း သူ သေချာမသိ ။ ပါ့ခ် ဆိုတော့လည်း အေးအေးဆေးဆေး ဟုတ်မှာပဲ ပေါ့ ။ ကားထွက်ခါစ ၊ ပန်းလေးတွေ ရေတံခွန်လေးတွေကို မြင်တော့ . . . တွေ့လား သူက သာသာယာယာလေးရယ် လို့ လုပ်သေးတယ်။ တအောင့်နေတော့မှ၊  လက်ကိုင်လေး ကိုင်ထားနော် ဆိုတဲ့ စကားလည်း ဆုံး.. တခါတည်း ဒိုင်မန်းရှင်းတွေ ၉  ကျော်သွားလိုက်တာ ။ ပြန်အထွက်ကျမှ ဓါတ်ပုံ ရိုက်ထားတာ ရွေးလို့ရတယ် ဆိုတဲ့ ကွန်ပြူတာ မျက်နှာပြင်မှာ ရှာ ကြည့်တော့ . . . အို့ အိုး  သူ့မျက်နှာက ငရဲအိုးထဲ ဇောက်ထိုးကျတဲ့ မျက်နှာလို ။ မချိုသင်းကတော့ အေးဆေးပဲ ပြုံးလို့ ။ မ. . . အဲဒါတွေ ဧည့်သည် လိုက်ပို့တိုင်း စီးလားလို့ အံ့သြတကြီးမေးတော့ ၊ တခိခိ နဲ့  Mummy ရှိသေးတယ် သွားစီးကြမယ် တဲ့ ။

ရုပ်ရှင်တွေထဲမှာ အထူးပြုလုပ်ချက်တွေ ထဲ့ တဲ့ ၊ ရှိုးကိုတော့ အားလုံး ကြိုက်ကြသည်။ ကြည့်လို့ အကောင်းဆုံးကတော့ တကယ်လက်ရှိ အသုံးပြုနေတဲ့ ရုပ်ရှင်ရိုက်ကွင်းတွေထဲကို  ကားနဲ့ ဖြတ်မောင်းပြတဲ့  တကယ့် စတူဒီယို တိုး  ပဲ ။ ကြားထဲမှာ အထူးပြုလုပ်ချက်တွေ လည်း ပါသည်။ 




ကားပေါ်ထိုင်နေရင်းက  ဒိုင်နိုဆောကြီး ထွက်လာလိုက် . . . မုန်တိုင်းတွေကြီး ရေတွေ လျှံ လာလိုက် . . . ဘူတာရုံထဲရောက် ရထားတွေ တိုက်လိုက် . . .  ဒုတိယ ကမ္ဘာစစ်က လေယဉ်ကြီး ပျက်ကျ လာလိုက် . . . နယူးယောက် ကို ရောက်သွားလိုက် . . . ဥရောပ ကို ရောက်သွားလိုက် . . . အိပ်မက်ထဲက ပြကွက်တွေလို အဆက်အစပ်မရှိ တခုပြီး တခု ပြောင်းသွား သည်။  တကမ္ဘာလုံးက လူတွေကို ဟောလိဝုဒ် ရုပ်ရှင်တွေက အဲဒီလို ဖမ်းစားထား ခဲ့တာကိုး ။


ရုပ်ရှင် ဆိုတာ အိပ်မက်တွေကို ရောင်းတဲ့ လုပ်ငန်းလို့ ဆိုကြသည်။ တချို့ကတော့ ပျော်ရွှင်ကြည်နူးစရာ တွေတင်မက ၊ လောကရဲ့ အနိဌါရုံ အကျပ်အတည်း အခက်အခဲတွေ ထဲလည်း ၊ အလည်အပတ် ဆင်းကြည့်ချင်ကြသေးသည် ။ တခါတလေ လည်း ရုပ်ရှင်ထဲမှာလား ... အိပ်မက်ထဲမှာလား … တကယ့်ဘ၀ လား …. ခွဲခြားဖို့ ခက်နေတဲ့ စိတ်နယ်လွန် သိပ္ဗံ ဆန်းကျယ် ဇာတ်လမ်းတခု ထဲမှာ ကိုယ်တိုင် ဇာတ်ကောင် တွေ ဖြစ်လို့ ။ ငယ်ငယ်တုန်းကဆို  တအားကြီး မပျော်ရွှင်တဲ့ အဖြစ်တွေနဲ့  ကြုံတဲ့အခါ အိပ်မက် တွေကို အားကိုးမိ တာကို သတိရသည်။ ဒါ အိပ်မက်ကြီးပဲ . . . အိပ်မက်က နိုးရင် မိုးလင်းပြီး ကောင်းချင် ကောင်းသွားမှာ လို့  ဆန္ဒအတွေးတွေနဲ့ စိတ်သာသာရာ ရှာဘူးသည်။

အခုလည်း ညနေ ကျရင်တော့ တိတ်သွားမှာပဲ လို့ ထင်ထားတဲ့ မိုးတွေက ပိုလို့တောင် သဲလာ သည်။ ဒီ မိုး ရွာတာ လည်း အထူးပြုလုပ်ချက်ပဲ လားမသိ လို့  ပြောပြီး ရီကြတော့ ၊ ကော်ဖီခွက်ပေါ်က အငွေ့တွေ  သူတို့ မျက်နှာရှေ့ ဖြတ်ပြေးသွားကြသည်။ မိုးက အေးသလောက် သူတို့ ရင်ထဲမှာ နွေးထွေးနေကြသည်။ မိုးရေတွေတစွပ်စွပ်နဲ့  တနေ့လုံး လည်ပတ်ထားတဲ့ သူ တို့ ခြေထောက်တွေ လိုပဲ ၊ သူတို့ နှလုံးသားတွေလည်း အပျော်စိတ်တွေနဲ့  နူးအိ လို့ နေတော့သည်။




xxxxxxxxxx



ခရီးတခုကတော့ဖြင့် ၊ အဆုံးသပ်ပြီ။ အိမ်ပြန်ပြီပေါ့ ။ 
လူတွေ ဘာလို့ ခရီးသွားကြသည်လဲ ။ တချို့ အတွက်က ရေးကြီးခွင်ကျယ် ။ တချို့အတွက်က နိစ္စတဓူဝ ။ တချို့က ပျော်ပျော်ရွှင်ရွှင် ။ တချို့က ငြီးငြီးငွေ့ ငွေ့ ။ ဘာကိစ္စ တွေ နဲ့ ခရီးသွားနေကြသည်လဲတော့မသိ ။ လေဆိပ်တိုင်းမှာ လူတွေ အပြည့် ။ လေယဉ်အတက်အဆင်း စာရင်းမှာ တစင်း ဆင်းလိုက် . . . တစင်း တက်လိုက် ။ လူတွေက အရောင်စုံ လူမျိုးစုံ ဘာသာစကားမျိုးစုံ ။ကမ္ဘာကြီးရဲ့ ဟိုဖက်ကနေ ဒီဖက်ကို လာလိုက် . . . ဒီဖက်ကနေ ဟိုဖက်ကို သွားလိုက် ။ ဟိုးရှေးခေတ်တုန်းက ဥရောပ ခရီးသွားကုန်သည်ကြီးတွေ ဖြစ်တဲ့ မာကိုပိုလို တို့ ၊ ဗက်စကိုဒဂါးမား တို့  ရွက်သဘောင်္ကြီးတွေ နဲ့ နှစ်ပေါက်အောင်  ခရီးသွားခဲ့ကြရပေမဲ့ ၊ အခုတော့ ညထွက် မိုးလင်းရောက် ။ ဘယ်လိုပဲ ဖြစ်ဖြစ် လူတိုင်းကတော့ ၊ ခရီးစဉ်တွေ အားလုံးကို ချောချောမွေ့ မွေ့  လုံလုံခြုံခြုံသာ ဖြစ်ချင်ကြပေမည် ။


ကံကောင်းထောက်မစွာ၊ အပြန်ခရီးမှာ အလယ် လေးခုံတွဲ ကြီးရဲ့  နှစ်ခုံ က လွတ်နေသည်မို့ သူတို့ နှစ်ယောက် လက်တန်းတွေ တင်ပြီး ချောင်ချောင်ချိချိ အိပ်စီးယုံ ။ လေယဉ်ဝန်ထမ်းက ညစာ စားတဲ့ ခွက်တွေ လာသိမ်းပြီးသွား တော့ ရုပ်ရှင်ကြည့်မည်လို့  လျှောက်ရှာသည်။ လောလောလတ်လတ် အော်စကာ ရထားတဲ့  12 years a Slave ကို ကြည့်ရင်ကောင်းမလား ။ လာတုန်းကလည်း လူမဲကား ။ ခုလည်း လူမဲကား ဖြစ်နေပြီ ။ ဒီလို ကားမျိုးကို နောက်မှ ရုံကြီးမှာ သွားကြည့်ဖို့ ဆေ့ဖ် ထားလိုက်မည်။  Gravity ကို  နှိပ်ကြည့်သည်။ မင်းသား မင်းသမီးတွေက ၀ါရင့်တွေမို့ ကြည့်လို့ ကောင်းပါရဲ့ ။ ဒါပေမဲ့  ယူနီဗာဆယ်စတူဒီယို က Special Effects Show မှာ အာကသ ၀တ်စုံ နဲ့ သရုပ်ဆောင်တာကို ဟာသ လုပ်ပြတာ ကြည့်ခဲ့ရတော့ ၊ စန်ထရာဘူးလော့ကို ကြည့်ရတာ နောက်နေတယ်လို့ပဲ ထင်နေမိသည်။ နောက်ထပ် ဟောလိဝုဒ်ကားတခု  ပြောင်းကြည့်တော့လဲ ၊ ယူနီဗာဆယ် စတူဒီယိုထဲက ရိုက်ကွင်းကြီးတွေသာ မြင်နေတော့ . . .ခက်ပြီ ။  သူနဲ့ကျမှ ၊ ယူနီဗာဆယ် နာမယ်ပျက်ရတော့မည်။ သူက အခုခေတ် ဗွီစီဒီ ဇတ်လမ်းတွေရဲ့ နောက်မှာ ပါလေ့ ရှိတဲ့ ၊ behind the scenes ဆိုတာမျိုးတွေကို မကြိုက်သူ ။ ကြည့်ခဲ့သမျှ ဇာတ်လမ်းရဲ့ အရှိန်ကို ပြန်ဖျက်လိုက်သလိုပဲ လို့ ထင်သည်။ အပြင်လောကကြီးမှာ လည်း၊ ကန့်လန့်ကာ နောက်ကွယ်ကို  မကြည့်မိအောင် နေရမည့် အနေအထားတွေ ၊ ပေါများလှသည်လေ ။ 

Wolf of Wall Street တဲ့ ။ ဟုတ်ပြီ ။ မရောက်ခဲ့တဲ့ ဝေါလမ်းမကြီး ကို အခု သွားကြည့်ရမည်။ ဒီကားနဲ့  အော်စကာ ဇကာတင်ပါခဲ့တဲ့ လီယိုနာဒို လည်း  Catch me if you can ကတည်းက သူ့ ဇာတ်ရုပ်က အတည်ပေါက်နဲ့ လိမ်စားတဲ့ ရုပ် ထွက်သွားခဲ့တာ ။ ဟောလိဝုဒ် ကား ကတော့ ဟောလိဝုဒ် ဆန်တယ်ပဲ ပြောရမလားမသိ ။ ဒီရုပ်ရှင်ကို လည်း တကယ့်အဖြစ်  ဆိုပြီး နာမယ်တွေ ကြီးအောင် ကြော်ထား လှော်ထား ညှော်ထားလိုက်တာ ။ ခုကြည့်တော့ဖြင့် သူ့စိတ်ထဲ ဘာမှ တွန်းတွန်း တိုက်တိုက် ဖြစ်မလာ။ Wall street ပေါ်က လက်ညှိုးတချောင်း ၊ ဖုန်းတလုံး နဲ့ ၊ ထိုင်ရာကမထ ၊ လက်တလုံးခြား ကုလားဖန် ထိုးစားနေတဲ့ လူတန်းစား တွေ ကို ပိုပြီး စိတ်ကုန်လာတာပဲ ရှိတယ်။ ငွေရှင်စနစ် ရဲ့ မတည်ကြည်မူ လက်ဝါးကြီးအုပ်မူ ကို ပိုပြီး စိုးရွံ့လာတာပဲ ရှိတယ်။ ဒါတွေကပဲ ၊  သူ့ကို တွန်းတိုက်သွားတယ်လို့ ပြောရမှာပေါ့လေ။ နေပါအုံး ။ ဒီရုပ်ရှင်ရဲ့ တကယ့်အပြင်က ဇာတ်လိုက် ၀ံပုလွေကောင်က.. သူ လိမ်စား လူလည်ကျခဲ့တဲ့ အကြောင်းတွေကို ဇာတ်ညွှန်းလုပ်ပြီး ရောင်းစားတော့ လည်း ၊ ကြည့်လိုက်ကြတာ ၀က်ဝက်ကွဲ ။ သန်း နဲ့ ချီပြီး လုပ်စားသွားပြန်တာပဲ မဟုတ်လား ။ 

ဟောလိဝုဒ်တွေ တော်ပီ... ပြင်သစ်ကား တကားလောက် ကြည့်မယ်လို့ စိတ်ကူးပြီးကာမှ ၊ Kindle လေးကိုသာ ဖွင့်လိုက်မိသည်။ နိုဘယ်ဆုရှင် ကြီး စတစ်ကလစ်ဇ် က ဖြင့် အခန်းတစ်က.. မကျော်သေး ။ အမေရိက ရဲ့  တစ်ရာခိုင်နှုံး သူဌေးကြီးတွေကဖြင့် တုတ်တုတ်မျှ မလှုပ်သေး ။ ၉ ၉  ရာခိုင်နှုံး ပြည်သူတွေ ရဲ့  အရေးကိစ္စကို ဖြေရှင်းဖို့ အခန်းတွေ မရောက်သေး ။ 


ဒီ စာအုပ်က တော်တော် တော့ ၊ စိတ်ဝင်စားစရာ ကောင်းသည်။ Price of Inequality ကို ဘယ်သူတွေက ပေးနေရသည်လဲ . . . American Dream ဆိုတာ ရော တကယ်ရှိသလား လို့  အညွန်းမှာ ကတည်းက ရေးထားသည်။ အမေရိက မှာ ကျန်ခဲ့တဲ့ သူ့ မိတ်ဆွေတွေကိုတောင် ၊ ဒီမေးခွန်းတွေ သေသေချာချာ မမေးခဲ့ရ ။ မေးစရာလည်း လိုမည်မထင် ။ လောကအရာတွေက ကြီးကြီးကျယ်ကျယ် တွေးတော့ ရေးတော့လည်း စာတစောင် ပေတဖွဲ့ ပေါ့ ။ ပေါ့ပေါ့ပါးပါး ပြုံးကြည့်တော့လည်း ၊ အမေရိကန် ဒရင်းမ် ဆိုတာ အမေရိကန် ဟောလိဝုဒ် ရုပ်ရှင်တွေ ထဲမှာ မြင်နေရသည်ပဲ ။ အိပ်မက် ဆိုတာကတော့ အမေရိက မှာမှ မဟုတ်။  ဘ၀ မှာ အိပ်မက် မပါတဲ့ ပြကွက်မရှိ ။ အိပ်မက် နဲ့ အားယူ ။ အိပ်မက်နဲ့  ဖြေလျော့ ။ အိပ်မက်နဲ့ လှည့်ဖျား ။ အိပ်မက်တွေ နဲ့  ဇာတ်ဝင်ခန်းတွေ ပြောင်းကြည့်လို့ မှ မရရင် ၊ ဘ၀ ကြီးက ဘယ်လောက် ညီးငြွေ့ ဖို့ ကောင်းလေမလဲ ။ ဘယ်လောက် မွန်းကျပ်ဖို့ ကောင်းလေမလဲ ။ 

အခုနတည်းက နည်းနည်း ခုန် ချင်နေတဲ့ လေယဉ်ကြီးက ပိုပြီး တုန်ခါနေသလို ။ (တင်) ကနဲ ၊ ခါးပတ် မီးလေး နီသွားတော့ ကျောထဲ စိမ့်ကနဲ ဖြစ်သွားသည်။ အမျိုးသား ကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီ ။ အောက်ကို နှိမ့်ဆင်းနေတဲ့ ခံစားမူကို တချက် တချက် ရ သည်။ Kindle လေးကို ပိုက်ပြီး မျက်စိကို အသာ မှိတ်လိုက်သည်။  ခဏ တော့ လေယဉ်ကြီး ငြိမ်သွားပြန်သည်။ ( တင်) ကနဲ..ခါးပိတ်မီးလေး စိမ်းသွားပြီ  ။ ဟူး တော်ပါသေးရဲ့ ။ ဒါလည်း ဇာတ်ဝင်ခန်း တခုရဲ့ အထူးပြုလုပ်ချက် ဖြစ်ချင် ဖြစ်မှာ လို့ ကိုယ့်ကိုကိုယ် ဟာသ လုပ်ပြီး စိတ်ကို ဖော့ကြည့်သည်။  လေယဉ်တစင်းလုံးလိုလို  စိတ်အေး လက်အေး အိပ်မောကျနေကြဆဲ ။ သူ့ခေါင်းပေါ်က မီးလေးကို ပိတ်လိုက်ရင်း ၊ သူလည်း ကြိုးစားပြီး အိပ်တော့မည်။ ကိုယ်ဘာမှ မတတ်နိုင်တဲ့ အခြေအနေတခုမှာ ၊ စိုးရိမ်ပူပန် နေလို့လည်း အပိုပင် ။ ငယ်ငယ်တုန်းကလိုပဲ ၊ အိပ်မက်ကို အားကိုးရမည်။ အိပ်မက် ထဲမှာ သူ ပျော်စရာတွေ တွေ့ချင် တွေ့နိုင်မည်။  သေချာတာတော့ အိပ်မက်က နိုးရင် ၊ မနက်ခင်းကို တွေ့ ရမည်။  ကာလယန္တယားကြီးထဲမှာ ၊ အိပ်မက်တွေကို စီးပြီး အခက်အခဲ အကြပ်အတည်းတွေပေါ်က ဖြတ်ကျော် သွားနိုင်တယ် ဆိုတာ၊ လူတိုင်း သိပါ့မလား ။ 

ကေသွယ်
၂၄ -  ၂၇ /၀၃/၂၀၁၄


◦
Share/Bookmark

၁၃၀၀ ပြည့်အရေးတော်ပုံက စ လို့ - မန်ဒဲလား သေတဲ့ နေ့ အထိ


ဖေဖေရေ . . . ပြီးခဲ့တဲ့ ဒီဇင်ဘာ လဆန်းတုန်းက မထင်မှတ်ပဲ သမီး ကြုံကြိုက်ခဲ့တဲ့ စိတ်လှုပ်ရှားစရာ ခရီးစဉ်ပွဲ လေး တခုအကြောင်းကို ပြန်ရောက်ကတည်းက ဖေဖေ့ကို ပြောပြချင်နေခဲ့တာ။ ထုံးစံ အတိုင်း ဟိုလုပ် ဒီလုပ် နဲ့  နောက်ဆုံးပတ် ရောက်မှပဲ ၊ စာရေးဖြစ်တော့တယ်။


တကယ်တော့ အဲဒီပွဲမှာ သမီးက ဘာမှ တိုက်ရိုက် ပါဝင်ပတ်သက်မူတော့ မရှိပါဘူး။ သမီးရဲ့ ဆရာက မြန်မာပြည်ကနေ ဖိတ်ထားတဲ့ ဧည့်သည် သုံးယောက်အတွက် လာပြီး ကူညီပေးနိုင်မလား လို့ ဆိုတော့ ၊ အတိုင်းထက်အလွန် ၀မ်းမြောက် ၀မ်းသာ၊ တကူးတကနဲ့ကို  သမီးတို့ နေတဲ့ မြို့ကနေ ကီလိုမီတာ ၆၀၀ ကျော် ဝေးတဲ့ ပါ့သ်မြို့ ကြီး ကို အရောက် သွား ခဲ့တာလေ ။ ပြီးတော့ ဒီပွဲ ရဲ့  ခေါင်းစဉ် အကြောင်းရင်းတွေက သမီး လတ်တလော သိပ် စိတ်ဝင်စားနေ တဲ့ Industrial Relation လို့ ဘာသာရပ်နာမယ် တပ်ထားတဲ့ အလုပ်သမား အရေး သမဂ္ဂအရေး တွေ လေ။ ဒီပွဲကို ဦးဆောင်ကျင်းပတဲ့ အဖွဲ့က Southern Initiative on Globalization and Trade Union Rights (SIGTUR) လို့  သိထားပေမဲ့ ၊ အင်တာနက်ကနေ သူတို့ ၀ဘ်ဆိုဒ်ကို ၀င်ကြည့်တော့လည်း ဘာမှ သိပ်ပြည့်ပြည့်စုံစုံ မရှိလှဘူး။ ဒါပေမဲ့ လက်တင်အမေရိက နိုင်ငံတချို့ အပါအ၀င် တောင်ကမ္ဘာခြမ်းက နိုင်ငံပေါင်း ၃၀ လောက်က သမဂ္ဂ ကိုယ်စားလှယ်တွေ လာပြီး ဆွေးနွေးနှီးနှောကြမှာ ဆိုတာ နဲ့ တင် ၊ စိတ်လှုပ်ရှားဖို့ ကောင်းလှပြီ ။ 



မြန်မာပြည်က ဧည့်သည် သုံးယောက်ကတော့ ညကြီး မှောင်မှောင် ပါ့သ်မြို့ကြီးထဲကို ရောက်ရောက်ခြင်း သူတို့ တည်းခိုနေထိုင်ရမဲ့ မြို့စွန် ပင်လယ်ကမ်းစပ်က တောအုပ်ဝင်းကျယ် ကြီးကို မြင်ပြီး  စိတ်ပျက်သွားကြပုံပဲ ။ နိုင်ငံခြားမှာ ကွန်ဖရန့်စ် တက်ရမယ် ဆိုတော့ ဟိုတယ်ကောင်းကောင်း တခုတော့ ဖြစ်မှာပဲလို့ ထင်ခြင်ထင်ကြမယ်လေ။ တကယ်တော့ တပတ်လုံးလုံး လုပ်မဲ့ ကွန်ဖရန့်စ် အတွက်၊ ဖရီမန်တဲ ကမ်းခြေ ကို မေးတင်ထားတဲ့ ဒီ တောအုပ် စခန်းသာလေးက တော်တော့်ကို သာယာပြီး ရိုးရိုးရှင်းရှင်း နဲ့ အဆင်ပြေတယ်လို့ ပြောရမယ်။ ပတ်ပတ်လည်မှာ ကျေးငှက်သံတွေ စိုးစီ နေတဲ့ ကြားမှာ လေးခန်းတွဲ အိပ်ဆောင် လေးတွေကိုလည်း ဒေသခံ ငှက်မျိုးရင်းတွေရဲ့  နာမယ်တွေ ပေးထားတယ်။ အဲဒီ အဆောင်လေးတွေကနေ အောက်ဖက်ကို နည်းနည်းလေး ဆင်းလိုက်တာနဲ့ ပင်လယ်ကဗွီးလို အပင်ရှည်ကြီးတွေရဲ့ အလယ်မှာ ထမင်းစားဆောင် ၊ အစည်းအဝေး ခန်းမဆောင် ၊ ဆွေးနွေးခန်းငယ် လေးတွေ လုပ်ထားတော့ လာသမျှ ဧည့်သည်တွေ အားလုံး နွေးနွေးထွေးထွေး နဲ့ ရင်းနှီးမူ လည်း ပိုရခဲ့ကြတယ် ။


 နွေးထွေးသလားတော့ မမေးနဲ့ ။ ၂ ထပ် အိပ်စင် ၂လုံးပါတဲ့ အခန်း ကျဉ်းကျဉ်းလေးထဲမှာ မမာမာဦး နဲ့ မစုစုနွေးက တစင် ၊ သမီး နဲ့ မအိရွှေစင် က တစင် အိပ်ကြရတော့ ၊ ညရောက်ရင် သံကုတင်တွေ နဲ့ အပြိုင် လေးယောက်သား တကျွိကျွိ နဲ့ စကား တွတ်ထိုး ကြတာလေ။ နေ့လည်ဖက်က ဆွေးနွေးတဲ့ အကြောင်းအရာတွေထဲက သူတို့ သိချင်တာတွေ သမီးက ပြန်ရှင်းပြ ပြီးရင်တော့ သူတို့ အလှည့်ပေါ့ ။ သိတဲ့ အတိုင်း သူတို့ သုံးယောက် စလုံးက မြန်မာပြည်က နိုင်ငံရေးဖြစ်စဉ်တွေထဲမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ကိုင်နေကြသလို အဖွဲ့ချုပ်လို ၊ ၈၈ ပွင့်လင်း လို အဖွဲ့ အစည်းကြီးတွေ နဲ့ ထဲထဲဝင်ဝင် ထိစပ်နေကြတဲ့ သူတွေ ဆိုတော့ ၊ သူတို့ ဆီကလည်း အများကြီး လေ့လာပြီး အမြင်ဖလှယ်ခွင့် ရခဲ့တယ် ဆိုပါတော့ ။ ရောက်ရောက်ခြင်း ညကတော့ ခပ်မဆိတ်ပဲ ရှိနေကြသေးတော့ ၊ သူတို့ ရန်ကုန်က ယူလာတဲ့ စာရွက်စာတမ်းတွေ ထဲက ၊ ၁၃၀၀ပြည့် အရေးတော်ပုံ စိန်ရတု အခမ်းအနား နှိုးဆော်စာရွက်ကလေးကို လှန်လျော ကြည့်ရင်း မြန်မာပြည် နိုင်ငံရေး အခြေအနေ အငွေ့အသက်တွေကို မသိမသာ ရှု ရှိုက်ကြည့်နေ မိ ခဲ့တယ် ။ သူတို့တွေ  သြစတြေလျကနေ ပြန်ရောက်တာနဲ့  ဒီဇင်ဘာ ၁၁ ရက်နေ့ အမီ ချောက် ရေနံမြေက ၁၃၀၀ပြည့် စိန်ရတု အခမ်းအနားကို ဆင်းကြမယ်ဆိုပြီး၊ သူ့ အစီအစဉ် ကိုယ့်အစီအစဉ် ပြောနေကြတာကို အပေါ်ကုတင်ကနေ အသာနားထောင်ရင်း ဖေဖေ ဆိုလေ့ရှိတဲ့ မြတ်လေး ကြီး ရဲ့ 
 “ ၁၃၀၀ ပြည့်အောင်ပွဲ ” သီချင်းလေး ကို ခပ်တိုးတိုး ညည်းမိတယ်။ တကယ်တော့ အဲဒီ ညကတည်းက ဖေဖေ့ ဆီကို စိတ်ထဲကနေ စာတစောင် ရေးနေခဲ့မိတာ.. ။


++++++++


“  ဒို့အလုပ်သမားတွေ ဒို့လယ်သမားတွေ  စုရုံးပေါင်းစည်းလို့ ညီ. . . မြေရှင် ဓနရှင် အရင်းရှင်များကို အမြစ်ပါ နှုတ်ပစ်မည် ... လူတန်းစေ့ အခွင့်အရေး မရသမျှအတည် (ရအောင်)၂   အရိုးကြေကြေ အရည်ခမ်းခမ်း မသွေတမ်း တိုက်ထုတ် မောင်းနှင်မည်. . .”


သီချင်းစာသားထဲမှာ ပါနေတဲ့ လွန်ခဲ့တဲ့ ရာစုနှစ်တခု နီးပါးက ရေနံမြေအလုပ်သမားတွေရဲ့ မကျေနပ်မူ နာကျည်းမူတွေ ဟာ၊ အခုအချိန်ထိ ပဲ့တင်ထပ် နေသေးတာကို သမီး မအံ့သြမိဘူး ဖေဖေ ။ သမီး အံ့သြမှင်သက်နေမိတာက ၊ သမိုင်းစာမျက်နှာတွေပေါ်မှာ ဖတ်ဖူး ကြားဖူးနေခဲ့တဲ့၊ တူ-တံစဉ် တံဆိပ်ကို ဆွဲကိုင်ပြီး ဓနရှင် လူတန်းစားကို ဆန့်ကျင် တော်လှန်နေကြတဲ့ ယုံကြည် ရပ်တည်မူတွေကို  ၂၁ရာစု ခေတ်ကြီးထဲမှာ မျက်မြင်ကိုယ်တွေ့ လူမျိုးစုံ အသားရောင်မျိုးစုံ ဘာသာစကားမျိုးစုံ နဲ့ ၊ တစုတစည်းထဲ မြင်တွေ့ နေရတာ ကိုပဲ ။  


ဖွင့်ပွဲည စတော့၊  မြန်မာဆန်ဆန် ပုဝါတွေ အချိတ်တွေ ဆင်ယင်ထားတဲ့ မြန်မာဧည့်သည် သုံးယောက်ဟာ ၊  တီရှပ်အနီ  ခေါင်းစည်းအနီတွေ စည်းထားတဲ့ လူအုပ်စုထဲမှာ အထင်းသား ဖြစ်နေတော့တယ်။ ဒါတင်ဘယ်ကမလဲ အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားခံရတဲ့ မြန်မာပြည်က သမဂ္ဂအရေး လှုပ်ရှားတက်ကြွသူ သုံးယောက်က ၊  သူတို့ တွေရဲ့ လှုပ်ရှားမူတွေ နဲ့ ကျခံခဲ့ဘူးတဲ့ ထောင်ဒဏ် အသီးသီးကို ထွက်မိတ်ဆက်တဲ့ အချိန်မှာ ၊ တခန်းလုံးက ပရိသတ် တွေ မတ်တပ်ထပြီး လက်ခုပ်သြဘာပေးလိုက်ကြတာ တချို့ဆို မျက်ရည်တောင် ကျနေတာ တွေ့မိတယ်။ အနှစ် ၇၀ ထောင်ဒဏ်ချမှတ်ခံ ခဲ့ရဘူးတယ်လို့ ပြောလိုက်တဲ့ မမာမာဦး နားကို လူတွေ ၀ိုင်းလာပြီး လက်ဆွဲ နှုတ်ဆက်ကြတယ်။ ကိုရီးယား သမဂ္ဂက လူတွေက သူတို့ ဘာသာစကားနဲ့  ရေးထားတဲ့ ခေါင်းစည်း အနီကို လာစည်းပေးတော့ ၊ မမာမာဦး တယောက် တော်လှန်ရေးနတ် ပူးသွားတယ် ထင်ရဲ့ . . . သြစတြေလျ သမဂ္ဂ၀င် အမျိုးသမီးကြီးတွေ သမဂ္ဂသီချင်း သံပြိုင် သီဆို ဖျော်ဖြေတဲ့ အရှေ့မှာ လက်သီးလက်မောင်းတန်းပြီး ၊ က တော့တာပါပဲ ။


ဖေဖေရေ . . . သမီး အတွက်တော့ ဒီအစည်းအဝေးကြီးဟာ မျက်စိပွင့် နားပွင့်  အသိဥာဏ်အလျင်တွေလည်း အတော်လှုပ်ခတ်ခဲ့တယ်လို့ ပြောရမယ်။ စကားပြန်ကနေ တဆင့်ပြောပြတဲ့ ၊ ဘရာဇီး သမဂ္ဂခေါင်းဆောင် အမျိုးသမီးကြီးဆီကနေ ဘရာဇီးနိုင်ငံရဲ့ လက်ရှိ မငြိမ်မသက်မူတွေကို ပုံစံတမျိုးနဲ့ နားလည်ခဲ့ရတယ်။ ၂၀၁၄ ကမ္ဘာ့ဖလားပွဲ တည်ဆောက်ရေးလုပ်ငန်းခွင် နောက်ကွယ်က အလုပ်သမားတွေရဲ့ အဖြစ်တွေကို တအံ့တသြ ကြားသိခဲ့ရတယ်။ ဘရာဇီးဟာ ခုဆိုရင် BRIC (Brazil, Russia, India, China) ဆိုတဲ့ ကမ္ဘာ့ စားသုံးသူအများဆုံး ဈေးကွက်စီးပွားရေး အုပ်စုကြီးထဲမှာ ပါနေပြီမဟုတ်လား။


လက်တင်အမေရိကနိုင်ငံတွေ ထဲမှာဆို ချီလီကိုလည်း သမီး အတော် စိတ်ဝင်စားမိတာလေ ။ သတ္တုလုပ်ငန်းတွေနဲ့ ဖွံ့ဖြိုးတိုးတက်လာတဲ့ ချီလီပြည်သစ်ကို ၊ သူ့နိုင်ငံသားတွေက ခုလို အချိန်ကြီးမှာတောင် ဆိုရှယ်လစ်စနစ်နဲ့ပဲ မောင်းနှင်နေစေချင်ကြတာ ဘာလို့လဲ ဆိုတာ သိချင်မိတယ်။  လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်လောက်က စန်တီယာဂို မြို့လယ်ခေါင်က ဘက်စ်ကားတစီးပေါ်မှာ ကိုယ်ဝန်ဆောင် အမျိုးသမီး တယောက်ရဲ့ ဗိုက်ကို သေနတ်နဲ့ ချိန်ရွယ် ခြိမ်းခြောက်တာ ခံရသတဲ့ ။ အဲဒီအမျိုးသမီးက သူ့ဝမ်းဗိုက်ထဲက ကလေးဟာ တနေ့မှာ ဖိနှိပ်ခံလူထု အတွက် တစုံတယောက် ဖြစ်လာလိမ့်မယ်လို့ တယောက်တည်း တိတ်တိတ်ကလေး နိမိတ်ဖတ် လိုက်သတဲ့ ။ အဲဒီ ဇတ်လမ်းကို ပြောပြနေတဲ့ မျက်လုံးပြာလဲ့လဲ့ နဲ့  ချီလီ အမျိုးသားက ၊ သူ့မိဘတွေနဲ့ အတူ ငယ်ငယ်ကလေးထဲက သြစတြေလျကို ပြေးဝင် ခိုလှုံ လာခဲ့လို့ ခုတော့ SIGTUR  ရဲ့ ပညာပေးရေး တာဝန်ခံ တယောက်အဖြစ် ဒီ အစည်းအဝေးကြီးကို ဦးဆောင်ကျင်းပ နေလေရဲ့ ။


မြန်မာပြည်က ထောင်ဒဏ်တွေကို ကြားပြီး ၊ သူလည်း ပါရာဂွေးမှာတုန်းက ထောင် ခုနှစ်ရက် ကျခဲ့ဘူးပါတယ် ဆိုတဲ့ ၊ လက်ရှိ သြစတြေလျ သမဂ္ဂအဖွဲ့ဝင် လူကြီး တယောက်ကတော့ အင်္ဂလိပ်သံ ခပ်ဝဲ၀ဲ နဲ့  ခဏခဏ ထ ပြီး ဆွေးနွေးမေးမြန်းတတ်တယ်။ သူ့မိခင် ပါရာဂွေး နိုင်ငံ ထဲမှာ ခုလက်ရှိ ဖြစ်ပျက်နေတဲ့ လယ်သိမ်းယာသိမ်းပြသာနာတွေ နဲ့  အခြေခံလူတန်းစား တွေရဲ့ ဒုက္ခသုက္ခ တွေကို ခုချိန်မှာတော့ ခပ်ဝေးဝေးကပဲ လှမ်းကြည့်နိုင် တော့မယ် ထင်ပါရဲ့ ။



Photo- SIGTUR


ဒီပွဲမှာ လူအင်အား အများဆုံးနဲ့ အတက်ကြွဆုံး ပါဝင်ဆွေးနွေးကြတဲ့ အဖွဲ့တွေကတော့ ၊ တောင်အာဖရိက နဲ့  ကိုရီးယားတွေပဲ ။ တောင်အာဖရိကက အုပ်စုတွေကို  အာဏာရ ANC ပါတီကြီးရဲ့  မဟာမိတ် ၊ ကိုဆားတူ  လို့ ခေါ်တဲ့ Congress of South African Trade Unions ( COSATU) တပ်ပေါင်းစု သမဂ္ဂကြီးက ဦးဆောင်လာသလို ၊ ကိုရီးယား က အုပ်စု ကိုလည်း တောင်ကိုရီးယား ရဲ့ တပ်ပေါင်းစု သမဂ္ဂ တခု ဖြစ်တဲ့ Korean Confederation of Trade Unions( KCTU) ကနေ ဦးဆောင်လာတယ်။ တောင်အာဖရိက သားတွေက မကြခဏ ထ ဆွေးနွေးတတ်ကြ သလို ၊ တယောက်ကို တယောက် Comrade  လို့ ခေါ်ဝေါ်ညွှန်းဆိုကြပုံကိုက သူတို့ ဟန်ပန်ကြီးတွေလိုပဲ အားရပါးရ ရှိလွန်းလှတယ်။ ကိုရီးယားတွေ အင်အားတောင့်ပုံ တက်ကြွပုံကတော့ ၊ သမဂ္ဂခေါင်းဆောင်တွေ လေး-ငါး-ခြောက်ယောက်မှာ စကားပြန်တွေကလည်း တယောက်စီလောက်နီးနီး ။ ညဖက် တွေမှာတောင် စခန်းတခုလုံးကို  ဂစ်တာတွေနဲ့  တော်လှန်ရေး သီချင်းတွေ သီဆို ဖျော်ဖြေကြသေးတာ ။ ကျန်တဲ့သူတွေကပါ သူတို့ရဲ့ ခေါင်းစည်းနီတွေ စည်းပြီး သူတို့ အော်သလို ကြွေးကြော်သံတွေ လိုက်အော်ပေးကြရတယ်။ 



 ပြုံးချင်စရာတခုက၊ လက်သီးလက်မောင်းတန်းပြီး ရိုးရိုး ကြွေးကြော်ရယုံတင် မကဘူး . . . သူတို့တွေ ထိုင်သပိတ်လုပ်တဲ့အခါ ၊ လက်လေ့ကျင့်ခန်း လုပ်သလိုမျိုး နည်းတခုကိုလည်း သင်ပေးသေးတယ် ။ လက်သီး နှစ်လုံး ကို ကျစ်ကျစ်ဆုပ်ထား ။ တဖက် လက်သီးထဲမှာက အစိုးရ ၊ နောက်လက်သီးထဲမှာက ကော်ပိုရေးရှင်းကြီးတွေ တဲ့ ။ ပြီးရင် အဲဒီလက်သီး ၂လုံးကို အလယ်ခေါင်မှာ ခွပ်ကနဲ နေအောင်ခွဲ ၊ ပြီးမှ ခပ်ဝေးဝေးကို လွှတ်ပစ်တဲ့ ဟန် လုပ်ရတယ်။ ကိုရီးယား ဆိုတာတွေကို မြန်မာပြည်မှာတော့ အလုပ်သမားတွေကို ခေါင်းပုံဖြတ်တဲ့ စက်ရုံပိုင်ရှင် တွေ အဖြစ်နဲ့သာ သိထားကြတာမို့ ၊ မမာမာဦး ကတော့ အဲဒီ ကိစ္စကိုသာ မေးကြည့်ချင်နေခဲ့တယ်။ အကျအန စက်မူ ထွန်းကားပြီး ဖြစ်နေတဲ့ သူတို့ နိုင်ငံက အလုပ်သမား ဆိုတာတွေကလည်း ၊ ကားစက်ရုံတွေ အီလက်ထရောနစ် စက်ရုံတွေလိုမျိုး တန်ဖိုးမြှင့် ထုတ်ကုန် ၀န်ထမ်းတွေမို့ ၊ အနည်း နဲ့ အများတော့ ပညာတတ်တွေ ဖြစ်ကြပုံပဲ။ မအိရွှေစင် ကတောင် သူတို့ ကြည့်ရတာ အလုပ်သမား သမဂ္ဂ ထက် အလုပ်ရှင် သမဂ္ဂနဲ့ ပိုတူနေတယ်လို့ နောက်နေသေးတယ်။ သူတို့ တင်ပြတဲ့ အထဲမှာ စိတ်ဝင်စားစရာ တော်တော်ကောင်းတာက ၊ ၂၀၀၉  ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ Ssang Yong Motor လို့ ခေါ်တဲ့ ကားစက်ရုံကြီး တခုက ၀န်ထမ်းတွေကို ထောင်နဲ့ ချီပြီး လျော့ချ ပြစ်လိုက်လို့  ၅၉  ရက်ကြာအောင် ဆန္ဒပြခဲ့ကြတဲ့ အကြီးဆုံး အလုပ်သမားသပိတ်တိုက်ပွဲ ကြီး အကြောင်းပဲ ။ အဲဒီတုန်းက အစိုးရက ရဟတ်ယဉ်တွေတောင် သုံးဖြိုခွင်းခဲ့ရပြီး  ဆန္ဒပြသူ အလုပ်သမားပေါင်း ၂၄ ယောက် သေဆုံးခဲ့ရသတဲ့ ။ ပိုပြီး စိတ်ဝင်စားစရာ ကောင်းတာက အခုလို လေးနှစ်လောက် ကြာလာတဲ့အချိန်မှာတော့ ဒီအလုပ်ဖြုတ်ခံလိုက်ရတဲ့ အလုပ်သမားတွေခမျာ သူတို့ တောင်းဆိုချက် တွေထဲက တခု တလေ လောက်ပဲ ရရင်တောင် ကျေနပ်ရမဲ့ အခြေအနေ ဖြစ်နေတော့တာပဲ ။



စကားအရာမှာ ချက်ကျလက်ကျ ပြောတတ် ရဲရဲတင်းတင်း သွက်သွက်လက်လက် ရှိတတ်တဲ့ အင်ဒိယမ်းတွေကတော့ ဒီတခါ လူကြီးပိုင်းတွေချည်း မို့လားမသိ ခပ်ငြိမ်ငြိမ်ပဲ ရှိနေကြတယ်။ ကြယ်နီတပွင့်ပါ တဲ့ မော်စီတုန်းရဲ့ ဦးထုပ်မျိုး ဆောင်းထားတဲ့ အဘိုးကြီး တယောက်သာ နည်းနည်း နှုတ်သွက် လျှာသွက် တွေ့ရတယ်။ သူတို့ တင်ပြ ဆွေးနွေးတာတွေက ၁၉၉၁ လောက်မှာ အိန္ဒိယက Neoliberalism ကို လက်ခံလိုက်ပြီးတဲ့ နောက်ပိုင်း ၊ အရှိန်အဟုန်နဲ့ ၀ါးမြိုလာတဲ့ ပုဂ္ဂလိက အခန်းကဏ္ဍ အောက်မှာ ပြည်သူပိုင်ကဏ္ဍတွေ ယုတ်လျော့ အားနည်းလာ တဲ့ ပြသာနာ ။ တကမ္ဘာလုံးမှာ  ကော်ပိုရေးရှင်းကြီးတွေ ရဲ့ လက်အောက်ကို၊ အစိုးရတွေ တခု ပြီး တခု ဒူးထောက် အညံ့ခံ နေကြရပြီလို့  ဆိုတယ်။


အစည်းအဝေးကြီးရဲ့ တတိယမြောက်နေ့မှာတော့  ခေါင်းစဉ်လေးခုနဲ့ အုပ်စုတွေ ခွဲပြီး ကိုယ်စိတ်ဝင်စားရာ  အခန်းမှာ သွားနားထောင်ကြရတယ်။ သမီးက  TNC ( Transnational Corporations) အကြောင်း ဆွေးနွေးတဲ့ အခန်းကို သွားလိုက်တယ်။ နိုင်ငံတကာလုပ်ငန်းစုကြီး တွေရဲ့ အကြောင်းဆိုပါတော့ ။ တောင်အာဖရိကက လူတယောက်က သူတို့ဆီက Wal-Mart ရဲ့  လက်ဝါးကြီးအုပ်မူ တွေ ကို ပြောတယ်။ ဖိလစ်ပိုင်က တယောက်ကတော့ Nestle ကုမ္ဗဏီကြီး မှာ သောင်းနဲ့ ချီတဲ့ ၀န်ထမ်းတွေ အတွက် ပင်စင်ခံစားခွင့် မပေးတာကို ဆွေးနွေးတယ်။ Blood coffee လို့ တောင် ကန်ပိန်း လုပ်ခဲ့ကြ ပေမဲ့  မအောင်မြင်ဘူး - လို့  ဆိုတော့ ၊ သမီး စိတ်ထဲ ဒီကွန်ဖရန့်ရဲ့  ထမင်းစားဆောင်ထဲ ခု သွားကြည့်ရင် တောင် Nestle တံဆိပ်နဲ့ နို့တွေ ကော်ဖီတွေ ချောကလက်တွေ ရှိနေမှာလေလို့  စိတ်ထဲက ပြောနေမိတယ်။ တဆက်တည်းပဲ ဒီအခန်းထဲမှာ ရှိနေတဲ့ လူတယောက်ယောက်ရဲ့ ကိုယ်ပေါ်မှာရော Wal-Mart က ၀ယ်တဲ့ တရုတ်ပြည်လုပ် ပေါချောင်ကောင်း ရှပ်အကျီ င်္လေး တထည်လောက်များ ရှိမနေဘူးလား လို့ အတွေး ဝေ့၀ဲ ကြည့်မိပြန်တယ်။  ဒီအခန်းထဲမှာ ရှိနေတဲ့ တခြားလူတွေထဲမှာရော . . . သြစတြေလျနိုင်ငံ ရဲ့ လက်ရှိအစိုးရတင်မက အတိုက်အခံ အလုပ်သမားပါတီ ကပါ ပွေ့ပိုက် ကျင့်သုံးနေတဲ့ Neoliberalism ရဲ့  အခက်အလက်တွေ ဖြစ်တဲ့၊ စတော့ ရှယ်ယာ ငွေကြေးဈေးကွက်တွေမှာ မကစားဘူးတဲ့သူ ဘယ်နှယ်ယောက်လောက်များ ရှိပါ့မလည်း လို့  သံသယ၀င် နေမိတယ်။ အနည်းဆုံးတော့ ဘဏ်တိုက်ကြီးတွေက ထုတ်ချေးထားတဲ့ အိမ်ချေးငွေ (Mortgage) တွေနဲ့ ဘယ်သူမှ ကင်းနိုင်မှာ မဟုတ်ဘူးလေ။


ကော်ပိုရေးရှင်းကြီးတွေ အကြောင်း တွေးရင်း ၊ တယောက်ထဲ ချာလည် မူးလည် ဖြစ်နေတုန်း  မြန်မာပြည်မှာရော လို့  အမေးခံ လိုက်ရတော့ လန့် ဖျပ်သွားတယ်။ မြန်မာပြည်မှာဖြင့် ၊ ဘာ TNC  ကြီးတခုမှ ဖြင့် ကောင်းကောင်း မရှိသေးလေ ။ အဲဒါနဲ့ သမီးလည်း ငါတို့ နိုင်ငံ အတွက်ကတော့ ပြောဖို့ သိပ်ကို စောနေသေးတယ် . . . လတ်တလော အခြေအနေ မှာတော့  ခေါင်းပုံဖြတ်လွန်းတဲ့ တရုတ်ကုမ္ဗဏီ အသေးစားတွေကြောင့်  နိုင်ငံတကာအဆင့်မီ ကော်ပိုရေးရှင်း လုပ်ငန်းကြီးတွေ ကိုတောင် မျှော်နေရတဲ့ အခြေအနေ လို့  ခပ်တိုတိုပဲ ပြောလိုက်ရတယ် ။ အဲဒီ ညနေ ညစာ စားကြတော့  ၊ သမီးတို့ စားပွဲကို မော်စီတုန်း ဦးထုပ် အမြဲဆောင်းထားတဲ့ ကုလားကြီး ရောက်လာပြီး  နင်တို့ တိုင်းပြည်ကို နိုင်ငံတကာ ကုမ္ဗဏီကြီးတွေ ၀င်လာရင် တရုတ်တွေထက်တောင် ဆိုးလိမ့်မယ် လို့  စကား စပါလေရော။ ဘေးမှာ အတူထိုင်နေတဲ့ မလေးရှား သမဂ္ဂခေါင်းဆောင် အမျိုးသမီးက ဘာကိုပြောမှန်း နားလည်ရဲ့ လားတော့ မသိ . . . ခေါင်းတညိတ်ညိတ် လုပ်လိုက်တော့  သူ အမြဲလို ၀တ်ထားတဲ့ တီရှပ်ပေါ်က ချေဂွေဗားရား မျက်နှာပါ လှုပ်ရှားသွားပြီး.. မဲ့ပြုံးကနေ အပြုံးမဲ့သွားသလို ။




ဖေဖေရေ . . အစည်းအဝေးကြီးရဲ့ နောက်ဆုံးရက်တွေ ရောက်တော့ Neoliberalism ဆိုတဲ့ စကားလုံးက သမီး နားထဲမှာ တဇီဇီ နဲ့ မြည်နေပါရောလား ။ ဟိုလူလာလည်း နီယို .. ဒီလူ လာလည်း နီယို။ ဒီ SIGTUR ဆိုတဲ့ အဖွဲ့အစည်းကြီးရဲ့  ဦးတည်ချက်ကိုက Neoliberalism ဆိုတာကြီးကို တိုက်ဖျက် ဖို့ နဲ့   တခြားရွေးချယ်စရာ တခုခု ကို ရှာကြံ စဉ်းစားနိုင်ကြ ဖို့ လို့ ရေးထား တယ်ရော ။  ဒီခေတ်ကြီးမှာ အားလုံးလိုလို ကတော့ အစွန်း နှစ်ဖက်ကို ရှောင်ချင်လို့ လစ်ဘရယ် လို့ ကိုယ့်ကို ကိုယ် တံဆိပ်တပ်ထားတတ်ကြတာ မဟုတ်လား ။ အဲဒီတော့ အခု နီယိုလစ်ဘရယ် ဆိုတာကြီးကရော…ဘယ်လို လက်သစ် အယူဝါဒ မျိုးလည်း လို့ သမီးလည်း ၊ ဟိုခေါက် ဒီခေါက် ဟိုရောက် ဒီရောက် ဖောက်ဖတ်ကြည့်ရတော့တာပေါ့ ။


တချို့ ပြောတာတော့ နီယိုလစ်ဘရယ်လစ်ဇင် ဆိုတာ တံခါးဖွင့် စီးပွားရေးဝါဒကြီးကို လိုက်လျောညီထွေ ရှိအောင် ပြုပြင်ပြောင်းလဲမူ လုပ်တဲ့ စနစ် လို့ ဆိုကြတယ်။ တင်းကျပ်မူတွေ ဖြေလျော့ပေးလိုက်တယ်။ အခွန်တုတ်တွေ လျှော့ပေါ့ ပေးလိုက်တယ်။ နိုင်ငံတကာ ကုန်သွယ် ရင်းနှီးမြုတ်နှံမူတွေကို ဖိတ်ခေါ်လိုက်တယ်။ အစိုးရ ရဲ့  နိုင်ငံပိုင် လုပ်ငန်းတွေကို ပုဂ္ဂလိက လက်ထဲ လွှဲပြောင်းရောင်းချ လိုက်တယ် ။ ဆိုတော့ . . . တင်းကျပ်တဲ့ ဆိုရှယ်လစ် စီးပွားရေးစနစ် နဲ့  ညစ်ပတ်တဲ့ အရင်းရှင် စီးပွားရေးစနစ် နှစ်ခု ကြားက သူ့အလိုအလျောက် ထိုးထွက်လာတဲ့ အခြေအနေ တခု လို့ တော့ သမီးက ယူဆမိ တာပဲ လေ။ ဒါပေမဲ့ သူ့ကို စွဲချက်တင် အမည်တပ်ထားပုံ မှာကိုက  မနှစ်သက်တဲ့ အသံ ပါနေပြီမို့   နီယိုလစ်ဘရယ်လစ်ဇင် ဆိုတဲ့ ခေါင်းစဉ် အောက်မှာတော့ အကောင်းကား ရှာ၏ မတွေ့ လေပြီ ပေါ့ ။ တကယ်တော့ အခု လူတွေ မြိန်ရေ ယှက်ရေ ပြောနေကြတဲ့ Globalization ဆိုတာကြီးကလည်း သူ့ရဲ့ မှန်ကူကွက် တခုပဲ မဟုတ်လား။


ပြောသလိုဆိုရင်တော့ ၊ ကမ္ဘာကြီး ပြားသွားလို့  ၊ အဆီးအတားတွေ လျော့ပေါ့ပေးလိုက်လို့  ၊ နယ်စည်း တံခါးတွေ ပွင့်လာလို့  ၊ စီးဝင်လာမဲ့ ကုန်သွယ်လုပ်ငန်းစု ကြီးတွေ ၊ ကမ္ဘာ့အမှတ်တံဆိပ်ကြီးတွေ အောက်မှာ ပြည်တွင်းထုတ်ကုန် နဲ့ အလတ်စား အသေးစား လုပ်ငန်းတွေ ပြားပြားဝပ်ကုန်တတ်တယ် လို့ ဆိုတယ်။ အင်းနော် မြန်မာပြည်မှာ အခု ကိုကာကိုလာ ၀င်လာပြီဆိုရင်  ဆေးသကြားတွေ ပါတယ်… ဆိုးဆေးတွေ ပါတယ် ဆိုတဲ့ ပြည်တွင်း အချိုရည်တွေ ကို ဘယ်သူ သောက်တော့မှာလဲ ။


နိုင်ငံခြားရင်းနှီးမြုပ်နှံမူ ဆိုတာ မပိုင်ဝက်မွေး တဲ့ ။ နေ့စဉ်နဲ့ အမျှ နာရီ စက္ကန့်ပိုင်းနဲ့ အမျှ  အတက်အကျ ဖြစ်နေတဲ့ ငွေကြေးဈေးကွက်တွေ အောက်မှာ ၊ ကုမ္ဗဏီကြီးတွေ ရဲ့  ပိုင်ဆိုင်မူ ရပ်တည်မူတွေ ကလည်း အပြောင်းအလဲ မြန်တာကြောင့် လက်ခံနိုင်ငံတွေမှာ လူမူစီးပွား မတည်ငြိမ်မူတွေ ဖြစ်ရတယ်တဲ့။ အင်း … ကိုရီးယား မှာ ဖြစ်ခဲ့တဲ့ ကားစက်ရုံက ဆန္ဒပြပွဲ လိုမျိုးတွေပေါ့ ။ ခုတောင် သြစတြေလျမှာ အမေရိကန် ကားကုမ္ဗဏီကြီး General Motor ထွက်တော့မယ် ဆိုတော့ ၊ ထောင်နဲ့ ချီ ကျန်ခဲ့မဲ့ အလုပ်သမားတွေ ရဲ့ ပြသာနာက၊   လွှတ်တော်ထဲ မှာ အပြန်အလှန် ပုတ်ခတ် နေတဲ့ နိုင်ငံရေး ပြသာနာ ထိ ဖြစ်လာပြီလေ။


အကျိုးအမြတ်ရမူ နဲ့  စွမ်းဆောင်နိုင်မူတွေ နှေးကွေးလေးလံ တယ်ဆိုတဲ့ အကြောင်းပြချက် နဲ့  နိုင်ငံပိုင် လုပ်ငန်းကြီးတွေကို တခုပြီး တခု ပုဂ္ဂလိက လက်ထဲ လွှဲပြောင်း ရောင်းချ နေရတဲ့ အခြေအနေ တွေ ကလည်း နီယိုလစ်ဘရယ်လစ်ဇင် ရဲ့  ဖွားဖက်တော်တဲ့။ ဟုတ်တယ်လေ . . . မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်က လူသုံးကုန်ပစ္စည်းတွေ ဘယ်လောက် ရှားပါးခက်ခဲ ခဲ့သလဲ . . . အစိုးရ ရုံးတွေ နဲ့  ဆက်ဆံရတာ ဘယ်လောက်တောင် စိတ်ပျက်ဖို့ ကောင်းသလဲ  ဆိုတာ သမီးတို့ တွေ ကောင်းကောင်းသိခဲ့ ကြပြီးပြီပဲ ။ ဒါပေမဲ့ အခု ပညာရေးလို  ကျန်းမာရေးလို အခြေခံ အဆေက်အဦတွေကို ပုဂ္ဂလိကတွေ လက်ထဲ ထိုးထဲ့နေတော့ ၊ ဘယ့်ဂလောက် ပိုပြီး အခြေအနေတွေ တိုးတက်လာလို့လဲ ။ ပိုက်ဆံအများကြီးကုန်နိုင်မှ ပညာသင်နိုင်မဲ့ ဘ၀တွေ ၊ ဆေးကုဖို့ ပိုက်ဆံမရှိလို့ အသေခံရမဲ့ ဘ၀ တွေကိုရော ထဲ့ မစဉ်းစားသင့် တော့ဘူးလား ။


လျှပ်စစ်မီးလို ၀န်ဆောင်မူတွေကိုတောင် ပုဂ္ဂလိကကို မှီခိုနေရမယ် ဆိုရင် ၊ အစိုးရ တရပ်ကို ပြည်သူတွေက ဘာအတွက်များ မဲပေး အခွန်ပေး အရိုအသေပေး နေ ဖို့ လိုတော့မှာလဲ ။ အဲဒီတော့ ၊ အစိုးရ တရပ် ရဲ့ လျော့လျဲ လာတဲ့ ကွက်လပ်တွေကို ဖြည့်ပေးဖို့ NGO တွေကို မျှော်ရတော့မယ်။ NGO တွေ ဆိုတာ တကယ့်ကိုပဲ အကျိုးအမြတ် မကြည့်တဲ့ လူသားခြင်း စာနာတဲ့ အဖွဲ့အစည်းတွေချည်းပဲလား ဆိုတာ ဘယ်သူမှ အသေအချာ မပြောနိုင်ပေမဲ့ ၊ လက်တွေ့  အခြေအနေတွေမှာတော့ အငြင်းပွားစရာတွေ တပုံတပင် ဖြစ်နေတာ လူတိုင်း သိနေကြတာပဲ ။ သူတို့ရဲ့ နောက်ကွယ်က အလှူရှင် အဖွဲ့အစည်းကြီးတွေ  နိုင်ငံကြီးတွေကရော တကယ့်ကိုပဲ စေတနာသန့်သန့်  တာဝန်ကျေလိုမူ သက်သက်နဲ့  ချိတ်ဆက်ဆောင်ရွက် နေကြတာလား ဆိုတာတော့ အတော့်ကို ခေါင်းနောက်စရာ ကောင်းတဲ့ ခေါင်းစဉ်တွေပဲ ဖေဖေရေ ။


ပြောခဲ့မိသလို မြန်မာပြည်ရဲ့ အခြေအနေက ပြောဖို့ စောလွန်းနေသေးတယ် ဆိုတာထက် နောက်ကျလွန်းနေတာရော မဖြစ်နိုင်ဘူးလား လို့ သမီး ပြန်စဉ်းစားကြည့်မိပြန် တယ် ။ IMF (International Monetary Fund) တို့ ၊ WB (World Bank) တို့လို အဖွဲ့အစည်းကြီးတွေကို အရှေ့ ဥရောပ အပါအ၀င် ကမ္ဘာ့နိုင်ငံ တော်တော်များများက လက်ညှိုး ငေါက်ငေါက်ထိုးပြီး အပြစ်တင်နေခဲ့တာ ဖြင့် ကြာပြီ လေ။ မြန်မာပြည်မှာ ခုမှ ကြိုဆိုဖို့ စင်ထိုးရတုန်း  မဟုတ်လား ။


ထားပါတော့လေ ။ မြန်မာပြည်မှာ လွတ်လပ်ရေး ရပြီးစကလည်း အယူဝါဒ တွေ နေရာလု ခဲ့ကြလို့  ကမ္ဘာ့နောက်ပိတ် ဖြစ်ပြီးနေခဲ့ပြီ ။ အခု ခေတ်ရေစီး အတိုင်းဖြစ်လာတဲ့ ဈေးကွက်စီးပွားရေး ဆိုလည်း ထားပါ ။ ဒါပေမဲ့ ဈေးကွက်စီးပွားရေးစနစ် ဆိုတာ ဒီမိုကရေစီ အခြေခံပေါ်မှာ ခိုင်ခိုင်မာမာ ရှိသင့်ပြီး ၊ တရားဥပဒေစိုးမိုးမူ နဲ့ မီဒီယာလွတ်လပ်ခွင့် ဆိုတဲ့ ပေးထားကိန်းတွေ နဲ့ တွက်မှသာ ၊ အဖြေမှန် ရနိုင်မယ်လို့  ပညာရှင်တွေက ပြောထားပြီးသား။ မြန်မာပြည်မှာ ၊ တရားဥပဒေ စိုးမိုးမူတော့ မသိဘူး … မီဒီယာ လွတ်လပ်ခွင့် တော့ ရှိနေပြီ ဆိုပါတော့။ အရေးကြီးတာက အဲဒီ လွတ်လပ်ပါတယ်ဆိုတဲ့ မီဒီယာတွေက  စီးပွားရေးသမားကြီးတွေ ကော်ပိုရေးရှင်းကြီးတွေရဲ့  အိပ်ထောင်ထဲ ရောက်မသွားဖို့တော့ လိုတာပေါ့။ ဒါပေမဲ့ အခုလို စီးပွားရေးဖြေလျော့မူတွေ လုပ်တိုင်း ခရိုနီ လို့ ခေါ်နေကြတဲ့ သီးသန့် လူတစု လက်ထဲကိုချည်း အခွင့်အရေးတွေ ရောက်ကုန်တဲ့ ဘေးထွက်ဆိုးကျိုးကိုတော့ ဘယ် စီးပွားရေးပညာရှင်မှ မကယ်နိုင်တော့ဘူလား မသိ။


တကယ်ဆို ဒီ လွတ်လပ်တဲ့စီးပွားရေးစနစ်ကို ဟိုအရင်ခေတ် န၀တ လက်ထပ် သတင်းစာတွေမှာ၊  နှာခေါင်းရှည်ကြီးတွေကို မျှော်တဲ့ နယ်ချဲ့လက်သစ်စနစ် လို့တောင် ပုတ်ခတ်ရေးသားခဲ့ ကြသေးတာပဲ မဟုတ်လား ။ ပြောရရင် နယ်လဆင် မန်ဒဲလားကြီးတောင် ဘ၀ တခုလုံးပုံ ပြီး ယုံကြည်မျှော်လင့် ခဲ့တဲ့ ၊ ပြည်သူပိုင် စီးပွားရေး စနစ်ကြီး ကို နောက်ဆုံးအချိန်မှာ နီယိုလစ်ဘရယ်လစ်ဇင် ရဲ့ လက်ထဲပဲ အသာပုံချထားခဲ့ ရတာပဲ မဟုတ်လား ။


သမီးထင်တာတော့ ဖေဖေရေ. . . လက်သစ်တွေ လက်ဟောင်း တွေ ၊ ပြည်သူပိုင်တွေ  ပုဂ္ဂလိက ပိုင်တွေ ဆိုတာထက် ၊ စနစ်တွေ အားလုံး ဟာ ၊ လူ့ သဘာဝ တွေကို မလွန်ဆန်နိုင်ပဲ အဂတိတရား လေးပါးထဲမှာ ၀ဲလယ် ချာလယ် ဖြစ်နေကြတာချည်းပါပဲ ။ ဒါပေမဲ့ ဖေဖေ ပြောပြဖူးတဲ့ ပုံဆောင်ချက်ကလေး တခု လိုပဲပေါ့။ လူ့အဖွဲ့အစည်းကြီးထဲမှာ သံသရာက လည်တော့ လည်နေတာပဲ . . . ကရွတ် ကင်းလျှောက်သလို မလည်ပဲ ၊ စပရင် တခုလို လည်ရင်း အပေါ်ကို ဖြည်းဖြည်းခြင်း တက်သွားဖို့ ပဲ အရေးကြီးတယ် ဆိုတာလေ ။


နယ်လဆင် မန်ဒဲလား ဆိုလို့  ဖေဖေရေ . . . တိုက်တိုက်ဆိုင်ဆိုင်ပဲ ။ ကွန်ဂရက် ရဲ့ နောက်ဆုံးနေ့ ပိတ်ပွဲ မနက်ခင်းမှာ ၊ မန်ဒဲလားကြီး တယောက် ညက ဆုံးသွားတယ် ဆိုတဲ့ သတင်းကြောင့် အားလုံး လှုပ်ရွ လှုပ်ရွ ဖြစ်နေကြတယ်။ အဲဒီ နောက်ဆုံးနေ့ မှာပဲ မြန်မာပြည်က သုံးယောက်က စကားပြောရမှာ ဆိုတော့ ချက်ခြင်းပဲ မန်ဒဲလား အတွက် ၀မ်းနည်းကြောင်း ထဲ့ပြောဖို့  တိုင်ပင် ဖြည့်စွက် ကြရပြန်တယ်။ အခန်းအနား အစီအစဉ် အစမှာ၊ အားလုံး မန်ဒဲလား အတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ် တမိနစ်ခန့် ငြိမ်သက် အလေးပြုကြတယ်။  ရုတ်ခြင်းဆိုသလိုပဲ  တောင်အာဖရိက သမဂ္ဂ၀င်တွေ သံပြိုင်ဆိုလိုက်တဲ့  Free Nelson Mandela  ဆိုတဲ့ သီချင်းသံက ငြိမ်သက်လက်စ စိတ်အစဉ်တွေကို လေးနက်မူ တခုထဲမှာ စီးဝင်မျောပါ သွားစေတော့တယ်။  သီချင်းသံရဲ့ အဆုံး  ဇူလူးဘာသာစကား နဲ့ ကြွေးကြော်လိုက်သံကို ကြားမှ အားလုံး သတိအနေအထား ပြန်ဖြစ်ကြတယ်။ အစည်းအဝေးခန်းထဲမှာ ရှိနေတဲ့ လူတွေ အားလုံး၊  Red Salute လို့  ကြွေးကြော်သံကို အဆုံးသပ်လိုက်တဲ့ အချိန်မှာ ၊ သမီးပါးစပ်က ဘယ်လို အသံထွက်သွားခဲ့သလဲ.. သမီး သေချာ မသိလိုက်ဘူး ဖေဖေ။


အားလုံး ခုံမှာ ပြန်ထိုင်ကြတော့မှ ၊ ရှေ့မှာ ချိတ်ဆွဲထားတဲ့ အနီရောင် နောက်ခံမှာ  ကမ္ဘာလုံးထဲကနေ လက်သီးလက်မောင်းတန်းနေတဲ့ ရုပ်ပုံအောက်က New Unions for a Century ဆိုတဲ့ စာသားလေးကို၊ အခုမှ မြင်မိသလို ငေးကြည့်နေမိတယ်။ ဓနရှင်လက်သစ်ဝါဒကို အစားထိုးဖို့ ဆိုတဲ့ ၊ ဒီအစည်းအဝေးကြီးရဲ့ ရည်မှန်းချက်တွေ တကယ်ပဲ ပြည့်မြောက်ပါစေ လို့ ဆန္ဒပြုလိုက်တယ်။ လက်သစ်ဝါဒ နောက်ထပ်တမျိုးကိုလည်း အဆိုးမမြင်ချင်တော့ဘူးလေ။ အားလုံးအတွက် တရားမျှတ တဲ့ လူ့ဘောင်ကြီးတခု တည်ဆောက်ဖို့ ဆိုတာ  စိတ်ကူးယဉ် သက်သက်တော့ မဟုတ်လောက်ပါဘူး နော် .  . . ဖေဖေ ။


ကေသွယ်
၂၀-၂၁ ဒီဇင်ဘာ ၂၀၁၃

◦
Share/Bookmark

ပြောင်းလဲဖို့အတွက် လိုအပ်နေတဲ့အရာ

လှည်းတန်း အ၀င် ပြည်လမ်းမ  (ဓါတ်ပုံ- SHA)


မြန်မာပြည်ကြီး တကယ် ပြောင်းလဲ နေ ပြီ လား … ဆိုတဲ့ မေးခွန်းကို၊ လူတိုင်းပဲ စိတ်ဝင်စား နေ ကြသည်။ မနေ့က နဲ့  ဒီနေ့ ဘယ်အရာကမှတော့၊ တသမတ်တည်း ရှိနေမည် မဟုတ်။ အနည်းဆုံးတော့ နိုင်ငံသူနိုင်ငံသားတွေ အားလုံး၊ သမိုင်းမှတ်တိုင်တွေ၊ တကွေ့ပြီးတကွေ့ ဖြတ်လို့၊   လမ်းဆက်လျှောက်နေ ကြ ရသည်။ ကြီးရင့် ပြောင်းလဲ နေ ကြ သည်။
ကလေးတွေက နေ လူငယ်တွေ ။ လူငယ်တွေကနေ လူရွယ်တွေ ။ လူရွယ်တွေကနေ လူကြီးတွေ ။ လူကြီးတွေ ကနေ လူအိုတွေ။




+++++++


ယူနီဖောင်းအဖြူ ကို သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားတဲ့ ၊ လူဝင်မူကြီးကြပ်ရေးအရာရှိ  လူရွယ်ရဲ့ လက်ချောင်း တွေက၊ ကွန်ပြူတာ ကီးဘုတ်ပေါ်မှာ၊ကျွမ်းကျွမ်းကျင်ကျင် လှုပ်ရှားနေသလို၊ အကြည့်တွေကလည်း ကွန်ပြူတာ မျက်နှာပြင်နဲ့ ၊ ခရီးသွားစာအုပ် ကြားမှာ၊ လျင်လျင်မြန်မြန် ရွေ့လျောနေသည်။ ဟုတ်ကဲ့ရပါပြီ ဆိုတဲ့ ၊ အပြုံးတ၀က် အသံတ၀က် နောက်မှာ ၊ ဘာမှ အထူးအထွေ စူးစမ်းမူတွေ မပါ၊ ရိုးရှင်းပြေပြစ် လှသည်။ဟုတ်သည် ။ အဲဒီလို ရိုးရှင်းပြေပြစ်မူ ကိုသာ၊ လိုချင်တောင့်တ ခဲ့ကြသည် မဟုတ်လား ။ တချိန်က၊  ဒီနေရာကို ရောက်ပြီဆိုတာနဲ့ ၊ မိသားစုရဲ့ နွေးထွေးတဲ့ အပြုံးတွေကို မတွေ့မမြင်ရခင်မှာ၊ မယုံသင်္ကာတွေ၊ မလိုတမာတွေ ကြားထဲမှာ စိုးရွံ့နေကြ ရသည်လေ။

ခေတ်မီ သစ်လွင်နေတဲ့၊ ရန်ကုန်လေဆိပ် အပြင်ခန်းမ ထဲကို ၊ ထွက်လိုက်တော့ ၊ အသီးသီး စောင့်မျှော်ကြိုဆို နေတဲ့ မိသားစုတွေ ။ အဲဒီအထဲကမှ တောင်ဝှေးကြီး ထောက်ပြီး လက်လှမ်းပြ နေတဲ့၊ ဦးကြီးဖြစ်သူ နဲ့ ၊ လူတွေ ကြားထဲ အရပ်ရှည်ကြီး ထိုးထွက်နေတဲ့၊ တူကလေးကို ၀မ်းသာအံ့သြ စွာ တွေ့လိုက် ရသည်။ ၀မ်းသာရ တာက၊ ဦးကြီးကို အပြင်မှာ၊ အခုလို လွတ်လွတ်လပ်လပ် ကျန်းကျန်းမာမာနဲ့ တွေ့ရလို့။ အံ့သြ ရတာက၊ ဆယ်တန်း ဖြေထားတယ် ဆိုတဲ့ တူလေး က၊ မယုံနိုင်လောက်အောင် ၊ အရွယ်ရောက် နေလေပြီမို့။  အရင်ဦးဆုံး ဘေးလွယ်အိတ်ထဲ မှာ အလွယ်တကူ ထဲ့ယူလာခဲ့တဲ့ ၊ စာအုပ်ကို ထုတ်ပြီး ၊ ဦးကြီးရဲ့ လက်နှစ်ဖက်ထဲ ၊ ထဲ့လိုက်ရင်း၊ အားရပါးရ ဖျစ်ညှစ် ဆုပ်ကိုင်ထားတော့ ၊ ဘေးမှာ ရပ်နေတဲ့ တူကလေးရဲ့ မျက်ဝန်းထဲမှာ၊  စူးစမ်း တဲ့ အလင်းရောင်တွေ ၊ဖျပ်ကနဲ ပြေးသွားသည်ကို မြင်လိုက်ရသည်။
 ဆယ်ကျော်သက်ရွယ် လူငယ်တယောက် အတွက် ၊ စာအုပ်တအုပ်ကြောင့် နှစ်ရှည်လများ အကျဉ်းကျခဲ့ရတဲ့ အဘိုးတယောက်ရဲ့ သမိုင်းနဲ့၊ နိုင်ငံရပ်ခြားမှာ သွားရောက်နေထိုင်နေတဲ့ ဦးလေးအဒေါ်တွေရဲ့ အကြောင်းပြချက်ကို၊ ဘယ်လို နားလည်လက်ခံလေမလဲ ။ တောင်ဝှေးပေါ်မှာ အားပြု လျှောက်နေတဲ့ ဦးကြီးကို အသာငေးရင်း  ရဲရင့်  ဖျတ်လပ်ခဲ့တဲ့ ပုံရိပ်တချို့ကို ပြန်မြင်ယောင်မိသည်။ အိတ်တွေကို ဆွဲယူရင်း လျင်မြန်သွက်လက်စွာ ၊ လျှောက်သွားတဲ့ တူကလေးရဲ့ နောက်ကလိုက်ရင်း ၊ လေဆိပ်မှန်တံခါး က၊ ထွက်လိုက်တော့၊  မုတ်သုန်မိုး ရနံ့ သင်းပျံ့နေတဲ့ ၊ ရန်ကုန်မြို့ ကြီးက ၊ စောင့်ကြိုလျက်..။  ပင့်သက် ရှိုက်ကာ ၊ နှုတ်ဆက် လိုက် မိ ပေ တော့ သည်။

++++++

အဲဒါ..အချိန်ကာလ ရဲ့ သရုပ်သကန်လား၊ ပြောင်းလဲခြင်းရဲ့ ပြယုဂ်လား…
စကားကို ကြီးကြီးကျယ်ကျယ် မေးခွန်းနဲ့ အဆုံးသတ် လိုက်မိပေ မဲ့ ၊ တကယ်တော့ ၊ ဒီစကားဝိုင်းထဲမှာ ၊ တိတိပပ အဖြေ မရှိမှန်းလည်း သိနေသည်ပဲ။

 … ပြောင်းလဲ တာတော့..တကယ် ပြောင်းလဲနေပြီ ဟ … လို့ ၊ သူငယ်ချင်း တယောက်ကတော့၊ အားရပါးရ ဖြေနေပေသည်။ သူက  မနှစ်တနှစ်ကမှ၊ စင်ကာပူက ပြန်လာခဲ့ပြီး၊ အခုတော့ ရန်ကုန်မြို့က၊ ပုဂ္ဂလိက ဘဏ်ကြီးတခုရဲ့  အဆင့်မြင့်နေရာ တခုမှာ ၊ နေသားတကျ ဖြစ်နေပုံ ရ သည်။ သူ အဲဒီလို ပြောလိုက်တော့ မှ၊ လက်ရှိ ထုတ်လိုက်တဲ့ တသောင်းတန် အကြောင်း ၊ နိုင်ငံတကာမှာ သုံးနေတဲ့ ဘဏ်ကဒ်တွေအကြောင်း ၊ စကားဝိုင်းရဲ့ မျှားဦးတွေက သူ့ဆီ စုပြုံကျရောက်သွားသည်။ နိုင်ငံတကာနဲ့ ချိတ်ဆက်ဆောင်ရွက် နိုင်မဲ့၊ ခေတ်မီ ဘဏ်စနစ်တွေ ၊ တဖြည်းဖြည်းနဲ့တော့  ဖြစ်လာတော့မှာပါ ဟာ…အရေးကြီးတာ ငါတို့ စိတ်ရှည်ဖို့ နဲ့ အကောင်းမြင်တတ်ဖို့ပဲ လိုတာ.. လို့ သူက ဆိုလေသည်။
ဟေ့..အကောင်းမြင်တာတွေ အဆိုးမြင်တာတွေ ဖန်ခွက်တ၀က်တွေ အပြည့်တွေ ပြောမနေနဲ့ကွာ၊ ဖန်ခွက်ထဲကရေကို ဘယ်လိုသောက်ရ မလည်း ဆိုတာပဲ  အရေးကြီးတာလို့... ၀င်နောက်လိုက်တဲ့ သူငယ်ချင်း က၊ ကုမ္ပဏီ နာမည်တခု မှတ်ပုံတင်ထားသူ ။ သူ့ ကုမ္ပဏီက၊  ဘာတွေလုပ်သလဲ ဆိုတာတော့၊ အားလုံး တိတိကျကျ မသိလှ ပေမဲ့၊ သူ စီးလာတဲ့ကားက၊ အတော် ဈေးကြီးလှသည်။ မူလတန်းကျောင်းသူ သမီးက၊ ၊ ကျောင်းမှာ သူငယ်ချင်းတွေ ကားအသစ်တွေ လဲကုန်ပြီမို့၊ အမေကို ပူဆာ နေတယ်ဆိုတဲ့ ၊ ရတနာကုန်သည် သူငယ်ချင်းမ ကိုတောင်၊  ကားအသစ်လဲဖို့ ၊ အကြံညဏ်တွေ၊ ပေးနေလေ သည်။ အခု ၀င်လာတဲ့ ကားတွေ မှာ၊ ကီလိုမီတာတွေ ဘယ်လိုလျှော့လို့ရတဲ့ အကြောင်း၊  ကားမော်ဒယ်ကိုတောင် ပြောင်းထားလို့ ရတဲ့ အကြောင်း ပြောနေတာကို ကြားတော့၊ မျက်လုံးပင် ပြူးသွားမိသည်။  မြန်မာပြည်က၊ လက်ရှိ  နာမယ်ကျော်၊ စီးပွားရေးလုပ်ငန်းရှင် သူဌေးကြီးတွေကိုလည်း အတော်အားကျပုံရသည်။ ပါးစပ်ဖျားကမချ။ ပြန်သာလာကြစမ်းပါဟာ..ဒီမှာ လုပ်စရာခွင်တွေ ပေါလွန်းလို့.. လို့ သူ ထပ်ပြောတဲ့ အချိန်မှာ၊ သူ့ရှေ့ စားပွဲပေါ်မှာ တင်ထားတဲ့  အိုင်ဖုန်းက ၊ တတစ်တစ် နဲ့ မြည်လာသည်။
.
သူငယ်ချင်းမ ကတော့ ၊ တလောလေး က၊ သိန်းငါးရာတန်  အခန်းတခန်း ဆွဲထားလိုက် မိ လို့ ၊ ကားမလဲ နိုင် သေးပါဘူးဟာ..လို့ ဆိုသည် ။ ခြံ တွေ မြေ တွေ ကတော့၊  သိန်းသုံးထောင် အထက်ချည်းပဲ မို့ ၊ အနား မကပ် နိုင်တဲ့ အကြောင်း ၊ ကလေးတွေ ပညာရေး ကလည်း၊ ပရိတ်ဗိတ် ကျောင်း ထားတာ ဆိုတော့၊ တအားကုန် တဲ့ အကြောင်း  ထပ်ညည်းပြနေတဲ့ သူငယ်ချင်းမ ကိုငေးရင်း ၊ ဆယ်စုနှစ် တခု ကျော်စာ အိုမင်း နေပြီ ဖြစ်တဲ့ အတိတ်တွေ ကို၊ ပြန်သတိ ရ နေ မိ သည်။ အဲဒီ တုန်းက တော့၊ ရန်ကုန် တက္ကသိုလ်ကြီးက၊ ကျောင်း ပြီးစ သူငယ်ချင်း နှစ်ယောက်သား ၊ နိုင်ငံခြား တက္ကသိုလ် တခုခု မှာ၊ ကျောင်း ဆက် တက်ခွင့်ရ ရေး၊ စကောလားရှစ် ရ ရေး သည်၊ အကြီးဆုံး ရည်မှန်းချက် ဖြစ်ခဲ့ ကြ သည် လေ။
.
ဟိုးအရင် ငယ်စဉ်က၊ ပိတ်ဆို့ ရှားပါး တဲ့ ခေတ်ကြီးမို့၊ နိုင်ငံခြားကို ရောက်နေတဲ့ ၊ အသိမိတ်ဆွေ တွေ၊ ပြန်လာပြီ ဆိုရင်၊ ပြင်ပကမ္ဘာက ၊ သတင်း တွေ၊ အတွေ့အကြုံ တွေ သည်၊ နားထောင် လို့ မငြီး နိုင် ခဲ့။ သူတို့ ပြောသမျှ ကို ငေးပြီး နားထောင်ရင်း စိတ်ကူးယဉ် ခဲ့ ဘူး သည်။ အခုတော့၊ ငေး ပြီး နားထောင်နေ ရ သည်မှာ၊  မြန်မာနိုင်ငံထဲက၊ အခြေအနေ  အပြောင်းအလဲ တွေ သာ၊ ဖြစ် နေ ပေသည်။ 
.
ဧည့်သည်တော်က၊ တိတ်ဆိတ် နေလို့လားတော့ မသိ ။ ကဲ… ခရီးထွက် တုန်းကရော၊ ဘာတွေ ပြောင်းလဲ လာတာ တွေ့ခဲ့ သလည်း.. လို့၊ အိမ်ရှင် သူငယ်ချင်းက၊ မေးခွန်း ကို ပြန်ဖော် လိုက် သည်။ တကယ်ပဲ၊ ဒီ သူငယ်ချင်း ဇနီးမောင်နှံကို ကျေးဇူးတင်ရ ပါသည်။ အစိုးရ ၀န်ထမ်း အရာရှိ ဖြစ်နေတဲ့ ဒီသူငယ်ချင်း ကြောင့်သာ၊ မြို့တော်သစ်ကြီး ဆီ၊ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ခဲ့ ရသည်။ 
.
ရန်ကုန်မိုး ကြောင့် ပဲလားမသိ ၊ စွတ်စို ရှုပ်ပွ ကျပ်ညပ် နေတဲ့၊ မြို့တော်ဟောင်း ကြီးကနေ၊ ထွက်လို့ သိပ်မကြာ ခင်၊ ကျယ်လွင့် ဖြောင့်ဖြူး နေတဲ့၊ နာမယ်ကျော်  လမ်းသစ်ကြီး ကို၊ မျက်ဝါးထင်ထင် မြင်လိုက် တော့၊ တကယ့်ကို အံ့သြ သဘောကျ ခဲ့ရ သည်။ မြို့စဉ်တွေ အားလုံးကို ကျော်လွှားပြီး၊ တရိပ်ရိပ် မောင်းနေတဲ့၊ သူငယ်ချင်း ရဲ့ ကားအသစ် ပေါ်မှာ ၊ သက်တောင့် သက်သာ ထိုင်ရင်း၊ လှပ ဆန်းကျယ် ၊ သမိုင်း မငယ် လှတဲ့ ၊ ပဲခူးရိုးမ ကြီးကို ၊ ပထမဆုံး အကြိမ် ၊ အနီးကပ် မြင်တွေ့ခွင့် ရခဲ့ သည်။ တဖက် လမ်းကြောပေါ်မှာ၊ တချက် တချက် လှမ်း တွေ့ ရ တဲ့၊ အဝေးပြေးကား သစ်ကြီး တွေ နဲ့ သပ်ရပ် ရှင်းလင်း နေတဲ့ ၊ ယဉ်ရပ်စခန်း ကြီးတွေ ကို မြင် ရတာ လည်း ၊ နိုင်ငံမှား ရောက်နေ သလား တောင် ၊ ထင်ခဲ့ ရ သည်။ မြို့တော်သစ် ကြီး နဲ့အတူ၊ မနီးမဝေးမှာ ရှိတဲ့၊ ဆည်အပမ်းဖြေစခန်းကြီး ကို ၊ ခမ်းနားလှပ စွာ မြင် ရ တာ လည်း ၊ စိတ်ချမ်းသာ စရာ ကောင်း ပါ သည်။
.
အဲဒီတော့ လည်း၊ အေးနော်..တော်တော့်ကို ပြောင်းလဲသွားတာ.. လို့သာ၊ လိုက်လိုက်လျောလျော အဖြေပေး လိုက်မိသည်။ တခြမ်းပဲ့နေတဲ့၊ တောရ ဘုန်းကြီးကျောင်းလေးတွေ... အရင်တုန်းက ရှိတဲ့ ရွာတွေကနေ ၊ ကျန်ခဲ့တာဆိုတဲ့ အပန်းဖြေစခန်း ကြီးထဲက ကျွန်းတိုင်လုံးကြီးတွေ... ကြီးမား ခန့်ထည် တဲ့ မြို့နယ် ဆိုင်းဘုတ်ကြီး တွေ အောက်မှာ၊ မြက်နှုတ်ပေါင်းသင် လုပ်နေ ကြ တဲ့၊ ဒေသခံ ရွာသူ ရွာသားတွေ ရဲ့ အကြောင်းတွေ ကိုတော့၊ ဆက်ပြီး အတွေးနယ်ချဲ့ မနေ ချင် တော့ပါဘူးလေ။ အကျင့်ပါနေ ခဲ့တဲ့၊ နိုင်ငံရေး နဲ့ လူ့အခွင့်အရေးတွေ အကြောင်း ၊အတိုက်အခံစကားတွေကို၊ အခုချိန်မှာ ပြောနေဖို့ မလိုတော့ဘူး မဟုတ်လား။ မသင့်တော်ဘူး  မဟုတ်လား။


++++++

“နိုင်ငံရေး ကိစ္စတွေ က၊ လွှတ်တော်ထဲ ကို ရောက်သွား ပြီ ဆို ပေမဲ့၊ ကျမ တို့ အနေနဲ့၊ လွတ်လပ်ပွင့်လင်း တဲ့ အရပ်ဖက် လူ့အဖွဲ့အစည်းတွေအဖြစ်နဲ့ ရှိနေ မှာပါ…”
.
ပရိသတ် အားလုံးရဲ့ရှေ့၊ စင်မြင့်ပေါ်ကနေ၊ စိတ်အားထက်သန်စွာ ပြောနေတဲ့၊ အမျိုးသမီးသည်၊ မကြာသေးခင် က၊ လူ့အခွင့်အရေး ဆိုင်ရာ နိုင်ငံတကာဆု ရထားသူ ဖြစ်သည်။ သူ့မှာ တခြား အဖွဲ့နှစ်ဖွဲ့ ကိုလည်း ဦး ဆောင် နေသေးသည် ဟု၊ သိ ရသည်။
.
ဟုတ်သည်ပဲ။ ရာနဲ့ချီတဲ့ ပရိသတ်တွေ ၊ စည်စည်ကားကား သိုက်သိုက်ဝန်းဝန်း ကြားမှာ၊ အခုလို စကားမျိုးတွေကို ၊ ၀ံ့ဝံ့စားစား ပြောနိုင်ဖို့ ဆိုတာ၊ မနှစ် တနှစ်က တုန်းကတောင်၊ မဖြစ်နိုင်လွန်း တဲ့ ကိစ္စ တခု လေ ။ ရောက်တုန်း ရောက်ခိုက် ၊ စာပေ မိတ်ဆွေ တယောက်က၊ ဒီနေ့ တော်ဝင်နှင်းဆီ မှာ၊ အမျိုးသမီးပွဲ တခု ရှိတယ်။ ဖိတ်စာ မလိုဘူး လာခဲ့ပါလား လို့ လှမ်းခေါ်တာကြောင့်၊ လေ့လာရအောင် သက်သက် ရောက်လာ ခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးတန်းက  ခုံတခုံ မှာ အသာ ၀င်ထိုင်ရင်း၊ အခြေအနေကို  စူးစမ်း နေ မိသည်။ သတိ ထားမိတာက၊  များပြားလှတဲ့၊ ကင်မရာကိုင် သတင်းသမားတွေ။  အဲဒီ အထဲမှာမှ၊ ခေတ်မီ ပြီး  ပေါ့ပါး ဖျတ်လပ် နေတဲ့၊ သတင်းထောက် မိန်းကလေးငယ်လေးတွေကို အတွေ့ရများတာ ကလည်း  ထူးခြား နေသည်။ ဘေးတဖက်တချက်မှာ ထိုင်နေတဲ့၊ အမျိုးသမီး နှစ်ယောက်ကို၊ မသိမသာ  အကဲခတ် ရင်း၊ မိတ်ဆက် စကား ဆိုကြည့်သည်။ အသက်ပိုကြီးပုံ ပေါ် တဲ့ အမျိုးသမီးက၊ အန်ဂျီအို တခုမှာ အတော် လုပ်သက် ကြာခဲ့ပြီး၊ အခု တခြား အန်ဂျီအိုတခုကို ပြောင်းတာ သိပ်မကြာသေးကြောင်း၊ အခု ဖတ်ကြားနေတဲ့၊ အမျိုးသမီးများနဲ့ ဆိုင်သော ဥပဒေများ စာတမ်းကို သူ့ မိတ်ဆွေတယောက်က ကူညီ ပါဝင်ထားတာ လို့  ဆိုသည်။ တခြားဖက်ခြမ်းက ၊ အသက်ပိုငယ်ပုံရတဲ့၊ ခပ်ပိန်ပိန် အမျိုးသမီး က တော့၊ စင်ကာပူ တက္ကသိုလ် တခုရဲ့ ဒေသတွင်း ဖွံ့ဖြိုးရေး စကောလာရှစ် တခုနဲ့ ပြည်သူ့ရေးရာ စီမံခန့်ခွဲမူ မဟာဘွဲ့ ရထားသူ လို့ ဆို တယ်။ စိတ်ဝင်စား သွားရင်း ၊ ခပ်တိုးတိုး စကား ဖလှယ် ကြည့်မိ သည်။ စင်ကာပူ မှာ၊ အလုပ် လုပ်နေ ရာ ကနေ၊ ပြန်လာပြီး ၊ ဒီက အခြေအနေတွေ နဲ့ အခွင့်အလမ်း တွေကို၊ စောင့်ကြည့် နေ ခဲ့တာ၊ ရှစ်လလောက်တောင် ရှိနေပြီ ဆို တော့ ၊ ပိုလို့တောင် စိတ်ဝင်စား သွားမိသည်။ အမရယ်..  ဆရာ့ ဆရာကြီး တွေ တောင်၊ ပြန်လာပြီး  အကြံပေးပဲ လုပ်စားရင် ကောင်းမလား.. အကြံအိုက် နေကြတာ၊ ကျမတို့လို ငချွတ်ကလေးတွေက၊ စမ်းတ၀ါးဝါး ပေါ့... အကြံကုန်ရင်တော့ ဆားချက်တာပေါ့..အမရယ်.. လို့၊ သူက ခပ်သောသောလေး ပြောသည်။ သူက ဘာအဓိပ္ပါယ်နဲ့ ပြောတာလည်း တော့ မသိ။ တနေ့တုန်းက၊ စီနီယာ အမ တယောက်နဲ့ ဖုံးပြော ဖြစ်တုန်း... ဟဲ့ ပြန်သာလာခဲ့.. ငါတို့ ပရိုပိုဆယ်တွေ တင်ထားတာ ရှိတယ်... ဆိုတဲ့ စကားကို သတိရရင်း ၊ စိတ်မသက် မသာ ဖြစ်သွားမိသည်။
.
အစီအစဉ်တွေ တခုပြီးတခု ပြောင်းသွားပေမဲ့ ၊ အတွေးတွေက ၊ တနေရာမှာ ငြိတွယ် ကျန်ရစ်နေသည်။ “အခုနောက်ဆုံး အစီအစဉ်အနေနဲ့ လှိုင်သာယာမှ ဆန္ဒပြညီမငယ်လေးများအား  စင်ပေါ်သို့ ဖိတ်ခေါ်ပါတယ်”  ဆိုတဲ့ အခန်းအနားမှူး ရဲ့ အသံအဆုံး၊ လက်ခုပ်သံတွေ  ညံ သွားတော့မှ၊ အတွေးအာရုံတွေ လူးလွန့် လှုပ်ရှား သွားရသည်။ သူတို့ အထဲက၊ မိန်းကလေး ခပ်ငယ်ငယ် တယောက် ရှေ့ကို ခပ်သွက်သွက် ထွက်လာပြီး၊ စကားပြောခွက်ကို ယူ လိုက် သည်။
.
 “ကျမတို့အားလုံး လုပ်ခ လစာနဲ့ ပတ်သတ်လို့ တောင်းဆိုနေတာဟာ  မတရား တောင်းဆိုနေတာ မဟုတ်ပါဘူး .. အခြေခံလစာ ငါးသောင်း ဆိုတာ စဉ်းစားကြည့်ကြ ပါ…..
စကားမဆုံးခင်.. လက်ခုပ်သံ တွေ ထပ်ထွက် လာပြန်သည်။

ဟုတ်ပေတာပဲ ။  ငါတို့တွေ၊ ပြန်လာ အလုပ်လုပ်ကြ ရင် ရော၊ အခြေခံလစာ ဘယ်လောက်များ ရသင့် ..ရ နိုင် မှာ တဲ့ လဲ။
.
ကျောင်းထောင်ကြရအောင်.. ဂျာနယ်ထုတ်ကြရအောင်... ခရီးသွားလုပ်ငန်း လုပ်ကြရအောင် လို့ အဖော်စပ် နေတဲ့ သူငယ်ချင်းတွေ ၊ လူမူရေးအသင်း ဖွဲ့ကြရအောင်.. စာကြည့်တိုက် ဖွင့်ကြရအောင် လို့ဖိတ်ခေါ်နေတဲ့ မောင်ငယ် ညီမငယ် တွေ ၊ ပရောဂျက်တွေ ရှိတယ်…လုပ်စရာတွေ အများကြီး ရှိတယ် ဆိုတဲ့  မိတ်ဆွေတွေ ၊ ရွှေတူးမယ်… ဆီရောင်းမယ်…ပစ္စည်းသွင်းမယ် ဆိုတဲ့ အသိတွေကို သတိရရင်း၊ လက်ခုပ်သံတွေ တဖြောင်းဖြောင်းနဲ့ ပြီးဆုံးသွားတဲ့ အခမ်းအနားရဲ့ နောက်ဆုံးတန်းကနေ ၊ မတ်တပ်ရပ်လိုက်သည်။ ခန်းမရဲ့ နောက်ဖက်မှာ၊ ဓါတ်ပုံ တဖျပ်ဖျပ် ရိုက်နေသူတွေ၊ အသင်းအဖွဲ့ အသီးသီးက တီရှပ်တွေ ၊ စာစောင်တွေ ရောင်းချ နေသူတွေကို ကျော်ဖြတ်ရင်း ၊ ခန်းမ အပြင်ကို ထွက်လိုက်တော့ ၊ ရန်ကုန်မိုးက၊ တအုန်းအုန်း  ရွာလို့ နေလေ သည်။


++++++

တနေ့လုံး တစိမ့် စိမ့် ရွာနေတဲ့ ၊ မိုးကြောင့် ၊ လေယဉ်ပြတင်းမှန် ကနေ၊ လှမ်းမြင် ရတဲ့၊ မင်္ဂလာဒုံ လေဆိပ် အဆောက်အဦကြီးက ပိုပြီး လွမ်းဖို့ ကောင်းနေသည်။  တိုက်တိုက်ဆိုင်ဆိုင်၊ လေယဉ်တစင်းလုံး ၊ အလွမ်းတွေ နဲ့ ဖုံးနေလေမလား တောင် ထင်ရသည်။ ဘာဖြစ်လို့လဲ ဆိုတော့၊ မလေးရှားကို သွားကြမည့်၊ လူငယ်လေး တွေ .. မရှိဘူး ဆိုလျှင်တောင် အနည်းဆုံး အယောက် သုံးဆယ်လောက် ရှိမည်။ ကုတ်အကျီ င်္ အနီရောင်လေး တွေ အားလုံး ဆင်တူနှင့်  ပြတင်းမှန် အသီးသီး မှာ မျက်နှာလေးတွေ ကပ်လို့နေကြသည်။
.
သွားတဲ့ လူတွေက  သွားနေ ကြရဆဲ မှာ၊  ပြန်လာချင်တဲ့ သူတွေကလည်း၊  ပြန်ရှာ နေကြဆဲပင် ။ သွားလိုတဲ့ အချိန်မှာ သွားနိုင် ပြီး၊  ပြန်လာချင်တဲ့ အချိန်မှာ အပြန်သာနိုင်တဲ့ အခြေအနေတခု  ဖြစ်သင့်တာပေါ့ ဆိုတဲ့ မျှော်မှန်းချက်က၊ ယေဘုယျ အားဖြင့်တော့၊ ပြောလို့ ကောင်းသားပင်။ တကယ်တော့ သွားမဲ့သူတွေ.. ပြန်မဲ့သူတွေ ..နေမဲ့သူတွေ ဆိုတာ ၊ ခေတ်စနစ်ရဲ့ အပြဌာန်းခံ မျိုးဆက်တွေသာ ဖြစ်တာမို့၊ အားလုံးဟာ၊ လူမူစီးပွား လှိုင်းလုံးတွေ နဲ့ နိုင်ငံရေး မုန်တိုင်းတွေ ကြားမှာ၊ တက်လိုက် ကျလိုက်၊ ထွက်လိုက် ၀င်လိုက် ဖြစ်နေကြရ အုံးမှာပါပဲလေ။  အခု ပြောနေကြရတဲ့ အပြောင်းအလဲ ဆိုတာက လည်း လှိုင်းလုံးကြီး နောက်တလုံးပဲ မဟုတ်လား။

.
 လေယဉ်ကြီးက၊ ကောင်းကင်ပေါ် ပျံတက်နေပြီ မို့၊ မှန်ပြတင်းကနေ အကြည့်လွှဲ ရင်း၊ လေယဉ် အတက်မှာ ယူလာတဲ့၊ ရန်ကုန်မြို့ထုတ်၊ အပတ်စဉ် သတင်းဂျာနယ် တစောင်ကို၊ ကောက်ကိုင် လိုက် သည်။ ဟုတ်ပါတယ်... မြန်မာပြည်ကြီး ပြောင်းလဲနေပြီပဲ ။  ကမ္ဘာ့ စင်မြင့်ပေါ်မှာ၊ ရဲဝံ့တည်ကြည်စွာ ၊ မိန့်ခွန်းပြောနေတဲ့၊ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပုံရိပ်သည်၊ သတင်းဂျာနယ် ၏၊ မျက်နှာဖုံးထက်မှာ အထင်အရှား ။ ဘေးခုံတချို့ကို ဝေ့၀ဲ ကြည့်လိုက်ရင်း၊  ပြည်ပမှာ နေထိုင်လုပ်ကိုင် နေကြတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမား များနဲ့ ပတ်သတ်လို့ သူမ ပြောသွားတဲ့ အဖြေ စကား တချို့ကို သတိရသွားမိ သည်။ ကွာဟမူ တွေကို နည်းနိုင်သမျှ နည်းအောင် ကြိုးစားရမယ် တဲ့။ ပြီးတော့၊ သူမ ခပ်သောသော လေး ပြောသွားတဲ့၊ ပြုပြင်ပြောင်းလဲမူ တွေ အတွက် လိုအပ်နေတဲ့ အရာတွေ..။ Shakers .. Movers ... Doers တွေ တဲ့လေ။ သူမ က၊ မြန်မာစကားကို  ပီပီသသ ရေးစေချင် ပြောစေ ချင်သည် မို့၊ အဲဒီ အင်္ဂလိပ်စာလုံး အတွဲလေးကို၊ အနီးစပ်ဆုံး ဆီလျော်အောင်၊ ကြိုးစားပြီး၊ မြန်မာစကားနဲ့ ဖလှယ် ကြည့်မိသည်။

Shakers ဆိုတာက ...ခေါင်းလောင်းထိုးသူ တွေ ပေါ့။  Movers ဆိုတာက … နွံထဲကလှည်းဘီးတွန်းသူ တွေ ပေါ့။ 
.
Doers ဆိုတာ ကို တော့ ... စကားလုံး သက်သက် နှင့် ဖွင့်ဆို ဖို့ မဖြစ်နိုင် ပေ။


ကေသွယ်
၁၀ နာရီ ၅၂ မိနစ်
၂၅ ဇူလိုင် ၂၀၁၂



Bi Weekly Journal - 09 August 2012  တွင် ပါပြီး

◦
Share/Bookmark