မြန်မာဘလော့လောက..လေ့လာဆန်းစစ်မူ
Unemployment is the greatest thing that can happen to a blog.
Biz stone ဆိုသူ ဘလော့ဂါတယောက်ရေးတဲ့ who let the blogs out? ဆိုတဲ့..စာအုပ်ထဲမှာ..အဲလိုဖတ်လိုက်ရတော့...အားရပါးရပြုံးလိုက်မိတော့တယ်။
ဟုတ်လိုက်လေ...ဆိုပီး..နဲနဲတောင်ရှက်သွားတယ်။ အကြောင်းကြောင်းတွေကြောင့်.. career life ကို..မသိမသာကျောခိုင်းထားရင်း လယ်ယာထိုင်စားလုပ်နေတုံး..ဗြုံးဆို..ဘလော့ဂါ နဲ့ဆုံရင်ခုန်ပီး..နေ့တိုင်းလို..တွဲခုတ်နေမိတော့တာကိုး။
တွဲမိမှတော့လည်း..အပျော်အပျက်ပဲလို့တော့မဖြစ်..သူ့အကြောင်းသိအောင်..စုံစမ်းမိသည်။ တည်တည်တံ့တံ့..သိအောင်လုပ်ရတော့သည်။..ကိုယောဟန်အောင်ဆီကတွေ့လို့..နယ်ခြားမဲ့ သတင်းထောက်များ အဖွဲ့က ထုတ်တဲ့..စာအုပ်လည်းမြည်းပီးပီ။ မဆိုးပါဘူး။ ကိုယ်သိချင်တာတော့.. သိပ်မတွေ့။ အဲဒါနဲ့.မြို့ကလေးရဲ့ ဒေသန္တရစာကြည့်တိုက်ကလေးမှာ..သွားမွှေရင်း. ဘလော့နဲ့ပတ်သတ်တာဆိုလို့..တခုပဲရှိတဲ့..ဒီစာအုပ်ကလေးကို..ဖတ်ကြည့်နေမိတာပါ။
ပေါ့ပေါ့ပါးပါးလေးတွေရေးထားတာပါပဲ။ စာရေးသူက..အရင် Xanga.com ဆိုတဲ့.. ဘလော့ဂင်း တခုမှာလုပ်ရင်း..သူ့ရဲ့ကိုယ်ပိုင်ဘလော့လေးနဲ့..pyra labs ဆိုတဲ့ groupware တခုက ဆရာကြီး တယောက်ရဲ့ဘလော့လေးဟာ မိုးပေါ်မှာတွေ့ပီး.. တယောက်နဲ့တယောက် လေးစား ခင်မင်သွားကြရောတဲ့။ ၂၀၀၃ ခုနှစ်မှာ..အဲဒီ ဆရာကြီး Evan ရဲ့ pyra labs ကို google က၀ယ်လူလိုက်ပီး blogger ဆိုတာကြီး ဖြစ်လာချိန်မှာတော့.. သူ့မိတ်ဆွေကြီးရဲ့ဖိတ်ခေါ်ချက်နဲ့.. ခုတော့..သူအိမ်မက်ခဲ့ရတဲ့..ကမ္ဘာကျော်ကုမ္ပဏီကြီး ဂူးဂဲလ်ရဲ့..လူသိများကျော်ကြားလှတဲ့.. blogger မှာ..အဆင့်မြင့်ဝန်ထမ်းတယောက်ဖြစ်လာခဲ့တော့တယ်တဲ့။
ကဲ..သူတို့အတွက်တော့..ဘလော့ကတော်တော်အကျိုးပေးသားနော်။ ကိုယ်တွေရော..ဘာအတွက်..ဘလော့နေကျသလဲ။
ကိုယ်ကတော့...ဗမာပြည်ကပြန်လာကာစ...တိတ်ဆိတ်ငြိမ်သက်လှတဲ့နယ်မြို့လေးတခုမှာ..
ရင်ခုန်သံမတူတဲ့လူတွေကြားထဲ.. ယေဘုယျဆန်တဲ့ခေါင်းစဉ်တွေအကြောင်းပြောရင်း
ဆူညံရှုပ်ထွေး နေတဲ့ဗမာပြည်ကလမ်းကလေးတွေကို တိတ်တဆိတ်လွမ်းနေမိတယ်။
အင်း..ဟိုမှာဆို..ညနေတိုင်းအိမ်ရှေ့ကဖြတ်သွားတဲ့..“ဟင်းရွက်စုံ”..ဆိုတဲ့..အထမ်းသည်ကြီးပဲ
ဖြစ်ဖြစ် .. ဖောက်သည် ဆိုက်ကားဆရာကြီးပဲဖြစ်ဖြစ်..ရင်ခုန်သံတွေတူ ကြတာ...လို့.. တယောက်ထဲ အတွေးထဲ..ပျောက်ချင်သလိုလို။
အဲဒီအချိန်မှာပဲ..ရေငတ်တုံး Alpine စက်ရုံကြီးထဲရောက်သွားသလို...စကားလုံးတွေနဲ့ဆူညံနေတဲ့..
ဗမာဘလော့ဂါအသိုင်းအ၀ိုင်းကြီးထဲကို..ရောက်သွားတော့.ပျော်လိုက်တာဆိုတာ..မပြောပါနဲ့တော့။
ရောက်ကာစကတော့..မအူမလည်နဲ့ပေါ့...Geek တန်းဝင်တဲ့.. ဆရာကြီးတွေ.. ဆရာ လေးတွေရဲ့ဘလော့တွေမှာ..ငေးလိုက်..မေးလိုက်..။ ဘလော့ပဂေးတွေဆီမှာသွားမော့လိုက်။ တခါတလေလည်း..အဖက်လုပ်မခံရ။ တကြိမ် နှစ်ကြိမ်တော့လည်းအကူအညီရ။ဘလော့ဂါပါဆိုမှတော့..တိတ်တိတ်ဆိတ်ဆိတ်..မြုံစိစိ..ဘာသိ ဘာသာလူမျိုးကမဟုတ်တော့...ထစ်ကနဲဆို..မှတ်ချက်ကလဲ..ကလစ်တချက်ပဲ။ သူများဘလော့တွေများ..သွားလိုက်ရင်..သူ့ပရိသတ်နဲ့..သူ့မိတ်နဲ့..အတိုင်အဖောက်တွေနဲ့..အရွှန်းအပျက်လေးတွေနဲ့..စည်ကားလို့..။...အသာငေးရင်းအားကျခဲ့။ သြော်..ဒီဘလော့ဂါအသိုင်း
အ၀ိုင်းကြီးထဲ..ဘယ်လိုဝင်ဆန့်ရပါ့မလဲပေါ့။
သွားရင်းလာရင်း..ငေးရင်းမောရင်းနဲ့ပဲ..ဗမာစာဘလော့ရပ်ကွက်ကြီးထဲက.. အုပ်စုလေးတွေကို
တွေ့လာတယ်။ ပထမအုပ်စုက..ပြည်တွင်းဘလော့ဂါတွေ။..ကွန်နက်ရှင်ကြောင့်လား..ဘာကြောင့်လား
ခပ်မှန်မှန်ခပ်ထိန်းထိန်း (ခပ်စိမ်းစိမ်း) ။ ဒုတိယအုပ်စုက..ICT hub မြို့တော်ကြီးလည်းဖြစ်..
နည်းပညာတွေ..တ၀ကြီးသင်နေကြတဲ့..ရွှေဗမာများအများဆုံးစုဝေးရာလည်းဖြစ်တဲ့..ဘူမိနက်သန် စင်ကာပူကျွန်းကြီးကို ခြေကုတ်ယူပီး..စိတ်ကြိုက်ဘလော့နေကြသူများ။ တတိယအုပ်စုက.. လွတ်မြောက်နယ်မြေအသီးသီးမှာရောက်နေကြတဲ့..တော်လှန်ရေးကြီးရဲ့ by product များဖြစ်တဲ့.. အတွေးရင့်ရင့်..အရေးရင့်ရင့်(အရွယ်ရင့်ရင့်)ရဲဘော်ဟောင်းကြီးများအုပ်စု။ ကျန်တာတွေကိုတော့..
others “ အခြားအုပ်စု” လို့အကြမ်း ဖျင်းချလိုက်ရင်တော့.. ကိုယ်လည်း အပါအ၀င်ပေါ့။
ခက်တာက..ဘလော့တွေက..ရေးသာရေးနေကြတာ။ မဂ္ဂဇင်း ဂျာနယ်တွေလို.. ဖတ်သမား သီးသန့်က..သိပ်မရှိ။ အချင်းချင်းပဲ..အကဲဖြတ်ကျ..အားပေးကျရင်း.. peer to peer အတိုင်းအတာထိသာ...ရှိနေသေးသည်။ ဒါကလည်း..ဗမာစာဖတ်ပရိသတ်အများစုရှိရာ..ပြည်တွင်းအင်တာနက်အခြေအနေအရ..
အခွင့်မသာသေးတာ.. သာမန်ပရိသတ်အတွက်..သိပ်သစ်လွန်းနေတာလဲဖြစ်မယ်လေ။
ခုတော့..ရီတော့ရီရသား။ ငယ်ငယ်တုံးက..အိုးပုတ်တမ်းကစားတုန်းကလို..ကုန်စုံရောင်းတဲ့သူရယ်..အသုတ်ရောင်းတဲ့သူရယ်.လက်ဖက်ရည်ဆိုင်ဖွင့်တဲ့သူရယ်..တယောက်တလှည့်..၀ယ်စားနေတာနဲ့တောင်..တူ..တူသေး တော့။ ဘာပဲပြောပြော..ဘလော့ဂါတွေအားလုံး..ပျော်ကြသည်။ ဖတ်တဲ့သူရှိသည်ဖြစ်စေ
မရှိသည်ဖြစ်စေ..ဖွင့်အန်ကြသည်။ တနည်းတဖုံတော့..တင်းကြပ်မူတွေဖြေလျော့ကြသည်။
ချစ်ခင်ကြသည်။ အမြင်ကပ်ကြသည်။ ငြင်းခုံကြသည်။ ဝေဖန်ကြသည်။
သေချာတာကတော့..ဗမာဘလော့ဂါတွေ..ကိုယ့်ဖာကိုယ်သာပြန်မေးကြည့်။
ဖုံးပြောရင် အနဲဆုံးနာရီဝက်လောက်ကြာသူလား။ စကားဝိုင်းမှာ..ဒိုင်ခံပီး စကားကြီးစကား
ကျယ်တွေပြောတတ်သလား။ ငယ်ငယ်တုံးက..ဒိုင်ယာရီတွေခိုးခိုးရေးပီး..ဗီရိုထဲဖွက်ထားဘူးသလား။..တက္ကသိုလ်မှာ.. ကဗျာစာအုပ်တွေ.. စုထုတ်တုံးက.. မရဲတရဲကဗျာလေးတွေစာလေးတွေ.. လျှောက်ခြစ်ခဲ့သလား။ တခုခုထဲမှာတော့..အကျူံးဝင်နေမှာ..အသေအချာ။
အင်း..နေဦး..။ လောကကြီးကိုစိတ်နာပီး..ဘလော့ကြီးနဲ့ပစ်ပေါက်ဖေါက်ခွဲပစ်တဲ့သူတွေလည်း ရှိသေးတယ်။သတ္တုချလိုက်တော့..ဘလော့ရေးသားခြင်းဆိုတာ..ဖွင့်ဟ..၀န်ခံ...ပေါက်ကွဲ ...ဆရာလုပ် ခြင်းကိုအခြေခံထားတာပါပဲလား။
အဲဒီကနေတဆင့်တက်ပီး..အဖွဲ့အစည်းစိတ်ဓါတ်ကလေးတွေ..ထွန်းကားလာတာကတော့
ဘလော့ရဲ့အလှကွက်ကလေးတခုပေါ့။ တခါတရံလည်း..လျှင်မြန်သွက်လက်တဲ့..သတင်းလေး
တွေရတတ်သည်။ တချို့လူမူရေးလှုပ်ရှားမူ အုပ်စုလေးတွေရဲ့.. publicity လူထုကြားထဲ ရောက်ရှိနိုင်တဲ့ ခြေမြန်တော်လေးလည်း ဖြစ်နိုင်သည်။ မြေအောက်တော်လှန်ရေးရဲ့ အလှည့်ပီးတော့..မိုးပေါ်တော်လှန်ရေးလို့ပြောရလောက်အောင်လည်း..စူးစူးရဲရဲ..ထဲထဲဝင်ဝင်ရှိနေတတ်သေးသည်။ ဒါပေမဲ့..စည်းလုံးခြင်းတွေတွေ့ရသလို..သံသယတွေကလည်းမသိမသာ..။
အဲဒီလောက်စိတ်ဝင်စားစရာကောင်းတဲ့ဘလော့တွေကို..ဘယ်လိုမြင်ကြသလဲ..ဘယ်လိုရေးကြသလဲ..ဘယ်လိုမျှော်မှန်းကြသလဲ...ဘယ်လိုအကဲဖြတ်ကြလဲဆိုတာကို..လက်လှမ်းမီရာနေရာအစုံမှ..အနဲငယ်စီမေးမြန်းလေ့လာထားပါသည်။
.............................................................................................
ဘားမားတူဒေး (ယနေ့မြန်မာမီဒီယာ)
Mainstream Media တွေကနေပီး..လွတ်လပ်တဲ့အစုအဖွဲ့ပုံစံ Web-based Media လေးတွေ ထပ်ပွါးလာတယ်။ အခုထပ်ပီး..တယောက်ချင်း Blog လေးတွေကလည်း တခါတရံ media ပုံစံဖြစ်လာကြတယ်။ အဲတော့.. စာဖတ်သူပရိသတ်အားဖြင့် ပြောမယ်ဆိုရင်.. ဘလော့ တွေဟာ..ရှိပီးသား Mainstream Media တွေအပေါ်မှာရိုက်ခတ်မူရှိတယ်လို့ထင်ပါသလား။
လူသားတွေရဲ့ စူးစမ်းလိုစိတ် သိလိုစိတ်တွေအပေါ်ကို မူတည်ပြီး သတင်းဆိုတာ ဖြစ်လာတယ်လို့ ထင်ပါတယ်။သတင်းတွေ ဖြစ်လာတာအပေါ်မှာ အခြေခံပြီး သတင်းဌာနတွေ ပေါ်ပေါက်လာတယ်။ နောက်ပိုင်းမှာ စာရွက်တွေပေါ်မှာ ပုံနှိပ်တဲ့သတင်းစာတွေ အဲဒီနောက် ရုပ်မြင်သံကြားတွေ ပေါ်လာ ပါမယ်။
အင်တာနက်ဆိုတဲ့ခေတ်ကို ရောက်လာတော့ သတင်းတွေဟာ အင်တာနက်ပေါ်ကို ရောက်လာ တာပါပဲ။
သတင်းဌာနတွေဟာ သူတို့ရဲ့သတင်းတွေကို အင်တာနက်ထဲမှာ စာသားတွေ ဓါတ်ပုံတွေနဲ့ ဖော်ပြလာ ကြပါတယ်၊ တချိန်တည်းမှာ အင်တာနက်စာမျက်နှာဆိုတာ ကုမ္ပဏီတွေ လုပ်ငန်းရှင် တွေအတွက် တင်မကတော့ပဲ ပြည်သူတွေအတွက် ဖြစ်လာပါတယ်။ ဒီအခါ ပြည်သူတွေဟာ သူတို့အကြောင်းတွေ ပြောလာတယ်။ သူတို့သိတဲ့သတင်းတွေ ရေးလာကြပါတယ်။
အဲဒီလို အင်တာနက်ဟာ ကျယ်ပြန့်လာတဲ့အခါ အင်တာနက်စာမျက်နှာတွေ အလွယ်တကူ ဖန်တီး လာနိုင်တဲ့အခါ web server တွေ ဈေးသက်သက်သာသာနဲ့ တည်ဆောက်လာနိုင်တဲ့ အခါမှာ အင်တာနက်စာမျက်နှာ အများအပြားဟာ အရှိန်အဟုန်နဲ့ ပေါ်ထွက်လာခဲ့သလို အင်တာနက်ဆိုတာ သိတ်ကို ကျယ်ပြန့်သွားခဲ့ပါတယ်။ အဲဒီ ရေစီးကြောင်းထဲမှာ စောစောက ပြောတဲ့ web based media တွေ ပေါ်ပေါက်လာတာပါပဲ။
မြန်မာစာနဲ့ ဖော်ပြတဲ့ မီဒီယာတွေထဲမှာတော့ ဘားမားတူဒေးဟာ အစောဆုံး web based media တခုလို့ ပြောလို့ရပါတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ ကျွန်တော်တို့ မြင်တွေ့ ခံစားနေရတဲ့ ကမ္ဘာကြီးကို မြန်မာစာစာလုံးတွေ အသုံးပြုပြီး မြန်မာပရိသတ်ဆီကို ပို့ပေးလိုက်တာပဲ ဖြစ်ပါတယ်။
web based media တွေကို ပုံနှိပ်လုပ်ငန်း ရုပ်မြင်လုပ်ငန်းတွေနဲ့ လုပ်ကိုင်နေတဲ့ မီဒီယာတွေက အပေါ်စီးကနေ ငုံ့မကြည့်ခဲ့ပါဘူး။ web based media တွေသာ မကပါဘူး။ ကိုယ်ပိုင် အင်တာနက် စာတွေကိုလည်း မီဒီယာလုပ်ငန်းကြီးတွေက သတိထားခဲ့ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အင်တာနက်ဟာ သတင်းတခုကို ကမ္ဘာ့နေရာအနှံ့ဆီ စက္ကန့်ပိုင်းအတွင်း ပို့ပေးနိုင်လို့ ဖြစ်ပါတယ်။ အထူးခြားဆုံး ဥပမာတွေကို ပြောရရင် 911 အဖြစ်အပျက် ဆူနာမီမုန်တိုင်းသတင်းတွေဟာ အချိန်တိုအတွင်းမှာ အင်တာနက် စာမျက်နှာက သတင်းစကားတွေ အီးမေးလ်တွေကတဆင့် ကမ္ဘာကြီးဆီကို ကျယ်ကျယ်ပြန့်ပြန့် ပြန့်နှံ့သွားခဲ့ပါတယ်။ ဒါကြောင့် အင်တာနက် ဖွံ့ဖြိုးလာမှုနဲ့အတူ ကမ္ဘာ့သတင်းစီးဆင်းမှုပုံစံဟာ သိသိသာသာ ပြောင်းလဲသွားခဲ့ပါတယ်လို့ ပြောနိုင်ပါတယ်။
အခု နှစ်ပိုင်းတွေမှာတော့ ဘလော့ဂ်တွေ ပေါ်လာပါတယ်။ အလွယ်တကူ အပြင်အဆင် လုပ်ပြီး အင်တာနက်စာမျက်နှာအဖြစ် ဖန်တီးနိုင်တဲ့ ဘလော့ဂ်တွေဟာ အချိန်တိုအတွင်းမှာပဲ ကမ္ဘာကြီးကို ဖုံးလွှမ်းသွားခဲ့ပါတယ်။
ကမ္ဘာကြီးပေါ်က မီဒီယာလုပ်ငန်းကြီးတွေက ဘလော့ဂ်တွေကို တလေးတစား ကြည့်လာရတဲ့ အချိန်မှာ မြန်မာဘလော့ဂ်တွေ ဘယ်တော့ ဖွံ့ဖြိုးလာမလဲ၊ မြန်မာဘလော့ဂ်ဂါတွေ ကမ္ဘာကြီးထဲကို ဘယ်အချိန် စီးဝင်လာမလဲလို့ ကျွန်တော်တို့ စောင့်ကြည့်နေခဲ့မိပါတယ်။ အခုအချိန်မှာ မြန်မာ ဘလော့ဂ်တွေ မြန်မာဘလော့ဂ်ဂါတွေဟာ ကမ္ဘာကြီးထဲကို အရှိန်အဟုန်နဲ့ တိုးဝင် ပြေးလွှားလာနေကြတာကို တွေ့ရပါတယ်။
ကမ္ဘာမှာ ဘလော့ဂ်တွေ ဘလော့ဂ်ဂါတွေကို ကမ္ဘာ့မီဒီယာတွေက စောင့်ကြည့်နေကြရသလို မြန်မာဘလော့ဂ်တွေ ဘလော့ဂ်ဂါတွေကိုလည်း ကမ္ဘာကြီးက စောင့်ကြည့်နေကြရပါပြီ။
အခုလို ဖြစ်ပေါ်တိုးတက်လာပုံကို သတင်းလုပ်ငန်းနဲ့ ဆက်စပ် စဉ်းစားကြည့်မယ်ဆိုရင် သတင်းဆိုတဲ့ နေရာမှာတော့ ဘယ်သူ့ဆီက သတင်းဖြစ်ပေါ်လာတယ်။ ဘယ်လောက် စိတ်ချ ယုံကြည်ရတယ်။ ဘယ်သတင်းရေးသူက အမှန်ကန်ဆုံး သတင်းပေးနိုင်တယ်ဆိုတဲ့ အချက်တွေ အပေါ်မှာ မူတည်ပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘလော့ဂ်တွေဆီက ရတဲ့သတင်းတွေဟာ ကမ္ဘာ့မီဒီယာကို အရှိန်အဟုန်နဲ့ ရိုက်ခတ်နေပါပြီ။
ဒီလိုပါပဲ မြန်မာဘလော့ဂ်ဂါတွေရဲ့ မီဒီယာတွေဟာလည်း ကမ္ဘာကြီးကို အရှိန်အဟုန်နဲ့ ရိုက်ခတ် လာတော့မှာပါ။
ကိုရဲမွန်
(ကိုယ်ပိုင်ဘလော့ရေးသားသူ...အုပ်စုဘလော့များတည်ထောင်-ပါဝင်)
အင်တာနက်ကွန်ယက်ကနေတဆင့်..NGO in golden land တို့.. Education for Myanmar Youth တို့ Public Health in Myanmar တို့လို..လူမူအထောက်အကူဖွံ့ဖြိုးရေးစာမျက်နှာတွေမှာ ပါဝင်လုပ်ကိုင်တဲ့အခါ ထိရောက်မူ အတိုင်းအတာ တခုအတွက်..ကျေနပ်စရာ ကောင်းတယ်လို့ပြောလို့ရမလား။
ထိရောက်မှု အတိုင်းအတာကို တိုင်းတာရန် လိုပါသေးသည်။ လောလောဆယ် မသိသေးပါ။ ထို့ကြောင့် ကျေနပ်၏ မကျေနပ်၏ ဆိုသည်ကို ပြောရန်ခက်ပါသည်။
ပြည်သူ့ကျန်းမာရေးပါရဂူဘွဲ့လွန်တက်ရောက်နေသူ..တယောက်အတွက်..အချိန်ပေးရတဲ့ ပညာရေးသုတေသနကိစ္စများနဲ့..ပုံမှန်ဘလော့ရေးသားခြင်း..ဘလော့ပေါင်းသင်းဆက်ဆံရေးများနဲ့..အထက်ပါလူမူရေးများအပေါ်အချိန်ကိုဘယ်လိုစီမံခန့်ခွဲပါသလဲ။
သုတေသန၊ ကျောင်းစာ နှင့် ဆိုင်သော အချိန်များမှ အပ အခြားအချိန်များကို NGOs in the Golden Land ၀က်ဆိုဒ် နှင့် ဘလောက်များ အတွက် သုံးပါသည်။ အခြားနည်းလမ်းဖြင့် အပန်းဖြေခြင်းများ နည်းပါးပါသည်။ ထိုသို့သော လူမှုရေး ကိစ္စများ အတွက် မိမိ ကိုယ်ပိုင်အချိန်ကို သုံးရတာကို ကျေနပ်ပါသည်။ ထို့အပြင် မိမိကျောင်းတွင် တွေ့ကြုံနေရသော ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကိစ္စများကို ဘလောက် (ကိုယ်ပိုင် နှင့် Public Health in Myanmar blog) များတွင် ပြန်လည်ရေးသားခြင်းဖြင့် စာပြန်နွှေးပြီး ဖြစ်ပါသည်။
Raven သွေးလှူရှင်များအုပ်စု
အခုလုပ်နေတဲ့..လူမူအထောက်အပံ့- သွေးလှူရှင်အဖွဲ့ လေးကို..ဘလော့စာမျက်နှာအဖြစ်နဲ့ပါ.
တိုးချဲ့လိုက်တဲ့အခါ၊ ဘယ်လောက်လောက်ပိုပီး..အထောက်အပံ့ဖြစ်လာသလဲပေါ့နော်။
ဘလော့စာမျက်နှာ လုပ်လိုက်တဲ့အခါ..အရင်က လူမသိ သူမသိ အဖွဲ့လေးကို လူတွေပိုသိလာ
ပါတယ်။ အဖွဲ့ရဲ့လှုပ်ရှားမူတွေကို အပြင်လူတွေ ပိုမိုသိရှိစေပါတယ်။ ဘလော့ဖတ်တဲ့သူတွေထဲ
ကလည်း သွေးလှူရှင်အဖြစ် စာရင်းပေးသွင်းတဲ့သူတွေလည်းရှိလာပါတယ်။ နောက်ပီး..ရံပုံငွေ
ထောက်ပံ့ပေးတဲ့ အလှူရှင်တွေကိုလည်း အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို သိရှိစေပါတယ်။
နောက်တချက်က..အဖွဲ့ရဲ့ လှုပ်ရှားဆောင်ရွက်မူတွေကို စနစ်တကျ မှတ်တမ်းတင်ရာလည်း
ရောက်ပါတယ်။
အခုလှုပ်ရှားသက်ဝင်နေတဲ့..မြန်မာစာဘလော့လောကမှာ ..ဘယ်လိုအကြောင်းအရာ စိတ်ဝင်စားမူက..လွှမ်းမိုးနေသလဲဆိုတာလေးရော..ထင်မြင်ချက်ကလေးသုံးသပ်ပြလို့ရမလား။
ဥပမာ..အခုလို..လူသားချင်းစာနာရေးကိစ္စပိုင်းတွေမှာ..အားပေးမူတွေလိုနေသေးတယ်လို့ထင်
ပါသလား။
ပွင့်ပွင့်လင်းလင်းပြောရရင်..လတ်တလော ပေါ်ပြူလာဖြစ်တဲ့ မြန်မာပြည်တွင်းက သတင်းတွေ
နိုင်ငံရေးနဲ့ ပတ်သတ်တဲ့စာတွေ သမိုင်းတွေ ဗဟုသုတဖြစ်ဘွယ်စာတွေကို စိတ်ဝင်စားမိပါတယ်။
လူမူရေးလုပ်ငန်းတွေနဲ့ ပါတ်သတ်တဲ့ ဘလော့တွေကိုတော့ သိပ်မဖတ်ကြသလိုပါပဲ။ အားပေးမူ
အားနည်းနေပါသေးတယ်။ စိတ်ဝင်စားမူတွေလိုအပ်ပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော့်
မှာ ဘလော့ ၂ခုရှိပါတယ်။ တခုက ဇူလိုင်အိမ်မက်ပါ။ နောက်တခုက တောကျီးကန်းသွေးလှူရှင်
အဖွဲ့ပါ။ ၀င်ဖတ်တဲ့ ကောင့်က..ဇူလိုင်အိမ်မက်မှာ ပိုများပါတယ်။ ရက်ဗန်မှာသိပ်မရှိပါဘူး။
အဲတော့..သတင်းအချက်အလက်ဖြန့်ဝေတာတင်မက..တကယ့်လက်တွေ့လုပ်ဆောင်မူအပိုင်းမှာ
ရော..ဘလော့ရဲ့အခန်းကဏ္ဌ ကို ဘယ်လောက်ထိမျှော်မှန်းထားဖို့လိုမလဲ။
ဘလော့ကို သတင်းအချက်အလက်ဖြန့်ဝေဖို့ အဓိက ဦးတည်ပါတယ်။ တကယ့်လက်တွေ့
လုပ်ဆောင်မူအပိုင်းတွေကို တကယ်လုပ်ဆောင်နေတာဆိုတော့ အဲဒီ အမှန်အကန် လှုပ်ရှားမူ
သတင်းတွေကို ဘလော့မှာပြန်တင်ပေးမှာပါပဲလေ။ ဘလော့မှာ ပို့စ်တွေ တင်ပီဆိုကတည်းက
အဖွဲ့ရဲ့လူမူရေး လုပ်ဆောင်ချက်တွေကို ပိုမိုကောင်းမွန်အောင် ထောင့်စေ့နေအောင် ပိုသတိထား
လုပ်ဆောင်ဖြစ်လာပါမယ်။ ဖြစ်သမျှကို ဘလော့မှာ တင်နေတာမို့လို့ ကြုံတွေ့နေရတဲ့ ပြသာနာတွေ
ကိုလည်း ရေးမှာပါပဲ။ အောင်မြင်မူတွေကိုလည်း ရေးမှာပါပဲ။ အဲဒါတွေကို ပြန်လည်လေ့လာပီး
ပိုကောင်းမွန်တဲ့ အဖြေတွေကို ရှာဖွေသွားမှာပါ။ နိုင်ငံရပ်ခြားရောက် မြန်မာတွေလည်း
ရက်ဗန်ဘလော့ကို ၀င်ဖတ်ရင်း ရွှေနိုင်ငံအတွင်းမှာ တကယ်လိုအပ်နေတဲ့သူတွေဆီကို
အဝေးရောက်နိုင်သေလာက်လေး ပံ့ပိုးကူညီကြဖို့လည်း ရည်ရွယ်မိပါတယ်။
(Raven သွေးလှူရှင်အုပ်စု၏အင်တာနက်ဆက်သွယ်ရေးကိစ္စများကို တာဝန်ယူဆောင်ရွက်ပေးနေတဲ့..စင်ကာပူအခြေစိုက်..ဘလော့ဂါတဦးမှ..ကိုယ်စားပြုဖြေဆိုထားပါသည်။)
ဆက်လက်ဖော်ပြပါဦးမည်။
(လက်လှမ်းမှီသမျှ ဘလော့များအား မေးမြန်းနှောင့်ယှက်ထားခြင်းဖြစ်ပါသည်။
အချိန်ပေးဖြေဆိုပေးသောသူများ အား လည်းကောင်း..အကြောင်းကြောင်းကြောင့်..မဖြေပေးနိုင်သော သူများအားလည်းကောင်း..နားလည်စွာဖြင့်ကျေးဇူးတင်ရှိပါကြောင်း....)
Special post--writing a novel in war-torn Ukraine--
-
I remember the 74 year old dancer, who complained about the floor surface
in my literary salon,
another friend, gay, who went to Afghanistan to make mon...
6 hours ago
2 Comments:
အခုလို ရေးထားတာလေး ကောင်းပါတယ်။ အခြား ဘလောက်ဂါတွေရဲ့ အမြင်လေးတွေ သိရရင်လည်း တင်ပေးပါဦး။ မေးခွန်းပုံစံ တစ်မျိုးထဲကို သုံးပြီး ဘလောက်ဂါ အများကို ဖြေခိုင်းမယ် ဆိုရင် သုတေသန ပြုချက်လေး တစ်ခု ဖြစ်လာနိုင်တာပေါ့။ ဆွေးနွေးကြည့်တာပါ။
လာဖတ်သွားပါတယ်။ သဘောကျတယ်း) ♥
Post a Comment