Obama

တညလုံးလုံး..တနေ့လုံးလုံး..သူ့အသံ ပဲ ကြားနေရသည်။ သူ့ပုံပဲ ကြည့်နေရသည်။ တကမ္ဘာလုံးက လည်း စောင့်ကြည့်နေသည်တဲ့။ သူစကားပြောတာ အခါ ၁၀၀ တောင် မပြည့် လောက်သေးပေမဲ့.. ဘာမှလည်း လုပ်ပြရသေးတာ မဟုတ်ပေမဲ့.. လူတွေ..လူတွေ..ဘာလို့..ဒီလောက်တောင် သဲသဲမဲမဲ အုတ်အုတ်ကျက်ကျက် ဖြစ်နေတာပါလိမ့်လို့တောင်..တွေးမိ။

အဲဒါ -စန်း- ဆိုတာလား။ ဇာတာ ဆိုတာလား။ ဇာတာ စန်းလဂ် အကုန် ပေါင်းသွားလေသလား။ မသိတော့။ လီယို ဂြိုဟ်ခွင်မို့ တဲ့။ ၄ ဂဏန်းသမားမို့ တဲ့။ ..ဂဏန်းကြီးတွေ ရှိလို့မို့ ဆိုတဲ့..အတွက်အချက်တွေကို တောင် စိတ်ဝင်စားသွား မိသား။ ချစ်မွေးပါတယ် ဆိုလို့ဆို။ ကြည့်ကောင်းတယ် လို့ ပြောသူကပြော။ ရာဂ ဆန်တဲ့ အလှပိုင်ရှင်လို့ နံမယ်ကြီးတဲ့ ဗြိတိသျှ မင်းသမီး Scarlett Johansson ကတောင်..ဟိုလိုလို ဒီလိုလို မှတ်ချက်ပေး ပြန်သေးသည်။

သေချာတာတော့..သူသည် စိတ်ဝင်စားစရာ ကောင်းလှသည်။ အခုလက်ရှိ ကမ္ဘာရဲ့ ခေတ်အစားဆုံးခေါင်းစဉ်များဖြစ်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများ နဲ့ ရွှေ့ပြောင်းအခြေချမူ... ကမ္ဘာကြီးရောနှောလာခြင်း နဲ့ လူမျိုးရေး သွေးနှောမူ.. ခွဲခြားဆက်ဆံခြင်းနဲ့ တန်းတူခွင့် ဆိုတာတွေ ရဲ့ နမူနာ ပုံစံငယ်လေး ဖြစ်သလို.. မူဆလင်ကမ္ဘာ နဲ့ ဘာသာရေး အစွန်းရောက်များ..အပြစ်တွေ့လာတဲ့ အရင်းရှင်စနစ် ... ရှေးရိုးစွဲ နဲ့ ပြုပြင်ပြောင်းလဲရေး စတဲ့..စတဲ့.. အငွေ့အသက်တွေ နဲ့လည်း ရောယှက် နေပြန်သေးတယ်။ သူ့နိုင်ငံသားတွေ မပြောနဲ့ တကမ္ဘာလုံးက လူတွေကတောင်..သူ့ရဲ့ Change ဆိုတဲ့စကားကို ဘယ်လို ဓါတ်ကျ သွားသည်မသိ။
ကမ္ဘာကြီးက..တကယ့်ကို ပြောင်းလဲ ဖို့ လိုအပ်နေလို့လား။ တကယ်တော့..ဘယ်ခေါင်းဆောင်မှ..မပါပဲနဲ့ကိုယ် ကမ္ဘာကြီးက..ပြောင်းလဲ နေတာပါ။ ခေါင်းဆောင်ကောင်း တယောက် ဆိုရင်တော့.. အပြောင်းအလဲ ကို အကောင်းဖက် ရောက်အောင် ဆွဲခေါ် နိုင်မည်ပေါ့။

အမဲရောင် ..ကော်ဖီရောင်..သံလွင်သီးရောင်..အရောင် အနု အရင့် အမျိုးမျိုးနဲ့ အာဖရိကန် နွယ်တွေ ရင်ခုန်လှိုက်လှဲ ဖြစ်နေကြတာကိုလည်း.. မုဒိတာ ပွားရင်း..ခံစားပေးကြည့် မိနေသေးတယ်။ နယ်ပယ် အစုံစုံက..Black stars တွေ.. အားရပါးရ ဗျူးတာ ဖြေကြတာ ကြည့်ရင်း..ကိုယ့်ဖာသာ တောင် အိုးမဲ သုတ်ချင် စိတ် ပေါက်လာသည်။ ကြည့်- အဲဒီမှာကို ပြောင်းလဲလာတဲ့ အယူဆန္ဒတွေကို တွေ့လိုက်ရသလိုပဲ။ လူငယ်တွေ ကြားထဲမှာ -မဖြစ်နိုင်တာ မရှိ - ဆိုတဲ့ အမြင်တခု ခိုင်မာ သွားကြတာတော့.. ကောင်းတဲ့ အလားအလာတခု ပဲနော်။ လွတ်လပ် ပွင့်လင်းတဲ့ အခြေအနေ တခုမှာပေါ့လေ။

သူပြောတဲ့ သမိုင်းဝင် မိန့်ခွန်းထဲမှာ နီးနီးစပ်စပ် အသေအချာ စိတ်ဝင်စားလိုက်မိတာကတော့.. နှစ်ခွန်း ထဲပါ။

And so to all other peoples and governments who are watching today, from the grandest capitals to the small village where my father was born: Know that America is a friend of each nation and every man, woman and child who seeks a future of peace and dignity, and that we are ready to lead once more.

သူ့အဖေ မွေးခဲ့တဲ့ ရွာမှာ အ၀တ်ပိတ်ကား ကြီး နဲ့ စီအန်အန် ကြည့်ကြတာ ကို မြင်ရ တော့.. သူ့စကားက.. အသက်ဝင် လိုက်တာ။ အကျီ င်္ ဂုတ်ပြဲ နဲ့ ပျော်မြူး ကခုန် နေကြတဲ့ ကင်ညာ နိုင်ငံသူ ကြီးတွေ ကို ကြည့်ရတာလည်း သဘာဝ ကျလိုက်တာ။
သူပြောသလို သူတို့ ကမ္ဘာကို ပြန် ဦးဆောင်နိုင်မယ် ဆိုရင်တော့.. သတင်းသမားတွေ..လူ့အခွင့်အရေး ရှေ့နေ တွေကို လက်စတုန်း သတ်ဖြတ်နေတဲ့.. သူ့ပြိုင်ဖက် နိုင်ငံကြီး ရယ် ကိုယ်ကျိုးလိုဘ စီးပွားရေး ကိုသာ ကြည့်တဲ့ သူ့ကိုပြိုင်ချင်နေတဲ့ နိုင်ငံကြီးရယ် - ကိုတော့..နဲနဲ စိတ်အေး ရပေလိမ့်မည်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူ့အသံ ပြည့်သူ့ အသဲ စစ်စစ်ကနေ ဖြစ်လာတဲ့..အုပ်ချုပ်မူ တခုဟာ.. မှားခဲ့ရင်တောင်.. ၈ နှစ်ထက် ပို မမှားနိုင်ဘူးလေ။

နောက်တခွန်းကတော့-

To those who cling to power through corruption and deceit and the silencing of dissent, know that you are on the wrong side of history; but that we will extend a hand if you are willing to unclench your fist.

လက်သီးဆုပ်မလား..လက်ဝါးဖြန့်မလား တဲ့။ မေးနေပါပြီ။ ကြိုက်တာကို သာ ရွေးကြပါစေတော့။

ဂလိုဘယ်လိုက်ဇေးရှင်းကို ပုံဆောင်နေတဲ့ .. ပြီးတော့ .. ခေတ်သစ် တခုကို ခေါ်ဆောင် နေတဲ့ အမေရိကန် သမ္မတ တယောက်ရဲ့ ဘ၀ ကတော့ ရက် ၁၀၀ ကနေ စ ရေ တွက်ပါတော့မယ်။ အားတက်စရာကောင်းတဲ့ ကတိ က၀တ် စကားတွေ နဲ့ တီဗီဖန်သားပြင် ရုပ်ပုံ တွေ နောက်က.. တကယ့် လားရာ တွေကို စောင့်ကြည့် မဝေဖန်နေချင်တော့ပဲ.. တကယ်သာ ဖြစ်လာပါစေလို့ ဆန္ဒပြုမိတော့တယ်။
-
++++++++++++++
-
( စာမရေးဘူးလုပ်ထားတုန်း..မချိုသင်း လာဆွ လို့ ရေးလိုက်တာပါ) ။း)


Share/Bookmark

16 Comments:

Anonymous said...

အားပေးနေပါတယ်

Moe Cho Thinn said...

ကေရဲ့ ချဉ်းကပ်ပုံ တွေးပုံတွေကို ကြိုက်လို့ သိချင်မိတာပါ ကေ။ ကမ္ဘာ့အရေးတွေကို ဒီလို စိတ်ဝင်စားသူတွေက အတွေးလေးတွေကို မျှတော့ ဖတ်ရတာ အဆာပြေသွားသလိုပဲ။ ဒီပို့စ်လေးအတွက် ကျေးဇူးပဲနော်။
မနေ့က မနက်စောစော ထကြည့်ပြီး ၈နာရီ အလုပ်သွားရတော့ ကူးပဲ ကူးခဲ့ရတယ်။ live မကြည့်ဖြစ်။ ညကျမှ ၈နာရီစာ ကူးထားတာကို တထိုင်တည်း ကြည့်မိတယ်။ လှိုက်လှိုက်လှဲလှဲ ရင်ထဲမှာ အဖြစ်ဆုံးက မုဒိတာ ပါ။ တိုင်းပြည်ကို အကြပ်အတည်းကြီး တခုကနေ တွန်းတင်ဖို့ ထက်သန်နေတဲ့ သူတို့ခေါင်းဆောင်ကို လုပ်ပိုင်ခွင့် ပြည်သူတွေက ပေးအပ်နိုင်တဲ့အခွင့်အရေး သူတို့ ရလို့ပါပဲ။
နောက်..သမ္မတကျမ်းကျိန်ပွဲမှာ ကဗျာတွေ ရွတ်ကြတော့ အဖေ့ကိုလဲ သတိရလိုက်တာ..

ဇနိ said...

အိုးမဲသုတ်ချင်စိတ်တွေပေါက်သွားတယ်း)

MANORHARY said...

ဒီလိုရေးဖြစ်သွားတာကိုပဲကျေနပ်ပါတယ်။

RePublic said...

အခုတစ်လော ကျနော်လည်း အနက်ရောင်အ၀တ်အစားပဲတတ်တယ် ၊၊လျှော်ရမှာပျင်းလို့ ၊၊ ပို့စ်လေး ကိုသဘောကျတယ် အစ်မK.

ရွှေဂျမ်း said...

ဂျမ်းလည်း မနက်ပိုင်းရုံးပြေးပြီး live ကြည့်ဖြစ်တယ်။ တကယ်လက်တွေ့ အလုပ်နဲ့ သက်သေမပြခင်မှာကိုပဲ စကားတွေက inspirational ဖြစ်တာတော့ အမှန်ပဲ။ အမပြောတဲ့ အိုးမဲသုတ်ချင်စိတ်ပေါက်တယ်ဆိုတာကို သဘောကျတယ်။း)

nu-san said...

မကေရဲ့ အမြင်တွေဖတ်ရတာက ပိုပြီးကောင်းတယ်.. ဟုတ်တယ်နော်..သူ့ရဲ့ သမ္မတ ကျမ်းကျိန်ပွဲ (နန်းတက်ပွဲ) ကို အားပေးတဲ့လူ အတော်များတယ်.. သူပုံစံ သူပြောတာတွေ ကြည့်ပြီး ဘာမှ မဟုတ်တဲ့ ကိုယ်တောင် အားတက်တာတော့ အမှန်ပဲ.. တကယ်လက်တွေ့သာ ဘယ်လိုလုပ်မလဲ စောင့်ကြည့်ရမယ်.. Bush ကလည်း ကုတ်ချောင်းချောင်းနဲ့ ပြည်တော်ပြန်ပြီ။ ၈ နှစ်ထက်ပိုပြီး အာဏာရာထူးကို ဘယ်သူမှ ကြာရှည် မက်မောခွင့်မရဘူး.. ကွာပါ့နော်..:)

ATN said...

တနေ့လုံးလုံး တညလုံးလုံး စောင့်ကြည့်ခဲ့ပြီးမှတော့ နောက်ထပ် ၄ နှစ်ကိုလည်း စောင့်ကြည့်ရတော့မှာပဲလေ...

ဆောင်းယွန်းလ said...

အကောင်းဘက်ကိုဦးတည်သွားနိုင်ပါစေလို့ဘဲဆုတောင်း
ရမှာပေါ့မကေရေ..

Kaung Kin Ko said...

သင်္ကြန်ရောက်ရင် အိုးမည်း လာသုတ်မယ်လေ အစ်မ။ :D အဟီး။ စတာ။ အစ်မ ပျော်ရွှင်ကျန်းမာပါစေ။ ကမ္ဘာကြီးလည်း အကောင်းဘက်ကို ပြောင်းလဲ လာပါစေ။

ကလူသစ် said...

ဘာမှလဲ သိတ်မပြောရသေးဘူး။ ဘာမှလဲမလုပ်ပြရသေးဘူး။ အဟုတ်ပဲ။ ဘုရှ်ကို စိတ်ပျက်တာနဲ့ လူအပြောင်းအလဲကို မျှော်လင့်နေကြတာများမယ်ထင်တယ်။ အိုဘားမားက တလွဲတွေလုပ်ပြန်ရင်တော့ ဘုရှ်ကို စိတ်ပျက်မိတာထက် ပိုပြီး စိတ်ဓာတ်ကျကုန်ကြမယ်ထင်တယ်။ ဒီကသတင်းစာတစောင်ထဲမှာ သူ့ပုံတပုံကို ရုတ်တရက်ဖျတ်ကနဲကြည့်မိတော့ နဲနဲတောင် လန့်သွားတယ်။ မျက်လုံးက cool blood killer တွေရဲ့ မျက်လုံးမျိုး။ လုပ်မယ်ဆိုရင် တကယ်လုပ်မဲ့ အမျိုးအစားပဲ။

Thet Oo said...

ဒိန်းမတ်တွေကလည်း အိုဘားမား ကို အလွန်စိတ်ဝင်စားနေကြတာပါပဲ။

မမသီရိ said...

ကမ္ဘာကြီးက..တကယ့်ကို ပြောင်းလဲ ဖို့ လိုအပ်နေလို့လား။ တကယ်တော့..ဘယ်ခေါင်းဆောင်မှ..မပါပဲနဲ့ကိုယ် ကမ္ဘာကြီးက..ပြောင်းလဲ နေတာပါ။
............................................
မှန်လိုက်တာ မကေ ..ရယ်..
ဒီပို့စ်လေး သဘောကျတယ်..
.......ဒါပေမဲ့..ကိယ့်ကို ကိုယ်
အိုးမဲ တော့ မသုတ်ချင်နဲ့လေ...

Anonymous said...

ဒီပိုစ့်လေးကို ဖတ်ရလို့ကျေးဇူးတင်ပါတယ် မကေ။
အခုမှပဲ လာဖတ်ဖြစ်ပါတယ်၊ ရေးသားဟန်ထဲကနေ မကေရဲ့ ဟန်ကို ခန့်မှန်းလို့ရတယ်။

တန်ခူး said...

သူပေါ်က ၀န်ထုတ်ဝန်ပိုးကြီးကြည့်ပြီး ကိုယ်တောင် လန့် သွားတယ် ကေရေ…
စီးပွားရေးကဒ်ဆိုက်မှ သမ္မတဖြစ်ရသူဆိုတော့… အင်း… စောင့်ကြည့်နေသူတွေက တကမ္ဘာလုံးနော်… သူကတော့ ပေါ့ပေါ့ပါးပါးနဲ့ ယုံကြည်ချက်အပြည့်ပဲ… အားလုံးမျှော်လင့်ချက်တွေ ပြည့်ပါစေလို့  ဆုတောင်းမိတယ်…

သက်ဝေ said...

ကေ့ရဲ့  အတွေး အမြင်တွေရော...
မှတ်ချက်တွေကိုရော... စိတ်ဝင်စားစွာ ဖတ်သွားပါတယ်...
စောင့်တော့ကြည့်ရမှာပါပဲ...