အတု

ဒီနေ့ တနင်္ဂနွေ နေ့ ဆိုတော့ ရော ... တခြားနေ့တွေ ထက် ဘာမှ ပို ထူးခြား မနေခဲ့...။
သောကြာနေ့ကလည်း ဒီလို ပူနေ ခဲ့ သည်။ စနေနေ့ကလည်း..ဒီလိုပဲ.. ဟင်းတခွက် ချက်ပြီး.. ကွန်ပြူတာရှေ့မှာ ထိုင် နေခဲ့သည်။ အခုလည်း.. ပြန့်ကျဲ နေတဲ့ စာရွက်တွေကို..အသာ လျစ်လျူရှုပြီး..ကွန်ပြူတာ မျက်နှာပြင် မှာ..စာကြောင်း တချို့.. ရိုက်စ ပြုနေ ပေ ပြီ...။

နံရံခြားထားတဲ့.. တခြား ကွန်ပြူတာ တလုံးဆီကလည်း.. ချောက်ချောက် ချက်ချက် အသံ တချို့ ထွက်ပေါ်နေသည်။ သူလေး ကို.. ကွန်ပြူတာ ရှေ့ တနေ့လုံး မနေဖို့ ပြောရပေါင်း များ နေပြီ..။
ကိုယ် ကို တိုင် ကရော..
ကွန်ပြူ တာ က လွဲရင်... နောက်ထပ်သူ့လို.. နည်းနည်း အပြန့်ပိုကျယ်တဲ့.. ဖန်သားပြင် တခု သာ..အခန်းထဲမှာ ရှိနေသည်။ စာကြည့်တိုက်က ငှါး ထားတဲ့ တိုင်းမ် မဂ္ဂဇင်း ၂ အုပ်ကို..ခုထိ လှန်မကြည့် ဖြစ်သေး..။ စာအုပ် စင်သေးသေးလေး ပေါ်က..ဗမာ စာအုပ် တချို့ တ၀က်လည်း.. ဖတ်ရင်း မတ်တပ်..လမ်းတ၀က် ...။ ဘာဖြစ်လို့.. အားလုံးက..တ၀က် တွေ ဖြစ်နေတာတုန်း..။ ဒီလို နဲ့ပဲ..လူတွေ လည်း..လူတ၀က် လေဟာနယ် တ၀က် ဖြစ်နေကြသည်။

ဒီ လေဟာ နယ် ကြီး တွေ မရှိခင် တုန်းက..တနင်္ဂ နွေ တွေ ကို လွမ်းလှသည်။ ကိုယ့် ကို ကိုယ် စိတ်ဓါတ်မြှင့်တင် နေရတဲ့..ခုလို.. အချိန်မှာ..အလွမ်းတွေ နဲ့..တသသ လုပ်မနေ သင့် သေး ဘူး ထင်သည်။ ဒါပေမဲ့.. သူတို့ ရောက်လာကြသည်။ အဆီး အတား မှ မရှိတာ..အကာအကွယ် မှ မရှိတာ..။ မလွမ်း နိုင်အောင်.. ၀ိုင်းဖွဲ့ ပြောကြတဲ့..စကားသံ စီစီညံညံတွေ...ဈေးက ပြန်လာတဲ့ လက်ဆွဲခြင်း လေး .. ဇကာထဲက..ချဉ်ပေါင်ရွက် စည်းကလေး..။ ဟင်းရွက်တွေ ကူထွင် မယ်လေ..။ ဒီနေ့ ဟင်းကောင်းကောင်း ချက်ကျွေး..။ မီးဖို ထဲကလည်း..မီးခိုးတွေ အူ လိုက်တာ...။

နေ့လည်စာ စားပြီး.. ခြံထဲက..သရက်သီး ခူး သုတ်စား မယ်လေ။ ဟို ဖက် အိမ်မှာ..ငပိ နည်းနည်း သွားယူချေ...။ ညနေ ကျမှ.. ရေနွေးကြမ်း ၀ိုင်း မှာ.. မြနှောင်းညို စာအုပ် အသစ် အကြောင်း ပြောမယ်။ ခင်ဆွေဦး လောက် မကြိုက်ပေါင်...။ ဟိုဖက် လမ်း ထဲက.. စာအုပ်ဆိုင် က..လူကြီး.. တရားမ၀င် စာရွက်တွေ တွေ့လို့..ဖမ်းခံ ရသတဲ့..။

ဒီလို နဲ့ ရေဒီယိုက..အရေးပါ နေ တော့သည်။ မနက်တုန်းက.. အရှေ့ဆီမှာ ရောင်နီလာ မပီဝိုးတ၀ါး.. တဲ့... နေ့လည် ကတော့..တကျော့ နှစ်ကျော့ တေးကိုသီ ပြီး.. အိပ်ပျော်သွား..။ ညနေက.. သီချင်းကြီးတွေ ဖွင့်တော့..မေရှင် နားထောင် ချင်တာ..ပြည်လှဖေ တယောက်တည်း..။ ဒီည တော့..ဘီဘီစီမှာ.. သတင်း ဦး..။ ခရစ်စတိုဖာ ဂဲန်နစ် ဘယ်ရောက်နေပြီ လည်း... ။ လွမ်းစရာ မရှိ.. ရှာကြံ လွမ်း လိုက် အုံးမယ်။ ခုကတော့ .. အလွမ်းတွေ ရေပက် မ၀င် နိုင် အောင်.. သဘာဝ ကျကျ နေထိုင် ကြီးပြင်း ခဲ့တဲ့.. နေ့ရက် တွေ ကို ..လွမ်းနေ မိတယ် ရယ်။

ခဏနေရင်.. ညီမ ၀မ်းကွဲ တယောက် လာလည်မည်...။ ဖုန်းသံ စောင့်ရင်း.. သူလာရင် ကျွေးဖို့.. ကိတ်မုန့် တလုံးကို.. ပျင်းတိ ပျင်းတွဲ ဖုတ် ဖို့ စ ပြင်သည်။ ကြက်ဥ တလုံး ဆို တော်ပြီပေါ့ နော်...။ ကြက်ဥ တောင်... လှောင်အိမ် ထဲက ဥတာ မဟုတ်အောင်.. ရွေးဝယ် ထား ရတာ ဆိုတော့..ပတ်ဝန်းကျင် သမား မို့လား.. စာနာတတ်သူ မို့ လား.. တကယ် တော့..ဘာမှ လည်း မဟုတ်ပါဘူး...ဘာစားစား..ကြက်က ဥ ပေးရတာပဲ လေ..။ ဒီကြက်တွေ က.. ဥဖို့ အတွက်ပဲ ကြက်ဖြစ် လာတာပါ.. စားသာ စား..အားမနာ နဲ့လို့.. ပြောလိုက်သည်။ ရယ်သံ သဲ့သဲ့ အဆုံးမှာ.. လူတွေ လည်း.. ကြက်တွေ ဘ၀ က..ရုန်းထွက် နိုင်အောင်.. လုပ်နေကြရတာပါပဲ.. တဲ့။ ညီမ၀မ်းကွဲ ရဲ့ ဟန်က.. ယုံကြည်မူ အပြည့် ရှိလှသည်။ အောင်မြင်နေတဲ့..လူတယောက် အတွက်.. ဘ၀ မှာ.. ဘယ်သူ စားဖို့.. ဥတွေ ဥ ပေး နေရ မှာလည်း..။

ကိတ်မုန့် တယောက် တဖဲ့..စားရင်း.. ကော်ဖီ တယောက် တကျိုက် သောက်လိုက်သည်။ ဒီညီမ ကို မမြင် ရတာ ကြာပြီ။ ခုတော့.. ငယ်ဘ၀ တွေ ကနေ.. မြို့ တွေ တခုပြီး တခု ဖြတ် တက် လာကြတဲ့.. အဖြစ် တွေ အကြောင်း..နောက်ဆုံး ရောက်ရှိ နေတဲ့..မြို့ တော် ရဲ့ .. ၀ရန်တာ တခု မှာ..စကား လက်ဆုံ ကြ မိခြင်း ဖြစ် သည်။ ဒီ မြို့ ကို ကြိုက်သလား.. ။ ဟို မြို့ နဲ့ ယှဉ် ရင်တော့... အဲဒီ လို မျိုး နေရာတွေ မှာ အဲဒါ က.. ပို အဆင်ပြေ တာပေါ့..။ အချိန် တွေက.. မြန်တယ်နော်..။ အိမ်ထောင် ပြု တော့မလား...။ အင်း..အော်..။ ဒါဆို..ရှေ့ရေး သားသမီး တွေ နဲ့ မိသားစု ဘ၀ ကရော..။ အင်း..အဲဒါတော့.. တို့ လည်း မဖြေတတ်ဘူးလေ..။ ဟုတ်ပါတယ်..။ စကားပြောရင်း..လက်ကိုင်ဖုန်းကို..စတိုင်ကျကျ ဖြေ နေတဲ့..ညီမ ရဲ့ ကိုယ်ပေါ်မှာ..ကိုယ် ကိုတိုင် ရဲ့ ယုံကြည်မူ တခု တလေ ကို.. တိတ်တဆိတ် ရှာ နေမိသည်။ သူ့ဖက် က..ရောင်ပြန် ဟပ်လာတဲ့..ယုံကြည် မူ တချို့ ကို.. ကိုယ့်ဟာ လိုလို ထင် မိ နေပြန်သည်။ ဘ၀ ရဲ့ ကျေနပ်ခြင်း ရေဆူ မှတ်က..ဘယ်နား မှာလည်း..ဘယ် အသက်မှာလည်း..ဘယ် လို အခြေအနေ မျိုးမှာလည်း..။ “ မ ကလည်း.. peer pressure တွေ ပါ.. တကယ်တော့..ဒါတွေက.. cliché တွေ မဟုတ်ဘူးလား..”

ခဏ နေရင်.. နေညို လာတော့မည်။ ဒီလို လှပတဲ့ မြစ်ကမ်းခြေ မှာ နေ့တိုင်း လမ်းလျှောင်ခြင် လိုက်တာလို့.. တွေးခဲ့ ဖူးလို့..ဘုရားက လက်ဆောင်ပေး ခဲ့သည်။ အဲဒီလို နဲ့..ညနေစောင်းတိုင်း.. တနေ့တာကို..ပိုင်းခြားနိုင်ဖို့.. တခြားလူတွေ ရဲ့ ညနေစောင်းတွေကို လေ့လာဖို့.. ဆည်းဆာ မှာ..တွေးချင်ရာ တွေးဖို့.. လမ်းလျှောက် ထွက်ခဲ့သည်။ မလိုအပ်တဲ့ ခလုပ်တွေ မနှိပ်မိအောင်.. လိုအပ်လာတဲ့ အခါ.. ခေါ်ချင်တဲ့ နေရာကို.. ခေါ်ဖို့.. အားပြည့်နေအောင်..လက်ကိုင်ဖုန်းကို.. အိတ်ထဲမှာ..အသေအချာ သိုဝှက် ခဲ့သည်။ တကယ်တော့..ကိုယ့်ကို ကိုယ် ခုလို တနေရာ ကို လိမ်ခေါ် ခဲ့တာလည်း.. မလို အပ်တဲ့ စကားတွေ မပြော နိုင် အောင်.. လိုအပ် တဲ့.. ကျန်းမာရေးတွေ အသင့် ရှိနေ အောင် ရယ်ပါ..။ တခါ တခါ.. မလိုအပ် လှ တဲ့ အတွေး တွေကို.. လူတွေက..သယ်သယ်ထား တတ်ကြတယ်။ မသယ်ချင်ရင်..ပြစ်ချ လို့ ဆို ရအောင်လည်း.. အပြစ် နဲ့ အဖြစ်က.. ဗျည်းတလုံးပဲ ခြားတာမို့.. ထားလိုက် ပါတော့လေ..။

မနေ့ ကတော့..ဖတ်လိုက် ရသည်။ ဖြစ်ရိုး ဖြစ်စဉ် နဲ့ ထူးခြား ဖြစ် စဉ်က..လက်တလုံးပဲ ခြားတာ တဲ့..။ ဟုတ်မှာ ပါပဲ..။ လူတွေက.. ကိုယ့်ကို ကိုယ်တော့.. ထူးခြားတယ် ထင်တယ်..ထူးခြားဖို့ ကြိုးစားတယ်.. ပြီးတော့လည်း..လက်တလုံးတောင် မခြားနိုင်တော့ပဲ.. ဖြစ်ရိုးဖြစ်စဉ်.. အဖြစ်တွေ နဲ့.. အပြစ်တွေ ထဲ..ကျင်လည်...။ လက် တဖောင် လောက် ခြားနိုင် အောင် တောင်..ခဏ ကြိုးစား ကြည့် ပါအုံး..။ ဟန်ဆောင်တယ်လို့ ထင် ခံ ရနိုင်တယ်။ အဆင်မသင့်ရင်.. မရိုးသားဖူးလို့.. တောင် စွပ်စွဲ ခံရဖွယ် ရှိတယ်။ စဉ်းစား မိသလောက် တော့..ကိုယ် လည်း ရိုးသားပါစေ တော့ရယ် လို့..တခါ မှ မကြိုးစား ခဲ့ဖူးဘူး ထင်တာပဲ။

ကဲ..ထားပါတော့.. ညရောက်တဲ့ အခါ.. ကွန်ပြူတာရှေ့ အရင် မထိုင် မိအောင်..တခြား ဘာတွေ လုပ်ရင် ကောင်းမလဲ..။ မဟုတ်သေးပါဘူး..။ ငါလုပ်ရမဲ့ အလုပ်တွေ ကလည်း..ကွန်ပြူတာ ရှေ့ မှာ ပဲ..။ ပျောက်ဆုံးသွားသော..နိဗ္ဖန်ဘုံ ဆိုလို့.. ငရဲ ကို ရောက်နေတာတော့ လည်း မဟုတ်ပါဘူး..။ ဒါပေမဲ့..ညသတင်း နဲ့ ရေဒီယို သံလေး တွေ ကို လွမ်းတယ်။ အိမ်ရှေ့က ဖြတ်လျှောက် အော် သွားတဲ့..မြေပဲ ဆားလှော်သည် ကို အမျိုးတယောက်လို သတိ ရနေမိတယ်။ ကျောင်းပိတ် လို့ လူစုံ တဲ့ တနင်္ဂ နွေ တွေ ကို လွမ်းတယ်။ စွပ်ကျပ် အကျီ င်္ နဲ့ သစ်ပင် ခုတ် နေတဲ့.. ဦးလေး တယောက်ကို လွမ်းတယ်။ ဖရဲသီး စားရင်.. သူများ တွေ ချန်ထားတဲ့.. အနီရောင် တွေကို နှမြော တယ် ဆိုတဲ့..အမ တယောက် နဲ့.. ဖရဲသီး အတူ စားချင် သေးတယ်။ ကိုယ့် က.. အဖျားလေးပဲ စားတာဆိုတော့.. ကျန်တာ..သူ ဆက်စားပစေလေ..။ အိမ်ရှေ့က.. စက်ဘီး ဘဲလ် သံ ကြားတယ်။ ဧည့်သည် ထင်တယ်။ ရေဒီယို တိုးလိုက် ကြအုံး..။

ကွန်ပြူတာ တွေ နဲ့ တိတ်ဆိတ်နေတဲ့..တနင်္ဂ နွေ ကို..ငါ ဘယ်လို တော်လှန် ရမလည်း။ တော်လှန်ရေး ဆိုတာ.. ပါးစပ်က ပြောနေရ တာမှ မဟုတ်တာ..။ ဒါဆို.. လက်တွေ့ကျကျ ငါ မုန့် ထ လုပ်မယ်..။ ငါ လုပ်တတ်တာ..ဘာတွေ ရှိလည်း..။ စမူဆာ ရယ်..ဆီထမင်းရယ်.. ထမင်းသုတ်ရယ်..။ ကိတ်မုန့်ကို တကယ်တော့..ငါ မကြိုက် ဘူးလေ..။ မီးဖို တလုံး ရှိနေတာရယ်.. မုန့်ဖုတ်ပစ္စည်းတွေ အသင့် ရောင်းလို့ ရယ်ပါ..။ ငါက..တခါတလေ လည်း ခေတ်မီ ချင်သေးတယ်။ အိပ်မက် ထဲမှာ..ဘာတွေ ချက်စားမလဲ..။ အိပ်မက် ဆိုမှတော့.. လုပ်ချင်ရာ သာ လုပ်.. မက်ချင်ရာသာ မက်..။ အိပ်မက် မကောင်းရင် သာ..ချက်ချင်း နိုးထ နိုင်အောင်..နှိုးစက် တလုံး စောင် ထားလိုက်ပါ..။ နှိုးစက် တလုံး ဖုံးခေါ် တဲ့ အခါ.. ငါ ပြောလိုက်မယ်.. “ စိတ်ညစ်ပါတယ်”

ခုတော့..ဒီဝင်းဒိုးကို ပိတ်လိုက်တော့မယ်..။ အိပ်ရတော့မယ်..။ နှိုးစက် တလုံးနဲ့ ...မနက် တိုင်း နှိုးပြီး... ည တိုင်း နိုး နေတတ်တဲ့..အတွေး နက်ပြာ တွေ ကို.. အခု ပိတ် မှ ဖြစ်တော့မယ်.




Share/Bookmark

20 Comments:

မမသီရိ said...

ခေတ်လူတွေရဲ့ ဘ၀ က ကွန်ပျူတာနဲ့ ကင်းလို့ မရနိုင်တော့ဘူး ထင်ပါရဲ့ မကေ

ကွန်ပျူတာ နဲ့ အမှန်တကယ်ဝေးချင်သပ ဆိုရင်တော့ မြန်မာပြည်က ကျေးလက်တွေ ဆီ ခြေဆန့်ကြည့်ရမယ် ထင်ရဲ့

ရေးထားတာလေး ကဖတ်လို့ ကောင်းတယ်

Anonymous said...

pls do not close or unplug the power, your window is still updating the new software. It will take about the whole life. So.................

မေငြိမ်း said...

အင်းးးးးးးးးးးးးး ဒီတလော ဗမာပြည်က အဝေးရောက်နေသူတွေရဲ့ စိတ်တွေ အလွမ်းတွေက ကော်ပီကူးထားတာကျနေတာပဲ.. ။ အမလည်းလေ... အတွေးနဲ့ အနှံ့ အဲလို လျှောက်သွား လျှောက်လွမ်းပစ်လိုက်တာ.. နေ့တိုင်းလိုပဲ... ဘာပဲဖြစ်ဖြစ်.. စိတ် ပြေ လက် ပျောက်....

ဒူကဘာ said...

အခုခေတ် ပြည်ပရောက်တွေ အဇ္ဈတ္တနဲ့ အခုပို့စ်လေးက ထပ်တူ ကျလှပါတယ် ...ကေ။

Anonymous said...

ပစ်ချ၊ အပြစ်/အပစ်၊ အဖြစ်.......။
လက်တစ်လုံးခြား.............
တနင်္ဂနွေအလွမ်းများ..............
ထူးခြား.. မထူးခြား.......
ပြတင်းဆန်သော ဝင်းဒိုးစ်များကိုဖြတ်လျက်......................................................................................
ဟိုလျှောက်ဒီတွေး.... ကမ်းခြေ......... အိပ်မက်... စိတ်ကူး.... cliche ......
ဆီထမင်း.. ကိတ်မုန့်.... ကော်ဖီ.....
အိပ်စက်ခြင်း............ နိုးထခြင်း...........
ချက်ပြုတ်ခြင်း............. စားသောက်ရခြင်းပြဿနာ..............
ပုံဆန်ကျကျ လှုပ်ရှားနေရခြင်းများ.........။

အိန္ဒြာ said...

မကေ...

အဆက်မပြတ်အတွေးတွေနောက်ကို အမှီလိုက်ပြီး
သွက်နေကောင်းရေးထားတာ ကျစ်လစ်သလောက်
လှပနေတယ် သစ်လွင်နေတယ်..

အဲလိုရေးတာမျိုး သိပ်သဘောကျတာ

ရှဲ့ရှဲ့နိ

ဒီလို အမ မျိုးသာရှိရင် တနင်္ဂနွေတိုင်း အိမ်လာလည်ပြီး ကွန်ပြူတာမကောင်းကြောင်းတရားဟောတယ်းP

Mirror said...

အလွမ်းတွေကို စမ်းရေထဲမှာမျှောလိုက်စမ်းဘာ. အမ ရာ. .
ဒီဘက်ကနေ လှမ်းကောက်ချင်းစမ်းလို့...။
သေချာစူးနစ်ခံစားပြီးရေးထားပုံထောက်တယ်။
အရှည်ကြီးကိုပဲ ဖတ်လို့အားမရ...။ပြီးတော့ အလွမ်းချင်းလဲ
ထိခတ်သွားစေတယ် :)

Nge Naing said...

မကေက ဒီပို့စ်ကို ကျွန်မတို့ အကုန်လုံးရဲ့ ဘ၀နဲ့ ခံစားမှုတွေကို ကိုယ်စားပြုပြီး ရေးထားတယ်ထင်တယ်။ အဝေးရောက်မှ မဟုတ်ဘူး မြန်မာပြည်မှာ ကွန်ပြူတာ အင်တာနက် သုံးနေတဲ့ သူတွေလည်း နေရာဒေသ တခုတည်းပေမဲ့ တချိန်ကဘ၀တွေကို ဒီလိုပဲ တခါတခါ ပြန်လွမ်းနေမှာ သေချာပါတယ်။

MieMie said...

ထပ်တူဘဲ ကေ ရေးထား တာ ... တခြား အရာတွေ အားလုံး ကိုယ့်ကိုယ့်ကို ထိန်းချုပ်နိုင်ပေမယ့် ဒီ ကွန်ပျုတာ အင်တာနက် ဆိုတာကြီး နဲ့ ကျ မှ အလွှမ်းမိုး ခံ နေ ရ တာ ခက်လိုက်တာ ... အမေ့အိမ် နဲ့ ဝေးဝေး မှာ နေနေ ရ တော့ လည်း အလွမ်း တွေ ကို ဖြေသိမ့် ဖို့ အတွက် ဒီ အင်တာနက် ကြီး သာ မရှိ ရင် ဘယ် လို နေသာ မှာ လည်း ဆိုတာ ကို ပါ တွေးမိသေး တယ် ကေ ....

mie nge

pandora said...

ဘ၀တွေက လေးထောင့်ဘောင်ခတ်ထားတဲ့ ဖန်သားပြင်မှာ တလျှပ်လျှပ်နဲ့လေ..
လွင့်မျောလိုက်ပါထပ်တူခံစားရင်... မောတယ် မကေရယ်..

ရွှေရတုမှတ်တမ်း said...

ဟုတ်ပါ့မကေရယ်...အဲဒီကွန်ပြူတာကြီးပေါ်မှ တခြားဟာတွေအတွက် အချိန်တွေ ပျောက်ကုန်တယ်

ချစ်ကြည်အေး said...

မကေရေ...ကဗျာရှည်လေး တပုဒ်ကို ဖတ်နေရသလို...၊ မကေ စာတွေ ဖတ်ပြီးတိုင်း ကိုယ့်ဘလော့ဂ်မှာ စာမရေးချင်တော့ သလိုလို၊ ညာဘက်လက်ကြီးကိုပဲ ဆယ်ပေါင်တူ နဲ့ ထုပစ်ချင်သလိုလို...အဟီး...တကယ်က လုပ်ရဲပါဘူး....:)

mks said...
This comment has been removed by the author.
mks said...

မကေ ရေ ကွန်ပြူတာ ကလည်း ခုဘက်ခေတ် လူနေမူ့ ဘ၀ ထဲမှာ တစိတ်တပိုင်း ပါလာနေတော့ ...

ပါလာပါစေတော့ ..

တစိတ်(၁/၄) ရဲ့ .. တပိုင်း ဆိုတော့ ၁/၈ လေ
း))

Bino said...

A Good post.
I'm getting feel lonely.
Watch the T.V, read the some books and blog.
I've stopped it when my eye become red.

BINO

သက်ဝေ said...

"ညရောက်တဲ့ အခါ ကွန်ပြူတာရှေ့ အရင် မထိုင် မိအောင် တခြား ဘာတွေ လုပ်ရင် ကောင်းမလဲ..."

အဲဒီမေးခွန်းကို
ညနက်နက်မှာ ကိုယ်က မအိပ်ချင်သေးပေမယ့် နာရီက အိပ်ခိုင်းနေတဲ့အခါ...
မနက်မှာ အချိန်မှန်မနိုးလို့ အိပ်ချင်မူးတူးနဲ့ အတင်းထပြီး အလုပ်သွားဖို့ အလောသုံးဆယ်ဖြစ်ရတဲ့အခါ...
ထောင့်တထောင့်မှာပုံထားမိတဲ့ အလုပ်ကြွေးတွေကို အချိန်မရှိ အချိန်ရှိမှ အတင်းထ လုပ်ရတဲ့အခါတွေတိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးနေကျ...

ကေ ရေးထားတာလေး သဘောကျတယ်...း))

မေ့သမီး said...

အမတို့ကို ညီမလည်းလွမ်းတယ်လို့ ပြောရတာအားနာတယ်။ တနှစ်ကို ၂ခါလောက်အိမ်ပြန် နေပြီး သူများတွေထက်လွမ်းမပြချင်ပါဘူး။ ဒါပေမယ့် တကယ်ပဲလွမ်းတယ်။

Mi Tay 4 said...

ညီမလေးရေ ညရောက်ရင် ဂုဏ်တော်ပုတီး စိတ်နော်။

ကိုချစ်ဖေ said...

ကွန်ပြူတာမရှိတဲ့အရပ်ကိုသာရောက်နေရင်...ဟိုးအရင်
တုန်းကလိုပဲ ရေဒီယိုလေးဖွင့် စာအုပ်တွေဖတ် ကက်ဆက်နဲ့သီချင်းနားထောင် ရပ်ကွက်ထဲက လက်ဖက်ရည်ဆိုင်လေးသွား တခါတလေမှ လာတဲ့စာတွေဖတ် စာတွေပြန် ဟုတ်တာပဲ။
ကွန်ပြူတာအင်တာနက်ပေါ်က
သူငယ်ချင်းတွေကိုတော့
လွမ်းပြန်ရော ဘာတွေများရေးတင်ထားလဲ.သူတို့ ဘယ်လိုခံစားနေကြလဲ..သိချင်လာပြန်ရော..
ခုတော့ ကွန်ပြူတာလေး နာစေးချောင်းဆိုးဖြစ်မယ်ဆိုရင် ပြာလောင်ခတ်နေရကော သူ့ကိုပဲ အားကိုးအားထားနဲ့ အဖေါ်လုပ်နေရသကိုး....နော..လွမ်းနေရတဲ့ဘ၀တွေထဲမှာ..

Anonymous said...

artificial ....
လျွတ်ခိုက်သဗျို့။