ကာတွန်းတွေ နဲ့ တွန်းကာ တိုက်ကာ

တလောက.. face book မှာ.. ကလေးသူငယ် အကြမ်းဖက်မူ ပပျောက်ရေး လှုပ်ရှားမူ အဖြစ်.. လူမျက်နှာ ပုံတွေ အစား.. ငယ်ဘ၀ ကာတွန်းလေး တွေ အသုံးပြု ကြဖို့  ဆိုပြီး အော် ကြ သည် ။

တော်တော် များများ ကတော့.. နိုင်ငံခြား ကာတွန်းရုပ်ရှင် ဇတ်ကောင်လေး တွေ နဲ့ ထွက်လာ ကြသည် ။ တချို့ လည်း..သမိန်ပေါသွပ်.. လေးလေးဇာ.. တွတ်ပီ.. စုံ နေ တော့ တာပဲ။  အဲဒါနဲ့  ကိုယ်လည်း ငယ်ဘ၀ က.. အကြိုက်ဆုံး နဲ့ အမှတ်ထင်ထင် အရှိ ဆုံး ကာတွန်း ဆို တာတွေ ထဲက  ပြန် စဉ်းစား ကြည့် တယ်။

ကာတွန်း တွေ ကတော့..စုံနေ အောင် ဖတ် ခဲ့တာပဲ။ ကလေး တွေ သီးသန့် ဖတ်ဖို့.. တေဇ ရုပ်စုံ ထဲက.. ဦးဘကြည်  ကာတွန်း လေး တွေ က..အစ..လူကြီး တွေ ဖတ်တဲ့..မြ၀တီ..ငွေတာရီ ထဲက.. မောင်စိန် ရဲ့.. တကြောင်း ဆွဲ လက်ရာ လေး တွေ ထိ.. မှတ်မိ နေ သည် ။ ဒါပေမဲ့..ဇတ်ကောင် လေး တွေ နဲ့ တွဲပြီး အခု ထက် တိုင် ..စွဲထင် မှတ်မိ နေ တာ လေး တွေက တော့.. သိပ် မ များ လှ..။

တေဇ ရုပ်စုံ ထဲ က ဆိုရင် ..ဦးဘကြည် ဆွဲ တဲ့.. တေဇ သု နေ မ ဘူ စန် ဒါ ၀ိ ဝေ .. ဇတ်ထုပ် ။ ၀ါးဆစ် စုဗူးကြီး ထဲက..ပိုက်ဆံ တွေ ထုတ်ရေ တဲ့..သူဌေးကြီး ဦးဘောဂ..။  အပျင်းကြီး တဲ့ မနှင်းလေး... ဆိုရင် ...ထပ်ကာ ထပ်ကာ ဖတ်ရင်း....သူ့နေရာ  ကို  ကိုယ် တိုင်ပဲ.. ရောက် နေ သလို လို..။ ဘာအလုပ်မှ မလုပ်ချင်..အချိန် ရွှေ့ တတ် တဲ့..မနှင်း လေး တယောက်.. မနက် ကျောင်းသွားဖို့.. အကျီ င်္ ကြီး က..သူ့ဖာသူ ခေါင်းပေါ်က..စွပ်ကျ လာ.. လုံချည်ကြီးက..လာပတ်.. ထမင်းကြော် ပူပူ တွေ..ပါးစပ် ထဲ အတင်း ၀င်လာ တော့ မှ.. အိပ်မက် က လန့်နိုးပြီး.. သူ့တာဝန် တွေကို ပုံမှန် လုပ် တတ် လာ တဲ့..ကာတွန်း လေး ကို..ခုထိ မမေ့ နိုင် ပါ။ ကလေး တွေ အတွက်..ချက်ခြင်း ကြီး လိမ္မာ လာအောင် လုပ်ပေး တာ မျိုး မဟုတ်ပေမဲ့ လို့.. စာအုပ် စာပေ နဲ့ ယဉ်ပါး ရင်း..မသိမသာ.. ပြုပြင် သွန်သင် သွားတဲ့.. တေဇ ရုပ်စုံ ကာတွန်း လေး တွေကို..အခု ထိ လွမ်းတမ်းတ နေ မိ ရ တော့ သည်။

တမ်းတ မိ တယ် ဆိုတာက .. အခု ခေတ် ကလေး တွေ မှာ ရော..ဘယ်လို..ကလေး စာပေ တွေ ရဲ့ သွန်သင် မူ တွေ ရှိ နေ သလည်း ဆိုတဲ့.. စိတ်ဝင်စား မူ ကြောင့်ပါ။ တူတွေ..တူမ တွေ ခေတ်မှာ.. .. တတိုင်းမွှေး ကာတွန်း ရုပ်စုံ ဆိုတာလေး တွေ တွေ့ တော့..ကောက်လှန် ကြည့် မိ သည်။ တော်တော် များများက.. Walt Disney ကာတွန်း တွေ ကို.. ဗမာ မူ ပြု ပြီး ပြန်ဆွဲ ထား တာတွေ တွေ့ ရတော့.. ဘ၀င် က..မကျ ချင်။ နိုင်ငံ ခြား ကာတွန်းလေး တွေကို လည်း.. .နှစ်သက် တာ က..တပိုင်း ပေ မဲ့.. ကိုယ်ပိုင် တီထွင် ဖန်တီး တဲ့..ဗမာ ကာတွန်း လေး တွေ .. ဒီ့ထက် များ စေ ချင် သေး သည်။

ခေတ်တွေ မတူ တာ က တော့.. လက်ခံ ပါ သည်။ အခုခေတ် ကလေး တွေ မှာ..ဖျော်ဖြေစရာ ပစ္စည်း ကိရိယာ.. အသုံးခံ တွေ..များလွန်း လှ သည်။  အဲဒီ တော့ လည်း..ဘ၀င် မကျ တာတွေ..အသာ ထား ပြီး.. ကိုယ် ကြီးပြင်းလာရာ လမ်း တလျှောက် က.. ကာတွန်း လေး တွေ အကြောင်း သာ..စိတ်ချမ်းချမ်း သာသာ နဲ့.. ဆက်တွေး ပြစ် လိုက် သည်။

ကိုယ် တို့ တွေ.. နည်း နည်း ကြီး လာတော့..“တေဇ”  တို့ “ ရွှင်ပြုံး”  တို့ အပြင်...“ မိုးသောက်ပန်း”  ဆိုတာ လေး ပေါ်လာ သည်။  “ ကလင်.. ကလင်..ကလင် ” ဆိုတဲ့.. စာအုပ်ကိုယ်စားလှယ် အိမ်က.. အမ ကြီး ရဲ့ ...စက်ဘီး ဘဲလ် သံ လေး  ..အိမ်ရှေ့က ကြားတာနဲ့..   စာအုပ် ကလေး တွေ ..ပြေးထွက် ယူ ရင်း .. ရင်ခုန် ပျော်ရွှင် ခဲ့ ရတဲ့.. ရိုးရိုး ရှင်းရှင်း ငယ်ဘ၀ တွေ က .. တကယ့်ကို လွမ်း စရာ..။

အဲဒီ တုန်းက.. မိုးသောက်ပန်း ထဲ မှာ.. ကာတွန်း ပိုးဇာ ရဲ့.... လေးလေး မောင်မောင်ဇာ တူအရီး စီးရီးတွေ  မတိုင် ခင် .. ကလေး ကြီး အရွယ်တွေ ဖတ်ဖို့.. ဇာတ်ကောင်လေး တွေ ရှိဖူး သေး သည်။“ ငြိမ်းသွဲ့ ကို”  နဲ့...ညီအမ တွေ အကြောင်း..။ ကျန်တဲ့ ညီမ တွေ က တော့.. ဘာ “ကို” တွေ လည်း... သိပ် မမှတ်မိ တော့..။ လေးမွန် ထွေးမွန် လောက်.. လျှာမစွဲ.. လူကြိုက် မများ တာ တော့..သေချာ သည်။ ကိုယ်တွေ ကလည်း.. မောင်နှမ ၀မ်းကွဲ တွေ လေးငါး ဆယ်ယောက် ..တခြံ တည်း တစု တဝေး နေ ကြ တော့.. စာအုပ် အသစ် ရောက်ပြီ ဆိုတာ နဲ့.. သူ့ထက် ငါ ဦး .. လုယက် ဖတ် ကြ ရ တဲ့..ဘ၀ ကလေး က.. ခု နေ ပြန် တွေး တော့..ရီချင်..ပြုံးချင်..လွမ်းချင်စရာ ရယ်..။  ပြီးရင် တော့ .. အဲဒီ စာအုပ် တွေကို.. လစဉ်.. မျိုးတူ ရာ.. စုပြီး တွဲချုပ် အဖုံး ဖုံး.. ခေါင်းစည်း ထိုး..အမှတ်စဉ် ထိုး ရ တဲ့ အလုပ်ကို.. ရေးကြီး ခွင်ကျယ် မဟာ တာဝန် ကြီး လို ထင် ပြီး.. အိမ်က..စာအုပ်စင် ပုပု လေး ကို..ဥစ္စာခြောက် သူက.. ဘယ်သူ ရှိ မတုန်း..။

တလ မှ.. တအုပ် စ  နှစ်အုပ်စ စောင့်ဖတ် ရ တဲ့...ကလေး စာစဉ် တွေ နဲ့ တင် .. သူတို့.. မောင်နှမ  တွေ.. မလုံ လောက် ပါချေ။ ဒီလို နဲ့ ..နွေရာသီ ကျောင်းပိတ် ရက် တွေ မှာ.. လမ်းထိပ်က..စာအုပ်ဆိုင် ကို သွားပြီး.. တရက်.. တမတ် တန်.. ကာတွန်း ရုပ်ပြ အဟောင်း လေး တွေ.. ငှါးဖတ် တတ်လာ ပြန် သည်။ ရုပ်ပြ ကာတွန်း လုံးချင်း တွေ ထဲ မှာ..သူတို့ အသဲစွဲ  ကြ တာ တွေက.. ကာတွန်း- သန်းကြွယ် ရဲ့.. “မာတလိ”  တို့.. “ ဖိုးဝ” တို့...။ နောက်.. ကာတွန်း - အောင်ရှိန် ရဲ့.. “ခင်မောင်သိန်းထွန်းဝင်း..ဦးကပ်စီး.” တူအရီး..နဲ့  ဦး ရှံစား..။  “ဦးစိတ်တို”  နဲ့..“မျောက်ညို” .။  တီထွင်ပါရဂူ ဖိုးဆိတ်ဖြူ... အင်း..ပြန်စဉ်းစား ရင်း ထွက်လာလိုက် တာ..မနည်း မနော ပါလား..။

တရက် မှာတော့.. သူတို့ မောင်နှမ တွေ.. စာအုပ်ဆိုင် က..အပြန်မှာ..ခေါင်းချင်းဆိုင်ပြီး.. အကြီးအကျယ် ဆွေးနွေး ဖို့ ကိစ္စ တခု ပါလာ ခဲ့ သည် ။ အဲဒီ ည က..စ ပြီး.. စာအုပ် ဆိုင် ရဲ့.. ခပ်မြင့်မြင့် တန်းပေါ် မှာ.. ချိတ်ထားတဲ့..ကာတွန်း သန်းကြွယ် ရဲ့.. “ အသေ အလဲ ရွှေမဲ တိုက်ပွဲ ” ဆိုတဲ့..တလက်မ ကျော် လောက် ထူတဲ့.. လုံးချင်း ကာတွန်း စာအုပ် ကြီး ကို.. တရက် ၂ ကျပ် နဲ့..ဘယ်လို ငှားဖတ် ကြ မလည်း ဆိုတာ က..သူတို့ ရဲ့.. အရေးကြီးတဲ့..အာဂျန်ဒါ တခု ဖြစ် သွား တော့ တယ် ။ သိပ် အကြာ ကြီး တော့..မစောင့် လိုက်ရ ပါဘူး...။ တယောက် တမတ်.. သူတို့ လက် နဲ့ ပဲ.. အာရပ်စော်ဘွားကြီး တွေ ဇတ်ရံလုပ် ထားတဲ့... သဲထိတ် ရင်ဖို စွန့်စားခန်း ကာတွန်းစာအုပ် ကြီး..သူတို့ လက်ထဲ ပါလာ ခဲ့....အဲ့....အဲ့... အဲ့....

သန်းကြွယ် ရဲ့ စွန့်စားခန်း ကာတွန်း တွေ မှာ.. ဇတ်ကောင် တွေ  ဖြစ် လေ့ ရှိ သလိုမျိုး .. စကားမဆုံးခင်...  အဲ့.. အဲ့.. ဖြစ်သွား ရတာ ကတော့.. သူတို့ မောင်နှမ တွေ..လု ဖတ်ရင်း.. ရှေ့ဆုံး စာရွက် တရွက် ပြဲ သွားလို့... အိမ်က လူကြီးတွေ က စိုက်ပြီး.. ၅ ကျပ် အလျော် ပေး လိုက် ရ တာ ပါပဲ..  အဲ.. အဲ..း))

အတွေး တွေ နဲ့ ..ပြန်ပြီး ပြုံးပျော် သွားရင်း.. ကဲ.. အခု ဖဘ က.. ပရိုဖိုင်းလ် အတွက်..သန်းကြွယ် ကာတွန်း လေး တင်မယ် ဆို.. ရှာကြည့် တော့..ဘယ်မှာမှ မတွေ့ တော့ဘူး..။ အဲဒါ နဲ့.. သန်းကြွယ် ထက် တဆင့်တက် ပြီး..လူကြီး ဆန်ဆန် ဟာသ တွေ..ဒိုင်တွေ နားလည် တတ်စ ပြု ချိန် မှာ.. အသဲစွဲ ကြိုက် ခဲ့ တဲ့.. ကာတွန်း- တင်အောင်နီ ရဲ့.. ပြာဂလောင်..ပြာလချောင် ဆီ ကို.. ရောက် သွား ပြန် တယ်။ တင်အောင် နီ ရဲ့ ကာတွန်း တွေ က.. အတွေးအခေါ် အားကောင်း မှ.. ရီ နိုင် တာ မျိုးပါ..။ တံတွေး စင် လို့.. ထီးလေး မိုးပြီး.. ဖြတ်သွားတဲ့..ပုရွက်ဆိတ် ကလေး လို မျိုး.. အားဖြည့် ဇာတ်ရံ တွေ တပုံတပင် ကြားမှာ .. မူလ ဇတ်ကောင် ပြာလောင် ထက် ပို ပြီး ..နှစ်သက် မိ တာက.. ကိုထူးဆန်း..ခင်ချောဆွိ တို့  ရဲ့ ရင်နှစ် သည်းခြာ..အမြွာ ညီအကို..ပြာဂလောင် ပြာလချောင် ကို ပေါ့..။ အိမ်မှာ လူကြီး တွေ မရှိ တုန်း..အဆော့လွန်ပြီး.. အောက်ကို ပြုတ်ကျ သွားတဲ့.. ဗီးနပ်စ် ရုပ်တု ကို .. လက် တဖက် ပြုတ် သွားတယ် ထင်ပြီး.. လူကြီး တွေ ပြန်မလာခင်.. ဂျုံမုန့် တွေ  ရေနဲ့ ဖျော် ပြီး ..လက်တဖက် ပြန်တပ် ထား ကြ တဲ့.. ညဏ်ကြီးရှင်  အမြွှာညီနောင် နဲ့..အပေါင်းအပါ.. သံခဲ..အကောက်..ရာမ တို့ သူငယ်ချင်း .. တအုပ်.. ။
ချစ်စရာ ကောင်းတာက..ကာတွန်း ဆရာက.. မြန်မာ့ ယဉ်ကျေးမူ လူ့အသိုင်းအ၀ိုင်း ပုံစံ လေး ကို ကိုယ်စား ပြု ထား ပုံလေး ။ ကုလားလေး က.. ရာမ.. ။ တရုတ်ကလေး က.. အကောက်.. ။ ယောင်ပေစူး နဲ့ တောသားလေး က..သံခဲ..။ ဘယ်လောက် multi-cultured ဖြစ် သလည်း နော်..။





အဲဒီ လို ပါပဲ..။  ကလေး ကာတွန်း ကနေ.. ရုပ်ပြ ကာတွန်း တွေ တဆင့် ဖတ် တတ်လာ တော့ လည်း.. တိုင်းရင်း သား တွေ ဆိုတာ..စုံလိုက် သမှ..။ မဆလ ခေတ်ကြီး ရဲ့.. “ အကျိုးပြု” ဆို တဲ့..အနုပညာ စာပေ သတ်မှတ်ချက် တခု ကို...လိုက်နာ ခြင်း ပေ ပဲ လား..။ တမင် များ.. အရွဲ့ တိုက် လေ သလား မဆို နိုင်..။ ရခိုင် လေး...စံရွှေမြင့်.. ကရင်မလေး..နော်ကူးမ.. ။ ကာတွန်း သိုက်ထွန်း ရဲ့.. တောပုန်း ..လူဆိုး ဇာတ်လိုက်..စောဂျင်မီ နဲ့.. ရဲစုံထောက်မလေး..နီနီမာ  ဆိုရင်..ခုနေ ပြန်စဉ်းစား ကြည့် တော့.. KNU လိုလို ဘာလိုလို..။ အဲဒီ တုန်းက.. ဖတ်လေ့ ရှိ တဲ့..တခြား ရုပ်ပြ တွေ ဆို.. မိုက်မိုက်( ပြည်)..သူ့ပန်းချီ  တွေ က..ကိုယ်ပိုင် ဟန် ရှိ သည်။ ပန်းချီ တောင် ပိုဆန် သလို..။ နောက်.. အရုပ်လေး တွေ လှလွန်း လို့.. လိုက် တုပြီး..ကူးဆွဲ လေ့ ရှိတာ က..ပန်းချီ- စောနန်း ရဲ့... လက်ရာ လေး တွေ..။ ရုပ်ရှင် ပိတ်ကား ပေါ် ထိ ရောက်သွား တာ ကတော့.. နေကျောက်ခဲ ပေါ့..။ ဘယ်လောက် တောင် ပေါက်သလည်း ဆို.. ရပ်ကွက် ထဲက.. နာမယ်ကြီး အရူး ကြီး တယောက် နာမယ် ဟာ ..နေကျောက်ခဲ လို့ .. တွင်ခဲ့ တဲ့ အထိ..။ နန်းဦး တို့..မင်းသိုက် တို့ ဆို တဲ့.. ရုပ်ပြ တွေ ကျ တော့..ရောင်းတမ်း သိပ်ဆန် သွား လို့ . မဖတ် ဖြစ် တော့..။ ရောင်းတမ်း ကာတွန်း ဆို တာ... အဲဒီ တုန်းက တော့.. သေချာ မသိဘူး ပေါ့။ နောက် ပိုင်း.. ပန်းချီ ဆရာ အသိ တယောက်.. ရန်ကုန် တက်သွားပြီး..ကာတွန်း ရုပ်ပြ တွေ မှာ လိုက်ဆွဲ နေ တယ် ဆို တော့ မှ.. သဘော ပေါက် တော့တယ်။ သူ တို့ တွေ က ... နာမယ် ရ ပြီးသား ရုပ်ပြ ဆရာ တွေ အတွက်.. ပန်းခြံ  တို့.. လမ်းပေါ် က.ဖြတ်သွား တဲ့ ကားတို့.. ဘာတို့..အဲဒီ လို..နောက်ခံ ရှုခင်း တွေ ကို.. အုပ်စလိုက်..အခ ယူ ပြီး ဆွဲ ကြ တာ တဲ့ ..။

ကဲ .. Face book က  childhood favorite  ဆိုလို့..ငယ်ကြိုက် ငယ်ချစ် တွေ လျှောက်ဖွ လိုက်တာ.. ကာတွန်း ရော..ရုပ်ပြ ရော..စုံ တကာ စိ သွားတော့ တာပဲ..။
-
ဒါတောင်.. ကာတွန်း- အော်ပီကျယ် တို့.. ဟန်လေး တို့ လို.. ကြီးကြိုက်.. သရော် ကာတွန်း လေး တွေ မပါသေးဘူး။ အခု ကြီး မှ သဘောကျ တာ က..  နိုင်ငံခြား မဂ္ဂဇင်း ..ဆောင်းပါး တွေ မှာ သုံးလေ့ ရှိတဲ့ .. သရုပ်ဖော်.. ကာတွန်း လေး တွေ ..။နိုင်ငံရေး သရော် ကာတွန်း လေး တွေ ဆို... များသော အားဖြင့်.. Caricature လေးတွေ နဲ့ လေ..။ ခုတလော ဆို .. အတိုက်အခံ အင်တာနက် စာမျက်နှာ တွေ မှာ အဲဒီလို.. သရော်စာ လေး တွေ နဲ့  တွဲ လို့.. သရော် ကာတွန်းတွေ လည်း .. ခပ်စိပ်စိပ် တွေ့လာရ တယ်။ ဟန်လေး အပြင်.. မိုးမခ မှာ ဆို..မောင်ရစ်..စောငို..ဘိရုမာ..  စသဖြင့် ...

တခါ တော့..အားကျ မခံ.. Weekly Eleven မှာ ရေးဖြစ်တဲ့..ဆောင်းပါး လေး တပုဒ် ကို.. အဲဒီလို ကာတွန်းလေး သုံးမယ် ဆိုပြီး.... တကယ့် ကော်မာရှယ် ကာတွန်းဆရာ တယောက် ရှာလိုက်တာ..ကိုယ့် အိမ် ထဲ တင် သွားတွေ့ တော့တာပဲ..။း)  အဲဒါနဲ့... ကိုယ့် အမ .. ကလျာမိတေ  ကို..ကာတွန်း တခန်း အပ်လိုက်ပြီး...Eleven  ကိုလည်း.. ကြိုပြောလိုက်တယ်။ ကျမ ဆောင်းပါး အတွက်..သရုပ်ဖော် ပုံပါ.. ပေးပါ့မယ် လို့...။ သူ တို့ ကလည်း.. ထဲ့ပေးရှာ ပါတယ်။ 




ဧပြီ ၂၀၀၇ .. Weekly Eleven ပါ.. ဆောင်းပါးလေး.. 



ကာတွန်း တွေ နဲ့.. ကာတွန်း ဆရာ တွေ ရဲ့.. စွမ်းအား နဲ့.. သက်ရောက် လွှမ်းမိုးမူ တွေ က.. တကယ်တော့.. မသေး လှ ပါဘူး။ ၀ယ် ဖတ်မယ်လို့  တေးမှတ် ထား ပြီး.. မဖတ် ဖြစ် သေးတဲ့.. စိတ်ဝင်စား စရာ ကာတွန်းလေး တအုပ် ရှိသေးတယ်။ အဲဒါက.. လွန်ခဲ့တဲ့..နှစ် ပိုင်း က .. ပုံနှိပ်ဖြန့်ချီ သွားတဲ့.. Guy Delisle  ဆိုတဲ့..ဗမာပြည်ရောက် သံတမန် မိသားစု ၀င် ကာတွန်း ပညာရှင် တယောက် ရဲ့..  Burma Chronicles ဆိုတဲ့..ကာတွန်း စာအုပ် ကလေး ပါ။ သူ့ အမျိုးသမီး တာဝန် ထမ်း တဲ့..ဗမာပြည်မှာ လိုက် နေရင်း.. အိမ်ရှင်ထီး ဘ၀ နဲ့.. ဗမာပြည်..ရန်ကုန် တကြော..သူတွေ့ ကြုံ မြင်သိ ခဲ့တာလေး တွေ ကို...ဘယ်လို သရုပ်ဖော် ထား သလည်း ဆိုတာ..သိချင် စိတ်ဝင် စားနေ မိ သည် ။ မျက်နှာဖုံးက.. ကလေး လက်တွန်းလှည်း လေး တွန်း နေတဲ့.. အမျိုးသား က.. ကာတွန်း ဆရာ ကိုယ်တိုင် ပင် ဖြစ်ပေ လိမ့် မည်။


 

မိတ်ဆွေ ကာတွန်း ဆရာ တယောက်က.. အဖော်စပ် လာတယ်။ အခုခေတ် နိုင်ငံခြားမှာ ကြီးပြင်းတဲ့ ကလေး တွေ အပါအ၀င်.. မြန်မာ ကလေး သူရွယ်..မျိုးဆက်သစ် လေး တွေ အတွက်.. ရှစ်လေးလုံး အရေးတော်ပုံ ကာတွန်း ကြီး တခု လောက် လုပ်ချင် တယ်တဲ့..။ သူ့စိတ်ကူး လေး က..ကောင်းပါတယ်။ ဒါပေမဲ့.. အတော်တော့..မလွယ် ဘူး ထင်သည်။ ၀ိုင်းဝန်း စုစည်း ပြီး လုပ်ကြ ရင် တော့.. အကျိုးများ ဖွယ် .. ကာတွန်း တအုပ် ဖြစ်လာ ပေ လိမ့် မည်..။

( လွန်ခဲ့တဲ့..၂ ပတ်ကျော်  ကတည်းက..စ  ထားမိ တဲ့..စာ ကို..  အာရုံများ..စိတ်များ နေ လို့.. ပြစ်ထားမိ ရာက.. လက်စသတ် ပြီး.. အသစ်မတင်တာ ကြာပီ ဖြစ်သော..ဘလော့ဂ် လေး အား... ဆိုင်ပြန်ခင်း လိုက်ပါတယ်.. ။ အပေါင်းအဖော် ဘလော့ဂါ တွေ တော်တော်များများ.. ဘလော့ဂ်မှာ စာမရေး ကြ တော့ပဲ....Face book မှာပဲ... ရေးကျ အော်ကျ ..ရီကျ..မောကျ လုပ် နေ ကြ တော့.. ကိုယ်က နောက် ဖူးတယ်။ ဖဘ ကို သွားရ တာ..ဈေးထဲ သွားသလို ခံစား ရပြီး.. ဖဘ မှာ ရေး ရ တာလည်း..ဈေးထဲ မှာ..ဆိုင်ဖွင့် ရ သလို ပဲ .. ဘလော့ဂ် က တော့..ကိုယ့်အိမ်ရှေ့  ကိုယ် ခင်း ထားတဲ့.. အိမ်ဆိုင် ကလေး နဲ့ ပိုတူ တယ် လို့...။း)  ဒါပေမဲ့..ဖဘ မှာ ဆိုရင် ..မြန်မာပြည် ထဲက..ဖတ်လို့ လွယ်ကူ တာ လေး ကတော့.. အဆင်ပြေလှ သည်။ )



Share/Bookmark

24 Comments:

ATN said...

လွမ်းစရာလေးတွေ ဖြစ်ကုန်ပြီ...

ATN said...

ဘယ်သူ့ ဘလော့မှာမှ ကွန်မန့် မရေးတော့ဘူးလို့ နေနေတာ....
ကေကေ ရေးတော့မှပဲ ကွန်မန့်ပေးမိတော့တယ်...
တင်အောင်နီကာတွန်းတွေထဲက အကွက်ကလေးတွေကို ပြန်ပြန်မြင်မိတိုင်း တယောက်ထဲ ရီနေမိ...
ပြာလောင်က အိမ်ခန်းပြတင်းပေါက်မှာ ရပ်နေ...
အနားက သစ်ပင်မှာ ကျီးကန်းလေး တကောင်က တအာအာနဲ့...
ပြာလောင်က (ရွှေကျီးလေးက သာလိုက်တာ... ငါ့ဗိုက်ကလည်း စာလိုက်တာ... ဆိုပြီး တွေးနေပုံ....)
သရုပ်ဖော် ပုံထဲမှာတော့ ကျီးကန်းလေးကို အရေခွံခွာပြီး တံစို့ထိုး ကင်ထားပုံ....း)))
အဲသလို... အဲသလို....

မေဓာဝီ said...

မကေပြောတဲ့ ကာတွန်းတွေ အကုန်ဖတ်ခဲ့ ကြိုက်ခဲ့တာတွေချည်းပဲ။ ပြာဂလောင် ပြာလချောင် ဗီးနပ်စ်ရုပ်ထုကို လက်အတုတပ်ပေးတာလဲ ရယ်ရလွန်းလို့ ခုထိ မှတ်မိနေသေးတယ်။

ရုပ်ပြထဲမှာ ပန်းချီခိုင်တင်တို့ မျက်မှန်သေးသေးလေးနဲ့ ချစ်စမ်းမောင်တို့ နောက်ပြီး ကျော်ကျော် ရာဇာလို့ မှတ်မိနေတာ .. ပန်းချီကျော်ကျော် ဇာတ်ကောင်ရာဇာ ထင်တယ်။ သူငယ်ချင်း ၃ ယောက်လေ .. အဲဒီရုပ်ပြလဲ ရယ်ရတယ်။

မကေရေးမှ ကာတွန်းပြန်ဖတ်ချင်လာပြီ။ ကာတွန်းဟောင်းတွေ သိမ်းထားတဲ့သူရှိရင် အင်တာနက်မှာ တင်ကြရင် ကောင်းမယ်နော်။

Anonymous said...

တော်တော်များများတော့ မှီခဲ့ဖတ်ခဲ့ကြိုက်ခဲ့ဖူးတယ်။ တချို့ဟာတွေတော့ မမှီလိုက်ဘူး။ သိကိုမသိတာ။
နောက်ပိုင်းထွက်တဲ့ကာတွန်းတွေ (၂၀၀၆ခုနှစ်လောက်ထိ)တော့ စွဲစွဲမြဲမြဲ ဖတ်ဖြစ်ခဲ့တယ်။
ရုပ်စုံဂျာနယ် မဂ္ဂဇင်းတွေနဲ့က ကြီးကေတို့လိုပဲ သားတို့လည်း ပုစိညှောက်တောက်ကလေးထဲက အသေစွဲပဲ။
လုတော့မဖတ်ခဲ့ရဘူး။ ကိုယ်လည်းဝင်ရေးဝင်ပြိုင် စာမူပို့နဲ့.. ၈တန်းလောက်အထိကို အဲ့စိတ်တွေမဖျောက်နိုင်သေးတာ။ ဝတ္ထုတွေလည်းဖတ်၊ ပန်းချီကာတွန်းတွေလည်း လက်ကမချဘူးပဲ။ ၁၀တန်းအထိဆိုပါတော့။ :D

ရွှေရတုမှတ်တမ်း said...

မကေ ထက် ပိုစောအောင်ပြောလိုက်ဦးမယ်..
စာဖတ်တတ်စက ရှုမဝမဂ္ဂဇင်းကလေးရှုမဝမှာပါတဲ့..
ဆရာကြီးဦးငွေကိုင်ရဲ့ သံခေါင်းစွပ်မင်းသားတို့..ဦးဗကလေးရဲ့ ကာတွန်းဇတ်လမ်းတွေ..မကေတို့မှီလောက်တဲ့ ကာတွန်းဝင်းမောင်ရဲ့ မိမော်မေမ..
သတိရတယ်...

Moe Cho Thinn said...

ကေ
တို့က ရွှေသွေး တေဇ မိုးသောက်ပန်းကလွဲပြီး အဲဒီကာတွန်းလေးတွေ တခုမှ မဖတ်ဖူးခဲ့ဘူး။ သူငယ်ချင်းတွေက တို့ပုံကိုကြည့်ပြီး ကာတွန်းတွေ သိပ်ကြိုက်တတ်မှာပဲ ရီတတ်မှာပဲ ထင်နေကြတာ.. တို့မှာ ကိုယ့်ဖာသာကိုယ် ကာတွန်းရုပ်ပြောင်လုပ် ရီခဲ့ရတယ်။ :(

Burma Chronicles တော့ ဖတ်ချင်မိတယ်။

linn said...

မကေပြောတော့မှဘဲ ငယ်ငယ်က ကြိုက်ခဲ့ဖူးတဲ့ ပြာဂလောင် တို့ အရိုင်းသော်က တို့ စံရွှေမြင့် တို့ မိုက်မိုက်ပြည် တို့ ရုပ်ပြကာတွန်း တွေ ကို စာအုပ်လေးကိုင်ပြီး ဖတ်ချင်စိတ်ပေါက်သွားပြီ ။
တခါတလေ ပြာဂလောင်ပြာလချောင် ထဲကလို အိမ်ကခလေးကို စွပ်ကျယ်အကျီင်္ ခပ်ကြီးကြီး ပွပွလေး ၀တ်ကြည့်ပေးပြီး သဘောကျခဲ့ရတာလည်း အမော ဘဲ ။ ခုနောက်ပိုင်း ဒီေ၇ာက်ပြီး အရမ်း သဘောကျမိတာက ကယ်ရီကေးချား ပုံတွေ ။

mie nge

Mi Tay 4 said...

ညီမလေးရေ အမှားပြင်ပေးဦးမယ်နော်။
တတိုင်းမွှေးက မြန်မာကာတွန်းဆရာတွေစုပေါင်းဆွဲကြတာပါ။ မုဆိုးကြီးတွတ်ပီ။ ပိုးဇာရဲ့ လေးလေးဇာ။ ကိုရွှေထူးရဲ့ ရပ်ကွက်ထဲမှာဗျာ။ အဲလို မြန်မာကာတွန်း ဇာတ်ကောင်လေးတွေနဲ့ဆွဲကြတာပါ။ နိုင်ငံခြားကာတွန်းတွေကို ဘာသာပြန်ထားတာက တက်ပုတို့ ကာတွန်းရုပ်စုံ တို့ပါ။

ချစ်ကြည်အေး said...

ကေရေးပြခဲ့တဲ့ ကာတွန်းတွေ တို့လည်း အရမ်း ကြိုက်ခဲ့ရတာတွေ၊ ပြာဂလောင် ပြာလချောင်၊ လေးမွန် ထွေးမွန်၊ စံရွှေမြင့်၊ ဦးကပ်စီးနဲ့ တိုက်ဂါး... အများကြီးပါပဲ။ တို့တွေ ကလေးဘဝက ရွေးဖတ်စရာတွေ ပိုများခဲ့သလိုပဲ...:)

ကလူသစ် said...

ငယ်ငယ်တုန်းကတော့ ဇာတ်တော်ကြီးတွေလောက်ဖတ်ဖြစ်တာပါပဲ ငှဲ ငှဲ။ ယုံချင်ယုံ မယုံချင်လဲ ယုံ :)

Anonymous said...

လွမ်းလိုက်တာ..
အစွဲဆုံးက တင်နောင်နီရဲ့ကာတွန်း... စူပါမင်းကို ချူးပန်းမင်းဆို အော်ပြီး ရွာမှာဆော့ကြတဲ့အကြောင်း...

mks said...

သူတို့ လက်ထဲ ပါလာ ခဲ့....အဲ့....အဲ့... အဲ့....

သန်းကြွယ် ရဲ့ စွန့်စားခန်း ကာတွန်း တွေ မှာ.. ဇတ်ကောင် တွေ ဖြစ် လေ့ ရှိ သလိုမျိုး .. စကားမဆုံးခင်... အဲ့.. အဲ့..
မကေ က အတော် မှတ်မိတာကိုး ..

ကာတွန်း ပေါ်ဆန်းမွှေး ဆိုတာ ပေါ်လိုက်သေးတယ် ..နောက် အပိတ်ခံလိုက်ရတယ် ဆိုလား .. တီဗွီ (အဲဒီတုန်းက မြန်မာပြည်မှာ မပေါ်သေး) ထဲက သတင်းကြေညာသူ ကို တီဗွီ ထဲက ဆွဲထုတ်၊ ပါးရိုတ်ပြီး တီဗွီ ထဲပြန်ထည့်လိုက်တာ မှတ်မိတယ်။
မောင်ကြေးမုံ လို့ပြောကြတာဘဲ..

mirror said...

စာဝေးပေဝေးအရပ်က လာသူမို့ အဲ့ဒီကာတွန်းတွေ အတော်များများ အသက်ကြီးမှ မနည်းပြန်ရှာ ဖတ်ဖုးတာ။ စုံအောင် မဖတ်ဖူးဘူး။ အမ တို့က အားကျစရာ။ :)A

LB said...

တကယ်တမ်းက အိမ်ဆိုင်လေးက ပိုချစ်ဖို့ကောင်းပါတယ် အမရယ် ..
ဘကြီးအောင် ညာတယ်ဇာတ်လမ်းကို ဦးဘကြည်ဆွဲတယ်ထင်တာပဲ
ဖတ်ပြီး ကိုယ်တိုင်ငိုရတယ် ... ငယ်ငယ်တုန်းက

little brook said...

ကလေးလေးတွေဖတ်ဖို့ရေးတဲ့ ကာတွန်းတွေကို ချစ်တယ်ဗျ
ကာတွန်းပုံလေးတွေရေးရတာ ပျော်စရာ ...
ငယ်ငယ်က ပါဝါရိန်းဂျားနဲ့ မကြီးခဲ့ရပါဘူး ရွှေဂေါင်းပြောင်တို့ သမိန်ပေါသွပ်တို့ အာဖျံကွီးတို့နဲ့ ကြီးလာခဲ့ရတာ :)
ခုပြန်တွေးတော့ အမေ့ကို ကျေးဇူးတင်တယ် .. အမေ၀ယ်ပီးပေးခဲ့လို့ ကာတွန်းလေးတွေကစပြီး စာဖတ်ဝါသနာပါလာ
ပုံဆွဲဝါသနာပါလာတာထင်ပါတယ် ... အမရေ ဒီပို့စ်လေးက သိပ်ကောင်းပါတယ်

rose said...

မကေသွယ် ဘလော့ဂ်လေးကို အမှတ်မထင် ရောက်လာပြီး ကာတွန်း အရမ်းကြိုက်တဲ့သူ ဆိုတော့ ကွန်မန့် မရေးဘဲ မနေနိုင်လို့ ရေးလိုက်ပြီ။ မကေ ရေးထားတဲ့ ကာတွန်းလေးတွေက ကိုယ်ကြိုက်တာတွေနဲ့ အတူတူပဲ။ အခုထိလည်း ကာတွန်းစာအုပ် ဖတ်တုန်းပဲ။ အသည်းစွဲကတော့ ဆွေမင်း(ဓနုဖြူ)ရဲ့ တွတ်ပီ ကာတွန်းတွေပါ။
ရို့စ်ဆီ အလည်လာဖို့ ဖိတ်ပါတယ်ရှင်။

ကိုအောင် said...

ခရစ်စမတ် အချိန်သမယမှာ ပျော်ရွှင်ပါစေ မကေ ...

ကြည်ကြည် said...

မကေ

ခုတစ်လော အလုပ်ပြန်ရှုပ်တယ် ကွယ်.
ဒါကြောင့်ခုမှရောက်တယ်။
ကာတွန်းအကြောင်းပြောရရင်တော့
လေးလေးပွ တို့ ခင်ချောဆွိလား
နောက်တင်ဇာမော် ပေါ်ကာစ က ဆံပင်ပုံစံကို လေးမွန်ထွေးမွန် နဲ့ တူလိုက်တာပေါ့.
နောက် သူငယ်ချင်းထဲက ရေဆေးငါးကိုယ်လုံးကြီးနဲ့ ဆံပင်တိုတို တစ်ဝက်စီး ပီးနေတတ်တဲ့တစ်ယောက် ကို ဂွိ (ရှင်ဂွမ်းဂွိ) သူ့ ဘဲ ပိန်ပိန်ကို သွပ်သွပ်(သမိန်ပေါသွပ်)...အကုန်သတိရသွားတယ် ခုခေတ်ကလေးတွေ ဒါတွေမသိတော့ဘုး

ဂျပန်မှာတော့ ကာတွန်းရုပ်ပြက လက်ရှိ အတော်ကို နေရာရနေတုန်းပဲ....

sosegado said...

ကြိုက်တဲ့ ကာတွန်းဆရာတွေက အသက်တို လိုက်ကြတာ။

Anonymous said...

စာဖတ်ခြင်းကို ကာတွန်းတွေကစတယ်လို့ဆိုချင်တယ်
ဦးရီးဂျီးဒေါ်တွေလက်ကျ မောင်ကမ္ဘာစုံထောက်ကာတွန်း၊ ဦးဟိန်းစွန်းရဲ့ကြွက်ဖြူတို့ကစဖတ်ဖူးတယ် အင်္ဂလိပ်ကာတွန်းစာအုပ်က အရောင်ပိုစုံတယ်
မှတ်မိသလောက်ဆို
ဒီလုံး
သတ္တိ
ဇီးတော်ပွင့်
ဖိုးဆိတ်ဖြူ
ဦးစိတ်တို မျောက်ညို
ရေမြင်းလေးနုင့် နှင်းနှင်းလေး
စိန်ပေါက်ပေါက် စိန်မျောက်မျောက်
အရိုင်း
ဘယ်ကျော်
မောင်ရိုး
မောင်တီထွင်
မောင်ပူစီ
တော်တီးတုံဂြိုလ်သားများ
ဧကရာဇ်
စိုင်းလားရှိုး
နေပိုင်
ဂျဝါနော်
ငြိမ်းချမ်း
စဲရွှေမြင့်
စိုင်းဗေဒါ
ကျော်အောင်မော်
ရွှေဂေါင်းပြောင်
ထွန်းမင်းလတ်
အော်ပီကျယ်
ဇော်ဇော်အောင်
့

Unknown said...

ငယ်ဘ၀က ကာတွန်းနဲ့စခဲ့ကြတာဆိုရင် ခေတ်တော်တော်ကွာသွားပြီလို့ပြောကြတော့မှာနော
အခုခေတ်ကတော့ စာအုပ်ကိုင်ဖို့ ဝေးဗျာ ဂိန်း နဲ့ ကိုရီးယား နှစ်ပါးသွားနေကြပြီ

ခင်မင်တဲ့
seesein

Unknown said...

တကယ်ကိုပဲ ငယ်ဘဝ တုန်းက ကာတွန်းလေးတွေကို လွမ်းသွားမိတယ်..နောက်ပြီး ဇာခြည် အရမ်းကြိုက်တဲ့ နောက်ထပ် ကာတွန်းလေးက ငွေကြည် ပါ ကျေးလက် ဟာသလေးတွေခေါ်မလား ခုချိန်ထိ အင်တာနက်ကနေရှာပြီး ဖတ်နေရတုန်းပဲ မကေ။ စုစည်းမှုလေးအတွက် ကျေးဇူးတင်ပါတယ်။

PhyoPhyo said...

တီထွင်ပါရဂူ ဖိုးဆိတ်ဖြူပုံရှာရင်း ဒီပိုစ့်လေးကိုရောက်လာတာ။
ဖတ်စရာတွေအများကြီးပဲ ကာတွန်းတအားကြိုက်တဲ့သူမို့ ကျေးဇူးအများကြီးတင်သွားပါတယ်။

Unknown said...

ဒီအဖွဲ့ တွေထဲကတစ်ဦးဦးများ ယခင်ကာတွန်း၊ ရုပ်ပြဆရာများနှင့် ယခုခေတ်အရည်အချင်းရှိဆရာများကို သိရှိနှံ့ စပ်ပြီး အဆက်အသွယ်ရှိသူများရှိလျှင် ကျွန်တော့ကိုဆက်သွယ်စေချင်ပါတယ်။ ကာတွန်းရုပ်ပြများတစ်ခောတ်ဆန်းအောင် ဆောင်ရွက်ချင်လို့ ရှာဖွေရင်းဒီရောက်လာလို့ ပါ။
ဆက်သွယ်လာသူလည်း စီးပွားရေးအရပါ အကျိုးရှိပါမည်။
1960-1988 အတွင်းထွက်ရှိထားသော ကာတွန်း၊ ရုပ်ပြများ ရောင်းချရန်ရှိသူများလဲဆက်သွယ်ပေးပါ။

ကိုဇော် - ၀၉ ၄၅၀၀၄၅၈၈၈
greenmetalcompany@gmail.com