ပန်းခင်း ( for blog day)


အဲဒီ ပန်းခင်း မှာ.. အတွေး တွေ ခြေဆင်း..ကျောချင်း ထိလု..

အဲဒီ ပန်းခင်း မှာ..အတွေ့ တွေ ဦးညွတ်.. နှုတ်ခွန်း ချွေစွတ်

အဲဒီ ပန်းခင်း မှာ.. အတိတ် တွေ ထွန် မ ..မိုးလွန်မှ သွန်ချ နေ တာများ..

အဲဒီ ပန်းခင်း မှာ.. အတောင် တွေ..တဖျပ်ဖျပ်..နေရောင် အောက်မှာ လင်းလက်ခဲ့ ဘူးတာ

အဲဒီ ပန်းခင်း မှာ.. တူရာ တူရာ စု လို့..အတူတူ ယုယ ပြုစု ခဲ့ကြ

အဲဒီ ပန်းခင်း ထဲ.. အတွန်း အတိုက် တွေ နဲ့.. ငြင်းလိုက် ခုန် လိုက်

အဲဒီ ပန်းခင်း ထဲ..အတား အစီး တွေ အကြား..ကျော်ကြ လွှားကြ

အဲဒီ ပန်းခင်း ထဲ.. အတင်း ဆို စကား လည်း ..နှစ်ကိုယ်ကြား ပြော ရဲ့

အဲဒီ ပန်းခင်းထဲ.. အတု အစစ် လား ခွဲခြားစရာ မလို ခဲ့..( ခွဲ လည်း မခွဲ ခြား တတ် ခဲ့)

အဲဒီလို နဲ့ ပဲ..

ပျိုးတွေ ကျဲတယ်

ပန်းတွေ ပျိုးတယ်

ပင်တွေ ပေါက်တယ်

ပျားတွေ ပျံတယ်

ပန်းတွေ ပွင့်တယ်

ပျိုးတွေ ပွားတယ်

ပွင့် တွေ ပြုံးတယ်

ပျိုးတယ်..ပွင့်တယ်..ပွားတယ်..ပြုံးတယ်..
-
ပြီးတော့လည်း.. မမုန်းပဲ နဲ့..ညှိုးပြုန်းသွား တဲ့..အရွက်တွေ

မယှက်တွယ် ပဲ ပျက်ပြယ် သွားတဲ့..အမြစ်တွေ

မရောက်လာပဲ..ပျောက်ခါ သွားတဲ့..ပျိုးကျဲသူတွေ..

မညိုပါပဲ ..ပြိုပြို လာတဲ့..အခါလွန် မိုးပြေး တွေ နဲ့တော့..

ဟော.. ဆောင်းဦး ကို ကြိုဆို
.
ပွင့်မြဲ ချိုချို..တောပန်း ပျိုတို့ မှာဖြင့်..

မမောတမ်း ဆို..ကြည်လင် သဘာဝ တွေ နဲ့

အစဉ် ရွှင်ပြ ကြ ပါ စေ ကြောင်း…။
 
 
ကေ
၃၁ သြဂုတ် ၂၀၁၁
 
..............
 
 
ဘလော့ဂ် နေ့ အတွက်..ရေးဖွဲ့သည်။
 
ကျမ ဘလော့ဂ် ရေးခဲ့ သည်မှာ..ငါးနှစ် ကာလ ထဲသို့ ရောက်ခဲ့ ပါပြီ။ ဘာကြောင့် ဘလော့ဂ် ရေး ခဲ့ သည်..ရေးနေ သည် ကို ..အထူး ပြောရန် မလို ပါ။ တောပန်း တွေ ဟာ.. ရာသီ သဘာဝ အတိုင်း ပွင့် မြဲ ပွင့် တတ် ကြ သလို ပဲ.. ကျမ.. စာ တွေ ရေး ခဲ့ ပါ သည်။ ရေးနေ ပါ သည်။  အချိန် မှန် ရှင်သန် နေ ပါ ဦးမည်။ 
 
ကျမ ဘလော့ဂ် အား .. အချိန်ပေး ဖတ်ရှူ သူ အပေါင်း အား လည်း..ဆောင်းဦးပေါက် ရဲ့ နေရောင် နု ထွေး များ လို.. .. အတူတူ အင်အားယူ ပွင့် လန်း ခွင့် ပေးသူများ အဖြစ်.. ကျေးဇူး တင် နှစ်လို တန်ဖိုး ထား မိ ပါ ကြောင်း..။

အတူတူ ပွင့် မြဲ..ပန်း များ အား လည်း.. ပန်းတိုင်း ပွင့် စေ ၍ ..ပွင့် တိုင်း မွှေး စေ လို ပါ ကြောင်း.. ပန်းအပေါင်း တို့ ။
 
ချစ်ခင် စွာဖြင့်-
ကေ
 
( ကိုအောင်ရေ..ခရီးလွန်နေ ပါသဖြင့်..ရက်အနည်းငယ် နောက်ကျ သွားတာ ခွင့်လွှတ်ပါ )


Share/Bookmark

11 Comments:

ပန်းချီ said...

Ma, I love your poem a lot!!!! It makes me feel very something. Admire you :))

Happy belated Blog Day Ma!
Pls take care,
Love<3
MoeBaJii :D

linn said...

မကေ ကဗျာလေးက ချစ်စရာကောင်းတယ် ရေးတတ်လိုက်တာ

mie nge

သဒ္ဓါလှိုင်း said...

မကေရဲ့ရေးဟန်လေးကို အရမ်းနှစ်သက်တယ်။ လေးစားတယ်။
သဒ္ဓါစာလေးတွေမရေးခင်ထဲက မကေစာတွေကိုနေ့တိုင်းဖတ်ဖြစ်တယ်ဆိုရင် ယုံမယ်မလားမကေ။
Happy Blog Day!
စိတ်ချမ်းမြေ့ပျော်ရွှင်စွာနဲ့ ဥယျာဉ်ကြီးထဲမှာ လန်းဆန်း ပွင့်လန်းနေကြမယ်နော်။
ချစ်တဲ့
ညီမသဒ္ဓါ

rose of sharon said...

Happy blog dayပါကေ...
ကဗျာလေးကိုနှစ်သက်တယ်...

T T Sweet said...

ဘလော့ဂ်ဒေးက လွန်ခဲ့ပြီကွ။ ဟားဟား ... ဒါပေသိ ကိုယ်လို လုံးဝမရေးတာနဲ့ဆာရင်တော့ နောက်ကျတာပိုကောင်းသကွ မကေရ ...း)))

T T Sweet said...

ငါးနှစ်တောင်ကြာခဲ့ပြီလား။ ကဗျာလေး လှတယ်။

Angelhlaing(May everybody be happy and healthy! said...

ဝါးးးးးး အားကျစရာကြိး ၅နှစ်တောင် ရှိပြီတဲ့ ...မမရေ Happy blog day ပါလို့...
ကဗျာလေးက မိုက်တယ် ..:):)

ကိုအောင် said...

ခရီးလွန်နေတဲ့ကြားက အခုလို တက်ဂ်ပို့စ်ရေးပေးတဲ့အတွက် ကျေးဇူးကမ္ဘာ အမ၊ အမရဲ့ ကဗျာကို အမှတ်တရ သိမ်းထားခွင့်ပြုပါ၊ ဘလော့သက်တမ်း ၅ နှစ်ဆိုတော့ နောက် ၁၅ နှစ်ပြည့်ရင် သက်ပြည့်ပင်စင် လျှောက်လို့ရပြီ ... :P

ahphyulay said...

အင်း...
မမ ရေးတာ သူများနဲ့ မတူပါလား..၊
ပျိုးခင်း၊ပန်းခင်းလေးနဲ့ ခိုင်းနှိုင်းပြီး
ဝါသနာအရ ရှင်သန်နေတဲ့  ဘလော့ ရွာ
ကြီးကို ရေးဖွဲ့ သွားတယ်။
ကဗျာလေး ဖတ်ရင်း ပြုံးလာမိတယ်။
အမယ်.. ရနံ့ လေးတွေတောင် သင်းပျံ့ လာ
သလိုပဲနော်။
ရေးတဲ့ လူက အဲ့ လို ဖြစ်အောင်ရေးတော့ 
လည်း ဖတ်တဲ့ သူက ရအောင်ခံစားမိတာ
ပဲဗျိုး...။
အော်မမရေ.. စာရေးတယ်ဆိုတာ ခံစားချက်
တွေကို ဖော်ကျူးနေတာပဲမဟုတ်လား..လို့ ။

Anonymous said...

ပန်းခင်းထဲက ပန်းလေး တစ်ပွင့် ဖြစ်နေရတာ
သိပ်ကြည်နူးမိတာပါပဲ။

TZH1985 said...

မကေဘလော့ကို စဖတ်မိတဲ့ အချိန်ကို ပြန်သတိရမိတယ်။ :)