လေငြိမ်ငြိမ်--သစ်ပင်ကြီးငြိမ်

(ရေးသားသူ- ခင်လေးကြည်ကြည်)

“ကဲ သားတို့ သမီးတို့ သည်နေ့ ဆရာမက မင်းတို့ကို သစ်ပင်တွေ အကြောင်းပြောပြချင်တယ်”
ဆရာမက အတန်းတွင်းရှိကလေး များကိုပြောရင်း မေးခွန်းထုတ်လိုက်သည်။

“သစ်ပင်ကြီးတွေ အသက်ရှုသလား”

“ရှုပါတယ်...”

“သေချာလား .... ရှုတယ်ဆိုရင် သူတို့ ဘာနဲ့အသက်ရှုလဲ မင်းတို့ သစ်ပင်မှာ နှာခေါင်းပေါက်များတွေ့ဖူးလို့လား”

“ မတွေ့ပါဘူး ... မရှုပါဘူး ”
“ရှုပါတယ်.. အမြစ်နဲ့ပါ”
“ အကိုင်းနဲ့ရှုပါတယ်”
ဆရာမက အကြောင်ဖမ်းမေးလိုက်၍ ကလေးများ တစ်ယောက်တစ်ပေါက် ဖြစ်ကုန်ကြသည်။

ဆရာမက ပြုံးလိုက်ပြီး သင်ပုန်းပေါ်တွင် မြေကြီးမှာပေါက်နေသော သစ်ပင်ပုံဆွဲလိုက်သည်။ ထို့နောက် ကလေးများဘက် ပြန်လှည့်ကာ.....

“ကဲ မင်းတို့လည်း အသက်ရှုရင် လေကိုရှုတယ်လေ သစ်ပင်လည်း လေကိုရှုမှာပေါ့။ ဒါဆို ဘယ်အပိုင်းနဲ့ ရှုမလဲ ...အမြစ်က မြေကြီးထဲမှာဆိုတော့ အမြစ်နဲ့ရှုလို့ရပါ့မလား..”

“လေပေါ်က အပိုင်းနဲ့ရှု ပါတယ်”

“ဒါပေါ့... သစ်ပင်တွေက အရွက်တွေကနေ အသက်ရှုကြတယ်”

“ သစ်ပင်တွေဟာ လေထဲက ကာဘွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ကို အရွက်တွေမှာရှိတဲ့ လေပေါက်ကလေးတွေကနေ စုပ်ယူကြတယ်။ မြေကြီးထဲက ရေကိုတော့ အမြစ်တွေကနေစုပ်ယူကြတယ်။ နောက် သစ်ပင်ရဲ့ အစိမ်းရောင်အပိုင်းမှာရှိတဲ့ ကလိုရိုဖီးလ်ဆိုတဲ့ ဓာတ်က နေရောင်ခြည်ကို အသုံးပြုပြီး ခုန စုပ်ယူထားတဲ့ ကာဘွန်ဒိုင်အောက်ဆိုက်နဲ့ ရေ ကို ကာဘွန်ဟိုက်ဒြိတ် လို့ခေါ်တဲ့ အစာတွေ ဖြစ်အောင် ချက်ပေးတယ်။ အဲသည်မှာ ဘေးထွက်ပစ္စည်းအနေနဲ့ အောက်စီဂျင်ကို ထုတ်လွှတ်လိုက်တယ်....

အိမ်မှာ မင်းတို့ စားဖို့ အစာကို အမေက ထမင်းအိုးထဲ ဆန်ထည့် ရေထည့် ပြီး ထမင်းချက်ပေးသလိုပေါ့။ ဆန်က ကာဘွန်ဒိုင်အောက်ဆိုက် ဆိုရင် ရေက တော့ ရေပေါ့။ နေရောင်ခြည်က မီးဆိုရင် အမေက ဘာလဲ....”

“ အမေက ထမင်းချက်တဲ့သူပါ”

“ အမေက ကလိုရိုဖီးလ်ပေါ့..။ သစ်ပင်ကြီးကတော့ ထမင်းအိုးကြီးပေါ့...ဟုတ်ဘူးလားကွဲ့ ..”

“ ဟုတ်ပါတယ် ဆရာမ”

“ဒီတော့ ....သစ်ပင်တွေဟာ တို့တွေစားဖို့ အစာတွေကို အဓိက ထုတ်လုပ်ပေးတယ်..။ တို့တွေ ရှုဖို့ လေကောင်းလေသန့် အောက်စီဂျင်တွေကို လည်း ထုတ်ပေးသေးတယ်..တို့လူသားတွေကို အကျိုးမပြုဘူးလားနော်”

“ပြုပါတယ် ဆရာမ”

“ အေး ဒါပေမဲ့ အဲလို လုပ်ပေးတာက နေ့ခင်း နေရောင်ခြည် အလင်းရှိတုန်း သူတို့ အစာချက်တဲ့ လုပ်ငန်းစဉ် မှာပဲကွဲ့။ ညရောက်တဲ့ အခါမှာတော့ သစ်ပင်တွေကလည်း တို့ လူတွေအသက်ရှုသလိုပဲ သူတို့လည်း ရှုကြတယ်တဲ့”

ဆရာမက သင်ပုန်းတွင် ရောင်ခြည်ဖြာနေသော နေလုံးပုံ၊ သစ်ပင်ပုံ ဆွဲပြပြီး ၊ အမြစ်က ရေစုပ်ယူပုံ၊ ပင်စည်အပေါ်ပိုင်းက စုပ်ယူသော ဓာတ်ငွေ့၊ ပြန်ထွက်သော ဓာတ်ငွေ့ စတာတွေကို ကလေးတို့ သဘောပေါက်လွယ်အောင် မျှားလေးတွေဖြင့် ပြရင်း မေးလိုက်သည်။

“လူတွေက လေထဲက ဘာဓာတ်ငွေ့ကိုရှုကြတာလဲ”

“အောက်စီဂျင်ဓာတ်ငွေ့ပါ”

“ ဘာဓာတ်ငွေ့ကို ပြန်ထုတ်သလဲ”

“ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ပါ”

“ ဟုတ်တယ် ကလေးတို့ သိပ်တော်တာပဲ..။ သစ်ပင်ကြီးတွေဟာ နေ့အခါ မှာတော့ နေရောင်ခြည်အသုံးပြုပြီး အစာချက်ရာမှာ လူတွေထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ကို သူတို့က ယူ... လူတွေအသုံးလိုတဲ့ အောက်စီဂျင်ကို သူတို့က ပြန်ထုတ်ပေးလို့ လူတွေနဲ့ သိပ်အဆင်ပြေ ကြတာပေါ့..”

“ ညဘက်ရောက်လို့ နေရောင် မရှိတော့တဲ့အခါ အစာမချက်နိုင်တော့တဲ့ အချိန်မှာတော့ သူတို့လည်း လူတွေလိုပဲ အောက်စီဂျင်ကို ရှုပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုပဲ ထုတ်ကြသတဲ့ကွယ်...ဒါကြောင့် တခါတလေ ညဘက်ကြီး သစ်ပင်အကြီးကြီးတွေ အောက်မှာတို့ သစ်တောတွေထဲမှာတို့ နေမိ အိပ်မိရင် အသက်ရှုမ၀ဖြစ်ပြီး သတိလစ်တတ် တယ်ဆိုတာ....လူတွေနဲ့ သစ်ပင်တွေ အောက်စီဂျင်ကိုလုရှုကြလို့ပေါ့။ ဒါကို မသိတဲ့ သူတွေကတော့ သရဲဖမ်းတာ နတ်ဖမ်းတာ နဲ့ ကြောက်တတ်ကြတယ်။ အမှန်ကတော့ သစ်ပင်တွေက ညမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ထုတ်တာကိုး..”။

နေ့အချိန်တွင် လူနှင့်သစ်ပင် သဟဇာတဖြစ်စွာ အောက်စီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ကို အပေးအယူ လုပ်ကြသော်လည်း ညအခါ အောက်စီဂျင်ကိုချည်းရှု၍ ကာဗွန်ဒိုင်အောက်ဆိုဒ် တွေချည်း ထုတ်လွှတ်ကြပုံကိုလည်း ဆရာမက သင်ပုန်းပေါ်တွင် နေ့ညခွဲခြားကာ ပုံကြမ်းဆွဲပြလိုက်သည်။

“ မင်းတို့ စဉ်းစားကြည့်စမ်း သစ်ပင်တွေက သူတို့ မနက်က သုံးထား စားထားတဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ကို ညကျတော့ ပြန်ထုတ် သူတို့မနက်က ထုတ်ထားတဲ့ အောက်စီဂျင်ကို ညကျပြန်ယူ သူ့ဖာသာ လည်ပတ်နေတာပဲနော်.... သူတို့ အစာအတွက် ဈေးသွားဖို့မလိုဘူး.... မင်းတို့လည်း ဈေးသွားဖို့မလိုအောင် မနက်က စားထားတာ ညကျ ပြန်ထုတ် မနက်ကျ ပြန်စား မကောင်းဘူးလား....အမေ ဈေးဖို့ သက်သာတာပေါ့”

“ ဟင့် မကောင်းပါဘူး ဆရာမကလည်း ..”
“ဟား ဟား ဒါတော့ သိသားပဲ”

“ကဲ သစ်ပင်ကြီးတွေ က ဘယ်လောက်ချစ်ဖို့ကောင်းလဲနော် ... သူ့ပတ်ဝန်းကျင်ကို မျှတနေအောင်လုပ်ပေးထားတာ။ တို့လူတွေအတွက်လည်း အစာတွေလည်းပေးတယ် လေရှုဖို့လည်း လုပ်ပေးတယ်။ နေစရာ အရိပ်ခိုစရာ လည်းပေးတာပဲ။ အ၀တ်အထည်တွေလည်းပေးတာပဲ သစ်ပင်တွေကို ချစ်တတ် ထိန်းသိမ်းတတ်ဖို့လိုတယ်။ သစ်ပင်မရှိတဲ့ ကမ္ဘာကြီးဆိုရင် ဘယ်လိုဖြစ်လဲ စဉ်းစားကြည့်ကြစမ်းပါ။”
“ကြောက်စရာကြီးပါ လူတွေ သေကုန်မယ်ထင်တယ် ဆရာမ”

“ အေး မင်းတို့ထင်တာတွေကို သစ်ပင်မရှိတဲ့ ကမ္ဘာဆိုပြီး အိမ်ကနေ စာ ငါးကြောင်း လောက်ရေးခဲ့ကြနော်..”

ဆရာမက သင်ပုန်းပေါ်ရှိ ပုံများကိုဖျက်ကာ ပုံသစ်တစ်ပုံဆွဲရန် အစပြုရင်း မေးခွန်းထုတ်လိုက်သည်။

“ အခု သစ်ပင်တွေ အသက်ရှုတာသိပြီ... သူတို့ လူတွေလို သွားလာလို့ရလား”

“မရပါဘူး ဆရာမ”

“လှုပ်လို့ရောရလား”

“လှုပ်လို့တော့ရပါတယ် လေတိုက်ရင်လေ”

“အေး မှန်တာပေါ့..။ ဟုတ်ပြီ သူတို့ မျိုးပွားလို့ရောရလား။ မင်းတို့ လူအသစ်ကလေးတွေ ထပ်မွေးလာသလို သစ်ပင်အသစ်ကလေးတွေရော ထပ်ပေါက်လာသေးလား”

“ပေါက်ပါတယ်”

“ ဘယ်လိုပေါက်သလဲ”

“ သစ်စေ့လေးတွေကနေ အပင်သစ်ကလေးတွေပေါက်ပါတယ်”

“ သိပ်တော်တာပဲကလေးတို့ သည်မှာကြည့် သစ်စေ့လေးကနေ သည်လိုမျိုး အဆင့်ဆင့် အပင်လေး ပေါက်လာတယ်နော်..ဒါက ပဲစေ့လေးတစ်စေ့ အပင်ပေါက်ပုံပေါ့”

တတိယတန်း သဘာဝ သိပ္ပံ သင်ခန်းစာမှ ပဲစေ့ အပင်ပေါက်ပုံအဆင့် ငါးဆင့်ကို ဆရာမက ဆွဲပြလိုက်သည်။

“ ကဲ ကောင်းပြီ။ အခု မင်းတို့က သစ်စေ့လေးတစ်စေ့ လို့ ကိုယ့်ကိုယ်ကို စိတ်ကူးကြည့်ရအော်နော်... မင်းတို့ ဘာစေ့လေးတွေဖြစ်ချင်လည်း ...ပဲစေ့လေးတွေလား၊ သရက်စေ့လေးတွေလား၊ သင်္ဘောသီးအစေ့လေးလား... ဖြစ်ချင်တဲ့အပင်ကို စိတ်ကူးကြည့်ပါ”

ဆရာမက ကြမ်းပေါ်တွင် ဒူးတုပ်ထိုင်လိုက်ရင်း ကိုယ်ကိုဝပ်လိုက်သည်။

“ဆရာမလုပ်သလို လိုက်လုပ်မယ် ကိုယ်လုံးကလေးကို မြေကြီးပေါ်မှာ သစ်စေ့လေးလို ကပ်ထားပါ ”

ကလေးတို့ အားလုံး ဒူးတုပ်ကလေးတွေထိုင်ပြီး စာသင်ခန်းကြမ်းပြင်တွင် ကုန်းကုန်းလေးတွေ လုပ်နေကြသည်။
“ ကဲ... နေရောင်ခြည်တွေ ရေတွေ လေတွေ ရလို့ သစ်စေ့လေး အပင်ပေါက်လာပြီ”

ဆရာမက တဖြည်းဖြည်း လက်နှစ်ဖက်ကို လက်အုပ်ချီသလို လုပ်ရင်း အပေါ်ကိုမြှောက်ပြသည်။ ကလေးများလိုက်လုပ်ကြသည်။

“ဟော... သစ်ပင်ပေါက်ကလေး ရှည်လာပြီ”

ဆရာမက ဒူးကိုထောက် ခါးကိုဆန့် လိုက်ပြီး လက်ဖ၀ါးနှစ်ခုကိုဘေးဘက်ကားရင်း ခေါင်းပေါ်ကို မြှောက်လိုက်သည်။ ထို့နောက် တဖြည်းဖြည်း မတ်တတ်ထလိုက်သည်။ ကလေးများလည်း တဟိဟိ ရီရင်း လိုက်လုပ်ကြသည်။

“ဟုတ်ပြီဲ ..သစ်ပင်ကြီး ဆက်ကြီးထွားလာပြီ။ နေရောင်ခြည်ရအောင် အစွမ်းကုန် ရှည်လိုက်ကြစမ်းပါ”

ဆရာမက အစွမ်းကုန် ခါးကိုဆန့် လက်ကိုမြှောက် ခြေဖျားကိုထောက်ရင်း ကလေးများကိုပြောလိုက်သည်။ ကလေးများကလည်း တကိုယ်လုံးအစွမ်းကုန် ဆန့်ရင်း အညောင်းတွေပြေကုန်သည်။

“ကဲ လိုက်ဆိုပါ ........လေငြိမ်ငြိမ်...”
“လေငြိမ်ငြိမ်”

“သစ်ပင်ကြီး..ငြိမ်”
“သစ်ပင်ကြီး ...ငြိမ်”

“လေပြင်းတိုက်တော့ဘယ်လိုဖြစ်တယ်”
“လေပြင်းတိုက်တော့ ဘယ်လိုဖြစ်တယ်”

“ဟောဒီလိုဖြစ်တယ်....”
“ဟောဒီလို ဖြစ်တယ်။”

ဆရာမက လက်နှစ်ဘက်ကိုဝှေ့ယမ်းရင်းဆိုတော့ ကလေးများလည်း ပျော်ရွှင်စွာ ဝှေ့ယမ်းကြလေသည်။
“ကလေးတို့ ရေ......အရှေ့ဘက်ကလေတိုက်ရင် ဘယ်ဘက်ကိုယိမ်းမလဲ”
“ အနောက်ဘက်ကို ယိမ်းပါမယ်”

“ဟုတ်ပြီ ဆက်ဆိုမယ်”
“ အရှေ့ကတိုက်တော့ အနောက်ကိုယိမ်းတယ်...”
“ အရှေ့ကတိုက်တော့ အနောက်ကိုယိမ်းတယ်...”

“ အနောက်က တိုက်တော့ အရှေ့ကိုယိမ်းတယ်...”
“ အနောက်က တိုက်တော့ အရှေ့ကိုယိမ်းတယ်...”

စာသားအလိုက် ခါးကို ရှေ့နောက် ယိမ်းကြသည်။
“ညာဘက်ကတိုက်တော့ ဘယ်ဘက်ကိုယိမ်းတယ်..”
“ညာဘက်ကတိုက်တော့ ဘယ်ဘက်ကိုယိမ်းတယ်..”

“ဘယ်ဘက်ကတိုက်တော့ ညာဘက်ကိုယိမ်းတယ်..”
“ဘယ်ဘက်ကတိုက်တော့ ညာဘက်ကိုယိမ်းတယ်..”

အသံကိုဆွဲဆိုကာ ဘယ်ညာ ယိမ်းနွဲ့ကြပြန်သည်။
“လေငြိမ်ငြိမ် သစ်ပင်ကြီးငြိမ်”

ကလေးများ အားလုံး လက် ကလေး တွေ ဘေးကပ် ရပ်လိုက်ရင်း သံပြိုင်အော် ကာ လိုက်ဆို နေကြ သည်။


+++++++++


မနက်ဖြန် သူတို့နဲ့တွေ့ရတော့မည်။ ကျမ ပျော်ရွှင်စွာ စိတ်လှုပ်ရှားနေမိပါသည်။ သူတို့ဆိုတာက သူငယ်တန်းကနေ လေးတန်းအထိရှိသည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းက ကလေးတွေပါ။ မနေ့က သူငယ်ချင်းက ဖုန်းလှမ်းဆက်သည်။ သဘက်ခါကျရင် ငါတို့တွေ ဒဂုံမြို့သစ်တောင်ပိုင်းက ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ ကလေး တစ်ရာလောက်ကို နေ့လည်စာကျွေးရင်း ကလေးတွေအတွက် ပန်းချီဆွဲတာလေးတွေ ကဗျာဆိုတာလေးတွေ လုပ်မယ်။ နင်လည်း စိတ်ဝင်စားရင် နင်သိထားတဲ့ စာသင်နည်းလေးတွေ ကို ပြပေးမလားတဲ့။

အိုး ...သိပ်ရတာပေါ့။ ပြပေးချင်နေတာ အတော်ပါပဲ။ ကျမက စာသင်ရမှာကို သိပ်ပျော်တာ။ စိတ်ကူးထဲမှာ အမြဲ စာသင်ပေးနေတာ။ သူတို့ကို ကဗျာလေးတွေလည်း ဆိုခိုင်းမယ်။ ကိုယ်လက်လှုပ်ရှား ကစားနည်းလေးတွေနဲ့လည်း ကစားပေး အုံး မယ်။

သည်နေ့ တစ်နေ့လုံး သူတို့နဲ့တွေ့ရင် သင်ပြဖို့ သင်ခန်းစာတွေ ပြင်ဆင်နေမိသည်။ တစ်နာရီလောက်ဆိုရင်တော့ ကလေးတွေပျင်းမလားပဲ။ လေးဆယ့်ငါးမိနစ်လောက်တော့ မပျင်းလောက်ပါဘူးလေ။ သူတို့ကို ဘာအကြောင်း သင်ပေးရင်ကောင်းမလဲ...။ သမိုင်း၊ ပထ၀ီ၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ။ အင်း ....ဒါတွေက သူတို့က အတန်းစုံ အရွယ်စုံ ဆိုတော့ သင်ရခက်မယ်..။ အဲတော့ ကလေးအားလုံးလည်း နားလည်နိုင်မဲ့ တတိယတန်း သဘာဝ သိပ္ပံထဲက သစ်ပင်အစာချက်တာနဲ့ သစ်စေ့လေး အပင်ပေါက်တဲ့ ပုံကိုယူသင်ပေးမယ်။ ဟုတ်ပြီ။ သားသားတို့ မူကြိုမှာ သင်တဲ့ ကဗျာလေးကို သင်ပေးရမယ်။ ဒါဆို သူတို့ ကိုယ်လက်လှုပ်ရှားပြီးသားလည်းရမယ်။ သင်ခန်းစာနဲ့လည်း ကိုက်ညီတယ်။ ကောင်းတယ် ... ခု ခေတ်စားနေတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ပညာပေးရာလည်း ရောက်တယ်။

ကလေးဗဟိုပြု သင်ကြားရေးမှာ ကလေးတွေရဲ့ သိပြီးသား အသိကို အခြေခံပြီး သင်ကြားပေးမဲ့ သင်ခန်းစာနဲ့ ဆက်စပ်ဆွဲယူ သင်ကြားပေးရတယ် လို့ ဆိုတယ်။ သည်တော့ ကလေးတွေကို သူတို့ သိပြီး နားလည်ပြီး တာတွေကို မေးခွန်းတွေ ထုတ်ပေး မေးပေးရမယ် တဲ့။ သူတို့ စိတ်ကူးဥာဏ်တွေကို အသစ်စဉ်းစားတတ်လာအောင်ဖွင့်ပေးတဲ့ မေးခွန်းတွေမေးရမယ်။ သူတို့ ရဲ့ ကိုယ်ပိုင် စဉ်းစားချက်တွေကို စာကြောင်း အနည်းငယ် ရေးခိုင်းတဲ့နည်း၊ အတန်းသားတွေရှေ့မှာ ပြောခိုင်းတဲ့ နည်းကိုသုံးပြီး ထုတ်ဖော်ပေးရမယ်တဲ့။ ဒါမှ ကလေးတွေဟာ မိမိယူဆချက်ကို ထုတ်ဖော် ပြောဆိုရဲလာမယ်။ စာအရေးအသားစွမ်းရည်၊ အပြောစွမ်းရည်လည်း တက်လာမယ် လို့ ကျမတက်ထားဖူးတဲ့ သင်တန်းတွေ မှာ သိခဲ့ရတယ်။

ကျမ ပြင်ဆင်ထားခဲ့တဲ့ သင်ခန်းစာကို အထပ်ထပ် စဉ်းစား၊ အထပ်ထပ်လေ့ကျင့် နေမိပါတယ်။
ကျမ စိတ်ကူးထဲမှာ တော့ ကလေးတွေနဲ့ အပေးအယူ မျှနေတာပဲ။
ကျမတို့ စာသင်ခန်းလေးက ပျော်စရာ သိပ်ကောင်းနေပါတယ်။


++++++++++


သူငယ်ချင်းကတော့ပြောခဲ့သားပါ။
ကျောင်းက နည်းနည်းဝေးတယ်နော်တဲ့။ ဆင်းရဲလည်း ဆင်းရဲတယ်တဲ့။
သိပါတယ်ဟယ်။ အစိုးရကျောင်း မတက်နိုင်တဲ့ ကလေးတွေအတွက် ဖွင့်တဲ့ကျောင်းဆိုမှတော့ ချမ်းသာပါ့ မလား ပေါ့။


ဒါပေမဲ့ ကျမ စိတ်ကူးထဲမှာတုန်းက သည်လောက်ဆင်းရဲပြီး သည်လောက်ဝေး လိမ့်မယ်လို့ မထင်ခဲ့မိပါဘူး။ ဝေးတယ်ဆိုတာက လူတွေနဲ့ ဝေးတာကို ပြောတာပါ။ ရန်ကုန်မြို့ထဲ ကနေ ကားစီးရင် တစ်နာရီလောက်ပဲ ကြာတဲ့ခရီးမို့ အမှန်တော့ ဝေးလှတယ်လို့ မဆိုနိုင်ပါဘူး။ ဒါပေမဲ့ လူနေထူထပ်တဲ့ မြို့ပြကနေထွက်လို့ လယ်ကွင်း စိမ်းစိမ်းတွေကြားက မြေနီနီ လမ်းလေး နဘေး ရွှံ့ အိုင်ထဲက ဘုန်းတော်ကြီးကျောင်းကလေးကတော့ ခေါင်လွန်း၊ ဝေးလွန်းလှသလိုပါပဲ။ ဘုန်းကြီးကျောင်းဆိုရင် ကလေးတွေ အတွက် ကစားစရာ မြေကွက်လပ်တော့ ရှိမယ်။ သစ်ပင်ရိပ်အောက်က မြေကွက်လပ် မှာ စာသင်ရရင် စာသင်ခန်းမလိုပါဘူး။ နာမည်ကျော် ဆန်တနိကေတန် ကျောင်းလို သဘာဝ ပတ်ဝန်းကျင်ကို လေ့လာပြီးသားတောင် ရလိမ့်မယ်လို့ ထင်ခဲ့မိတယ်။

ခုတော့ ဘုန်းတော်ကြီးနဲ့ စာသင်သားကိုရင် ငါးပါးလောက် သီတင်းသုံးတဲ့ ဆယ်ပေပတ်လည် ထရံကာ သွပ်မိုး ပျဉ်ခင်း ကျောင်းကလေး နှစ်ဆောင်နဲ့ ကလေးတို့ စုဝေးရာ ပေနှစ်ဆယ်ပတ်လည် ပြတင်းပေါက်မပါတဲ့ မြေစိုက်ထရံကာ စာသင်ကျောင်း အတွက် မြေနေရာကလွဲလို့ ကျန်တာက လယ်ကွင်းပြင်ကြီး ပဲလေ။ သစ်ပင်ကြီး ဆိုလို့ တစ်ပင်တောင် ပေါက်စရာနေရာမရှိတဲ့ ဘုန်းကြီးကျောင်းကို တွေ့လိုက်ရပါတယ်။ အင်း သည်လို ကျောင်းမျိုးကို ရှာဖွေ အလှူ လုပ်နိုင်တဲ့ သူငယ်ချင်းတို့ အုပ်စုကိုပဲ ချီးကျူး မိပါသေးတယ်။

ဆရာတော်ကို ကန်တော့ပြီးတော့ ကလေးတွေရှိတဲ့ စာသင်ခန်းကို လာခဲ့တယ်။ ကလေးတွေကတော့ ချစ်စရာလေးတွေပါ။ တို့နိုင်ငံရဲ့ အနာဂတ်ပန်းကလေးတွေပေါ့။ အားလုံးပဲ အဖြူ အစိမ်းလေးတွေ ၀တ်လို့ တောက်တောက်ပပကြီး မဟုတ်ကြပေမဲ့၊ သိပ်နွမ်းနွမ်းပါးပါးတော့ မတွေ့ရပါဘူး။ သူတို့ကို ကြာဇံကျော်ကျွေးမယ်၊ ပန်းချီတွေလည်းသင်မယ်၊ ကျောင်းကို ဧည့်သည်တွေ လည်း လာတယ်ဆိုတော့ ပျော်ရွှင်တက်ကြွ နေကြတာပေါ့။ ဆရာမလေး နှစ် ယောက်ခမျာ တုတ်တစ်ချောင်းစီ ကိုင်လို့ တဟဲ့ဟဲ့ အော်နေရတာပါပဲ။ အင်း ကျမ တက်ခဲ့တဲ့ သင်တန်းမှာတော့ ကလေးစိတ်ပညာအရ တုတ်မကိုင်ရဘူး ဆိုပဲ။





သည်နေ့က ဧည့်သည်တွေလာလို့ အတန်းဖွဲ့စည်းပုံပြင်ထားသလား။ အရင်ကလည်း သည်လိုပဲလားတော့ မသိဘူး။ တခန်းတည်းသာရှိတဲ့ စာသင်ကျောင်းရဲ့ နံရံ သုံးဘက်မှာ သင်ပုန်း ငါးခုကို ကပ်ထားတယ်။ နံရံတဘက်ကတော့ ၀င်ပေါက်ပေါ့။ အင်း .. သူငယ်တန်းအတွက်က ဟိုသင်ပုန်းဖြစ်မယ်။ သည်ဘက်နံရံက သုံးတန်းနဲ့ လေးတန်းအတွက် ဖြစ်နိုင်တယ်။ သုံးတန်း နဲ့ လေးတန်း အင်္ဂလိပ်စာတွေ သင်ပုန်းပေါ်မှာ ရေးလက်စ တွေ့တယ်။ ဒါဆို ဟိုဘက်နံရံမှာ ပထမတန်းနဲ့ ဒုတိယတန်း ဖြစ်နိုင်တယ်။ ကလေး တစ်ရာကျော် အတန်း ငါးတန်းအတွက် ဆရာမ နှစ်ယောက် ဆိုတော့ အတန်းတွေကို ကြားမှာ ကာမထားတာပဲ အဆင်ပြေမယ် ထင်ပါရဲ့လေ။ ဆရာတော် ရော ကူသင်ပေးသလားမသိဘူး။ သင်မှပဲ ဖြစ်မယ်ထင်တယ်။ ကိုရင်ကြီးတွေ ဦးပဇင်းတွေလည်း ရှိသားပဲ သူတို့လည်း ကူထိန်းပေးမှာပေါ့။

ဟော... ကလေးတွေ ကြာဇံကျော် စားရအောင် တန်းစီပါတဲ့။ ဆရာမက တုတ်တချောင်းကိုင်ရင်း အော်နေတယ်။ တန်းစီ တန်းစီတဲ့။ အင်း အတန်းအလိုက် ကျွေးလိုက်ရင်ကောင်းမယ်။ တန်းစီလို့တင် ပြောနေရင် သူတို့က ဘယ်စီ တတ်မလဲ။

“ကဲ ..ကဲ သူငယ်တန်းတွေအရင် ရှေ့ကိုလာ။ အတန်းကြီးတွေ နောက်မှာနေဦး”
အမလေး... ကျမ ၀င်အော်ပေးမှပဲ ပိုဆိုးသွားပါလား။ ၀ုန်းကနဲဆို သူငယ်တန်းတွေရှေ့ကိုတဲ့ ဆိုပြီး အားလုံးနီးပါး ပြုံတိုးရောက်လာကြတယ်။ နည်းနည်း အသက်ကြီးတဲ့ ကလေးတွေကို ဟဲ့ နင်တို့က သူငယ်တန်းလား ဘာလို့ ရှေ့တိုးနေတာလဲ နောက်မှာ စီလေ လို့ ပြောလိုက်တော့..“ သမီး သူငယ်တန်းပါ။ မယုံရင် ဆရာမကို မေးကြည့်ပါတဲ့”

စိတ်ရှုပ်နေပုံရတဲ့ ဆရာမလေးကလှည့်ကြည့်ရင်း ပြောလိုက်တယ်။
“ဟုတ်တယ် အစ်မရေ သည်ကျောင်းမှာ သူငယ်တန်းကတင် ငါးဆယ်ကျော်တယ်။ အားလုံးနီးပါး သူငယ်တန်းချည်းပဲ” တဲ့လေ။

သြော် ... ဟုတ်မှာပေါ့နော် ။ ဆရာတော် ကျောင်းဖွင့်တယ်ဆိုမှ ကျောင်း စအပ်ရတော့ သူတို့ခမျာ အသက် ၈ နှစ် ၉ နှစ်လည်း သူငယ်တန်းပဲဖြစ်နေတာကိုး။

ဟန်ဆောင်မှု၊ ပြိုင်ဆိုင်မှု ကင်းကင်းနဲ့ စားသောက်နေကြတဲ့ ကလေးတွေကို ငေးကြည့်ရင်း ကျမလည်း ဗိုက်ဆာဆာနဲ့ သူတို့နဲ့အတူ တန်းစီပြီး ကြာဇံကျော်စားလိုက်ပါတယ်။ ပြီးရင် သူတို့လေးတွေကို စာသင်ရင်း ဂိမ်းတွေ ကစားပေးရ ဦးမယ်လေ။


+++++++++++


ပန်းချီဆွဲပြနေတဲ့ ဆရာကြီးနဲ့ အပေးအယူမျှနေတဲ့ ကလေးတွေကို နောက်နားက ကြည့်နေရင်း သဘောကျနေမိပါတယ်။ အရမ်း ထုံထုံ အအ မပြောရဲ မဆိုရဲတဲ့ ကလေးတွေတော့မဟုတ်ပါဘူးနော်။ မေးလိုက်ရင် ဖြေကြတာချည်းပဲ။ ဒါမျိုးမှ ကောင်းတယ်။ အင်း ကိုယ့်အလှည့်မှာတော့ ဘယ်လို လာမလဲမသိဘူး။ အတန်းဘေးနားက တုတ်ကိုင်ရင်း ထိန်းပေးနေတဲ့ ဆရာမလေးကို တိုးတိုးပြောမိတယ်။ အစ်မ သိပ္ပံသင်ခန်းစာ လေး နည်းနည်းသင်ပြပေးချင်တယ်နော် ဆိုတော့ သင်ပါအစ်မ ရပါတယ် တဲ့။

ကဲ ကိုယ့်အလှည့်ရောက်ပါပြီ။ သူငယ်တန်းကနေ လေးတန်းအထိ အားလုံးရောနေတဲ့ သည်ကလေးတွေကို ကြိုတင် ပြင်ဆင်လာခဲ့တဲ့ သင်ခန်းစာ ကို သင်ပြပေးလိုက်ပါတယ်။ ပထမ ငါးမိနစ်လောက်တော့ ဘာ အနှောက်အယှက်မှမရှိ အဆင်ပြေနေသားပင်။ ဟော.. ကလေးတစ်ယောက် ချွေးတွေရွှဲလို့ လိုက်အော်ရလို့ မောပန်းနေတဲ့ မျက်နှာထားလေးနဲ့ လက်ကလေးတစ်ချောင်းထောင်လို့ “ဆရာမ ရေသောက်တဲ့” ။ ကျမ ခေါင်းညိတ်ပြလိုက်ပါသည်။ ကလေးက စာသင်ခန်း အပြင်ဘက်က ရေအိုးစင်ဆီ ထွက်ပြေးသွားသည်။

အရှိန်ရနေတဲ့ စာကိုဆက်သင်မယ်လုပ်တုန်း ....ဟော နောက်တစ်ယောက် လက်ညှိုးလေးထောင်လို့ “ဆရာမ သေးပေါက်” တဲ့ ခေါင်းညိတ်ပြရပြန်တယ်။ မေးခွန်းမေးမယ်လုပ်တုန်း လာပြန်ပြီ လက်တစ်ချောင်းထောင်လို့ “ဆရာမ ရေသောက်”။
ဘုရားရေ ...... လေးငါးယောက်တပြိုင်တည်း စုပြုံပြီး လက်ညှိုးလေးတစ်ချောင်းစီထောင်လို့ ... ။ ကျမ ခေါင်းညိတ် မပြချင်တော့ပါဘူး။ ခေါင်းညိတ်ပြလိုက်မိရင် နောက်ထပ် ထောင်လာဦးမယ့် လက်ညှိုးလေးတွေ အများကြီးကို မြင်နေပါတယ်။ ယောင်နန ငေးရင်း ဘာလုပ်ရမှန်းမသိတဲ့ ကျမအခက်အခဲကို တုတ်ကိုင်ထားတဲ့ ဆရာမလေးက ၀င်ကူလိုက်ပါတယ်။

“ အားလုံး ပြန်ထိုင်ကြ။ တစ်ယောက်မှ မထရဘူး။ ရေလည်းမသောက်ရဘူး။ သေးလည်းမပေါက်ရဘူး။ သွား ပြန်ထိုင်”

အင်း ...တော်ပါသေးရဲ့။ နည်းနည်း ငြိမ်သွားတဲ့ ကလေးတွေကို ကြည့်ရင်း ခုနသင်လက်စ သင်ခန်းစာ ကို ဆက်သင်လိုက် ပါတယ်။ ခဏတော့ အဆင်ပြေသား။ ဟော ... လက်ကလေးထောင်လို့ ချွေးရွှဲနေတဲ့ မျက်နှာနဲ့ ရေသောက်တဲ့.... နောက်တစ်ယောက် ....နောက်နှစ်ယောက်....နောက်သုံးယောက်....လေးယောက်...။

အင်း ခုနလည်း စားသောက် ဆော့ကစားထား၊ စာသင်တော့လည်း အော်ဟစ်ထား၊ ပြတင်းပေါက်မရှိတဲ့ သွပ်မိုးအောက်က စာသင်ခန်းထဲမှာ ချွေးတွေလည်းထွက်ဆိုတော့ ...ရေငတ်မယ်ဆိုလည်း ငတ်မှာပေါ့လေ။ ရေသောက်ချင်နေတဲ့ ကလေးတွေကို ရေမသောက်ခိုင်းပဲ စာသင်ခန်းထဲမှာ ထိုင်ခိုင်းထားတာ တရားပါ့မလား။ လူ့အခွင့်အရေး ချိုးဖောက်ရာ ကျမှာပေါ့နော်။ ဒါပေမဲ့လည်း ဒါ စာသင်ချိန်လေ။ သူတို့ ရေသောက်တိုင်း သေးပေါက်တိုင်းသာ သွားခိုင်းရရင်တော့ တတန်းလုံးအကုန်ထွက်ကြမှာပဲ။ စာသင်ခန်းထဲ ကျောင်းသားတောင် ရှိတော့မယ် မထင်ဘူး။ ကျမကသာ ဘာလုပ်ရမှန်း မသိ စဉ်းစားနေတုန်း သူတို့ ဆရာမက ပြန်ထိုင်ကြစမ်း ဆိုပြီး တုတ်သံ တဗြန်းဗြန်း ပေးပြီး အတန်းထိန်းပေးနေသည်။

ကဲ ..ကဲ... သင်လက်စ သင်ခန်းစာလည်း ဘယ်ရောက်ပြီ မသိ။ စိတ်လည်းမပါတော့။ သူတို့ကို ကဗျာပဲဆိုခိုင်းပြီး သူတို့ ဆရာမ လက်ထဲပဲ အပ်လိုက်တော့မည် စဉ်းစားသည်။ “အားလုံး သစ်စေ့လေးတွေ လုပ်ကြမယ်.... ကိုယ့်နေရာမှာကိုနေပါ။ ဆရာမ လုပ်သလို လိုက်လုပ်ကြပါ။” အင်း သည်လိုတော့လည်း အားလုံးလိုက်လုပ်ကြသည်။ ပျော်ရွှင်စွာ အားရပါးရ အော်ဟစ် သီဆိုကြသည်။ လွတ်လပ်စွာ ကိုယ်ကို လှုပ်ရှား ယိမ်းနွဲ့ကြလေသည်။



++++++++++++


သူငယ်ချင်းကပြောသည်။
“သည်က ဆရာမလေး နှစ်ယောက်ကို နင်တက်ခဲ့တဲ့ သင်တန်းက ကလေးဗဟိုပြု သင်နည်းတို့ ဘာတို့ နည်းနည်း လောက် ပြောပြပေးခဲ့ပါဟာ။ နည်းလေးတွေလည်း ပြပေးခဲ့ပါဦး” တဲ့။

တကယ်တော့ ကျမက အစိုးရ၀န်ထမ်း ဆရာမ မဟုတ်ပါ။ ခေတ်မီ စာသင်ကြားနည်း သင်တန်းတွေကိုတော့ တက်ခဲ့ဖူးသည်။ စာတွေ့လည်း လေ့လာခဲ့သည်။ လက်တွေ့လည်း စနစ်တကျ ပြင်ဆင်ဖွဲ့စည်းထားသည့် စာသင်ခန်းတွေမှာ သင်ထောက်ကူ ပစ္စည်း အစုံအလင်နဲ့ သင်ပြလေ့ကျင့် ခဲ့ဖူးသည်။ ကလေး ၂၅ ယောက် ထက်မပိုတဲ့ စာသင်ခန်းတွေမှာ အုပ်စုဖွဲ့ ကစားနည်း တွေ၊ ကလေးတွေနဲ့ အပြန်အလှန်ဆွေးနွေး ပြောဆို တာတွေ၊ ကလေးတွေရဲ့ ပင်ကိုမူလ စွမ်းရည်တွေ အတွေးအခေါ်တွေကို ပိုမို တောက်ပ လာစေမဲ့ နည်းလမ်း တွေသုံးလို့ သင်ကြားပြသပေးခဲ့ဖူးသည်ပေါ့။ ကလေး စိတ်ပညာ စာအုပ်တွေ၊ ကလေးဖွံ့ဖြိုးမှု စာအုပ် တွေကို လည်း ဖတ်ခဲ့ဖူးသည်ပေါ့။

လက်တွေ့ဘ၀မှာ သူငယ်တန်းကနေ လေးတန်းအထိ ကျောင်းသား တစ်ရာနီးပါးကို ဘာသာစုံ ပြနေရတဲ့ သည်ဆရာမလေး နှစ်ယောက်ကို သုံးလလောက် သင်တန်းတွေတက်ပြီး သိခဲ့တဲ့ ကျမက ဘာတွေများ ပြောပြရမှာပါလိမ့်။ ကလေးတွေကို မရိုက်ပါနဲ့ တုတ်မကိုင်ပါနဲ့လို့ ပြောရမလား။ ဆရာကချည်းသင်မပေးပါနဲ့။ သူတို့ကို ဆွေးနွေးစေပါ။ သူတို့ ပြောတာကို နားထောင်ပေးပါလို့ ပြောရင် ကလေး တစ်ရာရဲ့ ပြောစကားကို နားလေးပေါက်ထဲနဲ့ နားထောင်နိုင်ပါ့မလား။ ကစားနည်းလေးတွေကိုသုံးပြီး ကစားရင်း စာသင်ပါလို့ အကြံပေးရမယ်ဆိုရင်တော့ သင်ထောက်ကူပစ္စည်း သိပ်မလိုတဲ့ ကစားနည်းလေးတွေ ကို စဉ်းစားကြံဆပြီး နည်းပေးခဲ့ရင် ကောင်းမယ် ထင်ပါရဲ့။

“အင်း ဆရာမတို့ရယ် နည်းတွေကတော့ သည်လို သည်လို ရှိပါတယ်။ အဓိက ကတော့ စေတနာ နဲ့ ၀ါသနာ ကို ဗဟိုပြုပြီး ကိုယ့် အခြေအနေနဲ့ ကိုက်ညီတဲ့ သင်နည်းတွေကို ကိုယ်တိုင် စဉ်းစားပြီးတော့ပဲ သင်ကြပါ။ အစိုးရက ပြဌာန်းထားတဲ့ သင်ရိုးညွှန်းတမ်းကိုလည်း ကုန်အောင်သင်ရမှာဆိုတော့ အမြဲတမ်း ကစားနည်းတွေနဲ့ချည်း မသင်ပေးနိုင်တော့ တစ်ပတ်မှာ တစ်ရက်လောက် တော့ ပျော်စရာ စာသင်ခန်းလေး ဖြစ်အောင် သင်ပေးပေါ့ နော်။”

“ဟုတ်ကဲ့ပါ အစ်မရယ်၊ ကျမတို့ကလည်း ဘုန်းတော်ကြီးသင်ကျောင်းက ခန့်ထားတဲ့ဆရာမတွေဆိုပေမဲ့ ခေတ်မီနည်းတွေ နဲ့လည်း သင်ပေးချင်ပါတယ်။ ခုလောက်ပြောပြတာကိုပဲ ကျေးဇူးတင်ပါတယ်။ နောက်ကြုံရင်လည်း သင်တန်းတွေ ဖွင့်ပေးရင် ကျမတို့ တက်ချင်ပါတယ်။ ကျမတို့လည်း ကိုယ့်အရည်အချင်းကို တိုးတက်ချင်တယ်လေ”
“ဟုတ်တာပေါ့ ဆရာမတို့ရယ်။ ဆရာဆိုတာ ဓားသွေးကျောက်တဲ့။ ကျမတော့လက်မခံနိုင်ပါဘူး။ သူတို့ကိုသင်ရင်း ကိုယ်က ဘာလို့ လုံးပါးပါးရမှာလဲ။ သူတို့လည်း ထက်မြက်၊ ကိုယ်လည်း တိုးတက်ရမှာပေါ့။”

ကျမက ကျမထင်မြင်ချက်တွေကို ဆက်ပြီး ပြောပြန်သည်။

“ နောက်ပြီး ..... ဆရာမတို့ ရဲ့ ကလေးတွေကို ဘွဲ့ရ ပညာတတ်ကြီးတွေ ဖြစ်စေရမယ်လို့ ကြုံးဝါးစရာမလိုပါဘူး။ ဘွဲ့မရလည်း အကောင်းအဆိုးကို ခွဲခြားသိတဲ့ ကလေးတွေ ဖြစ်အောင်၊ လောကကို အကျိုးပြုနိုင်တဲ့ လူတွေ ဖြစ်လာဖို့ပဲ လိုတာပါ။ မိဘတွေက ကိုယ့်သားသမီးကို ဘွဲ့ရအောင် သင်ပေးနိုင်မှ တာဝန်ကျေတယ် ထင်နေကြတာ။ အသက် မွေးဝမ်းကျောင်း ပညာရပ်တွေ သင်ပေးဖို့ လိုတာကို မေ့နေကြတယ်”

“ အစ်မရေ ... သည်ပတ်ဝန်းကျင်က မိဘတွေကတော့ အဲလိုမဟုတ်ပါဘူး။ သူတို့က ဘွဲ့ရပြီးလည်း ထမင်းငတ်တာပဲ။ ဘွဲ့ရတာ အထင်ကြီးဖို့မရှိဘူးတဲ့။ သူတို့ ကျောင်ပို့တာက အိမ်မှာ ထိန်းရသက်သာအောင် ကျောင်းပို့နေတာ အစ်မရေ။ ခိုင်းလို့ရတဲ့ အရွယ်ရောက်ရင် ကျောင်းဆက်မထားတော့ဘူး။ ခုလည်း တချို့ဆို ဆရာတော်က အတင်း ကျောင်းထားခိုင်းလို့ ပိုက်ဆံလည်းမကုန်လို့ ထားနေတာ”

“ ဟုတ်လား။ အင်း ... ဘာပဲဖြစ်ဖြစ်ပေါ့လေ သည်ကလေးတွေ ကျောင်းမှာ ရှိနေသမျှတော့ သူတို့ကို စာတတ်အောင် သင်ပေးနိုင်သေးတာပေါ့။ ဆရာမတို့ စိတ်ဓာတ်မကျပါနဲ့။ စေတနာက အကျိုးပေးမှာပါ။”

သူငယ်ချင်းက ၀င်ပြီး အရွှန်းဖောက်သည်။

“ဆရာမရယ် ကိုယ်က ကလေးတွေသင်ပေးတာပဲ။ လူကြီးတွေကို သင်ပေးတာမှ မဟုတ်တာ။ လူကြီးဆိုတာမျိုးက သင်လို့မရတော့ဘူး လွှတ်ထားလိုက်တော့”

ဆရာမလေးက သဘောကျစွာရယ်မောရင်း ပြောလိုက်သည်။
“ဟင်း ..ဟင်း.... ဟုတ်ပါတယ်။ စိတ်ဓါတ်လည်း မကျပါဘူး။ ကိုယ့်တာဝန်ကျေဖို့ပဲ ဂရုစိုက်ပါတယ်”

ဆရာမလေးကို စိတ်ဓါတ်မကျဖို့ အားပေးသော ကျမကိုယ်တိုင်ကတော့ မရယ်နိုင်ပဲ မောရင်း.....
အင်း .... ငါရော ကိုယ့်တာဝန်ကျေရဲ့လား...

ပြင်ဆင်လာခဲ့တဲ့ သင်ခန်းစာလေးတစ်ခုကိုတောင် ပြီးအောင် မသင်ပေးနိုင်ခဲ့တဲ့ ကျမကရော ....တာဝန်ကျေပါရဲ့လား...
ကျမ နားထဲ မှာတော့.. ကလေး တွေ ရဲ့ အသံလေး တွေ စီညံ နေ ပါသေးသည်။


လေငြိမ်ငြိမ် ...သစ်ပင်ကြီး ငြိမ်
လေပြင်းတိုက်တော့ ဘယ်လိုဖြစ်တယ်...ဟောဒီလိုဖြစ်တယ်
လေပြင်းတိုက်တော့ ဘယ်လိုဖြစ်တယ်...ဟောဒီလိုဖြစ်တယ်
အရှေ့ကတိုက်တော့ အနောက်ကိုယိမ်းတယ်
အနောက်က တိုက်တော့ အရှေ့ကိုယိမ်းတယ်
ညာဘက်ကတိုက်တော့ ဘယ်ဘက်ကိုယိမ်းတယ်
ဘယ်ဘက်ကတိုက်တော့ ညာဘက်ကိုယိမ်းတယ်
လေငြိမ်ငြိမ် သစ်ပင်ကြီးငြိမ်...


Share/Bookmark

4 Comments:

kay said...

MieMie said...မကေ ရေ .. ခလေးတွေ အကြောင်းက အွန်လိုင်း မှာ အများကြီးတွေ့နေရတာ ရှိတော့ ကိုယ်တွေလည်း မဖြစ်စလောက် အလှုငွေ လေး လှုနိုင်တာက လွဲ လို့ ကျန်တာ စိတ်မကောင်းဖြစ်ယုံဘဲ ရှိတယ် ... အဲ တွေ မှာ စာသင်ပေးနေတဲ့ ဆရာ ဆရာမတွေ ကို လေးစားမိပါတယ် ....August 3, 2010 11:35 PM ywartharlay-ytu said...စေတနာက အကျိုးပေးမှာပါတဲ့

ဘာတဲ့လူကြီးတွေကိုတော့ လွှတ်ပေးထားလိုက်

လေငြိမ်ငြိမ် သစ်ပင်ကြီးငြိမ်

ကဗျာပဲရွတ်သွားတယ် 

မင်္ဂလာပါကြီးကေ ကျနော် သူငယ်တန်း ပြန်တက်ပါရစေAugust 4, 2010 12:37 AM

Nay Lin said...

ကျေးဇူးတင်ပါတယ်ဆရာမ..

တုတ်တရမ်းရမ်းလုပ်တာကလွဲလို့ပေါ့..:-)

TURN-ON-IDEAS said...

ကောင်းသောစိတ်ထားနဲ့ အားနည်းတဲ့လူတွေကို အကျိုးဖြစ်စေတဲ့ ကောင်းသောအလုပ်လုပ်တဲ့ လူတိုင်းကို လေးစားပါတယ်။
စာသင်ပေးရတာ ဝါသနာပါတယ်။
ဆင်းရဲလွန်းလို့ မတတ်နိုင်တဲ့ကလေးပေမဲ့ စာအရမ်းကြိုးစားချင်စိတ်ရှိတဲ့ ကလေးတွေကိုပဲ သင်ပေးချင်တဲ့စိတ်... အဲဒိစိတ်ကို အခုအချိန်အထိ မပြင်နိုင်သေးဘူး။
retired life အတွက်ချထားတဲ့ planထဲမှာ အခုအချိန်အထိတော့ စာသင်ပေးမှာပါတယ်။

Anonymous said...

等很久了 謝謝你的用心............................................................