သမိုင်း နှင့် ရင်ကြားစေ့ ခြင်း
ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးခဲ့တာ နှစ်ပေါင်း ၇၀ တောင် ရှိ ခဲ့ ပြီ တဲ့ ။
လူသား သမိုင်း မှာ ၊ အပြင်းထန် အဆုံးဝါးဆုံး အနုမြူဗုံးကြီး ကျဲချ ခံရတဲ့ ဟီရိုရှီးမား နှစ်ပတ်လည် အကြောင်းအရာ တွေ ၊သတင်း မီဒီယာ မှာ သိပ်မမြင်ရတော့ ။ မော်ကွန်း မှတ်တမ်းတွေ မှာ ၊ အရက်စက်ဆုံး လို့ ၊ ရေးထိုး ခဲ့ ကြတဲ့ ၊ နာဇီ အကျဉ်းထောင် အဆိပ်ငွေ့ခန်း တွေက ၊ လွတ်မြောက် ရှင်သန် ကျန်ရစ်သူတွေ လည်း ၊ သက်ရှိ ထင်ရှား ရှိဖို့ မလွယ်တော့ ။
ပြီးခဲ့တဲ့ လ ထဲက ၊ သြစတြေလျ SBS တီဗွီ အစီအစဉ် တခု ဖြစ်တဲ့ Insight မှာ ၊ Bloodline ဆိုတဲ့ ခေါင်းစဉ် နဲ့ ဆွေးနွေးငြင်းခုံ ပွဲ လေး တခု ကို ကြည့် လိုက်ရတယ်။ ဒီအစီအစဉ် က ၊ အပတ်စဉ် ဆိုသလို ၊ အကြောင်းအရာ အမျိုးမျိုးအလိုက် ပင်တိုင်ဆွေးနွေးသူတွေ ဖိတ်ခေါ်ပြီး ၊ အားလုံး ပါဝင် ဆွေးနွေးကြ တာမို့ ၊ စိတ်ဝင်စားတဲ့ ခေါင်းစဉ် ဆိုရင် အမြဲ ကြည့် ဖြစ်သည် ။ အဲဒီ အပတ်က တော့ ၊ ဒုတိယ ကမ္ဘာစစ် နှစ် ၇၀ အထူး အစီအစဉ် ဆိုတော့ ၊ မဖြစ်မနေ ပဲ ပေါ့ ။ ကြည့် နေရင်း မှ ၊ ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာတာက ၊ အစီအစဉ်မှာ ပင်တိုင် ပါဝင် ဆွေးနွေး ကြတဲ့ သူတွေဟာ ၊ ဒုတိယကမ္ဘာစစ်ကြီးတုန်းက အဓိက ကျခဲ့တဲ့ ဇာတ်ကောင်
ကြီးတွေ ရဲ့ ၊ သွေးမျိုးဆက် တွေ ကိုယ်တိုင် ဖြစ်နေ တာပဲ ။
ဟစ်တလာ ရဲ့ လက်ရုံးတဆူ ဖြစ် သလို ၊ ပိုလန် ကျူးကျော်မူ မှာ တာဝန်ခံ စစ်ဦးစီးချုပ်လည်း ဖြစ်ခဲ့တဲ့ ၊ Hans Frank ရဲ့ ၊ သားအငယ်ဆုံး Niklas Frank ဆိုသူ အသက် ၇၀ ကျော် အဘိုးကြီး က၊ သူ့မိသားစု မှာ တဦးတည်း သော ၊ အသက်ရှင် နေတော့တဲ့ သူ ဖြစ်သလို ၊ ဂျာနယ်လစ် စာရေးသူ တယောက် အဖြစ်၊ သူ့အဖေ နဲ့ တကွ နာဇီတွေ ရဲ့ သမိုင်းတွေကို လူသိရှင်ကြား ထုတ်ဖော် ရေးသား နေသူလည်း ဖြစ်သည်။ အစီအစဉ် တင်ဆက်သူ က ၊ ရှင့် အဖေကို ဘယ်လို မြင်သလဲ ဆိုတဲ့ ၊ မေးခွန်းကို ၊ ငါ သူ့ကို စက်ဆုပ်မိ
တယ် လို့ ဖြေးဖြေးလေးလေး ကြီး ပြောချ လိုက်ပေမဲ့ ၊ေ၀၀ါး ရောထွေးနေတဲ့ သူ့ ခံစားချက် တွေကိုလည်း တစွန်းတစ မြင်ရ ပြန်တယ်။ ပရိသတ် တွေထဲ မှာ ထိုင်နေတဲ့ ၊ သူ့ နဲ့ အသက် မတိမ်းမယိမ်း အဘိုးကြီး
တယောက်က ၊ ပိုလန် ကို နာဇီ ဂျာမန် တွေ သိမ်းပိုက် တဲ့ အချိန်မှာ ၊ ဆယ်နှစ်ကျော် အရွယ် ကလေး
တယောက် အဖြစ် ကံသီ လို့ လွတ်မြောက်ခဲ့ပေမယ့် ၊ သူ့ တမိသားစု လုံး အလုပ်စခန်းတွေမှာ သေဆုံးကျန် ခဲ့တဲ့ အကြောင်း ပျက်ပျက်ထင်ထင် ပြန်ပြောပြ နေတာတွေ ကို ၊ ဆိတ်ဆိတ် နားထောင် နေခဲ့တယ် ။
ဆစ်ဒနီ မှာ ရှိတဲ့ ဂျူးလူမျိုးတွေ ရဲ့ စစ်သမိုင်းပြတိုက် တခု ကို သွားကြည့်ရင်း၊ ၀မ်းနည်း စိတ်ပျက်မူ တွေ နဲ့ အရုပ်ကြိုးပြတ် ဖြစ်နေတဲ့ သူ့ ကို ၊ လိုက်ပြ တဲ့ အမျိုးသမီးတယောက်က အားပေး နှစ်သိမ့် နေတဲ့ ဗွီဒီယို ကို ၊ ပြန်ပြ နေတဲ့ အချိန်မှာ ၊ မျက်လုံး တွေကို အသာ ပိတ် ထားခဲ့ တယ်။ အဲ့ဒီ ပြတိုက် တနေရာမှာ ရေး
ထွင်း ပြသ ထားတဲ့ ၊ ဂျူးတွေ အားလုံးကို ငတ်ပြီး သေစေဖို့ ငါတို့ ဆုံးဖြတ်ထားတယ် ဆိုတဲ့ ၊ စာတန်း ရဲ့
အောက်မှာ Dr. Hans Frank ဆို တဲ့ မြင်ကွင်း တခု ပေါ်လာပြန်တယ်။ အဲဒီ ဟာကို ရော အရင်က မြင်ဖူးလား လို့ ထပ်မေး ပြန် တော့ ၊ Niklas Frank ဟာ ၊ခေါင်းကိုပါ ငုံ့ ချ လိုက်ရင်း ၊ အပြစ်မဲ့တဲ့ လူတွေ ..
ပိုလန်တွေ ဂျူးတွေ ကို သတ်ပြစ်ခဲ့တာ လုံးဝ ကြင်နာမူ ကင်းမဲ့တဲ့ လူမျိုးပဲ လို့ သာ ညည်းငြူ နေရှာ တယ်။
ပြခန်း မှာ လိုက်ပြ ခဲ့တဲ့ အမျိုးသမီး ဟာ ၊ ဒီအစီအစဉ်မှာလည်း ကပ်ရပ်ခုံ က နေပြီး ၊ နင်က အရမ်းကို စာနာတတ်တဲ့ ဂျာမန် တယောက် လေ လို့ ၊ လှမ်းပြီး အားပေး ရ ပြန်တယ်။ အဲဒီ အမျိုးသမီး ဟာ ၊
တကယ်တော့ ဇနီး နဲ့ ကလေး ကို ပြန်ရှာမတွေ့ နိုင်တော့ တဲ့ နာဇီ အကျဉ်းစခန်းပြန် အဘိုးဖြစ်သူ ရဲ့ ခြောက်အိပ်မက်တွေကို အမွေရ ထား တဲ့သူ တယောက်။
သမိုင်းရဲ့ အရိပ်တွေ အောက်မှာ၊ မုန်းတီး နာကျင်မူတွေက ခပ်နည်းနည်း ၊ နားလည် စာနာမူ တွေကသာ များများ မြင်တွေ့ နေရတဲ့ ဆွေးနွေးခန်း မှာ ၊ တမူထူးခြား စိတ်ဝင်စားစရာ ကောင်းစွာ ပါဝင်လာတဲ့ နောက်တယောက်က ၊ ဆိုဗီယက် ယူနီယံ ကြီးကို ၊ နှစ်ပေါင်း ၃၀ အုပ်ချုပ်သွားခဲ့တဲ့ အာဏာရှင် သံမဏိလူသား
ကြီး Joseph Stalin ရဲ့ မြစ် ဖြစ်သူ Jacob Jughashvili ။ သူက လူကိုယ်တိုင် မလာပဲ ၊ဗွီဒီယို ကနေပြီး ပါဝင် ဆွေးနွေးသလို ၊ အသွင်အပြင် လေသံ ယူဆချက် တွေကပါ ၊ တခြားသူတွေ နဲ့ လုံးလုံး မတူ တမူ ကွဲ လျက် ။ ပုဂ္ဂိုလ်ရေး ကိုးကွယ်ခြင်း ကို အကြီးအကျယ် တည်ဆောက်ခဲ့တဲ့ အာဏာရှင်ကြီး စတာလင် ရဲ့ မျိုးဆက် အဖြစ် ထင်ထင်ရှားရှား မနေထိုင်ခဲ့ပေမယ့် ၊ သူ့ ရဲ့ မျိုးရိုးနာမယ်ကို တော့ စတာလင် ရဲ့ မူလ မျိုးရိုးနာမယ် အတိုင်း ဆက်ပြီး ယူထားလေတယ်။ ဆိုဗီယက် နဲ့ ယူကရိန်း မှာ လူပေါင်း တသန်းလောက် ပျက်စီး
သေကျေ ခဲ့ရတဲ့ တာဝန်ရှိမူတွေ ကို ၊ စတာလင်ရဲ့ မြေးက လက်မခံ ။ သူ့ အဘေးဟာ ပြည်သူ့ ၀န်ထမ်း
ကြီး လို့ သာ တွင်တွင် ပြောသည်။ ပရိသတ်ထဲ က ၀င်ဆွေးနွေးတဲ့ သမိုင်းပညာရှင် တွေ ရဲ့ စကားတွေကို မဲ့ရွဲ့ ပြစ်သည်။ ကွေးကောက် ပြစ်သည်။ ဒုတိယ ကမ္ဘာစစ်ကြီး မှာ ၊ ဟစ်တလာ ကို အပေးအယူ လုပ်ဖို့ ကြိုးစား ပေမယ့် ၊ နောက်ဆုံးမှာ ဆိုဗီယက် တပ်နီတော် ဟာ နာဇီ တွေကို အနိုင် တိုက်ပြစ် လိုက်ရတဲ့ ၊
သမိုင်းတွေ ကိုသာ ၊ ဇမ်းတင် ပြောနေ ခဲ့ ပြီး ၊ စစ်ကြီးအပြီး အာဏာစက် ပိုပြီး ပြင်းထန်ခဲ့တဲ့ ၊ သူ့ အဘေး ဟာ ၊ တကယ်တော့ တကိုယ်တော် အာဏာရှင် မဟုတ် ၊ ကွန်မြူနစ် ဗဟိုကော်မီတီ ၀င်တွေ အားလုံး
စုပေါင်း ဆုံးဖြတ် လုပ်ကိုင် ခဲ့ကြတာလို့ ၊ ချေပ သည်။ သူ့ အဘေး တယောက်ဖြစ်နေခြင်း ထက် ၊ စတာလင် ဆိုတဲ့ လူအဖြစ်နဲ့ ကြာလေ လေးစားလေ ပဲ လို့ တောင် ၊ မခိုး မခန့် ပြောသေးသည်။
အဖေ ဖြစ်သူ နာဇီကြီး အတွက် ၊ အရမ်း စိတ်ပျက်နေသူ နဲ့ ၊ အဘေး ဖြစ်သူ ကွန်မြူနစ် အာဏာရှင်ကြီး
အတွက် ၊ တမင် ဂုဏ်ယူပြနေသူ ၊ မျိုးဆက် နှစ်ယောက် ။ သူတို့ ရဲ့ စိတ်ခံစားချက် အစွန်း တွေ ကို ၊ ကြားခံ ပရိသတ် တွေ ရဲ့ ထင်မြင် သုံးသပ်ချက်တွေက ၊ ထိန်းညှိ ပေး နေလို့ သာ ။ ပရိသတ်တွေ ထဲက ပါဝင်
ဆွေးနွေးသူ တွေ ထဲ မှာလည်း ၊ ပညာရှင်တွေ ၊ နိုင်ငံရေးသမားတွေ ၊ နာဇီပါတီ နဲ့ နီးစပ်ပတ်သတ်ခဲ့တဲ့
တခြား မျိုးဆက်တွေ ၊ စတာလင်ကို လေးစား ယုံကြည် ခဲ့သူတွေရဲ့ သွေးသားတွေ ၊ စစ်ကြီး အတွင်းမှာ
မိသားစု ပျက် ၊ စိတ်ခံစားမူတွေ ခံစား ခဲ့ ရတဲ့ ၊ သိမ်းပိုက်ခံ နယ်မြေစုံ က သားသမီး မြေးမြစ်တွေ ၊ အတော်ပင် စုံလင် လှသည်။
ဆွေးနွေးဝိုင်း ရဲ့ ဒုတိယပိုင်း က ၊ အရှေ့ဖက် စစ်မျက်နှာကို ဖွင့် ခဲ့တဲ့ ၊ ဂျပန် စစ်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး တိုဂျို နဲ့ ၊ စစ်ကြီးကို အဆုံးသတ်ဖို့ ဆိုပြီး ၊ ဟီရိုရှီးမားကို အနုမြူဗုံး ကျဲ ခဲ့တဲ့ ၊ အမေရိကန် သမ္မတ ထရူးမင်း ရဲ့ မျိုးဆက် နှစ်ယောက် အလှည့် ဆိုတော့ ၊ အနောက်ဖက် စစ်မျက်နှာပြင်က လူကြမ်းကြီးတွေ ထက် ၊ ကိုယ်နဲ့ နီးနီးစပ်စပ် အရှေ့ဖက် စစ်မျက်နှာက ၊ ဇာတ်လိုက်ကြီးတွေ ရဲ့ အကြောင်းတွေကို ပိုပြီး စိတ်ဝင်စား မိ
ရ သည်။
ကျောင်း စ တက်တဲ့ နေ့ မှာပဲ ဆရာမ က ၊ မင်းက သမ္မတ ထရူးမင်း မြေးလား လို့ မေးတော့၊ သူ ဘာမှန်း သေချာ မသိတဲ့ အကြောင်း ၊ Clifton Truman Daniel က ရီရွှင်စွာ ပြောပြ နိုင်ခဲ့ပေမယ့် ၊ Hidetoshi Tojo ကတော့ ၊ ငယ်ဘ၀ တလျှောက်လုံး ကျောင်းမှာ အများရဲ့ အာရုံစိုက် ခံ ရပြီး ၊ ကြီးပြင်းခဲ့ တာကို ၊ စိတ်ပျက် ခဲ့ ရတယ် လို့ ဆိုတယ်။ ဒုတိယ ကမ္ဘာစစ် အတွင်းက ၊ ဂျပန် စစ်တပ်ကြီးရဲ့ ဖက်စစ် ကျူးကျော်မူ တွေ နဲ့ အတူ ၊ စစ်ရှုံးခဲ့သူ စစ်ဗိုလ်ချုပ်ကြီး တိုဂျို ရဲ့ အမည် ဟာ ၊ ဂျပန်နိုင်ငံ မှာ ၊ မပြောသင့် တဲ့ အရာ ၊ အညင်းပွားစရာ တခု အဖြစ် တောက်လျှောက် ရှိနေ သေးပေမယ့် ၊ ခု အချိန်မှာ တော့ ၊ သူဟာ သူ့ ရဲ့ မျိုးရိုး
နာမယ် အကြောင်းကို ၊ ပိုပြီး စဉ်းစား မိ လာသလို ၊ သူ့သား ကိုလည်း သူ့လိုပဲ ဆက်ပြီး စဉ်းစား စေချင်
တယ် လို့ ၊ ဗိုလ်ချုပ်ကြီး တိုဂျို ရဲ့ မြစ် ဖြစ်သူ က ၊ ဂျပန် ဘာသာစကား နဲ့ ထိန်းထိန်းသိမ်းသိမ်း ပြောသည်။
ဂျပန် စစ် ရှုံး ပြီမို့ ၊ အမေရိကန် စစ်ကောင်စီ အဖွဲ့ က အိမ်ကို လာ ၀ိုင်းတဲ့ အချိန်မှာ ၊ တိုဂျို ဟာ အရင်ဆုံး သူ့ ရဲ့ ဆုတံဆိပ် တွေ အကုန်လုံးကို မီးရှို့ ဖျက်စီး ခဲ့ပေမယ့် ၊ မိသားစု ဆွေစဉ် မျိုးဆက် ဇယား ကြီး ကိုတော့ ၊ အသေအချာ ဆက်ထိန်းထားဖို့ မိသားစု ကို အသေအချာ မှာ ခဲ့တယ် လို့ ၊ ပြောပြော ဆိုဆို ၊ သူ့ ကုတ်
အကျီ င်္ အိတ်ထဲမှာ ထဲ့ ယူလာတဲ့ ၊ ခန်းကြီး စကားလုံးတွေ နဲ့ စာရွက်လိပ်ကြီး တလိပ်ကို အားလုံး ရဲ့ ရှေ့ မှာ ဖြေ ချ ပြလေတယ်။ အာရှ ပစိဖိတ် ဒေသ က ဂျပန်စစ်တပ် ကြီး ရဲ့ ၊ ကြမ်းတမ်း ရက်စက် မူ တွေ အတွက် ၊ သူ့ အဘေး မှာ အပြစ် ရှိ - မရှိ ဆိုတာ ထက် ၊ နာကျင် ထိခိုက်ခဲ့ ရတဲ့ လူတွေ အားလုံးကို ၊ တောင်းပန်
ကြောင်းသာ ၊ ယဉ်ကျေး စွာ ပြောသွားခဲ့သည် ။ သူ့ရဲ့ ရှေ့ က ဖန်သားပြင် မှာ ဗွီဒီယို က တဆင့် ၀င်ရောက် ဆွေးနွေးနေတဲ့ ထရူးမင်း ရဲ့ မြေး ဒဲနီယဲလ် ကို လည်း ၊ အပြင်မှာ လူခြင်း တွေ့ ဆုံ ပြီး ၊ အနာဂါတ် အတွက် လမ်းမှန်တွေ ပေါ် အောင် ပူးပေါင်း ဆောင်ရွက် လို ကြောင်း ပြော သည်။
ဒဲနီယဲယ် ကတော့ ၊ အရင်တုန်းက သူဟာ မျိုးရိုး ဆိုတာထက် သူ့ ကိုယ်ပိုင်ဘ၀ နဲ့ သာ နေလိုခဲ့ ပေမယ့် ၊ အနုမြူ ဗုံး ဒဏ်သင့် မိန်းကလေး တယောက်ရဲ့ စာအုပ် ကို ဖတ်ခဲ့ရပြီးတဲ့ နောက်မှာ ၊ ဟီရိုရှီးမား သမိုင်း
မှတ်တိုင် ရှိရာကို ၂၀၀၄ ခုနှစ် မှာ ၊ အရောက် လာ ကြည့် ခဲ့ တယ်။ အဲ့ဒီနောက်တော့ အနုမြူ တားစီးရေး
အတွက် ၊ ရှေ့ဆောင် ဆော်သြ သူ တယောက် ဖြစ်လာ ခဲ့တယ် လို့ ဆိုတယ်။ အနုမြူ ဗုံး ကျဲဖို့ ဆုံးဖြတ်
အမိန့် ပေး ခဲ့တဲ့ သူ့ အဘိုး မှာ တာဝန် ရှိ မရှိ ဆိုတာထက် ၊ အနုမြူဗုံး ဒဏ် ခံ ခဲ့ရတဲ့ သူတွေ အတွက် ၊ တခုခု ဆက်လုပ်ပေးဖို့ တော့၊ သူ့ မှာ တာဝန် ရှိတယ် လို့ ခံစားရ ကြောင်း အလေးအနက် ပြော လေသည်။
ဝမ်းနည်း စိတ်ပျက်နေတဲ့ ဂျာမန် နာဇီကြီးရဲ့ သား ကို ၊ သူ့ဘေးမှာ ထိုင်နေတဲ့ ၊ ဂျူးအကျဉ်းသား တယောက် ရဲ့ မြေးဖြစ်သူ က ၊ ခွင့်လွှတ် နားလည်စွာ အားပေး နှစ်သိမ့် ခဲ့သလိုပဲ ၊ အခု ဒုတိယ ပိုင်း မှာ လည်း ၊
စစ်အတွင်းတုန်းက ဂုဏ်သတင်း ထင်ရှား ခဲ့ တဲ့ ဆရာဝန်ကြီးလည်း ဖြစ် ၊ ထိုင်း မြန်မာ မီးရထားလမ်း ချွေးတပ် စခန်းမှာ ၊ သတ္တိပြောင်မြောက်စွာ နဲ့ ရပ်တည် ရှင်သန် ခဲ့ သူလည်း ဖြစ်တဲ့ ၊ သြစတြေလျလူမျိုး စစ်သုံ့ပန်းကြီး Sir Edward Dunlop ရဲ့ သား ဖြစ်သူ John Dunlop က ၊ ဂျပန် စစ်သား တွေ ရဲ့ ၊ ကြမ်းတမ်း
ရိုင်းစိုင်းမူ တွေ အကြောင်း တဆင့်ပြန် ပြောပြ နေတာကို ၊ ကပ်ရပ် ခုံ မှာ ထိုင်နေတဲ့ ဂျပန် စစ်ဗိုလ်ချုပ်ကြီး ရဲ့ မြစ် ဖြစ်သူက ၊ တည်တည် ငြိမ်ငြိမ် နားထောင် ပေး နေ ခဲ့ သည်။
တကယ်တော့ ၊ ဒီ စကားဝိုင်း ဟာ ကြားနာပွဲ တခု နဲ့ တူနေပေမယ့် ၊ အမှား အမှန် ဆို တဲ့ ဒိုင်လူကြီး
မရှိပေ ။ တာဝန် ယူ မူ ဆို တဲ့ ၊ ပြစ်ဒဏ် သတ်မှတ် မထားပေ ။ အားလုံး ဟာ မတူညီ တဲ့ အမျိုးသားရေး
နောက်ခံ တွေ ကနေ လာကြ သည်။ ကွဲ ပြား တဲ့ အယူ ၀ါဒ တွေ ရှိ မည်။ မပြောပြ နိုင်တဲ့ ၊ သီးသန့်
ယုံကြည်ချက် တွေ ရှိ ကောင်း ရှိ မည်။ ဒါပေမယ့် အားလုံး ရဲ့ ဆုံမှတ် လက်ခံ နိုင်တဲ့ အနေ အထား တခု
ရောက်အောင် ၊ ပြောကြ ဆိုကြ နားထောင်ပေး ကြတယ်။ ( စတာလင် ရဲ့ မြစ် က လွဲ လို့ ပေါ့လေ ) အပိုင်း နှစ်ပိုင်း ခွဲပြီး ၊ သုံး နာရီ လောက် ကြာအောင် ပြောကြ ဆိုကြ ဆွေးနွေး ဖြေလျော့ ကြတဲ့ တလျှောက်လုံးမှာ ၊ ပြန်လည် သင့်မြတ်ခြင်း ရဲ့ အငွေ့ အသက်တွေ ကသာ ခပ်များများ လွှမ်းခြုံ နေ ခဲ့တယ်။
တကယ် ဆိုတော့ လည်း ၊ သူတို့တွေဟာ တာဝန်ယူ ရမယ့် သူတွေ မှ မဟုတ်လေ တာ ။ အမှား အမှန်ကို ရင်ဆိုင် ရမယ့် ၊ ကာယကံ ရှင် တွေ လည်းမှ မဟုတ် တာ ။ အမှား အမှန် တာဝန် တွေ အတွက် ၊ ဟစ်တလာ လည်း ၊ သူ့ ဖာသူ အဆုံး စီရင် သွား ခဲ့ ပြီ ။ ဂျာမန် စစ်ဗိုလ်ချုပ်ကြီး ဟန့်စ် လည်း ၊ နူရင်ဘတ် ခုံရုံးကနေ ၊ ကြိုးပေး ကွပ်မြတ် ခံ ခဲ့ ရ ပြီ ။ ဂျပန် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး တိုဂျို လည်း ၊ နိုင်ငံတကာ အရှေ့တိုင်း စစ်ခုံရုံးကနေ ၊ သေဒဏ် ပေး ခံ ခဲ့ ရ ပြီ ။ လုပ်ဖော် ကိုင်ဖက် ပေါင်း များစွာကို ၊ စတေး ပြစ်ခဲ့တဲ့ ဆိုဗီယက် အာဏာရှင်ကြီး စတာလင် လည်း ၊ နောက်ဆုံးတော့ အဆိပ်မိ သလိုလို နဲ့ ၊ ကိုယ်တိုင် စတေးခံ ခဲ့ ရသည်။ အမေရိကန် သမ္မတကြီး ထရူးမင်း လည်း ၊ အနုမြူ ဗုံးကြီးဟာ ၊ လူတွေ ရဲ့ အသက်ကို ကယ်ဖို့ ၊ စစ်ကြီးကို အပြီးသပ်ဖို့ လို့ ၊ ဘယ်လောက်ပဲ အကြောင်း ပြပြ ၊ ဒီလောက် ဆိုးဝါး ပြင်းထန် ခဲ့တဲ့ အဖြစ်ကြီး အတွက် ၊ သူ့လိပ်ပြာ က အတောင် မခတ်ပဲ တော့ နေခဲ့ မှာ မဟုတ် ။ လူတွေရဲ့ အသက်တွေကို ကယ်ဖို့ ၊ လူတွေကိုပဲ သတ်ပြစ်ခဲ့ ရ သတဲ့လား ။ တကယ်ဆို ၊ ခုံရုံး တကာ့ ခုံရုံး တွေ ထဲ မှာ ၊ လိပ်ပြာခုံရုံး က ၊ ရင်ဆိုင်ဖြေရှင်း ဖို့ အခက်ခဲဆုံး ဖြစ်မှာပါ ။
ဒုတိယ ကမ္ဘာစစ် အနှစ် ၇၀ ပြည့် အထိမ်းအမှတ် အထူး အစီအစဉ် ကို ကြည့်ပြီး သွားတော့ ၊ ထုံးစံ အတိုင်း ၊ အတွေးတွေ ထဲ နစ် ရင်း ၊ မနှစ် ဆီ တုန်းက ၊ ကြည့်ဖြစ် လိုက်တဲ့ ၊ ဒုတိယ ကမ္ဘာစစ် နောက်ခံ အဖြစ်မှန် ရုပ်ရှင်ကားလေး တခု ကိုပါ သတိရ သွား မိသည်။
ရုပ်ရှင် ဆုပေါင်း များစွာ ဇကာတင် အရွေးခံ ရ တဲ့ ၊ The Railway Man ဆိုတဲ့ ၊ ရုပ်ရှင်ဟာ ၊ Lomax ဆိုတဲ့ အင်္ဂလိပ် စစ်အရာရှိငယ် တယောက် ရဲ့ ကိုယ်တွေ့ အဖြစ်မှန်တွေ ကို အခြေခံ ပြီး ဟောလိဝုဒ် အကျော်
အမော် တွေ နဲ့ ရိုက်ကူးထား တာပါ ။ အရှေ့ ဖက် စစ်မျက်နှာ မှာ ၊ စင်ကာပူ ခံတပ်ကြီး ကျ သွားတော့ ၊
အင်္ဂလိပ် စစ်သုံ့ပန်း တွေကို ၊ ထိုင်း မြန်မာ မီးရထားလမ်း ဖောက်ဖို့ ချွေးတပ် အဖြစ် အသုံးချသည်။
အင်္ဂလိပ် စစ်ဗိုလ် လေး ဟာ ၊ ချွေးတပ် အလုပ်စခန်း မှာ ၊ ကောက်ရ တဲ့ ရေဒီယို အစုတ် ကလေး တလုံး နဲ့ အလုပ်ရှုပ် ရင်း ၊ သူလျှို သတင်းပေး လို့ စွပ်စွဲခံ ရပြီး ၊ ဂျပန် ကင်ပေတိုင် စုံထောက် တွေရဲ့ ၊ ဖမ်းဆီး နှိပ်စက် ခြင်းကို ၊ ပြင်းပြင်းထန်ထန် ခံရတယ်။ သူ့ကို စစ်ဆေး နှိပ်စက် တဲ့ အခါတိုင်း ၊ နည်းတွေပြောင်း လူတွေ
ပြောင်း ပေမယ့် ၊ မပြောင်းလဲ တဲ့ တယောက်တည်းသော စကားပြန် ဂျပန် စစ်ဗိုလ် ကို ၊ သူ အသဲစွဲ အောင် မှတ်မိ နေခဲ့တယ် ။ စစ်ကြီး ပြီး လို့ ၊ အသက်မသေ ကျန်ခဲ့ကြပေမယ့် ၊ သူတို့ တွေ အားလုံး ၊ စိတ်အနာတရ တွေ အပြည့် နဲ့ ၊ ကျန်ရှိနေတဲ့ ဘ၀ သက်တမ်း ကို ခြောက်အိပ်မက်တွေ ကြားထဲ ဖြတ်သန်း နေ ခဲ့ ကြ ရ တယ်။ သူ့ သူငယ်ချင်း တယောက်က တော့ ၊ ကောက်ကာ ငင်ကာ သတ်သေ သွားသည် ။ စစ်ကြီး ပြီး ၄၅ နှစ် လောက် အကြာ ၊ သတင်းစာ တစောင် မှာ ပါလာတဲ့ ၊ ဂျပန် စစ်ပြန်အဘိုးကြီး တယောက် ရဲ့ ပုံ ကို ၊ တခြား သူငယ်ချင်း တယောက်က လာပြတော့ ၊ သူ ကောင်းကောင်း မှတ်မိ သည်။ စပိုင် လို့ မဖြေ မချင်း သူ့ ပါးစပ်ထဲကို ရေတွေ ပုံး လိုက် လောင်းချ ခိုင်းတဲ့ ဂျပန် စကားပြန် တာကာရှီ က ၊ ထိုင်း နယ်စပ် မှာ ၊ စစ်အကျဉ်းတိုက် ပြခန်း တခု ဖွင့် ထားတယ် ဆို ပါပေါ့ ။
သူ့ တကိုယ်လုံးမှာ ဒဏ်ရာ ဒဏ်ချက်တွေ ပြည့်နှက် နေခဲ့ ရ တဲ့ ၊ ထိုင်းမြန်မာ နယ်စပ် ကို စိတ်ဒဏ်ရာတွေ အပြည့် နဲ့ သူ အရောက် ပြန်လာခဲ့ တယ်။ တာကာရှီ ရှိ နေတဲ့ ၊ စစ်သုံ့ပန်း ပြတိုက် ထဲကို တယောက်
တည်း ၀င်သွား တယ်။ သူ အရမ်း မုန်းတီး ခဲ့တဲ့ ဂျပန် စကားပြန်ကြီး ရှေ့မှာ ၊ လွန်ခဲ့တဲ့ ၄၅ နှစ်က ၊ ပြခွင့် မရ လိုက်တဲ့ ဒေါသ နဲ့ အမုန်းတွေ ကို ၊ အကုန် သွန်ချ ပြစ်လိုက်တယ် ။ ပြခန်း ရဲ့ ရှေ့မှာ ပုံစံတူ ပြန်လုပ်ထားတဲ့ ၊ ရက်ပေါင်းများစွာ အစာငတ်ခံ နေပူလှန်း ခံ ခဲ့ရတဲ့ ၊ ခွေးအိမ် ပုပုလေး ထဲ ကို ၊ ဂျပန် အဘိုးကြီး ကို ဆွဲ ခေါ် လာပြီး ၊ ပိတ်လှောင် ထားလိုက်တယ်။ သူ့ အမုန်းတွေ ကုန်ချင် မှ ကုန် သွားပေမယ့် ၊ သူ့ ခါးသက်မူ တွေ တော့ ၊ သက်သာသွား ခဲ့သည် ထင့် ။
တာဂါရှီ ဟာ၊ သူ့ အပြစ်တွေကို ဖြေနိုင် ဖို့ အတွက် ၊ ထိုင်းနိုင်ငံကို အကြိမ်ပေါင်း ၆၀ လာ ရောက်ခဲ့ ပြီး ၊ ဒီ
ပြခန်း ကို သူ့ကိုယ်ပိုင် ငွေ နဲ့ ဖွင့်လှစ် ခဲ့တယ်။ အဲ့ဒီ နောက်ပိုင်းမှာ တာကာရှီ မသေဆုံးမီ ၂၀၁၁ ခုနှစ်ထိ ၊ သူတို့ နှစ်ယောက် ဟာ ၊ မိတ်ဆွေ ရင်း တွေ ဖြစ်သွား ကြတယ် လို့ ၊ စာတွေ မှာ ဖတ် ရသည်။ ခါးသက်တဲ့ အတိတ်တွေထဲက နေပြီး ၊ ပြန်လည် သင့်မြတ်ကြဖို့ ဆိုတာ ၊ မေ့ပြစ်လိုက်ယုံ နဲ့ မပြီးဘူး ။ သည်းခံ လိုက်ယုံ နဲ့ မရဘူး ။ ခွင့်လွှတ်လိုက်ယုံ နဲ့ လည်း မဖြစ်နိုင်ဘူး ။ မုန်းတီးနာကျင်မူ အရှိတရား တွေကို ၊ အရှိအတိုင်း
ကျော်ဖြတ်ပြီးမှသာ ရင်ကြားစေ့ နိုင်တာ လို့ ၊ ဒီ ရုပ်ရှင်လေးက ၊ ပြောပြ နေသလိုပဲ ။ တကယ် ဆိုတော့ ၊ သူတို့ နှစ်ယောက်ဟာ ၊ စစ် ရဲ့ သားကောင် တွေ ထဲက သားကောင် လေးတွေ ပဲလေ ။ တိုဂျို တို့ ဟစ်
တလာ တို့ လို ၊ စစ်ကြီးတပွဲ ကို ၊ ဖန်တီး ဦးဆောင် ဆုံးဖြတ် သူတွေ မဟုတ်ပေဘူးကိုး ။
သွေးမျိုးဆက် စကားဝိုင်း ထဲက စတာလင်ဝါဒီ မိသားစု ၀င် တယောက်က တော့ ၊ သူသေ ကိုယ်သေ စစ်ပွဲ ကြီးတွေ ၊ အာဏာလု ပွဲ ကြီး တွေမှာ ၊ လူတွေဟာ လူစိတ် တခြမ်း ပျောက်ကုန် တတ် ကြ တာပဲ လို့ ၊
ဆင်ခြင်ပြ သည်။ တမိသားစု လုံး ပျောက်ဆုံး သွား တဲ့ ၊ ပိုလန် အဘိုးကြီး ကတော့ ၊ တယောက် အမှား တယောက် ၀န်ချ ပြီး ၊ တယောက် စကား တယောက် နားထောင် ပေး တာဟာ ၊ အကောင်းဆုံး ကုစား
နည်း ပါပဲ လို့ ၊ မျက်ရည်ဝဲ နေတဲ့ မျက်လုံးတွေ နဲ့ ပြော သည် ။ သူ့ အဖေ နာဇီ ကြီးကို မုန်းတီး စက်ဆုပ်
တယ် ဆို တဲ့ ဂျာမန် ကြီးကလည်း ၊ သူ့ အိပ်ကပ် ထဲ မှာ အမြဲ ထဲ့ ထားတဲ့ ၊ ကြိုးစင်ထက်က ဓါတ်ပုံ ကို
ထုပ်ပြ ပြီး ၊ သူ့ အဖေ သေသွားပြီ ဆိုတာ ကို တခါတလေ မယုံနိုင်ဘူး လို့ ခေါင်းခါ သည် ။ စတုတ္တမျိုးဆက် ဂျပန်ကြီးကို ကြည့်ရတာတော့ ၊ စစ်အတွင်းက ဂျပန် စစ်သားတွေ ရဲ့ ၊ ရိုင်းစိုင်း ကြမ်းတမ်းမူ တွေ ကို၊ လက်ခံ တောင်းပန် လင့် ကစား ၊ သူ့အဘိုး စစ်ဝန်ကြီးချုပ် တိုဂျို ဟာ ၊ စစ်ရာဇ၀တ်ကောင် တယောက် အစား ၊ စစ်ရှုံးသူ တယောက် အဖြစ်သာ ၊ လက်ခံချင် ပုံ ရသည်။ အာရှကုန်းမြေ ကြီးပေါ်က အနောက်တိုင်းသား အုပ်စိုးမူတွေ ကို ဖယ်ရှားပေးမယ့် ၊ အာရှတိုက် သာတူညီမျှ ကောင်းစား ရေး ၀ါဒ ကို ကာကွယ် ချင်သေး ပုံ ရသည်။ ဒုတိယ ကမ္ဘာစစ်ကြီးကို အမှီပြု ပြီး ချမ်းသာ လာတဲ့ အမေရိကန် ကရော ၊ အဲ့ဒီတုန်းက တကယ့်ကို မဟာမိတ် သက်သက်ပဲ လား ။ တရားသော စစ် ဆိုတာ တကယ် ရှိ နိုင်ပါ့ မလား ။
သမိုင်းက ရှုပ်ထွေးလှ သည်။ အပြစ်ကြွေး သံသရာတွေ က ရှည်လျား ချင်စရာ ။ ဒါပေမယ့် ၊ လက်ရှိ ကမ္ဘာ့
နိုင်ငံရေး အခြေအနေတွေက တော့ ၊ ကပြောင်း ကပြန် ဖြစ်နေလေပြီ။
ဂျပန် တွေကို တိုက်ထုပ်ဖို့ ၊ တရုတ်အကူအညီ ယူခဲ့ ရဘူး တဲ့ ၊ အမေရိကန် မဟာမိတ် တွေ က ၊ အခုတော့ ဂျပန် နဲ့ မဟာမိတ်ပြန် ပြုပြီး ၊ တရုတ် ကို အားပြိုင်နေရ လေပြီ ။ စစ်ရှုံးစာချုပ်အရ၊ အမေရိကန် ရဲ့ ဖိအား
ကြောင့် နှစ်ပေါင်းများစွာ ငုတ်လျှိုး နေခဲ့ရတဲ့ ၊ ဂျပန် စစ်တပ်ကြီးကို၊ ဒေသတွင်းမှာ ပြန်လည် သက်ဝင် အင်အားရှိလာ ဖို့ ၊ အမေရိကန် ကပဲ ပြန်ပြီး အားပေး လာရသည်။ ခေတ်သစ် တရုတ်ပြည် ကြီးကလည်း ၊
အနှစ် ၇၀ ကြာ မှ ၊ ဒုတိယ ကမ္ဘာစစ် ကြီး အတွင်းက ၊ အမေ့လျော့ခံ မဟာမိတ် အဖြစ် ၊ အနောက် ၀င်ရိုး
တန်း နိုင်ငံတွေ နဲ့ အပြိုင် ၊ သမိုင်း တနေရာ ယူဖို့ ဇာတ်ကြောင်းပြန်ပြ လာ သည်။ အနှစ် ၇၀ အတွင်း ၊ တခါဖူး မှ မလုပ်ခဲ့ တဲ့ ၊ ဂျပန်ကို အောင်နိုင်ခြင်း အခမ်းအနားကြီးကို ပထမ ဆုံး အကြိမ် ၀ှဲချီးကျင်းပရင်း ၊ စစ်အင်အား ဗလတွေ ထုပ်ပြ လာ သည်။ အမြဲတမ်း ရန်သူ ၊ အမြဲတမ်း မိတ်ဆွေ မရှိ ဆိုတဲ့ အယူအဆ ကို ၊ နိုင်ငံတကာ ဆက်ဆံရေး တွေ မှာ ၊ ပိုပြီး ခံတွင်း တွေ့ လာ ကြသည်ပေါ့ ။ တကယ်ဆိုတော့ ၊ ဗမာပြည်က ဗိုလ်ချုပ်
အောင်ဆန်း သည်ပင် ၊ အဲ့ဒီတုန်းက ဂျပန် နဲ့ ပေါင်း ပြီး အင်္ဂလိပ်ကို တော်လှန် ၊ ၂ နှစ် အတွင်း အင်္ဂလိပ် နဲ့
ပြန်ပေါင်းပြီး ဂျပန်ကို တိုက်ထုတ် ဆိုတဲ့ အလှည့် အပြောင်းကို ၊ အားလုံး အံ့သြရအောင် ကစား ပြ သွား ခဲ့ သည်ပဲ ။
တခါတလေ တော့ လည်း ၊ သမိုင်းထဲက အဖြစ်တွေသည်၊ အမှား အမှန် မရှိပဲ ၊ ယူဆချက် တွေ အဖြစ်နဲ့သာ ၊ အဆုံးသပ် သွားတတ်ကြ သည်။ သူ့ ခေတ် သူ့ အခြေအနေက အဆုံးအဖြတ် တွေသည် ၊ ယခုခေတ် ယခု အခြေအနေ နဲ့ အံဝင် စံကိုက် ဖို့ ဆိုတာလည်း ၊ သိပ် မဖြစ်နိုင် ဘူး မဟုတ်လား ။ နည်းလမ်းက ဘယ်လိုပဲ
ဖြစ်ဖြစ် ရလာဒ် သည် သာ အဓိက ဆိုတဲ့ ဗျူဟာ သည် ၊ စစ်ရေး နိုင်ငံရေး တွေမှာ ၊ လက်တွေ့ ကျ တဲ့ ရွေးချယ်မူ တခု ဖြစ်လာနေတာတော့ သေချာသည်။ အဲဒီလို ရွေးချယ် ကြ တဲ့ အခါ ၊ တချို့တွေ အတွက်တော့ ၊ အမျိုးသားရေး - နိုင်ငံကောင်းစားရေး ဆိုတာတွေကို မျက်နှာမူ ပြီး ၊ ကိုယ့်အလံ တွေကို ရုတ်သိမ်းလိုက် ကြ ရတာမျိုးတွေ ရှိမည် ။ အများ သဘော ကြောင့် ၊ ကိုယ့် မူ- အယူအဆ တွေ ကို ၊ မြှုပ်နှံ ပြစ် လိုက် ရတာ မျိုးတွေ လည်း ၊ အများကြီး ရှိခဲ့ ပေမည် ။ သမိုင်း ဆိုတာကို တဦး တဖွဲ့ တအုပ်စုက မူပိုင် ပြု လို့ မရ နိုင်ပေ
မယ့် ၊ သမိုင်း မတင် တဲ့ သမိုင်းကျန် တွေ ကတော့ ရှိဆဲ ရှိမြဲပင် ။
စစ်ဖက်ခြင်း ရန်ဖက်ခြင်း ၊ ဗျူဟာကောင်းလို့ ၊ စားပွဲပေါ်မှာ ပူးပေါင်း သင့်မြတ် သွားကြပြီ ဆိုရင် တော့၊ ဟိုး
အောက်ဆုံးက အစတေး ခံရသူ တဦးခြင်း ၊ မျိုသိပ်ခဲ့ ရသူ တယောက်ခြင်း ၊ နစ်နာရသူ မျိုးဆက် တခုခြင်းစီ အတွက် ၊ သမိုင်းကျန်တွေ ထဲ မှာပဲ ၊ ကိုယ့်သမိုင်း နှင့် ကိုယ် ရင်ကြားစေ့ ကြရဖို့သာ ။ တကယ်တော့လည်း ကိုယ့်လိပ်ပြာ နဲ့ ကိုယ် ရင်ကြားစေ့ နိုင်ဖို့ ကသာ ၊ အရေးကြီးဆုံးပဲ မဟုတ်လား ။
(ကိုးကား- Bloodline. Insight Program at SBS. Australia.)
ကေသွယ်
၆ - ၁၈ စက်တင်ဘာ ၂၀၁၅
Weekly Eleven 29-09-2015
Labels: International , Movies , Printed
ကြယ်ကြွေတာ ကင်ဆာတဲ့လား . . .
ကြယ်ကြွေတာ ကင်ဆာတဲ့လား . . .
နာနာကျင်ကျင် အဲဒီ စကားလေး တခွန်း ဟာ ၊ အ၀န်း အ၀ိုင်း တခု အတွင်းမှာ ၊ အတော်လေး ရိုက်ခတ် မြည်ဟိန်း ခဲ့ ဖူးတယ်။
ကိုယ်တိုင်က အဲ့ဒီ အ၀န်းအ၀ိုင်း ရဲ့ ၊ မနီး မဝေး မှာ ကြီးပြင်းရင်း ၊ သတင်း ၀ရင်း တွေ ကို အမြဲ ကြားနေ ခဲ့ ရသူ ဆို တော့ ၊ အဲ့ဒီ ကြယ်ကြွေ တဲ့ သတင်းကြီးကိုပါ ၊ မှတ်မှတ် ထင်ထင် ရှိနေခဲ့တယ်ပေါ့ ။ ဆယ်တန်းအောင်ပြီး နယ်မှာပဲ သောင်တင် ကျောင်းတွေ က မဖွင့်၊ ညဖက်ဆို မီးတွေ ပြတ် ၊ အိမ်ရှေ့ မှာ ကားရပ်သံလား နားစွင့် နေ ကြ ရတဲ့ ၊ အချိန်ကာလ တခုမှာ ၊ ဖယောင်းတိုင် အလင်းရောင် နဲ့ ရေဒီယို တလုံးဆီမှာ အာရုံတွေ စုရုန်း ညိမ်သက် တတ်ကြ ရင်း ၊ ကြယ်တွေ ကြွေတဲ့ သတင်းတွေ ၊ စ ပြီး ကြား ရ တော့တာပဲ ။
ပထမ ဆုံး အနေနဲ့ ၊ ၈၈ အလုပ်သမား ခေါင်းဆောင် ဖြစ်ခဲ့တဲ့ ၊ အဖွဲ့ ချုပ်ရဲ့ အမာခံ တယောက် ဖြစ်တဲ့ ဦးမောင်ကို ၊ အညှင်းပန်း အနှိပ်စက် ခံ ရင်း ထောင်ထဲမှာ သေဆုံးသွားပြီ ဆိုတဲ့ သတင်းဆိုး ကို ၊ ကြားရတယ်။ ဖခင် ဖြစ်သူ ရဲ့ ၊
မျက်နှာဟာ ၊ စိုးရိမ်မူ တမျိုး နဲ့ ၊ လေးနက် လို့ လာနေ ပေမဲ့ ၊ ကိုယ်ရောက်နေတဲ့ ခေတ်အခြေအနေ အလားအလာ
တွေကို ၊ ဂ ဃ နဏ မမှန်းဆ တတ်သေးတဲ့ ၊ ဆယ်ကျော်သက် တယောက် အနေနဲ့ တော့ ၊ ညတိုင်း နားထောင်နေ ရတဲ့ ၊ မကောင်းသတင်းတွေထဲက ၊ သတင်းဆိုး တပုဒ် အတွက် ဆို့ နင့် တတ်ဖို့ပဲ သိခဲ့တယ် ။
မျက်နှာဟာ ၊ စိုးရိမ်မူ တမျိုး နဲ့ ၊ လေးနက် လို့ လာနေ ပေမဲ့ ၊ ကိုယ်ရောက်နေတဲ့ ခေတ်အခြေအနေ အလားအလာ
တွေကို ၊ ဂ ဃ နဏ မမှန်းဆ တတ်သေးတဲ့ ၊ ဆယ်ကျော်သက် တယောက် အနေနဲ့ တော့ ၊ ညတိုင်း နားထောင်နေ ရတဲ့ ၊ မကောင်းသတင်းတွေထဲက ၊ သတင်းဆိုး တပုဒ် အတွက် ဆို့ နင့် တတ်ဖို့ပဲ သိခဲ့တယ် ။
အဲဒီ အချိန်က ရွေးကောက်ပွဲ ကြီး ကို ၊ အောင်ပွဲ ခံ ပြီးသွား လို့ ၊ ဂန္ဓီ ခမ်းမ အစည်းအဝေး နဲ့ ဖခင် ဖြစ်သူလည်း အလုပ်တွေ ရှုပ်နေချိန် ။ နိုင်ငံရေး အခြေအနေ တွေက ၊ ရှုပ်ရှုပ်ထွေးထွေး ။ အိမ်မှာလည်း ဧည့်သည်တွေ ပြတ်တယ် မရှိ ။ ဦးမောင်ကို ရဲ့ သတင်းဆိုး အပြီး ၊ သိပ်မကြာ ဘူး။ ခရမ်း လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဝင်း ထောင်ထဲမှာ သေ သွားပြန်ပြီ တဲ့ ။ ရေဒီိယို ကို ပိတ်လိုက်ချိန်မှာ ၊ ဖေဖေ့ တောက်ခေါက်သံ ဟာ ကျယ်လောင် လှ တယ်။ ကျောင်းသား သမဂ္ဂ ရဲ့ ၊ ဆဲဗင်း ဂျုလိုင် ရဲဘော် တယောက်တော့ ကျ ဆုံးပြန် ပြီ တဲ့ ။ အဲဒီ ကတည်းက ခရမ်းဦးတင်မောင်ဝင်း ဆိုတဲ့ ပုဂ္ဂိုလ်တယောက် ကို စိတ်ထဲ စွဲ နေခဲ့တယ် ။ ပိုပြီး စွဲ ရတာက ၊ သူ့ အိမ်ထောင်ဖက် ဟာ ၊ ငွေတာရီ မဂ္ဂဇင်းတွေထဲမှာ ၊ နှစ်နှစ်သက်သက် ဖတ်ခဲ့ရတဲ့ စာရေးဆရာမ ခင်လှိုင်ကြူ ဖြစ်နေတာ လည်း တချက် ၊ နောက်ပြီး အဲ့ဒီတုန်းက တဆည ပါတီက ၀င်ပြိုင်တဲ့ သူ့ အကိုအရင်း ဖြစ်သူ နဲ့ ခရမ်းတမြို့ နယ် တည်းမှာ ၊ မဲဆန္ဒနယ် တခု တည်းကနေ ၊
ယှဉ်ပြိုင်ခဲ့တယ် ဆိုတဲ့ စိတ်ဝင်စား စရာ ပြောစကားတွေ ကိုလည်း ကြားဖူး ထားတာ လည်း တချက်ပေါ့ ။
ယှဉ်ပြိုင်ခဲ့တယ် ဆိုတဲ့ စိတ်ဝင်စား စရာ ပြောစကားတွေ ကိုလည်း ကြားဖူး ထားတာ လည်း တချက်ပေါ့ ။
မဲလိုက် မှောင်လိုက် ၊ ရွာလိုက် ချူန်းလိုက် ၊ ကြမ်းလိုက် ထန် လိုက် ရာသီဥတု တွေ နဲ့ ပဲ ၊ နှစ်များစွာကို ကျော်ဖြတ် လာခဲ့ပြီး သကာလ ၊ အခုလို စာအုပ်တွေ လွတ်လွတ်လပ်လပ် ထုတ်ဝေ လို့ ရ လာတဲ့ နိုင်ငံရေး နေသာသာ မှာ ၊
ဇနီးဖြစ်သူ ဆရာမ ခင်လှိုင်ကြူ ရဲ့ “လွမ်းလေသမျှ” ဆိုတဲ့ စာအုပ်ကလေး ထွက်လာတယ် ဆိုတော့ ဖတ်ချင် နေမိရော ။ အဆင်ပြေချင်တော့ ဖေ့စ်ဘွတ်က နေ တဆင့် မိတ်ဖွဲ့ သိကျွမ်းခဲ့ ရတဲ့ ၊ သူတို့ ရဲ့ သမီး ဖြစ်သူ ၀တ်မှုံ ကြောင့် ၊
စာအုပ်ကလေး ကို ၊ အန်တီကြူ ကိုယ်တိုင် လက်မှတ်ထိုး ပေးတာလေးကို ရ ခဲ့ တယ်။
လက်ထဲ ရောက်နေတဲ့ စာအုပ်ကလေးကို မှတ်မှတ်ရရ ၊ ဆဲဗင်းဂျုလိုင် နေ့ မှာ အသေအချာ စဖတ်ဖြစ်တယ်။ ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂကြီးကို ၊ အင်မတန် တွယ်တာ လေးမြတ် ကြတဲ့ ၊ ကျောင်းသား မျိုးဆက် တခု ဟာ ၊ ၁၉ ၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ … အတိအကျ ပြောရရင် ၈ ရက်နေ့ မှာ ၊ မျက်ရည် ဖြိုင်ဖြိုင် ကျကြတယ် ဆိုတဲ့ အကြောင်းတွေ ကို ၊ ငယ်ငယ်တည်းက ယဉ်ပါး ကြားဖူး နေခဲ့ ပေမဲ့ ၊ ဒီ စာအုပ်ဖတ် တော့ ထပ်ပြီး ခေါင်းတညိတ်ညိတ် ဖြစ် ရပြန် တယ်။ ဖြို ဖျက် ဖောက်ခွဲ ခံ လိုက်ရတယ် ဆိုတဲ့ ၊ သမဂ္ဂ အဆောက်အဦ ကြီးကို ၊ သူတို့ တွေ ဘာလို့ များ အဲဒီလောက် သံယောဇဉ် ကြီးရတာလည်း လို့ ၊ နောက်မျိုးဆက် တခုထဲက နေ ၊ ပြန်လှည့် ကြည့်ပြီး ၊ အံ့သြ ရ တယ်။ တကယ်တော့ ရုပ်ပိုင်းဆိုင်ရာ အဆောက်အဦ တခု ဆိုတာထက် ၊ ကိုလိုနီ နယ်ချဲ့ လွတ်မြောက်ရေး တိုက်ပွဲ ကတည်းက ၊ ရှင်သန် နိုးကြား နေ ခဲ့တဲ့ ၊ ကျောင်းသား နိုင်ငံရေး ဆိုတဲ့ ၊ စိတ်ဓါတ် အဆောက်အဦ ကြီးကို ၊ ထိုးခွဲ
ခြေမွ ပစ်လိုက်တာ ကိုး ။ အဲဒီကတည်းက ၊ စစ်တပ် နဲ့ ပြည်သူ ကြားက စည်း ကလည်း ၊ ထူထဲ မဲနက် သွားခဲ့ပြီး ၊ အက်ကြောင်းတွေ လိုက် လာခဲ့ တော့တာ ပဲလေ။
သမဂ္ဂ အဆောက်အဦ ကြီး ရဲ့ အပိုင်းအစ တွေ တစစီ လွင့်စင် သွားခဲ့သလို မျိုး ၊ ဆဲဗင်းဂျုလိုင် ၀ိညဉ် စိတ်ဓါတ် တွေ လည်း ၊ တနေရာစီ တနယ်အဝေးတွေ ဆီ လွင့်စင် သွားလိုက်ကြတာ နှစ်ပေါင်း နှစ်ဆယ် အစိတ် ။ ဒီကြားထဲမှာ
အကြိမ်ကြိမ် ကုန်းရုန်းထ ကြတဲ့ အခါတိုင်းပဲ ၊ အကြိမ်ကြိမ်ပဲ ဖြိုခွဲ ခံ ရ ပြန် ။ ဒါပေမဲ့ အချိန်တန်လို့ နိုင်ငံရေး နာရီ
လက်တံ ကြီးက ၊ ညွှန်ပြ လာတဲ့ အခါ မှာ ၊ တတိုင်းတပြည်လုံးက ၊ လက်သီး လက်မောင်း တွေ နဲ့ အတူ ၊ ပိုပြီး
ရင့်ကျက် တဲ့ အသွင်သဏ္ဍန်တွေ နဲ့ ၊ ပိုပြီး လေးနက် တဲ့ ခံယူချက်တွေ နဲ့ ၊ သူတို့ မျိုးဆက်တွေကိုပါ အပါခေါ်ပြီး မြန်မာ့ နိုင်ငံရေး အခင်းအကျင်း ထဲကို ပြန်လည် ၀င်ရောက် လာခဲ့ ကြ တယ်။
ဒီ စာအုပ် ထဲ မှာလည်း ၊ မိဘ လက်ငုတ် လက်ရင်း ၊ ဆန်စက်လုပ်ငန်း ကို ပြန်ပြီး ဦးစီး လုပ်ဆောင် နေခဲ့တဲ့ ၊ ဦးတင်မောင်ဝင်း ဟာ ၊ နှစ်ပေါင်း နှစ်ဆယ် လောက် အတွင်းမှာ ၊ သူ့ ရဲ့ နဂိုမူလ ယုံကြည် ရပ်တည်ချက် တွေအတိုင်း နေထိုင် ခဲ့ရင်း ၊ သူ့ အလုပ်သမားတွေ ရဲ့ လေးစား အားကိုးမူ ၊ သူ့ မြို့သူ မြို့သား တွေ ရဲ့ ၊ ယုံကြည် အပ်နှင်းမူ ကို ရယူ နိုင်ခဲ့တယ် ။ ရှစ်ဆယ့်ရှစ် အလွန် ပထမဆုံး အကြိမ် ရွေးကောက်ပွဲ ကြီး မှာ ၊ ခရမ်းမြို့ ရဲ့ လွှတ်တော် ကိုယ်စားလှယ်
အဖြစ် ၊ အကိုအရင်း ဖြစ်သူ ဗိုလ်မှူးဟောင်း ဦးဇော်ဝင်း နဲ့ ယှဉ်ပြီး ၊ အနိုင် ရ ခဲ့တယ်။ မဲဆန္ဒနယ် မတူအောင် ပြိုင်ရင် လည်း ရပါရက် နဲ့ ၊ အကိုကြီးဖြစ်သူ ကလည်း ဒီမြို့မှာ လူရိုသေတဲ့ မဲရ နိုင်တဲ့ လူ ကြီး တယောက် ဖြစ်နေတာကြောင့် ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အကျိုး အတွက် ၊ တမင်ကိုပဲ ၊ ကျေးဇူးရှင် အကိုကြီးကို ၊ အတိုက်အခံ ပြု ပြီး ၊ ယှဉ်ပြိုင် ခဲ့ ရတယ် လို့ ဆိုတယ် ။ တကယ်လို့များ မြန်မာပြည် ဒီမိုကရေစီ ရရှိဖို့ အရိုးတွေ တောင်လိုပုံမယ် ဆိုရင် ၊ အရိုး
တောင်ပုံ ရဲ့ အောက်ဆုံးမှာ ကျွန်တော့ အရိုး ရှိရပါစေမယ် . . . ဆိုတဲ့ မဲဆွယ် မိန့်ခွန်းဟာ ၊ သူ့ ရဲ့ အနာဂါတ်ကို နမိတ်
ဖတ် နေခဲ့သလို ၊ သူ့ ရဲ့ ပိုင်းဖြတ်မူ ကိုလည်း ၊ ရဲရင့် စေ ခဲ့တယ်။
အဲ့ဒီ အချိန် ရှစ်ဆယ့် ရှစ် ကာလ အလွန် မှာ ၊ အိမ်ကို အလည်မဟုတ်ပဲ ရောက်လာခဲ့တဲ့ ၊ မီးခိုးရောင် အကျီ င်္ နဲ့
လူကြီး တယောက်ကိုလည်း ခုထိ မျက်စိ ထဲက မထွက် ခဲ့ဘူး ။ သူ့ ဆံပင် တွေက ၊ အကျီ င်္ အရောင်ထက် ပိုပြီး ၊ မီးခိုးရောင်မှာ အဖြူ တွေ ခပ်များများ စွက်နေတယ်။ ကော်ကိုင်းမျက်မှန် အမဲ ရောင် အောက်က ၊ မျက်လုံးတွေ ကလည်း ၊ မီးခိုးရောင် မှိုင်းနေသလိုပဲ ။ တက္ကသိုလ်မှာ တုန်းက ၊ ကျောင်းသားနိုင်ငံရေး အတူ လုပ်ခဲ့ ကြတဲ့ ၊ ဖေဖေ့ သူငယ်ချင်း ဦးညိုဝင်း က ၊ သူတို့ ထောင်မဲ့ ပီသုံးလုံး ပါတီ အတွက် ၊ နယ်တွေ ဆင်းပြီး ဖေဖေ့ကို လာခေါ်တာ တဲ့ ။ ဒါပေမဲ့ ၊ ဖေဖေ က ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်မှာ ပဲ ၊ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ခေါင်းဆောင်မူ ကို နာခံ ဖို့ ၊ ဆုံးဖြတ် ထားခဲ့ပြီး ဖြစ်နေတာကြောင့် ၊ လက်စွဲ နှုတ်ဆက်ပြီး ပြန်သွားတဲ့ ၊ အဲဒီ မီးခိုးရောင် မှိုင်မှိုင်း လူကြီးကို ၊ စိတ်ထဲမှာ ဘာလို့လဲ မသိ ၊ သနား နေ မိ ခဲ့ တယ်။ သူများကို မသနား ရ ဘူးလို့ ၊ ငယ်ငယ်တည်းက ၊ ဖေဖေက ခပ်နာနာ သွန်သင်လေ့ကျင့် ပေးခံ ခဲ့ ရပေမဲ့ ၊ ရင်ထဲက သနား တာကိုတော့ သနားတယ် လို့ ပဲ ပြောရတော့မယ် ။
တကယ်တော့ အဲဒီ အချိန် ၊ ၉ ၀ ရွေးကောက်ပွဲ အတွက် ၊ ပါတီ တွေ အပြိုင်းအရိုင်း ထောင်ကြ တဲ့ အချိန် မှာ ၊ ပီသုံးလုံး ပါတီ ဟာလည်း ၊ ဦးညိုဝင်း ၊ ဦးခင်မောင်မြင့် ( တေးသံရှင် ကိုသန်းလှိုင် အကို ) ၊ ဦးလှရွှေ ( တကသ ဥက္ကဌဟောင်း ) တို့ လို ဒေါင်ဒေါင်မြည် ဂျုလိုင်ဝိညဉ် တွေ ရဲ့ နာမယ်တွေ နဲ့ အတူ ၊ သီးသန့် ပါတီ တခု ဖြစ်လာခဲ့တယ်။ မကြာပါဘူး ၊ အဖွဲ့ ချုပ် လို ဒီရေမြင့် အောင်ပွဲ ရ ထား တဲ့ ပါတီ တခု ကိုတောင်၊ အလေးမထား တဲ့ ၊ စစ်အစိုးရ ဟာ ၊ ဒေါင်ဒေါင်မြည် တွေကို ၊ အကျဉ်းထောင်တွေထဲ ၊ ဆွဲ ထဲ့ တော့တာပေါ့ ။ အမှောင်ထဲက အမှောင်ဆုံး အချိန်တွေ လို့ပဲ ပြောရ မလား ။ ထောင်ဝင်စာ ကောင်းကောင်း မရ ၊ စစ်ကြောရေး ပဲ ကောင်းကောင်းကိုင် တဲ့ ၊ စစ် ထောက်လှမ်းရေး အာဏာစက် အောက် မှာ ၊ ကြယ်တွေ တပွင့် ပြီး တပွင့် ကြွေ တော့တယ်။ ကိုယ့်ကိုကိုယ် သတ်သေတယ်တဲ့ ။ ကင်ဆာ တဲ့ ။ ရောဂါကုမရ တော့ တဲ့ ။ စုံလို့ပါပဲ ။ အချိန် အစဉ်လိုက်တွေ သေချာ မမှတ်မိတော့ပေမဲ့ ၊ အဲဒီ အမှောင်ဆုံး အချိန်မှာ ကြွေခဲ့တဲ့ လူတွေကို မှတ်မိသလောက် ဆိုရင် - ဦးမောင်ကို ၊ ဦးတင်မောင်ဝင်း ၊ ဦးညိုဝင်း ၊ ဦးခင်မောင်မြင့် ၊ ပထ၀ီ တင်သိန်းမောင် ၊ ဗိသုကာ ဦးကျော်မင်း ၊မုံရွာ ဦးတင်ရွှေ ၊ ဦးအောင်မေသု ၊ ဦးလှသန်း ၊ စာရေးဆရာ မောင်သော်က ( ဦးဘသော်) ။
![]() |
| နိုင်ငံရေးသမားများ ၏ နောက်ဆုံးနေ့ မြင်ကွင်းများ - လေးကိုတင် |
အိမ်မှာ ရှိတဲ့ ၊ ဖေဖေ့ ရဲ့ ကျောင်းသား သမဂ္ဂရှေ့က အုပ်စု ဓါတ်ပုံလေး ထဲက ၊ တချို့ နာမယ်လေးတွေ ရဲ့ နောက်မှာ ကွင်းစ ကွင်းပိတ် နဲ့ ( တောတွင်းကျဆုံး ) ဆိုတာလေး တွေ မြင်တိုင်း စိတ်ထဲ နင့်နင့် နဲနဲ ခံစားရမြဲ ။ ဓါတ်ပုံထဲ မှာ အားလုံးဟာ နုတ်ခမ်းပါးတွေကို တင်းတင်းစေ့ လို့ သပ်သပ်ရပ်ရပ် နုနုနယ်နယ် ။ ဒီလို အရွယ်ကောင်း ပညာတတ် လူငယ်လေးတွေ ၊ တောတွင်းမှာ ကျဆုံး ရတဲ့ ၊ တရားခံ က ဘာလဲ ဆိုတာ တွေးလေ အဖြေမထွက်လေ ဖြစ်ခဲ့ရတယ် ။ ခုတော့ - တောတွင်း တင် မက ၊ ထောင်တွင်း ပါ ကျဆုံး ရ တဲ့ ၊ သူ့ မိတ်ဆွေ အရွယ်ကောင်းကြီး တွေ အတွက် ၊ စိတ်မကောင်း ဖြစ်နေတဲ့ ဖေဖေ့ကို ၊ ဘာမှ ထပ်မမေးမိအောင်ပဲ နေ ရတယ် ။ ဦးညိုဝင်း သတင်း ကြားတဲ့ ည က ဆို ၊
ဖေဖေ ဟာ ၊ တညလုံး မအိပ်ပဲ ဆေးလိပ် ထိုင်သောက်နေခဲ့တာ ကို ၊ မှတ်မိနေတယ်။
အခု ၊ လွမ်းလေသမျှ ကို ဖတ်တော့ ၊ အဲဒီ မိသားစု တွေထဲက ၊ မိသားတစု ရဲ့ ခံစားချက် တွေကို နင့်နင့်နဲနဲ အတွင်းကျကျ မြင်ရလေတယ် ။ အဲဒီ အချိန်က အကျဉ်းကျခံ နိုင်ငံရေး သမား တွေ ရဲ့ မိသားစု ဘ၀ တွေဟာ ၊ ဘယ်လောက် ခက်ခဲ ခဲ့မယ် ဆိုတာ ၊ မှန်းဆကြည့်လို့ တောင် ရ နေမှတော့ ၊ ကာယကံ ရှင်တွေ အတွက် တော့ စာဖွဲ့ လို့ လည်း
ပြည့်စုံ လိမ့် မည် မဟုတ်တော့ ။ ဆရာမ ခင်လှိုင်ကြူ ကလည်း ၊ ဒီ စာအုပ်ကို ရေး ဖို့ ၊ သူ့ အတွက် အရမ်းကို စိတ်ပင်ပန်းစွာ အားထုပ် ခဲ့ ရ တယ်လို့ ဆို တယ်။ အိမ်ကနေ ခေါ်သွားပြီး ၊ ဘယ်ရောက်လို့ ရောက်နေမှန်းမသိ ၊ ဘာသတင်းမှ မကြားရ ။ ကြားရပြန်တော့ ၊ နေမကောင်းဖြစ်နေတဲ့ ဆေးဝယ်ခိုင်းတဲ့ စာရွက်ကလေး တရွက် သာ ။ လိုအပ်တဲ့ ဆေးဝါးတွေကို ပေးလိုက်ရပေမဲ့ လည်း ၊ ကာယကံ ရှင် လက်ထဲ ရောက်လား မရောက်လား မသေချာ ။ နောက်ဆုံး ရနိုင်မဲ့ အကူအညီ တွေ မျိုးစုံ တောင်းပြီး ၊ ခင်ပွန်းသည် ရှိနိုင်မဲ့ ၊ အကျဉ်းထောင်ကြီး ဆီ ၊ အမောတကော . . . ဇော တွေ နဲ့ ရောက် ပြီး စောင့်ဆိုင်း နေတဲ့ အချိန် မှာ ၊ ကြားလိုက် ရ တဲ့ သတင်းက ၊ မနေ့ ကပဲ ဆုံးသွားပြီ မို့ ၊ ရေခဲတိုက် ကို လိုက်ခဲ့ဖို့ - တဲ့ ။ အိမ်က အကောင်းအတိုင်း ထွက်သွားပြီး ၊ နှစ်လ ဆိုတဲ့ အချိန်လေး အတွင်းမှာ ၊ ပိန်ချုံး နေတဲ့
ခင်ပွန်းသည်ကို ၊ ခေါင်းတလား ထဲ မှာ ၊ ပြန် တွေ့ ရ တဲ့ ၊ ဇနီးသည် တယောက် ရဲ့ ၊ ခံစားချက် ။ နာရေး ကြော်ငြာ ထဲ့ပုံ ထဲ့ နည်းက အစ ၊ ဈာပန အစီအစဉ် မကျန် ၊ အုတ်ဂူမှာ နာမယ်ထွင်းထု တာ အဆုံး ၊ ထိန်းချုပ် ကန့်သတ် ခံ ခဲ့ ရတဲ့ ၊ မိသားတစု ရဲ့ ၊ နာကြင် မျိုသိပ်ခဲ့ ရ မူတွေ ။ ထောင်အရာရှိ တွေ က ၊ ကင်ဆာ ကြောင့် သေတာ လို့ ဆိုသည်။ သူမ ရဲ့ ခင်ပွန်းသည် ဆီကို နှစ်လ အတွင်း ရောက်လာခဲ့တဲ့ သူမ ဘယ်တုန်းကမှ မသိ ခဲ့တဲ့ ကင်ဆာ ဆိုတာကြီးကို ၊ နာကျင်လှစွာ ရွတ်ဆိုခဲ့တဲ့ သူမ ရဲ့ နောက်ဆုံး နှုတ်ဆက် စကား လေး က ၊
ကြယ်ကြွေတာ ကင်ဆာတဲ့လား ... ကင်ဆာ ကျဆုံးပါစေ .... တဲ့ ။
အထူးသဖြင့် ၊ ဆယ်တန်း စာမေးပွဲ ဖြေဖို့ ၃ လ ပဲ လိုတော့တဲ့ ၊ သမီးကြီး ဖြစ်သူ ရဲ့ ၊ စိတ် အနာတရ တွေကို ၊ အရွယ်တူ ခြင်း ၊ သူ့နေရာမှာ ၀င်ပြီး ကိုယ်ချင်းစာ ကြည့်ယုံ နဲ့ တင် ၊ ခက်ခဲ ပင်ပန်း လှ ပြီ ။ ထောင်အရာရှိ တွေ အားလုံး ရှေ့ မှာ ၊ နံရံ ပေါ်က ၊ ဦးနေ၀င်းကြီး ရဲ့ ဓါတ်ပုံကြီး ကို ၊ လက်ညှိး ထိုးပြီး ၊ ဒီလူကြီးကြောင့် ကျမ အဖေ သေတာ လို့ ၊
ပေါက်ကွဲ အော်ဟစ် ငိုယို ခဲ့တဲ့ ၊ ၁၅-၁၆ နှစ် အရွယ် ကလေးမ လေး တယောက် နဲ့ အတူ လိုက်ပြီး ကြေကွဲ တုန်လှုပ်လို့ ။ စိတ်ဒုက္ခ ခံစားနေရ တဲ့ မိခင်ကို ၊ ဖေးမ အားပေး နိုင်ခဲ့တဲ့ ၊ ဆယ်ကျော်သက် မိန်းကလေး တယောက် ရဲ့ ၊ စွမ်းရည်ကို လည်း မအံ့သြ ပဲ မနေနိုင် ။ ဒါတောင် ဆယ်တန်းကို ဂုဏ်ထူး ၅ ခု နဲ့ အောင် အောင် ဖြေပြ နိုင်ခဲ့တဲ့ ၊ ၀တ်မှုန် ကို ၊ ကျိတ်ပြီး ချီးကျူး နေမိတယ်။
ဆရာကြီးတင်မိုး ရဲ့ ဦးတင်မောင်ဝင်း အတွက် ဂုဏ်ပြု ကဗျာလေး ထဲက “ လွမ်းလေသမျှ” ဆိုတဲ့ စာသားကလေး ကို ယူထားတာ နဲ့ လိုက်ဖတ်အောင်ပဲ ၊ ဆရာမ ခင်လှိုင်ကြူ ရဲ့ ၊ ခံစားချက်တွေ ဟာ ၊ နာကျင်မူတွေကြားထဲကနေ ၊ အတိတ်လှလှ လေးတွေ ကိုလည်း ၊ ပြန်ပြောင်း ရောယှက် လွမ်းဆွတ် ထားလေတယ်။ ဆရာမ ရဲ့ ၊ မေတ္တာ ဖွဲ့ ၀တ္တုလေး တွေကို ၊ ပြန်ပြီး သတိရ စေ တဲ့ ၊ အပိုင်းတွေ လို့ပဲ ပြောရမယ်။
စာအုပ်ရဲ့ မျက်နှာဖုံးက ၊ ပန်းချီ ရွှေစိုးဟန် ရဲ့ ၊ လက်ရာ ဦးတင်မောင်ဝင်း ပုံတူ ကို ၊ စာအုပ်ဖတ်ကာစ က ၊ အမူမဲ့
အမှတ်မဲ့ ပေမဲ့ ၊ ဒီပုံတူ ဟာ ၊ ဦးတင်မောင်ဝင်း သက်ရှိ ထင်ရှား ရှိစဉ်ကတည်း ၊ ခင်မင်လေးစားမူ နဲ့ အမှတ်တရ ဆွဲပေးခဲ့တဲ့ ၊ အဓိပ္ဗါယ် ဖွင့်ဆို မထားတဲ့ ပုံလို့ ဆိုတာကြောင့် ၊ စာအုပ် ဖတ်အပြီးမှာ ၊ အသေအချာ ပြန်ကြည့် ဖြစ်တယ်။ ပြောသလိုပဲ ၊ အစက်အပြောက်တွေ နဲ့ ပုံဖော် ထားတဲ့ ၊ ဦးတင်မောင်ဝင်း ရဲ့ ၊ နှုတ်ခမ်းပါးပါး တွေ ထဲမှာ ၊ အတိတ် သမိုင်းရဲ့ သက်သေ တချို့ကို ၊ မြင်ရတယ်။ တစွန်းတစ ပဲ ဆွဲထားတဲ့ ကြယ်ဝါ၀ါ ကြီး ထဲမှာ ၊ အနာဂါတ် ရဲ့ မသေချာမူ တွေက ၊ ကွက်လပ် ဖြစ်နေ သေးတယ်။
ဒီ စာအုပ်လေး အကြောင်းကို ၊ တခုခု ရေးမယ် လို့ ၊ စ ထားပြီး ၊ ချက်ခြင်း အဆုံး မသတ် နိုင် ခဲ့ဘူး ။ အခု လို ၊ သမိုင်း နာရီ လက်တံ ကြီး ၊ နောက်တပတ် ထပ်တရစ် တိုး ပြန်လို့ ၊ မြန်မာ့ ဒီမိုကရေစီ ရွေးကောက်ပွဲ ကြီး နောက်တခု
လည်း ၊ အသစ်တဖန် ပြန်စ တော့မယ် ဆိုတဲ့ အချိန် မှာ ၊ အတိတ်က နာကျင်စရာ သမိုင်းတွေကို ၊ အဆုံးသတ် ရ တော့မလား လို့ ၊ တွေဝေ နေလျက်က ၊ ဒီ စာလေးကို လည်း အဆုံးသတ် ဖြစ်တော့တယ် ။
တံတားကြီး အောက် ကတော့ ၊ ရေတွေ စီးသွား ခဲ့ ပါပြီ ။ ကမ်းနဖူးက စိမ်းမြ ရွက်သစ်တွေ ဖားဖားဝေ အောင် ဖုံးနေတဲ့ အပင်ကြီး ကို လှမ်းငေး ရင်း ၊ ဦးတင်မောင်ဝင်းပေါင်း များစွာ ရဲ့ အရိုးတွေ အတွက် ၊ ကျေးဇူး တွေ အထပ်ထပ် တင်နေမိ တယ်။
ကေသွယ်
၂၈ ဇူလိုင်
ဆက်စပ် ဖတ်ရန်- လွမ်းရက်ရှည်ရှည်
ကြယ်ကြွေတာ ကင်ဆာတဲ့လား . . .
သပိတ်မှောက်ကျောင်းသား စိုးထွန်း
စိုးထွန်းကား မျိုးချစ်စိတ် ရှိ၏။ တိုင်းရေး ပြည်ရေး ဆောင်ရွက်လို၏။ သို့သော် ဘီအေ ဆိုသော ဘွဲ့ကလေးကို လိုချင်သေး၏။ တိုင်းရေး ပြည်ရေး လိုက်ရာဍ် ၀မ်းရေးရှာဖို့ ရှေ့နေ လုပ်ရန် ဘီအယ်လ် ကိုလည်း အောင်ချင်သေး၏။ ထို့ကြောင့် သပိတ်လှန်ရန်ကိုပင် လိုလားနေလေ ၏။
စိုးထွန်း သပိတ်လှန် ချင်သော အကြောင်းက ၊ ဤမျှလောက် တော့ ကျဉ်းမြောင်းလိမ့်မည် မထင်။ ဘာကြောင့် ပြောနိုင်သနည်း ဆိုရင် စိုးထွန်းဆိုသော သပိတ်မှောက် ကျောင်းသား သည်၊ နောင် ဆယ်နှစ်ခန့် ကြာတဲ့ အချိန်မှာ ၊ ဗိုလ်ချုပ်အောင်ဆန်း အဖြစ်နဲ့ ၊ မြန်မာပြည်ကြီးကို လွတ်လပ်ရေးရ အောင် ၊ ဆောင်ကျဉ်းပေး နိုင် ခဲ့သူ ဖြစ်နေခဲ့ လို့ ပင် ။
ဗိုလ်ချုပ်အောင်ဆန်း - ဦးအောင်ဆန်း- မောင်အောင်ဆန်း အား ၊ စိုးထွန်း အဖြစ် ဇာတ်ရုပ်ခြယ်ထားသော ၊ သပိတ်မှောက်ကျောင်းသား ၀တ္တုကို ၊ လူ အတော်များများ ကြားဖူးကြပေမည်။ ဖတ်ဖူးကြပေမည်။ သို့ပေမင့် ၊ စာရေးသူ ဦးသိန်းဖေမြင့် နှင့် ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ကြားက ၊ မတူညီလှတဲ့ နိုင်ငံရေး အဆင်အပြင် ( သို့ မဟုတ်) သပိတ်မှောက်ကျောင်းသား ညိုထွန်း နဲ့ ကျောင်းသားသမဂ္ဂ အမူဆောင် စိုးထွန်း တို့ အကြား ရပ်တည်ချက် မသိမသာ ကွဲပြားသွားပုံကို ၊ စိတ်ဝင်တစား တွေးဆ ကြည့် မည့် သူ တော့ သိပ်များလှမည်မထင်။
ရှစ်လေးလုံး အရေးတော်ပုံကြီး အပြီးမှာ ၊ သိန်းဖေမြင့် ရဲ့ သပိတ်မှောက်ကျောင်းသား ၀တ္တု ကို လူငယ်တွေ ပြန်ရှာ ဖတ်ကြသည်။ ၁၅ နှစ်သား အရွယ်မှာ ပထမပိုင်းကို ဖတ်လိုက်ရပြီး တခါတည်း စွဲသွားတယ် ဆိုတဲ့ ဖခင်ဖြစ်သူ ရဲ့ ၊ တရိုတသေ သိမ်းထားတဲ့ ပ-ဒု အတွဲလိုက် စာအုပ်ကလေးကို ၁၇ နှစ်အရွယ် ယောင်နန လူငယ် တယောက် အနေနဲ့ သူများတွေ ဖတ်လို့ လိုက်ဖတ် ကြည့်ဘူးသည်။ အခု အသက် ၄၀ ကျော် အရွယ်မှာ ကျောင်းသား သပိတ် စစ်ကြောင်းတွေ ရန်ကုန်မြို့ကြီး ဆီ ၊ ဦးတည် ချီတက်လာကြတော့ အဲဒီ စာအုပ်ဝါ၀ါ ကျင့်ကျင့်လေး ကိုပဲ ၊ အသက် ၈၀ ကျော် ဖခင်ကြီး ဆီက ပြန်တောင်း ဖတ်မိ ပြန်သည်။ ဒီ စာအုပ်ကို ရေးသား ပြုစု ခဲ့သူ ဦးသိန်းဖေမြင့် သည်ပင် ၊ ဗိုလ်ချုပ်အောင်ဆန်း နဲ့ အတူ ရာပြည့် လောက် ပြီပေါ့ ။
“ဗိုလ်ချုပ်ရာပြည့်ပွဲ” ဆိုတာ အတွက် ဗိုလ်ချုပ်အောင်ဆန်း ဆိုတဲ့ ပုဂ္ဂိုလ်တယောက်ရဲ့ သမိုင်းကြောင်း သမိုင်းကောင်း တွေကို ရှာဖွေ ဖော်ထုပ် ရေးသား နေကြတဲ့ အချိန်မှာ ၊ တိုက်ဆိုင်လှစွာပဲ ၊ သပိတ်မှောက်ကျောင်းသား စိုးထွန်း ကို ပြန်လည် ရှာတွေ့ မိသည်။ ချီးပ ဂုဏ်မြှောက်မူတွေ မပါသေးတဲ့ စိုးထွန်း ရဲ့ ပကတိ အသွင်ကို မြင်ယောင်ကြည့်မိသည် ။သူ့ နဲ့ ခေတ်ပြိုင် သူငယ်ချင်းတွေ ရဲဘော် ရဲဘက်တွေ ရဲ့ ကြားမှာ ၊ သာမန် တက္ကသိုလ်ကျောင်းသားလေး တယောက်အဖြစ် ယှဉ်ထိုး ချင့်တွက် ကြည့်မိသည်။
ဝတ္တု ဆိုပေမဲ့လို့ ၊ သမိုင်းမှတ်တမ်း တခုလောက် နီးပါး ၊ ခိုင်ခံ့ လှတဲ့ စာကြောင်းတွေ ကြားထဲမှာ ၊ စိုးထွန်း ဆိုတဲ့ နာမယ် ကို ၊ စိတ်ဝင်တစား လိုက် ရေတွက်မိတော့ ၊ စုစုပေါင်းမှ ဆယ်နေရာ ထက် မပို ။
စိုးထွန်းဆိုသော ကျောင်းသားကို ပထမဆုံး တွေ့လိုက်မိသည်က ၊ ပုဂံကျောင်းဆောင် သဟာယ နဲ့စာဖတ် အသင်း ရဲ့ ဥက္ကဌ ရွေးပွဲ မှာ ဖြစ်သည်။ ပိုးလုံချည် သုံးပင်ရစ် ကို ရော့ရီးရီး စီးလို့ ၊ စွပ်ကျပ် နဲ့ အပေါ်အကျီ င်္သာ ၀တ်ထားတဲ့ စိုးထွန်း ဟာ ၊ ကိုလှဖေ ကို ဥက္ကဌ အဆိုသွင်းဖို့ ၊ အတိုက်အခံ ပြောဆို နေလေသည်။ မဲခွဲကြတော့ ကိုလှဖေ ပင် ဥက္ကဌ ဖြစ်လာသည်။ ပွဲအသိမ်းမှာတော့ အဆောင်မှူး တားမြစ်နေတဲ့ ကြားကပင် ၊ “ နောင်ဥဒါန်း ဘယ်မကြေစရာ . . ရာဇ၀င်မှာဖြင့် စာအထင်အရှား . . .” လို့ စိုးထွန်းက စ’ တိုင်လိုက်တော့ “ ဒါ.. တို့ဗမာ ” လို့ အားလုံးက လိုက်ဆိုကြသည်။ အဲဒီလို နဲ့ ၊ စိုးထွန်းတယောက် အမူဆောင် ကျောင်းသား ဖြစ်လာလေသည်။ ဥက္ကဌ ကိုလှဖေ နဲ့ တတွဲတွဲ ဖြစ်လာသည်။ ညိုထွန်း တို့ ညိုမြ တို့ နဲ့ လည်း အဖွဲ့ ကျ လာသည် ။ တင်မောင် တို့ ကိုမြ တို့ လို သမဂ္ဂ အမူဆောင် တွေ နဲ့ ပါ ရင်းနှီး စုဝေး လာကြ ရင်း တိုင်းပြည် အနာဂါတ် အတွက် လေးနက် သထက် လေးနက် လာကြ တော့ သည်။
နောက်တော့ ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂထုတ် အိုးဝေ မဂ္ဂဇင်း ရဲ့ အယ်ဒီတာ တယောက် အဖြစ် နဲ့ ၊ သမိုင်းစာမျက်နှာထဲ ကို တန်းတန်းမတ်မတ်ကြီး ခုန်ဆင်း လာခဲ့ တော့သည်။ ရယ်သံ တဟီဟီ နဲ့ အပေါင်းအသင်းတွေက ချစ်ကြ နိုင် စား ကြတဲ့ ညိုမြ ရဲ့ လက်စောင်း ထက်ထက် ဆောင်းပါး တပုဒ်ကြောင့် အယ်ဒီတာ စိုးထွန်း ကျောင်းထုတ် ခံ ရတဲ့ အချိန်မှာ သမဂ္ဂ ဥက္ကဌ ကြီး ကိုနု က လည်း သူ့ရဲ့ ဘီအေ ဘွဲ့ ကို ပြန်အပ် ဖို့ ဆိုတာတွေ အကြောင်းစုံ လာသည်။ လိပ်ခဲ တည်းလည်း ဖြစ်နေတဲ့ အခြေအနေ မှာ ပဲ ၊ သူတို့ အားလုံး စာမေးပွဲ မဖြေ သပိတ်မှောက် ဖို့ ဆုံးဖြတ်ချက် ချ လိုက်ကြတော့သည်။ သပိတ်မှောက် ကျောင်းသား များ သမိုင်းကို ရေးကြပြီ။ လွတ်လပ်ရေး အတွက် စတင် ကြတော့ပြီ ။
သပိတ်စ မှောက်ပြီ ဆိုကတည်းက စိုးထွန်းကို စာလုံးတွေ ကြားထဲမှာ ၊ မျက်ခြေမပြတ် လိုက်ကြည့်မိသည်။ ဘွိုင်ကောက်တာ ကောင်စီ မှာ ကျောင်းသား ကိုယ်စားလှယ်တွေ အပြင် သမဂ္ဂ အလုပ်အမူဆောင် အဖွဲ့ ကိုပါ ထဲ့ ဖို့ ၊ အားမာန်ပါပါ ၀င်ရောက် ဆွေးနွေး ခဲ့ ပြီး ၊ အဲဒီနောက်ပိုင်းတော့ ၊ စိုးထွန်းကို သိပ်မတွေ့ ရ ပြန် ။ ကိုမြ ၊ ကျော်သိန်း ၊ လှဖေ ၊ တင်မောင် ၊ တို့ ၊ စကားတွေ အများကြီး ပြောကြ ငြင်းကြ ခုံကြ ပေမဲ့ ၊ စိုးထွန်း သိပ်မပါ ။ ညိုထွန်း နဲ့ နောက်ပိုင်း အတွဲ များလာတဲ့ ဖေခင် သည်ပင် ၊ စိုးထွန်း ထက် ပို ဗျာများနေ ဟန်။ ခေါင်းဆောင်ပိုင်းတွေ ဖြစ်တဲ့ ကိုနု တို့ ဘနားဂျီး တို့ နားမှာလည်း စိုးထွန်းကို သိပ်မတွေ့ မိ ။ ဘာပဲဖြစ်ဖြစ် တချက် တချက် စာရေးသူ သရုပ်ဖော် လိုက်တဲ့ စိုးထွန်း ရဲ့ ဟန်ပန် သရုပ်ကတော့ ၊ အားပါမြဲ ။
ရွှေတိဂုံ ဘုရားပေါ်မှာ ၊ သပိတ်စခန်း ဖွင့်ထားတဲ့ ကျောင်းသားသပိတ် က ၊ သုံးလ ကျော် လေးလ ထဲ ၀င်လာလို့ ၊ အိမ် ခဏ ပြန်ကြတဲ့ သပိတ်မှောက် ကျောင်းသူတွေပင် ၊ ပြန်လာကြပြီ ။ အာဏာပိုင်တွေက ဖက်ကလည်း ၊ သပိတ်လှန် ဖို့ ညှိုနှိုင်း အပေးအယူ လုပ်လာကြပြီ။ ကိုနု တို့ ဘနားဂျီး တို့ စိုးထွန်း တို့ က ၊ သပိတ်လှန်လို ပြီ။ ဘွဲ့ ရလု ရခင် ဖြစ်နေ ပြီ ဖြစ်တဲ့ ကိုမြ လည်း ၊ သူ့ ရည်မှန်းချက်တွေ အတွက် ကျောင်းပြန် တက်ချင်ပြီ။ သို့ပေမဲ့ ၊ လှဖေ ၊ ဖေခင် နဲ့ ညိုထွန်း တို့က ၊ မလှန်ရေးချ မလှန် ။ ကျော်သိန်းကတော့ ဟိုဖက်လိုလို ဒီဖက်လိုလို ။ တင်မောင်က လည်း ဝေခွဲ မရ ။ ဒီနေရာမှာ ၊ ညိုထွန်း ကောက်ချက်ချ သလို ၊ စိုးထွန်း သပိတ်လှန် ချင်တာ ၊ ဘီအေ အောင်ဖို့ ၊ ဘီအယ် ဆက်တက်ဖို့ အတွက် သက်သက်လား ။
ကျုပ်လည်း မှောက်ချင်တာပါပဲ ၊ ဘယ်သူ ကျုပ်တို့ ထက် စိတ်ပါအုံးမလဲ ၊ ဒါပေမဲ့ ခု အားနည်းတော့ မဖြစ်ဘူး ၊ ကျုပ်တို့ ခု မလှန်ရင် ဘယ်လောက် အကျိုးပျက်သွားမလဲ ၊ ဘယ်လောက် နစ်နာပြီး ၊ နောင် ဗမာပြည်ကို အကျိုး မဆောင်နိုင်ဘဲ ရှိမှာဘဲ …. ဆိုတဲ့ စိုးထွန်း ရဲ့ ချေပ သံ ထဲမှာ ၊ လွတ်လပ်ရေး အတွက် တိုက်ပွဲ ၀င်ဖို့ စစ်ပညာ ရှာဖွေ စစ်အင်အား စုဆောင်းခဲ့တဲ့ ဗိုလ်တေဇ ရဲ့ ၊ အားမန် တွေ ကို မြင်ရသည်။ ဖက်စစ် ဂျပန်ကို ပြန် တိုက်ထုတ်ဖို့ အတွက် ၊ အင်္ဂလိပ် နဲ့ ၊ မဟာမိတ် ပြု ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ၊ ဗျူဟာ အချိန်အဆ တွေကို သဘောပေါက်ရ သည်။ ဗမာပြည် ကြီး ပြန်လည် ထူထောင်ဖို့ အတွက် ၊ လူမှန် နေရာမှန် ခွဲခန့် စီမံ နိုင် ခဲ့တဲ့ ၊ ဦးအောင်ဆန်း ရဲ့ အလိမ္မာကို လှစ်ဟ ပြနေလေသည်။
တကယ်တော့ ၊ ၁၉ ၃၆ ခု ကျောင်းသားသပိတ် အလွန် တနှစ် ကျော် လောက် အကြာမှာ ရေးသား ဖြန့် ချီ ခဲ့ တဲ့ ၊ သပိတ်မှောက်ကျောင်းသား စာအုပ်ထဲ မှာ ၊ စိုးထွန်း ရဲ့ အခန်းကဏ္ဍ သည် ကိုနု တို့ ဘနာဂျီ တို့လောက် အရေးမပါလှ ။ ကိုမြ ၊ လှဖေ တို့ ကျော်သိန်း တို့ ထက် လည်း ပိုပြီး မထူးခြားခဲ့ ။ ညိုထွန်း ၊ ဖေခင် တို့ နဲ့ ဆိုလျှင် ကွဲပင် ကွဲပြားနေခဲ့ သေးသည် ။ သို့ပေမဲ့ ၊ နောင် ဆယ်နှစ် လောက် အတွင်းမှာ ၊ အဲဒီ သူငယ်ချင်း တွေပဲ ဖြစ်တဲ့ ဦးနု ၊ ဦးရာရှစ် ၊ ဦးကျော်ညိမ်း ၊ တို့ လို နိုင်ငံရေးသမား ကြီးတွေ ထက် လူချစ် လူခင် ပိုများ . . . ဦးဖေခင် ၊ ဦးအုန်း ၊ ဦးသီဟန် တို့ လို ၊ နိုင်ငံ့ ဂုဏ်ဆောင် အဆင့်မြင့် အရာရှိ ကြီးတွေထက် ပို ပေါက်မြောက် . . . ဦးသိန်းဖေမြင့် ၊ ဦးညိုမြ တို့လို စာရေးဆရာ သတင်းစာဆရာကြီးတွေ ထက် ပို ရှေ့ရောက် . . . ဗိုလ်လက်ျာ တို့လို ရဲဘော် သုံးကျိပ်ဝင်တွေ ရဲ့ ခေါင်းဆောင် တယောက် ဘာကြောင့် ဖြစ်ခဲ့ ရသလဲ ။
ဗိုလ်ချုပ်အောင်ဆန်း လို့ ကျမ တို့ အားလုံး ၊ အားရ ပါးရ အမည်တပ်ခေါ်ကြတဲ့ ထိုပုဂ္ဂိုလ်ဟာ ကြမ်းတမ်းတယ် ၊ အကြံကြီးတယ်၊ သူပုန်စိတ် ရှိတယ် လို့ သူကိုယ်တိုင် ၀န်ခံ ရေးသားခဲ့သည်။ လွတ်လပ်မူ အတွက် ပုန်ကန်လိုတဲ့ ၊ သူ တယောက် ဟာ ၊ လက်နက် စစ်အင်အားကို အားပြုရသည်။ ဗမာ့ ကာကွယ်ရေး တပ်မတော်မှာ စစ်ဦးစီးချုပ်ကြီး ဖြစ်လာတဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ၊ လူတွေ ဘာလို့ အားကိုး ချစ်ခင်ကြတာလဲ ။ စစ်ဝတ်စုံ ၀တ် ၊ ဓါးလွယ်ချိတ်နဲ့ မြင်းကြီး စီး ပြီး လွတ်လပ်ရေး ကို ကြံဆောင် တိုက်ယူနိုင်ခဲ့ခြင်း က အကြောင်းရင်းခံ ဖြစ်နေမလား လို့ ကျမ သံသယ ၀င်မိသည် ။ စစ်ဝတ်စုံ ကို ချွတ်ပြီး ၊ တောင်ရှည် ခေါင်းပေါင်း နဲ့ ပါလီမန် ထဲ ၀င်ခဲ့တဲ့ ဦးအောင်ဆန်း ကို ရော ၊ နိုင်ငံ တနံ တလျားက တိုင်းရင်းသား လူမျိုးစု တွေက ၊ ယုံယုံကြည်ကြည် သစ္စာနှင်း ခဲ့တာပဲ မဟုတ်လား ။ ဒါပေမဲ့ ကံ အကြောင်းမလှ စွာပဲ ၊ သူဟာ ၊ နိုင်ငံရေး သမား ဦးအောင်ဆန်း ရဲ့ တာဝန်တွေကို ပြီးပြတ်အောင် မဆောင်ရွက် သွားနိုင်ခဲ့ ပေ ။ လက်ရုံးရည် တိုက်ပွဲ ကို ၊ ဖော်ဆောင် နိုင်ခဲ့ပေမဲ့ ၊ နှလုံးရည် တိုက်ပွဲ ကိုတော့ ၊ နောင်မျိုးဆက် တွေ အတွက် ၊ ချန်ထားရစ် ရ တော့ ပြီ။
သူ့ ခေတ် သူ့ အခြေအနေ အရ ၊ ကျမ တို့  နိုင်ငံရဲ့ သမိုင်းဟာ ၊ တခြား နိုင်ငံတွေနဲ့ မရိုးမစွဲ စွာပဲ ၊ စစ်သူကြီး တွေ ၊ လွှမ်းမိုးခဲ့ ကြ သည်။ တိုင်းပြည် တနံ တလျားက ၊ ဓါးလွတ်ကိုင် မြင်းစီး သူရဲကောင်း ရုပ်ထု ကြီးများကို ၊ ကျမ တို့ လေးစား တန်ဖိုးထားပါသည်။ သို့သော်လည်း ၊ ရှေ့ တဲ့တဲ့က ခေတ်တခေတ်မှာတော့ ၊ အနုပညာရှင် တွေ ၊ စာပေ ပညာရှင်တွေ ၊ နိုင်ငံရေး ခေါင်းဆောင်ကြီး တွေ ၊ ပညာရှင်ကြီးတွေ ရဲ့ ၊ ရုပ်တု ကြီးတွေ ကိုလည်း ပေါပေါများများ မြင်လို လှပါသည်။
ဆိုတော့ . . . နှစ်တရာ ပြည့် ခဲ့ ပြီ ဖြစ်တဲ့ ဒီနေ့ ဒီ အချိန်မှာ ၊ ကျောင်းသား သမဂ္ဂခေါင်းဆောင် ကိုအောင်ဆန်း ရဲ့ ရုပ်ထု လေး တရုပ် တလေ များ ၊ ဘယ်မြို့ ဘယ်ဒေသ ၊ ဘယ် ပရ၀ုဏ် မှာ ထုဆစ် တည်ဆောက် နိုင်ကြပြီလဲ လို့ ၊ လိုက်လံ ရှာဖွေ မိသည်။ ဘာပဲ ပြောပြော သပိတ်မှောက် ကျောင်းသား စိုးထွန်း ရဲ့ ၊ ၀ိညဉ် ဟာ ၊ နေရာ အတော်များများ မှာ အရိပ်ထိုး နေတာ ကို တော့ မြင်နေ သိနေရလေ သည်။
မကေသွယ်
၂၅ ဖေဖော်ဝါရီ ၂၀၁၅
ရာပြည့် စာမူ မိုးမခ အတွက်ရေးသား ။
(မှတ်ချက်- သပိတ်မှောက် ကျောင်းသား ၀တ္တုမှာ ပါဝင်တဲ့ ဇတ်ကောင် အများစုဟာ တကယ့် ပြင်ပ မှာ ပါဝင် ပတ်သတ်ခဲ့တဲ့ ကျောင်းသား တွေကို ၊ ကိုယ်စားပြုတယ် လို့ ယုံကြည်လက်ခံ ထားကြတဲ့ အထဲမှာ ၊ စိုးထွန်း ဟာ ဦးအောင်ဆန်း ၊ ကိုန ဟာ ဦးနု ။ ညိုမြ ဟာ စာရေးဆရာ ညိုမြ ၊ လှဖေ ဟာ ဗိုလ်လက်ျာ ၊ ဖေခင် သည် သံအမတ်ကြီး ဦးဖေခင် ၊ ကိုမြ သည် သံအမတ်ကြီး ဦးအုန်း ၊ သီဟန် သည် သံအမတ်ကြီး ဦးသီဟန် ကျော်သိန်း သည် ၀န်ကြီး ဦးကျော်ငြိမ်း ၊ ဘနားဂျီး သည် ဗမာပြည်ကွန်မြူနစ်ပါတီ ဥက္ကဌ မစ္စတာရာရှစ် စသဖြင့် ၊ ယူဆ မှတ်ယူ ရေးသား ပါတယ်။ အဓိက ဇတ်ဆောင် ညိုထွန်း ကိုတော့ စာရေးသူ ဦးသိန်းဖေမြင့် ကိုယ်တိုင် လို့ သေချာ နိုင်ပေမဲ့ သပိတ်မှောက်တဲ့ အချိန်မှာ ဦးသိန်းဖေမြင့် မရှိတာကြောင့် ၊ ညိုထွန်းဟာ ဦးသီဟန် လည်း ဖြစ်တယ် ဆိုတဲ့ အယူအဆ လည်း ရှိပါတယ်။ တင်မောင် ကိုတော့ ဒေါက်တာ သာလှ ဟု ထင်မြင်မိသော်လည်း မသေချာပေ )
ဆက်စပ်ဖတ်ရန်- သပိတ်မှောက် ကျောင်းသားများ
ဆက်စပ်ဖတ်ရန်- သပိတ်မှောက် ကျောင်းသားများ
သပိတ်မှောက်ကျောင်းသား စိုးထွန်း
Labels: Books , Burma History , People







